Tuesday, October 14, 2008

ရွှေမျိုး ကန်တော့ပွဲ

အမေတို့မှာ မောင်နှမ ၉ ယောက် ရှိတယ်။ အစ်ကို အကြီးဆုံးက ၂ ယောက်နဲ့ ကျန်တာတွေက ညီအစ်မတွေ။ မှတ်ရတာ များလွန်းလို့ “ဌေး” ၂ “ဌေး”၊ “မြင့်” ၃ “မြင့်”၊ “ခိုင်” ၄ “ခိုင်” ဆိုပြီး အဘိုးက မှတ်ထားတယ်။ အဖိုးကတော့ ဆုံးသွားပါပြီ။ အဖွားက အသက် ၈၂ ရှိပြီ။ အမေတို့ မောင်နှမတွေ အဘွားအိမ်မှာ ဆုံဖြစ်တယ်။ အဘွားအိမ်မှာက စနေ၊ တနင်္ဂနွေဆို သားသမီး တစ်ယောက် မဟုတ် တစ်ယောက်လာလည်တယ်။ မြေးတွေလည်း ပါလာတယ်။ အဘွားမှာ မြေး ၂၂ ယောက်၊ မြစ် ၉ ယောက် ရှိတယ်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်ဝမ်းကွဲတွေကလည်း အရင်းတွေလိုပဲ ချစ်ခင်ကြတယ်။ အဘွားအိမ်မှာ ဆိုရင် ရုံးရုံး ရုံးရုံးနဲ့ တွေ့ကြ နေကြတာ။ ညီအစ်ကို တ၀မ်းကွဲတွေက LAN Game ဆော့ရင်ဆော့၊ (အဘွား မသိအောင် အပေါ်ထပ်မှာ) အရက်ခိုးသောက်ရင် သောက်၊ ရိုးရိုးတန်းတန်း ဆုံရင်ဆုံ။ အလုပ် ကိစ္စ ဆုံရင်ဆုံ။ အဒေါ်တွေက ဟင်းတွေ တစ်မျိုး မဟုတ် တစ်မျိုး ချက်စားကြတယ်။ အဒေါ်တွေကလည်း တစ်ယောက် တစ်မျိုး ဟင်းချက် တော်ကြတယ်။ ၂ လုံး ၃လုံး ခေတ်စားတုန်းက တွက်ကြတယ်။ ထိုးကြတယ်။။ သင်္ကြန်တို့၊ Happy New Year တို့ဆို စုံတတ်တယ်။ ဒါပေမယ့် အမေတို့ မောင်နှမ ၉ ယောက်စလုံး တချိန်တည်း စုံဖြစ်တာ ရှားတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ မင်္ဂလာဆောင်တုန်းကတော့ ဆုံကြတယ်။

DSC04710သီတင်းကျွတ်ပြီ ဆိုရင်တော့ အဘွားအိမ်မှာ အမေတို့ မောင်နှမတွေ အားလုံး ဆုံဖြစ်ကြတယ်။ အဘွားကို ကန်တော့ကြဖို့။ အဲဒီနေ့ဆိုရင် တစ်ခုခု ချက်ထားကြတယ်။ အမေတို့ ညီအစ်ကို မောင်နှမတွေရော၊ မြေးတွေ၊ မြစ်တွေရော ဆုံကြတယ်။ တစ်အိမ်လုံးကို ပြည့်ပြီး ဆူညံနေတာပဲ။ သူ့အုပ်စုနဲ့ သူ စုပြီး တူရာ စိတ်ဝင်စားရာ ပြောကြတယ်။ အားလုံး စုံပြီဆိုရင် အဘွားကို အရင်ဆုံး ကန်တော့ကြတယ်။ တစ်ယောက် တစ်မျိုးစီ ယူလာတဲ့ ပစ္စည်းတို့၊ ပိုက်ဆံထည့်ထားတဲ့ စာအိပ်တို့ကို ရှေ့မှာ စုပုံလိုက်ပြီး ကန်တော့ကြတယ်။ အဘွားက ဆုတွေ၊ ဘာတွေ ပေးပြီး အားလုံးကို မုန့်ဖိုး ပြန်ပေးတယ်။ အဘွား မုန့်ဖိုး ပေးရင်တော့ ဆွေမျိုးတွေ အကုန်လုံး အများကြီးကို ပေးရတာ ဆိုတော့ အတန်သေးပေါ့။ တစ်ခါတစ်လေ ပိုက်ဆံကျဲတယ်။ သီတင်းကျွတ်မှာ ကျဲဖို့ဆိုပြီး ပိုက်ဆံကို အထုပ်လိုက် လဲထားရတယ်။ အကုန်လုံး လုကြ ကောက်ကြနဲ့ ပျော်စရာပဲ။ အသက် ၅၀ ကျော် ကျွန်တော်တို့ ဘကြီးတွေ၊ ကြီးတော်တွေလည်း အဘွားနဲ့ တွေ့ရင် ကလေးတွေပဲ။ ပြီးရင် ငါက ဘယ်လောက်ရတယ်။ သူက ဘယ်လောက် ရတယ် တွက်ကြရော။

သီတင်းကျွတ် ကန်တော့တဲ့ နေ့မှာတော့ အပြင်လူ မပါတတ်ဘူး။ အဘိုး ရက်လည် လိုမျိုး ဆိုရင် ဘုန်းကြီးတွေ ဆွမ်းကပ်တာမျိုး လုပ်ရင်တော့ အပြင်လူ ပါတယ်။ အမေတို့ မောင်နှမတွေ၊ မြေးတွေ၊ မြစ်တွေ အပြင် ဆိုင်ရာဆိုင်ရာရဲ့ အသိတွေ၊ သူငယ်ချင်းတွေပါ ပါတတ်တယ်။ သားသမီးတွေ မြေးတွေရဲ့ ရုံးက သူငယ်ချင်းတွေကလည်း အဘွားနဲ့ သိနေပြီ။ အဘွား သူငယ်ချင်းတွေလည်း ပါတတ်တယ်။ မြေးတွေကလည်း သူတို့ရဲ့ အတွဲတွေကို ဒီလိုနေ့မှာဆိုရင် အမျိုးတွေနဲ့ မိတ်ဆက်ပေးဖို့ အတော်ပဲ။ ကျွန်တော်လည်း သူမကို ဒီလိုပွဲမျိုးမှာ အမျိုးတွေကို မိတ်ဆက်ပေး အပ်ပေးလိုက်တယ်။ တစ်ယောက်ချင်း လိုက်ပြပြီး ဒါက ဘယ်သူ။ ဟိုဟာက ဘယ်သူ မိတ်ဆက်ပေးတယ်။

သီတင်းကျွတ် လပြည့်နေမှာ အဘွားကို ကန်တော့ပြီးရင် အဘွားက ကန်တော့ခံ (စင်မြင့်တော့ မဟုတ်ဘူး) ထိုင်ခုံကနေ ဆင်း။ ပြီးတော့ အမေရဲ့ အစ်ကို အကြီးဆုံး ဘကြီးကနေ စပြီး တစ်ယောက်ပြီး တစ်ယောက် ခုံပေါ်ထိုင်။ အောက်က ညီအစ်မတွေ (အန်တီတွေ)၊ တူ၊ တူမတွေ၊ မြေးတွေ မြစ်တွေက ဆက် ကန်တော့ လုပ်ကြတယ်။ အရင်တုန်းကတော့ ဦးကြီး ဒေါ်ကြီးတွေပဲ။ အခုတော့ မြေးတွေထဲမှာလည်း အရွယ်ရောက်ပြီး အိမ်ထောင်တွေ ဘာတွေကျ၊ သားသမီးတွေ ရလာပြီ ဆိုတော့ မြေးအကြီးတွေပါ ပါလာပြီ။ ကြီးသူကို ငယ်သူက တစ်ယောက်ပြီး တစ်ယောက် ကန်တော့ကြတာမျိုး။

ကန်တော့ဖို့ ပစ္စည်းတွေကိုလည်း တခါတည်း ပြင်လာရတယ်။ အဘွားကိုတော့ ပိုက်ဆံတွေ ဘာတွေ ကန်တော့ကြပြီး အမေတို့ မောင်နှမတွေကတော့ အချင်းချင်း ကော်ဖီမစ်တို့ ဘာတို့လိုမျိုးနဲ့ ကန်တော့ကြတာ။ မောင်နှမတွေ ကန်တော့ကြတာဆိုတော့ တန်ဖိုးက အဓိက မဟုတ်ဘူး။ ကန်တော့ရန် အဓိကပဲ။ မြေးတွေ အလှည့်မှာတော့ ဒီအတိုင်းပဲ ဖြစ်သွားရော။ ကန်တော့ခံရပြီ ဆိုရင်တော့ မုန့်ဖိုး ပေးဖို့သာ ပြင်ထားတော့။ အဘွားကနေ စပြီး မုန့်ဖိုး ပေးလိုက်တာ ဦးကြီး ဒေါ်လေးတွေပြီးရင် ကျွန်တော်တို့ မောင်နှမ တ၀မ်းကွဲတွေ အထိ မုန့်ဖိုးပေးကြတာဆိုတော့ အငယ်ဆုံးတွေကတော့ ထောကြောပဲ။ ကလေးတွေက တစ်ယောက်ကို ကန်တော့လိုက် မုန့်ဖိုးရလိုက် နောက်တစ်ယောက် ကန်တော့လိုက် မုန့်ဖိုးရလိုက်နဲ့ တစ်ထိုင်တည်းမှာ အများကြီး ရသွားတယ်။ စိတ်ထဲမှာလည်း ဘယ်လောက်ရ သွားပြီး ပေါင်းလိုက် ရေကြည့်လိုက်နဲ့ ငါတော့ ဘယ်လောက် ရပြီဆိုပြီး ပြောတဲ့ ကလေးကလည်း ပြောကြနဲ့ ပျော်ရွှင် ဆူညံနေတာပဲ။

အားလုံး စုံနေတော့ အဘွား အပြင် တခြား ဦးကြီး ဒေါ်လေးတွေ ကန်တော့ဖို့ သပ်သပ် သွားစရာ မလိုတော့ဘူး။ တထိုင်တည်းမှာ အားလုံး ကန်တော့ပြီးသား ဖြစ်သွားတယ်။ ဆွေတွေ မျိုးတွေလည်း ဆုံတွေ့ရတယ်။ ပြီးရင် အစားအသောက် အစုံ စားကြရော။ အရင်တုန်းကတော့ မြေးအလတ်တွေ များတယ်။ အခုတော့ မြေးအလတ်တွေ တော်တော်များများက နိုင်ငံခြား ရောက်ကုန်ကြတယ်။ နိုင်ငံခြားဆိုတာလည်း အဓိကတော့ စင်္ကာပူပေါ့။ မြန်မာပြည်မှာ လုပ်စား ကိုင်စားဖို့ မတတ်ကြတော့လည်း ဒီလို ပျော်စရာ ဆွေတွေ မျိုးတွေနဲ့ ခွဲပြီး အဝေးရောက်နေကြရတယ်။ မြန်မာပြည်ကို လွမ်းတဲ့ အထဲမှာ အဲဒီ ရွှေမျိုးတွေကလည်း ထပ်ဆုံးက ပါတယ်။

ဒီနှစ် ကန်တော့ကြတဲ့ ပုံတွေ ပို့ပေးလိုက်လို့ ကြည့်ပြီး အဝေးကနေ ကုသိုလ် ပွားရသေးတယ်။



တခြားဖတ်ရန် - အမေ့အကြောင်းတွေ

17 comments:

Hay Mar - 10/14/08, 10:15 PM

ဆွေမျိုးတွေနဲ့ ခွဲပြီးနေရခြင်းကို စာနာမိပါတယ်ရှင်။ ပျော်ရာမှာ မနေရ တော်ရာမှာ နေကြရတာကိုး။ ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တတ်ရတော့ တာပေါ့လေ။ ပုံတွေကြည့်ပြီး ကုသိုလ်တွေ မျှယူသွားပါကြောင်း။

ဇနိ - 10/14/08, 10:31 PM

ကိုအန်ဒီရေ ဆွေမျိုးတွေ အများကြီးနဲ့ ပျော်စရာ ကောင်းတယ်ဗျာ.. ကျနော်လည်း အိမ်ကို သတိရနေတယ်ဗျို့......

PTi - 10/15/08, 12:29 AM

ဟုတ်တယ် ကိုအန်ဒီ.. ကျွန်တော်တို့အညာမှာနေတုန်းကလည်း အဲလိုပဲ... ရန်ကုန်ကိုရောက်လာတော့လည်း ရှိတဲ့ အငယ်တွေက အကြီးအိမ်တွေကို သွားပြီး ကန်တော့ကြတုန်းလေ... လွမ်းစရာတွေပဲနော်...

sin dan lar - 10/15/08, 1:06 AM

ကိုအန်ဒီ..ကျမရဲ့ အမျိုးသားဖက်က ကန်တော့ပွဲနဲ့ အရမ်းတူပါတယ်ရှင်။ အကြီးဆုံးလူက မုန့်ဖိုးပေးရတာများလို့ အတန်သေးပဲ ပေးနိုင်တယ်၊ တလှည့်စီခုံပေါ်တက်ရတယ်၊လင်မယား ၂ယောက်ကန်တော့ခံပြီးရင် မိန်းမက ယောက်ျားကိုပြန်ကန်တော့ရတယ်၊မနှစ်ကတော့ နောက်ဆုံးကန်တော့ခံလူကြီးမင်းက ၃ နှစ်သမီးတူမလေး ၊သူ့မောင်လေးကသူ့ကိုကန်တော့တယ်၊သူက ပညာတွေတတ်၊ဘွဲ့တွေရ၊အထူးကုဆရာဝန်ကြီးဖြစ်ပါစေလို့ဆုပေးလို့ ၀ိုင်းရီခဲ့ကြသေးတယ်၊မနေ့ညက ကန်တော့ပွဲ လုပ်ကြတယ်။ ကိုအန်ဒီ့စာဆတ်ပြီး အိမ်ကိုအရမ်းလွမ်းသွားပြီ။

Taungoo - 10/15/08, 1:13 AM

ကိုအန်ဒီတို့ ကန်တော့ကြတဲ့ ဓလေ့လေးက မြန်မာဆန်လိုက်တာ။ တစ်နေရာထဲမှာလည်း အားလုံးစုံပြီးသားဖြစ်သွားတယ်။ ပျော်စရာ ကြည်နူးစရာပဲ။

ဘလော့သက်ကြီးပူဇော်ပွဲကန်တော့ခံအဖြစ် အကို့တို့မောင်နှံကို ကန်တော့သွားပါတယ်။

မေတ္တာဖြင့်

Kay - 10/15/08, 1:31 AM

အော်- ဗမာပြည်မှာ..လူဦးရေ သန်း ၅၀ ပြည့်သွားတာ..ကိုအန်ဒီ့ အဘွား နဲ့အဘိုးကြောင့်ပဲ။း)

khin oo may - 10/15/08, 1:41 AM

အားကျမိပါကြောင်း။

Moe Cho Thinn - 10/15/08, 5:01 AM

စိတ်ချမ်းသာဖို့ ကောင်းလိုက်တာနော်။ တခါတည်း ဒီလို စုစည်းလိုက်တော့ ဆုံပြီးသားလဲ ဖြစ်၊ ကုသိုလ်လဲရ၊ အလေ့အထလေးလဲ မပျက်တော့ဘူးပေါ့။
အမတို့လဲ ကိုAndy တို့လောက် မိသားစု မကြီးပေမဲ့ ဒီလိုပဲ ရန်ကုန်မှာ အမေ့အမျိုးတွေနဲ့ လုပ်ဖြစ်တယ်။ ကိုယ်က အငယ်ဆုံးဆိုတော့ ပေါက်တူးပေါက်သလိုပဲ ကန်တော့လိုက်ရတာ၊ ပြီးတော့ မုန့်ဘိုးလဲ အရဆုံး ဆိုပါတော့..

shin - 10/15/08, 12:37 PM

Hee Hee... Same same... We also have such a big group of relative. 20+ cousins from father side and 20+ cousins at mother side as well. It's really enjoyable to have a lot of closed relatives. We used to gather and play together when we were young.

But now, separate into different country already. Our grandparents also passed away a few years ago. It's very hard to meet up all now. Really miss those time.

But the different between ko Andy's and our groups is no couple among our cousin got the kids yet. Your grandmother is such a lucky person to be able to see all her kids growing up and successful in their own way. I really wish my grandparent will still be here.

A Linn Nyi - 10/15/08, 3:55 PM

အန်ဒီရေးထားတာ ပျော်စရာကောင်းလိုက်တာ။ အမတို့အိမ်မှာလဲ အဲလို ကန်တော့ပေမယ့် အမျိုးနည်းတော့ ဝမ်းကွဲ အဘိုးလေး၊အဘွားလေးတွေပါ လိုက်ကန်တော့ပြီး မုန့်ဖိုးများအောင် ငယ်ငယ်က လုပ်ကတယ်။ ခုတော့ ကိုယ်က မုန့်ဖိုးပေးရမယ့်အလှည့်ဆိုတော့ ပုန်းနေတယ် :D

kaphyo - 10/16/08, 11:28 AM

KO AUNG, THANKS FOR THIS POST, I REALLY REMEMBER THAT TIME. THAT DAY I CALLED HOME AND I TALKED WITH GRAND MUM, BA BA GYI & AUNTY HLAING, AND MA GYI. BUT I DIDNOT TALK WITH MY MUM. :( AND ALSO I DIDNOT GET 'MONT PHO' :D.

star - 10/16/08, 9:27 PM

အိမ်ကလဲ တန်ခူးသတင်းကျွတ်ဆိုရင် အဲလို ကန်တော့နေကျလေ။ အိမ်ကိုအရမ်းကိုလွမ်း သွားတယ်။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ အားပေးနေပါတယ်ရှင်

ဘိုဘို - 10/18/08, 7:05 AM
This comment has been removed by the author.
ကိုချော - 10/19/08, 1:58 PM

ဟုတ်ပဗျာ....ဒီချိန်ရန်ကုန်မှာသာ ဆို တော်တော် ခိုင်နေလောက်ပြီ (ဟင်းဟင်း..။ အဖွားအိမ်က ထမင်း ပွဲကို လွမ်းတယ် ဗျို့....

Andy Myint - 10/19/08, 4:13 PM
အမှန်ပဲ မဟေမာ `ပျော်ရာမှာ မနေရ တော်ရာမှာ နေရ´ ဆိုတာ

အိမ်လွမ်းရင် ပြန်လေ ကိုဇနိ.. တကယ်တမ်းသာ လွမ်းတိုင်း ပြန်နိုင်မယ် ဆိုရင်လည်း ကောင်းသား။

အင်း.... ဓလေ့ပေါ့ ကိုပီတိ

မိန်းမက ယောက်ျားကို ပြန်ကန်တော့တာတို့ ၃ နှစ်သမီးလေးကို သူ့မောင်လေးက ကန်တော့တာတို့က ကျွန်တော်တို့ထက် သာတယ် မ Sin Dan Lar ။ ကျွန်တော်တို့က ကိုယ့်အိမ်မှာ အဖေအမေကို သက်သက် ကန်တော့သေးတယ်လေ။ အတူနေတုန်းကပေါ့။

သာဓု သာဓု သာဓု တောင်ငူသား ဘုန်ကြီးပါစေ သက်ရှည်ပါစေ အောင်မြင်ပါစေ

အုတ်တစ်ချပ် သဲတစ်ပွင့်ပေါ့ မကေ

ကျေးဇူးတင်မိပါကြောင်း မခင်ဦးမေ

ဟုတ်တယ် မချိုသင်း ဒီလို အင်မတန် ကောင်းတဲ့ ဓလေ့ကို ပျော်စရာ တစ်ခုအနေနဲ့ မပင်ပန်းဘဲ ထိန်းသိမ်းထားနိုင်မယ် ထင်တောင် မထင်ဘူး။

ဘိုလို ကောမန့် ရေးသွားပေမယ့် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ခင်ခင်မင်မင် ရေးသွားတာ ကျေးဇူး Shin။ ကျွန်တော်ကတော့ အင်္ဂလိပ်လို ရေးလိုက်ရင် တုန်းတုန်း ခြောက်ခြောက်ကြီး ဖြစ်သွားမှာ စိုးလို့ မြန်မာလိုပဲ ပြန်ရေးလိုက်ရတာ။ မောင်နှမ ၀မ်းကွဲတွေ အများကြီး ရှိတာ တကယ့်ကို ပျော်စရာ ကောင်းတယ်။ အားကိုးလည်း ရတယ်။ အဘွား အခုအချိန်ထိ နေနိုင်သေးပြီး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် မြင်ရတာကို ကျွန်တော်တို့ အားလုံးကလည်း ကြည့်ပြီး ၀မ်းသာနေတာလေ။

ဟားဟား ဟုတ်တယ် အလင်းညီ။ ကိုယ့်အလှည့်ကျတော့ ကိုယ်က အဝေးရောက်နေပြီလေ။ တူတွေ တူမတွေကိုတော့ မုန့်ဖိုး ပေးချင်ပါသေးတယ်။

Cheers, Ka Pyho. Ya we missed it.

ကျေးဇူး Star။ ကျွန်တော်တို့ကတော့ သီတင်းကျွတ်မှာပဲ အသေအချာ ကန်တော့ဖြစ်တယ်။ အဘွား မွေးနေ့မှာလည်း ကန်တော့ကြပေမယ့် ဒီလောက်တော့ တစ်ချိန်တည်းမှာ လူမစုံဘူး။

Thanks ,Bo Bo

အဘွားအိမ်မှ ချက်စားသမျှကို လွမ်းနေတာ ကိုချောရေ
ဝါ၀ါခိုင်မင်း - 10/25/08, 9:50 PM

ကိုအန်ဒီ ရေ..
အမျိုးတွေ အများကြီးနဲ့ ပျော်စရာကောင်းတဲ့ သီတင်းကျွတ်ကန်တော့ပွဲလေးပါပဲနော်.။

Andy Myint - 10/28/08, 9:57 PM
ဟုတ်တယ် မ၀ါဝါရေ... အမျိုးတောင့်တယ် ဆိုပါတော့

Post a Comment

Many thanks for dropping a comment…

Film