Tuesday, February 26, 2008

အခမဲ့ ဗိုက်ကြီးခြင်း - ၃

သားဖွားဆောင်ကြီးက အသစ်ပါ။ ရောက်တော့ ဘာလုပ်ရမှန်း မသိလို့ ကောင်တာမှာ သွားမေးတော့လည်း ထိုင်စောင့်နေပါတဲ့။ အလှည့်ကျရင် ခေါ်လိုက်မယ်တဲ့။ တကယ်တော့ ကျွန်တော်တို့က ရက်ချိန်းယူဖို့ ဖုန်းဆက်ကတည်းက လိုချင်တဲ့ အချိန်ကို ပြောပြထားတော့ သူတို့က သူတို့ ဘာသာ စီစဉ်ပြီး သူ့အချိန်ကျရင် တစ်ယောက်ပြီး တစ်ယောက် ခေါ်နေတာပါ။ ကျွန်တော်တို့က ပထမဆုံး အကြိမ်ဆိုတော့ ဘုမသိ ဘမသိနဲ့ ပြီးတော့ ဘာစာအုပ်မှလည်း ထပ်စရာမလို ကျူး (Queue) နံပါတ်တွေ ဘာတွေလည်း (စင်္ကာပူမှာလို) ယူစရာမလို ဆိုတော့ နားမလည်စွာ စိတ်မရှည် စိုးရိမ်စွာနဲ့ပဲ စောင့်နေရပါတယ်။ နောက်တော့မှ နာစ်မကြီး တစ်ယောက်က နာမည်ခေါ်ပြီး လာပါတယ်။ ကျွန်တော်လည်း မြတ်နိုးလေးကို ချီပြီး လိုက်သွားပါတယ်။ အရပ်တွေ ဘာတွေတိုင်း၊ ပေါင်တွေ ဘာတွေ ချိန်လုပ်ပါတယ်။ ပေါင်ချိန်စက်ကတော့ လက်တံနဲ့ ဟာပဲ။ Made in England ဆိုပြီး အခိုင်အခံ့နဲ့ ပုံစံကတော့ နည်းနည်း ဂန္ဓ၀င် ဆန်ပါတယ်။ စင်္ကာပူမှာတော့ ဆေးခန်းတော်တော်များများမှာ ဒစ်ဂျစ်တယ် ပေါင်ချိန်စက်တွေ များတယ်။

ပထမဆုံးနေ့မှာ နာစ်မကြီးနဲ့ပဲ တွေ့ရတာပါ။ ၀မ်းဆွဲသည် (Midwife) ပေါ့။ သူက မေးခွန်းတွေ မေးပြီး ကွန်ပြူတာထဲ ရိုက်ထည့်နေပါတယ်။ သူမကို ဘာရောဂါတွေ ဖြစ်ဖူးသလဲ၊ ကျွန်တော့်ကိုလည်း ကျန်းမာရေးနဲ့ ဆိုင်တာတွေမေးပါတယ်။ နှစ်ဖက် အဖိုးအဖွားတွေမှာရော ဆီးချို ရှိလား၊ သွေးတိုးရှိလား စသည်စသည် မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေ မေးပါတယ်။ ကလေး မွေးဖူးတယ်ဆိုတော့ ကလေးမွေးတုန်းက အကြောင်းတွေ (ရိုးရိုး မွေးတာလား။ ရက်စေ့မှ မွေးတာလား။) စသည် စသည် မေးပြီး မှတ်တမ်းတင်ထားပါတယ်။ ဗိုက်ကိုတော့ လုံးဝ ကိုင်တောင် မကြည့်လိုက်ပါဘူး။ ဘာဆေးသောက်နေသလည်း ဆိုတော့ ဖောလစ်အက်ဆစ်နဲ့ သံဓါတ်ဆေး သောက်နေတယ် ဆိုတာကိုလည်း ကွန်ပြူတာထဲမှာ မှတ်လိုက်ပါတယ်။ ဘာသောက် ညာသောက်လည်း မပြောလိုက်ပါဘူး။ နောက်ပြီး ဟိုပြော ဒီပြောနဲ့ ကျွန်တော်တို့က အခုမှ သြစတြေးလျကို ပြောင်းလာတာတို့ ဒီမှာ ဆွေမျိုးတွေ ဘာတွေ မရှိဘူးဆိုတော့ သနားသွားပြီး ဆက်သွယ်ရမည့် နေရာတွေ အချက်အလက်တွေ ပေးလိုက်ပါသေးတယ်။ ပြီးတော့ နောက်တစ်ပါတ် ပြန်လာဖို့ ချိန်းလိုက်ပါတယ်။ စင်္ကာပူမှာတော့ ဆရာဝန်က သူ့အချိန်ကုန်မှာ စိုးလို့ လူနာမှတ်တမ်း ကတ်ပေါ်မှာပဲ အမြန် ကောက်ခြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးနေ့ သွားကတည်းက Ultra-sound နဲ့ အခြေအနေကို အစ အဆုံး မြင်နေရတော့ စိတ်အေးရပါတယ်။ ဥပမာ အမြွာဟုတ် မဟုတ်တို့၊ သားဥပြွန်မှာ သန္ဓေ သွားတည်နေတာလား တို့ကတော့ Ultra-sound နဲ့ဆိုမှ မြင်နိုင်တာလေ။ ဒီမှာတော့ ပထမဆုံးနေ့က ဒီလိုပဲ မေးဟယ် ဖြေဟယ်နဲ့ ကုန်သွားပါတယ်။ အဲဒီအချိန်မှာ ဗိုက်က ၄လလောက် ရှိနေပါပြီ။

နောက်တစ်ပါတ် သွားမှ ဆရာဝန်နဲ့ တွေ့ရပါတယ်။ ဆရာဝန်ကတော့ အထူးကု ဆရာဝန်ကြီးနဲ့ တူပါတယ်။ အသေအချာတော့ မသိလိုက်ရဘူး။ သူလည်း ဒီလိုပဲ မေးတယ်၊ ဖြေတယ်ပါပဲ။ သူကတော့ ဓါတ်ခွဲခန်းက အဖြေတွေကို အသေအချာ ကြည့်ပါတယ်။ နောက်ပြီး ထပ်လိုတဲ့ အတွက် သွေးပြန်စစ်ခိုင်းပါသေးတယ်။ ထုံးစံအတိုင်းပဲ ဒီဆရာဝန်လည်း ဓါတ်ခွဲခန်း အဖြေပေါ် မူတည်ပြီး ကောက်ချက်ချ ဆုံးဖြတ်ချက်ချ လုပ်ရတာပါ။ သူ့အလှည့်မှာတော့ တစ်ခု ပိုလာတာက ဗိုက်ကို ကပ်ပြီး အသံချဲ့စက်လေးနဲ့ ကလေးနှလုံး ခုန်သံကို ကြားရပါတယ်။ အစကတည်းက ဗိုက်သာကြီးလာတာ ဘာမှန်း ညာမှန်း မသိသေးတော့ ကလေး နှလုံးခုန်သံ ကြားလိုက်ရမှ ရင်အေးသွားပါတော့တယ်။ ဆရာဝန်ကြီးက ကလေး နှလုံးသံကို ကြားစေပြီး ပျော်သလားလို့ မေးတော့ ပျော်တာပေါ့လို့ ပြန်ဖြေလိုက်ပါတယ်။

စိတ်ထဲမှာတော့ စင်္ကာပူမှာလို Ultra-sound နဲ့ အသေအချာ မမြင်လိုက်ရတော့ စိတ်တော့ ပူပါသေးတယ်။ ကလေးက ဘယ်နားမှာမှန်း ဘယ်လို နေမှန်း မသိရ။ ကလေးမှ မူမှန်ရဲ့လား သို့လော သို့လောတော့ ဖြစ်နေပါတယ်။ တော်သေးတယ် ဆရာဝန်က Detailed Scan လုပ်ဖို့ ပြောလိုက်လို့။ အချိန်ကလည်း တန်နေပြီလေ။ ဒါပေမယ့် အဲဒီတုန်းက ခရစ်စမတ် ကာလဆိုတော့ ဇန်န၀ါရီမှ လုပ်လို့ ရလိုက်ပါတယ်။ အဲဒီ အချိန်ကျမှပဲ ကလေးရဲ့ အခြေအနေ ကောင်းတာကို အသေအချာ သိလိုက်ရပါတယ်။ ယောက်ျား ကလေးဆိုတာပါ သိလိုက်ရလို့ ပျော်သွားပါတယ်။ ကျန်တာတွေ အားလုံးက ပိုက်ဆံပေးစရာ မလိုပါဘူး။ Medicare ကတ်လေး ပြလိုက်ရုံပါပဲ။ Detailed Scan အတွက်တော့ ကိုယ့်ပိုက်ဆံကို စိုက်ပေးထားပြီး နောက်မှ ပြန်တောင်းရတာပါ။ အပြည့် မရပါဘူး။ ၄ပုံ ၃ပုံလောက် ပြန်ပေးပါတယ်။ ဒါပေမယ့် ဒါတစ်ခုတည်းပဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပိုက်ဆံ ပေးရတာပါ။ ကျန်တာတွေကတော့ အခမဲ့ပါ။ ဆေးတွေ ဘာတွေတော့ ကိုယ့်ဘာသာ ၀ယ်သောက်ရပါတယ်။ ကလေး ကာကွယ်ဆေးကတော့ အခမဲ့ပါ။

နောက်တစ်ခါ ဆေးရုံ သွားရတော့ ၀မ်းဆွဲသည် နာစ်မနဲ့ပဲ တွေ့ရတာပါ။ အဲဒီလိုပဲ နာစ်မနဲ့ တွေ့ရမည့် အလှည့်မှာ နာစ်မနဲ့ တွေ့။ ဆရာဝန်နဲ့ တွေ့ရမည့် အလှည့်မှာ ဆရာဝန်နဲ့တွေ့ပါ။ ပြီးတော့ တစ်ခေါက်နဲ့ တစ်ခေါက်တွေ့ရတဲ့ နာစ်မကလည်း မတူပါဘူး။ အလှည့်ကျတဲ့ နာစ်မနဲ့ပဲ တွေ့ရပါတယ်။ သူတို့က Record တွေကို အသေအချာ သိမ်းထားတယ် ဆိုတော့ တော်သေးတာပေါ့။ စင်္ကာပူမှာလို ဆရာဝန် တစ်ယောက်တည်းနဲ့ အမြဲ တွေ့ရလည်း သူက ကိုယ်ကို မှတ်မိဦးမှလေ။ သူလည်း Record ပြန်ကြည့် ရတာပါပဲလေ။ တော်သေးတယ် ဒုတိယ ကလေးမို့လို့။ ပထမကလေး ဆိုရင်တော့ ဘာမှန်းမသိ ညာမှန်းမသိ ဖြစ်နေဦးမယ်။ စိုးရိမ်နေရဦးမယ်။ နောက်ပြီး အစစ အရာရာက Free ဆိုတော့ တန်တယ်လေ။ (Free ပဲ ဆိုပါတော့။ တစ်နှစ် တစ်နှစ် ကိုယ့်ဝင်ငွေထဲက Medicare အတွက်ဆိုပြီး ၁.၅% ပေးရတာကို တန်အောင် သုံးပေးရမယ်..ဟင်းဟင်း)။

အဓိက ကြိုက်တဲ့ အချက်ကတော့ နာစ်မတွေက အရမ်းကို ဂရုစိုက်ပါတယ်။ ဘိုတွေက ဂရုမစိုက်ရင်လည်း မရဘူးလေ။ ကျွန်တော်တို့ကသာ ဂရုမစိုက်တာတွေကို ရိုးဟိုးဟိုးနေတာ။ အဲဒီလိုနဲ့ ကျင့်သားရလာတော့ သူတို့တွေ ကိုယ့်ကို ဂရုတစိုက်ရှိနေရင်တော့ မနေတတ်ဘူး ဖြစ်နေတယ်။ အချိန်ပေး ဆွေးနွေးတယ်။ အသေအချာ ရှင်းပြတယ်။ တစ်ခေါက် တစ်ခေါက် အတော်ကြာပါတယ်။ အနည်းဆုံးကတော့ နာရီဝက်ပဲ။ ကိုယ်ပြောသမျှကိုလည်း ကွန်ပြူတာထဲ မှတ်ထားတယ်။ စနစ်တကျလည်း ရှိတယ်။ ကလေးမွေးဖူးထားတော့ ကိုယ့်ဘာသာကိုယ် ဘာလိုမယ် ညာလိုမယ် သိနေတာလည်း ပါတယ်။ သိပ်စိတ်မပူရတော့ဘူး။ နောက်ပြီး ကလေးမွေးတာကတော့ ၀မ်းဆွဲသည်တွေက ကျွမ်းနေလောက်ပါပြီ။ မြန်မာပြည်မှာလည်း ဒီလိုပဲ ဆိုတော့ သိပ် စိတ်မပူတော့ပါဘူး။ မြန်မာပြည်က နာစ်မတွေဆို ကလေးခေါင်းကို (ဗိုက်အပြင်ကနေ) ကိုင်ကြည့်လိုက်တာနဲ့ ကလေးက ဘယ်နှပေါင် ရှိတယ်၊ ကလေးက ပက်လက်လား မှောက်ရင်လား တန်းပြောနိုင်တယ်ဆိုပဲ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာဆို ၀မ်းဆွဲသည် နာစ်မကြီး တစ်ယောက် ရှိတယ်။ ရပ်ကွက်ထဲက ကလေးတော်တော်များများကို သူမွေးပေးထားတာဆိုပြီး လမ်မှာတွေ့ရင် လာစမ်း.. ငါမွေးပေးထားတဲ့ ကောင်ကများဆိုပြီး ခေါင်း ခေါက်ခေါက်သွားတတ်တယ်။ တော်သေးတယ် ကျွန်တော်တို့ကတော့ ဆေးရုံမှာ မွေးလို့။

အခုတော့ ဒုတိယ ကလေးမို့လို့လည်း သိပ်မသည်းတော့တာရော၊ ကိုယ်က နည်းနည်း ပါးပါး နားလည်နေတာရော ဆိုတော့ စိတ်ပူစရာ မရှိပါဘူး။ ဒါပေမယ့် ဆေးရုံမှာ Ultra-Sound စက် အစုပ်ကလေး တစ်လုံးမှာ မရှိတာကိုတော့ ကျွန်တော်တို့ ဘ၀င်မကျဘူး။ ထီတွေ ဘာတွေ ပေါက်ရင် တစ်လုံးလောက် လှူလိုက်ဦးမယ်ဆိုပြီး ကျွန်တော်တို့ လင်မယားကတော့ ပြောနေကြတယ်။ ဒါပေမယ့် ဒီက စည်းမျဉ်း စည်းကမ်းတွေကလည်း ဘာမှန်း မသိဘူးလေ။ Ultra-Sound စက်ကို သတ်မှတ်ထားတဲ့ သူပဲ ကိုင်ရမယ်တို့ ဘာတို့ကလည်း ရှိသလား၊ သတ်မှတ်ထားတဲ့ နေရာမှာပဲ လုပ်ရမယ်တို့ ဘာတို့များ ရှိသလား၊ ဒါတွေ သိပ်လုပ်လွန်းအားကြီးရင် ကလေးကို ထိခိုက်နိုင်တယ် ဆိုပြီး မလုပ်တာလား ကိုယ်မှ မသိနိုင်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးရော လူကြီးရော ကျန်းမာရင် တော်ပါပြီ။ ။

Sunday, February 24, 2008

အခမဲ့ ဗိုက်ကြီးခြင်း - ၂

ဒီလိုနဲ့ ဓါတ်ခွဲခန်းက အဖြေရတော့ ဆရာဝန် (GP) ဆီပြန်သွားပါတယ်။ အဲဒီကျမှ GP က Private ဆေးရုံသွားမလား Public သွားမလား မေးပါတယ်။ ကျွန်တော်တို့က Health Insurance မ၀ယ်ရသေးတော့ Public ဆီပဲ သွားမယ် ပြောလိုက်ပါတယ်။ ကျန်းမာရေး အာမခံက ၀ယ်ထားလည်း ၀ယ်ဝယ်ပြီးချင်း သုံးလို့ ရမှာမဟုတ်ဘူးလေ။ ၁ နှစ်တိုင်သည် ၆လ တိုင်သည် စောင့်ရဦးမယ်။ ဟုတ်တော့လည်း ဟုတ်တာပဲ။ နို့မဟုတ်ရင် လူတွေက မကျန်းမာတော့မှပဲ အာမခံ ထားကြတော့မှာပေါ့။ အဲဒါနဲ့ ကျွန်တော်တို့နေတဲ့ နေရာနားက ခရိုင်ဆေးရုံ (Hornsby Ku-ring-gai Hospital) ကို ညွန်းပေးလိုက်ပါတယ်။ ဆရာဝန်ကတော့ အားပေးတယ်။ သူမှာ သားသမီး ၃ ယောက်ရှိတာ ပထမ ကလေးကိုပဲ Private ဆေးရုံမှာ မွေးတယ်။ ကျန်တဲ့ နှစ်ယောက်ကို အဲဒီ ဆေးရုံမှာ မွေးတာတဲ့။ သူငယ်ချင်း မိသာစုကလည်း အဲဒီဆေးရုံမှာပဲ သူတို့ သမီးလေးကို မွေးတာလေ။

အဲဒီဆရာဝန်နဲ့ ဆေးခန်းကတော့ အိမ်နားမှာ နီးတော့ သွားဖြစ်တယ်။ သမီးတုန် အတွက် ကာကွယ်ဆေး ထိုးဖို့လည်း သွားရ၊ တစ်ခါတစ်လေ ဖျားသလိုလို ဖြစ်ရင်လည်း သွားရတယ်။ စင်္ကာပူမှာ တုန်းကတော့ ကလေးအတွက်ဆို ကလေး အထူးကုဆီပဲ သွားတယ်။ အခုကျတော့ အထွေထွေကုနဲ့ ပြရတာ စိတ်တော့ သိပ်မချသလိုပဲ။ ဒါပေမယ့် စင်္ကာပူမှာ ကလေး ၆ လလောက် အထိပဲ နေတာတောင် တစ်ထောင်ကျော်လောက် အဲဒီ ဆေးခန်းမှာ သုံးခဲ့ရတယ်။ ဒါတောင် မွေးမွေးပြီးချင်း ၃-၄ရက်မှာ အသားဝါလို့ ဆေးရုံတက်ရတဲ့ အတွက် ၁၅၀၀ ကျော် မပါသေးဘူး။ အဲဒီ တစ်ထောင်ဆိုတာ ကာကွယ်ဆေးထိုးတာနဲ့ ပုံမှန် စစ်ဆေးတဲ့ အတွက်ပဲ ရှိသေးတယ်။ ကာကွယ်ဆေးကလည်း တချို့ဟာတွေက ဈေးကြီးပါတယ်။ Rotavirus ကာကွယ်ဆေးတို့ Pneumococcal vaccines တို့ဆို အတော် ဈေးကြီးတယ် ပြောလို့ရတယ်။ သြော်ဇီမှာတော့ ကာကွယ်ဆေးထိုးတာရော အထွေထွေကုနဲ့ ပြတာရောက အခမဲ့ပါပဲ။ Medicare ကပဲ ပေးသွားပါတယ်။

ဆေးရုံက ခရိုင်ဆေးရုံလိုမျိုးဆိုတော့ အတော်ကြီးပါတယ်။ အဆောက်အအုံတွေကတော့ အကြီးကြီးတွေ အသစ်တွေတော့ မဟုတ်ပါဘူး။ ဧရိယာ ကျယ်ကျယ်ပေါ်မှာ ဟိုနားမှာ တစ်ဆောင် ဒီနားမှာ တစ်ဆောင်ပါ။ တချို့ အဆောင်တွေက နည်းနည်းကြီးပြီး တချို့အဆောက်တွေကတော့ လူနေအိမ် သာသာလေးတွေပါ။ ရန်ကုန် အထွေထွေ ဆေးရုံကြီးလိုပဲ အုတ်နီနီ အဆောင်တွေကို မြင်ကြည့်လို့ရပါတယ်။ ကျွန်တော့် မျက်စိထဲမှာ မြင်တာတော့ ရန်ကုန် တက္ကသိုလ်(ပင်မ) အထဲက ဆရာတွေ နေဖို့ ပေးထားတဲ့ အုတ်နီနီ အိမ်ပုလေးတွေလိုပါပဲ။ ခရိုင်ဆေးရုံဆိုပေမယ့် လူလာတာ သိပ်မများပါဘူး။ အေးအေးလူလူပါပဲ။

စင်္ကာပူမှာကတော့ ကျွန်တော် ရောက်ဖူးတဲ့ ဆေးရုံတွေက Public ပဲဖြစ်ဖြစ် Private ပဲဖြစ်ဖြစ် လူတွေက စည်ကား ၀န်ထမ်း နာစ်တွေက အပြေးအလွှားပါပဲ။ စင်္ကာပူမှာတုန်းက သူမ အစာအိမ်ယောင်သလို ဖြစ်လို့ SGH (Singapore General Hospital) ကို ရောက်ရပါသေးတယ်။ အဲဒီဆေးရုံကြီးကတော့ ၀င်းကလည်း အတော်ကျယ်ပြီး အထဲက အဆောင်တွေကလည်း အတော်ကြီးပြီး တချို့တွေက အသစ်တွေပါ။ Health Science Authority တို့လိုမျိုးတွေ National Heart Centre တို့ National ဘာ စင်တာ ညာစင်တာတွေလည်း ရှိပါတယ်။ မြန်မာ နာစ်မလေးတွေလည်း သင်တန်းတက်နေတာ တွေ့ခဲ့ရပါတယ်။ မြန်မာပြည်က ဘူဇွာတွေ၊ အာဏာရှင်တွေ လာလာတက်တဲ့ Raffles Hospital ကိုလည်း လူမမာမေး ရောက်တတ်ပါသေးတယ်။ အလုပ် ကိစ္စနဲ့ CGH (Changi General Hospital)တို့ အသစ်ဆောက်ထားတဲ့ KKH (KK Women’s and Children Hospital) တို့ TTSH (Tang Tok Seng Hospital) တို့ကိုလည်း ရောက်ပါတယ်။ အဲဒီ အဆောက်အဦးတွေကတော့ ဆေးရုံနဲ့ မဆိုင်လောက်အောင်ကို ပျံလန်နေတာပဲ။ စင်္ကာပူမှာ ရောက်ဖူးတဲ့ ဆေးရုံတွေထဲမှာ နည်းနည်း ဟောင်းတာဆိုလို့ NUH (National University Hospital) တစ်ခုပါပဲ။

KKH

TTSH

CGH

စင်္ကာပူမှာ ဆရာဝန်တွေနဲ့ ပက်သတ်ပြီးတော့ သတိထားမိတာတော့ တွေ့ဖူးတဲ့ အထူးကု ဆရာဝန်တွေက အင်မတန် အေးဆေးပြီး စကားပြော ချိုသာ ညင်သာပါတယ်။ ကိုယ်ပြောတာကို သေချာ နားထောင်တယ်။ အချိန်ပေး ဆွေးနွေးတယ်။ ပိုက်ပိုက်ကလည်း အနည်းဆုံး ၅၀ က စပေးရတာကိုး။ တွေ့ဖူးတဲ့ အထွေထွေကုတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ပုံမှန်မေးခွန်းတွေကို စက်သေနတ် ပစ်သလိုမေးမယ် လူကို ဘတ်ဘတ် ဘတ်ဘတ်နဲ့ ဟိုစမ်း ဒီစမ်း အမြန်လုပ်မယ်။ ကိုယ်က ဆွေးနွေးချင်ရင်တောင် ကြည်သလိုလို မကြည်သလိုလိုနဲ့။ အဆိုးဆုံးကတော့ ဗီဇာအတွက် ဆေးစစ်ပေးတဲ့ ဆရာဝန်ပဲ။ ဒီထက် ဆိုးတာကတော့ ဗမာ ဆရာဝန်ပဲ။ တစ်ခေါက်သွားပြပါတယ်။ ဒါတောင် ဗမာဆရာဝန်ဆိုတာ သိလို ရွေးပြီး သွားပြတာ မဟုတ်ဘူး။ နေတဲ့နားက ဆေးခန်းမှာ သွားပြတာ သူက အဲဒီမှာ ထိုင်တာ။ ပထမတော့ ဗမာဆရာဝန်ဆိုတာ သိလိုက်ရလို့ ပျော်သွားတယ်။ နောက်မှ အဲဒီ ပုဂ္ဂိုလ်က အင်မတန် စပ်စုတယ်။ ဟိုမေး ဒီမေးလုပ်။ မေးလို့ ပြောပြထားတော့လည်း အမှတ်မရှိဘူး။ လူကို အလုပ်ကြမ်း သမားလိုလို ဆက်ဆံတယ်။ ပြီးတော့ ပြောသေးတယ်။ ဗမာ ဆရာဝန် ဆိုတော့ ဗမာလို ရှင်းပြလို့ရလို့ လာတာ ကောင်းတယ်တဲ့ တခြားမှာဆို ပြောပြဖို့ မလွယ်ဘူးတဲ့။ တစိတ်တပိုင်းတော့ မှန်ပါတယ်။ ဗမာလို ပြောလို့ရရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ကိုယ်က ဆေးပညာ စကားလုံးတွေ မတတ်ပေမယ့် တခြားဆရာဝန်တွေနဲ့တော့ ကိုယ်ခံစားနေတာကို ပြောပြလို့ ရပါသေးတယ်။ ကိုယ်တင်မှ မဟုတ်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ ဗမာတွေ အားလုံး ဗိုက်နာ ခေါင်းကိုက်ကတော့ ပြောတတ်ပါတယ်။ ဒီ ဗမာဆရာဝန်တွေပဲ ဗမာတွေကို အထင်သေးပြီး ဆက်ဆံတာ။ မြန်မာပြည်က ရပ်ကွက်ထဲက ဆရာဝန်တွေနဲ့များ ကွာပ။ မြန်မာပြည်မှာဆို ဆရာဝန်နဲ့ လူနာက နည်းနည်းတွေ့တာ ကြာရင် မိသားစုလိုတောင် ခင်သွားတာ။ အဲဒီ ဗမာဆရာဝန်ကို အနာကြည်းဆုံးကတော့ ဆေးထိုးပေးလိုက်တာကိုပဲ။ ဗမာတွေ ဆေးထိုးပေးရင် ရောဂါပျောက်တယ် ဆိုပြီး ယုံထားတဲ့ ငဖျင်းတွေဆိုပြီး ဗမာ ကိုယ်တိုင်က ထင်နေတာကို နာကြည်းတာ။

ထားပါတော့ ဒီလို စင်္ကာပူက အပျံစား ဆေးရုံတွေကို တွေ့ဖူးထားပေမယ့် ဆစ်ဒနီ ဆင်ခြေဖုံးရဲ့ အေးအေးသာသာ အနေအထားကို သိထားပြီးတဲ့ ကျွန်တော်တို့ နှစ်ယောက်အတွက်တော့ ဒီလို အုတ်နီနီ အဆောက်အဦးလေးတွေကို တွေ့လိုက်ရတော့ သိပ်တော့ မအံ့သြပါဘူး။ ပြီးတော့ လာတာကလည်း Information & Technology Science Park လိုမျိုးလည်း မဟုတ်ဘူးလေ။ ဆေးရုံကလည်း ဖြစ်နေတော့ သမားဆို အိုမှ လိုမျိုးကလည်း ဖြစ်နေပြန် အိုတဲ့ ဆေးရုံကပဲ အစဉ်အလာရှိသလို ဖြစ်နေပြန်ဆိုတော့ အဆောက်အဦးနဲ့ ပတ်သက်ပြီး အထွေအထူး မခံစားလိုက်ရပါဘူး။ ကံကောင်းချင်တော့ သားဖွားဆောင်က အသစ်ကြီး ဖြစ်နေပါတယ်။ ပင်မဆောင်နဲ့ တချို့အဆောင်တွေကလည်း တော်တော်သစ်ပါတယ်။ ထုံးစံအတိုင်း အဟောင်းနဲ့ အသစ်ကတော့ ဒွန်တွဲနေတုန်းပါပဲ။ နောက်ပြီး ဒီဆေးရုံ (Hornsby Ku-ring-gai Hospital) က ကုတင် ၁၀၀၀ ဆန့် ဆေးရုံဆိုတော့ အတော်ကြီးတယ် ပြောလို့ရပါတယ်။ တကယ်တော့ ဆေးရုံ မသွားခင် အထွေထွေကု ဆရာဝန်က ဆေးရုံက ဖုန်းဆက်ခိုင်းပါတယ်။ အဲဒီလိုနဲ့ ဖုန်းဆက်လိုက်တော့ လိပ်စာတွေ၊ ကိုယ်ဝန်ရှိတာ ဘယ်လောက်ကြာပြီတွေ မေးပြီး ရက်ချိန်းပေးပါတယ်။ ကြားထဲမှာ သူတို့က ဖြည့်ဖို့ဖောင်တွေကို စာတိုက်က ပို့လိုက်ပါတယ်။ ကြိုတင် ဖြည့်ထားဖို့ရယ် လိုအပ်တဲ့ စာရွက် စာတမ်းတွေ စုထားဖို့ မှာထားပါတယ်။ ဆေးရုံရောက်တော့ Admission အရင်လုပ် ပြီးတော့မှ သားဖွားဆောင်ကို သွားရပါတယ်။

(ဆက်ရေးမည်။)

Sunday, February 17, 2008

အခမဲ့ ဗိုက်ကြီးခြင်း - ၁

စင်္ကာပူမှာ ဗိုက်ကြီးတာကို အားမရတဲ့ သူမ တစ်ယောက်လည်း သြော်ဇီ ရောက်တာနဲ့ နောက်တစ်ခေါက် ဗိုက်ကြီးပြန်တယ်။ နိုင်ငံတကာ လှည့်ပြီး ဗိုက်ကြီးနေတော့လည်း ဟိုနိုင်ငံမှာ ဗိုက်ကြီးရင် ဘယ်လို၊ ဒီနိုင်ငံမှာ ဗိုက်ကြီးရင် ဘယ်လို သိရတာပေါ့။

စင်္ကာပူမှာတုန်းက ကိုယ်ဝန်ရှိပြီဆိုတာ သိတာနဲ့ ဆေးခန်းသွားတာ ဆိုတော့ သွားတဲ့ အချိန်မှာ သန္ဓေသက်တမ်းက နှစ်ပတ် သုံးပတ်ကျော်ကျော်ပဲ ရှိဦးမယ်ထင်တယ်။ သွားတာကလည်း မြန်မာပြည်မှာတော့ OG လို့ခေါ်ကြပြီး စင်္ကာပူမှာတော့ ဂိုင်နီ - Gynie ဆိုပြီး ခေါ်ကြတဲ့ Obstetrics and Gynecology Specialist မီးယပ်နှင့် သားဖွား အထူးကုဆီကို တိုက်ရိုက် တန်းသွားတာပါ။ ကိုယ်ကြိုက်တဲ့ ဆေးခန်း ကိုယ်တတ်နိုင်တဲ့ ဆေးခန်းကို ရွေးပြီး သွားပါတယ်။ သြော်ဇီမှာတော့ ဘာကိစ္စဖြစ်ဖြစ် အထူးကုတွေဆီ တန်းသွားလို့ မရပါဘူး။ အထွေထွေ ရောဂါကု(GP - General Practitioner) ဆီ အရင်သွားပြီးမှ GPက ညွန်းစာ (Referral Letter) ပါမှ အထူးကုဆီ သွားလို့ ရပါတယ်။ ကိုယ်ဝန်ရှိတယ်လို ကိုယ့်ဘာသာကိုယ် စမ်းပြီး သိတော့ GP ဆီပဲ အရင် သွားရပါတယ်။ စင်္ကာပူမှာက အထူးကုဆီ တန်းသွားတယ်ဆိုတာ ကိုယ့်ဘာသာကိုယ် ကျသင့်ငွေ ပေးမှာမို့ပါ။ ကျန်းမာရေး အာမခံ ထားထားတဲ့ သူတွေကတော့ အထူးကုဆီ မလိုအပ်ဘဲ တိုက်ရိုက် သွားရင် အာမခံ လျော်ကြေးတောင်းတဲ့ အခါ (Claim လုပ်တဲ့အခါ) စကားပြောရပါတယ်။ အဲဒီအခါမှ သူတို့က GP ရဲ့ (Referral Letter) ညွန်းစာကို တောင်းပါတယ်။

စင်္ကာပူမှာတုန်းက သွားတဲ့ ဆေးခန်းက သားဖွားအထူးကု ဆေးခန်းဆိုတော့ Ultra-sound စက်ကလည်း အဆင်သင့်ရှိပြီး ရောက်တာနဲ့ ဗိုက်ပေါ် Scanner တင်ပြီး စမ်းလိုက်တာ ၁ စင်တီမီတာလောက် အမှုန်အစက်လေးကနေ စပြီး မြင်ရပါတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာ ချက်ချင်း သိရပါတယ်။ ဒီမှာတော့ GPက ကိုယ်ဝန်ရှိလား မရှိလား သိဖို့ ဆေးစစ်ဖို့ရာ ဓါတ်ခွဲခန်းကို သွားဖို့ ဘာတွေ စစ်ရမယ်ဆိုတာကို စာတစ်စောင် ထုတ်ပေးလိုက်ပါတယ်။ ဓါတ်ခွဲခန်းသွားပြီး ဆေးစစ်ထားတာ တစ်ပတ်လောက် ကြာတော့ အဖြေ သိရပါတယ်။ စင်္ကာပူမှာတုန်းက ဓါတ်ခွဲဖို့ လိုအပ်ရင် ဆီးတွေ၊ သွေးတွေကို သားဖွားဆေးခန်းက ဆရာဝန်ကပဲ ထုတ်ပြီး အသင့်ရှိပြီးသား ဖန်ပြွန်လေးတွေနဲ့ထည့်ထား၊ နာမည်တွေ ဘာတွေ ကပ်ထားတာကို ဓါတ်ခွဲခန်းက Courier Guy တွေက ဆိုင်ကယ်လေးတွေနဲ့ ဆေးခန်းတကာ လှည့်ပြီး ယူတာဆိုတော့ ဓါတ်ခွဲခန်းတောင် သွားစရာ မလိုလိုက်ပါဘူး။ စကားမစပ် ဒီမှာ ဓါတ်ခွဲခန်း ၃ ခုလောက် သွားတာ တရုတ်တွေနဲ့ပဲ တွေ့တွေ့နေတယ်။ (ထင်တာ ပြောတာ) ကြည့်ရတာ ဘိုတွေက ဓါတ်ခွဲခန်းမှာ ရောဂါတွေ ဘာတွေ ကူးမှာ စိုးလို့ မလုပ်ချင်ဘူး ထင်တယ်။

ဒီနေရာမှာ အဓိက ပြောလိုတာကတော့ ဒီမှာ ဒီလို အထွေထွေကုဆီသွား၊ ဓါတ်ခွဲခန်းသွားတာ တစ်ပြား တစ်ချပ်မှ မကုန်ပါဘူး။ ဒီမှာ Medicare လို့ ခေါ်တဲ့ ကျန်းမာရေး စနစ်ကြောင့်ပါပဲ။ စင်္ကာပူမှာတော့ ဆေးခန်းသွားပြီဆို Credit (ဖြစ်ဖြစ် Debit ဖြစ်ဖြစ် Nets ဖြစ်ဖြစ်) Cardလေး ပါသွားမှ ရပြီး ဆေးရုံတက်ဖို့ဆို လူနာတောင် ဆေးရုံထဲ မ၀င်ရသေးဘူး စပေါ် (Deposit)လေး အရင် မစပါ ဆိုသလို ဖြစ်နေတယ်။ ဒီမှာတော့ Medicare Card လေး ပြလိုက် ရုံပါပဲ။ စင်္ကာပူမှာတော့ ရုံးတွေက Corporate Insurance လုပ်ပေးထားရင်တော့ အဲဒီ Insurance ကို လက်ခံတဲ့ ဆေးခန်းတွေမှာ အာမခံကတ်ပြားလေး ပြလိုက်ရင် ဆေးခန်းက အာမခံကို ကျသင့်ငွေ တောင်းခံပါတယ်။ ရုံးက မလုပ်ပေးလည်း ကိုယ်ပိုင် ကျန်းမာရေး အာမခံ လုပ်ထားလို့ ရပါတယ်။ အာမခံ လုပ်ထားမယ်ဆို ဆေးရုံ၊ ဆေးခန်းသွားရရင် တစ်ပြားမှ မပေးရတာလည်း ဖြစ်မယ်၊ သတ်မှတ်ထားတဲ့ ပမာဏကို ကိုယ်က စ ပေးရတာလည်း ဖြစ်မယ်။ ဥပမာ ဆေးခန်းသွားရင် ကိုယ်က ၂၀ တော့ ပေးရမယ် ဆိုတာမျိုး။ စင်္ကာပူရဲ့ စနစ်က အမေရိကားက စနစ်နဲ့ ဆင်ပါတယ်။

သြော်ဇီက Medicare ကျတော့ မြန်မာပြည်မှာ ပြောသလို ဆိုရင် `စားရိတ်မျှပေး ကျန်းမာရေး´ ပါ။ တစ်နှစ် တစ်နှစ် ကိုယ်ဝင်ငွေထဲက ၁.၅%ကို Medicare အတွက် ပေးရတယ်။ (၀င်ငွေခွန် ၃၀% နဲ့ စာရင်တော့ မပြောပလောက်ဘူး ထင်ရမယ်) သတ်မှတ်ထားတဲ့ ပမာဏ ၀င်ငွေအောက် နည်းတဲ့သူတွေတော့ မပေးရပါဘူး။ ကိုယ့်ဘာသာကိုယ် ဒေါင်ဒေါင်မြည် ကျန်းမာလည်း ပေးရမှာပဲ။ ဘယ်ဆေးခန်းမှ မသွားလည်း ပေးရမှာပဲ။ ဗိုက်မကြီးလည်း ပေးရမှာပဲ။ အဲဒီရတဲ့ ပိုက်ဆံတွေ အပြင် အစိုးရက အိတ်စိုက် ထုတ်ထားတဲ့ ပိုက်ဆံတွေနဲ့ ဆေးကုသ စားရိတ်တွေကို ပြန်ပေးတာပါ။ အစိုးရကသာ အိတ်စိုက် မထုတ်ပေးရင် ၈% လောက်ပေးရမယ်လို့ တွက်ထားတာ တွေ့မိတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက် ၀င်ငွေရတဲ့ မိသားစုတွေကိုတော့ အစိုးရက ကိုယ်ပိုင် ကျန်းမာရေး အာမခံ ထားအောင် တွန်းအားပေးတဲ့ အနေနဲ့ ကျန်းမာရေး အာမခံ မရှိတဲ့သူတွေကို နောက်ထပ် ၁% အပိုဆောင်း ကောက်ပါတယ်။ အဲဒီတော့ ၀င်ငွေကောင်းတဲ့ မိသားစုတွေက ကိုယ်ပိုင် ကျန်းမာရေး အာမခံ မရှိရင် ၂.၅% ပေး။ အာမခံရှိရင်တော့ ၁.၅%လည်းပေး ကျန်းမာရေး အာမခံဖိုးလည်း ပေးပေါ့။ အဲဒီ အာမခံဖိုးအတွက် တစ်စိတ်တစ်ပိုင်းကိုတော့ အစိုးရက စိုက်ပေးပါတယ်။

ကိုယ်ပိုင် ကျန်းမာရေး အာမခံ ရှိရင်တော့ အာမခံက သတ်မှတ်ပေးထားတဲ့ ပုဂ္ဂလိက သီးသန့် (Private) ဆေးရုံ၊ ဆေးခန်းတွေမှာပါပြလို့ ရပါတယ်။ အဲဒီ အခါ (ဥပမာ) ၁၀၀ ကျတယ်ဆိုရင် အစိုးရက ၃၀ပေး၊ အာမခံ ကုမ္ပဏီက ၇၀ ပေး လိုမျိုးပေါ့။ Medicare သတ်သတ် သမားတွေကတော့ ပြည်သူပိုင် ဆေးရုံနဲ့ သတ်မှတ်ထားတဲ့ ဆေးခန်းတွေမှာပဲ ပြလို့ ရပါမယ်။ (ပုဂ္ဂလိက ဆေးရုံတွေမှာ သွားပြချင်ရင်တော့ ကိုယ့်ဘာသာကိုယ် ပေးပေါ့)။ ပုဂ္ဂလိက သီးသန့် ဆေးရုံနဲ့ ပြည်သူပိုင် ဆေးရုံကတော့ အသုံးအဆောင် အထောက်အပံ့ ပစ္စည်းတွေ (Facilities) အပြင် ရက်ချိန်းစောင့်ရတာတို့ ဘာတို့မှာတော့ အများကြီး ကွာသွားပါပြီ။ ဒီလို ကွာဟချက်ကတော့ မြန်မာပြည်လို နိုင်ငံမှာ သိသိသာသာ တွေ့ရမှာပါ။ စင်္ကာပူလို နိုင်ငံမှာတော့ အသုံးအဆောင် အထောက်အပံ့ ပစ္စည်းတွေက သိပ်မကွာပေမယ့် ပြည်သူပိုင် ဆေးရုံတွေ၊ ဒေသန္တရ ဆေးခန်း (Poly Clinic) တွေမှာ ဆိုရင်တော့ (သူတို့ အခေါ်အဝေါ်နဲ့ဆို) ကယူး (Queue) ပေတော့။ ဒီလို ဆေးခန်းပြဖို့ ကျူးရတာက တော်ပါသေးတယ်။ ဒီမှာလည်း တစ်ခုခု ခွဲစိတ်ဖို့ဆို အသက်အန္တရာယ်ကို ချက်ချင်းကြီး ဒုက္ခပေးနိုင်တာ မဟုတ်ရင် တမေ့တမော လနဲ့ချီ၊ နှစ်နဲ့ချီ စောင့်ပေတော့။

ဆက်ရေးမည်။

Thursday, February 14, 2008

ဗလင်တိုင်းဒေး ရင်ခုန်သံ

ဒီနေ့ ရုံးက ပြန်လာတော့ မိန်းမက အိတ်ကို ရှင်းပေးဖို့ ဖွင့်လိုက်တာ နှင်းဆီပန်းနံ့ ရလိုက်လို့ ရင်ခုန်သွားပြီး ဟယ်.. နှင်းဆီပန်းတွေ ၀ယ်လာလားဆိုပြီး အမြန်ရှာတာ ဘာပန်းမှ မတွေ့ဘူး ဖြစ်နေတယ်။ ဒါဆို နှင်းဆီပန်းနံ့က ဘယ်ကလဲဆိုပြီး စပ်စုရာကနေ မတွေ့တော့ သံသယ၀င်လာပြီး နှင်းဆီပန်းနံ့က ဘယ်ကဘယ်လို ကျွန်တော့် အိတ်ထဲ ရောက်နေရတာလဲ မေးလာရော။ ကျွန်တော်လည်း သူပြောမှ ရင်တုန်သွားပြီး ကပျာကယာ ကြည့်လိုက်တော့ ဟုတ်တယ် တစ်အိတ်လုံး နှင်းဆီပန်းနံ့တွေ လှိုင်နေတာပဲ။ ဒီလို အနံ့ရှိတဲ့ ရေမွှေးလည်း မသုံးပါဘူး။ အဲဒါနဲ့ တစ်အိတ်လုံးကို မွှေပြီး ထုတ်လိုက်တော့ စာရွက် စာတန်းတွေရယ် သတင်းစာရယ်ပဲ ထွက်လာတယ်။ သတင်းစာကလည်း ရထား ဘူတာမှာ အလကား ဝေတဲ့ သတင်းစာပါ။ တိုက်တိုက်ဆိုင်ဆိုင် သတင်းစာမှာလည်း နှင်းဆီပန်းပုံတွေ တွေ့လိုက်တော့ သူမက ဘာရယ်မဟုတ်ဘူး ဒီကများလား ဆိုပြီး နမ်းကြည့်လိုက်တော့မှ ပန်းနံ့က အဲဒီက ထွက်နေတာကိုး။ အဲဒီတော့မှ နှစ်ယောက်စလုံး ရင်ခုန် ရင်တုန်တာတွေ ပျောက်ပြီး သြော် ဒီနေ့ ဗလင်တိုင်းစ်ဒေး မို့လို့ နှင်းဆီနံ့ ထည့်ထားတာကိုးလို့ မှတ်ချက် ချနိုင်တော့တယ်။ နောက်ပြီး သတင်းစာကို သေချာဖတ်ကြည့်တော့မှ ဗလင်တိုင်းစ်ဒေးကို ပိုပြီး ပီပြင်အောင် နှင်းဆီရနံ့ ထည့်ထားတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဒီလိုမျိုး အနံ့ထည့်ထားတာ ဖက်ရှင် မဂ္ဂဇင်းတစ်ခုမှာ ရေမွှေးကြော်ငြာတစ်ခုတော့ တွေ့ဖူးပေမယ့် ရုတ်တရက်ဆိုတော့လည်း ရင်ခုန်စရာလေးတွေ ဖြစ်သွားကြတာပေါ့။

အဲဒီ သတင်းကိုလည်း ဒီမှာ ဖတ်လို့ ရတယ်။


အမျိုးသမီး စကားဝိုင်း

ပထမ အမျိုးသမီး ။ ။ အိမ်ကဟာကြီးကလေ တချိန်လုံး ဘလောက်ရေးလိုက် ဘလောက်ဖတ်လိုက်နဲ့ ကျွန်မနားတောင် မကပ်တော့ဘူး။
ဒုတိယ အမျိုးသမီး ။ ။ တို့ကတော့ ကိုယ့်ယောက်ျားကို ဘလောက် ခိုင်းထားတယ်။ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီး ခန့်ထားတယ်လေ။
တတိယ အမျိုသမီး။ ။ ကျွန်မလည်း သူ့ကို ဘလောက်ပါစေဆိုပြီး လွှတ်ပေးထားတယ်။ ဘာ ဘလောက် ဘလောက်။ မျက်စိရှေ့မှာ မြင်နေရ တော်သေးတယ်။
ဒုတိယ အမျိုးသမီး ။ ။ ဟုတ်တယ် ပိုက်ဆံလည်း မကုန်ဘူးလေ။
စတုတ္ထ အမျိုးသမီးငယ်။ ။ အို မျက်စိရှေ့မှာ ဆိုပေမယ့် ဟိုကောင်မလေးက ကော့မန့်ပွတ်လိုက် ဒီကောင်မလေးက ကော့မန့်ပွတ်လိုက်နဲ့ သူ့အီးမေးတွေကို စောင့်ကြည့်နေရတယ်။
ပထမ အမျိုးသမီး ။ ။ ဟုတ်တယ်... ဟုတ်တယ် အိမ်က လူကိုလည်း သူများ ဘလောက်တွေမှာ သွားပြီး အငြင်းမပွားအောင် ဆွဲထားရတယ်။
ပဉ္စမ အမျိုးသမီး။ ။ ကျွန်မ ယောက်ျားကျတော့လည်း ကျွန်မအကြောင်းလေး ဘာလေး ဘလောက်ပါဆိုတာကို ပြောလို့ကို မရဘူး..ဟွန့်။
ဒုတိယ အမျိုးသမီး ။ ။ ချော့ခိုင်းပေါ့ဟယ်
ဆဌမ အမျိုးသမီး။ ။ ကျွန်မကတော့ သူ့ကို ပေးမဘလောက်ဘူး။ အချိန်ကုန်ပြီး အလကားပဲ။ ဘလောက်မယ့် အချိန်မှာ ပိုက်ဆံရှာမှ တော်ကာကျမှာ။
သတ္တမ အမျိုးသမီး။ ။ ကျွန်မကတော့ ကိုယ်တိုင် ဘလောက်တယ်။ ဒီအချိန်လေးပဲ ကိုယ်ပိုင် အချိန်ရတာလေ။ တနေကုန် သူတို့ အတွက် လုပ်ပေးနေရတာ။
အဌမ အမျိုးသမီးငယ်။ ။ အခုတော့ ကိုယ်ပိုင် ဘလောက်လေး ရှိပါတယ်။ အိမ်ထောင်ကျရင်တော့ ဘလောက်နိုင်ပါတော့ မလား မသိဘူး။
န၀မ အမျိုးသမီးလတ်။ ။ ကျွန်မကတော့ အိမ်ထောင်မပြုတော့ဘူး.. ဘလောက်ပဲ ရေးတော့မယ်။
xxxx xxxxxx။ ။ ............. ဘလောက်....... .............. ......
xxxx xxxxxx။ ။ ...................... ................. .... အိမ်ထောင်ကျ....... ..............
xxxx xxxxxx။ ။ အမျိုးသား... ............. ............

Saturday, February 09, 2008

ရက်ရှ်ဒီအတွက် ဗလင်တိုင်းကတ်

သင်ဟာ Valentine's Day မှာ လက်ဆောင်ကတ် တစ်ခု ရချင်မှ ရမယ်။ အိန္ဒိယနွယ်ဖွား ဗြိတိသျှ ကပြား အင်္ဂလန် နိုင်ငံသား စာရေးဆရာ ရက်ရှ်ဒီ (Salman Rushdie) ကတော့ ကတ် ပုံမှန် ရလေ့ ရှိပါတယ်။ သူဒီလို ရလာတာ ၁၉၈၉ ခုနှစ် ပြီးကတည်းကပါ။ ဒီလိုရအောင် အစ ပြုပေးသူကလည်း နယ်နယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါဘူး။ အဲဒီ အချိန်က အီရန်နိုင်ငံက ဦးသျှောင် ခိုမေနီ (Ruhollah Khomeini) ကိုယ်တိုင်က အမိန့် ထုတ်ပြန်ထားတာပါ။ ဘာသာရေးကို စော်ကားတဲ့သူ အတွက် သေမိန့် ဆိုပြီး ခိုမေနီက ကမ္ဘာ အရပ်ရပ်က မူဆလင် ဘာသာအပေါင်းကို နှိုးဆော်ထားတာပါ။ ဒီလို ဖြစ်ရတာလည်း သူရေးတဲ့ စာအုပ်တစ်အုပ်က မူဆလင်ဘာသာဝင်တို့ ကိုးကွယ်ရာ တမန်တော် မိုဟာမတ်အကြောင်းကို မှားယွင်းစွာ သရုပ်ဖော် ရေးထားလို့ပါတဲ့။ အဲဒီ အချိန်ကစပြီး သူဟာ နှစ်စဉ် နှစ်တိုင်း ဗလင်တိုင်းနေ့ ရောက်တိုင်း ခြိမ်းခြောက် သတိပေးစာ ကတ်ပြားတွေ ပုံမှန် ရလေ့ ရှိပါတယ်တဲ့။

သူ့ရဲ့ စတုတ္တမြောက် ၀တ္တုဖြစ်တဲ့ ``နတ်ဆိုးရဲ့ အပိုဒ်များ´´ (Satanic Verses) စာအုပ်ဟာ ၁၉၈၈ မှာ ထွက်ပြီးနောက် ကမ္ဘာ အရပ်ရပ်က မူဆလင် ဘာသာဝင်တို့ဟာ ဒီစာအုပ်ကို အပြင်းအထန် ကန့်ကွက် ဆန္ဒပြကြပါတယ်။ အဲဒီနောက် အီရန် ဘာသာရေး (နဲ့ နိုင်ငံရေး) ခေါင်းဆောင် ခိုမေနီက ၁၉၈၉ ဖေဖော်ဝါရီ ၁၄ ရက်မှာ ရေဒီယိုကနေ သေမိန့် ချလိုက်ကြောင်း ကြေညာလိုက်လို့ ဆယ်နှစ်လောက် ပုန်းလျှိုး ကွယ်လျှိုး နေလိုက်ရပါတယ်။ အင်္ဂလန်နိုင်ငံက သူ့ကို အကာအကွယ် ပေးထားလို့ ဒီကိစ္စနဲ့ ပက်သတ်ပြီး အင်္ဂလန်နဲ့ အီရန် နှစ်နိုင်ငံ အကြားမှာ သံခင်း တမန်ခင်းတွေ ပြတ်တောက်တဲ့ အထိ ဖြစ်ကုန်ပါသေးတယ်။ နောက်တော့ ၁၉၉၈ မှာ အီရန်သမ္မတ (သမ္မတ သက်တမ်း ၁၉၉၇-၂၀၀၅) ခါတာမီ (Mohammad Khatami) က ဒီအမိန့်ကို ထောက်လည်း မထောက်ခံဘူး။ တားမြစ် ပယ်ဖျက်ခြင်းလည်း မလုပ်ဘူးလို့ ဆိုပါတယ်။ တခါ ၂၀၀၅ နှစ်ဆန်းမှာ အီရန် ဘာသာရေး ခေါင်းဆောင် ခါမေနီ (Ayatollah Ali Khamenei) က ဒီအမိန့်ကို ထပ်လောင်း အတည်ပြုလိုက်ပြန်တယ်။ အီရန်နိုင်ငံကတော့ ဒီအမိန့်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာကို မလုပ်ပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမိန့်ကို ထုတ်ထားတဲ့သူ ကိုယ်တိုင်က ဖျက်သိမ်းမှ ရမှာ ဖြစ်ပြီး အဲဒီသူဟာ ကွယ်လွန်ခဲ့ပြီ ဖြစ်လိုပါတဲ့။ ဒါကြောင့်မို့လို့ ယနေ့တိုင် သူဟာ ဗလင်တိုင်း နေ့တိုင်း ဒီအမိန့်ကို သတိပေးထားတဲ့ ကတ်တွေ ရနေသေးတာပါ။ ဒါပေမယ့် ပါကစ္စတန်မှာနေတဲ့ သူမိသားစုနဲ့ သူ့အမေဟာ ဘာအနှောက်အယှက်မျှ မရှိတဲ့ အပြင် အကူအညီတွေတောင် ရသေးတယ်လို့ သူက ဆိုပြန်တယ်။

မူဆလင် ဘာသာဝင်တို့ အထွတ်အထိပ်ထားရာ ကိုရန်ကျမ်း (Qur’an / Koran)ရယ် တမန်တော် မိုဟာမတ်နဲ့ ပက်သတ်တဲ့ အချက်အလက်ကို မှားယွင်း ဖော်ပြထားသလို ဖြစ်လို့ ဒီလို အငြင်းပွားဖွယ် ဖြစ်စေတာပါလို့ ဖတ်ရပါတယ်။ တကယ်တော့ အဲဒီ ၀တ္ထုဟာ မူဆလင် ဘာသာအကြောင်း ရေးထားတာ မဟုတ်ပါဘူး။ အင်္ဂလန်ကို ဌာနေပြောင်းပြီးမှ ကိုယ့်နိုင်ငံကို ပြန်လာတဲ့ အိန္ဒိယ နိုင်ငံသား နှစ်ယောက် အကြောင်းကို အခြေခံပြီး ရေးထားတာပါ။ တချို့ကတော့ သူ့စာအုပ်ဟာ နိုင်ငံကူးပြောင်းသူတွေရဲ့ အိပ်မက်ဆန်ဆန် တောင်ရောက် မြောက်ရောက် လမ်းပျောက်မှုတွေ၊ နိုင်ငံပြောင်းသူတွေ ယဉ်ကျေးမှု နှစ်ခုကြားမှာ ရင်ဆိုင် ကြုံတွေ့ရတဲ့ ကိုယ်ပိုင် လက္ခဏာ (Identity)၊ ဖယ်ကြဉ်ခံရမှု (Alienation)၊ ထုံးတမ်းစဉ်လာနဲ့ ကိုက်ညီမှု (Conformity) တွေကို ခြယ်မှုန်းထားတာပါတဲ့။ အနောက်တိုင်းရဲ့ ရုပ်ဝတ္ထုဆန်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာပါတဲ့။ ဒါပေမဲ့ တခြား အငြင်းပွားဖွယ် အချက်ကတော့ သူက ဇာတ်ကောင်တွေ တော်တော်များများ ဒေသတွေရဲ့ နာမည်တွေကို ဘာသာရေး ဖြစ်စဉ်တွေထဲက အမည်နာမတွေနဲ့ နည်းနည်းလေး လွှဲပြီး ပေးထားတယ်လို့ ယိုးစွပ်ကြပါတယ်။

ဒီလူကလည်း ဒီစာအုပ်မှာမှ မဟုတ်ပါဘူး။ တခြား သူ့ရဲ့စာတွေဟာလည်း အငြင်းပွားဖွယ်တွေ ဖြစ်စေတယ်တဲ့။ စာအုပ် တစ်အုပ်မှာ အင်ဒီရာဂန္ဒီနဲ့ မျက်မှောက် အိန္ဒိယနိုင်ငံ အခြေအနေကို တိုက်ခိုက်ရေးသားထားပြီး နောက်တစ်အုပ်မှာ ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံရေး ဦးဆောင်မှု အကြောင်း၊ နောက်တစ်အုပ်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ထိခိုက် ရေးသားထားတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

ပီးခဲ့တဲ့ နှစ် (၂၀၀၇) ကမှ သူ့ရဲ့ စာပေဆိုင်ရာ စွမ်းဆောင်မှုအတွက် ဆိုပြီး ဗြိတိန် ဘုရင်မကြီး ကိုယ်တိုင်က ဆာဘွဲ့ (Knight Bachelor) အပ်နှင်းခဲ့ပါတယ်။ ဒီလို ချီးမြှောက်တာကို အီရန်နဲ့ ပါကစ္စတန်က အပြင်းအထန် ကန့်ကွက်ပြီး၊ ပါကစ္စတန်နဲ့ မလေးရှားမှာ လူထု ဆန္ဒပြ ကန့်ကွက်ပွဲတွေ ဖြစ်သွားစေပါတယ်။ သူ့ဟာသူတော့ စာပေနယ်မှာ အောင်မြင်ပြီး Booker ဆုလို ဆုတွေလည်း ရခဲ့ပါသေးတယ်။ မူဆလင် ဘာသာဝင်အဖြစ် ကြီးပြင်း လာခဲ့ပေမယ့် ဘာသာရေး သွေလှန် ဖောက်ပြန်သူ အဖြစ် သတ်မှတ်ခံထားရပါတယ်။ ကမ်းဘရစ် (Cambridge University) ဘွဲ့ရခဲ့ပြီး အမေရိကန် တက္ကသိုလ် တစ်ခုမှာ ဆရာ ၀င်လုပ်နေပါတယ်။


ဝန်ခံချက်
ကျွန်တော် ဒီစာအုပ်ကို မဖတ်ဖူးပေမယ့် ဂျူး ဘာသာပြန်ဖူးတဲ့ ဘရစ်ဂျက်ဂျုန်းရဲ့ ဒိုင်ယာရီ ရုပ်ရှင် တီဗွီမှာ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်က လာတုန်းက အဲဒီထဲမှာ စာအုပ် တစ်အုပ် မိတ်ဆက်ပွဲ အခမ်းအနားမှာ ရက်ရှ်ဒီကိုယ်တိုင် သူကိုယ်တိုင်အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်း တစ်ခန်း ကြည့်မိကာ သူ့အကြောင်း လွန်ခဲ့တဲ့ နှစ်တွေက နွယ်နီလို မဂ္ဂဇင်းမှာ ဖတ်ဖူးတာ သတိပြန်ရပြီး အင်တာနက် (အထူးသဖြင့် Wikipedia) မှာ သူ့အကြောင်းကို ပြန်လည် ရှာဖွေ ဖတ်ရှုပြီးနောက် ဗလင်တိုင်းနေ့နဲ့လည်း နီးနေတာနဲ့ ကိုယ်ရေးတဲ့ စာတစ်ပုဒ် စာတစ်အုပ်ကြောင့် ဘာသာကြီးတစ်ခုကို စော်ကား အနှောက်အယှက်ပေးသလို ဖြစ်သွားပြီး တစ်သက်လုံး အသက်ဘေးကို စိုးရိမ် ကြောင့်ကြနေရတဲ့ သူတစ်ယောက် အကြောင်းကို ဗဟုသုတ ဝေငှခြင်း သက်သက် အကျိုးငှာ ရေးဖြစ်သွားတာပါ။ အချက်အလက်များ မတော်တဆ မှားယွင်း ဖော်ပြမိရင် တောင်းပန်ပြီး အမှန် ပြင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Monday, February 04, 2008

Gong Xi Fa Cai

မနု-စံကို အားကျလို့ CNY 2008 အတွက် အမှတ်တရ တင်လိုက်တယ်။ နှစ်ဖက် စလုံးရဲ့ အဖေဘက်က အဘိုးအဘွားတွေကတော့ ပြည်ကြီး တရုတ်တွေပါ။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်စလုံးက နှစ်ကူးချိန်က လွဲရင် ကိုယ့်ကိုကိုယ် တရုတ်လို့ မထင်ဘူး။ ကျွန်တော့်ကိုလည်း ခင်တဲ့ လူတွေက တရုတ် ငချိတ်တဲ့။ (ကောက်ညင်း ငချိတ်က မည်းတယ်လေ)။ အဖိုး တရုတ်ဖြစ်လို့ ကံဆိုးတဲ့ အချက်ကတော့ အင်မတန် တိကျတဲ့ လူဝကြီး (လ၀က - လူဝင်မှုကြီးကြပ်ရေးက ပုဂ္ဂိုလ်)က မှတ်ပုံတင်ထဲမှာ တရုတ်ဗမာ-ဗမာ ဆိုပြီး အတိအကျ မှတ်တမ်းတင် ချလိုက်တယ်။ ကံကောင်းတဲ့ အချက်ကတော့ သူမရဲ့အပါးက ကျွန်တော့်ကို တရုတ်မဟုတ်ဘူးဆိုပြီး ငြင်းဖို့ တစ်ချက် လျော့သွားတယ်.. ငှဲငှဲ ။

ကျွန်တော်တို့ မိဘတွေကတော့ အိမ်မှာ နှစ်ကူးလုပ်ကြပါတယ်။ အဖေတွေက သားကြီးတွေဆိုတော့။ ကျွန်တော်တို့ကတော့ နှစ်ကူးကို အပျော်လုပ်ပါတယ်။ (အဘိုးအဘွားတွေ Ancestor တွေကိုတော့ ကန်တော့တာပေါ့) ပြီးရင် သူငယ်ချင်းတွေ ဖိတ်ပြီး စားကြ သောက်ကြတယ်။ မြန်မာတွေ အတွက်က ပါတီလုပ်သလို သူငယ်ချင်းတွေ အများကြီး ဖိတ်ပြီး စားသောက်ဖို့ အခွင့်အရေး နည်းတယ်လေ။ အလှူလုပ်သလိုလည်း မဟုတ်ဘူးလေ။ အဲဒါကြောင့် တရုတ်နှစ်ကူးရင် နီးစပ်ရာ သူငယ်ချင်းတွေကို ဖိတ်ပြီး သောက်စားတယ်။ ဒီနှစ်တော့ လုပ်ဖြစ်မယ် မထင်ဘူး။

သမီးက တရုတ်နှစ် `၀က်´ နှစ်မှာ ဖွားပါတယ်။ `၀က်´နှစ်တောင် ရိုးရိုး `၀က်´ နှစ် မဟုတ်ပါဘူး။ ဖွံ့ဖြိုးစည်ပင်မည့် `၀က်´နှစ်ပါ။ တရုတ် ၁၂ရာသီခွင် အတွက် အကောင် ၁၂ ကောင်ရှိပြီး တစ်နှစ်ကို တစ်ကောင်စီပါ။ အဲဒီမှာမှ မီး၊ မြေ၊ သတ္တု၊ ရေနဲ့ သစ်သားဆိုပြီး ဒြပ်ကြီး ၅ပါးက တစ်ပါးကို တစ်ခါ တစ်ကောင်စီအတွက် ကျရောက်ပါတယ်။ ဥပမာ မြေ-၀က်နှစ် လာပြီး နောက် ၁၂ နှစ်ကြာမှ သတ္တုဝက်နှစ်လာမည်။ ၀က်နှစ်ဖွားတွေက စီးပွားတက်စေတဲ့ အပြင် နှစ် ၆၀ မှာမှ တစ်ခါ ကျရောက်တဲ့ မီး-၀က်နှစ်က ပိုမိုပြီး စီးပွားတက်စေတယ်လို့ ရုံးက တရုတ်တွေက အားပေး ထောက်ခံကြတယ်။ ဟုတ်မဟုတ်တော့ မသိဘူး အဲဒီနှစ် ကတော့ ကျွန်တော့် တစ်သက်မှာ ပိုက်ဆံ အကုန်ဆုံးနှစ်ပဲ။ သားလေးကတော့ ကြွက်နှစ်မှာ ဖွားမယ်တဲ့။ သူကတော့ မြေ-ကြွက်နှစ်ပါ။

ဒီနှစ်တော့ ဘာမှ မလုပ်ဖြစ်တာနဲ့ မိသားစုတွေ အိမ်မှာပဲ ဓါတ်ပုံ အပျော် ရိုက်ကြတယ်။ အဲဒါကိုပဲ အမှတ်တရအဖြစ် တင်လိုက်တယ်။ စာဖတ်သူအပေါင်းလည်း ပျော်ရွှင်ဖွယ် နှစ်သစ်မှာ စီးပွား လာဘ်လာဘ တိုးပွားကြပါစေ။ ။




Sunday, February 03, 2008

ပုစွန်ခွက်ကြော်သုတ်

အကြော်သည်တိုင်းမှာ မရနိုင်တဲ့ အကြော်တစ်မျိုးက ပုစွန်ခွက်ကြော်ပါ။ ပုစွန်က ဈေးကြီးတော့ အသည်တိုင်း မရောင်းနိုင်ကြဘူးလေ။ တချို့ ဆိုင်တွေမှာတော့ ရနိုင်ပေမဲ့ ပုစွန် မလတ်တာတွေနဲ့ ကြုံနိုင်တယ်။ အဲဒါကြောင့် ပုစွန်ခွက်ကြော်က ရန်ကုန်က လူတွေတောင် အခါအခွင့် သင့်မှ စားရတာမျိုး။ ကျောက်မြောင်း ဓမ္မစိန္တာလမ်းထောင့်မှာ ပုစွန်ကွက်ကြော်သုတ်ကို အထူးပြု ရောင်းတဲ့ ဆိုင်တစ်ဆိုင် ရှိတော့ ကြုံရင် ကြုံသလို စားဖြစ်တယ်။ ပုစွန်ခွက်ကြော်ဆိုတာကလည်း တခြား အကြော်တွေလို သူချည်းပဲ စားလို့ သိပ်မကောင်းလှဘူး။ ထိုးထိုး ထောင်းထောင် နဲ့ဆိုတော့။ ချေပြီး သုတ်စားရင်တော့ ကောင်းတယ်။ ပုစွန်ခွက်ကြော်ဖို့ အမယ် များများစားစား မလိုပါဘူး။ ကျွန်တော်တို့က ပုစွန် ကီလိုဝက်ရယ်၊ ပဲပင်ပေါက် ၆၅၀-၇၀၀ ဂရမ်လောက်ရယ်၊ တင်ပူရာ အကြော်မှုန့် တစ်ထုပ်ရယ်ဆို ရပြီ။ ကျွန်တော်တို့က အကြော်မှုန့်ထုပ် အိမ်မှာ အဆင့်သင့် မရှိလို့ ကိုယ်ဘာကိုယ် (ဦးကြီးပုရဲ့ နည်းအတိုင်း) စပ်ယူလိုက်ရတယ်။ အကြော်မှုန့် ၄ပုံမှာ ၃ပုံက ပဲမှုန့်၊ ကျန်တဲ့ တစ်ပုံအတွက် ဆန်မှုန့် ၃ဆ၊ ကောက်ညှင်း ၁ဆ ရောလိုက်တယ်။ ရေနည်းနည်းနဲ့ ဆားနည်းနည်းထည့်ပြီး ပြစ်ပြစ် ဖျော်ထားလိုက်တယ်။

ပဲပင်ပေါက်တွေကို ရေစင်အောင် ဆေးပြီး သေချာ ရေစစ်ထားလိုက်တယ်။ တကယ်ဆို အကြော်သည်တွေ သုံးတဲ့ ပဲပင်ပေါက်က အညှောင့်ရော အမြစ်ပါ ရှည်ပြီး သေးသွယ်ပါတယ်။ ကြော်လိုက်ရင် ကြွတ်ကြွတ်လေး ဖြစ်သွားပါတယ်။ အခုဝယ်လို့ ရတာကတော့ တိုတို တုတ်တုတ်ပါ။ ကြက်သွန်နီတစ်ဥကိုလည်း ခပ်ပါးပါး လှီးထားပါတယ်။ ကြက်သွန်နီ ထည့်တော့ ချိုပြီး မွှေးပါတယ်။ ပုစွန်တွေကို ခေါင်းဖြတ် အမြှီးညှပ်၊ နှာမောင်းတွေ၊ လက်တံတွေ ဖြတ်ပြီး ရေဆေးပြီး စစ်ထားပါတယ်။ ပုစွန်ကတော့ Cooked ပဲဝယ်လိုက်ပါတယ်။ အစိမ်းဆိုလည်း ရပါတယ်။ မြန်မာပြည်တို့ စင်္ကာပူတို့က ပုစွန်တွေက ရေချိုတွေမို့ အခွံက ပိုပြီး နူးညံ့ပါတယ်။ ကြော်တော့မယ်ဆို ဆီဒယ်အိုးကို ပူအောင်ထားထားတယ်။ ကြော်တဲ့အခါ ဆိုင်တွေမှာဆို လက်ကိုင်တပ်ထားတဲ့ သံယောင်းမ ခွက်ခွက်နဲ့ ကြော်တာပါ။ ကျွန်တော်တို့ကတော့ ကော်ဖီ ပန်းကန်းပြားထဲကို ပဲပင်ပေါက် လက်တစ်ဆုပ်နဲ့ ကြက်သွန်နီ နှစ်ဖတ် သုံးဖတ်ကို မုန့်နှစ် နည်းနည်းနဲ့ နယ်လိုက်ပါတယ်။ အလယ်မှာ ပုစွန် တစ်ကောင် နှစ်ကောင် မြှုပ်လိုက်ပြီး ဆီဒယ်အိုးထဲကို အသာ လျှောချလိုက်ပါတယ်။ တခြား အကြော်တွေလို မှုန့်နှစ်နဲ့ အစာတွေကို ကြိုမနယ်ထားပါဘူး။ ရေထွက်လာပြီး မုန့်နှစ်က ကျဲသွားတတ်လို့ပါ။ စကြော်တုန်းက မနိုင်မှာ စိုးလို့ ဒယ်အိုးထဲမှာ တစ်ခုစီပဲ ကြော်တာ အချိန်လည်း အရမ်းကြာပြီး အနားသားတွေက မီးတူးလွယ်ပါတယ်။ နောက်တော့ ဒယ်အိုးထဲကို ဆီများများ ထည့်ပြီး ၄ ခုစီ ကြော်တာ မြန်လည်း မြန်ပြီး အပူလည်း မျှတော့ အကျက်ညီသွားတယ်။ တစ်ဖက်မှာ အညိုရောင်သမ်းလာရင် နောက်တစ်ဖက် လှန်ပြီး၊ နှစ်ဖက်လုံး ကျက်ရင် ဆယ်ပြီး ဆီစစ်ထားရုံပါပဲ။

သူမကြော်နေချိန်မှာ ကျွန်တော်က အချဉ်ရေ စပ်ပါတယ်။ မကျည်းသီး လက်တစ်ဆုပ်ကို ရေနွေးနဲ့ ဆေးပြီး Microwave ထဲ စက္ကန့် ၃၀လောက် ထည့်လိုက်ပါတယ်။ ပြီးရင် ရေကျက်အေး ရောပြီး အနှစ်တိုက်ပြီး အဖတ်တွေကို ဖယ်လိုက်ပါတယ်။ ငရုတ်ဆီ အတွက် Garlic Chili ကို သုံးပြီး မကျည်းရည်ရဲ့ ၃ပုံ၁ပုံစာလောက် ရောလိုက်ပါတယ်။ ကြက်သွန်ဖြူကို သေးသေး လှီးပြီး ထည့်လိုက်ပါတယ်။ နံနံပင် နည်းနည်း ထည့်လည်းရပါတယ်။ သကြားနည်းနည်းနဲ့ ငံပြာရည် နှစ်ဇွန်းလောက် ထည့်ပြီး မွှေလိုက် ရုံပါပဲ။

အသုတ်လုပ်စားတဲ့ အခါ ဆိုင်မှာ စားနေကြဆိုတော့ ဆိုင်က ပွားအောင်လုပ်တဲ့ အထာတွေကို စွဲနေပြီး အသုတ်ထဲ ရောဖို့ ကြာဆံကို ပြင်ပါတယ်။ ဆန်ကြာဆံကို ပြုတ်ပြီး အအေးခံထားပါတယ်။ အေးပြီဆို ပဲငံပြာရည် အပြစ်ရည်ကို နည်းနည်း ဆမ်းပြီး ဆီနည်းနည်းနဲ့ နည်ထားပါတယ်။ အသုတ်အတွက် မပါမဖြစ် လိုတာ သခွားသီးပါ။ သခွားသီးကို အကွင်းလိုက် လှီးပြီး အချောင်းလေးတွေ ပြန်လှီးလိုက်ပါတယ်။ စားတဲ့ အချိန်ကျမှ ကြာဆံထည့်၊ သခွားသီးထည့်ပြီး ပုစွန်ခွက်ကြော်တွေကို ကတ်ကြေးနဲ့ ညှပ်ပြီး အချဉ်ရေ ရွှဲရွှဲ ဆမ်းပြီး သုတ်စား နယ်စားလိုက်ပါတယ်။ စာဖတ်သူတွေ သွားရည်ယိုနိုင်ဖို့ ပုံလေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်။

Film