Tuesday, November 25, 2008

ဟစ် ၂ သိန်းပြည့် အမှတ်တရ

သားလေး မွေးတဲ့ နေ့မှာ အလည်ရောက်တဲ့ လူကြီး မိဘတွေလည်း အခုတော့ ဒီမှာ ဗီဇာ သက်တမ်း ရှိသလောက် ၆ လနီးနီး နေပြီးတော့ မြန်မာပြည် ပြန်သွားရပြီ။ ဘ၀က အခုမှ ပြန်စတယ်။ လူကြီးတွေ ရှိရင်တော့ အင်မတန် သက်သာတာ။ ကလေးတွေကို သူတို့နဲ့ ပစ်ထားပြီး ကိုယ်လုပ်ချင်ရာ လုပ်လို့ရတယ်။ အခုတော့ ဒီမှာ ကလေး ၂ ယောက်က တစ်ဘက်နဲ့ လူကြီး ၂ ယောက်က တစ်ဘက် ပွဲက အခုမှ စတယ်။ ကျွန်တော် အလုပ်သွားရင် အိမ်မှာ သူတို့ အမေတစ်ယောက်တည်းနဲ့ ကလေးက ၂ ယောက် ဖြစ်ရော။ သူမက ပြောတယ်။ `ကလေးတွေက အမေတစ်ယောက်တည်းကို လုနေကြတယ်။´တဲ့။ ကျွန်တော်ကလည်း ကလေးတွေကို ပြန်ပြောလိုက်တယ်။ `မင်းတို့တွေ အဝေမတည့်တာနဲ့ ဆရာ ငတ်ပြီ´ ဆိုတော့ သူမက `ဟွန့်... ဘယ်က ဆရာက ငတ်ရတာတုန်း´ ဆိုပြီး ကလေးတွေနဲ့ အပြိုင် အမေကို လုနေလို့ ပြန်ပြောလာတယ်။ `အေးလေကွာ ကလေးတွေနဲ့ အလုပ်ရှုပ်နေတော့ ငါတို့ ထမင်း ဟင်းမချက်ဖြစ်ရင် ငတ်တာကို ပြောတာပါ။´ လို့ လျှောချရတယ်။

သြော်ဇီက စင်္ကာပူလို မိဘတွေကို Long Stay ခေါ်ဖို့ သိပ်မလွယ်ဘူးလေ။ အဲဒါကြောင့် နှစ်ဖက် မိဘတွေကို ချိန်ပြီး ခေါ်ရတယ်။ ဒီကြားထဲမှာတော့ သူမက နည်းနည်းတော့ ကသီမှာပေါ့လေ။ သမီးကိုတော့ တစ်ပတ် ၂ ရက် ကလေးထိန်းကျောင်း စပို့နေပြီ။ သမီးက ကျောင်းမှာ ပျော်ပါတယ်။ ကျောင်းက ပြန်လာပြီးကတည်း စကားတွေ ပြောနေတယ်။ ဘာတွေ မှန်းတော့ မသိဘူး။ အိမ်ထဲမှာနေရတာ သူက ပျင်းလာပြီ။ အပြင်ထွက်ဖို့ပဲ ပူဆာနေတော့တယ်။ ကျောင်းမှာဆို အဖော်လည်း ရတယ်။ တခြားကလေးတွေနဲ့ ဆော့ဖြစ်တာပေါ့။ မနက်ဆိုရင် ၉-၁၀ နာရီလောက် ကျောင်းပို့ ညနေဆိုရင် ၄-၅ နာရီလောက် သွားကြိုတယ်။ ကျောင်းမှာ ဘာတွေ ကျွေးလည်းတော့ မသိဘူး။ အတော်တော့ စားလာပုံ ရတယ်။ ကျောင်းသွားပြီး နောက်တစ်နေဆို အီးပါလိုက်ရင် အထုပ်လိုက်ပဲတဲ့ အဘွားရှိတုန်းက သတိထားမိပြီး ပြောတယ်။ အိမ်မှာ စားတဲ့ အစာဆိုရင် ၀မ်းချုပ်တာနဲ့ ဘာနဲ့။ ကျောင်းက အစာတွေ စားပြီးတော့ ၀မ်းတွေ ဘာတွေလည်း မှန်တယ်။ ထုံးစံအတိုင်း ကျောင်းသွားပြီးတော့ ဖျားတာပဲ။ ကျောင်းကနေ ကူးတာလည်း ဖြစ်မှာပေါ့ ။ သွားတွေကလည်း ပေါက်ချင်တာလည်း ပါချင်ပါမှာ။ အတော်လေး ဖျားလိုက်သေးတယ်။ သမီးရဲ့ တိုးတက်မှုတွေ ရေးဦးမယ်။ အားရင် ပေါ့လေ။ သားကတော့ အခုတော့ ချထားလို့ ရပေမည့် သူကလည်း လက်ကြိုက်တယ်။ ချီထားရင် ငြိမ်နေတာပဲ။

အခုတော့ ဒီမိသားစုရဲ့ အချိန်ဇယားတွေ ပြောင်းရတော့မည်။ ကျွန်တော်က ရုံးစောစော သွားပြီး စောစော ပြန်လာမှ ဖြစ်မည်။ နို့မို့ဆို အိမ်မှာ ကလေးနှစ်ယောက်နဲ့ အမေတစ်ယောက်တည်း။ ရုံးက စောစောပြန်မည်ဆိုတော့ ရုံးမှာ အရင်လို အီးယောင်ဝါး လုပ်လို့ မရတော့ဘူး။ အလုပ်တွေ ပြတ်အောင်လုပ်ပြီးမှ ကိုယ်က အလုပ်ပြီးတယ် ဆိုပြီး စောစောပြန်လို့ ကောင်းမှာ။ ရုံးမှာ ဘလော့လို့ မဖြစ်တော့ဘူး။ ဘလော့ဖို့ နေနေသာသာ ဘလော့ရေးဖို့ Research တောင်လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အိမ်ရောက်ရင်လည်း အခု ဒီစာရေးသလို သူတို့တွေ အိပ်မှပဲ ရေးနိုင်မှာ။ အားလပ်ချိန်မှာလည်း ဘလော့ချည်းပဲ မဟုတ်သေးပြန်ဘူး။ တခြား လုပ်စရာတွေက ရှိသေးတယ်။ အနည်းဆုံးတော့ တီဗွီ ကြည့်စရာ။ တခြား စာအုပ် ဖတ်စရာတွေ လေ့လာစရာတွေ ရှိသေးတယ်။

ဟစ် ၂ သိန်းပြည့် အမှတ်တရလည်း အသေအချာ မရေးဖြစ်တော့ပါဘူး။ ၄လ အတွင်း နောက်ထပ် ဟစ် တစ်သိန်း ရမည်လို့ မထင်ထားတာတော့ အမှန်ပဲ။ ဟစ်တစ်သိန်း အတွက် ဒီလေးလအတွင်းမှာ Top Referer ကတော့ (၂၄၆၆ Visitors) နဲ့ ကိုပေါရဲ့ ဘလော့ ပါပဲ။ ကိုပေါ ဘလော့က လူစည်ပြီး လာတဲ့သူတွေကလည်း ဘလော့ ပုံမှန် ဖတ်နေကြသူတွေ အပြင် ကိုပေါကို ခင်တဲ့ သူတွေပါ ပါတော့ ကျွန်တော် ဘလော့ ပရိတ်သတ် အသစ်တွေ ထပ်ရလိုက်တယ်။ စင်္ကာပူ ပရိတ်သတ်တွေ အပြင် မလေးရှား ပရိတ်သတ်တွေပါ ရလိုက်သေးတယ်။ ဒေါက်တာလွဏ်းဆွေ (၂၄၁၁ ခု)၊ မပန် (၂၃၆၀) နဲ့ TZA ရဲ့ ဒီကိုလာ (၁၉၆၉) ခုကတော့ ထုံးစံ အတိုင်း အစဉ်လိုက်ပါပဲ။ ဘလော့ဖတ်သူတွေရဲ့ လမ်းကြောင်းဟာ ဒီဘလော့ လည်ပြီး ဟိုဘလော့ကို လည်တာပါ။ မပြောင်းသေးပါဘူး။ ဘလော့ ပရိုမိုးရှင်းဆု ပေးရလောက်တဲ့ မဇနိကြောင့်လည်း နဂိုကတည်းက ဖတ်လို့ ကောင်းနေတဲ့ သိုင်းသိုင်းဝိုင်းဝိုင်း အိုးဝေဘလော့ကနေ (၁၄၈၀) လာပြီး ဘလော့ ဘိုးအေကြီး ညီလင်းဆက်ကပါ လင့်ပေးလိုက်လို့ (၁၄၄၆) ခုနဲ့ အတော် စည်ကားသွားပါတယ်။ သူတို့ဆီကနေ တစ်ယောက်လာပြီးရင် တခြား စာတွေပါ ထပ်ဖတ်သွားတော့ ဒီ Top5 Referrer တွေဆီကပဲ အနည်းဆုံး ၂၅% လောက် ဟစ်ရလိုက်တယ်။ နောက်ပြီး ကံကောင်းချင်တော့ Blogspot က ကျွန်တော်လုပ်ထားတဲ့ Feed Roll လိုမျိုး ပုံလေးတွေနဲ့ လုပ်လို့ရလာပြီး ခင်မင်တဲ့ ဘလော့တွေက ကျွန်တော့် ဘလော့ကို Preview လုပ်ပေးတော့ အဲဒီကနေ လာတာတွေ ကြောင့်လည်း ဒီလို အမြန် ပြည့်သွားတာပါ။ အားလုံးကို ကျေးဇူးတင်စရာပဲ။

ဟစ် ၂ သိန်း ပြည့်ရင် ဘလော့ မရေးတော့ဘူးလို့ စဉ်းစားထားသေးတယ်။ ဘလော့အပြင် တခြား လုပ်စရာတွေ ရှိသေးတယ်လေ။ ဘလော့မှာ အားထည့်သလို အားထည့်မယ်ဆို အခုနေ ကျွန်တော် ဘွဲ့တစ်ခုလောက် ထပ်ရနေပြီ။ ဒါပေမယ့်လည်း သံယောဇဉ်က မပြတ်နိုင် ဖြစ်နေတယ်။ ဂျစ်တူးကတော့ ပြတ်တယ်။ မရေးတော့ဘူးတဲ့။ ကျွန်တော်ကတော့ မနေနိုင်သေးဘူး။ အဲဒီတော့ တစ်လ ၃-၄ ပို့စ်လောက်ပဲ ရေးတော့မယ်။ ဘလော့ရေးတာ ဖတ်တာ အနိမ့်ဆုံး Priority အဖြစ် သတ်မှတ်လိုက်ပြီ။ လာလည်တဲ့ သူတွေလည်း အချိန်မကုန်ရအောင် တစ်ပတ် နှစ်ပတ်နေမှ တစ်ခါ လာကြည့်ပေါ့။ နို့မဟုတ်ရင် လာမောဖြစ်သွားမယ်။

`ကွန်ပြူတာ သုံး တာ ၁၀ မိနစ် ပြည့် တိုင်း.. မျက်စိကို အနားပေးဖို့..အဝေး ကို လှမ်းလှမ်း ကြည့် ပေးပါ´ ဆို သလိုပဲ.. ပုံရိပ်ယောင် ကမ္ဘာထဲ မှာ..ပျော်မွေ့ပြီးတိုင်း.. ဘလော့ တွေ ဖတ်ပြီးတိုင်း.. ဟိုး-------အဝေးကို လှမ်း လှမ်း ကြည့်ပေး ကြ ရမယ် ..ထင်ပါရဲ့။

လို့ မကေက ရေးထားတယ်။ ကျွန်တော်လည်း ဘလော့တွေမှာ အချိန် မပေးတော့ဘဲ တခြား လှမ်းကြည့်စရာတွေ ရှိသေးတယ်။ တခြား လေ့လာစရာတွေ လုပ်စရာတွေက အောတိုက် ရှိနေသေးတယ်။ ဘလော့ကို Entertainment အဖြစ် လုပ်ခဲ့ပေမည့် လူက (သရဲသဘက်စီးသလို) ဘလော့စီး သွားပြီး အပန်းပြေ ဆိုတာထက်တော့ ပိုလုပ်ခဲ့မိတယ်။

ဟစ်တစ်သိန်းပြည့်တုန်းက ဟစ် ၂ သိန်းကို ၆ လအတွင်း ပြည့်အောင်လုပ်မည် စိတ်ကူးခဲ့တယ်။ အခု ဟစ် ၂ သိန်းပြည့်တော့ Resolution က ဘလော့ ဖတ်ခြင်း ရေးခြင်းမှာ တစ်လကို နာရီ ၂၀ ထက်ပိုပြီး မသုံးတော့ဘူး ဆိုတာပါပဲ။ ဒါတောင် အတော်များနေသေးတယ်။ အရင်တုန်းက တစ်လကို နာရီ ၅၀ ကျော် သုံးခဲ့တယ်။ Comment တွေ CBox တွေကိုလည်း ဖတ်ပေမည့် ပြန်နိုင်တော့မှာ မဟုတ်ပါဘူး။ လိုအပ်ရင်တော့ ပြန်မှာပေါ့။ အဆင်မပြေ ဖြစ်နေတာတော့လည်း မဟုတ်သေးပါဘူး။ Priority တွေကို Shuffle လုပ်လိုက် ရုံပါပဲ။

တခြားဖတ်ရန် -Hit တစ်သိန်း အမှတ်တရ 

24 comments:

Ko Paw - 11/25/08, 12:44 PM

ကွန်ဂရက်ကျူလေးရှင်း… ကိုအင်ဒီ….. တကယ်တော့ ကိုအင်ဒီ့ဘလော့ဂ် ကိုယ်၌က ဆွဲဆောင်မှုရှိလို့ လူတွေ လာကြတာပါ။ ညှို့အားပြင်းတယ်လေ။ (ဘလော့ဂျာ သူမ ကို ပိုးပန်းစဉ်က နည်းတွေ ထုတ်သုံးထားသလား အောက်မေ့ရတယ်။း-) “အရမ်းစွဲတယ်လို့”….. ဟာ… သတိထားနေတဲ့ကြားက “လို့” ကြီး ပါသွားပြီ။း-)

အဘိုးအဘွား အိမ်မှာရှိရင်တော့ အဖေအမေတွေ နည်းနည်း လူပျိုအပျို လုပ်လို့ရသဗျ… ကိုယ်တွေ့…ဟိဟိ။

ဇနိ - 11/25/08, 1:37 PM

ဝမ်းသာပါပေ့ ကိုအန်ဒီရေ..
ဘလော့ဂ်ကို အဆင်သင့်သင့်သလိုသာရေးပါ - အချိန်တွေဝေခွဲရတာ နားလည်ပါတယ်လေ...

Taungoo - 11/25/08, 2:45 PM

ံHit နှစ်သိန်းပြည့်အတွက် ဂုဏ်ယူပါတယ် ကိုအန်ဒီ။
ကလေးနှစ်ယောက်ရှိတဲ့ အိမ်ထောင်ရှင် တစ်ယောက်အနေနဲ့ ဒီလောက်ထိလုပ်နိုင်တာ လေးစားပါတယ်။ ဘလော့ရေးတဲ့ကိစ္စတွေ လျှော့ချမယ်ဆိုတဲ့အတွက်လည်း ကောင်းပါသည်ခင်ဗျားလို့ ပြောပါရစေ။ မလုပ်ပါနဲ့တို့ ဒီအတိုင်းပဲ ဆက်သွားပါလို့ ပြောရမှာ အပြောလွယ်ပေမယ့် ကာယကံရှင်အတွက် ဘယ်လောက်ပင်ပန်းတယ်ဆိုတာ လုပ်ကြည့်တဲ့သူမှ သိမှာပါ။ စီးပွားရေးမဟုတ်ဘဲ အပျော်တမ်းလုပ်ကြတဲ့ ဘလော့တွေကြောင့် ကောင်းကျိုး ပီတိလေးတွေ ခံစားရရှိပေမယ့် အဲဒါနဲ့အတူတွဲပါလာတဲ့ ဘေးထွက်ဆိုးကျိုးတွေက အများကြီးပါ။ တချို့ဆိုးကျိုးတွေက သတိမမူမိလောက်အောင် ငြင်ငြင်သာသာနဲ့ ဝင်လာတာ။ ကိုယ်လဲ သတိထားမိရော တော်တော်လွန်နေပြီ။ အဓိကကတော့ “တန်ဆေး လွန်ဘေး” ပါပဲ။ ဘာပဲပြောပြော ကျွန်တော့်အတွက်တော့ ကိုအန်ဒီတို့မိသားစု ဘလော့ပုံစံလေးဟာ မြန်မာဘလော့တွေကြားမှာ အတူယူစရာ ချစ်စဖွယ်ဘလော့လေးတစ်ခုအဖြစ် ရပ်တည်နေတာကတော့ အမှန်ပါပဲဗျာ။

မေတ္တာဖြင့်

Anonymous - 11/25/08, 3:54 PM

မလုရအောင် မေမေလတ် တို့ မေမေလေး တို့ ရှာပေးလိုက်လေ။ အလွယ်လေးဟာကို။

MrDBA - 11/25/08, 4:16 PM

ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပါတယ် ကိုအန်ဒီရေ။
ကောင်းလှောင့်တေး ကောင်းလှောင့်တေး။
ဟစ်နှစ်သိန်းပြည့်သွားတော့လဲ နားတော့မပေါ့။ နားနားပြီးရေးပေါ့ဗျာ။

Moe Cho Thinn - 11/25/08, 4:30 PM

ဂုဏ်ယူ ၀မ်းမြောက်ပါတယ် ကို Andy နဲ့ ညီမရေ..
ဘလော့ဂ်ကို တန်ဖိုးထားပြီး အသေအချာ လုပ်ခဲ့လို့သာ ဒီလို အောင်မြင်ရတာပါ။ သုတရော ရသပါရတဲ့ ဘလော့ဂ်လေးမို့ နား နားပြီး ရေးလဲ ကျေးဇူးတင်နေမှာပါ။ များများလေး ရေးရင်တော့ ကောင်းတာပေါ့နော်.. ဖတ်ချင်တာကိုး။

ဝါ၀ါခိုင်မင်း - 11/25/08, 4:56 PM

おめでとうございます。ပါ ကိုအန်ဒီရေ..
ကျမလည်း ဘလော့ဂ်နားချင်နေပေမယ့် သံယောဇဉ်ပြတ်နိုင်သေးဘူးဖြစ်နေတယ်။
စိတ်ပြတ်ပြီးနားနိုင်တဲ့သူတွေကို အားလည်းကျတယ်၊
ဂုဏ်လည်းယူမိပါရဲ့။ ဟုတ်တယ်နော်.တကယ်တော့
ဘလော့ဂ်ဆိုတာ အချိန်လေးကန့်သတ်ပေးပြီး လုပ်နိုင်
ရင် အကောင်းဆုံးပါပဲနော်။ ကျမ ကတော့ စတာမကြာ
သေးတော့ စွဲနေတယ် ကိုအန်ဒီရေ.. တနေ့နေ့တော့
သံယောဇဉ်ဖြတ်ရမှာပေါ့နော်။ကိုအန်ဒီလို ဟစ်၂သိန်း
ပြည့်အောင်တော့ ဘယ်တော့မှရေးနိုင်မယ် မထင်ပါဘူး။
အခု ၃ လအတွင်း visitors ၈၀၀၀ ကျော်ရနေတာလေး
ကိုပဲ ပျော်နေတာလေ။ဟဟ
အဲဒါကလည်း ကိုအန်ဒီတို့ ပို့စ်တွေတင်ပေးလို့ လာကြ
တာများပါတယ်။
ကျေးဇူးတင်ပါတယ် ကိုအန်ဒီရှင်။
အဆင်ပြေပါစေ။

sandra - 11/25/08, 5:00 PM

ဂုဏ်ယူပါတယ် ကိုအန်ဒီရေ။
ဒီနှုန်းအတိုင်းဆို ဟစ်သုံးသိန်းလည်း ခနလေးပြည့်သွားမှာပဲ။

ကလေးနှစ်ယောက်က အရွယ်ကလည်း သိပ်မကွာ၊ ငယ်လည်း ငယ်သေးတော့ အမေနားအရမ်းကပ်မှာပေါ့နော့။

မဇနိ - 11/25/08, 5:18 PM

အား လား လား နှစ်သိန်းပြည့်တာ မြန်လိုက်တာနော်။ ဟိုတနေ့ကတင် ဟစ် ၁ သိန်းဖတ်ထားရတယ်ထင်လို့ ရက်စွဲပြန်ကြည့်မိသေး။ ပြည့်ပေမပေါ့ ပို့စ်ကောင်းလေးတွေရှိတယ်။ စာရေးလည်းကောင်းတယ်။ အားတဲ့အခါတော့ ရေးပေးမယ်လို့ မျှော်လင့်မိပါတယ်။
ပျော်ရွှင်ပါစေ

လင်း - 11/25/08, 5:32 PM

ဟစ်၂သိန်းဆိုပါလား လေးစားပါ၏
မလေးရှားပရိသာတ်ထဲမှာ လင်းလဲပါတယ်ဗျို့ 

Loi Lem - 11/25/08, 5:41 PM

လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါတယ်ဗျာ။
လုပ်ထားဗျ။ ၂သိန်းပြီးတော့ နောက် Target က ၁ သန်းပေါ့။ ဟီးဟီး။ အချွန်နဲ့မနေတာ။

Kay - 11/25/08, 6:03 PM

အာ- ဘယ်လိုတွေဖြစ်ကုန်ကြတာလည်း။ ဂျစ်တူး တယောက် လည်း ထွက် သွားပြီ။ ကိုအန်ဒီတို့ကတော့.. ဘွာခတ်တာလောက်ပဲ မဟုတ်လား။ နောက် ယောက်ခမ တစုံ လာတဲ့အခါ ကျရင်..ပြန်ဘလော့ ပေါ့။ အင်း..ဒါလည်း.. Boom- Burst ဖြစ်စဉ်တခု လေလား လို့တွေးမိ၇င်း..ကိုယ်လည်း ဘယ်တော့..ပေါက်မလည်း မသိဘူး။ တကယ်တော့..ခု ကိုအန်ဒီလုပ်သလို.. နားနားပီး ရေးလည်း ရပါတယ်။ Interactivity တော့ နည်းချင်နည်းသွားမှာပေါ့။
ကဲပါလေ- ဒါဆိုလည်း.. ခဏနား နား ပြီး..ဝေးဝေးကို ကြည့်လိုက်ပါဦး။ အညောင်းပြေတော့..ပြန်လာခဲ့ပေါ့။

ခင်မင်တဲ့- မကေ

strike - 11/25/08, 6:38 PM

ကွန်ဂရက်ကျူလေးရှင်းဗျာ ကိုအန်တီ၊ kom တယောက်တော့ Hit တက်တာနှေးလို့ဆိုလားသူနိုင်တယ့်ခလေးတွေကိုသူ Blog လုပ်တာရပ်လိုက်ရမလားဆိုပြီးခြိမ်းခြောက်နေလေရဲ့။
အဟိ :P

တင်ဇာ - 11/25/08, 7:09 PM

Congratulations, ကို Andy & အစ်မ! :)

ဘယ် အချိန် ရေးရေး လာဖတ်မယ့် ပရိတ်သတ်က အဆင်သင့်ပါပဲ။

ခင်မင်စွာဖြင့်

May Moe - 11/25/08, 8:51 PM

Congratulation ပါ အကို နဲ့ အမရေ ။ မနားပါနဲ့လို့ မပြောချင်ပေမဲ့ အသစ်လေးတွေတော့မျှော်နေပါတယ်။ :D

star - 11/25/08, 9:39 PM

blog ကတော့ ရေးတဲ့သူတင်မကဘူး။ ဖတ်တဲ့သူပါစွဲတာကိုအန်ဒီရေ။
ကလေးတွေကိုလဲ အိမ်နီးရင်ကူထိန်းပါတယ်။ တကယ်ပါ။ကိုယ်တိုင် မရေးတတ်ပေမဲ့ ရေးတတ်တဲ့သူတွေရေးတာကိုဖတ်ရတာ သဘောကျပါတယ်။ blog မရေးနိုင်ရင်လဲ ကလေးဓာတ်ပုံလေးတွေတင်ပေါ့။ ကလေးတွေကိုတော့ကြည့်ချင်သေးတယ်။ အားပေးနေပါတယ် ကိုအန်ဒီနဲ့ အစ်မရေ။ :D

pandora - 11/25/08, 11:50 PM

ကိုယ်လိုချင်တာကိုယ်သိ စီမံကိန်းချ ရအောင်လုပ်နိုင်

ချီးကျုးတယ်။ ၀မ်းသာတယ်။

khin oo may - 11/26/08, 3:13 AM

တစုံတရာ ကိုများစိတ်နာနေသလားလို့ ရင်ထဲကို လှမ်းပြီးစာဖတ်ကြည့်နေမိသည့်။

ksanchaung - 11/26/08, 8:11 AM

အပျော်ပေါ့။ “ဘလော့”ဆိုတာ ပညတ်ချက်တစ်ခုပါ။ ကိုယ့်ခံစားချက်လေးတွေ ဖွင့်ဟ၊ ကိုယ့်အမြင်လေးတွေ မှတ်တမ်းတင်၊ ကိုယ့်သိထားတာလေးတွေ ဝေမျှ၊ တစ်နေ့ ကိုယ့်အတွက် အမှတ်တရဖြစ်ရင် ပြီးတာပဲ။ “ဟစ်”တာက အရေးကြီးလို့လား။

Nu Thwe - 11/26/08, 8:20 AM

ကိုအင်ဒီရေ.....CONGRATS နော်။ လျှော့ရေးမယ် ဆိုပေမယ့် အဲဒါတွေကလည်း ရွှေတွေပဲ ဖြစ်မှာမို့ ကျေနပ်ပါတယ်။
ဒီလိုပဲ လက်တွေ့ဆန်ကြရမှာပေါ့။ တကယ်တမ်းကျတော့ ကိုယ့်အိမ်ကိစ္စ၊ ကိုယ့်အလုပ်ကိစ္စတွေကို ဘလော့ဂ်မိတ်ဆွေများ လာရှင်းပေးနိုင်တာမှ မဟုတ်တာ။ ကလေးနှစ်ယောက်က အားလုံးထက် အရေးကြီးပါတယ်။ အဖေနဲ့အမေရဲ့ အချိန်တွေကို သူတို့လေးတွေဆီက လုမယူရက်ဘူး။
ကျွန်မရဲ့ ဘလော့ဂ်မှာ ဧည့်များတဲ့နေ့တွေဟာ ကိုအင်ဒီ့အညွှန်းကြောင့်ချည်းပဲ။ ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။
နောက်နောင် တစ်ခါတရံ တွေ့နေဦးမှာပဲ။ သြော်ဇီဖက် လာလည်ဖြစ်ရင်တော့ လာတွေ့ချင်ပါတယ်။ ဒီဖက်လာဖြစ်ရင်လည်း ပြောပါ၊ ဆုံရအောင်။
ကိုအင်ဒီ၊ ညီမနဲ့ မီးမီး၊သားသားတို့ ပျော်ရွှင်ပါစေ။
ခင်မင်လျက် - နုသွဲ့

Anonymous - 11/26/08, 1:34 PM

မေမေလတ် တို့ မေမေလေး တို့ တော့ မလုပ်နဲ့ ဗျို့။
လူဆိုတာ မလိမ်မာ တစ်ခါမိုက်တာပဲ ကောင်းတယ်။

A Linn Nyi - 11/26/08, 3:00 PM

weshemeက ဟစ်နှစ်သိန်းကနေ နောက် ဟစ်တွေ မရပ်သွားအောင် အမြဲရေးနိုင်ပါစေလို့။ ဘလော့ခ်ဆိုတာကို (ကို) Andy တို့ဆီက wesheme email ရပြီးကတည်းက စသိ၊စဖတ်မိတာ။ အစက နေ့တိုင်းမဖတ်တတ်ဘူး။ခု ဘလော့ခ်ဖတ်ချိန်က တနေ့ကို အနည်းဆုံး ၁နာရီ ရှိတယ်။ သတိထားပြီး ပြန်လျှော့ဦးမှ။

nu-san - 11/27/08, 12:58 AM

Andy ရေ.. ဟစ် ၂ သိန်းရတာ ခဏလေးလိုပဲနော်.. မြန်လိုက်တာ.. အဟိ.. နောက်တစ်ခု အားကျသွားပြန်ပြီ.. :)

Blog ရေးတာကတော့ အဆင်ပြေသလို အချိန်ရသလိုပေါ့ Andy ရေ.. WeSheMe ရဲ့ ပင်တိုင် ပရိတ်သတ်ဆိုတော့ ဖြည်းဖြည်းချင်း နားနားပြီးရေးလည်း အားပေးနေဦးမှာ....

Andy Myint - 11/29/08, 10:18 PM
ဟားဟား ကိုပေါက ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ဖတ်ပြီး နောက်နေပြန်ပြီ။ ဟုတ်ပ လူကြီးတွေ အိမ်မှာ ရှိရင်တော့ ဇိမ်ပဲ။

ကျေးဇူး ကိုဇနိရေ။

နားလည်ပေးတာ ကျေးဇူး တောင်ငူသား။ တန်ဆေး လွန်ဘေး ဆိုတာလည်း ဟုတ်တာပဲ။ အားနေရင်တော့ ကောင်းတာပေါ့။

ကဲ.. စာဖတ်သူရေ.. နောက်တစ်ယောက်က ကျွန်တော် ပြောချင်တာ ပြောသွားပြီ။ တစ်ယောက်နဲ့ တောင် အနိုင်နိုင်ဗျာ.... :)

ရှဲ့ရှဲ့ Mr.DBA ...ဟစ် ၂ သိန်း ပြည့်သွားလို့ နားတာ မဟုတ်ပါဘူးဗျာ.. မအားတော့လို့ပါ။ ဟုတ်ကဲ.. နားနားပြီး ရေးရမှာပေါ့ ဖြတ်မှ မဖြတ်နိုင်သေးတာ

ဒီလိုပဲလေ မချိုသင်း။ ရေတက် ငါးစဉ်ရိုင်း .. စိတ်ဝင်စားရင်တော့ သည်းကြီးမည်းကြီး လုပ်လိုက်တယ် ။

အချိန်ရရင်တော့ အပန်းပြေ ရေးပါ မ၀ါဝါခိုင်မင်း။ မဖြတ်ပါနဲ့။ ဘလော့ရေးတာ ပျော်စရာ ကောင်းတာပဲ။

သမီးက အဘွားကို သတိရလေ အမေနား ကပ်လေပဲ မ Sandra။ သားကတော့ ဘာမှာ နားမလည်သေးတော့ အရမ်း အချီခံချင်မှပဲ ငိုတာလေ။ သမီးကတော့ လုနေတယ်။ သူ့မောင်လေးကို အူပုတ်နေလေရဲ့။

ဟုတ်တယ် ကျွန်တော်လည်း အဲဒီလောက် အထိ မြန်မယ် မထင်ထားဘူး မဇနိ။ ဒီလို အားပေးတဲ့ အထဲမှာ မဇနိတို့က ရှေ့ဆုံးက ပါတယ်ဆိုတာ ယုံတယ်။

မလေးရှားက `လင်း´ ကိုလည်း ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ မကေ... Boom-Burst ဖြစ်တယ် ဆိုတာ တွေးစရာပဲ။ တခြား အဝေးက အရာတွေ လေ့လာရဦးမယ်လေ။ အဲဒါကြောင့် ဖျော်ဖြေရေး ဖြစ်တဲ့ ဘလော့ကို နည်းနည်း လျှော့လိုက်တာ။

ကျေးဇူး Strike

ကျေးဇူး ညီမ တင်ဇာ။ အခုလို အားပေးတဲ့ သူတွေ ရှိလို့ ရောင်းကောင်းတာပါ။

ဟုတ်တယ် Star ။ ဘလော့ရေးတာ စွဲတာကတော့ ကျွန်တော် ကိုယ်တိုင်ပဲ။ ဘလော့ ဖတ်တာ စွဲတာကတော့ ကျွန်တော့် မျက်မြင်ပဲ ။ သူမလေ။ တချိန်လုံး အားတာနဲ့ ဘလော့ ဖတ်တာပဲ။

အဲဒီလောက်လည်း မဟုတ်ပါဘူး မပန်ဒိုရာ။ ဟီးဟီး။

ဟားဟား... စိတ်နာလို့ မဟုတ်ပါဘူး မခင်ဦးမေရယ်။ တကယ် မအားတော့လို့ပါ။

ဟုတ်ကဲ ကိုကျော်ကြီး။ ဘဘော့က အပျော်မို့လို့ တခြား ကိစ္စတွေ ၀င်လာတော့ နည်းနည်း လျှော့လိုက်ရတာပါ။

ဟုတ်တယ် မနုသွဲ့ .. ဘလော့လောက က ထွက်သွားတာ မဟုတ်သေးပါဘူး။ တွေ့နေကြဦးမှာပါ။ ကျွန်တော်လည်း အဲဒီကို လာချင်သေးတယ်။ တနေ့နေ့ပေါ့လေ။

အမှန်ပဲ စာဖတ်သူရေ... တစ်ယောက်တောင် အနိုင်နိုင်... ဟီးဟီး

အစ်မ (အလင်းညီ) တို့ကို အီးမေးနဲ့ ဖိတ်လိုက် ကတည်းက ဖတ်တာ ဆိုတော့ အစ်မ အမှန်အကန် ပရိတ်သတ်ပေါ့။ ကျေးဇူး အစ်မရေ။ အဲဒီ ၁ နာရီက ရုံးမှာ ဆိုရင်တော့ ဖတ်သာ ဖတ် အစ်မရေ။ မလျှော့နဲ့။ ပိုက်ဆံရနေတာပဲ။ ဟီးဟီး

ဟုတ်တယ် ပင်တိုင် ပရိတ်သတ်ထဲမှာ မနုစံလည်း ပါတယ်။ ကျေးဇူး။

Post a Comment

Many thanks for dropping a comment…

Film


Files