Sunday, December 07, 2008

ခေါက်ဆင့် (ကျိုင်းတုံ ရှမ်းခေါက်ဆွဲ) + ပဲပုတ်ချက်

ခေါက်ဆင့်ဆိုတာ တောင်ကြီးဘက်မှာ ရောင်းတဲ့ အရည်နဲ့ စားရတဲ့ ရှမ်းခေါက်ဆွဲ တစ်မျိုးပါ။ ကျိုင်းတုံ ရှမ်းခေါက်ဆွဲလို့လည်း သိကြပါတယ်။ ချက်ဖို့ အဓိက လိုအပ်တာတွေကတော့ ၀က်သား၊ ပဲပုတ်၊ ခရမ်းချဉ်သီးတို့ပါပဲ။ ပဲပုတ်ဆိုလို့ ပဲပုတ်ဝယ်လို့ မရနိုင်တဲ့ နိုင်ငံကလူတွေ လက်မလန် သွားပါနဲ့။ သြော်ဇီမှာလည်း ပဲပုတ်ဝယ်လို့မရပါဘူး။ အဲဒါကြောင့် ဒီမှာ ၀ယ်လို့ရတဲ့ Tempeh လို့ ခေါ်တဲ့ ပဲပိစပ်ပြားနဲ့ လုပ်ပါတယ်။

TempehTempeh က ပဲပုတ်နဲ့ အတော်ဆင်ပါတယ်။ အရသာ ဆင်တယ်။ အနံ့ကတော့ ပဲပုတ်နံ့ လုံးဝ မရှိပါဘူး။ ပဲပုတ် အနံ့ မကြိုက်တဲ့ သူတွေ အတွက် ကောင်းပါတယ်။ ဥပမာ ကလေးတွေ လိုမျိုး။ ပဲပုတ်က ပရိုတင်းဓါတ် အပြည့်အ၀ ပါတဲ့ အတွက် သက်သက်လွတ်စားတဲ့သူတွေ အတွက် အင်မတန် ကောင်းတဲ့ ဖြည့်စွက်စာပါ။ Tempeh ကို အင်ဒိုနီးရှားတွေ အရမ်း စားပါတယ်။ စင်္ကာပူက အင်ဒိုနီးရှားဆိုင်တွေ၊ မလေးဆိုင်တွေ မှာ တွေ့နိုင်ပါတယ်။ ပဲပိစပ်ကို ဖောက်ပြီး ရေစစ် ဖိထားတာပါ။ အခြောက်တော့ မဟုတ်ပါဘူး။ ဟင်းချက်နည်း Post တွေ ဖတ်ပြီးတော့ Ingredient ၀ယ်ရလွယ်အောင် အိတ်ပုံနဲ့ တင်ပေးပါလို့ တောင်ဆိုဖူးတဲ့ သူတွေ ရှိလို့ ဓါတ်ပုံနဲ့ တင်လိုက်ပါတယ်။

ခေါက်ဆင့် အကြောင်း မပြောခင် Tempeh ချက် (ပဲပုတ် ခရမ်းချဉ်သီးချက်) အကြောင်း အစစ်ပေးလိုက်ပါဦးမယ်။ ပဲပုတ်ချက်နဲ့ သူမက ကြီးပြင်းလာပြီး သူမအကြိုက်ကို ရှဲလိုက်တာပါ။ တောင်ကြီးမှာတော့ ပဲပုတ်စေ့ကို ပေါပေါပဲပဲ ၀ယ်လို့ ရပါတယ်။ လတ်ဆတ်ပြီး မကောင်းတဲ့ အနံ့အသက်မရှိပါဘူး။ အဲဒီ ပဲပုတ်စေ့ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အခြောက်ကြော်တယ်။ ခရမ်းချဉ်သီးနဲ့ ငပိချက်လိုမျိုး ချက်စားတယ်။ အရည် စပ်စပ်ချက်စားတယ်။ အခုဒီမှာ Tempeh ၀ယ်လို့ရတော့ ပဲပုတ်လိုမျိုး ချက်စားပါတယ်။ ချက်နည်းကတော့ ခရမ်းချဉ်သီး ငပိချက် ချက်နည်းအတိုင်းပါပဲ။ ကြက်သွန် အဖြူအနီ များများကို ဆီသတ်၊ နည်းနည်း နွမ်းရင် ငရုတ်သီး အရောင်တင်မှုန့်ထည့် ခရမ်းချဉ်သီးတွေ၊ ပဲပုတ် (Tempeh) ကိုသေးသေးလေးတွေ လှီးပြီး ချေထားတာထည့် ဆားသင့်ရုံ ထည့်ပြီး ခရမ်းချဉ်သီးတွေ ကြေသွား ပုံပျက်သွားတဲ့ အထိ ချက်ပါတယ်။ ဆီနည်းနည်း ပြန်သလို ဖြစ်လာရင် နံနံပင်ကို လက်တစ်ဆစ်လောက် လှီးထားတာရယ်၊ ငရုတ်သီးစိမ်း ခပ်ကြီးကြီး လှီးထားတာရယ် ထည့်လိုက်ပြီး ခဏနေရင် ကျက်ပါပြီ။ သက်သက်လွတ်စားတဲ့ သူတွေအတွက် ဟင်းကောင်းတစ်ခွက်ပါ။ သြော်ဇီမှာ၊ စင်္ကာပူမှာ Tempeh ကို ၀ယ်လို့ ရပါတယ်။ Cholesterol Free ဖြစ်ပြီး Protein ဓါတ်လည်း ပြည့်ဝလို့ ရေပန်းစားလာတဲ့ အစားအစာ တစ်ခု ဖြစ်လို့ US၊ UK မှာလည်း ၀ယ်လို့ ရမယ် ထင်ပါတယ်။ Tempeh ချက်ဟာ ပဲပုတ် အရသာ စိမ့်စိမ့်လေးနဲ့ ငပိချက်လို လုပ်စားလို့ အတော်ကောင်းပါတယ်။ အရည်စပ်စပ်နဲ့ စားလည်း ကောင်းပါတယ်။


ခေါက်ဆင့် ချက်ဖို့တော့ ၀က်နံရိုးနဲ့ ချက်တာ ကောင်းတယ်။ ၀က်သားနဲ့ပဲလည်း ချက်လို့ ရပါတယ်။ ၀က်နံ့ရိုးကို တစ်ချောင်းစီ ဖြစ်အောင် လှီးပြီး တ၀က်ပြန် ခုတ်လိုက်ပါတယ်။ အရွယ်တော်လေးတွေ ရအောင်ပါ။ ၀က်သား အရိုးရောတာလည်း ထည့်ပါတယ်။ Tempeh ကိုတော့ ငပိချက် ချက်တာထက် သေးအောင် လှီးပါတယ်။ ပဲပုတ်ရနိုင်ရင်တော့ အမှုန့်ဖြစ်အောင် လုပ်ထားပါတယ်။ ပဲပုတ်မှုန့် များများ လိုအပ်ပါတယ်။ ငပိချက် ချက်သလိုပဲ ကြက်သွန် အဖြူအနီများများနဲ့ ဆီသတ်ပါတယ်။ အိုးကြီး တစ်အိုးစာ အတွက် ကြက်သွန်ဥနီ ဥကြီး ၃ လုံး သေးရင် ၄ လုံးထည့်ပါတယ်။ ကြက်သွန်နီက ဟင်းရည်ကို ချိုစေပါတယ်။ ဆီသတ်ပြီး ခရမ်းချဉ်သီး ၃-၄ လုံး သေးသေးလှီးထားတာ ထည့်ပါတယ်။ ၀က်သားတွေ ပဲပုတ်တွေ ထည့်ပါတယ်။ ရေနည်းနည်း ထည့်ြ့ပီး လုံးလိုက်ပါတယ်။ ၀က်သား မနူခင် အထိ ရေနည်းနည်းနဲ့ပဲ တည်ပါတယ်။ ၀က်သားနူးမှ ရေကို အိုးပြည့်အောင်ထည့် ပဲငံပြာရည် ယောက်ချို တစ်ဇွန်းခွဲလောက် ထည့်ပါတယ်။ ဟင်းရည်က မပြစ်မကျဲ ဖြစ်အောင် ချိန်ပြီး ချက်ရပါတယ်။ သူမတို့ ချက်စားတုန်းကတော့ လက်ပံပွင့်ခြောက် ထည့်ပါတယ်။ အခုတော့ မရနိုင်လို့ မထည့်ပါဘူး။

ပွဲပြင်ဖို့ အတွက် နန်းကြီးခေါက်ဆွဲ (နန်းလတ်က သင့်တော်ပါတယ်) ရယ်၊ ဟင်းရည်ရယ်၊ နံနံပင်၊ ကြက်သွန်မိတ်၊ ပဲပင်ပေါက် ရေနွေးဖျောနဲ့ ပြင်ပြီး စားနိုင်ပါတယ်။


20 comments:

Nu Thwe - 12/7/08, 9:37 PM

အတော်ပဲ၊ ယိုးဒယားဆိုင် သွားမလို့။ အချိန်မီလေး။ လိုတာတွေ ၀ယ်လာပြီး ချက်စားရမယ်။ ကျေးဇူးပါဗျို့။
အိမ်မှာ မြန်မာပြည်က ပို့ထားတဲ့ ပဲပုပ်ခြောက် အပြားလေးတွေ ရှိတယ်။ ဒါက ကြုံကြွား ဟိဟိ။

A Linn Nyi - 12/7/08, 10:33 PM

ရှမ်းခေါက်ဆွဲ၊နန်းကြီးသုတ်တို့ထက်စာရင် ဒီခေါက်ဆွဲနဲ့ဆို သက်သာတာပေါ့။ ဟင်းရည်တအိုးတည်ထားပြီးပြီဆို တယောက်လာ တခါမပြင်ရတော့ဘူး။ ကျေးဇူးပဲ wesheme ရေ။

Dr. Nyan - 12/8/08, 12:56 AM

ချက်နည်းလေးဝေမျှတာကျေးဇူးအများကြီးတင
်တယ်ဗျာ။
အတော်ဘဲ..မဟေသီကိုချက်ကျွေးလိုက်ဦးမယ်။
း)

ရွှေဂျမ်း - 12/8/08, 1:48 AM

မနက်စောစောလာဖတ်ပြီး ရှမ်းခေါက်ဆွဲစားချင်သွားပြီ။ နောက်ရုံးပိတ်ရက်ကျ ချက်စားမှပဲ။ ကျေးဇူးပဲ ကိုအန်ဒီရေ။း)

MrDBA - 12/8/08, 2:01 AM

မိုက်ပြီ။ တရုတ်နှစ်ကူးမှာ အိမ်တွင်းအောင်းပြီး ချက်စားဦးမယ်။

nu-san - 12/8/08, 2:09 AM

Andy ဆီက ဟင်းချက်နည်းလေးတွေက ခပ်ဆန်းဆန်းလေးတွေ။ အမ မစားဖူးတာတွေချည်းပဲ.. လုပ်စားဦးမယ်လို့ မကြုံးဝါးတော့ပါဘူး.. ဟိုတရက်ကလည်း ကြက်ဆီထမင်းလုပ်နည်းလေး လာချောင်းသွားပြီး အခုထိကို မလုပ်စားဖြစ်သေးလို့... :P ရှမ်းအစားအစာတွေကို အရင်က မကြိုက်တတ်ဖူး.. အခုတော့ တဖြည်းဖြည်းချင်း ကြိုက်တတ်လာတယ်..

ဓာတ်ပုံတွေ အရင်ကြည့်တာ ရှမ်းခေါက်ဆွဲပုံတော့ တွေ့လိုက်သေးတယ်.. သားအမိ ၂ ယောက်ရိုက်ထားတဲ့ ပုံကို သဘောကျနေတာ.. သားသားလေးက sweet ဖြစ်တယ်.. မြတ်နိုးလေးကတော့ ဂစ်တာ ကိုင်ထားတာ တကယ့် Rocker ပဲ.. ရီရတယ်.. သားအမိတွေ သနပ်ခါးတွေ လူးထားလို့ ရာသီဥတု ပူနေပြီလား မသိဘူးနော်.. :)

PAUK - 12/8/08, 2:20 AM

အခု ကိုအန်ဒီတို့ချက်သလို
ရှမ်းပဲပုပ်အရည်သောက်မြီးရှည်ဆိုပြီး
ချက်ပြီးတင်ဖြစ်သေးတယ်..
ဒီလိုမျိုးခပ်ဆန်ဆန်ပါပဲ..
၉လပိုင်းလောက်တုန်းက..
ကျနော်က ကြက်သားနဲ့...
မနုသွဲ့ ပဲပုပ်ခြောက်ပြားရှိရင်
အတော်ပဲပေါ့..။။
http://ah-pauk.blogspot.com/2008/09/blog-post_21.html
တင်သင့်လားတော့မသိ..
လျှာရှည်ပြီးတင်ပေးလိုက်ပြီ..

ThuHninSee - 12/8/08, 4:30 AM

ဒီမှာ ကိုအန်ဒီပြတဲ့ ပုံထဲကလိုမျိုးရှိတယ်။
ပုလင်းနဲ့ရောင်းတာ။ ဆားတွေပါတော့ ငန်တယ်။
ပျော့စိနေတယ်။ ချက်စားလို့ရပါ့မလားမသိဘူး။

sandar - 12/8/08, 12:56 PM

ကိုအန်ဒီရေ...၀က်သားနူးအောင် ဘယ်လောက်ကြာအောင် တည်ရလဲ။
ဂလု ရှလွတ် သွားရည်ကျသွားပါတယ်။ စကရင်မ်ကိုပါ ကိုက်စားချင်လာပြီနော်။ သေချာပေါက် ချက်စားဖြစ်မယ်။

khin oo may - 12/8/08, 7:43 PM

ကောင်းမဲ့ပုံဘဲ

Anonymous - 12/9/08, 12:54 PM

Thanks for sharing a great recipe.

Nge Naing - 12/9/08, 6:35 PM

တောင်ကြီးကလာတဲ့ ရှမ်းပဲပုပ်ကို ဆစ္ဒနီက မြန်မာဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ တောင်တန်းမယ် ရှမ်းပဲပုပ်လို့ ရေးထားပြီး တောင်ကြီးက ထုတ်လုပ်တယ်။ ကျွန်မက ရှမ်းပဲပုပ်ကို ချက်စားတာထက် ပေါင်မုန့်ကင်စရာနဲ့ ကင်ပြီး ခရမ်းချဉ်သီး၊ သရက်သီးစိမ်း၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူနီနဲ့ မျှင်ငပိကို ထောင်းသလို ထောင်းပြီး တို့စရာနဲ့ တို့စားတာ သိပ်ကောင်းတယ်။ အဲဒီလို လုပ်စားလို့ အစ်မရင်းလို ခင်မင်ခဲ့ပြီး အခုမရှိတော့တဲ့ ရှမ်းအမျိုးသမီး အစ်မကြီးတယောက်က ညဉ်းက ငါတို့ ရှမ်းစားစရာကို ဖျက်ဆီးနေတာလားလို့ ပြောဖူးတယ်။ သူပြောသလို မီးကင်ပြီး ကြက်သွန်စိမ်းနဲ့ ဆီဆမ်းပြီးလည်း စားကြည့်ပါတယ်။ ဒါပေမယ့် ထောင်းစားတာလောက် အရသာမတွေ့ဘူး။ တခါလောက် ထောင်းစားကြည့်ပါ။ ဆစ္ဒနီက မြန်မာဆိုင် လိပ်စာနဲ့ ဖုန်းနံပါတ် လိုရင် ကျွန်မပို့ပေးလို့ရပါတယ်။

ponyate - 12/10/08, 2:08 PM

ကြည့်ရတာ ကောင်းမယ့်ပုံပဲ။ လုပ်စား ကြည့်ဦးမှ။

လင်း - 12/14/08, 5:06 PM

ကျိုင်းတုံရှမ်းခေါက်ဆွဲ ကိုသိပ်ကြိုက်တာ။ လင်းကတော့ ဆိုင်မှာဘဲ စားဖြစ်တယ်။ အခုတော့ ချက်စားကြည့်အုန်းမယ်။

လင်း - 12/15/08, 2:05 AM

လင်းလဲအားကျပြီး ဒိနေ့ သွားစားလာတာကိုတင်ထားတယ် ကိုအင်ဒီ လာဖတ်လှည့်ပါ။ လက်ပံခေါင်းခြောက်လဲပါတယ်။

sandakoo - 12/18/08, 10:36 PM

ခဏခဏရောက်ဖြစ်ပါတယ် တစ်ခါမှ comment မရေးဖြစ်ဘူး...…” ဟင်းချက်နည်းလေး တွေ ကြည့်ပြီးသွားရည်ကျသွားပါတယ် အဆင် ပြေ ရင်တော.မြီးရှည် လုပ်နည်းလေးပြောပါနော်။
ပျော်ရွင်ချမ်းမြေ့ပါစေ

Andy Myint - 1/5/09, 3:06 PM
ဟုတ်တယ် မနုသွဲ့ ယိုးဒယားဆိုင်မှာ မြန်မာစာနဲ့ တူတာလေးတွေ ရှိတတ်တယ်။ ဒီမှာတော့ ဗီယက်နမ်ဆိုင်မှာ ဗီယက်နမ်းဈေးမှာ သွားဝယ်ရတယ်။

မအလင်းညီက သူများကို ကျွေးဖို့ စဉ်းစားနေတာကိုး ကောင်းတယ်။ ဧည့်သည် လာလုပ်ရတာပေါ့။

ဒေါက်တာဉာဏ်ကလည်း တောင်ကြီးကဆိုတော့ ခေါက်ဆင့်ကြိုက်မှာပေါ့။ မဒမ်ကိုလည်း ချက်ကျွေးလိုက်ပေါ့။

ချက်စားပါ မရွှေဂျမ်း

ချက်ဗျာ ကိုဒီဘီအေ… နှစ်ကူးအထိ စောင့်စရာ မလိုပါဘူး။

ဒီလိုပဲ မနုစံရေ အင်တာနက်မှာ တွေ့တိုင်းသာ ချက်စားရမယ်ဆိုရင်တော့ ဘယ်လွယ်မလဲ

လာကြည့်ဦးမယ်မပေါက် ..

အဲဒါတွေ မဟုတ်ဘူး မသုနှင်းဆီ။ အဲဒါက ပဲငပိအငန်တွေ။ အရမ်းငန်တာပဲ။

အင်းပေါ့.. ကိုယ်တိုင် စားကြည့်မှ ကောင်းမကောင်း သိမှ မဟုတ်လား မခင်ဦးမေ

အစ်မ Nge Naing ရေ ကောမန့် ပြန်တာ နောက်ကျသွားတယ်။ မချက်စားခင် တစ်ပတ်က မြန်မာဆိုင် တစ်ဆိုင်မှာ သွားကြည့်သေးတယ်။ ပဲပုတ် မရလို့ ရှိတာနဲ့ ချက်လိုက်ရတာ။ တခြားဆိုင်တွေ လိပ်စာလည်း သိချင်သေးတယ်။ အီးမေး ပို့ပေးရင် ကျေးဇူးတင်တယ်။ အစ်မနဲ့လည်း ခင်ရတာပေါ့။ ကျွန်တော့် အီးမေးက andymyint@gmail.com ပါ။

လုပ်စားကြည့်ပါ မပုံရိပ်

လင်းသွားစာတာက အတော်စုံတာပဲ။ အဲဒီ ပုံကြည့်ပြီးတော့ သူမက ဟာ..ဟုတ်တယ် သူတို့ဆီမှာ စားရင် ၀က်သွေးလည်း ပါတယ် ပြောနေတယ်

မြီးရှည် ချက်စားဖြစ်ရင် ရေးလိုက်မယ် မစန္ဒကူး
An Asian Tour Operator - 6/16/10, 6:59 PM

ဗိုက်ဆာနေတဲ့ အချိန်မှ သေခြာလာကြည့်မိလေခြင်းးး

Addy Chen - 5/8/11, 7:25 AM

ကိုအန်ဒီ ရေ မိုးကောင်းသူဆီကနေ အာလူးကက်သလစ် ဘတ်ရင်းရောက်လာတယ် တီလဲ ကျိုင်းတုံ ကပဲ
တလောက ချက်စားတာလေး မျှ လိုက်တယ်

http://chenaddy.blogspot.com/2011/04/blog-post_28.html

Anonymous - 11/18/11, 11:56 AM

you can get pae pote in Sydney Burmese shop..

Post a Comment

Many thanks for dropping a comment…

Film