Thursday, July 03, 2008

Baby Bonus

စင်္ကာပူမှာ သမီးလေး မွေးလိုက်တာ မမွေးခင်စားရိတ်၊ ဆေးရုံစားရိတ်၊ မွေးပြီး ကလေး ကာကွယ်ဆေးထိုးတာတို့ ကလေးဆရာဝန် ပြတဲ့ စားရိတ်တွေ အားလုံးပေါင်းလိုက်ရင် ၁ သောင်းလောက် ကုန်သွားပါတယ်။ ဒါတောင် နှစ်ဘက်မိသားစုတွေကို ခေါ်တာ မပါသေးဘူး။ ဒီမှာတော့ မွေးတာရော မွေးပြီးရော အားလုံးလိုလို ဟာ အခမဲ့ နီးပါး ဖြစ်တဲ့ အပြင် မွေးပြီးတော့ Birth Register လုပ်ပြီးတော့ လျှောက်လိုက်တာနဲ့ Baby Bonus ၄၀၀၀ ကျော်က Bank Account ထဲကို တန်းဝင်လာပါတယ်။

တကယ်ဆို သြစတြေးလျရဲ့ သားဖွားနှုန်း (Fertility Rate) က မနည်းပါဘူး။ အောက်မှာ ပြထားတဲ့ ဇယားအတိုင်းပါပဲ။

World (Average) 2.58
Myanmar 2.07
USA 2.05
UK 1.85
Australia 1.81
Singapore 1.08
ဒါပေမယ့် နိုင်ငံအကျယ်အ၀န်းနဲ့စာရင် လူဦးရေ နည်းသေးတဲ့ အတွက် ကလေးများများ မွေးအောင် အားပေးတဲ့ အနေနဲ့ (ယခင်) အစိုးရ ဘဏ္ဍာစိုး (Treasurer) က ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်က စလို့ (ဇူလိုင်လ ၁ရက် - ၂၀၀၄) ကစလို့ ကလေးမွေးတဲ့သူတိုင်းကို ကလေးတစ်ယောက်ကို ဒေါ်လာ ၃၀၀၀ စပေးလာပါတယ်။ အဲဒီ နှစ်မှာ ကလေး ၁ သောင်းခွဲ ပိုမွေးတယ်လို့ ဆိုပါတယ်။ Baby Bonus က တဖြည်းဖြည်းတိုးလာတာ ၃၀၀၀၊ ၄၀၀၀ ကနေ နောက်ဘဏ္ဍာရေးနှစ်မှာ (ဇူလိုင်လ ၁ ရက်နေ့ နောက်ပိုင်းမှာ) ၅၀၀၀ ပေးပါတော့မယ်။ သားလေးက မေလထဲမှာ ဖွားလို့ ၅၀၀၀ ကို မမီလိုက်ပေမယ့် ၄၂၀၀ ကျော်ကျော် ရလိုက်ပါတယ်။ သိုက်ဖွားလေးကတော့ မွေးလာတာ သူ့အထုပ်နဲ့ သူလာတယ်လို့ ပြောနေကြတယ်လေ။ စင်္ကာပူမှာလို နိုင်ငံသားမှ ပေးတာမဟုတ်ဘဲ PR တွေကိုပါ ပေးပါတယ်။ ခွဲပေးတာ မဟုတ်ဘဲ တစ်ခါတည်း ပေးပါတယ်။ နောက်နှစ်ကျရင်တော့ ခွဲပေးတော့မယ်၊ အိမ်ထောင်စု ၀င်ငွေ ၁ သိန်းခွဲ ကျော်ရင် မပေးတော့ဘူး ကြားပါတယ်။

`နိုင်ငံရေး သမားတွေ´ကတော့ ဘေးထိုင် ဘုပြောပေါ့။ ဒီ Baby Bonus အစီအစဉ်ဟာ Stupid Policy ဘာညာပေါ့။ ဒီအစီအစဉ်မရှိလည်း တခြား အစီအစဉ်တွေ ရှိရင် မွေးမှာပဲပေါ့။ ၈၈% ဟာ Baby Bonus ပေးပေး မပေးပေး မွေးမှာပဲတဲ့။ ကျွန်တော်တို့လိုပေါ့။ ကလေးတွေ မွေးရင် ပိုတောင် အခွန်ကောက်သင့်တယ် ပြောတဲ့လူ ရှိသလို မွေးချင်း ၁၆ ယောက် ရှိတဲ့ လွှတ်တော် အမတ်ကလည်း Baby Bonus ၁ သောင်းပေးသင့်တယ် ပြောတာလည်း ရှိပါတယ်။ Baby Bonus ဟာ နိုင်ငံရေးမှာလည်း အတော် အကျိုးသက်ရောက်မှု ရှိပါတယ်။ ပြည်သူတွေကတော့ ကိုယ့်ကို ပိုက်ဆံပေးတဲ့ သူကို ထောက်ခံတာပဲပေါ့။ အဲဒီတုန်းက Baby Bonus ကို စခဲ့တဲ့ Treasurer ကလည်း နိုင်ငံရေးသမားတွေက မထောက်ခံချင်နေ ပြည်သူတွေကတော့ အားပေးတယ်။ အခုတက်လာတဲ့ ၀န်ကြီးချူပ် ကယ်လ်ဗင်ရက်ဒ်ကလည်း ရွေးကောက်ပွဲမှာကတည်းက ၅၀၀၀ ပေးမယ် ပြောပြီး မဲဆွဲလာတာ။

တကယ်တော့ ၄၀၀၀ ကျော်ဟာ မနည်း မများပါ။ Baby Bonus ကြောင့် ကလေးတွေ ပိုမွေးလာတယ်လို့လည်း စာရင်းအင်းတွေအရ ပြောကြပါတယ်။ ဒါတောင် Baby Bonus ဟာ အငြင်းပွားဖွယ် ဖြစ်နေပါသေးတယ်။ ပိုက်ဆံ ၄၀၀၀ ဟာ ၀င်ငွေကောင်းတဲ့ လင်မယားကိုတော့ ကလေးတစ်ယောက် မွေးလောက်အောင် မဆွဲဆောင်နိုင်ပေမယ့် တော်ရုံတန်ရုံ မိသားစုကိုတော့ အထောက်အကူ ပြုပါတယ်။ ကျွန်တော်တို့ အတွက်တော့ အဘိုးအဘွားကို ခေါ်တာနဲ့တင် လောက်တောင် မလောက်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရတော့ ရလိုက်တာပေါ့။

အခုလက်ရှိ နှုန်းအရ ကလေးတစ်ယောက်ကို ဘွဲ့ရတဲ့အထိ ကြီးပြင်းအောင် ပြုစု ပျိုးထောင်ဖို့ ၅ သိန်းလောက် လိုတယ်တဲ့။ ကျွန်တော်တို့က နှစ်ယောက်ဆိုတော့ ၁ သန်းကျော် ကုန်မှာပေါ့။ တွေးကြည့်တာတောင် မလွယ်ဘူး။ ကလေးတစ်ယောက်ကို မွေးလို့ Expense အသုံးစားရိတ် သာမက Opportunity Cost က ပိုကုန်ပါတယ်။ ကလေးတွေကို ပြုစုဖို့ အမေသာ အလုပ် မလုပ်ရင် ရမယ့် လုပ်ခ ဆုံးရှုံးနိုင်တာကို အခွင့်အလမ်း စားရိတ်လို့ ပြောတာပါ။

နောက် (ဘဏ္ဍာရေး) နှစ်မှာ ၅၀၀၀ ပေးတော့မှာမို့ ကလေးတွေကို နောက်ကျမှ မွေးတာတွေလည်း ရှိလာပါတယ်။ မိသားစုဘက်ကတော့ Family Planning ပေါ့။ အစိုးရတွေ ၀န်ကြီးဌာနတွေဘက်ကတော့ ကလေးတွေ ပြုံမွေးရင် ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်မှာကို ပူနေရပါတယ်။

သြော်ဇီမှာတော့ Baby Bonus အပြင် တခြားထောက်ပံ့ကြေးတွေကို အစိုးရက ပေးပါသေးတယ်။ အိမ်ထောင်စု ၀င်ငွေနည်းရင် ထောက်ပံ့ကြေး၊ မိခင်အလုပ်မလုပ်နိုင်ရင် ထောက်ပံ့ကြေး၊ ကလေးမူကြို ထောက်ပံ့ကြေး၊ အိမ်ငှားစားရိတ် ထောက်ပံ့ကြေး စသည် စသည်ပေးပါတယ်။ များသော အားဖြင့်ကတော့ ၀င်ငွေပေါ် မူတည်ပြီး ပေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရတာလေးတွေကတော့ တန်တာပါပဲ။ ဒီလိုကြောင့်လည်း သြော်ဇီမှာ နေရတာ ပျော်ပါတယ်။

တခြားဖတ်ရန်

10 comments:

ဇနိ - 7/4/08, 1:37 AM

ကလေးလည်း လိုချင်တယ်၊ Baby Bonus လည်း လိုချင်တယ်..
း)

ဝေတိုး - 7/4/08, 4:48 AM

်အော်ဇီကိုပြောင်းမှထင်တယ်။သိတဲ့အတိုင်း ဒီမှာက မလွယ်။

nu-san - 7/4/08, 12:57 PM

ဒီမှာလည်း အဲဒီလိုပေးတယ် ကြားတယ်။ ဒါပေမယ့် အမလည်း သိပ်တော့ နားမလည်ဘူး။ ခဏခဏ rule တွေက ပြောင်းနေတာ ဆိုတော့တော်ကြာကိုယ့်အလှည့်ကျမှ မပေးတော့ဘူးဖြစ်ရင် ဒုက္ခ.. :P
အမ ဒီရောက်ကတည်းက မန်နေဂျာနဲ့ R&D ဒါရိုက်တာက ကလေးယူဖို့ပြောတယ်။ ပိုက်ဆံမကုန်ဘူး။ အကုန်အကျများမှာ ဘာမှ မစိုးရိမ်နဲ့ ကလေးမွေးလို့ ထောက်ပံ့ကြေးရမယ်ဘာညာပြောပေးမယ့် ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ ဘာမှ ပြန်မပြောပဲ ငြိမ်နေရတယ်။ ဒီမှာက ပေးတာက ကိုယ်နေတဲ့ မြို့ပေါ်လည်း မူတည်တယ်လို့ပြောတယ်။ ကိုယ်ကလည်း တကယ်ယူတော့မယ်ဆိုရင်တော့ အဲဒါလေးတွေ သိထားတော့ ကောင်းတာပေါ့နော်.. :)

MrDBA - 7/4/08, 3:52 PM

အဟီး ... အနော်လဲမွေးမယ် ခလေး။

မဇနိ - 7/4/08, 4:15 PM

ဒီမှာလည်း Baby Bonus ပေးတယ်ပြောတယ်ဗျ။ ဘယ်လောက်ရတယ်တော့ သေချာမသိဘူး။ သီရိလင်္ကာကျောင်းသူတယောက်ကတော့ နောင်နှစ်ကျောင်းပြီးတော့မှာမလို့ အမှီကလေးယူတယ်တဲ့။ အိမ်ပြောင်းတာနဲ့မတွေ့ကြတာ ပြန်တွေ့တော့ ကိုယ်ဝန်ကြီးနဲ့ အံ့သြလို့မေးမိမှ တွက်ကိန်းနဲ့ ယူလိုက်တာတဲ့။ ဒီ Bonus ကိုတော့ လိုချင်တယ်လို့ ပြောရဲဘူး။ :P

Aung Myo Htet - 7/4/08, 7:54 PM

looks like you've been to aifs website :)

Taungoo - 7/5/08, 3:01 AM

ဟာဗျာ...
ဒီတစ်ခေါက်လာတာ အိမ်ထောင်သည်တွေကြားထဲ ရောက်လာမိပြီ
လူပျိုလေး စိတ်ညစ်သွားပြီဗျာ

Andy Myint - 7/6/08, 11:56 AM
အဲဒါဆိုလည်း Bonus ရနိုင်တဲ့ နေရာမှာ ကလေးမွေး မဇနိရေ။ သားရွှေအိုး ထမ်းလာတယ်ပေါ့။

အဲဒီမှာလည်း ကောင်းတာပဲ မဝေတိုးရဲ့ စားရိတ်တော့ ကြီးမှာပေါ့။ ကျားကြီး ခြေရာကြီးလေ။

အဲဒါတွေ သိထားရင်တော့ ပိုကောင်းတာပေါ့ မနုစံရယ်။ ဒါပေမယ့် ကလေးမွေးတာက ကြာကြာ စောင့်လို့ မရတာတွေလည်း ရှိနိုင်သေးတယ်လေ။ ကျွန်တော်တို့ကတော့ ဖြစ်နိုင်မယ်ဆို စောစော ယူဖို့ တိုက်တွန်းချင်တယ်။

မွေးဗျာ.. Mr DBA Database တွေလည်း ထွက်လာဦးမယ်။

ဟိုးတလောကတော့ အဲဒီ Web Site ကို တစ်ခေါက် ရောက်သေးတယ် အောင်မျိုးထက်

ဟားဟား လူပျိုလေး ကိုတောင်ငူကလည်း စိတ်မညစ်ပါနဲ့ အေးဆေး ကလေးမွေးပါ။
gate - 7/9/08, 11:28 PM

ကျနော့်အလုပ်ကလူကတော့ baby bonus နဲ့ပတ်သက်ပြီးတော်တော်မကျေနပ်ဘူးဗျ။တို့က tax return လည်းမရဘူး။သူတို့က tax return လည်းရတယ်။ baby bonus လည်းရတယ်ပေါ့။သူ့ Partner နဲ့သူက same sex couple ဆိုတော့။ဟားဟား။

Anonymous - 3/3/09, 5:28 AM

Ko Andy,
Thank you for your info. In your recent post, I requested to add the info about baby bonus. Appreciated for your sharing.

Post a Comment

Many thanks for dropping a comment…

Film