Friday, May 30, 2008

သားလေး ဖွားစဉ်က (၁)

မမွေးခင် တစ်ပတ်အလို (၁၇/၅/၂၀၀၈)
ကိုယ်ဝန် ၃၈ ပတ်မှာ ရက်ချိန်းရှိလို့ ဆေးရုံကို သွားပြပါတယ်။ ထုံးစံအတိုင်း ၀မ်းဆွဲသည် နာ့စ်မ (Midwife) နဲ့ပဲ တွေ့ပါတယ်။ ဒုတိယ ကလေးလည်းဖြစ် ဘာ ပြဿနာ(Complication) မှလည်း မရှိတော့ ဆရာဝန်နဲ့ မတွေ့ပါဘူး။ ၃၈ ပတ်အထိတော့ ဘာမှ အထွေအထူး မရှိပေမယ့် ဒီတစ်ပတ်မှာတော့ အတွင်းက ကလေး ကြီးထွားတာတော့ တန့်သွားပါတယ်။ ကလေးကို ဘယ်လို တိုင်းလဲဆိုတာ အလွန် လွယ်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း အစက်ချမျဉ်း တလျှောက် ဆီးခုံကနေ ရင်ညွန့် အထိ ပေကြိုးနဲ့ တိုင်းတာပါ။ ကိုယ်ဝန် ၃၄ ပတ်မှာ ၃၄ စင်တီမီတာ၊ ၃၆ ပတ်မှာ ၃၆ စင်တီ၊ ၃ရပတ်မှာ ၃ရ စင်တီ အသီးသီး ရှိပါတယ်။ ၃၈ ပတ်မှာ တိုင်းလိုက်တော့ ၃ရ စင်တီပဲ ရှိနေပါတယ်။ နှလုံး ခုန်နှုန်းကတော့ ပုံမှန်ပါပဲ။

ကျွန်တော်တို့က စိတ်ပူသွားပြီး နောက် ၂ ပတ် (Due-date ကလည်း နောက် ၂ ပတ် အကြာမှာပါ) ရက်ချိန်း မတိုင်ခင် ကြားထဲမှာ ဆရာဝန်နဲ့ တွေ့ဖို့ ရက်ချိန်း တောင်းလိုက်တော့ ၁၀ ရက် အကြာမှာပဲ ရပါတယ်။ ဆရာဝန်နဲ့ တွေ့မှ Ultra-sound တွေ ဘာတွေ ရိုက်ကြည့်ပြီး အထဲ ရေနည်းလား ဘာလား သိရမှာဆိုတော့ ရက်ချိန်း ယူလိုက်ပါတယ်။ နာ့စ်မကတော့ အဲဒီ အချိန်လောက်ကျရင် မွေးရင်တောင် မွေးနေလောက်ပြီကို ခဏခဏ ပြောနေပါတယ်။ ကျွန်တော်တို့လည်း အဲဒီ အတိုင်းပဲ ထင်ပါတယ်။ နောက်ပြီး နာ့စ်မက ကလေးလှုပ်ရှားမှုကို စောင့်ကြည့်မှတ်ထားဖို့ Chart လေး တစ်ခုပေးလိုက်တယ်။ ၁၂ နာရီ အတွင်းမှာမှ ကလေးက ၁၀ ခါလောက် မလှုပ်ရင် ဆေးရုံကို ဖုန်းဆက်ဖို့လည်း အသေအချာ မှာလိုက်ပါတယ်။

ဒါနဲ့ပဲ ဒီတစ်ပတ် အတွင်းမှာ ဈေးဝယ်စရာ ရှိတာတွေ ၀ယ်ထားပါတယ်။ ကျွန်တော်လည်း အင်္ဂုလိမာလသုတ်ကို ပြန်နွှေးနေပါပြီ။ အထုပ်အပိုးတွေကိုလည်း ပြင်ထားပါတယ်။ ဒီမှာက ပြည်သူပိုင် ဆေးရုံမှာ အခမဲ့ တက်မွေးတာ ဆိုတော့ အိမ်ကနေ အကုန် ယူသွားရပါတယ်။ စင်္ကာပူမှာ တုန်းကတော့ အမေနဲ့ ကလေးအတွက် အင်္ကျီလောက်ပဲ ယူသွားရပါတယ်။ အထွေအထူး အပို များများစားစားတော့ မဟုတ်ပါဘူး။ အ၀တ်အစားတွေ အပြင် Sanitary Pad တို့၊ ကလေးအတွက် သန့်ရှင်း သုတ်ပေးဖို့ Baby Wipes တို့၊ Nappies တို့လောက်ပါ။ စင်္ကာပူမှာတုန်းကတော့ ဆေးရုံက အကုန်ပေးတဲ့ အပြင် အပြန်မှာလည်း ကြော်ညာပစ္စည်းတွေ တပုံကြီး လက်ဆောင် ရလိုက်သေးတယ်။ (ပိုက်ပိုက်တော့ ၄ထောင်ကျော် ပေးလိုက်ရတယ်လေ)

အဲဒီ အချိန်မှာ သူမရဲ့ မိဘတွေ အတွက် သြော်ဇီ ဗီဇာက မသေချာသေးပါဘူး။ ဆေးတွေ ဘာတွေ စစ်ပြီး အခြေအနေ ကောင်းတယ်။ ဒီဘက်ကလည်း နောက်ထပ် လိုနေတဲ့ ကျန်းမာရေး အာမခံတွေ ဘာတွေ ပို့ပြီး သွားပြီ။ ၂၀ရက်နေကျရင် ဗီဇာအတွက် အဖြေ သိရမယ်တဲ့။ ခက်နေတာက လေယာဉ် လက်မှတ်က ၅ ရက်လောက် ကြိုဝယ်ရမယ်။ အဲဒါနဲ့ မထူးဘူး အဖြေ မသိခင်မှာပဲ လေယာဉ် လက်မှတ်ကို ကြိုဝယ်ဖို့ ပြောလိုက်တယ်။

ဒီတစ်ပတ်အတွင်းမှာလည်း သူမက အလေးချိန်ပုံမှန် တက်နေပြီး တစ်ပတ်ကို တစ်ကီလိုလောက် တက်နေပါတယ်။ ဒါပေမယ့် ညဖက်ဆို အိပ်လို့ မပျော်ဖြစ်နေပါတယ်။ ပက်လက် အိပ်လို့ မရတော့ ဘေးစောင်း အိပ်တာ ညောင်းလို့ ဟိုဖက် ဒီဖက် လှည့်ဖို့တောင် မလွယ်လှပါဘူး။ သမီးလေး မြတ်နိုးတုန်းက မွေးခါနီးမှာ သူမ မျက်နှာကြီးက နည်းနည်း ဖောင်း (ဖောယောင်) လာပါတယ်။ အခုတော့ ဘာမှ မဖြစ်ပါဘူး။ ဟိုနား ဒီနား သွားဖို့ အပြင်ကိုလည်း ကျွန်တော် မပါရင် မထွက်တော့ပါဘူး။ သားမွေးရင် အမေက ရုပ်ကျပြီး ရုပ်ဆိုးတာတို့၊ မျက်နှာတွေ မည်းလာတာတို့ ဘာတို့ ဖြစ်တတ်တာ ကြားဖူး တွေ့ဖူးပေမယ့် သူမကတော့ အထွေအထူး မဖြစ်ပါဘူး။ ကျွန်တော်ကပဲ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာပဲ လားတော့ မသိဘူးလေ။ အရင်က မကြိုက်တဲ့ မုန့်အချိုတွေတော့ ကြိုက်လာပါတယ်။ Ultra-sound ကလည်း တစ်ခါပဲ ကြည့်ရသေးတော့ ယောက်ျားလေးမှ ဟုတ်ရဲ့လား မသေချာ ဖြစ်နေတယ်။ တကယ်တော့ Ultra-sound က အပြင်ပန်းပဲ ကြည့်တာ မဟုတ်တော့ပါဘူး။ ကိုယ်တွင်း အင်္ဂါတွေပါ ကြည့်တာ ဆိုတော့ ယောက်ျားလေး၊ မိန်းကလေးက မလွဲနိုင်ပါဘူး။

ဆေးရုံ သွားတဲ့ အချိန် အထိတော့ ကလေးက ခေါင်းမစိုက်သေး (Engage မဖြစ်သေး) ပါဘူး။ ကလေးကတော့ အထဲမှာ နေရတာ ကျပ်နေသလိုမျိုး မိခင်က ခံစားနေရပါတယ်။ သူမရဲ့ လှုပ်ရှားမှုကလည်း သိသိသာသာ နှေးလာပါတယ်။ ကျွန်တော်ကလည်း ရုံးမှာ ခွင့်ယူဖို့ကို ကြိုပြောထားမယ်လေ ဆိုပြီးတော့ မန်နေဂျာနဲ့ ညှိထားပါတယ်။ Due date ကတော့ လကုန် ခါနီးမှပါ၊ တကယ်လို့ ကြားထဲမှာ မွေးလိုက်ရင် ရုံးကို ဖုန်းဆက်လိုက်ဆိုပြီး အဆင်ပြေသွားပါတယ်။ ဒီလိုနဲ့ တစ်ပတ်လုံး ကြားထဲမှာ အဆင်ပြေပြေပါပဲ။

ဆက်ရန်...

Sunday, May 25, 2008

မင်္ဂလာ သတင်း

သားငယ်လေးကို မေလ ၂၄ရက် စနေနေ့ ညနေ ၅နာရီ ၄၃မိနစ် အချိန်မှာ သဘာဝအတိုင်း ဖွားမြင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၃.၄၇ ကီလို (၇.၆၅ ပေါင်) ရှိပြီး ၅၁ စင်တီမီတာ အရပ် ရှိပါတယ်။ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ ရှိပါတယ်။ ဓါတ်ပုံတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။

Friday, May 23, 2008

ငြိမ်းချမ်းရာမြေ

ဒီနှစ်အတွက် Global Peace Index (ကမ္ဘာ့ငြိမ်းချမ်းမှုစံ) ထွက်လာပါပြီ။ မြန်မာပြည် ကတော့ နံပါတ် ၁၅ ချိတ်ပါတယ်။ အောက်ဆုံးကနေ ရေတွက်ရင်ပါ။ အဆင့် ၁၂၆ ပါ။ စစ်မြေပြင် အီရတ် (အဆင့် ၁၄၀) ကတော့ အောက်ဆုံးမှာပါ။ ရွေးကောက်ပွဲမှာ တစ်ပြေးနေတဲ့ ဘနာဇီယာဘူတို လုပ်ကြံခံရတဲ့ ပါကစ္စတန်က မြန်မာအောက် ကပ်လျက်မှာပါ။ တမီးကျားတွေ ပြန်သောင်းကျန်းလာတဲ့ သီရိလင်္ကာက မြန်မာအပေါ် ကပ်လျက်မှာပါ။ ကင်ညာ(၁၁၉)တို့၊ အီသီယိုးပီးယား(၁၂၁)တို့ ဇင်ဘာဘွေ(၁၂၄)တို့က မြန်မာထက် နည်းနည်းပိုသာပါတယ်။ မနှစ်က အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံက (၁၁၈) ပါ။

ဒီဇယားက တိုင်းပြည်တွေရဲ့ ငြိမ်းချမ်းမှုကို ပြပါတယ်။ အဓိက အချက်ကြီးတွေဖြစ်တဲ့ ဖြစ်ပေါ်နေတဲ့ ပြည်တွင်း ပြည်ပ ပဋိပက္ခတွေ၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု၊ စစ်အင်အား တိုးချဲ့မှုတွေအပေါ် မူတည်ပြီး တွက်ချက်ပါတယ်။ အနည်းငယ် အသေးစိတ်ရရင်တော့
- ဖြစ်ပေါ်နေတဲ့ ပြည်တွင်း ပြည်ပ ပဋိပက္ခ အရေအတွက်
- အဆိုပါ ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေ
- အဆိုပါ ပဋိပက္ခများရဲ့ တင်းမာမှု အခြေအနေ
- အိမ်နီးချင်း နိုင်ငံများနဲ့ ဆက်ဆံရေး
- တခြား နိုင်ငံသားတွေရဲ့ ယုံကြည် စိတ်ချရမှု
- ပြောင်းရွှေ့ခံရသော လူဦးရေ အချိုး (ဥပမာ ဓါတ်ငွေ့ပိုက်လိုင်း အတွက် ရွာသားများကို နေရာ ပြောင်းခြင်း)
- နိုင်ငံရေး မတည်ငြိမ်မှု
- လူအခွင့်အရေး ချိုးဖောက်မှု
- ရာဇ၀တ်မှု ကျူးလွန်နှုန်း
- ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နိုင်တဲ့ အလားအလာ
- ထောင်သား ဦးရေ အချိုး
- ပြည်ထဲရေးနဲ့ လုံခြုံရေး အင်အား အချိုး
- GDP နဲ့ စစ်အသုံးစားရိတ် အချိုး
- စစ်သားအရေအတွက် အချိုး
- လက်နက် တင်ပို့မှု/တင်သွင်းမှု အချိုး
- ကုလသမဂ္ဂနဲ့ တခြား တပ်အင်အား ထားရှိမှု အချိုး
- (စစ်တပ်ရှိ) လက်နက်နဲ့ လူဦးရေ အချိုး
- (တကိုယ်ရေသုံး) လက်နက်ငယ် အလွယ်ရရှိနိုင်မှု
- စစ်တပ်၏ ခေတ်မီမှု နှင့် စွမ်းဆောင်နိုင်အား စသည် စသည်တို့ ဖြစ်ပါတယ်။

တကယ်တော့ ဒီစာရင်း (GPI) ဟာ မနှစ်ကမှ စလုပ်တာပါ။ စာရင်းပြုသူတွေက စီးပွားရေး ပညာရှင်တွေ ဖြစ်ပြီး အဖွဲ့တည်ထောင်သူကတော့ သြစတြေးလျ နိုင်ငံသား IT လုပ်ငန်းရှင် သူဌေး Stephen Killelea ပါ။ စီးပွားရေး ပညာရှင်တွေ လုပ်တယ်ဆိုပေမယ့် ကမ္ဘာ့ ထိပ်သီး နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေ၊ အသိပညာ အတတ်ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ အထင်ကရ အဖွဲ့အစည်းတွေမှ လူတွေက စစ်ဆေး ထောက်ခံ (Endorseလုပ်) ပါတယ်။

ဒီဇယားကို ကြည့်ပြီးတော့ နိုင်ငံတွေက မိမိ နိုင်ငံ ဘယ်လောက် ငြိမ်းချမ်းတယ်။အစိုးရအနေနဲ့ ဘာတွေ လုပ်သင့်တယ် ဆိုတာကို ဆင်ခြင်နိုင်ပါတယ်။ သူတို့ သုံးတဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ မိမိနိုင်ငံအတွင်းမှာ ဘယ်ဒေသက ငြိမ်းချမ်းတယ် ဆိုတာကိုလည်း တိုင်းတာနိုင်ပါတယ်။ တိုင်းပြည် တစ်ပြည်မှာ စီးပွားရေး တိုးတက်မှုနဲ့ ငြိမ်းချမ်းမှုက ဒွန်တွဲနေပါတယ်။ Per Capital Income အရမ်း မြင့်တဲ့ (ကမ္ဘာ့ အမြင့်ဆုံး ထင်တယ်။ မသေချာပါ။) နော်ဝေးက ထိပ်ဆုံးရောက်နေပေမယ့် Per Capital Income တော့ မြင့်ပါတယ် စစ်အင်အားကြီးနေတဲ့ အမေရိကန်ကတော့ နံပါတ် (၉၇) ပဲချိတ်ပါတဲ့။

ဒီဇယားမှာ စိတ်ဝင်စားတဲ့ နိုင်ငံတွေကို ကြည့်မိပါတယ်။ သြစတြေးလျက အဆင့် (၂၇) ချိတ်ပါတယ်။ ပြည်တွင်းမှာ လုံခြုံ အထူး စိတ်ချရပေမယ့် လူ့အခွင့်အရေး ကန့်သတ်မှုတွေ ရှိပြီး မလေးရှား(၃၈) နဲ့ အင်ဒိုနီးရှား(၆၈) တို့က ရန်ဆောင်ခြင်းခံနေရတဲ့ စင်္ကာပူ (၂၉) ထက် ကပ်ပြီးသာပါတယ်။ အချိန်မရွေး စစ်ထဖြစ်နိုင်တဲ့ တောင်ကိုရီးယား (၃၂) နဲ့ ထိုင်ဝမ် (၄၄)က စစ်အင်အားကြီးတဲ့ UK(၄၉) ထက် နည်းနည်း သာပါတယ်။ ဟောင်ကောင်(၂၃) ကိုလည်း တစ်နေရာ ပေးထားပြီး တရုတ်က (၆၇) ရတာ မဆိုးဘူး ပြောရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး တည်ငြိမ်တဲ့ ကနေဒါက (၁၁) ချိတ်ပြီး နိဗ္မာန်ဘုံလို့ ပြောလို့ရတဲ့ ဆွစ်ဇာလန်(၁၂) ထက် တစ်ဆင့်သာပါတယ်။ ဂျပန်က နံပါတ် (၅) ချိတ်ပြီး အာရှမှ ထိပ်ဆုံးဖြစ်ပြီး အေးချမ်းပြီး ကျွန်တော်နေချင်တဲ့ နယူးဇီလန်(၄) အောက် ကပ်လျက်မှာပါ။ ဒေသအလိုက် ကြည့်လိုက်တော့ အံ့သြစရာ မရှိပါဘူး။ အာဖရိကက မငြိမ်းချမ်းဆုံးဖြစ်ပြီး အနောက်ဥရောပ နိုင်ငံအာလုံး ထိပ်ဆုံး ၅၀ မှာ နေရာယူထားပါတယ်။

စိတ်ဝင်စားတယ် အကျယ်ကြည့်ချင်တယ် ဆိုရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ်။

Tuesday, May 20, 2008

အင်္ဂုလိမာလသုတ်

အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်း အကျိုး
မီးအဖွားရ ခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား သားဖွားရ လွယ်ကူစေသည်။ ဤပရိတ်ရေကို တိုက်ပေးနိုင်သည်။ ဖွားခါနီးမှ ရွတ်သည်ထက် နေ့စေ့ လစေ့ ဖွားခါနီးလာလျှင် မပြတ် ရွတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရလွယ်အောင်လည်း ဤပရိတ်ဖြင့်ပင် ကူညီနိုင်ပေသည်။

အင်္ဂုလိမာလသုတ် မြန်မာပြန်
၁။ ဤအင်္ဂုလိမာလသုတ် ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့် နေရာကို ဆေးကြောသည့် ရေသည်ပင်လျှင် ဘေးရန် ဟူသမျှကို ပျောက်ကင်းစေတတ်၏။

၂။ အင်္ဂုလိမာလ ပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာ လွယ်ကူစွာ ချက်ချင်း မွေးဖွားစေနိုင်သော အစွမ်းရှိ၏။ အင်္ဂုလိမာလ အမည်ရှိသော မထေရ်အတွက် မြတ်စွာဘုရား ဟောကြားသော ပရိတ်တော် ဖြစ်၏။ အာယုကပ်ပတ်လုံးလည်း တည်၏။ တန်းခိုးလည်း အလွန်ကြီး၏။ ထိုပရိတ်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါစို့။

၃။ `အို နှမ ငါသည် အရိယာဇာတ် ရဟန်းမြတ် ဖြစ်သော အခါမှ စ၍ သေစေလိုသော စေတနာဖြင့် သတ္တ၀ါ တစ်ကောင်ကောင်ကို သတ်ဖူးသည်ဟု ငါမသိပေ။´ ထိုသို့ မှန်သော သစ္စာ စကားကြောင့် သင့်အား ချမ်းသာပါစေ၊ ကိုယ်ဝန်သားလည်း ချမ်းသာပါစေ။

အင်္ဂုလိမာလသုတ် ပါဠိတော်
၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။

၂။ သောတ္တိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခင်္ဏေ။
ထေရဿ´ ဂုင်္လိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ယတော´ ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော။
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။
တေန သစ္စေန သောတ္တိ တေ ဟောတု သောတ္တိ ဂဗ္ဘဿ။
အဂုၤလိမာလသုတၱံ နိ႒ိတံ။

စာ ၂၉၉-၃၀၀။
ဗုဒ္ဓဘာသာကောင်း တစ်ယောက်။
သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။

Print လုပ်ရန် PDF
အသံထွက်နာရန် MP3

Monday, May 19, 2008

Natural Key

database နဲ့ software development လုပ်ရာမှာ primary key၊ foreign key နဲ့ candidate key တို့ကို အများက ရင်းနီးပြီး ဖြစ်မယ်။ အခု ပြောချင်တာကတော့ natural key နဲ့ surrogate key အကြောင်းဖြစ်ပါတယ်။ သိပြီးသား ဖြစ်ပေမယ့် သက်ဆိုင်နေလို့ ပြန်ပြောချင်တာကတော့ primary key ရဲ့ characteristic တွေပါ။ primary key ဟာ
- record တစ်ခုစီ အတွက် unique ဖြစ်ရမယ်
- null value ဖြစ်လို့ မရဘူး
- immutable ဖြစ်ရမယ် (ပြောင်းလို့ မရနိုင်ရဘူး။ record တစ်ခု အတွက် key ပေးပြီး သွားရင် ပြန်မပြောင်းရဘူး။)
တခြား လိုက်နာသင့်တာတွေက တော့
- numeric value ဖြစ်ရမယ်
attribute တတ်နိုင်သမျှ နည်းရမည်။ (column တစ်ခု ထက်ပိုပြီး composite key လုပ်ခြင်းကို တတ်နိုင် သမျှ ရှောင်ရှားရမည်)
- recycle မလုပ်ရဘူး။ (ဖျက်လိုက်တဲ့ record ရဲ့ primary key ကို record အသစ်အတွက် ပြန်သုံးခြင်း)

primary key အတွက် သင့်တော်ရာ column တစ်ခု ကို ရွေးချယ်ရာမှာ natural key ကနေ စပြီး စဉ်းစားနိုင်ပါတယ်။ ဥပမာ book ဆိုတဲ့ table မှာ ISBN number ဟာ unique လည်း ဖြစ်တယ်။ စာအုပ်တိုင်းမှာလည်း ရှိနိုင်တဲ့ အတွက် primary key ဖြစ်နိုင်တဲ့ အရည် အချင်း ရှိတဲ့ candidate key တစ်ခုပါ။ အဲဒီလို primary key အရည်အချင်းလည်း ရှိပြီး ပြင်ပလောကမှာ နားလည်နိုင်တဲ့ (business meaning ရှိတဲ့) key ကို natural key လို့ ခေါ်ပါတယ်။ အမေရိကားမှာ ဆိုရင် person ဆိုတဲ့ table မှာ SSN (social security number) ဆိုတဲ့ column ဟာ primary key အဖြစ် သုံးနိုင်ပါတယ်။ စင်္ကာပူမှာ ဆိုရင်တော့ IC No (identification card no) လိုမျိုးပါ။ သြော်ဇီမှာဆိုရင် employee ဆိုတဲ့ table တစ်ခုမှာ TFN (tax file number) column ဟာ primary key ဖြစ်နိုင်ပါတယ်။

အဲဒီလို natural key မရှိတဲ့ data တွေ အတွက်သော် လည်းကောင်း၊ ရှိသော်လည်း natural key ကို မသုံးချင်ရင်သော် လည်းကောင်း key တစ်ခုကို generate လုပ်ပြီး သုံးပါတယ်။ synthetic identifiers တွေ သုံးနိုင်ပါတယ်။ အဲဒီလို မိမိ ဘာသာ generate လုပ်တဲ့ ၊ ဒါမှမဟုတ် database က generate လုပ်ပေးတဲ့ key ကို surrogate key လို့ ခေါ်ပါတယ်။ မိမိဘာသာ လုပ်မယ်ဆို ဥပမာ max(id) + 1 ဆိုပြီး လုပ်နိုင်ပေမယ့် နောက်ဆုံးမှ ထည့်ထားတဲ့ record ကို ဖျက်ပြီး key generate လုပ်မယ်ဆိုရင်တော့ key အဟောင်းကြီးကို record အသစ်အတွက် ပြန်သုံးမိနိုင်ပါတယ်။ အဲဒီ table မှာ unique ဖြစ်ပေမယ့် ဒီလို တစ်ခါသုံးပြီးသား key ကို ပြန်မသုံး သင့်ပါဘူး။ surrogate key သုံးမယ်ဆိုရင်လည်း database က support လုပ်တဲ့ key ကို သုံးသင့်ပါတယ်။ ဥပမာ MS SQL မှာ identity၊ Oracle မှာဆိုရင် sequence နဲ့ postgreSQL မှာ serial လိုမျိုးပါ။ ဒီထက် ပိုမိုပြီး ရှုပ်ထွေးပေမယ့် unique ပိုဖြစ်အောင် UUID တို့ GUID တို့ သုံးနိုင်ပါသေးတယ်။ ဒီလို key တွေကတော့ မိမိ system မှာသာ မက တကမ္ဘာလုံးမှာ ရှိတဲ့ system တွေမှာပါ unique ဖြစ်စေနိုင်ပါတယ်။ surrogate key တွေဟာ system generated key လည်း ဖြစ်တဲ့ အပြင် business meaning လည်း မရှိတဲ့ အတွက် အဲဒီ တန်ဖိုးတွေကို end users တွေကို မပြသင့်ပါဘူး။ end user ကို ပြတာ ပေးသုံးတာကို naturalise လုပ်တယ် ခေါ်ပြီး အဲဒီလို လုပ်လိုက်ရင် surrogate key ရဲ့ဂုဏ်ကို ထိခိုက်နိုင်ပါတယ်။ system ကို debug/trace လုပ်ဖို့ logging လုပ်ဖို့ mechanism/feature တစ်ခု ရှိထားရင် အဲဒီမှာတော့ ပြနိုင်ပါတယ်။

natural key တွေဟာ business meaning ရှိတယ် ဆိုပေမယ့် အဲဒီ key ကို ကြည့်လိုက်ရုံနဲ့ record တစ်ခုလုံးရဲ့ information ကို မသိနိုင်ပါဘူး။ ဥပမာ ISBN နံပါတ် သိရုံနဲ့ အဲဒီ စာအုပ်အကြောင်းကို ချက်ချင်း မသိနိုင်ပါဘူး။ အဲဒီအခါ key ကို ကြည့်လိုက်ရုံနဲ့ ဒါဘာလဲဆိုတာ အနည်းနဲ့ အများ ခန့်မှန်းနိုင်တဲ့ smart key တွေ သုံးချင်လာပါတယ်။ ဥပမာ employee table မှာ empid ကို ရှေ့က စာလုံး နှစ်လုံးကို department ရဲ့ အတိုကောက်တွေ ထည့်တာပါ။ IT001, IT002, AC003 လိုမျိုးတွေပါ။ US zip code တွေကို ကြည့်လိုက်ရင်လည်း ပထမ နှစ်လုံးက ဘယ် ပြည်နယ်ကလည်းလို့ ပြောပါတယ်။ ဒါပေမယ့် ဒီလို smart key တွေကို လုံးဝ မသုံးသင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို smart key တွေကို generate လုပ်ရတာ ကြာလာရင် ပြောင်းဖို့ လိုလာတတ်လို့ပါ။

များသောအားဖြင့်တော့ surrogate key ကိုပဲ primary key အဖြစ် သုံးကြပါတယ်။ natural key တွေရဲ့ တန်ဖိုးဟာ တစ်ချိန်ချိန်မှာ ပြောင်းသွားနိုင်ပါတယ်။ အဲဒါကြောင့် primary key အဖြစ် မသုံးရပါဘူး။ ဒါ့အပြင် natural key တွေဟာ numeric မဟုတ်ဘဲ text တွေလည်း ဖြစ်နိုင်ပါတယ်။ text value ရှိတဲ့ column ကို primary key အဖြစ် သုံးရင် database system ကို နှေးစေနိုင်ပါတယ်။ (UUID တို့ GUID တို့ကတော့ ရုတ်တရက် ကြည့်လိုက်ရင် alpha numeric ဖြစ်ပေမယ့် အတွင်းမှာတော့ hexa value နဲ့ သိမ်းလို့ တော်ရုံတန်ရုံတော့ မနှေးစေပါဘူး။) နောက်ပြီး natural key တွေဟာ business rule တွေနဲ့ coupled ဖြစ်နေပါတယ်။ ဥပမာ customer no ကို အရင်က numeric ပဲသုံးနေရာကနေ alpha numeric ပြောင်းချင်ရင် အခက်တွေ့ပါမယ်။

natural key ကိုပဲ primary key အဖြစ် သုံးမယ်ဆိုရင်တော့ table မှာ surrogate key အတွက် column တစ်ခု အပို ထည့်စရာ မလိုတော့ပါဘူး။ ပြီးတော့ end user ကလည်း နားလည်နိုင်ပါတယ်။ surrogate key တွေကို primary key အဖြစ် သုံးသင့်တယ် ဆိုပေမယ့် natural key တွေကိုလည်း alternate key အဖြစ် table မှာ ရှိနိုင်ရင် ရှိသင့်ပါတယ်။ အထူးသဖြင့် search လုပ်ဖို့ပါ။ ဥပမာ စာအုပ်ကို ရှာဖို့ရာ ISBN နဲ့ ရှာသလို မျိုးပါ။ နောက်ထပ် ကောင်းတဲ့ အချက်ကတော့ မတူတဲ့ system တွေ တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီး အချက်အလက် ဖလှယ်ဖို့ (data interchange လုပ်ဖို့) ပါ။ natural key တွေဟာ standard key တွေ ဖြစ်တတ်ပါတယ်။ ဥပမာ ISBN နံပါတ်ကို စနစ်တိုင်းက နားလည်နိုင်ပါတယ်။ ဒါပေမယ့် တချို့က တစ်ကမ္ဘာလုံးအတွက် standard ဖြစ်ပေမယ့် တချို့ကတော့ တစ်နိုင်ငံစာပဲ standard ဖြစ်ပါတယ်။ ဥပမာ zip code လိုမျိုးပါ။

စနစ်တိုင်းရဲ့ လိုအပ်ချက်နဲ့ အကန့်အသတ်တွေက မတူညီနိုင်တဲ့ အတွက် ဘယ်ဟာကို သုံးမှ မှန်မယ်ဆိုတာကတော့ မရှိပါဘူး။ အကန့်အသတ်တွေ အတွင်းကနေ နောက်ပိုင်းအတွက်လည်း စိတ်ချရမယ့် (scalable ဖြစ်မယ့်) နည်းလမ်းကို သုံးတာတော့ အကောင်းဆုံးပါပဲ။

Sunday, May 18, 2008

Context

အနီရောင်ဟာ ဘယ်လို အဓိပ္ပါယ်ကို ဆောင်ပါသလဲ မေးလိုက်ရင် ဒီလို ပြန်ဖြေကြမယ်။ `ရဲရင့်ခြင်း´၊ `သွေး´၊`အန္တရာယ်´၊`သတိ´၊`မီး´၊ `ရမ္မက်´... စသည် စသည်ပေါ့။ မီးပွိုင့်က အနီရောင်က ဘာ အဓိပ္ပါယ်လဲ မေးလိုက်ရင်တော့ အားလုံးက ပြန်ဖြေကြမယ်။ `ရပ်´။ ဘာကြောင့် တညီတညွတ်ထဲ အဖြေတစ်ခုတည်း ပေးရသလဲဆိုတော့ အားလုံးဟာ Context တစ်ခုထဲမှာ ရှင်းရှင်း လင်းလင်း ပြောဆိုနေကြလို့ပါ။

တစ်ခါတစ်ရံမှာ ခေါင်းစဉ် တူသော်လည်း Context ကွဲပြားနေရင် စာ/စကားတွေရဲ့ ဦးတည်ချက်ဟာ ကွဲပြားနေနိုင်ပါတယ်။ စာတစ်ပုဒ်တည်းကိုပင် ရေးသူနဲ့ ဖတ်သူရဲ့ Context မတူရင်လည်း ရေးသူ ပြောလိုတာကို ဖတ်သူက မရပဲ ဖတ်သူက သူလိုရာကို သူယူသွားနိုင်ပါတယ်။ စာဖတ်သူ အချင်းချင်းမှာပင် Context မတူတဲ့ အတွက် စာတစ်ပုဒ်ဟာ အဓိပ္ပါယ်တစ်မျိုး ထက်ပိုပြီး ထွက်နိုင်ပါတယ်။ စာဖတ်သူ အားလုံးက အဓိပ္ပါယ် တစ်ခုတည်းကို ဖော်ထုတ်နိုင်ရင်တောင် တုန့်ပြန်မှုတွေဟာ သူတို့ရဲ့ Context ပေါ် မူတည်ပြီး ကွဲပြားနေဦးမှာပါ။ စာတစ်ပုဒ်ကို မိမိရဲ့ Context အရ အဓိပ္ပါယ်ပြန် ကောက်ချက်ဆွဲတာ (ကိုယ်လိုရာ ကိုယ်ဆွဲတွေးတာ) ကို Contextualise လုပ်တယ် ပြောလို့ ရပါတယ်။

တချို့စာတွေ (ဘာသာရေး၊ နိုင်ငံရေး စာတွေ) ဟာ Context-sensitive ဖြစ်ပါတယ်။ ဒီဘက် Context မှာ အဓိပ္ပါယ် တစ်မျိုးဖြစ်ပေမယ့် ဟိုဘက်မှာတော့ တစ်မျိုး ဖြစ်နေနိုင်ပါတယ်။ ဒီလို Context-sensitive ဖြစ်တဲ့ စာတွေဟာ အငြင်းပွားဖွယ်တွေ ဖြစ်စေမှာကို ရှောင်ရှားဖို့ မလွယ်ပါဘူး။ အများသဘောတူ အဓိပ္ပါယ်တူ ယူဖို့ဆိုတာ Context အများမှာ မှန်တဲ့ စာရယ်လို့ ဆိုတာထက် ပိုမိုကျယ်ပြန့်တဲ့ Context တစ်ခုအတွက် စာဆိုရင် ပိုမှန်ပါမယ်။ ကျယ်ပြန့်ပြီး သတ်သတ်မှတ်မှတ် မရှိတဲ့ Context တွေက နဂို ဦးတည်ချက်ကို ပျက်ပြားနိုင်တယ်ဆိုတာတော့ သတိချပ်ရပါမယ်။ Cross-context ဖြစ်အောင် ပြောဆို ရေးသားမလားဆိုတာတော့ ရေးသူ ပြောသူဟာ Assertive ဖြစ်လား မဖြစ်လား (မိမိ မှန်ကန်ကြောင်း ရဲဝံ့စွာ ပြောဆိုမလား) ပေါ် မူတည်ပါတယ်။

စာဖတ်သူဟာ စာရေးသူနဲ့ Context အတူတူမှာ ရှိမနေတောင် စာရေးသူရဲ့ Context ကို သိထားမယ် ဆိုရင်လည်း စာရေးသူ ဘာကို ဆိုလိုတယ် ဘယ်ကို ဦးတည်နေတာလည်း ဆိုတာကို ခံစား နားလည်ပေးနိုင်ပါတယ်။ ဒီလို Context Aware ဖြစ်ဖို့ကလည်း စာဖတ်သူရဲ့ အမြင်ကျယ်မှု၊ ဗဟုသုတ ကြွယ်ဝမှု၊ စာရေးသူ အပေါ် နားလည်နိုင်စွမ်းနဲ့ စာရေးသူရဲ့ ပါးနပ်မှု ပေါ်မှာ မူတည်နေပါသေးတယ်။ တစ်ခါတစ်လေမှာ စာရေးသူရော စာဖတ်သူပါ မိမိဘယ် Context မှာ ရှိနေသလဲကို အသေအချာမသိတဲ့ အခါတွေ ရှိနိုင်ပါတယ်။ စာရေးသူ ဘယ် Context မှာ ရှိနေသလဲ စာရေးသူ ကိုယ်တိုင် မသိတာတော့ ညံ့ဖျင်းမှု ဖြစ်ပြီး စာဖတ်သူ ဘယ် Context ပေါ်မှာ ရှိသလဲ မသေချာတာကတော့ စာဖတ်သူရဲ့ ယိမ်းယိုင်လွယ်မှု ဖြစ်ပါတယ်။ စာရေးသူဟာ စာဖတ်သူရဲ့ Context ကို မိမိ အစွမ်းနဲ့ ပြောင်းလိုက်နိုင်ပါတယ်။ စာဖတ်သူကတော့ စာရေးသူရဲ့ Context ကို မပြောင်းနိုင်ပေမယ့် စာတစ်ပုဒ်လုံးရဲ့ အဓိပ္ပါယ်ကို ပြောင်းလိုက်နိုင်ပါတယ်။

ကျွန်တော်တို့ အားလုံးဟာ တိုင်းပြည် ကောင်းစားရေးအတွက် ပြောဆိုနေကြပေမယ့် Context တွေ မတူတဲ့ အတွက် အသံတွေ ခံစားချက်တွေဟာလည်း တူညီနိုင်မည် မဟုတ်ပါ။

Wednesday, May 14, 2008

CNN သတင်းထောက် တစ်ဦး၏ မြန်မာပြည်တွင်း စွန့်စားမှု

လုံခြုံရေးအတွက် ရဲတွေ စစ်တဲ့ ဂိတ်စခန်းတွေ ရောက်ရင် ကားနောက်ခန်းမှာ စောင်ခြုံပြီး ပုန်းနေရတယ်။ လမ်းမပေါ်မှာ မသွားရဲလို့ လှေတွေ စီးနေရတယ်။ ကိုယ်ကိုတိုင်ရော၊ ကိုယ်နဲ့ အတူ ပါသူတွေရော ထောင်ကျရင် နှိပ်စက်ခံရနိုင်ပြီး အသက်ပင် သေနိုင်တာမို့ နောက်ကျော မလုံတာနဲ့ အမြဲတမ်း သမင်လည်ပြန် ကြည့်ကြည့်နေရတယ်။ လျှို့ဝှက် ထောက်လှမ်းရေး ရုပ်ရှင်လို့ ထင်စရာပဲ။ တကယ်တော့ CNN သတင်းထောက် Dan Rivers ဟာ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ မြန်မာပြည် အထဲကို စစ်အစိုးရ မသိအောင် ခိုးဝင်ပြီးတော့ သတင်း ၀င်ယူတဲ့ အကြောင်းပါ။ လက်တွေ့မှာတော့ ငွေရောင် ပိတ်ကားပြင်ပေါ်မှာထက် ကြောက်စရာ ကောင်းပါတယ်။ မြန်မာပြည်ကနေ ပြန်ထွက်လာနိုင်တော့မှ Rivers က သူ ကြုံတွေ့ခဲ့တာကနေ မေးခွန်း ထုတ်စရာ ဖြစ်လာတယ်လို့ ပြောတယ်။ အစိုးရက ဒီလို ဘဘာဝ ဘေးသင့်တာကို သတင်းယူတာတောင် လိုက်ဖမ်းနေတယ် ဆိုတော့ အကူအညီအတွက် လုပ်အား ပေးနေသူတွေရော ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရနိုင်သလဲ တဲ့။

တတိုင်းပြည်လုံးက မျှော်လင့်ချက် မရှိတော့အောင် ပျက်သုဉ်းနေတယ်။ ဒီလောက်ကြီးမားတဲ့ ကပ်ဘေးနဲ့ ဘယ်သူ့ကိုမှ အ၀င်မခံတဲ့ အစိုးရ ပေါင်းလိုက်တော့ အင်မတန် ဆိုးရွားတဲ့ အနေအထားကို ရောက်သွားတယ်။ ဒုက္ခရောက်နေသူတွေကို အဲဒီလောက် ဆိုးဆိုးရွားရွား ဥပက္ခာပြု ဂရုမစိုက်တာဟာ တကယ်တော့ ရာဇ၀တ်မှုပါပဲ။
သူ့အဖွဲ့ဟာ အစိုးရရဲ့ အလုပ်သမားတွေက လူသေတွေ မြစ်ထဲ မျှောချနေတာတွေကို ဗီဒီယို မှတ်တမ်း တင်လိုက်နိုင်တယ်။ ဒီလို ဖုံးဖိထားရမယ့် ကိစ္စတွေ မလုပ်ရင် အစိုးရအနေနဲ့ ဘာမှ ဖွက်နေစရာ မလိုပါဘူးလို့ သူက ပြောတယ်။ ဘဇာကြောင့်များ ဒီလို သဘာဝဘေး ကပ်သင့်တာကို ဖုံးဖိချင်နေရတာလဲ။ သဘာဝ ဘေးအန္တရာယ်တွေက သူတို့ရဲ့ အပြစ်မှ မဟုတ်တာ။ ဒါဟာ အစိုးရရဲ့ စိတ်နေ သဘောထားကို ပြတာပဲ။ အပြင်က လူတွေကိုဆိုရင် အင်မတန် သံသယစိတ်ထားတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို နာဂစ်မုန်တိုင်း ၀င်မွှေလို့ ဧရိယာ စတုရန်းမိုင် ၂၀၀၀ လောက် ကျယ်တဲ့ မြေတွေကို ရေလွှမ်းမိုးကာ လူထောင်ပေါင်းများစွာ သေပြီး ရက်အနည်းငယ် အကြာမှာ Rivers ဟာ မြန်မာပြည်ကို ရောက်လာပါတယ်။ မြန်မာ အစိုးရကတော့ လူ ၂၂၀၀၀ ကျော် သေတယ်လို့ သတင်း ထုတ်ပြန်ပါတယ်။ မြန်မာပြည်ထဲက အမေရိကန် သံတမန် တွေကတော့ သေဆုံးသူ ဦးရေဟာ ၁သိန်းအထိ ရောက်သွားနိုင်တယ် ပြောပါတယ်။

Rivers အတွက်တော့ သဘာဝ ဘေးအန္တရယ်တွေနဲ့ နောက်ဆက်တွဲ သေကြေ ပျက်စီးရတာတွေကို စိမ်းတယ် မဟုတ်ပါဘူး။ ၂၀၀၄ တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံ Banda Aceh မှာ ဆူနာမီကြောင့် ပျက်စီးတာတွေကို သတင်းသွားယူ ထုတ်လွှင့်ခဲ့တာပါ။ ၂၀၀၅ အောက်တိုဘာမှာ ၇.၅ စကေးရှိတဲ့ မြေငလျင်လှုပ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်မှာ လူပေါင်း ၇၅၀၀ ကျော် သေကြေတုန်းကလည်း ပါကစ္စတန် မှာ ရှိနေပါတယ်။ “တုန်လှုပ် ခြောက်ခြားဖွယ် မြင်ကွင်းတွေ မျိုးစုံ ကျွန်တော် မြင်ဖူးပါတယ်။ မြန်မာပြည်က အခြေအနေကတော့ ၀မ်းနည်းဖွယ် ကောင်းတယ်။ အမှန်တကယ်ကို စိတ်မကောင်းစရာ အင်မတန်ကောင်းတဲ့ အဖြစ်အပျက်ပါ။ သတင်ရေးရတာတော့ ပိုသွက်လာတယ်။ ရင်ထဲကနေ ထွက်လာတာမို့လို့။” လို့ သူက ပြောပါတယ်။

မြန်မာပြည်က လမ်းပန်းဆက်သွယ်ရေးက အင်မတန်ကို စုတ်ချာပြီး ခက်ခဲ ပါတယ်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံလိုက်ရတဲ့ နေရာတွေကို လမ်းကြမ်းကနေ ၈ နာရီလောက် သွားရတယ်။ တချို့နေရာတွေမှာ ဆူနာမီဒဏ် ခံလိုက်ရတဲ့ Banda Aceh နဲ့တောင် ခပ်ဆင်ဆင်ရယ်။ အဲဒီမှာက အင်အား ၉ ရစ်ချက်တာ စကေး ရှိသော ငလျှင်လှုပ်သွားတဲ့ နေရာနဲ့ အနီးဆုံး ဖြစ်တဲ့ Banda Aceh မှာ အင်ဒိုနီးရှား စစ်တပ်တွေနဲ့ ခွဲထွက်ရေးသမားတွေ ပဋိပက္ခဖြစ် တိုက်ပွဲဆင်နေတာ ဆယ်စုနှစ် ၃ခုလောက် ကြာသွားပြီ ဆိုတော့လည်း လူစိမ်းဆိုရင် သင်္ကာမကင်း ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ကပ်ဆိုက်ပြီးတော့ သူတို့တွေက တံခါးဖွင့်ပေးလိုက်တယ်။ လုပ်ပိုင်ခွင့်တွေ ချွင်းချက် မရှိ ပေးထားတယ်။ ကြိုက်တဲ့သူ ၀င်နိုင်တယ်။ ထွက်နိုင်တယ်။ ဒီမှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခပ်တုံးတုံးပဲ ယူဆထားလိုက်မိတယ်။ ဒုက္ခသည်တွေ အပျက်အစီးတွေနဲ့ အလုပ်ရှုပ်ပြီး ရဲတွေက ဘယ်သူ ဘယ်လို (ဗီဇာနဲ့) ၀င်လာတယ် ဆိုတာ အလေးထားနေမှာ မဟုတ်ဘူး ထင်ထားမိတယ် လို့ ဆိုလာပါတယ်။ မြန်မာပြည် ရောက်ပြီး ရက်အနည်းငယ် အကြာမှာပဲ သူ မှားသွားတယ် ဆိုတာ သိလိုက်ရပါတယ်။ Rivers နဲ့ သူ့အဖွဲ့သားတွေ ရောက်တာ တစ်ရက်ပဲ ရှိသေးတယ် အစိုးရက သူတို့ကို လိုက်ရှာနေတယ်လို့ ဒေသခံ အသိတစ်ယောက်က သတိပေးပါတယ်။ သက်ဆိုင်ရာက ဟိုတယ်တွေ အားလုံးကို ဘယ်သူတွေ လာတည်းသလည်းကို သတင်း ပို့ရမယ်လို့ အသိပေးထားတယ်တဲ့။

ဒါတောင်မှ သူက “ကျွန်တော်တို့ သတိရှိရှိ နေတယ်လို့ ယုံကြည်တယ်” တဲ့။ သူနဲ့ သူ့အဖွဲ့သားတွေ ဟိုတယ် တစ်ခုပြီး တစ်ခု ပြောင်းရွှေ့ နေတယ်။ ပြဿနာ တက်တော့မယ် ဆိုတာတော့ သူသိနေပါတယ်။ ပိုပြီး သေချာလာတာတော့ သူ့အဖွဲ့သားတွေ ခရီး စထွက်တော့ပါ။ အဖွဲ့သား တစ်ယောက်က တာဝန်ရှိသူတွေကို လမ်းတွေ ဖွင့်ထားသလား မေးလိုက်တယ်။ အဲဒီလူက ဖွင့်ထားပါတယ်။ သွားလို့ ရပါတယ်တဲ့။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေကတော့ စကားပြောချင်တယ် ဆိုလာပါတယ်။ လ၀က အရာရှိက သူ့အဖွဲ့သားတွေရဲ့ ပတ်စ်ပို့တွေနဲ့ CNN သတင်းလာနေတုန်း ရိုက်ယူထားတဲ့ သူရဲ့ ပုံနဲ့ တစ်ခုချင်း တိုက်စစ်ပါတော့တယ်။

“သူတို့ အထဲ ၀င်သွားတာ ၂နာရီလောက် ကြာတယ်။ ဘာတွေ ဖြစ်နေလဲတော့ မသိဘူး။ ” လို့ Rivers က ပြောတယ်။ သူ့အဖွဲ့သားတွေ ဖမ်းဆီးခံရပြီး ညှင်းပန်း နှိပ်စက်ခံရမှာ စိုးလို သူ့ကိုယ်သူ အဖမ်းခံလိုက်ဖို့ စဉ်းစားမိသေးတယ်။ “ကျွန်တော်လည်း ဘာလုပ်ရမယ်မှန်း မသိဘဲ လမ်းပေါ်မှာ လျှောက်သွားနေမိတယ် အပူချိန်ကလည်း ၄၀ ဒီကရီ ဆဲလ်စီးယက်စ်နဲ့ ပေါင်းအိုးထဲ ထည့်ပေါင်းထားတဲ့ အတိုင်းပါပဲ” တဲ့။ ဘယ်သူ့ကိုမှလည်း သူမသိ။ ဆက်သွယ် ပြောဆိုဖို့ကလည်း မလွယ် ဖြစ်နေပါတယ်။ သူဘယ်သူလဲ၊ ဘယ်ကလာသလဲ ပဲ မေးနေတယ်။ တစ်ယောက်ကဆို သူဟာ စီအိုင်အေကလား လို့လည်း မေးတယ်။ အခြေအနေကတော့ မလွယ်ဘူး။ “ကျွန်တော်ရုပ်က သံသယဖြစ်ဖွယ် သိပ်ကောင်းနေပြီ။”

ကံကောင်း ထောက်မစွာပဲ သူ့အဖွဲ့သားတွေကို CNN ကနေ သူနဲ့ အတူပါလာတာလို့ မသိလို့ လွတ်သွားပါတယ်။ သူ့ကိုယ်သူလည်း အဖမ်း မခံလိုက်ပါဘူး။ ရဲတွေဆီမှာ သူ့ဓါတ်ပုံ ရှိနေတယ်လို့ အဖွဲ့သားတွေက ပြောပြတော့ တခြား အာဏာပိုင် အဖွဲစည်းတွေမှာလည်း သူ့ဓါတ်ပုံ ရှိမှာပဲလို့ Rivers သိလိုက်တယ်။ တစ်နေရာမှာတော့ ကားနောက်ခန်းက စောင်ပုံအောက်မှာ ပုန်းပြီး လိုက်လာရတယ်။



သူတို့ အဖွဲ့ နောက်ကြောင်း ပြန်လှည့်ပြီး လမ်းမပေါ်က မသွားဘဲ တောလမ်း အတိုင်း သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကားကို ရပ်ထားလိုက်ပြီး လှေပေါ်တက်ကြတယ်။ မြစ်ကြောင်း အတိုင်း လှေနှစ်စင်းနဲ့ စုန်ဆင်းသွားကြတယ်။ ရွာလေး တစ်ရွာ ရောက်တော့ ဗီဒီယို နည်းနည်း ရိုက်လိုက်နိုင်တယ်။ အနားမှာ စက်တပ်လှေ ရှိတယ် ကြားလို့ သွားကြည့်ကြတယ်။ လမ်းလျှောက်သွားတုန်း ဝေါ်ကီတော်ကီတွေ ကိုင်ထားတဲ့ အဖွဲ့ တစ်ဖွဲ့က တားဆီးတယ်။ သူတို့ကို ကားစီကို ပြန်သွား ခိုင်းပြီး အဲဒီမှာ ရဲတွေ စောင့်နေမယ်လို့ ပြောတယ်။ “အူတုန် အသည်းတုန်လောက်အောက် ကြောက်ဖို့ ကောင်းတယ်ဗျာ။ ဘုရားရေ အကြီးအကျယ်တော့ မှားပြီ။” လို့ တွေးမိတယ်။ တောလမ်းအတိုင်း တစ်နာရီလောက် နောက်ကြောင်းပြန်လာတဲ့ ခရီးမှာ အမှန်တကယ်ကို သူ ကြောက်နေပါပြီ။
ပထမဆုံး တွေးမိတယ်။ ကျွန်တော်တော့ သေပြီလို့။ ကျွန်တော်တို့ ဘယ်မှန်း ညာမှန်း မသိတဲ့ နေရာမှာ ရောက်နေတယ်။ ဘယ်သူမှလည်း ကျွန်တော်တို့ ဘယ်မှာ ဆိုတာကို မသိကြဘူး။ သူတို့တွေက ကျွန်တော်တို့ကို ပစ်သတ် ရေထဲမျှောလိုက်ပြီး ကျွန်တော်တို့ မတော်တဆ သေဆုံးသွားတယ် ပြောလိုက်လို့ ရတယ်။ မိသားစု အကြောင်း၊ ကိုယ်သေသွားရင် သူတို့တွေ ဘယ်လို ဖြစ်မယ်ဆိုတာကို အတွေးဝင်လာတော့တယ်။

ကားနား ပြန်ရောက်တော့ သူမျှော်လင့်ထားသလို ရဲတွေ အုပ်လိုက်ကြီး မရှိဘဲ ရဲအရာရှိ နှစ်ယောက်ကိုသာ တွေ့လိုက့်ရတယ်။ သူတို့ ပတ်စပို့တွေ တောင်းကြည့်တယ်။ River က ပတ်စ်ပို့ကို ထုတ်ကိုင်ကာ သူ့ရဲ့ မိသားစုနာမည်ကို လက်မနဲ့ အုပ်ပြီး ပြလိုက်တယ်။ ရဲကလည်း Middle Name ကို နာမည် အပြည့်အစုံထင်ပြီး စကားပြောစက်နဲ့ လှမ်း အကြောင်းကြားတယ်။ `ကျွန်တော်တို့ကို သူတို့ ရှာနေတဲ့ သူတွေလို မထင်ဘဲ လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့ အတွက်တော့ ကြက်ကန်း ဆန်အိုး တိုးတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ကို အတူ ခေါ်သွားပြီးတော့ ရာထူးပိုကြီးတဲ့ သူတစ်ယောက်နဲ့ တွေ့ရတယ်။ သူကလည်း ကျွန်တော်တို့ဟာ အကူအညီပေးတဲ့ အုပ်စုတွေကပဲ ထင်သွားပြီး လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့လည်း တချိုးတည်း လစ်တော့တာပဲ။´ တညလုံး ကားမောင်းပြီး ရန်ကုန်ကို ပြန်လာပါတယ်။`အဲဒီ ၁၂ နာရီ ပတ်လုံးဟာ တကယ့်ကို ကြောက်စရာကောင်းတာပါ။ ခုနှစ်ရက် တစ်ပတ်လောက် ကြာတယ်တောင် ထင်ရတယ်။´

အိမ်ပြန်တာတောင် ချောချောမောမော မဟုတ်သေးဘူး။ လေဆိပ် လုံခြုံရေးတွေနဲ့ ဘာမှ ပြဿနာမတက်ဘဲ လေယာဉ်ပေါ် ရောက်ပြီး ထိုင်နိုင်တော့မှ ပဲ မြန်မာ အစိုးရနဲ့ နောက် မပက်သတ်တော့ဘူးလို့ တွေးမိတော့တယ်။ ဒါပေမယ် လေယာဉ်မယ်တစ်ယောက် ရောက်လာပြီး လ၀က အရာရှိက ထပ်တွေ့ချင်တယ် လာပြောသွားတယ်။ သူ့ကို ခြံရံပြီး ခေါ်သွားတယ်။ သူမှာ ရှိသမျှ အရာတွေ အားလုံးကို စစ်ဆေးတော့တာပဲ။ လက်ဆွဲအိတ်တွေကို ရှာဖွေတယ်။ အင်္ကျီအိတ်တွေ လှန်ပြခိုင်းတယ်။ ဖိနပ်တွေ ခြေအိတ်တွေပါ ချွတ်ခိုင်းပြီးတော့ ရှာတယ်။ သူတို့က ဓါတ်ပုံတို့၊ ဗီဒီယို တိပ်ခွေတို့ကို ရှာပုံရပေမယ့် တစ်ခုမှ မတွေ့ပါဘူး။ ကွန်ပြူတာ Flash Drive တစ်ခုတော့ တွေ့သွားတယ်။ ဖွင့်ကြည့်တော့ ဘာမှာ မတွေ့လို့ ပြန်ပေးလိုက်တယ်။ သူ့ ပတ်စ်ပို့ကို ယူကြည့်တယ်။ `ဒီတစ်ခါတော့ နာမည် အမှန်တွေ့သွားတယ်။´ လေယာဉ်မယ်က ပြန်ရောက်လာပြီး ပြောနေတယ်။ သူနားမလည်ပေမယ့် လေယာဉ်က ထပ်မစောင့်နိုင်တော့ဘူး သူ့ကို သွားခွင့် ပေးလိုက်မလား မေးနေပုံပဲ။ နောက်ဆုံးတော့ လွှတ်ပေးလိုက်ပါတယ်။ `ကျွန်တော်ဆီမှာလည်း ဘာမှ မတွေ့ဘူး။ သူတို့ နိုင်ငံက ထွက်သွားရင် ပြီးရော ပုံပါ။ တချိန်လုံးတော့ ကျွန်တော် တခွန်း တပါဒမျှ မပြောဘူး´ လို့ သူက ပြောပြပါတယ်။

၃၆ နာရီလုံးလုံး မအိပ်ရသေးလို့ ပင်ပန်းနေပြီးနောက် သူ့အိမ်ရောက်သွားမှ သူက ပြောနိုင်တော့တယ်။ ဒီလို အလိုရှိသည် ၀ရမ်းအထုတ်ခံရတဲ့ အဖြစ်အပျက်ဟာ အိပ်မက် ဆန်ဆန်ပါပဲတဲ့။ `ရွံဗွက်တောထဲမှာ ခိုးကြောင် ခိုးဝှက် သွားရတာ၊ လှေစီးရတာတွေဟာ ရုပ်ပြဆန်ဆန် ရယ်စရာ အမှတ်တရတွေပါ။ ကားနောက်က စောင်ပုံထဲမှာ ပုန်းနေရပြီး အထဲမှာ ချွေးတဒီးဒီ ကျနေတုန်း စဉ်းစားမိတယ် ဒီလို အခြေအနေမျိုးကို ဘယ်နှယ်ကြောင့်များ ကြုံရပါလိမ့်လို့´
မြန်မာ အစိုးရရဲ့ ဇွတ်တရွတ်နိုင်ပုံကတော့ စံတင်လောက်တယ်။ ဒီလောက် ကြီးမားတဲ့ သဘာဝဘေး အန္တရာယ် ကြုံထားတာတောင် သတင်းထောက် တစ်ယောက်ကို လိုက်ရှာဖို့ အချိန်တွေ စွမ်းအားတွေ သုံးနိုင်သေးတယ်။ ကျွန်တော်ကို ရှာဖို့ လူအင်အား ပိုသုံးလေလေ၊ ဒုက္ခရောက်နေတဲ့ သူတွေကို ကယ်တင်ဖို့ အားမစိုက်နိုင်လေလေပါပဲ။ ကျွန်တော်ကတော့ ကျွန်တော့် အလုပ် ကျွန်တော် လုပ်ခဲ့ပြီ။ လူတွေကို ဘာတွေ ဖြစ်နေသလဲ ဆိုတာ ပြောပြနိုင်ခဲ့ပြီ။

မြန်မာပြည် အစိုးရကို အင်မတန် ကြောက်သွားတယ် ဆိုတဲ့ CNN သတင်းထောက် Dan Rivers ဟာ တကယ်တော့ အီရတ်တွေ ဘာတွေ ရောက်ဖူးတဲ့ အတွေ့အကြုံရှိ သတင်းထောက် တစ်ဦးပါ။ သူ့အကြောင်းကို ဒီမှာ ဖတ်လို့လည်း ရပါသေးတယ်။

Behind the Scenes: Escaping cyclone-ravaged Myanmar ကို ဘာသာပြန်သည်။

Monday, May 12, 2008

နီရိုး တယောထိုးသလား

မြန်မာ အစိုးရဟာ လေမုန်တိုင်း ဒဏ်ခံလိုက်ရတဲ့ ပြည်သူတွေ အတွက် ကယ်ဆယ်ရေးတွေကို ထိထိရောက်ရောက် မလုပ်ဘဲ ဆန္ဒခံယူပွဲတွေ အရေးတကြီး လုပ်နေတာကို “ရောမမြို့ကြီး မီးလောင်နေတာတောင် နီရိုးဘုရင် တယောထိုး မပြတ်ဘူး” (Nero fiddled while Rome burned) လို့ ပြောလို့ရပါတယ်။ တစ်ဘက်မှာတော့ နီရိုးဘုရင်ဟာ ရောမမြို့ကြီး မီးလောင်နေတာကို တယောထိုးပြီး ကြည့်နေသလား ဆိုတာကတော့ ယုံတမ်း စကားပါ။

အေဒီ ၆၄ ခုနှစ်မှာ ရောမမြို့ကြီးဟာ ခုနှစ်ရက် ခုနှစ်လီ မီးလောင်ပျက်စီးခဲ့ပါတယ်။ မြို့ရဲ့ ၃ပုံ၂ပုံ မီးလောင်ကျွမ်းခဲ့ပါတယ်။ နယ်မြေ ၁၄ခုမှ ၄ခုပဲ မီးဘေးမသင့်ခဲ့တာပါ။ တမြို့လုံး အတိဒုက္ခ ရောက်ကြတော့ ဒါဘယ်သူ့လက်ချက်လဲလို့ အပြစ်ပုံချစရာ ရှာလာပါတယ်။ တချို့က နီရိုးဘုရင်ဟာ ရောမမြို့ကြီးကို မီးတင်ရှို့ပြီးတော့ သူကတော့ ခပ်ဝေးဝေးကနေ တယောထိုးပြီး မြို့မီးလောင်တာကို ကြည့်နေသတဲ့။ တချို့ကတော့ နီးရိုးဟာ မီးလောင်တဲ့ အချိန်မှာ ရောမမှာတောင် မရှိဘဲ ယနေ့ခေတ်မှာ Anzio လို့ ခေါ်တဲ့ ရောမမြို့ တောင်ဘက်က Antium ဆိုတဲ့ နေရာမှာ ရှိနေတာတဲ့။ မီးဘေးဒဏ်ကြီးပြီးတော့ နီရိုးဘုရင်က ရောမကို အကွက်ချပြီး ပြန်လည် ပြုပြင် တည်ဆောက်တော့ ဒီလို မြို့သစ်တည်ချင်လို့ မြို့ဟောင်းကို မီးရှို့တာလို့ သမုတ်ကြပါတယ်။ သူကို ဒီလို စွပ်စွဲကြတော့ သူကလည်း ဘုရင်ပဲ ဘယ်ခံမလဲ။ မီးလောင်ရတာ ခရစ်ယာန်တွေကြောင့် ဆိုပြီး ဖမ်းဆီး နှိပ်စက်ပြီး ကားစင်တင် မီးလောင်တိုက်သွင်းပါလေရော။ ဘယ်သူကြောင့် မီးလောင်လောင် နီးရိုးကရော တကယ် တယောထိုးနေသလား ဆိုတာ စဉ်းစားစရာပါ။

တကယ်တော့ နီရိုး တယောထိုးနေတယ် ဆိုတာ ယုံတမ်း စကား တစ်ခုမျှသာပါ။ ရက်စက်တဲ့ ဘုရင် နီရိုးဟာ တစ်ဘက်မှာလည်း ဂီတကို မြတ်နိုးပြီး ကိုယ်တိုင်လည်း တူရိယာတွေ တီးတတ်တဲ့အတွက် ဒီလို အပြစ်ပုံချတာကို ယုံချင်စရာပါ။ တကယ်ကတော့ နီရိုး တီးတယ်ဆိုတဲ့ တယော (Fiddle) ဟာ ရောမမြို့ကြီး မီးလောင်ပြီး နှစ်ပေါင်း ၁၅၀၀ ကြာမှ တီထွင်ထားတာပါ။ ဒါဆိုရင် “Fiddle” ဆိုတာ တူရိယာ တယောကို ပြောတာမဟုတ်ဘဲ တခြား အဓိပ္ပါယ်ဖြစ်တဲ့ “ယောင်တိယောင်တောင် လုပ်ခြင်း။ ထိထိရောက်ရောက် မလုပ်ခြင်း” ကို ပြောတာများလား။

သမိုင်းပြုစုသူ Tacitus ရဲ့ အဆိုအရတော့ ရောမမြို့ကြီး မီးလောင်တယ် ကြားတာနဲ့ နီးရိုးဟာ Antium ကနေ အမြန် ပြန်လာပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေးတွေအတွက် ကိုယ်ပိုင်ငွေတွေကို သုံးပြီး လုပ်ဆောင်စေပါတယ်။ အိုးမဲ့ အိမ်မဲ့တွေအတွက်သူ့ရဲ့ နန်းတော်ဆောင်တွေကို ဖွင့်ပေးပြီး နားခိုစေပါတယ်။ အနီးအပါး မြို့တွေက ကောက်နှံတွေ တင်သွင်းပြီး ပြည်သူတွေကို အစာရေစာ ဝေငှပါတယ်။ မီးလောင်ပြီး ပြာပုံကျသွားတဲ့ နေရာတွေမှာ မြို့သစ်တွေ တည်ပါတယ်။ အရင်က သစ်နဲ့ ဆောက်လို့ မီးလောင်လွယ်တာမို့ အုတ်နဲ့ပဲ ဆောက်စေပါတယ်။ ဒီလိုမျိုး အစစ အရာရာ ဘုရင် တစ်ယောက်အနေနဲ့ လုပ်ဆောင် ခဲ့ပါတယ်။

နီးရိုးဘုရင်ဟာ တယော မထိုးပေမဲ့ Cithara လို့ခေါ်တဲ့ တခြား ကြိုးတပ် တူရိယာ တီးနေတာလည်း ဖြစ်နိုင်တယ် ဆိုလာကြပါတယ်။ ရောမ သမိုင်း ပညာရှင်တွေကလည်း နီရိုးဘုရင်ဟာ ဒီတူရိယာကို စွဲစွဲလန်းလန်း တီးတယ်လို့ ဆိုကြပါတယ်။ နယ်မြေတွေ သိမ်းပိုက်ပြီး အောင်ပွဲခံတဲ့ အခါ ပွဲလန်းသဘင်တွေ ကျင်းပပြီး ဂီတ ပြိုင်ပွဲတွေ ကျင်းပစေပါတယ်။ ဒီလို ပြိုင်ပွဲတွေမှာ နီရိုးဟာ အားတက်သရော ပါဝင်ခဲ့ပါတယ်။ နီရိုး ဒီလို တေးဂီတ ပြိုင်ပွဲတွေ ကျင်းပတာကို လွှတ်တော်က ပြိုင်ဘက်တွေက သဘောမကျပါဘူး။ အဲဒီအတွက်ကြောင့်လည်း ဒီလို သတင်းလွှင့်တာ ဖြစ်နိုင်ပါတယ်။

ဒီလို မဟုတ်မမှန် စွပ်စွဲခံရပေမယ့် ရက်စက်တဲ့ နီရိုးဘုရင်အတွက်တော့ သနားစရာမလိုပါဘူး။ သူ့အမေက သူနန်းတက်ဖြစ်အောင် ဦးရီးတော်ကို လုပ်ကြံပေးတယ်။ သူနန်းတက်တော့ သူ့အမေကို သူက ပြန်သတ်လိုက်တယ်။ သမိုင်းစဉ် တစ်လျှောက်မှာလည်း သူ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေက များပါတယ်။ မီစလောင်တာ ခရစ်ယာန်တွေကြောင့်ဆိုပြီး ရက်စက်စွာပဲ ခွေးစာကျွေးတယ်၊ အရှင်လတ်လတ် မီးလောင်တိုက်သွင်းတယ်။ နောက်ဆုံး လွှတ်တော်က သူ့ကို ပြည်သူ့ရန်သူ ဆိုပြီး ကြေညာလိုက်တယ်။ သူလည်း သူဘာသာသူ သတ်သေသွားတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ပြောပြောနေကြ “ရောမမြို့ကြီး မီးလောင်နေတာတောင် နီရိုးဘုရင်က တယောထိုးနေတယ်” ဆိုတာ မမှန်နိုင်ပါဘူး။ တို့တိုင်းရွှေပြည်မှာတော့ လူသောင်းနဲ့ချီပြီးသေ၊ လူတစ်သန်းလောက် ဒုက္ခရောက်နေတာတောင် မင်းတရားကြီးက ထွက်တော်မူမလာဘဲ ဆန္ဒခံယူပွဲမှာတော့ ကိုယ်ထင် ပြတော်မူပါတယ်။ဒီစကားပုံကို ဘယ်လိုများ ပြန်ပြင်ရင် ကောင်းမလဲ စဉ်းစားကြည့်ပါတယ်။

Sunday, May 11, 2008

သြစတြေးလျက ၂၅သန်း လှူမည်

မနေ့ညကတင် သြစတြေးလျ အစိုးရက ၃ သန်းပဲ လှူလို့ စိတ်ပေါက်ပေါက်နဲ့ တစ်ပုဒ်ရေးပြီးလို့ မကြာခင်မှာပဲ သြစတြေးလျက (AUD) ၂၅သန်း ပြည့်အောင် လှူသွားမည်ဆိုတဲ့ သတင်းက သူငယ်ချင်းက ကော်မန့်မှာ ၀င်ရေးသွားတယ်။ မြန်မာအစိုးရကလည်း လှူချင်စရာ ကောင်းအောင်မှ မလုပ်တာ။ မကြည့်ရက်လို့ လှူတာကိုတောင် ပိတ်ပင်နေတော့ အကူအညီတွေက ရသင့်သလောက် မရတော့ဘူး။ ဒါတောင် ဘာလောက် ရာခိုင်နှုန်းက လိုအပ်တဲ့ သူတွေစီ ရောက်မလဲ မပြောနိုင်ဘူး။ ဆူနာမီတုန်းက သြစတြေးလျမှ သန်း ၁၀၀၀ လှူပြီး အရက်ရောဆုံး နိုင်ငံဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ဂျာမနီဟာ ဒုတိယ အများဆုံး လှူတဲ့ နိုင်ငံပါ။ ဒီလိုနိုင်ငံတွေက လှူချင်စိတ်ဖြစ်အောင် လုပ်ဖို့နေနေသာသာ သဒ္ဓါပြတ်အောင်တော့ မလုပ်သင့်ပါ။

ကင်ဘာရာရဲ့ မြန်မာပြည်အပေါ် သဘောထား

ကယ်ဗင်ရဒ် (Kevin Rudd) ရဲ့ ကင်ဘာရာ (Canberra) အစိုးရဟာ မြန်မာပြည်အပေါ် ထားရှိတဲ့ မူဝါဒတွေကို ကျွန်တော် ဂဃနဏ မသိရသေးပေမယ့် လက်ရှိ အခြေအနေကိုတော့ မကြိုက်နေတာ အမှန်ပါပဲ။ ဆိုက်ကလုန်း မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သားတွေ အတွက် နိုင်ငံတကာ အကူအညီတွေကို မကြိုဆိုတဲ့ အပြင် အရံအတားတွေ လုပ်နေတဲ့ မြန်မာ အစိုးရကို တည့်တည့် ပြောရဲတဲ့ သတ္တိလည်း ရှိပုံ မရပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးကို တိုင်ပြောမယ်ဆိုတာ သံတမန် နည်းလမ်းနဲ့ ကြည့်ရင် အမြင်တော်ပေမယ့် နိုင်ငံတကာ အကူအညီတွေကို တံခါးဖွင့်ပေးဖို့ တရုတ် ခေါင်းဆောင်တွေကနေ တဆင့် တိုက်တွန်းပေးမယ်ဆိုတာတော့ ကျွန်တော်လို လူပြိန်းတစ်ယောက် အတွက် ရယ်စရာ ကောင်းလှပါတယ်။ တကယ်တော့ တရုတ်နိုင်ငံဟာ မြန်မာပြည်ရဲ့ ပထွေး (ဒါမှမဟုတ်) ဒွေးတော်မှ မဟုတ်တာ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာ အရေးနဲ့ ပတ်သက်လာရင် ဗီတိုမဲနဲ့ မြန်မာ အစိုးရကို အကာအကွယ်ပေးနေတဲ့ ဘေဂျင်းအစိုးရဟာ အမေရိကန် အပါအ၀င် နိုင်ငံတကာ အကူအညီတွေကို တံခါး ဖွင့်ပေးလိုက်ပါကွာလို့ ပြောမယ်များ သူက မျှော်လင့်ထားသလား မသိနိုင်ပါ။

တရုတ်စကား ရေရေလည်လည် ပြောတတ်ပြီး သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနအတွက် တရုတ်ပြည်မှာ အချိန်အတော်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကယ်ဗင်ရဒ်ဟာ တရုတ်အစိုးရအကြောင်း သိတယ်လို့ သတင်းကြီးသလို သူကိုယ်သူလည်း ဂုဏ်ယူနေတာပါ။ ဒါပေမယ့် ဘေဂျင်းအစိုးရရဲ့ မြန်မာပြည်အပေါ် ထားရှိတဲ့ (နောက်ကွယ်က) သဘောထားကိုတော့ သူသိဟန် မပေါ်ပါဘူး။ မထူးဆန်းပါဘူး။ ဘာနဲ့ တူသလဲဆိုတော့ မြန်မာပြည် အရေးနဲ့ ပက်သတ်ရင် ၀ါရှင်တန်မှ လူတွေက ထိုင်းနိုင်ငံကို အရင် ချဉ်းကပ်သလိုပါပဲ။ ထိုင်းနိုင်ငံကလည်း သူတို့ပဲ မြန်မာပြည်အတွက် ပြောရေးဆိုခွင့် ရှိသလိုလို၊ မြန်မာပြည်မှာ အပ်ကျရင် သူတို့ကပဲ အရင် သိသလိုလို၊ မြန်မာ အစိုးရကို နားချနိုင်တာ သူတို့ပဲ ရှိသလိုလိုကိုး။ အမေရိကန်မှ မြန်မာပြည် အတွက် အကူအညီတွေ ပေးဖို့တောင် ထိုင်းနိုင်ငံက တဆင့် လာတာဆိုတော့ ထိုင်းနိုင်ငံဟာ မြန်မာပြည်နဲ့ ဆက်ဆံ ဆက်သွယ်ဖို့တော့ တဆင့်ခံ ဖြစ်လာ ရတာပါပဲ။ ဒါပေမယ့် မြန်မာပြည်သားတွေရော ထိုင်းနိုင်ငံသားတွေရော တစ်ဘက်အစိုးရရဲ့ အတွင်းသဘောကို တစ်ဘက်က သိနေပါတယ်။

အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကိုလည်း ထိန်းရ၊ တရုတ်ကြီးကိုလည်း မျက်နှာမပျက်စေရတဲ့ ကယ်ဗင်ရဒ်ရဲ့ နှစ်ဘက်ချွန် နိုင်ငံရေး ဗျူဟာဟာ ပထ၀ီ အနေအထားအရ Pacific ဒေသလို့ ခေါ်ရပြီး အရှေ့မရောက် အနောက်မရောက်ဖြစ်နေတဲ့ သြစတြေးလျအတွက်တော့ နိုင်ငံရေး စီးပွားရေးအရ တည်ငြိမ်စေတာ အမှန်ပါပဲ။ အနောက်နိုင်ငံတွေ အကြိုက် တရုတ်ပြည်ရဲ့ တိဘတ်ကို ကိုင်တွယ်ပုံ အပါအ၀င် လူအခွင့်အရေး ထိန်းချုပ်မှုတွေကို ဝေဖန်နေပေမယ့် တရုတ်တွေနဲ့ တွေ့တဲ့အခါ ရွှန်းရွှန်းဝေအောင် ပြောပြီး သူတို့ အကြိုက်ကို လိုက်ပြောရတာလည်း သြစတြေးလျရဲ့ အာရှမှာ နိုင်ငံရေး စီးပွားရေးအရ လုံခြုံဖို့လည်း ပါတယ်လို့ နားလည်ပေးနိုင်ပါတယ်။ အိုလံပစ် မီးရှူးတိုင်ကို ကင်ဘာရာမှာ လက်ဆင့်ကမ်း သယ်တုန်းကလည်း တိဘတ် ဆန္ဒပြသူတွေရန်ကို တရုတ်မျိုးချစ်တွေနဲ့ တားဆီး ကာကွယ်ခဲ့ပြီး အောင်မြင်နေတာကို ဂုဏ်ယူနေတာပါ။ လူအခွင့်အရေးကိုတော့ လေးစားပါတယ်။ အားကစားနဲ့ ဆန္ဒပြတာကိုတော့ မရောသင့်ဘူးလို့ လေသံတွေကို အားကစားသမားတွေဆီက ကြားရပါတယ်။ ဒါပေမယ့် မြန်မာပြည်အပေါ် ထားရှိတဲ့ တရုတ်ရဲ့ မူဝါဒတွေ (အထူးသဖြင့် အမေရိကန်နဲ့ မြန်မာ အဆက်အဆံရှိလာမှာ အင်မတန် ကြောက်တာ) ကိုတော့ နားလည်လျက်နဲ့ နိုင်ငံတကာက ကြားကောင်းအောင်များ အသံလွှင့်တာလာ ထင်စရာပါ။

အများအမြင်မှာ သင့်တော်အောင် အကူအညီ ပေးဖို့မှာတော့ ကယ်ဗင်ရဒ်တို့ လက်တွန့်နေပါတယ်။ မြန်မာပြည်အတွက် ၃ သန်းလှူတယ်ဆိုတာ ဆူနာမီတုန်းက ၁ ဘီလီလျံ (သန်း ၁၀၀၀) လှူထားတာနဲ့ စာရင် ရက်ရောတယ် မခေါ်နိုင်ပါဘူး။ ဒီလောက် အလှူဟာ အစပဲ ရှိသေးတယ် ဆိုပေမယ့် နောက်ထပ် ဘယ်လောက် လာမယ် ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ သက်သာစေတဲ့ အချက်ကတော့ မြန်မာ အစိုးရနဲ့ နှစ်နိုင်ငံ အကူအညီပေးရေး သဘောတူညီချက်တွေ ခိုင်ခိုင်မာမာ မရှိလို့ အကြောင်းပြပြီး ဒီအလှူငွေတွေကို ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက တဆင့် အမှန်တကယ် လိုအပ်သူများကို တိုက်ရိုက် ပေးလှူသွားမယ်ဆိုတာပါပဲ။ CARE လို အဖွဲ့အစည်းတွေကလည်း မြန်မာပြည်မှာ လူမှုဝန်ထမ်း အကူအညီပေးရေး အတွက် လှုပ်ရှားခွင့် ရထားတာ ၁၃နှစ် ၁၄နှစ် ရှိပြီဆိုတော့လည်း ဒီလို အဖွဲ့အစည်းတွေက တဆင့် လှူမယ်ဆိုရင် လိုအပ်တဲ့ သူတွေဆီ တိုက်ရိုက် ရောက်မှာပါ။

အိုလံပစ် မီးရှူးတိုင် သယ်တုန်းက တိဘတ် ဘယ်နှယောက် အဖမ်းခံရမယ် မသိပေမယ့် မနေ့တနေ့က ကင်ဘာရာက မြန်မာ သံရုံးရှေ့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲကို ကန့်ကွက်သူတွေ မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေအတွက် ဆန္ဒပြသူတွေ ၅၀လောက်ထဲက တစ်ယောက်ကတော့ အဖမ်းခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းကတော့ သြစတြေးလျမှာ တာဝန်ထမ်းဆောင်ဖို့ အဆိုပြုလာတဲ့ စစ်တပ်ထွက် မြန်မာသံအမတ်ကို မသင့်တော်လို့ဆိုပြီး ပယ်ချခဲ့ပါသေးတယ်။ စိတ်မထိန်းနိုင်လို့ မြန်မာ သံရုံးက ကားကို ရေသန့်ဘူးနဲ့ ပစ်ပေါက်မိရာကနေ အဖမ်းခံလိုက်ရတဲ့ ဗမာတစ်ဦးကိုတော့ မုန်တိုင်းဒဏ်ခံရတဲ့ မြန်မာပြည်က ဆွေမျိုးတွေအတွက် နာကျဉ်းတာကို မထိန်းနိုင်လို့ လုပ်လိုက်မိတယ် ဆိုတာကိုတော့ ရဲတွေနဲ့ ကယ်ဗင်ရဒ် နားလည်နိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Friday, May 09, 2008

SQL Injection

Computer Program တွေ စရေးတုန်းက Senior Programmer တွေက ကိုယ်ရေးထားတဲ့ Program ကို Test လုပ်ရင် (ဥပမာ) Employer Name ဆိုတဲ့ Field ထဲမှာ Value ထည့်တဲ့ အခါ John လို့ မထည့်ဘဲ John's လို့ ထည့်လိုက်ရင် Program က Error တက်သွားပါရော။ ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ SQL Statement ကို ရလာတဲ့ Value နဲ့ Construct လုပ်ထားမိလို့ပါ။ Source code က ဒီလိုမျိုး

sql = "select * from emp where name = ' " + m_Name + " '"

အဲဒီ SQL ထဲကို John's ထည့်လိုက်ရင် sql ရဲ့ Value က ဒီလို ဖြစ်သွားပါတယ်။
select * from emp where name = 'John's'

အဲဒီတော့ SQL က Valid မဖြစ်တော့ပါဘူး။ ဒီလိုမျိုး မဖြစ်အောက် ဘယ်လိုလုပ်ရသလဲ ဆိုတော့ SQL Parameter တွေကို Bind လုပ်ယူရပါတယ်။
sql = "select * from emp where name = ?"
bindParmeter(1,m_Name)

အဲဒီလိုမျိုးမှ ဘယ်လို value လာလာ Text (String) value ဖြစ်သွားပြီး မှန်တဲ့ SQL Statement ကို ရပါတယ်။

ဒီအလေ့အကျင့်ဟာ အခု အသုံးဝင်လာပါတယ်။ ကုမ္ပဏီက System တွေကို အစိုးရရုံးတွေကို ရောင်းတဲ့ အခါ Security နဲ့ ပတ်သက်ပြီး စစ်ဆေးပါတယ်။ ဥပမာ Credit Card နံပါတ်တွေကို သေသေချာချာ သိမ်းလား၊ Network Security ဘာညာတွေပါ။ စစ်တဲ့ အထဲမှာ ပါလာတာ SQL Injection အတွက်ရော ကာကွယ်ထားသလားတွေပါ။ SQL Injection ဆိုတာ အထက်က ပြောသလိုပဲ Application မှာ String Value ထည့်ရမယ့် နေရာတွေမှာ SQL escape character တွေသုံးပြီး Application ကို မရည်ရွယ်ထားတဲ့ အတိုင်း ပြုမူ လုပ်ဆောင်စေတာပါ။ စနစ်တကျ Develop မလုပ်ထားတဲ့ စနစ်တွေဟာ ဒီနည်းအတိုင်း ဖောက်ထွင်း ၀င်ရောက် ခံရနိုင်ပါတယ်။ ဥပမာ Login Page မှာ User Name မှန် မမှန်ကို ဒီလို Count က Zero မဟုတ်ရုံနဲ့ မှန်တယ် စစ်ထားတယ် ဆိုပါတော့
SELECT count(*) FROM users WHERE name=’FIELD_USERNAME’

အဲဒီလိုမျိုးဆိုရင် FIELD_USERNAME ရဲ့ တန်ဖိုးကို John' or 'x' ='x လို့ပေးလိုက်ရင် SQL Statement က ဒီလိုမျိုး ရပါမယ်။
SELECT count(*) FROM users WHERE name=’John' or 'x'='x'

အဲဒီတော့ ဒီ SQL မှာ WHERE Part က TRUE ဖြစ်တဲ့ အတွက် FIELD_USERNAME အတွက် ဘယ်လို တန်ဖိုးလာလာ အမြဲတမ်း Run နေတော့မှာပါ။ တကယ်လို့ name ရော password ရော စစ်ထားတဲ့
SELECT count(*) FROM users WHERE name=’FIELD_USERNAME’ and password ='FIELD_PASSWORD'

လိုမျိုးအတွက်ဆိုရင် FIELD_USERNAME အတွက် John' or 'x' ='x -- (ဒီနေရာမှာ -- က Comment ပိတ်တယ်လို့ ယူဆမည်)
SELECT count(*) FROM users WHERE name=’John' or 'x'='x' -- and password ='FIELD_PASSWORD'

SQL Statement မှာ and ရှေ့က စပြီး Comment ပိတ်လိုက်တဲ့ အတွက် password ကို မှန်မမှန် စစ်စရာ မလိုတော့ ပါဘူး။ ဒီလိုနည်း သုံးလိုက်ရင် Table တွေ Drop လုပ်ချင်လည်း ရလာပါတယ်။ ဥပမာ John'; DROP TABLE users; -- ဆိုရင်
SELECT count(*) FROM users WHERE name= 'John'; DROP TABLE users; -- and password ='FIELD_PASSWORD'
SQL Statement နှစ်ကြောင်း ဖြစ်သွားပြီး တစ်ကြောင်းက SELECT ဖြစ်ပြီး ကျန်တဲ့ တစ်ကြောင်း DROP Statement ဖြစ်သွားပါတယ်။

ဒီလို လုပ်လို့ ရတာတွေ အများကြီး ရှိပါတယ်။ Google မှာ ရှာကြည့်နိုင်ပါတယ်။

အဲဒီလို SQL Injection တွေကို ကာကွယ်ဖို့ နည်းလမ်းကတော့ Parameter တွေကို Bind လုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ Prepared Statement တွေ သုံးပြီး ကာကွယ်နိုင်ပါတယ်။ ဥပမာ

PreparedStatement ps = con.prepareStatement("SELECT count(*) FROM users WHERE name=? and password =?");
prep.setString(1, m_UserName);
prep.setString(2, m_Password);
ps.executeQuery();

Wednesday, May 07, 2008

မြန်မာဆိုင်ကလုန်း Google ကိုသုံး

မြန်မာပြည်က ဆိုင်ကလုန်း မုန်တိုင်း (အင်္ဂလိပ်) သတင်းတွေကို Google News - Myanmar မှာ ဖတ်လို့ ရပါတယ်။ Email Alert လုပ်ချင်တယ်ဆိုရင် Google Alerts မှာ လုပ်လို့ရပါသည်။ Search Term ထဲမှာ Myanmar လို့ ထည့်လိုက်ရုံပါပဲ။ ကိုယ်လိုချင်တဲ့ Information (ဥပမာ News သပ်သပ်) စစ်ယူနိုင်ပါတယ်။

Google Earth ကို Download လုပ်ပြီးတော့ မုန်တိုင်း လမ်းကြောင်း တလျှောက် လိုက်ကြည့်ချင်တယ် ရေကြီးတဲ့ နေရာတွေ ကြည့်မယ် ဆိုရင် Nargis နဲ့ Nargis making landfall in MyanmarNargis during its lifecycle File ကို Download လုပ်ပြီး ဖွင့်ကြည့်နိုင်ပါတယ်။ Update တွေကို Google က ထောင်ထားတဲ့ Blog မှာ သွားဖတ်နိုင်ပါတယ်။

မြန်မာ ဘလော့ဂ်တွေမှာ မုန်တိုင်းနဲ့ ပတ်သက်တာ ဘာတွေ ရေးထားသလဲကိုတော့ Google Blog Search မှာ ရှာကြည့်ပါ။

လှူချင်တယ် ဆိုရင် Credit Card ရှိရုံနဲ့ အလွယ်တကူ လှူနိုင်တဲ့ Google Checkout မှာ Account ဖွင့်ပြီး Support disaster relief in Myanmar (Burma) မှာ လှူဒါန်းနိုင်ပါတယ်။

ရန်ကုန်က မိသားစု အခြေအနေ

ရန်ကုန်ကို ဒီနေ့တော့ ဖုန်းခေါ်လို့ ရပါပြီ။ CDMA ခြင်းဖုန်းကို ခေါ်တာပါ။ ဖုန်းလိုင်းကတော့ ခဏပဲ ပြတ်တာပါ။ ဘက်ထရီ အားကုန်နေတာနဲ့ ခေါ်လို့ မရဖြစ်သွားတာပါ။ လမ်းမတော်က အဖွားအိမ်ကို လိုင်းဖုန်းနဲ့ ခေါ်တာလည်း ရတယ်။ အခြေအနေကို မေးကြည့်တော့ ကျွန်တော်တို့ မိဘတွေ နေတဲ ကမာရွတ် လှည်းတန်းနားက ပြည်ရိပ်မွန်က တိုက်တန်းတွေမှာ အမိုးတွေ အကုန် လန်သွားတယ်တဲ့။ တိုက်အပေါ်ဆုံး ထပ်တွေမှာ နေတဲ့ သူတွေတော့ ကံဆိုးရှာပါတယ်။ အမိုးတွေ လန်ကုန်တော့ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေလည်း မိုးစို ပျက်စီးကုန်တာပေါ့။ အမျိုးထဲက တစ်ယောက်လည်း အပေါ်ဆုံးထပ်မှာ နေတော့ သူတို့လည်း အတော် ထိခိုက်သွားပါတယ်။ ကျွန်တော်တို့ တိုက်တန်းတွေမှာတော့ အပေါ်ဆုံး အထပ်မှာ နေတဲ့ သူတွေကို အောက်ထပ်က လူတွေကပဲ ထမင်းထုပ် ပြန်လုပ်ပြီး ပို့ပေးနေရတယ်တဲ့။ မီးစက်ငှားပြီး မောင်းလို့ ရေတော့ ရတယ်။ အနားက ကိုယ်ပိုင် အိမ်တွေကလည်း မီးစက်တွေနဲ့ ရေတွေ မောင်းပြီး ဝေနေတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း မီးစက်တွေနဲ့ မောင်းပြီး ရေဝေနေပါတယ်။ သောက်ရေကလည်း ရေသန့်ဘူးတွေကို အရင်က ၃၀၀တန်ကို အခု ၇၀၀ နဲ့ အလုအယက် ၀ယ်ရတယ်တဲ့။

ဆန်ရောင်းတဲ့ သူတွေက လုယက်မှာ စိုးလို့ အိမ်တွေမှာပဲ တံခါးပိတ်ပြီး မျက်နှာသိတွေကိုပဲ ရောင်းတော့တယ်။ ဆီကတော့ ၀ယ်လို့ရသေးတယ်။ ကြိုလှောင်ထားပါလားလို့ အမေ့ကို ပြောတော့ ဟဲ့ ငါတို့ကမှာ အဲဒီလောက် ဆိုးမယ်မှန်း မသိတာတဲ့။ ရန်ကုန်မှာနေပြီး တီဗွီကြည့်တဲ့ သတင်းစာဖတ်တဲ့ သူတောင် မသိဘူးဆိုတော့ ဘယ်လို လုပ်မလဲ။ အစိုးရက အလေးထားပြီးမှ မကြေညာတာ။ သူတို့ ၀ါဒဖြန့်ဖို့တော့ ထပ်တလဲလဲ ကြေညာတယ်။ မုန်တိုင်းသတင်းတော့ လူတွေ သတိထားမိအောင် မလုပ်တာကိုး။ မုန်တိုင်းတိုက်တယ်ဆိုတာ ငလျင်လှုပ်သလိုမျိုး ဆူနာမီလိုမျိုး မဟုတ်တာ။ ပင်လယ်ပြင်မှာ ၂ရက် ၃ရက်လောက်နေပြီးမှ ကုန်းတွင်းကို ၀င်တာ။ ဘယ်အချိန် လာမယ်။ ဘယ်လောက် ပြင်းမယ်ကို အခု ခေတ်ကြီးမှာ ကြိုတင် ခန့်မှန်းလို့ ရပါလျက်နဲ့ လူတွေ အများကြီးသေတာ အစိုးရမှာ အများကြီး တာဝန် ရှိတယ်။ မဇ္ဈိမမှာ ဘာသာပြန်ထားတဲ့ အမေရိကန် သမ္မတ ကတော် လော်ရာဘုရှ် ပြောတာကို ပြန်တင်လိုက်တယ်။

အန္တရာယ် ကျရောက်မယ်မှန်း သိတာတောင် အစိုးရ မီဒီယာက မုန်တိုင်း လမ်းကြောင်း တလျှောက်က ပြည်သူတွေကို အချိန်မှီ သတိပေးဖို့ ပျက်ကွက်ခဲ့တယ်၊ ဆိုင်ကလုန်း ဥပမာဟာ စစ်အစိုးရက ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူး ဆိုတဲ့ နောက်ဆုံး နမူနာပါပဲ။
အမေ့ အပြောအရ အဲဒီနေ့ (၃ရက်နေ့) ည ၁၁ နာရီလောက်ကတည်းက လေတွေ စတိုက်လိုက်တာ နောက်တနေ့ မွန်းတည့်တဲ့ အထိ။ ကျောက်ဖြူက လူတစ်ယောက်ကတောင် သူတို့ဆီမှာ မုန်တိုင်း ၀င်ရင် အဲဒီလောက် အထိ လေကြောမရှည်ဘူးတဲ့။ တညလုံး လေတွေကြမ်းပြီး မနက် ၉ နာရီလောက်အထိ အရမ်းကြမ်းတယ်တဲ့။ သွပ်ပြားတွေ လန်သွားတဲ့ အိမ်က ယောက်ျားတွေက လေထဲ မိုးထဲမှာ အသက်အန္တရာယ်ကို မမှုဘဲ လိုက်ကောက်နေတာလည်း တွေ့တယ်တဲ့။ အင်းလေ သွပ်ပြားတစ်ချပ်က သူ့တစ်ပတ်လုပ်စာလောက် ရှိတာကိုး။ အိမ်မှာလည်း ပြတင်းပေါက်တွေကို ကြိုးတွေနဲ့ ချည်ထားတာတောင် တ၀ုန်းဝုန်း ဖြစ်နေတယ်တဲ့။ အမေ မပြောနဲ့ အဘွားတောင် ဒီလောက် ပြင်းတဲ့ လေမုန်တိုင်းကို မှတ်မှတ်ရရ မကြုံဖူးဘူးတဲ့။ ဆူနာမီတုန်းကလည်း (တခြားသူတွေလောက်) ဆိုးဆိုးရွားရွား မဖြစ်။ ဟိုးလွန်ခဲ့တဲ့ ၁နှစ် ၂နှစ်က မုန်တိုင်းကလည်း လှိုင်သာယာက စက်ရုံတွေလောက်ပဲ ပျက်စီးတာဆိုတော့ လူတွေက အခု မုန်တိုင်းလာတယ် ဆိုတော့ ဘယ်လောက် ပြင်းသလဲကို မသိရလို့ ကြိုတင်ပြင်ဆင်တာတွေ မရှိဘူးတဲ့။ သူတို့ မင်္ဂလာဒုံက လေယာဉ်တွေကိုတော့ မဖြစ်ခင် တစ်ရက်ကတည်းက မန္တလေးမှာ ရွှေ့ထားပြီး လူတွေကိုတော့ ဘာမှ အကာအကွယ် ပေးထားခြင်း မရှိပါဘူး။

စက်တင်ဘာ အရေးအခင်းတုန်းက လည်ပတ်ရောင်စုံတွေနဲ့ ကားပေါ်မှာ စစ်သီချင်းတွေ သံပြိုင်ဆိုပြီး မြို့ထဲ လျောက်ပတ်နေတဲ့ စစ်သားတွေကလည်း အခုတော့ ဟိုတပြောက် ဒီတပြောက် ကမြောက်ကချောက်ပါတဲ့။ လက်ထဲမှာလည်း ဘာကိရိယာမှ မပါဘဲ (နီးစပ်ရာ အိမ်က ယူထားတဲ့) ဓားမတွေနဲ့ပဲ သစ်ပင်တွေကို ရှင်းနေတယ်တဲ့။ ရပ်ကွက်ထဲက လူတွေကသာ ကိုယ်ဘာသာကိုယ် ရှင်းနေရတာပါ။ ဒီအချိန်မှာလည်း မောင်တေဇတို့က ဘောက်စာကားကြီးတွေနဲ့ ရေလိုက်ဝေပြီး နာမည်ကောင်း ယူနေတယ်တဲ့။ သူငယ်ချင်း တစ်ယောက်စီက အီးမေမှာ ဘက်စ်ကားခတွေကို သိရတယ်။ အင်းစိန်-လှည်းတန်း၊ လှည်းတန်း-မင်္ဂလာဒုံ၊ မြေနီကုန်-စံပြ၊ စံပြ-ဆူးလေ ခရီးကို ၃၀၀-၅၀၀ အသီးသီးပေးရပြီး အင်းစိန်-ဆူးလေးကိုတော့ ၁၂၀၀ ကနေ ၂၀၀၀ အထိပေးရတယ်တဲ့။ ရထားလမ်းတွေက သစ်ပင်တွေ ပိတ်နေတာကို အရင် ရှင်းလိုက်ရင်တော့ ပို့ဆောင်ရေး နည်းနည်း အဆင်ပိုပြေသွားနိုင်တယ်။ နိုင်ငံတကာ ဈေးနှုန်းနဲ့ ညီအောင်လုပ်ထားတယ် ဆိုတဲ့ လောင်စာဆီ ဈေးနှုန်းကလည်း သောင်းကျော်နေပါတယ်။ ၁၀ ဒေါ်လာနီးနီးပေါ့။

မုန်တိုင်း မ၀င်ခင် ရက်ပိုင်းက အခြေအနေ ခန့်မှန်းထားတာကို သတင်းစာတွေမှာ ဘယ်လိုရေးတယ်ဆိုတာကို ကိုနစ်နေမန်းဆီက သတင်းစာ ဖြတ်ပိုင်းလေးကို (မနေနိုင်လွန်းလို့ ခွင့်မတောင်းဘဲ) ပြန်တင်လိုက်ပါတယ်။ အသေးစိတ်ကိုတော့ သူ့ဆီမှာ သွားကြည့်ပါ။


Sunday, May 04, 2008

မြန်မာ ဘလော့ဂ် - ၃၉၀၀

Blog Profile Page မှာ ရှိတဲ့ Location ပြထားတဲ့ နေရာမှာ နိုင်ငံတွေကို Click လုပ်ကြည့်မိတဲ့ အခါ အဲဒီ နိုင်ငံမှာ ရှိတဲ့ (Blogspot) Blogger ဘယ်နှယောက် ရှိတယ် ဆိုတာကို ပြထားတာ သတိပြုမိပါသည်။ Link URL ကို ကြည့်လိုက်တော့ နောက်ဆုံးမှာ နိုင်ငံကို ISO Country Code နဲ့ သုံးထားတာမို့ မြန်မာပြည်မှာ ဘယ်နှယောက် ရှိသလဲကို လုပ်ကြည့်လို့ ရပါတယ်။ဥပမာ မြန်မာပြည်အတွက်ဆို
http://www.blogger.com/profile-find.g?t=l&loc0=MM
စင်္ကာပူအတွက်ဆို
http://www.blogger.com/profile-find.g?t=l&loc0=SG
သူ့စာရင်းအရ မြန်မာပြည်မှာ ၃၉၀၀ Blog ရှိတာကို တွေ့ရပါတယ်။ အကြမ်းဖျဉ်းလို့ ထင်ပါတယ်။ တခြားနိုင်ငံတွေနဲ့လည်း ယှဉ်ကြည့်ပါတယ်။ အောက်တွင်ပြထားတဲ့ ဇယားအတိုင်းပါပဲ။


View Google Spreadsheet here

ဒီစာရင်းဟာ Blogspot မှာ Host လုပ်ထားတဲ့ Blog အရေအတွက်ပါပဲ။ တစ်ခြား Blog Hosting Site တွေမပါပါဘူး။ ဥပမာ Wordpress တို့ Typepad တို့လိုမျိုးတွေပါ။ ဒါပေမယ့် တခြား Hosting တွေသုံးတာ မြန်မာပြည်မှာတော့ အတော် နည်းပါမယ်။ နောက်ပြီး တစ်ယောက်တည်းက ဘလော့ဂ်တစ်ခုထက် ပိုရေးတာမျိုးတွေ၊ ဘလော့ဂ် တစ်ခုတည်းမှာ လူအများ ၀ိုင်းရေးတာတွေ ရှိနိုင်ပါတယ်။ ပြီးတော့ Active ဖြစ်တာတွေ မဖြစ်တာတွေလည်း ပါပါတယ်။ တချို့က Blogspot မှာ Account ယူထားပြီး ဘလော့ဂ်မရေးတာလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး Location ကို Myanmar လို့ ယူထားပေမယ့် တခြားနိုင်ငံ ရောက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဂျပန်က ဘလော့ဂ် အရေအတွက် နည်းနေတာလည်း သူတို့မှာ ဂျပန် Site တွေ အများကြီး ရှိလို့ပါ။ တရုတ်တွေဆိုရင်လည်း တရုတ် Site တွေပဲ သုံးကြတာ များပါတယ်။ အဲဒီအတွက် ဂျပန်စာရင်းကတော့ အမှန်မယူနိုင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အကြမ်းဖျဉ်းတော့ သိနိုင်တာပေါ့။

Computer Literacy (ကွန်ပြူတာနှင့် အကျွမ်းတ၀င် ရှိမှု) ကို တိုင်းပြည်တစ်ပြည်မှာ ဘလော့ဂ်ဘယ်နှခု ရှိသလဲနဲ့ တိုင်းမယ်ဆိုရင်တော့ မှန်တယ် မပြောနိုင်ပေမယ့် ဒီအရေအတွက်ဟာ ကွန်ပြူတာသုံးတတ်မှု၊ အင်တာနက် အဆက်အသွယ် ကောင်းမှုကိုတော့ ထင်ဟပ်နေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒီဇယားမှာမြန်မာပြည်က Internet Subscriber ဦးရေ နည်းနေတာကလည်း မြန်မာပြည်မှာက ကိုယ်ပိုင် Subscribe လုပ်တဲ့သူနည်းပြီး ကုမ္ပဏီတွေနဲ့ အင်တာနက်ကဖေးတွေက Subscribe လုပ်ပြီး အဲဒီမှာ သုံးတဲ့သူ များပါတယ်။ မြန်မာပြည်မှာ အင်တာနက်သုံးတဲ့သူကတော့ ၂ သိန်းကနေ ၃သိန်းလောက် ရှိတယ်လို့ ဖတ်ရပါတယ်။ Internet Subscriber ၈၀၀ ပဲရှိတယ် ဆိုတာကတော့ သံသယ ဖြစ်ဖွယ်ကောင်းပါတယ်။ မြန်မာပြည်ထဲကနေ စာရင်း အတိအကျ ထုတ်ပြန်ထားတာကို မတွေ့မိတော့ ရတဲ့နေရာကဟာကို ဖော်ပြလိုက်တာပါ။ (Source: http://www.internetworldstats.com/asia.htm#mm)

ထူးဆန်းတာကတော့ စင်္ကာပူက Blogspot Blog အရေအတွက်က သိသိသာသာ များနေတာပါပဲ။ စင်္ကာပူ လူဦးရေရဲ့ ၁၀၀ မှာ ၁၈ယောက်က Broadband ကို Subscribe လုပ်ပြီး အဲဒီအထဲက ၅ ယောက်က ဘလော့ဂ် ရှိနိုင်တဲ့ အနေအထားပါပဲ။ အိမ်ထောင်စုအနေနဲဆို ၄၅%က Broadband ရှိတယ်လို့လည်း ဆိုပါတယ်။ တစ်နိုင်ငံလုံးကိုတောင် Wireless လုပ်ပစ်မယ်လို့ ကြွားလုံးထုတ်ထားတာလည်း တစ်နေ့နေ့တော့ ဖြစ်လာနိုင်ပါတယ်။

မြန်မာပြည်က သူတွေ အတွက်တော့ အင်တာနက်ဆိုတာ ကိုယ်ပိုင်ပစ္စည်း တစ်ခုမဟုတ်ပါဘူး။ အများနဲ့ ရောသုံးရတဲ့ နေရာမှာ ဆိုင်တွေမှာ သုံးရပြီး အဖြတ်အတောက်ကလည်း စိတ်ညစ်ဖို့ အင်မတန် ကောင်းလှပါတယ်။ ၂၀၀၇ နှစ်ဆန်းက မြန်မာပြည် ပြန်သွားတော့ သူငယ်ချင်း အင်တာနက် ကဖေးမှာ ခဏသွားလည်ပါတယ်။ အဲဒီမှာ အင်တာနက်သုံးနေသူတွေကို ကြည့်မိပါတယ်။ သူတို့ကတော့ ပျော်ပျော်ပါပဲ။ ဆိုင်ကို ရောက်လာလို့ ခုံမှာထိုင်ပြီး ကွန်ပြူတာ စကရင်ကို မျက်နာမူမိပြီဆိုတာနဲ့ တလောကလုံးကို မေ့သွားတဲ့ပုံပါပဲ။ Headset တွေနဲ့ စကားပြောတဲ့ အခါမှာလည်း Privacy တွေပါလည်း ပြောရတာပါပဲ။ ဘေးကလူကလည်း သူ့ဟာနဲ့သူ အလုပ်ရှုပ်နေတာဆိုတော့ ကိစ္စတော့ မရှိပါဘူး။ ကွန်ပြူတာအကြောင်း နည်းနည်းလောက် တတ်ပြီး လက်ဆော့တတ်တဲ့ သူတွေကလည်း သူတပါး Password တွေ ခိုးယူတာတွေ၊ မေ့ပြီး မှားပြီး Password ကျန်ခဲ့သူတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် အပျော်သုံးကြတဲ့ သူတွေကတော့ ကိစ္စမရှိပါဘူး။ အဲဒီတုန်းက မှတ်မှတ်ရရ (တိုင်းပြည်မှ) ထွက်ခွာခွင့် D Form ကို Online ဆိုပြီး လျှောက်ရပါတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ အချက်အလက်တွေကို Online Form နဲ့ ဖြည့်ပြီး Approval ကို Email နဲ့ ပြန်ပို့လိုက်တာပါ။ Service က အတော်အတန် ညံ့ဖျင်းပေမယ့် ဒီလိုမျိုးလေးတွေတော့ လိုအပ်ပါတယ်။

မြန်မာ ဘလော့ဂ် ၃၉၀၀ ကို နည်းနည်း (၁၀၀၀ လောက်အထိ) လျှောက်ကြည့်မိတော့ ကဗျာလေး စာလေး ရေးချင်သူရယ်၊ စိတ်ကူးယဉ် ဆယ်ကျော်သက်လေးတွေရယ်၊ စတိုင်ထွားတဲ့ လူငယ်လေးတွေကို ခပ်များများ တွေ့ရပါတယ်။ တလောက မြန်မာပြည်က ဘလော့ဂ် အသိုင်းအ၀ိုင်းမှာ စည်စည်ကားကား တက်တက်ကြွကြွ တွေတွေ့နေရပြီး အခုနောက်ပိုင်းတော့ သိပ်မကြားရတော့ပြန်ဘူး။ ပုံမှန်ရေးတဲ့ မြန်မာဘလော့ဂါ တော်တော်များများကလည်း ပြည်ပက များပါတယ်။ ပြည်တွင်းကတော့ အရင် နာမည်ကြီးတွေတောင် အင်တာနက် မကောင်းလို့ ရေးတာ ကျဲတာနဲ့၊ လုံးဝ မရေးတော့တာတွေတောင် ရှိပါတယ်။ ပြည်တွင်း သတင်းတွေ ရေးတဲ့ မြန်မာ ဘလော့ဂ်တွေဟာလည်း ပြည်ပမှာ အခြေချပြီး ပြည်တွင်း အဆက်အသွယ်နဲ့ ရေးနေကြတာများပါတယ်။ ပြည်တွင်းကသူတွေ ပုံမှန် သတင်းတွေ၊ သက်ဆိုင်ရာ နယ်အလိုက် သတင်းတွေ ဈေးနှုန်းတွေ ရာသီဥတု အခြေအနေတွေ ရေးမယ့် ဘလော့ဂ်တွေလည်း ပေါ်လာရင် ကောင်းမှာပါပဲ။ ခက်တာက ရေးဖို့ နေနေသာသာ ဖတ်ဖို့တောင် ဟိုကျော်ဒီခွ လုပ်နေရတော့လည်း ဘယ်လို့မှ မတတ်နိုင်ပါဘူး။

မြန်မာ(ပြည်က) ဘလော့ဂ်တွေရဲ့ အရည်အသွေးကို ရေးမယ်ဆို အခင်းများဖွယ် ဖြစ်နိုင်တာရယ်၊ ကိုယ်ကိုယ်တိုင်က ရေးလောက်အောင် မစွမ်းတာရယ်ကြောင့် မြန်မာ ဘလော့ဂ် အရေအတွက်ကိုပဲ ရေးလိုက်ပါတယ်။


Reference:
http://www.internetworldstats.com/dsl.htm
http://www.fsa.ulaval.ca/personnel/vernag/eh/f/cause/lectures/Singapore.htm

Film


Files