Sunday, July 27, 2008

ကြက်ဥနဲ့ ကြက်

နတ်ကိုးကွယ်လို့ တရုတ်အမဲလို့ ခေါ်တဲ့ ၀က်သား ရှောင်တယ်။ စပါးစိုက်ပေးလို့ နွားကို မစားဘူး။ သားကြီး ငါးကြီး မစားဘူး။ အဲဒီတော့ ကြက်ကိုပဲ စားကြတယ်။ တချို့ သတ်သတ်လွတ် စားတဲ့ သူတွေက ကြက်ဥတော့ စားလို့ ရလို့ စားတယ်။ ကြက်သားနဲ့ ကြက်ဥကို စားလို့ ဘယ်တုန်းကမှ အပြစ်ကြီးကြီးမားမား ရှိမယ် မထင်ခဲ့ဘူး။ တနေ့က TV အစီအစဉ် တစ်ခုကြည့်လိုက်တော့မှ တစ်သက်လုံး မြင်ခဲတဲ့ အမြင်တွေ တစ်မျိုး ဖြစ်သွားတယ်။ အဲဒါကို သင့်တော်သလို ပြန်ရေးလိုက်တယ်။

ကြက်နဲ့ ကြက်ဥ ဘယ်က စရင် ကောင်းမလဲ။ ကြက်ဥက စရအောင်။ ကြက်ဥထုတ်ဖို့ ဥစားကြက်တွေကို သပ်သပ်မွေးပြီး ကြက်ဥ ထုတ်ပါတယ်။ ဥစား ကြက်ပေါက်ကလေးတွေ ဥကနေ ထွက်လာတာနဲ့ အထီးနဲ့ အမ ခွဲလိုက်ပါတယ်။ အထီးဆိုရင် ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ မွေးထားရင် ကျွေးရတာပဲ ရှိမှာမို့ပါ။ သတ်တယ်ဆိုတာလည်း ဓါတ်ငွေ့ပေးပြီး သတ်တာပါ။ သက်သက်ညှာညှာ ဆိုပြီးတော့။ အင်မတန် ချစ်စရာ ကောင်းတဲ့ ကြက်ပေါက်လေးတွေကို မျက်စိထဲ မြင်ကြည့်မယ် ဆိုရင်တော့ ဒီလို အကောင် ပေါက်လေးတွေကို သတ်ဖို့ မပြောနဲ့ သေသွားရင်တောင် စိတ်ကောင်းမှာ မဟုတ်ဘူး။ မြန်မာပြည်မှာတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြက်ပေါက်လေးတွေ လိုက်ရောင်းပါတယ်။ ဒီလို ဥစားကြက် အထီးလေးတွေ ဖြစ်မှာပဲ။ အိမ်မှာ မွေးထားသေးတယ်။ အတော် ကြီးလာပြီးမှ သေသွားတယ်။ မြန်မာပြည်မှာပဲ ဒီလို ကြက်ထီးပေါက်လေးတွေကို ငုံးကြော်ဆိုပြီး ညာရောင်းတာလည်း ရှိပါတယ်။ ကြွတ်ကြွတ် ကြွတ်ကြွတ်နဲ့ စားကောင်းတယ် ထင်ရမယ်။

မသေဘဲ ကျန်ခဲ့တဲ ကြက်မဟာ ၁၈ ပတ်သားကနေ စပြီး မသေမချင်း လှောင်အိမ်ထဲမှာပဲ တစ်နှစ်ကျော်ကျော်ကြာ နေရတော့တယ်။ နှစ်ပေ ပတ်လည် လှောင်အိမ် ထဲမှာ ကြက်မ ၆ ကောင်လောက် နေရတယ်။ တစ်ကောင်အတွက် ရတဲ့ နေရာက ရှူးဖိနပ်ဘူး တစ်ဘူးစာလောက်။ ငှက်တစ်ကောင်အတွက် အတောင် ဖြန့်ရတယ်ဆိုတာ ဥစားကြက်မတွေမှာ မရှိပါဘူး။ အတောင်ဖြန့်ဖို့ နေနေသာသာ ပေးတောင် မလှုပ်ပါဘူး။ လှုပ်လှုပ်ရှားရှား နေမယ်ဆို အစာပိုကျွေးရမယ်လေ။ ကြက်မတွေ အတွက်တော့ လှောင်အိမ်ရှေ့ ကွန်ဗေရာပေါ်က အစာတွေကိုစား လှောင်အိမ်အောက်က ကွန်ဗေရာပေါ်ကို ဥတွေဥချ။ ဒါပဲ သူတို့ အတွက် တစ်သက်စာ လုပ်စရာက။ ပြင်ပက ရောဂါပိုးတွေ မ၀င်အောင် ကြက်လှောင်အိမ်တွေကို ဂိုဒေါင်လိုမျိုးထဲမှာ ဆောက်ထားပြီး ဒီအထဲ ရောက်လာတဲ့ ကြက်မတစ်ကောင်ဟာ နေရောင်ကို မမြင်ရတော့ပါဘူး။ သဘာဝတရားအတိုင်း နေထိုင်ခွင့် မရှိတော့ပါဘူး။ ဥမဥနိုင်တဲ့ အချိန်ရောက်မှ ဒီအထဲက ခေါ်ထုတ်သွားပြီး သတ်ပစ်လိုက်မှာပါ။ ဥဥရုံ မွေးထား ကျွေးထားတဲ့ ကြက်တွေဟာ အသားအတွက်တော့ စားလို့ မကောင်းတော့ ပုံစံပြောင်းပြီး ရောင်းကြပါတယ်။ ကြက်အူချောင်းလိုမျိုးတွေ ကြက်သားမှုန့်လိုမျိုးတွေပါ။ ယူကေမှာတော့ တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့တစ်ဖွဲ့က ဒီလို ကြက်မတွေကို မွေးစားတာမျိုး လုပ်ပေးပါတယ်။

ဒီလို လှောင်အိမ်တွေကို Battery Cage လို့ခေါ်ပြီး ဒါဟာ နည်းပညာ တိုးတက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ကြက်ဥတွေကို ဘယ်လို ဈေးပေါပေါနဲ့ ထုတ်ရမလဲဆိုတာကို သိပ္ပံနည်းကျ အကောင်အထည် ဖော်ထားတာပါ။ ဒီနေ့ခေတ်မှာ ကုန်စုံဆိုင် တစ်ခုကို ၀င်ကြည့်လိုက်မယ်ဆိုရင် ကြက်ဥ ၁၀ လုံး/တစ်ဒါဇင် ဈေးဟာ ခေါင်းထဲ ထည့်စရာ မလိုလောက်အောင်ကို ချိုသာနေပါတယ်။ ဟင်းသီးဟင်းရွက် တစ်စည်းစာထက်ကို နည်းနေပါသေးတယ်။ အသားမစားနိုင် မစားချင်လို့ ကြက်ဥစားမယ်ဆိုရင်လည်း တွက်ချေကိုက်တဲ့ အာသာပြေစေတဲ့ အာဟာရလည်း ပြည့်ဝတဲ့ အစားထိုးစရာ တစ်ခုပါ။

လူတွေအတွက် နည်းပညာဟာ ကြက်မတစ်ကောင်အတွက်တော့ ပိုရက်စက်တဲ့ အကျဉ်းစံ ဘ၀ပါပဲ။ လှောင်အိမ်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ် နေရလို့ တစ်ကောင်နဲ့ တစ်ကောင် နှုတ်သီးနဲ့ မထိုးမိအောင် ကြက်မတွေကို နှုတ်သီးတုန်းပစ်ပါတယ်။ ကြက်နှုတ်သီးမှာ အင်မတန် ခံစားနိုင်တဲ့ အာရုံကြောတွေ ရှိလို့ နှုတ်သီးတုန်းချိန်မှာ ကြက်ဟာ မခံစားနိုင်အောင် နာကျင်ရပါတယ်။ ခေါင်းမှာ ရှိတဲ့ အင်္ဂါတွေ အားလုံးဟာ အာရုံကြောတွေ ပိုများပြီး ဦးနှောက်နဲ့လည်း နီးလို့ အင်မတန် ခံစားလွယ်တာကို စဉ်းစားကြည့်နိုင်ပါတယ်။

သဘာဝအတိုင်းဆို တစ်နှစ်လုံးနေမှ ဥ ၂၀ အစိတ်လောက် ဥရာကနေ ဥ ၂၀၀ ကျော် ဥအောင် အစားတွေထဲမှာ ဆေးတွေ ထည့်ထားပါတယ်။ ဥဥရလွန်းတဲ့ အတွက် ကြက်မတွေဟာ ကယ်လစီယမ်ဓါတ်တွေ ချို့တဲ့လာပါတယ်။ မလှုပ်မရှား လှောင်အိမ်ထဲမှာပဲ နေရတဲ့ အတွက် အရိုးတွေကလည်း မသန်တော့ပါဘူး။ နေ့တိုင်း နေ့တိုင်း ဥတွေ တပြွတ်ပြွတ် ဥပေးရတဲ့ ကြက်မတစ်ကောင်ရဲ့ ဘ၀ကို စာနာကြည့်မယ် ကိုယ်ချင်းစာကြည့်မယ်ဆို ကလေးမွေးဖူးတဲ့ သူတွေက ပိုပြီး ခံစား တတ်မယ် ထင်တယ်။ ဒါတင် အားမရလို့ ကြက်ဥတွေကို ပိုကြီးအောင် အစာထဲမှာ ဆေးတွေထည့်ပြီး ဥတွေကို အကြီးကြီးတွေ ဖြစ်အောင် လုပ်မယ်။ ကြက်ဥအခွံတွေ အနှစ်တွေ အရောင်လှအောင် ဆေးတွေ ထည့်ကျွေးမယ်။

ဒီလို နည်းပညာနဲ့ ကြက်တွေကို မွေးထားတဲ့ အတွက် မွေးမြူသူများဘက်က စားရိတ်အများကြီး သက်သာသွားပါတယ်။ ကြက်ဥ အလေအလွင့် မရှိတော့ပါဘူ။ ကြက်ဥ ကွဲတာ ပျောက်တာ မရှိတော့ပါဘူ။ အစာကိုလည်း တစ်ကောင်ကို ဘယ်လောက်နှုန်းနဲ့ တွက်ပြီး ကျွေးလို့ရတဲ့ အတွက် အတိအကျ ကျွေးချင်တာ ကျွေးလို့ ရလာပါတယ်။ ထိန်းသိမ်းစားရိတ်ကလည်း အများကြီး လျော့နည်းသွားပြီး ကြက်မအကောင် သိန်းချီ မွေးပြီး ဥအလုံးရေ သိန်းချီထုတ်ဖို့ အလုပ်သမားအနည်းငယ်ပဲ လိုတော့တယ်။ အဲဒါကြောင့် ကြက်ဥဈေးဟာ အင်မတန်ကို သက်သာလာပါတယ်။ ဆူပါမားကတ်တွေက ဈေးအချိုဆုံး သွင်းလာတဲ့ မွေးမြူရေးသမားတွေဆီက ကြက်ဥတွေကို ပျော်ပျော်ကြီးလက်ခံတယ်။ မွေးမြူရေးသမားတွေကလည်း ကိုယ့်ကြက်ဥ ဈေးကြီးနေမယ်ဆို တခြားသူကို လက်ကားရောင်းတဲ့သူတွေက လက်ခံသွားမှာ ဆိုတော့ စားရိတ်ကို ကျဉ်းနိုင်သမျှ ကျဉ်းအောင် လုပ်ရတယ်။ မွေးမြူ၊ ရောင်းဝယ်ဖောက်ကား၊ ၀ယ်ယူစားသုံးနေသူတွေအတွက် ကြက်မတစ်ကောင်ရဲ့ ဘ၀ဟာ ဘာမျှ ထည့်စဉ်းစားစရာ မလိုတဲ့ အချက်တစ်ချက်လို ဖြစ်နေတော့တယ်။

ဒါကြောင့်မို့လို တိရစ္ဆာန်များ စောင့်ရှောက်ရေး အကျိုးဆောင်တွေက ကြက်တွေကို ဒီလို လှောင်ချိုင့်ထဲမှာ ရက်ရက်စက်စက် မွေးထားပြီး ဥဥစားနေတာကို အပြင်းအထန် ကန့်ကွက်လာတယ်။ တိုးတက်တဲ့ စနစ်ရှိတဲ့ နိုင်ငံတွေမှာတော့ ကြက်မ ဘယ်နှကောင်အတွက် လှောင်အိမ်ဟာ ဘယ်လောက် ကျယ်ရမယ်ဆိုတာကို ပြဌာန်းထားပေမယ့် လှောင်ချိုင့်စံ ဘ၀ကတော့ မတိုးတက်ပါဘူး။ အီးယူနိုင်ငံတွေမှာတော့ နောက်ငါးနှစ်လောက်ကြာရင် ကြက်တွေကို ဒီလိုလှောင်ပြီး ဥထုတ်တဲ့ စနစ်ကို လုံးဝ ခွင့်မပြုတော့ဘူးလို့ အဆို တင်သွင်း ထားပါတယ်။ ဂျာမနီ၊ ဆွီဒင်နဲ့ ဆွစ်စလန်မှာတော့ ဒီလို လှောင်မွေးတာကို တားမြစ်ထားပါပြီ။

တိရစ္ဆာန် တစ်ကောင်ဟာ မူမှန်တဲ့ ပြုမူလှုပ်ရှားခွင့် ရှိရမယ်ဆိုတဲ့ အချက်ကိုတော့ တစ်ကမ္ဘာလုံး နီးနီးက လျစ်လျူရှုထားစဲပါ။
ဒီထက် နည်းနည်း လူသားဆန်တဲ့ မွေးမြူနည်းစနစ်ကတော့ ကြက်တင်းကုပ်နဲ့ မွေးတာပါ။ ဂိုဒေါင်အရွယ် တင်းကုပ်ထဲမှာ အောက်က ဖွဲလိုမျိုး ခင်းထားပြီး လှောင်အိမ်မပါဘဲ ကြက်တွေအားလုံးကို ဒီအတိုင်း ထည့်ထားပြီး မွေးတာပါ။ ကြက်မတွေဟာ အထဲမှာ လှုပ်ရှား သွားလာလို့ ရတယ်။ ကြက်တန်းရှိတယ်၊ ဥခင်း ရှိတယ်။ အနည်းငယ် ပျံလို့ရတယ်။ တစ်ကောင်နဲ့ တစ်ကောင် ကြိုက်သလို တွေ့လိုရတယ်။ အပြင်တော့ ထွက်ခွင့် မရှိဘူး။ ကြက်တွေ ငှက်တွေဆိုတာမျိုးကို သိုးတွေ၊ နွားတွေလို သိမ်းရတာ လွယ်တာမှ မဟုတ်တာ။ အပြင် ထွက်ခွင့်ပေးရင် အလုပ်သမားစားရိတ် ပိုကုန်မယ်။ ကြက်ဥတွေ အလေအလွင့် များမယ်။ အခုလို တင်းကုပ်နဲ့ မွေးတာတောင် ကြက်ဥတွေ ကွဲတတ်တော့ အလေအလွင့်က ရှိသေးတယ်။ ပြီးတော့ Battery Cage မှာလိုမျိုး ကြက်ဥတွေကို ဥချလိုက်တာနဲ့ ကွန်ဗေရာပေါ်ကနေ တောက်လျောက် စီပြီး ထုတ်ပိုးတဲ့ နေရာကို တန်းရောက်တာမျိုး မဟုတ်ဘူး။ ကြက်ဥ လိုက်ကောက်ရမယ်။ ဒီလိုနည်းကိုတော့ အလွန် ရက်စက်တယ် မခေါ်ကြတော့ပါဘူး။ ဥပဒေစကားနဲ့ဆို အကျယ်ချုပ်ပေါ့။ ဒီလို မွေးထားတဲ့ ကြက်တွေကဥတွေကို Free Range Egg လို့ခေါ်ပါတယ်။

ဒီထက် ပိုလူသားဆန်မယ့် နည်းလမ်းကတော့ ကြက်တွေကို တင်းကုပ်လည်း ဆောက်ပေးထား။ နေ့လည် နေ့ခင်းဆို စားကျက်မှာလည်း လွှတ်ပေးထားတဲ့ မွေးမြူနည်းပါ။ ကြက်တွေက အိပ်စရာရှိတယ်။ ဥဥစရာ နေရာရှိတယ်။ နေ့ခင်းဆို အပြင်မှာ သဘာဝအတိုင်း သွားလာ လှုပ်ရှားလို့ ရတယ်။ မြေကြီးထဲက တီကောင်၊ ပိုးကောင်းကို ယက်ရှာပြီး စားသောက်လို့ ရတယ်။ နေရောင်ရတယ်။ သဘာဝလေ ရှူလို့ရတယ်။ သွားလာ လှုပ်ရှားပြီး ပိုကျန်းမာ သန်စွမ်းတယ်။ ကြက်မတွေအတွက် ပိုပြီး ကံကောင်းတာကတော့ ကြက်ဖတွေနဲ့ တွေ့ခွင် ရှိတာပါပဲ။ ကြက်အုပ် တစ်အုပ်ထဲကို ကြက်ဖ တစ်ကောင်လောက် ထည့်ထားပေးတတ်ပါတယ်။ ဒီလို ကြက်မတွေက ထွက်လာတဲ့ ဥတွေကိုတော့ Farm Fresh Egg လို့ခေါ်ပါတယ်။ တစ်ချို့ ကြက်ခြံတွေမှာ ကြက်တွေကို သဘာဝ အစားအစာ ပြောင်းနှံတွေပဲ ကျွေးပါတယ်။ ဒီလို ကျွေးထားတဲ့ Organic ကြက်ဥတွေက အရွယ်အစား သေးတတ်ပါတယ်။ ကုန်စုံဆိုင်ဘက်က ကြည့်မယ်ဆို ဒီလို ကြက်ဥတွေဟာ ဈေးအကြီးဆုံးနဲ့ အရွယ်အစား အသေးဆုံးပါပဲ။

ကုန်စုံဆိုင်တွေမှာ ကြက်ဥတွေကို အမျိုးအစား ခွဲထားပြီး Cage Egg၊ Free Range နဲ့ Farm Fresh ဆိုတာကို သိသာစွာ စာတမ်းထိုးထားပါတယ်။ ဈေးနှုန်းကလည်း နည်းနည်း ကွာနေပါတယ်။ Cage Egg က ၃ကျပ်ဆိုရင် Free Range က ၄ ကျပ်၊ Farm Fresh က ၅ ကျပ်လောက်နဲ့ Oragic က ၆ ကျပ်လောက် ပေးရနိုင်ပါတယ်။ လူ့သဘာဝ (ဈေး)ပေါ- (အရွယ်) ကြီး- (အရသာ)ချို လိုချင်တာဆိုတော့ Cage Egg တွေက အရောင်းရဆုံးပါ။ ဒီလို ၀ယ်နေတဲ့ အချိန်မှာ တစ်သက်လုံး လှောင်ချိုင့် ကျဉ်းကျဉ်းလေးထဲမှာ နေရပြီး ဥဥဖို့သာသာ ကြက်မဖြစ်လာရတဲ့ ဘ၀ကို တစ်ချက်လောက်တော့ ငဲ့ညှာသင့်ပါတယ်။ ဗမာတွေက တစ်ကိုယ်ရေ သမားဆို နှစ်ပတ်မှ ကြက်ဥ တစ်ဒါဇင်၊ မိသားစုဆိုရင် တစ်ပတ်မှ တစ်ဒါဇင်စားတတ်တာပါ။ ဘိုတွေလို များများစားစား ၀ယ်တတ်တာ မဟုတ်ပါဘူး။ စားအုန်းဆီ စားရင် နှလုံးရောဂါ ဖြစ်မှာ စိုးလို့ ဈေးပိုပေးရတဲ့ ကိုလက်စထရောနည်းတဲ့ ကင်းတဲ့ ဆီတွေ ၀ယ်စားသလို၊ နည်းနည်း အရသာပိုကောင်းတဲ့ အစားအစာတွေကို ဈေးနည်းနည်း ပိုပေးလိုက်ရင် တန်တယ် ထင်သလို ကြက်ဥ၀ယ်တဲ့ အချိန်မှာလည်း ကြက်တွေရဲ့ ဘ၀ကို စဉ်းစားပေးပြီး ၁ ကျပ် ၂ ကျပ် ပိုပေးလိုက်ပြီး Cage Egg ကို မ၀ယ်ဘူး ဆိုရင် ကိုယ့် စည်းစိမ် မပြုတ်သွားပေမယ့် သန်းနဲ့ ချီနေတဲ့ ကြက်တွေရဲ့ ဘ၀ဟာလည်း သိသိသာသာကြီး တိုးတက် ကောင်းမွန်သွားမှာပါ။ ကိုယ်မ၀ယ်လည်း သူများက ၀ယ်မှာပဲလို့ တွေးမိရင်တော့ တစ်ယောက် တစ်ဇွန်း ထည့်ရမည့် ဆီအိုးထဲမှာ ရေတွေပဲ ရှိသလို ဖြစ်နေမှာပါ။

အသားစားကြက်တွေရဲ့ ဘ၀ဟာလည်း မလွယ်လှပါဘူး။ သူတို့ကတော့ အသားတိုးအောင် ရင်အုပ်ဖောင်းအောင် မျိုးစပ် ပြုပြင်ထားတဲ့ ကြက်တွေပါ။ ဥစားကြက်ပေါက်တွေလိုပဲ ဥကပေါက်တာနဲ့ စစ်ဆေးပြီး အနာအဆာရှိတဲ့ ကြက်ကလေးဆိုရင် ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ ပြီးတော့ အထူးစပ်ထားတဲ့ အသားတိုး အစာတွေပဲ စားရပါတယ်။ အရွယ်မရောက်သေးပဲ အသားတွေ အများကြီး ချက်ချင်းတိုးလာလို့ သူတို့ကို သူတို့ မသယ်နိုင်ပါဘူး။ အရိုးတွေက ကောင်းကောင်း မထောက်ပံ့ထားနိုင်တော့ အရိုးပျော့ ရောဂါဖြစ်ပြီး ခွေလဲ ယိုင်လဲ ဖြစ်ရပါတယ်။ အသည်းတို့ နှလုံးတို့မှာ အဆီဖုံးတယ်။ ဒီထက် ပိုဆိုးတာကတော့ သူတို့ဟာ သက်တမ်း အနည်းငယ်ပဲ နေရပါတယ်။ ကြက်တစ်ကောင်ဟာ သဘာဝအတိုင်း နေမယ်ဆိုရင် အနည်းဆုံး ၅ နှစ်ကနေ ၁၂ နှစ်လောက်အထိ နေနိုင်တာကို အသားစားကြက်တွေဟာ ရက်ပေါင်း ၅၀ တောင် စေ့အောင် မနေရပါဘူး။ တင်းကုပ်နဲ့ မွေးရင် ရက် ၈၀လောက်၊ ခြံထဲမှာ လွှတ်ပေးထားတာဆို ရက် ၁၀၀ ကျော်လောက်ပဲ နေရပါတယ်။ ရောင်းစားဖို့ အလေးချိန်ပြည့်တာနဲ့ သတ်ပြီး ရောင်းစားပစ်လိုက်တာပါပဲ။ ကြက်တွေရဲ့ ဘ၀ဟာ လူတွေစားဖို့ သက်သက်ဖြစ်လာရသလို ဖြစ်နေချိန်မှာ ကိုယ်က နည်းနည်း ညှာတာပေးမယ်ဆိုရင်တော့ သတ္တလောကကြီးက အနည်းငယ် တရားမျှတ လှပလာမှာပါ။

Farm Fresh ကြက်တွေဟာ ပိုချိုပြီး ကြက်ဥတွေဟာလည်း ပိုစားကောင်းတယ် ဆိုကြပါတယ်။ မြန်မာပြည်မှာတော့ မွေးမြူရေးကြက် (CP ကြက်)နဲ့ တိုင်းရင်းကြက် (ခြံကြက်) ဟာ ဈေးလည်း ကွာ အရသာလည်း ကွာပါတယ်။ မွေးမြူရေးကြက်တွေက အသားပိုနူးညံ့ပေမယ့် ခြံကြက်တွေက ပိုပြီး ချိုတယ် ဆိုကြပါတယ်။ ကောလဟာလလို့ ဆိုပေမယ့် ဖြစ်နိုင်တာ တစ်ချက်ကလည်း လူတွေက အသားတိုး ကြက်တွေ စားပြီး ကြက်သားထဲက ဆေးတွေ ဟော်မုန်းတွေကြောင့် လူတွေဟာလည်း အစားတွေ ပိုစားချင် ကိုယ်အလေးချိန်တွေ မထိန်းနိုင် ဖြစ်ရတယ် ဆိုပါတယ်။ ဒါဟာ ချက်ချင်း ၀ဋ်လည်တာလည်း ဖြစ်နိုင်ပါတယ်။

(ဒီဘလောက်က မြန်မာပြည်က မဖတ်နိုင်ပါဘူး။ မဖတ်ပါဘူး။ ဖတ်လည်း လက်ချိုးရေလို့ ရပါတယ်။ နိုင်ငံရပ်ခြားမှာ နေနေတဲ့ မိသားစုတွေ အတွက်ပဲ ရေးပါတယ်။ မြန်မာပြည်ကလူတွေက အတွက် လစာ တစ်လစာကို ကြက်ဘယ်နှကောင် ကြက်ဥဘယ်နှလုံး ၀ယ်နိုင်သလဲ။ မိသားစုဟာ အသားကို (ပရိုတင်း) လုံလောက်အောင် စားရသလားဆိုတဲ့ အချက်တွေကို လုံးဝ ထည့်သွင်း စဉ်းစားထားခြင်းမရှိပါ။ ဒီ Post ကို ဖတ်ပြီး အနည်းငယ် စဉ်းစားပေးမယ်၊ ဝေမျှပေးမယ်ဆိုရင် ရေးရကျိုး ပိုနပ်မယ် ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။)

31 comments:

ဂျစ်တူး - gyit_tu - 7/27/08, 7:27 PM

တိုက်တိုက်ဆိုင်ဆိုင် ခုနကပဲ အမြန်ပြီးတဲ့ ကြက်ဥကြော် စားလိုက်သေးတယ် ။ cage နဲ့ မွေးနည်းကတော့ အလွန်ရက်စက်လွန်းလှတယ်နော် ။ ဒါကြောင့်လည်း လူတွေ သတ်၂လွတ် စားလာကြတယ် ထင်တယ် ။

ဒီပို့စ်ရေးဖို့ သေချာ လေ့လာထားတဲ့ ကိုအန်ဒီ့အချိန်တွေကို တန်ဖိုးထားမိပါတယ် ။ ဒါနဲ့ အမကရော ၀ိုင်းလေ့လာပေးလာဟင်း)

imaginary clouds no 2 - 7/27/08, 7:46 PM

ဒီဆောင်းပါးလေး အရမ်းကောင်းတယ် အန်ဒီ ။

Anonymous - 7/27/08, 8:06 PM

ဆိုင်က ကြက်တကောင် ၀ယ်ထားတာ ခုဖတ်ပြီးမှ ချက်စားရမှာတောင် တွန့်သွားပြီး သက်သတ်လွတ် စားချင်သလိုလို ဖြစ်လာတယ်။ ဒါပေမယ့် မသိသေးတာ သိရတဲ့အတွက် ကျေးဇူးဗျို့

မဇနိ - 7/27/08, 10:30 PM

တခါမှ အဲဒီလို တွေးမကြည့်မိဘူးဗျ။ အစကတည်းက အသားတွေမကြိုက်၊ ကြက်ဥလည်း သိပ်မစားချင်တာ အခု စားရမှာ တွန့်သွားပြီ။ ရေးထားတာ ဗဟုသုတတွေ ရတယ် အကိုနဲ့ အမ ကျေးဇူးဗျ။

MrDBA - 7/28/08, 12:00 AM

ငါးဘဲ စားရင်ကောင်းမလားဘဲဗျ ..

My Wonderful Moral Thoughts - 7/28/08, 1:10 AM

နန္ဒာကတော့ Free Range Egg နဲ့ Farm Fresh ကြက် ကို ငယ်ငယ်ထဲက မိဘတွေ သင်ထားလို့ အမြဲ ဝယ်စားဖြစ်တယ်။ ကိုယ်နဲ့ Close ဖြစ်သူတွေကိုလဲ အဲလို ဝယ်စားဖြစ်ဖို့ အမြဲ encourage လုပ်ဖြစ်တယ်..

မကြာသေးခင်က UK မှာ Channel 4 ကနေ နာမည်ကြီး Chef တယောက်ဖြစ်တဲ့ Jamie Oliver ဆိုသူက ဒီလို အကြောင်းတွကို Program တခုအနေနဲ့ ပြသွားတာလဲ ကြည့်လိုက်ရတယ်.. တကယ့်ကို အသိပညာရစေပါတယ်... အဲဒီ Program ကြည့်ပြီး တော်တော် ခံစားလိုက်ရတယ်...

ကိုAndy ရေးသလို လူတွေ Eggs နဲ့ Chicken ဝယ်တဲ့အခါ Considerate ဖြစ်ကြမယ်ဆို သိပ်ကောင်းမှာဘဲလို့ တွေးမိတယ်။

ဝေမျှပေးတာ ကျေးဇူးပါရှင်။
SMNTL

Anonymous - 7/28/08, 8:37 AM

ကိုအန်ဒီ ပြောမှဘဲ စုံစုံလင်လင် သိတော့တယ်...
ကြက်သား ဘဲ အများဆုံး စားဖြစ်တာ ဆိုတော့ ...
အခုတော့ ကိုယ်ချင်းစာ တတ်သွားပြီ...
သတ်သတ်လွတ် စားဖြစ်အောင် ကြိုးစားကြည့် ပါအုံးမယ်...
ကျေးဇူး ကိုအန်ဒီ...

nu-san - 7/28/08, 1:35 PM

Andy ရေ.. ရေးထားတာ ဖတ်ပြီး ကြက်သား/ ကြက်ဥ ကို မစားချင်တော့ဘူး.. ကြက်တွေကို သနားလို့... အရင်ကတော့ အဲဒီလောက် မတွေးမိတာ အမှန်ပဲ.. အခုလို ပြန်ဝေမျှပေးတာ ကျေးဇူးပါ Andy!!

Andy Myint - 7/28/08, 9:28 PM
သိလိုက်ရတာ နောက်မကျသေးလို့ တော်သေးတယ် တီတီဂျစ်။ နောက်ကိုတော့ Cage Egg မစားတော့ဘူး။ အစ်မက ၀ိုင်းစစ်ပေးတယ်။ တစ်ခါတစ်လေ စာရေးဖို့ သူဆီက အကြံရတယ်လေ။

ဆောင်းပါးတော့ မခေါ်ရဲပါဘူး မောင်တိန်။ Post လောက်ပဲ ခေါ်ရဲတယ်။

အလွန်အကြူး မစားရင်၊ Cage Egg မစားရင်တော့ ရမယ်ထင်တာပဲ စာဖတ်သူ။ သက်သက်လွတ်စားနိုင်ရင်တော့ အကောင်းဆုံးပဲ။

ကျွန်တော်လည်း အခုမှ အသေအချာ သိလို့ စိတ်မကောင်း ဖြစ်ပြီး ရေးလိုက်တာ မဇနိ။ ကောင်းတယ် အသားမကြိုက်တတ်တာ။

ငါးက ဈေးကြီးတယ်ဗျ Mr. DBA။ တစ်ခါစားက ကြက်နှစ်ကောင် ဈေးထက် ပိုများနေတယ်။

ကောင်းတာပေါ့ ညီမနန္ဒာ။ ဟုတ်တယ် အဲဒီ အစီအစဉ် ကြည့်ပြီး ရေးလိုက်တာလေ။

သက်သက်လွတ် စားနိုင်ရင်တော့ ကောင်းတယ် စာဖတ်သူ။ ကျွန်တော်တော့ မရသေးဘူး။

ဟုတ်တယ် အစတုန်းက ဘာကြောင့် ဈေးကွာနေလဲ မသိဘူးလေ မနုစံ။ Free Range တွေ ဘာတွေက ဘာများ အဟာရ ပိုဖြစ်မှာလဲ တွေးပြီးတော့ ဈေးပေါတာပဲ ၀ယ်ဝယ် စားနေတာ။ အခုတော့ နည်းနည်းပိုပေးပြီး Cage Egg ကို ရှောင်တော့မယ်။
ပီတိ - 7/29/08, 1:10 AM

ရုံးမှာ ကြက် အကြောင်းကိုဖတ်သွားပြီးသနားသွားတယ်။ ရုံးကအပြန် ညစာစားဖို့ ဆိုင်တွေဝင်ကြည့်တော့လည်း စားချင်စိတ်မရှိ။
အိမ်ပြန်ရောက်တော့ ဘာစားစရာကြည့်တော့ ပေါင်မုန့်နဲ့ ကြက်ဥပဲရှိလေရဲ့။ ကြက်အကြောင်းဖတ် ပြီး ကြက်ဥစားချင်စိတ်သိပ်မရှိပေမယ် ကိုယ့်ကိုကိုယ်ပိုသနားတာနဲ့ ဟာတာတာဖြစ်နေတဲ့ဗိုက် ပြည့်သွားအောင် ကြက်ဥလေးကြော် ပေါင်မုန့်လေးနဲ့စား.... အင်း... အရသာရှိလိုက်တာ....
ကြက်ကလေးတွေကိုတော့ သနားတော့သနားပါတယ်လေ...

ကျောက်မင်းနိုင် - 7/29/08, 1:18 AM

တစ်ခါမှမစဉ်းစားမိတာတွေ အခုမှပဲအသေးစိတ်သိရတော့တယ်။
ကောင်းတယ်ဗျို့.................

Kay - 7/29/08, 2:39 AM

ကိုအန်ဒီရေ-
ကြက်သားလဲ မစားရက်..ကြက်ဥ လဲ..မစားနိုင် ဖြစ်ရ ပါလား။ ဒါပေမဲ့..ဘယ်နှယ့်လုပ်မလည်း.. တယောက်တပြန် စားနေ တဲ့..ဒီကမ္ဘာကြီး ထဲ.. လူတွေ ကိုလည်း..လူတွေ ကစား..။ ဘာပဲပြောပြော..ပညာပေး ပို့စ်လေး တခု..။ အနဲဆုံးတော့..ကြက်ဥ ကြက်သားစားခါ နီးတိုင်း.. ကြင်နာ အသိစိတ်ကလေး နဲ့.. စား ဖြစ် မယ်ထင်ပါရဲ့။

Anonymous - 7/29/08, 1:26 PM

အလုပ်ရှုတ်တဲ့ အချိန်ဆို ကြက်ဥက အမြန်ဆုံး။ လုံးဝ မစားပဲတော့ မနေနိုင်လို့ ဒီဆောင်းပါးဖတ်ပြီး နောက်ဆို ကပ်စေးနဲပေမယ့် Free Range Egg or Farm
Fresh Egg ပဲစားတော့မယ်။ စာဖတ်ပရိသတ်ရှိပြီးသား wesheme family ကိုကျေှးဇူးပါ။ ဒီဆောင်းပါးဖတ်ပြီး စာဖတ်သူတော်တော်
များများ ကြက်တွေကို ကိုယ်ချင်းစာပြီး အစားနဲသွားမှာ Or ရွေးဝယ်ဖြစ်မှာ သေချာတယ်။

TZA - 7/30/08, 1:28 AM

မြန်မာပြည်က CP ကြက်ဆိုတာ ယိုးဒယား Charoen Pokphand ကိုပြောတာထင်တယ်၊ ကျနော်အဆက်ပြတ်နေတာ ကြာလှပြီဆိုတော့ ထင်တာပြောတာ။ အင်း၊ ဘဝဆက်တိုင်းဆက်တိုင်း ကြက်ဖြစ်ရင်တောင် သေတဲ့အထိ ဥတပြွတ်ပြွတ် ဥပေးရတဲ့ဥစားကြက်မကြီး မဖြစ်ရပါစေနဲ့ဘုရား လို့ ဆုတောင်းလိုက်ပါတယ်၊ သွပ်သွပ်။

Andy Myint - 7/30/08, 1:29 PM
Free Range လိုမျိုး ၀ယ်စားလေ ကိုပီတိ ဒါဆို ဗိုက်လည်း ပြည့်၊ နောက်ကျောလည်း လုံတာပေါ့။

ကျေးဇူးပဲ ကျော်မင်းနိုင်

ကျေးဇူး မကေ။ ဟုတ်တယ် ကြင်နာစိတ်ထားပြီး စားမယ် ဆိုရင် အာပတ် လွတ်နိုင်တယ် အဟီး

အင်း အားလုံးက Cage Egg ကို ရှောင်မယ်ဆိုရင်တော့ ကောင်းတာပေါ့ စာဖတ်သူ

ဟုတ်တယ် TZA အဲဒီ ကြက်တွေကို ပြောတာ။ သူတို့ဆီက အကောင်ပေါက်တွေ မျိုးတွေ သွင်းလာလို့ CP ကြက်လို့ ခေါ်ကြတယ်။
forgetme - 8/7/08, 2:08 PM

အခုလို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်..
သက်သတ်လွတ်စားလာတာ လေးနှစ် ပြည့်တော့မယ်..
...
ကိုယ့်ရဲ့ အသက်ရှင်သန်မှုတစ်ခု အတွက်...
သူများအသက်တွေကို အသုံးချရတာဟာ..
“ ကိုယ်.. ကိုယ်တိုင်ဆိုရင်ရော သူများအစာအတွက် အသက်အသေခံနိုင်မှာလား..” “ မခံနိုင်ဘူး...” “ ဒီလိုဆိုရင် သူများအသက်လည်း ငါမစားတော့ဘူး..” ဆိုပြီး ဆုံးဖြတ်ရင်း မစားဖြစ်တော့တာပဲ...
မြန်မာမှာ နေတုန်းက အသီးအရွက်ပေါတော့ သက်သတ်လွတ်စားရတာ အဆင်ပြေပေမဲ့ အသီးအနှံ ဈေးကြီးတဲ့ နိုင်ငံရပ်ခြားမှာ သက်သတ်လွတ်စားရတာ မလွယ်လှပါဘူး...
ဘာပဲဖြစ်ဖြစ် “ ကိုယ့်ရဲ့ အသက်ရှင်သန်နေထိုင်မှုဟာ လောကကြီးက ဘယ်သတ္တ၀ါကိုမှ သေဆုံးမှု မဖြစ်စေဘူး ” လို့ တွေးရင်း ကြည်နူးပီတိ ဖြစ်ရတာ တစ်ချက်တည်းနဲ့ အားလုံး အဆင်ပြေသွားပါတယ်...

Nge Naing - 8/8/08, 11:54 AM

ကျွန်မက ဟင်းသီးဟင်းရွက်ကြိုက်ပြီး အသားမကြိုက်တဲ့အတွက်ရော သတ္တ၀ါတွေရဲ့ အသက်ကို တန်ဖိုးထားတဲ့အတွက်ပါ အသားမစားဘူး ဒါပေမယ့် ကြက်ဥတော့စားတယ်။ အခု ဒီပို့စ်ကို ဖတ်ပြီး ကြက်ဥတောင်မစားချင်တော့ပဲ ဖြစ်သွားပြီ။

Andy Myint - 8/8/08, 8:52 PM
သာဓုပါ forgetme။ ကျွန်တော်တို့လည်း တစ်ပတ်မှာ တစ်ခါလောက် သက်သက်လွတ် စားဖို့ ကြိုးစားကြည့်ဦးမယ်။

Cage Egg လောက် ရှောင်ရင် ရမယ် ထင်တယ် မငယ်နိုင်။ ဒါပေမယ့် Cage Egg က ဘလာဥတွေဆိုတော့ တစ်ဖက်က ကြည့်ပြန်တော့လည်း အာပတ်လွတ်တယ်နော်။
Ko Paw - 8/10/08, 4:14 AM

အင်း.... ဒီပုံအတိုင်းဆိုရင် Universal Declaration of Chicken Rights, (not Chicken rice..ah!) တွေလည်း လိုနေပြီ ထင်ပါရဲ့။ ကြက်မွေးမြူရေး နည်းစနစ်တွေအကြောင်း ရေးထားတာ ဗဟုသုတ ရပါတယ်။ အဲဒီလို တိရိစ္ဆာန်တွေကို ညှဉ်းဆဲရာကျတဲ့ နည်းတွေကိုတော့ ရှောင့်သင့်တာပေါ့နော်။ ဒစ်စကာဗာရီမှာ တခါတခါပြနေတာလည်း ကြည့်ရတယ်။ ပီကင်းဘဲကင်အတွက် ဘဲတွေမွေးတာလေ။ အကောင်တွေ မြန်မြန်ဝဖီးလာအောင် အစာကျွေးပုံက တကောင်ပြီးတကောင် လည်ပင်းဆွဲ၊ ပါးစပ်ကို အတင်းဟပြီး အစာကို ပြွတ်ထည့်ပုံမြင်ရတော့ “ဘဲကလေးတွေ သနားတယ်” ဖြစ်သွားလေတယ်။ (ဒါပေမယ့် အချိန်တန်တော့ ဘဲကင်မစားဘဲ ဘယ်နေပါ့မလဲ။ ကိုယ့်ကိုယ်ကို သနားစိတ်က ပိုနေတာကိုး)

ဒါပေမယ့် တဖက်ကကြည့်ပြန်တော့လည်း သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်လို့ သက်သက်လွတ်စားတာက ကုသိုလ်ပိုရတယ်လို့ ထင်သူတွေအတွက် ကျနော်ဖတ်ဘူးမှတ်ဘူးတာလေးကို မျှဝေချင်လာပြန်ရော။

Australian လူမျိုး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတယောက်ရေးတဲ့ Good Questions, Good Answers ဆိုတဲ့ စာအုပ်ကပါ။ အင်တာနက်မှာ ရှာပြီး ပီဒီအက်ဖ်ဖိုင်လ် ဒေါင်းလုပ် လုပ်လို့ရပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မေးခွန်းလေးတွေကို လိုရင်းတိုရှင်း ဖြေထားတာပေါ့နော်။ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်လို့ နောက်ဆုံးအခန်းမှာ ပါတယ်။

လူရယ်လို့ ဖြစ်လာရင် သတ္တ၀ါတွေရဲ့ အသက်ကို သွယ်ဝိုက်ပြီး သတ်ခြင်းနဲ့တော့ မကင်းနိုင်ဘူးတဲ့။ ဥပမာပြောရရင် သက်သတ်လွတ်စားတဲ့လူတွေရဲ့ ထမင်းစားပွဲပေါ်ကို သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေ ပိုးထိုးပေါက် မပါဘဲ ရောက်လာစေဘို့ လယ်သမားဟာ သူ့စိုက်ခင်းကို ပိုးသတ်ဆေးဖျန်းရပါသတဲ့။ ပိုးကောင်က အကောင်ငယ်လို့ သူ့အသက်က ဘဲတွေ၊ကြက်တွေ၊ နွားတွေ၊ ၀က်တွေရဲ့ အသက်လောက် တန်ဘိုးမရှိဘူးလို့ မယူဆပါနဲ့တဲ့။ သတ္တ၀ါတိုင်းဟာ ကိုယ့်အသက်ကိုယ် ချစ်မြတ်နိုးကြတာချည်းပါဘဲတဲ့။

အလားတူ ဆပ်ပြာတို့ ဘာတို့မှာ ပါတဲ့ တိရိစ္ဆာန်အဆီတွေ၊ သားရေပစ္စည်းတွေ၊ ဖိနပ်တွေ ခါးပတ်တွေမှာ သုံးတဲ့ သားရေပစ္စည်းတွေအတွက်လည်း တိရိစ္ဆာန်တွေ များစွာ သေကြေနေရပါသတဲ့။

အဆုံးစွန်ပြောရရင် လူတွေသောက်နေတဲ့ Antibiotics တွေကလည်း ဗိုင်းရပ်စ်တွေကို သတ်တာ၊ ချည့်နဲ့သွားအောင် လုပ်တာဘဲတဲ့။

အဲသည်တော့ သက်သတ်လွတ်စားတာနဲ့ ပတ်သက်လို့ ပြောသွားတာလေးတွေက စိတ်ဝင်စားစရာကောင်းတယ်။

သက်သတ်လွတ်စားပြီး စိတ်စေတနာ မကောင်းတဲ့လူနဲ့ သူ့အသက်တော့ စားတယ်၊ စိတ်နှလုံး ဖြူစင်ကြယ်တဲ့လူ ဘယ်သူက ပိုမြတ်သလဲတဲ့။ စိတ်နှလုံး ဖြူစင်ကြယ်သူက ပိုမြတ်တယ်ဆိုတော့....

လောကကြီးမှာ စိတ်နှလုံးဖြူစင်ကြယ်ဘို့က စားတဲ့အာဟာရထဲမှာ ပါတဲ့ အမျိုးအမည်တွေထက် ပိုမို အရေးကြီးပါသတဲ့။

But people find it easier to change the content of the diet instead of changing the content of their heart.....တဲ့။

ကျန်းမာရေးအတွက်....သက်သတ်လွတ်စားတာကတော့ ပြောစရာမရှိပါဘူးတဲ့။ ဒါပေမယ့် တိရိစ္ဆာန်လောကကြီးကို ကယ်တင်ဘို့ စားသောက်တာဆိုရင်တော့ ထိရောက်မှုမရှိဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ စောစောကဆိုခဲ့တဲ့ Indirect killing က ရှောင်လွှဲလို့ မဖြစ်နိုင်လို့ပါတဲ့ ကိုအင်ဒီရေ။ (သော်တာဆွေရေးတဲ့ သက်သတ်လွတ်တော့စားတယ်၊ နွားနို့တော့သောက်တယ်ဆိုတဲ့လူတွေအတွက်....နွားကလေးတွေရဲ့ ခံစားချက်ကို ရေးထားတာ တခါက ဖတ်ရတာလည်း စိတ်မကောင်းစရာ)

ဘာပြောကောင်းမလဲ။ ကျနော်လည်း အဲသည် အခန်းကလေးကို ဖတ်ပြီးကတည်းက.....

Anonymous - 8/10/08, 2:44 PM

သက်သတ်လွတ်စားပြီး စိတ်နှလုံးလဲ ဖြူစင်တယ်ဆိုရင် ပိုကောင်းတာပေါ့။ ဟင်းသီးဟင်းရွက်ပဲစားတဲ့သူက အသားစားတဲ့သူထက်
energy ပိုနဲတဲ့အတွက် စိတ်အလိုမကျစရာတွေ့လာရင်တောင် ဒေါသထွက်ရင် အထွက်နဲပါတယ်။ အဲဒီအတွက် ကြမ်းတမ်းတဲ့ အပြုအမူ နဲ့ စကားတွေလဲ နဲသွားပါတယ်။ ပြီး ငါ သတ္တ၀ါအသက်တောင် ကုသိုလ်ဖြစ်အောင် ရှောင်ပြီးမှ
လို့ သတိရမိတဲ့အခါ ဒေါသအပြင် တခြားအကုသိုလ်စိတ်တွေ ဖြစ်လာတဲ့အခါ သတိနဲ့ ထိန်းပြီး ပျက်စေဖို့ အထောက်အကူဖြစ်ပါတယ်။ ရာသက်ပန် သက်သက်လွတ်ချည်းပဲ ကိုယ်ကိုယ်တိုင်မစားနိုင်သေးပေမယ့်
ကိုယ့်စိတ်နဲ့ခန္ဓာက ဖြစ်ပျက်နေတာကို သတိထားမိသလောက် ပြောပြတာပါ။

Andy Myint - 8/10/08, 7:04 PM
ဟားဟားဟား.. Universal Declaration of Chicken Rights (not Rice) ဆိုတာကို သဘောကျတယ် ကိုပေါ။

ကျွန်တော်က ကိုယ်ကိုယ်တိုင် သက်သက်လွတ် မစားနိုင်ပေမယ့် သက်သက်လွတ် စားလို့ အကျိုးမဲ့တယ်လို့ မထင်မိဘဲ မစားရင် မစားသလောက်တော့ သတ္တ၀ါတွေ လွတ်ငြိမ်း ချမ်းသာရာ ရတယ်လည်း မှတ်နေတဲ့ သူပါ။ ကျွန်တော်က ဘုရား၊ တရားလည်း မလုပ်တဲ့သူ ပြီးတော့ ဘုရားစာတွေ ဘာတွေတော့ မဖတ်ဖူးပါဘူး။ လူကြီးတွေ ပြောနေတာတော့ ကြားနေရပါတယ်။ ဘယ်ဆရာတော်ကြီးကတော့ သက်သက်လွတ် စားဖို့ ဘုရားဟောထားတာ မဟုတ်တဲ့ အကြောင်းတို့ ဘာတို့။

သက်သက်လွတ် စားဖို့ထက် စိတ်နှလုံး ဖြူစင်ဖို့ အရေးကြီးတယ် ဆိုတာလည်း ကျွန်တော်တို့ အော်မနီဗိုးရက်စ်တွေရဲ့ လက်သုံး စကားပဲလေ။ ဒါပေမယ့် ကိုယ်ကိုတိုင် တစ်ခါတစ်လေ စားကြည့်တဲ့ အခါ ကျင့်ကြံဖို့ အတော်အတန် ခက်ခဲ ကြောင်း တွေ့ရပါတယ်။ ဒီနေရာမှာ သက်သက်လွတ်ဆိုတာ အသား၊ငါးမပါ တဲ့ အစားအစာတွေကို ပဲ ပြောတာပါ။ ကိုယ့်ကြောင့် ဒီနေ့ တစ်နေ့လုံး ဘာသတ္တ၀ါမှ မသေစေရဘူးလိုမျိုး မဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ သက်သက်လွတ်စားရတာ အရက်သေစာ မသောက်စားဖို့ ထိန်းချုပ်ရတာထက် ပိုခက်ခဲပါတယ်။ အရက်ကတော့ ငါဒီလ အရက် မသောက်ဘူးကွာ ဆိုရင် နေလို့ ရတယ်။ ဘော်ဘော်တွေကို ရှောင်နေရင် ပြီးရော။ အသားမပါဘဲ တစ်လလောက်ကတော့ စိတ်တောင် မကူးဖူးဘူး။ ဒီလိုသာ သက်သက်လွတ် စားသလိုမျိုး ထိန်းချုပ်တတ်လာရင် သီလတွေ ဘာတွေ ထိန်းဖို့လည်း Will Power တက်လာမယ် ထင်တယ်နော့်။ အဲဒါကြောင့်များလား မသိ ကျွန်တော် တွေဖူးတဲ့ မြန်မာတွေ ထဲမှာ - တရုတ်မဟာယနတွေ မပါ - သက်သက်လွတ် စားတဲ့ သူတွေဟာ တခြားသူတွေထက် (အနည်းဆုံးတော့ ကျွန်တော့်ထက်) ပိုပြီး သည်းခံ အောင့်အီးတတ်ကြောင်း၊ ချုပ်တီး သည်းခံနိုင်ကြောင်း၊ မေတ္တာပွား ဒေါသနည်းတတ်ကြောင်းကိုတော့ ကိုယ်တွေ့ပါပဲ။ တွေ့ဖူးသမျှ သက်သက်လွတ် စားတဲ့ သူတွေဟာလည်း ဘုရား တရားကို ပိုပြီး သက်ဝင် ယုံကြည်တာတွေ့ရပါတယ်။ သီလစောင့်တယ်။ ဥပုသ်စောင့်တယ်။ ဒီလိုမျိုးတွေ များပါတယ်။

ကျွန်တော်လည်း လူပျိုတုန်းက အိမ်က စားတော့ ကြာသပတေးနေ့ ဆိုရင် သက်သက်လွတ် စားဖြစ်တယ်။ အိမ်မှာဆိုရင်ပေါ့လေ။ အပြင်ရောက်လို လက်ဘက်ရည် ဆိုင်မှာ ပေါက်စီတွေ ဘာတွေ စားမိတာလည်း ရှိတာပဲ။ အခုတော့ မစားဖြစ်ပါဘူး။ စားမလားတောင် စိတ်ကူးနေတာ။ ဘယ်သူကမှတော့ ကြက်သားဟင်း စားနေချိန်မှာ ကောင်းလိုက်တာ ကြက်မသား ကြက် လည်မျိုကို ဓါးနဲ့ လှီးပြီး ချက်စားလိုက်ရတာ အရသာ ရှိလိုက်တာ မတွေးကြတော့ စားနေတဲ့ သူတွေလည်း ငရဲတွေဘာတွေ မကြီးလောက်ပါဘူး။ သက်သက်လွတ် စားတဲ့ သူတွေကတော့ စားနေတိုင်း ငါဒီလို တစ်ပတ်လောက် သက်သက်လွတ် စားလိုက်တာ ကြက်တစ်ကောင်လောက် ငါကြောင့် မသေတော့ဘူးလို့ တွေးမိမှာ ဆိုတော့ ကုသိုလ် မရတောင် (စုဗူးလေး တကိုင်ကိုင်နဲ့ ငွေစုတဲ့ သူတွေ ကြည်နုးသလိုမျိုး) စိတ်ကြည်နူးရမှာပါ။ ဒါတွေက ကျွန်တော် ထင်တာကို ပြောတာပါ။ ဒီကိစ္စနဲ့ ပက်သတ်ပြီး ဘာစာအုပ်မှ မဖတ်ဖူးတော့ တကယ် ကုသိုလ် ရမရတော့ ကျွန်တော်လည်း မသိဘူးလေ။

ကိုယ်က ၉၀% သိပ္ပံသမားဆိုတော့ အမဲသား မစားရင် သံဓါတ်နည်းမယ်နော်တို့ ဘာတို့တောင် မိန်းမကို အားပေးပြီး စားခိုင်းနေတာပါ။ အသားစား မကြူးရင်၊ တိရစ္ဆာန်တွေကို ရက်စက်ရာ မကျရင် စားမှာပဲ ဆိုတဲ့သူပါ။ ထူးထူးဆန်းဆန်းတွေတော့ မစားချင်ပါဘူး။ ဖားသားတို့ ဘာသားတို့။ ဒါပေမယ့် အခုနောက်ပိုင်းတော့ ကြက်ဥဆို ဈေးနှစ်ဆ ပေးရတဲ့ ခြံကြက်ဥတွေပဲ ၀ယ်စားတော့တယ်။ အဲဒီလိုမျိုး လုပ်နိုင်သလောက်တော့ လုပ်ပေးလိုက်မယ်လေ။ ကုသိုလ်ရတာ မရတာ အသာထား ကိုယ်စိတ်ချမ်းသာရင် ပြီးတာပဲ။
Anonymous - 2/1/10, 6:04 AM

Mr Andy..how to make Cage egg without male fowl they are alraedy died,female fowl have no chance to meet male fowl in Cage.Please share ur knowlege thanksyou . MR SG

အဲနဲာ ပညာစိုတ် - 12/10/11, 8:26 PM

ဖတ်ပြီးပါဘိ.. တော်တော်လေး ခံ စားရပါတယ်.. ကြက်သားကတော့ အိမ်သူသက်ထား ချက် ကြွေးရင် စားနေရတုံးပါဘဲ

ဇင်အောင် - 12/10/11, 10:23 PM

မြန်မာက လူတွေပါ ဖတ်စေချင်လို့  ဖေ့ဘွတ်မှာ မူရင်းရေးသူနဲ့ ဘလော့ကို ရည်ညွှန်း ပေးပြီ ဖေါ်ပြချင်ပါတယ်။ http://facebook.com/zinaung

Anonymous - 12/10/11, 10:50 PM

ခု ဗမာပြည်က ဖတ်တာဗျ

ချော(အစိမ်းရောင်လွင်ပြင်) - 12/11/11, 2:15 PM

သက်သတ်လွတ်သမားတော့ မဟုတ်ပေမဲ့ ကြက်တွေကို ခုလိုနည်းနဲ့ မတရားကြီးထွားအောင် ဥအောင်လုပ်တာမျိုးတော့ မကြိုက်ပါဘူး။ လူတွေရဲ့ လောဘကြောင့် သတ္တဝါတွေမှာ ပုံမှန်မဟုတ်တဲ့ နေထိုင်မှုမျိုးကို ရောက်နေရရှာတယ်။
ကြည့်ရတာ စိတ်ထဲ တကယ်မကောင်းဖြစ်မိပါတယ်...

Anonymous - 12/12/11, 5:39 AM

ယောနိသော မနသိကာယ .. ပါ ပဲ အကို.. တချို့  အကြောင်းအရာ တွေဟာ သူ့  အကြောင်းတရားနဲ့  သူက ကိုယ့် အတွက် ခါးသီးပေမဲ့ သူ့ အတွက်တော့မှန်ကန်ကောင်းမွန်နေပါတယ်..လှေင်အိမ်စနစ်ကတော့ကိုယ်ကောင်းဖို့ အတွက်တော့သူတို့ ဘ၀လေးတွေ သိပ်နစ်နာနေသလိုပါပဲ.. တင်းကုပ်စနစ်ကသူတို့ အတွက်အသက်ရှူချောင်နိုင်ပေမဲ့ ၀ယ်ဈေးအနယ်ငယ်မြင့်နိုင်ပါတယ်..မြင့်ပေမဲ့လည်း ညှာတာတတ်တဲ့သူအတွက်ပေးပျော်ပါတယ်လေ..(ဂရုဏာအမြင်)
နောက်ရှုထောင့်တစ်ခုကတော့ သူတို့ အကြောင်းကံကို က ဒီလိုနေရဖို့  ကို ဒီလို ဘ၀နဲ့  ဖြစ်လာတာ ဒီလို ခေတ်ကြီးထဲမှာဖြစ်လာတာ.. ကိုယ် က သူ့ အကြောင်းကံကို ဘာ လို့  လက်ဝင်ခံရမှာလဲ..သူဘ၀နဲ့  သူပဲဆို ပြီး မာကြောတဲ့နှလုံးသား နဲ့  လျစ်လျူရှု့  ပစ်နိုင်ပါတယ်..ကျွန်မမြင်တာကိုပြောတာပါ..

Anonymous - 12/12/11, 6:38 PM

ကျွန်တော်လည်း ဆရာတော်တပါး ကျွန်တော်တို့မြို့ကိုလြာ့ပီးတရားဟောတုန်းက အခွေတစ်ခွေကို projector နဲ့ပြပြီး တိရိစ္ဆာန်တွေ ဘယ်လို နည်းနဲတစ်ရက်တစ်ရက် ကို လူတွေစားသုံးဖို့အတွက် သေနေရာတာ ကိုကြည့်ပြီး အသားကို မစားချင်ရလောက်အောင် ဖြစ်သွားပြီး သနားလွန်းလို့ပါ.. သက်သက်လွတ် နေဖြစ်နေတာ ... စဉ်းစားလိုက်တော့ ကြက်သားမစားဘဲ ကြက်ဥ စားပြန်ရင်.... တတ်နိုင်ရင်အကုန်ေ၇ှာင်မယ်ကွာ ဆိုပြီး ကြက်ဥလည်းမစားဖြစ်တော့ပါဘူး ...အခုဒီစာလေးဖတ်ရတော့ မှန်နေေ၇ာ...
ကျေးဇူးတင်ပါတယ် ...စာတွေဒီလ်ုဘဲနောက်ထပ်တင်ပေးပါ...ဗဟုသုတလည်းအများကြီးရလို့ပါ။

Anonymous - 12/15/11, 12:27 AM

အခုခေတ်မှာ နွားနို့ နဲ့ နို့ထွက် ပစ္စည်း ထုတ်တဲ့နိုင်ငံတွေမှာ .. နွားကို မွေးပြီးတာနဲ့ အမေနဲ့ ခွဲထားလိုက်ပါတယ် ။ အမေနို့ မစို့ရတော့ နွားပေါက်ဟာ ငတ်ပြီးသေပါတယ် ။ အဲဒါ ကို နွားပေါက်သား နုညံ့တဲ့ အသားဆိုပြီး ရောင်းပါတယ် ။ နွားပေါက် တွေအသေခံပြီး မှ ရတဲ့ နို့ဖြစ်လို့ သက်သတ်မလွတ်ဘူးလို့ မဟာယာန ဘုန်းကြီးတပါးက ပြောဖူးပါတယ် ။ ( ဒီပြောဆိုချက်ဟာ အငြင်းပွားစရာတခုပါ ) ။ မြန်မာပြည်က နွားနို့က ဒီနည်းနဲ့ရတာ မဟုတ်ပေမဲ့ မြန်မာပြည်ကို အလုံးအရင်းဝင်နေတဲ့ နို့ထွက်ပစ္စည်း တွေကတော့ ဒီနည်းနဲ့ရထားတာပါ ။ ဘယ်မိခင်မဆို ကိုယ့်ရင်သွေးကို အသေခံပြီး နို့ကိုတော့ပေးကြမှာ မဟုတ်ဘူး ။..

akm - 3/11/14, 4:35 PM

အိမ်ကြက်ကိုပဲစားလို့ဆိုလိုချင်တာလား

akm - 3/11/14, 4:38 PM

အိမ်ကြက်ကိုပဲစားလို့ဆိုလိုချင်တာလား

Post a Comment

Many thanks for dropping a comment…

Film