Thursday, July 31, 2008

ထောပတ်-ပန်းသီး အချိုပွဲ

ကျွန်တော်ကို ကျွန်တော် အစားအစာတွေကို အမျိုးအစားခွဲ အရသာခွဲလှပြီ ထင်နေတာ ပန်းသီး စားတဲ့ နေရာမှာတော့ သူမကို မမီတော့ ပါဘူး။ ကျွန်တော့်အတွက်တော့ ပန်းသီးတိုင်းက ပန်းသီးပါပဲ။ သူမကတော့ ပန်းသီးတွေရဲ့ အရသာနဲ့ အမျိုးအစားကို မှတ်ထားပါတယ်။ သူမ ပြောမှ ကျွန်တော်လည်း ပန်းသီးတွေကို အမျိုးအစားခွဲပြီး အရသာခံ စားကြည့်တတ်တော့တယ်။ သြော်ဇီ ရောက်ပြီး ဓါတ်ကျနေတာကတော့ မထူးဆန်းပါဘူး သြော်ဇီမှာ မျိုးစပ်ပြီး စိုက်တဲ့ Cripps Pink လို့လည်း ခေါ်တဲ့ Pink Lady ပန်းသီးပါ။ သူက သြော်ဇီမျိုး Lady Williams နဲ့ အမေရိကန်မျိုး Golden Delicious ကို စပ်ထားတာပါ။ အဲဒါကြောင့် Golden Delicious ရဲ့ စိမ်းဝါရောင်ပေါ်မှာ Lady Williams ရဲ့ အနီရောင် စပ်နေတာပါ။

Golden Delicious က စိမ်းဝါရောင် ရှိပြီး အရမ်း မချိုပါဘူး။ သူကတော့ Salad ထဲ ထည့်ဖို့ Apple Pie လုပ်ဖို့ ကောင်းပါတယ်။ စူပါမားကတ်တွေမှာ တွေ့ရနိုင်ပါတယ်။ အမေရိကန်မျိုး ဖြစ်ပေမယ့် ယူကေက နွေးတဲ့ ဒေသတွေ မှာလည်း စိုက်လို့ ရပါတယ်။ တောင်အာဖရိကက ဟာတွေက ပိုချိုတယ် ဆိုပါတယ်။ Golden Delicious နဲ့ Red Delicious ကတော့ နာမည် ဆင်ပေမယ့် အမျိုးကွဲပါတယ်။ Red Delicious က အမေရိကားမှာ အပေါဆုံး ပန်းသီးပါပဲ။ Golden Delicious က ကျွပ်ပြီး Red Delicious အသားကတော့ အတော် နူးညံ့ပါတယ်။ လူမမာကို ကျွေးလို့ ကောင်းတာ မျိုးပေါ့။ Red Delicious က အမေရိကားမှာ ပေါလွန်းလို့ နာမည်တောင် မကြီးတော့ပါဘူး။

Red Delicious ကနေ မျိုးစပ်ထားတဲ့ Fuji နဲ့ Gala က လူတွေ ပိုစားလာပါတယ်။ နာမည်က Fuji ပါဆိုမှတော့ ဘယ်သူတွေ မျိုးစပ်ထားလဲ သိပ်မှတ်ထားစရာ မလိုပါဘူး။ ဂျပန်တွေက အမေရိကန် ပန်းသီး နှစ်မျိုးကို စပ်ထားတာပါ။ Fuji ပန်းသီးက အလုံး ကြီးတယ်။ အသား ထူတယ်။ ချိုတယ်။ အကြာကြီး အထားခံတယ်။ အဲဒါကြောင့် ဂျပန်ပြည်မှာရော တခြားနေရာတွေမှာပါ လူကြိုက်များပါတယ်။ သူက နံပါတ်လေး လိုက်ပါတယ်။ Red Delicious၊ Golden Delicious နဲ့ Gala ပန်းသီးတွေ ပြီးရင်ပါ။ တရုတ်ပြည်က အရမ်းထွက်ပါတယ်။

Red Delicious နဲ့ Kidd's Orange Red စပ်ထားတာကတော့ Gala ပါ။ သူကိုလည်း ဆိုင်တိုင်းမှာ တွေ့ရနိုင်ပါတယ်။ သူမိဘတွေဆီကနေ ရတဲ့ လိမ္မော်ရောင်နဲ့ အနီရောင် စပ်ထားတာပါ။ ရာသီဦးမှာ ခူးထားရင် အရောင်က ဖျော့ပြီး အပင်ပေါ်မှာ ကြာမှ ခူးထားရင် အနီရောင် ရင့်ပါတယ်။ အရသာက မချို မပြင်းဆိုတော့ ကြေးများတဲ့ သူတွေဆို ဘာမှ မပြောဘဲ စားမှာပါ။ အခွံလည်း ပါးတဲ့ အတွက် ကလေးတွေဖို့ သင့်တော်ပါတယ်။ အရည်ရွှမ်းပြီး နို့နှစ်ရောင် အသားရှိပါတယ်။ သူက နယူးဇီလန်က မျိုးစပ်တာပါ။ ပြင်သစ်မျိုးတွေလည်း စင်္ကာပူက ဆိုင်တွေမှာ ရနိုင်ပါတယ်။ Royal Gala ကလည်း Gala ရဲ့ မျိုးကွဲ တစ်မျိုး ဖြစ်ပါတယ်။

နောက်ထပ် စားဖူးတဲ့ အထဲက မှတ်မိတာ Granny Smith ပါ။ သူကတော့ အစိမ်းရောင်မို့ မှတ်မိတာပါ။ စိမ်းပြီး ကျွပ်တဲ့ အတွက် ဆား၊ ငရုတ်သီးမှုန့်လေးနဲ့ ဗမာလို စားလို့ ကောင်းတဲ့ အသီးပါ။ သူက ခွာထားလည်း အချိန် အတော်ကြာတဲ့ အထိ အရောင် မညိုသွားတတ်တော့ အတော်ပါပဲ။ Granny Smith က သြော်ဇီမှ အထွက်ဆုံးပါ။ Mary Smith ဆိုတဲ အမျိုးသမီးကြီးက ရှာဖွေတွေ့ ရှိထားလို့ Granny Smith ဖြစ်သွားရတာပါ။ Beatles အဖွဲ့ပိုင် Apple Recording ရဲ့ Logo ပုံမှ ပန်းသီးက Granny Smith ပါ။ အခွံမာပြီး ထူတဲ့ အတွက် ဟင်းချက်ဖို့တို့ မုန့်ဖုတ်ဖို့ တို့မှာ သုံးပါတယ်။ ဒီပန်းသီးကတော့ အချဉ်ဓါတ် ကဲပါတယ်။

ဒါတွေဟာ စားဖူးတဲ့ အထဲမှာ မှတ်မိသလောက်ပါပဲ။ ပန်းသီး မျိုးစိတ်တွေ အများကြီး ရှိပေမယ့် မတွေ့ဘူး မစားဘူးတာတွေ၊ မမှတ်မိတာတွေက များပါတယ်။ ပန်းသီး အမျိုးတွေကိုတော့ ၀ီကီမှာ ကြည့်နိုင်ပါတယ်။ ကျွန်တော်က အစတုန်းက ကိုယ်စားတဲ့ ပန်းသီး ဘာမျိုးမှန်းတောင် မသိတဲ့ သူဆိုတော့ အခုတော့ ဈေးမှာ အမျိုးကွဲတွေကို ၀ယ်ပြီး တစ်မျိုးစီ စားကြည့်နေပါတယ်။ စကားမစပ် အမေရိကားမှာဆို ပန်းသီးခြံတွေထဲကို ပန်းသီးကောက် ထွက်လို့ရပါတယ်။ ၀င်ကြေးပေးဝင်ပြီး ကိုယ်စားချင်တဲ့ အပင်က ပန်းသီးကို ကြိုက်သလောက် ခူးစားပြီး နိုင်သလောက် ကောက်လာပါတယ်။ အထွက်မှာတော့ ကောက်လာတဲ့ ပန်းသီးတွေကို အချိန်နဲ့ ဈေးဖြတ်ပါတယ်။ ဒီမှာလည်း ပန်းသီးခြံတွေ အများကြီး ရှိပါတယ်။ ရောက်တော့ မရောက်ဘူးသေးပါဘူး။

အိမ်မှာ အသီးအနှံတွေကတော့ တစ်မျိုးမဟုတ် တစ်မျိုး ၀ယ်ထားပြီး အစာစားပြီးရင် စားတတ်ကြပါတယ်။ ပန်းသီးကို ဒီအတိုင်းစားရတာ ငြီးငွေ့လာတဲ့ သူတွေအတွက်လည်း အချိုပွဲလုပ်နည်းလေး တစ်ခု ဝေမျှလိုက်ပါတယ်။ ပန်းသီးတွေကို အစိပ်စိပ်ပြီး ပါးပါးပြန်လှီး၊ ထောပတ်သီးကိုလည်း အတုံးကြီးကြီး တုံးပြီးထည့်၊ နို့ဆီ နို့ဆိမ်းဆမ်းပြီး စားရင် ပန်းသီးကို အရသာ အသစ်တမျိုးအနဲ့ စားရပါမယ်။ ပန်းသီးရဲ့ အချိုအချဉ်ကို ထောပတ်သီးက ထိန်းပြီး ထောပတ်သီး စားရတာ မအီအောင် ပန်းသီးက ထိန်းပေးပါတယ်။ အခုခေတ်မှာ ဧည့်သည်ကို ပန်းသီး ဧည့်ခံရင် အင်မတန် ရိုးတုန်းနေပေမယ့် ဒီ အချိုပွဲကတော့ ဧည့်သည် အကြိုက်တွေ့ဖို့ အာမခံပါတယ်။ Pink Lady နဲ့ လုပ်စားရတာကို အကြိုက်ဆုံးပါပဲ။ ပန်းသီး တစ်မျိုးမဟုတ် တစ်မျိုးကတော့ ၀ယ်လို့ ရပေမယ့် ထောပတ်သီးကတော့ ရာသီချိန်မှာ ၀ယ်မှ ဈေးချိုပါတယ်။ ထောပတ်သီး ဈေးချိုတဲ့ အချိန် လုပ်စားသင့်တဲ့ အချိုပွဲ တစ်ခုပါပဲ။



တခြားဖတ်ရန် - Apple Pie

10 comments:

သက်ဝေ - 7/31/08, 10:18 PM

ဟီး... စားချင်စရာတွေပါလား..
ပန်းသီးထက် ထောပတ်သီးကို ပိုကြိုက်ပါတယ်.. ဒါပေမယ့် ဒီမှာက ဈေးကြီးတယ်ဝေ့...။ ဘာဘဲဖြစ်ဖြစ် ဒီWeekend မှာ ဒီအချိုပွဲလေးတော့ လုပ်ဖြစ်အောင် လုပ်စားကြည့်အုံးမယ်..။
Very Good Idea အတွက် ကျေးဇူး အထူးပါ..။

Anonymous - 8/1/08, 2:41 AM

ဟုတ်တယ် ထောပတ်သီးကိုတော့ ပိုကြိုက်တယ်။ ပန်းသီးနဲ့ နို့ဆီနို့စိမ်းလဲ ကြိုက်တာပဲ။ အဲဒီ သုံးမျိုးရောပြီးတော့ တခါမှ မစားဘူးဘူး။ ထောပတ်သီးဈေးကြည့်ပြီး လုပ်စားကြည့်ဦးမယ်။ ကျေးဇူးဗျို့။

Peanut - 8/3/08, 8:11 AM

ထောပတ်သီးကြိုက်တယ်.. ပန်းသီးတော့ ကြိုက်ဘူး :(

Andy Myint - 8/4/08, 9:38 PM
မသက်ဝေ၊ စာဖတ်သူ၊ ပီးနက်တို့ရေ ဟုတ်တယ် ပန်းသီးကိုတော့ သိပ်မကြိုက်ကြဘူး... ဒါပေမယ့် နှစ်ခု ရောစားကြည့်ရင် ကောင်းတယ် တကယ်ပြောတာ
ရှင်မင်း - 8/24/08, 1:27 AM

ရှင်မင်းကတော့ Pink Lady ကို အကြိုက်ဆုံးပါ။ ဖျော်ရည်အတွက်ဆို
အစိမ်းရာင်ပန်းသီးကိုကြိုက်တယ် ။

Andy Myint - 8/24/08, 3:09 PM
ဟုတ်တယ် ရှင်မင်း .. မုန်လာဥနီနဲ့ ဖျော်တာ ကြိုက်တယ်။
ThuHninSee - 8/24/08, 5:48 PM

ဖူဂျီပိုကြိုက်တယ်။

Anonymous - 10/23/08, 1:41 PM

Hello.. Aunty.

I would like to buy egg mould to boil as so many patterns of yolk.
Could you pls let me know product name.

Thank you!

nyimuyar - 12/26/08, 9:05 PM

အမဲကြော်နည်းများ ကို ဖတ်ပြီးတဲ့အခါ အမဲသားဟင်း ချက်လိုက်ရပါရောလားဗျို့ ။ နောက်လည်း ဟင်းချက်နည်းများများ တင်နိုင်ပါစေ ကိုအန်ဒီ၊

ချစ်ကြည်အေး - 3/14/10, 11:53 PM

Red Delicious နဲ့ Granny Smith ကို ကြိုက်တယ်၊ Granny Smith က အတုံးလေးတွေ စိတ်ပြီး ထမင်းနဲ့ တို့စရာလုပ်စားဖူးတယ် သူငယ်ချင်းအိမ်မှာ စားဖူးတာ , ထောပတ်သီး နဲ့ရောပြီး နို့စိမ်းဆမ်းထားတာ မစမ်းဖူးသေးဘူး၊ စားကြည့်ပြီးမှ ဗားဒစ် ထပ်လာပေးမယ်... :)

Post a Comment

Many thanks for dropping a comment…

Film