Friday, June 13, 2008

ပုစွန်ဆိတ်ဟင်း

ဒီ Post ကတော့ Recipe လို့ ဆိုရမှာထက် ကြွားတဲ့ Post ပါပဲ။ ကြွားတယ် ဆိုရာမှာလည်း ကိုယ်အတွက်တော့ ကြီးကျယ် ကောင်းစားလှပေမယ့် တပါးသူမှာတော့ ရိုးဟိုးဟိုးနေတဲ့ အနေတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်အတွက် ထူးခြား ဆန်းကြယ်လှပေမယ့် တပါးသူအတွက်တော့ စိတ်လည်စရာ ဘာမျှ မရှိတာလည်း ဖြစ်နိုင်ပြန်တယ်။ တခြား အထွေအထူးတော့ မဟုတ်ပါဘူး။ သြော်ဇီမှာ ပုစွန်ဆိတ်လေးတွေ (School Prawn) တွေ တစ်ခါတစ်ရံ ရနိုင်တယ် ဆိုတာပါ။

ဒါလေးတွေဟာ ကျွန်တော့်အတွက်တော့ `ရွှေ´ပါပဲ။ မြန်မာပြည် ပြန်သွားတုန်းက အမေက ပုစွန်ဟင်း၊ ငါးသလောက်ဟင်း၊ ငါးပဲဖြူ အိုးကပ်၊ ငါးသလဲထိုးကြော် စသည် စသည် ရေချို ငါးတွေ ချက်ကျွေးပါတယ်။ ငယ်စဉ်ကတော့ ဒါတွေ ချက်ကျွေးရင် ကြေးများချင်မယ်။ ကြက်သားမှ စားချင်မယ်။ အခု မြန်မာပြည်နဲ့ ဝေးနေတော့မှ ဒါတွေကို တမ်းတ တန်ဖိုးထားလာတာပါ။ ကြက်ဆို မမြင်ချင်တော့ဘူး။ ဒီလို ရေချိုငါး ပုစွန်တွေကလည်း မြန်မာပြည်မှာပဲ ကောင်းကောင်း စားရတာကိုး။

စင်္ကာပူမှာ ပုစွန်ရပေမယ့် အကောင်ကြီးတွေပဲ ရတာပါ။ ငါးဆိုရင်တော့ လတ်လတ်ဆတ်ဆတ်ဆို ကကတစ်ပဲ ၀ယ်တတ်တယ်။ အမေလာမှ ငါးကွမ်းရှပ်ကို စားဖြစ်တယ်။ အမေက ငါးကွမ်းရှပ်ကို ခြစ်ပြီး ငါးဆုပ် လုပ်ကျွေးတယ်။ ပီနန်သွားတုန်းက လမ်းမှာ ရပ်တဲ့ ထမင်းဆိုင်မှာ ပုစွန်ဆိတ်လေးတွေနဲ့ ရုံးပတီသီး ချက်ထားတာတွေ့လို့ စားလိုက်ရပေမယ့် စင်္ကာပူမှာ တစ်ခါမှ ပုစွန်သေးသေးလေးတွေ မတွေ့ရပါဘူး။ မြန်မာတွေ ဆုံတဲ့ ပင်နီဆူလာ ပလာဇာမှာတော့ ရေခဲရိုက်ထားတဲ့ ငါး၊ပုစွန်တွေ ရှိပြီး ငါမြင်းတို့ ငါးဖယ်တို့တော့ ၀ယ်စားဖြစ်ပါတယ်။ အမေရိကားမှတော့ ပုစွန်သေးသေးလေးတွေ ရှိပေမယ့် အခွံချွတ်ပြီး လှော်ထားတာပါ။ သူတို့က Salad အတွက် စားပေမယ့် ကိုယ်ကတော့ ၀ယ်ထားပြီး ဟင်းရွက်ကြော်ရင် ရောကြော်တာပါ။ ပဲသီးတို့ ဘာတို့ဆို ဒီတိုင်း ကြော်စားတာထက် ပုစွန်လေးနဲ့ ဖြစ်ဖြစ် အသည်းအမြစ်နဲ့ ဖြစ်ဖြစ် ကြော်စားတာကို ပိုကြိုက်တတ်တယ်။

ဒီတစ်ခေါက် ၀ယ်ဖြစ်လို့ ကြွားချင်ခါမှ ပုစွန်လေးတွေက နည်းနည်း ကြီးနေပါတယ်။ ပဲနပြား အရွယ်လေးတွေပေါ့။ ချက်တာကတော့ လွယ်ပါတယ်။ ကိုင်ရတာပဲ စိတ်မရှည်တာ။ ဒါမျိုးမှာတော့ သူမက စိတ်ရှည်တယ်။ အမြီးလေး ခေါင်းလေးကို တစ်ကောင်ချင်း ကတ်ကြေးနဲ့ လိုက်ညှပ်ရတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ညက်နေအောင် ကြိတ်ထားပြီး ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နည်းနည်းနဲ့ ဆီသတ်တယ်။ ကြက်သွန်နီတွေက ရေများလို့ ခဏနေမှ အမှုန့်တွေ ထည့်တာပါ။ စိတ်ရှည်ရှည် ဆီသတ်ပြီးမှ ရေဆေးထားတဲ့ ပုစွန်တွေကိုထည့် ငံပြာရည်လောင်းပြီး နောက်ထပ် နည်းနည်းကြာကြာ ထပ်ချက်တယ်။ ပုစွန်တွေလည်း ကျက်စေ၊ ဟင်းလည်း လုံးစေ၊ ပုစွန်လေးတွေတော့ အရမ်း မခြောက်သွားစေ အနေအထားမှာ မီးဖိုက ချလိုက်ပါတယ်။ ဒါဆိုရင် အရောင်အဆင်းလည်းလှ၊ ငရုတ်သီးနံ့ ပုစွန်အချိုရည်နံ့ မွှေးကြိုင်လှတဲ့ ပုစွန်ဆိတ်ဟင်းရပါတယ်။

တစ်ခါတည်း များများချက်ထားပြီး နောက်နေ့တွေမှာ ကျန်ရင် ကန်စွန်းရွက် ချဉ်ရေဟင်း ချက်စားလို့ ရပါသေးတယ်။ ရုံးပတီသီးနဲ့လည်း ရောကြော်လို့ ရတယ်။ ကြိုက်တာကတော့ ချဉ်ပေါင်ရွက် ကြော်ထဲမှာ ထည့်ချက်တာပါ။ ချဉ်ပေါင်ရွက်ကတော့ အရမလွယ်လို့ အခုထိ မတွေ့ဖူးသေးပါဘူး။ ဒီလို ဆီကဲကဲနဲ့ မချက်ချင်ရင်လည်း ငရုတ်သီး အကြမ်းမှုန့်နဲ့ အခြောက် ကြော်လည်း စားလို့ ကောင်းပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ရတာလေးကို လှလှပပ စိုစိုပြေပြေ စားချင်တော့ ဒီလိုပဲ ချက်စားပါတယ်။ နနွင်းမှုန်းလေး နည်းနည်း၊ ဆားနဲ့ အချိုကြော်လည်း စားလို့ကောင်းပါတယ်။ ပဲတောင့်ရှည်နဲ့ ရောကြော်ရင်တော့ ပိုကြိုက်တယ်။ နိုင်ငံရပ်ခြားမှာ နေနေကြတဲ့ ဗမာမိတ်ဆွေအပေါင်းကိုလည်း ဒီဓါတ်ပုံလေးနဲ့ပဲ သွားရည်ယိုအောင် လုပ်လိုက်ပါမယ်။

11 comments:

စစ်ကိုင်းသူ - 6/14/08, 1:38 AM

ကိုအန်ဒီရေ တကယ်သွားရည်ယိုသွားတာ။ တောင်ပိုင်းမှာ ငါးပုဇွန်ပေါပေမဲ့ မြောက်ပိုင်းမှာက သိပ်မတွေ့ဘူးရယ်။ ဈေးကြီးမှာတော့ တခါတလေ ရတယ်ပြောပေမဲ့ ဈေးကလဲ မသွားဖြစ်တော့ တောင်ပိုင်းကို သွားတုန်းက စားခဲ့ရတာကလွဲလို့ ငါး ပုဇွန်မစားရတာ ဒီရောက်ကတည်းကပဲ။ စားချင်လိုက်တာ။ ပြန်ရောက်မှ အဝစားရမယ်။ ပြန်ရကာနီးနေပြီဆိုတော့ အဲလိုပဲကြုံးဝါးနေရတယ်။

War War - 6/14/08, 1:41 AM

eek.. I also like that curry too much.. It's a perfect match with "chin paung hin". Ko andy.. Your curry looks so delicious.. Mouth watering.. :D

Htoo Tay Zar - 6/14/08, 7:27 PM

Today my mom cooked that curry bro =) we've same!! =P

nu-san - 6/15/08, 5:11 PM

Andy ရေ..ပုဇွန်ဟင်းက စားချင်စရာ။ ဒီမှာတော့ အဲဒီလို ပုဇွန်အရွယ်တွေ ရှားတယ်။ တခါတလေမှ တွေ့ရတတ်တယ်။ ဓာတ်ပုံကြည့်ရတာ စားကောင်းမယ့်ပုံနော်.. ကလေးတို့မေမေက ငရုတ်သီးပါတာ စားလို့ရပြီလား.. :)

win zaw - 6/16/08, 3:28 PM

မဖိတ်ဘဲ မြိတ်ရည်ရှက်ရည် စားသွားပါတယ်။
တကူးတက ရှယ်ပေးတဲ့အတွက် ကျေးဇူးပါ။

ပီတိ - 6/16/08, 8:32 PM

ဟုတ်တယ် ကိုအန်ဒီရေ… အခုတော့ အမေချက်တဲ့ ငါလေးအိုးကပ်ချက်၊ ပုဇွန်ဆိတ်ကလေးချက်၊ ကွန်းမန်လို့ခေါ်တဲ့ ငါးမြင်းပေါက်စ ချက်တွေကို စားချင်နေမိတယ်။

Andy Myint - 6/16/08, 11:50 PM
မစစ်ကိုင်းသူကလည်း ငါးတွေ ပုစွန်တွေ ကြိုက်တယ်လား။ မြန်မာပြည် ပြန်ခါနီးဆို ဘာစားရမလဲ စဉ်းစာရတာကိုက အရသာလေ။

ကျေးဇူးပဲ ၀ါဝါ။ ချဉ်ပေါင်ကြော်နဲ့ ပုစွန်ကတော့ လိုက်မှလိုက်ပဲ။

ဟုတ်လား ထူးတေဇာ ကောင်းတာပေါ့။

တော်သေးတာပေါ့ မနုစံ တစ်ခါတစ်လေ ရတယ်ဆိုလို့။ ဟုတ်တယ် အစ်မ သူကတော့ အစပ်သိပ်စားလို့ မရသေးပါဘူး။

စားပါ ကိုဝင်းဇော်။ ဘလောက်မှာ ဧည့်ခံထားတာပဲ။ အကုန်လုံးကို ဖိတ်တယ်လို့သာမှတ်။

ကွန်းမန် ဆိုတာ အခုမှ ကြားဖူးတာ ကိုပီတိ။ ငါးမြင်းကလည်း အစစ် မစားရတာ ကြာလို့ ဘယ်ဟာ အစစ် ဘယ်ဟာ အတုမှန်းတောင် မသိတော့ပါဘူး။ ဒိုက်စော် မနံရင် ပြီးရော ဖြစ်နေတယ်။
khin oo may - 6/23/08, 9:05 PM

salivation coming...

Anonymous - 1/30/11, 8:48 PM

ကိုအန
်Fiji ကုလားဆိုင်မှာ မွေပြီးရေခဲရိုက်ထားတဲ့ ချဉ်ပေါင်ရွက်တွေမေးဝယ်လို့ရတယ် ၅ ဒေါ်လာလောက်ဆို အတော်ကျော်လို့ရပြီး
ပုစွန်ဆိပ်ကတော့ ကျနော်တို့ကမ်ဘာရာမှာလဲ တခါတလေမှ ရနိုင်တာပါ

Andy Myint - 2/3/11, 10:29 PM
လမ်းညွှန်တာ ကျေးဇူးပါ။ ဆစ်ဒနီက မြန်မာဆိုင်တွေမှာ ဖီဂျီက ချဉ်ပေါင်တွေ တွေ့လို့ ၀ယ်ဖြစ်ပါတယ်။
မကြာညို - 7/3/12, 9:50 PM

ကျွန်မကပုစွန်ဆိတ်တွေအများကြီးရတဲ.ရန်ကုန်မှာနေတာလေ..
အခုချိန်ဆိုပိုပေါတာပေါ.....ချက်စားလိုက်အုံးမယ်...

Post a Comment

Many thanks for dropping a comment…

Film