Saturday, September 27, 2008

ကျွန်တော်တို့ရဲ့ ပထမဆုံးများ

မောင်တိန်က ပထမဆုံးတွေ ရေးပေးပါဆိုပြီး Tag Game ဆော့လာလို့ ရေးရဦးမယ်။ တကယ်တော့ ကျွန်တော်က Tag တာကို ကြိုက်တော့ ကြိုက်တယ် လိုက်တော့ မလိုက်နိုင်ဘူး ဆိုသလို ဖြစ်နေတယ်။ ကြိုက်တယ်ဆိုတာက ကိုယ့်ကို Tag လာတယ်ဆိုတာ ကိုယ့်ကို အလေးထား ခင်မင်လို့ တခုတ်တရ ရှိတာကြောင့်ပါ။ မလိုက်နိုင်ဘူးဆိုတာ ကိုယ်က စာရေးတယ် ဆိုပေမယ့် ကိုယ့်ဖီလင်လေးနဲ့ကိုယ်မို့ ရေးထွက်တာ။ ကိုယ် တွေ့ကြုံနေရတာလေးကို အသာလေး ချရေးလိုက်ရုံပဲ။ `တက်´တဲ့ အခါကျတော့ ခေါင်းစဉ်တပ်ပြီး `တက်´တာဆိုတော့ အတော့်ကိုရေးဖို့ ခက်သွားပြီ။ ဘလော့ကိုက `ကျွန်တော် ကျွန်မတို့သည်´ ဆိုတော့ ကျွန်တော့် အကြောင်းပဲ ရေးရင် စိတ်ဝင်စားဖို့ ကောင်းမှာမဟုတ်တော့ သူမအကြောင်းရော ကျွန်တော့် အကြောင်းပါ ရေးလိုက်မယ်။ ဘာရေးရမှန်း မသိတော့ သူများတွေ ရေးထားတဲ့ ပထမဆုံးတွေပဲ လိုက်ရေးလိုက်မယ်။

ကျွန်တော့်ရဲ့ ပထမဆုံးကျောင်းကတော့ ရပ်ကွက်ထဲက မူလတန်းကျောင်းပါ။ အ.မ.က (၇) ကမာရွတ်ပါ။ ကျောင်းလေးက အတော့်ကို စုတ်ပြတ်ပါတယ်။ နှစ်ထပ်ကျောင်းဆောင် ဆိုပေမယ့် အောက်ထပ်မှာက လူတရပ် သာသာပဲ အုတ်ညှပ်ပြီး သစ်ကာထားတာပါ။ အများကြီး မှတ်မှတ်ရရ မရှိပေမယ့် ကျောင်းစောင့်ကြီးရဲ့ မိန်းမက ကျောင်း မုန့်စားတန်းအတွက် အကြော်တို့ ဂွေးသီး၊ သရက်သီးတို့ ရောင်းတာတော့ မှတ်မိပါတယ်။ အဲဒီကတည်းက စာပြိုင်ဖက် သူငယ်ချင်းရှိခဲ့ပြီး သူနာမည်က ရေးတေးတေးပါပဲ။ ထက်ထက်ထွန်းလား ထိုက်ထိုက်ထွန်းလားမသိ `ထ´ဆင်ထူး ၃လုံးဆိုတာတော့ မှတ်မိပါတယ်။ အဲဒီမှာပဲ ဆုရပါတယ်။ ဒုတိယပါ။ အဲဒီ `ထ´ ၃လုံးက ပထမပါ။ သူငယ်တန်း တစ်နှစ်ပဲ နေပြီး စိန့်ဖလိုးကို ပြောင်းလိုက်ပါတယ်။

သူမရဲ့ ပထမဆုံးကျောင်းကတော့ ပင်ငို အ.မ.က ပါ။ ပင်ငိုဆိုတာ တောင်ကြီးမြို့ အရှေ့ဖက် ၆မိုင်လောက်ဝေးတဲ့ ရွာက ကျောင်းပါ။ ကျောင်းအုပ်ကြီးက သူမရဲ့ အဖေဖြစ်ပြီး ဒုကျောင်းအုပ်ကတော့ အမေပါ။ သူမရဲ့ အတန်းပိုင်က သူ့အမေရဲ့ တပည့်ဖြစ်ပြီး ငယ်ငယ်ကတည်းက သူမကို ထိန်းလာတာ ဆိုတော့ သူမ နိုင်တဲ့သူပါ။ အဲဒီ ပထမဆုံး ဆရာမကတော့ ဒေါ်ခင်အုန်းတဲ့။ တစ်နေ့ ဆရာမက စကား နားမထောင်လို့ ရိုက်မယ်ဆိုပြီး ရွယ်လိုက်တာကို ဆရာမ လက်ထဲက တုတ်ကို ဆွဲပြီး ဆရာမကို ပြန်ရိုက်ပါလေရော။ အဲဒါနဲ့ပဲ တစ်နှစ်တည်းမှာပဲ အဲဒီကျောင်းကနေ ထုတ်ပြီး အဘွားရှိရာ ညောင်ရွှေက တခြားကျောင်းကို ပို့လိုက်ပါလေရော။

ပင်ငိုကျောင်းတုန်းက ပအိုဝ်တွေ ဆိုတော့ သူမက ပအိုဝ်လိုလည်း မပြောတတ်တော့ သူငယ်ချင်း မရလိုက်ဘဲ ညောင်ရွှေကျောင်းရောက်မှ သူငယ်ချင်းတွေ ရလာပါတယ်။ ညောင်ရွှေ အလက (၁) ရောက်မှ `နောင်းနောင်းစိုး´ဆိုတဲ့ ပထမဆုံး သူငယ်ချင်း တစ်ယောက်ရခဲ့ပါတယ်။ အဘွား သူငယ်ချင်းရဲ့ မြေးမို့ မိတ်ဆက်ပေးရာက ခင်သွားတာပါ။ ညောင်ရွှေကျောင်းမှာပဲ သူငယ်တန်းမှာ ပထမဆုရခဲ့ပါတယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံး အတွက် ပထမဆုံး ဖတ်ဖြစ်တာကတော့ ရွှေသွေး၊ တေဇနဲ့ တို့ကျောင်းသားပါ။ ကျွန်တော်တို့ အိမ်မှာ ငယ်ငယ်ကတည်းက ၀ယ်ထားတဲ့ ရွှေသွေးတွေကို ကျွန်တော်က စုထားပြီး တစ်နှစ် တစ်နှစ်စာ စုချုပ်ထားပါတယ်။ မမှီလိုက်တဲ့ ရွှေသွေးတွေကိုလည်း စာပေဗိမ္မာန်ကနေ ရောင်းတော့ သွားတန်းစီပြီး (အလယ်တန်း) ကျောင်းသားကတ် ပြပြီး ပြန်ဝယ်ထားပါတယ်။ အဲဒီတုန်းက မှောင်ခိုတွေ ရှိလို့ အဲဒီလို ၀ယ်ရတာပါ။ ကျွန်တော် နိုင်ငံခြားမှာ အခြေချ နေတော့မယ်ဆိုမှ အိမ်က အဲဒီ ရွှေသွေးပေါင်းချုပ်တွေကို စာကြည့်တိုက်သွားလှူလိုက်တာပါ။ စာကြည့်တိုက်ကလူတွေကတော့ ရွှေသွေးတွေကို တနေရာတည်းမှာ အဲဒီလို တပေါင်းတစည်းတည်း တခါမှ မတွေ့ဖူးဘူးတဲ့။ ရွှေသွေး အပြင် စွဲစွဲမြဲမြဲ ဖတ်ဖြစ်တာ နိုင်ငံတကာရေးရာ ဂျာနယ်ပါ။ မဆလ ခေတ်မှာ အကြိုက်ဆုံး ဂျာနယ်ပါ။ သူမ ဖတ်ဖြစ်တဲ့ ဂျာနယ်ကတော့ American Mosiac ပါ။ တောင်ကြီးမှာ ကြီးပြင်းလာပေမယ့် အဲဒီစာစောင်တွေက ဖတ်ဖြစ်လိုက်ပါတယ်။

ကျွန်တော် စဖတ်တဲ့ ကာတွန်းကတော့ `ဒီလုံး´ပါ။ သူမ ပထမဆုံး ဖတ်တဲ့ ရုပ်ပြကတော့ ရာမပါ။ သူမရော ကျွန်တော်ရော စဖတ်တဲ့ ၀တ္ထုကတော့ သိုင်းဝတ္ထုပါ။ သူမရဲ့ အစ်ကိုက ပေးမဖတ်တဲ့ ကြားကနေ ခိုးဖတ်လာတာပါ။ ကျွန်တော် ပထမဆုံး ဖတ်တဲ့ စာကြီး ပေကြီးကတော့ `သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ´ပါ။ ၇တန်းလောက်က အဘိုးဆီမှာ ဖတ်ရတာပါ။ စာအုပ်အနီကြီး ၂ အုပ်လား ၃ အုပ်လားရယ်ပဲ မှတ်မိပါတယ်။ ပြီးအောင် မဖတ်ဖြစ်ပါဘူး။ သူမ ဖတ်ဖြစ်တာကတော့ ရန်ကုန် တက္ကသိုလ် ရွှေရတု အမှတ်တရ ထုတ်ထားတဲ့ စာပေါင်းချုပ်ပါ။ ပထမဆုံး သူမ ဖတ်ဖူးတဲ့ ဘာသာပြန်ကတော့ လင်းဘတ်အကြောင်းပါ။ အစ်ကို ငှားလာတာကို ဖတ်ဖြစ်တာတဲ့။ ကျွန်တော် ပထမဆုံး ဖတ်ဖြစ်တဲ့ ဘာသာပြန်ကတော့ ၀တ္ထုပါ။ အမေရိကန် သမ္မတကို (လားမသိ) လုပ်ကြံဖို့ မိုးပျံပူပေါင်းတွေထဲမှာ အဆိပ်ငွေ့တွေ ထည့်ထားတဲ့ အကြောင်းပါ။ အမေငှားထာတဲ့ဆီက ယူဖတ်တာပါ။

သူမရဲ့ပထမဆုံး သီချင်းခွေကတော့ ယင်းမာက Love Song Volume (2) ပါ။ ၈တန်းမှာ ၅ ဘာသာဂုဏ်ထူးထွက်လို့ ဘာဆုယူမလဲဆိုတော့ ကက်ဆက်ကိုတောင်းလိုက်ပါတယ်။ အိမ်မှာလည်း ပထမဆုံး ကက်ဆက်ပါပဲ။ အဲဒီ ကက်ဆက်ဝယ်ပြီးတော့ အဲဒီ သီချင်းခွေကို ၀ယ်လိုက်တာတဲ့။ ပထမဆုံး (နဲ့ နောက်ဆုံး) စင်ပေါ်တက်ဆိုတဲ့ သီချင်းကတော့ I'm in love for the very first time. တဲ့။ ကွန်ပြူတာ တက္ကသိုလ် ပထမနှစ်မှာ ပြည်ဆောင် ညစာစားပွဲ မှာ ဆိုတာတဲ့။ (အဲဒီ ဓါတ်ပုံကို ကျွန်တော်က ထည့်မယ်ဆိုတာကို မထည့်ပါနဲ့ အတင်းဆွဲနေလို့ မထည့်တော့ဘူး ဟီးဟီး) ကျွန်တော့် အတွက်တော့ မမှတ်မိပါဘူး။ အမေက စိုင်းထီးဆိုင် ကြိုက်လို့ ငယ်ငယ်ကတည်းက သူ့သီချင်းတွေနဲ့ ကြီးပြင်းလာရတာတော့ မှတ်မိပါတယ်။

ကျွန်တော် ပထမဆုံးရောက်တဲ့ အခြားမြို့ကတော့ ဘယ်ဟာက အရင်လည်း မမှတ်မိပါဘူး။ ဟင်္သာတလား တိုက်ကြီးလားမသိဘူး။ အဘိုးအဘွားတွေက ဟင်္သာတဇာတိဆိုတော့ လိုက်သွားတာ။ လယ်ကွင်းတွေနဲ့ တကယ့်ရွာ အတွေ့အကြုံတွေကို ရခဲ့တာပါ။ တိုက်ကြီးကတော့ နွေကျောင်းပိတ်ရက် ၁လ ၂လလောက်သွားတာပါ။ သူမ ပထမဆုံးရောက်တာက တောင်ကြီးမြို့ပါ။ ညောင်ရွှေနဲ့ ပင်ငိုရွာ သွားရင် တောင်ကြီးကို ဖြတ်သွားရပြီး တောင်ကြီးမြို့မှာ ဈေးတွေ ဘာတွေ ၀ယ်တာပါ။ အဲဒီတုန်းက `မီလာရှီကာ စိုင်းဗေဒါ´ ရုံတင်နေတဲ့ အချိန်တဲ့။

ကျွန်တော်ရော သူမရော ပထမဆုံးသွားတဲ့ နိုင်ငံကတော့ အမေရိကားပါ။ အလုပ်ကနေ လွှတ်လို့ သွားဖြစ်သွားတာပါ။ လေယဉ်ပျံကို နာရီ ၂၀ လောက် စီးသွားရပြီး ကျွန်တော့် အတွက်တော့ ပထမဆုံး လေကြောင်း ခရီးပါ။ လေယဉ်ကလည်း မူး အင်္ဂလိပ်စကားကိုလည်း ကောင်းကောင်း နားမလည်ပါ။ မှတ်မှတ်ရရ လေယဉ်ပေါ်မှာ Apple Juice ပေးတာကို (ကျွန်တော် တောင်းထားတဲ့) Whisky ထင်ပြီး သောက်ကာ မူးနေလိုက်တယ်ဆိုတာ။ Apple Juice က အချိုလည်း ပြင်းပြီး အရောင်ကလည်း တူတယ်လေ။ သူမရဲ့ ပထမဆုံး လေယဉ်ခရီးကတော့ ဟဲဟိုး-ရန်ကုန် ခရီးပါ။ ကျွန်တော် အမေရိကားကို ရောက်တော့ မှတ်မှတ်ရရ Limousine စီးရတာပါ။ လင်ကွန်း ဇိမ်ခံကားကို ပထမဆုံး စီးဖူးတာပါ။ နေရတဲ့ မြို့က စည်စည်ကားကားမဟုတ်ဘဲ ကောင်းဘွိုင်ကားတွေထဲကလို မြို့အဟောင်း အသေးလေးတွေဆိုတော့ အတော့်ကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ဖီလင် ခံစားလိုက်ရပါတယ်။ သူမအတွက်တော့ ရောက်ရောက်ချင်းမှာ အိမ်က တစ်အိမ်လုံး ကော်ဇော ခင်းထားတာ တွေ့လိုက်ရတာ မှတ်မှတ်ရရပါပဲ။ အဝေးပြေးလမ်းတွေ၊ ကုန်အောင် မစားနိုင်တဲ့ ဘာဂါတွေ၊ ကိုယ့်ထက် အဆများစွာ ကြီးနေတဲ့ လူသားတွေ ပထမဆုံးအကြိမ် တွေ့လိုက်ရပါတယ်တဲ့။

ကျွန်တော်ရော သူမရော ပထမဆုံး လုပ်တဲ့ (လခစား) အလုပ်က အတူတူပါပဲ။ အဲဒီ ကုမ္ပဏီကို ကျွန်တော်က နည်းနည်းလေး (၂ လ) စောပြီး ရောက်ပါတယ်။ ပထမဆုံး အလုပ်မှာပဲ တော်တော်ကို အမောင်း ခံလိုက်ရပါတယ်။ ဒါပေမယ့် အမေရိကားမှာ ၂ နှစ်ကျော်ကျော် လုပ်လိုက်ရပြီး တာထွက်ကောင်းခဲ့တဲ့ အတွက် ဘ၀မှာ အတော့်ကို အဆင်ပြေပါတယ်။ အဲဒီ အလုပ်က သူမရဲ့ ပထမဆုံး အလုပ် အင်တာဗျူးပါ။ ကျွန်တော်ကတော့ အဲဒီ အရင် တစ်ခု ရှိခဲ့ဖူးပါတယ်။

သူမ ပထမဆုံး ၀င်ဖူးတဲ့ တရားစခန်းကတော့ ၇မိုင် (လား ၈မိုင်လား) က `သဓမ္မ ရံသီ´ (စာလုံးပေါင်း မသေချာ) ၈မိုင်က သဒ္ဓမ္မရံသီ ပါ။ သင်္ကြန်တွင်း ၁၀ ရက် တရားစခန်းပါ။ သူ့ဦးလေးက `ဘာ... သတ္တမ ရန်သူ လား´ ဆိုပြီးတော့ မေးဖူးတယ်တဲ့။ မနက်အစောကြီး ထရပြီး အရမ်း ပင်ပန်းတယ်တဲ့။ ဒါပေမယ့် ထိုင်ပြီး ခဏနေတော့ စိတ်က ကြည်လင်လာပြီး တရား ရှုမှတ်လို့ ကောင်းလာပါတယ်တဲ့။ ဆရာတော် ဟောပြတဲ့ တရားတွေကနေ သံသရာ အကြောင်း၊ ၀ိပဿနာ တရား အဆင့်ဆင့် ရှုမှတ်ပုံတွေကို ပထမဆုံး သိလာပါတယ်။ ကျွန်တော် ပထမဆုံး ၀င်ဖူးတာကတော့ ရွှေတောင်ကုန်းက ပဏ္ဍိတာရာမ မှာပါ။ ရဟန်းခံတုန်းကပါ။ မနက်အစောကြီး ထရပြီး ဆန်ပြုတ်သောက်ရတာရယ် တရားမှတ်တဲ့ အချိန် ဘုရားခန်းထဲမှာ အိပ်ငိုက်တာရယ်ပဲ မှတ်မိတော့တယ်။

သူမရဲ့ ပထမဆုံးရည်းစားနဲ့ ချစ်သူကတော့ Who else? ကျွန်တော်ပါပဲ။ ညှင်းညှင်း ညှင်းညှင်း။ ကျွန်တော်အတွက်လည်း သူမက ပထမဆုံး ပြန်ချစ်သူနဲ့ ပထမဆုံး နှုတ်ကနေ ချစ်တယ် ပြောဖူးသူပါ။ တကယ်တော့လည်း ပထမဆုံး ရည်းစားနဲ့ ချစ်သူပါပဲ။

ကျွန်တော် ပထမဆုံး အရက်သောက်ဖူးတာ ဘယ်တုန်းကလည်း မမှတ်မိသလောက် ဖြစ်ပေမယ့် သေချာတာကတော့ သောက်တဲ့ အရက်ကတော့ Army Rum ပါပဲ။ အတော်ငယ်ပါသေးတယ်။ တရုတ် နှစ်ကူးမှာ ဦးလေးတွေဆီက ကပ်သောက်တာပါ။ သူမ ပထမဆုံး သောက်ဖူးတာလည်း တရုတ် နှစ်ကူးမှာပါပဲ။ အရက်တော့ မဟုတ်ပါဘူး ဘီယာပါ။ သူမကတော့ ဆေးလိပ် တစ်ခါမှ မသောက်ဖူးပါဘူး။ ကျွန်တော် စသောက်တာ ၁၀ တန်းအောင်ပြီးတော့ပါ။ စသောက်တုန်းက ဆေးလိပ်ဆိုတာ ရှူသွင်းရမှန်းမသိဘဲ ဆပ်ပြာပူပေါင်း မှုတ်သလို မှုတ်ထုတ်လို့ သူငယ်ချင်းတွေက ၀ိုင်းရယ်ကြသေးတယ်။ No1 လား Lucky Strike လား မမှတ်မိတော့ဘူး။

(သူများတွေ ရေးကြလို့ လိုက်ရေးလိုက်ဦးမယ်) ကျွန်တော် ပထမဆုံး ပစ်ဖူးတဲ့ သေနတ်ကတော့ M16 ပါ ။ ဗီယက်နမ်က စက်ပစ်ကွင်းမှာ အပျော် ပစ်တာပါ။ ပထမဆုံးကိုင်ဖူးတဲ့ သေနတ်ကတော့ ပစ္စတိုပါ။ ငယ်ငယ်တုန်းက အဘိုးဆီမှာ ကိုင်ဖူးတာပါ။ ဖြုတ်ကြည့် တပ်ကြည့်ဖူးပါတယ်။

ပထမဆုံး ရေးဖူးတဲ့ Blog Post ကတော့ Google Document အကြောင်းပါ။ ၂၀၀၆ ဇွန်တုန်းကပါ။ ပထမဆုံး လည်တဲ့ ဘလော့က Engadget။ သူမ ပထမဆုံး ရေးတဲ့ Blog Post ကတော့ TGI - Taunggyi ပါ။ သူမ ပထမဆုံး လည်တဲ့ ဘလော့ကတော့ ညီလင်းဆက်ရဲ့ ဘလော့ပါ။

ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပထမဆုံးတွေ အများကြီး ကျန်ပါသေးတယ်။ အဲ့ဒါတွေကတော့ ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ......

စရေးတုန်းကတော့ မရေးချင်ဘူး။ အခုတော့ မနည်းကို ဖြတ်ယူရတယ်။ ပြောလို့ ပြောတာ မဟုတ်ဘူး။ အခုမှပဲ ကျွန်တော်တို့ လင်မယားလည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုသိသွားတယ်။ ကိုယ်ရေးရတာနဲ့ တန်အောင် သူများတွေကိုပါ ဒွတ်ခ ပေးလိုက်ဦးမယ် ... အဲ.. ယောင်လို့.... `တက်´လိုက်ဦးမယ်။ သူတို့ကို `တက်´ လိုက်ပါတယ်။
ကိုစော - ပထမ ဆုံး များ
TZA - ♠ The Butterfly Effect
အလင်းညီ - The first images
မခင်ဦးမေ - First thing in my life
မနုသွဲ့ - Tag Game



24 comments:

khin oo may - 9/28/08, 12:04 AM

မြတ်စွာဘရား ။ကြားသားမိုးကြိုး။

khin oo may - 9/28/08, 12:05 AM

Scratch my head

imaginary clouds no 2 - 9/28/08, 12:21 AM

အန်ဒီရေ ဖတ်သွားတယ်ဗျို့ ။ ခင်ခင်မင်မင်နဲ့ရေးပေးတာကျေးဇူးပါဗျ။ ကျနော်နည်းနည်းဝင်ရှည်ဦးမယ်ဗျာ ။ ကျနော်ဖတ်တဲ့ ကြိုက်တဲ့ ကာတွန်းတွေထဲမှာ ဒီလုံး ပါတယ်ဗျ ။ မောင်တီထွင် ။ ' ငတက်ဖျား' ။ (အဲသလိုစာလုံးပေါင်းမယ်လို့ထင်တာပဲ ) ။ သူပုံတွေက သိပ်မိုက်တယ် ။ အိမ်မှာသိမ်းထားတာ တစ်အုပ်၊ နှစ်အုပ်ရှိဦးမယ်ထင်တယ် ။ နောက် အကြိုက်တစ်ခုက အရိုင်း ။ ဆရာသော်က အရင်ရေးတဲ့ အရိုင်း ။ ကျနော်သိပ်ကြိုက်တယ် ။ ရေအောက်မှာ မိချောင်းနဲ့ သတ်တာတို့ ။ အခုထိမှတ်မိတာကတော့ ၊ရေငုတ်တာတို့ ၊ ရေ ငုတ်ဖို့ ပြင်ဆင်ကြတာတွေပါ။ အရိုင်းစာအုပ်တွေပြန်တွေ့ရင် ကျနော်ဘလော့ပေါ် တင်ချင်သေးတယ်။(မပန်ဒိုရာ စတိုင်နဲ့ပြောရရင်တော့ ကာတွန်းလောကကို ပြန်သွားချင်မိတယ် ငှက် ငှက် ငှက်---)

nu-san - 9/28/08, 12:51 AM

Andy တို့ရဲ့ ပထမဆုံးတွေကို လာဖတ်သွားတယ်..အတော်လေးမှတ်မိတာပဲ.. အမကတော့ ငယ်ငယ်တုန်းက ရွှေသွေး၊ မိုးသောက်ပန်း၊တေဇ တွေ ဖတ်ဖူးတာ မှတ်မိပေမယ့် ဘာစာအုပ်ဆိုတာ သေချာ မသိတော့ဘူး။ သီချင်းတွေဆိုရင်လည်း အဲဒီလိုပဲ.. သူငယ်ချင်းနာမည်တွေလည်း မမှတ်မိ။ ကလေးတို့မေမေ သီချင်းဆိုတဲ့ပုံ ထည့်ပေးပါဗျို့.. :D

pandora - 9/28/08, 12:52 AM

မှတ်မှတ်ရရ လေယဉ်ပေါ်မှာ Apple Juice ပေးတာကို (ကျွန်တော် တောင်းထားတဲ့) Whisky ထင်ပြီး သောက်ကာ မူးနေလိုက်တယ်ဆိုတာ။

ဟဲဟဲ ဒါကို သဘောကျသွားတယ်။ ဆိုက်ကိုပေါ့လေ။

မောင်တိန်ရေ ကိုယ်လည်း ကာတွန်းလောကသားပါပဲ။ လောကပေါင်းစုံမှာ ကျင်လည်ခဲ့တာလေ။ အရိုင်းကာတွန်းစာအုပ်တွေ ရော တခြားကာတွန်းစာအုပ်တွေ အိမ်မှာ တချို့သိမ်းထားခဲ့သေးတယ်။ အခုတော့ နာဂစ်နဲ့အတူ...။

khin oo may - 9/28/08, 1:14 AM

တို့ကတော.ပြာလောင် အကြိုက်ဆုံးဘဲ. (မင်း ဘယ်သူ မှ မပြောနဲ. ငါ အားလုံး ကို ပြောပြီးပြီ ကတို့).။ (ဒီကောင် မလေးကို ကြည့်ရတာ ထရံ မှာ လောက်စာလုံး ကပ်ထားသလိုဘဲတိ)ု.

Nu Thwe - 9/28/08, 1:17 AM

ဘုရားရေ...ကိုယ့်အကြောင်းတွေ ပြောရတော့မှာပါကလား။
တခုတ်တရ တဂ်တာ ဆိုတော့လည်း ခက်သားနော်။ အားလည်းနာတယ်၊ ခင်လည်း ခင်တယ်။ ခဏလေး အချိန်ပေးပါ။ စဉ်းစားပြီး ရေးပါ့မယ်ရှင့်။

မိုးချိုသင်း - 9/28/08, 2:30 AM

ကို Andy တို့ နှစ်ယောက်အကြောင်းလေး ဖတ်ရတာ သဘောကျစရာပါ။
မဒမ်ကလဲ ခေသူမဟုတ်ပါလား၊ ဆရာမ တုတ်ကိုဆွဲပြီး ပြန်ရိုက်တယ် ဆိုတော့..။
ကို Andy ကလဲ Apple Juice ကို Whisky ထင်ပြီးသောက်ပြီး မူးတာ ရီလိုက်ရတာ။ လူရိုးကြီးပဲ :P

star - 9/28/08, 2:44 AM

ကျောင်းအုပ်ကြီးက သူမရဲ့ အဖေဖြစ်ပြီး ဒုကျောင်းအုပ်ကတော့ အမေပါ။ သူမရဲ့ အတန်းပိုင်က သူ့အမေရဲ့ တပည့်........... ဟုတ်နေတာပဲ..ဟားဟား..
အမေရိကန် သမ္မတကို (လားမသိ) လုပ်ကြံဖို့ မိုးပျံပူပေါင်းတွေထဲမှာ.... အဲဒီ စာကြောင်းကို သမ္မတနာမည်က "လားမသိ "ထင်နေတာ။ နှစ်ခါသုံးခါဖတ်မှ သြော်... ဖြစ်သွားတယ်။ ဖတ်လို့ကောင်းပါ့ရှင်

A Linn Nyi - 9/28/08, 3:42 AM

Andy တို့ရေးထားတာ..ဖတ်လို့ကောင်းတယ် လို့ တွေးနေတာ။ အောက်ဆုံးလဲရောက်ရော..တေပြီဆရာဖြစ်သွားတယ် :D

ကိုဇနိ - 9/28/08, 4:39 AM

ကိုအန်ဒီတို့ ရေးထားတဲ့ စတိုင်လေးမိုက်တယ်...
း)
တရားစခန်းမင်ဖူးသေးဘူး။

ရှင်မင်းညို - 9/28/08, 5:49 AM

သဒ္ဓမ္မရံသီ ရိပ်သာဖြစ်မယ် ကို Andy..

ဂျစ်တူး - gyit_tu - 9/28/08, 11:33 AM

ဟေး ဒီဝိုင်းစာအုပ် ဂျစ်လည်းကြိုက်တယ်ဗျို့  ။ ကိုမောင်တိန်ပြောတဲ့ မောင်တီထွင်လည်း ကြိုက်တာပဲ ။ ရွှေသွေး တေဇ မိုးသောက်ပန်းလည်း မလွှတ်တမ်းဖတ်ခဲ့တယ် ။ ရွှေသွေးပေါင်းချုပ် ခုတောင် ပြန်ဖတ်ချင်လာပြီ ။

အဟိ .. အမကလည်း မခေပါလား ။ ကျောင်းအုပ်က အဖေ ၊ ဒုကျောင်းအုပ်က အမေ ၊ ဆရာမက ငယ်၂တည်းက ထိန်းလာတဲ့သူ .. အဲဒီအဖြစ်အပျက်ကို သိပ်သဘောကျနေတယ် ။

Apple Juice သောက်ပြီး မူးတတ်တဲ့လူသားတယောက်ကို တွေ့ သွားပြီ ။ ဒါဆို hypnosis လုပ်လို့ရတာ မှန်နိုင်တယ် ။ ဆိုက်ကိုက အရေးကြီးတဲ့ သဘောပဲ ။

JulyDream - 9/28/08, 2:31 PM

ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပထမဆုံးတွေ အများကြီး ကျန်ပါသေးတယ်။ အဲ့ဒါတွေကတော့ ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ......

လို့ ရေးထားတော့... အဲဒါတွေက ဆက်လာအုံးမှာလား ခင်ဗျ။ မကြာခင် မျှော်ဆိုရင်တော့ မျှော်လိုက်ပါအုံးမယ် ခင်ဗျာ။

Kay - 9/28/08, 3:45 PM

အား-- အကုန်လုံး..ပထမ တွေ ပေါ် ကုန်ပြီပဲ။
သူမ ကိုတော့..သဘောကျ သွားပြီ..ကိုအန်ဒီလည်း..သတိထားနော်။ အဟဲ-

သက်ဝေ - 9/28/08, 4:12 PM

ကိုAndy တို့ ရဲ့  အများကြီးကျန်နေသေးတဲ့ ပထမဆုံးတွေ ဆက်ဖတ်ချင်ပါသေးတယ်...။

Andy Myint - 9/28/08, 5:55 PM
အလန့်ထညက်ပါလား မခင်ဦးမေရဲ့ အခုမှ တွေ့ဖူးတဲ့ သူတွေကျနေတာပဲ။ ရေးပေတော့ ပထမဆုံးများ

အရိုင်းရဲ့ ငယ်စဉ်ဘ၀ (သူ့ကို တောထဲမှာ ပစ်ထားပုံ၊ မျောက်ဝံမကြီးက ကျွေးမွေးပြုစုထားပုံ၊ အဲဒီ မျောက်ဝံမကြီးကို သူက ကျေးဇူးကန်းမိပြီ ဖမ်းဆီးပြီး လူတွေလက်ထဲ ထည့်လိုက်တဲ့ ကာတွန်းကတော့ အကြိုက်ဆုံးပဲ။) ကျွန်တော်ဆီမှာ ရှိဖူးတယ် မောင်တိန်

ဟီးဟီး သူမက ဆွဲနေလို့ မထည့်တော့ပါဘူး မနုစံရယ်။ ဟုတ်တယ် မိုးသောက်ပန်းလည်း ပါတယ်။ ဒါပေမယ့် စွဲစွဲမြဲမြဲ မဖတ်ဖြစ်ဘူး။ နောက်ပြီး သူက ၇ တန် ၈ တန်းလောက်မှ ဖတ်ဖြစ်တာ။

ဟုတ်တယ် မပန်။ Apple Juice လည်း အဲဒီမှ စသောက်ဖူးတာလေး။ Apple Juice မှန်းမသိဘဲ Whisky ထင်ပြီး ဇိမ်ပြေနပြေသောက်ပြီး တကယ်ကို မူးနေတာ။ နောက်တစ်ခေါက် ၁ လလောက် အကြာမှ Apple Juice ထပ်သောက်တော့မှ ဟင်.. ငါလေယဉ်ပေါ်မှာ သောက်လာတာ Whisky မဟုတ်ဘဲ Apple Juice တွေ ဖြစ်နေပါလားလို့ သိလိုက်ရတာ။ ဖြစ်ပုံက အဲလို။

ကိုယ်မပြောချင်တဲ့ ကိုယ့်အကြောင်းတွေပေါ့ မနုသွဲ့။ အေးဆေးရေးလေ။

ဟုတ်ပ မချိုသင်းရေ။ မဒမ်က စိတ်ကြီးတယ်နော်။ ငယ့်ငယ့်ကတည်းကပဲ။ ကျွန်တော်က လူရိုးကြီး မဟုတ်ပါဘူး အစ်မရယ်။ အစ်မ ထင်လို့ပါ။ ဟီးဟီး

ဟုတ်တယ် Star။ မြန်မာပြည် ပညာရေး လောကမှာ ရှားရှားပါးပါးပဲ။ လင်မယား ၂ ယောက်ကို ကျောင်းအုပ်နဲ့ ဒုကျောင်းအုပ် မခန့်ဘူး။ သူ့အဖေကို ယုံလို့ အဲဒီလို ခန့်ပေးထားတာတဲ့။ ဆရာမကို ပြန်ရိုက်တာလည်း မြန်မာပြည် ပညာရေး လောကမှာ ခပ်ရှားရှားပါပဲ ဟဲဟဲဟ

တေပြီ ဆရာ...ဟားဟား။ အလင်းညီ ရေးတာလည်း ဖတ်ချင်လို့ပါ။

တရားစခန်းဝင်ပြီး တရားပေါက်သွားရင် မဇနိကို ပစ်သွားမှာလား ကိုဇနိ

ကျေးဇူးတင်တယ် မရှင်မင်းညို။ ပြန်ပြင်လိုက်ပါပြီ။ မှားနေမှန်းတော့ သိတယ်။ အမှန်ကို မသိတာ. ဟီးဟီး

ရွှေသွေးပေါင်းချုပ်တွေကတော့ ကျွန်တော့် အတွက်တော့ တကယ့်ကို Collection ပါပဲ တီတီဂျစ်။ ဒါပေမယ့် နောက်ပိုင်း ရွှေသွေးတွေက အရင်က ဟာတွေလောက် ဖတ်လို့ မကောင်းတော့ဘူး။ Apple Juice သောက်ပြီး တကယ့်ကို မူးနေတာ။ ဒါတောင် အရက်သောက်သလို နည်းနည်း နည်းနည်း သောက်၊ ပြီးတော့ ရေပါ တောင်းသောက်လိုက်သေးတယ်။ ဟားဟား။ နောက်အတော်ကြာမှ လေယဉ်ပေါ်မှာ သောက်လာတာ Whisky တွေမဟုတ်မှန်း ပြန်သိတာ။

အဲဒါတွေက ဆင်ဆာ မိသွားလို့ JulyDream ဟီးဟီး

ဟုတ်တယ် မကေရေ။ ဘူးပေါ်သလိုကို ပေါ်ကုန်တာ။ ကျွန်တော်ဆို သူမကို ဘယ်တော့မှ တုတ်နဲ့ တောင် မရ္ဂွယ်ရဲဘူး။ ချစ်လွန်းလို့ ဆိုတာထက် သူ့ဆရာမလို ပြန်အဆော်ခံ ထိမှာ စိုးလို့ ဟီးဟီး။

ဟီးဟီး အဲဒါတွေက စာပေစိစစ်ရေးမှာ ကျန်ခဲ့တယ် မသက်ဝေရေ.. ခေတ်ကောင်းတဲ့ အခါကျရင် တင်လိုက်ပ့ါမယ်။
မွန် - 9/28/08, 6:58 PM

သူမရဲ့ ပထမဆုံးရည်းစားနဲ့ ချစ်သူကတော့ Who else? ကျွန်တော်ပါပဲ။ ညှင်းညှင်း ညှင်းညှင်း။
ကိုအန်ဒီရေးထားတာလေး ကြိုက်တယ်
ညှင်းညှင်းညှင်းညှင်း ကိုပြောတာ ဟိ

ရှင်မင်းညို - 9/29/08, 7:41 AM

ထပ်လျှာရည်လိုက်အုံးမယ် ကိုAndy ဟီးဟီး..
၈မိုင်မှာပါ...

ko - 10/1/08, 4:30 AM
This comment has been removed by the author.
Andy Myint - 10/1/08, 8:16 AM
မွန်....ညှင်းညှင်း...ညှင်း...

သူမက ကျေးဇူး တကယ်တင်တယ်တဲ့ မရှင်မင်းညို
တန်ခူး - 10/1/08, 12:00 PM

အားကျလိုက်တာ… သူနဲ့ ကျွန်တော်… သူနဲ့ ကျွန်တော်ဆိုတဲ့ နှစ်ယောက်ရဲ့ ပထမဆုံးလေးတွေကိုပေါ့… ဒီမှာတော့ တယောက်ထဲရေးရတာ ကိုအန်ဒီရေ… ဒါနဲ့ ကျွန်မနဲ့ စဖတ်တဲ့ ကာတွန်းစာအုပ်လေးချင်းတူတယ်… ရာမလေ…

Andy Myint - 10/3/08, 9:05 AM
ဟီးဟီး တစ်ယောက်တည်း အကြောင်းဆို စိတ်ဝင်စားဖို့ မကောင်းလို့ နှစ်ယောက်ပေါင်းရေးရတာပါ မတန်ခူးရယ်
Anonymous - 2/2/11, 5:58 PM

ကျွန်မဒုတိယရောက်ဖူးတဲ့ နိုင်ငံက အော်စီ သူဒုတိယ ရောက်ဖူးတဲ့ နိုင်ငံက မလေးရှား။ ပထမချင်းက တူလို. မရေးတော့ဘူး။ တတိယချင်း တူအောင်ကြိုးစားနေတယ်။ ဟိဟိ။

Post a Comment

Many thanks for dropping a comment…

Film


Files