Sunday, September 14, 2008

ငါး သရက်သီး ငပိရည်ချက်

မလုလုရဲ့ ငါး ခရမ်းကစော့သီး အစပ်ချက်ကို ဖတ်ပြီး သူမက စားချင်တယ် ဆိုတာနဲ့ အမေ ချက်တဲ့ ငါး ငပိရည် ချက်ကို လုပ်ကျွေးလိုက်တယ်။ ငါးကလည်း ဈေးကြီးတော့ ၁ပတ်၊ ၁၀ ရက်လောက်နေမှ တစ်ခါ စားနိုင်တာမျိုးပါ။ (သိပ်တော့ ပြောလို့ မဖြစ်ဘူး ဖားလေး ငါးလေး စားဖို့ သတင်းစာမှာ ရေးတဲ့ ပုဂ္ဂိုလ် ကြားသွား ဦးမယ်။)

ငါး သေးသေး တစ်ကောင်၊ အကောင်ကြီးရင် အမြီးပိုင်း တစ်ခု၊
သရက်သီး တစ်လုံး၊
ကြက်သွန်ဖြူ ၇ ဥ ၈ဥ (ခပ်များများ)၊
ကြက်သွန်နီ ဥကြီး တစ်လုံး
ငရုတ်သီး စိမ်း ၅ တောင့် ၆ တောင့် (စပ်စပ် စားချင်ရင် များများထည့်)၊
နံနံပင်
ငါးပိရည်ကျို (မရှိလို့ မထည့်ချင်လို့ မထည့်လည်း ရတယ်) တို့ လိုအပ်ပါတယ်။

သရက်သီးတွေကို အမျှင်လေးတွေ လှီးထားပါတယ်။ သုတ်စားသလောက်ထပ် နည်းနည်း ကြီးပါတယ်။ လက်နှစ်ဆစ်လောက် အချောင်းလေးတွေပါ။ သရက်သီးကိုတော့ ကုလားဆိုင်မှာ ၀ယ်နိုင်ပါတယ်။ စင်္ကာပူက သူတွေကတော့ (ကျွန်တော်တို့လို) အပင်ကနေ ခိုးခူးချင်ရင် ကြည့်ကျက်လုပ်ပေါ့။

ကြက်သွန် အဖြူ အနီ၊ ငရုတ်သီး စိမ်းကို ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါတယ်။ ဆီ နည်းနည်းနဲ့ ကြိတ်ထားတာတွေကို ဆီသတ်လိုက်ပါတယ်။ လုံးချက်လည်း ရပါတယ်။ ကျွန်တော်ကတော့ ဟင်းဆိုရင် ဆီသတ်ရမှ ကျေနပ်တာမျိုးပါ။

အစိမ်းနံ့ ပျောက်ရင် သရက်သီးတွေ ထည့်ပြီး ငံပြာရည် နည်းနည်း ရေနည်းနည်း ထည့်ပြီး အဖုံး အုပ်ထားပါတယ်။ သရက်သီး ဖက်တွေ အတော်အတန် ပျော်သွားအောင် စောင့်လိုက်ပါတယ်။

အတုံးကြီးကြီး တုံးထားတဲ့ ငါးတွေကို ထည့်လိုက်ပါတယ်။ ငါးတွေကို မခြေလိုက်ပါဘူး။ စားမှသာ ပန်းကန်ထဲက နည်းနည်း နည်းနည်း ဖဲ့ စားတာပါ။ အဖုံး ပြန်အုပ်ထားပြီး ခဏနေရင် နောက် တစ်ဘက် လှန်ပေးပါတယ်။ ရေနည်းနေရင် ရေထည့်ပါတယ်။ အရေစပ်စပ် စားရတာမျိုးပါ။ ငါးတုံးကို ရေ မဖုံးတဖုံးဆို အတော်ပါပဲ။

ကျက်ခါနီးကျရင် ငပိရည် တစ်ခါဖျော်စာ ထည့်လိုက်ပါတယ်။ နှံ့အောင် မွှေပြီး ငပိရည် အနံ့ ပျောက်အောင် ခဏစောင့်လိုက်ပါတယ်။ ပြီးရင် မီးဖို မီးသတ်ပြီး နံနံပင်ကို အပင်လိုက် ဖြစ်ဖြစ် ကတ်ကြေနဲ့ ညှပ်ပြီး ဖြစ်ဖြစ် ထည့်ပြီး အဖုံး အုပ်ထားလိုက်ပါတယ်။ အငွေ့သေရင် စားဖို့ အသင့်ပါပဲ။

ကြက်သွန်ဖြူနဲ့ ငရုတ်သီးနံ့ မွှေးမွှေး ဖြစ်ပြီး ချဉ်စပ်အရသာကို ငါးက ထွက်တဲ့ အချိုရည်က ထိန်းထားတဲ့ ဟင်းမကျ ငပိရည် ငပိချက်သာသာ ဖြစ်တဲ့ ဒီဟင်းဟာ မြန်မာတွေ အတွက်တော့ အင်မတန် ထမင်းမြိန်မှာ သေချာပါတယ်။

(အနံ့၊ အရသာ ပြင်းလို့) ငပိရည် မကြိုက်တဲ့ ကျွန်တော့်ကိုတောင် လျှာလည်စေတဲ့ အမေ့ရဲ့ Recipe ပါ။
IMG_5857
တခြားဖတ်ရန် 

18 comments:

ဝါ၀ါခိုင်မင်း - 9/14/08, 5:13 PM

ငါး သရက်သီး ငါးပိရည်ချက် တဲ့ ခေါင်းစဉ်တွေ့ လို့ အလည်ချက်ချင်း
လာခဲ့တာ ......
ဂလု.. သွားရည်ကျပြီး ပြန်သွားပြီ ကိုအန်ဒီရေ. :D

ရွှေဂျမ်း - 9/14/08, 8:24 PM

ခေါင်းစဉ်တွေ့တာနဲ့တောင် သွားရည်ကျနေပြီ ကိုအန်ဒီရေ။ ပို့စ်လည်း ဖတ်လိုက်ရော ညကြီးသန်းခေါင် ဗိုက်ကို ဆာသွားရော။

nu-san - 9/14/08, 11:48 PM

Andy ရေ..သွားရည်တွေ မြိုချရတာ အခါခါပေါ့.. ဒီမှာက သရက်သီးအစိမ်းကို ၀ယ်မရဘူး.. ထိုင်းဆိုင်မှာလည်း မရှိဘူး.. အဲဒါ စားချင်ရင် စင်ကာပူလူကြုံရှိမှ မှာစားရတယ်.. Andy ဟင်းချက်ထားတာကြည့်ပြီး စားချင်တယ်.. :)

ThuHninSee - 9/15/08, 1:45 AM

ကိုအန်ဒီရေ.. ဗူးသီးကြော်မုန့်နှစ်စပ်နည်းအလွယ်လေး ပေးပါလား။
ပုစွန်ခွက်ကြော်မုန့်နှစ်စပ်သလိုပဲ စပ်ရမလားဟင်။

လင်း - 9/15/08, 2:18 PM

ဗိုက်ဆာလိုက်တာ ၊ ဂွီဂွမ် အသံတွေတောင် ဗိုက်ထဲကမြည်လာသလို ဘဲ

Andy Myint - 9/15/08, 5:08 PM
သရက်သီးသံကြားလို့ သွားရည်ကျသွားတာ ဖြစ်မယ် မ၀ါဝါခိုင်မင်း ;P

နောက်ဆို Warning ရေးထားမယ် မရွှေဂျမ်း
။ “ဤ Post ကို ညဘက် မဖတ်ရ။ သင့်ကို ဗိုက်ဆာစေနိုင်သည်။” ဆိုပြီး.. ဟီးဟီး။

ဂျပန်က လူတွေက ငါးကို မျိုးစုံ ချက်တတ် စားတတ်တော့ မနုစံတို့က အမျိုးစုံနေအောင် စားရမှာပေါ့။ ဂျပန်မှာ သရက်သီး အစိမ်း မရှိဘူးလား အမ။

အိမ်ပြန်ရောက်ရင် အစ်မကို မေးပြီး ပြန်လိုက်မယ် မသုနှင်းဆီ


ကွန်ပြူတာကြီးကို ကိုက်မစားလိုက်နဲ့ဦး လင်း
Moe Cho Thinn - 9/16/08, 8:55 AM

ကိုအန်ဒီ အိမ်သူသက်ထားက ကံကောင်းပါ့ဗျာ။ ဟင်းချက်လဲ ၀ါသနာ ပါတာကိုး။ အိမ်ကလူကြီးကို ကိုAndy ဆီ သင်တန်းလေးတက်ဖို့ မလှိမ့်တပတ်နဲ့ ခေါ်လာမှပဲ။ :P

Anonymous - 9/16/08, 10:26 AM

ကိုအန်ဒီဆီ သင်တန်းတက်ခိုင်းရင်တော့ မှားသွားလိမ့်မယ်။ ဟင်းချင်သင် မပေးပဲ သူလျိုထားတဲ့ ပညာတွေ သင်ပေးလိုက်မှ ဟုတ်ပေ့ ဖြစ်နေမယ်။
:-P

Anonymous - 9/16/08, 10:34 PM

ကိုAndy ရေ ငါးသရက်သီး ငပိရည်ချက် နည်းလေးအတွက် ကျေးဇူးအထူးပါ၊ ဒီနေ့ ထမင်း အရမ်းစားကောင်းသွားတယ်၊ ဒါပေမယ့် ဆီသတ်တာ ငရုတ်သီးစိမ်း ပါတော့ တော်တော်မွှန်တယ် အိမ်က အမေတို့ အဖေတို့ က တော်ပါတော့လို့ တားယူရတယ်၊ ကိုယ်တိုင်လဲ ဟတ်ချိုးပြောင်း တသိန်းနဲ့ မနဲ ပြီးအောင် ချက်ရတယ်၊ စားလို့တော့ တော်တော် ကောင်းတယ်၊ ကိုAndy တို့ မိသားစုကို စလုံးမှာကတည်းက အားပေးနေပါတယ်၊ ကွန်မန့်သာ မထားသွားတာ၊ အခုတော့ ကျေးဇူးတင်လို့ ပြောရတာပါ၊ ကျွန်မက ကိုမောင်တိန်တို့ အလုပ်ကပါ၊ အမြဲ အားပေးနေပါတယ်၊ သားသားလေးရဲ့ တိုးတက်မှုလေးနဲ့ မောင်နှမနှစ်ယောက် ရဲ့ လှုပ်ရှားမှုလေးတွေ မြင်ချင် ဖတ်ချင်ပါတယ်၊ အမကို လဲ ခင်ပါတယ်။ လေးလဲ လေးစားပါတယ်၊ မြင့်မြတ်နိးလေးနဲ့ သားသားလေးကို လဲ ချစ်ပါတယ်၊ မြင်မြတ်နိုးလေးက ကျွန်မတူလေးနဲ့ ရွယ်တူလောက်ထင်တယ်။ သူတတ်ပုံက မြတ်နိုးလေး နဲ့ အရမ်းတူလို့ မြတ်နိုးလေးအကြောင်းဖတ်ရရင် တူလေးကို လွမ်းတာ အလွမ်းပြေတယ်၊ အားလုံးအတွက် ကျေးဇူးပါ၊ wesheme မိသားစု အစစအရာရာ အဆင်ပြေပြီး များများ ဘလော့ဂ်နိုင်ပါစေ

Andy Myint - 9/17/08, 9:23 AM
ဟီးဟီး အစ်ကို့ကို ကျွန်တော်ဆီ လွှတ်လိုက်ရင် အောက်က စာဖတ်သူ ပြောသလို နှစ်ယောက်ပေါင်းပြီး လောင်းကျော်နေမှာနော့် မမိုးချိုသင်းရေ…

ဟားဟား စာဖတ်သူက ကြိုသိနေတာကိုး … :)

ကော့်မန့် အရှည်ကြီးအတွက် ကျေးဇူးပါပဲ စာဖတ်သူ။ ကျွန်တော်လည်း မရေးလိုက်မိဘူး ငရုတ်သီးစိမ်းကို ဆီသတ်ရင် မီးအေးအေးနဲ့ သတ်ဖို့ကို။ ညှော်မွှန်နေမှာပဲနော်။ သားလေးနဲ့ သမီးလေး အကြောင်းလည်း ရေးဦးမှာပါ။ ဆုတောင်းအတွက်လည်း ကျေဇူးတင်ပါတယ်။
Andy Myint - 9/17/08, 8:02 PM
ပုစွန်ခွက်ကြော်နဲ့ မတူပါဘူး မသုနှင်းဆီ။ ဗူးသီးကြော်ကဆန်မှုန့် ၂ ဆ၊ ကောက်ညှင်းမှုန့် ၁ဆ၊ ဆားနည်းနည်း ဆော်ဒါနည်းနည်းကို ပြစ်ပြစ်ဖျော်ပါ။ ဗူးသီးက အရည်ထွက်လာတတ်ပါတယ်။ ဗူးသီးတွေ အကုန်လုံးကို မုန့်နှစ်နဲ့ မနည်ပါဘူး။ တစ်ခုဆီ မုန့်နှစ်ထဲကို နှစ်နှစ်ပြီး ကြော်ရပါတယ်။ ဆီများများနဲ့ ကြော်ရင် မုန့်ပိုရွပါတယ်တဲ့....
PTi - 9/19/08, 2:35 AM

စားချင်စရာ.. အဲလောက်တော့ စိတ်ရှည်ရှည်မချက်တတ်ဘူး။ အလွယ်တကူချက်လို့ရတဲ့ ဟင်းတွေတော့ ချက်စားဖြစ်တယ်... နောက်တော့မှ ကိုအန်ဒီလို သေချာရေးပါဦးမယ်..

ThuHninSee - 9/19/08, 12:51 PM

ကိုအန်ဒီရေ..ပုစွန်ခွက်ကြော်နည်းနဲ့ပဲ ကြော်လိုက်တာ..စားလို့ကောင်းပါတယ်။
သိပ်မရွတာကလွဲရင် စားရအဆင်ပြေပါတယ်။
အခုနည်းကိုလဲ ထပ်စမ်းကြည့်အုံးမှာပါ။ ကျေးဇူးပါပဲနော်။

လုလု - 9/20/08, 12:09 AM

အကိုရေ့ 
ရန်ကုန်မှာတောင် သရက်သီးအစိမ်းမရှိတော့ဘူး။
စင်္ကာပူမှာ ၀ယ်လို့ရတယ်ဆိုတော့ သိပ်ကောင်းတာပေါ့နော်။
အကို့ဟင်းကိုလည်း စားချင်လိုက်တာ။

လုလု - 9/20/08, 12:11 AM

အဲ စင်္ကာပူလို့ မှားရေးမိတယ်။
သြစီမှာလို့ ပြောတာနော်

MrDBA - 9/21/08, 1:27 PM

ကျွန်တော် ဒီနေ့ချက်ကြည့်လိုက်တယ် ဟိဟိ။ မိုက်တယ်ဗျ

Andy Myint - 9/22/08, 10:12 PM
ရေးပါ ကိုပီတိ ကျွန်တော်တို့လည်း လုပ်စားရတာပေါ့။

ပုစွန်ခွက်ကြော် ကြော်နည်းက ပဲမှုန့်ပါလို့ မရွတာပါ မသုနှင်းဆီ။ ပဲမှုန့်ကြောင့်တော့ အရသာ လေးတာလို့ သူမက ပြောနေတယ်။

စင်္ကာပူမှာက ၀ယ်လို့လည်း ရတယ် အပင်ကနေ ခူးလို့လည်း ရတယ် မလုလု အဟီး။

ကောင်းတယ် မဟုတ်လား ကိုကြီး ဒီဘီအေ
Lin - 8/17/12, 6:46 PM

ငါးငပိချက်ဆိုစပ်စပ်ကလေးကြိုက်တယ်.............

Post a Comment

Many thanks for dropping a comment…

Film


Files