Thursday, November 27, 2008

သားနဲ့သမီးရဲ့ ဇွန်း

ကလေးတွေကို Spoon Feeding လုပ်ဖို့ သင့်တော်တဲ့ အချိန်ကတော့ ၆ လ ပတ်ဝန်းကျင်မှာပါ။ အဲဒီ ပတ်ဝန်းကျင်မှာ ကလေးတွေဟာ အစာကို စိတ်ဝင်စားတဲ့ ပုံတွေ သိသိသာသာ ပြလာပါမယ်။ လူကြီးတွေ စားတာ မြင်ရင် ပါးစပ်ကလေး တလှုပ်လှုပ်နဲ့ လူကြီးလက် ပါးစပ်ထဲကို အစာထည့်လိုက်တာကို အစအဆုံး လိုက်ကြည့်နေမည်ဆိုရင် ကလေးတွေဟာ အစာစားဖို့ စိတ်ဝင်စားလာပြ ပြောလို့ ရပါတယ်။ သားက ၅လခွဲလောက်ကတည်းက အစာတွေ စကျွေးနေပါပြီ။ Spoon Feeding ပေါ့။ ကလေးတွေကို ဇွန်းနဲ့ကျွေးခြင်း စားစေခြင်းဟာလည်း နို့တိုက်သလို အရေးပါပါတယ်။

နို့ဘူးလိုမျိုးက စို့ရတာ လွယ်တဲ့ အတွက် ဇွန်းကို ငြင်းဆန်ချင် ငြင်းဆန်လိမ့်ပါမည်။ အဲဒါကြောင့် ကလေးတွေ ဇွန်းနဲ့ စ မစား တတ်ခင်ကတည်းက လူကြီး ထမင်းဝိုင်းမှာ အတူတူ ပေးထိုင် ထားပါတယ်။ သမီးကို ပန်းကန် အလွတ်နဲ့ ဇွန်း တစ်ချောင်း ပေးထားရင် သူဘာသူ ကိုင်ပြီး ဆော့နေပါတယ်။  လူကြီးတွေ ဇွန်းနဲ့ စားတာကို ကြည့်ပြီး သူလည်း ဇွန်းနဲ့ စားရကောင်းမှန်း သိလာပါတယ်။ ၁၀လကနေ ၁၅လ အတွင်းမှာ ကလေးတွေက ဇွန်းနဲ့ စားဖို့ စိတ်ဝင်စားလာပါမည်။ ကိုယ်ခန္ဓာ အနေအထားကလည်း ဇွန်းနဲ့ စားဖို့ သင့်တော်လာပါတယ်။ ၈လလောက် အထိကတော့ သူတို့ရဲ့ လက်ကောက်ဝတ်ရိုးတွေဟာ မမာသေးတဲ့ အတွက် လက်ကို ကောင်းကောင်း လှည့်လို့ မရသေးပါဘူး။ နောက်တော့ လှည့်လို့ ရလာပြီး လှည့်တတ်လာပါလိမ့်မယ်။ ကလေးတွေ အတွက်တော့ ဇွန်းနဲ့ ပါးစပ်ထဲကို အစာရောက် အောင်ထည့်ဖို့က အတော်ကို Coordinate လုပ်ယူရတာပါ။

ဇွန်းနဲ့ စ စားစားချင်းမှာတော့ စေးကပ်တဲ့ ဆန်မှုန့်တို့လိုမျိုး အနှစ်တွေကိုပဲ စားတတ်ပါတယ်။ ဒါတောင် ပါးစပ်ပေါက်ထဲကို တည့်အောင် မနည်း ထည့်ရတာမျိုး။ နောက်တော့ ခေါက်ဆွဲတို့လိုမျိုး အမျှင်တွေကို ကော်ပြီး ခပ်စားတတ်လာပါတယ်။ တဖြည်းဖြည်း အစာ အတုံးလေးတွေကို ဇွန်းနဲ့ ခပ်တတ်လာပြီး နောက်ဆုံး ကျရင် အရည်ပါ သောက်တတ်လာပါတယ်။ အရည်တိုက်ဖို့တော့ ခွက်က ဇောက်မနက်မှ သူတို့ ခပ်လို့ ပိုကောင်းပါတယ်။ အရည် သောက်ခါစမှာတော့ မှောက်ကျမှာပါပဲ။ မှောက်ပါစေ။ ဖိတ်ပါစေ။ အ၀တ်အစားတွေ စိုသွား ပေသွားရင် ပြန်လဲပေးလို့ ရပါတယ်။ သူတို့ကို သောက်ခွင့် ပေးထားလိုက်ပါတယ်။ နောက်ကြာရင် မဖိတ်အောင် သောက်တတ်သွားပါတယ်။

လူကြီးက Spoon Feeding လုပ်ပြီးရင် ကလေးတွေ သူဘာသူ ကိုင်တွယ်တတ်၊ ပါးစပ်ထဲ ထည့်တတ်အောင် Fingering Food  လို့ပြောလို့ရတဲ့ မုန့်လက်ညှိုးလိုမျိုး၊ ဘီစကစ်လိုမျိုးတွေ ကျွေးနိုင်ပါတယ်။ သူ့လက်က ကောင်းကောင်း ကိုင်တွယ် တတ်ပြီ ဆိုမှ ဇွန်းကို ကျင့်ပေးရတာပါ။ ကလေးက လက်နဲ့ပဲ စားနေသေးရင်လည်း အတင်းကြီး တိုက်တွန်းတာမျိုး မဟုတ်ဘဲ ဇွန်းကို ဆော့စရာ တစ်ခုအနေနဲ့ ပေးထားရပါမည်။ အချိန် အနည်းငယ် အတွင်းမှာ ဇွန်းနဲ့ စားတတ်သွားပါမည်။ ကလေးတွေက ဇွန်းနဲ့ ကိုယ်ဘာကိုယ် စားတတ်သွားရင် လူကြီး ခွံ့ကျွေးတာကိုတောင် စိတ်မရှည်ချင် ဖြစ်လာပြီး သူတို့ဘာ သူတို့ပဲ စားချင်လာပါမည်။ မှောက်မှာ ပေမှာ မစိုးရိပ်ပဲ ဇွန်းနဲ့ ပေးစားထားပါ။ မှောက်တတ်ရင်လည်း နည်းနည်း ပိုထည့်ပေးထားပါ။ ဒါမှ လူကြီး ကျွေးသလောက် ၀င်မှာပါ။

ဇွန်းနဲ့ စ စားခါစမှာတော့ အနည်းနဲ့ အများ ညစ်ပေတာတော့ ရှိမှာပဲ။ အဲဒါကြောင့် အစာစားတိုင်း သွားရည်ခံ(Bid) ၀တ်ပေးတဲ့ အကျင့်ကို လုပ်ပေးရပါမည်။ သမီးတုန်းက Bid မ၀တ်ပေးတာ များတော့ နောက်ပိုင်းကျရင် Bid ၀တ်ခိုင်းရင် ငြင်းဆန်ချင်ပါတယ်။ သမီးက အဲဒီလိုပဲ ဦးထုပ်တို့ Bid တို့လိုမျိုး အပိုဝတ်ရတာတွေကို မ၀တ်ချင်ဘူး။ သူ့အမေလိုပဲ မိန်းမဖြစ်ပြီး အ၀တ်အစားဆို ဆန်းဆန်းပြားပြား ရှုပ်ရှုပ်ရှက်ရှက် ဆို မ၀တ်ချင်ဘူး။


ဒီဇွန်း ၂ ချောင်းကို ဆိုင်မှာတွေ့ရင် ကျွန်တော် အဖြူရောင်ဇွန်းကိုပဲ ၀ယ်ဖြစ်မှာပါ။ အ၀ါရောင်ကြီးက ကလေးအတွက် ကြီးတယ် ထင်လို့ပါ။ တကယ်လည်း အဖြူရောင်ဇွန်းက ၀ယ်ထားတာ ဖြစ်ပြီး အ၀ါရောင်ကတော့ လက်ဆောင်ရတာပါ။ တကယ့်တကယ်ကျတော့ အ၀ါရောင်ဇွန်းက သမီးအတွက် ပိုပြီး သင့်တော်ပါတယ်။ လက်ကိုင်က အပြားကြီးတော့ လည်မထွက်သွားတဲ့ အတွက် ကလေးဇွန်းဝယ်ရင် လက်ကိုင်အပြားကြီးတာကို ၀ယ်သင့်ပါတယ်။ သူတို့ ကိုင်ရတာ ပိုပြီး အဆင်ပြေပါတယ်။

Spoonsအဖြူရောင်  ဇွန်းလေးကတော့ သမီး ငယ်ငယ်တုန်းက ကျွေးတဲ့ ဇွန်းကို သားက အမွေ ဆက်ခံထားတာပါ။ အဲဒီ ဇွန်းလေးက သားတို့ သမီးတို့ ၆လ အရွယ်လောက်မှာ ကျွေးလို့ ကောင်းပါတယ်။ သူတို့ ပါးစပ်နဲ့ အတော်ပဲ။ နောက်တစ်ခု ကောင်းတာက ဇွန်းဖင်မှာ အထစ်ကလေးတွေ ပါတော့ ပန်းသီးလိုမျိုးကို ပြုတ်ပြီး ကျွေးရင် ချေလို့ကောင်းတယ်။ ကလေးတွေ သွားပေါက်ချိန် ရောက်ရင်တော့ ဒီဇွန်းက မကောင်းတော့ပါဘူး။ သူတို့ သွားတွေနဲ့ ခြစ်မိတတ်တယ်။ စစချင်း ကျွေးတဲ့ အချိန်မှာတော့ ရာဘာဇွန်းလိုမျိုးတွေ ရနိုင်ရင် ပိုကောင်းပါတယ်။ ဒါမှသူတို့ ကိုက်မိရင် မနာအောင်ပါ။

ဇွန်းနဲ့ ကောင်းကောင်း စားတတ်ပြီး ဆိုမှ ကော်ခက်ရင်းတုံးတုံးနဲ့ ကျွေးပါတယ်။ ခက်ရင်းက နည်းနည်း အန္တရာယ်ရှိတဲ့ အတွက် သတိတော့ ထားရပါမည်။ ကလေးတွေမှာ Instinct (ပင်ကို ဓါတ်ခံ) က ပါလာပြီး အစားအစာတွေကို ကိုယ့်ဘာကိုယ် စားဖို့ သင်ပေးစရာ မလိုပါဘူး။ ဒီလိုပဲ ဇွန်းနဲ့ စားတတ်တာဟာလည်း လူကြီးက အနည်းငယ် တည့်မတ်ပေးရပေမည့် အချိန် အနည်းငယ်ပေးလိုက်ရင် တတ်လာပါတယ်။ ကလေးငယ်တွေက အတုခိုးတတ်တဲ့ အတွက် လူကြီးကို ကြည့်ပြီး သူ့ဘာသူ တတ်လာပါလိမ့်မည်။ လောစရာ မလိုပါဘူး။ ဇွန်းနဲ့ စားတတ်တာဟာ စာရေးတတ်သလိုမျိုး ပုံဆွဲတတ်သလိုမျိုးမို့ ကလေးတွေအတွက် စောင့်ကြည့်ရမည့် Milestone (မှတ်တိုင်) တစ်ခု ဖြစ်ပါတယ်။

တခြားဖတ်ရန် - သမီးရဲ့ အစားအစာနဲ့ တိုးတက်မှု ( ၅လမှ ၈လ အထိ)

14 comments:

khin oo may - 11/28/08, 1:07 AM

ကလေးမရှိလို့နဲနဲ ရှပ်ဖတ်သွားတယ်။ စိတ်မဆိုးနဲ့နော်။။ :P

ponyate - 11/28/08, 2:19 AM

ကိုအန်ဒီရဲ့ ဘလောက်ကို ခဏခဏ ရောက်ဖြစ်ပြီး ဘာမှ မရေးဖြစ်တာပါ။ ကလေးတွေ အကြောင်း ရေးတာ ချစ်စရာလေးတွေ။ သူတို့ အတွက် ဇွန်းနဲ့ စားတာဟာ မှတ်တိုင် ဆိုလို့ ဟုတ်သားပဲလို့ တွေးမိသေး။

A Linn Nyi - 11/28/08, 2:20 AM

ကလေးလေးတွေ အကြောင်း မရေးတာကြာလို့ ဖတ်ချင်နေတာနဲ့..အတော်ပဲ wesheme ရေ :)

မီယာ - 11/28/08, 3:40 AM

ကလေးမရှိပေမယ့် အားပေးသွားတယ်။ ရန်ကုန်ကတူတွေတူမတွေ၅နှစ်၆နှစ်ရောက်တဲ့အထိ ခွံ့ကျွေးနေတာတွေ့လို့ဆရာလုပ်မိတာ နင့်ကလေးကျမှသိမယ်လို့ သြဘာပေးခံရတယ်။ ဒီမှာ၈လသမီးကသူ့လက်နဲ့သူ carrot တွေ peas တွေကိုကိုင်စားနေတာတွေ့တော့သိပ်အားရတာပဲ။ finger food တွေကျွေးတော့ လက်လေးတွေလည်း သန်မာတာပေါ့။

star - 11/28/08, 2:55 PM

ဖတ်သွားတယ်ကိုအန်ဒီရေ..:)

sin dan lar - 11/28/08, 6:23 PM

ဖတ်သွားတယ်.။ မှတ်သွားတယ်.
တစ်နေ့နေ့မှာ လက်တွေ့အသုံးချမယ်လို့ အားခဲထားတယ်

Moe Cho Thinn - 11/29/08, 3:30 AM

ကလေးမရှိလို့နဲနဲ ရှပ်ဖတ်သွားတယ်။ စိတ်မဆိုးနဲ့နော်။။ :P
(မမ kom လို လိုက်ရေးတာ)
နောက်ဘ၀များ ကျမှပဲ..

ဇနိ - 11/29/08, 4:03 AM

ကလေးရှိလာဦးမှာ ဆိုတော့ အသေအချာ ဖတ်ရတယ် အပေါ်က မမ ၂ ယောက်နဲ့ မတူအောင်လို့ :)

strike - 11/29/08, 7:59 AM

ကလေးမရှိလို့နဲနဲ ရှပ်ဖတ်သွားတယ်။ စိတ်မဆိုးနဲ့နော်။ :D Online မှာဘယ်သူသိတာမှတ်လို့ :P

strike - 11/29/08, 6:37 PM

ဒါနဲ့ Ko Andy လည်းအခုပြန်ပြီးအမျိုးသမီးနဲ့ကြတော့ ဇွန်းကို ငြင်းဆန်နေတုံးဆို သတင်းကြားလို့မေးကြည့်တာပါ။

Andy Myint - 11/29/08, 10:30 PM
ဒီလိုတွေ ရိုးသား ပွင့်လင်းလို့ မခင်ဦးမေကို ခင်တာ .. အဟုတ်

ကျေးဇူး မပုံရိပ်။ ဟုတ်တယ်... ဇွန်းနဲ့ အစားအစာတွေကို မကျအောင် ခပ်ပြီး ပါးစပ်ထဲ ၀င်အောင် ထည့်ဖို့ ဆိုတာ သူတို့အတွက် အတော့ကို လုပ်ယူရတာလေ။

ဟုတ်ပ အစ်မ အလင်းညီ။ ကလေးတွေ အကြောင်း မရေးဘဲ တခြားအကြောင်းတွေ ရေးတာ အတော်ကြာနေပြီ။ ကလေးတွေ အကြောင်း ပြန်ရေးဦးမယ်။

ဟုတ်ကဲ မမီယာ။ ကလေးတွေ လက်နဲ့ ကိုင်စားလည်း သူတို့ အတွက် ကောင်းတာပေါ့။ လက်နဲ့ ညှပ်ပြီး ကိုင်ဖို့ကလည်း လွယ်တာ မဟုတ်ဘူးကို။ အရေးကြီးတာက သူတို့ ဘာသူတို့ အစာ စားချင်နေဖို့ပဲလေ။ အဲဒါမှ မိဘတွေ စိတ်ချမ်းသာမှာ။

ကျေးဇူး Star

`တို့´ ထားလိုက် မ Sin Dan Lar နောက်ကျမှ လိုရင် ပြန်လာဖတ်လေ။

ဟီးဟီး မခင်ဦးမေ အဖော်ရသွားပြီပေါ့ မချိုသင်း

ကဲ.. ကိုဇနိရေ... အခုကတည်းက လေ့လာနေပြီပေါ့။ ကောင်းတယ်ဗျာ။

နားမလည်ပါဘူး STRIKE ရာ။ ဘာတွေ လည်းဗျာ။
May Moe - 11/30/08, 1:45 AM

ကိုဇနိလို သေချာဖတ်ပြီ မစင်ဒန်လာလို ကြိမ်းဝါးသွားပါတယ် :P

Loi Lem - 11/30/08, 6:21 AM

နောက်ဘယ်နှစ်နှစ်ကြာမှ ဒီလိုပို့စ်မျိုးရေးနိုင်မယ် ဆိုတာ မသိသေးပါဘူးဗျာ။ ကိုအန်ဒီကိုတော့ ကျွန်တော့်ထက် ရာထူး ၂ဆင့်ကြီးနေတာမို့ လေးစားပါတယ်။ :D

ThuHninSee - 11/30/08, 7:10 PM

အခုတော့ ဖတ်လိုက်တယ်။
နောက်ဆို.. အသုံးဝင်နိုင်ကောင်းပါရဲ့၊
:P

Post a Comment

Many thanks for dropping a comment…

Film


Files