Monday, April 28, 2008

သြော်ဇီက ဆန္ဒခံယူပွဲ အခြေအနေ

သူများတွေ (စင်္ကာပူက လူတွေ)က တစ်ယောက်ပြီး တစ်ယောက် မဲပေးကြတဲ့ အကြောင်းတွေ ဖတ်ရတော့ စိတ်တက်ကြွပြီး ကျွန်တော်တို့ သြော်ဇီကလူတွေ အကြောင်းလည်း ဖောက်သည် ချချင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ စင်္ကာပူက လူတွေလို ကံမကောင်းလှပါဘူး။ တခြားသူတွေတော့ မသိ ကျွန်တော်တော့ အခုထက်ထိ အကြောင်းကြားစာ၊ ဖိတ်စာ ဘာမှ မရသေးပါဘူး။ ကျွန်တော် မနှစ်ကမှ နိုင်ငံကူး လက်မှတ် သတ်တမ်း တိုးထားတဲ့ အတွက် သူတို့မှာ ကျွန်တော့် လိပ်စာတော့ ရှိမှာပါ။ မေလ (၁၀) ရက်နေ့ မရောက်သေးလို့ ပဲလား ဘာလားတော့ မသိပါဘူး။ ဖိတ်စာ ရမယ် ဆိုရင်တောင် ကျွန်တော်တို့ မဲသွားပေးဖြစ်မှာ မဟုတ်ပါဘူး။ မြန်မာ သံရုံးက သြစတြေးလျ အစိုးရ ရုံးစိုက်ရာ ကင်ဘာရာ (Canberra) မှာပဲ ရှိပြီး ဆစ်ဒနီကနေဆိုရင် ၂၈၆ ကီလိုမီတာ ဝေးပါတယ်။ ဆစ်ဒနီကနေ ကားမောင်းသွားမယ် ဆိုရင်တောင် ၄ နာရီကျော်ကျော် မောင်းသွားရမှာပါ။ မကေတို့ ဆိုရင်တော့ လေယာဉ်ပျံနဲ့တောင် လာပြီး မဲပေးရမယ့်ပုံပဲ။ တရုတ်မျိုးချစ်တွေ (Pro China တွေ) ကင်ဘာရာမှာ အိုလံပစ် မီးရှူးတိုင်ကို တိဘတ် ဆန္ဒပြသူတွေ ရန်က ကာကွယ်ဖို့ ဆိုပြီး ကားတွေ ဘာတွေ စီစဉ်ပေးပြီး အုပ်စုလိုက် ချီတက်ကြသလို ဆစ်ဒနီကနေ မြန်မာတွေ ဘက်စ်ကား စီးလုံးငှားပြီး သွားမယ်ဆိုရင်လည်း ကောင်းသား။ အဲဒီလို ဆိုရင်တောင် ကလေးတစ်ဖက်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဖက်နဲ့ မဲသွားပေးဖြစ်ဦးမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်လေ အခွန်ပေးပြီး မဲမပေးရတာတော့ မတန်လှပါဘူး။

မြို့တော် (Capital City) ကင်ဘာရာ ဆိုတာကလည်း မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဆစ်ဒနီနဲ့ မဲလ်ဘုန်းတို့က အပြိုင် မြို့တော်ဖြစ်ရေး လုရင်းကနေ ပေါ်လာတာပါ။ အဲဒီလိုမျိုး မြန်မာပြည်မှာလည်း ရန်ကုန်နဲ့ မန္တလေး အပြိုင် လုရင်းကနေ ပျဉ်းမနား မြို့တော် ပေါ်လာတယ် ပြောလို့ရရင်လည်း ကြားကောင်းသား။ ကင်ဘာရာက နောက်မှ အသစ်တည်တဲ့ မြို့ဖြစ်တဲ့ အတွက် မြို့စီမံကိန်း အကွက်ချပြီးမှ တည်ထားတာပါ။ Planned City ပါ။ ကင်ဘာရာက Australian Capital Territory (ACT) ဆိုတဲ့ ပြည်နယ် သေးသေးလေးထဲမှာ ရှိပြီး ဟိုးကနဦး ၁၈၀၀ ကျော်လွန် နှစ်များမှာ ကတည်းက မြို့တော်တည်ဖို့ ရာထားတာပါ။ ၁၉၁၁ ကျမှ နယူဆောက်ဝေး ပြည်နယ် အစိုးရကနေ ဓနသဟာယ (Common Wealth) ကို အပြီး လွှဲပေးလိုက်ပါပြီး မြို့တော် တည်တာပါ။ လူဦးရေ ၃သိန်းခွဲလောက် ရှိပြီး ဒါဟာ ကုန်းတွင်း မြို့တွေမှာ အများဆုံးပါပဲ။ ရာသီဥတု ကြမ်းတမ်းလှတဲ့ သြစတြေးလျ ကုန်းတွင်းပိုင်းတွေမှာ လူနေကျဲလှပြီး ကမ်းခြေမြို့တွေမှာသာ လူနေ ထူထပ်ပါတယ်။ ဟိုး သြစတြေးလျတိုက် အလယ်ခေါင် တည့်တည့်က အဲလစ်စပရင်း (Alice Spring) ဆိုတဲ့ မြို့လေးမှာ လူဦးရေ သောင်းဂဏန်းပဲ ရှိပါတယ်။ ကင်ဘာရာဟာ အစိုးရ ရုံးစိုက်ရာ မြို့ဖြစ်တဲ့ အတွက် လွှတ်တော်တို့၊ ဗဟို တရားရုံးတို့၊ အမျိုးသား စာကြည့်တိုက်တို့ ရှိပါတယ်။ ဆစ်ဒနီက တိရစ္ဆာန်ရုံကိုတော့ ကင်ဘာရာ ရွှေ့သွားတယ် မကြားဖူးပါဘူး။ ကင်ဘာရာမှာတော့ ပန်းခြံလှလှတွေ ရှိပါတယ်။

ကျွန်တော် ကင်ဘာရာကို မရောက်ဖူးသေးတဲ့ အတွက် သွားဖြစ်တဲ့ အခါကျမှ အဲဒီမြို့အကြောင်း ရေးလိုက်ပါဦးမယ်။ ကင်ဘာရာ အကြောင်း ပြောနေတာနဲ့ မဲပေးတဲ့ အကြောင်းကနေတောင် လွဲချော်ကုန်ပြီ။ စင်္ကာပူလို့ City State နိုင်ငံမှသာလျင် ဒီလို ကိုယ်တိုင်ကိုယ်ကျ မဲပေးတဲ့ ကိစ္စတွေမှာ အဆင်ပြေမှာပါ။ နိုင်ငံကူး လက်မှတ် သတ်တမ်းတိုးတုန်းကတော့ စာတိုက်ကနေ ပို့လိုက်ရုံပဲ ဆိုတော့ သံရုံး ဘယ်မှာ ဖြစ်ဖြစ် ကိစ္စမရှိခဲ့ပါဘူး။ အခုတော့ သံရုံးက တစ်နေရာမှာပဲ ရှိလို့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ စင်္ကာပူနိုင်ငံ သံရုံးဟာ အမေရိကားမှာဆို ၀ါရှင်တန်မှာ သံရုံးရှိပြီး နယူးယောက်နဲ့ ဆန်ဖရန်စစ်စကိုမှာ Consulate တွေ ရှိပါတယ်။ ဒါမျိုးကိုပြောတာပါ။ တကယ်တမ်း ပြန်တွေးကြည့်မယ်ဆိုရင်လည်း မဲဆိုတာ သတ်မှတ်ချက် မှီတဲ့ နိုင်ငံသားမှ ပေးနိုင်ပေမယ့် အခွန်ဆိုတာ နိုင်ငံသား မဟုတ်လည်း ပေးရတာပဲ။ အခွန်ပေးတိုင်း မဲပေးနိုင်တာမှ မဟုတ်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကြုံတောင့်ကြုံခဲ မဲပေးတာလေး လွတ်သွားမှာတော့ စိတ်မကောင်းပါဘူး။ အထူးသဖြင့် ဒီလို မဲမပေးနိုင်ခဲ့လို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ တိမ်းစောင်းသွားနိုင်တယ်ဆိုပြီး ကြီးကြီးကျယ်ကျယ် တွေးမိရင်တော့ဖြင့်.........

Sunday, April 27, 2008

Vivo City က Cereal Prawn

တကယ်တမ်း ပြောရမယ်ဆို No Signboard Seafood ဆိုတဲ့ ဆိုင်ကပါ။ အဲဒီ ဆိုင်အကြောင်း ပြောစရာ အထွေအထူး မရှိတာနဲ့ Vivo City ဆိုတဲ့ Shopping Mall ကို ဆွဲထည့်လိုက်တာပါ။ No Signboard Seafood ဆိုင်က ဆိုင်ခွဲ ၄-၅ ဆိုင်လောက် ရှိတယ်ဆိုတာရယ်၊ စင်္ကာပူ ရောက်ရင် သွားစားသင့်တဲ့ ဆိုင်တစ်ဆိုင် ဆိုတာရယ်က လွဲရင် အထွေအထူး ပြောစရာ မရှိပါ။ တကယ်လည်း ကျွန်တော်တို့ သွားစားဖြစ်တာတော့ Vivo City က ဆိုင်ခွဲပါ။ Vivo City အမိုးပေါ်ကပါ။ အမိုးပေါ်ဆိုပေမယ့် သစ်ပင်တွေ၊ ရေကန်တွေနဲ့ အမိုးပေါ် ရောက်နေတယ်တောင် မထင်ရပါဘူး။ ဂျပန် ဗိသုကာ ရေးဆွဲထားတဲ့ လက်ရာလေ။ Vivo City ဆိုတဲ့ နာမည်ကလည်း Vivacious (adj) - သွက်လက် ချက်ချာသော Vivacity (n) မြူးကြွခြင်း အသက်ပါခြင်းကနေ ယူထားတာတဲ့။ Suntec City ဆိုတဲ့ Shopping Mall ကြီးကို ကျော်တက်ပြီး စင်္ကာပူရဲ့ အကြီးဆုံး Shopping Complex အဖြစ် နာမည်ကျော်နေတာပါ။ နေရာကောင်းမှာလည်း ဆောက်ထားတာပါ။ Harbour Front ဆိပ်ကမ်းမှာ ရှိပြီး Sentosa အပန်းဖြေ ကျွန်းဖက်ကို လှမ်းမြင်နေရပါတယ်။ Sentosa ကို ရထားစီးသွားမယ်ဆိုရင်လည်း အဲဒီကနေ စီးသွားတာပါ။ တခြား Shopping Mall တွေထက် သာသွားတာက အပြင်ဖက် ထွက်လိုက်တာနဲ့ လေတဟူးဟူးနဲ့ အသက်ရှူချောင်ပြီး မြင်ကွင်းကောင်းတာပါပဲ။ ဈေးဝယ်တဲ့ အမျိုးသမီးတွေနဲ့ လိုက်လာတဲ့ အမျိုးသားတွေ အတွက်တော့ အသက်ရှူ ပိုချောင်စေမှာ အမှန်ပါပဲ။ ကျွန်တော်တို့ နေခဲ့တဲ့ Red Hill နဲ့ အတော်အတန်နီးလို့ ဘက်စ်ကားနဲ့ သွားလို့ လွယ်တာမို့ ဖွင့်စက ရောက်ပါတယ်။ ဒါပေမယ့် ရောင်းတာတွေက Branded တွေ ဈေးကြီးတာတွေ ဆိုတော့ နောက်ပိုင်းတော့ သိပ်မသွား ဖြစ်ပါဘူး။


အဲဒီက No Signboard Seafood မှာ စားခဲ့ရတဲ့ Crispy Cereal Prawn ကို အိမ်မှာ လုပ်စားဖြစ်လို့ ဝေမျှလိုက်ပါတယ်။ ကိုယ့်ဘာကိုယ်ဆိုရင်တော့ ချက်စားဖြစ်မှာ မဟုတ်ပေမယ့် ဧည့်သည်ကိုတော့ တည်ခင်းလို့ လှတဲ့ ဟင်းပွဲ တစ်ပွဲပါပဲ။ Butter Prawn လို့လည်း နာမည်ကြီးတဲ့ မလေးရှား ဟင်းလျာ တစ်ခုပါပဲ။ ချက်ရတာလည်း အင်မတန် လွယ်ပါတယ်။ မြန်မာလို ပုစွန်ထုပ် ဆီပြန် ချက်စားတာထက်တောင် လွယ်တယ်လို့ ပြောလို့ ရပါတယ်။ ပုစွန်ထုပ် အကောင် အလောတော် ကြီးတာတွေ ရှာဝယ်ပြီး ရေစင်အောင် ဆေးပြီး ခြေထောက်တွေနဲ့ ခေါင်းထိပ်က မျက်စိနား ကပ်ပြီး ကပ်ကြေးနဲ့ ညှပ်လိုက်ပါတယ်။ ပြီးရင် ဆီအမြုတ် ကြော်လိုက်ပါတယ်။ ဆီထဲမှာ အကြာကြီး ကြော်စရာ မလိုပါဘူး။ `ပုစွန်အကွေး ငါးအနွေး´ဆိုတဲ့ အတိုင်း ကွေးသွားပြီး အရောင် ပြောင်းသွားရင် ရပါပြီ။ ကြော်ပြီးရင် မီးဖိုချောင်သုံး စက္ကူခင်းထားတဲ့ ပန်းကန်ပေါ်ကို ဆီစစ်ဖို့ ခပ်ထည့်လိုက်ပါတယ်။ ကွေကာအုတ် (Cereal) ကို လက်နှစ်ဆုပ်စာလောက်ကို သကြားနည်းနည်း ဆားနည်းနည်းနဲ့ မွှေထားပါတယ်။ ငရုတ်ကောင်းနည်းနည်း ထည့်လည်းရပါတယ်။ ဆီသတ်ရွက် (ပျဉ်းတော်သိမ် - Curry Leaves) အစိုကို ရေဆေးပြီ စစ်ထားတယ်။ ငရုတ်သီး အနီ အတောင့်(Chili Padi)ကို အကွင်းလိုက် လှီးထားပါတယ်။ ထောပတ် စားပွဲတင်ဇွန်း နှစ်ဇွန်းစာလောက်နဲ့ ဟင်းချက်ဆီ နှစ်ဇွန်းလောက်ကို ဒယ်အိုးထဲထည့် အပူပေးလိုက်ပါတယ်။ ထောပတ်ပဲ သုံးရင်လည်း ပိုမွှေးပါတယ်။ ဆီပူထဲကို ပျဉ်းတော်သိမ်တွေ အရင်ထည့်ပြီး ခဏလေးနေတာနဲ့ ငရုတ်သီးစိမ်းတွေထည့်ပြီး ကွေကာအုတ်တွေ ထည့်လိုက်ပါတယ်။ လေးငါးခါလောက် မွှေပြီးတာနဲ့ ပုစွန်တွေ ထည့်ကြော်လိုက်ပြီး မွှေးလာပြီ၊ အုတ်တွေ အရောင်ပြောင်သွားပြီးဆို ရပါပြီ။ ပျဉ်တော်သိမ်နဲ့ ထောပတ်နံ့တွေ သင်းနေတဲ့ ကွေကာအုတ်ဖတ်တွေနဲ့ ပုစွန်ဆီ မွှေးမွှေးလေးဟာ ကျက်ကျက်ချင်း စားမယ်ဆို အင်မတန် မွှေးကြိုင်လှပါတယ်။

Thursday, April 24, 2008

ပုပ္ပါးနတ်တောင် - ၃

သွားဖူးတဲ့ ခရီးလေးကို ပြန်ရေးလိုက်တာပါ။ တချို့ဟာတွေက အမှတ်မှားပြီး မှားရေးမိ နိုင်ပါတယ်။ ပြင်ပေး ဖြည့်ပေးမယ်ဆို ကျေးဇူးတင်ပါတယ်။ အရင်ဆောင်းပါးမှာလည်း ပြလို့က ပြည်ရောက်ပြီးမှ လာတယ်၊ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းကြားက ရွာနာမည်က လက်ပံပြာဖြစ်တယ် ဆိုတာရယ်၊ ပုပ္ပါးမရောက်ခင်က တောင်ပတ်လမ်းလေးကို သုံးထပ်ကွေ့ ခေါ်ကြောင်း ကောမန့်ရေးသွားပေးတဲ့ မဝေတိုး နဲ့ ကိုပီတိ ကို ကျေးဇူးတင်ပါတယ်။ Feed Reader နဲ့ ဖတ်တဲ့သူတွေ၊ ကောမန့် မဖတ်ဖြစ်လိုက်တဲ့ သူတွေ အတွက် ရေးလိုက်တာပါ။

အောင်သိဒ္ဓိကုန်းက ဆရာတော်ကို ဦးပရမ္မ၀ဏ္ဏသိဒ္ဓိလို့ ခေါ်ပါတယ်။ တကယ်တော့ ဆရာတော်က ဘုန်ကြီး မဟုတ်တော့ပါဘူး။ အစိုးရနဲ့ ပြသနာတက်ပြီး လူထွက်လိုက်ရတာပါ။ ဆရာတော်က သာသနာပြု လုပ်ငန်းတွေ အများကြီး လုပ်တဲ့ အတွက် သြဇာ အရှိန်အ၀ါ ကြီးမားပါတယ်။ ပုံဂံမှာ ဘူးဘုရားကို ထီးတော် တင်တာမျိုးတွေ၊ ဘိုကလေး ဖျာပုံဖက်မှာလည်း ဘုရားကျောင်းကန်တွေ ဦးစီး ဆောက်တာမျိုးတွေ မြန်မာပြည် အနှံ့ အများကြီး လုပ်ခဲ့ပါတယ်။ ရဟန်းဘ၀က ထွက်ပြီးတော့လည်း သာသနာပြု လုပ်ငန်းတွေပဲ ဆက်လုပ်နေပါတယ်။ လူတွေက ဘိုးတော်လိုလည်း ကိုးကွယ်ကြပါတယ်။ ဘိုးတော်ဆိုလို့ မင်းသိင်္ခလို့ ဆံရှည်၊ မုတ်ဆိတ်ရှည် ဘိုးတော် မဟုတ်ပါဘူး။ ဆရာတော်က သင်္ကန်း မ၀တ်ရုံပါပဲ။ ယောဂီ ၀တ်စုံကို အမြဲဝတ်ပြီး ခေါင်းလည်း တုံးထားပါတယ်။ ဘုရား၊ တရားလည်း လုပ်ပါတယ်။ အခုတော့ ကွယ်လွန်သွားပါပြီ။ အဲဒီ အောင်သိဒ္ဓိကုန်းမှာပဲ ဆရာတော်ရဲ့ ဂူဗိမာန် ရှိပါတယ်။ ဆရာတော်ရဲ့ လက်ထောက် ဘဘ အောင်ဘောဂကလည်း သဘောကောင်းပြီး အမြဲ ပြုံးပြုံးနဲ့ပါ။ သူက အရင်တုန်းက ဆင်းရဲတော့ ဆရာတော်ဆီမှာ အကြံလာ တောင်းပါတယ်။ ဆရာတော်က မင်း ရေရောင်းရင် ကြီးပွားမယ်လို့ ပြောလိုက်တာ ရေရောင်းပြီး ဘယ်လို့လုပ်ကြီးပွားပါ့မလဲ စဉ်းစားရင်းနဲ့ လက်ဘက်ရည် ရောင်းတာ အတော်အတန် ပြေလည်သွားတယ်လို့ ကြားဖူးပါတယ်။ (ဟုတ်မဟုတ်တော့ အသေအချာ မသိပေမဲ့ တာမွေဈေးနားက သူ့ရဲ့ အောင်ဘောဂ လက်ဘက်ရည်ဆိုင်မှာတော့ သောက်ဖူးပါတယ်။)

အောင်သိဒ္ဓိကုန်းမှာ စေတီလေး တစ်ဆူရှိတယ်။ နာမည်တော့ ၀ိုးတိုးဝါးတားပဲ။ ပြည်လုံးချမ်းသာ ကမ္ဘာအေးစေတီလို နာမည်မျိုးပဲ။ ၁၉၈၇ လောက်က ကျွန်တော်တို့ သွားပြီး ကိုရင် ၀တ်တုန်းက တည်ပြီးကာစပဲ ရှိသေးတယ်။ နောက်တော့ ကျွန်တော်တို့ ကိုရင်ဝတ်တုန်းက ဦးပဇ္ဇင်းတွေ ၀င်တဲ့ နှစ်ထပ် သိမ်ကလည်း အဲဒီတုန်းက အသစ်ပဲ ရှိသေးတယ်။ အမေက နတ်တွေ အကြောင်းပြုပြီး သွားတယ် ဆိုပေမယ့် ရောက်တဲ့ အခါတိုင်းလိုလို တစ်ယောက်မဟုတ် တစ်ယောက် အတွက်တော့ ရဟန်းခံ ရှင်ပြုလုပ်တယ်။ ပထမ တစ်ခေါက်တုန်းက ကျွန်တော်တို့ ညီအစ်ကိုတွေ၊ နောက်တစ်ခေါက်ကျတော့ အဖေတို့ ညီအစ်ကိုတွေ၊ နောက်တစ်ခါကျတော ပထမတစ်ခေါက်တုန်းက မွေးတောင် မမွေးသေးတဲ့ သားအငယ်ဆုံးလေးအတွက် ရှင်ပြုပေးတာ။ အောင်သိဒ္ဓိကုန်းမှာ အစတုန်းက အဆောက်အအုံ သိပ်များများ မရှိသေးပါဘူး။ အဲဒီတုန်းက လှူထားတဲ့ အထဲမှာ ကြီးကြီးမားမားဆို သုံးထပ်ကျောင်း တစ်ကျောင်းရှိတယ်။ အောက်ထပ်မှာ ဧည့်သည်တွေ တည်းနိုင်ပြီး အလယ်ထပ်မှာ နတ်နန်းလုပ်ထားတယ်။ ၃ရမင်း နတ်ရုပ်တွေက လူကိုယ်လောက် မရှိပေမယ့် အတော်ကြီးပါတယ်။ အပေါ်ဆုံး ထပ်မှာတော့ ဘုရားခန်းရှိပါတယ်။ ကိုရင်ဝတ်တုန်းက ညညဆို အဲဒီမှာ ဘုရားရှိခိုး ပုတီးစိတ် သွားလုပ်ရတယ်။ တရားလာထိုင်တဲ့ သူတွေလည်း ရှိပါတယ်။ အခုတော့ သိမ်တွေ၊ ကျောင်းတွေ တိုးလာပါတယ်။ ဇရပ်ဆောင်လေးတွေလည်း များလာပါတယ်။

အဲဒီမှာ သတိအရဆုံးကတော့ ဆွမ်းစားဆောင်ပါ။ အဆောင်ကြီးက အတော် ကြီးပါတယ်။ အောင်သိဒ္ဓိကုန်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းက ကိုယ်တော်တွေ အတွက်ပါ။ တောင်ကလပ်နားက ဘုန်းကြီးကျောင်းတွေ အတွက် ဆွမ်းစားဆောင်တွေ သပ်သပ်စီ ရှိပါတယ်။ ရွှေဂူချောင်ဘက်မှာလည်း ရှိပါတယ်။ ဆွမ်းစားဆောင် ဆိုပေမယ့် လူတွေလည်း စားပါတယ်။ လာလည် သမျှလူတွေ ၀င်စားလို့ ရပါတယ်။ သတ်သတ်လွတ်ပဲ ကျွေးလှူပါတယ်။ မန်ကျည်းရွက်နုသုပ်၊ ပဲဟင်း၊ အာလူးဟင်းနဲ့ မြေပဲကို ငရုပ်သီးနဲ့ ကြော်ထားတာမျိုးတွေ ကျွေးပါတယ်။ ဆွမ်း၊ ထမင်းလာချက်တာလည်း ဆရာတော်ရဲ့ အမျိုးတွေနဲ့ အဲဒီနားက လုပ်အားပေးတွေပါ။ သူတို့နဲ့ စကားစမြည် ပြောကြည့်တော့ ရေနံချောင်းက လာတဲ့သူ ရှိတယ်။ မိတ္ထီလာက လာတဲ့ သူတွေ ရှိတယ်။ အဲဒီလိုမျိုး အနီးအပါးကနေ သင်္ကြန်နား နီးပြီဆို လာပြီး လုပ်အားပေးတာတဲ့။ ဒါမှမဟုတ် တခြား ပွဲတော်ချိန်ဆိုရင်လည်း လာတတ်တဲ့ သူတွေ ရှိတယ်တဲ့။

အစတုန်းက နတ်နန်းက အောက်မှာပဲ (တောင်ကလပ် အခြေမှာပဲ) ရှိပါတယ်။ နောက်တော့ အောင်သိဒ္ဓိကုန်းပေါ်မှာပါ တစ်ခု ဆောက်လိုက်ပါတယ်။ နတ်နန်းဆိုတာ မျက်နှာစာကျယ် ခန်းမဆောင်ကြီးပါ။ နောက်ဘက် ၄ပုံ ၁ပုံလောက်မှာ မှန်တွေနဲ့ အလျားလိုက် အခန်းကန့်ထားပြီး ၃၇မင်း နတ်ရုပ်တွေ အတန်းလိုက် စည်ထားပါတယ်။ နတ်နန်း နှစ်ခုစလုံးမှာ ပုပ္ပါးမယ်တော်က အလယ်မှာပါ။ လူကိုယ်လောက် ရှိတဲ့ ရုပ်ထုတွေဟာ အသက်ဝင်လှပါတယ်။ ကျန်တဲ့ ၄ပုံ ၃ပုံက ခန်းမ အလွတ်ကြီးပါ။ အဲဒီနေရာက နတ်ကနားပေးဖို့ နေရာပါ။ နတ်ကနားပေးပြီဆို ဆိုင်းဝိုင်းတွေ က ၃ပုံ၁ပုံ နေရာယူ၊ ပရိသတ်က ၁ပုံနဲ့၊ အလယ်မှာတော့ နတ်ဝင်သည်တွေ ကခုန်ဖို့ပါ။ ရပ်ကွက်ထဲမှာ ပေးတဲ့ နတ်ကနားတွေထက် အဲဒီက နတ်ကနားတွေက အများကြီး ပိုကြည့်လို့ ကောင်းပါတယ်။ နတ်တို့ ပျော်စံရာ ဌာနေမို့ပဲလားတော့ မသိ။ နတ်တွေက တစ်ပါးပြီး တစ်ပါးဝင်တာ ကြည့်လို့တော့ အတော် ကောင်းပါတယ်။ လူကိုယ်အရွယ် နတ်ရုပ်တွေရယ်၊ စည်သံ ဗြောသံရယ် ပေါင်းလိုက်တာရော ကိုယ့်နားက လူတွေ ဟိုတစ်ယောက်က နတ်ဝင်ပူးလိုက်၊ ဒီတစ်ယောက်က နတ်ဝင်ပူးလိုက်နဲ့ ဆတ်ဆတ် ဆတ်ဆတ်တုန်ခါ ကန်တော့ပြီးသကာလ လက်သီး လက်မောင်းတန်းပြီး ကွင်းအလယ်ကို ၀င်က နေကြတာ ကြည့်ရင်းနဲ့ ကိုယ့်ကို နတ်ဝင်ပူးမှာတောင် ကြောက်လာသလိုလို ကိုယ်ကိုပဲ ၀င်ပူးပါတော့ ဖိတ်ခေါ်ရမလို ဖြစ်ရပါမယ်။ ၀ိုင်းဆရာကလည်း အင်မတန် အပို့ ကောင်းပါတယ်။ ကြမ်းပြီဆိုလည်း ကြောက်စရာ ကောင်းလောက်အောင်ကို ဗြောပေါက်အောင် ကြမ်းပြီး အလွမ်းအဆွေးဆိုလည်း နှဲသံနဲ့တင် မျက်ရည်ဝဲနေတဲ့ သူတွေ အပုံအပင်။ စကားဝါပန်းနံ့နဲ့ ရေမွှေးနံ့ကလည်း ခန်းလုံးကြိုင်ပြီး ရှူရှိုက်မိရင် နတ်ပင်ဝင်ပူးလေမလား အောက်မေ့ရတယ်။ ပိုက်ဆံတွေ ကြဲတာဆိုတာလည်း အရွက်ကြီးတွေ ခဏခဏ ပါပဲ။ နတ်တွေကို အပထားပြီး ပိုက်ဆံကောက်ဖို့ သပ်သပ်လာတဲ့ သူတွေကလည်း ရှိပါသေးတယ်။ အဲဒီလို ညနက်သည် အထိကို ကကြ ပူဇော်ကြတာပါ။ ကိုရင်ဝတ်တုန်းကတော့ နတ်ကတာ ကြည့်လို့ မရပါဘူး။ ဆရာတော်က တွေ့ရင် လိုက်ရိုက်တတ်တာ ကြောက်လို့ပါ။

ဒီနတ်နန်းတွေ အပြင် အိမ်တွင်း အဖေကြီး နတ်နန်းဆိုတာလည်း တစ်နေရာမှာ ရှိပါသေးတယ်။ အိမ်တွင်း အဖေကြီးဆိုတာ ဒဏ္ဍာရီထဲမှာ ပန်းပဲ မောင်တင့်တယ်က ခွန်အား အလွန်ကြီးနေတယ် ကြားလို့ ဘုရင်က တဆွေလုံး တမျိုးလုံးကို စကားဝါပင်မှာ မီးမြိုက်ပြီး ကွပ်မျက်တာ ခံလိုက်ရလို့ အစိမ်းသေပြီး နတ်ဖြစ်သွားတယ်။ မြန်မာဘုရင်တွေ ဆိုတာလည်း ကိုယ့်ကို ပြန်ပြီး တော်လှန်နိုင်တယ် ထင်ရင် ဒါမှမဟုတ် တစ်ယောက်ယောက်က ကုန်းချောလိုက်ရင် ချက်ချင်း သတ်စေ ဆိုတတ်တာကိုး။ အခုခေတ်မှာလည်း မထင်ရင် မထင်သလို ထောင်ချလိုက်တာပဲ။ ကွာသွားတာက ပန်းပဲ မောင်တင့်တယ်လို လူ့ခွန်အား ကြီးတာမျိုး မဟုတ်တော့ဘဲ ဦးဝင်းတင်လို ကလောင်စွမ်း ထက်တဲ့သူမျိုးတွေကို ထောင်ချပစ်တာမျိုးပေါ့။ အဲဒီလို ပန်းပဲ မောင်တင့်တယ်က ခွန်အားကြီးတဲ့ အတွက် နတ်ဖြစ်တဲ့ အခါ အိမ်တွေမှာ စောင့်ရှောက်ဖို့ အိမ်တွင်း နတ်ဆိုပြီး ဗမာတွေ အတော်များများက ကိုးကွယ် တတ်ကြပါတယ်။ ဒီလို နတ်တွေကို ကိုးကွယ်ရခြင်း အကြောင်းအရင်း တစ်ရပ်ကို မကေသွယ်က ဒီလိုပြောသွားပါတယ်။

ရှေးတုန်းက ရှင်ဘုရင်တွေရဲ့ တသွေးတသံ တမိန့်အောက်မှာ ကွပ်မြတ်ခံရတဲ့ ပြည်သူ့အချစ်တော်တွေကို ပြည်သူတွေကလည်း ချစ်ခင်နှမြောတဲ့စိတ်နဲ့ ကိုယ်တတ်နိုင်သလို ဆက်လက် ရှင်သန် စေတာလို့ ကျမ အဖေကတော့ သုံးသပ်တယ်။ ချေဂွေဗားရားတို့ ဘော့မာလေတို့တောင် နတ်လို့ ပြောရမလောက်ပဲ ဘိုလီဗီးယားမှာဆို ချေကိုကိုးကွယ်ကြတယ်လို့ သိဘူးတယ်။
ဒါပေမယ့် အိမ်တွင်းနတ်တွေဟာ အရှင်လတ်လတ် မီးမြိုက်ခံရပြီး နတ်ဖြစ်သွားတဲ့ အတွက် မီးကိုတော့ မကြိုက်တဲ့လို့ မီးအလင်းရောင်တောင် မ၀င်အောင် သူ့နတ်ကွန်းဆောင်ဆိုရင် ခန်းစီးလေးနဲ့ ကာပေးထားရပါတယ်။ စကားဝါမြေ ပုပ္ပါးမှာ ပုပ္ပါးမယ်တော်ကို စကားဝါပန်းကပ်လို့ ရပေမယ့် အိမ်တွင်းနတ်နန်းမှာတော့ စကားဝါပန်း မကပ်ရပါဘူး။

အိမ်တွင်း နတ်နန်းက ပုပ္ပါးမြို့နဲ့ အောင်သိဒ္ဓိကုန်းကြားမှာပါ။ အောင်သိဒ္ဓိကုန်းကနေ နာရီဝက် ၄၅ မိနစ်လောက် လမ်းလျှောက်သွားရပါတယ်။ အဲဒီဘက်ကို သွားရတာ ပျော်စရာကောင်းပါတယ်။ မနက်စာ စားပြီးခါစ သွားရင် အတော်ပါပဲ။ ပထမဆုံး တစ်ခေါက်သွားတုန်းက ဆရာတော်က လမ်းပြဖို့ဆိုပြီး ခွေးတစ်ကောင် ထည့်ပေးလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတယ်။ အဲဒီနား တ၀ိုက်မှာ တောလမ်းလေးလည်း လျှောက်လို့ သာသာယာယာ ရှိပါတယ်။ စမ်းချောင်းလေးတွေနဲ့ အေးအေးချမ်းချမ်း ရှိလှပါတယ်။ မီးသင့်ကျောက် အတုံးလိုက်ကြီးတွေကိုလည်း လေ့လာချင်သေးတယ်ဆို ကိုင်ကြည့်လို့ ရသေးတယ်။ စင်္ကာပူက Channel News Asia မှာ လာလာနေတဲ့ Japan’s Hours မှာပါတဲ့ ဂျပန်က တောတွင်းသွားတဲ့ ခရီးတချို့နဲ့တောင် ခပ်ဆင်ဆင်။ ပုပ္ပါးမှာတော့ ရေပူစမ်း မရှိဘူးပေါ့။ ရေထွက်တွေတော့ ရှိတယ်။ တောင်ထိပ် နတ်နန်းကနေ ကြည့်လိုက်ရင် ဟိုးဘက်က လျှိုတွေလည်း လှမ်းမြင်နိုင်ပါတယ်။ နောက်ဆုံး တစ်ခေါက် သွားတုန်းကတော့ တောင်ထိပ်က အိမ်တွင်း နတ်နန်းမှာ လွမ်းစေတီလေး တစ်ဆူ တည်ထားတာ သတိထားမိတယ်။ အဲဒီနားမှာ အခု ၀ိပဿနာ တရားအားထုပ်ဖို့ ကျောင်းတစ်ကျောင်းလည်း တွေ့ခဲ့သေးတယ်။

အိမ်တွင်း နတ်နန်း သွားရင်းနဲ့ အပြန်လမ်းမှာ တောင်မကြီးဘက် သွားတဲ့ လမ်းကို ၀င်လို့ရတယ်။ တောင်မကြီးက ၄၉၈၁ပေ မြင့်တာဆိုတော့ မနက်အစောကြီး ၅နာရီလောက် ထတက်မှ နေ့ချင်းပြန် သွားလို့ရတာမို့ ပုပ္ပါးကို ခဏခဏ ရောက်ပေမယ့် တောင်မကြီးကိုတော့ မတက်ဖြစ်ပါဘူး။ တောင်ထိပ်မှာလည်း ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံ တစ်ရုံရယ် ဘုန်းကြီးကျောင်း တစ်ကျောင်းရယ်ပဲ ရှိတာပါ။ ဒါပေမယ့် အောက်ဖက်နားမှာ တိုင်းရင်းဆေးပင် စိုက်ခင်းတွေ ရှိပြီး ရှားပါးတဲ့ ဆေးဖက်ဝင် အပင်တွေ နွယ်ပင်တွေ မျိုးစုံကို တစ်နေရာထဲမှာ အစုံတွေ့နိုင်ပါတယ်။ အပင်တွေက ပုံစံဆန်း မျိုးစုံနဲ့ပါ။ နဂါးဂမုန်းဆိုလည်း နဂါးအမောက်ထောင်နေတဲ့ အတိုင်းပဲ။ စာသူငယ် ဦးနှောက်အပင်ဆိုလည်း တကယ် ဦးနှောက် အသေးစားလေး အတိုင်းပါပဲ။ အဲဒီနားမှာပဲ Popa Resort Hotel လည်း ရှိပါတယ်။ ဆောက်ထားတာတော့ သပ်သပ်ရပ်ရပ်ပါပဲ။ သစ်တောထဲက ဘန်ဂလို စတိုင်လေးပေါ့။ အဲဒီမှာတော့ တစ်ခေါက်လောက် အေးအေးဆေးဆေး သွားတည်းချင်သေးတယ်။

(ဆက်ရေးမည်)

ဘလော့ဂ် မိတ်ဆက်

ဘလော့ဂ်လေး နှစ်ခု မိတ်ဆက်ပေးချင်ပါတယ်။
My Niche
Pro Programmers

My Niche က အေးမိစံဆိုတဲ့ တစ်ယောက်ရေးတာပါ။ အမျိုးသမီး ပရိသတ်တွေကို ရည်ရွယ်ပါတယ်။ ကိုအန်ဒီရယ် ကျွန်မ ဘလောက်လေး ကြော်ငြာပေးပါဆိုလို့သာ ကြော်ငြာရတာ ကျွန်တော့် မိန်းမ သိလို့ မဖြစ်ဘူး။ အခုမှ ဘလော့ရေးခါစလေးပေါ့။ မှန်မှန် တင်မလား မတင်ဘူးလားတော့ စောင့်ကြည့်ရမယ်။

Pro Programmers ကတော့ Programmer တွေ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ဘယ်လို ဖြေရှင်းသွားတယ်ဆိုတာကို မှတ်တမ်းတင်ထားတာပါ။ Software Development က ပရိသတ်အတွက်ပါ။ Pro ဆိုတာ Problem ကို ပြောတာပါ။ Professional မဟုတ်ပါ။ အတိုအကျဉ်းပဲ ရေးပါတယ်။ အခုတော့ ကျွန်တော် တစ်ယောက်တည်း စ ရေးနေတာပါ။ ပါဝင်ရေးသားမယ်ဆို ဖိတ်ခေါ်ပါတယ်။

အဲဒီ ဘလော့ဂ်တွေကို We She Me Blog ရဲ့ Feed-Peek (Blog Roll) မှာလည်း စောင့်ကြည့်နိုင်ပါတယ်။

Wednesday, April 16, 2008

ပုပ္ပါးနတ်တောင် - ၂

ကျွန်တော်တို့ မိသားစု ခရီးသွားတယ် ဆိုတာ ဟိုးတုန်းက နယ်က လူတွေ လှည်းတွေနဲ့ ဘုရားဖူး ထွက်တာနဲ့ ဘာမှ မကွာဘူး။ လမ်းမှာ စားဖို့၊ ဟိုရောက်ရင် စားဖို့တွေကို ခြင်းတွေ တောင်းတွေနဲ့ ထည့်လာတယ်။ သူတို့လို ချက်ဖို့ပါ ထင်းတွေ၊ အိုးတွေ မပါတာ တစ်ခုပဲ။ မသွားခင် တစ်ပတ်လောက် ကတည်းက ငပိကြော် ကြော်ထားတယ်။ ငါးရံ့ခြောက်တွေကို ဖုတ်ပြီး ထွင်ထားတယ်။ သွားခါနီးဆို ထမင်းချက်ပြီး ရေခဲဘူးတွေထဲ ထည့်။ ကြက်သားကို အချိုချက်ချက်ပြီး စတီးချိုင့်တွေထဲမှာ ခွဲထည့်။ ကြက်ဥပြုတ်တို့ လက်ဘက်သုပ်တို့လည်း ထည့်။ ငှက်ပျောသီးတို့ လမ်းမှာ မူးရင် စားဖို့ လိမ္မော်သီးတို့၊ ချိုချဉ် သကြားလုံးတို့ အကုန်ပါတယ်။ အဆာပြေ စားဖို့ ပေါင်မုန့်အလုံးလေးတွေလည်း ပါတယ်။ ရေကျက်အေး ပုလင်းတို့ ရေနွေးကြမ်း ဓါတ်ဗူးတို့လည်းပါတယ်။ နောက်ပိုင်းဆို ကော်ဖီမစ်စ်လည်း ပါတယ်။ ကားစီးနေရင်း ဗိုက်ဆာလာရင် ကားပေါ်မှာပဲ စားကြတယ်။ ကားပြတင်းပေါက်တွေကလည်း ဖွင့်ထားလို့ ရတော့ စားလို့ ရတယ်။ အခုခေတ်မှာတော့ ထမင်းလိုမျိုး စားလို့ မရတော့ဘူး။ ကားက မောင်းနေရင်းဆိုတော့ ဖုန်တွေ အလုံးလိုက် ၀င်လာလည်း မသိဘူး စားတာပဲ။

ကားက လမ်းမှာ ထမင်းစားဖို့ ရပ်ရင် ထမင်းဆိုင်မှာ လူကြီးစာပဲ မှာတယ်။ ထမင်းတစ်ပွဲ ဟင်းတစ်ပွဲစီ။ ပြီးရင် တမိသားစုလုံး ထိုင်ပြီး ကားပေါ်က ဆွဲချလာတဲ့ ကြိမ်ခြင်းထဲက ချိုင့်တွေ၊ ခွက်တွေ ထုတ်ပြီး စားကြတယ်။ အဲဒီ အချိန်ကျရင် ကားဒရိုင်ဘာတွေကို အရမ်း အားကျတယ်။ သူတို့ကို ဆိုင်က စားပွဲ ၀ိုင်းလုံးပြည့် ဟင်းတွေနဲ့ အလကား ဧည့်ခံတာကို ကြည့်ပြီးတော့။ ထမင်းဆိုင်တွေကတော့ သဘောကောင်းပါတယ်။ ဟင်းချိုတွေ ဘာတွေဆို အလကား လာချပေးထားတယ်။ အင်းမက (ရေနီကလား မမှတ်မိ) ထမင်းဆိုင်တစ်ဆိုင်ဆို ကြက်ရိုးတွေကို ဂွေးတောက်ရွက်နဲ့ ပြုတ်ထားတာ အတော် သောက်လို့ကောင်းလို့ အမေဆို အခုထိ ပြောတုန်း။ အဲဒီ အဝေးပြေလမ်းက ထမင်းဆိုင်ကြီးတွေဆိုတာလည်း အတော် ချမ်းသာကြတယ်။ ရန်ကုန်မှာ သားသမီးတွေကို ကျောင်းထားဖို့ ဆိုလည်း တိုက်ခန်းတစ်ခန်း ၀ယ်လိုက်တာပဲ အလွယ်။ ပြီးတော့ သားသမီးတွေကို စင်္ကာပူမှာ ကျောင်းထားဖို့ဆိုတာ ဘယ်လောက်မှ ၀န်မလေးကြဘူး။

စားပြီးသောက်ပြီးတော့ အပေါ့၊အလေး သွားကြတယ်။ မြန်မာပြည်က အဝေးပြေးတွေက ထမင်းဆိုင်တွေက အိမ်သာတွေဆိုတာလည်း အင်မတန်မှ ညစ်ပတ်တုန်းပဲ။ လမ်းမှာ ပေါက်တောဆိုပြီး အပေါ့သွားဖို့ ရပ်ရင်လည်း ဘာအဆောက်အဦးမှ မရှိတဲ့နေရာ လမ်းလယ်ခေါင်ကြီးမှာ ရပ်။ ယောက်ျားတွေကတော့ ကိစ္စမရှိ။ အမျိုးသမီးတွေကတော့ ဟိုနားတိုး ဒီနားတိုးနဲ့။ ၂၀၀၄ တုန်းက တစ်ခေါက်၊ ၂၀၀၆ အကုန်ခါနီးတုန်းက တစ်ခေါက် ပုဂံ၊ ပုပ္ပါးကို ကားလိုင်းနဲ့ သွားသေးတယ်။ ဘာမှ ပိုပြီး မထူးလာဘူး။ မလေးရှား အနောက်ဖက် တစ်လျှောက် ပီနန်အထိ ဘက်စ်ကားနဲ့ သွားတုန်းက မလေးရှားက အဝေပြေးလမ်းတွေကို ကြည့်ပြီး ထင်ထားတာထက် ကောင်းနေလို့ အင်မတန် အံ့သြခဲ့ရတယ်။ လမ်းမှာ နားတဲ့ နေရာတွေကလည်း လူတွေ အများကြီး လာတာတောင် သန့်ရှင်းတယ်။ သူတို့တွေလည်း မြန်မာတွေလို့ပဲ စရိုက်က သိပ်မကွာပေမယ့် အခြေခံ Infrastructure က အရမ်းကို ကောင်းနေပြီ။ သူတို့ကလည်း လူတိုင်းလိုလို ကားရှိတာကိုး။

တစ်ခေါက် သွားတုန်းက ရန်ကုန်-မန္တလေး အမှတ် ၂ လမ်းက သွားတယ်။ အဲဒီနှစ်က မိတ္ထီလာမှာ မီး အကြီးအကျယ် လောင်တဲ့ နှစ်ပဲ။ ၁၉၈၅ လား ၈၆လား မသိ။ မိတ္ထီလာကို မနက်စောစော ရောက်သွားတာတော့ မှတ်မိသေးတယ်။ မိတ္ထီလာမှာ လမ်းခွဲရှိတယ်။ မန္တလေး ဆက်သွားမလား။ ဒီဘက် ကျောက်ပန်းတောင်းပန်းကို သွားမလား။ ရှမ်းပြည်ဘက် တက်မလား သွားလို့ရတယ်။ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းကြားမှာ လက်ပံပြား (လက်ဘဗျားဟုခေါ်။ စလုံးပေါင်းမှားနိုင်) ဆိုတဲ့ ရွာကြီး တစ်ရွာ ရှိတယ်။ အဲဒီမှာ သူငယ်ချင်း တစ်ယောက်ရှိလို့ ရောက်ဖူးသေးတယ်။ အဲဒီ နှစ်ကပဲ အပြန်မှာ ပျဉ်းမနားက ရေဆင်းမှာ မျစ်ချဉ်တွေ ၀ယ်တာ မှတ်မိသေးတယ်။ မိတ္ထီလာနဲ့ ပျဉ်းမနားကြားမှာ ရမည်းသင်း၊ ပျော်ဘွယ်ရှိမယ်။ (စာရေးနေတုန်း သူမ ကြားဖြတ်ပြောတာက ငယ်ငယ်တုန်းက ကြားဖူးတယ်တဲ့ ပျော်ဘွယ်က ပျင်းဖို့ကောင်းပြီး ပျဉ်းမနားက ပျော်ဖို့ကောင်းတယ်တဲ့။ ဟုတ်သလား ဖြိုးဝေကျော် ။) အမှတ် ၂ လမ်းက သိပ်လည်း မသွားဖြစ်တော့ မြို့တွေကို သိပ်မသိဘူး။ ပြီးတော့ (စိတ်မရှိပါနဲ့) ကျွန်တော်ထင်တာ အမှတ် ၂ လမ်းပေါ်မှာ စည်တဲ့ မြိုက ရှားတယ်။ ဧရာဝတီနဲ့ ပိုနီးတဲ့ အမှတ် ၁ လမ်းက မြို့တွေကို ပိုစည်တယ် ထင်တယ်။ မရောက်ဖူး မနေဖူးလို့လည်း ဖြစ်မယ်။ အမှတ် ၂ လမ်း ပေါ်မှာ သိတဲ့ မြို့တွေက ပဲခူး၊ ပြီးတော့ တောင်ငူ။ နောက်ပြီး နာမည်သာ ကြားဖူးတယ် အကြောင်း မသိတာတွေက ဒိုက်ဦး၊ ပြွန်တန်ဆာ နဲ့ ညောင်လေးပင် အတွဲ၊ ပထ၀ီဝင်သင်ရတုန်းက စက်ရုံတွေ ရှိလို့ မှတ်မိနေတဲ့ ဖြူး၊ ဇေယျဝတီ၊ ရေတာရှည်၊ ဆွာ အတွဲ ဒီလောက်ပဲ မှတ်မိတယ်။ နောက် ကားရပ်ပြီး ဖရဲသီးဆင်းဝယ်တဲ့ ဒိုက်ဦး။ ဒိုက်ဦး ကွာစေ့လည်း ကောင်းတယ်။

များသောအားဖြင့်တော့ အမှတ် ၁ လမ်းကပဲ သွားဖြစ်တယ်။ အဲဒီဘက်မှာ ဆို ဘယ်မြို့ပြီးရင် ဘယ်မြို့ ရောက်တော့မယ်ဆိုတာကို ကြိုသိနေတယ်။ ရန်ကုန်က စ ထွက်ပြီး တိုက်ကြီးလောက် အထိဆို ခဏပဲ။ တိုက်ကြီးမှာ အမျိုးတွေ ရှိတယ်။ ငယ်ငယ်တုန်းက နွေရာသီ ကျောင်းပိတ်ရက် သွားနေဖူးတယ်။ ရွှေမြို့တော် လက်ဘက်ရည်ဆိုင်က အခုထက်ထိ ရှိတုန်းပဲ။ ပြီးရင် ဥက္ကံ၊ သုံးဆယ် - ကျုပ်ပြန်ဦးမယ် စာချိုးလို မြို့တွေကို ရောက်မယ်။ ပြီးတော့ သာယာဝတီတို့ လက်ပံတန်းတို့။ နောက်ပြီး နာမည်ကို ကောင်းကောင်းကြီး ရင်းနီးနေတဲ့ ကြို့ပင်ကောက် ပေါင်းတည် အတွဲ။ ဇီးကုန်းတို့လို မြို့ရွာတွေကိုဆို မည်းမည်းမှောင်မှောင် တိတ်တိတ် ဆိတ်ဆိတ်ပဲ ဖြတ်လာတယ်။ မြို့တစ်ခုခုနဲ့ နီပြီးဆို လမ်းဘေးမှာ စက်ဘီးလေးတွေ တွေ့ပြီ။ ညအမှောင်ထဲမှာ နင်းနေကြတယ်ဆိုတာ။ တစ်ချို့မြို့တွေဆို လက်ဘက်ရည်ဆိုင်တွေပဲ လင်းတယ်။ အခုဆို လက်ဘက်ရည်ဆိုင်တွေက ဂြိုတ်တု စလောင်းနဲ့ ဘောလုံးပွဲ လာကြည့်တဲ့ ပရိတ်သတ်တွေက အများသား။ ဆိုင်အပြင်မှာ စက်ဘီးတွေကလည်း ရပ်ထားလိုက်တာ။ ရွှေတောင်မြို့ကတော့ နည်းနည်း ကြီးပါတယ်။ ရွှေမျက်မှန် ဘုရားကိုတော့ တစ်ခေါက် ၀င်ဖူး ဖူးသေးတယ်။ ကားတွေက ရွှေတောင်မရောက်ခင် အင်းမမှာ ညစာစားဖို့ ရပ်လေ့ရှိပါတယ်။ ပြီးရင် ဗိုလ်ချုပ် ကြေးရုပ် အ၀ိုင်းပတ် ရှိတဲ့ ပြည်ကို ရောက်တယ်။ ပြည်ကိုလည်း တစ်ခေါက် ရောက်ဖူးတယ်။ ဆီစက်က ထွက်ကာစ ဆီတွေက ညစ်ညစ်တွေ ဖြစ်နေတာ တွေ့ဖူးတာပဲ မှတ်မိတော့တယ်။ ပြည်ဟိုဖက်ကမ်းက ကြံခင်းကိုလည်း တစ်ခေါက် ရောက်သေးတယ်။ ဘိလပ်မြေစက်ရုံထဲ အလည်သွားရတာ မှတ်မိသေးတယ်။ ဘ၀မှာ တကယ့် စက်ရုံကြီးထဲ သွားဖူးတာ အဲဒီ တစ်ခေါက်ပဲ ရှိတယ်။ နွားနို့ကောင်းတဲ့ ပလို့ (လား ပြလို့လား မသိ) ပြီးရင် မြေထဲ ရောက်မယ်။ မြေထဲဆိုတာ မြို့နာမည်။ နောက်တော့ အောင်လံလို့ ပြောင်းလိုက်တယ်။ ပြီးရင်တော့ မှောင်လည်းမှောင် ထမင်းလည်း စားထားလို့ အိပ်ပျော်သွားလိုက်တာ တောင်တွင်းကြီးရောက်မှ နိုးတယ်။ နောက် ဆက်သွားလိုက်တာ မကွေးကို ရောက်တယ်။ အခုဆို မကွေးက မြို့ရှောင်လမ်း ဖောက်ထားတဲ့ အတွက် မြို့ထဲက မဖြတ်တော့လို့ သိပ်တောင် မသိတော့ဘူး။ မြို့ပြင်က တက္ကသိုလ်တွေကို ဖြတ်သွားရင်တော့ မကွေးရောက်ပြီ ဆိုတာ သိတယ်။ ပြီးရင်တော့ သိပ်မအိပ်ဖြစ်ဘူး။ ရေနံချောင်း တ၀ိုက်ဆို ကားက ကုန်းတက်တွေကို အော်ပြီး တက်ရတာ အမြဲ။ အဲဒီနားမှာ ယူကလစ်ပင်တွေ ရှိတယ်။ ယူကလစ်နံ့နဲ့ ဖုန်နံ့ပေါင်းပြီး ထွက်လာတဲ့ အနံ့ကို မှတ်မိသေးတယ်။ နောက်ဆုံး ကျောက်ပန်းတောင်း မရောက်ခင် ဂွေးချိုရှိတယ်။ အပြန်ဆို ကားတွေ ဓါတ်ဆီ ၀င်ထည့်တယ်။ ကားရပ်ပြီဆို အမေက ကြက်ကြော်ဝယ်တယ်။ ဂွေးချိုက ကြက်ကြော်တွေက ကောင်းတယ်။ ကျောက်ပန်းတောင်းမှာ ဂိတ်ဆုံးတဲ့ ကားတွေ ရှိသလို ပုဂံအထိ ဆက်သွားတာလည်း ရှိတယ်။

ကျောက်ပန်းတောင်း ရောက်ပေမယ့် ခရီးက မဆုံးသေးဘူး။ ပုပ္ပါးကို ဆက်သွားရဦးမယ်။ အဲဒီမှာ ပွဲတော်ချိန်ဆို ပုပ္ပါးကို သွားတဲ့ ဟိုင်းလတ်ကားတွေ ရှိတယ်။ ငယ်ငယ်တုန်းက အဲဒီကားတွေ ခေါင်းမိုးပေါ်မှာ စီးရတာ ကြိုက်တယ်။ တလောက သွားတုန်းကတော့ အဘွား ပါတာနဲ့ ကားစင်းလုံး ငှားလိုက်တယ်။ သိပ်မပေးရပါဘူး။ တစ်ခါတစ်လေကျရင်တော့ (ပုပ္ပါး) ဆရာတော်က သူ့ရဲ့ Double-cab ဟိုင်းလတ်ကားက အကြို လွှတ်ထားတယ်။ လူများရင် သူရဲ့ ကုန်တင်ကား လွှတ်လိုက်တယ်။ ကားတွေကို ဆင်ပေါက် (၁) နဲ့ ဆင်ပေါက် (၂) ဆိုပြီး နာမည် ပေးထားတယ်။လမ်းမှာ သုံးထပ်ကွေ့ဆိုတဲ့ အန္တရယ်များတဲ့ တောင်ပတ်လမ်းလေး တစ်ခု ရှိတယ်။ ပုပ္ပါးကို နီးလာလေ သစ်ပင်တွေက များလာလေ စိမ်းလာလေ။ ပတ်ဝန်းကျင်က အေးမြလာလေ။ ကျောက်ပန်းတောင်းမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းနဲ့ ဘာမှ မဆိုင်တော့ဘူး။ တကယ့်ကို အိုအေစစ်လေးပဲ။ အခုနောက်ပိုင်း သစ်ပင်တွေ ပိုများလာတယ်။ သစ်တောဌာနကတော့ အဲဒီမှာ နည်းနည်း အလုပ် ပိုလုပ်တယ် ထင်တယ်။ ရှားရှားပါးပါး။ ခရီးအလယ်မှာ ပုပ္ပါးမြို့ (ရွာသာသာပါ) ရှိတယ်။ ပုပ္ပါး မီးတောင်က ထွက်လာတဲ့ ချော်မြေက ခြံစိုက်ဖို့ ကောင်းလို့ အဲဒီက ထွက်တဲ့ သစ်သီးတွေက ဖွံ့ပြီး ချိုတယ်။ သင်္ဘောသီးဆို အရမ်းချိုပြီး မာလကာသီးဆို ပန်းသီးစားရသလိုပဲ။ ပုပ္ပါးရွာမှာ ပုဂံကနေ လာတဲ့ ဗျတ္တ ပန်းဆက်လမ်းက လာစုံတယ်။ ၂၀၀၆ တုန်းက ပုဂံကို အဓိက သွားပြီး ပုပ္ပါးကို နေ့ချင်းပြန်လာတုန်းက အဲဒီလမ်းကနေ လာတယ်။ ဒဏ္ဍာရီထဲမှာ ဗျတ္တက ပုဂံကနေ ပုပ္ပါးကို နေ့တိုင်းလာပြီး ပုပ္ပါးမယ်တော်ကို ပန်းဆက်တာ အဲဒီ လမ်းကနေ လာတယ်တဲ့။

ခဏလောက် မောင်းလာလိုက်တာ နတ်ဆိုင်းသံတွေကို စကြားရပြီဆို ရောက်လုပါပြီ။ ပုပ္ပါးမှာ (မီး)တောင်မကြီးနဲ့ တောင်ကလပ်ဆိုပြီး ချော်ရည်တွေ စူထွက်ရာကနေ ဖြစ်လာတဲ့ ကလပ်လို တောင်ကလေး ရှိတယ်။ နတ်နန်းတွေ၊ ဘုန်ကြီးကျောင်းတွေ၊ စေတီတွေ၊ တရားအားထုတ်တဲ့ ဂူလေးတွေ၊ စားသောက်ဆိုင်တွေက တောင်ကလပ် တ၀ိုက်မှာပဲ ရှိတယ်။ တောင်ကလပ်ကို မရောက်ခင် အောင်သိဒ္ဓိကုန်းဆိုတာ ရှိတယ်။ ပုပ္ပါးဆရာတော်က အဲဒီမှာ အခြေစိုက်တယ်။ အဲဒီမှာ စေတီတွေ၊ ကျောင်းတွေ၊ ဇရပ်တွေ၊ နတ်နန်းတွေ ရှိတယ်။ ဇရပ်တွေဆိုတာ အုတ်တိုက်တွေပါ။ လာလည်တဲ့ သူတွေ တည်းလို့ရတယ်။ ခန်းမ အကျယ်ကြီးတွေရှိသလို အခန်းလေးတွေ ဖွဲ့ထားတာ ရှိတယ်။ အခန်းလေးတွေအတွက် သော့ကို ဂေါပကအဖွဲ့မှာ တောင်းလို့ ရတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့ ဓါတ်သိ၊ လူသိတွေ အတွက်ပဲ။ အဲဒီမှာ ကျောင်းလှူထားတဲ့ သူဌေးတွေနဲ့ အဘွားနဲ့က ဟင်္သာတ အသင်းမှာ အသိလူကြီးတွေဆိုတော့ ကျွန်တော်တို့ သွားရင် ဆရာတော်နဲ့ ဂေါ်ပကအဖွဲ့က မျက်နာသာ ပေးတယ်။ အခန်း ကောင်းကောင်း ရတတ်တယ်။ သင်္ကြန်တွင်း လူကျပြီဆို ကျောင်းတွေ ဇရပ်တွေ အကုန် ပြည့်တယ်။ ဘုရာဖူးကားတွေရော အနီးအပါးက တက်လာကြတာတွေရော။

(ဆက်ရေးမည်)

Sunday, April 13, 2008

ပုပ္ပါးနတ်တောင် - ၁

အရင်နှစ်တွေက သင်္ကြန် ရောက်ပြီဆို ကျွန်တော်တို့ အမေ ရောဂါထပြီ။ ပုပ္ပါး သွားချင်တယ်။ ပုပ္ပါးမှာ သာသနာ ပြုဖို့ဆိုပြီး သွားချင်တယ်။ ပြီးတော့ ပုပ္ပါးမယ်တော်ကို ကန်တော့ဖို့လည်း ပါတယ်။ အဲဒီတုန်းက သင်္ကြန်ဆိုရင် ပုပ္ပါးမှာ ၇ရက်လုံးလုံး နတ်ကနားတွေ လေးငါးနေရာမှာ အပြိုင်အဆိုင် အကြီးအကျယ် ပေးကြတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက သူဌေးတွေက ရက်လုပြီး ပေးကြတယ်။ တခြားမြို့က လူတွေလည်း ပါတယ်။ ဒီနှစ် စီးပွားရေး ကောင်းရင် ကနားပေးပါ့မယ်လို့ တိုင်တည်ထားတာ စီးပွားလည်းဖြစ်ရော ကနားမပေးရင် နတ်ကိုင်မှာ ကြောက်လို့ အလုအယက် ပေးကြတာ။ နတ်ကတော်တွေကလည်း နတ်တွေကို ကပြ ကန်တော့ဖို့ လာကြ ကကြတယ်။ တောင်ပြုန်းပွဲလောက် မစည်ပေမယ့် သူဟာနဲ့သူတော့ အတော်စည်ပါတယ်။ အမေတို့ကတော့ အဲဒီလို မပေးနိုင်ပါဘူး။ ပုပ္ပါးမယ်တော်ရှေ့မှာ ကိုယ်တိုင်ကိုယ်ရောက် (အုန်း၊ ငှက်ပျော) ပွဲ ပေးပါ့မယ် တိုင်တည်ထားလို့ ပုပ္ပါးအထိသွားပြီး ပွဲကပ်တာ။ အမေက တစ်မျိုး။ နတ်တွေကို သူတို့ အကြိုက်တွေ ကပ်ပေးတဲ့အပြင် နတ်တွေအတွက် ဆိုပြီး သာသနာ ပြုပေးတယ်။ ဥပမာ ရှင်ပြုတာမျိုးလုပ်ပြီး နတ်တွေကို အမျှဝေပေးတာ။ အဲဒါကြောင့် ပုပ္ပါးသွားပြီး သာသနာပြုချင်တယ် ဆိုတာ။

အစတုန်းက အမေက နတ်ယုံတယ်။ နတ်တချို့ကို ကိုးကွယ်တယ်။ သူရဿတီ မယ်တော်၊ ဘိုးတော်၊ အိမ်တွင်းနတ်တွေ အပြင် ကိုကြီးကျော်၊ ပုပ္ပါးမယ်တော်ရယ် သူ့သားတော် တောင်ပြုန်းမင်းနှစ်ပါးနဲ့ ရိုးရာနတ်ဆိုတဲ့ ကိုးမြို့ရှင် စတာတွေက အမေ ကိုးကွယ်တဲ့ နတ်တွေပါ။ အိမ်မှာလည်း တစ်နှစ်တစ်ခါ နတ်ကန်တော့တယ်။ ဆိုင်းတွေ၊ ကနားတွေနဲ့ အကြီးအကျယ် လုပ်တာမဟုတ်ဘဲ အိမ်ထဲမှာ နတ်ကတော်နဲ့ အကျဉ်းချုံးလုပ်တယ်။ အဖေက နတ်ကတော်တွေကို အင်မတန် မုန်းလို့ နောက်ပိုင်းကျတော့ သူကိုယ်တိုင် နတ်ကိုးကွယ်မှု စာအုပ်တွေဖတ်၊ လူကြီးတွေကို မေးပြီး သူကိုယ်တိုင် နတ်ကတော်လုပ်တယ်။ အဖေ့အတွက် အမေက တရုတ်နှစ်ကူးပေးသလို အဖေကလည်း အမေ့အတွက် နတ်ကန်တော့ပေးရှာတယ်။ အခြောက်တွေလိုတော့ မဟုတ်ဘူးပေါ့။ နတ်တွေကို ခေါ်တယ်။ ပင့်တယ်။ စားဖွယ်တွေကပ်တယ်။ ဒါပဲ။ နတ်ကတော်တွေလိုတော့ လက်ကို နဖူးပေါ်တင်ပြီး ဖျောက်ဖျောက် ဖျောက်ဖျောက် မြည်အောင် ကန်တော့တတ်သေးတယ်။ အဲဒါမျိုးမြည်ရင် အမေက သိပ်သဘောကျတယ်။ နတ်တွေ ၀င်လာပြီဆိုပြီးတော့။ ကန်တော့နေတုန်း လူက ယိမ်းယိုင်လာပြီဆိုရင် အမေ့အတွက် နေစရာ နေရာမရှိတော့ဘူး။ အဖေကတော့ ဖျောက်ဖျောက် ဖျောက်ဖျောက် ကန်တော့၊ နည်းနည်းပါးပါး ယိမ်းယိုင်၊ ခဏနေငြိမ်သွားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူပြီး ပြီးသွားတယ်။ နတ်ကတော်တွေလိုတော့ ၀င်ပူးတာတွေ၊ ဟောတာတွေ မလုပ်တော့ဘူး။ ဦးရှင်ကြီးလည်း အဖေက သူဘာသာသူ တင်တယ်။ ဦးရှင်ကြီးဆရာတွေလို ဝေလီဝေလင်း အကျယ်ကြီး မအော်တတ်တော့ တစ်မျိုးလည်း ကောင်းတာပဲ။ အဖေလုပ်တဲ့ မုန့်ဆမ်းကတော့ ဦးရှင်ကြီး ဆရာတွေကို မီပါတယ်။

နှစ်စဉ် နတ်ကန်တော့ပြီဆို ဆိုင်ရာ ဆိုင်ရာ နတ်တွေကြိုက်တတ်တဲ့ အစာတွေကို ခက်ခက်ခဲခဲ လုပ်ယူတယ်။ ရှာဝယ်တယ်။ ကိုကြီးကျော် အကြိုက် ကြက်ကောင်လုံးကြော်နဲ့ အာမီရမ် (Army Rum) ။ အဲဒီတုန်းက အာမီရမ် အစစ်ကို အမေက ရှာဝယ်တယ်။ အာမီရမ်ဆိုတာ မဆလခေတ်မှာ တော်တော်ကောင်းတဲ့ အရက်ပဲ။ ကိုကြီးကျော်ရဲ့ ပီအေ အဘညိုအတွက် အရက်ဖြူ။ တောင်ပြုန်း မင်းသားတွေအတွက် နီလာဒန်ပေါက်နဲ့ ဂျလေဘီ ကုလားအချိုမုန့်။ မနှဲလေးအတွက် ဘဲဥပြုတ်နဲ့ ချိုချဉ် သကြားလုံးလည်း မေ့လို့ မဖြစ်ဘူး။ သူသားတွေ ကျွန်တော်တို့ ညီအစ်ကိုတွေကို မနှဲလေးကို အပ်ထားတာ ဆိုတော့။ အိမ်တွင်းအတွက် ရွှေအုန်းသီး။ ဒါတွေကို ရှာဝယ်ရတဲ့ အပြင် အိမ်မှာလည်း ကျော်ရ ချက်ရသေးတယ်။ မုန့်ဖြူကြော်၊ မုန့်နီကြော်တွေ ကြော်ရတယ်။ ငါးပုဏ္ဏားလည်း ကြော်ရတယ်။ အမေဂျမ်းက ဟဲ့..ငါ့သောက်ဖို့ ဘယ်မှာလည်း မေးရင် အသင့်ရှိအောင် ပြောင်းဖူးဖတ် ဆေးလိပ်လည်း ရှာထားရတယ်။ နတ်ကန်တော့တာ ရိုးရာလို့ မပြောရဘူး။ ရိုးရာစာတွေ တော်တော်ပါရတယ်။ တချို့ဟာတွေကို အမေက ကြိုမှာ ကြိုရှာထားရတယ်။ လက်ဖက်၊ ကွမ်း၊ စီးကရက်၊ ဆေးပြင်းလိပ်၊ အရက် အဖြူအနီတွေက ရလွယ်ပေမယ့် ငါးပုဏ္ဏား အကောင်မပျက် (နှုတ်ခမ်းမွှေးပါ ပါရမယ်) လိုမျိုးက ၀ယ်ရမလွယ်ဘူး။ ဈေးမှာ ကြိုမှာထားရတယ်။ ဒါ ကျွန်တော် မှတ်မိသလောက်ပဲ ရှိသေးတယ်။ တခြား မြန်မာမုန့်တွေ၊ အထူးအဆန်း ရှားရှားပါးပါး အစာတွေ ဟင်းတွေ အများကြီး ပါသေးတယ်။ အဲဒီအချိန်ကျရင် နတ်၃၇မင်းအတွက် ကိုယ်စီကိုယ်စီ တစ်ခုစီ ကပ်တာဆိုတော့ တွေးကြည့်ပေတော့။

နတ်ကန်တော့တဲ့ အချိန်ဆို အိမ်ရှေ့ခန်း တစ်ခန်းလုံး စောင်လိုမျိုးတွေ ခင်းပြီး စားစရာတွေကို သူ့ဆိုင်ရာ ဆိုင်ရာ နတ်တွေ ရှေ့မှာ ချထားတာ တစ်ခန်းလုံး အပြည့်ပဲ။ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းထားတဲ့အပြင် စီကရက်တွေကို မီးညှိပြီး ကပ်ထားလိုက်တာ တစ်ခန်းလုံး မီးခိုးတွေနဲ့။ ဒါ့အပြင် အရက်နံ့၊ ခပ်ပေါပေါ ရေမွှေးအနံ့တွေကလည်း လှိုင်နေတာပဲ။ ဒန်ပေါက်နံ့၊ မုန့်ကြော်နံ့တွေကလည်း အပြိုင်ပေါ့။ အဲဒီ နတ်ကန်တော့တဲ့ အချိန်ရတဲ့ အနံ့ကို အခုထိတောင် စိတ်ကူးကြည့်လို့ ရသေးတယ်။ မနက် မိုးလင်းကတည်းက တစ်ပါးစီ ကန်တော့လိုက်တယ်ဆိုတာ ညနေ မိုးချုပ်တဲ့ အထိပဲ။ နတ်တွေကလည်း သူ့အချိန်နဲ့ သူ ကန်တော့ရတာလေ။ ကျွန်တော်တို့ကတော့ ကြက်ကြော် ဘယ်တော့ စွန့်မလဲ ဆိုတာကိုပဲ စောင့်နေရတယ်။

အမေကိုးကွယ်တဲ့ နတ်တွေ အထဲမှာ သူရဿတီမယ်တော်ကတော့ လူတော်တော်များများ ကိုးကွယ်တဲ့ နတ်(သမီး)ပဲ။ ထားလိုက်တော့။ ဘိုးတော်တွေမှာ ဘိုးမင်းခေါင်က ပုပ္ပါးမှာ ထွက်ရပ်ပေါက်သွားတယ်။ အိမ်ကို အနှောက်အယှက်တွေ မ၀င်အောင် စောင့်ရှောက်ပေးတယ် ဆိုတဲ့ အိမ်တွင်းနတ်တွေရဲ့ နတ်ကွန်းကလည်း ပုပ္ပါးမှာ ရှိတယ်။ ဒါတွေအပြင် အမေရဲ့ ဖေးဖရိတ် နတ်တွေထဲမှာ အပါအ၀င်ဖြစ်တဲ့ ပုပ္ပါးမယ်တော်ကလည်း အထူး ပြောစရာမလို ပုပ္ပါးမှာဆိုတော့ အမေ ပုပ္ပါးသွားချင်တာ မဆန်းပါဘူး။

စစ်အစိုးရမတက်ခင် (အရေးအခင်း မဖြစ်ခင်က) သင်္ကြန်မှာ ပုပ္ပါးကို သွားဖြစ်ပေမယ့် နောက်ပိုင်းကျတော့ သွားလို့ မလွယ်တော့လို့ မသွားဖြစ်တော့ဘူး။ ပုပ္ပါးကို ဘက်စ်ကားနဲ့ သွားတယ်။ ပုပ္ပါးထိ တိုက်ရိုက်ရောက်တာ မရှိလို့ ကျောက်ပန်းတောင်း မြို့ကို သွားပြီးမှ အဲဒီကနေ တဆင့် ထပ်သွားရတာ။ အဲဒီတုန်းက ကျောက်ပန်းတောင်းကို ကပရ (ကုန်းလမ်းပို့ဆောင်ရေး) က ဘက်စ်ကားတွေနဲ့ သွားပါတယ်။ ဘက်စ်ကားတွေက ဘီအမ်ကားထက်တော့ နည်းနည်း ကြီးပေမယ့် လေအိတ်ကားလို့ ပြောတဲ့ အခုခေတ် ကားတွေလောက်တော့ မကြီးပါဘူး။ တစ်ခါတစ်လေကျရင် ပုဂ္ဂလိက ကားလိုင်းတွေ ဖြစ်တဲ့ ပွင့်သစ်စ ရတနာနဲ့ သွားပါတယ်။ ဘယ်ကားလိုင်းနဲ့ပဲ သွားသွား အခုခေတ်လိုတော့ အဲကွန်း မပါပါဘူး။ အဆိုးဆုံးကတော့ အဲဒီ ဘက်စ်ကားတွေက ထိုင်ခုံတန်းတွေ အောက်မှာ ဆန်အိတ်တွေ ကုန်သေတ္တာတွေ ထည့်ထားတာပါပဲ။ လူက ခြေထောက်ချ ထိုင်မရလို့ ကုန်စည်တွေပေါ် ခြေထောက် တင်ပြီး ဒူးကွေးကွေးလေးနဲ့ တစ်လမ်းလုံး လိုက်လာရပါတယ်။ အခုခေတ်အထိလည်း ဒီလို ခရီးသွားနေရသူတွေ ရှိတုန်းပါ။ ကျွန်တော်တို့လည်း ခရီးဆိုတာ ဒီလို သွားရတာပါလား။ လိုရာ မရောက်ခင်အထိ သည်းညည်းခံပြီး စီးရမယ်ဆိုတာကို စိတ်ထဲမှာ အလိုလို ရှိနေပြီး မငြည်းမငြူ စီးလာပါတယ်။

ရန်ကုန်ကနေ မိုင် ၄၀၀လောက် ခရီးကို ၁၇ နာရီ ၁၈ နာရီလောက် စီးယူခဲ့ရပါတယ်။ အမေရိကားမှာတုန်းက မိုင် ၄၀၀ လောက် ဝေးတဲ့ နိုင်အာဂရာ ရေတံခွန်ကို ၆ နာရီလောက်နဲ့ စီးသွားတုန်းက ဒီခရီးကို သတိပြန်ရပါသေးတယ်။ ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းတွေ (Interstate Express တွေ)က ဖြောင့်ဖြူးပြီး ကားတွေက သူအရှိန်နဲ့ သူမောင်းနေတယ်လိုက်တာ။ ရန်ကုန်-မန္တလေးလမ်းသာ အဲဒီလိုဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ တွေးမိတယ်။ ရန်ကုန်-မန္တလေးလမ်းကလည်း (ပဲခူး) ရိုးမအရှေ့နဲ့ ရိုးမအနောက် နှစ်လမ်းရှိတာ နှစ်လမ်းစလုံးက သုံးမရပါဘူး။ ရန်ကုန်ကနေ ပြည်အထိကတော့ အဆင်ပြေတယ်။ နောက်ပိုင်းကျရင် အမြန် မောင်းလို့ မရတော့ဘူး။ ဟိုဘက်မှာဆိုလည်း ပဲခူးလောက်အထိပဲ ကောင်းကောင်း မောင်းလို့ရတယ်။ ရန်ကုန်-မန္တလေးလမ်းကို ပြင်လိုက်တာဆိုတာလည်း တက်လာတဲ့ အစိုးရတိုင်းပဲ။ ကြားဖူးတာ တစ်ခုက နေ၀င်း ခေတ်တုန်းက အမေရိကန်အစိုးရက ရန်ကုန်-မန္တလေးလမ်းကို ၆လမ်းသွား ခင်းပေးမယ်။ လေယာဉ်ပျံ ဆင်းလို့ရတဲ့ အထိ ခင်းပေးမှာကို ကိုရွှေတရုတ်တွေက လန့်သွားတယ်။ အဲဒါကြောင့် လမ်းအလယ်ကျွန်းတွေမှာ သစ်ပင်တွေ စိုက်ပေးမယ်ဆိုပြီး ပြန်ကမ်းလှမ်းတယ်တဲ့။ အဲဒါနဲ့ အမေရိကန် အစိုးရကလည်း မခင်းပေးတော့ဘူးတဲ့။ (ဟုတ်မဟုတ်တော့ မသိ) တကယ်သာ အဲဒီတုန်းက ခင်းပေးလိုက်ရင် ရန်ကုန်-မန္တလေးဆိုတာ ဖြောင့်နေမှာပဲ။ စစ်အစိုးရ တက်တော့လည်း ရန်ကုန်-မန္တလေး ၁၀နာရီအရောက် ခရီးပေါက်ဆိုပြီး လုပ်လိုက်တာ အခုထက်ထိကို မပြီးနိုင်တော့ဘူး။ ကန်ထရိုက်တွေသာ ထောသွားတယ်။ (Toll) တိုးဂိတ်တွေသာ တိုးလာတယ်။ လမ်းက ဖြောင့်ဖြူး မလာဘူး။ ၆လမ်းသွားမပြောနဲ့ ၂လမ်းသွား ဖြောင့်ဖြောင့် ဖြူးဖြူးတောင် ဖြစ်မလာဘူး။ လမ်းအင်ဂျင်နီယာတွေက တန်ပိုကားတွေ ရာသီဥတုကို အပြစ်ပုံချ။ လမ်းတွေကတော့ ဂျိုင့်တွေကြီးပဲ။

(ဆက်ရေးမည်)

Saturday, April 05, 2008

စင်္ကာပူစတိုင် အချိုပွဲ

စင်္ကာပူက (Hawker) ဟော်ကာစင်တာ (Food Courts) တွေမှာ အချိုပွဲ ရောင်းတတ်ပါတယ်။ တစ်ခါတစ်လေကျတော့ Spicy Food တွေ Oily Food တွေ စားပြီး အချိုပွဲလေး စားလိုက်ရမှ တင်းတိမ်သွားပါတယ်။ ကြားရက်တွေမှာ နေ့လည် စာစားပြီးရင်တော့ အချိုပွဲ မစားဖြစ်ပေမယ့် သူမနဲ့ ဆိုရင်တော့ စားဖြစ်ပါတယ်။ တစ်ပွဲကို နှစ်ယောက်တူတူ စားတာဆိုတော့ ပိုလည်း တန်တယ်လေ။ အချိုပွဲကို အအေးရောင်းတဲ့ ဆိုင်တွေက ရောင်းတတ်သလို သစ်သီးလှီးပြီး ရောင်းတဲ့ ဆိုင်တွေမှာလည်း ရောင်းပါတယ်။ အအေးရောင်းတဲ့ ဆိုင်တွေဆိုပေမယ့် အထင်တော့ မသေးလိုက်ပါနဲ့။ အဲဒီ အအေးရောင်းတဲ့ ဆိုင်တွေက တကယ်တော့ အဲဒီ ဟော်ကာစင်တာရဲ့သူကြီးတွေပါ။ (စကားမစပ် အခုမှ စ ဘလောက်ပေမယ့် ခြေလှမ်းသွက်နေတဲ့ ကျွန်တော့် အသိ သူကြီး ကို ပြောတာ မဟုတ်ပါ။ စင်္ကာပူက မြန်မာလောကမှာတော့ သူကြီးလို့ ပြောလိုက်ရင် ဘာဆိုတာ တန်းသိကြပါတယ်။ အိမ်ခန်း တစ်ခန်းကို ငှားထားပြီး ကိုယ်က Master Bedroom ယူပြီး ကျန်တဲ့ အခန်း တစ်ခန်း/နှစ်ခန်းမှာ တခြားသူတွေကို တစ်ယောက်ကို နှစ်ရာမျိုး သုံးရာမျိုးနဲ့ ထပ်တိုး ငှားထားတဲ့ သူတွေကို ခေါ်တာပါ။) အဲဒီလိုပဲ အအေးဆိုင် ပိုင်ရှင်ကလည်း ဟော်ကာ စင်တာ တစ်ခုလုံးကို ပုတ်ပြတ် ငှားလိုက်ပြီး ကျန်တဲ့ ဆိုင်တွေကို သူက ပြန်ပြီး အငှားချထားတာပါ။

အဲဒီ ဟော်ကာစင်တာမှာ ကုလားစာ လာစားတဲ့သူ ရှိမယ်။ တရုတ်စာ၊ မလေးစာ လာစားမယ်။ လက်ဘက်ရည်၊ အအေးကတော့ လာတဲ့ သူတိုင်းလိုလို သောက်တာ ဆိုတော့ မရောင်းရမှာ ပူစရာမလို။ အအေးရောင်းတယ်ဆိုတာလည်း ဘာမှ အလုပ်ပို ရှုပ်တာလည်း မဟုတ်ဘူးလေ။ လူတွေကလည်း အစာစားပြီးရင် အအေး သောက်တတ်တာဆိုတော့ ဟော်ကာ သူကြီးက ရိုက်စားပဲ။ စင်္ကာပူက လူတွေကလည်း ဟင်းချိုပူပူ သောက်ပြီးရင်တောင် အအေး ထပ်သောက်တတ်သေးတယ်။ ရေခဲသေတ္တာထဲမှာ အေးထားတာကိုတောင် ရေခဲထပ်ထည့်ပြီး သောက်ကြတာလေ။ အီကွေတာနားမှာ နေတဲ့သူတွေမို့လား မသိ။ နောက်တော့မှ ဘာလို့ သူတို့တွေ အအေး မှာမှာ သောက်ကြလည်း ဆိုတာကို သဘောပေါက်သွားတယ်။ ဟော်ကာစင်တာရောက်ရင် ကိုယ်စားချင်တဲ့ ဆိုင်မှာ တစ်ခုခုကို ကိုယ်တိုင်ယူ စနစ်နဲ့ သွားမှာတယ်။ သွားမမှာခင် ကိုယ့်ဆီမှာ ပါလာတဲ့ Tissue ထုပ်လေးကို စားပွဲပေါ် အသာလေး တင်ထားခဲ့ဦး။ ဒါ စင်္ကာပူမှာ ခုံဦးထားတဲ့ အထာပေါ့။ တစ်ခုခု မှာပြီး စားနေတုန်းမှာ ဟော်ကာ သူကြီး အအေးဆိုင်က တစ်ယောက်က လာပြီး ဘာသောက်မလဲ မဆိုင်းမတွ လာမေးပါပြီ။ ဘာမှ မမှာလိုက်လို့ကတော့ မကျေနပ်သလိုလို ဘာလိုလိုနဲ့ ထွက်သွားပါရော။ တစ်ခုခုမှာလိုက်မှ ကျေနပ်မယ့် ပုံနဲ့။ ဒီလိုနဲ့ပဲ လူတိုင်းက စားပြီးသွားရင် တစ်ခုခု သောက်တတ်လာပုံရတယ်။

တချို့နေရာတွေမှာ အဲဒီလို အအေးဆိုင်တွေက အချိုပွဲ ရောင်းတတ်ပါတယ်။ များသောအားဖြင့်တော့ အပူ အအေးအစုံ၊ တရုတ်ရိုးရာ အချိုပွဲတွေ မလေး (Malay) အချိုစာတွေ ရတတ်ပါတယ်။ အချိုပွဲ အအေးအတွက်ကတော့ ရေခဲသုပ်လိုမျိုးတို့ မလေးစာဖြစ်တဲ့ မြန်မာ မုန့်လက်ဆောင်းနဲ့ တူတာမျိုးကနေ သစ်သီးရောရာစုံကို ရေခဲခြစ်နဲ့ ရောထားတို့ ဘာတို့ ရနိုင်ပါတယ်။ အပူအချိုပွဲ အတွက်ကတော့ ဂျုံကြိုလိုမျိုးတွေ၊ တောင်ဆွန် (Tao Suan) လိုခေါ်တဲ့ ပဲပိစပ်လိုမျိုး ပြုတ်ထားတာကို ကြံသကာရည်နဲ့ စားတာမျိုးကနေ နှမ်းနက်ကို အနှစ် လုပ်ထားတဲ့ Sesame Paste လိုမျိုးအထိ ရတတ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စွဲစွဲမြဲမြဲ စားတတ်တာကတော့ ဘိုဘိုချာချာ(Bo Bo Cha Cha) နဲ့ Yam Paste လိုမျိုးပါ။ Yam Paste က ပိန်းဥကို ပြုတ်ပြီး ခြေကာ အနှစ်လုပ်ထားတာကို အုန်းနို့ဆမ်းပြီး စားတာပါ။ ဘိုဘိုချာချာကတော့ ပိန်းဥတို့ ကန်စွန်းဥတို့ကို အတုံးလေးတွေလုပ်ထားတာကို အုန်းနို့ရည်နဲ့ စားတာပါ။ ပူပူလေးစားလို့ရသလို ရေခဲခြစ်အုပ်ခိုင်းလည်းရပါတယ်။ အခုတော့ အဲဒီ နှစ်မျိုးကို သတိရပြီး နှစ်မျိုးပေါင်း လုပ်စားဖြစ်ပုံလေးကို မျှဝေလိုက်တာပါ။



ကန်စွန်းဥနဲ့ ပိန်းဥကိုဝယ်ပြီး အခွံခွာ ရေဆေးပါတယ်။ မြန်မာပြည်က တောရွာတွေမှာတော့ တောထဲသွားပြီး ပိန်းဥလေး ကန်စွန်းဥလေး တူးဆွပြီး ဖုတ်စား ပြုတ်စားကြရပါတယ်။ နိုင်ငံခြားမှာတော့ Yam သို့မဟုတ် Taro ဆိုပြီး ရှာရင် ရနိုင်ပါတယ်။ ဒီမှာတော့ အဲဒါတွေက (တခြား အသီးအရွက်နဲ့ စာရင်) ဈေးနည်းနည်း ကြီးပါတယ်။ အထူးသဖြင့် ပိန်းဥက ဈေးနည်းနည်းကြီးပါတယ်။ စင်္ကာပူမှာလည်း ဈေးကြီးပါတယ်။ လက်တဆစ်လောက် အတုံးလေးတွေ တုံးလိုက်ပါတယ်။ ပိန်းဥကို ရေနည်းနည်းနဲ့ ပြုတ်ထားတဲ့ အိုးအပေါ်မှာ စကာနဲ့ ကန်စွန်းဥကို ပေါင်းပါတယ်။ နှစ်ခုစလုံးကို ပေါင်းလည်းရပါတယ်။ ကန်စွန်းဥကိုတော့ ရေထဲ စိမ်ပြီး မပြုတ်သင့်ပါဘူး။ ရေတွေ ၀င်ပြီး ကန်းစွန်းဥက စေးသင့်သလောက် မစေးတော့ပါဘူး။ နှစ်ခုစလုံး နူးသွားပြီဆို ကန်စွန်းဥကို ဖယ်ပြီး ပိန်းဥကို ချေလိုက်ပါတယ်။ အနှစ်တွေ ဖြစ်သွားတဲ့ အထိခြေပြီး မွှေလိုက်ပါတယ်။ အုန်းနို့ကတော့ စည်သွပ်ဗူးလေးတွေ ၀ယ်လိုက်ပါတယ်။ အလတ် တစ်ဗူးလောက်ဆို ရပါပြီ။ နောက်အိုးတစ်လုံးမှာ ရေဆတူကို ကြိုပြီး သကြား လေးဇွန်းလောက် ထည့်လိုက်ပါတယ်။ သကြားတွေ ပျော်ပြီး ရေပွက်ပြီဆို အုန်းနို့ထည့်လိုက်ပြီး မွှေပြီး ခဏလေးနေတာနဲ့ မီးပိတ်ထားလိုက်ပါတယ်။ ကြိုတဲ့ အထဲကို စင်္ကာပူ မလေးထုံးစံအတိုင်း ပန်ဒန်းရွက် (Pandan Leave) လေး ရနိုင်မယ်ဆို ထုံးပြီး ထည့်လို့ ရပါသေးတယ်။

စားမယ်ဆို ကန်စွန်းဥ အတုံးလေးတွေထည့် ပိန်းဥအနှစ်တွေ ထည့်ပြီး အုန်းနို့ဆမ်းကာ စားလို့ရပါပြီ။ ပိန်းဥအနှစ်နဲ့ အုန်းနို့နဲ့ ရောထားတဲ့ အရသာဟာ အခုမှ စ စားမယ့် သူဆို ထူးခြားတဲ့ အရသာ အသစ်အဆန်း ပေးနိုင်ပါတယ်။ အရသာပြင်းတယ် ထင်ရင် သာကူ အလုံး အလတ်ကလေးတွေ ကြိုပြီး ရောစားနိုင်ပါတယ်။ ငယ်ငယ်က သောက်တဲ့ သာကူကို ပြန်လည် တမ်းတလို့ ရပါတယ်။ ပဲလွန်းပြုတ်ထားတာကိုလည်း ထည့်ထားတာ ဆိုင်တစ်ဆိုင်မှာ စားဖူးပါတယ်။ Ginkgo Nut ကိုလည်း ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပြီး ထည့်စားကြပါတယ်။ တချို့ဆိုင်တွေက ဒူးရင်သီး အနှစ်လေး ဆမ်းပေးလိုက်ပါသေးတယ်။ ကာဗိုဟိုက်ဒြိတ်နဲ့ အုန်းနို့အဆီ အပြည့်အ၀ အချိုပွဲဟာ နည်းနည်းလေး စားရုံနဲ့ အာသာပြည် တင်းတိမ်စေမည့် အစာပိတ် အချိုပွဲတစ်ခုဆိုရင် မမှားပါဘူး။

Film