Monday, June 16, 2008

သားလေးအတွက် ကင်ပွန်းတပ်

သားလေး မွေးပြီးတော့ အရင်ဆုံး လုပ်စရာတွေထဲမှာ နာမည်ပေးဖို့ စဉ်းစားရတာပါပဲ။ စဉ်းစားတယ် ဆိုပေမယ့်လည်း ကိုယ့်ဘာသာကိုယ်ဆိုရင် နာမည်လှလှလေးတွေ ထွက်မလာတော့ ဘယ်လို ပေးမလဲ၊ ဘယ်သူနဲ့ တိုင်ပင်ရမလဲ စဉ်းစားတာပါ။ ဘိုနိုင်ငံမှာ နေတာဆိုတော့လည်း ဘိုလို မပေးတောင် Surname လေး Family Name လေးကိုတော့ `မြင့်´ ဖြစ်ချင်ပြန်ရော။ ဘိုနာမည် မပေးတာလည်း နာမည်ကို ကြည့်လိုက်ရင် ဗမာလို့ သိစေချင်တာပါပဲ။ `မြင့်´နဲ့ ဆုံးချင်တာလည်း ကိုယ့်နာမည် ပါချင်လို့ ဆိုတာထက် ဒီမှာ Form တွေ ဘာတွေ ဖြည့်ရင် လွယ်ကူအောင်လို့ပါ။ ဗမာတွေမှာ Family Name ပေးတဲ့ ဓလေ့ မရှိဘူးလို့တော့ ပြောလို့ရပေမယ့် တချို့ Form တွေက Family Name ကို အထူးပြုထားတာတွေ ကြုံနေရပါတယ်။

နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ် မပေးဘဲ ဗေဒင်ဆရာနဲ့ တွက်မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ သမီးလေးအတွက် နာမည် လှလှ ကောင်းကောင်းလေး ပေးထားတဲ့ မိတ်ဆွေ တေးအေးရိပ်ကိုပဲ လှမ်းမေးပါတယ်။ စနေသားလေးအတွက် နာမည် ကောင်းကောင်းလေး ရွေးပေးပါပေါ့။ သူကိုလည်း ရမလားလို့ ဈေးဆစ်လိုက်ပါသေးတယ်။ နာမည်မှာ `မြင့်´နဲ့ ဆုံးလို့ ရရင် ဆုံးပေးပါ။ ဆရာတေးကလည်း ချက်ချင်းပဲ ပြန်လာပါတယ်။ `မြင့်´နဲ့တော့ ဆုံးလို့မရဘူး စနေနံနဲ့ စပြီး ဗုဒ္ဓဟူးနံနဲ့ ဆုံးရမယ်တဲ့။ လောလောဆယ်တော့ နာမည်ကို စဉ်းစားလိုက်ဦးမယ်ဆိုပြီး စနေ-ဗုဒ္ဓဟူး Combination ပဲ ပေးလာပါတယ်။

အဲဒီအတောအတွင်းမှာပဲ ရန်ကုန်ကို လှမ်းအကြောင်းကြားပြီး ဗေဒင် မေးခိုင်းလိုက်ပါတယ်။ အမေကလည်း တေးအေးရိပ်ရဲ့ ဆရာ ဦးမောင်မောင်သန်းထံမှာပဲ သွားမေးပါတယ်။ ဆရာက `သက်´၊ `ငြိမ်း´၊ `ဇော်´၊ `မိုး´ မမှည့်ရတဲ့။ `မြင့်´နဲ့လည်း ဆုံးလို့မရပါတဲ့။ ချူချာမည်။ ပညာသင်လို့ ခက်မယ်တဲ့။ ကောင်းရော။ နောက်ပြီး ဓါတ်သိတွေက အဲဒီ ဆရာက ၀ဆွဲ ပါရင် မကြိုက်ဘူးတဲ့။ ဒါဆိုရင် `ထွန်း´ လိုမျိုး စနေနံက ပေးလို မရပြန်ဘူး။ ဆရာ ဦးမောင်မောင်သန်း ရွေးပေးလိုက်တာက `ထက်အောင်လင်း´၊ `ထူးအောင်လင်း´၊ `တေဇာလင်း´၊ `ထူးမြတ်လင်း´၊ `ထူးမြင့်လွင်´ နဲ့ `တေဇာမြင့်လွင်´ ဆိုတဲ့ နာမည်တွေပါ။ အဲဒီ နာမည်တွေထဲမှာ `မြင့်လွင်´ နဲ့ ဆုံးတာတွေက ဦးမြင့်လွင်ရဲ့ သားလို့ အထင်မှားစရာ ရှိတာမို့ ပယ်လိုက်ပါတယ်။

ကိုယ့်ဘာသာကိုယ် ပေးဖို့ နာမည်တွေကို ချရေးကြည့်တော့ `တိုး´က အင်္ဂလိပ်လို ပေါင်းရင် Toe (ခြေချောင်း) ဆိုပြီး ဖြစ်နေလို့ မသုံးပြန်ဘူး။ အဲဒီတော့ `တိုးလှိုင်ဝင်း´ တို့လို နာမည်တွေကို မပေးတော့ဘူး။ `တင်´ ကျတော့လည်း သားလေးကို မပေးချင်။ `တင်ကျော်လင်း´ ကို မပေးဘဲ `ထင်ကျော်လင်း´ ပေးရင် ကောင်းမလား စဉ်းစားတယ်။ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းမှာ စနေနံနဲ့ စတာ ရှာကြည့်ပြန်တော့ တွေ့တာ `တည်ကြည်´၊ `ထူးမြတ်´၊ `ထွန်းပေါက်´၊ `နန္ဒ´ စတဲ့ စကားလုံးတွေ လောက်ပဲ ရှိတယ်။ သမီးနာမည် `မြင့်မြတ်နိုး´ လို့ `မြင့်မြတ်´ နဲ့ `မြတ်နိုး´ နှစ်လုံးက အဓိပ္ပါယ် ရှိရှိ တွဲထားသလို `တည်ကြည်´ နဲ့ တွဲလို့ ရတာက `ကြည်လင်´ ဆိုတော့ `တည်ကြည်လင်´ ဆိုရင်လည်း တရုတ်သိုင်းကားထဲက တရုတ်မ နာမည် ဖြစ်နေဦးမယ်။ `တည်ကြည်လင်း´ ဆိုရင်တော့ မဆိုးဘူး။ ဒါပေမဲ့ တည်ကြည်က အင်္ဂလိပ်လိုတော့ ပေါင်းဖို့ သိပ်မလွယ်လှဘူး။ ယောက်ျားလေး နာမည်ဆိုတော့ `ထား´ကလည်း ပေးလို့ မရ။ `ထားထားလွန်း´လိုမျိုးပေါ့။

သူငယ်ချင်းကလည်း `ထိန်လင်း´ဆိုပြီး ဗိုလ်ချုပ် နာမည်ပေးကွာဆိုတော့ မဆိုးဘူးဆိုပြီး ဆရာတေးကို လှမ်းမေးတော့ အဲဒီနာမည်က မျက်စိ အမြင်အာရုဏ်အတွက် မကောင်းဘူးတဲ့။ ကျွန်တော်ကြိုက်တဲ့ စာရေးဆရာလိုမျိုး `ထင်လင်း´ ရောဆိုတော့ `ထင်´ ဆိုတဲ့ နာမည်က မရေမရာ မသဲမကွဲ ဖြစ်တတ်တယ်တဲ့။ `ထက်လင်း´ ဆိုရင်လည်း ကလေး ရင်လူးဆေး နာမည်လိုမျိုး ဖြစ်နေပြန်ရော။ `ထက်ကျော်လင်း´တို့ `ထက်အောင်လင်း´ တို့တော့ စဉ်းစားမိတယ်။ အလင်းဓါတ် ညံ့တဲ့ နှစ်မှာ `လင်း´ မပေးစေလိုဘူးလို့ ဆရာတေးရဲ့ မိတ်ဆွေ ဆရာ ဝေသာလီကလည်း အကြံပေးတယ်တဲ့။ `ထွန်းသူရ´ လို့ဆိုရင်ရော ဆိုတော့ ဆရာတေးက `ရ´ က ရာဟုတဲ့။ မသိပါဘူး ဗုဒ္ဓဟူးလားလို့။

ဆရာတေး ရွေးပေးတဲ့ အထဲမှာ `ထီးလှိုင်ရှင်´ ကိုတော့ ကြိုက်တယ်။ စာရေးဆရာ တစ်ယောက်ရဲ့ နာမည်တဲ့။ နာမည်က မြင့်နေလို့ မရွေးပြန်ဘူး။ ကိုယ်ဘာသာကိုယ် စဉ်းစာတဲ့ အထဲမှာ `ဓနလှိုင်´ ဆိုတဲ့ နာမည်နဲ့တော့ ခပ်ဆင်ဆင်။ `သိုက်´ဖွားလေးမို့ ဒီလို နာမည်ပေးရင် ကောင်းမလား စဉ်းစားကြည့်မိတယ်။ ဆရာတေး ပြောတဲ့ အထဲက `တိုးဇေယျာ´ နဲ့ `ထူးဇေယျာ´ မှာ `တိုး´ ကို ပယ်လိုက်တယ်။ `ထူးဇေယျာ´ ကိုတော့ ကြိုက်တယ်။ အင်္ဂလိပ်လို ဆိုရင် Daniel `ဒန်နီရယ်´ ဆိုပြီး ရတယ်တဲ့။ ဒါပေမယ့် အင်္ဂလိပ်လို ပေးမှတော့ `မြင့်´ ပါမှ ဖြစ်တော့မယ်။ `Daniel Myint´ ဆိုတာကိုတော့ ကြိုက်တယ်။ ဒါပေမယ့် `မြင့်´ နဲ့ မဆုံးရပြန်ဘူးတဲ့။

တကယ်တော့ သားလေးမွေးပြီး တစ်ပါတ်လောက်မှာကတည်းက ဆရာ ဦးမောင်မောင်သန်းမှာ သွားမေးပြီးကတည်းက `ထူးမြတ်လင်း´ဆိုတာကို ကြိုက်နေပါပြီ။ သမီးလေးတုန်းကလည်း `သံစဉ်တေး´ ဆိုတဲ့ နာမည်ကို အလွန် ကြိုက်နေပြီးမှ တေးအေးရိပ်ကို လှမ်းမေးမှ `မြင့်မြတ်နိုး´ ဆိုတာလေး ရသွားတာမို့ အခုလည်း နောက်ထပ် ပိုကောင်းတာလေးများ ရဦးမလားလို့ ဆရာတေးကို နေ့တိုင် သွားသွားပြီး အပူကပ်တယ်။ သူကလည်း စဉ်းစားပေးပါတယ်။ ဒီတစ်ခါတော့ ဆရာတေးကလည်း သူ့ဆရာ ပေးထားတဲ့ နာမည်ကို မကျော်ချင်လို့ပဲလား ဦးမောင်မောင်သန်း ပေးထားတဲ့ နာမည်ကပဲ ကိုက်နေလို့လားမသိဘူး ဒီထက်ပိုကြိုက်တာကို မရဘူး ဖြစ်နေတယ်။ တေးအေးရိပ် ပေးတဲ့အထဲက `ထူးဇေယျာ´ ကတော့ အတိတ် နမိတ်ကောင်းလို့ (သူ့စကားနဲ့ ဆိုရင်တော့) ပညတ်ကောင်းလို့ ကြိုက်တယ်။ စနေနဲ့ စပြီး ဗုဒ္ဓဟူးနဲ့ ဆုံးတာ နောက်တစ်မျိုး ရှိသေးတယ်တဲ့။ ဘာလဲဆိုတော့ `တေးအေးရိပ်´တဲ့။ ကောင်းရော။ ဟုတ်သားပဲ။ သူ့နာမည်ကလည်း အဲဒီလိုပဲကိုး။

ဒီကြားထဲမှာ ဘုန်းကြီးနဲ့ သွားမေးလိုက်သေးတယ်။ ဘုန်းဘုန်းကတော့ ကံကံ၏ အကျိုးပဲ သက်ဝင်တယ်ဆိုတော့ `မြင့်´ နဲ့ ဆုံးလည်း ရပါတယ်တဲ့။ အဲဒါနဲ့ `ထက်လင်းမြင့်´ တို့ ဘာတို့ ပေးရင် ကောင်းမလား စဉ်းစားလိုက်သေးတယ်။ အဲဒါနဲ့ စကာတင်က `ထူးမြတ်လင်း´၊ `ထူးဇေယျာ´ နဲ့ ဘာဖြစ်ဖြစ်ကွာ ဘိုလို ပေးမယ် ဆိုပြီး `Daniel Myint´ တို့က ထိပ်ဆုံးမှရောက်နေပါတယ်။ `ထူးမြတ်လင်း´ ဆိုရင်တော့ သမီးလေးနာမည် `မြင့်မြတ်နိုး´နဲ့လည်း `မြတ်´ချင်း ဆင်နေတော့ ကြိုက်နေတယ်။

အဲဒီလိုနဲ့ ၂ ပတ်ကျော်ကျော်လောက် စဉ်းစားလိုက်ပြီး နောက်ဆုံး သားလေး ၃ ပတ်သားလောက်မှပဲ နာမည်ကို အတည် ရွေးနိုင်တော့တယ်။ ကျွန်တော်တို့ သားလေး ထူးမြတ်စွာ ထွန်းလင်း အောင်မြင်ပါစေတော့လို့ ရည်ရွယ်ပြီး `ထူးမြတ်လင်း´လို့ ပေးမည်လို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီလို ဆုံးဖြတ်ပြီးပြန်တော့လည်း နာမည်ကို အင်္ဂလိပ်လို ပေါင်းဖို့ စဉ်းစားရပါတယ်။ မှတ်ပုံတင်ရင် (Register လုပ်ရင်) အင်္ဂလိပ်လိုပဲ လုပ်ရမှာ ဆိုတော့ သူတို့တွေ ထွက်တာ မှန်ဖို့လည်း လိုသေးတယ်။ ကိုယ်က ခက်ခက်ခဲခဲ ပေးထားပြီး သူတို့တွေက ပေါက်ကရ ထွက်နေရင်ဖြင့် မကိုက်သေးဘူး။ `လင်း´ကို Lynn လို့ ပေါင်းဖို့တော့ စဉ်းစားမိပါတယ်။ Lin ဆိုရင် `လင်´ လား `လင်း´ လားမကွဲမှာ ဆိုတာနဲ့။ `ထူး´ကို `Htoo´ ပေါင်းရင် ကောင်းမလား `Too´ ပေါင်းရင် ကောင်းမလား စဉ်းစားနေတုန်း သူငယ်ချင်း Htet နဲ့ Thandar က သူတို့ နာမည်ကို ဘိုတွေက ဟထက် (Htet) နဲ့ ထန်ဒါ (Thandar) ထွက်နေကြတယ်တဲ့ ထူးကို `Thoo´ ပေါင်းမှ မှန်မယ်တဲ့။ Thomas ကိုလည်း ထားမတ်စ် (TAH-muhss) လိုပဲ ထွက်တာတဲ့။ အဲဒါကြောင့် သားလေးနာမည် `ထူးမြတ်လင်း´ ကို `Thoo Myat Lynn´ လို့ ပေါင်းဖို့ တပြန် ဆုံးဖြတ်ပြီး အဲဒီ နာမည်နဲ့ပဲ Birth Register လုပ်လိုက်ပါတယ်။

သားလေး `ထူးမြတ်လင်း´ ထူးမြတ်စွာ ထွန်းလင်း အောင်မြင်ပါစေ။ ထူးမြတ်သော ဉာဏ်အလင်း ရပါစေသော်ဝ်။

ကလေး ကင်ပွန်းတပ်အတွက် ဘလောက် ပရိတ်သတ်ကြီးကို ဘလောက်မှာ မတင်ရသေးတဲ့ ကိုယ်တိုင်ချက် စားဖွယ် အသစ်လေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်။ Recipe များ မကြာခင် လာမည် မျှော်....













တခြားဖတ်ရန်
- အမည်သညာ ခေါ်တွင်စရာ
- မြတ်မြင့် ဖြစ်သွားတဲ့ မြင့်မြတ်နိုး

23 comments:

nu-san - 6/16/08, 11:46 PM

အစားဆိုရှေ့ဆုံးကပဲ..လာထား.. :D

သားလေး နာမည်ပေးကင်ပွန်းတပ် လုပ်မယ့်ရက်ကို မျှော်နေတာ.. တကယ်စားရရင် ပိုကောင်းမယ်နော်.. :P

ကလေး နာမည်ပေးဖို့ အတော်စဉ်းစားရတယ်နော်။ သားလေး ရဲ့ နာမည်လေးလည်း ကောင်းတာပဲ.. ထူးမြတ်လင်း”။ မြတ်နိုးလေး နာမည်လည်း ကြိုက်တယ်။ စားစရာတွေလည်းကြိုက်တယ်။ sushi ကို အမက လုံးလုံးမကြိုက်တာ။ Andy ဓာတ်ပုံထဲမြင်တော့ စားချင်စရာပဲ.. ဟင်းချက်နည်းတွေ မျှော်နေပါတယ်... :)

မဇနိ - 6/17/08, 12:11 AM

သားလေး `ထူးမြတ်လင်း´ ထူးမြတ်စွာ ထွန်းလင်း အောင်မြင်ပါစေသောဝ်...

စစ်ကိုင်းသူ - 6/17/08, 1:06 AM

ကလေးနာမည်ရွေးရတာလဲ ခက်သားနော။ ခေါ်လို့လဲကောင်း၊ နာမည်လဲလှ၊ အဖက်ဖက်ကလဲ အဆင်ပြေတဲ့နာမည်ရဖို့ အတော်ရွေးရတယ်။ ကလေးအတွက်ကို ဘယ်ဖက်ကမှ မလိုရအောင် သေချာစဉ်းစားပြီးရွေးပေးထားတဲ့နာမည်လေးမို့ သားလေး ထူးမြတ်လင်း က ထူးမြတ်စွာ ထွန်းလင်းအောင်မြင်မှာ သေချာပါတယ်။

imaginary clouds no 2 - 6/17/08, 1:33 AM

နာမည်ပေးတာ(ရွေးတာကို) စိတ်ဝင်စားစွာဖြင့် ဖတ်သွားသည်။ သားလေး ထူးမြတ်လင်း ကျန်းမာပါစေ။

BLACK DREAM - 6/17/08, 6:58 AM

အစ်ကို့လို ဖခင်တစ်ယောက်အနေနဲ့တော့ ဘယ်လောက်ပျော်မလဲမသိဘူး ... ကျွန်တော်တောင် ဖတ်ရင်း ဖတ်ရင်းနည်းတော်တော် ကြည်နူးမိပြီး ပျော်လာတယ် အစ်ကိုရေ :) ချစ်သောမိသားစုနှင့်တကွ ထာဝရ ပျော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် အစ်ကိုရေ :)

Kay - 6/17/08, 9:08 AM

ကိုအန်ဒီရေ..ဖတ်ရင်းကို..မောနေ တာပဲ..
တရုတ်သိုင်းကား ထဲက..သိုင်းစာ အုပ် ရှာသလိုပဲ..
ဘယ်နံမယ်များ..အတည် လဲ လို့..ဖတ် လိုက် ရတား)

မုန့်တွေကလည်း..ရှယ်ပဲ..တကယ့်..ဆိုင် အတိုင်းပဲ..
သူမ ကတော့..တကယ် ကံကောင်းသူပဲ။

ကဲ..ထူးမြတ်လင်း လေး ကို..လောကကြီး ထဲမှ..ကြိုဆို ပါ တယ်.. ထူးခြား မြင့်မြတ်..ထွန်းလင်း ပါစေ သော်ဝ်။

Myo Kyaw Htun - 6/17/08, 11:30 AM

နာမည်တွေ list လုပ်လိုက်တာ အများကြီးပဲ။ ထူးမြတ်လင်း ဆိုတဲ့ နာမည်ကကောင်းပါတယ်။ အစ်ကို၊ အစ်မတို့ရဲ့ သားလေး ထူးမြတ်လင်း ကျန်းမာ ချမ်းသာ အောင်မြင်ပါစေ။ မုန့်တွေကတော့ ကြည့်ပြီး သွားရေကျသွားပါတယ်။
(အပေါ်က ဆုတောင်တာတွေ များနေလို့)

War War - 6/17/08, 10:04 PM

Ko Andy yae. Name ta khu yway ya tar le` ma lwal par lar naw. Yway lite te` Name ka hla tal. Htoo Eal Linn ne` taung sin nay tal :)

Thar lay name ne` lite aung htoo htoo char char, myint myint myat myat ne` linn lat nain par say.. :)

မဟာဆန် - 6/18/08, 3:03 AM

သားလေး ထူးမြတ်လင်း ပျော်ရွှင် ကျန်းမာပြီး ဘ၀ခရီးကို အခက်အခဲ မရှိဘဲ လျှောက်လှမ်းနိုင်ပါစေ
ကိုAndy singapore မှာ ဘလော့ဂ် ရေးကတည်းက ဒီဘလော့ဂ်လေးကို အမြဲတမ်း လာလည်နေပါတယ်။ comment တော့ မရေးဘဲ တိတ်တိတ်လေး လာလာဖတ်နေတာလေ။ ဒီဘလော့ဂ်လေးကို ရောက်တိုင်း မိသားစုဘ၀လေးကို အားကျတယ်။ ကြည်နူးတယ်။ ကိုယ့်မိသားစု အရိပ်ကို ပြန်ရောက်ရသလို နွေးထွေးမှု ရပါတယ်။
ဆက်ရေးပါနော်။ အားရင်လည်း ကျွန်တော့ဆီကို အလည်လာပါဦး maharsan.blogspot.com

ဘလူးဖီးနစ် - 6/18/08, 3:11 PM

နာမည်လေးက ကောင်းတယ်ဗျာ။ ခလေးလေးကလဲ ချစ်စရာလေး။ အင်း ပညာတွေ အများကြီးတတ်ပြီး အမျှော်အမြင်နဲ့ ပြည့်စုံပါစေဗျာ။ ကျန်းမာ သန်စွမ်းပြီး ဥာဏ်ရည်ထက်မြက်လို့ လူချစ်လူခင်ပေါပါစေခင်ဗျာ။

တစ်ခုတော့ မကျေနပ်ဘူးဗျာ။ ကင်ပွန်းတပ်ပွဲက ဟာတွေက ပုံတွေပဲ။ တကယ်ကျွေးပါလားဟင်။ ခုတော့ ငတ်ကြီးကျပြီး ပြန်သွားရတယ် ဟင့်...

Andy Myint - 6/18/08, 10:13 PM
နီးနီးနားနားဆိုရင်တော့ တကယ် ကျွေးပါတယ် မနုစံ။ အေးဗျာ အစ်မက ဂျပန်မှာ နေပြီး ဆူရှီး မကြိုက်ဘူး ဖြစ်နေတယ်။

ကျေးဇူးပါ မဇနိ

နာမည် တစ်လုံးရဖို့ မလွယ်ဘူးလို့ ပြောတာ ဒါလည်း ပါမယ် ထင်တယ် မစစ်ကိုင်းသူ ဟက်ဟက်

တကယ်က ခင်ဗျားလို စာဖတ်ကောင်းတဲ့ သူကိုပါ စကားလုံး ရွေးခိုင်းရမှာ မောင်တိန်

ပျော်တာပေါ့ Black Dream။ ဖတ်ရင်း ကြည်နူးရတယ်ဆို ရေးရတာ တန်တာပေါ့

ဟုတ်တယ် မကေသွယ် နာမည်တွေက အများသား ရွေးရတာသာ ခက်တာ။

အဲဒါပဲ နောက်နေတာ ၀ါဝါရေ။ ထူးအယ်လင်း ဆိုပြီး။

ဂျာမနီက လာလာဖတ်နေတာ အစ်ကိုမဟာဆန်သူကိုး။ တွေ့တယ်။

အပြင်မှာလည်း တကယ်ကျွေးပါတယ်။ လမ်းကြုံရင် လာစားပေါ့။ ဘလူးဖီးနစ် ဆုတောင်းတာတော့ ကြိုက်တယ်ဗျာ။ `ကျန်းမာ သန်စွမ်းပြီး ဥာဏ်ရည်ထက်မြက်လို့ လူချစ်လူခင်ပေါပါစေ´ ဆိုတာ
မုတ်သုန် - 6/18/08, 10:18 PM

:) နာမည် ... နာမည်အတွက် ဒီလောက်စဉ်းစားကြတာတွေ့ရတော့...
ပိုလို့လေးစားမိပါတယ်ဗျ...
သား လေးကျန်းမာပျော်ရွှင်မှုတွေ အမြဲပိုင်ဆိုင်ပါကြောင်း...

သက်ဝေ - 6/19/08, 3:01 PM

သားကလေး ထူးမြတ်လင်း...
သိပ်ကောင်းပြီး အဓိပ္ပါယ်ရှိရှိ လှပတဲ့ နာမည်လေးပါ။
ထူးခြား မြင့်မြတ် ထွန်းလင်း နိုင်တဲ့ သားကလေး တစ်ယောက်ဖြစ်ပါစေ...။

စိုးထက် - Soe Htet ! - 6/20/08, 10:07 PM

ထူးမြတ်လင်း ... ကောင်းတယ် ... ဘာပဲ ဖြစ်ဖြစ် သားလေး ရတာ ကို က သား သမီး ပြည့်စုံပြီး အားလုံး ကောင်းနေ ပြီးသားပါ ... :)

Andy Myint - 6/21/08, 11:11 PM
နာမည်က ပေးလိုက်ရင် တစ်သက်လုံး သုံးရမှာလေ ကိုမုတ်သုန်။ ကိုယ်ဖြစ်ချင်တာပဲ လုပ်လိုက်လို့ မရဘူးဆိုတော့လည်း နည်းနည်းတော့ စဉ်းစားတာပါ။

ကျေးဇူးပါ သက်ဝေ

ဟုတ်တယ် ကိုစိုးထက်။ Gender balance ဖြစ်သွားတာ ကောင်းတယ်။
chitthamee - 6/23/08, 1:40 AM

good name, good future, good boy
cheers ......thar thar lay

မေငြိမ်း - 6/27/08, 3:20 AM

အော်.. အကြံတူနောက်လူသာဆိုတာအမှန်ပါပဲလား..
အမသားကြီး ထူးမြတ် ခု ၁၇နှစ်ရှိပြီ..ကိုအင်ဒီ့သားက လင်းတလုံးပိုရတော့ ထူးတဲ့ မြတ်တဲ့အပြင် လင်းခွင့်ပါပိုရတာမို့....
သိပ်ကို တန်ဖိုးရှိ..နိမိတ်ကောင်းတဲ့ နာမည်လေးပါ။ ဇမ္မူဒီပါ လကျာ်တောင်ကျွန်းမှာ နိမိတ်အတိုင်း ထွန်းပါစေ..။

Andy Myint - 6/28/08, 5:55 PM
Thanks, Chitthamee.

ဆရာမ သားကလည်း ထူးမြတ်ကိုး။ ဟုတ်တယ် ကျွန်တော်တို့လည်း ဒီနာမည်လေးကို ကြားကြားချင်း ကြိုက်သွားတာ။ ကျေးဇူးတင်ပါတယ်။
Myanmar armydog - 7/30/08, 9:07 PM

ထူးခြား မြင့်မြတ်ပြီးအမှန်တရားလင်းနိုင်တဲ့ သားကောင်းဇာနည်ဖြစ်ပါစေ ၀င်ရောက်ကြည်နူးသွားတဲ့ မိခင်ဘခင်တွေရဲ့သားသမီးချစ်စိတ်ကို

Andy Myint - 7/31/08, 9:00 PM
ကျေးဇူးပါ ကိုမြန်မာ
Younggun - 9/2/08, 4:17 AM

ဆရာတေးနဲ့ဆရာဖုန်းက ဝိုင်းအကြံပေးထားတဲ့အပြင် ဆရာဦးမောင်မောင်သန်းကလည်း ညွှန်ပြထားတဲ့ နာမည်မို့ ဘာမှပြောစရာမလိုအောင် ကောင်းမှာပါ။ လောကဓံကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်တဲ့ သူဖြစ်ပါစေဗျား။ မရောက်တာကြာလို့ လာလည်ရင်း ဆောင်းပါးတွေလိုက်ဖတ်လိုက်ရတာ၊ ဒီကိုဝင်မိလာတာပါပဲ။

mon - 10/25/15, 6:17 AM

တခုလောက်ကူညီစေချင်ပါတယ်
ကျွန်တော့သမီးလေးလည်း
စနေပါ ၁၃၇၇ ခု မွေးပါ
၉လပိုင်း၂၆ရက်နေ့၂၀၁၅ ခုနှစ်ပါ
နာမည်လေးရွေးပေးပါလားဗျာ

Anonymous - 2/16/16, 7:58 PM

သားလေးအတွက်နာမည်တခုရွေးပေးပါလား 18-12-2015 သောကြာဖွားပါ ။ ထွန်း အမည်နှင့်ဆုံးလျင်ပါသည်

Post a Comment

Many thanks for dropping a comment…

Film