Sunday, July 13, 2008

ကြက်ဆီထမင်း

စင်္ကာပူမှာ အကြိုက်ဆုံးနဲ့ အစားဖြစ်ဆုံး အစားအစာကို ပြောပါဆို ကြက်ဆီ ထမင်းကို ပြောရမှာပဲ။ နေ့လည် ရုံးကနေ သွားစားရင် ဘာမှ အထွေအထူး မစဉ်းစားချင်ရင် ကြက်ဆီ ထမင်းသာ စားလိုက်တယ်။ နောင်တ မရစေဘူး။ ဈေးချိုတယ်၊ ဘယ်မှာ စားစား အရသာ မှန်တယ်၊ ဗိုက်ဆာနေချိန်မှာဆို အင်မတန် သင့်တော်တယ်။ Soup တွေဘာတွေဆို ဗိုက်ဆာနေချိန်မှာ ပူလွန်းလို့ စားလို့မရနဲ့ မမှာသင့်တဲ့ အစာတွေပဲ။ ကြက်ဆီထမင်းက ရန်ကုန်မှာလည်း နောက်ပိုင်းမှာ ဒန်ပေါက်လို နာမည်ကြီး လာတဲ့ အစာ တစ်ခုပဲ။ ကြက်ဆီထမင်းနဲ့ ယိုးဒယား သင်္ဘောသီးထောင်းကတော့ သူမရဲ့ အကြိုက်ပဲ။

ကြက်ဆီထမင်းကို အလွယ်ဆုံး ချက်နည်း ရှိပါတယ်။ တရုတ်ဆိုင်မှာ ကြက်ဆီထမင်း အနှစ်ပုလင်း ၀ယ်လိုက်ပါ။ Rice Cooker ထဲကို ဆန် ၁ဆ ရေဆေးပြီးနောက် ရေ ၁ဆခွဲ မရှိတရှိ ထည့်ပါတယ်။ ဥပမာ ဆန် ၄ လုံးဆို ရေ ၆လုံးမဟုတ်ဘဲ ၅လုံးခွဲလောက် ကိုပြောတာပါ။ ပြီးတော့ ကြက်ဆီထမင်း အနှစ်တွေကို သင့်တော်သလောက် ထည့်ပါတယ်။ (ပုလင်းမှာ ဘယ်လောက် ထည့်ရမည် ဆိုတာကို ပြောထားမှာပါ။) ထမင်း ချက်တဲ့ အချိန်မှာ အပေါ်က ဇကာနဲ့ ကြက်သားတုံးလေးတွေ စီထားပါတယ်။ ထမင်း မနပ်ခင်တော့ တစ်ခါမွှေပေးပါတယ်။ ထမင်းနပ်ပြီဆို ကြက်သားတွေလည်း ကျက်ပြီးတော့ စားလို့ ရပါပြီ။

ဒါပေမယ့် ဆိုင်တွေမှာ သွားစားသလို ကြက်သားက ပိုချို၊ ပိုနူးညံ့ပြီး အရေခွံ ကြည်ကြည်လေး လိုချင်ရင်တော့ ဒီလို လုပ်လို့ မရပါဘူး။ သူတို့လိုမျိုး ဖြစ်ချင်ရင်တော့ ကြက်သားကို ရေထဲမှာ ထည့်ပြုတ်တာလည်း မဟုတ် အပေါ်မှာ ပြောထားသလို ပေါင်းတာလည်း မဟုတ်ပါဘူး။

ကြက်သားချက်နည်း လျှို့ဝှက်ချက်ကတော့ ကြက်သားကို ရေနွေး စိမ်တာပါ။
ကြက်တစ်ကောင်လုံး ထည့်ချက်နိုင်တဲ့ အိုးထဲမှာ ရေကို ပြည့်လုနီးပါး ကြက်တစ်ကောင်စာ ချန်ပြီး ကျိုပါတယ်။ ရေတွေ ပွက်ပွက် ဆူလာတဲ့ အခါ မီးပိတ်ပြီး ကြက်ကို ထည့်ပြီး အဖုံးပိတ်ထားပါတယ်။ ဆားတို့ ဘာတို့ ဘာမှ မထည့်ရပါဘူး။ နာရီဝက် ကြာတဲ့ အခါ ကြက်ကို ပြန်ဆယ်ပြီး ရေကို ပွက်အောင် ပြန်တည်ပါတယ်။ ဒီတစ်ခေါက် တည်ရင်တော့ မဝေကျအောင် အဖုံးဖွင့်ထားပါ။ ရေပွက်တဲ့ အခါ မီးပိတ်ပြီး ကြက်သားကို နာရီဝက် ပြန်ထည့်ပါတယ်။ နာရီဝက်ကြာမှ ကြက်ကို ပြန်ဆယ်ပြီး ထမင်းတည်ဖို့ ဆန် ၁ဆခွဲစာ ကြက်ပြုတ်ရည် ယူလိုက်ပါတယ်။ ထမင်းကို အပေါ်မှာ ပြောထားတဲ့ အတိုင်း ချက်ပါတယ်။ ကြက်ကို ဟင်းရည်အိုးထဲ ပြန်ထည့်လည်း ရပါတယ်။ ဆယ်ထားလည်း ရပါပြီ။

ကြက်ဆီ ထမင်း အနှစ် ၀ယ်လို့ မရရင်တော့ ဆန် ၄ လုံးကို ကြက်သွန်ဖြူနှစ်ဥနဲ့ ဂျင်း လက်နှစ်ဆစ်ကို ကြိတ်ပြီး နှမ်းဆီ နည်းနည်း ဆားနည်းနည်းထည့်ပြီး ကြက်ပြုတ်ရည်နဲ့ ထမင်းချက်လို့ ရပါတယ်။ စင်္ကာပူမှာဆိုရင်တော့ pandan ရွက်လေး ထည့်ချက်နိုင်ပါတယ်။ ထမင်းနပ်ရင် ကြက်ကို တုံးပြီး နှမ်းဆီနည်းနည်း၊ ပဲငံပြာရည် နည်းနည်း ဆမ်းလိုက်ပါတယ်။ ပဲငံပြာရည်က Light ဖြစ်ရင် ပိုကောင်းပါတယ်။ သခွားသီး၊ ခရမ်းချဉ်သီးနဲ့ နံနံပင်နည်းနည်းကို ပြင်ထားပါတယ်။ Garlic Chili Sauce ကို ခပ်ထားပါတယ်။ ဂျင်းကို ကြေအောင် ကြိတ်ပြီး ဆီနည်းနည်းနဲ့ စိမ်ထားတာနဲ့ တို့စားရင်လည်း ကောင်းပါတယ်။ ကြက်ပြုတ်ရည်ကို ဆား၊ ငရုပ်ကောင်းမှုန့် ခပ်ပြီး စားသောက်နိုင်ပါပြီ။



တခြားဖတ်ရန် - Hokkien Mee

11 comments:

pmmw - 7/13/08, 9:13 PM

very yummy. thanks

imaginarycloudsno2 - 7/13/08, 9:56 PM

အန်ဒီ ခင်ဗျား အကြိုက်နဲ့ ကျနော် အကြိုက်က တော့ ဒီနေရာမှာ လုံးဝ ဆန့်ကျင်ဘက်ပဲ။ သေအောင်မုန်းတယ် အဲဒီ ကြက်ဆီ ထမင်းဆိုတာကို ။ လွယ်လွယ်ကူကူ နဲ့ ရလို့စားလာလိုက်တာ ဘဲကနေ ကြက်ရုပ်ထွက်တော့မယ် ။ အသားစားရတာ အချို ကုန်နေတဲ့ပီကေ ဝါးနေရသလို ။

Kyawt - 7/13/08, 11:12 PM

ကိုAndyနဲ့ကျွန်မတို့အကြိုက်ကတော့တထပ်တည်းပါပဲ။
ကျွန်မတို့လဲSingaporeမှာနေခဲ့တဲ့ခြောက်နှစ်လုံးအကြိုက်ဆုံးနဲ့မမုန်းတန်းစားခဲ့တာchicken riceပါပဲ။
But,ကျွန်မကကြိုက်တာကြိုက်ပြီးချက်တတ်အောင်မလုပ်ခဲ့တော့
အခုGermanyမှာစားချင်ပေမဲ့မလုပ်တတ်ဘူးဖြစ်နေတာ။
အခုမှကိုAndyရဲ့Postကိုဖတ်ပြီးrecipe ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။

ThuHninSee - 7/14/08, 10:36 AM

ကေျးဇူးပဲ ဒီတစ်ပတ်ချက်စားမယ်ဗျို့။

sawphonelu - 7/14/08, 2:37 PM

အန်ဒီ ရေ ၊ ကိုယ် က တော့ ကြက် ဆီ ထမင်း ကို ၂ နှစ် လောက် တစ်ပ တ် ကို ၄ ရက် လောက် စားဖူးတယ် ။ အခု ထိ လဲ ဆိုင် သစ် တွေ့ ရင် ဝင် တီး လိုက် တာ ပဲ ။ ဒါ ပေ မယ့် နာမည် ကြီး ဆိုင် တွေ က တော့ မစားဘူး သေး ပါ ဘူး ။ ( ကိုယ် စား ဖူး တဲ့ ဆိုင် ထဲ က ဆို ရင် ) အခု ထက် ထိ အကြိုက် ဆုံး ဆိုင် ဆို ရင် တော့ NTU နား က BLK 909 နား က ဆိုင် က အကောင်း ဆုံး လို့ ထင် တယ်။ ဒီ ဆိုင် က အရင် နန့် ယန်း ၂၄ နာရီ ဆိုင် နား က ပြောင်း သွား တာ ပါ ။ ( အင်းပြော ရင်း နဲ့ Markan Lost & Found ဖြစ်သွား ပြီ ။ )
ဆိုင် တိုင်း က သူ့ စတိုင် နဲ့ သူ ရှိ သလို ထမင်း ၊ ကြက်သား ၊ အချဉ်ရည်၊ ဟင်းချို တစ်ဆိုင်နဲ့ တစ်ဆိုင် မတူ ပါ ဘူး ။

မြရွက်ဝေ - 7/15/08, 3:17 PM

နောက်တခါ ချက်ဖြစ်ရင် ဒီက ချက်နည်းကို ဖတ်ပြီး လုပ်ကြည့်ရမယ်။ ကုန်းထက်ကြက်ဆီထမင်းလို ကြက်သားက အရောင်လှအောင် ဘယ်လိုလုပ်ရလဲကော သိလားဟင်?

Andy Myint - 7/20/08, 5:31 PM
Thanks, PMMW.

တခါတလေတော့လည်း ခံစားမိမှာပေါ့ မောင်တိန်။ အရသာမဲ့ ကြက်သားတုံးကြီးကို ၀ါးနေရတဲ့ ဘ၀က အရသာမဲ့သလိုမျိုး။

ခြောက်နှစ်တောင် မမုန်းတမ်း စားခဲ့တယ်ဆိုတော့ တကယ်ကြိုက်လိုပဲ ဖြစ်မယ် ကျော့

ချက်စား မသုနှင်းဆီ။ ဘလောက်မှာ ပြန်တင်လိုက်ဦးလေ။

ဟုတ်တယ် ကိုစော ကျွန်တော်က စဉ်းစားလို့ မရရင် ကြက်ဆီထမင်းပဲ စားလိုက်တယ်။

အဲဒီလိုတော့ မသိပါဘူး မမြရွက်ဝေ
Anonymous - 3/24/11, 9:20 PM

Ko Andy,

I love this reciepe. I had made many times with ur reciepe.

Many Thanks,
suu

ကို့ညီမ - 3/27/13, 7:39 PM

ကြက်ဆီထမင်းအရမ်းကြိုက်တယ်

Wa Thone - 5/24/13, 4:07 AM

I LIKE THIS.THANK YOU.

Wa Thone - 5/24/13, 4:09 AM

သိချင်ရင်သူနဲ့တွေ့မှမေးကြည့်ပေါ့ကွယ်

Post a Comment

Many thanks for dropping a comment…

Film