Friday, November 21, 2008

မတောက်လိုက်ရသော Old Flame များ (၃)

ကျွန်တော် အရက်သောက်လို့ မူးလာရင် တမ်းတ တတ်တဲ့ သူ တစ်ယောက် ရှိတယ်။ မူးတိုင်း သူ့ကို တမ်းတတာတော့ မဟုတ်ပါဘူး။ သူငယ်ချင်း တစ်ယောက်နဲ့ သောက်ဖြစ်ပြီး မူးမှ။ ကျွန်တော်က တခြားအုပ်စုနဲ့ သောက်ရင် တခြားတစ်ယောက်ကို လွမ်းပြတတ်တယ်လေ။ ပြီးတော့ အရမ်းမူးနေတဲ့ အချိန်မှာလည် မဟုတ်သေးပြန်ဘူး။ မမူးတမူး အချိန်မှာ။ အမူးပါး ဖြစ်နေသေးတဲ့ အချိန်မှာပေါ့ဗျာ။ သူက ကျူရှင်မှာ ကျွန်တော်နဲ့ စာပြိုင်ဘက် ကောင်မလေးပါ။ မူးမူးနဲ့ ကျွန်တော်က စာပြိုင်ဖက် ကောင်မလေးကို အကြောင်းပြောရင် သူကလည်း သူစိတ်ဝင်စားနေတဲ့ ကောင်မလေး အကြောင်း ပြောပါရော။ နောက်ပြီး မူးမှ ပြောဖြစ်တာကလည်း အဲဒီ ကောင်မလေးက ကျွန်တော်ထက် အများကြီးတော်ပြီး ကျွန်တော်က သူ့ကို မကျေနပ်လည်းဖြစ် စိတ်လည်းဝင်စားလို့ပဲ ဆိုပါတော့။

ကျွန်တော် ငယ်ငယ်က ကျောင်းစာမှာ တော်သယောင် ရှိပါတယ်။ တကယ် မတော်ဘဲ တော်တဲ့ စာရင်းထဲ ၀င်နေလို့ပါ။ အဲဒီတော့ တကယ်တော်တဲ့ သူတွေနဲ့ ယှဉ်ရပါရော။ ကျွန်တော်နဲ့ ယောက်ျားလေး စာပြိုင်ဖက်ဆိုလို့ ခုနကပြောတဲ့ကောင်ပဲ မည်မည်ရရ ရှိတယ်။ အဲဒီကောင်နဲ့ ကျွန်တော်နဲ့က နှစ်ယောက်သား ပြိုင်တယ်လည်း မဟုတ်ပါဘူး။ သူသာလိုက် ကိုယ်သာလိုက်ပါပဲ။ တကယ်ပြိုင်ရတာက မိန်းကလေးတွေနဲ့။ ဘယ်မိန်းကလေးနဲ့ ပြိုင်ပြိုင် ရှုံးတာပါပဲ။ သိတယ်မဟုတ်လား။ မိန်းကလေးတွေက စာလုပ်ရင် အသေအချာ လုပ်တာကိုး။ ကျွန်တော်က နဘော်သရေ လျော့တိလျော့ရဲ။ ဒါပေမယ့် ဆရာတွေ၊ ဆရာမတွေက ကျွန်တော့်ကို လူတော် စာရင်းထဲ ထည့်ထားတော့ ကျွန်တော့်မှာ မနိုင်ဘဲနဲ့ ပြိုင်နေရတယ်။

ကျူရှင်တွေက တချို့ဘာသာတွေကျရင်တော့ မတူဘူးပေါ့။ အဲဒီတော့ ဟိုဖက်ဝိုင်းမှာ ပြိုင်ဖက် ကောင်မလေးတစ်ယောက် တွေ့လိုက်။ ဒီဖက် ၀ိုင်းမှာ ပြိုင်ဖက် ကောင်မလေး တစ်ယောက်တွေ့လိုက်နဲ့ ကျွန်တော့်မှာ ပြာနေတာပဲ။ ကောင်မလေးတွေ များသောအားဖြင့်ကတော့ စာတော်ပေမည့် အဲဒီ တစ်ယောက်ကတော့ စာတင်တော်တာ မဟုတ်ဘဲ ငယ်ငယ်ကတည်းက အတော့်ကို ရင့်ကျက်နေတာပဲ။ ဆရာတွေနဲ့ နိုင်ငံရေး၊ လူမှုရေးတွေ ဆွေးနွေးနေပြီ။ သူနဲ့ ကျူရှင်စတူတာ ၆ တန်းကတည်းကလား မသိ။ ၇တန်း ဂတန်းလောက်မှာ သူက လူကြီးတွေနဲ့ ဆွေးနွေး စကားပြောနေပြီ။ ကျွန်တော်တို့ကတော့ နှီးတုတ်၊ ၀ါးတုတ်တွေ၊ သားရေကွင်းတွေနဲ့ မော်တော်ကားလိုမျိုး ဆောက်ပြီး တွန်းနေတုန်း။

ကျွန်တော်က ၈တန်း ဆိုပေမယ့် လူပျိုလို မနေတတ်သေးဘူး။ TZA စကားနဲ့ ဆိုရင်တော့ အမှည့်နောက်ကျတယ်ပေါ့။ သူကတော့ အပျို တစ်ယောက်လို ဖြစ်နေပြီ။ ကျွန်တော့် မျက်နှာက ကလေးဆန်နေတုန်းမှာ သူက ရင့်ကျက်တဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီ။ သိတယ် မဟုတ်လား။ တစ်ဘက်ကို ကြည့်ချင်ရင် ခေါင်းတောင် မလှည့်တော့ဘဲ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ရင် အကုန်မြင် အကုန်သိ သလိုဖြစ်နေတယ်။ ရယ်ရင် ပြုံးရင်တောင် အရယ် အပြုံးက အဓိပ္ပါယ် ခုနှစ်မျိုးလောက် ထွက်နေပြီ။

သူက ဘာသာစုံမှာ တော်တယ်။ ကျွန်တော်က ယောက်ျားလေးမို့ သင်္ချာမှာ အနိုင်ရမလား မထင်နဲ့။ သူက အမြဲတမ်း အမှတ်ပြည့် ရတယ်။ ကျွန်တော်က လျှမ်းလို့ တစ်ခုမဟုတ် တစ်ခုမှားသွားရတာနဲ့။ ကျောင်းစာမှာတင် မဟုတ်သေးဘူး။ သူက သီချင်းအကြောင်းပြောမလား စာအုပ်စာပေအကြောင်း ပြောမလား အကုန် နားထောင်ဖူး အကုန် ဖတ်ဖူးသလိုပဲ။ လူကြီးတွေနဲ့များ ပြောနေ ဆွေးနွေးနေလိုက်တယ် ဆိုတာ။

အဲဒီလို အမြဲတော်နေ တတ်နေတဲ့ တော်တီးတီးတော်ကို ကျွန်တော်က မကျေနပ်ဘူး။ မကျေနပ်သလို စိတ်လည်း ၀င်စားပြန်တယ်။ ကျွန်တော်က ၁၀ တန်းအထိလည်း လူပျိုပီပီ မဟုတ်သေးတော့ စိတ်ဝင်စားပေမယ့် ဘာမှ ဇာတ်လမ်းတွေတော့ ဖြစ်လိုက်တယ် မရှိဘူးပေါ့။ ဒါပေမယ့် ဒီလို စိတ်ဝင်စားချက်တွေ မကျေနပ်ချက်တွေက ဘယ်အချိန်မှာ ထွက်လာသလည်း ဆိုတော့ အရက်မူးရင် ထွက်လာတယ်။ အရွယ်ရောက်လို့ သူကလည်း ဆေးတက္ကသိုလ်ရောက်။ လမ်းကြုံလို့ တွေ့မိတာကလွဲရင် မတွေ့တော့ပေမယ့် ကျွန်တော့် သူငယ်ချင်းနဲ့ အရက်မူးလို့ အပြိုင် လွမ်းကြပြီဟေ့ဆိုရင် သူက ပေါ်ပေါ်လာတယ်။ အခုပဲ သူနေတဲ့ အိမ်ကို ထသွားတော့မလို။ အခုပဲ ဆေးတက္ကသိုလ်ကို သွားတော့မလို။

သူကလည်း ငယ်ငယ်လေးနဲ့ ရင့်ကျက်လွယ်ပါတယ်။ မိန်းကလေးတွေကလည်း ၇တန်းလောက်ဆို အပျိုပေါက်နေပြီ။ ၈တန်းလောက်ဆို အထာတွေ များလာပြီး ၉တန်း ၁၀တန်းလောက်ဆိုရင်တော့ သဘာတွေ ဖြစ်နေပြီ။ ယောက်ျားလေးတွေကတော့ ၉တန်းလောက်မှ စပြီး လူပျိုပေါက်ချင်တာ။ သဘာဝအားဖြင့်လည်း မိန်းကလေးတွေက စောရင့် စောမှည့်တယ်လေ။ သူက အပျိုဖြစ်လွယ်တယ် ဆိုတာထက် စိတ်ဓါတ် ရင့်ကျက်စောတာကို သတိထားမိတာပါ။ ကိုယ်ကာယ အားဖြင့်ကတော့ တခြား မိန်းကလေးတွေလိုပါပဲ။ သူကတောင် စာကြမ်းပိုးဆိုတော့ နည်းနည်းညှပ်သေးတယ်။

ကလေးတွေမှာလည်း မိန်းကလေးတွေက ယောက်ျားလေးတွေထက် စကား စောစော ပြောတတ်တာတို့၊ လမ်းစောစော လျှောက်တတ်တာတို့ ဖြစ်တတ်ပါတယ်။ မိန်းကလေးတွေက ဘာကြောင့် ရင့်ကျက်လွယ်သလဲဆိုတော့ မိခင်တွေက သမီးဆိုရင် အစွမ်းအစတွေ အနည်းငယ် ပိုပေးလိုက်တတ်တယ်တဲ့။ နောက်ပြီး မိန်းကလေးတွေ အပျိုဖော်ဝင်ရတာ စောတာလည်း သူတို့တွေက ပြည့်ပြည့်၀၀ အပျိုဖြစ်ဖို့ အချိန် ပိုယူရလို့ပါ။ ၉ နှစ်သမီးလောက်ကနေ ၁၁-၁၂ နှစ်ကနေစပြီး အပျိုဖော် ၀င်ပေမယ့် လုံးလုံးလျားလျား အပျိုဖြစ်ဖို့ကတော့ ၁၉-၂၀ လောက်မှ ဖြစ်တတ်တာမျိုးပါ။ ယောက်ျားလေးတွေကတော့ ၁၄ နှစ်လောက်မှ စပေမယ့် ၁၈-၁၉ မှာ ကြီးကောင်ဝင်သွားပြီ။ သတ္တလောကမှာ ကြည့်ရင်လည်း အမတွေက အရင် အရွယ်ရောက်တယ်။ သူတို့မှာ အရွယ်ရှိတုန်း သားမွေးဖို့ သားဖွားဖို့တွေ သဘာဝတရားက ပေးထားတဲ့ တာဝန်တွေ အမြန် ထမ်းဆောင်ဖို့ ရှိလို့ ဒီလို အရွယ်ရောက် စောရတယ်။

သူကတော့ ကျွန်တော့်ကို ဖုတ်လေသည့် ငပိ ရှိသည်တောင် ထင်မယ် မဟုတ်ပါ။ ကျွန်တော်ကလည်း အရူးအမူး စိတ်ဝင်စားနေတာလည်း မဟုတ်ပေမည့် မှတ်မှတ်ရရတော့ ရှိပါတယ်။ မသိစိတ်ကလည်း အဲဒီလောက် တော်နေတာကို မကျေနပ် မနာလို ပြန်ဘူး။ ဒါပေမယ့် သူ့ကို လိုက်ပြိုင်နေတာလည်း မဟုတ်ဘူး။ သူကလည်း ကျွန်တော့်ကို အတန်းထဲတောင် ထည့်မယ် မထင်ပါဘူး။ သူက The Whole Burma လိုမျိုး မှန်းနေချိန်မှာ ကျွန်တော်က Professional တက္ကသိုလ် ၀င်လောက်အောင်ပဲ ကြိုးစာနေတာဆိုတော့။ အဲဒီ ကျူရှင်က ဆရာကြီးကတော့ ကျွန်တော်က သူ့ကို အတော်ကြိုက်နေတယ် ဆိုပြီး အခုအချိန်ထိ တွေ့ရင်တောင် သူ့အကြောင်းတွေ ပြောပြောပြနေတယ်။ မြန်မာပြည် ပြန်တုန်းက ဆရာကြီးကို သွားတွေ့တုန်းကတော့ သူက အင်္ဂလန်မှာ ကျောင်းသွားတက်ပြီး စင်္ကာပူမှာ ရောက်နေတယ် ဆိုပြီး သတင်းပေးလိုက်သေးတယ်။

ကျွန်တော်ကလည်း တချို့ ကိစ္စတွေ (ကျွန်တော် အမျိုးသမီးကို) `သူမ´ကို ပြန်ပြောဖြစ်ပေမယ့် ဒီတစ်ယောက် အကြောင်းကျတော့ ကျွန်တော်ကလည်း အရူးအမူး မဖြစ်ခဲ့ ပြီးတော့ စာပြိုင်ဘက်လိုလိုပဲ ဆိုတော့ အူပုတု သူမကို မပြောဘဲ ထားလိုက်ပါတယ်။ သမီးလေး မွေးတော့ နာမည်တွေ ရွေးတော့ ကျွန်တော့် အမေက သူ့နာမည်လိုမျိုး ပေးပါလား ဆိုပြီး သူမရှေ့မှာ ကျွန်တော့်ကို နောက်သလိုလို အတည်လိုလို ပြောလာတယ်။ ကျွန်တော်ကလည်း ရူးချင်ယောင်ဆောင်ပြီး တခြား နာမည် စဉ်းစားပါဦး ဆိုပြီး ခပ်တည်တည်ပဲ ပြောလိုက်တယ်။ နောက်မှ သိတာက အမေက သူမကို ကျွန်တော် ငယ်ငယ့်ကတည်းက အကြောင်းတွေကို ကျွန်တော်တို့ အိမ်ထောင် မကျခင်ကတည်းက ကြိုပြောပြီး သွားပြီလေ။ သမီးရည်းစား ဘ၀တုန်းက သူမကို မိသားစုနဲ့ ဆွေမျိုးတွေနဲ့ ရင်နှီးအောင် ကျွန်တော်တို့ မိသားစုနဲ့ သူမရယ် တခြား ညီအစ်ကို မောင်နှမ တ၀မ်းကွဲတွေရယ် ခေါ်ပြီး ချောင်းသာကို သွားကြသေးတယ်။ အဲဒီ ကတည်းက ကျွန်တော့် အကြောင်းတွေ အကုန် သူမကို အမေက ဖောက်သည်ချထားပါရောလား။


တခြားဖတ်ရန်-
မတောက်လိုက်ရသော Old Flame များ (၂)
မတောက်လိုက်ရသော Old Flame များ (၁)


15 comments:

strike - 11/21/08, 10:25 PM

"TZA စကားနဲ့ ဆိုရင်တော့ အမှည့်နောက်ကျတယ်ပေါ့။"

TZA တစ်ရောက်အမှည့်စောလွန်းတော့လည်း အခုသူလဲ"ကျား"တွေကိုပဲ စိတ်ဝင်စားတော့တယ်တယ့်။

maung - 11/22/08, 12:07 AM

good old frame

Ko Paw - 11/22/08, 12:35 AM

သဗ္ဗေပုရိဿ ဘာယီအဝေါဿ ဘလိဂေါ ဖဿမျှုံး ပိအော်

သဗ္ဗေ အလုံးစုံသော၊ ပုရိဿ ယောင်္ကျားမှန်သမျှတို့သည်၊ ဘာယီဘီယာကို၊ အဝေါဿ အ၀သောက်သောအခါ၌လည်းကောင်း၊ ဘလိဂေါ ဘလောဂိ ဘလော့ဂ်ကြကုန်သော်အခါ၌လည်းကောင်း၊ ဖဿမျှုံး ဖုံးသမျှသည်... ပိအော်...ပေါ်၏။

Moe Cho Thinn - 11/22/08, 2:54 AM

ကိုAndyရေ
စာပြိုင်တာ ယောကျာင်္းလေးဆို နိုင်ပြီး မိန်းကလေးဆို အမြဲရှုံးတယ်ဆိုတော့ တမင် အရှုံးပေးသူကြီး လုပ်နေတာ နေမှာပါ။
တော်တီးတီးတော် အကြောင်း ရေးသွားတာများ စိတ်မ၀င်စားပေလို့ပဲရှင်..၊ စုံစိလို့။
ကိုပေါ ကွန်မန့်ဖတ်ပြီးလဲ ရီမောသွားပါကြောင်း။ မှန်လိုက်လေ..

khin oo may - 11/22/08, 3:11 AM

ဖတ်သွားသည်. ။
ဘာ မှ မဆိုင်ဘဲစဉ်းစား ပြီး သတိရသွားတာက ကျွန်မငယ်ငယ် က chemistry ညံ့တယ်။ ဘေးမှာ ထိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အထင်သေးတဲ့ အကြည့်ကို မခံနိုင်လို့ ကြိုးစားတာ ဂုဏိထူးထွက်သွားတယ်။..
အခုတော့ ဘယ်သူက အထင်သေးသေး ကိုယ်ပျော်သလိုသာ နေတာကြာပါပြီ.။

မီယာ - 11/22/08, 5:13 AM

သူမကသဘောထားကြီးပါပေတယ်
old flame နံမယ်ထည့်ဖို့တောင်ပြောတယ်
အန်ဒီရေကံကောင်းပါပေတယ်

KOCHAW - 11/22/08, 4:29 PM

Flaming Andy and his cooling life.

Tain!

MANORHARY - 11/22/08, 5:21 PM

အဲ..old flame ဆိုတော့ တောက်တော့တောက်
ချင်ခဲ့တယ် မတောက်လိုက်ရတာလို့ဆိုချင်တာပေါ့နော်
း)

sin dan lar - 11/22/08, 7:30 PM

ခုအချိန်သောက်ဖြစ်ရင်တော့ ဘယ်ပြောတော့မလဲနော်...
ရှိသေးရင်ရေးပါဦး.....
ကိုအန်ဒီ့အမေကလည်း အရှင်းရှင်းတွေ(သားအမိချင်း) အချွန်နဲ့မ တယ်ပေါ့...ဟိ

strike - 11/22/08, 7:34 PM

"မတောက်လိုက်ရသော"ဆိုပြီးအခုမှပြန်တောက်ဖို့များစဉ်းစား
နေသလား Ko Andy မဒမ်လက်စွမ်းပြလိုက်လို့ မိုးပျံဘူဘောင်းနောက်လိုက်ပြီးမနဲပြန်ဖြုတ်ရတယ်တို့၊အိမ်သာ
ထဲထည့်ရေဆွဲချလိုက်ရမလားဆိုလို့မနဲချော့ပြီးပြန်တောင်း
ရတယ်တို့တွေဖြစ်လာနိုင်တယ်နော်၊ထုံးစံအတိုင်းမီးဖိုထဲသာပြန်ဝင်ပါ Ko Andy.

star - 11/22/08, 7:55 PM

ကိုအန်ဒီ
ဖတ်လို့ကောင်းတယ်။ အားပေးနေပါတယ်။
ကလေးတွေရဲ့ဗွီဒီယို အားရင်ရိုက်ပြီးတင်ပါအုံး။

Loi Lem - 11/23/08, 2:56 AM

ငယ်ငယ်တုန်းက အကြောင်းတွေက အခုတွေ့ကြလို့ ပြန်ပြောကြရင် ဟာသတွေဖြစ်နေတာပါပဲ။ အခုတော့ အမှည့်လွန်သွားကြပြီလေ။

TZA - 11/23/08, 10:43 AM

“မြန်မာပြည် ပြန်တုန်းက ဆရာကြီးကို သွားတွေ့တုန်းကတော့ သူက အင်္ဂလန်မှာ ကျောင်းသွားတက်ပြီး စင်္ကာပူမှာ ရောက်နေတယ် ဆိုပြီး သတင်းပေးလိုက်သေးတယ်။”

keyword = စင်္ကာပူ

သူမ အခုကော အပင်ပေါ်မှာပဲလားဟင်?? :p

TZA - 11/23/08, 10:45 AM

strike ကတော့ အဖွတော်ပါ့၊ သူများတွေ ဘလော့ဂ်ထိတောင် လိုက်ဖွတာ၊ “ကျား” ကိုများ စိတ်ဝင်စားစရာလား၊ သူနော်၊ သိပ်ကဲတယ်၊ ဟွန့်.. -_-

Andy Myint - 11/29/08, 9:52 PM
ှTZA တစ်ယောက် `ကျား´တွေကို စိတ်ဝင်စားတယ် ဆိုတာ ဖြစ်လောက်တယ် STRIKE။ စင်္ကာပူမှာ တိရစ္ဆာန်ရုံ ၀န်ထမ်းတစ်ယောက် ကျားကိုလို့ သေသွားတယ် ကြားမိသေးတယ်။

Maung, is she? Yeah...

ကိုပေါ ဂါထာက မှန်သော သစ္စာစကားပဲ ဟားဟား။ အမူးပါးသလို ဘလော့လည်း ပါးရင် ဖြစ်ပါတယ် ဟဲဟဲ။

နိုင်ကို မနိုင်တာ မချိုသင်းရေ... ။ ဟီးဟီး ဒါကတော့ မြင်နေရတာတွေ ချရေးလိုက်တာပါ။

မခင်ဦးမေရဲ့ ဓာတုကလျာ ဇာတ်လမ်းပေါ့ ... ဒန်..တန့်..တန်

အမေက ကျွန်တော့်ကို သူမရှေ့မှာ နောက်တာပါ မမီယာ။ အဲဒီ အချိန်မှာ သူမက အကုန် သိနေပြီလေ

တောက်တော့ တောက်ချင်ခဲ့တယ်... (ဂေါက် - ခေါင်းခေါက်ခံရသံ ... ) ရယ်လည်း မဟုတ်ပါဘူး (မ)မနော်ဟရီ ..ဟီးဟီး

အခုချိန်ကျတော့လည်း အဲဒီတုန်းကလို မူးအောင် မသောက်တော့ဘူးလေ မ Sin Dan Lar .... အမှတ်တရတွေ ထွက်လာမှာ စိုးလို့ ... `ဂေါက် ´.... အီး... နောက်တစ်ခါ အခေါက်ခံရ ပြန်ပြီ.. ဟီးဟီး ..နောက်တာ... ငယ်ငယ်ကလို မဆိုးတော့ဘူး ပြောတာ

ကလေးတွေ ဗွီဒီယိုတွေက ရိုက်ဖြစ်တယ်။ မတင်ဖြစ်တာ။ တင်လိုက်ပါ့မယ် Star

အခုတော့ အမှည့်လွန်လို ပုတ်တောင် ပုတ်ချင်ပြီ Loi Lem

ရှိသေးပါဗျာ ကို TZA။ ကြုံရင် မိတ်ဆက်ပေးမယ်လေ။ ဟားဟား

Post a Comment

Many thanks for dropping a comment…

Film


Files