Monday, December 01, 2008

The Weakest Link

ရလာဒ်တစ်ခုအတွက် အများနဲ့ အလုပ် လုပ်ကြတဲ့ အခါ အဲဒီ အုပ်စုထဲမှာ Weakest Link တစ်ယောက်တော့ ရှိစမြဲ။ အဲဒီ Weakest Link ကြောင့် အဆိုးဆုံး အလုပ် မပြီးမြောက် မအောင်မြင်သလို အနည်းဆုံးတော့ လိုအပ်တာထက် အချိန် ပိုယူရခြင်း ဒါမှမဟုတ် ပိုပြီး ကုန်ကျခြင်းတွေ ဖြစ်နိုင်တယ်။ ဒီထက် ပိုဆိုးတာကတော့ ကိုယ်ကိုယ်တိုင် Weakest Link ဖြစ်နေရခြင်းပါ။

ကျွန်တော့် ဘ၀မှာ Weakest Link အဖြစ် အခါများစွာ ဖြစ်ဖူးပါတယ်။ မိသားစုထဲမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော်က ၁၀ တန်း အောင်ပြီးခါစ။ ၁၀၉/၁၁၀ ဖြစ်နေတဲ့ အချိန်။ အစ်ကို အကြီးဆုံးက အဖေ့ အလုပ်မှာ ၀ိုင်းကူတယ်။ ညီအငယ်တွေကတော့ ကျောင်းသားဆိုတော့ Pass ရထားတယ်။ ကျွန်တော်က ကျောင်းသားလည်း မဟုတ်တော့ဘူး။ အလုပ်သမားလည်း မဟုတ်သေးဘူး။ အဲဒီတော့ အိမ်မှာ အပိုကောင် ဖြစ်နေတဲ့ အချိန်ပေါ့။ ညနေဆိုရင် သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် သွားထိုင်တယ်။ တခါတလေ မိုးချုပ်အောင် နေပြီးမှ ပြန်လာတယ်။ ကြီးပွားတိုးတက်ဖွယ် အခွင့်အလမ်းတွေကလည်း မရှိဘူး။ တကယ်တော့ မရှာတတ်တာပဲ ထားပါတော့။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ ယောင်တောင်တောင်နဲ့။ မိသားစုထဲမှာတော့ ကျွန်တော်က Weakest Link ပဲ။

ကိုယ်က Weakest Link ဖြစ်နေတယ်လို့ သိလိုက်ရတဲ့ အချိန်တွေလောက် စိတ်ပျက်ဖို့ ကောင်းတာ မရှိဘူး။ ကိုယ်ကြောင့် အများမှာ အနှောက်အယှက် ဖြစ်ရတယ်လို့ စိတ်မကောင်းသလို ကိုယ့်ရဲ့ အတ္တတွေ မာနတွေကို လျှောချပစ်ရတဲ့ အခါတွေလည်း ရှိရဲ့။ ဒီလို ခံစားရပေမည့် ကိုယ့်ကိုယ်ကို Weakest Link ဘ၀ကနေ ရုန်းထွက်ဖို့လည်း Limitation တွေက ရှိလို့ ကြိတ်မှိတ် မျိုသိပ်နေရတာတွေ ရှိသလို Weakest Link မို့လို့ ရူးချင်ယောင် ပေါချင်ယောင် ဆောင်နေရတာတွေလည်း ရှိရဲ့။ Weakest Link မှန်း မသိအောင် ဖုံးဖိရတာတွေ ဟန်ဆောင်ရတာတွေကလည်း ခဏခဏ။ တစ်ခါတစ်လေ ကိုယ်ကိုယ်ကို Weakest Link မှန်းမသိဘဲ ထော်လော် ကန့်လန့် ဖြစ်နေရတာ တွေကတော့ ရှိကောင်း ရှိခဲ့မှာပဲ။

Weakest Link တိုင်း ညံ့တယ်။ နှေးတယ်တော့ မဟုတ်ပါဘူး။ အုပ်စုထဲမှာ တော်တော့ တော်ပါတယ်။ ဒါပေမယ့် ပန်းတိုင် ရောက်ဖို့ရာမှာ သူ့ကြောင့် တစ် နေမည်။ ဖျက်မြင်း ဖြစ်နေမယ် ဆိုရင်လည်း Weakest Link ပဲ။ အဲဒီတော့ Weakest Link ကို အဓိပ္ပါယ် ဖွင့်ကြည့်ရင် ညံ့သူ နှေးသူ ဆိုတာထက် “အုပ်စုဖြင့် ပန်းတိုင်ရောက်ရန် ကြိုးစားရာတွင် နှောင့်နှေးစေသူ”လို့ ပြောလို့ ရမည်။

Weakest Link ဆိုတဲ့ Reality Show တစ်ခုကို ကျွန်တော် ကြည့်ဖူးတယ်။ ကြိက်ဖူးတယ်။ ကစားနည်းထက် Host လုပ်တဲ့ မိန်းမကြီး (Anne Robinson)ကို ကြိုက်တာ။ (မိန်းမဆိုတော့ Hostess ပေါ့လေ)။ တစ်ခုခု မှားဖြေလိုက်တာနဲ့ “နင် ဒါလေးတောင် မသိဘူးလား”။ “ဖျင်းလှချည်လား ညံ့လှချည်လား” ကျောင်းအုပ် ဆရာမကြီး လေသံနဲ့ ပယ်ပယ်နယ်နယ် တွယ်တာ။ ကြည့်လို့ကောင်းတယ်။ အဲဒီ Show မှာ Round တစ် Round ပြီးရင် တစ်ခါ Weakest Link ကို အများက Vote လုပ်ပြီး ဖြုတ်ရတာ။ Donald Trump ရဲ့ “You are fired!” လောက် နာမည် မကြီးခဲ့ပေမယ့် အဲဒီ အဘွားကြီးက “You are the weakest link - Get out” လို့ British လေသံနဲ့ ပြောလိုက်ရင် အပြောခံရတဲ့ သူမှာ အောင့်သက်သက်အတော် ဖြစ်မှာ။ ကြားရတဲ့ သူတောင် မသက်သာဘူး။ အဲဒီမှာ ပြိုင်ပွဲဆိုတော့ အရမ်းတော်တဲ့ တတ်တဲ့သူကို အများက ၀ိုင်းပြီး ဖြုတ်လိုက်တာ ရှိတယ်။ ဒါပေမယ့် အုပ်စုထဲမှာလည်း အမှန်ကို ဖြေနိုင်တဲ့ သူတစ်ယောက်တော့ ရှိမှ ဆိုတော့ မတော့်တတော်သူတွေကို Final round အထိ ခေါ်သွားတာတွေလည်း ရှိတယ်။

ရန်ကုန်မှာ ကုမ္ပဏီတွေ ခေတ်ကောင်းတုန်း တနေ့တော့ အင်းယားကန်မှာ Inter-Company ဆိုပြီး ကုမ္ပဏီကြီးတွေ နဂါးလှေ ပြိုင်ပွဲတွေ လုပ်တယ်။ ကျွန်တော် သူငယ်ချင်း တစ်ယောက် ဖိတ်လို့ DHL ကုမ္ပဏီရဲ့ လှေအသင်းမှာ ကျွန်တော် ၀င်ပြိုင်ဖြစ်တယ်။ ဘယ်သူမှတော့ နဂါးလှေကို ကောင်းကောင်း မလှော်ဖူးဘူးပေါ့။ ရေကူးတတ်လို့ ဖြစ်ဖြစ် ရေနစ်မှာ မကြောက်တတ်ရင် ဖြစ်ဖြစ် ၀င်ပြိုင်လို့ ရတယ်။ ပြိုင်ပွဲ မစခင် ၂ပတ် ၃ပတ်လောက် အလိုကတည်းက လှေလှော် သင်ကြတယ်။ ကျင့်ကြတယ်။ အဲဒီမှာ ကျွန်တော်က Weakest Link ပဲ။ ကျွန်တော်က ဖလံ။ လှေလှော်ပုံ လှော်နည်းကလည်း နည်းမကျ ဆိုတော့ ကျွန်တော့်ကြောင့် လှေက သွားသင့်သလောက် မသွားဘူး။ အားလုံးကလည်း ရိပ်မိတယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို သိတယ်။ အဲဒါနဲ့ ပြိုင်ပွဲနေ့ကျတော့ ကျွန်တော့်ကို ထုတ်လည်း မထုတ်ချင်တော့ ဘာလုပ်သလဲဆိုတော့ ကျွန်တော့်ကို ရာထူး တိုးပေးလိုက်တယ်။ လှေလှော်တဲ့ နေရာကနေ လှေဦးမှာ ဗုံတီးတဲ့သူ အဖြစ် လုပ်စေတယ်။ အဲဒီမှာမှ အတော်ပဲ ဖြစ်သွားတယ်။

အဲဒါလေးက ကျွန်တော့်အတွက်တော့ သင်ခန်းစာပဲ။ Weakest Link ကိုတွေ့ပြီဆိုရင် သူနဲ့ သင့်တော်တဲ့ နေရာ ပေးထားလိုက်ရင် အဖွဲ့အစည်းက သူဘာသူ အဆင်ပြေသွားလိုက်မည်။ ပြီးတော့ လှေဦးမှာ ဗုံကို အားနဲ့ ပါးနဲ့ တီးပြီး လှေထိုးသားတွေကို ညာသံပေး ဦးဆောင်နေတဲ့ သူကလည်း ကျွန်တော့်လို လှေကောင်းကောင်း မလှော်နိုင်တဲ့ Weakest Link ဖြစ်နေနိုင်တာပဲ။

တခြားဖတ်ရန်- ကျွဲအုပ်လို မိသားစု

13 comments:

sin dan lar - 12/1/08, 2:20 PM

ကောင်းတယ်....ဖတ်ပြီးစဉ်းစားသွားတယ်။
လူ၁ ယောက်ဟာ လောကကြီးမှာ အသုံးဝင်တဲ့နေရာရှိဦးမှာပါလို့..
အဲဒီနေရာကို သိဖို့။ ရှာတွေ့ဖို့ပဲလိုတယ်။
ကိုအန်ဒီပြောချင်တာ ၁ ခု၊ သဘောပေါက်သွားတာက
၁ မျိုးဆိုရင်လည်း သည်းခံပါ။
Basic နည်းလို့ပါ။( မခင်ဦးမေလေသံဖြင့်)

Anonymous - 12/1/08, 5:41 PM

Ko Andy,

Like many of your previous posts, this also gives me food for thought.

The weakest in one area can be the strongest in another. The point is to know ourselves and to realize our potential.

I believe you will keep up blogging despite your career and family duties. I don't wanna ask for quantity. But pls keep giving us quality posts like this.

Good day.

Ko Myo (SG)

Taungoo - 12/1/08, 6:12 PM

weakest link တစ်ယောက်ကို ဗုံတီးတဲ့နေရာမှာ ထားလိုက်တာ.... ဟားးးးး
ကိုအန်ဒီထောက်ပြတဲ့ ပစ်မှတ်က ကွက်တိပဲ။

May Moe - 12/1/08, 7:29 PM

ဗုံတီးနေတဲ့ အကိုAndy ပုံကိုမြင်ယောင်ပြီး ဖတ်သွားပါတယ် :D

ဲမြစ်ချေသူ - 12/1/08, 8:12 PM

The Weakest Link Post ကိုဖတ်ပြီး တွေးစရာတွေများလာတယ်။
တစ်ခုသွားသတိရမိတယ် ဆိုင်မဆိုင်တော့မသိဘူး ကိုအန်ဒီရေ
စီပွားရေးလုပ်နေတဲ့ ကျမအစ်ကိုတစ်ယောက်က ပြောတယ်” ငါ့မိန်းမ ရှေ့ ထားလဲမရ နောက်ထားလဲမရ ဘယ်နေရမှ အသုံးမ၀င်ဘူးဟာ” လို့  ကျမလဲပြန်ပြောလိုက်တယ် အစ်ကို တို့ ကလေးယူပြီး မိန်းမကို ကလေးမွေးခိုင်းလိုက်လို့ ...

အဲသလိုမျိုး အသုံးဝင်မဲ့တစ်နေရာတော့ရှိကြပါတယ်လို။ :p

khin oo may - 12/1/08, 10:45 PM

ပြုံးသွားသည်။ :P
ဘာဖြစ်လို့ လည်း လို့မမေးနဲ့်။

JulyDream - 12/2/08, 6:57 PM

အင်း လှေဦးမှာပဲ ဗုံတီးတော့မယ်။ ဗုံတီးတတ်အောင်တော့ ကျင့်ထားအုံးမှ။

မီယာ - 12/3/08, 7:03 AM

စဉ်းစားတွေးခေါ်စရာရပြီးပြန်သွားပါသည်

တက်တူ - 12/7/08, 2:59 AM

တန်ဖိုးရှိတဲ့ အတွေးတခုရသွားတယ်.....
ကိုယ့်ကိုယ်ကို လည်းပြန်ဆန်းစစ်မိတယ်....
ကျွန်တော်တို့ အလုပ် nature ကိုက group နဲ့လုပ်ရတာဆိုတော့ ပိုနားလည်ဖို့လိုတယ်...

ကျေးဇူးအထူး....

Moe Cho Thinn - 12/8/08, 4:45 AM

ကောင်းလိုက်တဲ့ ပို့စ်။
ဒါကြောင့် လူရယ်လို့ ဖြစ်လာပြီဆိုရင် လူညွန့်မတုံးဘူး တဲ့၊ သူအားသာချက် တခုခု တော့ ရှိတာပါ။ ဒါပေမဲ့ သူ့နေရာနဲ့သူ နေဖို့ ထားတတ်ဖို့လဲ လိုသေးတာ။ အခု ကိုAndy ရဲ့အဖွဲ့က လှေထိုးတဲ့နေရာမှ အသုံးမ၀င်တာကိုလဲ သိတယ်၊ ကိုအန်ဒီ ကိုယ်တိုင်ကလဲ ကျေကျေနပ်နပ် လက်ခံပြီး သင့်တော်ရာမှာ နေပေးတယ်လေ။ အဖွင့်အပိတ် အပေးအယူမျှတယ်ပေါ့။

တချို့ကျတော့လဲ မသင့်တော်ပါဘူးဆိုလဲ လှေပတ်ချာလှည့်အောင် လှော်နေသေးတာ ရှိတတ်တယ်။ ကိုယ့်ကိုယ်ကို မသိဘူးပေါ့။ ပြောမဲ့သာ ပြောတာပါလေ။ အမဆိုလဲ လှေပေါ်တောင် တက်ခွင့်ရပါ့မလားမသိ။ ဗုံတီးဖို့ နေနေသာသာ။

uranusaquarian - 1/2/09, 6:08 PM

ဖတ်ဖြစ်တာ မကြာသေးပေမယ့် Reader နဲ့ ၀င်ဖတ်ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က မိသားစုထဲမှာ အဲဒီ Weakest Link ဘ၀မှာ အတော်ကြာကြာ ရှိခဲ့တာ (အခုလည်း လွတ်အောင် မနည်း ကြိုးစားတုန်း) ဆိုတော့ ဒီ post လေးဟာ ကျွန်မအတွက် အားဆေးတစ်ခွက်လို့ ပြောရင်း ကျေးဇူးတင်ပါတယ်နော်။

Andy Myint - 1/5/09, 3:21 PM
ဟားဟား မခင်ဦးမေ လေသံဆိုတာကို သဘောကျသွားပြီး မစင်းဒန်လာ။ ကြိုက်တဲ့ အယူသာယူဗျာ.. ကျွန်တော်ကလည်း ရေးချင်တာ ရေးထားတာ

ကျေးဇူးတင်တယ် ကိုမျိုး

ဒီလိုပဲ ကိုယ်တွေ့ရေးလိုက်တာပါ တောင်ငူသား

ဟားဟား ကျွန်တော် ဗုံတီးနေတဲ့ပုံက ကိုယ်ဘာကိုယ် ပြန်မြင်ယောင်ရင်တောင် အတော် ရယ်စာရာကောင်းတာ ညီမ မေမိုး

အင်းကလေးမွေးရင်တော့ မိန်းမတွေက အတော့်ကို အလုပ်ရှုပ်သွားတာပဲမမြစ်ချေသူ

မမေးတော့ပါဘူး မခင်ဦးမေရဲ့ လျှို့ဝှက်အပြုံးတွေကို

ဟုတ်တယ်နော် စည်းချက်မှန်အောင် ဗုံတီးဖို့လည်း မလွယ်ဘူး JulyDream

စားစာရာတွေ ခေါ်ပြီး ပြန်သွားတယ်လား မမီယာ

တန်ဖိုးရှိတဲ့ အတွေးအခေါ် ရသွားတာ ဖတ်တဲ့သူက ပါရမီ ရှိလို့ပါ ကိုတက်တူ

မှန်တယ် မချိုသင်း ကိုယ်နဲ့ သင့်တော်တဲ့ နေရာပေးတာကိုလည်း ကျေကျေနပ်နပ် ခံယူဦးမှာနော့်

လူတိုင်းက (အနည်းဆုံးတော့ မိသားစုထဲမှာ) Weakest Link တစ်ခါ ဖြစ်ဖူးတာပဲလေ uranusaquarian (ဒါနဲ့ ဘယ်လို အသံထွက်သလဲ ခင်ဗျာ)
ချစ်ကြည်အေး - 6/24/10, 9:38 PM

ဒီပိုစ့်ကို ခုမှ လာဖတ်မိတယ် ကိုအန်ဒီရေ... သဘောကျတယ်...ကိုယ်တိုင် ဖြစ်ခဲ့ဘူးမှာ သေချာတယ်...:)

Post a Comment

Many thanks for dropping a comment…

Film