Tuesday, August 12, 2008

ကော်လံ အပို ထပ်ထည့်ခြင်း

(Computer Programming Post ဖြစ်ပါတယ်။)

Database သုံးတဲ့ Application တွေမှာ Database Schema ပြောင်းတိုင်း Application ရဲ့ Code တွေကို လိုက်ပြောင်းရနိုင်ပါတယ်။ ဒီလို ပြောင်းတဲ့ အခါ နှစ်နေရာမှာ ပြောင်းရနိုင်ပါတယ်။ ကိုယ့် ပြင်ချင်တဲ့ နေရာမှာတော့ ပြောင်းရပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ်ပြောင်းလိုက်တာကြောင့် တခြားနေရာတွေမှာပါ သက်ရောက်မှု ရှိပြီး လိုက်ပြောင်းရပါတယ်။ ကိုယ်ပြင်ချင်ရာ ပြင်ပြီး တခြားနေရာတွေကို လိုက်မစစ်ရင် Production ကျမှ ဒုက္ခ လှလှတွေ့ရပါမည်။

Table တစ်ခုမှာ Column တစ်ခု ဖြုတ်လိုက်ရင် ဘာဖြစ်သွားမလဲ မေးရင် မေးတဲ့ လူကိုတောင် ကြောင်နေလား ဒီကော်လံကို သုံးထားတဲ့ နေရာတွေမှာ Error တွေ တက်လာမှာပေါ့လို့ ချက်ချင်း ပြန်ဖြေမှာပဲ။ ကော်လံ တစ်ခု ထပ်ထည့်လိုက်ရင်ရော ဘာဖြစ်မလဲ မေးရင် အတွေ့အကြုံ နည်းသေးတဲ့ သူတွေကတော့ ဘာမှ မဖြစ်လောက်ပါဘူးလို့ ဖြေမှာပါ။

တကယ်တော့ အသေအချာ မရေးထားတဲ့ Application တစ်ခုမှာ ကော်လံ တစ်ခု ထပ်ထည့်ရင်လည်း Error တက်နိုင်ပါတယ်။ ဘယ်လို နေရာမှာ တက်လေ့ ရှိသလဲ ဆိုတော့ အရင် ရှိထားတဲ့ Insert Statement မှာ တက်တတ်ပါတယ်။ ဥပမာ Emp Table ပဲ ဆိုပါတော့ အရင်တုန်းက ကော်လံ ၂ ခု ရှိတယ်။ EmpId နဲ့ Name နဲ့။ အဲဒါကို Database မှာ DOB ဆိုတဲ့ ကော်လံ ထပ်ထည့်လိုက်တယ်။ Application Code ကို ဘာမှ မပြောင်းဘူးဆိုပေမည့် အရင်တုန်းက ရေးတဲ့သူက Insert Statement ကို ဒီလိုမျိုး ရေးခဲ့မည်ဆိုရင် Error တက်မှာပါ။

INSERT INTO Emp VALUES (1,'John');

ဆိုပြီး Column ကို မကြေညာတဲ့ Insert Statement တွေဟာ Table ထဲမှာ နောက်ထပ် ကော်လံ တစ်ခု အပို ပါသွားရင် Parameter အရေအတွက်နဲ့ ကော်လံ အရေအတွက် မတူတဲ့ အတွက် Execute လုပ်လို့ မရတော့ပါဘူး။ အဲဒီတော့ Database မှာ ကော်လံ တစ်ခု ထပ်ထည့်မည်ဆိုရင် Application Code ထဲမှာ ဒီလို Insert Statement တွေ ရှိမရှိ အရင် "Find" နဲ့ Table Name သုံးပြီး အလွယ်တကူ ရှာကြည့်ရပါတယ်။ တွေ့ရင် ဒီလိုမျိုး ပြင်လိုက်ရပါမည်။

INSERT INTO Emp (EMPID,NAME) VALUES (1,'John');

အခုနောက်ပိုင်းတော့ ဘယ်သူမှ Application Code ထဲမှာ SQL Statement တွေကို ဒီအတိုင်း မရေးတော့ပါဘူး။ Hibernate တို့ Oracle က Toplink တို့လိုမျိုးတွေ သုံးတဲ့ အတွက် ဒီလိုမျိုးတွေ မရှိသလောက်ပါပဲ။

ဒါပေမယ့် Database အထဲကမှ ဒီ Table ကို သုံးထားတဲ့ View တွေ Stored Procedure မှာ ဒီလို Insert Statement တွေ ရှိနိုင်ပါသေးတယ်။ အဲဒါတွေကိုတော့ ကိုယ်ပြင့်မည့် Table (Emp) မှာပဲ Dependency တွေကို ရှာကြည့်ပြီး Depend လုပ်ထားသမျှ View လိုမျိုး Stored Procedure လိုမျိုး Function လိုမျိုး Database Object တွေမှာ လိုက်စစ်ပေးရပါတယ်။ ရှိရင် ပြင်ပေးရပါတယ်။

အဲဒီလို ပြင်ပေးတဲ့ အခါမှာ Insert Statement တွေ သာမက Union သုံးထားတဲ့ Select Statement တွေမှာပါ စစ်ပေးရပါတယ်။ ထားပါတော့ Emp Table နဲ့ Emp_Arcihve ဆိုတဲ့ Table နှစ်ခုဟာ ကော်လံတွေ တူနေခဲ့လို့ ဒီလို Union လုပ်ထားတယ် ဆိုရင်

SELECT * FROM EMP
UNION
SELECT * FROM EMP_ARCHIVE

Emp Table မှာပဲ ကော်လံ ထပ်ထည့်ပြီး Emp_Archive Table မှာ မထည့်ရင် ဒီ SQL ဟာ အလုပ် လုပ်တော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီလို Statement တွေကို ရှာပြီး ပြင်သင့်ရင် ပြင်ပေးရပါတယ်။

ဒီလိုမျိုး မမြင်သာဘဲ ဒုက္ခ ပေးနိုင်တဲ့ SQL တွေလည်း ရှိပါသေးတယ်။ ဆိုပါတော့ Customer ဆိုတဲ့ Table ရှိပြီး အဲဒီမှာ DOB ဆိုတဲ့ ကော်လံက ပါပြီးသား၊ EmpId = 1 ရဲ့ Customer Demographic level အတွက် နောက်ထပ် ServedBy ဆိုတဲ့ EmpId နဲ့ CustomerID ကော်လံတွေ ပါတဲ့ ကြားခံ Table တစ်ခု သုံးထားတဲ့ Query နဲ့ ရှာတယ် ဆိုပါတော့

SELECT e.EmpId, c.CustomerID, DOB
FROM Emp e,
Customer c,
ServedBy m
where m.EmpId = e.EmpId
and m.CustomerId = c.CustomerId
where e.EmpID = 1

ဒီ SQL ရေးတုန်းက DOB ဆိုတဲ့ ကော်လံက Customer ထဲမှာပဲ ပါလို့ ဘယ် Table က ယူမည်ဆိုတာကို မပြောလည်း ရတဲ့ အတွက် ဘာမှ Specify မလုပ်ထားပေမယ့် Emp Table ထဲမှာ DOB ထပ်ထည့်လိုက်ပြီး နောက်မှာ ဒီ SQL ဟာ Run လို့ မရတော့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ Ambiguous column ဖြစ်သွားလို့ပါ။ အဲဒါကြောင့် ဒီလို SQL မျိုးတွေကိုလည်း ဒီလို လိုက်ပြင်ရပါမည်။

SELECT e.EmpId, c.CustomerID, c.DOB
FROM Emp e,
Customer c,
ServedBy m
where m.EmpId = e.EmpId
and m.CustomerId = c.CustomerId
where e.EmpID = 1

ဒီလောက် လိုက်ပြင်တာတောင် ကိုယ်မမြင်လိုက်တာတွေ ရှိနိုင်ပါသေးတယ်။ အဲဒါကြောင့် Unit Testing က အရေးပါလာပါတယ်။ (Unit Testing အကြောင်း နောက်ရေးပါမည်။) Program Unit တိုင်းအတွက် Test လုပ်ဖို့ Unit Test Case တွေကို ရေးထားမည်ဆို System မှာ (Databaseမှာ ဖြစ်ဖြစ် ၊ Application ဖြစ်ဖြစ်၊ Configuration ဖြစ်ဖြစ်) တစ်ခု ပြောင်းလိုက်တိုင်း Unit Test Cases တွေကို Run ကြည့်ပြီး Effect ရှိမရှိ သိနိုင်ပါတယ်။

Unit Test တွေ မရှိလိုပဲ ဖြစ်ဖြစ် Legacy Application ဖြစ်နေလို့ ကိုယ့်စီမှာ ပြင်ပေးမည့် သူ မရှိလို့ပဲ ဖြစ်ဖြစ်၊ Application ရဲ့ Source Code တွေ မရှိလိုပဲ ဖြစ်ဖြစ် Side Effect မရှိစေချင်လိုပဲ ဖြစ်ဖြစ် Database ကို ပြင်ချင်တယ် ကော်လံ ထပ်ထည့်ချင်တယ်ဆိုရင်တော့ လုံးဝ ထပ်ထည့်လို့ မရဘဲ ဒီကော်လံ အတွက် နောက်ထပ် Table တစ်ခု ထပ်တိုးမှ ရပါမည်။ ဥပမာ Emp Table ထဲမှာ DOB ကော်လံ ထပ်ထည့်ဖို့ EMP_DOB ဆိုတဲ့ EmpId ကော်လံနဲ့ DOB ကော်လံပဲ ပါတဲ့ Table တစ်ခု ထပ်ထည့်ပေးခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ ဒီနေရာမှာတော့ EmpId နဲ့ DOB ဟာ One-To-Many ဖြစ်သွားတတ်တာကို သတိထားရပါမည်။ နောက်ပြီး ဒီလို မလိုအပ်ဘဲ Higly Normalise လုပ်ထားတာဟာ မကောင်းဘူးဆိုတာကိုလည်း သတိထားရပါမည်။ မတတ်သာတဲ့ အဆုံးမှပဲ ဒီလို လုပ်သင့်ပါတယ်။

Good Practice တွေကတော့
  • Insert Statement တွေမှာ Column တွေကို ကြေညာပါ။
  • Union မှာ Select * မလုပ်ပါနဲ့
  • Table တစ်ခုထက် ပိုတာကို Join ထားမည်ဆို ကော်လံတိုင်းဟာ ဘယ် Table ကလည်း ဆိုတာကို ကြေညာပါ။
  • Program Unit တိုင်းအတွက် Unit Test Case တွေ ရှိပါစေ။
တခြားဖတ်ရန်-SQL Injection

7 comments:

KhinLayThant - 8/13/08, 1:47 AM

Thanks for your useful post in IT. plz post more , Ko Andy !

gulu - 8/13/08, 12:52 PM

ဟုတ်တယ်ဗျ။ new column ထဲ့မယ်ဆိုရင် ဘာမှ မဖြစ်ဘူးလို့ပဲတွေးကြတာများမယ်ထင်တယ် (ကျနော်တော့ အဲ့လိုတွေးခဲ့တယ် :D )

အခုလိုရေးပြတာ ကျေးဇူးပါ :) နောက်လည်း ဒါမျိုး အမှတ်တမဲ့ သတိမထားဖြစ်တဲ့ IT Knowledge လေးတွေ အဆင်ပြေတိုင်းရေးပေးပါ :)

khaingzm - 8/13/08, 3:47 PM

Looking forward to your coming post about unit testing ..

ပီတိ - 8/14/08, 10:30 AM

Database မှာပြောင်းလိုက်တာနဲ့ သေချာအောင် Unit test ကပြန်လုပ်ရတာပဲနော်။ Programmer တွေကတော့ unit test ကိုလည်းလုပ်ဖို့ အင်မတန်ပျင်းပါတယ်။ နောက်ပြီး ကိုယ်ရေးတဲ့ program အမြဲမှန်တယ် ထင်တတ်ရဲ့…

သဉ္ဇာ - Thinzar - 8/14/08, 11:56 AM

Good practice တွေကတော့ မှတ်သားစရာပါဘဲ။ အခုလို အတွေ့ အကြုံတွေ ဖလှယ်ပေးတာ သဉ္ဖာတို့လို ခုမှ စပြီး အိုင်တီလောကထဲ ၀င်ခါစအတွက်တော့ တကယ်ကို တန်ဖိုးရှိပါတယ်။ တစ်ချို့အရာတွေက စာက မသင်ပေးဘဲ အတွေ့အကြုံက သင်သွားပေးတာဆိုတော့လေ။ ကိုပီတိပြောသလိုဘဲ သဉ္ဖာလည်း unit test လုပ်ဖို့ အရမ်းပျင်းပါတယ်။ အချိန်ရရင် unit test ကို ဘယ်လို အကောင်းဆုံးနဲ့ အလွယ်ဆုံး လုပ်နိုင်မလဲ ဆိုတာလဲ ရေးပေးပါဦး။ testing ကလည်း ပညာ တစ်ခုဘဲနော်။ အခုလောလောဆယ်တော့ ကိုယ်ဘဲ programmer ကိုယ်ဘဲ DBA ကိုယ်ဘဲ tester ဆိုတော့ testing ကို လုံးဝ ဂရုမစိုက်နိုင်ဘူး ဖြစ်နေလို့။

Andy Myint - 8/14/08, 9:47 PM
Thanks for reading...Ma Khin Lay Thant

ကျွန်တော်လည်း ထင်ခဲ့တာပါပဲ Gulu

I will try to write about Unit Testing soon Ma Khaing Z M

မှန်လိုက်လေ ကိုပီတိရေ... နောက်ပိုင်းတော့ ကိုယ်ရေးတာတွေက အကုန် မမှန်ဘူးဆိုတာ သိလာပေမယ့် ဘယ်နား မှားနေသလဲ ဆိုတာတော့ မသိသေးတာ ခက်တယ်

ဟုတ်တယ် ညီမ သဉ္ဇာ ဒီလို အတွေ့အကြုံတွေကို များများ ရေးသွားပါမယ့်။ သီအိုရီနဲ့ How to တွေကတော့ စာအုပ်ဖတ် အင်တာနက်မှာ ရှာနိုင်တာပဲ။

Unit Test လုပ်ဖို့ ပျင်းတယ်လို့ ပြောတာ ကျွန်တော့်အတွက် စဉ်းစားစရာ ဖြစ်စေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က Unit Test ကို Automate လုပ်ထားတာ ဆိုတော့ အစအဆုံး နီးပါး သူ့ဘာသူ Run ပြီး စစ်သွားပေးတာပဲ။ ဒီအကြောင်းတော့ အမြန်ရေးဖို့ လိုပြီ ထင်တယ်။
ပီတိ - 8/15/08, 2:23 AM

ဟုတ်ကဲ့ ကိုအန်ဒီ… automated unit testing အချိန်ရရင် ရေးပေးပါဦး…ကျေးဇူး

Post a Comment

Many thanks for dropping a comment…

Film


Files