Sunday, August 31, 2008

အမဲသား ကြော်နည်းများ

ဒီပို့စ်မှာ အမဲသားကို (၁) အစိုကြော်နည်း (၂) အမွကြော်နည်း (၃) ကိုရီးယားစတိုင် ကြော်နည်း (၄) အမဲသား ပဲငပိ အငန် ကြော်နည်း များကို တစ်နေရာတည်းမှာ ရေးသားထားပါတယ်။ အမဲသားကို ချက်စားရတာ ညှီတယ် ဆိုသူများ အတွက် အထူး သင့်တော်ပါတယ်။

(၁)အစိုကြော်နည်း
အမဲသားကို အတုံးလိုက် ရေဆေးပြီး လက်ချောင်း အရှည်နဲ့ အထူ အတုံးလေးတွေ လှီးထားပါတယ်။ အကောင်ဆုံးကတော့ Stir Fry အတွက် အသင့် လှီးထားတဲ့ အမဲသားလေးတွေပါပဲ။ ပြီးတော့ ဆား သင်ရုံ၊ နနွင်း နိုင်းချင်း၊ ဟင်းချက် ငရုတ်သီးမှုန့် အနည်းငယ်နဲ့ နယ်လိုက်ပါတယ်။ အသား မဆလာ နည်းနည်း ထည့်ပါတယ်။ မဆလာ မထည့်ရင်လည်း ဗမာ အရသာ ရပြီး စားကောင်းပါတယ်။မဆလာ နည်းနည်း ထည့်လည်း ပိုမွှေး ပို Spicy ဖြစ်ပြီး စားလို့ ကောင်းပါတယ်။ နှစ်မျိုးစလုံး လုပ်စားဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက်တော့ မဆလာ နည်းနည်း ပါတယ် ဆိုရုံ ကျက်ခါနီးမှာ ထည့်ပါတယ်။ တစ်ရေခန်းရင် ဆီပူပူနဲ့ အပြင်ဖက်ကို နည်းနည်း ကျွတ်တယ်ဆိုရုံ ကြော်ပြီး အတွင်းမှာလည်း ရေဓာတ်ကျန်အောင် ထားရင် စားလို့ အလွန် ကောင်းပါတယ်။ ကျက်ကျက်ချင်း စားမှ ကောင်းပြီး မနက်ကြော်ထားတာကို ညနေမှာ စားရင်တော့ ပျင်းတွဲတွဲနဲ့ စားလို့ မကောင်းပါဘူး။ ကန်စွန်းရွက် ချဉ်ရည်ဟင်းလိုမျိုးနဲ့ တွဲဖက်စားမယ်ဆိုရင်တော့ အလိုက်ဆုံးပါပဲ။

(၂)အမွကြော်နည်း
အဆောင် နေဖူးသူတွေ သာမက နိုင်ငံခြား ရောက်နေသူတွေ အတွက် အိမ်က ချက်ပေးတဲ့ အထဲမှာ အမဲသား အမွကြော်လည်း ပါနိုင်ပါတယ်။ အမည်းသားကို တစ်လက်မ ပတ်လည် အတုံးလေးတွေ တုံးပြီး ဆားနည်းနည်း များများနဲ့ ရေခန်းအောင် မီးနည်းနည်းနဲ့ ကြာကြာ ပြုတ်ပါတယ်။ ပြုတ်ရည်ထဲမှာ အချိုရည်တွေ ပါသွားတတ်လို့ ရေခန်းအောင် ပြုတ်မှ စားကောင်းပါတယ်။ အသားလည်း နူးပြီ ရေလည်း ခန်းပြီဆို အအေးခံထားပြီးနောက် အမျှင်လေးတွေ လုပ်ပါတယ်။ ပြီးတော့ ဆီပူထဲမှာ ကြော်ပါတယ်။ အသားတွေ ကြွတ်ပြီဆို ဆယ်ထားပါတယ်။ ကြက်သွန်နီကိုလည်း ဆီချက်ချက် ကြော်ပါတယ်။ ပြီးတော့ ကြက်သွန်ဖြူကို အ၀ိုင်းလေးတွေ လှီးပြီး ကြော်ပါတယ်။ ဂျင်းနည်းနည်းကိုလည်း အတုံးသေးသေးလေးတွေ လှီးင်္ပြီး တစ်ခါတည်း ထည့်ကြော်ပါတယ်။ အဲဒီနောက် ကြော်ထားတာတွေ အားလုံးကို ရောသမ မွှေလိုက်ပါတယ်။ အချိုမှုန့် နည်းနည်း ထည့်မည် ဆိုလည်း စားလို့ ပိုဆွဲပါတယ်။ နောက်ဆုံး ရောမွှေလိုက်တဲ့ ဟာမှာ ဆီမများအောင်တော့ သတိထားရပါမယ်။ ခြောက်နိုင်သမျှ ခြောက်လေ အကောင်းဆုံးပါပဲ။ မနက်ဖက် ထမင်းကြော်နဲ့ စားစား၊ ထမင်းနဲ့ စားစား၊ ညဖက် ဗိုက်ဆာလို့ ပေါင်မုန့်နဲ့ စားစား အင်မတန် သင့်တော်ပါတယ်။

(၃) အမဲသား ကင်းမ်ချီ ကြော်နည်း
Stir Fry အမဲသားကို ရှာလကာရည် အမည်း၊ ပဲငံပြာရည် နည်းနည်းနဲ့ ၁ နာရီလောက် နှပ်ထားပါတယ်။ ကင်းမ်ချီကို ကိုရီးယား ဆိုင်ကပဲ ဖြစ်ဖြစ်၊ တရုတ် ဆိုင်ကပဲ ဖြစ်ဖြစ် ၀ယ်ထားပါတယ်။ ကျွန်တော်တို့ကတော့ မလုလုရဲ့ နည်းအတိုင်း တည်ထားပါတယ်။ ကိုယ့်ဘာကို လုပ်ရင် ၁ ကျပ် ၂ ကျပ်လောက်ပဲ ကျပေမယ့် ဆိုင်မှာ ၀ယ်ရင် ၅ ကျပ်လောက် ပေးရပါတယ်။ အရသာက အတူတူပါပဲ။ မလုလုရဲ့ နည်းက လွယ်လည်း လွယ်ပါတယ်။ ကင်းမ်ချီ ဖက်တွေက ကြီးနေရင် တစ်လက်မ အရွယ် ဖြစ်အောင် ကတ်ကြေးနဲ့ ကြိုညှပ် ထားပါတယ်။ ဆီပူထဲကို နှပ်ထားတဲ့ အမဲသားတွေကို ထည့်ကြော်ပါတယ်။ ပဲငံပြာရည် အပြစ်ရည် နည်းနည်း ပါ ထပ်ထည့်လိုက် ပါသေးတယ်။ တစ်ရေ၊ နှစ်ရေ ခန်းအောင် ကြော်ပါတယ်။ အမဲသားလည်း နူးလောက်ပြီ ရေလည်း ခမ်းခါနီးဆိုမှ မီးပိတ်ပြီး ကင်းမ်ချီ ဖတ်တွေရော အရည်တွေပါ ထည့်လိုက်ပါတယ်။ နည်းနည်း ပါးပါး မွှေပြီး အဖုံး အုပ်ထားပါတယ်။ အရည် စပ်စပ်နဲ့ဆို စားလို့ကောင်းပါတယ်။ ကင်းမ်းချီထဲက ငရုတ်ရည်နဲ့ ပဲငံပြာရည် ရောနေတာက အချိုရည်က ထမင်းဖြူနဲ့ အလွန် လိုက်ဖက်ပါတယ်။ အမဲသား ရှောင်သူများ အတွက် ၀က်သားနဲ့ လုပ်စားလည်း ကောင်းပါတယ်။

(၄) အမဲသား ပဲငပိ ကြော်နည်း
အမဲသားကို လက်နှစ်ချောင်း အရွယ် ဗျက်၊ တစ်လက်မခွဲကျော် အရှည်နဲ့ ပါးနိုင်သမျှ ပါးပါး (ဓါးနှစ်ပြား အရွယ်) လှီးပါတယ်။ ရေမြုတ်ရုံ အိုးထဲ ထည့်ပြီး ရေခန်းအောင် ပြုတ်ပါတယ်။ မုန်လာဥနီကို အမဲသား ပြားအရွယ် လှီးထားပါတယ်။ နည်းနည်းတော့ ပိုထူပါတယ်။ ဘိုစားပဲကို တ၀က် ချိုးထားပါတယ်။ ငရုတ်ပွကို ကြီးကြီး လှီးထားပါတယ်။ Broccoli ဒါမှမဟုတ် ပန်းဂေါ်ဖီ ထည့်လည်း ရပါတယ်။ ဆီပူထဲမှာ အမဲသားပြားတွေကို ထည့်ကြော်ပါတယ်။ ပဲငံပြာရည် အပြစ်ရည် နည်းနည်း ထည့်ပါတယ်။ နှံ့အောင် မွှေပြီး အမဲသားဖတ်တွေ အရောင် လှလာပြီဆို မုန်လာဥနီ ထည့်ပါတယ်။ နောက် ခဏ နေမှ တခြား ဟင်းသီး ဟင်းရွက်တွေ ထည့်ပါတယ်။ ခဏလောက်နေရင် ပဲငပိ တစ်ဇွန်း နှစ်ဇွန်း ချိန်ထည့်ပါတယ်။ များသွားရင်လည်း ငန်တတ်လို့ သတိထားရပါတယ်။ နည်းနည်းပါးပါး မွှေပြီးရင် စားလို့ ရပါပြီ။ မီးများများနဲ့ ရှဲရှဲ ရှဲရှဲ ကြော်စားရတာမျိုးပါ။ ကြက်ရင်ပုံသားနဲ့လည်း ကြော်လို့ ရပါတယ်။

တခြားဖတ်ရန်- Beef Noodle

12 comments:

phyophyo - 8/31/08, 6:49 PM

look so nice and think very delicous. let me try :)

မဇနိ - 8/31/08, 6:58 PM

အသားဟင်းတွေမကြိုက်ပေမယ့် အမဲသားကြော်တော့ သိပ်ကြိုက်ဗျာ
အမဲသား ပဲငပိကြော်တော့ မစားဖူးသေးဘူး
ဒီဟင်းတွေကြည့်ပြီး ညစာစားလိုက်အုံးမယ် ဂလု ဂလု

Nu Thwe - 9/1/08, 3:19 AM

ကောင်းလှချည်လား။ ဗိုက်အရမ်းဆာကုန်ပြီနော်...ပြေးချက်လိုက်ဦးမယ်။ ဒီနိုင်ငံမှာတော့ ဟင်းချက်လည်း ကိုယ်၊ ပန်းကန်ဆေးလည်း ကိုယ်၊ သန့်ရှင်းရေးလည်း ကိုယ်.....အမလေး ကိုယ့်ကိုကိုယ် တော်တော် သနားသွားပြီ။ ဒီည ပိုစားမယ်း)

Moe Cho Thinn - 9/1/08, 7:35 AM

အမဲသားက ချက်ချက်၊ ကြော်ကြော် ပညာအရမ်းပါတယ်။ မချက်တတ်၊ မကြော်တတ်ရင် လုံးလုံး စားလို့ မကောင်းလို့ အမြဲလက်ရှောင်ပါတယ်။ ဒါက ဆရာသမားတွေ ကိစ္စလေ။
ခုတော့ ကိုAndy နည်းပေးလို့ စမ်းလိုက်အုံးမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။

လုလု - 9/1/08, 9:02 PM

ကိုအန်ဒီရေ့ 
အမဲသားကြွပ်ကြော်ဆို အရမ်းကြိုက်။
အမဲခြောက်ကို မီးကင်ပြီး ဆီလေးဆမ်းပြီး စား၊ ရေနွေးကြမ်းလေးသောက်ဆိုရင် သိပ်ကြိုက်တာပဲ
ပြောရင်း စားချင်လာပြီ့  :)

Andy Myint - 9/1/08, 10:02 PM
Try 'em Phyo Phyo... I'm sure you will like :)

မဇနိရေ... မြန်မာပြည်မှာ နေတုန်းက အမဲသား မစားဘူး။ အမဲသားကြော်တော့ စားတယ် ဟီးဟီး။

ပြောမနေနဲ့တော့ မနုသွဲ့ရေ... ထမင်းချက်၊ ပန်းကန်ဆေး အကုန် လုပ်ရတယ်။ အပြင်က ၀ယ်စားရင်တောင် အ၀တ်လျှော် မီးပူတိုက် လုပ်ရဦးမယ်။ တစ်ခါတစ်လေ မြန်မာ အစားလေးတွေ ဥပမာ မုန်လာချဉ်တို့ ဘာတို့လည်း ကိုယ့်ဘာကိုယ် လုပ်ရသေးတယ်။ (ဟီးဟီး ကိုယ်ဘာကိုယ်ဆိုတာ ကျွန်တော့် အမျိုးသမီး လုပ်ရတာကို ပြောတာပါ။)

ဒီက အမဲသားတွေက မညှီလို ဘယ်လို ချက်ချက် စားကောင်းနေတာပဲ မမိုးချိုသင်းရေ

ကျွန်တော်လည်း ကြိုက်တယ် မလုလု။ အမဲခြောက်ကလည်း တောက ၀ယ်တာပဲ စားကောင်းတယ်။ အခုနောက်ပိုင်း ရယ်ဒီ မိတ်တွေက သစ်ပွသားကို ဆေးဆိုးပြီး အချိုမှုန့် စိမ်ထားသလိုပဲ။
Nu Thwe - 9/2/08, 4:42 AM

မုန်လာချဉ်၊ မုန်ညှင်းချဉ် လုပ်နည်းလေးရော မမျှချင်ဘူးလားလို့ မဟေသီကို မေးပေးပါ။ ကျေးဇူး။

Andy Myint - 9/3/08, 9:18 PM
ရေးလိုက်မယ်တဲ့ မနုသွဲ့။
တန်ခူး - 9/9/08, 6:57 PM

ကိုအန်ဒီရေ… အမဲကြော်ကြိုက်သူမို့  မျှဝေပေးတာ ကျေးဇူးပါ… အမဲသားပဲငါးပိကို အရမ်းစိတ်ဝင်စားသွားပြီ…

Andy Myint - 9/9/08, 10:31 PM
ပဲငန်ပိနဲ့ ကြော်စား ကြည့်ပါ မတန်ခူး။ ကြိုက်သွားမှာပါ။
PAUK - 9/19/08, 1:47 AM

အမဲသားအခြောက်ကြော်(အမွကြော်)စားချင်လို့..
လုပ်နည်းယူသွားတယ်နော့်..
နောက်ရက်မှ လုပ်စားကြည့်ရမယ်...

Andy Myint - 9/22/08, 10:16 PM
လုပ်စားကြည့်ပါ PAUK... :) ပြီးရင်လည်း ကျွေးဦးနော်...

Post a Comment

Many thanks for dropping a comment…

Film


Files