Friday, November 14, 2008

ငန်းတစ်အုပ်ရဲ့ အထ္တုပတ္တိ

ကြားဖူးနေတာတော့ ကြာပါပြီ။ ဘယ်သူတွေအတွက် ပြောထားတာလဲကိုတော့ ရေးတေးတေးပဲ။ အပြင်ပန်းမှာ တည်ငြိမ်နေပေမယ့် အတွင်းမှာ (ယောက်ယက်ခပ်အောင်) ရုန်းကန်နေရသူတွေကို ဘာနဲ့ တူသလဲဆိုတော့ ရေပြင်ပေါ်မှာ အိနြေ္ဒရရ သွားနေတဲ့ ငန်းတစ်ကောင်လိုပဲတဲ့။ ဒီအတိုင်း ကြည့်လိုက်ရင်တော့ ရေပြင်ပေါ်မှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ ရေအောက်မှာတော့ ခြေနှစ်ချောင်းကို မရပ်မနား ရုန်းကန်နေရရှာတယ်တဲ့။

ကျွန်တော်တို့ မိသားစုလည်း ဒီလိုပါပဲ။ အများအားဖြင့် ကိုယ့်မိသားစု အကြောင်း ရေးတဲ့ ဒီဘလော့ဂ်လေးကို ဖတ်လိုက်ရင် ဒီမိသားစုကတော့ အင်မတန်ကို ၀မ်းသာ ကြည်နူးစရာ ပဲပေါ့။ တကယ်တော့လည်း ရေပြင်ပေါ်က ငန်းတစ်ကောင်လိုပါပဲ။ အပြင်ပန်းက ကြည့်လိုက်ရင်တော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ အတွင်းမှာတော့ သူလို ကိုယ်လို မိသားစုတွေလိုပဲ ရုန်းကန် ပူပင်နေရတာပါပဲ။ စားရေး သောက်ရေး၊ နေရေး ထိုင်ရေး၊ ကလေးတွေ အနာဂတ်၊ ကိုယ့်အနာဂတ်၊ အလုပ်အကိုင်... စသည် စသည်နဲ့ အခုခေတ်မှာ ပူပင်စရာတွေက ပိုတောင် များလာသေးတယ်။

ဘလော့ဂ် စရေးတော့ ဘယ်ဟာကိုတော့ ရေးမည်။ ဘယ်လိုမျိုးကိုတော့ ရှောင်မည် ဆိုပြီ အနည်းနဲ့ အများတော့ သတ်သတ်မှတ်မှတ်လေး လုပ်ထားပါတယ်။ အဲဒီထဲမှာ ဒီမိသားစုရဲ့ ကြည်နူးစရာ အချက်လေးတွေတော့ ရေးမည် ပါတယ်။ ဒါကိုက ဒီဘလော့ရဲ့ အဓိက Theme ပါပဲ။ ဒီလိုရေးတဲ့ အတွက် ကိုယ်လည်း ၂ ခါပြန် ကြည်နူးရတယ်။ ကိုယ်တင်လိုပဲ ကိစ္စများမြောင်းနဲ့ ရုန်းကန်နေရတဲ့ စာဖတ်သူတွေကိုလည်း အကြည်ဓါတ်လေး ကူးစက်ပါစေတော့ပေါ့။ အလုပ်ထဲမှာ အရမ်း ပင်ပန်းပြီး စိတ်ရှုပ်လာလို့ ခဏလောက် နားတဲ့ အချိန်မှာ ရွှင်လန်းစရာ Web Site လေး တစ်ခုလောက် ကြည့်လိုက်ရင် နည်းနည်းတော့ စိတ်ထွက်ပေါက် ရသွားသလို ကိုယ့်ဘလော့လေးကလည်း ဒီလို ဖြစ်စေတော့ကို ဘာရယ်တော့ မဟုတ် ရည်ရွယ်ပါတယ်။

ဒီလို ကြည်နူးစရာ ကောင်းကွက်လေးတွေပဲ ရေးတယ် ဆိုပေမည့် ဘလိုင်းကြီး ညာဖြီး လာရွှီးလို့လည်း ရတာမျိုးတော့ မဟုတ်။ သူငယ်ချင်း တစ်ယောက် နောက်ဖူးသလို “အန်ဒီ... ကြည့်ရွှေနော် ကြည့်ရွှေ” တဲ့။ ဒီဘလော့ ဖတ်တဲ့ သူတွေထဲမှာ ကျွန်တော်တို့ကို အပြင်မှာ မြင်ဖူး ဆက်ဆံဖူး ကျွန်တော်တို့ အကြောင်းကို ခရေစေ့ တွင်းကျ မဟုတ်တောင် အထိုက်အလျောက် သိတဲ့သူတွေကလည်း အယောက် တစ်ရာမကဘူး။ အဲဒီလိုမှ မဟုတ်လည်း ဖတ်ကောင်းပါစေတော့ ဆိုပြီး ရေးချင်တိုင်း ရေးလို ရတာမျိုးမဟုတ်။ စာဖတ်သူတွေဆိုတာ ဆင်ခြင်တုံတရားနဲ့ အတွေ့အကြုံတွေက အသက်အရွယ်နဲ့ အလိုက် အပြည့်အ၀ ရှိထားတာမျိုး။ စာတစ်ပုဒ် ဖတ်လိုက်တာနဲ့ ကောင်း၏၊ မကောင်း၏၊ ဟုတ်၏ မဟုတ်၏ ဆိုတာကို ချက်ချင်း တန်းသိတာ။ အဲဒါကိုမှ ဇွတ်တရွတ် မဟုတ်တန်းတရား ရေးမည်ဆို ယောင်လိုတောင် လှည့်ကြည့်တော့မှာ မဟုတ်ဘူး။ အဓိက ကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံပါစေပေါ့။

အဲဒီတော့ မဟုတ်က ဟုတ်က တွေ မရေးဘဲ ဟုတ်က ဟုတ်က တွေပဲ ရေးတော့တယ်။ ညာမဖြီးပေမည့် ကောင်းကွက်လေးတွေပဲ ရွေးရေးတယ်။ White lie ရယ်လည်း မဟုတ်ဘူးပေါ့။ လောကမှာ ဒီလိုပဲ ကောင်းကွက်တွေ ရှေ့တင်ရတဲ့ အခါ ရှိသလို လူသနားအောင် ဟာကွက်တွေ ဗန်းပြရတာမျိုးလည်း ရှိတာပဲ။ သူနေရာနဲ့ သူပေါ့။ ဒါပေမယ့်လည်း တမင်တကာကြီး လူသနားအောင်တော့ လုပ်မရေးပါဘူး။ မေတ္တာတွေ ဖိတ်ဖတ်ယို ကျအောင်လည်း မလုပ်ပါဘူး။ လူတွေ အကြည်ငြိုကြီးအောင်လည်း ဖိန့်ဖိန့် လုပ်စရာ မလိုပါဘူး။ ကျွန်တော်တို့က ကိုယ်လမ်း ကိုယ်သွားချင်တာပါ။ ကိုယ့်မြင်း ကိုယ်စိုင်းတတ်တာမျိုးပါ။

ကလေး နှစ်ယောက်နဲ့ ပိုပြီး ကြည်နူးရသလို အပူအပင်ကလည်း နှစ်ဆ မကပါဘူး။ အသုံးစရိတ်က ၂ဆ ပိုကုန်သလို Opportunity Cost ကလည်း ကုန်ပါသေးတယ်။ ကလေး ၂ ယောက်နဲ့မို့ သူမက အလုပ်မလုပ်နိုင်တော့ ၀င်ငွေက ထက်ဝက်လျော့ကျသွားပါတယ်။ မိအေး ၂ ခါနာပေါ့။ ချမ်းသာတဲ့သူက ပိုချမ်းသာ၊ ဆင်းရဲတဲ့ သူက ပိုဆင်းရဲတဲ့ ခေတ်ကြီးမှာ ကွာဟမူဆိုတာ ရှိလာရင် အချိန်နဲ့ အမျှ ကွာဟမူဟာလည်း ပိုပြီး ကြီးလာတယ်။ Gap က ပိုကျယ်လာရော။ ပြီးတော့ နေတဲ့ နိုင်ငံကလည်း အသုံးစားရိတ် အတော်အတန် မြင့်တဲ့ နိုင်ငံဆိုတော့ နည်းနည်းမှ မလှုပ်လိုက်နဲ့ လှုပ်လိုက်တာနဲ့ အထုပ်လိုက် ကုန်မည် ဆိုသလို ဖြစ်နေတော့ တုပ်တုပ်တောင် မလှုပ်ရဲဘူး။ အဲဒါကလည်း ဒီဘလော့ ရေးနေရခြင်း အကြောင်း တစ်ရပ်ပဲ။ ဘလော့ ရေးတော့ ပိုက်ဆံ မကုန်ဘဲ အပျင်းလည်းပြေ Social လည်းရ ဖြစ်နေတာကိုး။ စေတနာထား ရေးရင် ကုသိုလ်တောင် ရဦးမည်။

ဒီဘလော့ကို ဖတ်ပြီး အမှန်တကယ် ကြည်နူးတဲသူတွေ ရှိတော့ ၀မ်းသာရပါတယ်။ ကောင်းကွက်တွေချည်း ရွေးရေးတော့ ကြွားသလိုတော့ ဖြစ်နေပြန်လို့ ဘလော့စရေးတုန်းက ဘလော့ Intro မှာ “သွားတာတွေ ပါမည်။ စားတာတွေ ပါမည်။ ကြွားတာတွေ ပါမည်။ မှားတာတွေ ပါမည်” ဆိုပြီး ရေးသေးတယ်။ နောက်တော့ အဲဒီ Intro ကို တွေ့ပြီး မြင်မြင်ချင်း လန်ထွက်သွားတဲ့ Visitor အသစ်တွေကို သတိထားမိလို့ ပြင်လိုက်တာ။ ကိုယ်ကတော့ အရိုးခံနဲ့ ရေးထားတာပါ။ ဒါပေမယ့် First Impression မကောင်းလို ပြင်လိုက်တာ။ တစ်ခါတစ်လေကျတော့လည်း Message တစ်ခု Knowledge တစ်စ ပေးဖို့ ဒီအတိုင်း မရေးတတ်လို့ ကိုယ်ကြုံဖူးတာနဲ့ ပြချင်ပေမည့် အရေးမတတ်တော့ ကြွားသလို ဖြစ်သွားတယ်။ အမှန်အတိုင်း ၀န်ခံရရင် တစ်ခါတစ်လေတော့လည်း ကြွားတာပါ။ လူပဲလေ။ အနားမှာ ကြွားစရာ လူကလည်း ခပ်များများ မရှိတော့ ဒီလိုပဲ ဘလော့မှာ တက်ကြွားလိုက်တယ်။ နိုင်ငံခြားမှာ နေရတဲ့ ဒုက္ခပေါ့။ ကြွားချင်ရင်တောင် ဘလော့နဲ့ ကြွားရတယ်။ ဖြစ်ပုံက။

ကျွန်တော်တို့ နှစ်ယောက်စလုံးက ရောင့်ရဲတတ်သူတွေ မဟုတ်သလို အရမ်း ချမ်းသာနေချင်သူတွေလည်း မဟုတ်ပါဘူး။ လက်ရှိ အနေအထားကလည်း လိုချင်သမျှ ပြည့်စုံနေတာ မဟုတ်သလို၊ နဖူးက ချွေး ခြေမ ကျနေတဲ့ အနေအထားလည်း မဟုတ်သေးပြန်ဘူး။ အဲဒီတော့ ဒီထက်ပိုပြီးတော့ ပြည့်စုံချင်သလို ဒီဘ၀မှာလည်း ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေတာပါ။ အဲဒီလို ပျော်ရွှင် စိတ်ချမ်းသာစရာတွေပဲ ဘလော့မှာ ရေးပြီး ပြည့်စုံအောင် ရုန်းကန်နေရတာကိုတော့ ရေးစရာ ရှိမှပဲ ရေးပါတယ်။ စာဖတ်သူတွေ အတွက် အကျိုးရှိမည် ဆိုရင်တော့ အထုတ် ဖြည်ပြရတာပေါ့။ မလိုအပ်ရင်တော့လည်း ကိုယ့်အပူ ကိုယ့်ဟာကိုယ် ကျိတ်ပြီး ဖြေရှင်းပေါ့။

ကြွားတယ် ထင်တာက ဖြေသာပါသေးတယ်။ ကိုယ်က ကောင်းတာတွေချည်းပဲ ရေးလို ဒီဘလော့ကို ဖတ်ပြီး ကိုယ့်ကို မနာလို ဖြစ်တဲ့သူ ရှိတယ်ဆိုတော့ ကျွန်တော်တို့ နှစ်ယောက်မှာ အံ့သြယူရတယ်။ ကျွန်တော်တို့မှာ ဘ၀က မပြည့်စုံခဲသလို မပြည့်စုံသေးတော့ ကိုယ်က အားကျနေရတဲ့သူတွေက ခပ်များများရယ်။ ပြီးတော့ ကိုယ်မပြည့်စုံတာ ကိုယ်သာ သိနေတော့ ကိုယ့်ကို မနာလို ၀န်တို ဖြစ်နေတဲ့သူတွေ ရှိမည်ဆိုပြီး ဘယ်တုန်းကမှ မထင်ထားဘူး။ ဒါဟာ စိတ်ထားပြည့်ဝလွန်းလို့ မဟုတ်ပါဘူး။ ကိုယ့်ဘာကိုယ် အလုပ်တွေ ရှုပ်နေပြီး ဒါမျိုးတွေ ခေါင်းထဲမှာကို မရှိတာပါ။ မနာလိုခဲ့ရင်လည်း ဒီလို မနာလို ဖြစ်တတ်တာကို ကိုယ်ချင်းစာပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်လည်း J ၀င်ဖူးတယ်။ ၀င်တာမှ ပြောင်းပြန်ကြီး ၀င်တာဆိုတော့ ပြန်ထုတ်ရခက်တယ်။ 

လူတွေမှာ မနာလို ဖြစ်တဲ့အခါ (ကျွန်တော့် ခံစားချက်အရ) နှစ်မျိုး ရှိတယ်။ ဘလိုင်းကြီး စိတ်ပုတ် စိတ်ယုတ်မာပြီး မနာလို ဖြစ်တာနဲ့ အလိုလို မနာလို ဖြစ်တာ။ ဥပမာ ကျွန်တော်က ငါလည်း Software တွေး ရေးတတ်ရဲ့သားနဲ့ ဘာလို့ Bill Gate လို မချမ်းသာရတာလည်း ဆိုပြီး Bill Gate ကို မြင်ရင် စိတ်တွေ ပုတ် စိတ်တွေယုတ် ဖြစ်တာ။ ဒါမျိုးက ဘလိုင်းကြီး မနာလို ဖြစ်တာ။ ဘယ်လိုလည်း ဆိုတော့ ကိုယ့်က Apple ဖြစ်နေတာကို ဟွန်း Orange ကတော့ သူ့အစိတ်လေးတွေနဲ့သူ ငါ့မှာတော့ တစ်ဆက်တည်း အခွံကလည်း သူလို ထူထူ ပွပွ မဟုတ်ဘူးဆိုပြီး ကိုယ်နဲ့ ဘယ်လိုမှ မတူနိုင်သူကို သူ့လို မဖြစ်ရကောင်းလား ဆိုပြီး မနာလို ဖြစ်တာ။ တကယ်တော့ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အတိတ်ချင်း မတူဘူး၊ အကျိုးပေးခြင်း မတူဘူး။ လက်ရှိအနေအထားခြင်း မတူဘူး။ အနာဂါတ်ခြင်း ဘယ်လိုလည်းမှ မတူနိုင်ဘူး။ မတူနိုင်လို အတူတူ မဖြစ်ရတာကို ဘာမှ မနာလိုနေစရာ မရှိပါဘူး။

“Did I say that? Then I lied” လို့ ပြောရမလို ဖြစ်နေပြီ။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးဆိုတာ အကျယ်သဘောမှာ ပြောတာပါ။ တိုင်းတာတဲ့ Scope ကို ချုံ့လိုက်ရင် Measuring Method ကို လျှော့လိုက်ရင် ပြောင်းလိုက်ရင်တော့ တူနေတဲ့နေရာတွေ တူနေရော။ အဲဒီမှာ J စ ၀င်တာပဲ။ ကျွန်တော် အရင် အလုပ်လုပ်တုန်းက အဲဒီ ကုမ္ပဏီက နိုင်ငံခြားကို ပို့ပေးတယ်။ ၀န်ထမ်းတိုင်းကို ပို့တာမဟုတ်ဘဲ အထက်က ရွေးချယ်ချင်သလို ရွေးချယ်ပြီး ပို့ပေးတာ။ အဲဒီတော့ ကိုယ်က အရွေးမခံရဘဲ တခြားသူကို ရွေးသွားရင် စတင် နှိုင်းယှဉ်ကြည့်ပြီး အရွေးခံရတဲ့သူနဲ့ ကိုယ်နဲ့ အတူတူ ဖြစ်နေရင် (ထင်နေရင်) မနာလိုတာ အလိုလို ဖြစ်လာတော့တာပဲ။ သူနဲ့ကိုယ်နဲ့က ဒီကုမ္ပဏီကို ၀င်တာကလည်း တစ်ရက်တည်း ဉာဏ်ရည်နဲ့ ကြိုးစားမှုမှာကလည်း ဘာမှ ကွာတာမဟုတ်။ (တကယ်တော့ သူက ကိုယ့်ထက် သာတွေ အချက်တွေ မတူတဲ့ အချက်တွေ ရှိလို့လည်း ဖြစ်မှာပေါ့) ဘာလို့ သူကျတော့ အရွေးခံရတာလည်းဆိုပြီး ကျွန်တော့်မှာ J တွေ အကောက်လိုက်ကြီးကို ပြောင်းပြန်ဝင်တာ။ သူကို့ မြင်တာနဲ့ မနာလို စိတ်တွေက အလိပ်လိုက် အလိပ်လိုက် တက်လာတယ်။ သူ့ကို မုန်းနေတာတော့လည်း မဟုတ်ပါဘူး။ သူ့ကို မြင်ရင် “လောကကြီးက မတရားဘူး” ဆိုပြီး အော်ချင်စိတ်တွေ ပေါ်ပေါ်လာတယ်။ ကိုယ့်ကိုတော့ မရွေးဘဲ သူ့ကိုတော့ ရွေးရကောင်းမလားဆိုပြီး ရွေးချယ်တဲ့ သူတွေကို အမုန်းကြီး မုန်းတာ။ အဲဒါတွေ ပေါင်းလိုက်တော့ သူနဲ့ ကိုယ်နဲ့ မျက်နှာချင်း ဆိုင်ရင် ကိုယ့်မှာတော့ မျက်နှာကြီး ပုတ်သိုးလို့ သူမှာတော့ ဘာမှ မသိတာလည်း ဖြစ်မည်။ ဒါမှမဟုတ် ကိုယ့်ကိုလည်း ကိုယ်ချင်းစာ သနားပေမယ့် “အေးကွား ငါ မင်းကို ကိုယ်ချင်းစာပါတယ်။ တစ်နေ့တော့ ဖြစ်လာမှာပေါ့။ ကြိုးစား” လို့ပြောလိုက်မှ ပိုဆိုးသွားမှာ စိုးလို့ နေရ ထိုင်ရတွေ ခက် ဖြစ်နေတာလည်း ဖြစ်မည်။

ဒီလို ကောက်ချက်ချ လွဲမှားမှုကြောင့် မနာလို ဖြစ်တာနဲ့ အသားလွတ် မနာလွတ် ဖြစ်တာ မတူပါဘူး။ အသားလွတ် မနာလို ဖြစ်တာက ပိုဆိုးတယ် ဆိုပေမည့် စိတ်ထဲမှာ နည်းနည်း သက်သာပါတယ်။ ဟင်း.. ဒီကောင် ကြီးပွားနေတာများ .. ဆိုပြီး နည်းနည်းလောက် မြည်တွန် တောက်တီးလိုက်ရုံပဲ။ မကျေနပ်လို့ သူ့ကို ကွယ်ရာမှာ ဆဲလိုဆဲ ကျိန်လို ကျိန်။ လုပ်ယူပြီး မနာလို ဖြစ်တာ ဆိုတော့ စိတ်ထဲမှာ သိပ်မပါလှဘူး။ စိတ်ထဲမှာ သိပ်မနာလှဘူး၊ ကောက်ချက်ချ လွဲမှားမှုကြောင့် မနာလို ဖြစ်ရတာကတော့ ကုစားရ ခက်ပါတယ်။ အခြေအနေ အတူတူ ဖြစ်ပါလျက် အကျိုးပေး အတူတူ မဖြစ်ရလေလားဆိုပြီး တွေးလေ နာလေ ဖြစ်ရတာပါ။ ပြေခဲ ပျောက်ခဲပါတယ်။ ရင်ထဲမှာ အတော်အောင့်ပြီး အကုသိုလ် အတော်များပါတယ်။

အပေါ့စား မနာလို ဖြစ်တာကနေ အပြင်စား မနာလို ဖြစ်တာကို ဘယ်အခါမှာ ကူးပြောင်းသွားတတ်သလဲ ဆိုတော့ သူနဲ့ ကိုယ်နဲ့ နှိုင်းယှဉ် တိုင်းတာတဲ့ နေရမှာ အခြေအနေ အတူတူ ထင်ပြီး အကျိုးပေးကိုလည်း အတူတူ ဖြစ်ချင်တဲ့ အခါမှာပါ။ တိုင်းတာမှုတွေက ဘယ်အခါမှာ မှားတတ်သလဲဆိုတော့ မရင့်ကျက်သေးရင် မှားတတ်တာပဲ။ မနာလို ဖြစ်တယ် ဆိုတာ တစ်ယောက်နဲ တစ်ယောက် နှိုင်းယှဉ်ရင်း ဖြစ်တာပါ။ ကိုယ်နဲ့ သူရဲ့ ဘ၀ပေး အခြေအနေ၊ လက်ရှိ အခြေအနေကို မတိုင်းတာဘဲ အကျိုးပေးချည်းပဲ တိုင်းတာရင် မနာလို ပိုဖြစ်လွယ်ပါတယ်။ အခြေအနေကို တိုင်းတာတဲ့ အခါမှာလည်း တိုင်းတာတဲ့ စကေးက ကျယ်ပြန့်ရင် မနာလို ပိုဖြစ်လွယ်တယ်။ အကျယ်ပြန့်ဆုံးနဲ့ အသုံးအများဆုံး ကတော့ ငါလည်း ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်တဲ့ လူပဲ သူက ဘာမို့လို့ ငါထက် ပိုသာနေရမှာလည်း ဆိုတာပါပဲ။

ကိုယ်က သူတစ်ပါးကို မနာလို ဖြစ်လာတဲ့ အခါ မနာလိုစိတ်တွေကို ပျောက်အောင် ဘယ်လို လုပ်မလဲ ဆိုတော့ အရိုးရှင်းဆုံး နည်းလမ်းကတော့ မနှိုင်းယှဉ်ပါနဲ့။ ဒါက ပြောတာသာ လွယ်ပေမယ့် မျက်စိရှေ့မှာ ဖြစ်နေတာ လူဆိုတာက နှိုင်းယှဉ်တတ်တဲ့ သတ္တ၀ါ၊ လူဦးနှောက် အလုပ်လုပ်ပုံက နှိုင်းယှဉ်တတ်တာ ဆိုတော့ မနှိုင်းယှဉ်ဘဲနဲ့ ဘယ်လိုမှတော့ နေနိုင်မှာ မဟုတ်ဘူး။ စိတ်ထား အရမ်း ပြည့်ဝမှသာ ဒီလို နေတတ်မှာ။ အဲဒီတော့ နှိုင်းယှဉ်မယ်ဆိုလည်း တူတာတွေပဲ နှိုင်းယှဉ်မနေဘဲ မတူတဲ့ အချက်ကို ရှာကြည့်ရမှာပါ။ ဒါမှ သူ ကိုယ့်ထက် သာနေရခြင်း လျှို့ဝှက်ချက်ကို သူ မပြောဘဲ တွေ့မှာပါ။

ဒီအချက်ကို ဘယ်လိုမှ မရှာနိုင်တော့ရင် လမ်းကြောင်း အသစ်ပြောင်းပေါ့။ IT ထုတ်ကုန်လောကမှာ အလွယ်ပေးတဲ့ ဥပမာ တစ်ခု ရှိပါတယ်။ ကိုယ်က သူ့ကို Desktop Computer ထုတ်တဲ့ နေရာမှာ မပြိုင်နိုင်ဘူး ဆိုရင် Laptop ထုတ်။ Laptop ထုတ်တဲ့ နေရာမှာ မယှဉ်သာရင် Nettop ထုတ်။ ဒီလိုနဲ့ပဲ ပေါက်သွားတာတွေက အများကြီးပဲ။ လမ်းကြောင်း အသစ်ဆိုပေမယ့် နယ်ပယ် အသစ်ဖြစ်စရာတော့ မလိုပါဘူး။ ဒီလို ဆိုရင် သူနဲ့ ကိုယ်နဲ့ ယှဉ်ပြိုင် စရာလည်း မဟုတ်တော့ဘူး ခိုင်းနှိုင်းစရာလည်း မဖြစ်တော့ဘူး။

မနာလို ဖြစ်မှ အကုသိုလ်များတာ စိတ်ဖိစီးတာ မဟုတ်ပါဘူး။မနာလို ဖြစ်ခံရတယ် ထင်နေရင်လည်း စိတ်ဖိစီးမှု အတော်အတန် ရှိပါတယ်။ ဒီလို ထင်တာလည်း (ကျွန်တော့် ခံစားချက်နဲ့ဆို) နှစ်မျိုး ရှိပါတယ်။ စိတ်မလုံလို့ မနာလို ဖြစ်ခံရတယ်ထင်တာရယ်၊ ကိုယ့်ကိုယ်ကို အဟုတ်မှတ်နေလို့ ဟင်းဟင်း ငါ့ကို မနာလို ဖြစ်နေတဲ့ သူတွေ များနေပြီ ဆိုပြီး ထင်နေတာရယ်ပါ။ ဒုတိယမျိုးကတော့ ဘလိုင်းကြီး ဖြစ်တာ ဆိုတော့ စိတ်ထဲမှာ သိပ်မနာကျင်လှပါဘူး။ ပထမမျိုးကတော့ နေရထိုင်ရ ခက်လှပါတယ်။ အဲဒါကြောင် မနာလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဆိုပြီး မေတ္တာပို့ကြတာ။

ရေးရင်း ရေးရင်းနဲ့ လမ်းတောင် ချော်တော့မည်။ တကယ် ရေးချင်တာကတော့ ကျွန်တော်တို့ မိသားစု ဘလော့ဟာ ရေပြင်ပေါ်က ငန်းကို ကြည့်ရသလိုပါပဲ။ ဘလော့ပေါ်မှာတော့ တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရပါပဲ။တကယ် ဒီက မိသားစုကတော့ အတွင်းမှာ ခြေနှစ်ချောင်းကို မရပ်မနား ယက်ကန်နေရပါတယ်။ ရုန်းကန်နေရပါတယ်ဆိုတဲ့ အမှန်တရားကို ပြောပြချင်တာပါ။ ဘလော့ကို ဖတ်ပြီး အပန်းပြေ အပျင်းပြေရင်ပဲ ကျေနပ်လှပါပြီ။ အားကျတာ မနာလိုတာကတော့  ပုဂ္ဂလိက ခံစားချက်ပဲလေ။

“တွေ့သူတိုင်းကို စိတ်လက်ချမ်းသာ ရှိစေချင်တာ ကိုယ့်စေတနာပါ။ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်သားစေချင်တာ ကိုယ့်ဆန္ဒပါ” 
ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ထဲက စာသားမျိုးကို သတိရတယ်။ ။

29 comments:

My Wonderful Moral Thoughts - 11/14/08, 1:13 PM

Nice Post..,

Touched my heart while reading it.

Keep on!!
SMNTL

ThuHninSee - 11/14/08, 1:13 PM

ဘာရေးရေး အားပေးနေပါတယ်။
မနာလိုလဲမဖြစ်ဘူးလို့တော့ မသေချာဘူးဗျို့။
ဘာလို့လဲဆိုတော. သူမလိုချက်တတ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ပိုင်ချင်တယ်။ ဒါပေမယ့် အဲဒါတွေ အခုထိ ဖြစ်မလာသေးဘူးလေ။

Nu Thwe - 11/14/08, 1:39 PM

ဒီ ဥပမာ စကားလေးကို ကြားလည်းကြားဖူး၊ ကြိုက်လည်းကြိုက်ဖူးပြီးသားပါ။ လူတွေ့စစ်မေး (အင်တာဗျူး၊ ဗိုင်ဗာ) တွေ မဖြေခင် ပြာယာခတ်တတ်တဲ့ ကျွန်မကို ဆရာသမားတစ်ယောက် သွန်သင်တုံးကပေါ့။ ကိုအင်ဒီ ပြောတဲ့ အခြေအနေနဲ့လည်း သိပ်ကို စပ်ဟပ်ကိုက်ညီတာပဲ။ သိပ်ကောင်းတဲ့ စာမူပါ။ ကျေးဇူး။

ဇနိ - 11/14/08, 1:54 PM

တုပ်တုပ်မျှမလူပ်လိုက်နဲ့ လူပ်လိုက်တာနဲ့ အထုပ်လိုက်ကုန်တာကို ကျေးဇူးတင်ရမလိုဖြစ်နေပြီ ထင်တယ် အကိုနဲ့ အမရေ။ ဒါမှ လူပ်တိုင်းမကုန်တဲ့ ဘလော့ဂ်လေး ပို့စ်မသစ်တွေ လာမှာကိုး။
ကိုယ့်ဘ၀နဲ့ ကိုယ့်အတိုင်းအတာအလျောက်တော့ ရုန်းကန်နေကြရမှာပါပဲ။
ပျော်ရွှင်အဆင်ပြေပါစေ
မဇနိ

Ko Paw - 11/14/08, 2:06 PM

ကိုအင်ဒီ့ပို့စ်ကို ဖတ်ပြီး ကိုအင်ဒီ့ကိုဘဲ အစမ်း မနာလိုကြည့်လိုက်မှ။ အဂယ်ဟုတ်ဘူးနှော်။ အစမ်း…အစမ်း။

(ပထမဆုံး ဘလော့ဂ်ညာဘက်ထိပ်က ဟစ်တ်ကောင်တာကို မျက်စောင်းတချက် ပင့်ကြည့်လိုက်ပြီး ကြည့်လိုက်ပြီး)
“အင်း….ဘာလိုလိုနဲ့ ဒီငနဲဘလော့ဂ်မှာ ဟစ်တ်တွေက နှစ်သိန်းတောင်နီးတော့မှာပါလား။ ငါ့ဘလော့မှာတော့ ငါတယောက်တည်း တနေ့တနေ့ ၀င်လိုက်ထွက်လိုက် အကြိမ်တရာလောက် လုပ်နေတာတောင် ဟစ်တ်က ခြောက်သောင်းလောက်ဘဲ ရှိသေးတယ်။ အို….ဒါကတော့…. သူက ငါ့ထက် အများကြီးစောပြီး ဘလော့ဂ်ရေးတာကိုး။ နောက်ပြီး ပုဂ္ဂိုလ်က လူတိုင်းနဲ့ အလွမ်းသင့်အောင်ပေါင်းတယ်။ ဟင်း…ငါက သူလိုတော့ လူတိုင်းနဲ့ လိုက်မပေါင်းဘူး….ဝေးသေး။ ဟွန်း” (ဤကဲ့သို့ အောင်မြင်စွာ မနာလိုပြရန်မှာ ထိုတခဏ၌ ကိုအင်ဒီ၏ အရေးအသားသွက်လက်ခြင်း၊ ဟာသဉာဏ်ရွှင်ခြင်း၊ ရိုးသားခြင်းများကို မေ့ပျောက်ထားရန်နှင့် မိမိကိုယ်တိုင်၏ ညံ့ဖျင်းခြင်းများကို စိတ်ထဲတွင် လက်မခံဘဲ မျက်ကွယ်ပြုထားရသည်။)

(ဒုတိယ… စားစရာသောက်စရာပို့စ်များကို တချက်မျက်စောင်းထိုး ကြည့်လိုက်ပြီး) “နောက်ပြီး…ပုဂ္ဂိုလ်က ဟင်းတွေဘာတွေကလည်း ချက်လိုက်ရသေးတယ်။ သူ့ကိုယ်သူ မိန်းမပရိတ်သတ် အသဲစွဲကြီးပေါ့လေ။ ဟွန့်” (ဤကဲ့သို့ အောင်မြင်စွာ မနာလိုတတ်ရန်အတွက်မူကား မိမိကိုယ်တိုင်၏ ဟင်းမချက်တတ်ခြင်းကို မေ့ပျောက်ထားရမည်။)

(တတိယ…. ဂရပ်တွေကိန်းဂဏန်းတွေဇယားတွေကို ကြည့်လိုက်ပြန်ကာ)
“အံမယ်….ဂရပ်တွေ မျဉ်းတွေကလည်း ပါလိုက်သေးတယ်။ လူတတ်ကြီးတဆူလုပ်နေလိုက်တာများ။ ဒါများ ဘာခက်လို့လဲ။ သူမှ လုပ်တတ်တာလား။ ဒီကနေ့ခေတ်ကြီးမှာ အလယ်တန်းကျောင်းသားတောင် လုပ်တတ်တယ်။” (ဤနေရာတွင် မိမိကိုယ်တိုင် ဂရပ်မဆွဲတတ်တာ၊ ကောင်းကောင်းမကြည့်တတ်တာ၊ နော်မယ်ဒစ်စတြီဗျူးရှင်းအကြောင်းကောင်းကောင်းသဘောမပေါက်တာတွေကို မေ့ထားရမည်။)

(ပြီးလျှင် သားနဲ့ သမီး ပုံကလေးများ၊ မိသားစုဓါတ်ပုံကလေးများကို သွားကြည့်ကာ) “ဟင်း….ကြည့်ပါဦး။ သူ့ကိုယ်သူတော့ အဖေကောင်းပီသတဲ့ လူကြီးပေါ့လေ။ လင်ဝတ္တရား ကျေပွန်သူကြီးပေါ့လေ။ မယားချစ်သူကြီးပေါ့လေ။” (ဤမနာလိုမှုမျိုးကို အောင်မြင်စွာမနာလိုတတ်ရန်မူကား ကိုယ့်ကလေးကိုယ် အချိန်မပေးနိုင်တာ၊ အတ္တကြီးတာတွေကို ပြန်မစဉ်းစားကြည့်မိဘို့လိုသည်။)

ဟဲ….ဟဲ…. ဒါက အစမ်းမနာလိုပြတာ၊ အကင်းဘဲရှိသေးတယ်။ ကိုယ်လူကလည်း ဘလော့ဂါအချင်းချင်းတောင် နေရင်းထိုင်ရင်း မနာလိုချင်စရာတွေ အများကြီးရှိနေပါတယ်ဗျာ။ ဟော….ပြောရင်းဆိုရင်း မနာလိုနေပြန်ပါပြီ…ဒုက္ခပါဘဲ။

ကဲ….အတည်ပြောတော့မယ်။ မနာလိုတာ တကယ်မကောင်းဘူးဆိုတာ လက်ခံပါသဗျိုး။ ကိုယ်ကိုယ်တိုင်လည်း မနာလိုစိတ် အနည်းနဲ့ အများတော့ရှိတယ်။ မကောင်းမှန်းသိတော့ ကြိုးစားပြီး ဖျောက်ဘို့ ကြိုးစားနေဆဲပါ။ ဒါပေမယ့် ချစ်သူခင်သူတွေ၊ မေတ္တာသက်ဝင်သူတွေအပေါ်မှာဆိုရင် မနာလိုစိတ်က ပေါ်ခဲတယ်ဆိုတာကို သတိထားမိတယ်။ ဒါကြောင့် ချစ်တတ်ခင်တတ်ဘို့ကို အရင်ကြိုးစားရမယ်ထင်ပါရဲ့။ အထူးသဖြင့် ကိုအင်ဒီပြောသလိုဘဲ၊ ကိုယ်နဲ့အတူတူဘဲလို့ နှိုင်းယှဉ်ပြီးတော့ မနာလိုတာမျိုးက တကယ်ပူလောင်ပါပေတယ်။ လူအချင်းချင်း မနာလိုစိတ်ကင်းအောင် ကြိုးစားနိုင်ကြပါစေ။

khin oo may - 11/14/08, 2:29 PM

အစ်မကတော့ ကိုယ့်ကိုယ်ကို ဇာတ်လိုက် လုပ် ပြီး ရေး တယ် ။ သ နား စ ရာ ကောင်း အောင်လို့ ။ တခါတလေ အစ်မက အမှန်တရားကို ကိုယ့်ဘာသာ story လုပ်လိုက်တယ်။ :P

khin oo may - 11/14/08, 2:29 PM

ကိုအန်ဒီပြောရင်းနှဲု့လည်သွားတယ်။ ဟားဟား။

Dr. Nyan - 11/14/08, 4:54 PM

ကျွန်တော်သည်လည်းငန်းတစ်ကောင်ဖြစ်တော့
သည်ပေတကား။

sin dan lar - 11/14/08, 5:03 PM

"တုပ်တုပ်မျှမလူပ်လိုက်နဲ့ လူပ်လိုက်တာနဲ့ အထုပ်လိုက်ကုန်တယ်"ဆိုတာကို သဘောကျသွားတယ်။
ကိုယ်တွေမှာတော့ နိုင်ငံခြားမှာနေတယ်ဆိုပြီး ဆွေမျိုးတွေကြားထဲမှာတော့ "သဌေးဘွဲ့ခံ"ပေါ့။
အဖြစ်မှန်ကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိ.....:):P:D

May Moe - 11/14/08, 5:38 PM

အကို နဲ့အမရေ ဒီPost လေးကိုအရမ်းသဘောကျတယ်။ ဥပမာပေးတာရောပဲ ။ဒီမိသားစု Blog လေးကို အမြဲအားကျကြည်နူးစွာနဲ့ဖတ်ဖြစ်နေပါတယ်။ :D

strike - 11/14/08, 6:37 PM

Very nice "ko paw" ...Cheers

strike - 11/14/08, 6:43 PM

MayMoe: ငန်း Blogger Group ဆိုပြီး ဖွဲ့ ရအောင် ။ စီနီယာက ဂိုဏ်းချုပ်လုပ်

"Swan & Associate" ဆိုလဲရသားနော်၊သားလဲပါမယ်လေ။

ငယ်ဂရိုး - 11/14/08, 7:01 PM

"လမ်းကြောင်း အသစ်ဆိုပေမယ့် နယ်ပယ် အသစ်ဖြစ်စရာတော့ မလိုပါဘူး။ ဒီလို ဆိုရင် သူနဲ့ ကိုယ်နဲ့ ယှဉ်ပြိုင် စရာလည်း မဟုတ်တော့ဘူး ခိုင်းနှိုင်းစရာလည်း မဖြစ်တော့ဘူး။ "

တခြားလူတွေနဲ့ယှဉ်လိုက်ရင် နောက်ကျကျန်ခဲ့ ရှုံး
နိမ့်ခဲ့ရတဲ့အချိန်တွေတုန်းကသာ အခုလိုစာလေးတွေဖတ်လိုက်ရရင် အရမ်းအကျိုးရှိမှာပဲ... အစ်ကိုအင်ဒီရေ....

ကျေးဇူးပါနော်...

MANORHARY - 11/14/08, 7:01 PM

အရမ်းကောင်းတဲ့ပို့စ်ပါ..


ကိုယ့်က Apple ဖြစ်နေတာကို ဟွန်း Orange ကတော့ သူ့အစိတ်လေးတွေနဲ့သူ ငါ့မှာတော့ တစ်ဆက်တည်း အခွံကလည်း သူလို ထူထူ ပွပွ မဟုတ်ဘူးဆိုပြီး ကိုယ်နဲ့ ဘယ်လိုမှ မတူနိုင်သူကို သူ့လို မဖြစ်ရကောင်းလား ဆိုပြီး မနာလို ဖြစ်တာ။ တကယ်တော့ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အတိတ်ချင်း မတူဘူး၊ အကျိုးပေးခြင်း မတူဘူး။ လက်ရှိအနေအထားခြင်း မတူဘူး။ အနာဂါတ်ခြင်း ဘယ်လိုလည်းမှ မတူနိုင်ဘူး။ မတူနိုင်လို အတူတူ မဖြစ်ရတာကို ဘာမှ မနာလိုနေစရာ မရှိပါဘူး။


အဲဒါလေးကိုသဘောကျတယ်...

Moe Cho Thinn - 11/14/08, 7:06 PM

တို့တွေကတော့ ကို Andy လို ငန်းတောင် မဟုတ်ဘူး ထင်ပါရဲ့။ အပေါ်ယံအမြင်မှာတောင် ခပ်အေးအေးလေး နေနိုင်ဖို့ ကြိုးစားနေရတုန်း။ ရေအောက်မှာတော့ ဗြောင်းဆန်အောင် ခတ်နေရတာ။ တခါ တခါ မြုပ်သွားသေး။ ဖလူး ဖလူး (ရေမွမ်းသွားတာ..:)

မနာလိုတာကတော့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ၀င်လာတဲ့ အချိန်တွေမှာ ဖြစ်တတ်သလားလို့။ ကလေးတွေလိုပေါ့။ attention ပိုလိုချင်ရင် ကိုယ့်ညီမလေးကို ဆွဲဆိတ်လိုက်တာမျိုး..။ :P
ဒါပေမဲ့ သတိဆိုတာရှိနေရင် မကောင်းတဲ့စိတ်ကို ချွန်းအုပ်နိုင်ပါတယ်။
အတော်ကောင်းတဲ့ ပို့စ်လေးပဲ။

nan - 11/15/08, 1:27 AM

ဖတ်လို့ကောင်းပါ့။

ငန်းမောင်နှံ မျက်နှာချင်းဆိုင်ထားတာ လည်တံလေးတွေက အီသဲပုံလေးဖေါ်လို့။ ငန်းသားလေးတွေနဲ့ ကြည့်ရတာအဆင်ကို ပြေလို့။

ငန်းမေမေက တင်ပြထားသေးတယ်နော်။း)

nu-san - 11/15/08, 2:08 AM

အဟီး.. ငန်းလေးတွေက ၃ ကောင်ဆိုတော့ နောက်တစ်ယောက် ထပ်ယူဖို့များ စိတ်ကူးနေပြီလား Andy နဲ့ ကလေးတို့ မေမေရေ...???

Andy ရေးထားတာ ဖတ်လို့ကောင်းတယ်... ရုံးကအကြောင်းရေးထားတာဖတ်မိတော့ အင်း.. ရုံးမှာအလုပ်လုပ်ဖူးတဲ့ သူတိုင်း ဒီလိုပဲ ဖြတ်သန်းခဲ့ရတယ်လို့ တွေးလိုက်မိသေးတယ်.. အဲဒီတုန်းက အမတို့ ချင်းပြောနေတဲ့ စကားတခွန်းရှိတယ်.. ရုံးက လူတွေက ဥာဏ်ချင်း ယှဉ်နေကြတာ မဟုတ်ဘူးလို့.. ကံချင်း ယှဉ်နေတာနဲ့ တူတယ်လို့ ပြောမိကြတယ်.. အခုတော့လဲ..ပြီးချိန်တန် ပြီးသွားတာပဲနော်..

နည်းနည်းလှုပ်လိုက်တာနဲ့ အထုပ်လိုက်ကုန်မယ်ဆိုတာ အမလည်း သဘောကျတယ်.. ကိုယ်လည်း ၂ ယောက်တည်းပေမယ့် သိပ်မလှုပ်ရဲဘူးကိုး.. :D

တို့ကတော့ ရှင်းရှင်းပဲ.. Andy တို့ကို မနာလိုဘူး... ချစ်စရာကောင်းတဲ့ သမီးလေး ၁ ယောက် ၊ သားလေး ၁ ယောက်ရထားလို့.. အားလည်းကျပါ့... :)

ksanchaung - 11/15/08, 5:25 AM

တော်သေးတာပေါ့။ ဒီကကောင်က လှုပ်လေမြုပ်လေ ဖြစ်နေပြီ။ ဟာ။ ပြသနာပဲ။ ဟန်လုပ်နေတယ် ထင်ပြီး ရပ်ကြည့်နေကြတယ်။ တကယ်ရေမကူးတတ်ဘူးဗျို့။ ကယ်ကြပါဦး။ နောက်ဆို မနာလို မဖြစ်တော့ပါဘူးဂျ။

JoeGyi - 11/15/08, 6:34 AM

Thanks for the post, these days I am feeling down with stress, studies and set backs. Your post and Ko Paw's comment made me relieved. Andy you are the man!!

မီယာ - 11/15/08, 9:55 PM

တို့တွေအားလုံးငန်းတွေပေါ့၊ မှန်လိုက်လေအန်ဒီရေ
မနာလိုဖြစ်တာတော့လူ့သဘာဝပါပဲ။ အဲ့ဒါကိုသိနေတာကတော့ တရားပဲ။ ဖတ်လို့ကောင်းတယ်။

shin - 11/15/08, 10:37 PM

Absolutely correct!

Everyone has his own problem!

One person can convenient in one way not can't be in another way.

However, Jealousy is not good for both party.

phyophyo - 11/16/08, 3:12 AM

andy yay,

do not think too much . we all moving the way, but correct way or wrong way not so sure. But no choice we have to carry on. For jealousy, the more u jealous, the more u feel pain. honestly say pls neglect it......

ဘလူးဖီးနစ် - 11/16/08, 5:29 PM

အစစ်ဘဲ အဲလိုမနာလိုဖြစ်ပြီး စိတ်တောင်တော်တော်တိုသွားတယ် အဟီး
တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ကိုယ်က လွန်သွားလို့ သူငယ်ချင်းကို ပြန်ချော့လိုက်ရပါကြောင်းဗျား...

Andy Myint - 11/16/08, 11:00 PM
Thanks, sis SMNTL. I know what you meant.

ဘာရေးရေး အမြဲ အားပေးနေတာ ကျေးဇူးပါ မသုနှင်းဆီ။ မရှိရသေးသူတွေ ရှိချင် ရှိပြီးသား သူတွေက ပြန်အမ်းချင်နဲ့ ..... ဟားဟား နောက်တာ

ဟုတ်တယ် ဟုတ်တယ် မနုသွဲ့... အစ်မဆီမှာလည်း တစ်ခေါက် ဖတ်ဖူးတယ်။ ဟီးဟီး `စာမူ´တော့ မခေါ်ရဲပါဘူး စာမူလို့ ခေါ်လိုက်ရင် စာရေးဆရာ လိုလို ဘာလိုလို ဖြစ်နေမှာ စိုးလို့... `ဘလော်ဂါ´နဲ့ `ပို့စ်´ လောက်ပဲ ပြောရဲတယ်။

ဘလော့မှာပဲ လှုပ်မှ အပြင်မှာ လှုပ်ရင် ရုတ်ရုတ် ဖြစ်ကုန်မယ် မဇနိ။ အင်း... အဲဒါတော့ အမှန်ပဲ ကိုယ့်အတိုင်းအတာနဲ့ ကိုယ် ရုန်းကန်နေရတာပဲ ဆိုတာ။

သရုပ်ဆောင်ပဲ ဖြစ်ဖြစ် ကော်မန့်ရေးတာပဲ ဖြစ်ဖြစ် အကယ်ဒမီ ပေးရင်တော့ ကိုပေါက ထိပ်ဆုံးက ဖြစ်မှာပဲ။ ကိုပေါလို စာရေးကောင်းတဲ့ သူက ဒီလို ပြောလို့ ဖင်နဲ့ ခုံနဲ့ တောင် မထိဘူး။ မြောက်ကြွ မြောက်ကြွ ဖြစ်နေပြီ။ ဒါနဲ့ ကျွန်တော်က အပေါင်းအသင်း စကားပြန် စကားပြော ညံ့တယ်ဗျ။ အွန်းအဲ အင်းအဲနဲ့ စကားပြောလိုက်ရင်လည်း တုံးတိ။ အသက်ကလည်း မပါဘူး။ မယုံရင် ကောမန့်တွေသာ ဖတ်ကြည့်။ ဒါမျိုးကို ကိုပေါတို့ဆီက သင်ယူရမှာ။ ဒါနဲ့ ဟင်းချက်တာတွေ၊ ကလေးတွေက ပြည်သူ့ မေတ္တာ ခံယူထားတာလေ။ သားတို့ သမီးတို့ ဓါတ်ပုံ ကြည့်ချင်လိုတင် လာလည်တဲ့ သူက ထက်ဝက်ကျော်တယ်။ ဟီးဟီး။ ကလေးပြပြီး ဧည့်ခေါ်တာပေါ့။ မကောင်းဘူးလား။ ချစ်တဲ့သူကို မနာလိုတာ မဖြစ်တတ်လို့ လူတိုင်းကို ချစ်ခင်နိုင်ရင်တော့ ကောင်းတာပေါ့ အစ်ကိုရာ။

အစ်မ ခင်ဦးမေကတော့ လူခင်အောင် လုပ်တတ်ပါတယ်ဗျာ။ ကျွန်တော်လို လူမှုရေး ခေါင်းပါးတဲ့ သူက အစ်မကို ခင်နေတာသာ ကြည့်တော့။

ဟုတ်တယ် ဒေါက်တာဉာဏ်ရေ.... အောက်မှ ဘယ်လောက် ရုန်းကန်နေရတယ်ဆိုတာကို မမြင်လွယ်ဘူးလေ။ ကလေးတွေနဲ့ဆို ပိုပြီး ရုန်းကန်ရတယ်။ ကျွန်တော့်ဆီမှာတော့ `အနာဂတ်´ဆိုတဲ့ စကားလုံးက ကလေးတွေ ရှိလာမှ အဓိပ္ပါယ်ပို ရှိလာတာ။ ကျွန်တော်တို့ မိသားစုတွေ ဒီလိုပဲဆိုတာ ခံစား တွေးကြည့်နိုင်ပါတယ် ခင်ဗျာ။

ဟုတ်တယ် မ Sin Dan Lar မိသားစုထဲမှာ အမျိုးတွေ ထဲမှာတော့ နိုင်ငံခြားမှာနေရင် `အကောင်´ပေါ့။ ကိုယ့်မှာတော့ `အချောင်´ ဖြစ်နေတယ်။

ကျေးဇူး ညီမမေမိုးရေ... ဒါနဲ့ `ငမ်း´ ဘလော်ဂါတွေ အုပ်စုဖွဲ့ရင်တော့ ပါချင်တယ်... `အမ´ မသိစေနဲ့နော်.. အဟီး

ဟုတ်တယ် Strike ... ကိုပေါ ရေးသွားတာ အရမ်းပေါတယ်.... အဲ... ယောင်လို့ .. အရမ်း ဖတ်လို့ ကောင်းတယ်... တကယ်ပြောတာပါ။

ကျေးဇူးတင်ပါတယ်... ငယ်ဂရိုး.. တခြားတစ်ယောက်အတွက် အသုံးဝင်မယ်ဆိုလည်း ရေးရကျိုး နပ်တာပေါ့။

အားပါး... ဆရာမ မနော်ဟယ်ရီကိုယ်တိုင် ချီးမြောက်သွားတာ ကျေးဇူး အထူးတင်ပါတယ်။

ဟီးဟီး ကျွန်တော်တို့ရောပါပဲ မချိုးသင်းရယ်... ဖရူး ဖရူး ၀ရူး ၀ရူး... ဟော ပြောရင်း ဆိုရင်း အောက်က ခြေနှစ်ချောင်း မခပ်မိလို့ ရေမွန်းသွားတယ်။ ဟုတ်တယ်နော် အစ်မ D ၀င်ပြီး J ၀င်တတ်တယ်လို့ ပြောကြတယ်။

ဟဲဟဲ.. Nan က ကြည့်တတ်တယ်.. အီသဲ ပုံလေးက တင်ကတည်းက သတိထားမိတယ်။ ဒီလိုပဲ ငန်းမေမေကတော့ အောက်ပါ အရည်အချင်းတွေကို တင်ပြထားပါတယ်။

အမ်မလေး... ငန်းလေးတွေ ၃ ကောင်တော့ မလုပ်လိုက်ပါနဲ့ မနုစံရယ်... ၂ ကောင်နဲ့တောင် ကျွန်တော် တော်တော် ခေါင်မွှေးပြောင်နေပြီ။ ၃ ကောင်ဆိုရင်တော့ မတွေးဝံ့စရာပဲ... ဟီးဟီး။ ဟုတ်တယ် ဉာဏ်ချင်း ယှဉ်နိုင်ရင်တောင် ကံချင်းက မယှဉ်နိုင်ဘူး ဆိုတာ သိပ်မှန်တယ်။ မနာလိုရင် အနိုင်မခံနဲ့ အစ်မ ၄ ယောက် မွေးပစ်လိုက် အမြွှာပူး ၂ ခါပြန် မွေးလိုက်... အကျောမပေးနဲ့

ဒီမှာလည်း လှုပ်လေ မြုတ်လေ ဖြစ်မှာစိုးလို့ တုပ်တုပ် မလှုပ်တာ ကိုကျော်ကြီး ခင်ဗျ။ အင်း ဒါလည်း ဟုတ်တာပေါ့ .... ငန်း ရေမြုတ်တယ်ဆိုပြီး ဘယ်သူမှ ယုံမှာ မဟုတ်လို့ ကယ်ကြမှာ မဟုတ်ဘူး။ ခက်တာပဲ။

I'm glad that both the post and comments entertain you, JoeGyi. Thanks, mate.

ဟုတ်တယ် မီယာ။ တစ်ခါတစ်လေကျတော့လည်း ငန်းယောင်ဆောင်ရတယ်လေ။ အောက်မှာ ရုန်းကန်နေရတာ မသိအောင် အပေါ်မှာ ခပ်တည်တည်ပေါ့။ ဟန့်ကိုယ့်ဖို့လည်း ဖြစ်တယ်။ သူများ ဒုက္ခရောက်နေတာကို ပျော်တတ်တဲ့သူတွေ၊ သူများ ဒုက္ခရောက်တယ် ကြားရင် စိတ်မကောင်း ဖြစ်တဲ့သူတွေ (မိဘတွေလိုမျိုး) အတွက် ငန်းလို ခပ်တည်တည်ပဲ နေလိုက်တာ ကောင်းပြန်ရော.. ဟုတ်တယ်ဟုတ်

ဟုတ်တယ် Shin... ဆင်လည်း ဆင်ချေးတုံးလောက်... ဆိတ်လည်း ဆိတ်ချေးတုံးလောက်.. ၀မ်းချုပ်ရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် မလွယ်ဘူး။

ဟုတ်တယ် ကိုယ့်ကိုယ်ကိုတော့ မှန်တယ် ထင်တတ်တာပဲ Phyo Phyo။ တစ်ခါတစ်လေကျတော့လည်း သူများလုပ်တာ မှန်နေပေမယ့် ကိုယ်က သူ့လို လိုက်လုပ်ဖို့ အခြေအနေ မပေးတော့ ဒီလိုပဲ ဆေးခါးကြီးတွေ မျိုချခဲ့ရတာလည်း မနည်းဘူး။ ကျေးဇူးပါ။ ကျွန်တော်က Observation ညံ့တယ်။ အဲတော့ ဂရုမစိုက်သလို ဖြစ်ပြီး နွားခြေရာခွက်လေးထဲမှာ ကိုယ်ပျော်နေတာပဲ။

ဟုတ်တယ် ဘလူးဖီးနစ်... မနာလို စိတ် နောက်မှာ တခြားမကောင်းတဲ့ စိတ်တွေက ကပ်လျက် လိုက်ပါလာတတ်တယ်။ အခန့်မသင့်ရင် ကာယကံအထိတောင် မြောက်သွားနိုင်တယ်ဆိုတော့ ကိုယ့်ဘာကိုယ် ခပ်အေးအေး နေတာပဲ ကောင်းပါတယ်လေ။
Anonymous - 11/25/08, 11:11 PM

Nice post ko andy, very smooth writing. I really like your post.

ရွှန်းမီ - 2/16/10, 1:11 AM

ယက်ကန်ယက်ကန်နဲ့ ငန်းပေါက်စလေးတစ်ကောင် လာဖတ်သွားပါသည် :P

GreenGirl - 2/21/10, 3:18 AM

I'm also Swan :)

အပြုံးပန်း - 2/27/10, 1:39 PM

ငန်းရဲ့ ဥပမာလေးကို အတော်နှစ်သက်သွားပါတယ်၊ ကိုယ်ကိုယ်တိုင်လည်း ငန်းလိုပါပဲ၊ လူတိုင်းလည်း ငန်းလိုပဲလို့ သိရလို့ပါ။

ဖြိုးမော် - 6/11/10, 4:53 PM

j ဝင်တယ် ပြောတာ ရုတ်တရက် ခေါင်းထဲ ပြေးမြင်တာက jail ဖြစ်သွားတယ် =P
သူ့အပူ ကိုယ့်အပူ ပေမယ့် စိတ်ချမ်းသာစရာ ဝေမျှတာဟာ အကောင်းဆုံးပါပဲ။

Post a Comment

Many thanks for dropping a comment…

Film


Files