Tuesday, July 22, 2008

ယောက်ျားကြိုက်

ဦးစွာ စကားချပ် အနေနှင့် ပြောချင်သည်မှာ `ယောက်ျား´`မိန်းမ´ဟု ဆိုလျင် ယောက်ျား မိန်းမ အားလုံးကို ဆိုသည် မဟုတ်ဘဲ တချို့ကိုသာ ရည်ညွန်းပါတယ်။ အကုန်လုံးကို ၀ါးလုံးရှည်နဲ့ သိမ်းကျုံးတယ် မဟုတ်ပါ။ အရေအတွက်ကို ပြောလိုသည့် နေရာမှ အပ ရေးရ ဖတ်ရလွယ်အောင် `မိန်းမတွေ´`ယောက်ျားတွေ´ လို့သာ သုံးသွားမှာပါ။ ယောက်ျားတွေ ဘာကြိုက်လည်း ယောက်ျား စာဖတ် ပရိတ်သတ်တွေကပါ စိတ်ဝင်စားတာ တွေ့တော့ အတော် အံ့သြသွားပါတယ်။ အမျိုးသမီး စာဖတ် ပရိတ်သတ်တွေကတော့ ကိုယ့်ဆိုင်ရာ ဆိုင်ရာ အကြောင်းတော့ သိပြီးဖြစ်လောက်ပါတယ်။

တကယ်တမ်း ပြောရမည်ဆို ယောက်ျားတွေ ကြိုက်တတ်တာက မိန်းမတွေ ကြိုက်တတ်တာထက် ပိုများနေပါတယ်။ မိန်းမတွေ ကြိုက်တတ်တာက တစ်ယောက်နဲ့ တစ်ယောက်တူပြီး ချရေးလို့ ရပါတယ်။ ဥပမာ စာဖတ်တာ၊ အလှပြင်တာ၊ Shopping ထွက်တာ၊ ဂရုစိုက်ခံချင်တာ မျိုးတွေပါ။ ပြီးတော့ မိန်းမတွေက တစ်ယောက်က ဒါကြိုက်ပြီဆို နောက်တစ်ယောက်ကလည်း လိုက်ကြိုက်လွယ်ပါတယ်။ ယောက်ျားတွေကတော့ တစ်ယောက်က ဒါကြိုက်တယ်ဆို နောက်တစ်ယောက်က ကြိုက်နေတာတောင် လိုက်မလုပ်ချင်ဘူး။ ဦးထားတာ မရှိဘူးဆိုရင် ကိုယ်ကြိုက်တာကိုလည်း တစိုက်မတ်မတ် ကြိုက်တတ်ပါတယ်။ ယောက်ျားတွေရဲ့ အကြိုက်ဟာ သူ့ဝါသနာ သူ့ဗီဇ သူ့မာန ဖြစ်တတ်ပါတယ်။ မိန်းမတွေရဲ့ အကြိုက်ကတော့ သူ့ပတ်ဝန်းကျင် ဖြစ်တတ်ပါတယ်။ ယောက်ျားတွေက အယုအယ ကြိုက်လားဆိုရင်လည်း တချို့ ယောက်ျားတွေက ဒါမျိုးဆို အသည်းလည်းယား အသားလည်း ယားတတ်ပါတယ်။

ယောက်ျားတွေ ကြိုက်တာ လိုချင်တာကလည်း အချိန်နဲ့ အမျှလည်း ပြောင်းတတ်ပါတယ်။ ဥပမာ ဒီနှစ် ဒါလိုချင်တယ် ဒါလုပ်ချင်တယ် ဆိုရင် နောက်နှစ်ကျရင် အဲဒီလို ဖြစ်ချင်မှ ဖြစ်တတ်တာပါ။ ငြီးငွေ့သွားတတ်ပါတယ်။ ဒါပေမယ့် ယောက်ျားတွေ လိုချင်တာ လုပ်ချင်တာ အရာ ကိစ္စ သေးသေးလေးတွေပါ။ မိန်းမတွေကတော့ ကြီးကြီးမားမား One sentence wish လိုမျိုး ရှိတတ်ပြီး ကြာရှည်ခံပါတယ်။ `မင်းသားလေးနဲ့ ပေါင်းထုပ်ပြီး ပျော်ရွှင်စွာ ရာသက်ပန် နေထိုင်သွားသည်´ ဆိုသလိုမျိုးပါ။ လက်တွေ့ကျကျ ပြောရမယ်ဆို ဥပမာ အိမ်ထောင်ကျပြီး ဈေးထဲမှာ ဆိုင်လေးနဲ့ တည်တည် ငြိမ်ငြိမ် ဖြစ်စေချင်တာမျိုးတို့ အမေရိကားမှာ ကိုယ်ပိုင်အိမ်နဲ့ သားနဲ့ ကားနဲ့ နေချင်တာမျိုးတွေပါ။ ဒီတစ်ခု ပြည့်စုံသွားရင်တော့လည်း မိန်းမတွေက သူတို့ ဘ၀ ပြည့်စုံသွားပြီ ဆိုပြီး ရောင့်ရဲတတ်ပါတယ်။

ပြီးတော့ တချို့ မိန်းမတွေက သူတို့ ဘာလိုချင်လည်း သူတို့ အသေအချာ မသိပါဘူး။ သူများ ရပြီဆိုမှ လိုချင်တာပါ။ တချို့ကျတော့လည်း သူတို့ လိုချင်တာကို တစ်သက်လုံး ထုတ်ဖော်မပြတော့ပါဘူး။ သူတို့ရဲ့ ကြိုက်တတ်တာနဲ့ လိုချင်တာက အမှန် ဟုတ်မဟုတ် သိရခက်ပါတယ်။ နောက်ပြီး မိန်းမတွေက သူတို့ လိုချင်တာကို ရှေ့တန်းတင်လေ့ မရှိပါဘူး။ တန်၏ မတန်၏၊ သင့်၏ မသင့်၏ အရင် စဉ်းစားလေ့ ရှိပါတယ်။ ယောက်ျားတွေကတော့ လိုချင်ပြီဆို ဘာမှ မစဉ်းစား တတ်ပါဘူး။ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်တတ်ပါတယ်။

ယောက်ျားတွေ ဘာကြိုက်တတ်လဲ ကြည့်လိုက်ရင် Gadget ပစ္စည်း ဆန်းဆန်းတွေ ကြိုက်မယ်၊ ဈေးကြီးပေး ၀ယ်မယ်။ ဒီထက် ပိုဆိုးရင် ကားကောင်းကောင်း ကြိုက်တတ်မယ်။ မ၀ယ်နိုင်ရင်တောင် တချိန်လုံး ကားရူးနေမယ်။ ဒါမှ မဟုတ်ရင်လည်း တစ်အိမ်လုံး စာအုပ်တွေနဲ့ ဖွထားပြီး ချောင်ကောင်းကောင်းမှာ စာအုပ် တစ်အုပ်နဲ့ နှပ်နေမယ်။ တစ်အိမ်လုံး ပန်းချီကားတွေ၊ ပန်းချီဆေးတွေနဲ့ ဖွထားမယ်။ ညကြီးသန်းခေါင် ပန်းချီ ထဆွဲမယ်။ (ဆောရီး မောင်တိန် တိုက်ဆိုင်သွားရင်)။ ဒါမှမဟုတ်ရင် Home Theatre နဲ့ တစ်အိမ်လုံး ၀ုန်းဒိုင်းကြဲနေအောင် ရုပ်ရှင်ကားတွေ ကြည့်မယ်။ ဒါမှ မဟုတ်ရင် သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်ကို နေ့တိုင်း သွားထိုင်မယ်။ ဒီထက် ပိုဆိုးရင် ဘီယာဆိုင် သွားထိုင်မယ်။ ဒါမှမဟုတ် အလုပ်ထဲမှာ အစွမ်းကုန် ကြိုးစားမယ်။ ဒီထက်ပိုဆိုးရင် အလုပ်လုပ်ချင်စိတ် တိုးတက်အောင် လုပ်ချင်စိတ်မရှိ ပုံမှန်သမား အေးဆေးသမား ဖြစ်နေမယ်။ ဒါမှ မဟုတ် အရာရာ သူပဲ ဦးဆောင်ရတာကို ကြိုက်မယ်။ ဒါမှမဟုတ် ဟင်းကောင်းကောင်း ချက်တတ်တဲ့ မိန်းမကို ကြိုက်မယ်။ ဒါမှမဟုတ် ဈေးရောင်းကောင်းတဲ့ မိန်းမကို ကြိုက်မယ်။အဲဒီလို ယောက်ျားတွေ လိုချင်တာ ဖြစ်ချင်တွေက အမျိုးမျိုးရှိလို့ ယောက်ျားတွေ ဘာကြိုက်လဲကို ပုံသေနည်း ထုတ်လို့ မရဘူး ထင်ရမယ်။

မိန်းမတွေက သူတို့ ကြိုက်တာ လိုချင်တာကို ထိန်းချုပ်ထားပြီး ရှိတဲ့ ဘ၀နဲ့ ပျော်အောင် နေနိုင်သလောက် ယောက်ျားတွေကတော့ သူတို့ လိုချင်တာ၊ သူတို့ ကြိုက်တာ မရရင် မနေတတ်ပါဘူး။ ယောက်ျား ဆိုတာမျိုးကလည်း ငယ်ငယ်ကတည်းက ထိန်းချုပ်လို့ ရတာမျိုး မဟုတ်ပါဘူး။ သူတို့ လိုချင်တာ မရရင် သောင်းကျန်းမယ်၊ ခိုးလုပ်မယ် ဆိုတာမျိုးတွေပါ။ အသက်ကြီးလာပြီင်္း ပါးနပ်လာရင်တော့ သူတို့ လိုချင်တာကို မရရအောင် လမ်းကြောင်းပြီး ရအောင် ယူမယ်၊ လုပ်မယ်။ သူတို့ လိုချင်တာအတွက် ဈေးဘယ်လောက် ပေးရပေးရ မတွန့်တိုပါဘူး။ သူတို့ လိုချင်တာအတွက် နစ်နာကြေးပေးတာမျိုး လာဘ်ထိုးတာမျိုးလည်း လုပ်တတ်ပါတယ်။ ဥပမာ ကိုယ်လိုချင်တာ တစ်ခုရဖို့ မိန်းမကို တစ်ခု ၀ယ်ပေးတာမျိုးတို့။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး ပြန်လာရင် မိန်းမအတွက် ကြိုက်တတ်တဲ့ အစားအစာ ၀ယ်လာတာမျိုးတို့ပါ။

မိန်းမတွေက သူတို့ လိုချင်တာ မရပေမယ့် သူတို့ရထားတာ တန်တယ် ကောင်းတယ်ဆို ကျေနပ်ပါတယ်။ စိတ်ဓါတ်မကျတတ်တဲ့ အပြင် ပျော်အောင် နေတတ်ပါတယ်။ ယောက်ျားတွေကတော့ သူတို့ လိုချင်တာမရရင် သူတို့ လုပ်ချင်တာ မလုပ်ရရင် စိတ်တိုမယ်၊ စိတ်ဓါတ်ကျမယ် ဖြစ်တတ်ပါတယ်။ အနည်းဆုံးတော့ စိတ်ညစ်မယ်။ ဘ၀မှာ ကိုယ်လိုချင်တာ မဖြစ်လို့ စိတ်ဓါတ်ကျနေတဲ့ ယောက်ျားဦးရေက မိန်းမဦးရေထက် ပိုများမယ်။ ကိုယ်လုပ်ချင်တာကို တားတဲ့သူကို ရန်သူလို့ ထင်မယ်။ မိန်းမက တားရင် မိန်းမကို စိတ်တိုမယ်၊ ရန်ဖြစ်မယ်။ `နင်ဘာသိလိုလဲ´ဆိုပြီး ကိုယ်လိုချင်တာကို ရအောင်လုပ်မယ်။ ကိုယ်လုပ်ချင်ရာ လုပ်နေရရင်တော့လည်း အိမ်ဦးနတ်မို့ အခွင့်အရေး ရှိတယ်ဆိုပြီး Granted လို့ သဘောထားမယ်။ မိန်းမက စိတ်ချမ်းသာအောင် လွှတ်ပေးထားတာကို သတိမူမိမှာ မဟုတ်ဘူး။

အခုလောက်ဆိုရင်တော့ ယောက်ျားတွေ ဘာကြိုက်လဲဆိုတာကို သိသာလာပါပြီ။

ယောက်ျားတွေက ကိုယ်လုပ်ချင်ရာ လုပ်နေရတာကို ကြိုက်ပြီး အဲဒီလို ပေးလုပ်ထားတဲ့ မိန်းမတွေကို ကြိုက်ပါတယ်။
ဒါဆိုရင် မိန်းမလည်း လူပဲ ကိုယ်လုပ်ချင်ရာ လုပ်ရတာ ကြိုက်မှာပေါ့လို ဆိုချင်မယ်။ မိန်းမတွေကတော့ လုပ်သင့် မလုပ်သင့် စဉ်းစားပါတယ်။ ဆန္ဒကို ချိုးနှိမ်တတ်ပါတယ်။ ပြီးတော့ မိန်းမတွေက လုပ်ချင်တာထက် (စာရေးချင်၊ ရုပ်ရှင်ကြည့်ချင်တာ၊ သူငယ်ချင်းတွေနဲ့ နေချင်တာထက်) လိုချင်တာ (အိမ်၊ ကား၊ အ၀တ်အစား၊ လက်ဝတ်ရတနာ) က ပိုများပါတယ်။ ဒါတွေကို ဘာမှ မလုပ်ဘဲ ရလာတာမျိုးကိုလည်း မိန်းမတွေက ဖြစ်စေချင်တာပါ။(ဒီစာသားကို ကန့်ကွက်ကြလို့ ဖြုတ်လိုက်ပါတယ်)

ယောက်ျားတွေကို သူတို့ လုပ်ချင်ရာ ပေးလုပ်ထားရတော့မှာလား ဆိုတာကတော့ ယောက်ျားတွေ ဘာလုပ်ချင်လည်း ဆိုတာနဲ့ မိန်းမတွေရဲ့ ပါးနပ်စွာ ထိန်းချုပ်နိုင်မှု ပေါ်ပဲ မူတည်ပါတယ်။ ဥပမာ အပြင် ထွက်တာ ကြိုက်တဲ့ ယောက်ျားကို အပြင်ပေးမထွက်ရင်တော့ ပြဿနာ ဖြစ်နိုင်တယ်ဆိုပေမယ့် အပြင်ထွက်တာ နည်းအောင် အိမ်ထဲမှာ ပျော်အောင်ထားဖို့ စဉ်းစားရပါမယ်။ အပြင်ထွက်ရင် မိန်းမပါ တစ်ခါတစ်လေ လိုက်ပေးမယ် ဆိုရင် စိတ်မချစရာ မရှိတော့ပါဘူး။ ပစ္စည်း အသစ်အဆန်းလေးတွေ ဈေးကြီးပေး ၀ယ်တဲ့ ယောက်ျားကိုတော့ မိန်းမက Budget နဲ့ တွက်ပြီး ၀ယ်ခွင့်ပေးမယ်၊ ယောက်ျားကို ပိုက်ဆံ ပိုရှာအောင် တွန်းအားပေးမယ်၊ ပိုက်ဆံပိုရှာနိုင်အောင် ကူညီပေးမယ်ဆိုရင် ပြဿနာ မဖြစ်နိုင်တော့ပါဘူး။ ယောက်ျားက အနုပညာလောက ထဲမှာ ပျော်မွေ့တတ်ရင် မိန်းမကလည်း နည်းနည်းပါးပါး နားလည်အောင် လိုက်လုပ်မယ်။ ဥပမာ စာရေးတဲ့ စာဖတ်တဲ့ ယောက်ျားနဲ့ ဆိုရင် သူဆီက ကိုယ်ဖတ်ချင်တဲ့ စာအုပ် တချို့ ယူဖတ်မယ်။ ယောက်ျားကို ကမ္ဘာပေါ်မှာ တခြား လောကတွေ (ဥပမာ စီးပွားရေ၊ လူမှုရေးလောကတွေ) လည်း ရှိသေးတယ် ဆိုတာ ပြနိုင်မယ် မျှတအောင် ဆွဲခေါ်နိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိမှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ယောက်ျားတွေက ကိုယ်လုပ်ချင်ရာကို ပေးလုပ်တဲ့ မိန်းမကို ကြိုက်ပြီး မိန်းမတွေကလည်း ကိုယ့်ကို ကြိုက်တဲ့ ယောက်ျားကို ပြန်ကြိုက်တယ်ဆိုရင်တော့ အိမ်ထောင် အေးချမ်းသာယာဖို့ကတော့ ယောက်ျားတွေ ဘာလုပ်ချင်လည်းပေါ် အဓိက မူတည်နေပါတော့တယ်။

(လွတ်လပ်စွာ သဘောထား ကွဲလွဲ ဆွေးနွေးနိုင်ပါတယ်။ ဖြည့်စွက် ပြင်ဆင်ပေးမယ်ဆိုလည်း ကျေးဇူးတင်ပါတယ်။)

တခြားဖတ်ရန်
မိန်းမကြိုက်
ယောက်ျားလေးတွေ ဘာကြိုက်


21 comments:

ဂျစ်တူး - gyit_tu - 7/22/08, 11:29 PM

စစချင်း ကွန်မန့် ၀င်ပွတ်လိုက်မယ် .. ယောက်ျားကြိုက်ကြီးကလည်း မတရားသလိုလိုပါလားး)

ဘာပဲဖြစ်ဖြစ် ဂျစ်ယုံကြည်တာကတော့ လူတိုင်း ကိုယ်ကြိုက်တာ လုပ်ချင်ကြတဲ့အတွက် ၊ အိမ်ထောင်တခုမှာ အပေးအယူလေး ရှိသင့်တယ်ဆိုရင် သိပ်သာယာမယ် ထင်ပါတယ် ။ အဓိကတော့ ယောက်ျားကြိုက်တာမျိုး မိန်းမကလည်း ကြိုက်ပြီးသားဆို အေးဆေးပဲပေါ့လေး)

ဒါနဲ့ ကိုအန်ဒီ gadgets ကြိုက်တဲ့ မိန်းကလေးတွေလည်း ရှိပါတယ်ဗျး)

ုkom - 7/23/08, 1:01 AM

ကိုယ်သိတဲ.ယောက်ကျားကြိုက် ကတော. သူလုပ်ချင်တာ ကို ခွင်.ပြုထား တာပါဘဲ. . တရားဥပဒေဘောင်ထဲ ကပေါ.။

- - 7/23/08, 1:04 AM

ဘာဖြစ်ဖြစ် ကျွန်တော်က နှစ်ဖက်စလုံးကို အမှန်ခြစ်လိုက်ပါတယ်။

Anonymous - 7/23/08, 1:29 AM

"မိန်းမတွေက လုပ်ချင်တာထက် (စာရေးချင်၊ ရုပ်ရှင်ကြည့်ချင်တာ၊ သူငယ်ချင်းတွေနဲ့ နေချင်တာထက်) လိုချင်တာ (အိမ်၊ ကား၊ အ၀တ်အစား၊ လက်ဝတ်ရတနာ) က ပိုများပါတယ်။ ဒါတွေကို ဘာမှ မလုပ်ဘဲ ရလာတာမျိုးကိုလည်း မိန်းမတွေက ဖြစ်စေချင်တာပါ။"

ဲမြန်မာအမျိုးသမီးထုကြီး ကိုယ်စား လုံးဝကန့်ကွက်သည်။

nu-san - 7/23/08, 1:36 AM

အဟိ.. Andy ရေးထားတာတွေက မှန်၏ နောက်စေ့ လို့ပြောရမလိုပဲ.. အားလုံးကွက်တိပါပဲလား.. :D

အမကတော့ ကွန်ပျူတာ game ဆော့တာ crazy ဖြစ်တဲ့ ယောင်္ကျားကို ရ ထားတော့လည်း သူ့ကို ကွန်ပျူတာနဲ့ပဲ ထားပြီး game ဆော့ခိုင်း ထားရတာပေါ့ကွယ်.. အဲဒါဆိုတော့ သူလည်း စိတ်ချမ်းသာ အမလည်း အေးအေးဆေးဆေး blog လို့ရတာပေါ့.. :P

pandora - 7/23/08, 2:37 AM

ဒီလို လမ်းကြောင်းပေးမထားနဲ့လေ..။ တို့လည်း လုပ်ချင်တာ လုပ်မှာပဲ . ရ၀ူး..။

ဟိဟိ မနုစံ အကြံကောင်းတယ်။

ဇနိ - 7/23/08, 3:09 AM

ကိုအန်ဒီကြီး
ဘာတွေ ထပ်လုပ်ချင်နေပါလိမ့်...

(((ယောက်ျားတွေက ကိုယ်လုပ်ချင်ရာ လုပ်နေရတာကို ကြိုက်ပြီး အဲဒီလို ပေးလုပ်ထားတဲ့ မိန်းမတွေကို ကြိုက်ပါတယ်။ )))

အဲဒါကတော့ ဟုတ်သနော်...း)

မောင် - 7/23/08, 8:38 AM

ယာက်ျားတွေက ကိုယ်လုပ်ချင်ရာ လုပ်နေရတာကို ကြိုက်ပြီး အဲဒီလို ပေးလုပ်ထားတဲ့ မိန်းမတွေကို ကြိုက်ပါတယ်။

မှန်ပါတယ်...ထောက်ခံပါတယ်...ကိုအန်ဒီ

Anonymous - 7/23/08, 2:19 PM

ga yu site khan chin tar ka tot man & woman tu tu pae htin tel. man ka tg 30% laut po oo mel. မိန်းမတွေက လုပ်ချင်တာထက် (စာရေးချင်၊ ရုပ်ရှင်ကြည့်ချင်တာ၊ သူငယ်ချင်းတွေနဲ့ နေချင်တာထက်) လိုချင်တာ (အိမ်၊ ကား၊ အ၀တ်အစား၊ လက်ဝတ်ရတနာ) က ပိုများပါတယ်။ ဒါတွေကို ဘာမှ မလုပ်ဘဲ ရလာတာမျိုးကိုလည်း မိန်းမတွေက ဖြစ်စေချင်တာပါ။<-- dar tot lone wa mhar tel. Ko lote arr nae ya tar ka po cho myane tel.

Anonymous - 7/23/08, 2:58 PM

:) carry on ko aundy. I think it is right. :P

Anonymous - 7/23/08, 3:56 PM

I think men are easy to be friends again however they argue & fight for opinions while women cannot easily forget on comments of others on them.

Phyo Wai Kyaw - 7/23/08, 4:57 PM

ဒီလူ့ အရေးအသားတွေက သုတေသီ တယောက်နဲ့ တူလာပြီဗျး))

ဝေတိုး - 7/23/08, 11:35 PM

အရေးအသားနဲ့အတွေးအခေါ်တွေက De Beauvoir ရဲ့ The Second Sex လိုလို...:))

Andy Myint - 7/24/08, 2:42 PM
ပထမဦးဆုံး ပြောချင်တာကတော့ စာတစ်ပိုဒ်က ရေးတာ လိုသွားတယ်။ တကယ်တော့ ကျွန်တော့် စိတ်ထဲမှာ ရှိတာက ပိုက်ဆံ ရှိတဲ့သူတွေကို လက်ထပ်လိုတဲ့ မိန်းမ အနည်းငယ်ပါ။ ဒါပေမယ့် ရေးတာ လိုသွားတော့ နားလည်မှု လွဲစရာတွေ ဖြစ်ကုန်တယ်။ Publish လုပ်ပြီးလည်း ဖြစ် Comment မှာလည်း ပါနေတော့ ပြန်ဖျက်လို့ မရ ပြန်ပြင်လို့လည်း မရတော့လို ခြစ်ရုံပဲ ခြစ်ထားတယ်။ အတိုပြောရရင်တော့ ကျွန်တော်ရေးတာ လွဲမှားသွားယ်။

ဟုတ်တယ် ဂျစ်ရေ… ခါးသီးတဲ့ အမှန်တရားများ ဖြစ်သွားလား။ ကျွန်တော် ထင်တာတော့ ယောက်ျားကြိုက်တာကို မိန်းမက လိုက်ကြိုက်စရာ မလိုပါဘူး။ ဥပမာ ဘောလုံးပွဲကြည့်သလိုမျိုးပေါ့။ အဓိကကတော့ ယောက်ျားက မဟုတ်တာ မကြိုက်တတ်ဖို့ အရေးကြီးတာလို့ ကျွန်တော်က ယူဆတယ်။

ဒါပေါ့ မခင်ဦးမေ.. ခွင့်ပြုထားတယ် ဆိုပေမယ့် အလျော့အတင်းပေါ့။ ဘေးမဖြစ်တာမျိုးဆို ခွင့်ပြုလို့ ရနိုင်တာပဲ။

ကျေးဇူးပါ စာဖတ်သူ (--)

ကျွန်တော်ရေးတာ လိုသွားတယ် စာဖတ်သူ

ကို--ကြီး အခုထိ Game ဆော့တုန်းပဲလား မနုစံ။ Online ချနေကြတာ ဟုတ်?

ဟားဟား.. မပန်တို့က ဒက်တယ်

ရှူးတိုးတိုး ကိုဇနိ.. ကျွန်တော် လုပ်ချင်ရာ လုပ်လို့ ရအောင် လုပ်ရေးထားတာ။

ထောက်ခံမဲ တစ်မဲတော့ ရပြီ မောင်

ကျွန်တော်ရေးတာ လိုသွားတယ် စာဖတ်သူ

Thanks, Reader.

Dear Reader, that may be because men are not as sensitive and emotional as women – I reckon. :) Yeah I admit the above phrase seems rather offensive (though it is my experience from few women).

ဘ၀ပေး သင်ခန်းစာပေါ့ ကိုဖြိုး.. ဟီးဟီး နောက်တာ

ကျွန်တော် မူရင်းတော့ မဖတ်ဖူးဘူး မဝေတိုး။ ဆရာမြ ပြန်ထားတဲ့ မိန်းမတို့ အကြောင်း (လား မသိ) တော့ ဖတ်ဘူးတယ်။ ကြာတော့ ကြာပြီ။ စိတ်ထဲကတော့ လွှမ်းမိုးမှု ခံထားရနိုင်တယ်။ သူရေးတဲ့ ထဲမှာ ရေပွက်ပမာ (A Very Easy Death) ကိုတော့ ကြိုက်တယ်။ ကျွန်တော့်ရဲ့ “သူမတို့ နှစ်ယောက်” post လေးပါ မဖတ်ရသေးရင် ဖတ်ကြည့်ပါဦးလား။
မဇနိ - 7/24/08, 2:55 PM

ကျွန်တော်လုပ်ချင်တာ လုပ်လို့ရအောင်ဆိုပြီး အစ်မကိုပဲ အလိုလိုက်နေရတာ သိတယ်နော်။ ဗိုက်ဗိုက်ကြီးနဲ့လေယာဉ်ကွင်း ခေါ်သွားရသေးတာ မှတ်မိတယ်နော်။ တိန်!
အခုတော့ အကြိုက်တွေ သိသွားပီ။

အက္ခရ - 7/24/08, 6:40 PM

ကြိုက်တတ်သူများ ကြိုက်နိုင်ကြပါစေ...။

အညာသား - 7/26/08, 6:41 AM

အခုမှပဲ ကိုယ့်အကြောင်းကို ပြည့်ပြည့်စုံစုံသိရသဗျို့...။ :D

Andy Myint - 7/27/08, 9:00 PM
သူ့ကို အလိုလိုက်မှ ကိုယ်ကို အလိုလိုက်မှာ ဆိုပြီး နှစ်ယောက်စလုံးက အလိုလိုက်ပြီး နှစ်ယောက်လုံး ပျက်စီး (Spoiled ဖြစ်နေတာ) နေကြတာလေ မဇနိရေ.. တိန်!

ကျေးဇူးတင်ပါတယ် ဆရာအက္ခရ

ကိုယ်အကြောင်းကိုယ် သိသွားပြီလာ အညာသား
စိုးထက် - Soe Htet ! - 7/31/08, 11:48 PM

ဟဲ ဟဲ ... နောက် ကျသွားတယ် ... အားလုံး မှန်ပါတယ် ... အဲ ... ကျွန်တော် နဲ့ တော်တော် ကိုက်ညီ ပါတယ် ပြောတာပါ ... ဟိ :)

Andy Myint - 8/4/08, 9:40 PM
မှန်ရမယ်လေ... ဒါယောက်ျား ကြိုက်ပဲကိုး...
Moe Cho Thinn - 2/16/10, 4:05 PM

ဒါကြောင့် တို့က ယောကျာင်္းတွေကို မိန်းမတွေထက် ပိုပြီး selfish ဖြစ်တဲ့လူတွေ လို့ ထင်တယ်။ မုန်းလို့ ပြောတာ မဟုတ်၊ တခါတလေ သူတို့လို စိတ်မျိုး ထားနိုင်ရင် ကိုယ့်အတွက် ကောင်းတယ် ထင်မိသားး..

ကို Andy ပြောတာ အမှန်တွေချည်းးး ဒီပို့စ်ကို ဘာလို့ မဖတ်ဖူးပါလိမ့်။ ခုမှ ဖတ်မိတာ။ မိန်းမ အကြိုက် ပို့စ်ထက် ပို သဘောကျတယ်။

Post a Comment

Many thanks for dropping a comment…

Film