Thursday, January 31, 2008

မြတ်မြင့် ဖြစ်သွားတဲ့ မြင့်မြတ်နိုး

သမီးလေး မွေးတော့ အမည်ပေးဖို့ရာ ဗေဒင်နဲ့ တွက်ပြီး ပေးမလား၊ ကိုယ်ဘာသာကိုယ် ပေးမလားဆိုပြီး အရင် စဉ်းစားတယ်။ နောက်တော့ ဗေဒင်နဲ့ပဲ တွက်ဖို့ ဆုံးဖြတ်ပြီး သင့်တော်တဲ့ ဗေဒင်ဆရာဆီ အကြံဉာဏ် တောင်းတယ်။ အဲဒီ အကြောင်းတွေကို ဒီမှာ ရေးထားပါတယ်။ ဗေဒင်က ဆန်းကျမ်းနဲ့ တွက်တာ ဆိုတော့ ကိုယ်ပေးချင်သလိုတော့ ပေးလို့ မရဘူးပေါ့။ နာမည်ကို ကြည့်ရုံနဲ့လည်း သောကြာသမီးလို့ မသိနိုင်ပါဘူး။ ဆရာက သောကြာသမီး အတွက် ကောင်းစေမည့် အမြစ်အညွန့် နည်းနဲ့ တွက်ပေးတဲ့ အတွဲဖြစ်တဲ့ ၅-၀ ကို ယူလိုက်တော့ “မြင့်” ကို ရှေ့မှာတော့ ထားလို့ ရသွားပါတယ်။ အခု နာမည် မြင့်မြတ်နိုးကလည်း ဆရာ ရွေးပေးထားတဲ့ အထဲကပါ။ ဒီနာမည်ကို အရမ်းကြိုက်တော့ ဒီနာမည်ကို ယူလိုက်ပါတယ်။ နာမည်ပေးပြီးတော့ Birth Certificate မလုပ်ခင်မှာ သြော်ဇီကို ရောက်နှင့်နေတဲ့ သူငယ်ချင်းက လှမ်းပြီး အကြံပေးပါတယ်။ Surname က ရှေ့ရောက်နေတာ ရုံးကိစ္စတွေမှာ နာမည်သုံးတဲ့ အခါ ဒုက္ခရောက်နိုင်တာမို့ အသေအချာ စဉ်းစားဖို့ ပြောတယ်။ အစကတည်းက စဉ်းစားထားပေမယ့် သူပြောလိုက်တော့ ကျွန်တော်တို့ ပိုပြီး စဉ်းစားယူရပါတယ်။ နောက်ဆုံးတော့ ဗေဒင်ဆရာက တွက်ပေးထားတဲ့ နာမည်ကိုပဲ အတည်ယူပြီး Birth Certificate လုပ်လိုက်ပါတယ်။

ဒီကိုလာဖို့ သူ့အတွက် Form တွေ ဘာတွေ ဖြည့်ကတည်းက နည်းနည်းတော့ ကတ်သီးကတ်သတ် နိုင်ပါတယ်။ Family Name ဆိုတဲ့ နေရာမှာတော့ Myint ဆိုပြီး အလွယ် ဖြည့်လိုက်နိုင်ပေမယ့် First Name နေရာလည်း ရောက်ရော ကိုးလိုး ကန့်လန့် ဖြစ်ပါလေရော။ Myat Noe ကို ဖြည့်ပေမယ့် တကယ်တော့ Myat Noe က First Name မဟုတ်ပြန်။ သူတို့ အတွက်ကတော့ Family Name က Last Name ဖြစ်နေတာကိုး။ ကျွန်တော်တို့က Family Name ကို First Name လုပ်ထားတာ။ အဲဒီတော့ Noe ကို Last Name လုပ်လို့ ရပေမယ့် Family Name တော့ မလုပ်ချင်ပြန်။ ဒီလိုနဲ့ ဒီရောက်တော့ လုပ်စရာရှိတဲ့ ရုံးကိစ္စတွေ လိုက်လုပ်တော့ Family Name ကို Myint ဆိုပြီး ထည့်ပေမယ့် Myat Noe ကတော့ First Name ပဲ ဖြစ်သွားရတယ်။ အဲဒီတော့ ဒီမှာ သူ့နာမည်က “မြတ်နိုးမြင့်” လိုလို ဖြစ်သွားရော။ တချို့နေရာတွေမှာ ရှေ့က တစ်လုံးပဲ ယူလိုက်တော့ “မြတ်မြင့်” ဖြစ်သွားပါလေရော။

ထုံးစံဆိုရင်တော့ မြန်မာတွေမှာ မိသားစု နာမည် ဆိုတာမျိုး မရှိပါဘူး။ နောက်ပိုင်းမှ ထည့်ကြတာ။ တရုတ်တွေ၊ ကိုရီးယားတွေရဲ့ နာမည်မှာ မိသားစုနာမည်က အရှေ့မှာ ရှိနေတော့ သမီးနာမည်က အဲဒီလို မျိုးဖြစ်နေတယ်။ အဲဒီလို နာမည်မျိုးကို Eastern Order နာမည်ပေးနည်းလို့ ပြောပြီး ဂျပန်တွေ၊ ဗီယက်နမ်တွေလည်း အဲဒီလို ပေးကြတယ်။ တရုတ်တွေဆို အဲဒီလို အရှေ့က စာလုံးတူနေရင် အမျိုးဖြစ်နိုင်တာမို့ စာလုံး တူနေတဲ့ သူတွေ အချင်းချင်း အမျိုးမတော်တောင် လက်မထပ်ကြဘူးတဲ့။ ဒါပေမယ့် တလောက ဖတ်လိုက်ရတာ လူဦးရေ ၁.၃ ဘီလီလျံ ရှိတဲ့ တရုတ်ပြည်ကြီးမှာ နာမည်တွေ ရှားနေတယ်တဲ့။ Surname အဖြစ် ပေးလို့ရတဲ့ နာမည် ၁၆၀၀ လောက် ရှိရာမှာ စာလုံး တစ်လုံးပဲပါပြီး လူကြိုက်များတဲ့ နာမည်က ၁၀၀ လောက်ပဲ ရှိသတဲ့။ အဲဒါကြောင့်မို့ သူတို့ဆီမှာ Wang ပါတဲ့ နာမည် ၉၃ သန်း ရှိပြီး Li ပါတဲ့ နာမည် ၉၂ သန်းလောက် ရှိတယ်ဆိုပဲ။ ကျွန်တော် သိတဲ့ `လီ´ တောင် ၁၀ ယောက်မကဘူး ဆိုတော့ ဖြစ်နိုင်တယ်။ သမီးကလည်း စင်္ကာပူမှာ မွေးတော့ ရေကြော မြေကြော လိုက်ပြီး တရုတ်တွေ နာမည် ပေးသလို ဖြစ်သွားတယ်။ စင်္ကာပူမှာကတော့ Form တွေ ဘာတွေ ဖြည့်ရင်တော့ အခက်အခဲ မရှိဘူး။ မိသားစု နာမည်ကို အောက်က မျဉ်းသားပေးရတာဆိုတော့။ အရှေ့မှာ ရှိရှိ အနောက်မှာ ရှိရှိ မျဉ်းသားပေးလိုက်ရုံပဲ။

ဒီမှာကတော့ သူ့အကွက်နဲ့ သူ ဖြည့်ရတာ ဆိုတော့ သတ်သတ်မှတ်မှတ် ဖြစ်သွားပြီ။ တကယ်ဆိုရင်တော့ First Name တွေ Last Name တွေ လုပ်လို့ ရပါတယ်။ ဒါပေမယ့် Last Name က Family Name (Surname) လို့တော့ မသတ်မှတ်သင့်ဘူး။ ဒါမှ မဟုတ်လည် Surname တို့ Given Name တို့ ဆိုရင်လည်း ရသေးတယ်။ Surname ကို Last Name ဖြစ်ရမယ် မသတ်မှတ် ထားရင် တရုတ်ပဲ ဖြစ်ဖြစ်၊ ဘိုပဲ ဖြစ်ဖြစ် အဆင်ပြေတယ်။ Surname မရှိတဲ့ မြန်မာတွေလည်း အဆင်ပြေအောင် လုပ်ယူလို့ ရသေးတယ်။ ကြိုက်တဲ့ အစဉ်နဲ့ စဉ်လို့ ရမယ်။ ပြီးတော့မှ Display Name ဆိုပြီး ဘယ်လို စဉ်သလဲ ဆိုတာကို ပြသင့်တယ်။ Display Name ကတော့ ကားလိုင်စင်တို့၊ Passport တို့မှာလိုမျိုးဆိုရင် ဖြည့်ရတာမျိုး။ နာမည်တွေကို တစ်နေရာထဲမှာ ပေါင်းရေးရုံပဲ။ တရုတ်တချို့ကတော့ မိသားစုနာမည်ကို နောက်ပို့ပြီး ရှေ့က ဘိုနာမည် ထည့်လိုက်တယ်။ ဥပမာ Li Lianjie ကနေ Jet Li လုပ်လိုက်သလိုမျိုး။ ရုံးက ဗီယက်နမ်မ တစ်ယောက်ကို မေးကြည့်တော့ သူ့နာမည်လည်း ပြောင်းပြန် ဖြစ်သွားတယ်။ ဒါတောင် ငယ်သေးလို့။ ကြီးလာလို့ အိမ်ထောင်တွေ ဘာတွေ ကျပြီးရင် Myint က Maiden Name ဆိုပြီး ဖြစ်သွားနိုင်သေးတယ်။ ဒီလိုမျိုး မဖြစ်အောင် မြန်မာနဲ့ပဲ အိမ်ထောင်ကျပါစေ ဆုတောင်းပေမဲ့ မျှော်လင့်လို့တော့ သိပ်မလွယ်။

အသေအချာလည်း တွက်ချက်ထားပြီး ကြိုက်တဲ့ နာမည်ကိုတော့ မပြောင်းတော့ဘဲ သူတို့ အမည်တွေ သိမ်းတဲ့ စနစ်နဲ့ ကိုယ့်နာမည်နဲ့ မကိုက်ဘူးလို့ပဲ သဘော ထားလိုက်မယ်။ ရောမရောက်ရင် ရောမလိုတော့ ကျင့်ရမယ်ဆိုတာ ရောမ မရောက်ခင်ကတည်းက သတိထားမိပြီး သူတို့လည်း ခေါ်ရလွယ်မည့် နာမည်နဲ့ `မြင့်´ ဆိုတာနဲ့ ဆုံးမည့် နာမည် ပေးဖို့ စဉ်းစားကြပါတယ်။ နောက်ဆုံးမှာတော့ ကံ (ဗေဒင်)ကိုယုံပြီး နာမည်ကို တွက်ချက်ပေးဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်။ သမီးလေး ကြီးလာလို့ နာမည် ကိစ္စနဲ့ ပတ်သက်လာရင် အမြဲတမ်း သတိထားနေ၊ ရှင်းပြနေရမယ် ဆိုတာလည်း အဖေ အမေတို့ ကြိုတင် မြင်ထားပါတယ်။ ဒီလို အခက်အခဲဟာ ကိုယ်ကိုတိုင် ရှင်းပြလို့လည်း ရပြီး ကိုယ်ကိုတိုင် ကိုင်တွယ်နိုင်တဲ့ အတွက် တခြား မမြင်ရတဲ့ ကိုယ်ဘယ်လိုမှ ဖြေရှင်းလို့မရတဲ့ အရာတွေကနေ တားဆီးဖို့ ဒီလို နာမည်မျိုး ပေးရတယ်ဆိုတာကိုတော့ သမီးလေး နားလည်ပါစေလို့.....

Wednesday, January 30, 2008

မစားကောင်းတဲ့ အစာ

လူတွေ အပေါ် ဘေးဆိုးတွေ ဖြစ်နိုင်တဲ့ အစာ တစ်မျိုးကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားနိုင်ပါတယ်။ အဲဒီအစာကို တစ်ခါ စားရုံနဲ့ ဆယ်စုနှစ်ပေါင်း များစွာ အာနိသင်ဆိုးက ကျန်နေဦးမှာပါ။ စားမိတဲ့ အမျိုးသမီးတွေဟာ စိတ်ဂနာမငြိမ် ဖြစ်ခြင်း၊ အမျိုးသားတွေဟာ ပြင်းထန်သော စိတ်ဝေဒနာ ဖိစီးမှုရခြင်း၊ စိတ်ကျဉ်းကျပ်ခြင်းတို့ ဖြစ်စေပါတယ်။ အမျိုးသား၊ အမျိုးသမီး မရွေး စိတ်ဓါတ် အကြီးအကျယ်ကျခြင်း ဖြစ်စေနိုင်ပါတယ်။ အဲဒီ အစာကိုတော့ Wedding Cake လို့ ခေါ်ပါသတဲ့။



RD (Feb-08)

Monday, January 28, 2008

မြင့်မြတ်နိုး အတွက် လက်ဆောင်

ကျွန်တော် အလယ်တန်း ကျောင်းသားတုန်းက စာခေါ်ပေးရတယ်။ ဆရာမတွေက ကျွန်တော့်ကို မှတ်စု စာအုပ် ထိုးပေးပြီး ကျွန်တော်က ရှေ့ကအော် တစ်တန်းလုံးက လိုက်ရေးနဲ့။ စာခေါ်တဲ့ အခါ စာပိုဒ် တစ်ပိုဒ် ဆင်းသွားရင် `နောက်တစ်ပိုဒ်´ဆိုပြီး အရင် အော်ပေးမှ ရေးတဲ့ သူတွေအတွက် စာကျ မှန်မှာ။ ကျွန်တော်က အဲဒီလို `နောက်... တပိုဒ်´ လို့ အော်လိုက်တာနဲ့ နောက်တတ်တဲ့ သူတွေက `ဟေ့ရောင်.. မြန်လှချည်လား.. နောက်တစ်ဗိုက်´ ဆိုပြီး နောက်ကြတယ်။ အခုတော့ အဲဒီလို နောက်သလို ဖြစ်နေပါပြီ။ သူမမှာ နောက်ထပ် ကိုယ်ဝန် ထပ်လွယ်ထားပါတယ်။ နောက်တတ်တဲ့ အသိ အစ်ကိုကြီး တစ်ယောက်က သူတုန်းက အဲဒီလို နောက် ကလေးရတုန်းက ဒီတစ်ယောက်ကတော့ `Accidentally´ ရတာဆိုပြီး ပြောတတ်တယ်။ မတော်တဆ ရသွားတာပေါ့လေ။ ကျွန်တော်တို့လည်း အဲဒီလို ပြောရမလို ဖြစ်နေပါတယ်။ ကိုယ့်အလှည့်မှာတော့ `Unexpectedly´ ရသွားတယ်လို့ ပြောမယ်။ အပြုသဘော ဆန်အောင်လို့။

တကယ်တော့ အရင်ကတည်းက ကလေး နှစ်ယောက် ယူဖို့ စိတ်ကူး ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ ကြီးပြင်းရမယ့် သားသမီးတွေခမျာ ဆွေတွေ မျိုးတွေ များများစားစား အနီးမှာ မရှိနိုင်ပါဘူး။ မြန်မာပြည်က ကလေးတွေဆို အဘိုးအဘွား၊ ဦးလေး အဒေါ်တွေ၊ မောင်နှမ တစ်ဝမ်းကွဲတွေ အပြင် အိမ်နီးနားချင်း ကလေး ချစ်တတ်တဲ့ သူတွေ ၀ိုင်းဝိုင်းလည်နေတာပဲ။ စင်္ကာပူလို နိုင်ငံမှာ ဆိုရင်တောင် တော်သေး။ ဆွေမျိုးတွေ၊ မောင်နှမ ၀မ်းကွဲတွေ ရှိနိုင်သေးတယ်။ ဒါမှမဟုတ် ဗမာ သူငယ်ချင်းတွေ ရနိုင်သေးတယ်။ ဒီလိုနိုင်ငံမှာတော့ အတော့်ကို ရှားပါးနေပါသေးတယ်။ အိမ်မှာ အဖော်ဆိုလို့ မိဘနှစ်ပါးပဲ ရှိမှာဆိုတော့ သူတို့မှာ ငယ်စဉ်မှာလည်း ကစားဖော်၊ ကြီးလာတော့လည်း တိုင်ပင်ဖက် ဖြစ်ဖို့ မလွယ်ပါဘူး။ သူတို့နဲ့ ကစားပေး ပေမယ့်လည်း ကလေး အချင်းချင်း ကစားသလိုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ တိုင်ပင်စရာရှိ တိုင်ပေနိုင်ပေမယ့် ပွင့်လင်းမှုကတော့ ကွာဦးမှာပဲ။ ညီအစ်ကို မောင်နှမ အချင်းချင်းဆို အရွယ်လည်း တူတော့ သူတို့ အတွက် အဖော်ပိုဖြစ်တာပေါ့။ ဒီအတွက် ကလေး နှစ်ယောက်ယူဖို့ မိဘတွေကလည်း တိုက်တွန်း ကျွန်တော်တို့ကလည်း စဉ်းစားပါတယ်။

ကလေးတစ်ယောက်ရှိတာ မရှိခင်တုန်းကနဲ့ ဘာမှမဆိုင်လောက်အောင် အလုပ်များ တာဝန်ကြီးပေမယ့် ဘယ် လင်မယားအတွက်မျှ ၀န်ထုပ် ၀န်ပိုးကြီး တစ်ခု အထူးတလည် မဖြစ်စေပါဘူး။ အမေက ကလေးထိန်းရင် အဖေက တခြားအလုပ် လုပ်နိုင်တယ်လေ။ သူဘာသူ အလိုအလျှောက် ကလေးကလည်း ကြီးလာပြီး ပုံမှန် စောင့်ရှောက် ပြုစု သွားရုံပါပဲ။ ကလေးရဲ့ တိုးတက်မှုတွေကို ပီတိဖြာပြီး အချိန်တွေကို ပျော်ရွှင်ကြည်နူးဖွယ် မသိမသာ ဖြတ်သန်းသွားတယ်ဆိုတာ ကလေး အရွယ်ရောက်မှ နောက်ပြန်ကြည့်မှ သတိထားမိကြတာပါ။ ကလေး နှစ်ယောက်ဆိုရင်တော့ သိသာလာပါပြီ။ အမေ တစ်ယောက်တည်းလည်း ကလေးနှစ်ယောက်စလုံးကို မထိန်းနိုင်၊ မချီနိုင်။ ဟိုကလေးကို ဆွဲနေချိန်မှာ ဒီကလေးက လွတ်သွားပြန်ရော။ အဲဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်။ နောက်ပြီး အရေးထား စဉ်းစားရမယ့် အချက်က Financially တတ်နိုင်မလား၊ ထောက်ပံ့နိုင်မလား ဆိုတာပဲ။ ငယ်စဉ်မှာတော့ သိပ်မသိသာပေမယ့် ကြီးလာလို့ ကျောင်းတတ်တဲ့ အခါ ကလေးတွေ အားလုံးကို လုံလောက်တဲ့ အထောက်အပံ့ ပေးနိုင်မှ ကလေးတွေမယ် မကြောင့်မကြ ကိုယ့်အိပ်မက်ကို ကိုယ် အကောင်အထည် ဖော်နိုင်ကြမှာ။ ဒီလို အချက်တွေကြောင့် ကျွန်တော်တို့ အပါအ၀င် လင်မယားတွေက ကလေးတစ်ယောက် ယူဖို့ ၀န်မလေး မတွက်ချက်ကြပေမယ့် ကလေးနှစ်ယောက်ဆိုရင်တော့ အတော်ကလေး စဉ်းစားရပါပြီ။ ကလေးတစ်ယောက်အတွက် တာဝန်က တစ်ဆဆို ကလေးနှစ်ယောက်ဆို နှစ်ဆပဲ မဟုတ်နိုင်ဘူး။ လေးဆ ဖြစ်သွားနိုင်တယ်။ သူ့ Distribution က Exponentially သွားတတ်တာမျိုးကို။ တချို့ ကိစ္စတွေမှာတော့ ကလေးနှစ်ယောက်ဆိုပေမယ့် ကုန်ကျစားရိတ်က နှစ်ဆ မဟုတ်ဘဲ တစ်ဆခွဲပဲလည်း ဖြစ်နိုင်သေးတယ်။

အစက သြော်ဇီရောက်ပြီး မြတ်နိုးလေး တစ်နှစ်လောက်ဆို သူ့အမေက အလုပ်ပြန်ဝင်ပြီး ပိုက်ဆံစုဖို့ စိတ်ကူးထားပါတယ်။ နှစ်နှစ်လောက် အလုပ်လုပ်ပြီးမှ ကလေး ထပ်ယူမယ်ပေါ့။ ဒီလို စိတ်ကူးပါတယ်။ အခုလို ဆိုရင်တော့ ဒီအကြံကို တစ်နှစ်လောက် နောက်နည်းနည်း ဆုတ်ရတော့မယ်။ ဒီနိုင်ငံမှာတော့ တစ်ယောက် လုပ်စာနဲ့ပဲလည်း တစ်မိသားစုလုံး ကောင်းကောင်း ရပ်တည်နိုင်တော့ မဆိုးပါဘူး။ ဒီမှာ အမြတ် ထွက်သွားတာကတော့ တုန်တုန်ပါပဲ။ နို့မဟုတ်ရင် သူက တစ်နှစ်လောက် အရွယ်မှာ မူကြိုသွားရတော့မှာ။ အခုတော့ အိမ်မှာ အဖေအမေတွေကို ဆိုးပေဦးတော့။ တုန်တုန်က စင်္ကာပူမှာ ကိုယ်ဝန်ဆောင် စင်္ကာပူမှာမွေး သြော်ဇီမှာ ကြီးမယ့် မြန်မာ နိုင်ငံသား(သူ)ပါ။ နောက်တစ်ယောက်ကတော့ စင်္ကာပူမှာ ကိုယ်ဝန်ရ၊ သြော်ဇီမှာ မွေးပြီး မွေးလာတာနဲ့ ဒီနိုင်ငံသား (ခံယူချင်တယ်ဆို) ဖြစ်မယ့် တစ်ယောက်ပါပဲ။ ဟုတ်ပါတယ်၊ နောက်တစ်ယောက်က စင်္ကာပူမှာ သန္ဓေတည်ခဲ့တာပါ။ တုန်တုန် ၅လသားလောက်မှာ ကတည်းက သန္ဓေ စတည်လာတာပါ။ ဒီအတိုင်းဆို တုန်တုန် ၁၄လလောက်မှာ ဖွားမှာပါ။ Due Date က မေလ ကုန်ခါနီးပါ။

သန္ဓေတည်ပြီး ပထမလမှာ သတိထားမိလို့ Test လုပ်ကြည့်တော့ မပီမသ ဖြစ်နေတာရယ်၊ သြော်ဇီ ပြောင်းဖို့ အလုပ်ရှုပ်နေတာနဲ့ အသေအချာ အတည် မယူလိုက်ပါဘူး။ ၂လနေတော့ ထပ်စမ်းတော့လည်း Positive ဆိုမှ ဆရာဝန်နဲ့ စမ်းသပ်ပြီး သေချာသွားတာပါ။ အခု စာရေးနေချိန်မှာတော့ ကိုယ်ဝန်ကလည်း ၅လ ရှိနေပါပြီ။ ရုပ်ရှင်တွေထဲမှာလိုဆိုရင် မဖုံးနိုင် မပြုနိုင်တော့တဲ့ အချိန်ပေါ့။ အမေရေ.. သမီးတော့ ကိုယ်ဝန် ရှိနေပြီဆိုပြီး ဖွင့်ပြောရတော့မယ့် အချိန်ပဲ။ ဘလောက် ပရိတ်သတ်ကြီးကိုလည်း သတင်းကောင်းပေးဖို့ အချိန်တန်ပြီပေါ့။ တုန်တုန်လေး ကိုယ်ဝန်ဆောင်တုန်းက ဘလောက် မရေးသေးလို့ မွေးမှ စရေးပေမယ့် နောက်တစ်ယောက်အတွက်တော့ စရေးလို့ ရနေပြီ။ စင်္ကာပူမှာ ဗိုက်ကြီးရတာနဲ့ သြော်ဇီမှာ ဗိုက်ကြီးရတာ ဘယ်လို ဆိုတာ ရေးဖြစ်ဦးမှာပါ။

အခု ကိုယ်ဝန်က ၅လ ရှိနေပြီ ဆိုတော့ ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလား သိနေပါပြီ။ သူတို့က သိချင်လား မေးပြီး ကိုယ်က သိချင်တယ်ဆိုမှ ပြောပြတာ။ ကျွန်တော်တို့က အရင်က ယောက်ျားလေးလိုချင်လို့ ကြိုးစားပေမယ့် မိန်းကလေး အရင် ရလာပါတယ်။ ပထမ ကလေး အတွက်ကတော့ ဘာလေးပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ နောက်တစ်ယောက် ဆိုရင်တော့ ပထမကလေးပေါ်မှာ မူတည်သွားပြီပေါ့။ ကျွန်တော်တို့က မိန်းကလေး ရပြီးသားဆိုတော့ ယောက်ျားလေး ပိုလိုချင်တယ်။ ကိုယ်ဝန်ရပြီဆိုတော့ ယောက်ျားလေးပဲ ဖြစ်ပါတော့ ဆိုပြီး ဆုတောင်းရပြန်တယ်။ သမီးတစ်ယောက်၊ သားတစ်ယောက်ဆို ဘ၀က ပိုပြီး ပြည့်စုံသွားမှာ။

ယောက်ျားလေးဆိုပြန်ရင်လည်း ငယ်တုန်းကတော့ အဆင်ပြေတယ်။ ကြီးလာရင် နှစ်ယောက်သားက ငယ်တုန်းကလို သိပ် အစေးကပ်တော့မှာ မဟုတ်ပြန်။ အရွယ်ရောက်လာရင် နှစ်ယောက်က တည့်ဦးမှ။ ညီအစ်မ နှစ်ယောက်ဆိုရင်တော့ အိမ်ထောင်မကျခင်အထိ လုံးလားထွေးလာ နေကြဦးမှာ။ တီးတိုးဖော် တိုင်ပင်ဖက် ဖြစ်ဖို့များတယ်။ တချို့ ညီအစ်မတွေဆို အိမ်ထောင်ကျပြီးလည်း အိမ်ထောင်ရေး တိုင်ပင်လို့ ရသေးတယ်။ ဥပမာ ယောက်ျားကို ဘယ်လို နိုင်ရမယ်ဆိုတာမျိုးတွေပေါ့။ အမေတို့ ညီအစ်မတွေဆို အခုထိတိုင် အဖွားအိမ်မှာ တစ်လ နှစ်ခါလောက် ဆုံကြ၊ တွေ့ကြ ချက်စားကြနဲ့ပါ။ မောင်နှမ နှစ်ယောက်ဆိုရင်တော့ ဒီလောက်တော့ နီးနီး ကပ်ကပ်၊ ပူးပူး ကပ်ကပ် ဖြစ်ချင်မှ ဖြစ်မှာ။ နှစ်ယောက်စလုံးအတွက်တော့ တစ်ယောက် တစ်မျိုး ကောင်းပြန်ရော။ မောင်က အစ်မကို တစ်မျိုး အကူအညီတောင်းလို့ ရသလို၊ အစ်မကလည်း မောင်တစ်ယောက် ရှိလို့ အကာအကွယ် ဖြစ်နိုင်တယ်။ ဒါပေမယ့် မောင်နှမ နှစ်ယောက် ကြီးလာရင် တစ်ယောက် တစ်ခန်းထားရမှာဆိုတော့ မိဘတွေက အိမ်ကြီးကြီး ၀ယ်ဖို့ ပိုက်ဆံ ပိုရှာရဦးမယ်။ သမီးရှင်ဆိုရင် သူငယ်ချင်းတွေက သားမွေးထားရင် အားကျရတယ်။ သားမွေးထားပြီး နောက်တတ်တဲ့ သူငယ်ချင်းနဲ့ လူကြားသူကြားမှာတွေ့လို့ကတော့ ခံပေဦးတော့။

အခုကလေးက ကံကောင်း ထောက်မစွာပဲ ယောက်ျားကလေးပါ။ ဒီလိုပဲ ကြိုးစားတုန်းကတော့ မရပေမယ့် ထိုက်တဲ့ အချိန်မှာတော့ ရလာနိုင်ပါတယ်။ ကျွန်တော်တို့လည်း တော်တော် ပျော်သွားတယ်။ သားလေး တစ်ယောက်၊ သမီးလေး တစ်ယောက်ဆိုတော့။ Ultrasound က သိရတာတွေက မိန်းကလေး ဆိုရင် မမှားနိုင်ပေမယ့် ယောက်ျားလေး ဆိုရင်တော့ လွဲတတ်တယ်လို့တော့ ကြားဖူးတယ်။

နှစ်ယောက် ယူမယ့် အတူတူ တစ်ခါတည်း ဆက်ယူလိုက်တော့လည်း တစ်မျိုး ကောင်းသွားတာပါပဲ။ နောက် တစ်ယောက် ထပ်ရတယ်လို့ ပြောလိုက်ရင် ကြားတဲ့ သူအပေါင်းက `တုန်တုန်လေးတော့ သနားပါတယ်´ လို့ ပြောကြတာပဲ။ ကလေး နှစ်ယောက် ကပ်သွားရင် အကြီးကို သနားကြတော့ ဒီလိုပဲ ပြောနေကြကိုး။ အထူးသဖြင့်တော့ အဘိုးအဘွားတွေ။ ကလေး ထပ်ယူဖို့ သူတို့ပဲ မြှောက်ပေးတုန်းကတော့ မြှောက်ပေးကြပြီး။ နှစ်ယောက် ဆက်တိုက် ကိုယ်ဝန်လွယ်ပြီး ပင်ပင်ပန်းပန်း မွေးရတဲ့ ကလေးအမေကိုတော့ မသနားကြဘူး။ ကလေး နှစ်ယောက်အတွက် အလုပ် ပိုလုပ်ရမယ့် ကလေးအဖေကိုတော့ မသနားကြဘူး။ အင်း သူတို့ ပြောတာလည်း မှန်တာပါပဲ။ တုန်တုန်လေး တစ်ယောက်တော့ ပုံအောပြီး ချစ်ခံရတော့မှာ၊ အလိုလိုက် ခံရတော့မှာ မဟုတ်ဘူး။ အခုတောင် သူ့မောင်လေး အတွက် သူက ဆေးခန်းလိုက်ပို့ နေရပြီ။ နောက်ဆို ဘယ်လောက်တောင် အနွံအတာ ခံရဦးမယ် မသိ။ Sharing ဆိုတာကို တော့ သင်ပေးစရာ မလိုဘဲ ကောင်းကောင်း တတ်သွားမှာပါ။ ပြီးတော့ တစ်ဦးတည်းသော သားသမီးတွေလို ရှယ်တွေမှ သုံးရ၊ စားရအောင် တစ်ယောက်တည်းမှာပဲ အကုန် ပုံအောပြီး ထားဖို့ တတ်နိုင် ချင်မှ တတ်နိုင်မယ်။ တုန်တုန့်အတွက်တော့ မောင်လေးက ကစားဖော် သေချာပေါက် ဖြစ်မှာပါ။ အိမ်မှာ သူ့အတွက် ဆော့စရာ Corner လေးတွေ ရှိပါတယ်။ သူတစ်ယောက်တည်း ဟိုနားမှာ ဆော့လိုက်၊ ပျင်းလာရင် ဒီနားလာ ဆော့လိုက်နဲ့ သူဘာသူတော့ ပျော်အောင် ဆော့ရှာပါတယ်။ နောက်ဆုံး အရမ်း ပျင်းလာမှ လူကြီးတွေဆီ လာချွဲ လာကပ်တော့တာပါ။ အဲဒီလို အခါမှာတော့ သူ့အတွက် မောင်လေး တစ်ယောက် ရှိနေပြီမို့ စိတ်အေးရပါတယ်။ သမီးရေ ခဏစောင့်နော် အဖော် ရတော့မယ်ဆိုပြီး ပြောပြရတယ်။

မျှော်မှန်းထားတာထက် ပိုမြန်သွားပေမယ့် ကမောက်ကမလည်း မဖြစ်။ သားကလေးလည်း ဖြစ်ဦးမယ် ဆိုတော့ ပျော်စရာပါ။ ကျွန်တော်တို့ နှစ်ယောက် အတွက်တော့ ပိုကြီးလာမယ့် တာဝန်တွေထက် ပိုမို စည်ကား ဝေဆာလာမယ့် မိသားစုကလေးကိုပဲ မြင်ယောင်နေပါတော့တယ်။

Thursday, January 24, 2008

မိဘလောင်းများ အတွက်

မိဘလောင်းများအတွက် ကလေး ပြုစု ပျိုးထောင်နည်းတွေပါ။ Do(s) and Don't(s) တွေ နဲ့ ပုံပြပြီး ရှင်းပြထားပါတယ်။





View in Full Screen

Tuesday, January 22, 2008

အသွင်မတူတဲ့ ကျွန်တော်တို့ နှစ်ယောက်

သူများတွေက သူတို့ အတွဲ သူတို့ လင်မယား နှစ်ယောက် ဘယ်လို အကြိုက်တူတာ ဘယ်လို အတွေး အခေါ် တူတာ ပြောနေကြချိန်မှာ ကျွန်တော်တို့ နှစ်ယောက်ကတော့ ပြောင်းပြန်ပါ။ တချို့ လင်မယားတွေ အတွဲတွေဆို ရုပ်ချင်းတောင် ဆင်ပါတယ်။ ဒီလို ဆင်ရင်လည်း ပိုကြိုက်မိတယ်လို့ ပြောကြတယ်။ The Other Half မို့လိုလေ။ကျွန်တော်တို့ နှစ်ယောက်ကတော့ အစားအသောက်ကနေ အတွေးအခေါ်အထိ မတူခဲ့ပါဘူး။



အစက ကျွန်တော်က ကြာဆံချက်တို့၊ ရခိုင်မုန့်တီတို့လို့ ကြေးအိုးတို့လိုမျိုး အရည်ကျဲနဲ့ သောက်ရတာတွေဆို လုံးဝ မစားတတ်ပါဘူး။ သူမကတော့ ဟင်းရည်ပူပူကို တရွှတ်ရွှတ် သောက်ရတာကို အလွန်အမင်း ကြိုက်တာပါ။ သူမနဲ့ ပေါင်းမှ ဒီလို အစာတွေ စားတတ်လာပြီး အခုဆိုရင်တော့ မစားရတာ ကြာရင်တောင် စားချင်စိတ်က ပေါ်လာပါသေးတယ်။ အုန်းနို့ခေါက်ဆွဲလိုမျိုး နှစ်ယောက်သား စားကြတာ ခဏကြာရင် ကျွန်တော့် ပန်းကန်ထဲမှာ အရည်တွေချည်းပဲ ကျန်ခဲ့ပြီး သူ့ပန်းကန်ထဲမှာတော့ ခေါက်ဆွဲဖတ်တွေပဲ ကျန်ခဲ့ပါတယ်။ ဒီလို အချိန်ကျရင် နှစ်ယောက်သား ပန်းကန် လဲစားလိုက်ခြင်းဖြင့် ဒီပြဿနာကို ပြေလည်စေပါတယ်။ ထမင်း စားတဲ့ အခါလည်း ကျွန်တော်က အသားဟင်းလိုမျိုး ဟင်းကြီး တစ်ခွက် မပါရင် ထမင်းစား မမြိန်ပေမယ့် သူမကတော့ ဟင်းသီး ဟင်းရွက် တစ်ခွက်နဲ့ဆို စားတတ်ပါတယ်။ သူမက အသားဆိုလည်း အသားချည်းပဲ မစားချင်ပါဘူး။ ပုံဖျက်ထားမှ စားပါတယ်။ ဥပမာ ကြက်သားသုပ်တို့၊ အသားလုံးကြော်တို့လိုမျိုး။ အသား အတစ်လိုက်ကြီးလည်း မကြိုက် ဆီပြန်ဟင်းနဲ့လည်း မစားချင်ပေမယ့် ကျွန်တော့်ကို ချက်ပေးရင်းနဲ့ စားလာပါပြီ။ သူမက ဟင်းသီဟင်းရွက်နဲ့ပဲ ထမင်းစားရတာ ပိုကြိုက်ပေမယ့် အရင်တုန်းက သူမကြော်တဲ့ ဟင်းသီးဟင်းရွက်တွေကို ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်က ဟင်းရွက်ကြော်ဆို စိမ်းစိမ်းလေး မနွမ်းအောင် ကြော်ထားမှ ကြိုက်တာပါ။ သူမကတော့ အဲဒီလို ကြော်ထားရင် အစာမကြေ ဖြစ်တတ်လို့တဲ့။ အခုတော့လည်း ဟင်းရွက်ကြော်ရင် ကျွန်တော့် အကြိုက် မနွမ်းအောင်ဘဲ ကြော်ပါတော့တယ်။ ဒါတောင် ကန်ဇွန်းရွက်ကြော်ရင် သူမက အရွက်ကို စားပြီး ကျွန်တော်က အရိုးကို စားပါတယ်။ ထမင်း စားရင်လည်း သူမက ပန်းကန်လုံးနဲ့ စောက်ပန်းကန်နဲ့ စားရတာကို ပိုပျော်ပါတယ်။ ကိုရီးယား စတိုင်တဲ့။ ကျွန်တော်ကတော့ ထမင်းစား ပန်းကန်ဆို ပြန့်နေမှ စားတတ်ပါတယ်။ သူမက မိန်းကလေးဆိုတော့ လက်ဘက်ရည်တို့၊ ကော်ဖီတို့ကို အရသာခံ မသောက်တတ်ပါဘူး။ ကျွန်တော်အတွက်တော့ တစ်ခွက်လောက် သောက်လိုက်ရမှာ လန်းဆန်းပြီး နေသာ ထိုင်သာ ရှိသွားတာပါ။ ကျွန်တော်နဲ့ ပေါင်းမှပဲ နှစ်ယောက် ထိုင်ပြီး လက်ဘက်ရည်၊ ကော်ဖီ သောက်ဖြစ်တော့ သူမလည်း ဒါတွေ သောက်တတ် သွားပါပြီ။ နှစ်ယောက်သား ထိုင်သောက်ပြီး ဟိုပြော၊ ဒီပြောပေါ့။ ဒါမှလည်း ကျွန်တော့်အတွက် လက်ဘက်ရည် သောက်ဖော် ရမှာလေ။ ကျွန်တော်က မလိုင်၊ ရေခဲမုန့်လို အချိုတွေကို ကြိုက်ပြီး သူမကတော့ ချဉ်ငန်စပ်တွေကို ကြိုက်ပါတယ်။



အနုပညာ ခံစားမှုနဲ့ ပတ်သက်ရင်လည်း ကျွန်တော်က ရုပ်ရှင်ကို ကြိုက်ပြီး သူမက သီချင်းတွေကို ကြိုက်ပါတယ်။ ရုပ်ရှင်တစ်ကားကို ထိုင်ကြည့်ဖို့ သူမက အချိန်မပေးချင်သလို၊ ရုပ်ရှင်ကား ကြည့်ပြီးရင် အရမ်း ခံစားလွယ်လို့ မကြည့်ပါဘူး။ ရုပ်ရှင်ကြည့်ပြီး ကြောက်မယ်၊ ၀မ်းနည်းမယ်၊ လူယုတ်မာတွေကို အရမ်း မုန်းမယ်။ ပြီးတော့ ကျွန်တော်က ဘလောက်ရေးပေမယ့် စာဖတ် နည်းပါတယ်။ သူမကတော့ မဂ္ဂဇင်း တစ်အုပ်ဆို ဟိုးအစ (မာတိကာက ထုတ်ဝေသူ ဘယ်သူ - ဂရပ်ဖစ် ဒီဇိုင်နာ ဘယ်သူ) ကနေ စပြီး တစ်အုပ်လုံး ကုန်အောင် ဖတ်ရမှ ကျေနပ်ပေမယ့် ကျွန်တော်ကတော့ ဟိုလှန် ဒီလှန်ပါ။ များသော အားဖြင့်တော့ သူမ ညွှန်းတာတွေပဲ ဖတ်ပါတယ်။ ကျွန်တော်က စာတစ်မျက်နှာ ကို အမြန်ဖတ်နိုင်ပေမယ့် သူမကတော့ နားမလည်တာ တစ်ကြောင်းလောက် ပါရင် အဲဒီကနေ မတတ်တော့ဘဲ နားလည်အောင် လုပ်နေပါတယ်။ ကျွန်တော်ကတော့ ကျော် ဖတ်သွားတတ်ပါတယ်။ ကျွန်တော်က ဘလောက်ပေမယ့် တခြား ဘလောက်တွေကို နှံ့အောင် လိုက်မဖတ်နိုင်ပါဘူး။ သူမကတော့ တော်တော် လိုက်ဖတ်နိုင်ပါတယ်။ ဘလောက်ရေးရင်လည်း စာလုံးပေါင်းတွေ ဘာတွေ သူက စစ်ပေးရပါတယ်။ တချို့ စာလုံးပေါင်းတွေ မသေချာရင်လည်း သူမကို မေးရပါတယ်။



သူမက အသေးစိတ်ပေမယ့် ကျွန်တော်ကတော့ အပေါ်ယံပါပဲ။ ကျွန်တော့် ကိစ္စတော်တော် များများကို သူမက လိုက်စစ်ဆေးပေးရ သတိပေးရပြီး သူမကိုတော့ အရှည်၊ အကျယ် မြင်အောင် ကျွန်တော်က ပြောပြရပါတယ်။ ကျွန်တော်က ပျင်းပြီး အေးဆေးသလောက် သူမကတော့ စိတ်မြန်ပါတယ်။ ကျွန်တော့်ကို သူမက တွန်း၊ သူမကို ကျွန်တော်က လိုက်ဆွဲမှပဲ နည်းနည်း တော်ကာ ကျပါတယ်။ သူမက တစ်စုံတစ်ရာ၊ တစ်စုံတစ်ယောက်ပေါ် ခံစားချက်တွေ များပေမယ့် ကျွန်တော်ကတော့ တုံဏိဘာဝေ ပါပဲ။ သူမက အမှတ်သညာ ကြီးသလောက် ကျွန်တော်ကတော့ မေ့မေ့ ပျောက်ပျောက် ပါပဲ။ ကျွန်တော် အသိတွေ နာမည်တွေတောင် သူမကို ပြန်မေး ယူရတဲ့ အထိပါပဲ။ ကျွန်တော်က ပိုက်ဆံကို သေချာ မသုံးပေမယ့် သူမကတော့ စေ့စေ့စီစီ ရှိပါတယ်။ အခုတော့ ကျွန်တော်က သူမကို ဟိုဟာ၊ ဒီဟာ လျှောက်ပြောပြီး ညာသုံးလွန်းလို့ သူမလည်း သုံးလာပါပြီ။ ဥပမာ ပစ္စည်း တစ်ခုဝယ်မယ်ဆို ကျွန်တော်က ဈေးပိုကြီးတာကို လိုချင်ရင် ဟိုဟာက မခိုင်ဘူး၊ ခဏနေရင် ပျက်သွားမှာတို့၊ ဒီဟာက နည်းနည်းလေး ပိုပေးလိုက်ပေမယ့် ကွာလတီက အများကြီး ကွာသွားတာမျိုးတို့ လျှောက်ပြောတာပေါ့။



ပြောရမယ် ဆိုရင်တော့ အများကြီးပေါ့။ အသွင်မတူ အိမ်သူ မဖြစ် ဆိုရင်တော့ သူမက ကျွန်တော့် အိမ်သူ ဖြစ်တော့မှာ မဟုတ်ဘူး။ (ဒီစကားပုံကို အဓိပ္ပါယ် ယူ လွဲနေရင် ပြင်ပေးပါဦး) ပြောချင်တာကတော့ ကျွန်တော်တို့ နှစ်ယောက်ဟာ ကွဲပေမယ့် မလွဲပါဘူး။ ဒီလို ဖြစ်နေတာကလည်း Yin-Yang သဘောအရ ဆိုရင်တော့ မှန်နေ ပါတယ်။ မတူတဲ့ အားနှစ်ခုက အပြန် အလှန် ချိတ်ဆက်ပြီး ဘက်မျှအောင် လုပ်ပေးထားသလိုပါပဲ။ မတူညီတာ နှစ်ခုက ပိုမို ခိုင်မြဲအောင် ပေါင်းစည်းပေးထားတာပါ။ အညမည ပေါင်းစည်းမှုပါ။ အနက်ရောင် ယင်(Yin) က ညကာလ၊ ဆောင်းဥတု၊ လမင်း၊ မိန်းမကို ကိုယ်စားပြုပြီး အလင်း ယန်(Yan) က နေ့ကာလ၊ နွေရာသီ။ နေမင်း၊ ယောက်ျား လို့ဆိုပေမယ့် ကျွန်တော်တို့ နှစ်ယောက်မှာ တစ်ယောက်က ယင်ဖြစ်လိုက် တစ်ယောက်က ယန်ဖြစ်လိုက်ပါပဲ။ တစ်ယောက်က ယင်ဖြစ်ရင် တစ်ယောက်ကယန် ဖြစ်တယ်။ တစ်ယောက်ယန်ဖြစ်ရင် တစ်ယောက်က ယင်ဖြစ်အောင် လုပ်ပေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက်မှာ အရမ်းလည် မယင်တော့ အရမ်းလည်း မယန်တော့ဘဲ ဟောဒီလို ဖြစ်သွားပါတယ်။ ဒီဘက်က အလုံးလေးကတော့ မြတ်နိုးလေးပါ။







၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူမ မွေးနေ့ အမှတ်တရ အဖြစ် ဒီ Post ကို ရေးလိုက်တယ်။ ခါတိုင်း ဆိုရင်တော့ တစ်ခုခု လက်ဆောင်ပေး၊ တစ်နေရာရာကို အလည်သွားပေမယ့် ဘလောက်ခေတ်မှာ Post တစ်ခု လက်ဆောင် ရေးပေးတာလည်း မနည်းပါဘူး ခင်ဗျာ။  ။   



တခြားဖတ်ရန် - သူမတို့ နှစ်ယောက်

Friday, January 18, 2008

ဆစ်ဒနီက ရထားတွေ

ဆစ်ဒနီ ရောက်တော့ သတိထားမိတာ ရထားနဲ့ ရထားဘူတာတွေပါ။ ရထားဘူတာတွေ၊ ရထားတွေက သန့်ရှင်း သစ်လွင်မှုမှာ စင်္ကာပူကဟာတွေကို မယှဉ်နိုင်ပါဘူး။ စင်္ကာပူတို့၊ ဟောင်ကောင်တို့က ရထားတွေက စတိုင် တစ်မျိုးပေါ့။ ကိုရီးယားတို့၊ ဂျပန်တို့ကို မမီပေမယ့် နောက်မှ လုပ်တာရယ် အာရှ စတိုင်ဆိုတော့ သေးသေး သစ်သစ် သပ်သပ်ရပ်ရပ်ပါ။ ဒီက ရထားလမ်းတွေကတော့ ကြာပြီရယ် ဘိုစတိုင်ရယ်ဆိုတော့ ကြီးကြီး မာမာပေါ့။ ဆစ်ဒနီက (နယူးဆောက်ဝေး ပြည်နယ်က) ရထားလမ်းတွေက ဖောက်တာ နှစ်ပေါင်း ၁၅၀ ကျော် ကြာသွားပြီ ဆိုတော့ ဒီပေါ်မှာပဲ တိုးချဲ့ ထပ်ဖြည့်သွားတာကြောင့် အဟောင်း လက်ကျန်တွေ တချို့ နေရာတွေမှာ ကျန်နေသေးပါတယ်။ စင်္ကာပူက ရထားလမ်းတွေက မြန်မာပြည်မှာ အရေးအခင်းတွေ ဖြစ်နေတုန်းကမှ ဖွင့်တာ ဆိုတော့ နှစ်ပေါင်း ၂၀ ကျော်ပဲ ကြာပြီး အဘိုးနဲ့ မြေးလောက်တော့ နုပျို လတ်ဆတ်မှုက ကွာမှာပေါ့။ NSW က City Rail မှာ ရထားဘူတာပေါင်း ၃၀၀ ကျော် ရှိပြီး စင်္ကာပူမှာက ၇၀ ကျော် ရှိပါတယ်။

ဒီနေရာမှာ ကြားဖြတ် ပြောချင်တာက ကျွန်တော်နေခဲ့ဖူးတဲ့ စင်္ကာပူနဲ့ အခုရောက်နေတဲ့ နေရာက အကြောင်းတွေကို ပြန်လည် ဖောက်သည်ချတဲ့ သဘောပါ။ နှိုင်းပေမယ့် ယဉ်တာ မဟုတ်ပါဘူး။ သြစတြေးလျက ကျွန်တော့်လို မြန်မာတချို့အတွက် စိမ်းပါတယ်။ ဒါကြောင့် မိတ်ဆက်ပေးတဲ့ အထာပေါ့။ (အထာဆိုတာ ဆရာတိန်ဆီက စကားလုံးလေ။) NUS မှာ ကျောင်းတက်နေတဲ့ ဗမာတစ်ယောက် ပြောတာ ကြားဖူးတယ်။ `MIT ကျောင်းက အိုမင်း စုတ်ပြတ်နေတာပဲ NUS လို သစ်သစ်လွင်လွင်လည်း မဟုတ်ဘူး´တဲ့။ သူ MITကို ခဏသွားပြီး ပြန်လာတော့ ပြောတာပါ။ ကျွန်တော်လည်း NUS Campus ထဲရော MIT Campus ထဲရော အလည် ခဏ ရောက်ဖူးပါတယ်။ MIT Campus က ကျယ်လွန်းလို့ ကျွန်တော်တို့မှာ အထဲရောက်နေတာတောင် မသိဘဲ MIT ကို ဘယ်လို သွားရမလဲ သွားမေးတဲ့ အထိပါပဲ။ သူပြောတာတော့ မှန်သလိုလိုပါပဲ။ သူကလည်း အပြင်ပန်းကိုပဲ ပြောတာ ဖြစ်မှာပါ။ အခုလည်း အဲဒီလို ပြောသလိုများ ဖြစ်နေမလားပဲ။ ထားပါတော့။ အဓိက ကတော့ Main ပါပဲ။ အဲ.. အဓိကကတော့ ကိုယ်တွေ့လေးတွေကို ဝေမျှချင်တဲ့ စေတနာပါ။

ရထားတွေက အတွင်းမှာတော့ တော်တော် ကျယ်ပြီး များသော အားဖြင့်က ထိုင်စီးရပါတယ်။ ထိုင်ခုံတွေကလည်း ကော်ထိုင်ခုံတွေ မဟုတ်ဘဲ ကူရှင်နဲ့ ခုံတွေပါ။ ဇိမ်နဲ့ ထိုင်စီးလို့ ရပါတယ်။ ဒီမှာ အများပြည်သူပိုင် နေရာတွေ (ဥပမာ ဆေးရုံတို့ ဘာတို့)က ဧည့်ဆောင်လို နေရာတွေမှာ ထိုင်ဖို့ ချပေးထားတာ ကူရှင်ပါတဲ့ ဆက်တီတွေ များပါတယ်။ စင်္ကာပူမှာတော့ များသောအားဖြင့်က ကော်ထိုင်ခုံ အတန်းလိုက်ပါပဲ။ ဒီက ရထားတွေပေါ်မှာတော့ ကူရှင်နဲ့ ခုံတွေထားပြီး သန့်ရှင်းရေးက မနိုင်၊ စည်းကမ်းက မရှိဆိုတော့ တချို့ခုံတွေဆို ထိုင်ချင်စရာတောင် မရှိပါဘူး။ အထူးသဖြင့် ညစ်ပတ်တာ သူတို့ ဘိုတွေလေ။ ဒီက ရထားခုံတွေက အတန်းလိုက် မဟုတ်ဘဲ ကန့်လန့်ဖြတ်တွေပါ။ တစ်တန်းက ခုံနှစ်လုံးမှာ လူကောင်ကြီးကြီး ၅ ယောက် ကောင်းကောင်း ထိုင်လို့ ရပါတယ်။ ရထားတွဲ သွားတဲ့ဘက် ဦးတည်တဲ့အခါ ခုံတွေမှာ အမှီတွေကို လှည့်လို့ရအောင် လုပ်ပေးထားပါတယ်။ ကိုယ့်ရှေ့ကခုံကို ကျောပေးတာ မဟုတ်ဘဲ မျက်နှာချင်းဆိုင်အောင် လုပ်လို့ ရပါတယ်။ လူလစ်ပြီ ဆိုတာနဲ့ ရှေ့က ခုံ အမှီကို လှန်ချ မျက်နှာချင်းဆိုင်ပြီး သူတို့ ဖိနပ်တွေနဲ့ ပယ်ပယ်နယ်နယ် နင်းပြီး ခြေဆန့်တင် ထိုင်တော့တာပဲ။ စင်္ကာပူက ရထားတွေပေါ်မှာ မုန့်စားရင် ဒဏ်ရိုက်မယ် ကြေညာထားသလို ဒီမှာလည်း ထိုင်ခုံပေါ် ခြေထောက်တင်ရင် ဒဏ်တပ်မယ် သတိပေးထားပါတယ်။ ဒါပေမယ့် တကယ်လည်း ထိထိမိမိ မလုပ်၊ စည်းကမ်းမဲ့ ကိုယ်ချင်းစာစိတ်မဲ့ တဲ့သူကလည်းမဲ့ ဆိုတော့ ရထားပေါ်က ခုံတော်တော်များများက ညစ်ပတ်ပါတယ်။ နောက်ပိုင်းရထားတွဲတွေမှာတော့ ခုံတန်း တစ်ဝက်က တစ်ဘက်ကို လှည့်နေပြီး ကျန်တစ်ဝက်ကတော့ ကျောပေးထားပါတယ်။ အမှီတွေကိုလည်း လှည့်လို့ မရတော့ပါဘူး။ ရထားပေါ်မှာ လူအပြည့် ထိုင်နေတယ်ဆို တစ်ဝက်က အတည့် ထိုင်ရပြီး ကျန်တစ်ဝက်ကတော့ ပြောင်းပြန်ပေါ့။ ကားမူးတတ်တဲ့သူတွေ အတွက်ဆိုရင်တော့ ပြောင်းပြန် ခုံတွေက မလွယ်ဘူး။ ဒါပေမယ့် ခြေတော်တင်ချင်သူတွေ ရန်ကတော့ ကာကွယ်ပြီး ဖြစ်သွားပါတယ်။

ဆစ်ဒနီက ရထား လက်မှတ်တွေကလည်း စင်္ကာပူကို မမီပါဘူး။ စင်္ကာပူက လက်မှတ်တွေက ပလတ်စတစ်ကတ်လေးတွေမှာ ရေဒီယိုလှိုင်း (RFID) နဲ့ ဖတ်တာပါ။ အဲဒီတော့ ကိုယ့်ပိုက်ဆံ အိတ်ထဲကတောင် ထုတ်စရာ မလိုဘဲ Scanner နားမှာ အလွယ် ကပ်လိုက်ရုံပါပဲ။ ဓါတ်ပုံမှာ အပေါ်ဆုံးက ကတ်လေးပါ။ အောက်ဆုံးက ဟာက ဆစ်ဒနီက ဟာပါ။ တစ်ခါသုံး စက္ကူကတ်ပါ။ တစ်ရက်၊ တစ်ပတ် ဒါမှမဟုတ် သတ်မှတ်ထားသလောက် စီးလို့ ရပါတယ်။ သံလိုက်နဲ့ ဖတ်တာ ဆိုတော့ အိတ်ထဲက ထုတ်ပြီး စက်ထဲကို ထည့်လိုက်ရင် စက်ရဲ့ တစ်ဘက်က ထွက်လာတာပါ။ နယူးယောက်က MetroCard လို့ လက်က မလွှတ်ဘဲ (ဆိုင်တွေမှာ Credit Card ဖြတ်သလို) ကတ်ဖြတ်လို့ ရလည်းတော်သေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပိုက်ဆံ အိတ်ထဲက ထုတ်ပြီး ကတ်ဖြတ်ရတာပါ။ ကျွန်တော့် အတွက်တော့ ပိုက်ဆံ အိတ်ထဲက ထုတ် သုံး ပြီးတော့ အင်္ကျီအိတ်ထဲ ထည့်ထားပြီး နောက်နေ့ မနက်ကျရင် ပြန်မထုတ်မိလို့ ဘူတာရောက်မှာ သတိ ပြန်ရတာတွေလည်း ရှိပါတယ်။ အလယ်က သေးသေးလေးကတော့ ပါရီ (ပဲရစ်) က ရထားလက်မှတ်ပါ။ သူကလည်း ဆစ်ဒနီကဟာနဲ့ အတူတူပါပဲ။ ဒါပေမယ့် သူတို့ဆီမှာ RFID ကတ်စနစ်ကိုပါ စတင် မိတ်ဆက်နေပြီဆိုတော့ ဘူတာတွေမှာ RFID ကတ်နဲ့ ၀င်ထွက်ဖို့ တစ်ပေါက်တော့ ပါပါတယ်။ ပါရီက ရထားတွေက သေးသေး တိုတိုလေးတွေပါ။ ထိုင်ခုံတွေကလည်း တစ်တန်းမှာ ၂ ယောက်ထိုင်ခုံ ၂ ခုံပါပါတယ်။ ဒီကလောက် မကြီးပါဘူး။ ပါရီက လူတွေကလည်း ယောက်ျား၊ မိန်းမ မရွေး ညှက်တယ်လေ။ ပါရီမှာ ရထားစီးတုန်းက ရထားရပ်တော့ တံခါးဝမှာ ခပ်တည်တည်နဲ့ သွားရပ်နေပါတယ်။ စင်္ကာပူက ရထားတွေလို အလိုလို ပွင့်သွားမယ်ထင်ပြီးတော့။ နောက်ကလူတွေက ကိုယ့်ကို တောသားလို ကြည့်ပြီး စိတ်မရှည်လို့ ဘေးက တစ်ယောက်က ခလုတ်နှိပ်ပြီး ဖွင့်ပေးမှပဲ ပွင့်တော့တယ်။ အေးတဲ့ နိုင်ငံမှာ ဆိုတော့လည်း မလိုအပ်ဘဲ တံခါး မဖွင့်တာ နေမှာပေါ့။

ဒီပုံကတော့ ကျွန်တော်နေတဲ့ နားက ဘူတာက ရထားအချိန်ပြတဲ့ ဟာပါပဲ။ ဒီဟာကို ဘလော့ဂ်ချင်လွန်းလို့ ဓါတ်ပုံ ရိုက်ယူထားတာပါ။ အပေါ်က နာရီက နောက်ရထား ဘယ်တော့ လာမယ်ဆိုတာ ပြတာပါ။ နာရီက ကလေးတွေ ဆော့တဲ့ဟာမျိုးပါ။ လက်နဲ့ ရွှေ့ရတာပါ။ ရထားတစ်စင်း ဆိုက်ပြီး ထွက်သွားပြီဆို ဘူတာရုံစောင့်က ထွက်လာပြီး လက်နဲ့ နောက်တစ်စင်းလာမယ့် အချိန်ကို ပြန်ပြောင်းယူတာပါ။ အောက်က အတုံးလေးတွေက လှည့်လို့ ရပါတယ်။ ပထမဆုံးအတုံးက စင်္ကြန်ကို ပြတာပါ။ Platform No.1 No.2 အဲဒီလို မျိုးပေါ့။ ဒီက ရထားတွေက စင်္ကာပူက ရထားတွေလို စီးရတာ မလွယ်ပါဘူး။ စင်္ကာပူမှာက ရထားတွေက အစ-အဆုံး သွားတယ်။ (တစ်ခါတစ်လေတော့ ညအရမ်း မိုးချုပ်ချိန်မှာတော့ တစ်ဝက်ဆီပဲ ပြေးတာ ရှိပါတယ်။) ဘူတာတိုင်း ရပ်တယ် ဆိုတော့ ဦးတည်ရာ မှန်ရင် လိုရာ ခရီး ရောက်နိုင်ပါတယ်။ ရထားတစ်စင်းလာရင် ဘယ်မှာ ဂိတ်ဆုံးမလဲဆိုတာကိုပဲ LCD Board တွေမှာ ကြေညာတယ်။ ထားပါတော့ Jurong East မှာ ဆုံးမယ်။ ကြားမှာတော့ အကုန်ရပ်တယ်။ ဆစ်ဒနီမှာက ဘူတာစဉ် ရပ်တဲ့ ရထား ရှိတယ်။ အမြန်ရထားရှိတယ်။ အမြန်ရထားက တချို့ဘူတာတွေမှာ မရပ်ဘူး။ တစ်ခါတစ်လေ ဂိတ်ဆုံးထိ သွားတာ အလယ်မှာ တစ်ခါပဲ ရပ်တဲ့ ရထားမျိုးလည်း ရှိတယ်။ ရောက်ခါစက ပထမဆုံး ရထားစီတော့ Board မှာ ကြည့်လိုက်တော့ Strathfield နဲ့ Central ရောက်တယ်ဆိုလို့ ကြားက ဘူတာတွေတော့ စင်္ကာပူမှာလို ရပ်မှာပဲဆိုပြီး စီးသွားတာ တော်သေးတယ် ဘူတာကြီး ရောက်တော့မလို့။ အလယ်မှာ တစ်ခေါက် ရပ်တော့ ဆင်းပြီး နောက်ကြောင်း ပြန်စီးရတယ်။ ဒီမှာက Board တွေမှာ ရပ်မယ့် ဘူတာတွေကိုပါ ကြေညာပေးတယ်ဆိုတာ မသိလို့လေ။ အခုပုံက ဟာမှာလည်း ရပ်မယ့် ဘူတာတွေကို ပြထားတာ။ တကယ်လို့ နောက်လာမယ့် ရထားက မရပ်မယ့် ဘူတာတွေရှိတယ်ဆို အတုံးလေးတွေကို လှည့်လိုက်ပါတယ်။ အတုံးလေးတွေက တခြာမျက်နှာဖက်မှာ ဘာမှ မရေးထားတာလည်း ရှိပါတယ်။ ဒီလို အတုံးလေးတွေ သူဘာသာသူ မလည်သွားအောင် ထိန်းထားပါတယ်။ အတုံးလေးတွေကို လှည့်ဖို့ဆို အောက်ဆုံးလောက်မှာ တွေ့ရမယ့် သံနဲ့ လုပ်ထားတဲ့ Lever လေးကို နင်းလိုက်ရပါတယ်။ ရထားတစ်စင်း ထွက်သွားတိုင်း ရုံပိုင်ခင်မျာ သူအခန်းလေးထဲကနေ ထွက်လာပြီး နာရီကို လှည့်ရတယ်။ နောက်ရထားရပ်မယ့် ဘူတာတွေနဲ့ အတုံးလေးတွေ မှန် မမှန် စစ်ရတယ်။ မဟုတ်သေးရင် လက်နဲ့ လှည့်ရတယ်။ ဒီလို ဒီလို အကြံကောင်းကောင်းနဲ့ လုပ်ထားပေမယ့် ကျွန်တော် ပထမဆုံး စတွေ့လိုက်တော့ တော်တော် ရယ်ချင်သွားတယ်။ ဒီလို နိုင်ငံမှာ ဒီလိုမျိုးတွေ သုံးနေပါသေးလာ ဆိုပြီး။ တကယ်ဆို ပြတိုက် ဒါမှမဟုတ် မြန်မာပြည် ပို့ရတော့မယ့် ဟာမျိုးပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကျွန်တော့်မှာတော့ အဲ့ဒါလေးကို ကြည့်ပြီး ရထား စီးနေရတုန်းပါ။

Sunday, January 13, 2008

Pet ကလေး အရွယ် (၈လမှ ၉လ)

ဒီအရွယ် ၈လကျော်ကိုတော့ တခြား မိဘတွေက ကိုယ့်ကလေးကို ဘယ်အရွယ် ပြောမလဲ မသိ၊ ကျွန်တော်တို့ အတွက်တော့ သမီးတုန်က ချစ်စရာ အိမ်မွေး အကောင်လေး အရွယ်ပါပဲ။ သူဘာသာသူ သွားတတ်တယ်။ (ဘာမှန်း မသိ) ပြန်ပြောဖို့ အသံ ထွက်တတ်တယ်။ အစားကျွေးထားရင် သူဘာသူ ကောက်စားပြီး ငြိမ်နေတတ်တယ်။ ကုန်သွားရင် အသံ ထွက်ပြီး ထပ်တောင်းမယ်။ မီးဖိုဆောင်ထဲ မ၀င်ရရင် အော်မယ်။ သားသမီးများ သူဘာသာသူ နည်းနည်း ရပ်တတ်၊ နည်းနည်း နားလည်စ ပြုတာနဲ့ မိဘကို ကလန်ကဆန် လုပ်တော့တာပဲ။ အင်း... တကယ်တော့ ဒီလို နည်းနည်း နာလည်စ ပြုလာတဲ့ အရွယ်ဟာ ချစ်စရာ အရုပ်ကလေး အရွယ် ထက် အများကြီး သာပြီး ချစ်စရာ Pet ကလေး အရွယ် ဖြစ်လာပြီး ကျွန်တော်တို့ အတွက် အချစ်တွေ နှစ်ဆလောက် ပွားပြီး ချစ်နေရတာပါ။ သူ့အမေဆို ဒီအရွယ်ကနေ ကြီးသွားမှာတောင် စိုးနေတယ်။ သူ့အဘိုး အဘွားတွေ များရှိလို့ကတော့ အသည်းတုန်၊ အူတုန်တောင် ဖြစ်နေမယ့် အရွယ်ပါ။

မြင့်မြတ်နိုးလေးဟာ ၈လကျော်တာနဲ့ သူ့ဘာသာသူ ပရိဘောဂတွေကို ကိုင်ပြီးတော့ ရပ်တတ်လာပါတယ်။ မတိုင်ခင်က လူကြီး အကူအညီ ပါရပေမယ့် အခုဆို ချက်ချင်း ဆွဲထူပြီး မတ်တတ် ထတတ်ပါလာပါတယ်။ စ ရပ်ရပ်ချင်းတုန်းကတော့ ရပ်ပြီးရင် မရွှေ့တတ်သေးပါဘူး။ သူရွှေ့ဖို့ ကြိုးစားပေမယ့် ဘယ်လို လုပ်ရမယ်ဆိုတာ မသိဘူး ဖြစ်နေတာပါ။ နောက်တော့မှ ခြေထောက်လေးတွေကို ဂဏန်းသွား သွားတတ်လာတာပါ။ လက်ကိုလည်း ဖြေးဖြေးချင်း ရွှေ့၊ ခြေထောက်ကိုလည်း ရွှေ့ရွှေ့ပြီး သွားတာပါ။

သူ့အတွက် နောက်ထပ် အခက်အခဲ တစ်ခုကတော့ မတ်တတ်ရပ်တတ်ပေမယ့် ပြန် မထိုင်တတ်တာပါ။ မတ်တတ်ရပ်ပြီး အောက်ပြန်ဆင်းချင်ရင် လူကြီးကို အော်အော်ခေါ်ပါတယ်။ တစ်ခါတစ်လေကျရင် သူ့ဘာသာသူပဲ နောက်ကို လှန်ချလိုက်ပါတယ်။ အစတုန်းက ၃-၄ ခါလောက်တော့ ပက်လက် လန်ကျပါတယ်။ တော်သေးတာပေါ့ ကော်ဇောခင်းထားလို့။ သံမံတလင်းဆိုရင်တော့ မစားသာဘူး။ ဒါတောင် ခေါင်းနဲ့ကျမှာ စိုးလို့ မနည်း လိုက်ကြည့်နေရတယ်။ နောက်တော့မှ ဒူးကလေးကို ကွေးပြီး လက်က အနိမ့်ပိုင်းကို ရွှေ့ပြီး ထိုင်တတ်တာပါ။ တကယ်တော့ ထိုင်တာ မဟုတ်သေးပါဘူး။ မတ်တတ်ရပ်နေရကနေ လေးဘက်ထောက်သလို ဖြစ်အောင် လုပ်လိုက်တာပါ။ အဲဒီကနေ နောက်ထပ် Advance ဖြစ်လာတာကတော့ ပစ္စည်း တစ်ခုကို ကိုင်ပြီး မတ်တတ်ရပ် နေရာကနေ နည်းနည်း ခြားတဲ့ တခြား တစ်ခုကို ပြောင်းကိုင်ပြီး ရွှေ့သွားဖို့ပါပဲ။ ဥပမာ ထမင်းစား စာပွဲအောက်မှာ ထိုင်ခုံတွေ တစ်လုံးကနေ တစ်လုံ ပြောင်းပြီး လျောက်သွားတာမျိုးပါ။ အဲဒါမျိုး ၈လခွဲ ကျော်ကျော် အရွယ်မှ စလုပ်တတ်တာပါ။ တစ်နေ့က အပြင်သွားတော့ ရုံးတစ်ခုက Lounge ထဲမှာ ထိုင်ခုံတွေ ကိုင်ပြီး သူဘာသူ လျှောက်သွားနေတော့ တခြား အမျိုးသမီးတွေကြီးတွေက ဘယ်အရွယ်လဲ မေးတော့ ၉ လလို့ ပြန်ဖြေတာ ၉လမှာ ဒီလို လျှောက်သွားတတ်တာ တော်တော် တတ်တာပဲလို့ တော်တော်များများက ပြောကြမှာ သူ့ကလေး နောက်ကျကျန်နေမှာ စိုးတဲ့ အမေလည်း စိတ်အေးပြီး ပီတိတွေ ဖြာနေတယ်။ ဟုတ်တယ် အဲဒီမှာပဲ တွေ့တဲ့ တခြား ၁နှစ် နီပါး ကလေးဟာ ကောင်းကောင်း ထိုင်တတ်နေပေမယ့် လမ်းလျှောက်တတ်ပုံကတော့ သူနဲ့ မကွာပါဘူး။ ကလေးတွေရဲ့ စွမ်းဆောင်ရည်ကို တစ်သမတ်တည်း မှတ်ထားလို့ မရပါဘူး။ သူတို့ လုပ်တတ်တာ နည်းနည်း စောမယ်၊ နည်းနည်း နောက်ကျနိုင်ပါတယ်။

မတ်တတ်လည်း ရပ်တတ်ရော တစ်အိမ်လုံး သွားပြီး ဆော့တော့ ဖွတော့တာပါပဲ။ သူ အ၀တ်ပုံးကို နှိုက်လို့ လွယ်အောင် အိမ်ရှေ့မှာ ထားတာ သူ့အတွက် အကြိုက်ပါပဲ။ ရိုးရိုး ပလတ်စတစ်ပုံးကို အပေါ်မှာ အဖုံးနဲ့ပါ။ ပထမတော့ အ၀တ်ပုံးပေါ် လက်ထောက်ထားလို့ သူ မဖွင့်တတ်ဘူး ဖြစ်နေပါတယ်။ နောက်တော့ သဘော ပေါက်သွားပြီး ထောက်ထားတဲ့ လက်ကို ဖယ်ပြီးမှ ဆွဲဖွင့်ချပါတယ်။ ပြီးရင်တော့ အ၀တ်တွေကို တစ်ခုပြီး တစ်ခု ဆွဲထုတ်ပြီး ဖွတော့ တာပဲ။

ဒီလို မတ်တတ်ရပ်တတ်လာတော့ ရပ်ပြီး ကိုင်တွန်းရတဲ့ ကစားစရာ ကားလေး တစ်ခု ၀ယ်ပေးထားတယ်။ ကားလေးမှာ ခလုတ်လေးတွေ ပါပြီး နှိပ်လိုက်ရင် အသံထွက်တော့ ကြိုက်ပါတယ်။ ၀ယ်ပေးပြီး တစ်ရက်နှစ်ရက် နေတာနဲ့ ခလုတ်နှိပ်ရင် အသံထွက်မှန်း သိပြီး ဆော့တတ်သွားပါတယ်။ နောက်တော့ ဘယ်ကနေ ဘယ်လို တတ်သွားလည်း မသိ။ တီးလုံးသံ ကြားတာနဲ့ ကတတ်လာပါတယ်။ ကိုယ်ကို ဘယ်ညာ ယိမ်းမယ်။ ခဏနေရင် ရပ်ပြီး ဖင်လေးကို ရှေ့ပစ်နောက်ပစ်နဲ့ ပုံစံ ပြောင်း ကမယ်။ သူ့ ကစားစရာ ကားလေးက အသံ ကြားမှ မဟုတ်။ တီဗွီက တီးလုံးသံ ကြားရင်လည်း ကတော့တပဲ။ သင်ပေးရင်တော့ တတ်မှာ မဟုတ်တဲ့ အရွယ်မှာ တီးလုံးသံ ကြားတာနဲ့ ကတတ်တာ အင်မတန် ဆန်းကြယ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်မှာ သူ့ကိုကြည့်ပြီး `က´တာမျိုးဟာ သင်ပေးစရာ မလို Instinct ပဲလို့တောင် ပြောရမလို ဖြစ်နေတယ်။ ပြီးတော့ စင်္ကာက သူ့အဒေါ်များ On-line တက်လာလို့ Speaker ကနေ အသံ ကြားလို့ ရှိရင် ကားလေးမှာ သွားကပြလိုက် ကွန်ပြူတာရှေ့လာပြီး ကြည့်လိုက်နဲ့ သူ့ခမျာ ဗျာများနေတော့တာပဲ။


တကယ်ဆို အခု အရွယ်မှာ နည်းနည်းတော့ ထိုင်တတ်ရမှပါ။ သမီးကတော့ အခု ထက်ထိ မထိုင်သေးပါဘူး။ သူက ထိုင်ဆော့ ချင်တာမျိုးမဟုတ်ပဲ တအိမ်လုံး လျှောက်သွားပြီး ဆော့ချင်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ထမင်းစားပွဲမှာ ထိုင်စားတဲ့ ခုံလေး ၀ယ်ပေးထားတော့ နည်းနည်း ထိုင်လာပါပြီ။ သူက အဲဒီလို ခုံမျိုးတွေ၊ Car Seat တို့၊ Stroller တို့၊ Rocking Chair တို့မှာ ခါးပတ်ပတ်ပြီး ထိုင်ရတာ သိပ်မကြိုက်လှပါဘူး။ မထိုင် တတ်ပါဘူး။ အခုတော့ အဲဒီ ခုံမှာ ထိုင်ရင်တော့ အစားစားရမှန်း သိတော့ ထိုင်လာပါပြီ။ အဲဒီခုံလေးက သူငယ်ချင်းရဲ့ ကလေးအတွက် ၀ယ်သုံးနေတာ ကလေး အတော် ကြီးတဲ့ အထိသုံးလို့ ရနေပါသေးတယ်။ စားသောက်ဆိုင်တွေ ဘာတွေ သွားရင်လည်း ယူသွားပြီး ကြိုက်တဲ့ ခုံမှာ အလွယ် တွဲချည်လို့ ရပါတယ်။ သယ်သွားလို့လည်း လွယ်ပါတယ်။ ဆေးလို့ ပြုလို့ လည်းလွယ် ရပါတယ်။ ၀ယ်မယ်ဆို Fisher-Price က Booster Seat ကို ၀ယ်ဖို့ ညွန်းလိုပါတယ်။

အဲဒီ ခုံပေါ် တင်ပေးထားပြီး အစားအစာ ပေးထားရင် ငြိမ်နေတာပဲ။ စားစရာ အဖတ် လေးတွေကိုလည်း လက်နဲ့ ကောက်တတ် လာပါပြီ။ စပျစ်သီးလိုမျိုး ပန်းသီးလိုမျိုးကို လှီးပေးထားရင် လက်မနဲ့ လက်ညှိုးကြား ညှပ်ပြီး ကောက်တတ်ပါတယ်။ ပါးစပ်ထဲက အစာဖတ်တွေကိုလည်း အဲဒီလို နှိုက်ထုတ် တတ်နေတော့ တစ်ခါ တစ်လေတော့ စိတ်တိုရပါတယ်။ Juice တွေ ဘာတွေဆိုရင်တော့ ပိုက်(Straw) နဲ့ တိုက်ပါတယ်။ သူဘာသာ သူတော့ မစုပ်တတ်သေးပါဘူး။ ပိုက်ထဲကို စုတ်ပြီး ထိပ်ကို လက်ချောင်းနဲ့ ပိတ်ပေးထားပြီး သူ့ ပါးစပ်ထဲရောက်မှ ဖွင့်ပေးလိုက်တာမျိုးပေါ့။ အစားကျွေးလို့ ကုန်သွားရင်လည်း ထပ်လိုချင်ရင် အော်တောင်းပါတယ်။

အခုဆို Command တစ်ခု နှစ်ခုကိုလည်း နားလည်နေပါပြီ။ `လာဟေ့၊ လာဟေ့´ဆိုရင် ရောက်ရာကနေ ပြန်လာပါတယ်။ သူကိုင်ထားတာကို လက်ဝါးဖြန့် တောင်းရင် လူကြီး လက်ထဲ ထည့်ပေးပါတယ်။ `No .. No´ ဆိုပြီး တစ်ခုခုက မလုပ်ဖို့ ပြောရင်လည်း နည်းနည်းတော့ နားလည်ပါတယ်။ တစ်ခါတစ်လေကျရင် သူကလည်း လုပ်ချင်နေတာဆိုရင် လူကြီးကိုတောင် ပြန်အော်လိုက်သေးတယ်။ ချိုမိုင်မိုင်လိုမျိုး လက်ကလေးကို ဆန့်ပြီး လက်ချောင်းလေးတွေကို ဆုတ်လိုက် ဖြန့်လိုက်လည်း လုပ်တတ်နေပါပြီ။ အစတုန်းက သူဆော့ဖို့ အောက်ချပေးထားတဲ့ ၄လက်မလောက် မြင့်တဲ့ ထိုင်ခုံ Cushion ကို ဆင်းလိုက် တက်လိုက် လုပ်နေရကနေ ၇-၈ လက်မလောက် မြင့်တဲ့ မွေ့ယာပေါ်ကနေ ဆင်းတတ် တက်တတ်လာပါပြီ။ ကျွန်တော်တို့က ကလေး ကျတာတွေ ဘာတွေ ဖြစ်မှာ စိုးလို့ ကုတင်နဲ့ မအိပ်ဘဲ မွေ့ယာကို ကြမ်းပြင်ပေါ်ချပြီး အိပ်ပါတယ်။ မနက်မိုးလင်းပြီးဆို လူကြီးတွေ မနိုးသေးဘူး သူက နိုးပြီး လျှောက်သွား လျှောက်ဆော့ နေပါပြီ။

သူဘာသာသူ တောက်တောက်သွားလိုက် ဆော့လိုက်၊ တွေ့ကရာ ကောက်စားလိုက်၊ လူကြီးတွေကို ခေါင်းတိုးပြီး ချွဲလိုက်နဲ့ တကယ့်ကို Pet ကလေး အတိုင်းပါပဲ။

သမီးရဲ့ အစားအစာနဲ့ တိုးတက်မှု ( ၅လမှ ၈လ အထိ)
လေးလကျော်ရွယ် ချစ်စဖွယ်
၃လပြည့်
အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)
တစ်လပြည့်အလှူ
သမီးလေးရဲ့ တိုးတက်မှု

Monday, January 07, 2008

နံနက်စာ - ဆီထမင်းနဲ့ လက်ဖက်ရည်

နိုင်ငံခြားမှာ နေရတဲ့ ဒုက္ခတွေထဲမှာ နံနက်စာ ကောင်းကောင်း မစားရခြင်းလည်း ပါပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ နံနက်စာက အင်မတန် ပေါပါတယ်။ မုန့်ဟင်းခါး၊ အသုတ်၊ ပလာတာ၊ အီကြာကွေး၊ စမူဆာ၊ အကြော်၊ ကောက်ညှင်းပေါင်း ... ပြောရင်တော့ ကုန်မှာ မဟုတ်ဘူး။ နိုင်ငံခြားမှာတော့ ဒီလို အစားအစာတွေက ကိုယ့်ဘာသာကိုယ် လုပ်မှ စားရမှာ ဆိုတော့ လွယ်လွယ်နဲ့ မလုပ်စား ဖြစ်ပါဘူး။ နံနက်ဆို ရုံးသွားဖို့တောင် အနိုင်နိုင်ဆိုတော့ ပေါင်မုန့်နဲ့၊ ခေါက်ဆွဲပြုတ် စားရဖို့ အတွက်တောင် အချိန် မနည်း ပေးရပါတယ်။ သူတို့ နံနက် စာတွေကလည်း တော်ရုံတန်ရုံ ၀ယ်မစားဖြစ်ပါဘူး။ စနေ၊ တနင်္ဂနွေမှပဲ ကိုယ် စားချင်တာ လေးတွေ လုပ်စားဖြစ်ပါတယ်။

အလွယ် လုပ်စားဖြစ်တာကတော့ ဆီထမင်းပါ။ ဆီထမင်းက ပုံမှန်နည်းနဲ့ လုပ်စားမယ်ဆို နည်းနည်း ခက်ပါတယ်။ ပုံမှန် နည်းက ဒယ်အိုးထဲမှာ ကြက်သွန်နီတွေကို နနွင်းမှုန့်နဲ့ ဆီသတ်၊ ဆန်တွေထည့်၊ ရေနည်းနည်း ထည့်ပြီး ချက်၊ နှပ်ထား။ ချိုးရရင် တစ်ဖက်ကို လှန်ပေး။ အဲဒီလို ချက်ရတာပါ။ အပြောလွယ်ပေမယ့် တကယ်လုပ်ရင် အချိန်ပေးရပါတယ်။ အခု ကျွန်တော်တို့ လုပ်စားတာက အလွယ်နည်းပါ။ ကောက်ညှင်းကတော့ တရုတ်ဆိုင်မှာ ၀ယ်ပြီး နံနွင်းမှုန့်ကတော့ ကုလားဆိုင်မှာ ၀ယ်တာပါ။ ကျွန်တော်တို့က Rice Cooker ထဲ ထည့်ချက်တာပါ။ မချက်ခင် ကောက်ညှင်းကို ရေဆေးပြီး ရေက Rice Cooker မှာပါလာတဲ့ ခွက်နဲ့ ကောက်ညှင်း ၃ ခွက်ဆို ရေ ၂ ခွက်ခွဲ ထည့်ပါတယ်။ ကောက်ညှင်း ၃ ခွက် အတွက် ဆီကို စားပွဲတင်ဇွန်း ၅ ဇွန်း ထည့်၊ ဆား၊ နနွင်း သင့်ရုံထည့်ပြီး ကြက်သွန်ဥနီ ၁ လုံးကို အစိတ်ကြီးကြီး လှီးထည့်ပါတယ်။ သမသွားအောင် ရောမွှေပြီးတော့ ထမင်း ချက်သလိုပဲ ချက်ထားလိုက်ရုံပါပဲ။ ဒီလိုဆိုရင် ဆီထမင်းကို အလွယ် လုပ်စားလို့ ရပါတယ်။

ပဲပြုတ်အတွက် စားတော်ပဲ မတွေ့တာနဲ့ Green Pea ကို သုံးပါတယ်။ (Baking) ဆော်ဒါနဲ့ ရေ ၁၀ နာရီလောက် စိမ်ထားပါတယ်။ စိမ်ထားပြီးတော့ စုန်းပြူးတွေ (ကျစ်ပြီး မပွဘဲ ကျန်နေတဲ့ ပဲလုံးလေးတွေ) ကို ရွေးပြီး ပစ်လိုက်ပါတယ်။ ပြီးတော့ ဆန်ကာထည့် ထည့်ပြီး အပေါ်က ပိတ်ပါးကို ရေဆွတ် အုပ်ပြီး ရေဖြန်းပေးထားပါတယ်။ ပန်းကန်းဆေး ဘေစင်ထဲ ထည့်ပြီး ရေပိုက်ခေါင်းကနေ ရေစက် သေးသေးလေးတွေ ချထားပါတယ်။ အဲဒီလိုမျိုး တစ်နေ့နဲ့ တစ်ည ထားပါတယ်။ ပြီးတော့မှ Rice Cooker ထဲထည့်၊ ပဲအပေါ်မှာ ရေ လက်တစ်ဆစ်လောက် ထည့်ပြီး ရေခမ်းပြုတ်ပါတယ်။ ကျက်ခါနီးမှာ ထန်းလျက် (ဒါမှမဟုတ် ၀ယ်လို့ လွယ်တဲ့ သကြားညို) နည်းနည်း၊ ဆားနည်းနည်း ထည့်လိုက်ပါတယ်။ ရေခမ်းသွားလို့် ထမင်းအိုးက ပိတ်သွားရင် အနေတော် ဖြစ်လား ကြည့်ပြီး မာနေသေးတယ် ထင်ရင် ရေနည်းနည်း ထည့်ပြီး ထပ်ပြုတ်လို့ရပါတယ်။ ပဲပြုတ်ကို ညကတည်းက ပြုတ်ပြီး စားခါနီးကျမှ ပဲဆီစိမ်းနဲ့၊ ဆားနဲ့ထည့်ပါတယ်။ ပဲပြုတ်တွေကို နည်းနည်း ကျေသွားအောင် ချေလိုက်လည်း ရပါတယ်။ အလုံးလိုက် စားလည်း စားကောင်းပါတယ်။ ပဲပြုတ်ကတော့ နံနက်ဆို မြန်မာပြည်မှာ ရောင်းတဲ့ ပဲပြုတ်လောက် စားမကောင်းပေမယ့် မဆိုးပါဘူး။ စင်္ကာပူမှာဆိုရင်တော့ ပဲပြုတ်က သွားဝယ်လို့ လွယ်ပါတယ်။

ကျွန်တော်တို့ အတွက်တော့ ဆီထမင်းနဲ့ အလိုက်ဖက်ဆုံး ကတော့ ပုစွန်ခြောက်ကြော်ပါ။ (ဆီထမင်းကို သရက်သီးမှည့်နဲ့ စားရင် အလွန် လိုက်ဖက်တယ်လို့ ဖတ်ဖူးပေမယ့် တစ်ခါမှတော့ မစားကြည့်ဖူးသေးပါဘူး) ပုစွန်ခြောက် အကောင်သေးတွေကို ရေ ခဏစိမ်ထားပြီး အကောင်ပျက်ရုံလောက် ကြိတ်စက်ထဲမှာ ကြိတ်ပါတယ်။ ကြက်သွန်နီကို လှီးပြီး ရွှေရောင်သမ်းလာတဲ့ အထိ ကြော်ပြီး ပုစွန်ခြောက်တွေ ထည့်လိုက်ပါတယ်။ အားလုံးကို ကြွတ်သွား ခြောက်သွားတဲ့ အထိ ကြော်ပြီး ကျက်ခါနီးမှာ ပုစွန်ခြောက်က ဆားပေါ့ဆို ဆားနည်းနည်း ထပ်လို့ ရပါတယ်။ ဆီထမင်း ချက်နေတဲ့ အချိန်မှာ စောင့်ရင်း ပုစွန်ခြောက် ကြော်လို့ ရပါတယ်။ ရန်ကုန်မှာတုန်းက ငါးမြွေထိုး ခြောက်လေးတွေကို ပဲဆီ စမ်းပြီး ဆီထမင်းနဲ့ စားတာလည်း ကောင်းပါတယ်။ အုန်းသီးဖတ်လေးတွေကို ကြော်ထားတာနဲ့ လည်း စားကြပါတယ်။

ဆီထမင်းနဲ့ နောက်ထပ် လိုက်ဖက်တာ တစ်ခုကတော့ လက်ဖက်ရည် ချိုဆိမ့်ပါ။ လက်ဖက်ရည်ကတော့ ကျွန်တော့် အကြိုက်ပါပဲ။ သူမလည်း ကျွန်တော်နဲ့ ပေါင်းပြီး လက်ဖက်ရည် ကြိုက်တတ်လာပါပြီ။ နုနုရည်(အင်းဝ)ရဲ့ ကုန်စိမ်းသည်တွေလို့ ဝေလီဝေလင်း နေမတက်ခင်မှာ စားတဲ့ မုန့်ဟင်းခါးနဲ့ လက်ဖက်ရည် ချိုဆိမ့် ပြစ်ပြစ်ဟာ ကျွန်တော်တို့ရဲ့ အကြိုက်နဲ့ တူပါတယ်။ ဆိုင်မှာ သောက်ရင်တော့ ကျဆိမ့် သောက်ပါတယ်။ အိမ်ထောင်မကျခင်က အိမ်မှာ မိန်းမဆိုလို့ အမေ တစ်ယောက်တည်း ရှိပြီး ကျန်တဲ့ ယောက်ျားတွေ အကုန်လုံးက လက်ဖက်ရည်သောက်လို့ အိမ်မှာပဲ အမေက နှပ်ပြီး ဖျော်ပေးပါတယ်။ အဲဒီတုန်းက ရှမ်းတောင်တန်း လက်ဖက်ခြောက်ပါ။ နောက်မှ စိုးဝင်း လက်ဖက်ခြောက်တို့ ဘာတို့ ၀ယ်ဖြစ်တာပါ။ အခုတော့ လက်ဖက်ခြောက်က Lipton က Loose Tea ကို သုံးပါတယ်။ တစ်ထုပ်စီ ထုပ်ထားတာမျိုး မဟုတ်ပါဘူး။ စက္ကူ အထုပ်ကြီး တစ်ထုပ်ထဲမှာပါ။ အပြင်ကတော့ စက္ကူဗူးနဲ့ပေါ့။

နှစ်ယောက်စာဆို၊ စားပွဲတင်ဇွန်း ၃ ဇွန်းမောက်မောက် ကို ရေ နှစ်ခွက်ခွဲလောက်နဲ့ နှပ်ထားပါတယ်။ ရေပွက်လာရင် မီးလျှော့ပြီး နှပ်ထားပါတယ်။ ရေဆူခါစမှာ ထွက်တဲ့ အနံ့က စိမ်းပါတယ်။ နောက်နည်းနည်း ကြာလာရင် အနံ့ပြောင်းသွားပါလိမ့်မယ်။ အဲဒီလို အနံ့ပြောင်းသွားလည်း ခဏ ထားထားပါဦး။ လက်ဖက်ခြောက် မနပ်ရင် သောက်လို့ မကောင်းပါဘူး။ နှပ်တာ ကြာလို့ ကျသွားရင်တော့ ရေနွေး ပြန်ရောလို့ ရပါတယ်။ ဆားလေး လက်တစ်ဖျစ်လောက် ထည့်နှပ်ရင် ရပါတယ်။ အချိုလေးပြီး လေအရမ်း မချုပ်တော့ပါဘူး။ လက်ဖက်ခြောက်တွေကို စစ်လိုက်ပြီး သကြားနည်းနည်း၊ နို့ဆီများများ ထည့်ပြီး ဖျော်ပါတယ်။ အရမ်းခါးနေရင် ရေနွေးရောပါတယ်။ အရောင်ကို ကြည့်ရင် အရသာကို သိနိုင်ပါတယ်။ အုတ်ခဲရောင် ရင့်ရင့်ဆို ခါးပါတယ်။ နို့ဆီ များများထည့်လေ အရောင်ဖျော့လေပါ။ နို့စိမ်း ထည့်ချင် လည်းရပါတယ်။ ကျွန်တော့် အတွက်တော့ လက်ဖက်ရည်ဆို နို့ဆီနဲ့ လိုက်ပြီး၊ ကော်ဖီဆိုရင် Creamer (Coffee-mate) နဲ့ ကြိုက်ပြီး နို့ပူပူကတော့ မိုင်လို ထည့်ဖျော်လို့ အကောင်းဆုံးပါ။

စင်္ကာပူမှာလည်း လက်ဖက်ရည် တော်တော် သောက်ကြပါတယ်။ လက်ဖက်ရည်ကို မျိုးစုံ သောက်ကြပါတယ်။ သူတို့ အခေါ်အဝေါ်တွေလည်း မှတ်ထားရပါသေးတယ်။ ကျွန်တော်က ကျကျ သောက်ချင်တော့ တေးကောင် (ကောင်းဆိုတာ ပြစ်ပြစ်ပါ) မှာသောက်ပါတယ်။ တရုတ် အဖိုးကြီးတွေက အကျရည်ချည်းပဲ သောက်လေ့ ရှိပါတယ်။ သူတို့ သောက်တာက တေးအော တဲ့။ ရုံးက တရုတ်တွေကတော့ တေးပိန်း သောက်ပါတယ်။ ရေခဲနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်အေးပေါ့။ အမျိုးသမီးတစ်ယောက်ကတော့ တေစီး (Teh C) သောက်ပါတယ်။ နို့စိမ်းနဲ့ ချည်းပဲ ဖျော်ထားတာပါ။ အကြိုက်ဆုံးကတော့ မလေးတွေ ဖျော်တဲ့ တေးတာရေး (Teh Tarek)။ ရန်ကုန်မှာ ရှယ်တွေ မပေါ်ခင်တုန်းက ဖျော်သလို ခွက်ကြီးထဲ ထည့်ပြီး အပေါ်အောက် ဆွဲတာပါ။ Tarek ဆိုတာကလည်း မလေးလို ဆွဲတာပါ။ လက်ဖက်ရည် ကျကျကို နို့ဆီ၊ နို့စိမ်းနဲ့ ဖျော်ပြီး ဆွဲလိုက်ရင် အမြုတ်တွေနဲ့ နည်းနည်း ထလာပြီး သောက်လို့ ကောင်းပါတယ်။ စင်္ကာပူ ၀န်ကြီးချုပ် ကိုယ်တိုင် မိန့်ခွန်းထဲ ထည့်ပြောတဲ့ တေးတာရေးပါ။ လော်ပါဆတ် (Lau Pa Sat) မှာ ညဖက် တေးတာရေး ရောင်းတဲ့သူကလည်း ၀န်ကြီးချုပ်နဲ့ တွဲပြီး ဓါတ်ပုံ ရိုက်ထားတာကို အကြီးချဲ့ပြီး ဆိုင်မှာ ချိတ်ထားတယ်။ ဘာပဲ ဖြစ်ဖြစ် တေးတာရေးကိုတော့ ကြိုက်တယ်။

ရန်ကုန်မှာ နောက်ပိုင်း ဖျော်နည်း တစ်မျိုးကတော့ အပေါ်မှာ ပြောခဲ့သလို ဖျော်ပြီးမှ အိုးကြီးထဲ ထည့်ပြီး ပြန်နွှေးထားတာပါ။ နည်းနည်း ကြာတော့ အပေါ်မှာ မလိုင်တွေ တက်လာပါတယ်။ ဒါကိုပဲ ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဇိမ်ခံသောက်ကြတာကို မှတ်မိပါသေးတယ်။ ရုံးမှာတော့ အိပ်ငိုက်ပြေအောင် Green Tea ကို ရေနွေးနဲ့ သောက်ပါတယ်။ စတိုင်ပေါ့။ Green Tea သောက်တာ ဘာအတွက် ကောင်းတယ်၊ ညာအတွက် ကောင်းတယ်ဆိုပြီး။ သူမကလည်း လက်ဖက်ရည်ကြမ်း အရမ်း သောက်တတ်လို့ ကိုယ်ဝန်ဆောင်စဉ်မှာ သောက်ရင် အူက သံဓါတ် စုပ်တာ နည်းစေလို့ ပေးမသောက်ပါဘူး။ အမေရိကားမှာတော့ Restaurant တွေမှာဆို Iced Tea ကို ဖန်ချိုင့် ကြီးတွေနဲ့ သံပုယိုသီး အကွင်းလိုက် တည်ခင်းပါတယ်။ Cola သောက်တာ သကြားများတယ်ဆိုပြီး Iced Tea သောက်ကြပါတယ်။ မထူးပါဘူး Pokka ကထုတ်တဲ့ Iced Tea တွေကလည်း သောက်ပြီးရင် လည်ပင်းမှာ ချွဲပြီး ကျန်ခဲ့ပါတယ်။ အမေရိကားမှာ တွေ့ဖူးတဲ့ မန်နေဂျာ တော်တော် များများက Snapple ကထုတ်တဲ့ Iced Tea ပုလင်းပုလေးတွေ ကိုင်ကိုင်ပြီး သောက်ကြပါတယ်။ စင်္ကာပူမှာတုန်းက အထက်က Director ကလည်း အမြဲတမ်း သောက်နေတာပဲ။ Snapple က အရသာကိုတော့ ကျွန်တော်လည်း ကြိုက်ပါတယ်။ မချိုလွန်းဘဲ ချွဲလည်း မချွဲပါဘူး။ မန်နေဂျာဂိုက်ပေါက်အောင်တော့ တစ်နေ့ကို နှစ်ပုလင်း သုံးပုလင်း မသောက်နိုင်ပါဘူး။

ရေးကောင်းကောင်းနဲ လက်ဖက်ရည် ဋီကာတောင် ဖြစ်တော့မယ်။ တကယ်ကတော့ မနက်စာ ကောင်းကောင်းလေးကို ဝေမျှချင်တာပါ။ ဆီထမင်းနဲ့ ပဲပြုတ်၊ ဆီထမင်းနဲ့ ပုစွန်ခြောက်ကြော်၊ ပုစွန်ခြောက်ကြော် ငန်ငန်လေးနဲ့ လက်ဖက်ရည် ဆိမ့်ဆိမ့်လေးဟာ စနေ၊ တနင်္ဂနွေမှာ နံနက်စာ လုပ်စားလို့ ကောင်းတာလေးတွေပါ။ ပဲပြုတ်ကလွဲရင် ကျန်တာတွေက အချိန် သိပ်မပေးရဘဲ အလွယ် လုပ်နိုင်တဲ့ မြန်မာပြည် အလွမ်းပြေ နံနက်စာလေးတွေပါ။

Film