Monday, August 11, 2008

သူစိမ်းလိုပဲ ဆက်ဆံပါတယ်

ကျွန်တော်တို့ အိမ်ထောင်ရေးဟာ အဆင်ပြေတဲ့ အိမ်ထောင် စာရင်းထဲကို ထည့်ချင်ရင် ထည့်လို့ ရပါတယ်။ ကျွန်တော်နဲ့ သူမ ဆက်ဆံရေးဟာလည်း အဖုအထစ် မရှိသလောက် နည်းပါးပါတယ်။ နောက်ဆုံး ရန်ဖြစ်ဖူးတဲ့ အချိန်ကို ပြောပါဆိုရင် တကယ့်ကို ပြန်စဉ်းစားရမှာပါ။ အဲဒီလို အဆင်ပြေရခြင်းရဲ့ လျို့ဝှက်ချက် တစ်ချက်ကိုလည်း ဝေမျှချင်ပါတယ်။

ကျွန်တော်တို့ဟာ တစ်ယောက်ကို တစ်ယောက် သူစိမ်းတွေလိုပဲ ဆက်ဆံပါတယ်။
သူစိမ်းတွေလို ဆက်ဆံတယ် ဆိုတာ ခပ်စိမ်းစိမ်းပဲ နေပါ့မယ် မဟုတ်ပါဘူး။ သင့်အနေနဲ့ သူစိမ်း တစ်ယောက်ကို ဘယ်လို ဆက်ဆံသလဲ ဆိုတာကို ပြန်သုံးသပ်ကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ သူစိမ်း တစ်ယောက်ကို တွေ့တဲ့အခါ သူနဲ့ စကားပြောတဲ့ အခါ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ရိုသေစွာ ဆက်ဆံပါတယ်။ ကျနော်တွေ ကျနက်တွေလုပ်ပြီး ခင်သွားမှ မင်းနဲ့ ငါနဲ့ တုတ်သလိုမျိုးပေါ့။ အဲဒီလိုမျိုး မခင်မီက ရိုသေမှုမျိုးကို ခင်မင်သွားတောင် ထိန်းထားနိုင်ရင် ကောင်းပါတယ်။ ဒီနေရာမှာ အခေါ်အဝေါ်ကို ပြောချင်တာ မဟုတ်ပါဘူး။ ရိုသေမှုကို ပြောလိုတာပါ။

ဒီလို ရိုသေမှုတွေမှာ အချိန်ကို လေးစားတဲ့ ရိုသေမှုတွေလိုမျိုးလည်း ပါပါတယ်။ ဥပမာ သူနဲ့ ကိုယ်နဲ့ ၄ နာရီမှာ တွေ့မယ်ဆို သူစိမ်းတစ်ယောက် ဒါမှမဟုတ် အလုပ်ခန့်မယ့် သူဌေးတစ်ယောက်နဲ့ ချိန်းထားသလိုမျိုး တိကျတာဟာ နှစ်ယောက်စလုံးအတွက် ကောင်းပါတယ်။ ခင်နေပြီပဲ ကိုယ့်မိန်းမပဲ စိတ်မဆိုးလောက်ပါဘူး ဆိုပြီး နေမယ်ဆို လျော့တိလျော့ရဲ့ ဖြစ်ပြီး ရေရှည် ဆက်ဆံရေးကိုပါ ထိခိုက်နိုင်ပါတယ်။

နောက်ပြီး သူစိမ်း တစ်ယောက်ကို ကျွန်တော်တို့ အပြစ် ပြောခဲပါတယ်။ ပြောမယ်ဆိုရင်တောင် ဖော့ပြီး ပြောပါတယ်။ ကိုယ်နဲ့ ပြောမနာ ဆိုမနာ ခင်သွားမှ “မင်းဟာကြီးကလည်းကွာ အောက်လိုက်တာ..” လိုမျိုး တုတ်ထိုး အိုးပေါက် ပြောပါတယ်။ ဘယ်လောက်ခင်ခင် သွေးသားပင် တော်စပ်သော်ငြား ဒီလို အပြောခံရရင် စိတ်ထဲမှာတော့ အနည်းငယ် ခံစားသွားရနိုင်ပါတယ်။ ထောက်ပြ ပြုပြင်ပေးလိုတဲ့ စေတနာကို နားလည်သည် ဖြစ်စေ အပြောခံရတဲ့ အချိန် စက္ကန့်ပိုင်းလေးမှာတော့ တစ်မျိုး တစ်မည် သူသူငါငါ ခံစားရနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သူစိမ်းတွေကို ဝေဖန် ထောက်ပြမယ်ဆိုရင် အသက်အသာဆုံး နည်းလမ်း သုံးပြီးတော့ ပြောဆိုပါတယ်။ ဒီလိုသာ တစ်ဦးနဲ့ တစ်ဦး အမြဲ ဆက်ဆံသွားမယ်ဆိုရင် ဝေဖန်တယ်ဆိုတဲ့ စကားလုံးဟာ အရောင်တစ်မျိုး ပြောင်းသွားမှာပါ။ ကျွန်တော်တို့လည်း အချင်းချင်း ဝေဖန်ရင် သူစိမ်းတစ်ယောက်ကို ဝေဖန်သလို ဝေဖန်ဖို့ ကြိုးစားပါတယ်။ ကိုယ့်မိန်းမ ကိုယ့်ယောက်ျားမို့ ဆိုပြီး `နင့်ဟာကလည်း ချာတူးလံနေတာပဲ´ဆိုပြီး လက်လွှတ်စပယ် မပြောဖြစ်အောင် ထိန်းရပါတယ်။ အဲဒီလိုမျိုး ပြောဖြစ်ရင်လည်း နောက်ပြီး တမင်တကာ ပြောသလိုမျိုးမှပဲ ပြောဖြစ်မှာပါ။

ကျွန်တော်တို့တတွေဟာ သူစိမ်းတွေ အပေါ်မှာ စိတ်တိုခဲပါတယ်။ စိတ်တိုတယ်၊ စိတ်ကောက်တယ် ဆိုတာ အချင်းချင်းတွေပဲ ဖြစ်ကြတာပါ။ သူစိမ်း တစ်ယောက်က ကိုယ့်ကို တစ်ခုခု မှားလုပ်မိရင်တောင် အလွန်အမင်း စိတ်မတိုကြပါဘူး။ သူမသိလို့ မှားတာပဲ ဆိုပြီး ခွင့်လွှတ်တတ်ကြပါတယ်။ စိတ်တိုသွားရင်တောင် ကိုယ့်အမျက်ကို သူမသိရအောင် မျိုသိပ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း အချင်းချင်း စိတ်တိုစရာ ရှိရင် သူစိမ်းတစ်ယောက်လို သဘော ထားကြည့်ပါတယ်။

သူစိမ်းတစ်ယောက်ကို ခင်လိုတဲ့ အခါ ကျွန်တော်တို့ သူ့အကြောင်းကို သိအောင်၊ သူ့အကြိုက်ကို သိအောင် သူမကြိုက်တာကို သိအောင် ကြိုးစားကြတယ်။ တကယ်တော့ သူဟာ ကိုယ်မဟုတ်ရင် နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ လင်မယားပင် ဖြစ်သော်လည်း သူ့အကြောင်း အကုန် ကိုယ်က မသိနိုင်ပါဘူး။ ပေါင်းလာတာ ကြာပါပြီကွာ၊ လင်မယားပဲ ဆိုပြီး မနေဘဲ သူ့အကြိုက် သူ့အလိုက်ကို အမြဲကြည့်ပြီး ရှာဖွေနေမှသာ သူ့အကြောင်း အသစ် အသစ်တွေ တွေ့လာ သိလာမှာပါ။

လူအချင်းချင်း အကျွမ်းဝင်သွားရင် သူတို့ ကြားက ဘောင်တွေ၊ ကလနားတွေ ဖြည်းဖြည်းချင်း ပြေလျော့ကုန်ပါတယ်။ စနောက်တဲ့ အခါလည်း သူစိမ်းမဟုတ်တော့ရင် ပိုပြီး နာနာထိုးထိုးလေး စနောက်တတ်ပါတယ်။ တလောကတောင် ကျွန်တော် ခင်နေတဲ့ ဘလောက်တစ်ခုမှ သွားနောက် မိသေးတယ်။ နောက်မှ တွေးပြီး စိတ်မကောင်းဘူး။ ခင်နေတယ် ဆိုပေမယ့်လည်း သူ့အတွက် စိတ်အနှောက် အယှက် ဖြစ်သွားနိုင်တယ်ဆိုတာ နောက်မှ တွေးမိတယ်။ အဲဒီလိုမျိုး ခင်တယ် ဆိုပြီး စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားတတ်တယ်။ လင်နဲ့ မယားဆိုလို့ ကိုယ်က ရေနဲ့ ပက်ပြီး ကျီစားပေမယ့် ကိုယ့်ကို အဆိပ်ခတ် သတ်ချင်လောက်အောင် နာကျည်းသွားတာမျိုးတွေလည်း ရှိခဲ့ဖူးတယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံးက သူများတွေ သူငယ်ချင်းတွေကိုလည်း သူစိမ်းလိုပဲ ဆက်ဆံပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ အရမ်း မခင်တတ်သလိုတောင် ခံစားရမယ်။ သူငယ်ချင်းတွေကို ထမင်းတွေ ဘာတွေ ဖိတ်ကျွေးလည်း ဘယ်လောက် ခင်တဲ့ သူငယ်ချင်းပဲ ဖြစ်ပါစေ သူစိမ်းတွေကို ထမင်းကျွေးသလို သေသေချာချာ ကျွေးတယ်။ အရမ်း ခင်နေပြီဆိုပြီး ကိုယ်စားသလို ဖြစ်သလို စားဆိုပြီး မဆက်ဆံကြပါဘူး။

ကျွန်တော်တို့ အဖေ၊အမေတွေ မိသားစုဟာလည်း တခြား မိသားစုတွေလိုပဲ တခါတလေ ရန်ဖြစ်ကြတယ်။ အဖေနဲ့ အမေနဲ့ ဖြစ်တယ်။ အဖေနဲ့ သားတွေနဲ့ ဖြစ်တယ်။ သားတွေနဲ့ အမေနဲ့ နောင်ချိန်ပလေးတယ်။ ညီအစ်ကိုချင်းဆိုတာတော့ ငယ်ငယ်တုန်းကဆို လက်သီးတွေ ဘာတွေနဲ့တောင် ချကြတာ။ ကြီးလာတော့ ကျွန်တော်က မိသားစုဝင်တွေကို သူစိမ်းလိုပဲ ဆက်ဆံတော့တယ်။ ပြောင်ကြီး မပြောတော့ဘူး။ နင်ပဲငဆ မပြောတော့ဘူး။ စိတ်တိုစရာရှိလည်း စိတ်မတိုအောင် ထိန်းတယ်။ ပြောစရာရှိလည်း သူစိမ်းကို ရှင်းပြသလိုပဲ ရှင်းပြတော့တယ်။ အဲဒီအခါ မိသားစု အတွင်းမှာ ရန်ဖြစ်တာ နည်းလာတာကို တွေ့ရတယ်။

ရင်းနှီး ကျွမ်းဝင်တာ ကလူ ကျီစယ်တာတွေ မရှိတော့ရင်တော့လည်း တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးကြီးဟာ ရေခဲတုံးလို အေးစက်ပြီး တွယ်တာစရာ မရှိဖြစ်လာလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး မပြုပြင် မထောက်ပြရင်လည်း မိသားတစ်စုလုံး ဆုံးရှုံးခြင်းတွေနဲ့ ကြုံတွေ့ရပြီး ပျက်စီးခြင်းကို ရောက်လိမ့်မယ်။ အဲဒီလိုလည်း မဖြစ်ရအောင်လည်း တစ်ဦးနဲ့ တစ်ဦးလည်း ဘောင်မကျော်အောင် အထက်က ပြောထားသကဲ့သို့ ကျွန်တော်တို့ဟာ သူစိမ်းတွေလိုပဲ ဆက်ဆံကြပါတယ်။

တခြားဖတ်ရန် - အသွင်မတူတဲ့ ကျွန်တော်တို့ နှစ်ယောက် 

28 comments:

မဇနိ - 8/11/08, 11:03 PM

ခေါင်းစဉ်ကိုကြည့်ပြီး ဘယ်လိုပါလိမ့်လို့ ဆက်ဖတ်လိုက်တယ်။ ပို့စ်လည်းဆုံးရော ကောင်းလိုက်တဲ့ သဘောထားလေးတွေဗျာ။ အတုယူရမယ်လို့ တွေးမိလိုက်တယ်။
ဟုတ်တယ်နော် သူစိမ်းကို လေးလေးစားစား ဆက်ဆံသလို ဘယ်ချိန်ဖြစ်ဖြစ် အဲလိုဆက်ဆံတာ ကောင်းတယ်။
တယောက်ကိုတယောက် လေးစားမှုက အရေးကြီးတယ်နော်။
ဒါနဲ့ အမအကြောင်း အသစ်တွေတွေ့ရင် ပို့စ်တင်ပြီး လက်တို့ပါအုံးဗျ။

pandora - 8/12/08, 12:40 AM

ဟုတ်တယ်။ ကိုယ်တို့လည်း အဲဒီလိုဆန်ဆန်ပဲ။ သဘောတူတယ်။

Aung Kyaw - 8/12/08, 9:59 AM

Hello, I would like to invite you to join the Myanmar Wikipedia community.

Best,

Aung Kyaw

Yu Wa Yi - 8/12/08, 11:31 AM

ကော်မန့် ကို တစ်မျက်နှာထဲမှာပေးလို့ ရတဲ့ကျွန်မလိုနောက်တစ်ဘလော့အဖြစ်လာလာ
ကြည့်မိတဲ့ဘလော့လေးပါ ကိုအန်ဒီရေ။
သူစိမ်းလိုပဲနေပါတယ် ဆိုတော့မှ ကော်မန့် ဝင်ရေးမိသွားတယ်။ အိမ်ကတစ်ယောက်ကလေ ကျွန်မကို အီးမေးလ်ရေးတိုင်း Thank you. နဲ့ အဆုံးသပ်လေ့
ရှိလို့ ကျွန်မတို့ သူစိမ်းဆန်ပုံကတော့ရှားတယ်လို့ ထင်နေတာ။ သြော်..ခုတော့ ကိုအန်ဒီ
တို့ လည်းရှိပါသေးလားလို့ ။

nu-san - 8/12/08, 1:50 PM

Andy ပြောတော့လည်း ဟုတ်သလိုလိုရှိသားပဲ.. အမတော့ အဲဒီလို တခါမှ မတွေးမိဖူးဘူး။ ကို-- ကတော့ အမက တခါတလေ သူ့ကျေးဇူးကြောင့် အခုလိုနေရတာတို့ ဘာတို့ ပြောရင် မကြိုက်ချင်လှဘူး.. တစိမ်းဆန်သလိုပဲတဲ့လေ.. အခုလိုမျိုး လျှို့ဝှက်ချက်တွေကို သိခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် Andy နဲ့ ကလေးတို့ မေမေရေ.. :D

Ko Paw - 8/12/08, 1:56 PM

လင်မယားဆက်ဆံရေးသာမက လူမှုပေါင်းသင်းဆက်ဆံရေးမှာ အတုယူမှတ်သားရမယ့်အချက်ပါ။

Anonymous - 8/12/08, 2:08 PM

သူငယ်ချင်းနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်အတော်ဖြစ်ခဲ့ရတာမို့ ဒီအဆိုကို အပြည့်အ၀အားပေးသွားပါတယ်။ ဆက်ဆံရေးမှာ Respect each other က ရေရှည်ခိုင်မြဲရေးအတွက် တကယ်ပဲ အရေးကြီးပါတယ်။

khine - 8/12/08, 3:43 PM

တကယ်လိုက်နာသင့်တဲ့နည်းလမ်းတခုပါပဲ..
မျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..

ခိုင်

Anonymous - 8/12/08, 4:00 PM

မှန်သင့်သလောက်တော့ မှန်ပါတယ်...

Anonymous - 8/12/08, 4:07 PM

I don't like this relation style.But I do agree to have respect bet each other.
I think we have to b frank bet: couples.It's important to know each other's feeling.
yr friend,
Ko Nyi

ဂျစ်တူး - gyit_tu - 8/12/08, 6:07 PM

အကြိုက်ဆုံးထဲ ထည့်ထားလိုက်ပါတယ်း) ဘာလို့လဲဆိုတော့ မပန်ကလည်း အဲလိုနည်း လိုက်နာတယ်ဆိုပဲ ။ မျက်မြင်ကိုယ်တွေ့  ကိုအန်ဒီရော မပန်ရောက အိုကေမှာ စိုပြေနေကြတော့ ... ဒီနည်းနာလေးကို မှတ်တော့ မှတ်ထားလိုက်မယ် ။

အိုကေမှာ စိုပြေနေကြတဲ့ မခင်မင်းဇော် ၊ မမေငြိမ်း ၊ မကေတို့ကိုလည်း လာ ကွန်မန့်ခိုင်းဦးမယ် ။ သူတို့ဆီကလည်း စနည်းနာလိုက်ဦးမယ် အဟိ ။

လက်ခံကျင့်သုံးမယ် ဘာမယ် ဆိုတာကတော့ အဲလိုအခြေအနေရောက်လာမှ အားလုံးကို ပြန်သုံးသပ်ပြီး ၊ ကိုယ်လက်ခံနိုင်တာကို ယူမယ်လို့ ဆုံးဖြတ်ထားတာပေါ့လေး)

But I agree with the underlying notion that we need to respect each other all the time and always try to find out the likes and dislikes of each other coz human beings are always changing over time and the experiences that we encounter. Our personalities never stay still.

Andy Myint - 8/12/08, 10:02 PM
အစ်မအကြောင်းကတော့ ရေးရင် ကုန်မှာ မဟုတ်ဘူး မဇနိရေ.. အဲဒါကြောင့် မရေးတော့ဘူး ... တိန်!

မပန်တို့က ဘိုဆန်ဆန်များရောလား စိတ်ကူးကြည့်မိတယ်။

I have already joined, Ko Aung Kyaw and am looking for good post. :)

ဟီးဟီး ... Thank you တဲ့လား မ Yu Wa Yi.

ဒီလို ကျေးဇူး သိတတ်တာလည်း သူစိမ်းတွေကိုမှလေ မနုစံ.. ကိုယ်နဲ့ အနီးဆုံး မိဘတွေ ဇနီးယောက်ျားတွေကိုတော့ ကျေးဇူးတင်ရ ကောင်းမှန်း မသိကြဘူး။ အေးပေါ့ အဲဒီလိုကြီး ပြောလာတော့ ကျွန်တော်ဆိုလည်း နေတတ်မှာ မဟုတ်ဘူး။ ကို--ကြီးလိုပဲ ပြန်ပြောမှာပဲ။ နှစ်ယောက်စလုံး မှန်တယ်.. ဟဲဟဲ။

ဟုတ်တယ် ကိုပေါ.. ကျွန်တော် အဲဒီလိုလည်း ဆိုလိုချင်တာ။

ဟုတ်တယ် ကျွန်တော် ပြောချင်တဲ့ သူစိမ်းလို ဆက်ဆံတယ်ဆိုတာ Respect each other ကို ဆိုလိုတာပါ စာဖတ်သူ

အားပေးတဲ့ ကျေးဇူးပါ မခိုင်

ဟုတ်ပါတယ် စာဖတ်သူ။ အမြဲတမ်း ကိစ္စတိုင်းအတွက်တော့ မမှန်နိုင်ဘူးပေါ့။

ဟုတ်တယ် ကိုညီရေ။ ကျွန်တော်က စာဖတ်သူတွေကို Message ပေးချင်တာ ဆိုတော့ ဒီဟာကို ဖိရေးမှ ဖြစ်မှလေ။ အဲဒါကြောင့် ဒီအဆိုကို ပျက်စေမယ့်ဟာတွေကို တမင်တကာ ချန်ခဲ့တာ။ လင်နဲ့ မယား ပွင့်ပွင့်လင်းလင်း ခင်ခင်မင်မင် ရှိရပါမယ်။ ဒါကတော့ လူတိုင်းသိနေတာမို့ Highlight လုပ်ချင်တာလေးကို စောင်းပေးပြီး ရေးလိုက်လို့ပါ။ အဓိက ပြောချင်တာတော့ အမြဲတမ်း Respect each other ဖြစ်နေစေချင်လို့ပါ။

အိမ်ထောင်သားမွေးမှ မဟုတ်ပါဘူး တီတီဂျစ်။ ကိုယ့်မောင်နှမတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေကြားမှာပါ ခင်မင် လေးစားမှုကို အမြဲတမ်း ထိန်းထားနိုင်အောင်ပါ။ အပေါ်မှာ ကိုညီကို ရှင်းပြသလိုမျိုး ဒီတစ်ချက်တည်းတော့ မဟုတ်ဘူးပေါ့ကွယ်။ တခြားအချက်လေးတွေလည်း ရှိပါသေးတယ်။ ဂျစ်က Underlying noting ဆိုတာကို သိတယ်ဆိုတော့ ထပ် မရှင်းတော့ပါဘူး။
ဝေတိုး - 8/13/08, 2:51 AM

တူတယ်ဗျို့။ respect ကို "လေးစား"လို့ ယူတဲ့လူတွေက respect each other ကိုအချင်းချင်းဘာလေးစားစရာလိုလဲပြောတယ်။ အလေးထား လို့နားလည်တဲ့ကျမတို့က အချင်းချင်းပေမယ့် respect နဲ့ဆက်ဆံတာတော့ ကြိုက်ကြတယ်။ကိုAndy ဥပမာပေးတဲ့ ထမင်းဖိတ်ကျွေးတာ၊ ဖော့ဝေဖန်တာ၊ အချိန်လေးစားတာ၊ တွေတကယ်က any relationshipကြားမှာတကယ်အရေးပါတာလက်တွေ့ပဲ။ ၁၀ခါမှာ ၁၀ခါလုံး သူဖိတ်လို့လာရတဲ့ တဖွဲ့လုံး ကိုယ်ဝယ်သွားတာနဲ့ ကိုယ့်ဘာသာချက်စားပြန်ရတဲ့ ဘော်ဘော်၊ asylum မခံ odd job မလုပ်ရင် ဒီမှာကျမတို့လမ်ဘေးရောက်မှာလို့ face to face သူပြောထွက်တာကိုယ်ကစိတ်မဆိုးရပဲ သူပြောသလိုမလုပ်လို့သူကဦးအောင်စိတ်ကောက်တဲ့အမဝမ်းကွဲ၊ မနက်၁၀နာရီလာမယ်ပြောပြီးည၁၂နာရီမှပေါက်ချလာတတ်တဲ့ အသိ တွေ ဒီPost ကိုဖတ်ဖြစ်အောင်ဘယ်လိုလုပ်ရပါ့။

bOASTER - 8/14/08, 12:00 AM

GOOD

ပီတိ - 8/14/08, 10:27 AM

မှတ်သားစရာပါပဲ။ ကိုယ်တိုင်ကျင့်သုံးလိုက်နာဖို့ကောင်းတဲ့ အချက်လေးပါ။ မျှဝေပေးတာ ကျေးဇူးပါ ကိုအန်ဒီ…

မေငြိမ်း - 8/14/08, 7:21 PM

ကိုအင်ဒီရေ.
ကိုယ်တိုင် အဲလိုသဘောထားတာကို ကြိုက်ပေမဲ့ အမြဲမလိုက်နာဖြစ်.. မေ့မေ့သွားတယ်ဟီးးး။ သူနဲ့ကိုယ် သိပ်ပြေလည်တယ်ဆိုတဲ့စိတ်နဲ့ပေါ့.. တခါတခါ ဆိုးမိတယ်။ ခု ဒီpost လေး ဖတ်ရတော့ သတိထားဖို့ သတိရသွားတယ်.. ကျေးဇူးတင်တယ်ဗျို့ ...

Andy Myint - 8/14/08, 9:59 PM
ဟုတ်တယ် မဝေတိုးရေ.. သူစိမ်းလို့သာ သဘောပြန်ထားလိုက်ပေါ့

Thanks, bOASTER. I think I know who you are :-)

အားပေးတာ ကျေးဇူး ကိုပီတိ

ဒီလိုနေဖို့ မလိုတော့လည်း ပိုလို့ကောင်းတာပေါ့ မမေငြိမ်းရယ်...
Nu Thwe - 8/29/08, 5:42 AM

ခုမှ ဖတ်မိတယ်။ သိပ်မှန်တာပဲ ကိုအင်ဒီ။ အရမ်းရင်းနှီးသွားတဲ့ လူတွေကြား အားနာမှု မရှိတော့ပဲ သည်းခံမှုကို အပိုင်တွက်တာ (taking it for granted) က တော်တော်လေး ပြဿနာ ပေးနိုင်ပါတယ်။ တဖက်သား အတော် ခံစားရစေတဲ့ အပြုအမူပါ။ ဆင်ခြင်ရမယ့်အထဲ ကျမလည်း ပါပါတယ်း) တွေးတတ်ရေးတတ်တဲ့ ကိုအင်ဒီကို ကျေးဇူးတင်ပါတယ်။

Andy Myint - 8/29/08, 9:24 AM
မှန်တယ် ညီမနုသွဲ့။ ခင်မင်မှုကို မသိလိုက်ဘဲ Exploit မလုပ်ဖို့ သတိထားရတယ်နော်။
Mhaw Sayar - 9/8/08, 5:36 PM

ဒီပို့စ်ကတော့ အကြိုက်ဆုံးတွေထဲက တစ်ခုပါပဲဗျာ. :)

ကျေးဇူးပါဗျို့.

Andy Myint - 9/8/08, 9:47 PM
ကျေးဇူးပြန်တင်လိုက်တယ် မှော်ဆရာ။
swezin - 11/25/08, 11:21 PM

very thoughtful! Thanks for sharing this.

zaw - 2/8/11, 12:52 AM

courtesy and respect is most important in family..
Thanks for your post

အိမ့်ချမ်းမြေ့ - 4/1/11, 11:58 AM

ဒီပိုစ် အရမ်းကြိုက်ပါတယ်။

Kay - 8/7/11, 10:38 PM

အရမ်းကိုကြိုက်သွားပါတယ်...

Anonymous - 11/2/12, 2:58 AM

အင်တာနက်ထဲ စာတွေလိုက်ရှာဖတ်ရင်း အလည်ရောက်ခဲ့ပါတယ်..
ပျော်ရွှင်ဖွယ် မိသားစုဘဝလေးမှာ အေးချမ်းသာယာခြင်းများစွာနဲ့
ဒီ Blog လေးအပါဝင် လေးစားအားကျစရာကောင်းတဲ့ Blog Post များစွာ..
မတူညီနိုင်သောဘဝနှစ်ခုကနေ တူညီနားလည်မှုတွေနဲ့  ဘဝတစ်ခုအဖြစ် တည်ဆောက်နိုင်တဲ့ စံပြမိသားစု ဘဝလေး ထာဝရသက်ဆုံးတိုင်ခိုင်မြဲပါစေ
လို့  ဆုတောင်းပေးရင်း အားပေးခဲ့ပါတယ် ရှင်

Kay Kay - 12/11/13, 7:19 PM

အစ်ကို့ Post လေးကို သဘောကျလို့ Share ခွင့် ပေးပါနော်...

Anonymous - 4/5/14, 7:32 PM

ကောင်းလိုက်တာ ကိုAndy ရေ ရေးတဲ့ပိုစ့်လေးတွေအားလုံးအရမ်းကောင်းပြီး အရမ်းကြိုက်ပါတယ် သူစိမ်းလိုလေးကို ကူးထားပြီး ချစ်သူကိုပြရဦးမယ် ကျွန်မကျင့်သုံးသလိုသူပါကျင့်အောင်ပါ

Post a Comment

Many thanks for dropping a comment…

Film


Files