Monday, March 31, 2008

ရပါတယ်

အိမ်ရှင် - ထမင်းထပ်ထည့်ပါဦး။
ဧည့်သည် - ရပါတယ်။
အိမ်ရှင် - ကော်ဖီ သောက်ဦးမလား။
ဧည့်သည် - ရပါတယ် ခင်ဗျာ။

သင်သာ အိမ်ရှင်ဆိုရင် ဘာဆက်လုပ်မလဲ။ ထမင်းထပ်ထည့် ပေးမှာလား။ သင်က ဧည့်သည်ဆိုရင်ရော ဘာဆိုလိုချင်တာလဲ။ ထပ်စားမှာလား။ တော်ပြီလား။ “ရပါတယ်” ဆိုတာ ဘာကို ဆိုလိုတာလဲ။ ပေးလည်း ရပါတယ် ယူမယ်။ မပေးလည်း ရပါတယ် ဒီအတိုင်းပဲ ရှိပါစေ ဆိုတာများလား။ တကယ်လည်း အဲဒီ အဓိပ္ပါယ် ပါပဲလေ။

“ရပါတယ်” ပြောတာ ကျွန်တော့်မှာ ရှိခဲ့ဖူးတဲ့ အကျင့်ပါ။ သူများက တစ်ခုခု မေးလိုက်ရင် ဘာမှန်းမသိ “ရပါတယ်” ပြန်ဖြေပြီ။ တစ်ဖက်လူခမျာ ကိုယ်ဘာလိုချင်မှန်းမသိ ဖြစ်ရတယ်။ သူက ကိုယ့်ကို အရမ်း ပေးချင်၊ ကျွေးချင်နေရင်တော့လည်း အတင်း ပေးလိုက် ကျွေးလိုက်မယ်။ ဒါမှမဟုတ်ရင်တော့ ခမျာမယ် လက်တွန့်နေရော။

ဒီအကျင့် ပျောက်သွားတာ နိုင်ငံခြား သွားပြီးမှပါ။ နိုင်ငံခြားမှာ လူမျိုးခြားတွေနဲ့ ဆက်ဆံရတာ မဆိုထားနဲ့ နေတာကြာတဲ့ မြန်မာတွေပါ စိတ်ဓါတ်တွေ အထိုက်အလျောက် ပြောင်းလာ ပြင်လာကြတော့ သူတို့နဲ့ ပြောဆိုဆက်ဆံတဲ့ အခါ မြန်မာပြည်က လူတွေကို ဆက်ဆံသလို ဆက်ဆံလို မရတော့ပါဘူး။ သူတို့ ပြောတာကို နားလည်အောင် လုပ်ရတယ်။ နားမလည်ဘဲနဲ့ နားလည်ချင်ယောင် ဆောင်လို့ မရဘူး။ သူတို့ကိုလည်း တိကျတဲ့ တုန့်ပြန်မှုတွေ ပြန်ပေးရတယ်။ ဥပမာ “မနက်ဖြန် တွေ့မယ်” နဲ့လည်း မရဘူး။ “မနက်ဖြန် မနက် တွေ့မယ်” နဲ့လည်း မရ။ “မနက်ဖြန် မနက် ၁၀ နာရီတွေ့မယ်” နဲ့လည်း မလုံလောက်သေးဘူး။ “မနက်ဖြန် မနက် ၁၀ နာရီတွေ့မယ်။ အကြောင်းထူးရင် ဖုန်းကြိုဆက်လိုက်မယ်” အဲဒီလိုမျိုးတွေ ဖြစ်ကုန်ပြီ။

“ရပါတယ်” လို့ ပြန်ဖြေရတဲ့ အဓိက အကြောင်းကတော့ အားနာတာပါ။ အားနာတာနဲ့ အဖြေ အတိအကျ မပေးဖြစ်ဘူး ဖြစ်သွားတာ။ အားနာတာမှ နှစ်မျိုး အားနာတာပါ။ “ယူမယ်” လို့ ဖြေလိုက်ရင်လည်း သူ့ဆီက ထပ်တောင်းရမှာ အားနာ။ “မယူဘူး” ဖြေလိုက်ရင်လည်း သူပေးတာ မကောင်းလို့ ထင်မှာ သူ့စေတနာကို စော်ကားသလို ဖြစ်မှာ စိုးရိမ်သေးတယ်။ နောက်တစ်ကြောင်းက ရှက်တတ်တာပါ။ မယူလိုက်က မိုက်လို့ထင်၊ ယူလိုက်ပြန်ရင်လည်း ကြိုက်လို့ထင် ဖြစ်မှာကလည်း စိုးသေးတယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် မဝေခွဲတတ်တာပါ။ Yes လား No လား မကွဲပြားတဲ့ အပြင် Perhaps/May be လောက်တောင် အဓိပ္ပါယ် မဆောင်တဲ့ “ရပါတယ်” ကို အလွယ် ပြောမိနေတယ်။

အခုဆိုရင်တော့

အိမ်ရှင် - ထမင်းထပ်ထည့်ပါဦး။
ကျွန်တော် - မယူတော့ပါဘူး။ စားကောင်းကောင်းနဲ့ နှစ်ပွဲတောင် စားလိုက်လို့ ဗိုက်အရမ်း တင်းသွားပြီ။
အိမ်ရှင် - ကော်ဖီ သောက်ဦးမလား။
ကျွန်တော် - ဟုတ်ကဲ့ သောက်မယ်။ သကြား မထည့်ပါနဲ့။

အဲဒီလို ငြင်းတဲ့ အခါမှာလည်း အကြောင်းပြချက်လေးနဲ့ သူပေးတာ မကောင်းလို့ မဟုတ် မိမိမှာ လုံလောက်သွားပြီး ဆိုပြီး ငြင်းတတ်လာတယ်။ ယူမယ်ဆိုရင်လည်း ကိုယ်လိုချင်တာ ဘယ်လိုပုံစံဆိုတာ ပြောဖို့ ၀န်မလေးတော့ဘူး။ ဒါမှလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိမည်။ ကိုယ့်လိုအပ်ချက်ဟာ ပေးမည့်သူအတွက် ၀န်မလေးဘူးဆို ထုတ်ဖော် ပြောလိုက်မှ သူ့စေတနာလည်း ပိုပြီး ပီပြင်သွားမည်။ ကိုယ်လည်း လိုချင်တာ ကွက်တိရသွားမည်။ ဒီလို ပြောလိုက်လို့လည်း ပေးမည့်သူက စေတနာ ကွက်သွားမှာ မဟုတ်။ “ကော်ဖီ သောက်မလား” မေးတာကို “ကျွန်တော်က ကော်ဖီဆို Arabian Coffee မှာ သောက်တတ်တာ” လို့ သွားပြောရင်တော့ တစ်မျိုးပေါ့။

ဒီလို ရေးထားပေမယ့် ကျွန်တော်က အပြောအဆို အင်မတန် ညံ့ဖျင်းပါသေးတယ်။ နောင်အားမှ “အရေးနဲ့ အပြော” ဆိုပြီး ခေါင်းထဲ စီထားတာကို ချရေးလိုက်ပါဦးမယ်။ တကယ်တော့ ဒီ Post က မြန်မာပြည်က ရွှေမျိုးတွေ အတွက် ပိုပြီး ရည်ရွယ်တာပါ။ သို့သော်လည်း စာဖတ် ပရိသတ်တွေထဲမှာ မြန်မာပြည်က လူကို မျှော်ရတာ အင်မတန် ခက်ခဲပါတယ်။ မြန်မာပြည်က တိုက်ရိုက် ကြည့်တဲ့သူဆို အင်မတန်ရှားပေါ့။ တစ်ခါတစ်လေ ဂျာမနီက လိုလို အမေရိကားက လိုလို Proxy တွေ သုံးပြီး ၀င်လာမှပဲ ဟေး မြန်မာပြည်က ဖတ်သွားပြီဆိုပြီး ၀မ်းသာရတယ်။

Wednesday, March 26, 2008

မိမိကိုယ်ကို လောင်တိုက်သွင်းသော ကိုယ်တော်

၁၉၆၃၊ ဇွန်လ၊ ၁၀ ရက်နေ့။ အမေရိကန် သတင်းထောက်တချို့ဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးထံမှ မနက်ဖြန် မနက် ဆိုင်ဂုံက ကမ္ဘောဒီယား သံရုံးရှေ့မှာ ကြီးကြီးကျယ်ကျယ် ထူးခြားမှု တစ်ရပ် ဖြစ်မယ်လို့ သတင်းရထားပါတယ်။ သံဃာတော်များ ဆန္ဒပြလာတာလည်း တစ်လကျော်ကြာပြီဆိုတော့ ဒီလို သတင်းရတာကို သတင်းထောက်တွေက အလေးမထားကြတော့ပါဘူး။ နောက်တစ်နေ့ မနက်မှာ နယူးယောက်တိုင်းမ်စ်က ဒေးဗစ်နဲ့ အေပီ (Associated Press) က မယ်လ်ကမ် ဘရောင်း တို့ အပါအ၀င် သတင်းထောက်တချို့သာ အဲဒီနေရာကို ရောက်ရှိနေပါတယ်။ အဲဒီ အချိန်မှာ အရှင် သစ်ကွန်ဒွတ်က် (Thích Quảng Đức)ဟာ အနီးအပါးက စေတီတစ်ဆူမှာ ရောက်ရှိနေပါပြီ။ အဲဒီနောက် သံဃာတော်နဲ့ မယ်သီလရှင် အပါး ၃၅၀ ကျော်ဟာ စစ်ကြောင်းကြီး နှစ်ခုဖွဲ့ပြီး ချီတက်လာပါတယ်။ အင်္ဂလိပ်လိုရယ် ဗီယက်နမ်လိုရယ် ရေးထားတဲ့ စာတမ်းတွေ ချိတ်ဆွဲထားတဲ့ အော်စတင်ကား တစ်စီးက တပ်ဦးကနေ မောင်းလာပါတယ်။ ငိုဒင်ယမ်း (Ngô Đình Diệm) အစိုးရရဲ့ ဗုဒ္ဓဘာသာဝင်တွေ အပေါ်ထားတဲ့ မူဝါဒကို ရှုတ်ချပြီး ဘာသာရေး အခွင့်အရေးတွေ ညီတူညီမျှ ရှိစေဖို့ တောင်းဆို ဆန္ဒပြလာကြပါတယ်။

ဖန်ဒင်ဖွန်းလမ်းမကြီး (Phan Dinh Phung Boulevard)နဲ့ လယ်ဗန်းဒူရေး (Le Van Duyet Street) လမ်းဆုံးရောက်တော့ အရှင်ဟာ ကားပေါ်မှ အခြား သံဃာတော် နှစ်ပါး ခြံရံပြီး ကြွဆင်းလာပါတယ်။ သံဃာတော် တစ်ပါးက အနေကထိုင်ကို လမ်းမပေါ်မှာ ခင်းပေးလိုက်ချိန်မှာ နောက်တစ်ပါးက ကားနောက်ဖုံးထဲက ဓါတ်ဆီအပြည့် ထည့်ထားတဲ့ ငါးဂါလံ ပုံးကို မ ထုတ်လာပါတယ်။ ချီတက်လာတဲ့ လူအုပ်ကြီးကလည်း ဘေးကို ရှဲသွားပြီး အရှင်တို့ကို ၀ိုင်းလိုက်ပါတယ်။ အရှင်က ခင်းထားတဲ့ နေရာမှာ သက်ငြိမ်စွာပဲ ထိုင်လိုက်ပြီး ကြာဖူးသဖွယ် တရားထိုင်နေပါတယ်။ သံဃာတော် တစ်ပါးက ဓါတ်ဆီတွေကို အရှင့်ခေါင်းပေါ်ကနေ လောင်းချလိုက်ပါတယ်။ အရှင်က စိတ်ပုတီးကို မွေ့ယမ်းလိုက်ပြီး “နမောတဿ” ဆိုပြီး ဘုရားရှင်ကို ရှိခိုးဦးခိုက်လိုက်ပါတယ်။ အဲဒီနောက် မီးခြစ်ဆံကို ခြစ်ပြီး လွှတ်ချလိုက်ပါတော့တယ်။ တမုဟုတ်ချင်းမှာပဲ သင်္ကန်းကို မီးစွဲလောင်ပြီး တစ်ကိုယ်လုံးကို မီးကူးစက်ကာ အမည်းရောင် မီခိုးတွေက အလုံးလိုက် အလုံးလိုက် ထွက်လာပါတော့တယ်။


ဒေးဗစ်က ဒီလို ရေးထားတာပါတယ်။ “ကျွန်တော် ဒီမြင်ကွင်းကို နောက်တစ်ခါ ပြန်ကြည့်မလို့ပဲ။ ဒါပေမယ့် တစ်ခေါက်နဲ့တင် လုံလောက်သွားပါပြီ။ မီးတောက်တွေက လူခန္ဓာကိုယ်ကနေ ထွက်လာတာဆိုတာ… ။ ကိုယ်လုံးက တဖြည်းဖြည်း ခြောက်ပြီး ရှုံ့တွလာတယ်။ ဦးခေါင်းက မည်းလာပြီး လောင်ကျွမ်းသွားတယ်။ အသားညှော်နံ့တွေဆိုတာလည်း လေထဲမှာ ပျံ့နေတာပဲ။ လူတစ်ကိုယ်လုံး လောင်သွားတာများ သိပ်ကို မြန်တယ်။ ကျွန်တော့် နောက်က ဗီယက်နမ်တွေဆိုတာ ငိုကြွေး နေလိုက်ကြတာ။ ကျွန်တော့်မှာတော့ အံ့သြလွန်လို့ ငိုတောင် မငိုနိုင်ပါဘူး။ မှတ်စုရေးဖို့ ဆိုတာလည်း မေ့နေတယ်။ လောကကြီး ဘာတွေ ဖြစ်ကုန်တာလဲလို့တောင် တွေးဖို့ အလွန်အမင်းကို တုန်လှုပ် ခြောက်ခြားနေပါတယ်။ ဒီလောက် လောင်ကျွမ်းနေတာတောင် တုပ်တုပ်မျှ မလှုပ်ဘဲ၊ အသံလည်း တစ်သံမှ မထွက်လာပါဘူး။ သူအရမ်း တည်ငြိမ်နေတာကို ငိုကြွေးမြည်တမ်းနေတဲ့ လူတွေအကုန်လုံးက ပီပီပြင်ပြင်ကြီး မြင်နေရတာဗျာ..။”

ရဲတွေ ရောက်လာပြီး အရှင့်ကို ဆွဲဖို့ ကြိုးစားပေမယ့် လူအုပ်ကြီးကို တိုးမပေါက်နိုင်အောင်ပါပဲ။ ရဲသားတစ်ယောက်ကတော့ သူမျက်နှာကို မြေမှာ အပ်ပြီး ဂါရ၀တောင် ပြုလိုက်ပါသေးတယ်။ လူအုပ်ကြီးက တုန်လှုပ်ခြောက်ခြားကုန်ပြီး တိတ်ဆိတ်လာပါတယ်။ တချို့တော့ ငိုကြွေးနေပါသေးတယ်။ တချို့ကလည်း ဆုတောင်း မေတ္တာပို့ကြပါတယ်။ အဲဒီနောက် သံဃာတော်တွေ၊ မယ်သီလရှင်တွေနဲ့ တုန်လှုပ်နေတဲ့ လူအုပ်ကြီးဟာ မြေပြင်ပေါ် ၀ပ်တွားကုန်ကြပြီး အရှင့်ကို ဦးခိုက် ရှိခိုးကြပါတော့တယ်။ “သံဃာတော် တစ်ပါး မိမိ ကိုယ်ကို လောင်တိုက်သွင်း ဆန္ဒပြနေပြီ။ သံဃာ့ အာဇာနည် ဖြစ်သွားပါပြီ။” ဆိုပြီး အင်္ဂလိပ်လိုရော ဗီယက်နမ်လိုရော မိုက်ခွက်နဲ့ အော်နေပါတယ်။

ဆယ်မိနစ်လောက် ကြာတော့ အရှင်ရဲ့ ရုပ်ကြွင်းဟာ မြေပေါ် ယိုင်လဲ ပြိုဆင်းလာပြီး မီးလည်း ငြိမ်းသွားပါတယ်။ သံဃာတော် တစ်စုက လောင်ကျွမ်းထားတဲ့ အရှင့်ရဲ့ ရုပ်အလောင်းကို အခေါင်းတစ်ခုထဲ ကောက်ထည့်ပြီး ဆိုင်ဂုံ မြို့လည်က စလွိုင်(Xa Loi) ဘုရားကို သယ်ဆောင်သွားကြပါတယ်။ ဘုရား ပရ၀ုဏ် အပြင်မှာ ဗုဒ္ဓဘာသာဝင် ကျောင်းသားတွေက “သံဃာတော် တစ်ပါး အရေး ၅ပါး တောင်းဆိုဖို့ မိမိကိုယ်ကို လောင်တိုက်သွင်းလိုက်တယ်” လို့ အင်္ဂလိပ် ဗီယက်နမ် နှစ်ဘာသာ ရေးထားတဲ့ စာတန်းကို လွင့်ထူထားပါတယ်။ နေ့လည် ၁နာရီခွဲကျတော့ သံဃာတော် အပါး တစ်ထောင်လောက်ဟာ ဘုရားဝင်းထဲမှာ စုဝေးပြီး အစည်းအဝေး ထိုင်ကြပါတယ်။ အပြင်ဘက်မှာ ကျောင်းသားတွေ အပါအ၀င် လူအုပ်ကြီးက ဒိုင်းသဖွယ် ကာပေးထားပါတယ်။ ခဏကြာတော့ အစည်းအဝေးပြီးသွားလို့ သံဃာတော်တွေဟာ ဘုရားဝင်းထဲကနေ ထွက်လာကြပြီး လူအုပ်ကြီးနဲ့ လောင်တိုက်သွင်း ဆန္ဒပြတဲ့ နေရာကို ပြန်သွားကြပြန်တယ်။ ရဲတွေက အဲဒီနားမှာ ရစ်သီ ရစ်သီလုပ်နေပါတယ်။ ညနေဖက်မှာ ဘုရားဝင်းထဲမှာ လာဆုတောင်းတဲ့ သံဃာတော်နဲ့ မယ်သီလရှင် အပါး ၃၀ကျော်လောက် အဖမ်းခံရတယ် ကြားရပါတယ်။ အဲဒီနောက် ရဲတွေက ဘုရားဝင်ပေါက်တွေကို ပိတ်ထားလိုက်ပါတယ်။ အဲဒီနေ့ ညနေက ဆိုင်ဂုံ မြို့သားတွေက နေ၀င်ခါနီး အချိန် ကောင်းကင်မှာ ဗုဒ္ဓ ဘုရားရှင်ရဲ့ ငြိုးငယ် စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာတော်ကို ဖူးတွေ့လိုက်ရတယ်လို့လည်း ပြောကြပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာ ဘုန်းကြီးပျံပွဲ ကျင်းပမလို့ လုပ်ပေမယ့် အဲဒီနေ့က ဘုရားဝင်း အပြင်ဘက်မှာ လူအုပ်ကြီးက အယောက် ၄၀၀၀ လောက် ရှိလို့ ရက် ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဇွန်လ ၁၉ ရက်နေ့ကျမှ ရဲတွေနဲ့ ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေ သဘောတူညီမှုရပြီး သံဃာတော် အပါး ၄၀၀ ခန့်ဟာ ရုပ်ကလာပ်တော်ကို ဘုရားကနေ ၁၀ မိုင်လောက်ဝေးတဲ့ သင်္ချိုင်းတစ်ခုကို သယ်ဆောင်သွားကြပါတယ်။ အဲဒီမှာ အန္တိမအဂ္ဂိ ဈာပန ထပ်လုပ်တာတောင် အရှင်ရဲ့ နှလုံးတော်ဟာ ကျုံ့သွားတာက လွဲရင် မပျက်မယွင်း ရှိနေပါတယ်။ ဒါဟာ ဓါတ်တော်ကျတာပဲ ဆိုပြီး ဖန်ပေါင်းချောင်ထဲမှာ ထည့်ပြီး Xa Loi ဘုရားမှာ ကိုးကွယ်ထားပါတယ်။

မဟာယန ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရှင်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၆၇ နှစ် ရှိနေပါပြီ။ အသက် ၇နှစ်ကတည်းက ကိုရင်ဝတ်ခဲ့ပြီး အသက် ၂၀ မှာ ရဟန်းခံခဲ့ပါတယ်။ နင့်ဟွာ (Ninh Hoa) တောင်မှာ တစ်ကိုယ်တည်း ကျင့်စဉ်တွေ နှစ်တော်တော်များများ သွားကျင့်ပါတယ်။ ၁၉၃၂ မှာ စာသင်စာပြ စလုပ်လာပါတယ်။ ဘုရားပေါင်း အဆူ ၂၀ ကျော် တည်ခဲ့ပြီးနောက် ၁၉၄၃မှာ ဆိုင်ဂုံကို ကြွလာပါတယ်။ ၁၉၅၃ ကနေ ပျံလွန်တော်မူတဲ့ အထိ United Vietnamese Buddhist Congregation မှာ ဦးစီ ဦးဆောင်ပြုခဲ့ပါတယ်။

ဘရောင်းရိုက်တဲ့ ဓါတ်ပုံဟာ ချင်းချင်း ပျံ့နှံ့သွားပြီး ကမ္ဘာအနှံ့က သတင်းစာတွေမှာ မျက်နှာဖုံး သတင်းအဖြစ်ပါလာပါတယ်။ ငိုဒင်ယမ်း အစိုးရကို အားပေးထောက်ခံနေတဲ့ အမေရိကန် သမ္မတ ကနေဒီ (John F Kennedy)က သတင်းစာကိုလည်း မြင်ရော “Jesus Christ” ဆိုပြီး ဘုရား တ ရပါတယ်။ ပြီးတော့ “ကမ္ဘာတစ်ဝှမ်းမှာ ဒီဓါတ်ပုံလောက် ကြေကွဲဖွယ် ကောင်းတာမျိုး သမိုင်းမှာ မရှိခဲ့ဘူး” ဆိုပြီး ပြောပါတယ်။ အဲဒီ ဓါတ်ပုံဟာ ၁၉၆၃ ခုနှစ်အတွက် World Press Photo ဆုကို ရခဲ့ပါတယ်။ ။

အကိုးအကား
Thich Quang Duc (Wikipedia)
SOME PHOTOS OF MOST VENERABLE THICH QUANG DUC


Wednesday, March 19, 2008

ကစားပွဲ



အဖြူတစ်ကွက်
အမည်း ၆၃ ကွက် ဖြစ်နေမှ
ကျားကွက် ထိုးမနေနဲ့တော့
ငါ့ကို ဗဟိုတည်ပြီး
ပစ်မှတ်သာ လုပ်လိုက်ပေတော့။

ဘယ်သူ ပိုနာမလဲဆိုတာကို
မြားပစ်သူရဲ့ တည်ငြိမ်မှုမှာ
လောင်းကြေး ထပ်မယ်။ ။

ND

Monday, March 17, 2008

တိမ်လာတဲ့ အနက်

အိုလီဗာ စတုန်း (Oliver Stone)ရေးပြီး အယ်လ်ပါချီးနိုး (Alfredo James Pacino) ပါတဲ့ Scarface ဇာတ်ကား ကြည့်မိတဲ့ သူတွေက မီရှဲဖိုင်ဖာ (Michelle Pfeiffer) ကို သတိမထားမိရင် နေမယ်။ ပြသချိန် မိနစ် ၁၇၀ကျော် ကြာတဲ့ အဲဒီကားထဲမှာ အယ်လ်ပါချီးနိုး “Fuck” ဆိုတဲ့ စကားလုံးကို အခေါက် နှစ်ရာကျော် (၂၂၆ ခေါက်) ပြောသွားတာကိုတော့ သတိထားမိမယ်။ မူးယစ်ရာဇာ အဖြစ် သရုပ်ဆောင်ပြီး အဲဒီ စကားလုံးကို အထပ်ထပ် သုံးသွားလိုက်တာ တစ်ခြား ဗန်ဒန်းလို လူကြမ်းမင်းသားတွေ ဆိုရင်တော့ တစ်ခါတည်း မြောင်းထဲ ရောက်သွားမယ့် ရုပ်ရှင်ပေမယ့် သူလို လူကျတော့လည်း ပိုလို့တောင် အောင်မြင်သွားတဲ့ အပြင် မီရှဲဖိုင်ဖာကိုပါ တစ်ခါတည်း အောင်မြင်သွားစေတယ်။ ၁၉၈၀ ကျော်လွန် နှစ်များမှာတုန်းကတော့ ဒီစကားလုံးဟာ ရုပ်ရှင်တွေထဲမှာ ပါမယ်ဆိုရင် အင်မတန် သတိထားရမယ့် စကားလုံးပဲ။ ရုပ်ရှင်တွေက Rating တွေရှိတဲ့ အတွက် အဲဒီ စကားလုံးကို အနည်းနဲ့ အများတော့ ပါကြပေမယ့် တီဗွီအစီအစဉ်တွေမှာတော့ စီးပွားရေး ထိခိုက်နိုင်လောက်တာမို့ ဆင်ခြင်ခဲ့ကြပါတယ်။

အခုတော့ ဒီစကားလုံးဟာ အပြင်မှာ မကြားချင်မှ အဆုံး လူတော်တော်များများ သုံးလာကြတော့ ဒီစကားလုံးရဲ့ အနက် ထိရောက်မှုဟာ အတော်အတန် ပြေလျော့လာပါတယ်။ သုံးတဲ့ သူတွေကလည်း အရင်ကလို အနက်နဲ့ မဟုတ်တော့ဘဲ နေ့စဉ်သုံး အာလုပ်သံ သာသာလောက်သာ သဘောထားပြီး သုံးနေကြသလို နားထောင်တဲ့ လူတွေမှာလည်း အရင်ကလောက် ရုံ့ရင်းကြမ်းတမ်းတယ် မယူဆကြတော့ပါဘူး။ ယဉ်ကျေးတဲ့ သူတွေက မသုံးပေမယ့် သုံးတဲ့ သူတွေဟာလည်း လူ့ကျင့်ဝတ် ဖောက်ဖျက်သူလိုမျိုး အစွပ်အစွဲ မခံရတော့ပါဘူး။ အထူးသဖြင့် လူငယ်တွေဟာ ဒီစကားလုံးကို ဗန်းစကားလောက်တောင် အလေးမထားတော့လဲ တွင်တွင် သုံးတတ်နေပါပြီ။ ဒီလို အသိုင်းအ၀ိုင်းမှာ ဒီလို မပြောတဲ့ သူမှာတောင် စာအုပ်ကြီးသမား ဖြစ်ရဦးမယ်။

ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်တွေက ဆေးလိပ်သောက်ပြတော့ ဆေးလိပ်သောက်တာ စတိုင်လိုမျိုး ဖြစ်သွားပြီး လူငယ်တွေ ဆေးလိပ်လိုက်သောက်ကြသလို ရုပ်ရှင်မင်းသားက ဒီလိုပဲ ဆဲပြလိုက်တော့လည်း လူငယ်တွေက ဒါကပဲ ပိုပြီး သွက်လက်သလို စကားပြောရတာ ပိုပြီး အသက်ဝင်သလို ဖြစ်သွားတာ မဆန်းပါဘူး။ ရုပ်ရှင်တွေက လူတွေကို အတော်လွှမ်းမိုး သြဇာ ရှိတာကိုး။ ဒီလိုနဲ့ ဒီစကားလုံးကို သုံးဖန်များလာတော့ လူတွေက လက်ခံနိုင်လာတာရယ် သုံးရတာရော ကြားရတာပါ အကျင့် ဖြစ်လာတာရယ်ကြောင့် ဒီစကားလုံးရဲ့ အနက်ဟာ တိမ်လာပါပြီ။

တီဗွီ အစီအစဉ်တွေမှာလည်း ဒီစကားလုံး သုံးတဲ့ အခန်းတွေ ပါရင် သိပ်ဂရုမစိုက်ကြတော့ပါဘူး။ အခုတော့ ရုပ်ရှင်၊ တီဗွီတွေမှာ ဒီစကားလုံးကို သုံးလား မသုံးလားနဲ့ မတိုင်းတာတော့ဘဲ တစ်နာရီအတွင်းမှာ ဘယ်နှလုံး သုံးသလဲလောက်ကိုပဲ တိုင်းတာနေတဲ့ ပုံစံဖြစ်နေပြန်ပြီ။ ဒါပေမယ့် ဒီလို စကားလုံးမျိုးကို နေ့စဉ်သုံး စကားပြောထဲမှာ မပါအောင်တော့ အတော်ဆင်ခြင်သင့်တာပါ။ ဒါပေမယ့် ဒီစကားလုံးက လူတွေကြားကို အတော်စိမ့်ဝင်နေပြီမို့ ဖက်ရှင်လောကမှာတောင် fcuk ဆိုတဲ့ တံဆိပ်ကို French Connection ဆိုတဲ့ UK က ကုမ္ပဏီက သုံးနေတာ အရမ်းကို အောင်မြင်နေပါတယ်။ လူတောထဲမှာ သူတို့ တံဆိပ်ကို ဆိုင်းဘုတ် အကြီးကြီးနဲ့ ကြော်ငြာထားရင် သူသူငါငါတော့ သတိထားမိမှာပဲ။

မြန်မာတွေ အတွက်တော့ ဒီစကားလုံးကို နားရည်မ၀သေးသလို ပါးစပ်ဖျားမှာလည်း အကျင့် မဖြစ်သေးတော့ ကိစ္စမရှိပါဘူး။ ၀န်ခံရမယ်ဆို ကျွန်တော်လည်း အင်္ဂလိပ်လို “Oh Shit!” လို့ တစ်ခါတစ်လေ ဆဲရေးလိုက်ရရင် သိပ်ကို ပေါ့သွားသလို အာမေဋိတ်သံပြုလိုက်ရတာ အတော်ကို ခံစားချက်ကို ပြလိုက်ရသလိုမျိုး ခံစားမိပါတယ်။ ဒီလိုပဲ သူတို့တွေလည်း ဒီစကားလုံးကို ဆိုလိုရင်းကို မယူဘဲ အာလုပ်သံအနေနဲ့ အရသာ ရှိရှိကြီး သုံးနေကြတာဖြစ်မယ်။

သူတို့ကို မဆိုနဲ့ ကိုယ့်မြန်မာတွေမှာလည်း ဒီလို အတော်အတန် လက်ခံလာတဲ့ (ဒါမှမဟုတ်) အတော်အတန် သုံးလာတဲ့ စကားလုံးက ရှိနေပြန်တယ်။ `သောက်´ ဆိုတဲ့ စကားလုံးပါ။ ဒီစကားလုံးရယ် အင်္ဂလိပ်က စကားလုံးနဲ့က သုံးပုံ သုံးနည်းခြင်းက ဆင်နေပြန်တယ်။ ဒီစကားလုံးကို ကပ်ချင်တဲ့ နေရာမှာသာ ကပ်လိုက် အကပ်ခံရတာကို အထူးပြုသလို ဖြစ်သွားမယ်။ လူရွှင်တော် ဇာဂနာ သတင်းစာ ဖတ်နေတုန်း လက်တစ်ဖက်က ရေထဲမှာ မှောက်ထားတဲ့ ခွက်အလွတ်ကို ဖိထားတာ ခွက်က ပေါ်ပေါ်လာလို သတင်းစာ တစ်ရွက်လှန်လိုက် ဒီသောက်ခွက် ပေါ်လာပြန်ပြီလို့ အော်လိုက်နဲ့ လုပ်နေတာ အရမ်းကို အောင်မြင်တဲ့ ပြက်လုံး တစ်ခု အဖြစ် ကြားဖူးပါတယ်။ လူတွေ အသုံးအများဆုံး ဖြစ်နိုင်တာတော့ `သောက်သုံးမကျဘူး´ လို စကားမျိုးပါ။ အခုအခါ `အသုံးမကျ´တာနဲ့ `သောက်သုံးမကျ´တာ အပြောခံရရင် အတူတူလောက်တောင် ဖြစ်နေပါပြီ။ ယောက်ျားလေးတွေ ပြောကြတာကတော့ `သောက်ရေးမပါတာကွာ´ လိုမျိုး။ မိန်းကလေးတွေ ပြောကြတာကတော့ `သောက်မြင်ကပ်တယ်´လိုမျိုးတွေပါ။ တွင်တွင် သုံးနေပေမယ့် ရိုင်းပျတယ် မခံစားရစေပါဘူး။

တကယ်တော့ `ဆောက်´ ဆိုတဲ့ စကားလုံးကို နည်းနည်း ကြားလို ကောင်းအောင် အသံလွှဲထားတဲ့ ဒီစကားလုံးက ပြောရင် သုံးရင် ကြားရရင် သူ့မူရင်း`ဆောက်´လောက်တော့ ရိုင်းတယ်လို့ မထင်ကြတော့ပါဘူး။ ရန်ဖြစ်တဲ့နေရာမျိုး၊ ဝေဖန်တဲ့ နေရာမျိုးမှာ `သောက်´လိုမျိုး စကားလုံးသုံးရင် အတော် ထိခိုက်နိုင်ပေမယ့် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း ထည့်ပြောမိရင် ပြောမိသူရော၊ နားထောင်နေသူပါ သတိထားမိမယ် မတူပါဘူး။

စကားလုံးတွေရဲ့ အနက်ဟာ အချိန်ကြာလာတာနဲ့ အမျှ သက်ရောက်မှု ပြောင်းလဲနိုင်တာရယ် ရေပန်းစားလာပြီး အသုံးများတဲ့ စကားလုံးတွေကို မူရင်း အဓိပ္ပါယ် ဘာဖြစ်ဖြစ် တွင်တွင် သုံးနေ (သုံးနိုင်) တာရယ်ကြောင့် ခေတ်ကို မီအောင်လိုက်မလား မူရင်း အနက်ကိုပဲ စွဲကိုင်ထားမလားဆိုတာကိုတော့ ကိုယ့်အသိုင်းအ၀ိုင်း ကိုယ့်ပတ်ဝန်းကျင်ကပဲ ဆုံးဖြတ်မယ်လို ကျွန်တော်ကတော့ လက်ခံထားပါတယ်။ ။

Wednesday, March 12, 2008

သွားငုတ်တို လူငုတ်တုတ် (၁၀လ - ၁၁လ)

၁၀လ၊ ၁၁လအရွယ် ကလေးတွေရဲ့ ပုံမှန် တိုးတက်မှုကို `သွားငုတ်တို လူငုတ်တုတ်´ လို့ပြောလို့ ရပါတယ်။ (တချို့ကလည်း `သွားငုတ်တုတ် လူငုတ်တုတ်´လို့ ပြောပါတယ်။) ဆိုတဲ့အတိုင်းပါပဲ သမီးလေး မြတ်နိုးဟာ သွားငုတ်တိုလေးတွေ ထွက်နေပါပြီ။ ငုတ်တုတ်လည်း ထိုင်တတ်နေပါပြီ။ အစက သမီး မထိုင်တော့ ကျွန်တော်တို့မှာ နည်းနည်း စိုးရိမ်လိုက်ရပါသေးတယ်။ ကျောရိုးတွေများ မခိုင်လို့လား ဘာလားပေါ့။ တကယ်တော့ ကလေးတွေရဲ့ တိုးတက်မှုက အချိန်ပိုင်း အနည်းငယ်တော့ ကွားခြားမှာပေါ့။ ထိုင်တတ်သွားတော့လည်း မတ်နေတာပဲ။

မထိုင်တတ်ခင်တုန်းက လက်ကို အားပြုပြီး မှောက်ထားရတဲ့ အတွက် ဆော့ကစားတဲ့ အခါမှာ သူ့အတွက် ဘယ်လိုမှ မလွတ်လပ်ပါဘူး။ အခုလို ထိုင်တတ်သွားတဲ့ အတွက် သူတို့ ဆော့တဲ့ အခါမှာ လက်နှစ်ဘက်က လုံးလုံး အားသွားပြီး ဆိုတော့ လက်နှစ်ဘက်ကို ကောင်းကောင်း အသုံးပြုလို့ ရသွားပါတယ်။ အပြင်သွားတဲ့ အခါမှာလည်း လှည်းပေါ်မှာ နောက်ကို မှီမထိုင်ဘဲ သူဘာသာသူ မတ်မတ် ထိုင်လိုက်လာပြီး ပတ်ဝန်းကျင်ကို ပိုကြည့်တတ်၊ ပျော်တတ်လာပါတယ်။ ထိုင်တတ်ပြီးမှ အပြင်သွားရတာ ပိုအဆင်ပြေလာပါတယ်။ လက်တွေကိုလည်း တခြား အပြုအမူတွေ အတွက် လှုပ်ရှားတတ်လာပါတယ်။ ကျွန်တော် ရုံးသွားခါနီး သူ့အမေက သမီးရေး တာ့တာ့လုပ်လိုက်ဆိုရင်လည်း လက်တွေကို ဝှေ့ယမ်းတတ်လာပါတယ်။ အပြင်သွားလို့ တခြားကလေးတွေကို ဟဲလိုလုပ်လိုက်ဆိုရင်လည်း လက်ကလေးကို ဆုပ်လိုက် ဖြန့်လိုက် လုပ်တတ်လာပါတယ်။ နောက်ပြီး သီချင်းတွေ ဘာတွေ ဆိုပြရင် လက်ခုပ် လိုက်တီးတတ်လာပါတယ်။ သမီးရေ လက်ခုပ်တီးလိုက်လို့ ပြောတာကိုလည်း နားလည်းပြီး လိုက်လုပ်ပါတယ်။ ညနေ ညနေကျရင်လည်း ငှက်ကြည့်ထွက်တဲ့ အခါ ကျွန်တော်က ငှက်တွေကို လက်ညှိုးထိုးပြနေကျဆိုတော့ ငှက်ကလေးတွေ တွေ့ရင် သမီးက လက်ညှိုး ထိုးတတ်ပါတယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံး အနှစ်သက်ဆုံး တိုးတက်မှုကတော့ ပြုံးတတ်လာတာပါပဲ။ အစက သမီးက မပြုံးမရယ်နဲ့လေ။ အဖေနဲ့ အမေ နှစ်ယောက်စလုံးကလည်း နဂိုကတည်းကမှ လူမှုရေးက ခပ်ညံ့ညံ့ရယ်ဆိုတော့ ဒီလို သွေးတွေ ပါလာပြီး မပြုံးတတ်တာများလာလို့တောင် တွေးမိတယ်။ အဖေနဲ့ မြှောက်ဟယ် ပြုဟယ် ဆော့ရင်တော့ ခိုးခိုးခစ်ခစ် ရယ်တာပေါ့။ ဒါပေမယ့် တစ်စက်မှ မပြုံးခဲ့ပါဘူး။ သူပြုံးတတ်တော့ ကျွန်တော်တို့မှာ ကြည်နူးလိုက်ရတာ။ အခုဆို တစ်ခုခုကို နှစ်သက် သဘောကျရင်လည်း ပြုံးတယ်။ သူကို ခေါ်လိုက်ရင်လည်း လှည့်ကြည့်ပြီး ပြုံးပြပါတယ်။ အကောင်းဆုံးကတော့ လမ်းမှာ လူတွေနဲ့ တွေ့ရင် ပြုံးပြီး နှုတ်ဆက်တတ်တာပဲ။ ဒီက ဘို အဖွားကြီးတွေ၊ အဒေါ်ကြီးတွေက ကလေးချစ်တတ်ပြီး သူ့ကို အရေးတယူ ရှိလှပါတယ်။ အဲလိုမျိုးဆိုရင်များ သူက ပြုံးပြီး ပြန်နှုတ်ဆက်လိုက်ရင် အဖွားကြီးတွေမှာ သဘောတွေကျလို့။ အဲဒီလို နှုတ်ဆက်ပြုံးတာရယ်၊ သဘောကျလို့ ပြုံးတာရယ်အပြင် နားမလည်တာတို့ အားနာလို့ ပြုံးတာမျိုးတွေလည်း လုပ်တတ်ပါသေးတယ်။

ပြီးတော့ ပြောရင် ယုံမှာ မဟုတ်ဘူး။ သမီးက လှောင်ပြုံးလည်း ပြုံးတတ်သေးတယ်။ သူဆော့နေတဲ့ အရုပ်ကလေးကို အမေက ကလေးလေး တစ်ယောက်လို ပြုစုပေးသလို လုပ်ပြရင် သူကများ ``ဟယ် အရုပ်ကြီးကိုများ တကယ့် ကလေးကျနေတာပဲ ပေါနေလား မသိဘူး´´ တွေးပြီး လှောင်ပြုံးနေသလိုပါပဲ။ အဖေရှိရင် အဖေ့ဖက်ပါ လှည့်ကြည့်ပြီး မေမေတော့ ပေါနေတယ် ဆိုပြီး လှမ်းပြုံးပြလိုက်ပါသေးတယ်။ တကယ်ပါ။ တစ်ခေါက် နှစ်ခေါက်မဟုတ်ဘူး။ သူ့ကို အဲဒီလို လုပ်ပြတိုင်း အဲဒီလိုမျိုး ပြုံးပြတယ်။ နောက်ပြီး တီဗွီမှာ ကြော်ငြာလာရင် သူကြိုက်တဲ့ ကြော်ငြာဆိုရင် အပြေးအလွှား လာကြည့်ပြီး စိတ်ဝင်စားရင် နှုတ်ခမ်းလေး ထော်လာပြီး ကြည့်ပါတယ်။ တချို့ကြော်ငြာတွေဆို ငပေါဆိုပြီး ပြုံးပြတတ်ပါတယ်။ မှတ်မှတ်ရရ အမြွာ ကောင်လေး နှစ်ယောက်က `ဒီပစ္စည်းကို သုံးပါ´(လိုမျိုး) ဆိုပြီး ပြိုင်တူပြောရင် သူကများ လှောင်ပြုံး ပြုံးပါသေးတယ်။ တစ်ခါတစ်လေကျတော့ သွားငုတ်တိုလေးတွေနဲ့ ပြုံးတာ အဖွားကြီးလေး ကျနေတာပဲ။

တကယ်တော့ သမီးက မျက်နှာက ကြွက်သားတွေကို အတော် ထိန်းချုပ် လှုပ်ရှားတတ်တော့ ပြုံးတတ်လာတာပါ။ လူကြီးတွေရဲ့ မျက်နှာ အမူအရာတွေကိုလည်း ကြည့်ပြီး အတုခိုး လှုပ်ရှားတတ်လာပါတယ်။ နှာခေါင်းရှုံ့ပြရင် လိုက်လုပ်တယ်။ နှုတ်ခမ်းစူပြရင်လိုက်လုပ်မယ်။ သူမကြိုက်တာ တစ်ခုခုဆိုရင်လည်း နှုတ်ခမ်းစူပြတယ်။ ဘယ်ကနေ ဘယ်လို တတ်လာမှန်းကို မသိတာ။ မူကြိုပို့တယ်ဆိုရင် မူကြိုက တတ်လာတယ် ထင်ဦးမယ်။ နောက်ပြီး သူကို တစ်ခုခု မလုပ်ဖို့တားလိုက်ရင် ဆွဲလိုက်ရင် မျက်နှာကို ရှုံ့မဲ့ပြီး သူ့လက်ကလေး နှစ်ဖက်နဲ့ သူ့ခေါင်းကိုသူ ပြန်ရိုက်ပြီး ဆန္ဒပြတတ်ပါသေးတယ်။ ကျွန်တော်တို့မှာ အဲဒါကိုပဲ ကြည့်ပြီး ငိုအားထက် ရယ်အားသန် ဖြစ်ရပါတယ်။

ဆော့တာလည်း ဘာဆော့သလည်း မမေးနဲ့။ တစ်အိမ်လုံးကို ပတ်ဆော့နေတာပဲ။ အိမ်က ကျယ်ပြီး အခင်းခင်းထားလို့ တော်တော့တယ်။ မနက်မိုးလင်းရင် သူ့ဘာသာသူ ထပြီး ဆော့နေပြီ။ ကျွန်တော်တို့က ကုတင်မသုံးတော့ဘူး။ ကြမ်းပြင်ပေါ်မှာပဲ မွှေ့ယာကို ဒီအတိုင်း ချပြီး အိပ်တော့ သူပြုတ်ကျမှာ မပူရတော့ဘူး။ ကလေးတွေ တိုးတက်တာများ စောင့်ကြည့်နေရင် အင်မတန် ကြည်နူးဖို့ ကောင်းတယ်။ အစတုန်းက မွှေ့ယာပေါ်က ဆင်းရင် ခေါင်းနဲ့ ၀မ်းလျားထိုး ဆင်းချတယ်။ မျက်နှာတွေ ဘာတွေတော့ နည်းနည်း နာမှာပဲ။ အခုတော့ လည်သွားပြီ။ အစပ်ကို ရောက်ရင် ဖင်လေးကို လှည့်လိုက်တယ်။ ပြီးတော့ ခြေထောက်တစ်ချောင်း အရင်ချတယ်။ ပြီးမှာ နောက်တစ်ချောင်းချတယ်။ ပြီးမှ လက်ကို တစ်ဘက်ချင်း လွှတ်တယ်။ ပြီးရင် ကစားစရာလေးတွေနဲ့ စကားတပြောပြော ဆော့နေရော။ အမေကလည်း သူဆော့ဖို့ ကစားစရာတွေကို အိပ်ခန်းထဲမှာ သတ်သတ် ထားပေးတယ်လေ။ ဆော့လို့ ၀ပြီဆိုရင် လူကြီးတွေကို အတင်းလာနှိုးပြီး အပြင် ထွက်ဖို့ ခေါ်တော့တာပဲ။ အိပ်ခန်း တခါးကိုလည်း သူ့ဘာသာသူ ဆွဲဖွင့်တတ်တယ်။ ဒါပေမယ့် အပြင်ကိုတော့ တစ်ယောက်တည်း မထွက်ချင်ဘူး။ အတင်းလာနှိုးပြီးမှ အတူတူ ထွက်တယ်။

ဆော့ကစားတဲ့ နေရာမှာ တိုးတက်မှုကတော့ ကစားစရာတွေကို ပေါင်းစပ် ဆော့တတ်လာတယ်။ ဥပမာ ပစ္စည်းအသေးကို အကြီးထဲ ထည့်တာမျိုး၊ နှစ်ခုကို အသံမြည်အောင် ရိုက်တာမျိုးတွေပါ။ ဆော့စရာ တစ်ခုတည်းမှာကိုလည်း ပိုပြီးတော့ အချိန်ပေး စိတ်ဝင်တစား ဆော့လာတယ်။ ဆော့စရာတွေကတော့ သီးသန့် ၀ယ်ပေးထားစရာ မလိုပါဘူး။ ဘူးတွေ၊ ခွက်တွေဆိုရင် သိပ်ကြိုက်။ အသံမြည်တာတွေကို ပိုကြိုက်တယ်။ တီးလုံးသံ ကြားရင်လည်း ထိုင်နေရင်တောင် ကိုယ်လေးကို ယိမ်းပြီး လိုက်`က´တယ်။ နောက်ပြီး ကြိုက်တတ်လာတာက စာအုပ်ကလေးတွေပါ။ စာအုပ်ထဲက ပုံတွေကို စိတ်ဝင်တစား ကြည့်တတ်လာပြီး။ Touch and Feel လုပ်လို့ရတဲ့ စာအုပ်တွေကို ပိုပြီး စိတ်ဝင်စားလာပါတယ်။ အဲဒီ စာအုပ်ကလေးတွေက အမွှေးပွ ခွေးကလေးဆို အမွှေးလေးတွေ ကပ်ထားမယ်။ လိမ္မော်သီပုံးဆိုရင် အဖုလေးတွေ လုပ်ထားတယ် ဆိုတော့ ကလေးတွေက အမြင်အာရုံရယ် လက်မှ တွေ့ထိခံစားမှုရယ်ကို ပေါင်းစပ် ခံစားတတ်၊ မှတ်တတ် လာပါတယ်။ တစ်ခါတစ်လေကျရင် သူဘာသာသူ စာအုပ်ကလေးတွေ ကြည့်နေတတ်ပါတယ်။

သွားလေးတွေကတော့ အခု စာရေးနေချိန်မှာ ၅ ချောင်း ရှိနေပါပြီ။ အောက်သွား နှစ်ချောင်း၊ အပေါ်သွား သုံးချောင်း ပေါက်နေပါပြီ။ တိုက်ဆိုင်တာပဲလား တကယ်ပဲလားတော့ မသိ။ သွားပေါက်တိုင်း သမီးလေးမှာ ဖျားပါတယ်။ အထူးသဖြင့်တော့ အပေါ်သွားတွေ။ အနည်းဆုံးတော့ ကိုယ်ပူပါတယ်။ ဆရာဝန်ကတော့ မဆိုင်ဘူးတဲ့ Infection တစ်ခုခု ၀င်လို့ ဖြစ်တာတဲ့။ ဒါပေမယ့် သူသွားပေါက်ခါနီး သူ့သွားဖုံးလေးကို တိုးထွက်ပြီး ပေါက်လို့ အဲဒီကနေရော Infection ၀င်တာ မဖြစ်နိုင်ဘူးလား။ နောက်ပြီး ကလေးတွေက ပထမ တစ်နှစ်မှာ မိခင်ဆီကနေ ကိုယ်ခံအားကို အလျှံပယ် ရထားလို့ တော်ရုံတန်ရုံ ဘာမှ မဖြစ်ပေမယ့် တစ်နှစ်ကျော်တာနဲ့ စပြီး ဖျားနာတော့တာပဲ။ ၀မ်းသွားတာတို့၊ Ear Infection တို့၊ အဆုပ်အအေးမိတာတို့ ဖြစ်နေတာတွေ ကြားနေရမယ်။ သမီးလည်း ခဏခဏ ဖျားတာပဲ။ အခုဆို သူဖျားတာ ၃ခါ ရှိပြီ။ တစ်ခေါက်ဆို ပဋိဇီဝဆေးတွေ (Amoxicillin) တောင် တိုက်ရပါတယ်။ သမီးက အမေနို့ကို ၄လလောက်ပဲ စို့လိုက်ရတော့ ကျွန်တော်တို့က ပိုပြီး စိုးရိမ်ရပါတယ်။ အမေနို့ ကြာကြာစို့ထားရင်တော့ ပိုပြီး ခံနိုင်ရည် ရှိမှာပါ။

ဖျားနာလို့ ဆေးခန်းသွားပြီဆိုရင် သမီးက ဆရာဝန် စမ်းသပ်ရင် ကြောက်တတ်ပါတယ်။ သူကို ချုပ်ပြီး ဆရာဝန်က စမ်းနေပြီဆို အော်ငိုနေတော့တာပဲ။ ဆရာဝန်က ကောင်းကောင်း စမ်းလို့ မရမှာလည်း ပူရပါသေးတယ်။ အခုဆို အဲဒီလိုမျိုး ဆေးခန်းထဲကို ၀င်ပြီး လူစိမ်းမြင်ရင်တောင် ကြောက်တတ်နေပါပြီ။ သမီးက လူတွေ အများကြီးနဲ့လည်း မနေရတော့ ဒီလို ဖြစ်တာ မဆန်းပါဘူး။ ရန်ကုန်က တူတွေ တူမလေးတွေဆိုရင် အမျိုးတွေ တသိုက်ကြီးနဲ့ နေရတော့ ပိုလည်းတတ်ပြီး ပိုလည်းရဲပါတယ်။ အဲဒါကြောင့် သမီးလေးကို အရွယ်နည်းနည်းရရင် ကလေးထိန်းကျောင်းကို တစ်ပတ်မှာ တစ်ရက် နှစ်ရက်လောက် ပို့ဖို့ စဉ်းစားနေရပါပြီ။ သူငယ်ချင်း ကလေးလေးများ တစ်နှစ်လောက်ကတည်းက ကလေးထိန်းကျောင်း ပို့ထားတာ အတော် သွက်လက်ချက်ချာပြီး တတ်နေပါပြီ။ သမီးကလည်း သူကို တစ်ခုခု အတင်းအကြပ် လုပ်ထားရင် မှတ်ထားပြီး အဲဒီလိုမျိုး အခြေအနေကို ပြန်ကြုံပြီဆို သူက ကြိုသိနေပါပြီ။ နောက်ပြီး Aware of Danger ဖြစ်လာတာလည်း ပါပါတယ်။ သူ့အတွက် အန္တရာယ် ရှိနိုင်တဲ့ အနေအထားတွေကို သိလာပြီး ဆင်ခြင်ပါတယ်။ အသံဆူဆူကြားရင် လူကြီးကို ဖတ်ထားမယ်။ သူချော်လဲ ပြုတ်ကျမယ့် အနေအထားမှာဆိုရင် လက်က မြဲမြဲကိုင်ထားမယ် ခြေထောက်ကို အသေအချာရပ်ထားမယ်။ အဲဒီလိုမျိုးတွေပါ။

သွားပေါက်လာတဲ့ အတွက် အစားအသောက်တွေလည်း ပုံစံ ပြောင်းရပါပြီ။ အခုဆို ၀ါးစားလို့ရတာတွေကို သူက ပိုပြီး နှစ်သက်လာပါတယ်။ ဆန်ပြုတ်လိုမျိုး ကျွေးလို့ကတော့ ဗြစ်ကနဲ ထွေးထုတ်လိုက်မယ်။ ထမင်းကိုလည်း ပျော့ပျော့ ပြုတ်ကျွေးရင် ရပါပြီ။ အရင်ကလို မွှေစက်နဲ့ ချေစရာမလိုတော့ပါဘူး။ ဘီစကစ်လိုမျိုး၊ ချိစ်အပြားလေးတွေမျိုးကို တစ်ကိုက်စီ ကိုက်စား ၀ါးစားရတာကို ကြိုက်လာပါတယ်။ နောက်ပြီး Pasta ဖတ်လေးတွေကို ပြုတ်ကျွေးတာတို့၊ ကြက်ဥပြုတ်တို့ကိုလည်း အရမ်းကြိုက်ပါတယ်။ ကြက်ဥဆို အနှစ်ကို အရင်ကျွေးပြီး တစ်နှစ်ကျော်မှ အကာကျွေးရမယ်ဆိုပေမယ့် သမီးက အကာကိုပဲ ကြိုက်ပါတယ်။ အနှစ်ကို ဘယ်လိုမှ ကျွေးလို့ မရပါဘူး။ သူက အနှစ်ကို မကြိုက်တာက အနှစ်ကို ပြုတ်ထားတာကို ပါးစပ်ထဲ ထည့်လိုက်ရင် အမှုန့်လေးတွေ ဖြစ်သွားတာမျိုးကို မကြိုက်တာပါ။ အဖေတူ သမီးလေ။ အစားအစာကို အရသာတင်မက Texture ကိုပါ ခံစားပြီး စားတတ်နေပြီ။ အခုဆို ထမင်းစားပွဲဝိုင်းမှာ သူကလည်း ထိုင်ပြီး ကျွန်တော်တို့ ပန်းကန်ထဲက အစာ တချို့ကို ကျွေးထားရင် သူဘာသာသူ စားနေပါပြီ။ အစာဖတ်လေးတွေကို ချကျွေးထားတဲ့ အတွက် သူရဲ့ လက်ချောင်းလေးတွေက အကိုင်အတွယ် တိုးတက်လာပါတယ်။ လက်မနဲ့ လက်ချောင်းလေးတွေ သုံးပြီး ကောက်တတ်တယ်။ ပြီးရင် ပါးစပ်ထဲကို ထည့်တတ်တယ်။ နောက်ပြီး ခွက်နဲ့ အရည်သောက်တတ်အောင် ကျင့်ပေးနေပါပြီ။ သမီးကလည်း အဲဒီလို သောက်ရတာကို အသစ်အဆန်းဆိုတော့ အင်မတန် နှစ်ချိုက်ပါတယ်။ ခွက်လို ကစားစရာတွေ တွေ့ရင်လည်း ပါးစပ်လေးနဲ့ တေ့ပြီး သောက်ကြည့်ပါတယ်။

နောက်ပြီး သမီးက ပစ္စည်းတွေကို ဘယ်လို ကိုင်ရမယ်ဆိုတာကို သူလည်း မသင်ပေးဘဲနဲ့ ကျွမ်းကျွမ်းကျင်ကျင် မှန်မှန်ကန်ကန် ကိုင်တတ်တာပါ။ ဥပမာ ဖုန်းပေးထားရင် ဖုန်းကို စင်္ကာပူက လူတွေ SMS ပို့သလိုပါပဲ။ လက်ကလေးနှစ်ဘက်နဲ့ ကိုင်ပြီး လက်မလေးတွေက ခလုတ်တွေကို မျိုးစုံ နှိပ်မယ်။ တီဗွီ Remote Control ဆိုရင်လည်း လက်တစ်ဘက်နဲ့ပဲ ကိုင်ပြီး ခလုတ်တွေကို နှိပ်မယ်။ ဘောပင်ဆိုရင်လည်း လက်ထဲမှာ အသေ ဆုပ်ကိုင်ထားတာ မဟုတ်ဘဲ လူကြီးတွေ စာရေးသလို လက်ချောင်းလေးတွေနဲ့ ကိုင်တာပါ။

သမီးဟာ သူ့ဖွံ့ဖြိုးမှုတွေကို သူသိလာပြီး သူဘာလုပ်နိုင်တယ်ဆိုတာကို စမ်းသပ်ပြီး တိုးတက်အောင် လုပ်တတ်လာပါတယ်။ ပရိဘောဂတွေကို ကိုင်ပြီး လျှောက်သွားနေတာတော့ အတော် ကြာပါပြီ။ အခုဆို တစ်နေရာကနေ တစ်နေရာကို လက်လွှတ်ပြီး အပြေးသွားကြည့်ပါတယ်။ အနားမှာ အဖေ၊ အမေရပ်နေရင် တစ်ခုခုကို ကိုင်ထားပြီး ရပ်နေရာကနေ လက်လွှတ်လိုက်ပြီး နှစ်လှမ်း၊ သုံးလှမ်း အမြန်လှမ်းလာပါတယ်။ ပြီးတော့ အဖေအမေဆီကို ဒိုင်ဗင်ထိုးချလိုက်တာပဲ။ အဲဒါကို ကျွန်တော်က စမ်းတဲ့ အနေနဲ့ နည်းနည်း ခွာရပ်လိုက်ရင် သူခမျာ အတော် ချိန်ဆပြီး နီးအောင် နည်းနည်း တိုးလာပါသေးတယ်။ ပြီးတော့မှ သူလှမ်းနိုင်တဲ့ အကွာအဝေးရောက်မှ လူကြီးဆီ အပြေးလာတာပါ။ အရမ်းဝေးအောင် နေလိုက်ရင် အောက်မှ အရင် ထိုင်ချ လိုက်ပြီးတော့မှ ပြန်ကုန်းထလာပြီး လူကြီးဆီ တိုးဝင်လာတာပါ။ အခုမှ အဲဒီလို သူဘာသာသူ ရပ်နိုင်တာပါ။ အမှီတစ်ခုခုနားမှာ ဆိုရင်တော့ ဖတ်ကနဲ ရပ်လိုက်နိုင်သွားပါတယ်။ အရင်တုန်းက အမှီကို ဆွဲပြီးမှ ရပ်တာပါ။ ပြီးတော့ တိုင်ကွယ်ပြီး တူတူ ပုန်းတမ်းကို ကောင်းကောင်းကြီး ဆော့တတ်နေပါပြီ။ သူနဲ့ လူကြီးကြားမှာ တစ်ခုခု ရှိနေရင် မမြင်အောင် ကွယ်ပြီးနေမယ်၊ ပြီးမှ မြင်အောင် ကိုယ်လေးကို တိမ်းပြီး မြင်သွားမှ ပြုံးပြမယ်။ အဲဒီလိုမျိုးပါ။

အခုအချိန်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေဟာ တစတစ တိုးတက်လာပါတယ်။ လူကြီးတွေ အ၀တ်အစား အသစ် ၀တ်ထားလို့ကတော့ အပြင်သွားမှာကို သိနေပြီး သူကျန်ခဲ့မှာ စိုးလို့ လူပေါ်က မဆင်းတော့ဘူး။ တွယ်ကပ်နေရော။ ဒါပေမယ့် အိမ်မှာနေရင်တော့ သူဘာသာသူ ပျော်အောင် နေတတ် ဆော့တတ်နေပါတယ်။ အမေကလည်း ကိုယ်ဝန်နဲ့ ဆိုတော့ သူကို မချီနိုင်တော့ သူ့ခမျာ အောက်မှာပဲ သူ့ဘာသာသူ အိပ်ပါတယ်။ အရမ်း အိပ်ချင်ရင် သူနေရာသူ သွားပြီး သူ့စောင်လေးကို ဖက်ပြီး အိပ်ပျော်သွားတတ်ပါတယ်။ လူကြီးက ချီပြီး သိပ်စရာ မလိုတော့ပါဘူး။ သနားလည်း သနားပါတယ်။ Fergie ရဲ့ Big Girls Don't Cry သီချင်းထဲက I'm gonna miss you like a child misses their blanket ဆိုတာ မျိုးပေါ့။ သမီးက သူ့စောင်လေးကို အရမ်းတွယ်တာပါတယ်။ အဲဒီစောင်လေးကို လုံးပြီး ကိုင်ထားရရင် သူ့အတွက် လုံခြုံနေသလိုပါပဲ။ အိပ်ပြီဆိုရင် အဲဒီ စောင်လေး ရှိနေမှ အိပ်တတ်ပါတယ်။ တစ်ခါတစ်လေ လျှော်ထားလို့ မခြောက်သေးရင် တခြားစောင်ပေးတောင် မရပါဘူး။ ကျွန်တော် ညီမ(၀မ်းကွဲ) တစ်ယောက်လည်း သူငယ်ငယ်က အိပ်တဲ့ စောင်ကလေးကို တက္ကသိုလ် တက်တဲ့ အရွယ် အထိ စွဲလန်းနေပြီး သူ့အမေက နောက်ဆုံး ဘယ်လိုမှ သုံးလိုမရလို့ လဲပေးလိုက်တာ စောင်အသစ်နဲ့ မအိပ်တတ်လို့ဆိုပြီး ဖြစ်တယ် ကြားဖူးပါသေးတယ်။ သမီးလည်း အဲဒီလို ဖြစ်နေဦးမယ်။

ဒီအရွယ် သွားငုတ်တို လူငုတ်တုတ် အရွယ်မှာ သွားပေါက်လာတာရယ်၊ ထိုင်တတ်လာတာရယ် အပြင် လက်ကို အမျိုးမျိုး လှုပ်ရှားတတ်လာတာရယ်၊ Social ရလာတာရယ်တွေက ကျွန်တော်တို့ အတွက်တော့ အဆန်းတကြယ် တိုးတက်မှုတွေပါပဲ။ ။

Pet ကလေး အရွယ် (၈လမှ ၉လ)
သမီးရဲ့ အစားအစာနဲ့ တိုးတက်မှု ( ၅လမှ ၈လ အထိ)
လေးလကျော်ရွယ် ချစ်စဖွယ်
၃လပြည့်
အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)
တစ်လပြည့်အလှူ
သမီးလေးရဲ့ တိုးတက်မှု

Sunday, March 02, 2008

အမည် ပြောင်းခြင်း

ဆစ်ဒနီရောက်ပြီး ခဏနေတော့ ဘဏ်စားရင်း သွားဖွင့်တယ်။ ဘဏ်စာရေးမက ကျွန်ပြူတာမှာ အချက်အလက်တွေ ထည့်တော့ နိုင်ငံနေရာမှာ “Myanmar” နဲ့ ထည့်မလို့ Drop-down list မှာ ရှာတာ မတွေ့ဘူး ဖြစ်နေတယ်။ ဟင်းဟင်း... ဒါမျိုးတွေ ရိုးနေပြီ။ “Burma” လို့ရှာ ဆိုပြီး စာရေးမကို ခပ်တည်တည်နဲ့ ပြောလိုက်တယ်။ အဲဒါလည်း မတွေ့ဘူး ဖြစ်နေတယ်။ ပြဿနာပဲ ဒီ ကွန်ပြူတာ စနစ်လုပ်တဲ့သူကလည်း ဒီနိုင်ငံလေးတောင် မေ့ရသလား။ ငါ့နိုင်ငံကိုများ Sanction လုပ်ထားလို့ ဒီမှာ ဘဏ်စာရင်းတောင် ဖွင့်လို့ မရဘူးလားလို့တောင် တွေးမိတယ်။ တွေးလည်း တွေးချင်စရာပဲလေ။ နည်းပညာ Web Site တစ်ခု ဖြစ်တဲ့ Oracle မှာ ပရိုဂရမ်တွေ Download လုပ်ချင်ရင် ကျွန်တော်ဟာ မြန်မာပြည်၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံက မဟုတ်ပါဘူးလို့ ကျိန်ရတယ်လေ။ ခပ်တည်တည်ပဲ ငါနေတာ မြန်မာပြည် မဟုတ်လို့ Download လုပ်လို့ရတယ်ဆိုပြီး Download လုပ်နေကျလေ။ အခုတော့ ဘဏ်စာရင်းလေးတောင် ဖွင့်လို့ မရတော့ဘူးလားဆိုပြီး ၀မ်းနည်းမိတယ်။ စိတ်ရှည်တဲ့ စာရေးမက နိုင်ငံစာရင်းကို အပေါ်ကနေ တစ်ခုစီ ကြည့်လာတာ နောက်ဆုံးနားမှာ “Union of Myanmar” ဆိုပြီး သွားတွေ့လို့ နောက်ဆုံး ဘဏ်စာရင်းလေး တစ်ခု ဖွင့်လို့ ရသွားတယ်။ အင်တာနက်နဲ့ ကွန်ပြူတာ စနစ်တွေ ဒီလောက် သုံးလာတာ နိုင်ငံစာရင်းတွေမှာ မြန်မာပြည်ကို “Union of Myanmar” ဆိုပြီးသုံးတာ ဆိုလို့ ဒါ ပထမဆုံး တွေ့ဖူးခြင်းပဲ။ အင်မတန် တိကျတဲ့ စနစ်နဲ့ သွားတွေ့နေသကိုး။ တော်သေးတယ် နိုင်ငံ၏ မြို့တော်ကို မဖြည့်ရလို့။ နေပြည်တော်ကို စာလုံး ဘယ်လို ပေါင်းလဲ အခုထက်ထိ မသိသေးဘူး။ အဆိုးဆုံးကတော့ ကိုယ်စာကို ကိုယ်ဘယ်လို ခေါ်မှန်းလည်း အသေအချာ မသိသေးဘူး။ Burmese လား Myanmarese လား Myanmar ပဲလား။ လူမျိုးဖြည့်တော့လည်း Burmese ပဲ ဖြည့်ရမလား Myanmar ပဲ ဖြည့်ရမလား ဖြည့်တိုင်း စဉ်းစားရတယ်။ ပြောင်းမယ်ဆိုလည်း အကုန်ပြောင်းပြီး အတိအကျ ပြောမှပေါ့။ (တကယ်လို့ တရားဝင် ပြောထားတာ ရှိရင်လည်း ညွှန်းကြပါဦး။) မရှိရင်တော့လည်း အင်္ဂလိပ် သတင်းစာ (News Light of Myanmar) ကသုံးသလိုပဲ လိုက်သုံးရမလားပဲ။

ဟာသတစ်ခုထဲကလို ရှရှက မြို့တစ်မြို့မှာ တစ်သက်လုံး နေခဲ့တဲ့ အဘိုးကြီး တစ်ယောက်ကို မေးတော့ ပြန်ဖြေတယ်။
ဘယ်မှာမွေးလဲ - စိန့်ပီတာစဘာ့ဂ်။
ဘယ်မှာ ကျောင်းနေသလဲ - ပီထရိုဂရက်။
အလုပ် ဘယ်မှာ လုပ်လဲ - လီနင်ဂရက်။
အငြိမ်းစားယူပြီး ဘယ်မှာနေလဲ - စိန့်ပီတာစဘာ့ဂ် တဲ့။

တို့တိုင်းပြည်ကြီးမှာမှ ရွှေဉာဏ်တော် စူးရောက်ပြီး နာမည်တွေ ပြောင်းတာ မဟုတ်။ တစ်ကမ္ဘာလုံးမှာ ပြောင်းနေကြတယ်။ တကယ်တော့ နိုင်ငံနာမည်တွေ မြို့နာမည်တွေ ပြောင်းတယ်ဆိုတာ အမျိုးသားရေးကို ဗန်းပြထားတဲ့ နိုင်ငံရေး လှည့်ကွက် တစ်ခုပါပဲ။ နိုင်ငံရေး လှည့်ကွက်မဟုတ်တဲ့ အမည်ပြောင်းမှု သန့်သန့်တွေ နောက်ကွယ်တွေမှာတောင် တခြားသော နိုင်ငံရေး အကြောင်းအရာတွေ ရှိနေနိုင်ပါသေးတယ်။ ဒီလို နာမည်တွေ ပြောင်းတာ ဌာနေတွေတင် မျက်စိလည်တာ မဟုတ် ဧည့်သည်တွေလည်း ပိုပြီးတောင် မျက်စိလည်တာပဲ။ ခရီးသွားတွေက လမ်းညွှန် စာအုပ် အဟောင်းလေးတွေနဲ့ ဆိုလို့ကတော့ ပိုဆိုးမယ်။ မြန်မာပြည်ကို လာလည်တဲ့ အင်္ဂလိပ် အဘိုးကြီး အဘွားကြီးတွေ ဒီလို ဖြစ်တတ်တယ်ဆိုတာ ကိုစောဖုန်းလူရဲ့ ကျွန်ုပ်နှင် စစ်ကြိုခေတ်မှာ ဖတ်လိုက်ရသေးတယ်။ အထူးသဖြင့်တော့ မြေပုံလုပ်တဲ့ သူတွေ၊ ပထ၀ီဝင် လေ့လာသူတွေ၊ စာတိုက်မှ တာဝန်ရှိသူတွေနဲ့ စစ်ရေး စစ်ရာ သက်ဆိုင်တဲ့ သူတွေမှာ ဒီလို ပြောင်းလဲလိုက်တဲ့ အမည်တွေကို အလျဉ်မီနေရပါတယ်။

နိုင်ငံတွေ လွတ်လပ်ရေး ရကြတော့ နာမည်တွေ ပြောင်းကြ၊ နာမည်တွေ ပေးကြ လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် အာဖရိကနိုင်ငံတွေမှာ လွတ်လပ်ရေး ရကြတော့ နာမည်အသစ်နဲ့ တိုင်းပြည်တွေ အလျှိုလျှိုပေါ်လာတယ်။ ကိုလိုနီခေတ်မှာ စီဆဲရုဒ်စ် (Cecil Rhodes) ဆိုသူကို အစွဲပြုပြီး ပေးထားတဲ့ ရိုဒေးရှား (Rhodesia)ဆိုတဲ့ အာဖရိကက မိုင်းတွင်း နိုင်ငံက လွတ်လပ်ရေးရတော့ တောင်ဘက် အခြမ်းက ဇင်ဘာဘွေ (Zimbabwe)ဆိုတဲ့ နိုင်ငံဖြစ်၊ မြောက်ဘက်က ဇမ်းဘီယား(Zambia) ဆိုတဲ့နိုင်ငံတွေ ဖြစ်လာတယ်။ ကိုလိုနီ လက်အောက်က လွတ်ပြီးမှ နိုင်ငံ(ဒေသ) နာမည် နောက်မှာ အထူးပြုမှု နည်းနည်းပိုလာတာက ဟောင်ကောင်နဲ့ မကာအိုပါ။ Hong Kong (S.A.R.) နဲ့ Macao (S.A.R.) အသီးသီးပါ။ အင်္ဂလိပ် အုပ်ချုပ်မှု အောက်နေ ထွက်လာပြီး တရုတ်ပြည်မကြီးရဲ့ အထူးအုပ်ချုပ်မှု ဒေသ (SAR - Special Administrative Region) ဖြစ်သွားလို့ပါ။ တိုင်းပြည်တွေ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက် ကွဲနေရာကနေ ပြန်ပေါင်းပြီး အထူးပြုမှုတွေ ပြုတ်သွားတဲ့ နိုင်ငံ တချို့အတွက် ဥပမာကတော့ ဂျာမနီ (အရှေ့ - အနောက်)နဲ့ ယီမင် (ပြည်မနဲ့ တောင်ယီမင်) တို့ပါ။

ဆိုဗီယက် ပြည်ထောင်စုကြီး (Soviet Union) က ကွဲထွက်သွားပြီး သူဘာသူ နိုင်ငံ အဖြစ် ရပ်တည်နေတဲ့ နိုင်ငံအသစ်တွေကတော့ အတော် များပါတယ်။ လူသိများတာတွေကတော့ ဂျော်ဂျီယာ (Georgia)၊ ယူကရိန်း (Ukraine) ၊ Harrison Ford ရဲ့ Air Force One ရုပ်ရှင်ထဲက လေယာဉ်ပြန်ပေးသမားတွေ အပေးအယူလုပ်ပြီး ပြန်လွှတ်ခိုင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ရဲ့ ကာဇက်စတန် (Kazakhstan)၊ ဥဇ်ဘက်ကင်စတန် (Uzbekistan )၊ အဇာဘိုင်ဂျန် (Azerbaijan)၊ အီစတိုးနီးယား (Estonia)၊ လစ်သူရေးနီးယား (Lithuania) တို့နဲ့ ရုရှပြည်ထောင်စုကြီး (Russian Federation) ကိုယ်တိုင်ပါပဲ။ ယူဂိုစလဗ်ကနေ ခွဲထွက်လာတဲ့ပြီး နိုင်ငံ ဖြစ်လာတာ တချို့က ခရိုအေးရှား (Croatia )၊ ဘောစနီးယား-ဟာဇီဂိုးဗီးနား (Bosnia and Herzegovina) နဲ့၊ ဆားဗီးယား (Serbia)တို့ပါ။ ကိုဆိုဗို (Kosovo) က အခုတလောကမှ ဆားဗီးယားကနေ ခွဲထွက်လိုက်ပြန်တယ်။ ဒီလိုဆိုရင် နောက်နောင်မှာ ရှမ်းတို့ ကရင်တို့ဆိုပြီး နိုင်ငံငယ်တွေရော ပေါ်လာနိုင်မလားပဲ။

ပြင်သစ်လို (Cambodge) ကမ်ဘာဂ်ျာ ကို ဒေသသံနဲ့ ခေါ်တဲ့ ကမ်ပူချီးယား (Kampuchea)ကနေ ပြောင်းလိုက်တာက အင်္ဂလိပ် အသံထွက် ကမ္ဘောဒီးယား (Cambodia)။ ပြင်သစ်တွေ သူတို့လက်အောက်မှာတုန်းက နာမည် ပေးထားတဲ့ နောက်တစ်မြို့ကတော့ ဗီယက်နမ်က ဆိုင်ဂုံ (Saigon) မြို့ပဲ။ နောက်ပိုင်း စစ်တွေ ဖြစ်ပြီးနောက် ခေါင်းဆောင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ဟိုချီမင်းစီးတီး (Ho Chi Minh City) ဆိုပြီး ပြောင်းလိုက်တယ်။ ဒါပေမယ့် ဆိုင်ဂုံဆိုတဲ့ နာမည်က ပိုလှတယ်။ ခရီးသွားလုပ်ငန်းတွေက ဘိုတွေကို Saigon နဲ့ပြောရင် ပိုကြိုက်ကြတယ်။ မြန်မာပြည်မှာလည်း ရန်ကုန်ကို အခုအချိန်အထိ “ဒဂုံ”ခေါ်နေတာ ခရီးသည် ပို့ဆောင်ရေး ကားတချို့လေ။ ဒဂုံ-မန်းတို့ ဘာတို့ လိုမျိုး။ အိန္ဒိယမှာတော့ မြို့နာမည်တွေကို ဘာပြောင်းသလဲ မမေးနဲ့။ ကျွန်တော် ချနိုင်း (Chennai) ကို အလုပ်ကိစ္စနဲ့ ရောက်သာသွားတယ် အဲ့ဒါ အရင်တုန်းက မဒရက်စ် (Madras) မှန်း မသိဘူး။ သိခဲ့ရင် မဒရက်စ်နဲ့ ရတနာဂီရိ (Ratnagiri) နဲ့ ဘယ်လောက်ဝေးလဲလို့ ဒေသခံတွေကို မေးမိဦးမယ်။ ဘုံဘေ (Bombay) ကို မမ်ဘိုင်း (Mumbai) ပြောင်းလိုက်တယ်။ နောက်တခြား မြို့တော်တော်များများကို နာမည်တွေ ပြောင်းလိုက်တယ်။ အိန္ဒိယ သွားမယ်ဆို ကိုယ်သွားမယ့်မြို့ကို အရင်တုန်းက ဘယ်လို ခေါ်သလဲပါ လေ့လာသွားမှ ဖြစ်မယ်။

အတိတ်ဆိုး အရိပ်မိုးတွေကနေ လွတ်ချင်လို့ နာမည်တွေ ပြောင်းကြတာ မဆန်းပါဘူး။ ဖီလစ်ပိုင် (ဖလစ်ပင်း - Phillipines) ကျတော့လည်း ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကတည်းက ဖီးလစ်ဆိုတဲ့ စပိန်ဘုရင်ကို အစွဲပြုပြီး ပေးထားတဲ့ နာမည်ကို အခုထက်ထိ သုံးနေတုန်းပဲ။ ဟုတ်သလားတော့ မသိဘူး။ ဖီလစ်ပိုင်က “မလေးရှား” ဆိုပြီး ပြောင်းမလို့ လုပ်နေတာ အခု မလေးရှားဆိုတဲ့ နိုင်ငံက ဦးသွားလို့တဲ့။ လီကွမ်းယူကြီးကိုလည်း သူ့မိတ်ဆွေက အကြံပေးလို့ ဘိုနာမည်တွေကို ဒီအတိုင်းထားပြီး မပြောင်းလို့ စင်္ကာပူမှာ ရဖဲလ်စ် (Raffles)တို့ ၀ိတိုရိယလမ်း (Victoria Street) တို့ ဟက်ဗလော့ခ် (Havelock) တို့ ရှိနေသေးတာတဲ့။ ဟောင်ကောင်မှာလည်း ၀ိတိုရိယ ပန်းခြံလမ်း (Victoria Park Road)တို့၊ အဘာဒင်း (Aberdeen Tunnel)တို့ဘာတို့ အခုထိ ရှိနေသေးတာပဲ။ နာမည်မပြောင်းတဲ့ နိုင်ငံတွေက နာမည်မပြောင်းလောက်အားအောင် အလုပ်ရှုပ်နေလို့ တနည်းအားဖြင် မယောင်ရာ ဆီလူးတဲ့ အလုပ် မလုပ်လို့ တိုးတက်နေတာများလား။

တချို့က နာမည်မပြောင်းပေမယ့် (Nick Name) နာမည်ဝှက် နာမည်ပြောင်တွေ၊ ချစ်စနိုးနဲ့ ခေါ်တာတွေကလည်း ရှိသေးတယ်။ ဥပမာ သြစတြေးလျ (နယူးဇီလန် အပါအ၀င်)ကို Down Under လို့ ခေါ်တာမျိုး။ တကယ်တော့ ပထ၀ီဝင် မြေပုံ အနေအထားအရ သြစတြေးလျတိုက်က အာရှတိုက်တို့ အာဖရိကတိုက်တို့ အောက်ဖက်ကို ရောက်နေလို့ Down Under ဆိုပြီး တွင်သွားတယ်။ မြန်မာပြည်မှာ အထက်ပိုင်းဒေသကို `အညာ´လိုမျိုး ခေါ်သလိုပေါ့။ သြော်ဇီတွေကတော့ သူတို့ကို Down Under ကလို့ (အောက်သားတွေလို့) ခေါ်တာ မကြိုက်ဘူးတဲ့။ နှိမ်တယ်ဆိုပြီးတော့။ နောက်တစ်ခုက NYC - New York City ကို The Big Apple လို့ ခေါ်သလိုမျိုးတွေပါ။ စင်္ကာပူကလည်း Lion City ဆိုပြီး Tourism တွေမှာ Promote လုပ်တယ်။ မြန်မာပြည်က The Golden Land လို့ပြောသလိုမျိုးပေါ့။

နာမည်တွေ ပြောင်းလိုက်လို့ တိုင်းပြည်တွေ၊ မြို့တွေက ပိုတိုးတက်သွားသလား ဆိုတာကိုတော့ စောင့်ကြည့်စရာ အထွေအထူး မလိုပါဘူး။ အုပ်ချုပ်နေတဲ့ သူကို ကြည့်ပြီး ပြောနိုင်ပါတယ်။


References : (All web pages accessed on 2-Mar-08)
၁။ ကိုစောဖုန်းလူရဲ့ ကျွန်ုပ်နှင့် စစ်ကြိုခေတ်
၂။ Country and City Name Changes since 1990
၃။ RD (AU Ed) Mar' 08

Film