Tuesday, June 03, 2008

သားလေး ဖွားစဉ်က (၄)

ဖွားရန် ၄၅ မိနစ်အလို (၅း၀၀)
ခဏနေတော့ တက္ကစီ ရောက်လာပါတယ်။ အိမ်ကနေ ဆေးရုံကို ၅ မိနစ်ကျော်ကျော်လောက်ပဲ မောင်းလိုက်ရပါတယ်။ တမင်တကာလည်း ဆေးရုံနဲ့ နီးတဲ့ နေရာမှာ လာနေတာပါ။ ပုံမှန် ဆေးရုံကို သွားပြနေတုန်းက လမ်းလျှောက်သွားလို့ ရပါတယ်။ အခုတော့ ကားနဲ့ သွားမှရမှာမို့ တက္ကစီကို စိတ်ရှည်ရှည် စောင့်လိုက်ရတာလေ။ ကားရှိတဲ့ သူငယ်ချင်းကလည်း ဒီနေ့မှာ မအားဘူး ဖြစ်နေတယ်။ နို့မို့ဆိုရင်တော့ သူက အချိန်မရွေး ဖုန်းခေါ်လိုက်ပါတဲ့။

ဆေးရုံ ရောက်တော့ Birthing Unit ကိုတန်းသွားပြီး မွေးခန်းထဲကို တစ်ခါတည်း ခေါ်သွားပါတယ်။ Birthing Unit မှာ လူများများ စားစား မတွေ့လိုက်ပါဘူး။ နာစ်မ နှစ်ယောက် သုံးယောက်ပဲ တွေ့လိုက်ရပါတယ်။ ဆရာဝန်နဲ့ တူတာ တစ်ယောက်မှ မတွေ့လိုက်ရလို့ စိတ်ပူသွားတယ်။ မွေးခန်းတွေက ၃၊ ၄ ခန်းလောက် သတိထားမိပြီး အားတဲ့ အခန်းတစ်ခန်းတည်းကို ခေါ်သွားပြီး ဆေးရုံက အ၀တ်အစား လဲခိုင်းပါတယ်။

အဆောင်က အသစ်ကြီးဆိုတော့ မွေးခန်းကလည်း သစ်လွင်ပြီး သပ်ရပ်ပါတယ်။ ကုတင်တွေ ဘာတွေက အသစ်ပါ။ သမီးလေးမွေးတဲ့ စင်္ကာပူက ဆေးရုံမှာလိုတော့ စက်ပစ္စည်းအကြီးစားတွေ မတွေ့ပါဘူး။ သမီးမွေးတုန်းက ကလေးနှလုံးခုန်သံကို စက်နဲ့ အမြဲတမ်းနားထောင်နေပါတယ်။ ဘုတ်ဘုတ်.. ဘုတ်ဘုတ်နဲ့ ကြားနေရပြီး နှလုံးခုန်နှုန်း ဘယ်လောက်ဆိုတာကို အလွယ် မြင်နေရပြီး
တခါတည်း Print ထုတ်ထားတာပါ။ ဒီမှာတော့ လက်ကိုင်စက်ကလေးကို နားထောင်ချင်မှ ဗိုက်နား ကပ်ပြီး နားထောင်တာပါ။ သားအိမ် Contraction ကိုလည်း စင်္ကာပူမှာတုန်းက စက်နဲ့ပဲ Monitor လုပ်တာပါ။ အဲဒီတုန်းက တစ်ကိုယ်လုံးမှာ တွယ်တပ်ထားတဲ့ စက်တွေက စုံနေတာပါပဲ။ ဒီမှာလည်း ပစ္စည်း အသေးစားတွေ ခွဲစိတ်ပစ္စည်းတွေကတော့ နံရံကပ် ဗီဒိုကြီးနဲ့ အပြည့်ပါ။ ဒီမွေးခန်းအတွက် သပ်သပ်ဖြစ်ပြီး လိုအပ်ရင် အပြင်ထွက် ယူစရာ မလိုတော့ဘူးပေါ့။ နောက်ပြီး စင်္ကာပူက ဆေးရုံထက် သာတာ တစ်ခုက ရေချိုးကန် ခပ်ကြီးကြီး ပါတဲ့ ရေချိုးခန်းက မွေးခန်းနဲ့ တွဲလျက်ပါ။ အသိ တစ်ယောက် မွေးတုန်းကဆို ဗိုက်နာနေချိန်မှာ ရေနွေး စိမ်တာ သက်သာတယ်ဆိုပဲ။

ဖွားရန် နာရီဝက် အလို (၅း၁၅)

အဲဒီ အချိန်မှာပဲ သူမက မခံနိုင်အောင် နာကျင်လာပါပြီ။ ကုတင်ပေါ် တက်ခိုင်းပြီး ၀မ်းဆွဲသည် (Midwife) က လက်အိတ်တွေ ဘာတွေ စွတ်ပြီး စမ်းကြည့်လိုက်တော့ သားအိမ်က ၉ စင်တီတောင် ပွင့်နေပြီတဲ့။ မြတ်စွာဘုရား.. ကံကောင်းလို့ လမ်းမှာ မမွေးလိုက်တယ်။ အဲဒီလောက် အထိ ပွင့်နေလိုက်မယ်လို့ မထင်ထားဘူး။ သမီးတုန်းကများ ဒီလောက် ပွင့်ဖို့ကို တစ်နေကုန် စောင့်နေလိုက်ရတာ။ အခုလည်း တစ်နေခင်းလုံး ဟိုသွား ဒီသွားလုပ်နေတာ တဖြည်းဖြည်း ပွင့်နေတာ နေမှာပေါ့။ ဒါပေမယ့် သားဦးနဲ့ သားနှောင်းမှာလည်း ကွာတတ်တဲ့။ သားဦးမှာတော့ ဖြည်းဖြည်း ဖြည်းဖြည်း အချိန်ယူပြီး ပွင့်ပြီး သားနှောင်းမှာတော့ လက် ၂ လုံးကနေ လက် ၅ လုံးကို မိနစ် ၂၀ အတွင်း ချက်ချင်းပွင့်နိုင်တယ်တဲ့။ သူမကလည်း အတော် နာလာတော့ ဓါတ်ငွေ့ ရှူဖို့ ပေးထားပါတယ်။ အဲဒီကျမှပဲ နာစ်မက စာရွက်စာတမ်းတွေ ဖြည့်၊ ခွဲစိတ်ကိရိယာတွေ ပြင်ဆင် လုပ်နေပါတယ်။ တစ်ခါတစ်လေကျရင်လည်း အပြင်ထွက်သွားတာ ဘယ်ရောက်သွားမှန်း မသိဘူး။ အခုနေများ မွေးလိုက်ရင် ဘယ်လို နေမလဲ စိတ်ပူပြီး အပြင်မှာ လိုက်ရှာရသေးတယ်။

ဖွားရန် ၁၅ မိနစ်အလို (၅း၃၀)

သူမက အရမ်းနာလာပြီး ညှစ်ချင်သလို ဖြစ်လာတော့ နာစ်မက စမ်းကြည့်လိုက်တော့ လက်ညှိုး တစ်ချောင်းစာလောက်မှာ ခေါင်းစမ်းမိနေပြီတဲ့။ သွေးတွေလည်း ထွက်လာပါတယ်။
ဝမ်းဆွဲသည် နာစ်မကလည်း တစ်ယောက်တည်းပါ။ သူကြည့်ရတာတော့ ၀ါရင့်ပုံပါပဲ။ သူ့မှာလည်း သမီးလေးယောက် မွေးထားတယ်တဲ့။ ကုတင်ရဲ့ တစ်ဘက်မှာ သူက။ ကျွန်တော်က တစ်ဘက်မှာ။ သူမရဲ့ ခြေထောက်ကို သူ့ရဲ့ ခါးတစ်မှာ တင်ထားပြီး ကန်ထားခိုင်းပါတယ်။ တစ်ဘက်က ကျွန်တော်က ခြေထောက်ကို ကိုင်ထားပေးပါတယ်။ သမီးလေးမွေးတုန်းက ၀မ်းဆွဲသည်တွေလို အတင်း မညှစ်ခိုင်းဘဲ ခဏနေမှ တစ်ခါ ညှစ်ခိုင်းပါတယ်။ အခြေအနေကို ကြည့်ပြီး သူမ ညှစ်မယ်ဆိုရင်တောင် ခဏနေဦးဆိုပြီး နေခိုင်းပါတယ်။ သားအိမ် Contraction တိုင်းတဲ့ စက်တွေ ဘာတွေ မလိုဘဲ မိခင်က ခံစားရမှ ညှစ်ခိုင်းတာပါ။

သူမလည်း အရမ်းကို နာလာပြီး ဓါတ်ငွေ့တွေကို အရမ်းရှူနေရပါတယ်။ တစ်ခေါက် ညှစ်လိုက်တာ ခေါင်းက ထွက်လာမလို ဖြစ်လာပြီး ဆံပင် မည်းမည်းတွေနဲ့ သွေးတွေ ထွက်လာပါတယ်။ ငယ်ထိပ်လေး ထွက်လာတာကို မြင်နေရပါတယ်။ အဲဒီ အချိန်မှာတော့ သူမအတွက် အသည်းခိုက်အောင် နာကျင်တာပါတဲ့။ ထပ်ညှစ်လိုက်မယ်ဆိုပြီး လုပ်မလို့ နာ့စ်မကြီးက ခဏနေဦးတဲ့။ နောက်တစ်ခါ Contraction ဖြစ်အောင် စောင့်ဦးဆိုပြီး မိနစ်ဝက် စက္ကန့် ၂၀ လောက် စောင့်ခိုင်းပါတယ်။ ညှစ်တဲ့ အချိန်မှာ အားရအောင် သူမရဲ့ ခြေထောက်ကို သူခါးတစ်ပေါ်မှာ တင်ထားပြီး နားနေချိန်မှာတော့ ပြန်ချပေးထားပါတယ်။ ခဏနေတော့ ကော့ပြန်အောင် နာလာပြီး နာချင်ရင်လည်း နာပါစေတော့ ညှစ်ချလိုက်မယ်ဆိုပြီး နာ့စ်ကြီးကို အားမနာတမ်း ခြေထောက်နဲ့ ကန်ပြီး အားနဲ့ ညှစ်ချလိုက်တာ ခေါင်းက ဖြည်းဖြည်းချင်း ထွက်လာပါတယ်။ ခေါင်းက စိုက်လျက် ထွက်လာတာပါ။ ရေနည်းနည်းလည်း ထွက်လာပါသေးတယ်။ နာစ်မက လက်တစ်ဘက်နဲ့ ထိန်းထားပြီး ဘေးဘက်ကို စောင်းပေးထားလိုက်ပါတယ်။ ကလေး ပါးစပ်ထဲက ရေနည်းနည်း ထွက်လာပြီးတော့ ခေါင်းလေးပဲ ထွက်နေရာကနေ အသံပါ ထွက်လာပါတယ်။ အဲအဲ.. အဲအဲနဲ့ အသံတွေ ထွက်နေပါတယ်။ (သားလေး အဆိုတော်များ ဖြစ်လို့ကတော့ ငါတို့သားလေးက မွေးတာနဲ့ တစ်ကိုယ်လုံးတောင် မထွက်သေးဘူး စကားပြောနေပြီ သီချင်းဆိုနေပြီ ဆိုပြီး ငွေကြယ်ပွင့်တို့ မိဘများ အနေနဲ့ ကြွားလုံး ထုတ်စရာပဲ။)

၂၄၊ မေလ၊ ၂၀၀၈။ ၅း၄၃။

အဲဒီလို ခေါင်းတစ်လစ်လေးနဲ့ ခဏလောက် နေခိုင်းပါသေးတယ်။ အမေကိုလည်း ခေါင်းထွက်နေပြီ စမ်းကြည့်ဦးမလား မေးလိုက်ပါသေးတယ်။ သူမကတော့ နာနေတဲ့ ကြားကနေ ဟင်းဟင်း မစမ်းတော့ဘူးဆိုပြီး မစမ်းရဲ မကိုင်ရဲပါဘူး။ ကျွန်တော်လည်း မြင်နေရပေမယ့် မကိုင်ရဲပါဘူး။ နောက်ထပ် နာ့စ်မ တစ်ယောက်လည်း ရောက်လာပါတယ်။ ခဏနေတော့ နာ့စ်ကြီးက တစ်ချက်လောက် ညှစ်လိုက်ပါဆိုလို့ သူမက နောက်တစ်ခါ ညှစ်ချလိုက်ပါတယ်။ ခေါင်းထွက်အောင်လောက်တော့ မညှစ်ရတော့ဘဲ ကလေးပုခုံးနေရာကို နာ့စ်မကြီးက နည်းနည်းလေး လှည့်လိုက်တာ တစ်ကိုယ်လုံး ချောကနဲ့ ရေတွေ ဝေါကနဲနဲ့ ထွက်လာပါတယ်။ နာရီကြည့်လိုက်တော့ ၅း၄၃ မိနစ်နဲ့ စက္ကန့် ၃၀ ကျော်ကျော်ပါ။ နာ့စ်မ နှစ်ယောက် တိုင်ပင်နေသေးတယ်။ ၄၄ မိနစ်ယူမလား ၄၃ မိနစ်လားလို့။ နောက်တော့ ၅း၄၄ ကို မွေးဖွားချိန် အဖြစ် ယူလိုက်ပါတယ်။

ကလေးကို သဘက်ပိုင်းပေါ်တင်ပြီး ချက်ကြိုးကို ဟိုဘက် ဒီဘက် ကလစ်နဲ့ ညှပ်ပါတယ်။ မမွေးခင်ကတည်းက ကျွန်တော်ကို ချက်ကြိုးဖြတ်မလား မေးတုန်းက ပထမ သမီးလေးတုန်းကလည်း ကျွန်တော် ကိုယ်တိုင် ဖြတ်တာလို့ ၀ံ့ကြွားစွာ ပြောထားပါတယ်။ အဲဒါကြောင့် ကျွန်တော့်ကို ချက်ကြိုးဖြတ်ဖို့ ကတ်ကြေး ကမ်းလာပါတယ်။ ဒီတစ်ခါတော့ တုန်တုန် တုန်တုန် မဖြစ်တော့ဘူးကွ ဆိုပြီး ညှပ်ချလိုက်မှပဲ ကတ်ကြေးကပဲ တုန်းနေသလား မသိဘူး မပြတ်ဘူး ဖြစ်နေတယ်။ ဘယ်သန် ကျွန်တော်နဲ့တော့ ကတ်ကြေးလိုမျိုးတွေက ဘယ်တော့မှ ကိုင်လို့ ပြုလို့ မလွယ်ပါဘူး။ မပြတ် မပြတ် ဖြစ်နေတာနဲ့ နာ့စ်မကပဲ ယူပြီး ညှပ်လိုက်ပါတယ်။ ချက်ကြိုး ဖြတ်ပြီးတော့ ကလေးကို အမေရင်ဘက်ပေါ်ကို ကန့်လန့်ဖြတ်လေး မှောက်လျက် တင်လိုက်လိုက်ပါတယ်။

ကလေးလေးက ရေတွေ စိုပြီး အရေခွံလေးတွေကို နူးနေပါတယ်။ ဆံပင်လေးတွေကလည်း မည်းနက်နေပြီး ရှည်ရှည်လေးပါ။ လက်တွေ၊ ကျောတွေမှာလည်း အမွှေးလေးတွေ တွေ့နေရပါတယ်။ အရပ် အတော် ရှည်ပြီး လက်တံ ခြေတံတွေ ရှည်ပါတယ်။ လက်သည်းလေးတွေ ပါမြင်နေရပြီး အသည်းယားဖို့ ကောင်းပါတယ်။ သမီးကို မြင်နေကျ ဆိုတော့ သားလေးကို သေးတယ် ထင်ရပါတယ်။ ဒီသားလေးတော့ သမီးမွေးတုန်းကလောက် ပေါင်ချိန် ရှိပါ့မလား ပူနေကြပါတယ်။ ကလေးလေးကတော့ အမေ့ရင်ဘတ်နဲ့ အပ်ပေးထားတာ ငြိမ်နေပါတယ်။ ဒီလို ကပ်ပေးထားတဲ့ အတွက် မိခင်ရဲ့ နှလုံးခုန်သံကိုလည်း ကြားရတယ်၊ မိခင်နဲ့လည်း အရေပြားချင်း ထိလိုက်ရတဲ့ အတွက် အခုမှ အပြင် လောကကို ထွက်လာတဲ့ ကလေးအတွက် လုံခြုံမှုကို ရစေပါတယ်တဲ့။

ကလေး ထွက်သွားပြီ ဆိုပေမယ့် မွေးဖွားခြင်း အမှုက မပြီးသေးပါဘူး။ ချက်ကြိုးတို့ အချင်းတို့ ထုတ်ရပါဦးမယ်။ ကလေးမွေးခါနီး မခံမရပ်နိုင်အောင် ဗိုက်နာတာက ပထမအဆင့်ပါ၊ ကလေးထွက်သွားတာက ဒုတိယ အဆင့်နဲ့ အချင်းနဲ့ အမြေးပါး ပြည့်ပြည့်စုံစုံ ထွက်တာ တတိယအဆင့်ပါ။ သားနှောင်း မိခင်များအတွက် တတိယ အဆင့်မှာ နာကျင်တာ (After Pain) ကို အခန့်မသင့်ရင် ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ နာ့စ်ကြီးကတော့ ခဏနေဦးဆိုပြီး အချင်းမထွက်ခင် အနားယူ ခိုင်းထားပါတယ်။ အတော်လေးကြာသွားမှ နည်းနည်းလောက် ထပ်ညှစ်လိုက်ပါဦး ဆိုပြီး သူမကလည်း ညှစ်၊ နာ့စ်မကလည်း ဆွဲလိုက်တော့မှ အချင်းတွေ ဘာတွေ ထွက်လာပါတယ်။ အချင်း ထွက်ပြီးမှ သူမဆီက သွေးတွေ အတော် ထွက်လာပါတယ်။ ကလေးကို တစ်ယောက်တည်း ကျင်လည်စွာ မွေးခဲ့တဲ့ နာ့စ်မကြီးလည်း စိတ်ပူသွားပြီး ဂွမ်းတွေ ပိတ်တွေ ခံပြီး ဆရာဝန် အမြန် သွားရှာပါတယ်။

ဆက်ရန်...

3 comments:

မဇနိ - 6/4/08, 12:20 AM

ပြောတဲ့လူကတော်တာလား၊ အရေးကောင်းတာလား မသိတော့ဘူး။ အသေးစိတ်ရေးထားတယ်။ ရှေ့မှာမြင်နေရသလိုပါပဲ။ အစ်မက အတော်ကံကောင်းတယ်။ အနားမှာအားပေးမယ့်သူရှိနေတယ်။ မိခင်တစ်ယောက်ရဲ့ သားသမီးတစ်ယောက်ကို ဘယ်လိုအစပျိုးခဲ့ရလဲဆိုတာ ပိုနားလည်လာရတယ်။ သမီးလေးကလည်း ပိုပိုချစ်စရာကောင်းလာပြီ။ တယောက်ထဲနေရတဲ့ကျွန်မအတွက် WeShwMeမှာ ကလေးလေးပုံလေးတွေကို လာငေးရတာ အဖော်ရသလိုပါပဲ။ ကျေးဇူးတင်ပါတယ်ဗျာ။ ပျော်ရွှင်ကြပါစေ။

War War - 6/4/08, 2:53 AM

Hote pa. ma Zani pyaw tha lo pe. yay tar kaung loon loet read yin ne yote shin kyi nay ya tha lo ko phyit lar tal. 5 ko wait ya own hmar pot lay.

Andy Myint - 6/9/08, 12:35 AM
နှစ်ယောက်စလုံး တော်တာ မဇနိ... ဟဲဟဲ။
ကျေးဇူးပဲ ၀ါဝါ

Post a Comment

Many thanks for dropping a comment…

Film