Monday, October 06, 2008

ကင်ဘာရာ ခရီးစဉ် - Floriade

ကလေးငယ် နှစ်ယောက်နဲ့ ညအိပ်ခရီး မထွက်ဖြစ်တော့ဘူး ထင်ထားပေမယ့် ကင်ဘာရာကို တစ်ညအိပ် ခရီး ထွက်ဖြစ်လိုက်သေးတယ်။ ကင်ဘာရာ ဆိုတာ သြစတြေးလျရဲ့ အစိုးရ ရုံးစိုက်ရာ မြို့တော်ပါ။ Canberra ဆိုတာ ဌာနေ တွေခေါ်တဲ့ Kanbarra ကနေ ဆင်းသက်လာတာ ဖြစ်ပြီး “တွေ့ဆုံရာ နေရာ” လို့ အဓိပ္ပါယ် ရတယ်တဲ့။ ကင်ဘာရာနဲ့ ဆစ်ဒနီက သိပ်အဝေးကြီးလည်း မဟုတ် လက်တစ်ကမ်းမှာလည်း မဟုတ်ပါဘူး။ ၂၈၀ ကီလိုမီတာ (၁၇၀ မိုင်) ဝေးပါတယ်။ ကားကို ပုံမှန် မောင်းသွားရင် ၄ နာရီ ခွဲလောက်ပဲ ကြာပါတယ်။ စင်္ကာပူမှ KL သို့ ကားမောင်း သွားသလောက်ပဲပေါ့။ အဲဒီ ခရီးကတော့ ကီလိုမီတာ ၃၀၀ ကျော်ကျော် ရှိပါတယ်။

မနက် ၈ နာရီလောက်မှာ ဆစ်ဒနီကနေ ထွက်ပါတယ်။ လမ်းတ၀က်လောက်မှာ ကျူးလစ်ပန်းခြံတွေ ရှိတဲ့ Bowral မြို့ကို ၀င်မလို့ မိုးရွာနေတာနဲ့ မ၀င်ဖြစ်ဘူး။ မနှစ်က သွားတုန်းကတော့ အဲဒီ မြို့ အထိပဲ ရောက်ခဲ့တယ်။ ဒီနှစ်တော့ အဓိက သွားတာ ကင်ဘာရာ ဆိုတော့ မိုးလည်း ရွာနေတာနဲ့ မ၀င်တော့ဘူး။ လမ်းမှာ သားကို နို့တိုက်ဖို့တော့ ခဏ ရပ်ရတယ်။ အမေနို့တိုက်တာ အဖက်ဖက်က ကောင်းတယ်။ ခရီးသွားလည်း ပူစရာ မလိုဘူး။ နို့ဗူးဆိုရင် မလွယ်ဘူး။ နီးနီးနားနား ဆိုရင်တော့ ဖျော်ပြီး ထည့်သွား။ နွေးအောင် ထုပ်သွားလို့ ရသေးတယ်။ ခရီးရှည် ဆိုရင်တော့ မလွယ်ဘူး။ ဒါတောင် ကလေးနှစ်ယောက်နဲ့ ခရီးသွားရတာ ဆိုတော့ အထုပ်အပိုးတွေက မနည်းပါဘူး။ သမီးအတွက် နို့ဗူးဆေးတာတွေကနေအစ အနှီးထုပ်တွေ၊ ဆေးတွေအထိ အကုန် ယူသွားရပါတယ်။

ကင်ဘာရာက မြို့သေးလေးပါ။ တစ်မြို့လုံး အကျယ်အ၀န်းကတော့ စတုရန်း ကီလိုမီတာ ၈၀၀ စွန်းစွန်း ရှိပြီး စင်္ကာပူ (၇၀၀ စတုရန်းကီလို နီးပါး) ထက်တော့ ကျယ်ပါတယ်။ ၀ါရှင်တန် ဒီစီ (၆၀ စတုရန်း ကီလို ကျော်ကျော်) ထက်လည်း အများကြီး ကျယ်ပါတယ်။ (တကယ်တော့ Washington Metropolitan Area ဆိုပြီး ပြည်နယ်တွေ စပ်နေတဲ့ နေရာက မြို့ပြင်ကျယ်ကြီးက အင်မတန် ကြီးပါတယ်။ လူဦးရေ ၅ သန်းကျော် နေတယ်ဆိုပဲ။)

ကင်ဘာရာရောက်တော့ မွန်းလွဲနေပြီ။ ရောက်ရောက်ချင်း ဟိုတယ်ကို တန်းမသွားကြဘဲ ပန်းပြပွဲ (Floriade) ကျင်းပရာ Commonwealth Park ကို တန်းသွားပါတယ်။ ကင်ဘာရာက ဥယျာဉ် မြို့တော် ပုံစံ ဆောက်ထားတာ ဆိုတော့ လမ်းဘေး တလျှောက်ရော လမ်းအလယ် ကျွန်းတွေမှာပါ သစ်ပင်တွေကို စနစ်တကျ စီရရီ စိုက်ထားတာ ဆိုတော့ စိမ်းစိမ်းစိုစို ရှိပြီး ကြည့်လို့ အင်မတန် ကောင်းပါတယ်။ ဥရောပက မြိုသစ်လေး တစ်မြို့ရောက်သွားသလို ခံစားရပါတယ်။ အဆောက်အဦးတွေကလည်း အရမ်း မမြင့်ပေမယ့် ခမ်းနား ကြီးကျယ်ပြီး တစ်ခုနဲ့ တစ်ခု ခပ်လှမ်းလှမ်းမှာ ရှိတဲ့ အတွက် မြို့ပြတွေမှာ ခံစားရတဲ့ မွန်းကျပ်မှုမျိုးဆိုတာ လုံးဝ မရှိပါဘူး။

Commonwealth Park မှာ ကျင်းပတဲ့ Floriade ဆိုတာ သြော်ဇီမှာ အကြီးဆုံး ပန်းပြပွဲပါ။ နှစ်စဉ် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ကင်ဘာရာမှာ ကျင်းပပါတယ်။ များသော အားဖြင့် ကျူးလစ် (Tulips) ပန်းတွေ ဖြစ်ပေမယ့် တခြား အ၀ါရောင် ဒက်ဖဒိလ် (Daffodils) ၊ ဖြူနီပြာ ခေါင်းလောင်းပုံ ဟိုင်ယာဆင့် (Hyacinths) တို့၊ ဂန္ဓမာ (chrysanthemums) ပန်းရောင်စုံ ၊ ဒေစီ (Daisies) ပန်းတွေ၊ အိုင်းရစ် (Irises) ပန်းစသည် ပန်းပင်ပေါင်း တစ်သန်းကျော်ကို တစ်နေရာတည်းမှာ တွေ့ရပါတယ်။ အဖွားကနေ အမေ၊ မြေးမအထိ ပန်းကြိုက်တဲ့ မိသားစုအတွက်တော့ လက်ညှိုး တထိုးထိုးနေ ပြုံးပျော်နေတော့ပါပဲ။ သမီးကလည်း “ပန်း...” ဆိုပြီး ပြောပြောပြီး ပျော်နေတယ်။ ပန်းတွေကိုလည်း ခူးချင်နေလို့ မနည်း လိုက်ဆွဲနေရတယ်။ အဖွားကလည်း ကိုင်ကြည့်ချင်လို့ပါ ဆိုပြီး ကိုင်ကိုင်ကြည့်တယ်။

ဒီပြပွဲက ၀င်ကြေးကလည်း အခမဲ့ပါ။ မနှစ်တုန်းက သွားတဲ့ ပန်းခြံထက်လည်း အများကြီး ပိုကျယ်ပါတယ်။ ပန်းတွေကလည်း ရောင်စုံ မျိုးစုံ ပုံစံစုံပါပဲ။ ပန်းတွေကိုလည်း ဒီအတိုင်း စိုက်ထားတာ မဟုတ်ဘဲ သူ့ Theme နဲ့သူ စိုက်ထားတာပါ။ ဒါပေမယ့် ဒီအတိုင်းကြည့်ရုံနဲ့ အလွယ် မမြင်ရဘဲ အမြင့်ကနေ အပေါ်စီးကနေ ကြည့်မှ ကောင်းကောင်း မြင်ရတာပါ။ ဒါတောင် အတော်ကြီးကို လှနေပါပြီ။ လက်မလည်အောင် ဓါတ်ပုံ ရိုက်ယူရတယ်။

ပန်းတွေကို တမုန်းကြည့်ပြီးတော့ (ကျွန်တော်ကသာ တမုန်း ပြောတာပေါ့။ အဖွားက ကြည့်လို့ မ၀သေးဘူးတဲ့) ဟိုတယ်သွားပြီး Check in လုပ်ပါတယ်။ Canberra က လမ်းတွေက ကျယ်ပြီး စနစ်တကျ ရှိလို့ ကားမောင်းလို့ ကောင်းပါတယ်။ ဟိုတယ်ကလည်း မဆိုးပါဘူး။ မိသားစုတွေ လာလည်တတ်လို့လား မသိ အိပ်ခန်းတိုင်းမှာ ၂ ယောက်အိပ် ကုတင်အပြင် တစ်ယောက်အိပ် ၂ ထပ် ကုတင် တစ်လုံး အပို ထပ်ထည့်ပေးထားပါသေးတယ်။ အဘိုးအဘွားနဲ့ သမီးက တစ်ခန်း အိပ်၊ သားနဲ့ ကျွန်တော်တို့ နှစ်ယောက်က တစ်ခန်း အိပ်ကြတယ်။ အိမ်မှာလည်း သမီးက အခုဆို အဘွားနဲ့ပဲ အိပ်တော့တယ်။ ခက်တော့နေပြီ။ နို့မဟုတ်ရင် ညဖက် နိုးတာနဲ့ အဘွားဆီ သွားမယ်ပဲ ငိုပြီး ပြောနေတယ်။ ဟိုတယ်မှာလည်း ရောက်ရောက်ချင်းတုန်းကတော့ နေရာစိမ်း ဖြစ်နေလို့ ကြောက်နေတယ်။ ပြီးတော့ သူ့ကို ထားခဲ့မှာ စိုးလို့ လူကြီးတွေနားပဲ ကပ်ပြီး ငိုနေတယ်။ နောက်တော့ အိမ်မှာလိုပဲ အခန်း ၂ ခန်းကို ဟိုကူး ဒီကူး လုပ်ချင်နေတယ်။ ညဖက်ကျတော့လည်း သောင်းကျန်းနေတယ်။ ကျွန်တော်ကတော့ ကားမောင်းရတာ ပင်ပန်းလို့ စောစော အိပ်ပျော်သွားပေမယ့် သူတို့ သားအမိတွေ မြေးအဖွားတွေကတော့ အိပ်ယာ အသစ်မို့ အိပ်မပျော်ကြဘူးတဲ့။

ပန်းပုံတွေကို Slide Show လုပ်ထားပါတယ်။ ဒီနှစ်တော့ အရင်နှစ်က Bowral သွားတုန်းကလို ပန်းတွေကို အနီးကပ် မရိုက်တော့ဘူး။ အရင်နှစ်က အကြောင်းကို ကျူးလစ်ပွဲတော်မှာ ဖတ်နိုင်ပါတယ်။

ဆက်ရေးပါဦးမည်....



10 comments:

Anonymous - 10/6/08, 9:15 PM

I miss "Canberra" mate...:D
STRIKE

nu-san - 10/7/08, 2:01 AM

Andy ရေ.. မိသားစုတွေ ပျော်နေတာ ဓာတ်ပုံတွေကြည့်ပြီးအပျော်ကူးတယ်.. ပန်းတွေကလည်း လှလိုက်တာ... သမီးလေးက ပန်းတွေကြားထဲမှာပျော်နေပုံပဲ.. ဂါဝန်လေးနဲ့ဆိုတော့လည်း မြတ်နိုးလေးက ချစ်ဖို့ကောင်းသား.. ဓာတ်ပုံတွေလည်း အားလုံးကြည့်ပြီးသွားပြီ။ သားလေးက အပြင်မှာ ကလေးတို့မေမေချီထားတော့မှအတော်လေးထွားတာ သတိထားမိတယ်.. ကလေးတို့မေမေကတော့ လက်မောင်းတွေ အတော်ကြီးနေရောပေါ့.. :)

Ko Boyz - 10/7/08, 3:08 AM

ကိုအန်ဒီတို့များ ရေးလိုက်ရင် စိတ်ချမ်းသာစရာတွေချည်းပဲ...။ ခုလဲ မိသားစုလိုက် ခရီးထွက်တာ ဖတ်လိုက်ရတော့ ကြည်နှုးစရာလေး...။ စလုံးမှာတော့ အဲလို family life ရဖို့၊ မိသားစုလိုက် ခရီးဝေး ထွက်ဖို့ဆိုတာ တော်တော်ရှားမယ် ထင်တယ်နော်...။ ပို့စ်ကောင်းလေးတွေအတွက် ကျေးဇူးပါ....။

khin oo may - 10/7/08, 3:45 AM

ကောင်းတယ်ဗျှို့

Moe Cho Thinn - 10/7/08, 7:46 AM

ကျူးလစ်ပန်းလေးတွေက လှလွန်းလို့ လုပ်ယူထားတဲ့ ပန်းအတုလို့တောင် ထင်ရတယ်။ ဒီလို သာယာလှပတဲ့နေရာကို မိသားစုနဲ့သွားရတော့ ဘယ်လောက် စိတ်ချမ်းသာဖို့ ကောင်းလိုက်မလဲ။ မုဒိတာ ပွားသွားတယ်။

PTi - 10/7/08, 7:44 PM

ပန်းတွေကလှလိုက်တာ.. ဓာတ်ပုံရိုက်လို့တော်တော်ကောင်းမယ်နော်... ဟုတ်တယ်.. အမမိုးချိုးသင်းပြောသလို မိသားစုနဲ့သွားလို့ တော်တော်ကောင်းမယ့်နေရာလေး...

Ei Thi - 10/8/08, 5:10 PM

Glad to hear that, life is complete for you bro. Cheers!

မဇနိ - 10/8/08, 5:45 PM

ပန်းလေးတွေလည်း လှတယ်။ ကလေးလေးတွေလည်း ချစ်စရာကောင်းတယ်။ ပန်းပုံလေးတွေလည်း တိုရှည်လုပ်ထားလိုက်အုံးမယ်။ ညညအခန်းကူးချင်နေတဲ့ ပန်းရောင်မလေးက ပိုလှလှလာပြီနော်။

Nay Nay Naing - 10/9/08, 1:31 PM

ပန်းတွေကို ကြည့်ဖို့  အတော်လေး ကြိုးစားလိုက်ရတယ်.. မိသားစုပုံတွေနဲ့  ပန်းပုံတွေကြည့်ရတာ စိတ်ချမ်းသာဖို့ ကောင်းပါတယ်..
စိတ်ထဲမှာ.. သမီးလေးက ကြီးလေ ပိုချော ပိုချစ်ဖို့ ကောင်းလာလေလေပဲ..
သားလေး ရဲ့ မျက်တောင်ရှည်ရှည် ကော့ကော့လေးတွေကိုလည်း အသေအချာမြင်အောင် ကြည့်ဖြစ်သွားတယ်. အဲဒီဓာတ်ပုံလေးကို ဓာတ်ပုံရဲ့ ခေါင်းစဉ်ကြောင့် သတိထားမိပြီး အသေအချာကြည့်ဖြစ်သွားတာပါ..
င်္Flicker မှာ ပုံတွေတင်တဲ့အခါမှာ အဲဒီလိုပဲ သင့်တော်တဲ့ ခေါင်းစဉ် လေးတွေ တပ်ပြီးတင်ရင် ကြည့်သူတွေကို ပိုပြီး စွဲဆောင်နိုင်သလိုပဲ.. ပုံတင်ရတဲ့ သူတွေအဖို့ တော့ အလုပ်ပိုရှုပ်၊ အချိန်ပိုကုန်မယ် ထင်တယ်..

Andy Myint - 10/13/08, 8:51 AM
Yeah, you should, STRIKE.

သမီးက ပန်းတွေ ကြားဆို သိပ်ပျော်တာ မနုစံ။ သားက အ၀တ်ထုပ်ထဲမှာ ဆိုတော့ မသိသာဘူး။ အပြင်သွား အင်္ကျီ ဝတ်လိုက်တော့မှ သိသာတာလေ။ အခုတောင် ၈ ကီလို နီးနီး ရှိနေပြီ။

စင်္ကာပူမှာလည်း ရနိုင်ပါတယ် Ko Boyz။ စင်္ကာပူမှာ အမျိုးတွေ ပိုများတော့ ဘယ်လိုခေါ်မလဲ Family Life ထက် ပိုတယ်ပေါ့။

ကျေးဇူးဗျို့ မခင်ဦးမေ

ဟုတ်တယ် ဖယောင်းဖတ်လေးတွေလိုပဲနော် မချိုသင်း

အင်း မိသားစုနဲ့သွားသွား…. ကိုပီတိ သွားချင်သလို သွားသွား… ဟက်ဟက်

Thanks, Ei Thi. Not Really though. I just started my life in AU from scratch.

ဟုတ်တယ် ညီမနေနေရေ…သားလေးက လူချော။ စိတ်လိုရင်လည်း ဓါတ်ပုံတွေမှာ ခေါင်းစဉ် တပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဒီအတိုင်း တင်လိုက်မိရင် ကြည့်ရတဲ့သူက ဘာကြည့်နေမှန်း မသိရင် သိပ်မကောင်းဘူးပေါ့။

Post a Comment

Many thanks for dropping a comment…

Film