Thursday, June 26, 2008

Apple Pie

ကျွန်တော်တို့ နှစ်ယောက်စလုံး အချက်အပြုတ် ၀ါသနာ ပါပါတယ်။ ဘာကွာသွားသလဲ ဆိုတော့ ကျွန်တော်ကတော့ မီးဖိုထဲ ၀င်တာ ၀ါသနာပါလှတယ် မဟုတ်ပေမယ့် ကိုယ်စားချင်တာလေးကို ကိုယ်စားချင်တဲ့ ပုံစံ စားချင်တော့ ၀င်ချက်တာပါ။ သူမကတော့ သူစမ်းချင်တဲ့ အစားအစာ အသစ်တွေကို ချက်တာပါ။ ကျွန်တော်က တရုတ်စာလို ဒယ်အိုးထဲ ပစ်ထည့်ပြီး ကြော်ရတာမျိုးတွေ၊ အသုပ်လို မျိုးတွေကို ပိုင်ပါတယ်။ ကျွန်တော်က ဟင်းချက်ရင် အတိုင်းအဆ ဘယ်လောက်ဆိုတာကို မသိပါဘူး၊ မှတ်လည်း မှတ်မထားပါဘူး။ လက်ရဲရဲ ထည့်ြ့ပီး မြည်းလည်း မမြည်းပေမယ့် ကျွန်တော်ချက်တာဆိုရင် အရသာနဲ့ Texture က Vivid ဖြစ်တတ်ပါတယ်။ ဆိုင်တွေလိုပေါ့။

ကျွန်တော်က ဟင်းချက်နေတုန်း မမြည်းတတ်ပါဘူး။ ဟင်းအရောင် ကြည့်လိုက်ရင် ပေါ့လား၊ ငန်လား၊ စပ်လား သိတယ် ပြောရင် နည်းနည်း ပိုသွားမယ် ထင်တယ်။ လွယ်ပါတယ် ထားပါတော့ ကြက်သား ဆီပြန်ဟင်းမှာ အရောင် အနီကျဲကျဲ ဖြစ်နေရင် ကြက်သွန်အနှစ် နည်းတဲ့ အတွက် အစပ်ကို မထိန်ထားနိုင်ရုံတင်မက ငံပြာရည် ပါရင် အနီက သိပ်မရဲတဲ့ အတွက် ဒီဟင်းက အစပ်လွန်ပြီး အငန်နည်းနည်း ပေါ့မည်။ ချဉ်ရည်ဟင်း အရည်က ကျဲပြီး သိပ်မမည်းရင် မန်ကျည်းရေနည်းလို့ ဒါမှမဟုတ် ငါးပိ နည်းနည်း မခပ်လို့။ သိပ်မည်းပြီး အရည်တွဲနေရင် မန်ကျည်းရေ များနေပြီး ငံပြာရည် နည်းနည်း ထပ်ထည့်မှ။ ဟင်းရွက်ကြော်မှာ ဆီပြောင်ပြောင်လေး မမြင်ရရင် ဒါ မီးများများနဲ့ ကြော်ထားတာ မဟုတ်လို့ ဒါမှမဟုတ် ကြော်နေတဲ့ အချိန် အဖုံးအုပ်ထားလို့။ အဲဒီလိုမျိုးပေါ့။

သူမကတော့ အသစ်အဆန်းတွေ စမ်းလုပ်ရမယ်ဆို ပျော်တယ်။ မုန့်ညင်းချဉ်တို့၊ ကင်းမ်ချီတို့ ကို ဖတ်ပြီး စမ်းလုပ်တယ်။ ကိတ်မုန့် ဖုတ်တယ်။ ဘိန်းမုန့် လုပ်တယ်။ ဂျုံမှုန့်တို့ ဆန်မှုန့်တို့ကို ဆော့ရမယ်ဆို အင်မတန် ပျော်တာမျိုးလေ။ စမ်းလုပ်တာ များသောအားဖြင့်တော့ အောင်မြင်ပါတယ်။ တစ်ခါတစ်လေ တစ်ခုခု လိုသွားတာမျိုးလဲ ရှိတတ်ပါတယ်။ ချိန်တွယ်ပြီး အတိအကျ လုပ်ရတာမျိုးဆို စိတ်ရှည်တယ်။ ချဉ်ဖတ်တည်သလို ၂ရက် ၃ရက် စောင့်ရလည်း စိတ်ရှည်တယ်။ ဂျုံကို ညဖက်ဖောက်ထားပြီး မနက်ကျမှ ထလုပ်တဲ့ ပူရီလိုမျိုးလည်း ကျွန်တော့် စိတ်နဲ့ဆို မရဘူး။ အခုလည်း Apple Pie ကို စမ်းလုပ်ပါတယ်။ လုပ်ရတာ ထင်ထားတာထက် လွယ်လို့ မျှဝေလိုက်ပါတယ်။

ဘိုနိုင်ငံတွေမှာ နေရတာထဲမှာ ကြိုက်တာ တစ်ခုက မီးဖိုတွေမှာ Oven ကြီးကြီး ပါတတ်လို့ပါ။ စင်္ကာပူမှာတုန်းက အဒေါ်အိမ်မှာ နေတုန်းကတော့ တွေ့ဖူးတယ်။ နောက်တော့ ပြောင်းတဲ့ အိမ်တွေမှာ မတွေ့မိဘူး။ Oven ပါတော့ သူမ အကြိုက်ပဲပေါ့။ မုန့်ဖုတ်ဖို့လေ။ Apple Pie အတွက် ဂျုံနယ်ရတာ ကိတ်မုန့် ဖုတ်သလို နယ်ရတာနဲ့ မတူပါဘူး။ လူလေးယောက်စာအတွက် ရိုးရိုး ဂျုံမှုန့် ကော်ဖီခွက်နဲ့ တစ်ခွက်သုံးပါတယ်။ ဂျုံတ၀က်စာ ထောပတ် ထည့်ပါတယ်။ ရေအေး ကော်ဖီခွက်နဲ့ ၄ပုံ၁ပုံ မရှိတရှိ ထည့်ပါတယ်။ သကြား လဘက်ရည်ဇွန်း ၂ ဇွန်းနဲ့ ဆားနည်းနည်း ထည့်ပါတယ်။ ပြီးတော့ ရောမွှေလိုက်တော့ ယောက်ျား လက်သီးဆုပ်စာ ဂျုံလုံးရပါတယ်။ အဲဒါကို ပလတ်စတစ်နဲ့ ပတ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် ထားရပါတယ်။

အဲဒီအချိန်မှာ ပန်းသီး ၅ လုံးကို အခွံခွာပြီး စိတ်ထားပါတယ်။ အိုးထဲမှာ သကြားနှစ်ဇွန်း၊ ရေနှစ်ဇွန်းနဲ့ ထည့်ပြီး ပန်းသီးတွေ ပျော်တဲ့အထိ မီးဖိုပေါ်မှာ မွှေပါတယ်။ အရမ်းကြီး မပျော်သွားစေပါဘူး။ တချို့ Apple Pie တွေက ပန်းသီးကို ဒီအတိုင်း ထည့်ဖုတ်တာပါ။ ချခါနီးကျရင် သစ်ကျပိုးခေါက် အမှုန့် (cinnamon) ဇွန်းဝက်ထည့်ပြီး မွှေလိုက်ပါတယ်။ ခုဏက ရေခဲသေတ္တာထဲက ဂျုံလုံးကို ထုတ်ပြီး တ၀က်လှီးချလိုက်ပါတယ်။ တ၀က်က အခင်းအတွက်၊ ကျန်တ၀က်က အပေါ်က အုပ်ဖို့ပါ။ တ၀က်စီကို လှိမ့်ပြီး ပြားပါတယ်။ လှိမ့်လုံးတွေ ဘာတွေ မရှိရင် ကျွန်တော်တို့လို ပုလင်းနဲ့ ပြားလည်း ရပါတယ်။ တစ်ပြားကို ၅လက်မခွဲ ရှိတဲ့ မုန့်ဖုတ်ခွက်ထဲ ထည့်ပြီး အောက်ခင်း လုပ်ပါတယ်။ ပြီးတော့ ချေထားတဲ့ ပန်းသီတွေ ထည့်ပါတယ်။

ကျန်တဲ့ တစ်ပြားကို အပေါ်က အုပ်ပြီး အနားသပ်လေးတွေကို လက်မနဲ့ လိုက်ဖိလိုက်ပါတယ်။ အားလုံး လုံသွားပြီဆို အပေါ်က ကြက်ဥခေါက်ထားတာကို နည်းနည်း လိုက်သုတ်ပေးပါတယ်။ အလယ်မှာ လေပူတွေ ထွက်လို့ရအောင် ဓါးနဲ့ ကြက်ခြေခတ် ဖောက်ပါတယ်။ ကြက်ဥသုတ်ပေးတဲ့ အတွက် အရောင်က လှပြီး အပေါ်ယံတွေလည်း မတူးသွားပါဘူး။ ပြီးရင် အပေါ်က အလူမီနီယံပြား (Tinfoil) အုပ်ပြီး အပူကြိုပေးထားတဲ့ Oven ထဲကို ထည့်ဖုတ်ပါတယ်။ အပူချိန် ၂၀၀ ဒီကရီ (C - ၄၀၀´F) မှာ ၁၀ မိနစ်ဖုတ်ပြီးတဲ့အခါ အုပ်ထားတဲ့ အလူမီနီယံပြားကို ဖယ်ပြီး ၁၆၀ မှာ ၁၅ မိနစ် ထပ်ဖုတ်ပါတယ်။ (အလူမီနီယံပြား ဖယ်တဲ့ အချိန်မှ ကြက်ဥ သုတ်လည်း ရပါတယ်။) ဒါဆိုရင်တော့ အနေတော် Apple Pie လေးရပါပြီ။ ပြီးရင်တော့ ၄ ပိုင်းပိုင်းပြီး ဒီအတိုင်းပဲ ဖြစ်ဖြစ် ဗင်နီလာ ရေခဲမုန့်နဲ့ ဖြစ်ဖြစ် စားနိုင်ပါပြီ။



တခြားဖတ်ရန် - ၀မ်းနွေးစရာ ဟင်းချိုတစ်ခွက်

8 comments:

မဇနိ - 6/27/08, 12:00 AM

စားစရာမျိုးစုံ ခဏတိုင်းလုပ်စားကြတာ လာလာသွားရည်ကျနေရတယ်ဗျ။ ယောက်ျားလေးတွေ ဟင်းချက်ကောင်းရင် မိန်းကလေးတွေ လိုက်မမှီဘူးလို့ ကြားဖူးတယ်။ ကျွန်မအဖေလည်း ဟင်းချက်ရင် အငွေ့ကို လက်လေးနဲ့ ဟိုရမ်းဒီရမ်းလုပ်ပြီး အနံ့ခံတာ မြင်ဖူးတယ်ဗျ။ အဖေကလည်း ပြောဖူးတယ်။ အနံ့ရယ် အမြင်ရယ်နဲ့ ဟင်းအစပ်အဟပ် တည့်မတည့် သိတယ်တဲ့။ အဖေချက်တဲ့ ကန်စွန်းရွက်ချဉ်ဟင်းနဲ့ ၀က်သားနှပ်ကို အမေလိုက်မမှီဘူး။ ကျွန်မတို့ ကျောင်းကပြန်လာတဲ့ အချိန်မျိုးဆို အဖေက ဟင်းဝင်ချက်ကျွေးတတ်တယ်။ အဲဒီနေ့ဆို ထမင်းစားလို့ သိပ်ကောင်းခဲ့တာဗျ။ ကျွန်မက မုန့်လုပ်နည်းတွေနဲ့ နည်းနည်းဝေးတော့ သိပ်မလုပ်တတ်ဘူး။ မကြိုက်တာကလည်း များတော့ ဟင်းချက်တာကို ပိုဂရုစိုက်ဖြစ်တယ်။ ဒီပို့စ်လေးကိုတော့ သိမ်းထားလိုက်အုံးမယ်။ နောင်များကျ လုပ်စားလို့ရအောင်လို့လေ။ ကျေးဇူးပါပဲဗျာ။

War War - 6/27/08, 7:26 PM

di post ko read pee ko andy toet 2 yaut lone lat yar tway myee chin lar p.. hee hee.. lar lal yin kyway naw. :P

nu-san - 6/27/08, 9:18 PM

Andy ရေ... ဗိုက်ဆာနေတဲ့အချိန် မုန့်မြင်လိုက်ရလို့လား မသိဘူး.. ဗိုက်ထဲက အသံမြည်လာတယ်.. ကလေးတို့မေမေက မုန့်လုပ်တာ တော်တယ်.. စားကောင်းမယ့်ပုံပဲ။ အချိုမကြိုက်တဲ့ အမတောင် စားချင်လာတယ်.. :)

Andy က ဟင်းကို မြင်တာနဲ့ သိတယ်ဆိုလို့ အမထက်တော့ အများကြီး သာတယ်။ အမက စားလို့ဖြစ်တယ်ဆိုရုံပဲ ချက်တတ်တယ်။ သူများတွေလို ဖွယ်ဖွယ်ရာရာလည်း မချက်တတ်ဘူး။ သူကတော့ အဆောင်မှာ နေလာခဲ့တဲ့သူဆိုတော့ ကောင်းတယ်ပြောတာပဲ။ မကောင်းလည်း ငတ်မယ်လေ။ သူမှ မချက်တတ်တာ... :P

Anonymous - 6/28/08, 12:30 PM

Myat Noe & Htoo Myat will be lucky to eat home made healthy delicious food coz both Pa Pa & Ma Ma cook and treat. Envy them :) It is interesting to know apple pie is not too much difficult in her hands. Thanks a lot for sharing.

ဂျစ်တူး - gyit_tu - 6/28/08, 1:20 PM

ရှလွတ် ...

အကိုအန်ဒီနဲ့ အမက ဟင်းချက်ရာမှာလည်း အတိုင်အဖောက်ညီကြတာကိုးး)

ဒါနဲ့ ဟင်းချက်ရင် မမြည်းတဲ့နည်းလမ်းတွေ မှတ်သွားတယ်း)

Andy Myint - 6/28/08, 6:15 PM
Chef တွေက ယောက်ျားတွေ များတယ်လေ မဇနိရဲ့ ဟဲဟဲ။ ဒါကလည်း ပြင်သစ်က စတယ်ဆိုလား မှတ်တော့ မမှတ်မိတော့ဘူး။

ကျွေးမှာပေါ့ ၀ါဝါ။ ကျွန်တော်တို့က ဒီလိုပဲ ချက်ပြီး ခေါ်ကျွေးရတာနဲ့ ပျော်နေတာလေ။ သိပါတယ်။

ကို---ကြီး သနားပါတယ် မနုစံရယ်။ ဟားဟား နောက်တာ။ ဟုတ်တယ် အဆောင်ထမင်းဟင်းကတော့ ပြောမနေနဲ့ ထောင်ထမင်းဟင်းထက် သာတယ် ဆိုရုံပဲ။ ကန်ဇွန်းရွက်ကြော် (တကယ်တော့ ပြုတ်ထားသလိုပဲ) ထဲမှာ ခရုတောင် ပါလာတယ်။

ထင်ရတာပဲ စာဖတ်သူရယ်။ သူတိုက လူကြီးတွေလို စားတတ်ဦးမှ။ ကြီးလာရင် သူတို့ အကြိုက် အစာတွေ ချက်တတ်အောင် ကြိုးစားထားရဦးမယ်။

သွားရည်ကျသွားလား ဂျစ်
မဟာဆန် - 6/28/08, 7:52 PM

သွားရည်ယိုတယ်ဗျို့
နောက်တစ်ပတ်ကျ လုပ်စားဦးမယ်

ဂျစ်တူး - gyit_tu - 6/29/08, 1:31 PM

အကိုအန်ဒီ .. သွားရည်ရိုသလားမမေးနဲ့ .. ဓါတ်ပုံကိုကြည့်၂ပြီး ခုထိ စားချင်စိတ်မပျောက်လို့ မကြည့်ရဲဖူး အဟီး ။

Post a Comment

Many thanks for dropping a comment…

Film