Saturday, September 06, 2008

Software Development ဝေါဟာရများ - Epoch Time

အပ်ပေါ့ခ် လို့ အသံထွက်ပါတယ်။ ကွန်ပြူတာတွေမှာ အချိန် ရက်စွဲတွေ သိမ်းတဲ့ အခါ `၆ စက်တင်ဘာ ၂၀၀၈ ည ၁၀ နာရီ ၄၃ မိနစ် ၁၇ စက္ကန့်´ လို့ သိမ်းမည့်အစား ကိန်းဂဏန်း တစ်ခုအနေနဲ့ (ဥပမာ) `၁၂၂၀၇၀၄၉၉၇´ လို့ သိမ်းပါတယ်။ အဲဒီ ကိန်းဂဏန်းဟာ စက္ကန့် (သို့မဟုတ် မီလီ စက္ကန့်) အရေအတွက်ပါ။ အဲဒီလို သိမ်းဖို့ အတွက် အချိန် တစ်ခုကို သတ်မှတ်ပြီး အဲဒီ အချိန်ကနေ စပြီး စက္ကန့်ပေါင်း ဘယ်လောက် ရှိပြီ ဆိုတာကို ရေတွက်ပါတယ်။ ဥပမာ Unix ကွန်ပြူတာတွေမှာ ၁၉၇၀ ဇန်န၀ါရီလ ၁ ရက်နေ ညသန်းခေါင် လွဲပြီး အချိန်ကနေ စပြီး စက္ကန့် ဘယ်လောက် ရှိပြီ ဆိုတာကို ရေတွက်ပြီး ကိန်းဂဏန်း တစ်ခု အနေနဲ့ သိမ်းပါတယ်။ ကွန်ပြူတာတွေမှာ အဲဒီ တန်ဖိုးကို 32 bits ဂဏန်းနဲ့ သိမ်းပါတယ်။ ဘယ်လောက်ကြီးကြီး သိမ်းလို့ ရလဲ ဆိုတော့ ၂ - ၃၁ ထပ်ကိန်း (2 power 31) အထိ ထိ သိမ်းလို့ ရပါတယ်။ ရှေ့ဆုံး bit က (+/-) Sign အတွက်ပါ။

ကွန်ပြူတာ လောက အပြင် Epoch ကို တခြား နေရာတွေမှာ သုံးပါသေးတယ်။ Epoch ရဲ့ အဓိပ္ပါယ်တွေကတော့ (၁) သမိုင်း - ခေတ် တစ်ခေတ်၏ အစ။ (၂) နက္ခဗေဒ - Big Bang ပြီးတော့ စကြ၀ဠာ၏ ဖွံ့ဖြိုးမှု။ (၃) ဘူမိဗေဒ - ပညာမှာ သုံးသော Time Scale တစ်ခု (Eon > Era > Period > Epoch > Stage) Era တစ်ခုမှ Period တွေ တစ်ခုမက ရှိပြီး Period တစ်ခုမှာ Epoch တွေ တစ်ခုမက ရှိတယ် စသည် စသည် ဆိုချင်တာပါ။

Programmer တစ်ယောက်အနေနဲ့ ကိုယ်သုံးတဲ့ Programming Language မှာ Date Time တွေအတွက် Epoch Time ကို သိထားသင့်ပါတယ်။ Java၊ PHP နဲ့ JavaScript တို့က Unix ရဲ့ Epoch Time အတိုင်းပါ။ Java မှာ မီလီစက္ကန့် အရေအတွက်နဲ့ သိမ်းပါတယ်။ အဲဒါကြောင့် 64 bits ကိန်း ဖြစ်တဲ့ long - data type နဲ့ သိမ်းပါတယ်။ Microsoft က .Net Programming language တွေမှာလည်း အချိန်ကို 64 bits ကိန်းနဲ့ သိမ်းပေမယ့် သူ့ရဲ့ Epoch Time က ၁၂း၀၀ AM (၀၀:၀၀) ဇန်န၀ါရီလ ၁ ရက် ၀၀၀၁ ဖြစ်ပါတယ်။ သူက Ticks လို့ခေါ်တဲ့ 100 nano second အရေအတွက်နဲ့ သိမ်းပါတယ်။ ၁ စက္ကန့်မှာ ၁၀၀၀ မီလီ စက္ကန် ရှိပါတယ်။ ၁ မီလီ စက္ကန့်မှာ ၁၀၀၀ (Ticks/100 nsec) ရှိပါတယ်။ Windows မှာ File တွေ အတွက် Date Time က Epoch Time က ဇန်န၀ါရီ ၁ ၁၆၀၁ ကနေ စပြီး Ticks နဲ့ ရေတွက်ပြီး System Date Time ကတော့ .Net မှာလိုပါပဲ။ Apple က Mac အသစ်တွေ ကတော့ ဇန်န၀ါရီ ၁ ရက် ၂၀၀၁ ကနေစပြီး Mac အဟောင်းတွေကတော့ ဇန်န၀ါရီ ၁ ၂၀၀၁ ကနေစပြီး စက္ကန့်တွေကို ရေတွက်ပါတယ်။

UNIX ကွန်ပြူတာတွေမှာ 32 bits ကိန်းနဲ့ ၁၉၇၀ ကနေ စပြီး စက္ကန့် အရေအတွက်တွေ သိမ်းထားတဲ့ အတွက် ၂၀၃၈ ဇန်န၀ါရီလ ၁၈ ရက်နေ့အထိပဲ အကြီးဆုံး သိမ်းလို့ ရပါတယ်။ အဲဒီကျရင် Y2K လိုမျိုး နောက်ထပ် ပြဿနာ ကြုံနိုင်ပါသေးတယ်။

စကားချပ်။ ။ Programming မှာ အချိန် ရက်စွဲတွေ အကြောင်း ပြောမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးတောင် ပါပဲ။ Time Zone တွေ Format တွေ၊ စံတွေ စနစ်တွေ ဒေသတွေ စတာတွေကို ထည့်သွင်း စဉ်းစားရပါမည်။ Program တစ်ပုဒ်မှာ အချိန်တွက်တာ သိမ်းရတာ ပါရင် အလွန် ဂရုထားရင်တောင် ထည့်သွင်း မစဉ်းစားမိတာတွေ ပါလို့ နောက်ကြာမှာ မှားနေကြောင်း သိရနိုင်ပါတယ်။ ဥပမာ ရာသီပြောင်းပြီးမှ Day light saving ကြောင့်တို့၊ ဒီ Program ကို တခြား ဒေသ မှာ သုံးလို့ မရတာတို့၊ ခုနှစ်ကို နောက်ဆုံး နှစ်လုံးပဲ သိမ်းလို့ (၂၀၀၀ အတွက်) 00 က (၁၉၉၈ အတွက်) 98 ထက် ငယ်နေတာမျိုးတွေ၊ System (Server) က Time Zone တစ်နေရာမှာ User က Time Zone တစ်နေရာမှာ ဖြစ်နေတာတို့ စသည် စသည် ပြဿနာမျိုးစုံ ကြုံရနိုင်ပါတယ်။ အဲဒါကြောင့် စနစ်တစ်ခုအတွက် Program ရေးတဲ့ အခါ အချိန် ရက်စွဲတွေ ပါလာပြီဆို ပေါ့ပေါ့တန်တန် မလုပ်မိလိုက်ဖို့ အရေးကြီးပါတယ်။

10 comments:

Anonymous - 9/7/08, 8:29 AM

GPS epoch and UNIX epoch are different.

Andy Myint - 9/8/08, 9:41 PM
Thanks for adding on, Reader.. :)
Anonymous - 9/14/08, 10:17 PM

ဒါဆို Datetime ကို ဘယ်လိုသိမ်းသင့်လဲဗျ.....
.Net မှာ Datetime format နဲ့ပဲသိမ်းသင့်တာလား.....

Andy Myint - 9/15/08, 5:12 PM
ကျွန်တော်တို့ကတော့ Standard အနေနဲ့ UTC နဲ့ သိမ်းပြီး Presentation Layer မှာ Time Zone ပြန်ပြောင်းပါတယ်။ Database ထဲမှာတော့ DB က Support လုပ်တဲ့ Date Time နဲ့ပဲ သိမ်းပါတယ်။ System တစ်ခုနဲ့ တစ်ခု Data Exchange လုပ်တဲ့ အချိန်မှာတော့ Text အနေနဲ့ လုပ်ပါတယ်။
Anonymous - 9/17/08, 9:41 PM

ဒီလိုဗျ။
အဲ့ဒီ အပ်ပေါ့ခ် DateTime ကို Sql Query or Store Procedure ထဲမှာ DateTime ဘယ်လိုပြန်ပြောင်းလို့ရမလဲဆိုတာသိချင်တာပါ။
ခုဟာက အဲ့ဒါကို မသိလို့ Application ထဲကနေ MinValue.Ticks, MaxValue.Ticks နဲ့ပြောင်းနေရတယ်။
"128575872000000000" ဒီလိုကို "11/06/2008 00:00:00" ဟောဒီလိုဖြစ်အောင် Database level ကနေပဲ ဘယ်လိုပြောင်းရမယ်ဆို သိရင်ပြောပြပါခင်ဗျာ။
Microsoft platform ပါ။

Anonymous - 9/17/08, 9:56 PM

ကျန်သွားလို့ အကို။
အပေါ်က တစ်ယောက်မေးထားသလိုပဲ .NET မှာဆို datetime format နဲ့ပဲသိမ်းသင့်တာလား။
timestamp လိုဟာမျိုးနဲ့ သိမ်းတာလား။ ပြောပြပါဦး အကို အဲ့ဒီ UTC နဲ့ သိမ်းတယ်ဆိုတဲ့အကြောင်းလေး..အကျယ်တ၀င့်။

Anonymous - 9/18/08, 4:39 PM

Database layer မှာ convert လုပ်ကြည့်တာ
presentation layer မှာပြတာထက်
တရက်နောက်ကျနေတယ်အကို။
ဥပမာ။ 2008-09-02 07:09:55.000 ဒါက SP ထဲမှာ ပြောင်းလို့ရတဲ့ value ဖြစ်ပြီး၊ 2008-09-03 00:00:00 က မူရင်းတန်ဖိုးကို code ထဲကနေ FromFileTime နဲ့ပြောင်းလို့ရတဲ့ value ဖြစ်နေပါတယ်။

နောက်လည်း ဒါမျိုးတွေ ရေးပေးပါဦးအကို။

Andy Myint - 9/18/08, 8:51 PM
.Net တော့ မေ့ကုန်ပြီ ခင်ဗျ။ Java မှာတော့ Hibernate နဲ့သုံးတော့ သူ့ဘာသူ သိမ်းသွားပေးတာပဲ။

မူရင်း အချိန်ကို UTC ပြောင်းသိမ်းပြီး ပြန်ပြတော့ မူရင်း အချိန် ပြန်ပြောင်းတာလား။
Anonymous - 9/18/08, 11:51 PM

အင်း ဟုတ်တယ်။ ဒါပေမယ့် အကိုမေးတာ ကျနော်သိပ်မရှင်းဘူးဗျ။
အပေါ်က ကျနော်ပြောထားတဲ့ value "128575872000000000" က UTC ဖြစ်ဖို့များပါတယ်။
ဒင်းကြောင့် second ပြန်ပြောင်းတာတောင် ရွာလည်သွားတယ်။
1Second=1000000000Nano ကိုး။ UTC ကနေပြန်ပြောင်းမယ်ဆို 1,000,000,000/100 ဗျာ။
အဲ့ဒီတော့ divide လုပ်ရမယ့် ဟာက 10,000,000 နဲ့။ အဲ့ဂလိုဗျာ။
ပြီးမှ Unix base 1970 နဲ့ ActiveDirectory က base ထားတဲ့ 1601 ကိုခြားနားပြီး တစ်နှစ်မှာ 365.xxx နဲ့ မြှောက်
ပြီးရင် 86400(တစ်နေ့မှာရှိတဲ့ စက္ကန့်ပေါင်းနဲ့) မြှောက်။

အဲ့သဟာဆို epoch time ကိုပြန်ရတယ်။ပြီးရင်ပြောင်းလို့ရပြီ။
ဒါပေမယ့် အပေါ်က ကျနော်မေးထားသလိုပဲ နည်းနည်းနောက်ကျနေတယ်။
ဥပမာ။ ဒီနေ့ 18-09-2008 23:59:59 ဆိုရင် 19-09-2008 00:00:00 လို့ယူသလိုပေါ့။

မှားရင် ပြင်ပေးပါအစ်ကိုရေ။
ကျနော်လည်း ကိုယ့်ကိုကိုယ်ကျေနပ်လောက်အောင် မရှင်းသေးပါဘူး။

Tina Kyi - 2/26/10, 7:31 PM

left(Xn,count numbers)
function to calculate the current time is =((Xn-(4.73*3600))/86400)+25093 ( For SG use only )

Post a Comment

Many thanks for dropping a comment…

Film


Files