Sunday, June 01, 2008

သားလေး ဖွားစဉ်က (၂)

ဖွားရန် ၁၂ နာရီခန့် အလို (၂၄၊ ၅၊ ၂၀၀၈။ နံနက် ၆း၀၀)

မနက် ၆ နာရီလောက်ကြီး သူမက လှုပ်လှုပ် လှုပ်လှုပ်နဲ့ ကျွန်တော် နိုးလာပြီး ညက အိပ်မပျော်ဘူးလားလို့ မေးလိုက်တော့ သွေးနည်းနည်း ထွက်လို့ဆိုပြီး စိုးရိမ်စွာနဲ့ ပြောလာပါတယ်။ မွေ့ယာပေါ်မှာလည်း သွေးနည်းနည်း စို့သွားတယ်။ သွေးချည်းပဲ ဆင်းတာ မဟုတ်ဘဲ အဖြူရောင် ချွဲလည်း အနည်းငယ် ပါပါတယ်။ သွေးက ပန်းရောင် သန်းချင်နေတယ်။ သားအိမ်လည်တံ (အတွင်းဝ) (Cervix) ပွင့်ရာကနေ ထွက်လာတာပါ။ အဲဒီ သွေးစတွေ (Show - ခေါင်းချွဲ) အကြောင်းကို သိထားတဲ့ သူမက သားအိမ်တော့ ပွင့်နေပြီ ဆိုပြီး ဆေးရုံကို ဖုန်း လှမ်းဆက်လိုက်ပါတယ်။ အဲဒီ Show တွေက သားအိမ် ညှစ်တာ (Contraction) မတိုင်ခင်လည်း ဖြစ်နိုင်သလို သားအိမ် ညှစ်ပြီး ဗိုက်တွေ ခါးတွေ နာပြီးမှလည်း ထွက်နိုင်ပါတယ်။ သူမကတော့ သားအိမ် မညှစ်ခင် ထွက်လာတာပါ။ ဆေးရုံကို ဖုန်းဆက်လိုက်တော့ ဆေးရုံက ဘယ်လောက် နာသလဲ၊ ရေမြွှာအိတ် ပေါက်ပြီလား မေးပြီး ရေမြွှာအိတ် ပေါက်မှ ဆေးရုံလာခဲ့တဲ၊ နာရင် Panadol (ပါရာစင်တီမော) သောက်ထားပါ ဆိုလာပါတယ်။

တကယ်ဆို ဒီနေ့က Due Date ရောက်ဖို့ တစ်ပတ် လိုပါသေးတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီမှာ ရန်ကုန်ကနေလာမယ့် သူမ မိဘတွေ လေယာဉ်ဆိုက်မှာပါ။ ဆစ်ဒနီ လေဆိပ်မှာ သွားကြိုရမယ်လေ။ မနေ့ညကတည်းက သူတို့ သားအမိပါ လိုက်ချင်လို့ ကျွန်တော့်ကို ပြောနေတယ်။ အဲဒီတုန်းကတော့ ခေါ်မယ် မခေါ်ဘူး တခြား စဉ်းစားစရာ မရှိပါဘူး။ ခရီးစားရိတ်ပဲ ရှိတယ်။ လေဆိပ်ကို ရထား စီးသွားလို့ ရပေမယ့် စင်္ကာပူမှာလို မဟုတ်ဘူးလေ။ စင်္ကာပူမှာကတော့ လေဆိပ်ထိ သွားလည်း များများစားစား ပိုမပေးရပါဘူး။ တခြားဘူတာတွေလိုပဲ ခရီးအကွားအဝေးနဲ့ပဲ တွက်လိုက်တယ်။ ဒီမှာကတော့ လေဆိပ်နဲ့ လေဆိပ်နား တ၀ိုက်က ဘူတာ ၂ ခုလောက်ကို အဓိက Operator ဖြစ်တဲ့ City Rail က ပိုင်တာမဟုတ်ဘဲ တခြား Operator (Airport Link) က ပိုင်ပြီး ဈေးကလည်း ၂ ဆ ကျော်ကျော်ကြီးတယ်။ စင်္ကာပူမှာ အစိမ်းလိုင်းနဲ့ အနီလိုင်းကို SMRT က ပြေးဆွဲပြီး ခရမ်းရောင် လိုင်းသစ်ကို SBS က ပိုင်သလိုမျိုးပေါ့။ အဲဒီမှာလည်း ခရမ်းရောင် NE Line က နည်းနည်း ပိုပေးရတာပါပဲ။ ဒီမှာတော့ ပုံမှန်ဆိုရင် ပျမ်းမျှ တစ်ယောက်ကို ၆ ဒေါ်လာလောက်ကျမှာကို လေဆိပ်သွားမယ်ဆိုရင် ၁၅ ကျပ်လောက်ပေးရတယ်။ အပြင်မှာ စားမယ်ဆိုရင် ထမင်း ၂ နှပ်စာပေါ့။

အဲဒါက တော်သေးတယ်။ သူတို့ သားအမိ ပါလာရင် ကျွန်တော်တို့က ၃ ယောက်၊ လာမှက လူကြီး ၂ ယောက်ဆိုတော့ တက္ကစီငှားရင် ကားသေးနဲ့ မဆန့်တော့ဘဲ ကားကြီးငှားရရင် ၄၀-၅၀ လောက် ပိုပေးရမယ်။ ကားကြီးဆိုရင် တစ်ဆခွဲ ပေးရတော့မယ်။ စင်္ကာပူမှာဆို ကျွန်းဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ် တက္ကစီစီးရင် ၃၀။ လွန်ရော ကျွန်ရော ၄၀ ပေါ့။ ဒီမှာတော့ လေဆိပ်ကနေ အိမ်ကို ၃၅ ကီလိုလောက် ဝေးတာကို ကားသေးဆိုရင် ၇၀လောက် ပေးရပြီး ကားကြီးဆိုရင် ၁၂၀ လောက် ပေးရတယ်။ ဒင်းတို့ သားအမိလိုက်လာရင်တော့ ငါတော့ ၆၀ ကျော် ၇၀ ပိုကုန်တော့မယ် တွက်နေပေမယ့် ကဲ လိုက်လာချင်လည်း လိုက်လာပါစေဆိုပြီး ဗိုက်ကလည်း ဘာမှန်း မသိတော့ ခေါ်မယ် မခေါ်ဘူး ဘာမှ မပြောဘဲ ထားလိုက်တယ်။

မနက်ကျတော့ ဗိုက်က စ နာနေပြီး သွေးနည်းနည်း ထွက်နေတာတောင် လေဆိပ်ကို လိုက်ချင်တယ်ပဲ လုပ်နေတယ်။ ၁၀ နာရီလောက်မှာ အခြေအနေ ကောင်းတော့ ကဲဗျာ လိုက်ချင်လည်း လိုက်ခဲ့ဆိုပြီး ထုံးစံအတိုင်းပဲ အလို လိုက်ရတော့တယ်။ သမီးတုန်းက ဗိုက်စနာတာကနေ မွေးဖို့ တနေကုန်တယ် ဆိုတော့ အခုလည်း လမ်းမှာတော့ မမွေးလောက်ပါဘူး ဆိုပြီး လေဆိပ်ကို အတူ သွားကြတယ်။ အိမ်မှာ ထားခဲ့လို တစ်ခုခု ဖြစ်နေမှဖြစ် ကျွန်တော့် မျက်စိ ရှေ့မှာလည်း မဟုတ်။ ကလေးတစ်ယောက်နဲ့ အရေးရယ် အကြောင်းရယ်ဆို ဘယ်လို လုပ်ရပါ့။ ကျွန်တော်ကပဲ ကလေးကို ခေါ်သွားပြီး သူတစ်ယောက်တည်း ထားခဲ့မလား။ ကလေးနဲ့သူ အသိအိမ်မှာ သွားနေမလား စဉ်းစားသေးတယ်။ နောက်တော့ ဒီအတိုင်း ဆိုရင်တော့ ညနေ ဒါမှမဟုတ် ညကျမှ မွေးမှာပါလေ ဆိုပြီး လေဆိပ် သွားကြတယ်။

ရထားပေါ် ရောက်တော့ ဗိုက်က နာနေပြီ။ သားဦးတုန်းကလို အရမ်း နာတာတော့ မဟုတ်ဘဲ အိနြေ္ဒရရပဲ။ ဗိုက်နာတာနဲ့ နာတဲ့ အချိန်ကို မှတ်ထားတယ်။ ရထားပေါ်မှာ နာရီဝက်ခြား တစ်ခါလောက် ဗိုက်ကနာနေတယ်။ ရုပ်ပျက်ဆင်းပျက် နာနေတာ မဟုတ်တော့ အထဲမှာ သားအိမ်က ပွင့်နေတာကို မသိကြဘူး ဖြစ်နေတယ်။ ၁နာရီ ခွဲလောက် မရှိတရှိလောက် ကြာတော့ လေဆိပ်ကို ရောက်သွားပါတယ်။ အိမ်မှာ တစ်ယောက်တည်း ကြောက်ကြောက်နဲ့ နေနေတာနဲ့ စာရင် လှုပ်လှုပ်ရှားရှား လုပ်နေတာ မွေးရင် ပိုလွယ်တယ်ဆိုပြီး ဆင်ခြေ ပေးနေပါသေးတယ်။ ကျွန်တော်ကလည်း အငယ်ဆုံး ညီလေး မွေးတုန်းက အမေက မနက်မှာ လှည်းတန်းဈေး သွားသေးတယ်၊ အပြန် လမ်းမှာ ဗိုက်နာတဲ့ အကြောင်း၊ ညကျမှာ မွေးတာပါ ပြောပြီး စိတ်မပူအောင် ပြန်ပြောတယ်။ လေဆိပ်ရောက်တော့ ပထမတော့ ထိုင်နေသေးတယ်။ နောက်တော့ သူများတွေ ထွက်လာတော့ မထိုင်နိုင်တော့ဘူး။ ဟိုသွား ဒီသွား လုပ်နေတယ်။ အထဲမှာဖြင့် သားအိမ်ဝက အတော် ပွင့်နေလောက်ပြီ။

ဆက်ရန်...

6 comments:

မဇနိ - 6/1/08, 2:18 AM

အပိုင်း(၂) ဘယ်ချိန်များရေးမလဲလို့
google reader ကနေ ချောင်းရတာလဲ မောနေတာပါပဲဗျာ။ ဒီနေ့ အစောပိုင်းကပဲ
အစ်မနဲ့ ကလေး(၂)ယောက်ကို လှည်းလေးနဲ့တွေ့ရလို့ အံ့သြနေတာဗျ။ တပတ်လောက်ပဲ ရှိသေးတယ် အစ်မက အတော် သတ္တိကောင်းတယ်ဆိုပြီး အံ့သြနေတာ။ အခု ကိုအန်ဒီ့စာဖတ်ရတော့ အစောက အံ့သြတာတွေ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ အစ်မက အတော်ကို စိတ်ဆောင်တယ်နော်။ ကိုအန်ဒီတို့ စာရေးကောင်းတာတော့ ဇာတ်ရှိန်ကောင်းနေတုန်း ဆက်ရန်နဲ့ ရပ်သွားတယ်။ “ဟင်း….“နဲ့ပဲ နောက်စောင့်ဖတ်ရမှာပေါ့ဗျာ။ ဘာတတ်နိုင်တာမှတ်လို့နော်။ မိသားစုလက်တွေနဲ့ ဓါတ်ပုံမြင်ရတဲ့အခါ နွေးထွေးတဲ့ မိသားစုလေးပါလားဆိုပြီး ကြည်နူးအားကျမိပါတယ်။ စိတ်ကူးကောင်းလိုက်တာလို့ သဘောကျမိပါတယ်။ မအားတဲ့ကြားက ဗဟုသုတတွေပြောပေးတဲ့ အစ်မနဲ့ စာရေးပေးတဲ့ ကိုအန်ဒီကို ကျေးဇူးတင်မိပါတယ်။ ဆက်ရန်ကို စောင့်မျှော်နေပါတယ်ဗျာ။ ပျော်ရွှင်ပါစေ။

စစ်ကိုင်းသူ - 6/1/08, 4:12 AM

ဟုတ်ပါ့ မဇနိပြောသလိုပါပဲ တစ်ချိန်လုံး WeSheMe ကို လာကြည့်နေရတာ။ တစ်နေ့ တစ်နေ့ကို ဘယ်နှစ်ခေါက်မှန်းတော့ မသိတော့ဘူး။ တစ်ခါတလေ တစ်ချိန်လုံး ဖွင့်ထားပြီး၊ စာကြည့်ရင်း သတိရတိုင်း ကြည့်နေရတာ။ ကိုအန်ဒီ ကံကောင်းတယ်။ အစ်မက အရမ်း သတ္တိကောင်းတာပဲ။ တချို့တွေများ အဲလို အခြေအနေဆို ဘာမှမလုပ်နိုင်တော့ဘဲ မျက်နှာငယ်လေးနဲ့ ဖြစ်နေပြီ။ ညည်းက ညည်းသေး။ ကြောက်တာရော၊ ယောက်ျားကို ချွဲချင်တာလဲ ပါချင်ပါမှာပေါ့လေ။ ယောက်ျားလုပ်သူခမျာလဲ မိန်းမက အဲလိုဖြစ်နေတော့ ပျာယာခတ်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိပေါ့။ အစ်မသာ အဲလိုဖြစ်နေလို့ကတော့ လေဆိပ်ပဲ သွားကြိုရတော့ မလိုလို၊ မသွားဘဲ ဆေးရုံပဲ ချက်ချင်းတန်းပြေးရတော့ မလိုလိုနဲ့ ပျာယာခတ်နေရမှာ။ ကျေးဇူးတင်ရမယ်နော။ ပျော်စရာကောင်းတဲ့ မိသားစုကို အားကျသော်ငြားလဲ အားကျရုံမှ တပါး မဇနိတို့လို နောင်တစ်ချိန် ကိုယ်တိုင်ကြုံဖို့ကတော့ xxxxxxxxxxxx :)

War War - 6/1/08, 1:01 PM

Aung Ma Lay.. Ma MMS that ti ka tot ant ma khan par pe.. taw thay tal naw. lay sate hmar ma mway thwar loet..

Anonymous - 6/1/08, 2:58 PM

Waiting to read part 3. Bravo to she, so brave :)

Aung Myo Htet - 6/1/08, 6:03 PM

wasn't that a bit too much detail. I am not sure you should present that much on the public blog. but I do understand your blog is your decision. lay sar par te`.

Andy Myint - 6/2/08, 2:30 PM
သမီးမွေးတုန်းကလည်း အဲဒီလိုပဲ လက်ကလေးတွေကို ရိုက်ဖူးတယ်လေ မဇနိ။ သူတို့ လက်သေးသေးလေးတွေက ဘယ်လို ချစ်စရာကောင်းကြောင်း ကြီးပြင်းလာအောင် ဘယ်လို ပြုစုပျိုးထောင်းရမယ် ဆိုတာကို ရည်ရွယ်ပြီ ရိုက်တာပါ။ တကယ်ဆို လက်ဖ၀ါး၊ ခြေဖ၀ါးတွေကို ပုံစံလောင်းထားလို့ ရတယ်။ ပိုက်ဆံ အပိုကုန်မှာ စိုးလို့ မလုပ်ဖြစ်တာနဲ့ ဓါတ်ပုံပဲ ရိုက်ထားတာ။

သူမက စိတ်လည်းဆောင်၊ ကျွန်တော်ကလည်း အစိုးရိမ် မကြီးလွန်းတာပါ မစစ်ကိုင်းသူ။ တစ်ယောက်နဲ့ တစ်ယောက်တော့ နာကျင်တာ ခံစားရတာ ဘယ်တူနိုင်မလဲ။ အခုဟာက ဒုတိယ သားလည်းဖြစ် အရမ်းလည်း မနာလို့ပါ။ နှစ်ယောက်စလုံး ကံကောင်းတယ် ပြောရမယ်။

တော်သေးတယ် ၀ါဝါရေ.. ရထားပေါ်မှာတို့ လေဆိပ်မှာတို့ တက္ကစီပေါ်မှာတို့ မမွေးလို့။

Thanks, Reader. Cheers :)

Thanks for your concern, AMH. Most are more interested if presented in detail, I presumed. :)

Post a Comment

Many thanks for dropping a comment…

Film