Saturday, August 16, 2008

သားရဲ့အီအီး

သားလေးက တစ်နေ့ကို သုံးလေးခေါက်လောက် အီအီးပါ ပါတယ်။ ပြီးတော့ အရည်တွေ သွားတာပါ။ သမီးတုန်းကတော့ တစ်နေ့ကို တစ်ခေါက်ပဲ ပါတယ်။ သားတစ်ယောက် သမီးတစ်ယောက်မွေးထားတာ တစ်ယောက်ကို တစ်မျိုး တွေ့ရတယ်။ သမီးတုန်းက အီအီးဟာ အစိမ်းပုတ်ရောင်ကနေ အမည်းရောင် လိုမျိုးပါ။ သားကတော့ အ၀ါနုရောင်ကနေ စိမ်းဝါရောင်ပါ။ ဒီလို မတူရတာ သမီးတုန်းက နို့ဗူး သောက်ပြီး သားအလှည့်ကျတော့ မိခင်နို့ တိုက်လို့ ဖြစ်ရတာပါ။ နှစ်ယောက်စလုံးကတော့ မွေးမွေးချင်းမှာ အစိမ်းရင့်ရောင် အီအီးတွေ ပါပါတယ်။ အဲဒါတွေဟာ ပျစ်ချွဲချွဲ Meconium လို့ခေါ်တဲ့ ဓါတ်တွေ အမေ့ ၀မ်းထဲမှာ နေနေတုန်းက စုထားတာတွေပါ။ နို့တိုက်လိုက်တော့မှ နို့ဦးရည်က (Colostrum က) ၀မ်းနှုတ်ဆေးလိုမျိုး ဒီ Meconium တွေ ဆင်းသွားအောင် လုပ်ပေးတာပါ။ Meconium တွေ များရင် မွေးကင်းစ အသားဝါ (Jaundice) ဖြစ်စေလို့ နို့ဦးရည်တိုက်ဖို့ မိခင်တွေကို မှာရတာပါ။ နှစ်ရက် သုံးရက်လောက် ကြာမှာ ၀မ်းဟာ ပုံမှန် ပြန်ဖြစ်ပါတယ်။

သားလေးက ၀မ်းသွားပြီဆို ဘရောကနဲ ဝေါကနဲ ပါပဲ။ သူက မွေးပြီး နှစ်ရက် သုံးရက်လောက်မှာ ကတည်းက သူ့ဝမ်းကို သူညှစ်တာကို တွေ့ရလို့ ကျွန်တော်တို့က ၀မ်းသာအားရ ဖြစ်ဖူးပါတယ်။ တစ်ပတ်လောက်မှာ ကတည်းက မျက်မှောင်လေး ကြုံ့ပြီး ညှစ်လိုက်ရင် လေလည်ပြီး လေနဲ့ ၀မ်းနဲ့ မကွဲတော့ အကုန် ထွက်ကုန်ရော။ ဒီလို ငယ့်ငယ့်လေးနဲ့ အာရုံစိုက်ပြီး ကြွက်သားတွေကို ညှစ်တတ်တာကို ကြည့်ပြီး ကျွန်တော်တို့မှာ အားရလို့ မဆုံးဘူး။ သမီးတုန်းကတော့ အီအီး တစ်ခါ ပါဖို့ အရေး ညှစ်ယူရတယ်။ သားအတွက်တော့ လွယ်တယ်။ သမီးက သုံးလကျော်ကတည်းက နို့ဗူးပဲ သောက်လို့ နို့ဗူးထဲက သံဓါတ်တွေကြောင့် ၀မ်းချုပ်ပြီး ၀မ်းက အနံရှိပါတယ်။ သားကတော့ အနံ့ မပြင်းပါဘူး။ အမေနို့က အစာကြေလွယ်၊ အဟာရ ဖြစ်လွယ်၊ ၀မ်းဖြစ်လွယ်လို့ ကလေးတွေ အတွက် အင်မတန် သင့်တော်တာပါ။ သမီးကတော့ အမေနို့ စို့ရင် ချွေးတွေထွက်၊ အများကြီး ထွက်လည်း စိတ်တို၊ နည်းနည်းလေး ထွက်လည်း စိတ်တိုနဲ့ နောက်ဆုံး အလွယ် စို့လို့ရတဲ့ နို့ဗူးကိုပဲ စွဲသွားတယ်။ တကယ်ဆို ကျွန်တော်တို့က နို့ဗူးကို လုံးဝ အကျင့် မလုပ်သင့်ခဲ့ဘူး။ ပြီးတော့ အူမကြီးထဲမှ ဘက်တီးရီးယားတွေ ပရိုတင်းတွေ ဖြိုခွဲရာမှာ မိခင်နို့က အကူအညီပေးလို့ ၀မ်းက ပျော့ပျော့သွားတာပါ။ အခုအချိန်ထိ သားမှာ ၀မ်းချုပ်တယ် ဆိုတာ မရှိပါဘူး။

သားရဲ့ အီးဟာ သမီးနဲ့ မတူသလို သူ့ဘာသူလည်း တစ်နေ့နဲ့ တစ်နေ့ မတူပါဘူး။ ဖော်မြူလာတွေ (နို့မှုန့်တွေ) ကတော့ ဒီအတိုင်းပဲ ပုံမှန်ဆိုတော့ သမီးကတော့ တစ်နေ့ကို တစ်ခေါက် အီအီးပါတယ်။ ၀မ်းချုပ်တယ်။ အစိမ်းနက်ရောင် ရှိတယ်။ သားကျတော့ ဒီနေ့ ကျဲတယ်။ နောက်နေ့ကျရင် ပြစ်ချွဲချွဲ ဖြစ်ချင် ဖြစ်နေရော။ ဒီနေ့ အ၀ါရောင်ဆို နောက်နေ့ဆိုရင် စိမ်းဝါရောင် ဖြစ်နေတတ်တယ်။ မိခင်နို့ တိုက်တဲ့ ကလေးတွေရဲ့ အီအီးဟာ ပုံမှန် မရှိတတ်လို့ အလွန်အမင်း စိုးရိမ်းစရာ မရှိပါဘူး။ ဒါပေမယ့် သူမကတော့ မရဘူး။ ကျွန်တော့်ကို ဖြစ်ဖြစ်၊ သူ့အမေကို ဖြစ်ဖြစ် ခေါ်ပြီး `ဟယ်... သားလေးရဲ့ အီးကလည်း အရောင် တစ်မျိုးကြီးပါလား...´ တို့ ..`အရည် အရမ်းကျဲလား မသိဘူး´တို့ လုပ်တတ်ပါတယ်။ ကျွန်တော်တို့က သူစိတ်ချမ်းသာအောင် သွားကြည့်ပြီး ..`ဘာမှာ မဖြစ်ဘူး.. မပူနဲ့´လို့ ပြန်ဖြေလိုက်မယ်။ ဒီလိုပဲ။

မိခင် စားသောက်လိုက်တာတွေဟာ တချို့တွေက နို့ထဲ ရောက်သွားတတ်လို့ ကလေးရဲ့ တနေ့တနေ့ ရတဲ့ အဟာရ ဓါတ်တွေဟာ ပုံမှန် မရှိလို့ ၀မ်းဟာလည်း ပုံမှန် မရှိတာပါ။ ဒါကတော့ ကလေး မိခင်တိုင်း သိလို့ ရှောင်သင့်တာတွေ ရှောင်ကြပါတယ်။ ဥပမာ သွေးထဲရောက်နိုင်တဲ့ အယ်လ်ကိုဟောကြောင့် အမေ အရက်သောက်ရင် ကလေးကိုလည်း ရောက်နိုင်တာပါ။ မိခင်ရဲ့ နို့တိုက်ပုံကြောင့်လည်း ကလေးရဲ့ ၀မ်းကို သက်ရောက်မှု ရှိစေပါတယ်။ နို့တိုက်တဲ့ အခါ စစချင်း ထွက်လာတဲ့ နို့ရည် (Foremilk) နဲ့ နောက်မှ လိုက်လာတဲ့ နို့ရည် (Hindmilk) ဆိုတာ ရှိပါတယ်။ ဦးစွာထွက်တဲ့ နို့ရည်က ကျဲပြီး လက်တိုဂျင် (Lactogen) ပါပါတယ်။ နှောင်းမှ ထွက်တဲ့ နို့က ပြစ်ပြီး အဆီအနှစ်တွေ ပါပါတယ်။ နို့ဦးရည် စို့ပြီး အိပ်ပျော်သွားတဲ့ ကလေးတွေ၊ အမေက နို့ကို ဟိုဖက် ဒီဖက် အမြန် ပြောင်းတိုက်တဲ့ ကလေးတွေရဲ့ ၀မ်းဟာ အရောင် ဖျော့ပြီး အရည်ကျဲပါတယ်။ အဟာရလည်း သမမျှတအောင် သားလေးကို နို့တိုက်တဲ့ အခါ တစ်ဖက်ဆို တစ်ဖက် ကုန်အောင် တိုက်ပါတယ်။ ဒါတောင် ကိုယ်တော်ချောက တစ်ခါတစ်လေ နို့ငုံပြီး အိပ်ပျော်သွားသေးတယ်။


သားက ၀မ်းအရည်တွေ သွားပြီး အော့အော့တွေက နေရာအနှံ ရောက်ကုန်တတ်ပါတယ်။ များသောအားဖြင့် အနှီးထုပ် (Nappy/ Diaper) ထဲက ထွက်သွားတတ်ပြီး ကျောတွေ ဘာတွေ ပေနေတတ်ပါတယ်။ တော်သေးတယ် သားရဲ့ အီအီးက သုတ်ရ ပြုရ လွယ်လို့။ သမီးကတော့ ၀မ်းကျစ်တော့ အရည် မသွားပေမယ့် သူ့အီအီးက သုတ်ရ ခက်ပါတယ်။ သုတ်ပေးပေမယ့် မစင်နိုင်ဘူး ဖြစ်နေတတ်တယ်။ သမီးရော သားရောအတွက် Johnson က Baby Wipe လေးတွေ သုံးပါတယ်။ Scented ဆိုပြီး ရေမွှေးနံ့ ပါတာနဲ့ ရိုးရိုးဟာမှာ ရိုးးရိုးဟာကို သုံးရတာ ပိုကြိုက်ပါတယ်။

သမီးက ၀မ်းချုပ်တတ်ပေမယ့် သွားပေါက်တုန်းကတော့ နည်းနည်း အချွဲလိုမျိုးတွေ အစိမ်းရောင်တွေ သွားပါတယ်။ အဲဒီတုန်းကလည်း ဖျားပါတယ်။ ဆရာဝန်ကတော့ ဗိုင်းရပ်စ်ဝင်တာ ပြောတယ်။ ကျွန်တော်တို့ကတော့ သွားပေါက်လို့ ဆိုပြီးတော့ပဲ သံသယ ရှိတယ်။ သွားပေါက်ခါနီးဆို ဖျားပြီ။ အမြဲတမ်းပဲ။ ပါးစပ်ကိုလည်း ကိုင်ပြီးတော့ ငိုနေတော့တာပဲ။ ကျွန်တော်တို့ အထင်တော့ အဲဒီလို သွားဖုံး ပေါက်နေတာကများ ဗိုင်းရပ်စ် ၀င်သလားပဲ။ ဒီလိုဆိုရင် နှစ်ယောက်စလုံးမှန်တယ်။ အဲဒီလိုမျိုးကြောင့် သမီးတုန်းက အစိမ်းရောင် ၀မ်းချွဲတွေ သွားပါတယ်။ သွားပေါက်ခါနီး သွားရည်တွေ အရမ်း ထွက်တော့လည်း အဲဒါကြောင့် ၀မ်းက အချဉ်ပေါက်ပြီး နံပါတယ်။

သားလေးက ငယ်ငယ်ကတည်းက ဗိုက်ကလေးကို ညှစ်ပြီး အီးပေါက်တတ်တယ်။ ၀မ်းသွားတတ်။ ဒါပေမယ့် အီအီးပါပြီး သူ့ကို အနှီးမလဲပေးရင် မကြိုက်ပါဘူး။ အော်နေရော။ ငိုတာမျိုးလည်း မဟုတ်ဘဲ ချွဲချွဲလေးနဲ့ လူကြီးကို ခေါ်နေသလိုပါ။ အသန့် အရမ်းကြိုက်တာ။ အနှီး လဲပေးလိုက်ရင်တော့ ငြိမ်ပြီး ပျော်သွားတယ်။ အနှီး လဲပေးနေချိန်မှာလည်း ငြိမ်ခံနေတယ်။ သမီးကတော့ မရဘူး။ အနှီးလဲပေးတဲ့ အချိန်ဆို မနည်း ငြိမ်အောင် ထားရတယ်။ အခု အရွယ်အထိလည်း အနှီးလဲဖို့ ခေါ်ရင် ပတ်ပြေးနေတယ်။ ပြီးတော့ အနှီးလဲပေးချိန်မှာ ရုန်းကန်နေတာပဲ။ သားကို အနှီး လဲပေးချိန်မှာတော့ တစ်ခု သတိထားရတယ်။ သူ့ဂျိုးဂျိုးကို အနှီးလေးနဲ့ ဖုံးထားဖို့။ ငယ်ငယ်တုန်းက မသိတော့ အနှီးလဲပေးဖို့ ဘောင်းဘီတွေ ချွတ်လိုက်ပြီး အနှီး ဖြုတ်ထားချိန်မှာ သူက သေးထပ်ပေါက်ရင် ရေပန်းလိုပဲ သူ့ကိုလည်း စို၊ အိပ်ယာတွေလည်း စို ဖြစ်တတ်တယ်။ နောက်တော့ အထာနပ်သွားပြီး ရွှေပန်းလေးကို အ၀တ်နဲ့ အုပ်ထားရတယ်။ ။

တခြားဖတ်ရန် - နို့ထောက်ကူ ပစ္စည်း

12 comments:

May Moe - 8/17/08, 12:07 AM

သားသားလေး ရဲ့ အီအီး ကိုသေချာဖတ်ပြီး မှတ်သားစရာရှိတာ များကိုသေချာမှတ်သွားပါတယ်။ ပျော်ရွှင်ကြပါစေ။ :)

nu-san - 8/17/08, 1:21 AM

Andy ရေ.. သားလေး မျက်မှောင်ကြုံပြီး အီးအီး ညစ်နေပုံလေး မျက်လုံးထဲ မြင်ယောင်လာတယ်.. သားလေးက သမီးထက်စာရင် ပိုပြီး သိနေသလိုပဲနော်။ ရီတာ ပြုံးတာလေးတွေက ပိုထူးတယ်။ :)
သမီးလေးကတော့ ကြီးလာလေ ယောင်္ကျားလေးနဲ့ ပိုပိုတူလာတယ်။ ဆံပင်ကလည်း ထောင်၊ ဘောင်းဘီသာ ၀တ်ပေးထားလို့ကတော့ တကယ့် ယောင်္ကျားလေးပဲ။

ဇနိ - 8/17/08, 1:53 AM

မှတ်သားတာတော့ စံပဲ ကိုအန်ဒီ.. ချီးကျူးပါတယ်။
း)

Anonymous - 8/17/08, 4:19 AM

ခလေးအီးက အစ အတော်အနုစိတ်ကြည့်ပါလား။ ဗဟုသုတရပါ့ဗျာ။

မြရွက်ဝေ - 8/17/08, 5:44 PM

ဟိုက်ရှားဘား!! ကလေးဆိုတာ အီအီးကအစ အဲလိုကြည့်နေရတာလား။ မသိဘူး မကြားဘူးတာတွေ မှတ်သားနာယူသွားပါတယ်။ :)

Andy Myint - 8/17/08, 10:44 PM
အီအီးတွေကို မှတ်သွားလား.... ညီမမေမိုး ;)

သားလေးက အခုကတည်းက Social ရနေပြီး မနုစံ။ ဟုတ်ပ သမီးပုံကတော့ အဲဒီအတိုင်းပဲ။

ကိုဇနိလည်း မှတ်ထားဦး.. တစ်နေ့ ကျုံးရမယ် အဟီး

ကျေးဇူးပါ စာဖတ်သူ

ဟုတ်တယ် မမြရွက်ဝေ။ ကလေးတွေက အဲဒီလို အကုန် စောင့်ကြည့်နိုင်မှ တော်ကာကျတာလေ။
sawphonelu - 8/18/08, 1:48 AM

မမြရွက်ဝေ ရေ

ကျွန်တော့်သမီးတုန်း က ဆို ရင် သူ့ အမေ က ထမင်း စား တုန်း တခြား လူ က သန့် ရှင်းရေး လုပ် ပေး ရင် တောင် “ဟဲ့ ပြ ပါ ဦး” လို့ ပြောပြီး ကြည့် ရ တယ် လို့ သူ က ပြန် ပြော ဘူး တယ် ။

pandora - 8/18/08, 10:31 PM

ဟိုခေတ်ကလူကြီးတွေ ပြောကြတာတော့ ကလေးတယောက်မွေးရင် အဖေအမေဗိုက်ထဲကို ကြက်ဥတစ်လုံးစာလောက် ၀င်သွားတယ် ဆိုပဲ။

sandar - 8/19/08, 5:51 AM

ဟုတ်တယ်နော် မိဘဖြစ်လာရင်တော့ ဒီလိုပါပဲ၊ နေ့တိုင်း အီးကြည့်ရတယ်။ အီးမကောင်းရင် စိတ်ပူရ၊
မပါရင်ဖြစ်ဖြစ်၊ ပါလွန်းပြန်ရင်ပဲ ဖြစ်ဖြစ် စိတ်ပူရတယ်။
ကျွန်မ သမီးတုန်းကတော့ wipe တွေသုံးရင်cream လိမ်းနေတဲ့ကြားထဲက rash ဖြစ်တယ်။
ဒါနဲ့ပဲ ဘေဇင်မှာသွားပြီး ရေနဲ့ ဆေးချရတယ်။
ရွှေပန်းလေး အုပ်တဲ့ဟာ store တွေမှာရောင်းတာတွေ့ဖူးတယ်။ ဆပ်ပြာခွက် အဖုံးနဲ့ ခပ်ဆင်ဆင်ရယ်။

Andy Myint - 8/19/08, 7:53 PM
ဟုတ်တယ် ကိုစောရေ။

မဟုတ်ဘူး မပန်ရေ။ ဟားဟား အခုခေတ်မှာတော့ ငုံးဥလုံးလောက်တော့ ၀င်ချင် ၀င်သွားမယ် ထင်တယ်။ ဝေါ့... အော့... အူး... :)

ဟုတ်လား မစန္ဒာ။ မတွေ့ဖူးဘူး။ တွေ့ရင်တော့ ၀ယ်ထား ရမယ်။ ဟုတ်တယ်.. ပါလွန်းလည်း စိုးရိမ်ရ။ မပါလွန်းလည်း စိုးရိမ်ရပါပဲ။
တန်ခူး - 8/21/08, 1:12 PM

ကိုအန်ဒီရေ ကျွန်မသားအီးအီးလဲ အမေနို့ တိုက်တုန်းက အဲဒီအရောင်ပဲ… အတွေ့ အကြုံလေးတွေ ပြန်ဖတ်ရတော့ ကြည်နူးစရာ….

Andy Myint - 8/22/08, 9:37 AM
အခုလို သိရတာ ၀မ်းသာတယ် မတန်ခူး။ ဒီလိုပါ။ ကျွန်တော်တို့ သားလေးဟာ ပုံမှန်ပဲဆိုတာ သိရလို့ပါ။

Post a Comment

Many thanks for dropping a comment…

Film


Files