Sunday, June 01, 2008

သားလေး ဖွားစဉ်က (၃)

ဖွားရန် ၅ နာရီ အလို ( နေ့လည် ၁၂း၄၅)

လေယာဉ်ပျံ ဆိုက်လာပြီး အဘိုး၊ အဘွားတွေလည်း ချောချောမောမော ရောက်လာပါတယ်။ အဘိုးကြီး အဘွားကြီး နှစ်ယောက်တည်း အဆင်ပြေပါ့မလား စိတ်ပူနေရတာ။ လမ်းမှာ တစ်ခုခု လွဲချော်လို့ကတော့ ဒုက္ခလို့။ တော်သေးတယ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလို့။ ရောက်ဖူးတဲ့ သူတွေကို မေးမြန်းထားတာ ရှင်းပြထားလို့ တော်တော့တယ်။ သမီးလေး မြတ်နိုးကလည်း ရင်းရင်းနီးနီးပဲ လက်တွေ ဘာတွေ ပြပြီး နှုတ်ဆက်နေတယ်။ သူမကလည်း ဒီလို ကြိုချင်လို့ ခက်ခက်ခဲခဲ လိုက်လာတာပဲ။ ဗိုက်ကတော့ နာတယ်လည်း မဟုတ်သေးပါဘူး။ နာရီဝက်ခြား တစ်ခါနာပြီး တစ်ခါနာ ၁၅ စက္ကန့်လောက်ပေါ့။ အပြန်လမ်းက ကားပေါ်မှာတော့ နာတာ နည်းနည်း စိတ်လာပါတယ်။ မိနစ် ၂၀ ခြား တစ်ခါလောက်ပါ။ ကျွန်တော်လည်း အသွားတုန်းကလောက်တော့ စိတ်မပူတော့ဘူး။ အဘိုးအဘွားကိုလည်း ကြိုပြီးပြီ၊ သူမကလည်း ကားပေါ်မှာဆိုတော့ အဆိုးဆုံး ဆေးရုံကို တန်းမောင်းရုံပဲ။ ကားပေါ်မှာ ကလေးက ထွက်မသွားအောင်တော့ နည်းနည်း ကြိတ်ပြီး ဆုတောင်းနေရတာပေါ့။ သတင်းတွေမှာ ဆေးရုံမရောက်ဘဲ အိမ်မှာ ကလေးထွက်ပြီး မွေးသွားတဲ့ အကြောင်းတွေ ဖတ်ပြီး ကြောက်တုန်းကလည်း သူမပဲ။ အခုလည်း မကြောက်တန်း လေဆိပ်ကို လိုက်လာတာလည်း သူမပဲ။ ကျွန်တော်ကလည်း ကျွန်တော်ပဲ ခေါ်သွားသေးတယ်။

ဒီလိုနဲ့ ချောချောမောမော အိမ်ပြန်ရောက်လာပါတယ်။ အိမ် ပြန်ရောက်လာပြီးတော့ ၁၅ မိနစ်ခြား တစ်ခါလောက် ဗိုက်က နာလာပါပြီ။ နာတဲ့ အချိန်ကလည်း နည်းနည်း ပိုကြာလာပါတယ်။ ရထားပေါ်မှာတုန်းက နာတယ် ဆိုရုံပဲ။ အခုတော့ ``အား.. နာတယ်။ နာတယ်´´ ဆိုပြီး ခါးထောက်ပြီး ကိုင်ထားရသလောက် နာလာပါတယ်။ ထမင်းစားထားချေ၊ အခုနေမွေးရင် ဘာမှ စားရတော့မှာ မဟုတ်ဘူး ဆိုပြီး ကျွန်တော်က ထမင်းစားခိုင်းတော့ စားလိုက်ပါသေးတယ်။ သမီးလေး မွေးတုန်းက တစ်နေကုန် ဘာမှ မစားရဘဲ ညနေကျတော့ အားက မရှိတော့ဘူး ဖြစ်သွားတာကို ကြုံတွေ့ဘူးတဲ့ သူမလည်း အ၀စားလိုက်ပါတယ်။ ဗိုက်နာတာ မွေးချင်သလိုလို အိမ်သာတက်ချင်သလို ဖြစ်နေတာ ထမင်းစားပြီးတော့ အိမ်သာတက်လိုက်ပါသေးတယ်။ တော်သေးတာပေါ့ ကလေးနဲ့ မှားမညှစ်လိုက်လို့။ အိမ်သာထဲမှာ ကလေးမွေးသွားတဲ့ သတင်းကလည်း လောလောလတ်လတ် ကြားလိုက်ရသေးတယ်။

ဖွားရန် ၃ နာရီ အလို ( နေ့လည် ၃း၀၀)

ညကျရင်တော့ ကလေးမွေးတော့မှာ သေချာသလောက် ရှိနေပြီ။ တစ်ပတ်စာ ဈေးကလည်း မ၀ယ်ရသေးတော့ ကျွန်တော် ဈေးသွားဝယ်လိုက်ဦးမယ် ဆိုပြီး ထွက်လာပါတယ်။ အဲဒီ အချိန်မှာ ဗိုက်နာတာကလည်း ၅ မိနစ် ၁၀ မိနစ်ခြား တစ်ခါလောက် ဖြစ်လာပါတယ်။ နာတဲ့ အချိန်ကလည်း ၁ မိနစ်လောက် ကြာကြာနာလာပါတယ်။ သမီးမွေးတုန်းကတော့ မမွေးခင် ၃ နာရီအလိုဆိုရင် ဘယ်ပြောကောင်းမလဲ။ အဲဒီတုန်းက သားအိမ်က ၈ စင်တီလောက် ပွင့်နေပြီ။

ဖွားရန် ၂ နာရီအလို (၄း၀၀)

အရမ်းနာလာတော့ ဆေးရုံကို ဖုန်းဆက်လိုက်ပါတယ်။ ဆေးရုံက ဘယ်နှမိနစ်ခြား တစ်ခါ နာသလဲဆိုတော့ ၅ မိနစ်ခြား တစ်ခါလောက် နာပါတယ်ဆိုတာကို ၂မိနစ် ၃မိနစ်ခြား တစ်ခါ နာမှ လာခဲ့တဲ့။ ဒီက ဆေးရုံတွေကလည်း ဗိုက်နာလို့ လာတဲ့ သူတွေကိုတောင် ပြန်လွှတ်တာ လမ်းမှာ မွေးသွားတဲ့ သူတွေ၊ အိမ်သာထဲမှာ မွေးသွားတဲ့ သူတွေ အကြောင်း သတင်းတွေ တီဗွီမှာ အခုတလောမှ လာထားတော့ သူတို့ မလာခိုင်းဘဲနဲ့လည်း ကိုယ်က မသွားရဲဘူး။ တော်ကြာ ပြန်လွှတ်နေမှဖြစ်။ သူမ ဖုန်းဆက်ခေါ်လို့ ကျွန်တော်ကလည်း ဈေးဝယ်ပြီး အိမ်ပြန်ရောက်နေပါပြီ။ ဆေးရုံက နာတာ သက်သာအောင် လမ်းလျှောက်နေ ဆိုလို့ သူမက နာနာနဲ့ပဲ လမ်းလျှောက်နေရပါတယ်။

ကိုယ်ကလည်း သားဦးမဟုတ်လို့သာ အရမ်း စိုးရိမ်ပြီး ဆေးရုံကို တန်းမပြေးတာပါ။ သားဦး ဆိုလို့ကတော့ ဒီအချိန်မှာ ဆေးရုံက ဘာပြောပြော သွားနေလောက်ပါပြီ။ တချို့ မိခင်တွေကလည်း တကယ် ဗိုက်နာတာလား မခွဲခြားနိုင်လို့ ဆေးရုံကို သွားပြီးမှ ဆေးရုံက ပြန်လွှတ်လိုက်တာ နေမှပေါ့။ True Labour Pain ဟုတ်မဟုတ်ကို ကိုယ်ဘာသာ ကိုယ်သိတာတော့ အကောင်းဆုံးပါပဲ။ သားလေးမွေးပြီးမှ ဆေးရုံမှာ လာစောင့်နေတဲ့ အင်ဒီယန်း မိသားစု တစ်စုကိုတောင် တွေ့တော့မှ သူတို့ကျတော့ လာစောင့်နေလို့ ရသလား တွေးမိသေးတယ်။ အဲဒီ မိခင်ကလည်း (ဖွဟဲ့) Complication ရှိလို့လည်း ဖြစ်နိုင်တာပဲ။

ဖွားရန် ၁ နာရီ အလို (၄း၄၅)

ဒီအချိန်မှာတော့ နာတာက အရမ်းစိတ်လာပြီး ဆေးရုံကို လာခဲ့တော့မယ်ဆိုပြီး ဖုန်းဆက်ကွာ ဆိုပြီး ဖုန်းဆက်ပါတယ်။ ၂မိနစ် ၃ မိနစ်ခြား တစ်ခါလောက် နာတယ်လို့ ပြောမှ ဆေးရုံက ဒီအချိန်တော့ လာချင်ရင် လာခဲ့ပါတဲ့။ အဲဒီတော့မှ တက္ကစီကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ တက္ကစီကလည်း အနည်းဆုံး ၁၀ မိနစ် ၁၅ မိနစ်တော့ စောင့်ရဦးမယ်။ ပြင်ထားတဲ့ အထုပ်ကိုယူ၊ ဆေးရုံပြဖို့ ကဒ်ကို စစ်ပါတယ်။ တက္ကစီကလည်း မလာနိုင်သေးဘူး။ ကားပေါတဲ့ ဒီနိုင်ငံမှာတော့ တက္ကစီဆိုတာ အလွယ်မလာပါဘူး။

အဲဒီအချိန်မှာပဲ ဟာ.. ရေမြွှာအိတ် ပေါက်သွားပြီးဆိုပြီး ဖြစ်လာပါတယ်။ ၀တ်ထားတာကလည်း ဘောင်းဘီရှည်အဖြူ။ ဘောင်းဘီမှာလည်း ရေတွေ စိုသွားပါတယ်။ ရေမြွှာရည်ကတော့ အခြေအနေ ကောင်းပါတယ်။ အစိမ်းရောင်တို့ အနီရောင်တို့ မဟုတ်ဘဲ ကောက်ရိုးရောင် ဆိုတော့။ ကလေးတွေ မမွေးခင်တုန်းကတော့ ရေမြွှာအိတ် ပေါက်သွားတာနဲ့ ကလေးက ရှောကနဲ ထွက်လာပြီ ထင်ထားတာ။ သမီးလေး မွေးတုန်းက မနက်အစောကြီးကတည်းက ရေမြွှာအိတ် ဖေါက်ထားတာ ည ၈ နာရီ ကျော်မှပဲ မွေးတော့တယ်။ အခုတော့ ရေမြွှာ အိတ်ပေါက်သွားပြီ ဆိုတော့ မွေးဖို့ကတော့ သေချာသွားပြီ။ ခက်တာက တက္ကစီ မလာသေးဘူး။

6 comments:

War War - 6/1/08, 10:25 PM

Zat shein myint hma pyat thwar p. 4 ko pe wait ya tot hmar pot. :)

မဇနိ - 6/1/08, 11:16 PM

တခါမှ မကြားဖူးတာတွေ ဖတ်ရတယ်ဗျ။
တော်တော် စနစ်တကျရေးတတ်တယ်နော်။
ကဲဗျာ ကျွန်မပဲ တက္ကစီပြေးငှားလိုက်တော့မယ်။
ဒါမှ ကလေးလေးမွေးခန်းရောက်တော့မှာ ထင်ပါတယ်။
မဇနိ

Lay Thwe - 6/1/08, 11:21 PM

It's really nice to read this blog! I'm also waiting for the new parts of this article. Thanks for the contribution of your knowledge.

စစ်ကိုင်းသူ - 6/2/08, 2:12 AM

ကိုအန်ဒီကတော့ ကိုရီးယား ဇာတ်ကားတွေလို လုပ်နေပြန်ပါပြီ။ မဇနိကတောင် Taxi ပြေးငှားပေးတော့မယ်ဆိုပဲ။ ဖတ်ချင်လှပြီနေမှာ။ ဒါနဲ့ ဆေးရုံက ဘာလို့ အဲလောက်ကပ်မှ အလာခံရတာလဲ။ ဘယ်လောက်စိပ်စိပ်နာမှ မွေးမယ်လို့ ပုံသေသတ်မှတ်လို့ ရလို့လား။ ကိုအန်ဒီတို့က သားဦးမဟုတ်လို့ သိနေလို့လေ။ သားဦးမွေးမဲ့လူတွေဆို ဘယ်လိုလုပ် သိမလဲ။ မွေးခါနီးလား မနီးလားလဲ မမှန်းတတ်၊ ကျန်တာဘာမှ မဖြစ်ဘူးထားဦး အဲလို ရေမြွာပေါက်မှသာ ဆိုလို့ကတော့ စိတ်ပူတာနဲ့တင် နေစရာ ရှိမှာ မဟုတ်ဘူး။ အဲလိုကျပြန်တော့လဲ ပိုက်ဆံပေးတက်ရတဲ့ဆီက ကိုယ့်ပိုက်ဆံကုန်ပေမဲ့ စိတ်အေးလက်အေး ဆေးရုံပေါ်မှာ သွားနေလို့ ရသေးလို့ တော်သေးတယ်လို့ ပြောရမလား မသိ။

Andy Myint - 6/2/08, 4:00 PM
အရှည်ကြီး ဖတ်ရတာ ပျင်းမှာ စိုးလို့ပါ ၀ါဝါရေ...

ဒီလိုပဲ မဇနိရေ။ ကိုယ်ဝန်ဆောင်တိုင်း၊ မိခင်တိုင်းမှာ ဇာတ်လမ်း တစ်ပုဒ်စီ ရှိတတ်ကြပါတယ်။ ကလေးမွေးခန်း ရောက်အောင် Fast Forward လုပ်ကြည့်လေ.. ဗီဒီယို ကြည့်သလို..ဟဲဟဲ။

Thanks, Lay Thwe.

တချို့မိခင်တွေကလည်း တကယ် ဗိုက်နာတာလား မခွဲခြားနိုင်လို့ ဆေးရုံသွားတာ ဆေးရုံက ပြန်လွှတ်လိုက်တယ် ထင်ပါတယ် မစစ်ကိုင်းသူ။ နောက်ပြီး ဒီမှာက ပြည်သူပိုင် ဆေးရုံတွေမှာက ၀န်ထမ်းအားနဲ့ လူနာအားမမျှဘူးလေ။ အဲဒါကြောင့်။ Private health insurance ရှိထားရင်တော့ ပုဂ္ဂလိက ဆေးရုံမှာ မွေးလို့ ရပါတယ်။ ဒါမှမဟုတ် ပိုက်ပိုက် တတ်နိုင်ရင်ပေါ့။ ကျွန်တော်တို့ကတော့ ပြည်သူပိုင်မှာပဲ မွေးတယ်လေ။
Aung - 8/1/12, 2:00 PM

good blog.

Post a Comment

Many thanks for dropping a comment…

Film