Friday, June 20, 2008

သိုးမည်းသာ ဖြစ်စေတော့

အင်္ဂလန်က တက္ကသိုလ် တစ်ခုမှာ သုတေသန တစ်ခု စမ်းလုပ်ကြည့်တယ်။ လူတွေကို စုပြီး တစ်နေရာမှာ နေခိုင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မလုပ်ရဘူး။ စကားမပြောရဘူး။ မျက်စ မပစ်ရဘူး။ တစ်ယောက်နဲ့ တစ်ယောက် လက်တစ်ကမ်းထက် ပိုပြီးတော့လည်း ဝေးဝေး မနေရဘူး။ အဲဒီလူအုပ်ထဲမှာတော့ ဒလန် လေးငါးယောက် ထည့်ထားတယ်။ သူတို့ကို ကြိုပြောထားတယ်။ လူအုပ်ကြီးကို တစ်နေရာ တစ်ဘက်ကို မသိမသာ ဦးဆောင်ခေါ်သွားဖို့ မှာထားတယ်။ ကျန်တဲ့ ဘယ်သွားရမှန်း ဘာလုပ်ရမှန်း မသိတဲ့လူတွေကလည်း ဘုမသိ ဘမသိနဲ့ အဲဒီ ဒလန်တွေ ဦးဆောင်ရာ နောက်ကို အသာလေး လိုက်သွားတော့တယ်။ လူတွေက ကိုယ်ဘယ်သွားရမယ်မှန်း မသိရင် သိမယ်ထင်တဲ့ လူနောက်ကို ၀ိုးဝါးသိမှုနဲ့ (Subconsciously) လိုက်တတ်ကြတယ်။

ဒီလို လူတွေကို တစ်နေရာကို ဦးဆောင်ခေါ်သွားဖို့ လူဦးရေရဲ့ ၅% လောက်ပဲ လိုတယ်။ ဆိုလိုတာက ၂၀၀ လောက် ရှိတဲ့ လူအုပ်ကြီးကို ထိန်းဖို့ ၁၀ ယောက်လောက်ပဲ လိုတယ်။ `အဲဒီလိုမျိုး လူအုပ်ကြီးထဲမှာ မျောပါသွားတာမျိုး လူတိုင်းကြုံဖူးကြမှာပါ။ ဒီသုတေသနမှာ စိတ်ဝင်စားစရာ ကောင်းတာက တစ်ယောက်နဲ့ တစ်ယောက် စကားလည်း မပြောရ၊ လက်ဟန် ခြေဟန်လည်း မပြရတာတောင် လူတွေက အများသဘောတူ ဆုံးဖြတ်ချက်/ ကောက်ချက် တစ်ခုကို လုပ်လိုက်ကြတယ်။ တော်တော်များများမှာတော့ ဒီလူတွေဟာ တစ်ယောက်ယောက် ဦးဆောင်နေတယ် ဆိုတာကိုတောင် မသိလိုက်ပါဘူး။´ ဒီစမ်းသပ်ချက်မှာ တွေ့ရှိမှုဟာ ဘေးအန္တရာယ်တွေ ကျရောက်ရင် ထိန်းချူပ်ဖို့အတွက် အင်မတန် အရေးပါတာ တွေ့ရှိရပါတယ်။ ဥပမာ ရုပ်ရှင်ရုံထဲမှာ ကုန်တိုက်ထဲမှာ မီးလောင်ရင် လူတွေက ရှေ့က သွားတဲ့သူနောက်ကို လိုက်ကြသလိုမျိုးပါ။ ရှေ့ကလူ ဘယ်သွားနေလဲ မသိဘဲ ပျော်ပျော်ကြီး နောက်လိုက် လုပ်လိုက်တာပဲ။ [၁]

ဒါဟာ တိရစ္ဆာန်လောကမှာ အုပ်စုဖွဲ့ နေတာနဲ့ သွားတူနေပါတယ်။ အထူးသဖြင့် တွေ့ရမှာ သိုးတွေမှာပါ။ သိုးတွေက ခေါင်းဆောင် တစ်ကောင်ကောင် နောက်ကို လိုက်ဖို့ ပင်ကိုစိတ် စွဲမြဲစွာ ရှိတတ်ပါတယ်။ သိုးတစ်ကောင်က တောင်ဘက်သွားရင် သိုးအုပ်ထဲက ကျန်တဲ့ အကောင်တွေက လိုက်ကြမယ်။ ဘယ်ကို သွားသွား။ ရှေ့က သိုးက ရေထဲ ခုန်ချရင်လည်း နောက်က အကောင်တွေက လိုက်ခုန်ချတာပဲ။ တလောက တူရကီမှာ သိုးကောင်ရေ ထောင်ချီပြီး ချောက်ထဲကို ခုန်ချကြတယ်။ တစ်ကောင်ပြီး တစ်ကောင် နောက်လိုက်ပြီး ခုန်ချလိုက်ကြတာ အကောင်တွေ ပုံနေပြီး နောက်ဆုံးမှ ခုန်ချတဲ့ ကောင်တွေတော့ မသေတော့ဘူး။ ဒါတောင် ကောင်ရေ ၄၅၀ လောက် သေသွားတယ်။ [၂]

သိုးတွေက မွေးလာကတည်းက အသက်ကြီးတဲ့ ကောင်တွေနောက်ကို လိုက်ပြီး နေလာတာ နေသားကျနေပြီ။ ပြီးတော့ သိုးတွေက အအုပ်အသင်းနဲ့ပဲ နေတတ်တယ်။ စားကျက်မှာ အတူတူပဲ နေကြမယ်။ သင်းကွဲသွားရင် သိုးတွေ မနေတတ်ပါဘူး။ ဒါကလည်း သိုးတွေကို တောကောင်တွေ ရန်ကနေ ကာကွယ်ဖို့ အတူ စုစည်းပေးထားသလိုပါပဲ။ အုပ်စုထဲက ခွဲထွက်နေတဲ့ သိုးက အစားခံရဖို့ ပိုများတယ်။ တိရစ္ဆာန်တွေရဲ့ အမူအကျင့်တွေကို လေ့လာသူတွေက ပြောတယ်။ သိုးတွေက အနည်းဆုံး ၄ ၅ ကောင်လောက်မှ စုနေတတ်တယ်။ စားကျက်မှာ လွှတ်ထားရင် တစ်ကောင်နဲ့ တစ်ကောင်ကြည့်နေပြီး စုစု စုစု နေကြတယ်။ ဒီလို ခေါင်းဆောင်နောက်ကို အလွယ် လိုက်တတ်တဲ့ သိုးအုပ်ထဲမှာ Leader Sheep ဆိုပြီး ဉာဏ်ရည်ကောင်းတဲ့ သိုးအမျိုးအစား ၂ ကောင် ၃ ကောင် ကို ဈေးကြီး ပေးပြီး ၀ယ်ထည့်ထားတဲ့ သိုးမွေးသူတွေ ရှိသလို သိုးထိန်းခွေးနဲ့ ထိန်းကျောင်းတဲ့ သူတွေလည်း ရှိပါတယ်။

နဂိုကတည်းက လူအများနဲ့ ဆွေမျိုးတွေနဲ့ နေတတ်တဲ့ ကျွန်တော်တို့တွေဟာလည်း သိုးတွေလိုပါပဲ။ တစ်ယောက်တည်း မနေတတ်တော့ ဟိုအုပ်စုစု ဒီအုပ်စုစုနဲ့ နေတတ်ကြပါတယ်။ ဒီလို သိုးတွေလို စုနေတာ အကြောင်းမဟုတ်ပါဘူး။ သိုးတွေလိုပဲ ဦးဆောင်သူ ရှာပြီး နောက်လိုက်လုပ် တတ်ကြပြန်တယ်။ အပေါ်မှာ ရေးထားတဲ့ သုတေသနမှာလိုပဲ ဦးဆောင်သူ တစ်ယောက်နောက်ကို ဘုမသိ ဘာမသိ လိုက်လွယ်ပါတယ်။ ဒါဟာ နေရာ အတော်များများမှာပါ။ မြန်မာဘလောက် တချို့မှာလည်း Post တစ်ခုကို ၄ ၅ ယောက်လောက်က ဟေး.. မှန်တယ် မှန်တယ် Comment ပေးလိုက်ရင် နောက်က လိုက်မှန်ကြဖို့ ၀င်မလေးကြပါဘူး။ ဟေး.. မှားတယ် မှားတယ် ဆိုလည်း ... နောက်က နေ ၁၀ ယောက် အယောက် ၂၀ လောက် က လိုက်မှားကြတော့တာပဲ။ အဲဒီမှာ တ၀က်ကျော်ကျော်က မှန်၏ မှား၏ နောက်ကြောင်းကို အသေအချာ သိကြတာ မဟုတ်ပါဘူး။ သိုးတွေလိုပဲ ဦးဆောင်သူ ၃-၄ ယောက် နောက်ကို ဘုမသိ ဘမသိနဲ့ လိုက်သွားမိကြတာပါ။ တချို့ကတော့ သိုးတွေလို မဟုတ်တောင် ဝေလေလေ တွေပါ။

ဒီလို သိုးအုပ်ထဲမှာ မနေဘဲ သင်းကွဲ ထွက်နေတဲ့ကောင်ကိုတော့ သိုးမည်းဆိုပြီး သမုတ်ကြပါမယ်။ ကြောက်ကြောက် ကြောက်ကြောက်နဲ့ အုပ်စုဖွဲ့နေတတ်ပြီး တစ်ကောင်နောက်ကို တစ်ကောက် လိုက်ဖို့လွယ်တဲ့ သိုးတွေနဲ့ စာရင် သိုးမည်းတွေက စဉ်းစားတတ်တယ်လို့လည်း တချို့က ပြောမည်။ တချို့ကလည်း မိသားစုထဲမှာ အားလုံးနဲ့ မတူ တမူဆိုးနေတဲ့သူ တစ်ယောက်ပါရင် သိုးမည်းလို့ ပြောကြမည်။ မြန်မာလိုတော့ စုန်းပြူးပေါ့။

(စကားမစပ် ဗဒင်ရဲ့ သိုးမည်းဟောင်းကြီးတွေကို သတိရတယ်။ မြန်မာ တေးသံသွင်းလောကမှာ ကာဗာကတ် ခေတ်တုန်းက ကတ်တစ်သိန်း အထက် ရောင်းရတာ စိုင်းထီးဆိုင်ရဲ့ ရတနာရယ်၊ ဇော်ဝင်းထွဋ်ရဲ့ ရှင်သန်ခြင်းတို့နဲ့ အပြိုင် ကတ်ရေ သိန်းကျော် ရောင်းလိုက်ရတဲ့ စီးရီးပါ။ ဗဒင်က ခရစ်ယာန်တစ်ယောက်မို့ သိုးမည်း ဆိုတဲ့ စကားလုံးနဲ့ မစိမ်းတာလည်း ဖြစ်မှာပေါ့။ ဒီသီချင်းက တောခိုသွားတဲ့ သူငယ်ချင်းအတွက် စပ်တာလို့လည်း ပြောကြတယ်။)

သိုးမည်းနဲ့ ပက်သတ်ပြီး Black Sheep Effect ဆိုတာကို ပြောချင်တယ်။ Black Sheep Effect ဆိုတာ အလွယ်ပြောရရင် “အချင်းချင်းမို့ ပင်းတယ်” (Ingroup Favouritism) ဆိုတာရဲ့ ပြောင်းပြန်ပါ။ “ဆန်ရင်းမို့ နာနာဖွတ်တယ်” ဆိုသလိုပါ။ ဥပမာ မြန်မာ တစ်ယောက် မကောင်းတာ တစ်ခုခု လုပ်ရင် နိုင်ငံခြားသား တစ်ယောက်က ဒါမျိုး လုပ်တာထက် လုပ်တဲ့ မြန်မာကို မြန်မာအချင်းချင်းက ပြန်ပြီး ရှုံ့ချသလိုပါ။ အထက်မှာ မြန်မာ ဘလောက်တွေမှာ ဘုမသိ ဘမသိနဲ့ ဝေလေလေ လုပ်တာကို ကျွန်တော် ပြောမိသလိုပေါ့။ ဒီလို Black Sheep Effect ရဲ့ အခြေခံ အကြောင်းအရင်းကတော့ စိတ်ပညာအရဆို ကိုယ့် အုပ်စုထဲက တစ်ယောက်က မကောင်းတာ လုပ်ရင် အုပ်စု တစ်စုလုံး မကောင်းထင်ခံရမှာ စိုးလို့ အချင်းချင်း မဟုတ်တာ လုပ်ပြီဆို ပိုပြီး ရှုံ့ချကြတာပါ။ ။ [၃]



[၁]Crowds 'pick leaders to follow'
[၂]One sheep jumps over cliff; 1,500 follow suit
[၃] Social Perception



တခြားဖတ်ရန်
- ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော်တို့ (ပိတောက်ရိပ်)
- ကြက်နဲ့ဝက် (We She Me)

18 comments:

စစ်ကိုင်းသူ - 6/20/08, 2:34 AM

ကိုအန်ဒီ ပြောတာ ဟုတ်တယ်ဗျ။ ကျွန်တော်တို့တွေက သူများယောင်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိတွေ တော်တော်များတယ်ထင်တယ်။ ကိုယ်လဲ အဲဒီထဲ ပါလားမသိ။

ဇနိ - 6/20/08, 2:40 AM

ဗဟုသုတရတဲ့ နောက်ထပ်ပို့စ်လေးပါ။ လောကကြီးမှာ သတိထားစရာတွေ ဆင်ခြင်စရာတွေအများသား။
ဘာပဲလုပ်လုပ် သတိပိုသည်မရှိ ဆိုတာကို နှလုံးသွင်းနိုင်မှ တော်ကာကျမယ်။

ဝေတိုး - 6/20/08, 9:58 AM

Ko Andy,
Good approach!

sawphonelu - 6/20/08, 12:26 PM

အန် ဒီ ရေ ၊ အခု တ လော ကြက် ဝက် သိုး မျောက် တွေ ချည်း ဖတ်နေ ရ တယ် ။ ဖတ် မိ သ မျှ လည်း တစ် ခု ခု တော့ ရ လိုက် တာ ချည်း ပါ ပဲ ။ ကျေး ဇူး ပဲ ။

Synchro 305 ~ - 6/20/08, 4:46 PM

တော်တော်ကောင်းပါတယ်ဗျာ
စဉ်းစားစရာအများကြီးပါတယ်
ခုတစ်လောကလည်းဗျာ
ဘလော့တွေမှအလကားနေရင်း
သူများကိုလိုက်တိုက်ခိုက်တဲ့
သူတွေများနေတယ်။
ရေးထားတာလေးကောင်းသလို
ကြိုက်တယ်ဗျာအတွေးလေး
အားပေးနေပါတယ်

စိုးထက် - Soe Htet ! - 6/20/08, 10:01 PM

ခုမှ သေချာ လိုက်ဖတ်နေတာ ... မိုက်တယ် ... :)

ဂျစ်တူး - gyit_tu - 6/21/08, 2:45 PM

ကိုအန်ဒီရေ .. ဒီပို့စ်လေးက ဗဟုသုတဖြစ်ပြီး ထောက်ပြချက်တွေ ကောင်းတယ်လို့ မြင်တယ် ။ ဟိုတခါ မီးလောင်တိုက်သွင်းတဲ့ ဗီယက်နမ် ဘုန်းကြီးအကြောင်းရေးသလိုပေါ့နော် ။ ဂျစ် ဘလော့ဂ်မှာ လင့်ခ်ထားလိုက်တယ် ။

လူ့ သဘာဝကြီးက လေတိုက်ရာယိမ်းတတ်တာ ၊ ရေဆန်မတက်ချင်တာ ၊ အတိုက်အခံနေရာမှာ အားလုံးနဲ့ စည်းတဘက်တည်း မဟုတ်တဲ့နေရာမှာ ထင်၂ပေါ်၂ မရပ်ရဲတာမျိုး ဖြစ်နိုင်သလို ... ရပ်ဖို့ လုံလောက်တဲ့ခံယူချက် မရှိလို့လည်း ဖြစ်နိုင်ပါတယ် ။

Andy Myint - 6/21/08, 11:20 PM
ကျွန်တော်ကတော့ ခဏခဏ ဖြစ်တယ် မစစ်ကိုင်းသူ။ ငယ်ငယ်တုန်းကတော့ ပွဲဈေးတန်းမှာ ဒီလိုပဲ နောက်ကနေ လိုက်သွားလိုက်တာပဲ။

ဟုတ်တယ် ကိုဇနိ။ အနည်းဆုံး သူများယောင်တိုင်း လိုက်မယောက်မိအောင် ကိုယ်ကိုယ်ကို သတိပေးနေရတယ်။

Thanks Ma Wai Toe. Cheers! :)

ဟုတ်တယ် ကိုစောရေ... အကောင်ပလောင်တွေနဲ့ ဓါတ်ကျနေတယ်။

ကျေးဇူးပဲ Synchro။ ကျွန်တော် အဲဒီ ကိစ္စကို အဓိက ပြောချင်တာ မဟုတ်ပါ။ ဘလောက် လောကမှာမို့ ဘလောက် ဥပမာပေးလိုက်တာပါ။ တခြား ကိစ္စတွေ အများကြီး ရှိပါသေးတယ်။

လာအာပေးတာ ကျေးဇူး ကိုစိုးထက်ကြီး

ကျေးဇူး ဂျစ်။ ဘလောက်ထဲမှာ မတွေ့တာတောင် နည်းနည်း ကြာသွားပြီ။ ကျွန်တော် ဂျစ်ရဲ့ တချို့စာတွေ ဖတ်ပေမယ့် ဘလောက်မှာတော့ ဘာမှ မရေးဖြစ်လိုက်ဘူး။
Mhaw Sayar - 6/21/08, 11:28 PM

စိတ်ဝင်စားစရာပါပဲဗျာ. အဲဒီ လူအုပ်ကြီးနောက်ကို လူတွေ လိုက်ကြတယ် ဆိုတဲ့ သဘောကို ဘုရားဟော ကျမ်းဂန်တွေ တော်တော်များများမှာလည်း ကျွန်တော် တွေ့ဖူးတယ်ဗျ.... အခုထိလည်း အဲဒီ သဘာဝတွေ၊ သဘောတွေက မှန်တုန်းပါပဲဗျာ.

စိတ်ဝင်စားစရာတွေ မျှဝေပေးလို့ ကျေးဇူး ကို အန်ဒီ. :)

Andy Myint - 6/28/08, 5:56 PM
ဟုတ်တယ် မှော်ဆရာ။ ကျွန်တော်လည်း ကြားတော့ ကြားဖူးတယ်။ အသေအချာ မမှတ်မိတော့လို့။
ဘလူးဖီးနစ် - 6/29/08, 11:00 PM

ကျွန်တော်ဒီလို ထင်မိတယ် ကိုအန်ဒီရေ၊ အမှန်က အဲဒီ နောက်က လိုက်တဲ့ သူတွေက လုံးဝမစဉ်းစားလို့ မဟုတ်ဘူးခင်ဗျ။ စဉ်းစားတယ်။ ဒါပေမယ့် သူတို့က ကြောင်းပေးထားတဲ့ လမ်းကြောင်းအတိုင်းလိုက် စဉ်းစားနေတာ။ နှပ်ကြောင်းပေးရာကို အလွယ်ဖဲချိုးမိသလိုပေါ့။ တနည်းပြောရရင် စဉ်းစားရာမှာ သူများပြောထားတဲ့ လမ်းကြောင်းကို အခြေခံပြီး စဉ်းစား မိတာထင်တယ်ခင်ဗျ။ တစ်ခြားတစ်ဘက် က စဉ်းစားကြည့်ရကောင်းမှန်း မသိသလို ဖြစ်နေတာ။ ဆိုလိုတာက အချက်အလက်တွေ က နှစ်ဘက်စလုံးမှာ ရှိနေပေမယ့် တစ်ဘက်သက် အချက်အလက်တွေကို စုပြီး လေ့လာရေးသားနေကြတာများတယ်ဗျ။ မျှမျှတတ နှစ်ဘက်စလုံးကို ကြားလူ အနေနဲ့ မြင်ကြည့်ပြီး ရေးတဲ့ သူနည်းနေတာဗျ။ အချက်အလက်တွေ ထုတ်ဖေါ်ပြောရာမှာလည်း ကိုယ်ကြိုက်ကြိုက်မကြိုက်ကြိုက် အမှန်ဆိုရေးသင့်တယ်လို့ ထင်ပါတယ်ခင်ဗျာ။

အဲဒီ သဘောသဘာဝတွေကို တစ်ချို့ မီဒီယာတွေရဲ့ ဆွေးနွေးခန်းတွေမှာ အသုံးချလေ့ရှိပြီး တရားရုံးတွေမှာ ရှေ့နေတွေက သက်သေတွေကို အဲလို မေးရင် ကြောင်းကျိုးပြ မေးခွန်းအနေနဲ့ ကန့်ကွက်ခံရတယ်လို့ ကြားဖူးပါတယ်ခင်ဗျာ။
ဘလူးဖီးနစ်
http://engineer4myanmar.com

Anonymous - 7/4/08, 3:03 AM

It is happening the same in the United States, check the article below.

The big sort
Political segregation in the United States

Quote

"There is a danger in this. Studies suggest that when a group is ideologically homogeneous, its members tend to grow more extreme. Even clever, fair-minded people are not immune. Cass Sunstein and David Schkade, two academics, found that Republican-appointed judges vote more conservatively when sitting on a panel with other Republicans than when sitting with Democrats. Democratic judges become more liberal when on the bench with fellow Democrats."

http://www.economist.com/world/na/displaystory.cfm?story_id=11581447

Alice - 7/12/08, 11:23 AM

Great Analogy!!!

မျိုးဝင်းဇော် - 8/7/08, 3:37 AM

မှန်တယ် ကိုအန်ဒီ ဒါမျိုး ကိုယ်တိုင်ကြုံဖူးတယ် ဆန္ဒပြပွဲတွေမှာပါ။ ၁၉၈၈ တုန်းက အဲဒီတုန်းက ငယ်လို့ သိပ်သတိမထားမိဘူး ၁၉၉၆ ကျတော့ ကိုယ်တိုင်လဲ ရန်ကုန်တက္ကသိုလ်မှာတက်နေ အရွယ်လည်းနည်းနည်း ရတော့မှ သတိထားမိတယ် ကျွန်တော်တို့ဆိုတာ ကျောင်းသားတွေလေ မကျေနပ်တာဘဲသိတယ် မကျေနပ်တာကိုဘဲ ထုတ်ပြောချင်တဲ့စိတ်ရှိတယ် အဲဒီမှာ ညဘက်ကြီး ရန်ကုန်မြို့ ကိုလှည်းတန်းကနေစပြီး ကြည့်မြင်တိုင်ဘက်က ပတ်ပြီး ဆန္ဒပြတာပေါ့ အဲဒီမှာဘာတွေ့လဲဆိုတော့ ရှေ့ကခေါင်းဆောင်ပြီး သွားနေတဲ့ (စက်မှုတက္ကသိုလ်ကကျောင်းသားတွေပါ) လူတွေကို ဘယ်ကနေဘယ်လို တခြားသူတွေက ဦးဆောင်သွားလဲမသိ ဦးထောင်ဘိုလမ်း (စစ်ရုံးချုပ်နဲ့ရွှေတိဂုံဘုရားကြား) ကို ၀င်သွားတယ် အဲဒီမှာ လုံထိန်းတွေက မြောက်ဥက္ကလာ မရမ်းကုန်းဘက်သွားတဲ့ ဗဟန်းလမ်းမကို တဖက်ပိတ်လိုက်တယ် ဦးထောင်ဘိုလမ်းဘက် မောင်းတင်လိုက်တဲ့သဘောပေါ့ ပြီးတော့ နှစ်ဘက်ပိတ်ပြီး ဖမ်းတော့တာဘဲဗျာ တော်သေးတယ် ကျောင်းသား ၅၀၀ ကျော် ၆၀၀ နီးပါးကိုဖမ်းပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးလို့ ကိုအန်ဒီပြောသလို တွက်ကြည့်ရင် ၅၀၀ ၆၀၀ လောက်ထိန်းဖို့ ၃၀ လောက်ဘဲလိုတာ မှန်တယ်ဗျာ

တေဇာ - 1/11/10, 9:52 AM

သိုးမည်းတွေအကြောင်းဟာ စိတ်ဝင်စားဖို့ အရမ်းကောင်းလိမ့်မယ်.. ;P

မန်းကိုကို - 2/12/11, 8:41 AM

ကို Andy ရဲ့ အင်တာဗျူးမှာ သီအိုရီကဏ္ဍကို လူတွေစိတ်မဝင်စားဘူးဆိုလို့ ပိုစိတ်ဝင်စားသွားတယ် ။

အပေါ်မှာ ဘလူးဖီးနစ်ပြောသွားတဲ့ “နှပ်ကြောင်းပေးရာကို အလွယ်ဖဲချိုးမိသလိုပေါ့။” ဆိုတာမျိုး၊ အမည်မသိရဲ့ တရားသူကြီးနမူနာနဲ့ မျိုးဝင်းဇော်တို့ရဲ့ ထောင်ချောက်တွေကတော့ နမူနာကောင်းတွေပါပဲ။ (ထောင်ချောက်ကတော့ ၈၈ ကတည်းက သုံးခဲ့တာလို့ ကြားဖူးပါတယ်)။ တစ်ခုရှိတာကတော့ လူသားတွေအနေနဲ့ ကြောင်းပေးတဲ့လမ်းကို ပိုကောင်းအောင် ပြုပြင်သုံးစွဲသွားတတ်တဲ့အလေ့ပါ ။ ဥပမာ ဘလော့မှာ တစ်ယောက်က အကြောင်းအရာတစ်ခုကို ဖေါ်လိုက်တဲ့အခါ နောက်လူတွေက ထောက်ခံတဲ့သူထောက်ခံကြသလို ဝေဖန်ဖြည့်ဆည်းတဲ့ပို့စ်တွေ ထပ်ပေါ်လာကြတော့ အမြင်ဗဟုသုတတွေ တိုးတာပေါ့ဗျာ ။

ကိုယ့်ကိုယ်ကိုကြည့်တော့ သိုးငပေ သို့မဟုတ် မီးခိုးရောင်သိုးများ ဖြစ်နေသလားပဲ ။

Andy Myint - 2/13/11, 8:26 PM
အဲဒီလိုလည်း ဟုတ်ပြန်တယ် ကိုမန်းကိုကို ။ တကယ်တော့ လူတွေကလည်း အခြေခံ အချက်အလက်တွေပေါ်ကနေ အဆင့်ဆင့် လူ့လောကကြီး တိုးတက်အောင် တည်ဆောက်နေရတာ ဆိုတော့ အကျင့်ပါနေတာလည်း ဖြစ်သလို မွေးရာပါ Instinct လည်းဖြစ်ပါတယ်။ ရင့်ကျက်လာတဲ့ အခါ၊ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိလာတဲ့ အခါမှသာ ကိုယ့်ဆရာ ရေးထားသလို Critical Thinking တွေ လုပ်နိုင်လာပါတယ်။
Yan - 9/8/13, 4:59 AM

ကို အန်ဒီရေ...
မတွေ့ဖြစ်ကြတာ အတော်ကြာပြီ။ ဒီပို့စ်လေးကို သဘောကျလို့ FaceBook မှာရှိတဲ့ Myanmar Blogs Digest Page လေးမှာ ဝေမျှဖို့ ယူသွားပါတယ် ခင်ဗျာ.
ဖေ့စ်ဘွတ်ခ် သုံးဖြစ်တယ်ဆိုရင်လည်း အဆင်ပြေရင် ကျွန်တော့်ကို တစ်ချက်လောက် အက်ပေးပါဦး

https://www.facebook.com/mmblogsdigest
https://www.facebook.com/yan.aung.12

ကျေးဇူး ကိုအန်ဒီ.

ခင်မင်စွာဖြင့်

Yan.

Post a Comment

Many thanks for dropping a comment…

Film