Friday, May 30, 2008

သားလေး ဖွားစဉ်က (၁)

မမွေးခင် တစ်ပတ်အလို (၁၇/၅/၂၀၀၈)
ကိုယ်ဝန် ၃၈ ပတ်မှာ ရက်ချိန်းရှိလို့ ဆေးရုံကို သွားပြပါတယ်။ ထုံးစံအတိုင်း ၀မ်းဆွဲသည် နာ့စ်မ (Midwife) နဲ့ပဲ တွေ့ပါတယ်။ ဒုတိယ ကလေးလည်းဖြစ် ဘာ ပြဿနာ(Complication) မှလည်း မရှိတော့ ဆရာဝန်နဲ့ မတွေ့ပါဘူး။ ၃၈ ပတ်အထိတော့ ဘာမှ အထွေအထူး မရှိပေမယ့် ဒီတစ်ပတ်မှာတော့ အတွင်းက ကလေး ကြီးထွားတာတော့ တန့်သွားပါတယ်။ ကလေးကို ဘယ်လို တိုင်းလဲဆိုတာ အလွန် လွယ်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း အစက်ချမျဉ်း တလျှောက် ဆီးခုံကနေ ရင်ညွန့် အထိ ပေကြိုးနဲ့ တိုင်းတာပါ။ ကိုယ်ဝန် ၃၄ ပတ်မှာ ၃၄ စင်တီမီတာ၊ ၃၆ ပတ်မှာ ၃၆ စင်တီ၊ ၃ရပတ်မှာ ၃ရ စင်တီ အသီးသီး ရှိပါတယ်။ ၃၈ ပတ်မှာ တိုင်းလိုက်တော့ ၃ရ စင်တီပဲ ရှိနေပါတယ်။ နှလုံး ခုန်နှုန်းကတော့ ပုံမှန်ပါပဲ။

ကျွန်တော်တို့က စိတ်ပူသွားပြီး နောက် ၂ ပတ် (Due-date ကလည်း နောက် ၂ ပတ် အကြာမှာပါ) ရက်ချိန်း မတိုင်ခင် ကြားထဲမှာ ဆရာဝန်နဲ့ တွေ့ဖို့ ရက်ချိန်း တောင်းလိုက်တော့ ၁၀ ရက် အကြာမှာပဲ ရပါတယ်။ ဆရာဝန်နဲ့ တွေ့မှ Ultra-sound တွေ ဘာတွေ ရိုက်ကြည့်ပြီး အထဲ ရေနည်းလား ဘာလား သိရမှာဆိုတော့ ရက်ချိန်း ယူလိုက်ပါတယ်။ နာ့စ်မကတော့ အဲဒီ အချိန်လောက်ကျရင် မွေးရင်တောင် မွေးနေလောက်ပြီကို ခဏခဏ ပြောနေပါတယ်။ ကျွန်တော်တို့လည်း အဲဒီ အတိုင်းပဲ ထင်ပါတယ်။ နောက်ပြီး နာ့စ်မက ကလေးလှုပ်ရှားမှုကို စောင့်ကြည့်မှတ်ထားဖို့ Chart လေး တစ်ခုပေးလိုက်တယ်။ ၁၂ နာရီ အတွင်းမှာမှ ကလေးက ၁၀ ခါလောက် မလှုပ်ရင် ဆေးရုံကို ဖုန်းဆက်ဖို့လည်း အသေအချာ မှာလိုက်ပါတယ်။

ဒါနဲ့ပဲ ဒီတစ်ပတ် အတွင်းမှာ ဈေးဝယ်စရာ ရှိတာတွေ ၀ယ်ထားပါတယ်။ ကျွန်တော်လည်း အင်္ဂုလိမာလသုတ်ကို ပြန်နွှေးနေပါပြီ။ အထုပ်အပိုးတွေကိုလည်း ပြင်ထားပါတယ်။ ဒီမှာက ပြည်သူပိုင် ဆေးရုံမှာ အခမဲ့ တက်မွေးတာ ဆိုတော့ အိမ်ကနေ အကုန် ယူသွားရပါတယ်။ စင်္ကာပူမှာ တုန်းကတော့ အမေနဲ့ ကလေးအတွက် အင်္ကျီလောက်ပဲ ယူသွားရပါတယ်။ အထွေအထူး အပို များများစားစားတော့ မဟုတ်ပါဘူး။ အ၀တ်အစားတွေ အပြင် Sanitary Pad တို့၊ ကလေးအတွက် သန့်ရှင်း သုတ်ပေးဖို့ Baby Wipes တို့၊ Nappies တို့လောက်ပါ။ စင်္ကာပူမှာတုန်းကတော့ ဆေးရုံက အကုန်ပေးတဲ့ အပြင် အပြန်မှာလည်း ကြော်ညာပစ္စည်းတွေ တပုံကြီး လက်ဆောင် ရလိုက်သေးတယ်။ (ပိုက်ပိုက်တော့ ၄ထောင်ကျော် ပေးလိုက်ရတယ်လေ)

အဲဒီ အချိန်မှာ သူမရဲ့ မိဘတွေ အတွက် သြော်ဇီ ဗီဇာက မသေချာသေးပါဘူး။ ဆေးတွေ ဘာတွေ စစ်ပြီး အခြေအနေ ကောင်းတယ်။ ဒီဘက်ကလည်း နောက်ထပ် လိုနေတဲ့ ကျန်းမာရေး အာမခံတွေ ဘာတွေ ပို့ပြီး သွားပြီ။ ၂၀ရက်နေကျရင် ဗီဇာအတွက် အဖြေ သိရမယ်တဲ့။ ခက်နေတာက လေယာဉ် လက်မှတ်က ၅ ရက်လောက် ကြိုဝယ်ရမယ်။ အဲဒါနဲ့ မထူးဘူး အဖြေ မသိခင်မှာပဲ လေယာဉ် လက်မှတ်ကို ကြိုဝယ်ဖို့ ပြောလိုက်တယ်။

ဒီတစ်ပတ်အတွင်းမှာလည်း သူမက အလေးချိန်ပုံမှန် တက်နေပြီး တစ်ပတ်ကို တစ်ကီလိုလောက် တက်နေပါတယ်။ ဒါပေမယ့် ညဖက်ဆို အိပ်လို့ မပျော်ဖြစ်နေပါတယ်။ ပက်လက် အိပ်လို့ မရတော့ ဘေးစောင်း အိပ်တာ ညောင်းလို့ ဟိုဖက် ဒီဖက် လှည့်ဖို့တောင် မလွယ်လှပါဘူး။ သမီးလေး မြတ်နိုးတုန်းက မွေးခါနီးမှာ သူမ မျက်နှာကြီးက နည်းနည်း ဖောင်း (ဖောယောင်) လာပါတယ်။ အခုတော့ ဘာမှ မဖြစ်ပါဘူး။ ဟိုနား ဒီနား သွားဖို့ အပြင်ကိုလည်း ကျွန်တော် မပါရင် မထွက်တော့ပါဘူး။ သားမွေးရင် အမေက ရုပ်ကျပြီး ရုပ်ဆိုးတာတို့၊ မျက်နှာတွေ မည်းလာတာတို့ ဘာတို့ ဖြစ်တတ်တာ ကြားဖူး တွေ့ဖူးပေမယ့် သူမကတော့ အထွေအထူး မဖြစ်ပါဘူး။ ကျွန်တော်ကပဲ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာပဲ လားတော့ မသိဘူးလေ။ အရင်က မကြိုက်တဲ့ မုန့်အချိုတွေတော့ ကြိုက်လာပါတယ်။ Ultra-sound ကလည်း တစ်ခါပဲ ကြည့်ရသေးတော့ ယောက်ျားလေးမှ ဟုတ်ရဲ့လား မသေချာ ဖြစ်နေတယ်။ တကယ်တော့ Ultra-sound က အပြင်ပန်းပဲ ကြည့်တာ မဟုတ်တော့ပါဘူး။ ကိုယ်တွင်း အင်္ဂါတွေပါ ကြည့်တာ ဆိုတော့ ယောက်ျားလေး၊ မိန်းကလေးက မလွဲနိုင်ပါဘူး။

ဆေးရုံ သွားတဲ့ အချိန် အထိတော့ ကလေးက ခေါင်းမစိုက်သေး (Engage မဖြစ်သေး) ပါဘူး။ ကလေးကတော့ အထဲမှာ နေရတာ ကျပ်နေသလိုမျိုး မိခင်က ခံစားနေရပါတယ်။ သူမရဲ့ လှုပ်ရှားမှုကလည်း သိသိသာသာ နှေးလာပါတယ်။ ကျွန်တော်ကလည်း ရုံးမှာ ခွင့်ယူဖို့ကို ကြိုပြောထားမယ်လေ ဆိုပြီးတော့ မန်နေဂျာနဲ့ ညှိထားပါတယ်။ Due date ကတော့ လကုန် ခါနီးမှပါ၊ တကယ်လို့ ကြားထဲမှာ မွေးလိုက်ရင် ရုံးကို ဖုန်းဆက်လိုက်ဆိုပြီး အဆင်ပြေသွားပါတယ်။ ဒီလိုနဲ့ တစ်ပတ်လုံး ကြားထဲမှာ အဆင်ပြေပြေပါပဲ။

ဆက်ရန်...

6 comments:

မဇနိ - 5/31/08, 12:21 AM

ကိုအန်ဒီရေ
ကျေးဇူးအများကြီးတင်ပါတယ်။
အသေးစိတ်ဖတ်သွားတယ်။
စိတ်ဝင်စားပါတယ်။
ဆက်ရန်ကို ဖတ်ချင်ပါသေးတယ်။

စစ်ကိုင်းသူ - 5/31/08, 1:11 AM

ကိုအန်ဒီက တော်တော် အသေးစိတ်ရေးနိုင်တာပဲ။ မှတ်လဲ မှတ်မိတယ်။ ဖတ်လို့ကောင်းတယ်။ ကလေးနှစ်ယောက်နဲ့ အလုပ်ရှုပ်နေတဲ့ကြားထဲက ရေးရတာ မလွယ်မှန်းသိပါတယ်။ ဒါပေမဲ့ ဆက်ရန်ကို မြန်မြန်ဖတ်ချင်ပါသေးတယ်။

Andy Myint - 6/1/08, 12:30 AM
စာရေးကောင်းတဲ့ သူတွေက ပြန်ပြီး အားပေးတာ ၀မ်းသာပါတယ် မဇနိနဲ့ မစစ်ကိုင်းသူ။ တကယ်တော့ သူမကို ပြန်မေးပြီး ရေးတာပါ အဟဲ။ ကျွန်တော်က စာစီပြီး ရေးရုံပါ။
War War - 6/1/08, 12:53 PM

Ko Andy yae. Nice post. BTW, thar lay ka chaw tal naw. only 4 or 5 days and can guess he is a handsome one. I like this pic a lot.

http://www.flickr.com/photos/wesheme/2537673641/in/photostream/

Mhaw Sayar - 6/4/08, 3:39 PM

တစ်ကယ့်ကို မှတ်မှတ်သားသားနဲ့ နောင်တစ်ချိန် ကိုယ့်သားသမီးတွေ ကြီးလာရင် သူတို့ကို ဘယ်လို မွေးခဲ့ရတယ်ဆိုတာကို ပြန်ပြောစရာ မလိုလောက် အောင် ဖတ်လိုက်ရုံနဲ့ ထင်သာမြင်သာ ရှိတဲ့ ကျကျနန မှတ်တမ်းပါပဲဗျာ။

အစက နောက်ဆုံးပို့စ် ကနေ ဖတ်မလို့။ ဖတ်ရင်း ရှေ့က ဟာတွေ ပါ သိချင်လာလို့ ဒီကပဲ စဖတ်လိုက်တော့တယ်.။

WeSheMe တို့အားလုံး ကျန်းကျန်းမာမာ နဲ့ ပျော်ပျော်ရွှင်ရွှင် ဆက်ဘလော့ဂ်ဂင်း နိုင်ကြပါစေဗျာ. :)

(ကျွန်တော် လဲ မိသားစုရှိလာတဲ့ အချိန် ဒီလို မှတ်တမ်းတစ်ခု ရေးဖို့ ဆုံးဖြတ်လိုက်ပြီ. :P တစ်ချိန်ချိန်ပေါ့ )

Andy Myint - 6/9/08, 12:38 AM
ဟုတ်တယ် ၀ါဝါ သားလေးက ချောတယ်။ ကျွန်တော်တို့လည်း ကြည့်ပြီး ကြည်နူးနေရတာ။

မှော်ဆရာလည်း Web ကနေ လိုင်းပြောင်းတော့မလို့လား... ကြိုဆိုပါတယ်.. အဟက် အဟက်။

Post a Comment

Many thanks for dropping a comment…

Film


Files