Monday, June 09, 2008

သားလေး ဖွားစဉ်က (၅)

ဖွားပြီး ၁ နာရီ အကြာ (ည ၆း၄၅)
ဆေးရုံရောက်ပြီး ၄၅ မိနစ် အကြာမှာ အလွယ်တကူ မွေးလိုက်နိုင်ပေမယ့် အခန့်မသင့် ဖြစ်သွားလို့ သူမမှာ 2nd degree Perineal tear နဲ့ Cervical tear ရသွားပါတယ်။ ဘယ်နားက သွေးထွက်မှန်း မသိလို့ ရှာရတာကိုက အတော်ကြာပါတယ်။ သွေးက အတော်ထွက်ပေမယ့် ၅၀၀ မီလီ ထက်တော့ မပိုပါဘူး။ ဆရာဝန် ရောက်လာပြီး ဆရာက အချိန်အတော်ကြာ ယူပြီး ချုပ်ယူရပါတယ်။ ဆရာဝန်ကြည့်ရတာ သမားတော်ကြီး ပုံစံမဟုတ်ပေမယ့် အထူးကု ဖြစ်နိုင်ပါတယ်။ ဘာလဲဆိုတာတော့ မသိလိုက်ပါဘူး။ နာ့စ်မကတော့ သူကို အပြစ်ဖို့မှာ စိတ်ပူလို့ပဲလား မသိဘူး မင်းတို့ အိမ်က လာတုန်းကတည်းက သွေးနည်းနည်း ထွက်တယ် မဟုတ်လား။ အဲဒီတုန်းကများ ဖြစ်သွားလား မသိဘူးတဲ့။ မဖြစ်နိုင်ပေမယ့် ဘာမှ မပြန်ပြောလိုက်ပါဘူး။ သူ့မှာလည်း အပြစ် မရှိပါဘူး။ အမေကို သက်သက်သာသာနဲ့ ညှစ်ပြီး မွေးခိုင်းတာပဲ ကျေးဇူးတင်ရမယ်။ ကလေးကတော့ ခေါင်းမကြီးလွန်းပေမယ့် အရင်ကလည်း မွေးထားပြီး ချုပ်ထားတာဆိုတော့ ဒဏ်ရထားတာလည်း ဖြစ်နိုင်တာပဲ။ ဆရာဝန် ခမျာလည်း တစ်ယောက်တည်း ချုပ်ယူရပါတယ်။ နာ့စ်မတွေက ထွက်သွားပြီး လိုအပ်မှပဲ ခေါ်လို့ရတယ်။ ၁ နာရီ ကျော်ကျော်လောက် ချုပ်ယူလိုက်ရပါတယ်။

ကလေးကို မွေးပြီးတော့ ချက်ကြိုးဖျက် သုတ်သင်ပေးပြီး ဘာမှ မလုပ်ပေးရသေးပါဘူး။ ဒီအတိုင်းပဲ စောင်လေးနဲ့ ထုတ်ပေးထားပြီး ကျွန်တော်က ချီထားပါတယ်။ ဆရာဝန်တွေ၊ နာ့စ်မတွေ ထွက်သွားပြီး ကျွန်တော်တို့ကို ဒီအတိုင်း ထားခဲ့ပါတယ်။ စင်္ကာပူမှာတုန်းကလည်း သမီးလေးမွေးပြီး ဒီအတိုင်းပဲ တစ်နာရီလောက် ပစ်ထားတာ ကြုံဖူးတော့ သိပ်တော့ မဆန်းတော့ပါဘူး။ အဲဒီ အချိန်ကျမှ ဖုန်းတွေ ဘာတွေ ဆက်နိုင်ပါတယ်။ သမီးလေးကိုလည်း ဒီနေမှ ရောက်တဲ့ အဘိုး အဘွားတွေနဲ့ ညနေကတည်းက ထားခဲ့ရပါတယ်။ သမီးလေး အဆင်ပြေလား ထမင်းစားပြီးပြီလားလည်း လှမ်းမေးရသေးတယ်။ ရန်ကုန်က မိသားစုတွေကို ဖုန်းဆက်၊ စင်္ကာပူက အမျိုးတွေ သူငယ်ချင်းတွေဆီ ဖုန်းဆက် အခုမှ လုပ်နိုင်ပါတော့တယ်။ ဒီတစ်ခေါက်တော့ သူမက မွေးပြီးတဲ့ အခါ အတော် နေသာပါတယ်။ ထုံဆေး မူးတာတို့၊ မျက်နှာက ဖောယောင်တာတို့ ဘာတို့ မရှိဘဲနဲ့ ကျန်းကျန်းမာမာ လန်းလန်း ဆန်းဆန်း ရှိနေပါတယ်။ အနားက သူငယ်ချင်း မိသားစုလည်း လာလည်ပါတယ်။ ဆေးရုံမှာ ည ၈နာရီခွဲအထိ ဧည့်သည်လာလို့ ရတယ်လေ။ ဧည့်ချိန်ပြည့်သွားတော့ သူတို့လည်း ပြန်သွားပါတယ်။

ဖွားပြီး ၃ နာရီ အကြာ ( ၉း၀၀)
အဲဒီ အချိန်ကျမှ နာ့စ်တစ်ယောက်လာပြီး ကလေးကို လာစစ်ပါတယ်။ အပြင်ပန်း စစ်ပေးပြီး တိုင်းတာ ချိန်ပါတယ်။ ကလေးက ဖွားစမှာ ကိုယ်အလေးချိန် ၃.၄၇ ကီလိုဂရမ် ရှိပြီး အရပ် ၅၁ စင်တီမီတာ ခေါင်းအ၀န် ၃၅ စင်တီ ရှိပါတယ်။ အခုကျမှပဲသားလေးက သမီးလေးထက် ပိုကြီးမှန်း သိရတာပါ။ သမီးမွေးတုန်းက ၃ ကီလိုတောင် မပြည့်ချင်ပါဘူး။ သမီးကို မြင်နေကျဆိုတော့ သားလေးကို ကြီးတယ် မထင်ရပါဘူး။ နာ့စ်မက ကလေးကို ဗိုက်တာမင်ကေရယ်၊ အသည်းရောင်ဘီ ကာကွယ်ဆေးရယ် ထိုးပေးပါတယ်။ ဗိုက်တာမင်ကေက သွေးတိတ်အောင်လုပ်ဖို့ မရှိမဖြစ် လိုအပ်တာပါ။ မွေးစမှာ ကလေးတွေမှာ အလုံအလောက်မပါလာလို့ Vitamin K Deficiency Bleeding (VKDB) ဖြစ်ရင် ဦးနှောက်ထဲမှာ သွေးယိုတာတို့ ဘာတို့ ဖြစ်တတ်လို့ပါ။ ၆ လလောက် ကြာမှ သူဘာသူစားမှ ဗိုက်တာမင်ကေ ရနိုင်တာပါ။ ကိုယ်ဝန် ဆောင်နေချိန်နဲ့ မိခင်နို့ သောက်နေချိန်မှာ ဗိုက်တာမင် အရနည်းပါတယ်။ Hepatitis B Immunisation ကတော့ မွေးစမှာ ထိုးရင် ပိုပြီး အစွမ်းထက်တယ် ဆိုပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကာကွယ်ဆေး ဆိုတော့ စောနိုင်သမျှ စောစော ထိုးထားတာ အကောင်းဆုံးပါပဲ။ နာ့စ်မက ချိန်တွယ် စစ်ဆေး ဆေးထိုးပေးပြီးမှ နို့တိုက်ပြီးပြီလား မေးပါတယ်။ ကျွန်တော်တို့ကလည်း တိုက်ရကောင်းမှန်း မသိ၊ တိုက်ဖို့လည်း ဘယ်သူကမှ မပြောသွားတော့ မတိုက်ထားရသေးပါဘူး။ နို့မှ မထွက်သေးတာဆိုတော့ တိုက်သာ တိုက်ထားပါတဲ့။

ဖွားပြီး ၄ နာရီ အကြာ (၁၀း၀၀)
ဒီလိုပဲ အခန်းထဲမှာ ကျွန်တော်တို့ မိသားစုပဲ ကျန်နေခဲ့ပါတယ်။ တစ်ခါတစ်လေကျရင် နာ့စ်မတစ်ယောက် ပေါ်လာလိုက် သူမကို သွေးပေါင်ချိန် လာတိုင်းလိုက် လုပ်ပြီး ထွက်သွားပါတယ်။ ၁၀နာရီကျော်ကျော်ကျတော့ နာ့စ်မတစ်ယောက်လာပြီး ရေချိုးဖို့ လာပြောသွားပါတယ်။ ကပ်လျက် ရေချိုးခန်းထဲမှာပဲ ပလတ်စတစ်ထိုင်ခုံ တစ်ခုံးချထားပြီး ကျွန်တော့်အကူနဲ့ ရေနွေးနွေးကို ချိုးလိုက်ပါတယ်။ မီးယပ်ချမ်းတွေ ဘာတွေ မထဘဲ ရေချိုးလိုက်ရတာ လန်းဆန်းသွားတယ့်တဲ့။ မြန်မာပြည်မှာလို ၇ရက်လောက် မီးတွင်းအောင်းစရာ မလိုဘဲ ညတွင်းချင်း ရေချိုးရပါတယ်။ စင်္ကာပူမှာတော့ နောက်တနေ့ မနက်မှ ချိုးဖြစ်တာပါ။

ဖွားပြီး ၅ နာရီ အကြာ (၁၁း၀၀)
ရေတွေ ဘာတွေ ချိုးပြီးတော့ သူမကို လူနာခန်းထဲ ခေါ်သွားပါတယ်။ အခန်းက အခမဲ့ဆိုပေမယ့် တစ်ယောက်ခန်း သီးသန့်ခန်းပါ။ သပ်သပ်ရပ်ရပ်နဲ့ အခန်းထဲမှာလည်း ပစ္စည်း အတော် စုံပါတယ်။ ကလေးကိုလည်း ခေါ်သွားပါတယ်။ ကျွန်တော်ကတော့ အိမ်ပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ သမီးက အိပ်နေရာကနေ နိုးလာပြီး အခုမှ သူ့အဖေကို သတိရပြီး ငိုပြီး ချလို့ မရတော့ပါဘူး။ တော်သေးတယ် ဒီနေ့မှ တွေ့ရတဲ့ အဖွားနဲ့ နေနေလို့။ အဖွားကလည်း မြတ်နိုး အစ်မ တစ်ဝမ်းကွဲ နှစ်ယောက်ကို ထိန်းလာတာ ဆိုတော့ မြေးမတွေ အထာကို သိနေပြီလေ။

24 Hour Rooming-In
ကလေးကို နာ့စ်မတွေက ခေါ်သွားပြီး မနက် ၄ နာရီလောက်ကျမှ နို့တိုက်ဖို့ဆိုပြီး တစ်ခေါက် ပြန်ခေါ်လာပေးပါတယ်။ ကလေးက ဆာနေပြီဆိုတော့ နို့အတော်လေး စို့လိုက်ပါတယ်။ နို့ကလည်း နည်းနည်း ထွက်လာပါတယ်။ သွေးတွေထွက်တာ လန့်သွားလို့ အဲဒီညက သူမလည်း ကောင်းကောင်း မအိပ်လိုက်ရပါဘူး။ မနက် ၈း၃၀ ကျတော မနက်စာ ကျွေးပြီးတော့ တစ်ခါ ကလေးနို့တိုက်ဖို့ ကလေးကို ပြန်လာပို့ပါတယ်။ အဲဒီ အချိန်က စပြီး ကလေးကို ပြန်မခေါ်သွားတော့ပါဘူး။ သူတို့ကတော့ 24 Hour Rooming-In ဆိုပြီး ခေါ်ပါတယ်။ ကလေးနဲ့ မိခင်ကို အတူတူ ထားတာကို ပြောတာပါ။ သမီးလေး မွေးတုန်းကတော့ ကလေးတွေ ထားတဲ့ အခန်းကြီးက မှန်ခန်းကြီး ဖြစ်ပြီး အဲဒီအတွက်တင် နာ့စ်မ ၅ ယောက်လောက် ရှိပါတယ်။ ကလေး သီးသန့် မွေးတဲ့ ဆေးရုံဆိုတော့ မွေးတဲ့ နေရာမှာ နာ့စ်မက အယောက် ၂၀ ကျော်၊ မွေးပြီး အမေတွေကို ကြည့်ဖို့က ၁၀ ယောက်ကျော်နဲ့ ဆေးရုံ တစ်ခုလုံးမှာ နာ့စ်မ ၅၀ ကျော်ကတော့ အသာလေး ရှိပါတယ်။ မြန်မာ နာ့စ်မလည်း တစ်ယောက်စ နှစ်ယောက်စ ရှိပါတယ်။ ဒီမှာတော့ တစ်ဆောင်လုံးမှာမှ နာ့စ်မ ၅ ယောက်ကျော်လောက်ပဲ ရှိပါတယ်။ အဲဒီတော့လည်း ဒီလို အစီအစဉ်ကို မိတ်ဆက် ကျင့်သုံးတာပါ။ ဒီလိုလုပ်တဲ့အတွက် မွေးကင်းစ ကလေးဟာ မိသားစုနဲ့ အထိအတွေ့ ပိုကောင်းတယ်။ ညီအစ်ကို မောင်နှမတွေ၊ ဆွေမျိုးတွေက ကလေးကို ကောင်းကောင်း ကြည့်လို့ ရတယ်။ အမေဘေးမှာ သူ့ခြင်းလေးနဲ့ သူထားပြီး နှစ်ယောက်စလုံးကို ပြုစု စောင့်ရှောက်ပေးတယ်။ မိခင်ကိုလည်း ကလေးအကြောင်း ပညာ ပေးလို့ ရပြီး ဆေးရုံက အကူအညီနဲ့ ကလေးကို ကိုင်တွယ် ပြုစုတတ်တယ်။ မိခင်နဲ့ ကလေး နီးနီးကပ်ကပ် ထားတဲ့ အတွက် နို့တိုက်လို့ ပိုလွယ်ပြီး နို့ပိုထွက်တယ်။ လိုအပ်ရင်လည်း (ဥပမာ ကလေးကို ကိုယ့်ဘေးမှာ ထားချင်ရင်တို့၊ ကလေးကို သူနေရာ သူပြန်ထားချင်ရင်တို့) နာ့စ်မတွေကို ခလုတ်နှိပ်ပြီး ခေါ်လိုက်ရုံပဲ။ သူဟာနဲ့ သူတော့ ဟုတ်ပြီး အစီအစဉ်လေးကလည်း မဆိုးပါဘူး။ မနိုင်မနင်းလည်း မဟုတ်၊ ဂရုတစိုက်လည်း ရှိပါတယ်။

မနက် ၁၁ နာရီ မထိုးခင်လောက်မှာ ကျွန်တော်တို့ ရောက်လာပါတယ်။ သူမအတွက် မနက်စာကို ဆေးရုံက ကျွေးပေမယ့် အိမ်စာ စားချင်မှာ စိုးလို့ အိမ်က ချက်လာပေးပါတယ်။ ဆေးရုံမှာ စားချင်တာကို ရွေးစားလို့ ရပေမယ့် ဘိုစာတွေ ဆိုတော့ ခံတွင်း မတွေ့ဘူး ဖြစ်နေပါတယ်။ ထမင်းစားပြီးလောက်မှ ကလေးကို တရုတ်မ နာ့စ်မကြီး တစ်ယောက်က လာပြီး ရေလာချိုးပေးပါတယ်။ အခန်းထဲမှာ မိခင်အတွက် ရေချိုးခန်း အိမ်သာတွဲပါတဲ့ အပြင် ကလေး ရေချိုးဖို့ ကန်လေး နေရာလေးပါ အဆင့်သင့် သတ်သတ်မှတ် လုပ်ပေးထားပါတယ်။ မွေးပြီးကတည်းက အခုမှပဲ သားလေးလည်း ရေချိုးရတော့တယ်။ ကျွန်တော်တို့ကိုလည်း ရေချိုးနည်း သင်ပေးပါတယ်။

Hearing Test
သမီးလေးကတော့ သူ့မောင်လေးကို မြင်လိုက်တာနဲ့ အစ်မကြီး စတိုင်ကို ချက်ချင်း ပြောင်းသွားတာပါပဲ။ သူ့ထက်ငယ်ပြီး သေးသေးလေးဆိုတော့ အသည်းယားနေပါတယ်။ ကိုင်လည်း ကိုင်ကြည့်ချင်နေပါတယ်။ သူစားတာတွေလည်း သွားကျွေးနေပါတယ်။ အမေကိုလည်း ဒီနေ့မှ ပြန်တွေ့ရတော့ အမေ ကုတင်ပေါ်ကို တက်ချင်နေပါတယ်။ အခန်း အပြင်ထွက်ပြီး အဆောင် တစ်ခုလုံး လျှောက်ကြည့်နေပါတယ်။ တွေ့သမျှလူကို လက်ပြ နှုတ်ဆက်နေလို့ သူကို တွေ့တဲ့ နာစ်မတွေက ချီသွားပြီး အိမ်ခေါ်သွားမယ်ဆိုလည်း အသာလိုက်သွားပါတယ်။ သူကြည့်ရတာ ပျော်နေတာပဲ။

နေ့လည်ကျတော့ ကျွန်တော်တို့ ပြန်သွားပြီး ညနေဖက်မှ တစ်ခေါက်ပြန်လာပါတယ်။ နာ့စ်မတွေကတော့ ပုံမှန် အချိန်အတိုင်း လာစစ်ပေးနေပါတယ်။ ဒီညတော့ ကလေးကို အမေနဲ့ပဲ အတူထားပါတယ်။ နောက်တနေ့ မနက်ကျတော့ ကလေးကို အကြားအာရုံ စစ်ဆေးပေးပါတယ်။ သမီးမွေးတုန်းကလည်း စစ်ပေးပြီး အဲဒီအတွက် ၂၀၀ ကျော် ၃၀၀ လောက် သက်သက်ပေးရပါတယ်။ ဘယ်လိုများ စစ်သလဲ သိချင်နေတာ ဒီတစ်ခေါက်တော့ ကိုယ့်အခန်းထဲမှာပဲ စစ်လို့ တွေ့လိုက်ရပါတယ်။ ကလေးရဲ့ နားကို နားကျပ်လေး အုပ်ထားပေးပြီး အသံလှိုင်း မတူတာတွေကို လွှတ်ပေးထားပါတယ်။ ခန္ဓာကိုယ်မှာ ပုခုံးနေရာမှာတို့ လက်တို့မှာ လျှပ်စစ်လှိုင်းကို ဓါတ်ကြိုးနဲ့ ဖမ်းထားပြီး အဲဒါကို ကွန်ပြူတာကနေ တွက်ချက်ပေးပြီး Pass ဖြစ်လား Fail ဖြစ်လားက အဖြေ ချက်ချင်း သိရတာပါ။ သားလေးက သူကိုယ့်ကို ၀ါယာကြိုတွေနဲ့ လုပ်တာကို မကြိုက်လို့၂ ရက်သားလေးက သူ့လက်တွေနဲ့ ဖယ်နေတာကို နာ့စ်မက သဘောတွေ ကျနေတယ်။ ပြီးတော့ ကလေးအထူးကု ဆရာဝန်က လာစစ်ပေးပါတယ်။ အကုန် စစ်ပေးပြီး ဒီနေ့ပဲ ဆေးရုံက ဆင်းလို့ရတယ်တဲ့။

Midwifery Support Program
လူနာအားနဲ သူနာပြု ဆရာမအား မမျှတဲ့ အတွက် မိခင်ရော ကလေးရော ကျန်းမာရင် ၂ ရက်နဲ့ ဆေးရုံက ပေးဆင်းပါတယ်။ ဒါပေမယ့် အိမ်ရောက်သွားပြီး နောက်နေ့တွေမှာ နာ့စ်မတစ်ယောက်က အိမ်လာပြီး ကလေးရော အမေရောကို ကြည့်ကြည့်ပေးပါတယ်။ ဒါကို Midwifery Support Program လို့ ပြောပါတယ်။ အဲဒီလို အိမ်ကို စောစော ပြန်လို့ ရတဲ့အတွက် မိသားစုဝင်တွေက ကလေးကို ပိုမို စောင့်ရှောက်နိုင်တယ်။ အိမ်မှာဆိုတော့ အားလုံးအတွက် သက်တောင့် သက်သာ ရှိတယ်။ ကိုယ့်ရဲ့ အစားအသောက်တွေ စားလို့ရတယ်။ ဓလေ့ထုံးစံတွေ ကျင့်သုံးလို့ရတယ်။ ဘာသာရေး ယုံကြည်မှုတွေ လုပ်ချင်ရင် လုပ်လို့ရတယ်။ စသည် စသည် ရှင်းပြပါတယ်။ ဒါလည်း ဟုတ်သလိုလိုပါပဲ။ အိမ်ကလူတွေ ဆေးရုံကို မနက် ညနေ ပြေးစရာ မလိုတော့ဘူး။ ဆေးရုံက နာ့စ်မက လာပေးတယ်။ မြန်မာပြည်မှာ ညီလေး မွေးတုန်းက အိမ်ကို သူနာပြုဆရာမတွေ လာပြီး ကြည့်ပေးတာကို သတိရသေးတယ်။ ကလေး ပေါင်ချိန်ဖို့တို့ ဘာတို့ ပစ္စည်း အကုန် ယူလာတယ်။ သားလေးက အသား နည်းနည်း ၀ါချင်လို့ သွေးတွေ ဘာတွေ စစ်စရာလိုလည်း ဖောက်ပြီး ယူသွားပေးတယ်။ နောက်ရက်တွေလည်း လာပေးတယ်။

Early Childhood Health Centre
ဒီလို မီးတွင်းမှာ လာကြည့်ပေးတဲ့ Midwifery Support Program အပြင် ကလေးငယ် ပြုစု စောင့်ရှောက်ရေး (Early Childhood Health Centre) ဆိုတာလည်း သက်သက် ရှိသေးတယ်။ ဆေးရုံက ဆင်းပြီးတော့ သူတို့ကို လှမ်းအကြောင်းကြားရတယ်။ တစ်ပတ်လောက် ကြာတော့ အိမ် ရောက်လာပြီး ကလေးကို စစ်ဆေးပေးတယ်။ ပေါင်ချိန်ပေးတယ်။ အဲဒီအချိန်မှာ သားလေးက ၃.၆ ကီလို ရှိနေပြီ။ မွေးပြီး ရက်ပိုင်းမှာ ကလေးတွေက ပေါင်ချိန်ကျသွားတတ်ပြီး မိခင်နို့ မှန်မှန် စို့မှ ပေါင်ချိန် ပြန်တက်တာပါ။ ဒီလောက် တက်လာတာ အခြေအနေကောင်းတယ်တဲ့။ နောက်ပိုင်းမှာလည်း ကလေးရဲ့ တိုးတက်မှုတွေကို စစ်ဖို့ သူတို့ဆီကို သွားရပါမယ်။

GP (General Practitioner)
ကလေးကို ကာကွယ်ဆေးထိုးဖို့တို့ အသေအချာ စစ်ဖို့တို့ကတော့ ဆရာဝန်ဆီပဲ သွားရပါတယ်။ GP ဆိုပေမယ့် ကလေး ကျွမ်းကျင်သူပါ။ Diploma in Paediatrics and Child Health ရထားသူပါ။ Specialist မဟုတ်ပေမယ့် အထွေထွေကုထက်တော့ သာသေးတာပေါ့။ မွေးစက နှလုံး အခန်းလေးတွေက မပိတ်သေးလို့ ဆိုလား ဘာလား မသိဘူး တစ်ပတ်ကြာမှ ဆရာဝန်က ပြန်စစ်ပေးပါတယ်။ အခုအချိန်မှာတော့ ပုံမှန် ပြန်ဖြစ်သွားပါတယ်။ တစ်ခါတည်း အမေကိုပါ ဆရာဝန်နဲ့ ပြရပါတယ်။ အမေလည်း အခြေအနေကောင်းပါတယ်။

စနေနေ့မှာ ဖွားပြီး ၅ ရက်လောက် အကြာမှာတော့ အားလုံး ပုံမှန် ပြန်ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ခွင့်တစ်ပတ် ယူထားပေမယ့် အခြေအနေ ကောင်းတာနဲ့ ကြားထဲမှာပဲ ရုံးပြန်တက်နိုင်ပါတယ်။ သမီးလေးကလည်း အဖွားနဲ့ အင်မတန် တည့်ပြီး ခင်နေပါတယ်။ အဖိုးကိုတော့ ရောက်စက စိမ်းပြီး ကြောက်ပေမယ့် နောက်တော့ အဆင်ပြေသွားပါတယ်။ ကလေးလေးကိုလည်း အသည်းယားတတ်ပါတယ်။ ရောက်စက ကလေးငိုရင် သူပါ မသက်မသာဖြစ်ပြီး လိုက်ငိုပါတယ်။ နောက်တော့ မငိုတော့ပါဘူး။ ကလေးလေးကိုဆိုရင် အင်မတန် ကိုင်ကြည့်ချင်ပါတယ်။ ကလေးတစ်ကိုယ်လုံးက ထုပ်ထားတော့ မျက်နှလေးပဲ ပေါ်နေတာ သွားကိုင်ရင် မျက်လုံး ထိုးမိမှာ စိုးလို့ လိုက်ကြည့်နေရပါတယ်။ အစတုန်းကတော့ သမီးလေးကို သေးတယ် ထင်တာ သားလေးလည်း မွေးပြီးရော သမီးက ကြီးသွားလိုက်တာဆိုတာ။ သမီးကိုယ်တိုင်ကလည်း သူ့မောင်လေးနဲ့ တွေ့ရင် အစ်မကြီး ပုံစံကို ဖြစ်နေပါတယ်။ အခုမှ တစ်နှစ်ကျော် ရှိနေပေမယ့် အစ်မကြီးကတော့ အစ်မကြီးပဲပေါ့။ တစ်နှစ်သမီးလေးက ရက်သားလေးကို ကလေးလေးလို ပြုမူ ဆက်ဆံတာ ကြည့်ရတာ တစ်မျိုးလေးပါပဲ။ အမေက ကလေးနဲ့ အလုပ်ရှုပ်နေပေမယ့် သမီးက ကျွန်တော်နဲ့ ဖြစ်ဖြစ် အဘိုး အဘွားနဲ့ ဖြစ်ဖြစ် နေလို့ တော်သေးတယ်။

ညီမသဲနု ပြောတာကို သတိရတယ်။

သားတစ်ယောက် သမီးတစ်ယောက် - မိဘတိုင်းရဲ့ Dream ပဲ။ ဆန္ဒပဲ။
အခုတော့ ကျွန်တော်တို့ အိပ်မက်လေး အကောင်အထည်ပေါ် ဆန္ဒ ပြည့်သွားပါပြီ။ ။

10 comments:

မဇနိ - 6/9/08, 1:35 AM

စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်ကားကြည့်လိုက်ရသလိုပါပဲ။ စိတ်ရှည်ရှည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ချစ်စရာ သားလေး၊သမီးလေးနဲ့အတူ ပျော်ရွှင်စရာ WeSheMe မိသားစုလေးဖြစ်ပါစေလို့။

စစ်ကိုင်းသူ - 6/9/08, 4:41 AM

ကိုအန်ဒီရေ မွေးမွေးချင်း ကလေးကို နို့ဦးရည်တိုက်ရပါတယ်။ မြန်မာမှာဆို အမေထက် ကလေးက အရင် ခွဲခန်းအပြင်ရောက်လာတတ်ပါတယ်။ အမေက ချုပ်ရလုပ်ရတာတွေကျန်သေးတာကိုး။ တချို့ဆို အဲလို မထုတ်ခင်ကို ကလေးကို နို့တိုက်ခိုင်းပါတယ်။ အဲဒါက ကလေးအတွက် အရမ်းကောင်းပါတယ်။ ရောဂါကာကွယ်တဲ့ ဓာတ်တွေလဲ ပါ ပါတယ်။ အရည်ကြည်ပဲ ထွက်သေးတာပါ။ အဲဒါကို တိုက်ရပါတယ်။ ကျွန်တော်ကတော့ မိခင်နဲ့ ကလေး အတူတူထားတာ ပိုသဘောကျတယ်။ အမှန်က အဲဒီအရွယ်မှာ အချိန်နဲ့နို့တိုက်တာထက် ဆာတိုင်းတိုက်ရတာပါ။ မိခင်အနားမှာထားတဲ့အတွက် ပိုပြီးလဲ နွေးထွေးလုံခြုံမှု့ကိုရော မိခင်ရဲ့မေတ္တာကိုရော ခံစားရမယ်လို့ ထင်ပါတယ်။ နှစ်ခုစလုံးမှာတော့ အကောင်းရော အဆိုးရော ရှိတာပေါ့လေ။ မိခင်နဲ့ထားတော့ စောစောကပြောသလို ကောင်းတာတွေရှိပေမဲ့ ဧည့်သည်လာတဲ့အခါမှာလဲ ကလေးက ဒီအခန်းထဲမှာပဲ ရှိနေတာဆိုတော့ ချီကြ ပြုကြနဲ့က ကလေးပေါက်စအတွက် မကောင်းပါဘူး။ ဒီအရွယ်လေးက အရမ်းနုသေးတာကိုး။ သမီးလေးကလဲ မောင်လေးကို အရမ်းသဘောကျနေမယ်ထင်တယ်။ ပျော်စရာကောင်းတဲ့မိသားစုလေးကို အားကျတယ်ဗျာ။

nu-san - 6/9/08, 1:58 PM

Andy ရေ..သူတို့လေးတွေ မွေးဖွားစဉ်က အကြောင်းရေးထားတာ တကယ်ဖတ်လို့ကောင်းတယ်။ အမ ရှေ့မှာထဲက comment ရေးချင်ပေးမယ့် စာဖတ်ရတာ ပြတ် ပြတ်သွားတော့ အားလုံးပြီးမှ ရေးမယ်ဆိုပြီး စောင့်နေတာ.. ဓာတ်ပုံတွေ အားလုံးလည်း ကြည့်ပြီးသွားပြီ။ မိသားစု လေးယောက်ရိုက်ထားတာလေးကို သဘောကျတယ်။ အဖိုးအဖွားနဲ့မြေးပုံလေးရောပဲ။ ပျော်စရာကြီး.. :)။ မောင်လေးရော အဖိုးအဖွားရောဆိုတော့ မြတ်နိုးလေး ပျော်နေတယ်နော်။

Andy တို့ကံကောင်းတယ်လို့ အမတောင် သူ့ကို ပြောနေသေးတယ်။ သားတစ်ယောက် သမီးတစ်ယောက်ဆို အားလုံး ပြည့်စုံသွားပြီလို့... :D သားလေး နာမည်ရော ပေးပြီးသွားပြီလား။ ကလေး ကင်ပွန်းတပ် လုပ်ဦးနော်။ ကလေးတို့မေမေရေ..ဒီတခါ ပန်းအဖြူပန်စရာမလိုတော့ဘူးပေါ့နော်.. :D

ဝေတိုး - 6/10/08, 5:29 AM

one year from now on, another one? :D
Just kidding!

Aung Myo Htet - 6/10/08, 8:57 PM

မြန်မာစာမှာသင်ခဲ့ရတဲ့ ရသကြီး ဆယ်ပါးလုံး မြောက်ပါပေတယ်။ ကောင်းလေစွ ကိုအန်ဒီ။

Andy Myint - 6/11/08, 3:14 PM
စိတ်ရှည်ရှည် စောင့်ဖတ်ပြီး အားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် မဇနိ။ မဇနိတို့ မောင်နှံကလည်း ပျော်ဖို့ ကောင်းတယ်နော်။

ဟုတ်တယ် မစစ်ကိုင်းသူရေ။ မသိတာနဲ့ (နို့မထွက်သေး မတင်းသေးတာနဲ့) တိုက်ရကောင်းမှန်း မသိဘူးဖြစ်နေတာလေ။ ဒါတောင် ဒုတိယ ကလေး။ အင်း.. မိခင်နဲ့ ကလေး အတူတူ ထားတာ ကောင်းပါတယ်။ ကျွန်တော်က သူ့အမေ မအိပ်ရမှာ စိုးလို့။ ကလေးကိုပဲ အာရုံရောက်နေပြီး စိတ်ပူပြီး မအိပ်မှာ စိုးလို့။

သိတယ် မနုစံရေ.. အေးဆေးပေါ့။ ဟုတ်ပ အရင်တုန်းက ပန်းအဖြူ ပန်ထားတဲ့ အရှိန်က အခုမှ လာပြီး အစွမ်းပြလား မသိပါဘူး။ အခုနေများ ကိုယ်ဝန်ရှိနေတုန်း ပန်မိရင် အမြွှာတွေ ဘာတွေတောင် ဖြစ်နေဦးမယ်။ တော်သေးတယ် မပန်မိလို့။ အစ်မ အီးမေးတွေ ဘာတွေ ပို့ပြီး mms နဲ့ ပြောစရာ ရှိလည်း ပြောပေါ့။

မနောက်ပါနဲ့ မဝေတိုးရယ်။ ဟားဟား။ သန်းထီတွေ ဘာတွေ ပေါက်ပြီး သူမလည်း ကျန်းမာသေးရင်တော့လည်း မွေးရတာပေါ့။ အခုတော့ ဒီလောက်ပါပဲ..

ကျေးဇူးပဲ အောင်မျိုးထက်။ ဒါနဲ့ ကိုးပါးလားလို့ “နော”အရသာလို့တော့ မှတ်မိတယ်။ အချင်းချင်းတွေ တစ်ပါး ပိုပေးတယ်ပေါ့။ (သေချာတော့ မမှတ်မိပါဘူး)
Anonymous - 6/12/08, 8:05 PM

ကိုအန်ဒီရေ..

ပျော်ပျော်ရွှင်ရွှင်မိသားစု ပုံလေးတွေ တွေ့ရတာလို့ ဝမ်းသာပါတယ်။ အမကလည်း ကလေးမွေးပြီးစလို့ မထင်ရလောက်အောင်ကို နုပျိုလန်းဆန်းနေကြောင်း ပြောပေးပါနော်။
ကျွန်မသိချင်တာလေးတခုကို အချိန်ရရင် ဖြေပေးစေချင်ပါတယ်ရှင်။ အမ က ကလေးမွေးပြီးတာနဲ့ ဗိုက်ပူတာက ချက်ချင်း ပြန်ကျသွားတယ်နော်။ နဂိုလိုပဲ။ ဘာမှ သိပ်မသိသာတော့ဘူး။ ဒါပေမဲ့ ကျွန်မမိတ်ဆွေ ကတော့ မွေးပြီးတော်တော်ကြာတဲ့အထိ ပြန်မကျလာပါဘူး။ ဗိုက်က ပူလျက်ကျန်ခဲ့နေလို့။ သူလည်းစိတ်ညစ်နေပါတယ်။ ဖြစ်နိုင်ရင် ကိုအန်ဒီတို့ အတွေ့အကြုံလေး ဝေမျှပေးပါလားရှင်.

ကျေးဇူးအထူးတင်လျှက်

Andy Myint - 6/12/08, 11:12 PM
ကျေးဇူးပါပဲ.. အရင်ဆုံး မုန့်လိုက်ကျွေးမယ်။ အခုလို မြောက်ပေးတဲ့ အတွက်။ သူမက ဆေးရုံ မဆင်းခင်ကတည်က ဗိုက်မှာ ပတ်လို့ ရတဲ့ ရှုံ့ခါးပတ်ပြားကြီး ပတ်ထားပါတယ်။ သမီးလေး မွေးကတည်းက ၀ယ်ထားတာလေ။ မွေးပြီး ၄-၅ ရက်နေတော့ ကျန်းမာရေးလည်း ကောင်းတာနဲ့ သွေးလည်း မထွက်တော့တာနဲ့ လေ့ကျင့်ခန်း နည်းနည်း လုပ်ပါတယ်။ ပက်လက် အိပ်နေပြီး ခြေထောက် နှစ်ချောင်းကို မ ထားတယ်။ မ ထားတဲ့ အချိန်မှာ ၁ ကနေ ၆ အထိ ရေနေတယ်။ ပြီးတော့ ၁ ကနေ ၄ အထိ ရေပြီး ခြေထောက်တွေကို ပြန်ချတယ်။ ပထမတော့ တစ်ချောင်းစီ အရင် လုပ်တာပါ။ နောက်မှ ၂ ချောင်းလုံး ပူးပြီး လုပ်တာ။ ပြီးတော့ အိပ်ထမတင် လုပ်တယ်။ ပင်ပင်ပန်းပန်း ဖြစ်ညှစ်ပြီးတော့ လုပ်တာ မဟုတ်ဘူးလေ။ ဖြည်းဖြည်းပဲ နိုင်သလောက် လုပ်တာပါ။ ထ နိုင်သလောက်ပဲ ထတာပါ။ နို့တိုက်နေလို့ အစားကတော့ စားတယ်။ မရှောင်ဘူး။
Anonymous - 6/13/08, 7:22 PM

ကိုအန်ဒီရေ..

ပြန်ဖြေပေးတဲ့အတွက် သိပ်ကိုကျေးဇူးတင်ပါတယ်။ ကျွန်မ မိတ်ဆွေက မွေးပြီးတာ ခြောက်လလောက်ရှိတဲ့အထိ ဗိုက်က မကျဘူးဖြစ်နေတာ။ အခု ကိုအန်ဒီပြောပြတာလေးတွေ ပြန်မျှလိုက်မယ်နော်။

ကျေးဇူးအထူးတင်လျှက်

maung - 7/18/08, 3:42 PM

very good writing and interesting...
cervical tear occured because the nurse didn't do episiotomy...

Post a Comment

Many thanks for dropping a comment…

Film