Friday, August 22, 2008

ကာမသုခ ချို့တဲ့သူများ

ဒီပို့စ်က နည်းနည်းများ Taboo ဖြစ်မလားလို့ ဆိုပြီး မရေးဖြစ်တာ။ ကျွန်တော်ရဲ့ ဘလော်ဂျာ (ဘလော်ဂါ၏ မန်နေဂျာ) ကတော့ မရေးပါနဲ့လားတဲ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ အရင်လို လဘက်ရည်ဆိုင် ထိုင်နိုင်ရင်တော့ လဘက်ရည်ဆိုင်မှာ ပြောဆိုကြမယ့် ကိစ္စပဲ။ ပြီးတော့ ဒီပို့စ်မှာ တိုင်းပြည်နဲ့ ကိုင်တွယ် ပြောပြီး တကယ် ကျွမ်းကျင်သူတွေလို စီးပွားရေး၊ နိုင်ငံရေး တိုင်းပြည် အကျိုးပြု ဆွေးနွေးနေတာလည်း မဟုတ်ဆိုတော့ မျက်နှာငယ်တယ်။ နောက်ဆုံး မနေနိုင်တော့လည်း ရေးလိုက်တာပါပဲ။ ခေါင်းစဉ်ကလည်း စဉ်းစားလိုက်ရသေးတယ်။ ပြေပြေပျော့ပျော့ “အိမ်ထောင်ရေး သုခ”လို့ သုံးမယ်ဆိုတော့လည်း အိမ်ထောင်ရေးမှာ ဒါချည်းပဲလဲ မဟုတ်သေးတော့ တည့်တိုး စကားလုံးပဲ သုံးလိုက်တော့တယ်။

ဒီဘလောက် ဖတ်တဲ့ သူတွေက နိုင်ငံခြားမှာ အဆင်ပြေနေကြတာ ဆိုတော့ ရည်းစားထားဖို့၊ အိမ်ထောင် ပြုဖို့ ဆိုတာ ဒီလောက်ကြီး စဉ်းစားစရာ မလိုတဲ့ ကိစ္စ တစ်ခု ဖြစ်ပေမယ့် မြန်မာပြည်မှာ ဒီအတွက်ကို ဘယ်လိုမှ မတတ်နိုင်တဲ့ သူတွေက အများသား။ မြန်မာပြည်က ကိုယ့်ညီအစ်ကို မောင်နှမတွေ အမျိုးတွေ သူငယ်ချင်းတွေ အပေါ် တွေ့မြင်နေရတာကို ရေးချင်တာပါ။ ထားပါတော့ ကျွန်တော်တို့ အစ်ကိုတွေ အစ်မတွေ အိမ်ထောင် မကျသေးဘူး။ အသက်က ၃၀ ကျော်နေပြီ။ ဘာကြောင့် အိမ်ထောင် မကျသေးလည်း ဆိုတော့ ရှင်းပါတယ်။ အိမ်ထောင် တစ်ခုကို မတည်ဆောင်နိုင်သေးလို့ပေါ့။ ပိုက်ပိုက် မရှိလို့ပေါ့။ အခုဆို ရန်ကုန်မှာ သူတို့လို လူတွေ အများကြီးပဲ။ အသက်က ကြီးလာပြီ တည်တည်ကျကျ အိမ်ထောင် တစ်ခု မတည်ဆောက်နိုင်သေးဘူး။ ယောက်ျားလေးတွေဆိုလည်း မိန်းကလေးတွေကို အကြောင်း အမျိုးမျိုး ပြပြီး ပတ်ပြေးနေတယ်။ တချို့ဆို ရည်းစားတောင် မထားရဲဘူး။ ရည်းစား ထားလိုက်ရင် အိမ်ထောင်ပြုရမှာ စိုးလို့။

လူတစ်ယောက်ရဲ့ ၀င်ငွေက အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ နေနေသာသာ တစ်ကိုယ်ရေ သုံးတောင် မလောက်ချင်ဘူး။ မိဘအိမ်မှာ ကပ်နေရတယ်။ မိဘကို လုပ်ကျွေးဖို့ နေနေသာသာ မိဘဆီမှ ကပ်စားနေရတယ်။ အဲဒီတော့ သူတို့အတွက်က အိမ်ထောင်ပြုဖို့ဆိုတာ မဟာ စွန့်စားခန်းကြီးပဲ။ ဒီလို လူမျိုးကိုလည်း ပါးနပ်တဲ့ မိန်းကလေးတွေကလည်း လက်မခံရဲကြပါဘူး။ အဲဒီတော့ သူတို့မှာ အသက်တွေသာ ကြီးပြီး အိမ်ထောင်ကျတယ်ဆိုတာ အာဝါဟ ၀ိဝါဟ ဘာညာကွိကွဆိုတာကို မခံစားရတော့ဘူး။

မနေနိုင်တဲ့ သူတွေကတော့ “၀ယ်စား” တယ်ပေါ့။ ဒါကလည်း တစ်ရာမှာ ၃-၄ ယောက်လောက်လို့ ပြောလို့ ရမယ်။ ကျွန်တော့်မှာ သူငယ်ချင်း ယောက်ျားလေး တစ်ရာကျော် ကြုံဖူးတာ ဒီလို လူမျိုး ၃-၄ ယောက်ပါလို့ ပြောတာပါ။ သူတို့အတွက်ကတော့ အချိန်တန် ၀ယ်စားလို့ ရတယ်ဆိုပြီး တည်တည်ကျကျ ဆိုတာကို ဘယ်တော့မှ မစဉ်းစားတော့ဘူး။ ၀ယ်စားတာတောင် စားရိတ် ငြိမ်းသေးတယ်လို့ ပြောလိုက်သေးတယ်။ ဒီလို ၀ယ်စားတော့ရော ကာမသုခကို အပြည့်အ၀ ရမယ်ထင်နေရင် မှားသွားမှာပေါ့။ တစ်ဘက်က ကြေးစားပါဆိုမှ ဘယ်လိုလုပ် အစစ်အမှန် ဖြစ်တော့မှာလည်း။ ရောဂါ ကူးဖို့ကလည်း အလွယ်လေး။

ဝယ်စားတာက ယောက်ျားလေးတွေ အတွက် လွယ်ပေမယ့် မိန်းကလေးတွေကတော့ ဒါမျိုး ဘယ်ရှိပါ့မလဲ။ အဲဒီတော့ တချို့ မိန်းကလေး ယောက်ျားလေးတွေက “ခိုးစား”ကြတယ်။ နှစ်ဦးသဘောတူပေါ့။ ဒါပေမယ့် ဒီလို ခိုးစားပြီးရင် သိပ်မကြာခင် အိမ်ထောင်ပြုရမှာ ဆိုတော့ အိမ်ထောင်ပြုရမှာ မတတ်နိုင်တဲ့ အရှည်ကိုလည်း မြင်တဲ့ ယောက်ျားလေးတွေက ရှောင်ကြတယ်။ ကြောင်ပဲ ငါးကြော်တော့ ကြိုက်တာပေါ့။ ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်တော့ ငါးကြော်လည်း ရှောင်ကြတယ်။ ဘာမဖြစ်ဘူး သေချာရင်တော့ တချို့က ဥပုသ် မစောင့်ကြပါဘူး။ သေချာရင်တော့ တော်သေးတာပေါ့။ မသေချာလို့ ကိုယ်ကျိုး နည်းရတာတွေလည်း ဒုနဲ့ဒေးပါပဲ။

အဲဒီလို ၀ယ်လည်း မစား ခိုးလည်း မစားတဲ့ သူတွေကတော့ မိန်းကလေးတွေကို လုံးဝ ရှောင်တော့တယ်။ မိန်းကလေးတွေကို ရှောင်လို့ ရဟန်း ၀တ်သွားမလားဆိုတော့လည်း မဟုတ်ပါဘူး။ တခြား ဟာတွေနဲ့ ရသေ့ စိတ်ဖြေလုပ်တယ်။ ကံကောင်းရင် ဘောလုံးလိုမျိုးနဲ့ အစားထိုးလို့ ရပေမယ့် တချို့တွေကတော့ အရက်တွေ ဆေးလိပ်တွေနဲ့ အစားထိုးကြတယ်။ ညနေဆိုရင် ဖြစ်ဖြစ် တစ်ပတ်တစ်ခါ ဖြစ်ဖြစ် အရက်ဆိုင်သွားမယ်။ (ကျွန်တော့် အသိထဲက)အရက်ကြိုက်တဲ့ သူများက မိန်းမ မကြိုက်တာ သတိထားမိပါတယ်။ နှစ်ခုလုံး ကြိုက်တဲ့ သူလည်း ရှိတော့ ရှိတာပေါ့။ အရက် ကြိုက်တဲ့သူကိုလည်း မိန်းမတွေက ဘယ်ကြိုက်ပါ့မလဲ။ ကျွန်တော့် သူငယ်ချင်း ရိုးရိုးကြီး တစ်ယောက်ကတော့ ဘယ်လို ငြီးတွားသလည်း ဆိုတော့ ငါတို့ကိုယ်မှာ အသုံးချလို့မရတဲ့ အစိတ်အပိုင်းတွေ ရှိတယ်ကွ။ အပိုပဲ။ ကားပစ္စည်းတွေလို စက်ပစ္စည်းတွေလို ခဏဖြုတ် (သံချေးမတက်အောင်) အမည်းဆီ သုတ်ပြီး သိမ်းထားလို့ ရရင်ကောင်းမယ်တဲ့။

တကယ်ဆို အသက် ၂၅ ကျော်ကနေ စပြီး အရွယ်ကောင်းပဲ။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ရှိတဲ့ အရွယ်။ ဒီလို သုခကို ကောင်းကောင်းကြီး ခံစားနိုင်တဲ့ အရွယ်ပဲ။ ဒါပေမယ့် ရန်ကုန်မှာ အသက် ၂၅ နှစ်မှာ ကိုယ်ဖာသာကိုယ် ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။ အိမ်ထောင် တစ်ခု တည်ထောင်ဖို့ မလွယ်သေးပါဘူး။ ကံကောင်းရင်တောင် အသက် ၃၀ လောက်ကျမှ အိမ်ထောင်ပြုနိုင်တယ်။ ကျွန်တော်တို့လည်း အသက် ၂၇ နှစ်ကျော်မှ အိမ်ထောင်ပြုနိုင်တယ်။ ပြောချင်တာကတော့ အိမ်ထောင် နောက်ကျမှ ပြုတဲ့ အတွက် သန်မာ ဖျက်လတ်တဲ့ တကယ် အချိန်ကောင်းတွေကို ဖြုန်းတီး ပစ်လိုက်ရတယ်။ အဲဒါကြောင့်လည်း အသက် ၂၅-၂၇ အရွယ် အမျိုးသမီးတွေနဲ့ အသက် ၃၅ နှစ်လောက် အရွယ် ယောက်ျားတွေ အိမ်ထောင်ပြုတာ များလားတာလား မသိ။ အမျိုသမီးတွေကလည်း နုပျို ကျန်းမာတဲ့ အရွယ်၊ ယောက်ျားတွေကလည်း အလုပ်ကလေး စီးပွားရေးလေးနဲ့ တင့်တယ်တဲ့ အရွယ်ဆိုတော့။ ဒါကြောင့်လည်း ရှေးလူကြီးတွေက “ဒွေးချိုး လေးတိုး” ဆိုပြီး ယောက်ျားလေး အသက်တ၀က်ကို လေးနှစ်ပေါင်းရင် မိန်းကလေး အသက်ရတယ်လို့ ပြောခဲ့တာ ဖြစ်မယ်။

အိမ်ထောင်တော့ ပြုလိုက်နိုင်ပါတယ်။ ပီပီပြင်ပြင် မခံစားရသူတွေလည်း ရှိနိုင်သေးတယ်။ ဒါလည်း ပိုက်ဆံ မတတ်နိုင်လိုပေါ့။ ကျွန်တော့် အသိ မိသားစု တစ်ခု ဆိုရင် ကန်ထရိုက် တိုက်ခန်း တစ်ခန်းမှာ အဖေအမေရယ် လင်မယား ၂ စုံတွဲရယ် ညီမတစ်ယောက်ရယ် နေတယ်။ အဲဒီတော့ ညီမနဲ့ အဖေအမေတွေက ညကျရင် ဘုရား ခန်းမှာ ထွက်အိပ်ရတယ်။ လင်မယားဆိုတော့လည်း အခန်းပေးရတာပေါ့။ အခန်းဆိုပေမယ့်လည်း ၁၀ ပတ်လည်လောက်နဲ့ အကုန်မြင် အကုန်ကြားနိုင်တဲ့ အခန်းလေးတွေပါ။

နောက်ပြီး မြန်မာပြည်မှာ Hygiene ကောင်းဖို့ နေနေသာသာ ဒီစကားလုံးမျိုးတောင် မရှိဘူး။ ဒီဘလောက် ဖတ်တဲ့သူတွေကတော့ ပညာတတ်တွေဆိုတော့ ဒါတွေက အလိုလို ရှိပြီသားလို ဖြစ်နေတော့ လူတိုင်းမှာ ရှိမယ် ထင်မှာပဲ။ ကိုယ်က Hygiene ကောင်းအောင် နေတောင် ဘက်စ်ကားပေါ် တက်စီးလိုက်ကြည့်ပါလား သန့်ရှင်းထား သမျှလေးတွေ အကုန် ပျောက်ကုန်မယ်။ ဘက်စ်ကားပေါ်မှာ မို့လို့ ဒီလောက် ညစ်ပတ်တာ မဟုတ်ဘူး။ အိမ်မှာနေရင်းတောင် သန့်သန့်ရှင်းရှင်း မွှေးမွှေးကြိုင်ကြိုင် မနေနိုင် မနေဖြစ်ကြပါဘူး။ Hygiene မကောင်းရင် ဒီလို သုခ ကောင်းကောင်း မရနိုင်ပါဘူး။ ဥပမာ ဆေးလိပ် သောက်တဲ့သူ ကွမ်း စားထားတဲ့သူကို ဘယ်မိန်းမက နမ်းချင်မလဲ။

ခေတ်သစ် ဒီသုခ ချို့တဲ့ သူတွေထဲမှာ နိုင်ငံခြားမှာ အလုပ်လာ လာလုပ်တဲ့ အမျိုးသားတွေ (လင်မယားတွေ)လည်း ပါတယ်။ (ဒီတစ်ပိုဒ်ကိုတော့ တကယ်မရေးချင်ဘူး။ သူငယ်ချင်းတွေ အတွက် ခံစားရလွန်းလို့) ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒီလိုမျိုးဆိုတာ သင်္ဘောသား မိန်းမတွေပဲ ရှိတယ်။ အခုတော့ အတော်များလာပြီ။ သင်္ဘောသားမှ မဟုတ်ဘူး နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ ယောက်ျားတွေက အရမ်းကို များနေပြီ။ အကြာကြီး မခွဲရတောင် အနည်းဆုံး လက်ထပ်ပြီးတောင် တစ်နှစ်တန်သည် ခြောက်လတန်သည် ခွဲနေရတယ်။ ဒီလောက်ပဲ ဒီထက် ထပ်မရေးချင်တော့ဘူး။ ဒီ ခေတ်သစ် အုပ်စုထဲ ထည့်ချင်တာ နိုင်ငံခြားမှာ အလုပ်လာလုပ်ပြီး လက်မထပ် အတူနေသူတွေကိုလည်း ထည့်ချင်တယ်။ သူတို့က အတူနေပေမယ့် လက်မထပ်ထားတဲ့ အတွက် စိုးရိမ်ရတာတွေ ရှိလို့ သူတို့ကလည်း ပြောရမယ်ဆိုရင် ချို့တဲ့သူတွေပါပဲ။

40 comments:

Anonymous - 8/22/08, 9:39 PM

ko andy,
As u know this 1 is like open but secret.
yes i agree it. so many near by me.
i think u'll write part 2.

Ko naing

Anonymous - 8/22/08, 11:11 PM

ဗဟုသုတရပါတယ် ကိုအန်ဒီ၊ ဖတ်ရတဲ့သူတွေလဲဆင်ခြင်ရတာပေါ့။ အားပေးနေပါတယ်။ လောကကြီးကမလွယ်ပါလားနော်..........

mtj - 8/23/08, 12:54 AM

ကိုandy အပိုင်း ၂ ကို ဆက်ရေးသင့်တယ် ထင်ပါတယ်။ ကူညီအဖြေရှာပေးတဲ့ ပုံစံမျိုး ဖတ်ချင်ပါတယ်။

ဂျစ်တူး - gyit_tu - 8/23/08, 1:45 AM

Ko Andy, this looks like one of ur most thought-provoking posts :)

Anonymous - 8/23/08, 8:50 AM

waiting Part II...

Aung Myo Htet - 8/23/08, 11:57 AM

မင်းကထင်တာပါ၊ တချို့ လက်မထပ်ပဲ အတူနေသူတွေက မင်းတို့ငါတို့လို အိမ်ထောင်သည်တွေကိုတောင် ချို့တဲ့သူတွေလို့ ပြောကြဦးမယ်။

Anonymous - 8/23/08, 12:46 PM

very good article, also effect to our country poulation with good health. Very sad circumstances....

Anonymous - 8/23/08, 1:08 PM

ရည်းစားတောင် မထားရဲဘူး။ ရည်းစား ထားလိုက်ရင် အိမ်ထောင်ပြုရမှာ စိုးလို့။ စက်ပစ္စည်းတွေလို ခဏဖြုတ် (သံချေးမတက်အောင်) အမည်းဆီ သုတ်ပြီး သိမ်းထားလို့ ရရင်ကောင်းမယ်။ ဟိဟိ….. ကျွန်တော့် လှောင်တာလား

စိုးထက် - Soe Htet ! - 8/23/08, 5:16 PM

ဟုတ်ပါတယ် နောက် ဆုံးအပိုဒ် ... ကိုယ့် မိသားစု မပါအောင် ကြိုးစားတည်ဆောက် နေရတယ် ... တစ်နေ့ ဖုန်း ၃ ခါလောက် ဆက် ၂ နာရီ လောက် ချက်နေ ရတယ် ... :P

Andy Myint - 8/23/08, 10:07 PM
Well said, Ko Naing . It's open but secret.

လောကကြီးက မတရားဘူး စာဖတ်သူ ဟီးဟီး ဘာမှတော့ မဆိုင်သလိုပဲ

တကယ်တော့ ကျွန်တော့်ကိုယ်တိုင်လည်း ဒီအတွက် အဖြေကို လိုချင်နေတာပါ MTJ ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလို Suffer ဖြစ်နေတဲ့ အထဲမှာ ကျွန်တော်တို့ အစ်ကို အရင်းတွေ အစ်မ အရင်းတွေပါ ပါနေလို့ပါ။ ကိုယ်တတ်နိုင်တဲ့ ပုံစံနဲ့တော့ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

Many thanks, Gyit :) Couldnt be happier...

Dear reader , Part II was censored by board of editors :) Just kidding

အေးပေါ့ အောင်မျိုးထက် ။ သူတို့တွေက ငါတို့လို သားသမီးအပူ ဘာအပူ ညာအပူ မရှိဘူးဆိုပြီး ပျော်နေမှာပေါ့။ ဘိုတွေ ဆိုရင်တော့ ဟုတ်ပါတယ်။ ဗမာတွေ ဆိုရင်တော့ ပတ်ဝန်းကျင်မှာ ဘယ်လို နေမယ် မသိ။

Thanks, Reader . I dont think it will have major impact on population. Because this happens only in urban area and the incident is reverse in rural ones. Marriage or sex is quite common among youngsters in rural areas. That's only my opinion from experience. I dont have any statistic though.

တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ စာဖတ်သူ .. ဟီးဟီး
Andy Myint - 8/23/08, 10:07 PM
မပူနဲ့ဗျို့ကိုစိုးထက်ကြီးတို့က ဒီအုပ်စုထဲမှာ မပါဘူး။ ဖြတ်လိုက်တဲ့ တစ်ပိုဒ်ကို ပြန်တင်ပေးလိုက်မယ်။

တချို့က နိုင်ငံခြားမှာ အလုပ် လာလုပ်တာ မဟုတ်ပေမယ့် အစိုးရ ကိစ္စနဲ့ ဖြစ်ဖြစ် ပညာတော်သင်နဲ့ ဖြစ်ဖြစ် လင်မယား ၁ နှစ်တန်သည် ၂နှစ်တန်သည် ခဏခွဲလာရတာ ရှိမယ်။ သူတို့ကတော့ ချို့တဲ့သူတွေ ချို့ယွင်းသူတွေ မဟုတ်ဘဲ ချွင်းချက်ထဲမှာပဲ ပါပါတယ်။ .........
Anonymous - 8/23/08, 11:02 PM

တစ်ချို့ကြတော့ တော်တော်ကံကောင်းကြပါတယ်။ နိုင်ငံခြားအလုပ်လုပ်တော့လည်း တစ်နိုင်ငံတည်း၊ ရန်ကုန်ရုံးအလုပ်လုပ်တော့လည်း တစ်ရုံးတည်း။ မင်္ဂလာဆောင်ပြီးတော့လည်း စင်္ကာပူသွားလည်းအတူတူ၊ စင်္ကာပူကနေသြော်ဇီကို ကူးလည်းမိသားစုအတူတူသွားကြ။ အဲလိုကံကောင်းတဲ့လူတွေရှိတတ်တယ်လို့ပြောတာပါ။ ဘယ်သူ့ ဘယ်သူကိုမှ မရည်ရွယ်ပါ။

ND

ဝေတိုး - 8/24/08, 12:42 AM

Ha Ha...you make your usual femal fans uncomfortable to comment. No wonder there are more anonymous comments.
Not having sexual pleasure for Burmese singles impacts on social problems. As my friend in pharma products distribution business in Myanmar said, in all kinds of drug they imported, Viagara like drugs are the most demanding. According to their survey, most customers are between age 18 and 29. I think we all know reason. As you said in your post, when they try to have it (in any ways - with partner or whoever),they have to spend on place, meal, and ...etc. So they use the pills.
I am so sad for hearing that bitter truth. I used to work with UN's birth spacing project in my teen. Whenever I tried to educate some of my female friends what I'd learnt, they treated me like I was doing something shamful. In burmese society, Sex talk is something not to talk out. I appreciate your courage to post the topic. Ways to go.

bOASTER - 8/24/08, 1:09 AM

Every coin has two sides
Nothing Lasts forever

khin oo may - 8/24/08, 10:14 AM

မောင်ကောင်းထက် ဟာသများ

ယောက်ကျား ဖြစ် သူ က မိမိ ၏ ဇနီး အား ဘာကြောင်.ဖောက်ပြန် ရခြင်း အကြောင်းရင်း ကို စစ်ဆေး မေးမြန်းရာ ဇနီး ဖြစ် သူ က ပြန် လည် ရှင်းပြ၏။

လူ တယောက် က ဆင်းရဲ လွန်း ရွေ. ထမင်း မစား ရသေးကြောင်း ပြော ရာ သနား သဖြင်. ထမင်း ဟင်း ကျွေး လိုက် ကြောင်း။ ထို သူ က ကျေး ဇူး တင် စကား ပြော ပြီး သကာလ. ထပ်ပြီး တောင်းဆိုကြောင်း။ ယောက် ကျား အသုံး မပြူ သော ပစည်း များ ရှိ ပါ က သူ. ကို ပေးရန်. ဆိုကြောင်း။

ထို အခါ မိမိ၏ ခနွာ ကိုယ် ကို ယောက် ကျား အသုံး မပြူ သည် မှာ ကြာ ပြီ ဖြစ်ရွေ. ပေး လိုက် မိကြောင်း မျက် ရည် လည် ရွဲ ဖြင်.ရှင်းပါ သည်.။

Andy Myint - 8/24/08, 3:14 PM
ကံကောင်းတဲ့ သူတွေက ကံမကောင်းတဲ့ သူတွေကို ကူညီရင် ကောင်းမယ်နော် ND

Thanks, Ma Wai Toe. You said it enough.

Dont get me wrong, bOASTER. I might look like on the fortunate side of a coin. But, in fact, I'm highlighting in favour of the other side. Hope you understand.

မခင်ဦးမေတို့ကတော့လေ... ရယ်နေရတယ် ဟီးဟီး
chaos - 8/24/08, 3:14 PM

မောင်ကောင်းထိုက် ဟာသလေးကရီရတယ်
:D

မျိုးဝင်းဇော် - 8/24/08, 7:15 PM

နောက်တာလား ကိုအန်ဒီ ဒီမှာတစ်ယောက်ထဲတောင်ချာလပတ်ရမ်းနေလို့ အသက်လေး ၃၀ ကျော် ၄နှစ်စွန်းလေးရှိသေးတယ် အားမပေးတဲ့အပြင် ငိုချင်အောင်လုပ်နေတယ် ဟားဟား

ကျော်မင်းနိုင် - 8/25/08, 2:35 AM

တည့်တိုးပဲတွေး ပြီး ....
တည့် တိုး ပဲ ရေးထားတာဆိုတော့ .
တည့်တိုးပဲ ကော့မင့် ၀င်ပေးသွားတယ်။
" မိုက်တယ်" ကွာ "ကြိုက်တယ်"

Ko Paw - 8/25/08, 10:56 AM

စစ်အာဏာရှင်စနစ်ဟာ မျိုးဆက်ပြန့်ပွားရေးကို ထိခိုက်နေပါပြီ။ ကယ်ကြပါ…..း-)

Andy Myint - 8/25/08, 8:35 PM
ဟုတ်တယ် ရယ်ရတယ် chaos

ဘာမှ စိတ်ဓါတ်မကျနဲ့ ကိုမျိုးဝင်းဇော် ဒွေးချိုး လေးတိုး တဲ့ ၂၁ နှစ်အရွယ် ကောင်မလေးသာ ရှာယူ။

မိုက်တယ်.. မိုက်တယ် ကျော်မင်းနိုင်

You got the point Ko Paw....
နုသွဲ့ - 8/25/08, 9:18 PM

ဒီလို လူတကာ မပြောရဲတဲ့၊ တကယ်လည်း ဖြစ်နေတဲ့ ကိစ္စကို ကိုအင်ဒီလို နာမည်၊သြဇာ ရှိသူက ညင်ညင်သာသာလေး ချရေးလိုက်တာ အင်မတန် ကောင်းပါတယ်။ လေးစားပါတယ်။
ကိုယ့်ဖာသာကိုယ် ဘာတွေဘ၀င်မကျ ဖြစ်မှန်းမသိ ဖြစ်နေသူတွေ စဉ်းစားစရာ ရတာပေါ့။ Sexually frustrated ဖြစ်နေတာပဲ-ဆိုတာ နားလည်လာရင် ဆင်ခြင်ပြောင်းလဲနိုင်တာ (ဥပမာ အလကားနေရင်း ဘုကျနေတဲ့ အကျင့်မျိုး) ဆင်ခြင်ပြောင်းလဲတာတို့၊ မှန်ကန်တဲ့ ထွက်ပေါက် (ဥပမာ အားကစားတစ်မျိုးမျိုး) ရှာတာတို့ လုပ်နိုင်တယ်လေ။
ဒါဟာ အခြေခံ လိုအပ်ချက် (Basic Need) တစ်ခုပေမယ့် တစ်ချို့က နေနိုင်ကြတယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ချောကလက် မစားဘူးတဲ့ကလေး ချောကလက်ကို ကြိုက်ရကောင်းမှန်း မသိပဲ သူ့ဖာသာသူ စိတ်ချမ်းသာနေရင်လည်း ကောင်းတာပဲ မဟုတ်ဘူးလား။ ချောကလက်က အမြဲရနိုင်တဲ့ အရာ မဟုတ်ရင် ပြောပါတယ်။
ကျမ အထင်နဲ့အမြင်ကို ပြောတာပါ။ Evidence-based တော့ မဟုတ်ဘူးရယ်။

Andy Myint - 8/25/08, 11:45 PM
ကျွန်တော် ရေးထားတာကလည်း Evidence based လည်းမမည် Reference based လည်း မမည်ပါဘူး။ ဆွေမျိုး Based ပေါ့။ ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ မြင်နေရတာကို ရေးလိုက်တာပါ။ ၀ိတ်နဲ့ ဖိတယ်ဆိုရအောင် လူက ဖလံပါ :-) မနုသွဲ့တို့လိုကတော့ သီအိုရီ ကျကျ သိမှာပါ။
Nu Thwe - 8/26/08, 3:13 AM

1. You are just being modest, Ko Andy. Very wise of you! I meant what I said anyway.
2. ကျမရဲ့ ထပ်ဆင့်အထူးပြု ဘာသာရပ် (Sub-specialty) မဟုတ်လို့ ယေဘူယျသဘောထက် ပိုပြီး မဆွေးနွေးနိုင်တာ ခွင့်လွှတ်ပါ :)

TNN - 8/26/08, 5:25 AM

ယခုလို ပွင့်ပွင့်လင်းလင်း နဲ့ လူတကာ မပြောရဲတဲ့၊၊ တကယ်လည်း အမှန်တကယ် ဖြစ်နေတဲ့ (မြန်မာပြည်တွင်း)လူမူရေးကိစ္စ တခုကို လူငယ်၊ လူ ကြီး၊ အားလုံး နားလည် လွှယ်အောင် ညင်ညင်သာသာလေး ချရေးလိုက်တာ အင်မတန် ကောင်း ပါတယ်။ မျိုးဆက်ပြန့်ပွားရေး နဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘ၀တွေကိုဘယ်သူတွေဖျက်စီးနေပါလိမ့်။ လေးစားလျှက်။
သန်းနိုင် (ခေတ်တ ယူအေအီး)

TNN - 8/26/08, 5:42 AM

တကယ်တော့ မြန်မာပြည်သူ/သား တွေဟာ ကာမသုခ တင်မဟုတ်ပါဘူး စိတ္တ္တသုခ၊ ကာယသုခ၊ ချမ်းသာချင်းသုခ...ဟိုသုခ..ဒီသုခ...သုခပေါင်းစုံချို့ တဲ့ပြီး...ဒုက္ခပေါင်းစုံနဲ့၊ နှစ်ပါးသွားနေရတာ၊ ကြာလပါပေါ့.............

ပီတိ - 8/27/08, 2:02 AM

ကိုအန်ဒီ ချဉ်းကပ်ရေးသားပုံကို ကြိုက်ပါသည်။ ဆွေးနွေးဖို့ရာ အဆင့်မမှီလို့ ပြောစရာမရှိပါ...

Andy Myint - 8/27/08, 1:08 PM
Thanks, Nu

ဟုတ်ပါတယ် TNN ။ မြန်မာပြည်သားတွေ ခမျာ သုခအပေါင်း ယိုယွင်း ချို့တဲ့နေတာ အတော် သနားဖို့ ကောင်းပါတယ်။ အဆိုးဆုံးကတော့ ဒီအထဲမှာ ကိုယ့် မိသားစုလည်း ပါနေတာပါ။

အဲဂလိုကြီးတော့ မလုပ်ပါနဲ့ ကိုပီတိရယ် :) နွေးနွေးထွေးထွေး ဆွေးနွေးပေါ့။ တကယ်တော့ ကျွန်တော် “တည့်” သာ ရေးချလိုက်တာပါ။ ဘာ တက်ကနီကွေးမှ မသုံးထားပါဘူး။
အညာသား - 9/22/08, 9:40 AM

ဖတ်လို့ကောင်းသလို မှတ်သားစရာတွေလဲ ရလိုက်ပါတယ်။ ကျေးဇူးပါခင်ဗျာ။

Andy Myint - 9/22/08, 10:06 PM
ကျေးဇူးတင်ပါတယ်... အညာသား။
Anonymous - 3/4/09, 12:29 PM

ိကျွှန်ေ်တ်ာလည်း ယူအေအီးမှာရောက်နေ တာ ၄ နှစ်လောက်ရှိပြီဗျာ ...ဒိမှာလည်း အစ်ကိုပြောတဲ့ အတိုင်းဘဲ လူမူရေးအခြေအနေ က သိပ် ပြိးတော့ ဘ၀င်ကျ စရာမကောင်းဘူး...ပို ဆိုးတာက မိန်းကလေးတွေက အတော် စောင့်ထိမ်းနိုင်မှူအားနည်းတာတွေ့ရတယ် အထူးသဖြင့် ၂၇ နှစ်က နေ ၃၅။ ၄၃ နှစ် အပိုင်းခြားတွေ ..
ဒိထက်ပိုဆိုးတာက သူ က ဘုရားတရားကို တော့အတော် လေးလုပ် ကြပါ တယ် ဒါ ပေမယ့် သူ တို့ နဲ့လက်မထပ်ဘဲအတူနေ ကြတူတွေ ဟာ ကိုယ့်နိုင်ငံသား ဗုဒ္ဒဘာသာဝင်ဖြစ်ပြီးအိမ်ထောင် တွေ ရှိနေ ကြတာဘဲ ဗျာ...အဲဒါ ကို သိရဲ့နဲ့ ဒီမိန်းကလေးတွေကိုယ်တိုင်က ....ပြောရ ရင် တော့ နင် မရလို့မို့လားလို့ပြောခံ ရသေးတယ် .....ကျွှန်တော် ဒီလောက်ဒိတော့အမြင် မကျည်းပါ ဘူး လူလွှတ်တွေ အများကြိးပါဗျာ ရုပ်စွ ဆုံး တခြားလူမျိုးခြားတွေ ရှိပါတယ် မနေ နိင်ရင်တောင်ပေါ့ ......အခုတော့ သူတို့ က မနက်ဘုရားရှိခိုး ည ကျ သူများယောက်ျားနဲ့အိပ် ကောင်းရော .... ပိုဆိုးတာက ကိုယ့် သူငယ်ချင်းကိုတောင် အိမ်ထောင်၇ှိကောင်လေးတွေနဲ့ အောင်သွယ်ပေးကြတယ်ဆိုတော့......ကိုယ့်ယဉ်ကျေးမှူ ကိုယ့်ဘာသာကို ကိုယ့်ဟာကိုဖျက်ဆီးနေ ကြသလိုဖြစ်နေ ပြီဗျာ....

တေဇာ - 1/11/10, 8:38 AM

အတော် တွေးတတ်ရေးတတ်တာပဲ။ လက်တွေ့ခံစားနေရပေမဲ့ လူပြောသိပ်မများတဲ့ မျက်နှာစာပဲ။ တကယ်တော့ ၀မ်းနည်းစရာကောင်းတယ်ဗျ။ အဲလိုပြောပြန်တော့လည်း လူရယ်စရာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ရယ်တဲ့လူကလည်း စိတ်ထဲကျိတ် ၀မ်းနည်းနေမှာပဲ။ ၀ယ်မစား၊ ခိုးမစားဘဲ အရက် သုံးနှစ်လောက် သောက်လိုက်တယ်...။ မနည်းပြန် ရပ်ထားရတယ်...း)
ဒါပေမဲ့ အသက်က တတိတိနဲ့ ကြီးလာပြီ...။း(

Anonymous - 10/5/10, 3:54 PM

ကြိုက်တယ်ဗျို့ ပိုစ်ကို
အသက်၃၀ရှိပါပြီး ခုထိမယူရဲသေးဘူး
နိုင်ငံခြားရောက်နေတာတောင်မိဘ ကိုထောက်ပံ့နေရလို့ မယူရဲသေးဘူး
သူ့ခမျာစောင့်နေတာ၆နှစ်ရှိပြီးဘယ်နှနှစ်ဆက်စောင့်ဆက်စောင့်ပါလို့လဲမပြောရဲတော့ဘူး။ စောင့်လဲမစောင့်စေချင်တော့ဘူး။
ကို့ကြောင့်သူအချိန်တွေကုန်နေသိုပဲ။
ကို့ထက် အဆင်ပြေတဲ့သူကို လှူရမလိုဖြစ်နေပြီးဗျို့။
ဆက်ရေးပါဦးဗျာ။

ကိုရင်တော

Anonymous - 6/30/12, 12:03 PM

hmmm.............

Anonymous - 8/15/12, 7:13 PM

မိန်းကလေး တွေလဲ SEX ကို ကြိုက်ကြတယ်နော်..တသက်လုံး ဘာမှ မဖြစ်သလို သိပ်မကြိုက်သလိုလေး ညာခဲ့ကြတာ နောက်တော့ အလိမ်ပေါ်တာ ပါပဲ
ဘုရားတရားတော်တွေက မှန်လိုက်တာ....

Anonymous - 8/15/12, 7:16 PM

မိန်းကလေးလဲ လူပဲ SEX ကိုကြိုက် တာပဲ

Anonymous - 1/16/13, 7:00 PM

ကလေးတွေ လက်လွတ်ရင် စာပြန်ရေးပါဦး ကိုအန်ဒီ.. အဟောင်းတွေပဲပြန်ဖတ်နေရတယ်.. အတွေးကောင်း အရေးကောင်းသူမို့ပါ.. ပတ်ဘလစ်ရှာနဲ့တွေ့ရင် ဆရာစိုးမင်းလို စာအုပ်ထွက်ချင်ထွက်လာမှာ..

Anonymous - 3/27/13, 8:55 PM

thanks for post, the best situation for myanmar people

naymin thuyain - 4/12/13, 10:47 AM

အသက် သုံးဆယ်ကျော်ပါပြီ
အခုချိန် အထိ လူထွက်ပေါက်
မတွေသေးပါဘူး။
နွေးထွေးတဲ့ အနမ်းဆိုတာလဲ
မရှိခဲ့ဘုး။ယုယုယယနဲ့ လက်
ကလေးတောင် ကိုင်ခွင့် မရခဲ့ပါဘူး။
ကံဆိုးတာက သူကလွဲရင် ဘယ်သူ့မှ
ချစ်လို့ မရတာဘဲ။တသက်လုံး ကံဆိုး
ချင်တော့ ကိုယ်ချစ်ရတဲ့ သူက
အိမ်ထောင်ကျသွားပြီလေ။

My tay zar Lovemama - 4/17/14, 4:48 AM

ငါ့အသက်၁၈နှစ်အတွေ့အကြုံမရှိဘူးလိုတော့လိုချင်တယ်မိန်းမကအရက်လောက်တန်ဖိုးမရှိပါဘူးဟုတ်ဘူးလားဌဲဌဲ

Post a Comment

Many thanks for dropping a comment…

Film


Files