Wednesday, September 03, 2008

IKEA

ကျွန်တော့်ကို ဖမ်းစားတဲ့ (Fascinating ဖြစ်တဲ့) အထဲမှာ ကုန်စုံဆိုင်တွေလည်း ပါပါတယ်။ ငယ်ငယ်တုန်းက လှည်းတန်းမှ ရတနာထွန်း စတိုးဟာ ကျွန်တော့်အတွက် အကြီးအကျယ်ဆုံးပါ။ နောက်တော့ ယုဇနတို့ ဘာတို့က နေရာယူလာပါတယ်။ နောက်တော့ Wal-Mart က ကျွန်တော့် အတွက် စိတ်ဝင်စားစရာ ဖြစ်စေခဲ့ပါတယ်။ Shopping မြို့တော် စင်္ကာပူမှာကျတော့ Orchard က ကုန်တိုက်တွေထက် စာရင် စိတ်ဝင်စားတဲ့ ကုန်စုံဆိုင် တစ်ခု ရှိခဲ့တယ်။ အဲဒါကတော့ IKEA ပါပဲ။

ဒီလို စိတ်ဝင်စားခဲ့ ရတာကလည်း IKEA ရဲ့ ကိုယ်ပိုင် တမူထူးတဲ့ ဟန်တွေ ကြောင့်ပါပဲ။ စီးပွားရေး အမြင် အရဆိုရင်တော့ သူရဲ့ Strategy ထဲ ကျွန်တော်တို့လို Customer တွေ လုံးလုံး ကျရောက် သွားရတာပါ။ နာမည်ကို စမြင်တော့ ဘယ်လို ခေါ်ရမယ် မှန်း မသိတာက စတာပါပဲ။ Iran တို့ Ian တို့လိုပဲ အီကီးယား ထွက်ရမလား Idea လိုပဲ အိုင်ကီးယား ထွက်ရမလား ဒါမှမဟုတ် အိုက်ကီးယား ထွက်ရမလား။ အီမထွက်ဘူး အိုင်(အိုင်း) ထွက်တယ် ဆိုပြန်တော့လည်း အိုင်ကီးယားရမလား အိုင်ကေးယားရမလား မသိခဲ့ပြန်ဘူး။ (စာဖတ်သူရော ဘယ်လို ထွက်ပါသလဲ)။ IKEA ဆိုတာကို စာလုံး အကြီးတွေနဲ့ ပေါင်းထားပြန်တော့ အတိုကောက်လို့ ထင်ခဲ့တယ်။ ဆွီဒင်က ဆိုတော့ E ကတော့ Europe ပေါ့။ တကယ်တော့ IKEA ဆိုတာ တည်ထောင်ခဲ့တဲ့ လူရဲ့ နာမည် Ingvar Kamprad ဆိုတာရယ်၊ သူကြီးပြင်းခဲ့တဲ့ Elmtaryd ဆိုတဲ့ ယာတောရယ်၊ သူနေထိုင်ရာ (လူဦးရေ ၂၀၀ သာသာ ရှိတဲ့) ဆွီဒင် တောင်ပိုင်းက Agunnaryd ဆိုတဲ့ ခရိုင်လေးကို ပေါင်းစပ်ပြီး IKEA လို့ ခေါ်ခဲ့ပါတယ်။

ပထမဆုံး ဆိုင်ကို ၁၉၅၈ မှာ စဖွင့်ပြီး ၁၉၇၅ မှာ သြစတြေးလျနဲ့ ၁၉၇၈ မှာ စင်္ကာပူမှာ စဖွင့်ခဲ့ပါတယ်။ အတော် သက်တမ်း ရှည်ကြာပြီ ပြောလို့ ရမယ်။ နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၂၇၈ ဆိုင် ဖွင့်ထားတာ နယ်နယ်ရရတော့ မဟုတ်ပါဘူး။ အိမ်သုံး ပစ္စည်း တိုလီမိုလီ ကနေ အသင့်ဆောက်ပြီးသား အိမ်တွေအထိ အမျိုးအမည်ပေါင်း ၁၂၀၀၀ ကျော်ကို တစ်နေရာတည်းမှာ Brand တစ်ခုတည်းနဲ့ ရောင်းနေတာပါ။ တကမ္ဘာလုံးမှာ အလုပ်သမား တစ်သိန်း တစ်သောင်းကျော် ခန့်ထားတယ် ဆိုတော့ ၀န်ထမ်းပေါင်း ၉ သောင်းလောက် ရှိတဲ့ Microsoft ထက်တောင် ပိုများပါသေးတယ်။

နယူးဂျာဆီမှာ စမြင်ဖူးတုန်းက IKEA ကို ဂိုဒေါင်လိုမျိုး ထင်ပြီး အထင်မကြီးခဲ့ပါဘူး။ Target တို့ Home Depot တို့ကိုပဲ ပိုသိတာကိုး။ စင်္ကာပူ ရောက်မှ IKEA ကို စိတ်လည်ပြီး စိတ်ဝင်စားလာတာပါ။။ အဝေးကနေ အဆောက်အဦးကို မြင်လိုက်တာနဲ့ ဒါ Wal-Mart လား Target လား Bunnings Warehouse လား မခွဲတတ်ပေမယ့် IKEA ဆိုရင်တော့ ချက်ချင်း သိသာပါတယ်။ ဘာစိတ်ကူးလည်းတော့ မသိဘူး သူ့အဆောက်အဦး ရှေ့မှာ အလံတွေ ဘာတွေလည်း ထူထားသေးတယ်။ ဘာပဲဖြစ်ဖြစ် ကြည့်လို့တော့ ကောင်းပါတယ်။ သူ့အဆောက်အအုံကလည်း ပြတင်းပေါက် နည်းနည်းပဲ ပါပြီး ဆွီဒင်နိုင်ငံ အလံလို နက်ပြာရောင် ဂိုဒေါင်ကြီးပါ။ နဖူးစီးမှာ IKEA ဆိုတာကို အ၀ါရောင် တောက်တောက်နဲ့ အကြီးကြီး ရေးထားပါမယ်။ နောက်ကျမှ ဖွင့်တဲ့ (ဥပမာ) စင်္ကာပူက တမ်းပနိစ်နားက IKEA မှာတော့ Warehouse ကို အလင်းဖောက် အမိုးတွေ တပ်ထားပါတယ်။ Energy Saving ပေါ့။ ဒီ Saving က Customer တွေ အတွက်ပါလို့ ဆိုတာလည်း သူ့ရဲ့ မူ (ဒါမှမဟုတ်) ၀ါဒဖြန့်တာပါပဲ။

အဆောက်အဦးထဲ ၀င်လိုက်တာနဲ့ ၀င်္ကဘာထဲ ရောက်သွားသလို ပြန်ထွက်ဖို့ မလွယ်တော့ပါဘူး။ တခြား ကုန်စုံဆိုင်တွေလို အတန်းလိုက် အတန်းလိုက်နဲ့ ကိုယ်ကြိုက်တဲ့ အတန်းကို တိုက်ရိုက် သွားဖို့ မလွယ်ပါဘူး။ သူဆင်ထားတဲ့ လမ်းကြောင်းအတိုင်း ဟိုငေး ဒီငေးနဲ့ သူရောင်းသမျှ ပစ္စည်းတွေကို အကုန်ကြည့်ပေတော့ပဲ။ လမ်းတလျှောက်မှာလည်း ပရိဘောဂ တွေ မ၀ယ်ဖြစ်ရင်တောင် တိုလီ မိုလီလေးတွေကို သူ့စတိုင် ဈေးဝယ်တဲ့ အိတ်အ၀ါကြီးထဲ အလကားရသလို ကောက်ထည့်ပေတော့။ ဟိုကွေ့ ဒီပတ်သွားပြီး လမ်းကြောင်း အရှည်ကြီး တလျှောက် သွားရပေမယ့် ကြားထဲမှာတော့ ဖြတ်လမ်းလေးတွေ မြေပုံတွေ ရှိပါတယ်။ ဖြတ်လမ်းတွေကို တမင်တကာ မမြင်လွယ်အောင် ထားထားတော့ မသုံးဖြစ်ပါဘူး။ တစ်ခေါက်တော့ လျှောက်ကြည့်နေတုန်း အိမ်သာ တက်ချင်တာ ဒုက္ခ လှလှ ရောက်တာပဲ။ ဘယ်မှာလဲ အပေါက်ဆိုပြီး လိုက်ရှာတာ မျက်စိလည် လမ်းမှား ဖြစ်နေရော။ မနည်းကို အပြင် ပြန်ထွက်ရတယ်။

လမ်းတလျှောက်မှာလည်း ပရိဘောဂတွေ အိမ်အသုံး အဆောင် ပစ္စည်းတွေကို တကယ့် သဘာဝအတိုင်း ခင်းကျင်း ပြသထားတော့ ကိုယ့်အိမ်မှာ ဆိုရင် ဘယ်လို နေမယ် ဆိုတာ စိတ်ကူးလို့ ရတယ်။ အနည်းဆုံးတော့ စိတ်ကူးယဉ်လို့ ရတယ်။ ဒါမှမဟုတ် တက်ထိုင်ကြည့်လို့ရတယ်။ မွေ့ယာတွေ ခင်းထားတဲ့ ကုတင်တွေပေါ် လှဲကြည့်လိုရတယ်။ မီးဖိုချောင်တွေကိုလည်း ဆင်ပြထားတော့ ၀ယ်ပြီးရင် ဘယ်လိုနေမယ်ဆိုတာကို ချက်ချင်း သိနိုင်တယ်။ တကယ့် အိပ်ခန်းလို၊ စာကြည့်ခန်းလို၊ မီးဖိုချောင်လို ဆင်ပြထားပြီး ရောင်းသမျှ တိုလီမိုလီ အကုန် ခင်းကျင်းပြထားတာတွေ ကြည့်ပြီး လူအုပ်ကြီးထဲမှာ ကိုယ်က မျောပါသွားနိုင်ပါတယ်။ လာကြတဲ့ သူတွေကလည်း လက်ထပ်ခါနီး ပြင်ဆင်နေတဲ့ စုံတွဲတွေ၊ လက်ထပ်ပြီးခါစ လင်မယားတွေ၊ အိမ်အသစ်တက်မယ့် မိသားစုတွေကနေ ဆွီဒင်စာ သက်သက် လာဝယ်ချင်တဲ့ သူတွေ အထိ ရှိပါတယ်။

လမ်းမှာ သစ်သားခုံ တစ်ခုံကို ကလေးတက်ခုံနေပုံ ဒါမှမဟုတ် လူကြီး တက်နင်းနေပုံကို စက်နဲ့ အကြိမ်ကြိမ် စမ်းပြထားပြီး စမ်းသပ်နေတာ အကြိမ်ပေါင်း တစ်သိန်း နှစ်သောင်း ကျော် ရှိပြီ ဆိုတာကိုလည်း ကောင်တာမှ ပြူးနေအောင် တွေ့ရပါဦးမယ်။ ဒါပေမယ့် ၀န်ထမ်းတွေကိုတော့ တွေ့ချင်မှ တွေ့ရမှာပါ။ လိုအပ်လို မေးချင်ရင်တော့ လိုက်ရှာရနိုင်ပါတယ်။ ဒီလို ၀န်ထမ်းတွေ လျှော့ချထားလို့ သက်သာတာ နောက်ဆုံး စားသုံးသူပါပဲလို့ ပြောလိုက်ပြန်တော့လည်း သြော်ဒီလိုလား ငါတို့ သက်သာတာပေါ့လို့ ၀ယ်သူကပဲ ၀မ်းသာရဦးမယ်။

IKEA ရောက်ရင် ကျွန်တော့် မိန်းမ (ကျွန်တော်ရောပါပဲ) မနေနိုင်တာကတော့ ခဲတံ တစ်ချောင်းနဲ့၊ စက္ကူ ပေကြိုးလေးကို ပရိဘောဂတွေလည်း ၀ယ်တာ မဟုတ်ဘဲနဲ့ အလကား ရလို့ ယူလိုက်ရမှ ကျေနပ်တယ်။ တကယ် ၀ယ်ဖြစ်ရင်လည်း လိုမှာပေါ့ ဟုတ်တယ် မဟုတ်လား။ နောက်တစ်ခု ကြိုက်တာက Catalogue ပါ။ IKEA Catalogue က တခြားဟာတွေနဲ့ မတူဘူး။ တစ်အိမ်လုံးမှာ လိုအပ်တာတွေကို တစ်ထိုင်တည်း တစ်အုပ်တည်းမှာ အကုန်ကြည့်လို ရတယ်။ ပြီးတော့ တချို့ပစ္စည်းတွေက သုံးရကောင်းမှန် ရှိမှန်းတောင် သိတာ မဟုတ်ဘူး။ သူ့ဆီမှာတွေ့မှာပဲ သြော်ဒါမျိုးလေးတွေ ရှိပါလား ဆိုပြီး သိရတာ။ ပြီးတော့ ပစ္စည်းတွေ အထူးသဖြင့် Furniture လိုမျိုးတွေကို Dimension ကို အပြည့်အစုံ ရေးထားတော့ ကိုယ့်အိမ်မှာ တော်၏ မတော်၏ အသေအချာ သိနိုင်တယ်။ အနည်းဆုံးတော့ ၀ယ်ဝယ် မ၀ယ်ဝယ် Catalogue လေးကြည့်ပြီး ကိုယ့်အိမ်မှာ ဘယ်လို ဆင်လိုက်မယ် ဆိုတာ စိတ်ကူးကြည့်လို့ ရသေးတယ်။ နောက်တစ်ခုက Pricing ပါ။ Catalogue မှာ ဈေးနှုန်း တစ်ခါတည်း ပါပြီး အဲဒီ ဈေးနှုန်းတွေကို ၆လ တန်သည် ၁နှစ် တန်သည် အထိ ထိန်းထားနိုင်ပါတယ်။

IKEA မှာ ဈေးဝယ်ပြီး တ၀က်လောက်ဆို အစာစားတယ်။ တ၀က်လောက် ဆိုတာ IKEA မှာ အိမ်ထောင် ပရိဘောဂတွေကို တကယ့်အိမ်လို ခင်းကျင်းပြထားတဲ့ နေရာနဲ့ ပစ္စည်းတွေ စုပုံထားတဲ့ နေရာ နှစ်မျိုးရှိတာ အဲဒီ ၂ ခု ကြားမှာ စားသောက်ဆိုင် ရှိတတ်ပါတယ်။ ခင်းကျင်းပြထားတာတွေ ညောင်းအောင် ကြည့်ပြီးချိန်မှာ ဗိုက်ကလည်း ဆာတာနဲ့ အတော်ပဲ။ နိုင်ငံတကာမှာ ဆိုင်ခွဲတွေ ရှိပေမယ့် သူ့ဆိုင်က Menu က တစ်ကမ္ဘာလုံး အနှံ့ ဆင်ပါတယ်။ တစ်မျိုး နှစ်မျိုးတော့ ကွာမှာပေါ့။ ရောက်ရင်တော့ များသောအားဖြင့် အမဲသားနဲ့ ၀က်သားရောထားတဲ့ Swedish Meat Ball ကို စားဖြစ်ပါတယ်။ ဟင်းအနှစ်နဲ့ Lingonberry Jam ကိုရောသမပြီး အသားလုံးနဲ့ တို့စားလိုက်ရင် မညှီတော့ပါဘူး။ စင်္ကာပူက ဆိုင်မှာ ရနိုင်တဲ့ ကြက်ကြော်ကလည်း ကောင်းပါတယ်။ သူရောင်းပုံကလည်း Queue တစ်လျှောက် စီပြီး လိုချင်တာတွေ ယူထည့်၊ မှာထည့်ပြီးတော့ နောက်ဆုံးမှ အားလုံးကို တွက်ပြီး ကျသလောက် ရှင်းရတာပါ။ စစားတုန်းကတော့ သဘောကျပေမယ့် နောက်ပိုင်းတွေ စားတော့ ကျောင်း ကင်တင်း အလုပ် ကင်တင်းမှာ စားရသလိုလို ထောင်ထဲမှာ စစ်တန်းလျားမှာ စားရသလိုလို ခံစားရပြီး ဖီလင် သိပ်မလာချင်ဘူး ဖြစ်ပြန်တယ်။

ခင်းကျင်းပြထားတဲ့ ပရိဘောဂတွေကို ၀ယ်ချင်ရင် ၀င်စက ယူလာတဲ့ ခဲတံနဲ့ စာရွက်မှာ Code ရယ် အရောင်ရယ်၊ Warehouse က ဘယ်နေရာမှာ ယူရမယ်ဆိုတာကို မှတ်လာပါတယ်။ ပြီးတော့မှ Warehouse မှာ ကိုယ့်ဘာကိုယ် သွားယူရတာပါ။ လိုအပ်ရင်တော့ အကူအညီ တောင်းလို့ ရပေမယ့် ကိုယ့်ဘာကိုယ်ပဲ လုပ်ရနိုင်ပါတယ်။ Warehouse က ငွေရှင်း ကောင်တာနားမှာပါ။ IKEA ပရိဘောဂတွေက ကိုယ့်ဘာကိုယ် ပြန်ဆင်ရတာပါ။ သူ့ ဒီဇိုင်းက ပရိဘောဂတွေကို Flat Pack ပုံစံ ထုတ်ပိုးထားပါတယ်။ အဲဒါကြောင့် ကုတင်ဝယ်ဝယ်၊ ဗီဒိုဝယ်ဝယ်၊ စားပွဲဝယ်ဝယ်၊ ကုလားထိုင်ဝယ်ဝယ် Package က ပြားပြားပါပဲ။ ကြီးတာနဲ့ သေးတာပဲ ကွာသွားမယ်။ ၀ယ်ပြီးရင်လည်း ကိုယ့်ဘာကိုယ်ပဲ အိမ်သယ်သွားရပါမယ်။ Free Delivery ဆိုပြီး ပစ္စည်းထဲမှာ ဈေးကို ခိုးမတင်ထားတဲ့ အတွက် ၀ယ်သူအနေနဲ့ ဈေးမှန်ရတယ်ဆိုပြီး လှိမ့်ပြန်တယ်။ ဒီလိုနဲ့ပဲ ၀ယ်သူတွေမှာ ဈေးသက်သာတယ် ဆိုပြီး အလုအယက် ၀ယ်ကြတယ်။

စင်္ကာပူ စရောက်တုန်းက အဒေါ်အိမ်မှာ နေတုန်းက သူ့အိမ်က အိမ်အသုံးအဆောင် ပစ္စည်းတွေဆို အရမ်း သဘောကျတယ်။ ကြွတ်ကြွတ်အိပ် ထည့်ဖို့က အစ တူ၊ ဇွန်း၊ ပန်းကန်စင်ကနေ သေတ္တာ အဆုံး အကုန်လုံးက ဆန်းဆန်းလေးတွေ ချည်းပဲ။ ဆန်းဆန်းလေးတွေ ဆိုတာထက် အိုင်ဒီယာ ကောင်းကောင်းနဲ့ လုပ်ထားတာလေးတွေမို့ သဘောကျတာ။ ကြည့်လိုက်တော့လည်း ဈေးကြီးပေးရတဲ ပုံမပေါ်ဘဲ သပ်သပ် ရပ်ရပ်လေးတွေ ဖြစ်နေတယ်။ နောက်တော့မှ သိရတယ် သူ့အိမ်က ပစ္စည်းတွေက IKEA ကနဲ့ Daiso က ၀ယ်ထားမှန်း။ အဲဒီ နှစ်ဆိုင်လုံးက စင်္ကာပူကို ခဏ လာလည်တဲ့သူတွေကို ခေါ်သွားသင့်တဲ့ နေရာတွေပဲ။ Daiso က တစ်ဆိုင်လုံး ၂ ကျပ်တန်တွေ ချည်းပဲ။ လူကြီးတွေဆို အဲဒီဆိုင် ရောက်ရင် တွေ့သမျှ အကုန် ကောက်ထည့်ချင်တာ။ ၂ ကျပ် ဆိုတော့လည်း လွှတ်ပေးထားလိုက်တယ်။ IKEA က ဘိုဆန်တယ် Daiso က Oriental ဆန်တယ်။

ဒါပေမယ့် IKEA က ပစ္စည်းတွေက နည်းနည်း တုံးတယ် ခံစားရတယ်။ အိပ်ယာခင်းတွေ ဆိုဖာတွေဆို ဘယ်လိုတွေ မှန်းကို မသိဘူး။ IKEA က ပစ္စည်းဝယ်တာ ကားဝယ်ရင် (အ၀ါရောင် သုတ်ထားတဲ့) တက္ကစီတွေ ၀ယ်ရမယ်လို ခံစားရတယ်။ ပေါ့ပေါ့ပါးပါး ၀တ်ဖို့ အင်္ကျီဝယ်တာ စက်ရုံ ယူနီဖောင်း မှိုင်းမှိုင်း ၀ယ်ရသလို ခံစားရတယ်။ အဲဒါကြောင့် များသောအားဖြင့် မ၀ယ်ဖြစ်ဘဲ အိုင်ဒီယာ ကောင်းကောင်းနဲ့ ထွင်ထားတာလေးတွေပဲ ၀ယ်ဖြစ်တယ်။ အဲဒီအတွက်လည်း တချို့ ပစ္စည်းတွေက တခြား ကုန်စုံဆိုင်က ၀ယ်ရင် တ၀က်ကျော်ကျော် သက်သာနေတတ်တယ်။ ပရိဘောကကလည်း တခြားဆိုင်တွေမှာ ဈေးပို သက်သာတာနဲ့ သူဆီမှာ မ၀ယ်ဖြစ်ပါဘူး။ သူ့ဆီက ဟာတွေက ခိုင်မယ့်ပုံ မပေါ်ဘူး။ များသောအားဖြင့်တော့ အပျော်ပဲ သွားတယ်။ အပြန်မှာတော့ တိုလီမိုလီ ၃ ၄ ခုတော့ ပါလာတတ်တယ်။ လူလတ်တန်းစားတွေသာ ၀ယ်ကြတာမဟုတ်ပါဘူး။ ဖက်ရှင် ဒီဇိုင်နာ Giorgio Armani ကလည်း သူ့ ဇိမ်ခံ ရွက်လှေမှာ IKEA က ပစ္စည်းတွေနဲ့ ဆင်ထားတယ်တဲ့။ ပါလီမန် ဒီမိုကရေစီနဲ့ စည်းမျဉ်းခံ ဘုရင် စနစ် ကျင့်သုံးတဲ့ ဆွီဒင် ဘုရင်နဲ့ ဘုရင်မကလည်း IKEA က ပရိဘောဂတွေ သုံးသတဲ့။

IKEA မှာ ငွေရှင်းကောင်တာက ထွက်ပြီးတောင် ၀ယ်ချင်အောင် လုပ်ထားပါသေးတယ်။ ဆွီဒင်ထွက် ဆွီဒင်ရိုးရာ အစားအစာတွေကို ရောင်းတဲ့က ဆိုင်က ငွေရှင်း ကောင်တာအထွက်မှာ ထပ်ရှိပါသေးတယ်။ တစ်ခါတစ်လေ အထဲက စားသောက်ဆိုင်မှာ ချွေတာတဲ့ အနေနဲ့ မစားဖြစ်ခဲ့ရင်တော့ အပြင်က တစ်ကျပ်တန် ဟော့ဒေါ့ဆိုင်ကျရင်တော့ မနေနိုင်တော့ဘဲ စားလိုက်တော့တယ်။

ဝယ်ဝယ် မ၀ယ်ဝယ် IKEA ကတော့ တစ်ခေါက်သွား လည်ပတ် ကြည့်ရှုလို့ ကောင်းတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ။

Reference:
http://en.wikipedia.org/wiki/IKEA
IKEA, A Survivir's Tale by Simon Webster (R.D Feb '08)

26 comments:

May Burma - 9/3/08, 10:11 PM

I like Ikea. Good design within budget for students and young trendy professionals. Not for long term. Good post ! Congrats!

pp - 9/3/08, 10:31 PM

သွားအုံးမယ်။ တမ်းပနိစ့် MRT နဲ့နီးလား။ ဘတ်စ် စီးသွားရသေးလား။ သွားလည်မလို့။ :D

တောင်ငူသား - 9/3/08, 11:19 PM

ကိုအန်ဒီရေ
DAISO ကိုတော့ သွားလေ့ရှိပေမယ့် IKEA ကိုတော့ အခုမှ သိတာပါ။ ကျွန်တော်သာဆိုင်ရှင်ဆိုရင်တော့ ကိုအန်ဒီကို ကြော်ငြာခပေးမိမှာပဲ။ ကိုအန်ဒီအညွှန်းကောင်းလို့ ချက်ချင်းမဟုတ်တောင် ရောက်အောင်တော့ သွားရဦးမယ်။ အခုတော့ ကြော်ငြာခမဟုတ်ပေမယ့် စာမူခ တော့ ချီးမြှင့်သွားပါတယ်ဗျာ။

မေတ္တာဖြင့်

khin oo may - 9/4/08, 12:04 AM

တို့လဲ နှစ်ခေါက်လောက်ဘဲံ ရောက်ဘူး တယ်။ လမ်းကြော မသင့်တာနဲ့။ သု့ဆီ က မီလုံး အချို့ ကို တော့ ရအောင် လေယာဉ် နဲ့ ရန် ကုန် ကို သယ် သွားပြီး အိမ် မှာ ထည့်လိုက်တယ်။ လှတယ် ဆရာ။

အချိန် ကရှားတယ် လေ။ ကား ကလည်း မရှိ အားတဲ. စနေ ညနေ လေး ကလည်း peninsular နဲ့ဘဲ အချိန် ကုန်တာ များတယ။် သု့ကက်တလောက် ကလေး တွေ စာတိုက့် ပူံးထဲ ထည့် သွား ရင် တော်တော် နဲက မလွှတ် ပြစ် ဖြစ် ဘူး ။.ချစ်စရာ စိတ် ဝင် စား စရာ ကောင်းတယ်။ နောက် ဆုံး တော့လည်းစိတ် ဘဲ ရောက် လူ ကတော့ မရောက် ဖြစ် ပါဘူး။

Anonymous - 9/4/08, 1:18 AM

စင်ကာပူမှာတုန်းက သူများတွေ မသိအောင် ကိုအန်ဒီ တိတ်တိတ်လေး သွားသွားနေတဲ့ နေရာ အကြောင်းကော မရေးဘူးလား

ပီတိ - 9/4/08, 2:02 AM

အိုင်ခီယာကနေ၀ယ်လာတဲ့ အထဲမှာတော့ ထမင်းစားတဲ့ ကြွေပန်းကန်နဲ့ ဟင်ထည့်တဲ့ ပန်းကန်တွေကတော့ အတန်ဆုံးပဲ... တခုကို $1 အောက်ပဲ... ၀ယ်ရတာတောင် ပျော်ဖို့ကောင်းသေးတယ်.... ၀ယ်ဖူးတဲ့ တဘက်ကလည်း ဈေးတော်တာပါပဲ... ရောက်ရင်တော့ ကိုအန်ဒီ ပြောသလို့ အနည်းဆုံး ဟော့ဒေါ့တော့ စားဖြစ်တယ်...

Moe Cho Thinn - 9/4/08, 3:33 AM

တို့လဲ IKEA ပရိသတ်..။
(သူပြောလို့ အသံထွက်မှားမှာစိုးလို့ အင်္ဂလိပ်လို ရေးလိုက်ရသေး :D )

ဒီမှာတော့ ခေါ်တတ်သလို ခေါ်ကြတာပါပဲ။ သတင်းတွေထဲမှာကို တယောက်တမျိုး အသံထွက်တာ ကြားဖူးတယ်။ တို့လဲ ဘယ်လိုအသံထွက်လဲ သိချင်လို့ နားစွင့်မိတာ။

Andy Myint - 9/4/08, 3:32 PM
Thanks Aunty May. If you don’t mind addressing like that :-) Yeah, I also like some stuffs from IKEA.

MTR ကနေ Shuttle bus စီးသွားလို့ ရတယ်လေ PP

စာမူခ ချီးမြှောက်သွားတာ ကျေးဇူးပါ တောင်ငူသားရေ.. သွားသင့်တယ်ဗျာ.. သွားပါ။

တူနေပြန်ပြီ ကျွန်တော်တို့လည်း Energy Saving မီးလုံးတွေက မြန်မာပြည်ကို ၀ယ်ထည့်ပေးတယ် မခင်ဦးမေ

သူများတွေ မသိအောင် သွားပါတယ် ဆိုမှ သူက သိနေပြန်ရောလား.. ဟီးဟီး။

အင်းဟုတ်တယ် ကိုပီတိ.. အိုင်“ခီ”ယာ ထွက်ရင် ကောင်းမှာ ..ကျွန်တော်ကတော့ ငါးပိသံနဲ့ အိုင်“ကီး”ယားလိုက်တာပါပဲ။

ကြိုက်တာသာထွက် မမိုးချိုသင်းရေ… နားထောင်တဲ့ သူ နားလည်ရင် ပြီးတာပဲ
Anonymous - 9/4/08, 9:49 PM

ဦးလေးက အရေးအသား မဆိုးဘူးဗျ။ ရေးတာ သွက်သွက်လက်လက် ရှိတယ်။ ငယ်ငယ်က ကျောင်းမှာ မြန်မာစာ ဂုဏ်ထူး ခနခန ထွက်ဖူး ပုံရမယ်။ ဒါပေမယ့် တစ်ခါတစ်လေကျ ၀ါကျတွေက နည်းနည်းရှည်တတ် တယ်။ ဖတ်ရတာ ထောက်ထောက်သွားသလိုပဲ။

Anonymous - 9/4/08, 10:21 PM

တော်ရမယ်လေ၊
အဓိပတိကျူရှင်ထွက်ဘဲဟာ။ မတော်တာဆိုလို့ ကိုယ်ဘဲရှိတယ်။
(ဦးလေးခေါ်ရင်မကြိုက်ဘူးပြောထားတယ်လေ။)

ND

May Moe - 9/5/08, 2:57 AM

တုံးတယ်လို့ပဲပြောချင်ပြောတော့ Daiso ဆိုတဲ့ဆိုင်ကို တကယ်မသိဘူး ။ ရှာပြီး သွားကြည့်အုန်းမယ် IKEA ကတော့ ရောက်ဖြစ်တယ်

Anonymous - 9/5/08, 7:58 AM

IKEA is a good case study for operation management discipline. I think yours should be published in the management or business journals in Burma. Good job man!!

Anonymous - 9/5/08, 10:55 AM

ဒိုင်ုက ပလာဇာစင်ကာပူရနဲ့ ဗီဗိုစီးတီးမှာရှိတယ်အမ

Anonymous - 9/5/08, 10:56 AM

ဆောရီး ဒိုင်ဆိုကိုပြောတာ

TZA - 9/6/08, 6:53 AM

တို.ကတော. အီခိယာလို.ပဲဖတ်တယ် (ခင်ဦးမေကို အတုခိုးထားသည်)

လူညီရင်ဤကိုကျွဲဖတ်လို့ရတယ်ဆိုတော့ ကျွဲခိယာလို့ဖတ်ကြရအောင်လားဗျာ။

JulyDream - 9/6/08, 10:48 AM

အီခီယားလို့ပဲ ခေါ်တယ်။ အဲဒီကို ၂ ခေါက်ပဲ ရောက်ဖူးသေးတယ်။ ပရိဘောဂတွေကို ခင်းကျင်းပြသထားတာကို အတော် သဘောကျမိတယ်။ ဆွဲဆောင်မှု အားကောင်းတယ်။

ကိုယ်ပိုင်အိမ်ကလေး ဆောက်တဲ့အခါမှာ ပရိဘောဂတွေကို ဘယ်လို နေရာချထားမယ်။ အဲဒီ ပရိဘောဂနဲ့ လိုက်တဲ့ အိမ်ကလေးဖြစ်အောင် ဘယ်လို ဒီဇိုင်းထုတ်မယ် ဆိုပြီး အတွေးနယ်ချဲ့မိစေပါတယ်။

နည်းပညာတက္ကသိုလ် ကျောင်းသားဘ၀ကတည်းက အဲဒီလို နေရာမျိုးကို ရောက်ဖူးရင် ဒီထက်မက အမြင်တွေ ကျယ်ပြီး ပရောဂျက်မှာ ဒီဇိုင်း ကောင်းကောင်းတွေ လုပ်ဖြစ်မှာဗျ။ အခုတော့ ကျောင်းပြီးမှ ဒီရောက်တော့လည်း မသိရသေးတာတွေ မမြင်ဖူးတာတွေကို မြင်ဖူးတွေ့ဖူးရတာပေါ့။

Anonymous - 9/6/08, 11:44 AM

those are piece of junk for first time buyers.

Andy Myint - 9/7/08, 12:01 AM
ဦးလေးက ဂုဏ်ထူးလည်း မထွက်ပါဘူး။ ဂန်ဒူးလည်း မဟုတ်ပါဘူး စာဖတ်သူ။ ဟဲဟဲ။

အဓိပတိကျူရှင်ဆိုတာ ဂုဏ်ထူး ဦးသိန်းနိုင်ကို ပြောတာလား ND

သွားကြည့် ညီမ မေမိုးရော Daiso ကို ကြိုက်သွားစေရမယ်။

What I like about IKEA is not its product. It's about it management or sort of. (I dont really know management though)Thanks for your appreciation, Reader. I dont take myself as professional author to publish this :)

ဒါဆိုလည်း တို့မြန်မာတွေ ကျွဲခြေရာ ကြမယ် ကိုTZA

ဟုတ်တယ် ကို JulyDream .. ကျွန်တော်ကတော့ ငါထီပေါက်ရင် အိမ်ကို ဒီလို ဆင်လိုက်မယ်ကွလို့ တွေးနေတာ ဟဲဟဲ

You may say so Reader. I dont like all products from IKEA either. But I do like some stuffs though.
Anonymous - 9/8/08, 1:55 PM

Yes its pronounce i-ke-yar and owner is a richest man in the world so far,and good furniture warehouse ( store )

Andy Myint - 9/8/08, 9:37 PM
Really? I thought the richest man in the world is someone else. Anyway, really appreciate for dropping a comment.
Anonymous - 9/13/08, 3:44 PM

Believe me,thousand and thousands of IKEA stores all around the world.Bill gate is no more on the list coz of he shares and shift all his belongings to his foundation .

Andy Myint - 9/15/08, 5:00 PM
As far as I know, there are less than 300 IKEA stores world wide. Right? W. Gates is no more richest man but the richest one as at now is not the one from IKEA. Isn't it? Hee hee.. we are not done yet. :P
Anonymous - 11/25/10, 11:59 PM

ဟဲဟဲ...စိတ်ကူးယဉ်ဖို့..သွားကြည့်လိုက်ဦးမယ်..ကိုအင်ဒီရေ..
ကျေးဇူးပဲ...စလုံးရောက်တာ ကြာပြီ...ဘယ်မှသိပ်မသွားဖြစ်ဘူး...အစ်ကိုပြောမှပဲ..ကျွန်တော်ဒီတစ်ပါတ်ပိတ်ရက်သွားစရာနေရာရသွားတော့တယ်..
ကျေးဇူးနော်..

စံပယ်ပန်း - 4/21/11, 8:26 PM

ကျွန်တော်တော့ အာကီယာလို့ ထွက်တယ်..။ တစ်ခေါက်မှမရောက်သေးဘူး..။ furniture တင်သီးသန့်ရောင်းတဲ့ဆိုင်မှတ်နေတာ..။ မဟုတ်ဘူးလား..။ ဈေးချိုတယ်ဆိုလို့ သွားကြည့်ဦးမယ်...။ ကိုကိုလာအောင်စောင့်လိုက်ဦးမယ်..။ ဟိဟိ..။

johnmoeeain - 9/15/12, 12:46 PM

IKEA!

တစ်ခါတစ်ခါ ikea ထဲရောက်သွားရင် ဘ၀ဆိုတာ typical တစ်ခု ဖြစ်တတ်တယ်ဆိုတဲ့ အတွေး တစ်ခုခု ခံစားရတယ်...။ စက်ရုံထုတ်နဲ့ customized အတွေးတွေကြား ဗျာများနေရတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် IKEA က ပစ်ပယ်လို့မရတာတော့ အမှန်ပဲ...။ နောက် သူ့ရဲ့ အဆောက်အဦးပုံစံနဲ့ အထဲရောက်သွားရင် ၀င်္ကပါဖြစ်သွားတဲ့ feeling ကလည်း စိတ်ဝင်စားစရာပဲ..။ ဒီပို့စ်လေးက စိတ်ဝင်တစား ဖတ်မိစေတဲ့ ပို့စ်လေးပါပဲ...။

Anonymous - 7/27/13, 11:50 AM

အီခီယာက REDHILL MRT ကနေ ဟိုဘက်လမ်းကူးပြီး BUS 33 နှစ်မှတ်တိုင်လောက် စီးရင်လဲ ရောက်တယ်။ ကျွန်မက တော့ အိမ်နဲ့ နီးတဲ့ Alexandra Ikea (REDHILL) ပဲ လမ်းလျှောက် သွားဖြစ်တယ်။ အားတိုင်း သွားချင်အောင် စွဲဆောင်မှုရှိတာပါ။ စိတ်ကူးယဉ်လို့ လဲ ကောင်းပါတယ်။ အထူးသဖြင့် အခန်းကျဉ်းလေးကို ဘယ်လို နေရာချရမလဲ ဆိုတာတွေကိုပေါ့။ IKEA ကြက်ကြော်ကတော့ သွားတိုင်း စားဖြစ်တဲ့ အကြိုက်ဆုံးတခုပါ။

Post a Comment

Many thanks for dropping a comment…

Film


Files