Tuesday, September 09, 2008

မတောက်လိုက်ရသော Old Flame များ (၂)

ရန်ကုန်မှာ ကြီးပြင်းလာတဲ့ လူတစ်ယောက်အဖို့ ဘက်စ်ကားတွေ လိုင်းကားတွေ စောင့်ရတာဟာ ရိုးနေတဲ့ အဖြစ်ပေမယ့် ဒီနေ့ အတွက်တော့ စောင့်နေရတာ ပိုကြာသလိုပါပဲ။ အထူးသဖြင့် အင်းစိန်-ဆူးလေ လိုမျိုး ပုံမှန် ပြေးနေတာ မဟုတ်ဘဲ ဂျီတီအိုင်ကနေ လာတဲ့ ၄၅ ဟိုင်းလတ်ကို စောင့်ရတာ ပိုကြာပါတယ်။ ပိုဆိုးတာက အဲဒီ လိုင်းကားပေါ်မှာ သူ ပါလာမှာ မို့လို့ပဲ။ တစ်စီးလာလို့ သူ မပါလာရင် နောက်တစ်စီးကို နောက်ထပ် နာရီဝက် ထပ်စောင့်ရပြန်တယ်။ သူက ပြောစရာ ရှိလို့ တွေ့မယ် ဆိုထားလို့ သေချာတာကတော့ သူ ဒီကို ဆိုက်ဆိုက် မြိုက်မြိုက် လာမယ်ဆိုတာပဲ။

သူနဲ့ တွေ့ရင် သူ ဘာပြောမယ်ဆိုတာ ကျွန်တော် ကြိုသိနေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ် ဆယ်ရက်လောက်က ကျွန်တော် သူ့ကို ချစ်နေကြောင်း စာအုပ်ထဲမှာ ရေးပြီး ပေးထားပါတယ်။ ချစ်နေကြောင်းကိုလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားတာ မဟုတ်ဘဲ ရွှေဉာဏ်တော် စူးရောက်ပြီး လုပ်ရေးထားတဲ့ စာဟာ အကြီးအကျယ် လွဲချော်နေတယ် ဆိုတာကို သူမဆီ တခြားတစ်ယောက်ကနေ ပေးပြီးကတည်းက ကျွန်တော် သိလိုက်တယ်။ ဒါပေမယ့် မတတ်နိုင်တော့ဘူး။ ကျွန်တော် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားရင်လည်း သူ့ဆီက အဖြေကို ပြောင်းလိုက်နိုင်မှာ မဟုတ်ပါဘူး။ ထားလိုက်တော့။

သူ ကျွန်တော့်ကို ဘယ်လို တုံ့ပြန်မယ် ဆိုတာကို ကျွန်တော် သိချင်နေတာ မဟုတ်ပါဘူး။ တကယ်ဆို ဒီနေရာကို ကျွန်တော် မလာချင်ခဲ့ပါဘူး။ ရှောင်ပြေးလို့ ရရင် ခဏလောက် (သူ စိတ်အေးသွားတဲ့ အထိ၊ ဒါမှမဟုတ် သူစိတ်လည် လာတဲ့ အထိ ) စောင့်ချင်တာပါ။ ကျွန်တော် သူ့ဆီက အဖြေကို ကြားချင် သေးတာ မဟုတ်ပါဘူး။ ဘယ်လို အဖြေ ဖြစ်မယ် ဆိုတာကို ရိပ်မိနေလို့လည်း ပါနိုင်ပါတယ်။ “နင် ငါ့ကို မချစ် မချင်း အဖြေ မပေးနဲ့ဦး” လို့ ပြောခဲ့ရမှာ။ ကျွန်တော် ဒီလို မပြောခဲ့သလို ငါ့ကို အဖြေ ပြန်ပေးလို့လည်း မတောင်းခဲ့ပါဘူး။ ဒါပေမယ့် စိတ်မြန် စိတ်ပြတ်တဲ့ သူ ဒီလို အဖြေ မြန်မြန် ပေးမယ် ဆိုတာ ကျွန်တော် ကြိုသိခဲ့ဖို့ ကောင်းပါတယ်။ တကယ်ဆိုရင်တော့ ကျွန်တော် သူ့ကို ချစ်နေကြောင်း အစကတည်းက အသိပေးခဲ့ဖို့ မကောင်းပါဘူး။ အုံ့ပုန်းလည်း လုပ်ခဲ့ဖို့ မသင့်ပါဘူး။ ချစ်တယ် ဆိုတဲ့ စိတ်ကို မလည်သင့်တာပဲ။ အထူးသဖြင့် ငယ်ငယ် မူလတန်း ကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ကိုပါ။

ဖြစ်နိုင်ရင် ညမိုးချုပ် အထိ ဘယ် လိုင်းကားမှာမှ သူ မပါလာဘဲ ဒီတစ်နေ့ကို ကုန်ဆုံးသွားစေချင်တာပါ။ ဒါပေမယ့် ဟိုင်းလက်ကား တစ်စင်း ဆိုက်ပြီးသကာလ ကားပေါ်ကနေ သူ ဆင်းလာတာ တွေ့လိုက်ပါတော့တယ်။ သူက လိမ္မော်ရောင် သန်းသန်း အ၀ါရောင် ပါတိတ် ၀မ်းဆက်နဲ့ အရမ်းကို ရင့်ကျက်နေတော့တာပဲ။ သူက ကားပေါ်က ဆင်းပြီး ဟိုဟို ဒီဒီ ကြည့်လိုက်တော့ ကျွန်တော့်ကို တွေ့သွားပါတယ်။ သူ ကျွန်တော့်ကို ခါတိုင်းလို မပြုံးပြပေမယ့် သူ့မျက်လုံးကတော့ တစ်ခုခု ဆိုလို လိုက်သလိုပါပဲ။ တစ်နေကုန် Work Shop လုပ်ပြီး သူ ပင်ပန်းရင်လည်း ပင်ပန်းနေမယ်။ ၁ နာရီလောက် ကားစီးလာရတဲ့ အတွက် သူ နွမ်းနယ်နေရင်လည်း ဖြစ်မယ်။ ဒါပေမယ့် သူ့မျက်နှာက အရင်ကလိုပဲ ထက်ထက် မြက်မြက် ရှိနေပါသေးတယ်။ သူ့မျက်နှာထား တင်းတင်းကို မြင်လိုက်တော့ ကျွန်တော်အဖို့တော့ ငယ်ငယ်တုန်းက ကျောင်းမှာ အိမ်စာမလုပ်ဘဲ စာအုပ်ထပ်ထားပြီးမှ ဆရာမက တစ်ယောက်ချင်း စာအုပ်တွေ ပြန်ပေးနေသလို ကျွန်တော့် အလှည့် ဘယ်တော့ ရောက်မလဲ ဆရာမ မျက်နှာ ကြည့်နေရသလိုပါပဲ။

ကားမှတ်တိုင်မှာ ကားစောင့်နေသူတွေ၊ ကားပေါ်က ခုန်ချ ဆင်းလာသူတွေ၊ ကားပေါ်ကို သုတ်သုတ် သုတ်သုတ် တက်သွားတဲ့ သူတွေကတော့ ကျွန်တော့်တို့ကို သတိမူမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကားမှတ်တိုင်တွေမှာ ဇာတ်လမ်းတွေ ရှိတတ်တယ်ဆိုရင် ဟံသာဝတီ ကားမှတ်တိုင် အတွက် ကျွန်တော့် ဇာတ်လမ်း တစ်ပုဒ်ကိုလည်း ထည့်ရပါမယ်။ ဟံသာဝတီ ကားမှတ်တိုင်ဟာ ကျွန်တော့် အတွက်တော့ မစိမ်းလှပါဘူး။ ဒီနားက ကျောင်းတွေမှာပဲ ကျွန်တော် ၁၀ တန်းအောင်တဲ့ အထိ တက်ခဲ့တာပါ။ အဲဒီ ကျောင်းတွေမှာပဲ သူနဲ့ ဆုံတွေ့ခဲ့တာပဲ။ ရုံးဝန်ထမ်းတွေ အတက်အဆင်း ရှိ့လို ဒီမှတ်တိုင်မှာ လက်ဘက်ရည် ဆိုင်လည်း တစ်ဆိုင်ရှိပါတယ်။ လက်ဘက်ရည် ဆိုင်ဆိုပေမယ့် ကျွန်တော် ထိုင်နေကျ ဆိုင်တွေထက် ပိုကောင်းပြီး လက်ဘက်ရည်ဆိုင် ပုံတောင် မပေါက်တော့ပါဘူး။ အမှီ ပါတဲ့ ထိုင်ခုံ အရှည်တွေ၊ ထမင်းစားပွဲ အရွယ် စားပွဲကြီးတွေနဲ့ ပန်းအိုးတွေပါ ပြင်ဆင်ထားပြီး လက်ဘက်ရည် အပြင် တခြား တရုတ် အကြော်အလှော်တွေပါတွေ ရောင်းပါတယ်။ တကယ်တော့ ဒီဆိုင်ဟာ ချစ်သူတွေချင်းဆို တွေ့လို့ အင်မတန် ကောင်းမည့်နေရာပါ။

တစ်ယောက်ကို တစ်ယောက် တွေ့ပြီးတော့ ကျွန်တော်က ဘာမှ စကား စ မပြောနိုင်ပါဘူး။ သူကလည်း ဘာမှ မပြောသေးဘဲ ကားမှတ်တိုင်ကနေ လက်ဘက်ရည်ဆိုင်နဲ့ စာပေဗိမ္မာန်ကြားက လမ်းကလေးထဲကို ၀င်လိုက်ပါတယ်။ ကျွန်တော်လည်း သူ့ဘေးကနေ အသာ လိုက်သွားပါတယ်။ တစ်ခုခုကို ဆုံးဖြတ်ပြီးသား သူကပဲ အဲဒီ လက်ဘက်ရည်ဆိုင်မှာ ထိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တော့ ကျွန်တော်က ဒီမှာ အေးအေးဆေးဆေး ထိုင်ရအောင် ဆိုပြီး စခေါ်လိုက်ရမှာပဲ။ စကားအပြောအဆို မကောင်းတဲ့ ကျွန်တော်ဟာ အခုလို အချိန်မှာ ဆွံအနေတာ မထူးဆန်းပါဘူး။ လက်ဘက်ရည် ဆိုင်ထဲ ၀င်လိုက်တော့ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ စားပွဲထိုးလေးတွေက လာနေကျ စုံတွဲတွေလို သဘောထားပြီး ကြိုဆိုပါတယ်။ မင်းတို့ ထင်သလို မဟုတ်ဘူး ပြန်ပြောဖို့ ကျွန်တော့်မှာ အားမရှိပါဘူး။ ပြောလည်း ပြောစရာ မလိုဘူး ထင်တယ်။

တခြားလူတွေ ထိုင်နေတဲ့ စားပွဲတွေနဲ့ ဝေးတဲ့ နေရာကိုတော့ ရွေးချယ်ဖို့ ကျွန်တော် အားထုတ်လိုက် နိုင်ပါသေးတယ်။ ဒါကလည်း သူဘာပြောမယ် ဆိုတာကို သိနေလို့လည်း ပါမှာပေါ့။ ဖြစ်နိုင်ရင်တော့ ဘယ်သူမှ မရှိတဲ့ နေရာကို ဘယ်သူမှ မမြင်နိုင် မကြားနိုင်တဲ့ နေရာကို လိုချင်တာပဲ။ စားပွဲထိုးလေးတွေက နောက်ကနေ ကောက်ကောက် ပါအောင် လိုက်လာပြီး ဘာသောက်မလဲ ဘာစားမလဲပဲ မေးနေပါတော့တယ်။ ထုံးစံအတိုင်း သူက လက်ဘက်ရည်သောက်ပြီး ကျွန်တော်ကတော့ စိတ်လွှဲစရာ တစ်ခုခု အဖြစ် အအေး စုပ်သောက်နေဖို့ ဒါမှာမဟုတ် ရေပေါက်တွေ သီးနေတဲ့ ပုလင်းကို ဦးတည်ရာ မရှိ ကိုင်လှည့်နေဖို့ ကိုလာ တစ်ပုလင်း မှာလိုက်ပါတယ်။

ဒီကိစ္စအတွက် ဒီကိုလာတာ သိနေပေမယ့် စကား မစရဲတဲ့ ကျွန်တော်က တခြား ကိစ္စတွေကို ပြောနေပါတယ်။ သူကလည်း အလိုက်အထိုက် လိုက်ပြောနေပေမယ့် ကျွန်တော် ပြောနေတာတွေက တောင်ရောက်လိုက် မြောက်ရောက်လိုက် ဆိုတော့ သူလည်း သည်းမခံနိုင်တော့ပါဘူး။ တကယ်တော့ ကျွန်တော်က သူ့ကို ချစ်တယ် ဆိုတာများ ပြောမလား အခွင့်အရေး ပေးထားတာပါ။ မိန်းကလေး တစ်ယောက်ကို တစ်ခါမှ ချစ်တယ် မပြောဘဲနဲ့ သူ့ဆီက တစ်ခုခု ပြန်သိချင်နေတာ အင်မတန် ကပေါက်တိ ကပေါက်ချာ နိုင်တဲ့ ကိစ္စပါ။ အထူးသဖြင့် မိန်းကလေးဘက်ကနေ အဖြေ တစ်ခုခု ပြန်ပေးဖို့ မလွယ်တာမျိုးပါ။ ဒါပေမယ့် ပြတ်သားပြီး အခု ရှုပ်မှ နောင်ရှင်းဆိုတဲ့ သူကတော့ ကြိုးရှည်ရှည်နဲ့ မဆွဲထားချင်လို့ ချက်ချင်းပဲ အဖြေပြန်ပေးပါတယ်။

“အောင်အောင်......”

သူက ကျွန်တော့်ကို ဒီလိုပဲ ခေါ်ပါတယ်။

“နင့် စာအုပ် ငါ အံကြီး ဆီက ရထားတယ်”

လို့ သူကပြောတော့ ကျွန်တော် စာအုပ်ထဲက အကြောင်းတွေ လျှောက်ပြောပြီး ဟိုရောက် ဒီရောက် ဖြစ်ကုန်ပြန်ရော။ အခုနေ ပြန်စဉ်းစားလို့ မရတာ မပြောနဲ့ အဲဒီတုန်းက ကျွန်တော် ဘာပြောလဲ ဆိုတာတောင် ကိုယ့်ကိုယ်ကို သတိမထားမိအောင်ပဲ။

ကျွန်တော် ပြောချင်တာ ပြောပြီးတော့ သူက အလေးအနက် စဉ်းစားပြီး ပြန်ပြောတယ်။

“ငါ.. အသေအချာ စဉ်းစားပါတယ်လေ”

သူ စကားကို ခဏ ရပ်လိုက်ပါတယ်။ သူ ဆက်မပြောချင် ဘူးဆိုတာကို နောက်ကြာတော့ ကျွန်တော်တို့ ပြန်တွေ့တော့ သူ ကျွန်တော့်ကို ပြောပြပါတယ်။ အဲဒီနေ့ကတော့ ဆုံးဖြတ်ပြီး သူပီပီ ဆက်ပြောပါတယ်။

“ငါ နင့်ကို့ မရွေးစရာ အကြောင်းကလည်း မရှိပါဘူး..”

သူပြောတာလည်း မမှားပါဘူး။ ကျွန်တော်တို့ သူငယ်ချင်း အုပ်စုထဲမှာ ကျောင်းစာ အနည်းငယ် ပိုတော်တယ် ယူဆကြတဲ့ ကျွန်တော့်ကိုဆိုရင် အားလုံးက ခင်ခင်မင်မင်ထက် ပိုပြီး ဆက်ဆံပါတယ်။ နောက်တော့ သူ့က စကား ပြင်ပြောပြီး အဆိုကို ခိုင်အောင် ထပ်လုပ်ပါတယ်။

“တကယ်တော့ ငါ နင့်ကို ကြိုက်ပါတယ်။”

ဆက်ပြောလေ.. “ငါ နင့်ကို ချစ်လည်း ချစ်တယ်” ဆိုပြီး။ ဒီလို စကားပလ္လင် ခံနေတာ တစ်ခုခု ကြီးကြီးမားမား ပြောတော့မယ်ဆိုတာ ကျွန်တော် သိထားပေမယ့် ဒီလိုပဲ ဆုတောင်းမိတာပဲ။

“ဒါပေမယ့် .. ငါ .... ”

ဆိုပြီး သူစကား ရပ်သွားပါတယ်။ ကျွန်တော့်လို ဆွံ့အပြီး စကား ရပ်သွားတာ မျိုး မဟုတ်ဘဲ အပြေအပြစ်ဆုံး စကားလုံးကို ရှာနေတဲ့ ပုံပါ။ သူ ပြောချင်တဲ့ စကားလုံးကို တွေ့သွားတော့ သူ မရပ်တမ်း ဆက်တိုက် ပြောချ လိုက်ပါတယ်။

“ဒါပေမယ့်လေ .. ငါ နင့်ကို ဘယ်လိုမှ ခံစားလို့ မရဘူး။”

သူက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး ပြောချလိုက်ပေမည့် ကျွန်တော်က သူကို ကြည့်မနေပါဘူး။ သူ့ကို မကြည့်ရဲတာလည်း ပါပါတယ်။ စားပွဲခုံကို ငုံ့ကြည့်နေတာမျိုး မဟုတ်ဘဲ ဘေးဘက်က စားပွဲ အခြေကို ကြည့်လိုက်၊ အနောက်ဘက်က လမ်းမပေါ်ကို ကြည့်လိုက်၊ တခြား စားပွဲက လူတွေ ကြားသွားမလား ကြည့်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေသလိုပါပဲ။

သူပြောချင်တာ ပြောလို့ ထွက်သွားတဲ့ အတွက် သူလည်း အရှိန်ရသွားပြီး ဆက်ပြောပါတယ်။

“ငါ နင့်ကို ဘယ်လိုမှ မချစ်နိုင်ပါဘူး”

ဒီ စကားက ရက်စက်သလို ရှိပေမယ့် “ချစ်တယ်” ဆိုတာ ပါးစပ်က တစ်ခါမှ မပြောထားတဲ့ ကျွန်တော့်အတွက် ဒီလောက် ပြန်ပြောဖို့တောင် မတန်ပါဘူး။ ဒီလို ပြောပြီးမှ သူလည်း စိတ်မကောင်း ဖြစ်သွားပါတယ်။

“ငါ စိတ်မကောင်းပါဘူးဟာ။ ငါလည်း နင့်ကို ဒီလို မပြောချင်ပါဘူး။ ဒီလိုမှ ဖွင့်မပြောလိုက်ရင် နင့်အတွက်လည်း မကောင်းဘူးလေ။ ငါ့အတွက်လည်း မကောင်းဘူး။ အဲဒါကြောင့်ပါ..”

တကယ်ဆိုရင် ကျွန်တော် တစ်ခုခု ပြန်ပြောလိုက်ရမှာပါ။ ဒါပေမယ့် ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့ပါဘူး။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ပြန်ပြောလား မပြောလား ကျွန်တော် မမှတ်မိတော့ပါဘူး။ သူ ဘာထပ်ပြောသေးလဲ ဆိုတာကိုလည်း ကျွန်တော် မမှတ်မိတော့ပါဘူး။ (သူနဲ့ နောက်အတော်ကြာမှ ထပ်တွေ့ပြီး နှစ်ယောက်စလုံး သွေးအေး သွားတဲ့ အချိန်မှာ သူ့ကို ပြန်မေးတော့ သူလည်း ခပ်ရေးရေးပါပဲတဲ့။) ဒီလို ပြောမယ် မျှော်လင့်ထားတာတောင် ကျွန်တော် ကြက်သေသေသွားပါတယ်။ အဲဒီ အချိန်မှာ ကျွန်တော့်ရဲ့ စိတ်က ကိုယ်မှာ ရှိမနေတော့ပါဘူး။ ပြီးတော့ လက်ဘက်ရည်ဖိုး ဘယ်သူ ရှင်းလိုက်သလဲ မမှတ်မိတော့သလို သူ့ကို အိမ်နားထိ လိုက်ပို့လား ဆိုတာလည်း ခပ်ရေးရေးပါပဲ။

ငယ်သူငယ်ချင်းလည်းဖြစ်၊ ကျွန်တော့်ကို အညှာအတာဆုံးနဲ့ ပွင့်ပွင့်လင်းလင်း “လေးလေးစားစား” ငြင်းပယ်လိုက်တဲ့ အတွက် သူအကြောင်း တချို့ကိုတော့ ကျွန်တော့် အမျိုးသမီးကို စကားကြုံရင် ပြောဖြစ်ပါတယ်။ ကျွန်တော့် အမျိုးသမီးကလည်း သူ့အကြောင်းဆိုရင် တော်တော်များများ သိနေပါတယ်။ တစ်ခါတစ်လေ ကျရင်တောင် ကျွန်တော့်ကို နောက်နေပါသေးတယ်။ အခုထိလည်း သူနဲ့ တခြား သူငယ်ချင်းတွေလို အဆက်အသွယ် ရှိနေပြီး ကြုံရင် စကားပြောဖြစ်ပါတယ်။

ကျွန်တော့် အိမ်သူသက်ထားကို ဒီလို ငယ်ငယ်က ဇာတ်လမ်းတွေ မမေ့သေးဘူး မပြောရက် မပြောသင့်ပေမယ့် ဒီလို ကောင်းကောင်းမွန်မွန် ငြင်းပယ်လိုက်တာကို ကျွန်တော် အမှတ်ရသေးကြောင်းတော့ ပြောပြချင်ပါတယ်။

31 comments:

ဇနိ - 9/9/08, 9:54 AM

ကိုအန်ဒီရေ..ကျနော်တော့ အိုးဖလိမ်းတွေ မတောက်ရဲသေးဘူး...
အိမ်ထောင်ကျပြီးမှ တောက်တော့မယ်..
အခုတောက်ရင် အဂေါက်ခံရမှာ စိုးလို့ဗျ..
အခုတော့ စိတ်ကူးထဲပဲ ပြန်တောက်ထားလိုက်ဦးမယ်
ဟိဟိ

Nu Thwe - 9/9/08, 10:11 AM

ဇာတ်လမ်းလေးက အိနြေ္ဒရ လှပနေလေရော။ Fiction ရေးပါလား ကို Andy ။ ဇာတ်ရှိန်ကို ကောင်းကောင်း တင်နိုင်၊ ထိန်းထားနိုင်တယ်။

Anonymous - 9/9/08, 10:20 AM

အားပေးသွားပါတယ်။ ရေးထားတာ ၀တ္ထု တစ်ပုဒ်လိုပဲ။ good မှ good။

Anonymous - 9/9/08, 10:43 AM

ကိုအန်ဒီ က ဒီလောက် အရေးအသား ကောင်းတာ ရီးစားစာကို ဖွဲ့ဖွဲ့ နွဲ့နွဲ့ မရေးတက်ဖူး ဆိုတာ မဖြစ်နိုင်ဘူး။

Anonymous - 9/9/08, 11:12 AM

Mr. ND ရဲ့ Old Flame ပြီးရင် Mrs. ND ရဲ့ Old Flame အလှည့်ပေါ့ နော။

Ko Paw - 9/9/08, 1:01 PM

ကိုအင်ဒီက တော်တော်ပွင့်လင်းတာဘဲ။ ကျနော်သာ အဲသည်လောက် ပွင့်လင်းရဲမယ်ဆိုရင် ပို့စ်နှစ်ခုလောက် အသာလေးရမယ်…(ဂေါက်)။ ကြိုက်တယ်ဗျာ…..ခံလည်း ခံစားလို့ရတယ်။ ပို့စ်ကို ဆိုလိုပါကြောင်း….။

Anonymous - 9/9/08, 1:50 PM

I think I know her AKM!!! SKT?
Nyi Nyi

phyophyo - 9/9/08, 2:04 PM

thank andy,

until today early morning (3am) u never posted ny article, n i just saw ur old flame2 i really happy it and thk for ur promise and ur censor's dept. :)
Love is always like that ma . Transmitter side also need to transmit correct data and also receiver side should be same also. After that can get good data, r? love also same like that...

မိုးချိုသင်း - 9/9/08, 2:49 PM

ဝတ္ထုတပုဒ်ကို ဖတ်လိုက်ရသလိုပါပဲ။ စာရေး တော်တော်ကောင်းပါတယ်။ ကို Andy အိမ်သူသက်ထားကို သဘောထားကြီးစွာ ရေးခွင့်ပြုလို့ ချီးကျူးလိုက်ပါတယ်။ ဘလော့ဂ်ကို ဘလော့ဂ်ပီသစွာ စီးဆင်းစေလို့ပါ။
ခင်မင်စွာဖြင့်
မိုးချိုသင်း

တားမြစ် ထားသော... - 9/9/08, 3:33 PM

ဖတ်လို့ကောင်းတယ်။ တကယ့်လက်တွေ့မှာ ဝတ္ထုတစ်ပုဒ်ထက် ဆန်းကြယ်တယ်ဆိုတာ ဟုတ်နေတာပဲနော်။
အမည်ပေးထားတာလေးကိုလည်း သဘောကျသဗျ။

pp - 9/9/08, 4:46 PM

ဖတ်လို့ကောင်းတယ်၊ ဟိုလူပြောသလိုပဲ Mr.Andy ရဲ့oldflame ပြီးရင် Mrs.Andy ရဲ့ oldflame ပေါ့နော....၊ ဒါမှမဟုတ်ကိုအန်ဒီ ရဲ့ oldflame ရှိသေးရင်လဲ ထပ်ရေးပါအုံး။ :D

May Moe - 9/9/08, 5:58 PM

အမ မိုးချိုသင်း ပြောသလို ပါပဲ။ မမဘလောက်ဂျာ ကိုချီးကျူး လေးစားမိပါတယ်။ စီနီယာ စာအရေးအသားကောင်းတာကိုတော့ မပြောတော့ပါဘူး ။ အပိုင်း ၂ ဆိုတော့ ဆက်ရန် ရှိသေးတယ်ထင်တယ်။ :D

Anonymous - 9/9/08, 6:12 PM

ကိုအန်ဒီရဲ့ old flame တွေ မကုန်သေးဘူးဗျို့ ကျန်သေးတယ်

တန်ခူး - 9/9/08, 6:43 PM

ကိုအန်ဒီရေ… အရေးအသားလေးက ညက်နေတာပဲ သရုပ်ဖော်ပီပြင်လွန်းလို့  ကိုယ်ပါတောင် အဲဒီလဘက်ရည်ဆိုင်ထဲက ကောင်လေးနဲ့ ကောင်မလေးဘေး ရောက်သွားတယ်… old flame တွေ အကြောင်းပြန်ခံစားတော့ ကိုယ့်ကိုယ်ကို ငယ်သွားတယ်လို့  မခံစားရဘူးလား… ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ကို ဦးဝင်းငြိမ်းက ခိုင် အကြောင်းလေး ပြန်မေးတာ သွားသတိရတယ်…

JulyDream - 9/9/08, 10:30 PM

ကိုအန်ဒီက မတောက်လိုက်ရသော မီးတောက်ဟောင်းများကို ရေးပြီး တင်ထားတုန်း သူ့ဇာတ်လမ်းထဲက အမှတ် ၄၅ လိုင်းကားလို အခု အပြင်မှာက ၄၅ လိုင်း ဘတ်စ်ကား စီအန်ဂျီအိုး ထပေါက်လို့ မီးတောက် အသစ်တွေ တောက်ချက်က အားပါးပါးပဲ။ ကား လာတဲ့ လမ်းကြောင်းနဲ့ ကားအမျိုးအစားတော့ ကွာတာပေါ့ဗျာ။ အမှတ်မထင် တိုက်ဆိုက်မှုလေး တစ်ခုပေါ့။

imaginary clouds no 2 - 9/9/08, 10:33 PM

မတောက်ဖြစ်ခဲ့ တဲ့ အကြောင်းတွေကို ဖတ်ရတာ ကောင်းတယ် အန်ဒီ ။ အရေးအသားက ရှယ်ပဲ ။ စာတစ်ကြောင်းစီကို အချိန်ယူပြီး ရေးထားလို့ အချိန်ယူပြီးသေချာဖတ်သွားပါတယ် ။ ဆက်ရေးပါ စောင့်ဖတ်လျက်။

Andy Myint - 9/9/08, 10:54 PM
ကိုဇနိတို့တော့ အဂေါက်ခံချင်ပြီနဲ့ တူတယ်.. ဟင်းဟင်း ချွန်တွန်း လုပ်လိုက်ရမလား.. ရင်ထဲမှာ မီးတောက်နေတယ် ဆိုပြီး

ဟီးဟီး ၀တ္ထု ပုံစံ အစမ်း ရေးကြည့်တာပါ မနုသွဲ့ရယ်... အခုလို အားပေးတော့ ၀မ်းသားပါတယ်။

ဝတ္ထုလို ရေးထားတာလေ စာဖတ်သူရဲ့.. good တယ်ဆိုရင်တော့ do မှာပဲ

ဟုတ်တယ်.. စာဖတ်သူရဲ့ ... ကျွန်တော် နောက်ပိုင်းမှ လေလွင့်ပြီး ၀ူတန်းတောင်မှာ သွားကျင့်လိုက်လို့ နည်းနည်းပါးပါး တတ်လာတာ။

Mrs. ND ကတော့ မနည်း စာမူတောင်းနေရတယ် စာဖတ်သူ.. ပြောကြည့်ဦးမယ်လေ.. ဟီးဟီး

ပို့စ် နှစ်ခု ဆိုရင်တော ၂ ဂေါက်ပဲဗျာ အစ်ကိုပေါ.. ဘဲဥတွေ ဆီက ဦးထုပ် ငှားထားမှ ဖြစ်မယ်ဗျို့

Ha Ha.. Ko Nyi.... I cannot say .... but u must know it

Yeah, Phyohpyo .. you are right... Transmitter and Receiver must be compatible, huh?

မမိုးချိုသင်းတို့က ဒီလို ဆိုလာတော့ ကျွန်တော်တောင် မြောက်သွားပြီး ဟီးဟီး အိမ်သူ သက်ထားကလည်း အစ်မ အားပေး ချီးမြှောက်လို့ ကျေးဇူးတင်ကြောင်း ပြန်ပြောပါတယ်။ `ဘလော့ဂ်ပီသစွာ စီးဆင်းစေလို့´ ဆိုတာကိုတော့ ရေလည် ခိုက်သွားပြီ။

လက်တွေ့နဲ့ ၀တ္ထုနဲ့ ဘယ်ဟာ ပိုဆန်းကြယ်သလဲ ဆိုတာတော့ ဆန်းစစ်ကြည့်ရဦးမယ်။ အားပေးတာ ကျေးဇူး တင်ပါတယ် `တားမြစ်ထားသော´

ခေါင်းက ဘုသီးတွေ ပျောက်ရင် နောက်တစ်ပို့စ် ထပ်ရေးမယ်လေ PP.. အခုတော့ ဟီးဟီး

မမ ဘလော်ဂျာကလည်း ချစ်စရာ ညီမလေး မေမိုးကို ခင်တယ်တဲ့... ဆက်ရန်တွေကတော့ ကိုတင်ညွန့်ပါပဲ... ဟဲဟဲ

ဒွတ်ခပါပဲ လာဖွသွားတယ်လား စာဖတ်သူ :)

သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်မယ်..... မတန်ခူး.. အဲ ဟုတ်ပါဝူး.. ရှုပ်ကုန်ပြီ။ ၀တ္ထုနာမည်ကို ပြောပါတယ်။ အစ်မလို စာရေးတာ မေတ္တာဓါတ် ပါတဲ့သူက ဒီလို ဆိုတော့ ကျေးဇူးတင် ၀မ်းသာပါတယ်။

အေးဗျာ.. ၄၅ တွေ မီးတောက်တွေနဲ့ .. ဘုရား ဘုရား ကျွန်တော် အမှုမပတ်ပါစေနဲ့ ကို JulyDream ရေ... ဟီးဟီး

နည်းနည်းတော့ အားစိုက်ရေးထားတာ ကိုတိန်ရေ... ၀တ္ထု ပုံစံ မရေးဖူးဘူးလေဗျာ... ခင်ဗျား တယောသံလိုတော့ ချွဲအောင် မရေးတတ်ပါဘူးဗျာ....
sawphonelu - 9/10/08, 12:10 AM

ဆက် ရေး ပါ ဦး ။ အပိုင်း ၃ ကို မျှော် နေ မယ် ။

Kay - 9/10/08, 12:52 AM

အော်- ကိုအန်ဒီကို twin tower ပေါ်မှာ..ပထမဆုံး..မီးလောင် တာ ထင်နေတာ။ ခေသူ မဟုတ်ပဲကိုး။ အဟဲ- မီးတောက် ၃-၄ -၅-၆ များလည်း..ဆက်ရေးပါအုန်း။ ဖတ်လို့ကောင်းတယ်။

----
ကိုအန်ဒီနဲ့သူမ အတွက်.. ရှယ် Recipe လေး..ဘလော့နောက်က..နေ..တိတ်၂ လေး ပေးလိုက်တယ်.. ( ဘယ်သူ့မှတော့မပြောနဲ့-ဒါ.. အိန္ဒိယ မြောက်ပိုင်း က..Great Great grand Mother Recipe နော်-း)
အားလူးကိုပြုတ်..ချေ ထား။ ကြက်သွန်နီ ဆီသပ် ဆနွင်း ထဲ့..ကြက်သားထဲ့..ပြီးမှ.. Cummin အမှုန့်လေး..တဇွန်းလေး ထဲ့.. ငံပြာရည် နဲနဲ ထဲ့.. အိုကေ..မွှေး.ပြီး..ကျက်ရင်- အားလူကြေထဲ ရော မွှေ..။ ဒါပဲ-
ကော်ပြန့်ရွက်မှာ ခေါက်တာလေးပဲ။ ကျမကတော့.. ပုံမှန် လေးထောင့်အရွက်ကြီးကို.. ၃ပိုင်း အရှည် ရအောင်ကပ်ကြေးနဲ့ကိုက် လိုက်တယ်။

ကဲ- သူမ နဲ့ကိုအန်ဒီ တို့..လုပ်စားဖြစ်ရင်..ပုံပြအုံးနော်။

khin oo may - 9/10/08, 1:45 AM

Old frame လား။ အများကြီးပေါ့. ။ဒါပေမဲ. မပြောရဲ ပါဘူး။ သိသာ သိစေ. မမြင်စေနဲ. မဟုတ်လား။ တို.ကတော.တရေး နိုးထမေး. ရည်းစား ဘယ် နှစ် ယောက် ရှိခဲ့လည်း မေးကြည်.။ ကြံ ကြံ ဖန်ဖန် မောင်ရယ်။ ဘာ တွေ လာ မေး နေ တာလဲ. ရည်း စား ဆိုလို. မောင် တစ် ယောက် ထဲ ရှိခဲ. တာ လို. ဖြေ ပါတယ်။

khin oo may - 9/10/08, 1:49 AM

စိတ်လိုလက်ရ ရှိရင်တော. ။ မောင်ရယ် သိလား ကိုယ် တို.လက်ထပ်ပြီးစီး ကြောင်း သတင်းစာထဲ ပါတဲ့ည ကလေ အရက် သောက် တဲ. သူ တွေ အများ ကြီးဘဲ သိလား လို.လဲ ပိုပို သာသာ ပြောတတ်ပါသေးတယ်။

မေငြိမ်း - 9/10/08, 12:28 PM

သိပ်နူးညံ့တဲ့ ၀တ္ထုတိုလေးပါပဲ....
နောက်ထပ် ဖတ်ချင်ပါသေးတယ်။

Andy Myint - 9/10/08, 2:51 PM
အပိုင်း ၃ ကတော့ ……. ကိုစောရာ…

ခေသူမဟုတ် လျှော်သူပါ မကေ။ သူမကလည်း လျှို့ဝှက် Family Recipe အတွက် အထူး ကျေးဇူးတင်လို့တဲ့.. လုပ်စားပြီး အောင်မြင်ရင် ဓါတ်ပုံရိုက်ပြီး တင်လိုက်မယ်လေ

ယုံတယ် မခင်ဦးမေတို့ကိုတော့

Old Flame နှစ်ပုဒ်အတွက် ဂေါက်ခံရတာ ဘု ၂ ဘု အပြင် ဆရာမ မေငြိမ်းက ဒီလို လာပြောလို့ မြောက်သွားပြီး မျက်နှာကျက်နဲ့ ဆောင်တဲ့ အတွက် နောက် ၁ ဘု ထပ်တိုးသွားလို့ ဘု ၃ ဘု ဖြစ်သွားပြီ……
ဂျစ်တူး - gyit_tu - 9/10/08, 10:23 PM

ကိုအန်ဒီကပဲ မတောက်ရတဲ့ old flame တွေရေးနေတယ် ။ အမကိုလည်း အလှည့်ပေးပါဦး အဟဲ ။

Anonymous - 9/11/08, 12:52 AM

အကိုနော် မီးတို့အကြောင်းတွေ ရှောက်မရေးနဲ့ ဟိုတစ်ယောက် သိသွားရင် မီးမလွယ်ဘူး

Andy Myint - 9/12/08, 8:59 AM
အစ်မကို အလှည့်ပေးရရင် ကျွန်တော့် အကြောင်းပဲ ဖြစ်နေတော့မှာပေါ့ တီတီဂျစ်ရဲ့။ ကျွန်တော်က အစ်မရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ဟီးဟီး။

သာမီးနော်... ဟင်း :)
Anonymous - 9/12/08, 12:18 PM

အမက ကိုအန်ဒီထက် အများကြီးပို ချောတာ။ ကိုအန်ဒီ တစ်ယောက်တည်းပဲ ဆိုတာ မယုံဘူးဗျို့။

မဇနိ - 9/12/08, 1:44 PM

ဟုတ်တယ် မမဘလော့ဂျာ အကိုကြွားနေပါတယ်ဗျို့။
အမရဲ့ မီးတောက်တွေ ရေတွက်ပြလိုက်စမ်းပါနှော။

pandora - 9/13/08, 12:29 AM

ကဗျာတို့ ရသတို့ မရေးတတ်ဘူး လို့ ပြောထားလို့ တကယ်လားလို့။ ဘယ်ဟုတ်မလဲ။ တကယ်တော့ အမှန်ခံစားခဲ့ရင် လှလှပပ ထွက်လာတာကိုး.

(ရန်တိုက်ပေးလိုက်တာ)

မဒမ် အန်ဒီကလည်း အားကျမခံ ဇာတ်လမ်းတွေ ပြန်ရေးဦးပေါ့နော်

Andy Myint - 9/15/08, 4:51 PM
အစ်မက မရှိဘူးတော့လည်း မဟုတ်ဘူးပေါ့ ရှိတယ်လည်း မဟုတ်ဘူးပေါ့ … ဆိုတော့…. မီးတောက်တွေ ထွက်လာအောင် ဘယ်လို “အစ်” ရပါ့ စာဖတ်သူနဲ့ မဇနိရယ်

မပန်တို့က လုပ်ချလိုက်ပြန်ပြီ။ အနှောင့်အသွား မလွတ်… ဟင်းဟင်းဟင်း… ထမင်းနဲ့ စားပစ်လိုက်မယ်နော်။
မင်းညို - 10/17/08, 2:45 AM

ငတုံးပြောရင်လည်းခံရမှာပဲ မတောက်လိုက်ရသော ဆိုတော့ ပထမ လက်သည်းနဲ့ တောက်တယ်ထင်တာ။ ဒီလူကြီး ရည်းစားဟောင်းတွေကို ဘာလို့ လက်သည်းနဲ့ တောက်ချင်ရတာတုန်းလို့။ ဟဲ ဟဲ တကယ်ပြောတာခင်ဗျ။

Post a Comment

Many thanks for dropping a comment…

Film


Files