Wednesday, July 16, 2008

ရပါတယ် (၂)

ကျွန်တော်က အားနာတတ်လို့ ရပါတယ် ပြောတတ်တာကို ဖတ်ဖူးမယ်။ အားနာလို့ အပြင် နောက်တမျိုး “ရပါတယ်” ပြောတတ်ပါသေးတယ်။ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ပြောတာပါ။ တစ်ခုခု လုပ်မယ်ဆိုရင် “ရပါတယ်.... နောက်မှ” ဆိုပြီး ကိုယ်ကိုယ်ကို ပြောပြီး နေ့ရွှေ့ ညရွှေ့ လုပ်တတ်ပါတယ်။ ဘာကိစ္စ ပေါ်လာ ပေါ်လာ “ရပါတယ်” ဆိုပြီး အရေးတယူ မလုပ် ပစ်ထားတတ်တယ်။

လူတိုင်းမှာ ဆောင်ပုဒ်လေး တစ်ခုစီ ရှိတတ်ပြီး အဲဒီ အတိုင်း ကျင့်သုံးတတ်ကြတယ်။ ဥပမာ တချို့ “Do no evil” ဆိုပြီး မကောင်းတာဆို မလုပ်ဘူး။ မျိုးစုံပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ ဘယ်တူမလဲ။ ကျွန်တော်ရဲ့ ဆောင်ပုဒ်ကတော့ “Better late than never” တဲ့။ ဘယ်တော့မှ မရတာထက် စာရင် နောက်ကျမှ ရတာက တော်သေးတယ် ဆိုပြီး အေးအေး ဆေးဆေးပဲ ဖြစ်နေတယ်။ တကယ်ဆို ဒီဆောင်ပုဒ်က (ဥပမာ) ခရီး တစ်ခု သွားဖို့ ကားကို အလျင်စလို မောင်းတဲ့ သူတွေကို ဆိုရင် ဆုံးမလို့ ကောင်းမယ့်ဟာပဲ။ ဒါပေမယ့် ကျွန်တော်က ဒီဆောင်ပုဒ်ကို တခြား အဓိပ္ပါယ်နဲ့ ယူသုံးနေတယ်။ ကိုယ်လိုချင်တာ ချက်ချင်း မရခဲ့တော့ အခု မရသေးလည်း နောက်တော့ ရလာမှာပဲ ဆိုပြီး “Better late than never” ဖြေသိမ့်ခဲတာ အကျင့်ပါသွားတာပဲ။ အခုလည်း မထူးပါဘူး ကိုယ်လိုချင်တာတွေ ချက်ချင်းရနေတာ မဟုတ်သေးပါဘူး။ အဲဒီလိုနဲ့ပဲ “Better late than never” (ရပါတယ် နောက်မှ) က အရိုးစွဲနေတယ်။ ဒီလိုပဲ လိုချင်တာလည်း နောက်မှရ။ လုပ်ရမှာလည်း နောက်မှလုပ်နဲ့ အရာရာ “ရပါတယ် နောက်တော့ ဖြစ်လာမှာပေါ့” ဖြစ်နေတော့တယ်။

မြန်မာလိုလည်း ဆောင်ပုဒ် တစ်ခု ရှိတယ်။ “အခုရှုပ်မှ နောင်ရှင်း” ဆိုတာ။ ဒါကိုလည်း ကျွန်တော်က အဓိပ္ပါယ် ပြောင်းပြန်ယူပြီး ကျင့်သုံးနေပြန်ရော။ (ဥပမာ) ပြဿနာတစ်ခုနဲ့ ရှုပ်ထွေးနေရင် အို..ရှုပ်ပစေ နောက်ကျရင် ရှင်းသွားမယ်ဆိုပြီး ထားတတ်တယ်။ တကယ်ဆိုရင် အခု အ(လုပ်)ရှုပ်ခံလိုက်ရင် နောက်နောင်ကျရင် ရှင်းရှင်းလင်းလင်း နေလို့ရတယ် ဖြစ်ရမှာ။ သူမကျတော့ ပစ္စည်းတစ်ခု ပျောက်နေရင် မတွေ့ တွေ့အောင် ရှာတယ်။ ကျွန်တော်ကတော့ ပျောက်ပျောက်ချင်းဆို မရှာဘူး။ ခဏနေမှ ရှာကွာ။ ထွက်လာလိမ့်မယ်ဆိုပြီး ပေ နေတယ်။ ချက်ချင်း ရှာရင် ခေါင်းပူနေလို့ မတွေ့ဘဲ နောက်တော့ တွေ့သွားရော။

အမေကတော့ အမြဲတမ်း အားမလို အားမရ ဖြစ်လို့ ဆုံးမတတ်တယ်။ နင်တို့တွေ ချီးပါခါနီးကျမှ ချီးတွင်းတူးတယ် ဆိုပြီး။ လုပ်စရာ ရှိတာကို စောစောစီးစီး မလုပ်ထားဘူး။ ဖင်နားကပ်မှ တွန်းထိုးလုပ်တယ်တဲ့။ အမေ ပြောတာ အဟုတ်ပဲ စာမေးပွဲ နီးမှ စာကျက်မယ်။ နောက်ထပ် မရွှေ့နိုင်တော့မှ ထလုပ်မယ်။

ငယ်ငယ်တုန်းက မင်းသိင်္ခ ၀တ္ထုတွေ ဖတ်ပြီး သူ့ ဇာတ်လိုက်မ တစ်ယောက် ပြောတာကို သဘောကျဘူးတယ်။ “ဖြတ်ကနဲပေါ် ဆတ်ကနဲ လုပ်”ဆိုပြီးတော့လေ။ ဟုတ်တော့လည်း ဟုတ်သားပဲ။ တော်တော်များများက ခေါင်းထဲမှာ ပေါ်လာရင် ချက်ချင်းလုပ်လိုက်မှ အဆင်ပြေတာ။ နို့မဟုတ်ရင် မေ့သွားတာနဲ့။ နောက်ကျသွားတာနဲ့ ဖြစ်တတ်ရော။ ဒီလိုနဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးပေါင်းလည်း မနည်းဘူး။

အလုပ်ထဲမှာတော့ ချက်ချင်းလုပ်မှ။ သူတို့ကတော့ “Do it now” ကို အလုပ်သဘောဆန်ဆန် “Take action immediately” ဆိုပြီး အလုပ်တွေက ပြုံကျလာတယ်။ အလုပ်ထဲမှာတော့ ရွှေ့လို့ မရလို့ မရွှေ့ပေမယ့် ကိုယ်ပိုင် ကိစ္စတွေဆို ရွှေ့နေမိတယ်။

တစ်ခါတစ်လေကျတော့လည်း လွှဆွဲသမားလို ဖြစ်နေတတ်တယ်။ လွှတုံးတုံးကြီးနဲ့ သစ်ပင်ကို ဖြတ်နေတာ မနေနိုင်တဲ့ သူက မင်းအရင် လွှကို သွေးမှပေါ့လို ဆိုလာရင် ငါ ဒီသစ်တုံးကြီးကို ပြီးအောင် ဖြတ်ရဦးမယ် ဆိုပြီး လွှသွေးဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေတယ်။

ဒီလို “ရပါတယ်” ဆိုပြီး နေ့ရွှေ့ ညရွှေ့ လုပ်တတ်တာကိုတော့ ဖျောက်ရဦးမယ်။

ရပါတယ်... ဒီလိုပဲ ဖြည်းဖြည်း ပြင်ယူသွားရင်တော့ ပျောက်သွားမှာပါ။


တခြားဖတ်ရန် - ရပါတယ်(၁)

5 comments:

N3 - 7/16/08, 4:51 PM

"ရပါတယ်... ဒီလိုပဲ ဖြည်းဖြည်း ပြင်ယူသွားရင်တော့ ပျောက်သွားမှာပါ။" :D

ဇနိ - 7/16/08, 9:20 PM

ဟဲဟဲ
ရပါတယ် ကိုအန်ဒီကလည်း ဖြေးဖြေးပေါ့
ကျနော်က ကိုအန်ဒီထက်ပိုတာက - သိတာတွေကလည်း ယောင်ဝါးဝါး
း)

ဂျစ်တူး - gyit_tu - 7/17/08, 12:55 AM

ကိုအန်ဒီရေ .. ဒီပို့စ်လေး သဘောကျပ ။ ဟုတ်ပ ဂျစ်တို့တတွေက အတော်လေး procrastinate လုပ်ချင်ကြတာကိုး ။ အဲဒါနဲ့ ပတ်သက်တဲ့ quote တွေ စုထားတာရှိတာ ဝေမျှလိုက်တယ် ။ နောက်တခါ ရပါတယ် ဆိုချင်ရင် ဒီ quote တွေကို ကြည့်နိုင်ပါစေသားး)

"Procrastination is the grave in which opportunity is buried."
Author Unknown

"Procrastination is the thief of time."
Edward Young

"Procrastination is the art of keeping up with yesterday."
Don Marquis

“Procrastination is the fear of success. People procrastinate because they are afraid of the success that they know will result if they move ahead now. Because success is heavy, carries a responsibility with it, it is much easier to procrastinate and live on the “someday I’ll” philosophy.”
Denis Waitley

Pinkgold - 7/17/08, 2:00 AM

ဒီပိုစ့် ဖတ်ပြီး အသိတရား ပြန်ရသွားပြီ.. စာမေးပွဲ ဝေးသေးပေမယ့် စာကြိုးစားတော့မယ်.. ဟီးဟီး ကျေးဇူး ကိုအန်ဒီရေ

Andy Myint - 7/20/08, 5:41 PM
ဖြည်းဖြည်းပေါ့ ညီမနေနေ

ဖြစ်လာမှာပေါ့ ကိုဇနိရယ်။

အဲဒီ စကားလုံးမေ့နေတာ။ ပြီးတော့ Quote တွေ အတွက် ကျေးဇူးပဲ ဂျစ်

အေးဆေးပေါ့ Pinkgold စာမေးပွဲ နီးရင် သူဘာသူ ဖြစ်သွားမှာပဲ။

Post a Comment

Many thanks for dropping a comment…

Film