Monday, August 04, 2008

ငါက တိုးရစ်ကွ

မြန်မာတွေ ပီပီ ကလေး မွေးရင် လူကြီး မိဘတွေ ရှိမှ ဖြစ်မှာမို့ သားလေး မွေးတော့ နှစ်ဘက် မိဘတွေထဲက တစ်ဘက်ကို ခေါ်ရပါတယ်။ သမီးဦးလေး မွေးတုန်းက ကျွန်တော့် မိဘတွေကို အရင် ခေါ်ထားတာဆိုတော့ သားလေး အလှည့်မှာ သူမ မိဘတွေကို ခေါ်လိုက်ပါတယ်။ မိဘတွေကို ခေါ်ပြီး ကလေး ထိန်းဖို့ပဲ ဆိုရင်တော့ ဘယ်တရားမလဲ။ သူတို့ကိုလည်း ဟိုဟို ဒီဒီ လည်ပတ်စရာတွေ လိုက်ပို့ပါတယ်။ ကျွန်တော်တို့လို ကလေးကြောင့် မဟုတ်လည်း နိုင်ငံခြားရောက် မြန်မာ လူငယ်တိုင်းရဲ့ ဆန္ဒက မိဘတွေကို အလည် ခဏခေါ်ဖို့ပါ။

သြော်ဇီက မိဘတွေ ခေါ်ရတာလည်း ထင်သလောက် မခက်ပါဘူး။ အစတုန်းကတော့ ကျွန်တော်တို့ သြော်ဇီ ပြောင်းလာတာ့ သူ့မိဘတွေက ဝေးလို့ တွေ့ဖို့ ခဲယဉ်းသွားပြီဆိုပြီး ၀မ်းနည်း ပက်လက် ဖြစ်ကြသေးတယ်။ စင်္ကာပူလိုတော့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ၃လတန်သည် ၆လတန်သည်တော့ ခေါ်လို့ရပါတယ်။ လူကြီးတွေကလည်း တစ်နေရာထဲမှာ ကြာကြာ မနေနိုင်ပါဘူး။ သူတို့မှာ နေစရာ ကြည့်စရာ တခြား သားသမီးတွေက ရှိသေးတယ်။ အမေတွေက တခြား သားသမီးကြောင့် ကြာကြာ မနေနိုင်၊ အဖေတွေကလည်း သူဟိုမှာ လုပ်နေကျတွေ မလုပ်ရလို့ ကြာရင် ပျင်းလာတော့ ၆လလောက် လာလည်ရရင်ပဲ မဆိုးလှပါဘူး။

ဒီလိုနဲ့ ဟိုဟို ဒီဒီ သွားကြတော့ ကျွန်တော့်ရဲ့ ယောက္ခဖကြီး (မဟေသီ မဂ္ဂဇင်း ထဲမှာတော့ “ယောက္ခဖ” “ယောက္ခထီး”ဆိုတဲ့ မြန်မာ စကားလုံး မရှိဘူးဆိုတာ ရေရေလည်လည် ရှင်းထားတာ တွေ့ဖူးပါတယ်။) ထားပါတော့ သူမရဲ့ အပါးက စားသောက်ဆိုင် တစ်ခုမှာ သွားစားပြီး အထွက်မှာ ဘာပြောလဲ ဆိုတော့

ငါက တိုးရစ်ကွ။ ဘိုတွေကို ခိုင်းစားဖို့ လာတာ..
တဲ့။ တကယ်တော့ သူပြောတာ မှန်ပါတယ်။ မြန်မာပြည်သားတွေရဲ့ ခံစားချက်ကို တစ်နည်း အားဖြင့် ယောင်ပြန် ဟပ်နေပါတယ်။ မြန်မာပြည်သားတွေက တိုးရစ် အဖြူတွေဆို ဘာရယ် ညာရယ် မဟုတ် ကူညီချင်တယ်။ ဖော်ရွေတယ်လေ။ အရင်တုန်းကဆို သူတို့ကို တွေ့ရင် ၀ိုင်းကြည့်ကြမယ်။ အထူးသဖြင့် ဘိုမလေးတွေ ကလေးလေးတွေ ပါရင်။ သူတို့ကလည်း ကိုယ့်နဲ့ လုံးဝ မတူ တမူ ကွဲပြားနေတာကိုး။ ပြောရမယ်ဆိုရင်တော့ ဘို တိုးရစ်တွေကို ဆိုရင် မြန်မာပြည်မှာ ပစား ပေးတယ်လေ။

အခုလည်း စားသောက်ဆိုင်က အဖြူ စားပွဲထိုးတွေက သူ့ကို ကောင်းကောင်း ဆက်ဆံလိုက်တော့ ဒီလို ပြောတာပါ။ နောက်ပြီး သူ စင်္ကာပူမှာတုန်းကတော့ ဒီလို မခံစားရပါဘူး။ ဒါကလည်း အကြောင်းမျိုးစုံ ရှိပါတယ်။ စင်္ကာပူမှာတော့ တရုတ် အချင်းချင်းဆိုတော့ Foreigner ဆိုတဲ့ ဖီလင်ကို မခံစားရပါဘူး။ ကုလားပြည် ကုလား ပြန်သလိုပါပဲ။ ဘိုတွေကြားမှာတော့ ကိုယ်က Foreigner ပေါ့။

ပြီးတော့ ဒီက Customer Service ပေးတာ စင်္ကာပူကထက် သာပါတယ်။ စိတ်ထဲမှာ ဘာရှိလည်းကို အသာထား ဒီက လူတွေက ဆက်ဆံရေး ချိုသာ သိမ်မွေ့ပါတယ်။ စင်္ကာပူမှာတော့ Customer ကို ပျော်ရွှင်သွားအောင် မပြောနဲ့ ကျေနပ်လောက်အောင် Service ပေးနိုင်တာပဲ တော်လှပြီ။ ဘိုတွေကလည်း မရဘူးလေ သူတို့ မကျေနပ်လို့ကတော့ မိုး မီးနဲ့ ရှို့မယ်ဆိုတာမျိုးတွေ။ အရှေ့တိုင်းသားတွေလို သည်းမခံနိုင်ဘူးလေ။ ဒီလို ဘိုတွေက Service ပေးလိုက်တော့လည်း သူလည်း ဂွမ်းဆီထိ ဖြစ်သွားတာပေါ့။

သူ့သူငယ်ချင်းတွေကလည်း မြန်မာပြည်မှာကတည်းက မြှောက်ပေးလိုက်ကြတယ်။ ခင်ဗျား သြော်ဇီသွားရင်တော့ ဘိုတွေကြားမှာ တိုးရစ်ကြီး နိုင်ငံခြားသားကြီး ဖြစ်နေမှာဆိုပြီး။ သူတို့ တွေးတာလည်း မမှားပါဘူး။ ဘိုနိုင်ငံမှာတော့ အရှေ့တိုင်းသားတွေက တိုးရစ်ပေါ့။ လည်စရာ ကြည့်စရာ နေရာတွေက တိုးရစ်တွေကို ကြည့်လိုက်ရင်လည်း တရုတ်တွေ၊ ကုလားတွေ၊ ကိုရီးယားတွေ၊ ဂျပန်တွေက ခပ်များများ ဖြစ်နေတဲ့ ခေတ်ပဲ။ Technically အရလည်း သူက တိုးရစ်ပါပဲ။ တိုးရစ်ဗီဇာနဲ့ လာတယ်။ တိုးရစ် အခွင့်အရေး ရှိတယ်။ ဒီထက်လည်း မပိုဘူး။ ဒီထက်လည်း မလျော့သင့်ပါဘူး။

လူကြီးတွေက အိုဇာတာ ကောင်းလို့ တော်သေးတယ်။ အသက်ကြီးမှ ဟိုဟို ဒီဒီ လျှောက်သွားရတယ်။ စင်္ကာပူ၊ အိန္ဒိယ (ဗုဒ္ဓဂါယာ)နဲ့ သြော်ဇီ လည်ဖူးတယ်ဆိုတော့ သူတို့ အသိုင်းအ၀ိုင်း ကြားမှာတော့ စတားပေါ့။ ဒါတောင် ဒီက ပြန်ရင် တရုတ် နယ်စပ် သွားလည်ဦးမယ် ဆိုပဲ။ တရုတ်ပြည် ရောက်ဖူးတယ် ရှိအောင်လို့တဲ့။ ဖြစ်နိုင်ရင်တော့ ပီကင်း အိုလံပစ်ကိုသာ ပို့ပေးလိုက်ချင်ပါတယ်။ ဒါကလည် ပိုက်ဆံ ရှိတောင် လုပ်နိုင်မှာ မဟုတ်ဘူး။

အရှေ့တိုင်းမှာလည်း အဖြူ တိုးရစ်တွေကို ကြည့်လိုက်ရင် အဘိုးကြီး အဘွားကြီး စုံတွဲတွေကို တွေ့နိုင်ပါတယ်။ ဒီက လူတွေက အသက်ကြီးလာရင် သားသမီး ထောက်ပံ့စာ မယူဘဲ ကိုယ့်ဘာကိုယ် ရပ်တည်နိုင်အောင် ငယ်ငယ် ကတည်းက ငွေတွေ စုထားရတယ်။ အဖြူ အဘိုးကြီး အဘွားကြီး တိုးရစ်တွေက ငယ်ငယ်ကတည်းက အမျှော်အမြင် ကြီးကြီးနဲ့ စုနိုင်တဲ့ သူတွေ၊ ရာထူးကြီးကြီးမှာ လုပ်ပြီးမှ ပင်စင်ယူသွားတာမျိုးတွေပဲ ဖြစ်နိုင်မယ်။

သားသမီးတွေကလည်း မြန်မာပြည်မှာ ကြီးပြင်းတာဆို ကိုယ့်ကို ပြန်ကြည့်ဖို့ မျှော်လင့်လို့ ရသေးတယ်။ ဒီမှာ ကြီးပြင်းမယ့် သူတွေကိုတော့ တရားချလို့ ရနိုင်မယ် မထင်။ ကျွန်တော်တို့ကတော့ အိုစာမင်းစာ စုဖို့ မပြောနဲ့ ကြွေးဟောင်းကလည်း မကြေသေး၊ ကြွေးသစ်ကတော့ ချပြီးရင်း ချနဲ့ အခုနေမှ ကိုယ့်အတွက် စ မစုရင် အသက်ကြီးတဲ့ အခါ တိုးရစ် လုပ်နိုင်ပါ့မလား မသိဘူး။

"အဲဒီတော့လည်း တရားစခန်းပဲ ၀င်ကြတာပေါ့ ရှင်မရယ်..."


တခြားဖတ်ရန် - လက်ဆောင်သည် အမေ

9 comments:

nyein2xsoe - 8/4/08, 4:14 PM

I m glad to hear that my dad is happy at there.I m worry about my dad at the beginning when going to auzi coz he is not happy to live so long in one place except Taunggyi.Dad is always happy living in Taunggyi.Now I don't worry abt my dad.Thanks alot my bro and sis.

မျိုးဝင်းဇော် - 8/4/08, 4:20 PM

ဟားဟား အဆုံးသတ်ပုံမဆိုးဘူး “ယောက္ခဖ” မပြောနဲ့ ယောက်ခထီး ဆိုတာတောင် ဆရာလူထုစိန်ဝင်းတို့ကမကြိုက်ဘူးတဲ့ ဒီလိုအသုံးအနှုါံ်ကို သတိထားပြီးရှောင်တယ်တဲ့ ဇနီး၏ပါးပါး ဟုပြောင်းခေါ်သင့်သည်။ ကျွန်တော်မိန်းမရရင်တော့ အစမ်းခေါ်ကြည့်အုံးမယ်.. အသက် သုံးဆယ်ကျော်လူပျိုလေးသည် ကိုအန်ဒီတို့မိသားစုကိုအားကျနေလို့ပါ ဟားဟား

Andy Myint - 8/4/08, 4:29 PM
ကျွန်တော် အမှတ်မှား သွားတာ ကိုမျိုးဝင်းဇော်… ဖတ်တာနည်းနည်းကိုပဲ ရောထွေး ရှုပ်နေတာ.. အစပြန် ဖော်ပေးတာ ကျေးဇူးပါ။ ယောက္ခထီးလို ပြင်လိုက်ပြီ။
ဂျစ်တူး - gyit_tu - 8/4/08, 4:52 PM

အဟဲ ကိုအန်ဒီ နဲ့ အမ တရားစခန်းဝင်မယ့်ပုံစံလေး ခုတည်းက မြင်ယောင်ကြည့်လိုက်တယ် ။ သားသမီးတွေ ဂရုမစိုက်တော့လို့ မဟုတ်ဘဲ ၊ ကိုယ်တိုင် စိတ်ပါဝင်လို့ တရားစခန်းဝင်ကြတဲ့ပုံစံ ပေါက်နေတယ်လလို့ ခန့်မှန်းလိုက်ရတယ်း)

Aung Myo Htet - 8/4/08, 5:21 PM

Andyရေ၊ ကြွေးဟောင်းနဲ့ အသစ်အကြောင်းကတော့ မင်းနဲ့ပေါင်းပြီး တစ်postတောင် ရေးလိုက်ချင်သေး။

မဇနိ - 8/4/08, 6:00 PM

အမ် ကိုအန်ဒီကတော့ လုပ်ချလိုက်ပြန်ပြီ တရားစခန်းဝင်ရင်တောင် အမကို အဖော်ခေါ်နေတယ် သိနေတယ်နော် သိနေတယ် “တိန်“

nu-san - 8/4/08, 9:52 PM

ဟိ..ဟိ တရားစခန်းပဲဝင်မလား. သားတွေ သမီးတွေဆီ အခု ဘိုးဘိုးဖွားဖွားတွေလို တိုးရစ်ကြီးလုပ်ပြီး လိုက်လည်ကျမလား ကြည့်ရဦးမယ်.. ဟုတ်တယ်မို့လား... Andy နဲ့ ကလေးတို့မေမေ :D

အမကတော့ ကြွေးဟောင်းလည်းမကြေ၊ ကြွေးသစ်လည်းမချနိုင်နဲ့.. အဟီး.. ကြွေးတွေပူနေတယ်.. :D

တန်ခူး - 8/6/08, 2:34 PM

ကိုအန်ဒီရေ… မျိုးရိုးလိုက်မှာ ပိုများသလားပဲ… တရားစခန်းဝင်တာနဲ့ စာရင်လေ… အဲဒီအခါ ကိုအန်ဒီက ယောက္ခထီး အဖြစ်နဲ့ ပေါ့… နောက်တာနော်…စိတ်မဆိုးတတ်ဘူးမိုလား…

Andy Myint - 8/6/08, 9:40 PM
အဟီး အဖြစ် ပြောတာပါ တတီတီဂျစ်ရယ်.... :)

ကောင်းသားပဲ အောင်မျိုးထက်.. ငါတို့တွေက ဘ၀တူတွေ ဆိုတော့

အဟီး.. သံယောဇဉ် မီးတွေလေ... မဇနိရဲ့

သားသမီးတွေဆိုတော့လည်း ငြင်းလို့ ဘယ်ကောင်းမလဲ မနုစံရယ်...

အဲဒီလို ဆိုလည်း ကောင်းတာပေါ့ မတန်ခူး.. ငါက တိုးရစ်ကွ လိုမျိုး ပြန်ပြောရရင် ဘယ်လောက် နိပ်လိုက်မလဲ...

Post a Comment

Many thanks for dropping a comment…

Film


Files