Sunday, June 29, 2008

Comment Form ထည့်နည်း

Wordpress သမားတွေက စတိုင် ထွားလို့ရတော့ Blogspot သမားတွေက မျက်နှာ ငယ်လှပါတယ်။ Blogspot ကို စွန့်ခွာပြီး Wordpress နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ Blogspot နဲ့ ရွေးချယ်ပြီးပြီ ဆိုတော့ ဒီလိုပဲ ရှိတာလေးကို မွမ်းမံပြီး ပျော်အောင် နေရပါတယ်။ (တခြား ကိစ္စတွေ ဆက်စပ် တွေးခြင်း သည်းခံပါ - အဟဲ) ကျွန်တော်ဆို Wordpress သမားတွေဆီကို သွားကြည့် အားကျပြီး ကိုယ့် ဘလော့ဂ်လေးကို သူတို့နဲ့ တူအောင် မနည်း ပြင်ယူရပါတယ်။



Blog လိုမျိုး Web Page လိုမျိုးက ကိုယ်ဘာကိုယ် Host လုပ်လို့ ကောင်းတာမျိုး မဟုတ်ဘူး။ ဘာဖြစ်လို့ ဒီလို ဆိုလဲဆိုတော့ ဒီလို အလကားရတဲ့ Hosting တွေက (ထားပါတော့) တစ်သက်လုံး ခံပြီး ကိုယ်ဘာကိုယ် Host လုပ်တာတွေက ပိုက်ဆံ မပေးရင် ကုန်ရော။ Backup လုပ်လို့ ရတယ်ဆိုပေမယ့် Backup က ကိုယ့်အိမ်က ကွန်ပြူတာထဲမှာပဲ ရှိမယ်။ ဥပမာ ဟိုး ၁၉၉၉ လောက်က Yahoo Geocities မှာ လုပ်ထားတဲ့ Free Web Page တွေကို ဒီနေ့ အထိ URL မပြောင်းဘဲ တွေ့နိုင်သလိုမျိုး နာမည်ကြီးတွေဆီက Free Hosting တွေက ကြာရှည်ခံတဲ့ သဘော ရှိပါတယ်။ ဒါကြောင့် Flickr လိုမျိုး အလကားနဲ့ ပိုက်ဆံပေးတာ ကွာတဲ့ ဟာမျိုးတွေမှာပဲ ပိုက်ဆံပေးပြီး Blog လိုမျိုးတော့ ပိုပြီး စိတ်ချရတဲ့ Free Hosting ကိုပဲ သုံးပါတယ်။ ဒါကြောင့် Blogspot ကြီးကို မပစ်ကွာပဲ ချစ်စွာတွဲနေတာပါ။



ဘလောက်ကို ပြင်ယူတဲ့ အခါ စိတ်ရှည်ရှည် လုပ်ပေမယ့် တချို့ ကိစ္စတွေမှာတော့ Limitation လေးတွေက ရှိပါတယ်။ Blogspot က API ထုတ်မပေးထားတာတွေဆို ဘယ်လို့မှ လုပ်ယူလို့ မရပြန်ဘူး။ ဥပမာ Post Page မှာ Comment page မှာလို Comment Author ရဲ့ Profile Image ပေါ်အောင် လုပ်ချင်ပေမယ့် Blogspot API က Comment ပေးတဲ့ Author ရဲ့ Photo URL ထုတ်မပေးထားတဲ့ အတွက် လုပ်လို့ မရဘူး ဖြစ်ခဲ့ဖူးတယ်။ အခုတော့ နောက်ထပ် လိုချင်တဲ့ Feature တစ်ခုကို ထုတ်ပေးထားလို့ ပျော်သွားပြီး ချက်ချင်း အကောင်အထည် ဖော်လိုက်ပါတယ်။



Blogspot ရဲ့ Comment Feature ဟာ အင်မတန် စုတ်ချာပါတယ်။ Wordpress မှာဆို Comment ပေးဖို့ တခြား Form/Page ကို သွားစရာ မလိုဘဲ ချက်ချင်း Comment ပေးလို့ရပါတယ်။ အခုမှ ဒီ Feature ကို Blogspot က ထုတ်ပေးထားပါတယ်။ ဒါတောင် http://draft.blogger.com မှာပဲ ရပါသေးတယ်။ အရင်ဆုံး http://draft.blogger.com ကိုသွားပြီး Setting -> Comments အောက်က `Comment Form Placement´ မှာ `´ ကို ရွေးပါတယ်။




ပြီးတော့ ဘလော့ဂ်ရဲ့ Post Page (Home Page မဟုတ်) မှာ သွားကြည့်ပြီး မပေါ်သေးလို့ နည်းနည်း ပြင်ယူပါတယ်။ ဒီလို မပေါ်တာ Template ကို ပြင်ထားလို့ပါ။



<p class='comment-footer'>

 <b:if cond='data:post.allowComments'>

  <a expr:href= 'data:post.addCommentUrl' expr:onclick='data:post.addCommentOnclick'>

    <data:postCommentMsg/>

  </a>

 </b:if>

</p>





ကို ရှာပြီး ဒီလိုမျိုး ပြင်ပါတယ်။



<p class='comment-footer'>

 <b:if cond='data:post.embedCommentForm'>
  <b:include data='post' name='comment-form'/>


  <b:else/>

  <b:if cond='data:post.allowComments'>

   <a expr:href='data:post.addCommentUrl' expr:onclick='data:post.addCommentOnclick'>

    <data:postCommentMsg/>

   </a>

  </b:if>

 </b:if>

</p>





အရောင်နဲ့ ပြထားတာတွေကို သူ့နေရာနဲ့သူ ထည့်ပါတယ်။ အဲဒီအခါမှာတော့ စာဖတ်သူတွေဟာ Comment ကို Post Page မှာတင် တခါတည်း ပေးနိုင်သွားပါပြီ။ ဒါတောင် Wordpress မှာလို Ajax နဲ့ သွားတာ မဟုတ်ဘဲ Page Load တစ်ခေါက် ထပ်လုပ်ပါသေးတယ်။ ဘယ်တတ်နိုင်မလဲလေ ကိုယ်က Blogspot ကို ရွေးမိပြီကိုး.....



Comment Form ကို အောက်က Comment Section မှာ နမူနာ ကြည့်နိုင်ပါတယ်။ တကယ်လို့ ပြင်မယ် ဆိုရင်လည်း အရင်ဆုံး Templage ကို Backup လုပ်ဖို့ မမေ့ပါနဲ့ဦး။



တခြားဖတ်ရန် - ဒီ Blog ကို စိတ်ဝင်စားရဲ့လား

Thursday, June 26, 2008

Apple Pie

ကျွန်တော်တို့ နှစ်ယောက်စလုံး အချက်အပြုတ် ၀ါသနာ ပါပါတယ်။ ဘာကွာသွားသလဲ ဆိုတော့ ကျွန်တော်ကတော့ မီးဖိုထဲ ၀င်တာ ၀ါသနာပါလှတယ် မဟုတ်ပေမယ့် ကိုယ်စားချင်တာလေးကို ကိုယ်စားချင်တဲ့ ပုံစံ စားချင်တော့ ၀င်ချက်တာပါ။ သူမကတော့ သူစမ်းချင်တဲ့ အစားအစာ အသစ်တွေကို ချက်တာပါ။ ကျွန်တော်က တရုတ်စာလို ဒယ်အိုးထဲ ပစ်ထည့်ပြီး ကြော်ရတာမျိုးတွေ၊ အသုပ်လို မျိုးတွေကို ပိုင်ပါတယ်။ ကျွန်တော်က ဟင်းချက်ရင် အတိုင်းအဆ ဘယ်လောက်ဆိုတာကို မသိပါဘူး၊ မှတ်လည်း မှတ်မထားပါဘူး။ လက်ရဲရဲ ထည့်ြ့ပီး မြည်းလည်း မမြည်းပေမယ့် ကျွန်တော်ချက်တာဆိုရင် အရသာနဲ့ Texture က Vivid ဖြစ်တတ်ပါတယ်။ ဆိုင်တွေလိုပေါ့။

ကျွန်တော်က ဟင်းချက်နေတုန်း မမြည်းတတ်ပါဘူး။ ဟင်းအရောင် ကြည့်လိုက်ရင် ပေါ့လား၊ ငန်လား၊ စပ်လား သိတယ် ပြောရင် နည်းနည်း ပိုသွားမယ် ထင်တယ်။ လွယ်ပါတယ် ထားပါတော့ ကြက်သား ဆီပြန်ဟင်းမှာ အရောင် အနီကျဲကျဲ ဖြစ်နေရင် ကြက်သွန်အနှစ် နည်းတဲ့ အတွက် အစပ်ကို မထိန်ထားနိုင်ရုံတင်မက ငံပြာရည် ပါရင် အနီက သိပ်မရဲတဲ့ အတွက် ဒီဟင်းက အစပ်လွန်ပြီး အငန်နည်းနည်း ပေါ့မည်။ ချဉ်ရည်ဟင်း အရည်က ကျဲပြီး သိပ်မမည်းရင် မန်ကျည်းရေနည်းလို့ ဒါမှမဟုတ် ငါးပိ နည်းနည်း မခပ်လို့။ သိပ်မည်းပြီး အရည်တွဲနေရင် မန်ကျည်းရေ များနေပြီး ငံပြာရည် နည်းနည်း ထပ်ထည့်မှ။ ဟင်းရွက်ကြော်မှာ ဆီပြောင်ပြောင်လေး မမြင်ရရင် ဒါ မီးများများနဲ့ ကြော်ထားတာ မဟုတ်လို့ ဒါမှမဟုတ် ကြော်နေတဲ့ အချိန် အဖုံးအုပ်ထားလို့။ အဲဒီလိုမျိုးပေါ့။

သူမကတော့ အသစ်အဆန်းတွေ စမ်းလုပ်ရမယ်ဆို ပျော်တယ်။ မုန့်ညင်းချဉ်တို့၊ ကင်းမ်ချီတို့ ကို ဖတ်ပြီး စမ်းလုပ်တယ်။ ကိတ်မုန့် ဖုတ်တယ်။ ဘိန်းမုန့် လုပ်တယ်။ ဂျုံမှုန့်တို့ ဆန်မှုန့်တို့ကို ဆော့ရမယ်ဆို အင်မတန် ပျော်တာမျိုးလေ။ စမ်းလုပ်တာ များသောအားဖြင့်တော့ အောင်မြင်ပါတယ်။ တစ်ခါတစ်လေ တစ်ခုခု လိုသွားတာမျိုးလဲ ရှိတတ်ပါတယ်။ ချိန်တွယ်ပြီး အတိအကျ လုပ်ရတာမျိုးဆို စိတ်ရှည်တယ်။ ချဉ်ဖတ်တည်သလို ၂ရက် ၃ရက် စောင့်ရလည်း စိတ်ရှည်တယ်။ ဂျုံကို ညဖက်ဖောက်ထားပြီး မနက်ကျမှ ထလုပ်တဲ့ ပူရီလိုမျိုးလည်း ကျွန်တော့် စိတ်နဲ့ဆို မရဘူး။ အခုလည်း Apple Pie ကို စမ်းလုပ်ပါတယ်။ လုပ်ရတာ ထင်ထားတာထက် လွယ်လို့ မျှဝေလိုက်ပါတယ်။

ဘိုနိုင်ငံတွေမှာ နေရတာထဲမှာ ကြိုက်တာ တစ်ခုက မီးဖိုတွေမှာ Oven ကြီးကြီး ပါတတ်လို့ပါ။ စင်္ကာပူမှာတုန်းက အဒေါ်အိမ်မှာ နေတုန်းကတော့ တွေ့ဖူးတယ်။ နောက်တော့ ပြောင်းတဲ့ အိမ်တွေမှာ မတွေ့မိဘူး။ Oven ပါတော့ သူမ အကြိုက်ပဲပေါ့။ မုန့်ဖုတ်ဖို့လေ။ Apple Pie အတွက် ဂျုံနယ်ရတာ ကိတ်မုန့် ဖုတ်သလို နယ်ရတာနဲ့ မတူပါဘူး။ လူလေးယောက်စာအတွက် ရိုးရိုး ဂျုံမှုန့် ကော်ဖီခွက်နဲ့ တစ်ခွက်သုံးပါတယ်။ ဂျုံတ၀က်စာ ထောပတ် ထည့်ပါတယ်။ ရေအေး ကော်ဖီခွက်နဲ့ ၄ပုံ၁ပုံ မရှိတရှိ ထည့်ပါတယ်။ သကြား လဘက်ရည်ဇွန်း ၂ ဇွန်းနဲ့ ဆားနည်းနည်း ထည့်ပါတယ်။ ပြီးတော့ ရောမွှေလိုက်တော့ ယောက်ျား လက်သီးဆုပ်စာ ဂျုံလုံးရပါတယ်။ အဲဒါကို ပလတ်စတစ်နဲ့ ပတ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် ထားရပါတယ်။

အဲဒီအချိန်မှာ ပန်းသီး ၅ လုံးကို အခွံခွာပြီး စိတ်ထားပါတယ်။ အိုးထဲမှာ သကြားနှစ်ဇွန်း၊ ရေနှစ်ဇွန်းနဲ့ ထည့်ပြီး ပန်းသီးတွေ ပျော်တဲ့အထိ မီးဖိုပေါ်မှာ မွှေပါတယ်။ အရမ်းကြီး မပျော်သွားစေပါဘူး။ တချို့ Apple Pie တွေက ပန်းသီးကို ဒီအတိုင်း ထည့်ဖုတ်တာပါ။ ချခါနီးကျရင် သစ်ကျပိုးခေါက် အမှုန့် (cinnamon) ဇွန်းဝက်ထည့်ပြီး မွှေလိုက်ပါတယ်။ ခုဏက ရေခဲသေတ္တာထဲက ဂျုံလုံးကို ထုတ်ပြီး တ၀က်လှီးချလိုက်ပါတယ်။ တ၀က်က အခင်းအတွက်၊ ကျန်တ၀က်က အပေါ်က အုပ်ဖို့ပါ။ တ၀က်စီကို လှိမ့်ပြီး ပြားပါတယ်။ လှိမ့်လုံးတွေ ဘာတွေ မရှိရင် ကျွန်တော်တို့လို ပုလင်းနဲ့ ပြားလည်း ရပါတယ်။ တစ်ပြားကို ၅လက်မခွဲ ရှိတဲ့ မုန့်ဖုတ်ခွက်ထဲ ထည့်ပြီး အောက်ခင်း လုပ်ပါတယ်။ ပြီးတော့ ချေထားတဲ့ ပန်းသီတွေ ထည့်ပါတယ်။

ကျန်တဲ့ တစ်ပြားကို အပေါ်က အုပ်ပြီး အနားသပ်လေးတွေကို လက်မနဲ့ လိုက်ဖိလိုက်ပါတယ်။ အားလုံး လုံသွားပြီဆို အပေါ်က ကြက်ဥခေါက်ထားတာကို နည်းနည်း လိုက်သုတ်ပေးပါတယ်။ အလယ်မှာ လေပူတွေ ထွက်လို့ရအောင် ဓါးနဲ့ ကြက်ခြေခတ် ဖောက်ပါတယ်။ ကြက်ဥသုတ်ပေးတဲ့ အတွက် အရောင်က လှပြီး အပေါ်ယံတွေလည်း မတူးသွားပါဘူး။ ပြီးရင် အပေါ်က အလူမီနီယံပြား (Tinfoil) အုပ်ပြီး အပူကြိုပေးထားတဲ့ Oven ထဲကို ထည့်ဖုတ်ပါတယ်။ အပူချိန် ၂၀၀ ဒီကရီ (C - ၄၀၀´F) မှာ ၁၀ မိနစ်ဖုတ်ပြီးတဲ့အခါ အုပ်ထားတဲ့ အလူမီနီယံပြားကို ဖယ်ပြီး ၁၆၀ မှာ ၁၅ မိနစ် ထပ်ဖုတ်ပါတယ်။ (အလူမီနီယံပြား ဖယ်တဲ့ အချိန်မှ ကြက်ဥ သုတ်လည်း ရပါတယ်။) ဒါဆိုရင်တော့ အနေတော် Apple Pie လေးရပါပြီ။ ပြီးရင်တော့ ၄ ပိုင်းပိုင်းပြီး ဒီအတိုင်းပဲ ဖြစ်ဖြစ် ဗင်နီလာ ရေခဲမုန့်နဲ့ ဖြစ်ဖြစ် စားနိုင်ပါပြီ။



တခြားဖတ်ရန် - ၀မ်းနွေးစရာ ဟင်းချိုတစ်ခွက်

Tuesday, June 24, 2008

နိုင်ငံပိုင် ဓန ရန်ပုံငွေ(SWF)

စင်္ကာပူ ၀န်ကြီချုပ်မှူးကြီး လီကွမ်းယူက `အတိုက်အခံ´ ပါတီမှ ဒေါက်တာချီးကို အသရေဖျက်မှုနဲ့ တရားစွဲထားလို့ တရာရုံးမှာ အပြိုင်ကြဲကြတုန်းက လီကွမ်းယူက ဘယ်လို ပြောလဲဆိုတော့ (စင်္ကာပူ တိုးတက်လာတာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်လို့ဆိုတာကို)

အပြီးသပ်အနေနဲ့ ၁၉၅၉ မှာ ငါ ၀န်ကြီးချုပ်အဖြစ် တက်လာတုန်းက စင်္ကာပူနဲ့ အခု စင်္ကာပူ ဘာကွာလဲဆိုတာကို အကဲဖြတ်မယ်။ အဲဒီတုန်းက တို့မှာ `စုပေါင်း ရန်ပုံငွေ´ (Kitty) သန်း ၁၀၀ တောင် အနိုင်နိုင်။ အခုတော့ ကမ္ဘာ့ ငွေကြေး အဖွဲ့အစည်းတွေက အကဲဖြတ်တာ စင်္ကာပူမှာ `နိုင်ငံပိုင် ဓန ရန်ပုံငွေ´ (Sovereign Wealth Funds -SWF) ၃၀၀ ဘီလီယံ ရှိတယ်ဆိုတာပဲ[၁]
`နိုင်ငံပိုင် ဓန ရန်ပုံငွေ´(ဘာသာပြန် မတိကျပါ)ဆိုတာ တိုင်းပြည် တစ်ပြည်က ပိုင်တဲ့ (တခြားအသွင်) ဓနအင်အားပါ။ Stock တွေ၊ Bond တွေ၊ ပစ္စည်းဥစ္စာ (Property) တွေ နဲ့ တခြား ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေပါ။ အဲဒီ ဓနအင်အားမှာ ငွေကြေးနဲ့ ငွေကြေးနဲ့ ပတ်သက်တာတွေ မဟုတ်တောင် ရင်းနှီးမြှုပ်နှံမှု အသွင်နဲ့ စုဆောင်းထားတာတွေ ပါပါတယ်။ ဥပမာ ရေနံက ရတဲ့ ငွေတွေနဲ့ ၀ယ်ထားတဲ့ တိုင်းပြည်မှာ ရှိတဲ့ အရံ နိုင်ငံခြားငွေတွေ ရွှေတွေ နဲ့ တခြား စက်မှုလုပ်ငန်းတွေ၊ ဘဏ္ဍာရေး ဦးပိုင်အဖွဲ့အစည်းတွေရဲ့ ဓနတွေလည်း ပါပါတယ်။ ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ ရင်နှီးမြှုပ်နှံထားတာပါ ထည့်သွင်း စဉ်းစားပါတယ်။[၂]

တိုင်းပြည်တစ်ပြည်ဟာ အကြွေးကင်းပြီး အပိုဝင်ငွေတွေပဲ ပြနေပြီးဆို `နိုင်ငံပိုင် ဓန ရန်ပုံငွေ´(SWF) ထူထောင်လာနိုင်ပါပြီ။ တိုင်းပြည်က သယံဇာတတွေ (ဥပမာ) ရေနံကနေ အရမ်းကြွယ်ဝနေပြီး သုံးစွဲဖို့ ပြည်သူတွေ နည်းနေတဲ့ နော်ဝေးမှာ အစိုးရ ပင်စင် ရန်ပုံငွေ (The Government Pension Fund of Norway) ဆိုပြီး SWF အနေနဲ့ စုထားပါတယ်။ စင်္ကာပူကလည်း ကမ္ဘာ ဘဏ္ဍာရေး ဗဟိုချက် ဖြစ်အောင်လို့ Government of Singapore Investment Corporation Private Limited (GIC) နဲ့ Temasek Holdings က SWF တွေ စုထားပါတယ်။ ဒီနှစ်ခုမှာ GIC ကပဲ Sovereign Wealth Funds ပါလို ၀န်ခံထားပြီး Temasek ကတော့ လုပ်ချင်ရာ လုပ်လို့ရအောင် (၀ယ်ချင်တဲ့ နိုင်ငံခြား ကုမ္ပဏီ ၀ယ်လို့ရအောင်) SWF မဟုတ်ပါဘူးလို့ ဆိုထားပါတယ်။[၃]

ရေနံနဲ့ ကြွယ်ဝနေတဲ့ နိုင်ငံတွေ၊ တကမ္ဘာလုံးက သုံးနေတဲ့ ပစ္စည်းတွေ ထုတ်လုပ်တဲ့ တရုတ်နဲ့ တခြား စင်္ကာပူလို ကြွယ်ဝတဲ့ နိုင်ငံတွေက အရင်တုန်းကဆို သူတို့ ငွေတွေကို ဘဏ်မှာ သိမ်းထားမယ် အမေရိကန် ဒေါ်လာတွေ ၀ယ်ပြီး စုထားမယ်။ အခုတော့ သူတို့ ငွေတွေကို တခြားနိုင်ငံတွေက ဘဏ်တွေ၊ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတယ်။ တခြားနိုင်ငံက Stock တွေ Bond တွေ ၀ယ်ထားတယ်။ တခြားနိုင်ငံတွေက ပုဂ္ဂလိကပိုင် လုပ်ငန်းတွေကို ၀ယ်မယ်။ ဒါမှ အမြတ်အစွန်းလည်း များများရ၊ သူတို့ရဲ့ ကြွယ်ဝမှုတွေဟာလည်း ပိုမို ခိုင်မာလာပါတယ်။ အဲဒီတော့ ကြွယ်ဝတဲ့ နိုင်ငံတွေက Global Shopping ထွက်ကြပြီး နိုင်ငံခြား ကုမ္ပဏီတွေကို လိုက်ဝယ်ကြတယ်။ [၄]

ဒါကို နယ်ခြားဖြတ် ရင်းနှီးမြှုပ်နှံမှုလို့ (cross-border investment လို့) ခေါ်လာရာကနေ နယ်ခြားဖြတ် နိုင်ငံပိုင် ပြုလုပ်ခြင်း (cross-border nationalization လို့) ခေါ်လာတဲ့ အထိ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို အရင်းရှင် နိုင်ငံက တခြားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် အဲဒီနိုင်ငံ အပေါ် အနည်းနဲ့ အများ အာဏာသက်ရောက်မှုတွေ ရှိလာလို့ပါ။ ဥပမာ စင်္ကာပူ Temasek က ထိုင်းနိုင်ငံက Shin Satellite ကို ၀ယ်ထားခြင်းဖြင့် ထိုင်းနိုင်ငံရဲ့ ဂြိုဟ်တု ဆက်သွယ်ရေး အားလုံးနီးပါကို ထိန်းချုပ်ထားနိုင်သလို ဖြစ်လာမှာ စိုးရိမ်သလိုပါ။ စင်္ကာပူ အစိုးရပိုင် Singtel က သြစတြေးလျက ဆက်သွယ်ရေး ကုမ္ပဏီ Optus နဲ့ ၀ိတိုရိယ ပြည်နယ်က လျှပ်စစ်ဖြန့်ဝေရေးကို Singpower တို့က လက်ဝါးကြီး အုပ်ထားပါတယ်။ တရုတ်က National Australia Bank - NAB ရဲ့ ပိုင်ဆိုင်မှုတချို့ကို တိတ်တိတ်လေး ၀ယ်လိုက်နိုင်ပါတယ်။ ဒါတွေဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။

ဒီလို မိမိနိုင်ငံကို တခြားနိုင်ငံက လာရောက် ရင်နှီးမြှုပ်နှံတာကို ကြိုဆိုဖွယ် ဖြစ်ပေမယ့် တစ်ဘက်မှာလည်း ကိုယ်နိုင်ငံထဲကဟာတွေကို တခြားနိုင်ငံကလူတွေ ဘယ်လောက်တောင် ပိုင်နေပြီဆိုတာကို မသိလောက်အောင်ကို ဖြစ်နေပါပြီ။ ဒါကြောင့်မို့ အမေရိကန်ရယ် သြစတြေးလျ အစိုးရတို့က ဒီလို နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုတွေကို အထူးကြပ်မတ် စစ်ဆေးဖို့ လုပ်ဆောင်နေပါပြီ။ ဒါပေမယ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုလည်း ခွင့်ပြုထားတယ်။ ပြီးတော့ (ဥပမာ) သက်ဆင်ကလည်း ကျေနပ်လို့ ရောင်းတယ် Temasek ကလည်း စီးပွာရေး အတွက်ပါပဲ ပြောပြီး ၀ယ်တယ်ဆိုရင်တော့ ဘယ်လောက်နဲ့ အရောင်းအ၀ယ် ဖြစ်သွားတယ် ဆိုတာတောင် မသိလိုက်နိုင်ပါဘူး။ သိဦးတော့ အဲဒီ နိုင်ငံ အစိုးရအနေနဲ့ (ခွင့်ပြုထားတဲ့ အတွက်)ဘာမှ မလုပ်နိုင်ပါဘူး။ တို့မြန်မာ အစိုးရလို လာရင်းနှီးမြှုပ်နှံတာတွေကို ပြန်သိမ်းလိုက်လို့တော့ ရတာပေါ့။ ဥပမာ မန္တလေးဘီယာတို့ Myanmar Times တို့ကို သိမ်းလိုက်သလိုမျိုး။ ဒါမျိုးဆိုရင်တော့ ဘယ်သူမှလည်း လာရင်နှီးမြှုပ်နှံမှာ မဟုတ်တော့တဲ့ အတွက် မလုပ်ရဲကြပြန်ဘူး။

ဒီအကြောင်းဟာ ကျယ်ပြန့်ပြီး စိတ်ဝင်စားဖို့ ကောင်းပေမယ့် အခုမှ ရေပန်းစားလာတာ ဖြစ်ပါတယ်။ ကိုယ်တိုင် လေ့လာဖို့ စိတ်ဝင်စားပြီး ဝေမျှချင်တဲ့ စိတ်လေးသာ ရှိပေမယ့် ဘာသာရပ်ဆိုင် ကျွမ်းကျင်မှု မရှိတဲ့ အတွက် အမှား ပါနိုင်ပါတယ်။

အောက်က ဇယားကတော့ နိုင်ငံတွေရဲ့ `နိုင်ငံပိုင် ဓန ရန်ပုံငွေ´ (Sovereign Wealth Funds) ပြပုံပါပဲ။


ရည်ညွှန်း
[၁]Critic confronts Lee in Singapore court
[၂]Sovereign wealth fund (Wikipedia)
[၃]Temasek says it is not a sovereign wealth fund
[၄]Sovereign wealth fund (NY times)

ဖတ်ညွှန်း
အာရှကပဲ သာသလား

Sunday, June 22, 2008

မောင်လေး

တနှစ်ကျော်ရွယ် သမီးလေးက မွေးကင်းစ သူ့မောင်လေးကို ပြုမူ ဆက်ဆံပုံဟာ အင်မတန် ကြည်နူးဖွယ် ကောင်းပါတယ်။ သမီးက သူ့မောင်လေးကို လူကြီးတွေ ခေါ်သလို `သား.....´လို့ပဲ ခေါ်ပါတယ်။ ဒါဟာ သူပြောတတ်သမျှ ၃ ၄ ခုထဲက တစ်ခုပါ။ ပေါ့ပေါ့လေး ခေါ်တာမဟုတ်ဘဲ သူ့ခေါ်သံလေးက ရင်ထဲကနေ ခေါ်တာပါ။ သူ့မောင်လေးကို အရမ်းကိုင်ချင် ထိချင်ပြီး၊ ထိရရင် အသည်းတုန် အူတုန် ဖြစ်နေတော့တာပဲ။ တခါတလေကျတော့လည်း ထိရုံပဲ ထိပြီး၊ တခါတလေကျတော့လည်း လက်နဲ့ ပုတ်ကြည့်ပါတယ်။ ရိုက်ကြည့်ပါတယ်။ အဲဒီအခါကျရင် သူ့အမေက ဟဲ့ ဆိုပြီး ဟန့်တတ်လို့ သူ့မောင်လေးကို ကိုင်ချင်တယ်ဆို အမေမျက်နှာကို အရင်ကြည့်တယ်။ ပြီးတော့ တွေ့တဲ့နေရာကို အာဘွားပေးတော့တာပဲ။



သားလေးကို သူ့ကုတင်လေးထဲ (Cot ထဲ) ထည့်ထားရင်လည်း သမီးက အောက်ကနေ သွားသွားကြည့်တယ်။ ကုတင်တိုင်တွေ ကြားကနေ လက်နှိုက်ပြီး သူ့မောင်လေး လက်ကို ရအောင် ကိုင်တယ်။ သားလေး ငိုနေရင် သူက မနေတတ်ဘူး။ သူ့အမေကို ကြည့်ပြီး သွားခိုင်းတယ်။ ရောက်စကဆို သားလေး ငိုရင် သူပါ လိုက်ငိုတယ်။ အခုတော့ လက်ညှိုးလေး ထိုးပြီး မျက်နှာလေး မသက်မသာနဲ့ ကြည့်တတ်တယ်။ အရင်တုန်းကလည်း ညဖက်ဆို သမီးအိပ်နေချိန် သားလေးက ငိုရင် သမီးပါ နိုးတတ်တယ်။ အခုတော့ မနိုးတော့ဘူး။ အကျင့်ရသွားပြီ။ တခါတလေကျရင်တော့ `ဟာ....´ ဆိုပြီး စိတ်တို စိတ်ပျက်စွာ အိပ်ရေး ပျက်တယ်ပေါ့လို့ အော်ပြီး ပြန်အိပ်ပါတယ်။



Friday, June 20, 2008

သိုးမည်းသာ ဖြစ်စေတော့

အင်္ဂလန်က တက္ကသိုလ် တစ်ခုမှာ သုတေသန တစ်ခု စမ်းလုပ်ကြည့်တယ်။ လူတွေကို စုပြီး တစ်နေရာမှာ နေခိုင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မလုပ်ရဘူး။ စကားမပြောရဘူး။ မျက်စ မပစ်ရဘူး။ တစ်ယောက်နဲ့ တစ်ယောက် လက်တစ်ကမ်းထက် ပိုပြီးတော့လည်း ဝေးဝေး မနေရဘူး။ အဲဒီလူအုပ်ထဲမှာတော့ ဒလန် လေးငါးယောက် ထည့်ထားတယ်။ သူတို့ကို ကြိုပြောထားတယ်။ လူအုပ်ကြီးကို တစ်နေရာ တစ်ဘက်ကို မသိမသာ ဦးဆောင်ခေါ်သွားဖို့ မှာထားတယ်။ ကျန်တဲ့ ဘယ်သွားရမှန်း ဘာလုပ်ရမှန်း မသိတဲ့လူတွေကလည်း ဘုမသိ ဘမသိနဲ့ အဲဒီ ဒလန်တွေ ဦးဆောင်ရာ နောက်ကို အသာလေး လိုက်သွားတော့တယ်။ လူတွေက ကိုယ်ဘယ်သွားရမယ်မှန်း မသိရင် သိမယ်ထင်တဲ့ လူနောက်ကို ၀ိုးဝါးသိမှုနဲ့ (Subconsciously) လိုက်တတ်ကြတယ်။

ဒီလို လူတွေကို တစ်နေရာကို ဦးဆောင်ခေါ်သွားဖို့ လူဦးရေရဲ့ ၅% လောက်ပဲ လိုတယ်။ ဆိုလိုတာက ၂၀၀ လောက် ရှိတဲ့ လူအုပ်ကြီးကို ထိန်းဖို့ ၁၀ ယောက်လောက်ပဲ လိုတယ်။ `အဲဒီလိုမျိုး လူအုပ်ကြီးထဲမှာ မျောပါသွားတာမျိုး လူတိုင်းကြုံဖူးကြမှာပါ။ ဒီသုတေသနမှာ စိတ်ဝင်စားစရာ ကောင်းတာက တစ်ယောက်နဲ့ တစ်ယောက် စကားလည်း မပြောရ၊ လက်ဟန် ခြေဟန်လည်း မပြရတာတောင် လူတွေက အများသဘောတူ ဆုံးဖြတ်ချက်/ ကောက်ချက် တစ်ခုကို လုပ်လိုက်ကြတယ်။ တော်တော်များများမှာတော့ ဒီလူတွေဟာ တစ်ယောက်ယောက် ဦးဆောင်နေတယ် ဆိုတာကိုတောင် မသိလိုက်ပါဘူး။´ ဒီစမ်းသပ်ချက်မှာ တွေ့ရှိမှုဟာ ဘေးအန္တရာယ်တွေ ကျရောက်ရင် ထိန်းချူပ်ဖို့အတွက် အင်မတန် အရေးပါတာ တွေ့ရှိရပါတယ်။ ဥပမာ ရုပ်ရှင်ရုံထဲမှာ ကုန်တိုက်ထဲမှာ မီးလောင်ရင် လူတွေက ရှေ့က သွားတဲ့သူနောက်ကို လိုက်ကြသလိုမျိုးပါ။ ရှေ့ကလူ ဘယ်သွားနေလဲ မသိဘဲ ပျော်ပျော်ကြီး နောက်လိုက် လုပ်လိုက်တာပဲ။ [၁]

ဒါဟာ တိရစ္ဆာန်လောကမှာ အုပ်စုဖွဲ့ နေတာနဲ့ သွားတူနေပါတယ်။ အထူးသဖြင့် တွေ့ရမှာ သိုးတွေမှာပါ။ သိုးတွေက ခေါင်းဆောင် တစ်ကောင်ကောင် နောက်ကို လိုက်ဖို့ ပင်ကိုစိတ် စွဲမြဲစွာ ရှိတတ်ပါတယ်။ သိုးတစ်ကောင်က တောင်ဘက်သွားရင် သိုးအုပ်ထဲက ကျန်တဲ့ အကောင်တွေက လိုက်ကြမယ်။ ဘယ်ကို သွားသွား။ ရှေ့က သိုးက ရေထဲ ခုန်ချရင်လည်း နောက်က အကောင်တွေက လိုက်ခုန်ချတာပဲ။ တလောက တူရကီမှာ သိုးကောင်ရေ ထောင်ချီပြီး ချောက်ထဲကို ခုန်ချကြတယ်။ တစ်ကောင်ပြီး တစ်ကောင် နောက်လိုက်ပြီး ခုန်ချလိုက်ကြတာ အကောင်တွေ ပုံနေပြီး နောက်ဆုံးမှ ခုန်ချတဲ့ ကောင်တွေတော့ မသေတော့ဘူး။ ဒါတောင် ကောင်ရေ ၄၅၀ လောက် သေသွားတယ်။ [၂]

သိုးတွေက မွေးလာကတည်းက အသက်ကြီးတဲ့ ကောင်တွေနောက်ကို လိုက်ပြီး နေလာတာ နေသားကျနေပြီ။ ပြီးတော့ သိုးတွေက အအုပ်အသင်းနဲ့ပဲ နေတတ်တယ်။ စားကျက်မှာ အတူတူပဲ နေကြမယ်။ သင်းကွဲသွားရင် သိုးတွေ မနေတတ်ပါဘူး။ ဒါကလည်း သိုးတွေကို တောကောင်တွေ ရန်ကနေ ကာကွယ်ဖို့ အတူ စုစည်းပေးထားသလိုပါပဲ။ အုပ်စုထဲက ခွဲထွက်နေတဲ့ သိုးက အစားခံရဖို့ ပိုများတယ်။ တိရစ္ဆာန်တွေရဲ့ အမူအကျင့်တွေကို လေ့လာသူတွေက ပြောတယ်။ သိုးတွေက အနည်းဆုံး ၄ ၅ ကောင်လောက်မှ စုနေတတ်တယ်။ စားကျက်မှာ လွှတ်ထားရင် တစ်ကောင်နဲ့ တစ်ကောင်ကြည့်နေပြီး စုစု စုစု နေကြတယ်။ ဒီလို ခေါင်းဆောင်နောက်ကို အလွယ် လိုက်တတ်တဲ့ သိုးအုပ်ထဲမှာ Leader Sheep ဆိုပြီး ဉာဏ်ရည်ကောင်းတဲ့ သိုးအမျိုးအစား ၂ ကောင် ၃ ကောင် ကို ဈေးကြီး ပေးပြီး ၀ယ်ထည့်ထားတဲ့ သိုးမွေးသူတွေ ရှိသလို သိုးထိန်းခွေးနဲ့ ထိန်းကျောင်းတဲ့ သူတွေလည်း ရှိပါတယ်။

နဂိုကတည်းက လူအများနဲ့ ဆွေမျိုးတွေနဲ့ နေတတ်တဲ့ ကျွန်တော်တို့တွေဟာလည်း သိုးတွေလိုပါပဲ။ တစ်ယောက်တည်း မနေတတ်တော့ ဟိုအုပ်စုစု ဒီအုပ်စုစုနဲ့ နေတတ်ကြပါတယ်။ ဒီလို သိုးတွေလို စုနေတာ အကြောင်းမဟုတ်ပါဘူး။ သိုးတွေလိုပဲ ဦးဆောင်သူ ရှာပြီး နောက်လိုက်လုပ် တတ်ကြပြန်တယ်။ အပေါ်မှာ ရေးထားတဲ့ သုတေသနမှာလိုပဲ ဦးဆောင်သူ တစ်ယောက်နောက်ကို ဘုမသိ ဘာမသိ လိုက်လွယ်ပါတယ်။ ဒါဟာ နေရာ အတော်များများမှာပါ။ မြန်မာဘလောက် တချို့မှာလည်း Post တစ်ခုကို ၄ ၅ ယောက်လောက်က ဟေး.. မှန်တယ် မှန်တယ် Comment ပေးလိုက်ရင် နောက်က လိုက်မှန်ကြဖို့ ၀င်မလေးကြပါဘူး။ ဟေး.. မှားတယ် မှားတယ် ဆိုလည်း ... နောက်က နေ ၁၀ ယောက် အယောက် ၂၀ လောက် က လိုက်မှားကြတော့တာပဲ။ အဲဒီမှာ တ၀က်ကျော်ကျော်က မှန်၏ မှား၏ နောက်ကြောင်းကို အသေအချာ သိကြတာ မဟုတ်ပါဘူး။ သိုးတွေလိုပဲ ဦးဆောင်သူ ၃-၄ ယောက် နောက်ကို ဘုမသိ ဘမသိနဲ့ လိုက်သွားမိကြတာပါ။ တချို့ကတော့ သိုးတွေလို မဟုတ်တောင် ဝေလေလေ တွေပါ။

ဒီလို သိုးအုပ်ထဲမှာ မနေဘဲ သင်းကွဲ ထွက်နေတဲ့ကောင်ကိုတော့ သိုးမည်းဆိုပြီး သမုတ်ကြပါမယ်။ ကြောက်ကြောက် ကြောက်ကြောက်နဲ့ အုပ်စုဖွဲ့နေတတ်ပြီး တစ်ကောင်နောက်ကို တစ်ကောက် လိုက်ဖို့လွယ်တဲ့ သိုးတွေနဲ့ စာရင် သိုးမည်းတွေက စဉ်းစားတတ်တယ်လို့လည်း တချို့က ပြောမည်။ တချို့ကလည်း မိသားစုထဲမှာ အားလုံးနဲ့ မတူ တမူဆိုးနေတဲ့သူ တစ်ယောက်ပါရင် သိုးမည်းလို့ ပြောကြမည်။ မြန်မာလိုတော့ စုန်းပြူးပေါ့။

(စကားမစပ် ဗဒင်ရဲ့ သိုးမည်းဟောင်းကြီးတွေကို သတိရတယ်။ မြန်မာ တေးသံသွင်းလောကမှာ ကာဗာကတ် ခေတ်တုန်းက ကတ်တစ်သိန်း အထက် ရောင်းရတာ စိုင်းထီးဆိုင်ရဲ့ ရတနာရယ်၊ ဇော်ဝင်းထွဋ်ရဲ့ ရှင်သန်ခြင်းတို့နဲ့ အပြိုင် ကတ်ရေ သိန်းကျော် ရောင်းလိုက်ရတဲ့ စီးရီးပါ။ ဗဒင်က ခရစ်ယာန်တစ်ယောက်မို့ သိုးမည်း ဆိုတဲ့ စကားလုံးနဲ့ မစိမ်းတာလည်း ဖြစ်မှာပေါ့။ ဒီသီချင်းက တောခိုသွားတဲ့ သူငယ်ချင်းအတွက် စပ်တာလို့လည်း ပြောကြတယ်။)

သိုးမည်းနဲ့ ပက်သတ်ပြီး Black Sheep Effect ဆိုတာကို ပြောချင်တယ်။ Black Sheep Effect ဆိုတာ အလွယ်ပြောရရင် “အချင်းချင်းမို့ ပင်းတယ်” (Ingroup Favouritism) ဆိုတာရဲ့ ပြောင်းပြန်ပါ။ “ဆန်ရင်းမို့ နာနာဖွတ်တယ်” ဆိုသလိုပါ။ ဥပမာ မြန်မာ တစ်ယောက် မကောင်းတာ တစ်ခုခု လုပ်ရင် နိုင်ငံခြားသား တစ်ယောက်က ဒါမျိုး လုပ်တာထက် လုပ်တဲ့ မြန်မာကို မြန်မာအချင်းချင်းက ပြန်ပြီး ရှုံ့ချသလိုပါ။ အထက်မှာ မြန်မာ ဘလောက်တွေမှာ ဘုမသိ ဘမသိနဲ့ ဝေလေလေ လုပ်တာကို ကျွန်တော် ပြောမိသလိုပေါ့။ ဒီလို Black Sheep Effect ရဲ့ အခြေခံ အကြောင်းအရင်းကတော့ စိတ်ပညာအရဆို ကိုယ့် အုပ်စုထဲက တစ်ယောက်က မကောင်းတာ လုပ်ရင် အုပ်စု တစ်စုလုံး မကောင်းထင်ခံရမှာ စိုးလို့ အချင်းချင်း မဟုတ်တာ လုပ်ပြီဆို ပိုပြီး ရှုံ့ချကြတာပါ။ ။ [၃]



[၁]Crowds 'pick leaders to follow'
[၂]One sheep jumps over cliff; 1,500 follow suit
[၃] Social Perception



တခြားဖတ်ရန်
- ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော်တို့ (ပိတောက်ရိပ်)
- ကြက်နဲ့ဝက် (We She Me)

Wednesday, June 18, 2008

မိမိ Comment ကို Highlight လုပ်နည်း

ကျွန်တော် ဘလော့ဂ်ကို ခဏခဏ ပြင်လေ့ရှိပါတယ်။ ပြင်တယ် ဆိုပေမယ့် အစအဆုံး ပြင်တာ မဟုတ်ပါဘူး။ နည်းနည်း နည်းနည်း၊ ဖြည်းဖြည်း ဖြည်းဖြည်း ပြင်လာတာပါ။ ဒီဘလော့ဂ်ကို ဟိုးအစကတည်းက လာလည်တဲ့ သူတွေတောင် သတိထားမိချင်မှ ထားမိတာပါ။ တစ်ခုခု ပြင်ချင်ပြီဆို ဒီလိုပဲ Google မှာ လိုက်ရှာပြီး ပြင်လိုက်တာပါပဲ။ ကွန်ပြူတာအလုပ်နဲ့ ထမင်းစားနေတဲ့ သူဆိုတော့ ဘလော့ဂ်ပြင်တာဟာ သိပ်မခက်ခဲတော့ ဒီလိုပဲ နေလိုက်တာပဲ။ တလောက ညီငယ်တစ်ယောက်က ဘလော့ဂ်ရဲ့ ဘယ်နားကို ဘယ်လို ပြင်ထားလည်း မေးလာတော့ အီးမေးနဲ့ ရှင်းပြရတာ မလွယ်ပါဘူး။ အစကတည်းက ဘလော့ဂ်ပြင်ရင် ဘယ်လို ပြင်လိုက်တယ်ဆိုတာ ရေးမလို့ပါပဲ။ ဒီလိုပဲ (အင်္ဂလိပ်လိုရော) ရေးထားတာတွေ ရှိတော့ မရေးဖြစ်ဘူး။ အခုတော့ တစ်ခါပြင်လိုက်တိုင်း ဘယ်လိုပြင်လိုက်တယ်ဆိုတာ ရေးမယ် စိတ်ကူးတယ်။ ကိုယ်ဘယ်နေ့မှာ ဘာပြင်လိုက်လည်း သိရတာပေါ့။

ဒီနေ့ ပြင်တာက Comment မှာ ကိုယ့် Comment ဆို Highlight ဖြစ်အောင် လုပ်တာပါ။ Comment section မှာ Comment တွေ အများကြီး ရှိတဲ့ အထဲက ကိုယ့်(စာရေးသူရဲ့) Comment ဆိုရင် သိသာနေအောင် လုပ်တာပါ။ Programming ဆိုတာ ကဗျာရေးသလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ရေးတာ မတူနိုင်ပါဘူး။ ရလဒ်တစ်ခု ရအောင် နည်းမျိုးစုံ လုပ်လို့ ရပါတယ်။ အခု ဝေမျှလိုက်တဲ့နည်းက အလွယ်ဆုံး ဖြစ်မယ် ထင်တဲ့ Drop in replacement ပါ။

(၁) CSS တွေ ရှိတဲ့ နေရာမှာ ထည့်ပါတယ်
.myCommentBlock {
  background:$bgcolor;
  border:1px double $bordercolor;
}


(၂) <data:comment.body /> တိုင်းအတွက် အောက်ပါ Code နဲ့ အစားထိုးပါတယ်။
<b:if cond='data:comment.author == data:post.author'>
 <div class="myCommentBlock">
  <data:comment.body />
 </div>
 <b:else/>
 <data:comment.body />
</b:if>

ဒါဆိုရင် ကိုယ့် Comment ဆိုရင် တစ်မျိုး မြင်နေရမှာပါ။ Style တွေ ပြောင်းချင်တယ်ဆိုရင် .comment-body blockquote မှာ ပြောင်းလို့ ရပါတယ်။ လောလောဆယ်တော့ နောက်ခံအရောင်နဲ့ Border ကိုပဲ ပြောင်းထားပါတယ်။ တခြား Style တွေ ထည့်လည်း ရပါတယ်။

ဘာမှ မလုပ်ခင် Template ကို Back up လုပ်ဖို့ မမေ့ပါနဲ့ဦး။ “Expand Widget Templates” ကို Select လုပ်ထားမှ အဆင့် (၂) ကို လုပ်လို့ ရပါတယ်။ Blog တိုင်းအတွက် ရမရတော့ မသိပါ။

တခြားဖတ်ရန် - Feed တွေကို ဘယ်လို ချောင်းကြည့်

Monday, June 16, 2008

သားလေးအတွက် ကင်ပွန်းတပ်

သားလေး မွေးပြီးတော့ အရင်ဆုံး လုပ်စရာတွေထဲမှာ နာမည်ပေးဖို့ စဉ်းစားရတာပါပဲ။ စဉ်းစားတယ် ဆိုပေမယ့်လည်း ကိုယ့်ဘာသာကိုယ်ဆိုရင် နာမည်လှလှလေးတွေ ထွက်မလာတော့ ဘယ်လို ပေးမလဲ၊ ဘယ်သူနဲ့ တိုင်ပင်ရမလဲ စဉ်းစားတာပါ။ ဘိုနိုင်ငံမှာ နေတာဆိုတော့လည်း ဘိုလို မပေးတောင် Surname လေး Family Name လေးကိုတော့ `မြင့်´ ဖြစ်ချင်ပြန်ရော။ ဘိုနာမည် မပေးတာလည်း နာမည်ကို ကြည့်လိုက်ရင် ဗမာလို့ သိစေချင်တာပါပဲ။ `မြင့်´နဲ့ ဆုံးချင်တာလည်း ကိုယ့်နာမည် ပါချင်လို့ ဆိုတာထက် ဒီမှာ Form တွေ ဘာတွေ ဖြည့်ရင် လွယ်ကူအောင်လို့ပါ။ ဗမာတွေမှာ Family Name ပေးတဲ့ ဓလေ့ မရှိဘူးလို့တော့ ပြောလို့ရပေမယ့် တချို့ Form တွေက Family Name ကို အထူးပြုထားတာတွေ ကြုံနေရပါတယ်။

နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ် မပေးဘဲ ဗေဒင်ဆရာနဲ့ တွက်မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ သမီးလေးအတွက် နာမည် လှလှ ကောင်းကောင်းလေး ပေးထားတဲ့ မိတ်ဆွေ တေးအေးရိပ်ကိုပဲ လှမ်းမေးပါတယ်။ စနေသားလေးအတွက် နာမည် ကောင်းကောင်းလေး ရွေးပေးပါပေါ့။ သူကိုလည်း ရမလားလို့ ဈေးဆစ်လိုက်ပါသေးတယ်။ နာမည်မှာ `မြင့်´နဲ့ ဆုံးလို့ ရရင် ဆုံးပေးပါ။ ဆရာတေးကလည်း ချက်ချင်းပဲ ပြန်လာပါတယ်။ `မြင့်´နဲ့တော့ ဆုံးလို့မရဘူး စနေနံနဲ့ စပြီး ဗုဒ္ဓဟူးနံနဲ့ ဆုံးရမယ်တဲ့။ လောလောဆယ်တော့ နာမည်ကို စဉ်းစားလိုက်ဦးမယ်ဆိုပြီး စနေ-ဗုဒ္ဓဟူး Combination ပဲ ပေးလာပါတယ်။

အဲဒီအတောအတွင်းမှာပဲ ရန်ကုန်ကို လှမ်းအကြောင်းကြားပြီး ဗေဒင် မေးခိုင်းလိုက်ပါတယ်။ အမေကလည်း တေးအေးရိပ်ရဲ့ ဆရာ ဦးမောင်မောင်သန်းထံမှာပဲ သွားမေးပါတယ်။ ဆရာက `သက်´၊ `ငြိမ်း´၊ `ဇော်´၊ `မိုး´ မမှည့်ရတဲ့။ `မြင့်´နဲ့လည်း ဆုံးလို့မရပါတဲ့။ ချူချာမည်။ ပညာသင်လို့ ခက်မယ်တဲ့။ ကောင်းရော။ နောက်ပြီး ဓါတ်သိတွေက အဲဒီ ဆရာက ၀ဆွဲ ပါရင် မကြိုက်ဘူးတဲ့။ ဒါဆိုရင် `ထွန်း´ လိုမျိုး စနေနံက ပေးလို မရပြန်ဘူး။ ဆရာ ဦးမောင်မောင်သန်း ရွေးပေးလိုက်တာက `ထက်အောင်လင်း´၊ `ထူးအောင်လင်း´၊ `တေဇာလင်း´၊ `ထူးမြတ်လင်း´၊ `ထူးမြင့်လွင်´ နဲ့ `တေဇာမြင့်လွင်´ ဆိုတဲ့ နာမည်တွေပါ။ အဲဒီ နာမည်တွေထဲမှာ `မြင့်လွင်´ နဲ့ ဆုံးတာတွေက ဦးမြင့်လွင်ရဲ့ သားလို့ အထင်မှားစရာ ရှိတာမို့ ပယ်လိုက်ပါတယ်။

ကိုယ့်ဘာသာကိုယ် ပေးဖို့ နာမည်တွေကို ချရေးကြည့်တော့ `တိုး´က အင်္ဂလိပ်လို ပေါင်းရင် Toe (ခြေချောင်း) ဆိုပြီး ဖြစ်နေလို့ မသုံးပြန်ဘူး။ အဲဒီတော့ `တိုးလှိုင်ဝင်း´ တို့လို နာမည်တွေကို မပေးတော့ဘူး။ `တင်´ ကျတော့လည်း သားလေးကို မပေးချင်။ `တင်ကျော်လင်း´ ကို မပေးဘဲ `ထင်ကျော်လင်း´ ပေးရင် ကောင်းမလား စဉ်းစားတယ်။ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းမှာ စနေနံနဲ့ စတာ ရှာကြည့်ပြန်တော့ တွေ့တာ `တည်ကြည်´၊ `ထူးမြတ်´၊ `ထွန်းပေါက်´၊ `နန္ဒ´ စတဲ့ စကားလုံးတွေ လောက်ပဲ ရှိတယ်။ သမီးနာမည် `မြင့်မြတ်နိုး´ လို့ `မြင့်မြတ်´ နဲ့ `မြတ်နိုး´ နှစ်လုံးက အဓိပ္ပါယ် ရှိရှိ တွဲထားသလို `တည်ကြည်´ နဲ့ တွဲလို့ ရတာက `ကြည်လင်´ ဆိုတော့ `တည်ကြည်လင်´ ဆိုရင်လည်း တရုတ်သိုင်းကားထဲက တရုတ်မ နာမည် ဖြစ်နေဦးမယ်။ `တည်ကြည်လင်း´ ဆိုရင်တော့ မဆိုးဘူး။ ဒါပေမဲ့ တည်ကြည်က အင်္ဂလိပ်လိုတော့ ပေါင်းဖို့ သိပ်မလွယ်လှဘူး။ ယောက်ျားလေး နာမည်ဆိုတော့ `ထား´ကလည်း ပေးလို့ မရ။ `ထားထားလွန်း´လိုမျိုးပေါ့။

သူငယ်ချင်းကလည်း `ထိန်လင်း´ဆိုပြီး ဗိုလ်ချုပ် နာမည်ပေးကွာဆိုတော့ မဆိုးဘူးဆိုပြီး ဆရာတေးကို လှမ်းမေးတော့ အဲဒီနာမည်က မျက်စိ အမြင်အာရုဏ်အတွက် မကောင်းဘူးတဲ့။ ကျွန်တော်ကြိုက်တဲ့ စာရေးဆရာလိုမျိုး `ထင်လင်း´ ရောဆိုတော့ `ထင်´ ဆိုတဲ့ နာမည်က မရေမရာ မသဲမကွဲ ဖြစ်တတ်တယ်တဲ့။ `ထက်လင်း´ ဆိုရင်လည်း ကလေး ရင်လူးဆေး နာမည်လိုမျိုး ဖြစ်နေပြန်ရော။ `ထက်ကျော်လင်း´တို့ `ထက်အောင်လင်း´ တို့တော့ စဉ်းစားမိတယ်။ အလင်းဓါတ် ညံ့တဲ့ နှစ်မှာ `လင်း´ မပေးစေလိုဘူးလို့ ဆရာတေးရဲ့ မိတ်ဆွေ ဆရာ ဝေသာလီကလည်း အကြံပေးတယ်တဲ့။ `ထွန်းသူရ´ လို့ဆိုရင်ရော ဆိုတော့ ဆရာတေးက `ရ´ က ရာဟုတဲ့။ မသိပါဘူး ဗုဒ္ဓဟူးလားလို့။

ဆရာတေး ရွေးပေးတဲ့ အထဲမှာ `ထီးလှိုင်ရှင်´ ကိုတော့ ကြိုက်တယ်။ စာရေးဆရာ တစ်ယောက်ရဲ့ နာမည်တဲ့။ နာမည်က မြင့်နေလို့ မရွေးပြန်ဘူး။ ကိုယ်ဘာသာကိုယ် စဉ်းစာတဲ့ အထဲမှာ `ဓနလှိုင်´ ဆိုတဲ့ နာမည်နဲ့တော့ ခပ်ဆင်ဆင်။ `သိုက်´ဖွားလေးမို့ ဒီလို နာမည်ပေးရင် ကောင်းမလား စဉ်းစားကြည့်မိတယ်။ ဆရာတေး ပြောတဲ့ အထဲက `တိုးဇေယျာ´ နဲ့ `ထူးဇေယျာ´ မှာ `တိုး´ ကို ပယ်လိုက်တယ်။ `ထူးဇေယျာ´ ကိုတော့ ကြိုက်တယ်။ အင်္ဂလိပ်လို ဆိုရင် Daniel `ဒန်နီရယ်´ ဆိုပြီး ရတယ်တဲ့။ ဒါပေမယ့် အင်္ဂလိပ်လို ပေးမှတော့ `မြင့်´ ပါမှ ဖြစ်တော့မယ်။ `Daniel Myint´ ဆိုတာကိုတော့ ကြိုက်တယ်။ ဒါပေမယ့် `မြင့်´ နဲ့ မဆုံးရပြန်ဘူးတဲ့။

တကယ်တော့ သားလေးမွေးပြီး တစ်ပါတ်လောက်မှာကတည်းက ဆရာ ဦးမောင်မောင်သန်းမှာ သွားမေးပြီးကတည်းက `ထူးမြတ်လင်း´ဆိုတာကို ကြိုက်နေပါပြီ။ သမီးလေးတုန်းကလည်း `သံစဉ်တေး´ ဆိုတဲ့ နာမည်ကို အလွန် ကြိုက်နေပြီးမှ တေးအေးရိပ်ကို လှမ်းမေးမှ `မြင့်မြတ်နိုး´ ဆိုတာလေး ရသွားတာမို့ အခုလည်း နောက်ထပ် ပိုကောင်းတာလေးများ ရဦးမလားလို့ ဆရာတေးကို နေ့တိုင် သွားသွားပြီး အပူကပ်တယ်။ သူကလည်း စဉ်းစားပေးပါတယ်။ ဒီတစ်ခါတော့ ဆရာတေးကလည်း သူ့ဆရာ ပေးထားတဲ့ နာမည်ကို မကျော်ချင်လို့ပဲလား ဦးမောင်မောင်သန်း ပေးထားတဲ့ နာမည်ကပဲ ကိုက်နေလို့လားမသိဘူး ဒီထက်ပိုကြိုက်တာကို မရဘူး ဖြစ်နေတယ်။ တေးအေးရိပ် ပေးတဲ့အထဲက `ထူးဇေယျာ´ ကတော့ အတိတ် နမိတ်ကောင်းလို့ (သူ့စကားနဲ့ ဆိုရင်တော့) ပညတ်ကောင်းလို့ ကြိုက်တယ်။ စနေနဲ့ စပြီး ဗုဒ္ဓဟူးနဲ့ ဆုံးတာ နောက်တစ်မျိုး ရှိသေးတယ်တဲ့။ ဘာလဲဆိုတော့ `တေးအေးရိပ်´တဲ့။ ကောင်းရော။ ဟုတ်သားပဲ။ သူ့နာမည်ကလည်း အဲဒီလိုပဲကိုး။

ဒီကြားထဲမှာ ဘုန်းကြီးနဲ့ သွားမေးလိုက်သေးတယ်။ ဘုန်းဘုန်းကတော့ ကံကံ၏ အကျိုးပဲ သက်ဝင်တယ်ဆိုတော့ `မြင့်´ နဲ့ ဆုံးလည်း ရပါတယ်တဲ့။ အဲဒါနဲ့ `ထက်လင်းမြင့်´ တို့ ဘာတို့ ပေးရင် ကောင်းမလား စဉ်းစားလိုက်သေးတယ်။ အဲဒါနဲ့ စကာတင်က `ထူးမြတ်လင်း´၊ `ထူးဇေယျာ´ နဲ့ ဘာဖြစ်ဖြစ်ကွာ ဘိုလို ပေးမယ် ဆိုပြီး `Daniel Myint´ တို့က ထိပ်ဆုံးမှရောက်နေပါတယ်။ `ထူးမြတ်လင်း´ ဆိုရင်တော့ သမီးလေးနာမည် `မြင့်မြတ်နိုး´နဲ့လည်း `မြတ်´ချင်း ဆင်နေတော့ ကြိုက်နေတယ်။

အဲဒီလိုနဲ့ ၂ ပတ်ကျော်ကျော်လောက် စဉ်းစားလိုက်ပြီး နောက်ဆုံး သားလေး ၃ ပတ်သားလောက်မှပဲ နာမည်ကို အတည် ရွေးနိုင်တော့တယ်။ ကျွန်တော်တို့ သားလေး ထူးမြတ်စွာ ထွန်းလင်း အောင်မြင်ပါစေတော့လို့ ရည်ရွယ်ပြီး `ထူးမြတ်လင်း´လို့ ပေးမည်လို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီလို ဆုံးဖြတ်ပြီးပြန်တော့လည်း နာမည်ကို အင်္ဂလိပ်လို ပေါင်းဖို့ စဉ်းစားရပါတယ်။ မှတ်ပုံတင်ရင် (Register လုပ်ရင်) အင်္ဂလိပ်လိုပဲ လုပ်ရမှာ ဆိုတော့ သူတို့တွေ ထွက်တာ မှန်ဖို့လည်း လိုသေးတယ်။ ကိုယ်က ခက်ခက်ခဲခဲ ပေးထားပြီး သူတို့တွေက ပေါက်ကရ ထွက်နေရင်ဖြင့် မကိုက်သေးဘူး။ `လင်း´ကို Lynn လို့ ပေါင်းဖို့တော့ စဉ်းစားမိပါတယ်။ Lin ဆိုရင် `လင်´ လား `လင်း´ လားမကွဲမှာ ဆိုတာနဲ့။ `ထူး´ကို `Htoo´ ပေါင်းရင် ကောင်းမလား `Too´ ပေါင်းရင် ကောင်းမလား စဉ်းစားနေတုန်း သူငယ်ချင်း Htet နဲ့ Thandar က သူတို့ နာမည်ကို ဘိုတွေက ဟထက် (Htet) နဲ့ ထန်ဒါ (Thandar) ထွက်နေကြတယ်တဲ့ ထူးကို `Thoo´ ပေါင်းမှ မှန်မယ်တဲ့။ Thomas ကိုလည်း ထားမတ်စ် (TAH-muhss) လိုပဲ ထွက်တာတဲ့။ အဲဒါကြောင့် သားလေးနာမည် `ထူးမြတ်လင်း´ ကို `Thoo Myat Lynn´ လို့ ပေါင်းဖို့ တပြန် ဆုံးဖြတ်ပြီး အဲဒီ နာမည်နဲ့ပဲ Birth Register လုပ်လိုက်ပါတယ်။

သားလေး `ထူးမြတ်လင်း´ ထူးမြတ်စွာ ထွန်းလင်း အောင်မြင်ပါစေ။ ထူးမြတ်သော ဉာဏ်အလင်း ရပါစေသော်ဝ်။

ကလေး ကင်ပွန်းတပ်အတွက် ဘလောက် ပရိတ်သတ်ကြီးကို ဘလောက်မှာ မတင်ရသေးတဲ့ ကိုယ်တိုင်ချက် စားဖွယ် အသစ်လေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်။ Recipe များ မကြာခင် လာမည် မျှော်....













တခြားဖတ်ရန်
- အမည်သညာ ခေါ်တွင်စရာ
- မြတ်မြင့် ဖြစ်သွားတဲ့ မြင့်မြတ်နိုး

Friday, June 13, 2008

ပုစွန်ဆိတ်ဟင်း

ဒီ Post ကတော့ Recipe လို့ ဆိုရမှာထက် ကြွားတဲ့ Post ပါပဲ။ ကြွားတယ် ဆိုရာမှာလည်း ကိုယ်အတွက်တော့ ကြီးကျယ် ကောင်းစားလှပေမယ့် တပါးသူမှာတော့ ရိုးဟိုးဟိုးနေတဲ့ အနေတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်အတွက် ထူးခြား ဆန်းကြယ်လှပေမယ့် တပါးသူအတွက်တော့ စိတ်လည်စရာ ဘာမျှ မရှိတာလည်း ဖြစ်နိုင်ပြန်တယ်။ တခြား အထွေအထူးတော့ မဟုတ်ပါဘူး။ သြော်ဇီမှာ ပုစွန်ဆိတ်လေးတွေ (School Prawn) တွေ တစ်ခါတစ်ရံ ရနိုင်တယ် ဆိုတာပါ။

ဒါလေးတွေဟာ ကျွန်တော့်အတွက်တော့ `ရွှေ´ပါပဲ။ မြန်မာပြည် ပြန်သွားတုန်းက အမေက ပုစွန်ဟင်း၊ ငါးသလောက်ဟင်း၊ ငါးပဲဖြူ အိုးကပ်၊ ငါးသလဲထိုးကြော် စသည် စသည် ရေချို ငါးတွေ ချက်ကျွေးပါတယ်။ ငယ်စဉ်ကတော့ ဒါတွေ ချက်ကျွေးရင် ကြေးများချင်မယ်။ ကြက်သားမှ စားချင်မယ်။ အခု မြန်မာပြည်နဲ့ ဝေးနေတော့မှ ဒါတွေကို တမ်းတ တန်ဖိုးထားလာတာပါ။ ကြက်ဆို မမြင်ချင်တော့ဘူး။ ဒီလို ရေချိုငါး ပုစွန်တွေကလည်း မြန်မာပြည်မှာပဲ ကောင်းကောင်း စားရတာကိုး။

စင်္ကာပူမှာ ပုစွန်ရပေမယ့် အကောင်ကြီးတွေပဲ ရတာပါ။ ငါးဆိုရင်တော့ လတ်လတ်ဆတ်ဆတ်ဆို ကကတစ်ပဲ ၀ယ်တတ်တယ်။ အမေလာမှ ငါးကွမ်းရှပ်ကို စားဖြစ်တယ်။ အမေက ငါးကွမ်းရှပ်ကို ခြစ်ပြီး ငါးဆုပ် လုပ်ကျွေးတယ်။ ပီနန်သွားတုန်းက လမ်းမှာ ရပ်တဲ့ ထမင်းဆိုင်မှာ ပုစွန်ဆိတ်လေးတွေနဲ့ ရုံးပတီသီး ချက်ထားတာတွေ့လို့ စားလိုက်ရပေမယ့် စင်္ကာပူမှာ တစ်ခါမှ ပုစွန်သေးသေးလေးတွေ မတွေ့ရပါဘူး။ မြန်မာတွေ ဆုံတဲ့ ပင်နီဆူလာ ပလာဇာမှာတော့ ရေခဲရိုက်ထားတဲ့ ငါး၊ပုစွန်တွေ ရှိပြီး ငါမြင်းတို့ ငါးဖယ်တို့တော့ ၀ယ်စားဖြစ်ပါတယ်။ အမေရိကားမှတော့ ပုစွန်သေးသေးလေးတွေ ရှိပေမယ့် အခွံချွတ်ပြီး လှော်ထားတာပါ။ သူတို့က Salad အတွက် စားပေမယ့် ကိုယ်ကတော့ ၀ယ်ထားပြီး ဟင်းရွက်ကြော်ရင် ရောကြော်တာပါ။ ပဲသီးတို့ ဘာတို့ဆို ဒီတိုင်း ကြော်စားတာထက် ပုစွန်လေးနဲ့ ဖြစ်ဖြစ် အသည်းအမြစ်နဲ့ ဖြစ်ဖြစ် ကြော်စားတာကို ပိုကြိုက်တတ်တယ်။

ဒီတစ်ခေါက် ၀ယ်ဖြစ်လို့ ကြွားချင်ခါမှ ပုစွန်လေးတွေက နည်းနည်း ကြီးနေပါတယ်။ ပဲနပြား အရွယ်လေးတွေပေါ့။ ချက်တာကတော့ လွယ်ပါတယ်။ ကိုင်ရတာပဲ စိတ်မရှည်တာ။ ဒါမျိုးမှာတော့ သူမက စိတ်ရှည်တယ်။ အမြီးလေး ခေါင်းလေးကို တစ်ကောင်ချင်း ကတ်ကြေးနဲ့ လိုက်ညှပ်ရတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ညက်နေအောင် ကြိတ်ထားပြီး ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နည်းနည်းနဲ့ ဆီသတ်တယ်။ ကြက်သွန်နီတွေက ရေများလို့ ခဏနေမှ အမှုန့်တွေ ထည့်တာပါ။ စိတ်ရှည်ရှည် ဆီသတ်ပြီးမှ ရေဆေးထားတဲ့ ပုစွန်တွေကိုထည့် ငံပြာရည်လောင်းပြီး နောက်ထပ် နည်းနည်းကြာကြာ ထပ်ချက်တယ်။ ပုစွန်တွေလည်း ကျက်စေ၊ ဟင်းလည်း လုံးစေ၊ ပုစွန်လေးတွေတော့ အရမ်း မခြောက်သွားစေ အနေအထားမှာ မီးဖိုက ချလိုက်ပါတယ်။ ဒါဆိုရင် အရောင်အဆင်းလည်းလှ၊ ငရုတ်သီးနံ့ ပုစွန်အချိုရည်နံ့ မွှေးကြိုင်လှတဲ့ ပုစွန်ဆိတ်ဟင်းရပါတယ်။

တစ်ခါတည်း များများချက်ထားပြီး နောက်နေ့တွေမှာ ကျန်ရင် ကန်စွန်းရွက် ချဉ်ရေဟင်း ချက်စားလို့ ရပါသေးတယ်။ ရုံးပတီသီးနဲ့လည်း ရောကြော်လို့ ရတယ်။ ကြိုက်တာကတော့ ချဉ်ပေါင်ရွက် ကြော်ထဲမှာ ထည့်ချက်တာပါ။ ချဉ်ပေါင်ရွက်ကတော့ အရမလွယ်လို့ အခုထိ မတွေ့ဖူးသေးပါဘူး။ ဒီလို ဆီကဲကဲနဲ့ မချက်ချင်ရင်လည်း ငရုတ်သီး အကြမ်းမှုန့်နဲ့ အခြောက် ကြော်လည်း စားလို့ ကောင်းပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ရတာလေးကို လှလှပပ စိုစိုပြေပြေ စားချင်တော့ ဒီလိုပဲ ချက်စားပါတယ်။ နနွင်းမှုန်းလေး နည်းနည်း၊ ဆားနဲ့ အချိုကြော်လည်း စားလို့ကောင်းပါတယ်။ ပဲတောင့်ရှည်နဲ့ ရောကြော်ရင်တော့ ပိုကြိုက်တယ်။ နိုင်ငံရပ်ခြားမှာ နေနေကြတဲ့ ဗမာမိတ်ဆွေအပေါင်းကိုလည်း ဒီဓါတ်ပုံလေးနဲ့ပဲ သွားရည်ယိုအောင် လုပ်လိုက်ပါမယ်။

Wednesday, June 11, 2008

ကြက်နဲ့ဝက်

တစ်ခါက ကြက်နဲ့ဝက် စီးပွားရေး တစ်ခု လုပ်ဖို့ တိုင်ပင်ကြတယ်။
ကြက်က ပြောတယ် “စားသောက်ဆိုင် ဖွင့်ရအောင်”
ဝက်က ပြန်ပြောတယ် “အေး..ကောင်းသားပဲ။ ဘယ်လိုဆိုင် ဖွင့်မှာလဲ”
ကြက်က ခဏ စဉ်းစားပြီး ပြန်ပြောတယ် “၀က်ပေါင်ခြောက်နဲ့ ကြက်ဥ (Ham & Eggs) ဆိုင်”
ဝက်ကလည်း စဉ်းစားပြီး ပြန်ပြောတယ် “အာ.. မဖြစ်နိုင်ပါဘူး။ ဒါဆို ငါက (ဘ၀ တစ်ခုလုံး ရင်းနှီးပြီး) လုံးလုံးလျားလျား ပါနေချိန်မှာ မင်းက ပါဝင်တယ် (ဆိုင်တယ်) ဆိုရုံပဲ ဖြစ်နေမှာပေါ့” တဲ့။
ပရောဂျက် တစ်ခုမှာ အစ အဆုံး အကောင်အထည်ဖော် လုပ်ဆောင်သူကို “၀က်” လို့ ပြောနိုင်ပြီး ပရောဂျက်တစ်ခုလုံးရဲ့ အောင်မြင်မှု (အထူးသဖြင့် ဆုံးရှုံးမှုကို) ၀က်ကပဲ ခံစားရမှာပဲ။ ကျန်တဲ့သူတွေကတော့ “ကြက်”လို လူတွေပါ။ ပရောဂျက်မှာတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် ရှုံးသွားလို့လည်း ၀က်လိုမျိုး ဘာမှ မဖြစ်သွားနိုင်ဘူး။ အကြံဉာဏ်တွေ ပေးမယ်။ အထောက်အပံ့တွေ ပေးမယ်။ ပရောဂျက်အပေါ် စိတ်ဝင်စားမှု ရှိတယ်။ သြဇာလွှမ်းမိုးမှု အနည်းငယ် ရှိတယ်။

Product Owner တွေ၊ Project Manager တွေကတော့ “၀က်”တွေပေါ့။ ပရောဂျက်ကြီး တစ်ခုလုံးကို အောင်မြင်အောင် သူတို့က ကြိုးစားလုပ်ရမယ်။ Implementation Team ကလည်း ကိုယ်တိုင် ကိုယ်ကျ လုပ်ရတယ်။ Product ဖြစ်ဖြစ် ဒါမှမဟုတ် တခြား Deliverable တစ်ခု ဖြစ်ဖြစ် ပြီးစီး ဖြစ်မြောက်အောင် လုပ်ရတယ်။ ဒီလို လုပ်ဖို့လည်း တာဝန်ရှိတယ်။ တာဝန် ကျထားတယ်။ ဒီလို လူတွေကို “၀က်” တွေလို့ မခေါ်ချင်ရင်တော့ Contributor တွေလို့ ပြောမယ်။

“ကြက်”တွေကိုတော့ ဖယ်ထားလို့ မရပြန်တော့ သူတို့ကိုလည်း ထည့်သွင်း စဉ်းစားရမယ်။ “ကြက်”တွေက ဘယ်လိုမျိုးလဲ ဆိုတော့ မန်နေဂျာလိုမျိုးတွေ။ Development အတွက် Environment တွေကိုတော့ ဖန်တီးပေးတယ်။ အစ ပျိုးပေးတယ်။ ဒါပေမယ့် ထုတ်လုပ်မှုမှာတော့ ကိုယ်တိုင် ကိုယ်ကျ ပါဝင်စရာ မလိုဘူး။ နောက်ပြီး စားသုံးသူတွေကလည်း “ကြက်”တွေလိုပဲ။ စားသုံးသူ မရှိဘဲ ထုတ်ကုန်၊ ၀န်ဆောင်မှု ဆိုတာ မရှိနိုင်ဘူး။ ဟိုဟာ မကောင်းဘူး၊ ဒီဟာ မကောင်းဘူးလို့တော့ “ကြက်” တွေကပဲ ပြောမယ်။

အစည်းအဝေး တစ်ခုမှာ ဆိုင်တော့ ဆိုင်တယ် ကိုယ်တိုင်လုပ်စရာ မလိုတဲ့သူတွေဟာ နားထောင်သမား သက်သက်ပဲ ဖြစ်မယ်။ အခါများစွာမှာ “ကြက်”တွေဟာ သူများပြောတာကို (ချောင်း)နားထောင်ရုံပဲ ရှိမယ်။ “ကြက်” တွေကြောင့် “၀က်” တွေမှာ အနှောက်အယှက် ဖြစ်မယ်။ “ကြက်”တွေကို ကြည့်ပြီး “၀က်”တွေက လုပ်အားခိုချင်လာမယ်။ အဲဒီတော့ အလုပ် ဖြစ်မြောက်စေမယ့် အစည်းအဝေးတွေမှာ “ကြက်”တွေကို ပယ်ထား သင့်တဲ့ အချိန်တွေ ရှိလာတယ်။ “ကြက်”တွေဟာ အစပျိုးသူ ဒါမှမဟုတ် နောက်ဆုံး စားသုံးသူ ဖြစ်တဲ့ အတွက် “ကြက်”တွေ ပါရမယ့် အချိန်တွေလည်း ရှိသေးတယ်။

အားကစားပွဲမှာ ကစားတဲ့ သူတွေဟာ “၀က်” တွေပဲ။ ပွဲကြည့်ပရိတ်သတ်ကတော့ “ကြက်”တွေ။ ချယ်လ်ဆီး ရှုံးသွားလို့ သူ့ပရိတ်သတ်တွေက ဘာမှ မဆုံးရှုံးသွားနိုင်ဘူး။ တကယ်ပါဝင် လုပ်ကိုင်တဲ့ သူတွေ Contributor တွေက “၀က်”တွေ။ လေ့လာ စောင့်ကြည့်သူတွေ Observer တွေက “ကြက်”တွေပဲ။ ဘာပဲ ဖြစ်နေ ဖြစ်နေ Observer တွေက ထိုင်ကြည့်နေရုံပဲ။ ဝေဖန်လို့တောင် ရသေးတယ်။

မြန်မာ မုန်တိုင်းမှာ ပြည်တွင်းကနေ ကိုယ်တိုင် ကိုယ်ကျ ကွင်းဆင်း လုပ်တဲ့ သူတွေက “၀က်” တွေလိုပဲ။ ဖြစ်မြောက်အောင် လုပ်ဖို့ တာဝန်က လုံးလုံး ရှိနေတယ်။ ပြည်ပက ထောက်ပံ့တဲ့ “ကြက်”တွေကတော့ ဥတစ်လုံး နှစ်လုံး ဥပေးလိုက်တယ်။ ဥဥပေးတဲ့ “ကြက်”တွေကလည်း ငါ့တို့ ဆိုင်တယ်ပေါ့။ Ham ဖြစ်နေတဲ့ Bacon ဖြစ်နေတဲ့ “၀က်” တွေကလည်း ငါတို့က ရှေ့တန်းမှာ ငါ့တို့ရဲ့ ပေါင်တွေကို (ဘ၀တွေကို) ရင်းထားရတာလို့ ဆိုလာမယ်။ ရေနစ်လည်း ငါ့တို့ပဲ၊ အစိုးရက ဖမ်းလည်း ငါ့တိုပဲလို့ “၀က်” တွေက ခံစားရမယ်။ “ကြက်”တွေ အတွက်ကတော့ ဥပဲ ဆုံးရှုံးစရာ ရှိတယ်။

ဒီဖြစ်စဉ်က IT Development အတွက် Scrum လို့ခေါ်တဲ့ နည်းနဲ့ Manage လုပ်တဲ့ အခါ “ကြက်” တွေကို တစ်ခါတစ်လေ ချန်လှပ်ထားရင် အလုပ်ပိုပြီးမြောက်တဲ့ အကြောင်း အထူးသဖြင့် အစည်းအဝေးတွေကို “၀က်”တွေနဲ့ပဲ လုပ်တဲ့ အကြောင်းပါ။ စိတ်ဝင်စားရင် “Pig and Chicken” ဖြစ်ဖြစ် “Chicken and Pig” ဖြစ်ဖြစ်နဲ့ Google မှာ ရှာဖတ်နိုင်ပါတယ်။

တခြားဖတ်ရန် - ကျွဲအုပ်လို မိသားစု

Monday, June 09, 2008

သားလေး ဖွားစဉ်က (၅)

ဖွားပြီး ၁ နာရီ အကြာ (ည ၆း၄၅)
ဆေးရုံရောက်ပြီး ၄၅ မိနစ် အကြာမှာ အလွယ်တကူ မွေးလိုက်နိုင်ပေမယ့် အခန့်မသင့် ဖြစ်သွားလို့ သူမမှာ 2nd degree Perineal tear နဲ့ Cervical tear ရသွားပါတယ်။ ဘယ်နားက သွေးထွက်မှန်း မသိလို့ ရှာရတာကိုက အတော်ကြာပါတယ်။ သွေးက အတော်ထွက်ပေမယ့် ၅၀၀ မီလီ ထက်တော့ မပိုပါဘူး။ ဆရာဝန် ရောက်လာပြီး ဆရာက အချိန်အတော်ကြာ ယူပြီး ချုပ်ယူရပါတယ်။ ဆရာဝန်ကြည့်ရတာ သမားတော်ကြီး ပုံစံမဟုတ်ပေမယ့် အထူးကု ဖြစ်နိုင်ပါတယ်။ ဘာလဲဆိုတာတော့ မသိလိုက်ပါဘူး။ နာ့စ်မကတော့ သူကို အပြစ်ဖို့မှာ စိတ်ပူလို့ပဲလား မသိဘူး မင်းတို့ အိမ်က လာတုန်းကတည်းက သွေးနည်းနည်း ထွက်တယ် မဟုတ်လား။ အဲဒီတုန်းကများ ဖြစ်သွားလား မသိဘူးတဲ့။ မဖြစ်နိုင်ပေမယ့် ဘာမှ မပြန်ပြောလိုက်ပါဘူး။ သူ့မှာလည်း အပြစ် မရှိပါဘူး။ အမေကို သက်သက်သာသာနဲ့ ညှစ်ပြီး မွေးခိုင်းတာပဲ ကျေးဇူးတင်ရမယ်။ ကလေးကတော့ ခေါင်းမကြီးလွန်းပေမယ့် အရင်ကလည်း မွေးထားပြီး ချုပ်ထားတာဆိုတော့ ဒဏ်ရထားတာလည်း ဖြစ်နိုင်တာပဲ။ ဆရာဝန် ခမျာလည်း တစ်ယောက်တည်း ချုပ်ယူရပါတယ်။ နာ့စ်မတွေက ထွက်သွားပြီး လိုအပ်မှပဲ ခေါ်လို့ရတယ်။ ၁ နာရီ ကျော်ကျော်လောက် ချုပ်ယူလိုက်ရပါတယ်။

ကလေးကို မွေးပြီးတော့ ချက်ကြိုးဖျက် သုတ်သင်ပေးပြီး ဘာမှ မလုပ်ပေးရသေးပါဘူး။ ဒီအတိုင်းပဲ စောင်လေးနဲ့ ထုတ်ပေးထားပြီး ကျွန်တော်က ချီထားပါတယ်။ ဆရာဝန်တွေ၊ နာ့စ်မတွေ ထွက်သွားပြီး ကျွန်တော်တို့ကို ဒီအတိုင်း ထားခဲ့ပါတယ်။ စင်္ကာပူမှာတုန်းကလည်း သမီးလေးမွေးပြီး ဒီအတိုင်းပဲ တစ်နာရီလောက် ပစ်ထားတာ ကြုံဖူးတော့ သိပ်တော့ မဆန်းတော့ပါဘူး။ အဲဒီ အချိန်ကျမှ ဖုန်းတွေ ဘာတွေ ဆက်နိုင်ပါတယ်။ သမီးလေးကိုလည်း ဒီနေမှ ရောက်တဲ့ အဘိုး အဘွားတွေနဲ့ ညနေကတည်းက ထားခဲ့ရပါတယ်။ သမီးလေး အဆင်ပြေလား ထမင်းစားပြီးပြီလားလည်း လှမ်းမေးရသေးတယ်။ ရန်ကုန်က မိသားစုတွေကို ဖုန်းဆက်၊ စင်္ကာပူက အမျိုးတွေ သူငယ်ချင်းတွေဆီ ဖုန်းဆက် အခုမှ လုပ်နိုင်ပါတော့တယ်။ ဒီတစ်ခေါက်တော့ သူမက မွေးပြီးတဲ့ အခါ အတော် နေသာပါတယ်။ ထုံဆေး မူးတာတို့၊ မျက်နှာက ဖောယောင်တာတို့ ဘာတို့ မရှိဘဲနဲ့ ကျန်းကျန်းမာမာ လန်းလန်း ဆန်းဆန်း ရှိနေပါတယ်။ အနားက သူငယ်ချင်း မိသားစုလည်း လာလည်ပါတယ်။ ဆေးရုံမှာ ည ၈နာရီခွဲအထိ ဧည့်သည်လာလို့ ရတယ်လေ။ ဧည့်ချိန်ပြည့်သွားတော့ သူတို့လည်း ပြန်သွားပါတယ်။

ဖွားပြီး ၃ နာရီ အကြာ ( ၉း၀၀)
အဲဒီ အချိန်ကျမှ နာ့စ်တစ်ယောက်လာပြီး ကလေးကို လာစစ်ပါတယ်။ အပြင်ပန်း စစ်ပေးပြီး တိုင်းတာ ချိန်ပါတယ်။ ကလေးက ဖွားစမှာ ကိုယ်အလေးချိန် ၃.၄၇ ကီလိုဂရမ် ရှိပြီး အရပ် ၅၁ စင်တီမီတာ ခေါင်းအ၀န် ၃၅ စင်တီ ရှိပါတယ်။ အခုကျမှပဲသားလေးက သမီးလေးထက် ပိုကြီးမှန်း သိရတာပါ။ သမီးမွေးတုန်းက ၃ ကီလိုတောင် မပြည့်ချင်ပါဘူး။ သမီးကို မြင်နေကျဆိုတော့ သားလေးကို ကြီးတယ် မထင်ရပါဘူး။ နာ့စ်မက ကလေးကို ဗိုက်တာမင်ကေရယ်၊ အသည်းရောင်ဘီ ကာကွယ်ဆေးရယ် ထိုးပေးပါတယ်။ ဗိုက်တာမင်ကေက သွေးတိတ်အောင်လုပ်ဖို့ မရှိမဖြစ် လိုအပ်တာပါ။ မွေးစမှာ ကလေးတွေမှာ အလုံအလောက်မပါလာလို့ Vitamin K Deficiency Bleeding (VKDB) ဖြစ်ရင် ဦးနှောက်ထဲမှာ သွေးယိုတာတို့ ဘာတို့ ဖြစ်တတ်လို့ပါ။ ၆ လလောက် ကြာမှ သူဘာသူစားမှ ဗိုက်တာမင်ကေ ရနိုင်တာပါ။ ကိုယ်ဝန် ဆောင်နေချိန်နဲ့ မိခင်နို့ သောက်နေချိန်မှာ ဗိုက်တာမင် အရနည်းပါတယ်။ Hepatitis B Immunisation ကတော့ မွေးစမှာ ထိုးရင် ပိုပြီး အစွမ်းထက်တယ် ဆိုပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကာကွယ်ဆေး ဆိုတော့ စောနိုင်သမျှ စောစော ထိုးထားတာ အကောင်းဆုံးပါပဲ။ နာ့စ်မက ချိန်တွယ် စစ်ဆေး ဆေးထိုးပေးပြီးမှ နို့တိုက်ပြီးပြီလား မေးပါတယ်။ ကျွန်တော်တို့ကလည်း တိုက်ရကောင်းမှန်း မသိ၊ တိုက်ဖို့လည်း ဘယ်သူကမှ မပြောသွားတော့ မတိုက်ထားရသေးပါဘူး။ နို့မှ မထွက်သေးတာဆိုတော့ တိုက်သာ တိုက်ထားပါတဲ့။

ဖွားပြီး ၄ နာရီ အကြာ (၁၀း၀၀)
ဒီလိုပဲ အခန်းထဲမှာ ကျွန်တော်တို့ မိသားစုပဲ ကျန်နေခဲ့ပါတယ်။ တစ်ခါတစ်လေကျရင် နာ့စ်မတစ်ယောက် ပေါ်လာလိုက် သူမကို သွေးပေါင်ချိန် လာတိုင်းလိုက် လုပ်ပြီး ထွက်သွားပါတယ်။ ၁၀နာရီကျော်ကျော်ကျတော့ နာ့စ်မတစ်ယောက်လာပြီး ရေချိုးဖို့ လာပြောသွားပါတယ်။ ကပ်လျက် ရေချိုးခန်းထဲမှာပဲ ပလတ်စတစ်ထိုင်ခုံ တစ်ခုံးချထားပြီး ကျွန်တော့်အကူနဲ့ ရေနွေးနွေးကို ချိုးလိုက်ပါတယ်။ မီးယပ်ချမ်းတွေ ဘာတွေ မထဘဲ ရေချိုးလိုက်ရတာ လန်းဆန်းသွားတယ့်တဲ့။ မြန်မာပြည်မှာလို ၇ရက်လောက် မီးတွင်းအောင်းစရာ မလိုဘဲ ညတွင်းချင်း ရေချိုးရပါတယ်။ စင်္ကာပူမှာတော့ နောက်တနေ့ မနက်မှ ချိုးဖြစ်တာပါ။

ဖွားပြီး ၅ နာရီ အကြာ (၁၁း၀၀)
ရေတွေ ဘာတွေ ချိုးပြီးတော့ သူမကို လူနာခန်းထဲ ခေါ်သွားပါတယ်။ အခန်းက အခမဲ့ဆိုပေမယ့် တစ်ယောက်ခန်း သီးသန့်ခန်းပါ။ သပ်သပ်ရပ်ရပ်နဲ့ အခန်းထဲမှာလည်း ပစ္စည်း အတော် စုံပါတယ်။ ကလေးကိုလည်း ခေါ်သွားပါတယ်။ ကျွန်တော်ကတော့ အိမ်ပြန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ သမီးက အိပ်နေရာကနေ နိုးလာပြီး အခုမှ သူ့အဖေကို သတိရပြီး ငိုပြီး ချလို့ မရတော့ပါဘူး။ တော်သေးတယ် ဒီနေ့မှ တွေ့ရတဲ့ အဖွားနဲ့ နေနေလို့။ အဖွားကလည်း မြတ်နိုး အစ်မ တစ်ဝမ်းကွဲ နှစ်ယောက်ကို ထိန်းလာတာ ဆိုတော့ မြေးမတွေ အထာကို သိနေပြီလေ။

24 Hour Rooming-In
ကလေးကို နာ့စ်မတွေက ခေါ်သွားပြီး မနက် ၄ နာရီလောက်ကျမှ နို့တိုက်ဖို့ဆိုပြီး တစ်ခေါက် ပြန်ခေါ်လာပေးပါတယ်။ ကလေးက ဆာနေပြီဆိုတော့ နို့အတော်လေး စို့လိုက်ပါတယ်။ နို့ကလည်း နည်းနည်း ထွက်လာပါတယ်။ သွေးတွေထွက်တာ လန့်သွားလို့ အဲဒီညက သူမလည်း ကောင်းကောင်း မအိပ်လိုက်ရပါဘူး။ မနက် ၈း၃၀ ကျတော မနက်စာ ကျွေးပြီးတော့ တစ်ခါ ကလေးနို့တိုက်ဖို့ ကလေးကို ပြန်လာပို့ပါတယ်။ အဲဒီ အချိန်က စပြီး ကလေးကို ပြန်မခေါ်သွားတော့ပါဘူး။ သူတို့ကတော့ 24 Hour Rooming-In ဆိုပြီး ခေါ်ပါတယ်။ ကလေးနဲ့ မိခင်ကို အတူတူ ထားတာကို ပြောတာပါ။ သမီးလေး မွေးတုန်းကတော့ ကလေးတွေ ထားတဲ့ အခန်းကြီးက မှန်ခန်းကြီး ဖြစ်ပြီး အဲဒီအတွက်တင် နာ့စ်မ ၅ ယောက်လောက် ရှိပါတယ်။ ကလေး သီးသန့် မွေးတဲ့ ဆေးရုံဆိုတော့ မွေးတဲ့ နေရာမှာ နာ့စ်မက အယောက် ၂၀ ကျော်၊ မွေးပြီး အမေတွေကို ကြည့်ဖို့က ၁၀ ယောက်ကျော်နဲ့ ဆေးရုံ တစ်ခုလုံးမှာ နာ့စ်မ ၅၀ ကျော်ကတော့ အသာလေး ရှိပါတယ်။ မြန်မာ နာ့စ်မလည်း တစ်ယောက်စ နှစ်ယောက်စ ရှိပါတယ်။ ဒီမှာတော့ တစ်ဆောင်လုံးမှာမှ နာ့စ်မ ၅ ယောက်ကျော်လောက်ပဲ ရှိပါတယ်။ အဲဒီတော့လည်း ဒီလို အစီအစဉ်ကို မိတ်ဆက် ကျင့်သုံးတာပါ။ ဒီလိုလုပ်တဲ့အတွက် မွေးကင်းစ ကလေးဟာ မိသားစုနဲ့ အထိအတွေ့ ပိုကောင်းတယ်။ ညီအစ်ကို မောင်နှမတွေ၊ ဆွေမျိုးတွေက ကလေးကို ကောင်းကောင်း ကြည့်လို့ ရတယ်။ အမေဘေးမှာ သူ့ခြင်းလေးနဲ့ သူထားပြီး နှစ်ယောက်စလုံးကို ပြုစု စောင့်ရှောက်ပေးတယ်။ မိခင်ကိုလည်း ကလေးအကြောင်း ပညာ ပေးလို့ ရပြီး ဆေးရုံက အကူအညီနဲ့ ကလေးကို ကိုင်တွယ် ပြုစုတတ်တယ်။ မိခင်နဲ့ ကလေး နီးနီးကပ်ကပ် ထားတဲ့ အတွက် နို့တိုက်လို့ ပိုလွယ်ပြီး နို့ပိုထွက်တယ်။ လိုအပ်ရင်လည်း (ဥပမာ ကလေးကို ကိုယ့်ဘေးမှာ ထားချင်ရင်တို့၊ ကလေးကို သူနေရာ သူပြန်ထားချင်ရင်တို့) နာ့စ်မတွေကို ခလုတ်နှိပ်ပြီး ခေါ်လိုက်ရုံပဲ။ သူဟာနဲ့ သူတော့ ဟုတ်ပြီး အစီအစဉ်လေးကလည်း မဆိုးပါဘူး။ မနိုင်မနင်းလည်း မဟုတ်၊ ဂရုတစိုက်လည်း ရှိပါတယ်။

မနက် ၁၁ နာရီ မထိုးခင်လောက်မှာ ကျွန်တော်တို့ ရောက်လာပါတယ်။ သူမအတွက် မနက်စာကို ဆေးရုံက ကျွေးပေမယ့် အိမ်စာ စားချင်မှာ စိုးလို့ အိမ်က ချက်လာပေးပါတယ်။ ဆေးရုံမှာ စားချင်တာကို ရွေးစားလို့ ရပေမယ့် ဘိုစာတွေ ဆိုတော့ ခံတွင်း မတွေ့ဘူး ဖြစ်နေပါတယ်။ ထမင်းစားပြီးလောက်မှ ကလေးကို တရုတ်မ နာ့စ်မကြီး တစ်ယောက်က လာပြီး ရေလာချိုးပေးပါတယ်။ အခန်းထဲမှာ မိခင်အတွက် ရေချိုးခန်း အိမ်သာတွဲပါတဲ့ အပြင် ကလေး ရေချိုးဖို့ ကန်လေး နေရာလေးပါ အဆင့်သင့် သတ်သတ်မှတ် လုပ်ပေးထားပါတယ်။ မွေးပြီးကတည်းက အခုမှပဲ သားလေးလည်း ရေချိုးရတော့တယ်။ ကျွန်တော်တို့ကိုလည်း ရေချိုးနည်း သင်ပေးပါတယ်။

Hearing Test
သမီးလေးကတော့ သူ့မောင်လေးကို မြင်လိုက်တာနဲ့ အစ်မကြီး စတိုင်ကို ချက်ချင်း ပြောင်းသွားတာပါပဲ။ သူ့ထက်ငယ်ပြီး သေးသေးလေးဆိုတော့ အသည်းယားနေပါတယ်။ ကိုင်လည်း ကိုင်ကြည့်ချင်နေပါတယ်။ သူစားတာတွေလည်း သွားကျွေးနေပါတယ်။ အမေကိုလည်း ဒီနေ့မှ ပြန်တွေ့ရတော့ အမေ ကုတင်ပေါ်ကို တက်ချင်နေပါတယ်။ အခန်း အပြင်ထွက်ပြီး အဆောင် တစ်ခုလုံး လျှောက်ကြည့်နေပါတယ်။ တွေ့သမျှလူကို လက်ပြ နှုတ်ဆက်နေလို့ သူကို တွေ့တဲ့ နာစ်မတွေက ချီသွားပြီး အိမ်ခေါ်သွားမယ်ဆိုလည်း အသာလိုက်သွားပါတယ်။ သူကြည့်ရတာ ပျော်နေတာပဲ။

နေ့လည်ကျတော့ ကျွန်တော်တို့ ပြန်သွားပြီး ညနေဖက်မှ တစ်ခေါက်ပြန်လာပါတယ်။ နာ့စ်မတွေကတော့ ပုံမှန် အချိန်အတိုင်း လာစစ်ပေးနေပါတယ်။ ဒီညတော့ ကလေးကို အမေနဲ့ပဲ အတူထားပါတယ်။ နောက်တနေ့ မနက်ကျတော့ ကလေးကို အကြားအာရုံ စစ်ဆေးပေးပါတယ်။ သမီးမွေးတုန်းကလည်း စစ်ပေးပြီး အဲဒီအတွက် ၂၀၀ ကျော် ၃၀၀ လောက် သက်သက်ပေးရပါတယ်။ ဘယ်လိုများ စစ်သလဲ သိချင်နေတာ ဒီတစ်ခေါက်တော့ ကိုယ့်အခန်းထဲမှာပဲ စစ်လို့ တွေ့လိုက်ရပါတယ်။ ကလေးရဲ့ နားကို နားကျပ်လေး အုပ်ထားပေးပြီး အသံလှိုင်း မတူတာတွေကို လွှတ်ပေးထားပါတယ်။ ခန္ဓာကိုယ်မှာ ပုခုံးနေရာမှာတို့ လက်တို့မှာ လျှပ်စစ်လှိုင်းကို ဓါတ်ကြိုးနဲ့ ဖမ်းထားပြီး အဲဒါကို ကွန်ပြူတာကနေ တွက်ချက်ပေးပြီး Pass ဖြစ်လား Fail ဖြစ်လားက အဖြေ ချက်ချင်း သိရတာပါ။ သားလေးက သူကိုယ့်ကို ၀ါယာကြိုတွေနဲ့ လုပ်တာကို မကြိုက်လို့၂ ရက်သားလေးက သူ့လက်တွေနဲ့ ဖယ်နေတာကို နာ့စ်မက သဘောတွေ ကျနေတယ်။ ပြီးတော့ ကလေးအထူးကု ဆရာဝန်က လာစစ်ပေးပါတယ်။ အကုန် စစ်ပေးပြီး ဒီနေ့ပဲ ဆေးရုံက ဆင်းလို့ရတယ်တဲ့။

Midwifery Support Program
လူနာအားနဲ သူနာပြု ဆရာမအား မမျှတဲ့ အတွက် မိခင်ရော ကလေးရော ကျန်းမာရင် ၂ ရက်နဲ့ ဆေးရုံက ပေးဆင်းပါတယ်။ ဒါပေမယ့် အိမ်ရောက်သွားပြီး နောက်နေ့တွေမှာ နာ့စ်မတစ်ယောက်က အိမ်လာပြီး ကလေးရော အမေရောကို ကြည့်ကြည့်ပေးပါတယ်။ ဒါကို Midwifery Support Program လို့ ပြောပါတယ်။ အဲဒီလို အိမ်ကို စောစော ပြန်လို့ ရတဲ့အတွက် မိသားစုဝင်တွေက ကလေးကို ပိုမို စောင့်ရှောက်နိုင်တယ်။ အိမ်မှာဆိုတော့ အားလုံးအတွက် သက်တောင့် သက်သာ ရှိတယ်။ ကိုယ့်ရဲ့ အစားအသောက်တွေ စားလို့ရတယ်။ ဓလေ့ထုံးစံတွေ ကျင့်သုံးလို့ရတယ်။ ဘာသာရေး ယုံကြည်မှုတွေ လုပ်ချင်ရင် လုပ်လို့ရတယ်။ စသည် စသည် ရှင်းပြပါတယ်။ ဒါလည်း ဟုတ်သလိုလိုပါပဲ။ အိမ်ကလူတွေ ဆေးရုံကို မနက် ညနေ ပြေးစရာ မလိုတော့ဘူး။ ဆေးရုံက နာ့စ်မက လာပေးတယ်။ မြန်မာပြည်မှာ ညီလေး မွေးတုန်းက အိမ်ကို သူနာပြုဆရာမတွေ လာပြီး ကြည့်ပေးတာကို သတိရသေးတယ်။ ကလေး ပေါင်ချိန်ဖို့တို့ ဘာတို့ ပစ္စည်း အကုန် ယူလာတယ်။ သားလေးက အသား နည်းနည်း ၀ါချင်လို့ သွေးတွေ ဘာတွေ စစ်စရာလိုလည်း ဖောက်ပြီး ယူသွားပေးတယ်။ နောက်ရက်တွေလည်း လာပေးတယ်။

Early Childhood Health Centre
ဒီလို မီးတွင်းမှာ လာကြည့်ပေးတဲ့ Midwifery Support Program အပြင် ကလေးငယ် ပြုစု စောင့်ရှောက်ရေး (Early Childhood Health Centre) ဆိုတာလည်း သက်သက် ရှိသေးတယ်။ ဆေးရုံက ဆင်းပြီးတော့ သူတို့ကို လှမ်းအကြောင်းကြားရတယ်။ တစ်ပတ်လောက် ကြာတော့ အိမ် ရောက်လာပြီး ကလေးကို စစ်ဆေးပေးတယ်။ ပေါင်ချိန်ပေးတယ်။ အဲဒီအချိန်မှာ သားလေးက ၃.၆ ကီလို ရှိနေပြီ။ မွေးပြီး ရက်ပိုင်းမှာ ကလေးတွေက ပေါင်ချိန်ကျသွားတတ်ပြီး မိခင်နို့ မှန်မှန် စို့မှ ပေါင်ချိန် ပြန်တက်တာပါ။ ဒီလောက် တက်လာတာ အခြေအနေကောင်းတယ်တဲ့။ နောက်ပိုင်းမှာလည်း ကလေးရဲ့ တိုးတက်မှုတွေကို စစ်ဖို့ သူတို့ဆီကို သွားရပါမယ်။

GP (General Practitioner)
ကလေးကို ကာကွယ်ဆေးထိုးဖို့တို့ အသေအချာ စစ်ဖို့တို့ကတော့ ဆရာဝန်ဆီပဲ သွားရပါတယ်။ GP ဆိုပေမယ့် ကလေး ကျွမ်းကျင်သူပါ။ Diploma in Paediatrics and Child Health ရထားသူပါ။ Specialist မဟုတ်ပေမယ့် အထွေထွေကုထက်တော့ သာသေးတာပေါ့။ မွေးစက နှလုံး အခန်းလေးတွေက မပိတ်သေးလို့ ဆိုလား ဘာလား မသိဘူး တစ်ပတ်ကြာမှ ဆရာဝန်က ပြန်စစ်ပေးပါတယ်။ အခုအချိန်မှာတော့ ပုံမှန် ပြန်ဖြစ်သွားပါတယ်။ တစ်ခါတည်း အမေကိုပါ ဆရာဝန်နဲ့ ပြရပါတယ်။ အမေလည်း အခြေအနေကောင်းပါတယ်။

စနေနေ့မှာ ဖွားပြီး ၅ ရက်လောက် အကြာမှာတော့ အားလုံး ပုံမှန် ပြန်ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ခွင့်တစ်ပတ် ယူထားပေမယ့် အခြေအနေ ကောင်းတာနဲ့ ကြားထဲမှာပဲ ရုံးပြန်တက်နိုင်ပါတယ်။ သမီးလေးကလည်း အဖွားနဲ့ အင်မတန် တည့်ပြီး ခင်နေပါတယ်။ အဖိုးကိုတော့ ရောက်စက စိမ်းပြီး ကြောက်ပေမယ့် နောက်တော့ အဆင်ပြေသွားပါတယ်။ ကလေးလေးကိုလည်း အသည်းယားတတ်ပါတယ်။ ရောက်စက ကလေးငိုရင် သူပါ မသက်မသာဖြစ်ပြီး လိုက်ငိုပါတယ်။ နောက်တော့ မငိုတော့ပါဘူး။ ကလေးလေးကိုဆိုရင် အင်မတန် ကိုင်ကြည့်ချင်ပါတယ်။ ကလေးတစ်ကိုယ်လုံးက ထုပ်ထားတော့ မျက်နှလေးပဲ ပေါ်နေတာ သွားကိုင်ရင် မျက်လုံး ထိုးမိမှာ စိုးလို့ လိုက်ကြည့်နေရပါတယ်။ အစတုန်းကတော့ သမီးလေးကို သေးတယ် ထင်တာ သားလေးလည်း မွေးပြီးရော သမီးက ကြီးသွားလိုက်တာဆိုတာ။ သမီးကိုယ်တိုင်ကလည်း သူ့မောင်လေးနဲ့ တွေ့ရင် အစ်မကြီး ပုံစံကို ဖြစ်နေပါတယ်။ အခုမှ တစ်နှစ်ကျော် ရှိနေပေမယ့် အစ်မကြီးကတော့ အစ်မကြီးပဲပေါ့။ တစ်နှစ်သမီးလေးက ရက်သားလေးကို ကလေးလေးလို ပြုမူ ဆက်ဆံတာ ကြည့်ရတာ တစ်မျိုးလေးပါပဲ။ အမေက ကလေးနဲ့ အလုပ်ရှုပ်နေပေမယ့် သမီးက ကျွန်တော်နဲ့ ဖြစ်ဖြစ် အဘိုး အဘွားနဲ့ ဖြစ်ဖြစ် နေလို့ တော်သေးတယ်။

ညီမသဲနု ပြောတာကို သတိရတယ်။

သားတစ်ယောက် သမီးတစ်ယောက် - မိဘတိုင်းရဲ့ Dream ပဲ။ ဆန္ဒပဲ။
အခုတော့ ကျွန်တော်တို့ အိပ်မက်လေး အကောင်အထည်ပေါ် ဆန္ဒ ပြည့်သွားပါပြီ။ ။

Tuesday, June 03, 2008

သားလေး ဖွားစဉ်က (၄)

ဖွားရန် ၄၅ မိနစ်အလို (၅း၀၀)
ခဏနေတော့ တက္ကစီ ရောက်လာပါတယ်။ အိမ်ကနေ ဆေးရုံကို ၅ မိနစ်ကျော်ကျော်လောက်ပဲ မောင်းလိုက်ရပါတယ်။ တမင်တကာလည်း ဆေးရုံနဲ့ နီးတဲ့ နေရာမှာ လာနေတာပါ။ ပုံမှန် ဆေးရုံကို သွားပြနေတုန်းက လမ်းလျှောက်သွားလို့ ရပါတယ်။ အခုတော့ ကားနဲ့ သွားမှရမှာမို့ တက္ကစီကို စိတ်ရှည်ရှည် စောင့်လိုက်ရတာလေ။ ကားရှိတဲ့ သူငယ်ချင်းကလည်း ဒီနေ့မှာ မအားဘူး ဖြစ်နေတယ်။ နို့မို့ဆိုရင်တော့ သူက အချိန်မရွေး ဖုန်းခေါ်လိုက်ပါတဲ့။

ဆေးရုံ ရောက်တော့ Birthing Unit ကိုတန်းသွားပြီး မွေးခန်းထဲကို တစ်ခါတည်း ခေါ်သွားပါတယ်။ Birthing Unit မှာ လူများများ စားစား မတွေ့လိုက်ပါဘူး။ နာစ်မ နှစ်ယောက် သုံးယောက်ပဲ တွေ့လိုက်ရပါတယ်။ ဆရာဝန်နဲ့ တူတာ တစ်ယောက်မှ မတွေ့လိုက်ရလို့ စိတ်ပူသွားတယ်။ မွေးခန်းတွေက ၃၊ ၄ ခန်းလောက် သတိထားမိပြီး အားတဲ့ အခန်းတစ်ခန်းတည်းကို ခေါ်သွားပြီး ဆေးရုံက အ၀တ်အစား လဲခိုင်းပါတယ်။

အဆောင်က အသစ်ကြီးဆိုတော့ မွေးခန်းကလည်း သစ်လွင်ပြီး သပ်ရပ်ပါတယ်။ ကုတင်တွေ ဘာတွေက အသစ်ပါ။ သမီးလေးမွေးတဲ့ စင်္ကာပူက ဆေးရုံမှာလိုတော့ စက်ပစ္စည်းအကြီးစားတွေ မတွေ့ပါဘူး။ သမီးမွေးတုန်းက ကလေးနှလုံးခုန်သံကို စက်နဲ့ အမြဲတမ်းနားထောင်နေပါတယ်။ ဘုတ်ဘုတ်.. ဘုတ်ဘုတ်နဲ့ ကြားနေရပြီး နှလုံးခုန်နှုန်း ဘယ်လောက်ဆိုတာကို အလွယ် မြင်နေရပြီး
တခါတည်း Print ထုတ်ထားတာပါ။ ဒီမှာတော့ လက်ကိုင်စက်ကလေးကို နားထောင်ချင်မှ ဗိုက်နား ကပ်ပြီး နားထောင်တာပါ။ သားအိမ် Contraction ကိုလည်း စင်္ကာပူမှာတုန်းက စက်နဲ့ပဲ Monitor လုပ်တာပါ။ အဲဒီတုန်းက တစ်ကိုယ်လုံးမှာ တွယ်တပ်ထားတဲ့ စက်တွေက စုံနေတာပါပဲ။ ဒီမှာလည်း ပစ္စည်း အသေးစားတွေ ခွဲစိတ်ပစ္စည်းတွေကတော့ နံရံကပ် ဗီဒိုကြီးနဲ့ အပြည့်ပါ။ ဒီမွေးခန်းအတွက် သပ်သပ်ဖြစ်ပြီး လိုအပ်ရင် အပြင်ထွက် ယူစရာ မလိုတော့ဘူးပေါ့။ နောက်ပြီး စင်္ကာပူက ဆေးရုံထက် သာတာ တစ်ခုက ရေချိုးကန် ခပ်ကြီးကြီး ပါတဲ့ ရေချိုးခန်းက မွေးခန်းနဲ့ တွဲလျက်ပါ။ အသိ တစ်ယောက် မွေးတုန်းကဆို ဗိုက်နာနေချိန်မှာ ရေနွေး စိမ်တာ သက်သာတယ်ဆိုပဲ။

ဖွားရန် နာရီဝက် အလို (၅း၁၅)

အဲဒီ အချိန်မှာပဲ သူမက မခံနိုင်အောင် နာကျင်လာပါပြီ။ ကုတင်ပေါ် တက်ခိုင်းပြီး ၀မ်းဆွဲသည် (Midwife) က လက်အိတ်တွေ ဘာတွေ စွတ်ပြီး စမ်းကြည့်လိုက်တော့ သားအိမ်က ၉ စင်တီတောင် ပွင့်နေပြီတဲ့။ မြတ်စွာဘုရား.. ကံကောင်းလို့ လမ်းမှာ မမွေးလိုက်တယ်။ အဲဒီလောက် အထိ ပွင့်နေလိုက်မယ်လို့ မထင်ထားဘူး။ သမီးတုန်းကများ ဒီလောက် ပွင့်ဖို့ကို တစ်နေကုန် စောင့်နေလိုက်ရတာ။ အခုလည်း တစ်နေခင်းလုံး ဟိုသွား ဒီသွားလုပ်နေတာ တဖြည်းဖြည်း ပွင့်နေတာ နေမှာပေါ့။ ဒါပေမယ့် သားဦးနဲ့ သားနှောင်းမှာလည်း ကွာတတ်တဲ့။ သားဦးမှာတော့ ဖြည်းဖြည်း ဖြည်းဖြည်း အချိန်ယူပြီး ပွင့်ပြီး သားနှောင်းမှာတော့ လက် ၂ လုံးကနေ လက် ၅ လုံးကို မိနစ် ၂၀ အတွင်း ချက်ချင်းပွင့်နိုင်တယ်တဲ့။ သူမကလည်း အတော် နာလာတော့ ဓါတ်ငွေ့ ရှူဖို့ ပေးထားပါတယ်။ အဲဒီကျမှပဲ နာစ်မက စာရွက်စာတမ်းတွေ ဖြည့်၊ ခွဲစိတ်ကိရိယာတွေ ပြင်ဆင် လုပ်နေပါတယ်။ တစ်ခါတစ်လေကျရင်လည်း အပြင်ထွက်သွားတာ ဘယ်ရောက်သွားမှန်း မသိဘူး။ အခုနေများ မွေးလိုက်ရင် ဘယ်လို နေမလဲ စိတ်ပူပြီး အပြင်မှာ လိုက်ရှာရသေးတယ်။

ဖွားရန် ၁၅ မိနစ်အလို (၅း၃၀)

သူမက အရမ်းနာလာပြီး ညှစ်ချင်သလို ဖြစ်လာတော့ နာစ်မက စမ်းကြည့်လိုက်တော့ လက်ညှိုး တစ်ချောင်းစာလောက်မှာ ခေါင်းစမ်းမိနေပြီတဲ့။ သွေးတွေလည်း ထွက်လာပါတယ်။
ဝမ်းဆွဲသည် နာစ်မကလည်း တစ်ယောက်တည်းပါ။ သူကြည့်ရတာတော့ ၀ါရင့်ပုံပါပဲ။ သူ့မှာလည်း သမီးလေးယောက် မွေးထားတယ်တဲ့။ ကုတင်ရဲ့ တစ်ဘက်မှာ သူက။ ကျွန်တော်က တစ်ဘက်မှာ။ သူမရဲ့ ခြေထောက်ကို သူ့ရဲ့ ခါးတစ်မှာ တင်ထားပြီး ကန်ထားခိုင်းပါတယ်။ တစ်ဘက်က ကျွန်တော်က ခြေထောက်ကို ကိုင်ထားပေးပါတယ်။ သမီးလေးမွေးတုန်းက ၀မ်းဆွဲသည်တွေလို အတင်း မညှစ်ခိုင်းဘဲ ခဏနေမှ တစ်ခါ ညှစ်ခိုင်းပါတယ်။ အခြေအနေကို ကြည့်ပြီး သူမ ညှစ်မယ်ဆိုရင်တောင် ခဏနေဦးဆိုပြီး နေခိုင်းပါတယ်။ သားအိမ် Contraction တိုင်းတဲ့ စက်တွေ ဘာတွေ မလိုဘဲ မိခင်က ခံစားရမှ ညှစ်ခိုင်းတာပါ။

သူမလည်း အရမ်းကို နာလာပြီး ဓါတ်ငွေ့တွေကို အရမ်းရှူနေရပါတယ်။ တစ်ခေါက် ညှစ်လိုက်တာ ခေါင်းက ထွက်လာမလို ဖြစ်လာပြီး ဆံပင် မည်းမည်းတွေနဲ့ သွေးတွေ ထွက်လာပါတယ်။ ငယ်ထိပ်လေး ထွက်လာတာကို မြင်နေရပါတယ်။ အဲဒီ အချိန်မှာတော့ သူမအတွက် အသည်းခိုက်အောင် နာကျင်တာပါတဲ့။ ထပ်ညှစ်လိုက်မယ်ဆိုပြီး လုပ်မလို့ နာ့စ်မကြီးက ခဏနေဦးတဲ့။ နောက်တစ်ခါ Contraction ဖြစ်အောင် စောင့်ဦးဆိုပြီး မိနစ်ဝက် စက္ကန့် ၂၀ လောက် စောင့်ခိုင်းပါတယ်။ ညှစ်တဲ့ အချိန်မှာ အားရအောင် သူမရဲ့ ခြေထောက်ကို သူခါးတစ်ပေါ်မှာ တင်ထားပြီး နားနေချိန်မှာတော့ ပြန်ချပေးထားပါတယ်။ ခဏနေတော့ ကော့ပြန်အောင် နာလာပြီး နာချင်ရင်လည်း နာပါစေတော့ ညှစ်ချလိုက်မယ်ဆိုပြီး နာ့စ်ကြီးကို အားမနာတမ်း ခြေထောက်နဲ့ ကန်ပြီး အားနဲ့ ညှစ်ချလိုက်တာ ခေါင်းက ဖြည်းဖြည်းချင်း ထွက်လာပါတယ်။ ခေါင်းက စိုက်လျက် ထွက်လာတာပါ။ ရေနည်းနည်းလည်း ထွက်လာပါသေးတယ်။ နာစ်မက လက်တစ်ဘက်နဲ့ ထိန်းထားပြီး ဘေးဘက်ကို စောင်းပေးထားလိုက်ပါတယ်။ ကလေး ပါးစပ်ထဲက ရေနည်းနည်း ထွက်လာပြီးတော့ ခေါင်းလေးပဲ ထွက်နေရာကနေ အသံပါ ထွက်လာပါတယ်။ အဲအဲ.. အဲအဲနဲ့ အသံတွေ ထွက်နေပါတယ်။ (သားလေး အဆိုတော်များ ဖြစ်လို့ကတော့ ငါတို့သားလေးက မွေးတာနဲ့ တစ်ကိုယ်လုံးတောင် မထွက်သေးဘူး စကားပြောနေပြီ သီချင်းဆိုနေပြီ ဆိုပြီး ငွေကြယ်ပွင့်တို့ မိဘများ အနေနဲ့ ကြွားလုံး ထုတ်စရာပဲ။)

၂၄၊ မေလ၊ ၂၀၀၈။ ၅း၄၃။

အဲဒီလို ခေါင်းတစ်လစ်လေးနဲ့ ခဏလောက် နေခိုင်းပါသေးတယ်။ အမေကိုလည်း ခေါင်းထွက်နေပြီ စမ်းကြည့်ဦးမလား မေးလိုက်ပါသေးတယ်။ သူမကတော့ နာနေတဲ့ ကြားကနေ ဟင်းဟင်း မစမ်းတော့ဘူးဆိုပြီး မစမ်းရဲ မကိုင်ရဲပါဘူး။ ကျွန်တော်လည်း မြင်နေရပေမယ့် မကိုင်ရဲပါဘူး။ နောက်ထပ် နာ့စ်မ တစ်ယောက်လည်း ရောက်လာပါတယ်။ ခဏနေတော့ နာ့စ်ကြီးက တစ်ချက်လောက် ညှစ်လိုက်ပါဆိုလို့ သူမက နောက်တစ်ခါ ညှစ်ချလိုက်ပါတယ်။ ခေါင်းထွက်အောင်လောက်တော့ မညှစ်ရတော့ဘဲ ကလေးပုခုံးနေရာကို နာ့စ်မကြီးက နည်းနည်းလေး လှည့်လိုက်တာ တစ်ကိုယ်လုံး ချောကနဲ့ ရေတွေ ဝေါကနဲနဲ့ ထွက်လာပါတယ်။ နာရီကြည့်လိုက်တော့ ၅း၄၃ မိနစ်နဲ့ စက္ကန့် ၃၀ ကျော်ကျော်ပါ။ နာ့စ်မ နှစ်ယောက် တိုင်ပင်နေသေးတယ်။ ၄၄ မိနစ်ယူမလား ၄၃ မိနစ်လားလို့။ နောက်တော့ ၅း၄၄ ကို မွေးဖွားချိန် အဖြစ် ယူလိုက်ပါတယ်။

ကလေးကို သဘက်ပိုင်းပေါ်တင်ပြီး ချက်ကြိုးကို ဟိုဘက် ဒီဘက် ကလစ်နဲ့ ညှပ်ပါတယ်။ မမွေးခင်ကတည်းက ကျွန်တော်ကို ချက်ကြိုးဖြတ်မလား မေးတုန်းက ပထမ သမီးလေးတုန်းကလည်း ကျွန်တော် ကိုယ်တိုင် ဖြတ်တာလို့ ၀ံ့ကြွားစွာ ပြောထားပါတယ်။ အဲဒါကြောင့် ကျွန်တော့်ကို ချက်ကြိုးဖြတ်ဖို့ ကတ်ကြေး ကမ်းလာပါတယ်။ ဒီတစ်ခါတော့ တုန်တုန် တုန်တုန် မဖြစ်တော့ဘူးကွ ဆိုပြီး ညှပ်ချလိုက်မှပဲ ကတ်ကြေးကပဲ တုန်းနေသလား မသိဘူး မပြတ်ဘူး ဖြစ်နေတယ်။ ဘယ်သန် ကျွန်တော်နဲ့တော့ ကတ်ကြေးလိုမျိုးတွေက ဘယ်တော့မှ ကိုင်လို့ ပြုလို့ မလွယ်ပါဘူး။ မပြတ် မပြတ် ဖြစ်နေတာနဲ့ နာ့စ်မကပဲ ယူပြီး ညှပ်လိုက်ပါတယ်။ ချက်ကြိုး ဖြတ်ပြီးတော့ ကလေးကို အမေရင်ဘက်ပေါ်ကို ကန့်လန့်ဖြတ်လေး မှောက်လျက် တင်လိုက်လိုက်ပါတယ်။

ကလေးလေးက ရေတွေ စိုပြီး အရေခွံလေးတွေကို နူးနေပါတယ်။ ဆံပင်လေးတွေကလည်း မည်းနက်နေပြီး ရှည်ရှည်လေးပါ။ လက်တွေ၊ ကျောတွေမှာလည်း အမွှေးလေးတွေ တွေ့နေရပါတယ်။ အရပ် အတော် ရှည်ပြီး လက်တံ ခြေတံတွေ ရှည်ပါတယ်။ လက်သည်းလေးတွေ ပါမြင်နေရပြီး အသည်းယားဖို့ ကောင်းပါတယ်။ သမီးကို မြင်နေကျ ဆိုတော့ သားလေးကို သေးတယ် ထင်ရပါတယ်။ ဒီသားလေးတော့ သမီးမွေးတုန်းကလောက် ပေါင်ချိန် ရှိပါ့မလား ပူနေကြပါတယ်။ ကလေးလေးကတော့ အမေ့ရင်ဘတ်နဲ့ အပ်ပေးထားတာ ငြိမ်နေပါတယ်။ ဒီလို ကပ်ပေးထားတဲ့ အတွက် မိခင်ရဲ့ နှလုံးခုန်သံကိုလည်း ကြားရတယ်၊ မိခင်နဲ့လည်း အရေပြားချင်း ထိလိုက်ရတဲ့ အတွက် အခုမှ အပြင် လောကကို ထွက်လာတဲ့ ကလေးအတွက် လုံခြုံမှုကို ရစေပါတယ်တဲ့။

ကလေး ထွက်သွားပြီ ဆိုပေမယ့် မွေးဖွားခြင်း အမှုက မပြီးသေးပါဘူး။ ချက်ကြိုးတို့ အချင်းတို့ ထုတ်ရပါဦးမယ်။ ကလေးမွေးခါနီး မခံမရပ်နိုင်အောင် ဗိုက်နာတာက ပထမအဆင့်ပါ၊ ကလေးထွက်သွားတာက ဒုတိယ အဆင့်နဲ့ အချင်းနဲ့ အမြေးပါး ပြည့်ပြည့်စုံစုံ ထွက်တာ တတိယအဆင့်ပါ။ သားနှောင်း မိခင်များအတွက် တတိယ အဆင့်မှာ နာကျင်တာ (After Pain) ကို အခန့်မသင့်ရင် ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ နာ့စ်ကြီးကတော့ ခဏနေဦးဆိုပြီး အချင်းမထွက်ခင် အနားယူ ခိုင်းထားပါတယ်။ အတော်လေးကြာသွားမှ နည်းနည်းလောက် ထပ်ညှစ်လိုက်ပါဦး ဆိုပြီး သူမကလည်း ညှစ်၊ နာ့စ်မကလည်း ဆွဲလိုက်တော့မှ အချင်းတွေ ဘာတွေ ထွက်လာပါတယ်။ အချင်း ထွက်ပြီးမှ သူမဆီက သွေးတွေ အတော် ထွက်လာပါတယ်။ ကလေးကို တစ်ယောက်တည်း ကျင်လည်စွာ မွေးခဲ့တဲ့ နာ့စ်မကြီးလည်း စိတ်ပူသွားပြီး ဂွမ်းတွေ ပိတ်တွေ ခံပြီး ဆရာဝန် အမြန် သွားရှာပါတယ်။

ဆက်ရန်...

Sunday, June 01, 2008

သားလေး ဖွားစဉ်က (၃)

ဖွားရန် ၅ နာရီ အလို ( နေ့လည် ၁၂း၄၅)

လေယာဉ်ပျံ ဆိုက်လာပြီး အဘိုး၊ အဘွားတွေလည်း ချောချောမောမော ရောက်လာပါတယ်။ အဘိုးကြီး အဘွားကြီး နှစ်ယောက်တည်း အဆင်ပြေပါ့မလား စိတ်ပူနေရတာ။ လမ်းမှာ တစ်ခုခု လွဲချော်လို့ကတော့ ဒုက္ခလို့။ တော်သေးတယ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလို့။ ရောက်ဖူးတဲ့ သူတွေကို မေးမြန်းထားတာ ရှင်းပြထားလို့ တော်တော့တယ်။ သမီးလေး မြတ်နိုးကလည်း ရင်းရင်းနီးနီးပဲ လက်တွေ ဘာတွေ ပြပြီး နှုတ်ဆက်နေတယ်။ သူမကလည်း ဒီလို ကြိုချင်လို့ ခက်ခက်ခဲခဲ လိုက်လာတာပဲ။ ဗိုက်ကတော့ နာတယ်လည်း မဟုတ်သေးပါဘူး။ နာရီဝက်ခြား တစ်ခါနာပြီး တစ်ခါနာ ၁၅ စက္ကန့်လောက်ပေါ့။ အပြန်လမ်းက ကားပေါ်မှာတော့ နာတာ နည်းနည်း စိတ်လာပါတယ်။ မိနစ် ၂၀ ခြား တစ်ခါလောက်ပါ။ ကျွန်တော်လည်း အသွားတုန်းကလောက်တော့ စိတ်မပူတော့ဘူး။ အဘိုးအဘွားကိုလည်း ကြိုပြီးပြီ၊ သူမကလည်း ကားပေါ်မှာဆိုတော့ အဆိုးဆုံး ဆေးရုံကို တန်းမောင်းရုံပဲ။ ကားပေါ်မှာ ကလေးက ထွက်မသွားအောင်တော့ နည်းနည်း ကြိတ်ပြီး ဆုတောင်းနေရတာပေါ့။ သတင်းတွေမှာ ဆေးရုံမရောက်ဘဲ အိမ်မှာ ကလေးထွက်ပြီး မွေးသွားတဲ့ အကြောင်းတွေ ဖတ်ပြီး ကြောက်တုန်းကလည်း သူမပဲ။ အခုလည်း မကြောက်တန်း လေဆိပ်ကို လိုက်လာတာလည်း သူမပဲ။ ကျွန်တော်ကလည်း ကျွန်တော်ပဲ ခေါ်သွားသေးတယ်။

ဒီလိုနဲ့ ချောချောမောမော အိမ်ပြန်ရောက်လာပါတယ်။ အိမ် ပြန်ရောက်လာပြီးတော့ ၁၅ မိနစ်ခြား တစ်ခါလောက် ဗိုက်က နာလာပါပြီ။ နာတဲ့ အချိန်ကလည်း နည်းနည်း ပိုကြာလာပါတယ်။ ရထားပေါ်မှာတုန်းက နာတယ် ဆိုရုံပဲ။ အခုတော့ ``အား.. နာတယ်။ နာတယ်´´ ဆိုပြီး ခါးထောက်ပြီး ကိုင်ထားရသလောက် နာလာပါတယ်။ ထမင်းစားထားချေ၊ အခုနေမွေးရင် ဘာမှ စားရတော့မှာ မဟုတ်ဘူး ဆိုပြီး ကျွန်တော်က ထမင်းစားခိုင်းတော့ စားလိုက်ပါသေးတယ်။ သမီးလေး မွေးတုန်းက တစ်နေကုန် ဘာမှ မစားရဘဲ ညနေကျတော့ အားက မရှိတော့ဘူး ဖြစ်သွားတာကို ကြုံတွေ့ဘူးတဲ့ သူမလည်း အ၀စားလိုက်ပါတယ်။ ဗိုက်နာတာ မွေးချင်သလိုလို အိမ်သာတက်ချင်သလို ဖြစ်နေတာ ထမင်းစားပြီးတော့ အိမ်သာတက်လိုက်ပါသေးတယ်။ တော်သေးတာပေါ့ ကလေးနဲ့ မှားမညှစ်လိုက်လို့။ အိမ်သာထဲမှာ ကလေးမွေးသွားတဲ့ သတင်းကလည်း လောလောလတ်လတ် ကြားလိုက်ရသေးတယ်။

ဖွားရန် ၃ နာရီ အလို ( နေ့လည် ၃း၀၀)

ညကျရင်တော့ ကလေးမွေးတော့မှာ သေချာသလောက် ရှိနေပြီ။ တစ်ပတ်စာ ဈေးကလည်း မ၀ယ်ရသေးတော့ ကျွန်တော် ဈေးသွားဝယ်လိုက်ဦးမယ် ဆိုပြီး ထွက်လာပါတယ်။ အဲဒီ အချိန်မှာ ဗိုက်နာတာကလည်း ၅ မိနစ် ၁၀ မိနစ်ခြား တစ်ခါလောက် ဖြစ်လာပါတယ်။ နာတဲ့ အချိန်ကလည်း ၁ မိနစ်လောက် ကြာကြာနာလာပါတယ်။ သမီးမွေးတုန်းကတော့ မမွေးခင် ၃ နာရီအလိုဆိုရင် ဘယ်ပြောကောင်းမလဲ။ အဲဒီတုန်းက သားအိမ်က ၈ စင်တီလောက် ပွင့်နေပြီ။

ဖွားရန် ၂ နာရီအလို (၄း၀၀)

အရမ်းနာလာတော့ ဆေးရုံကို ဖုန်းဆက်လိုက်ပါတယ်။ ဆေးရုံက ဘယ်နှမိနစ်ခြား တစ်ခါ နာသလဲဆိုတော့ ၅ မိနစ်ခြား တစ်ခါလောက် နာပါတယ်ဆိုတာကို ၂မိနစ် ၃မိနစ်ခြား တစ်ခါ နာမှ လာခဲ့တဲ့။ ဒီက ဆေးရုံတွေကလည်း ဗိုက်နာလို့ လာတဲ့ သူတွေကိုတောင် ပြန်လွှတ်တာ လမ်းမှာ မွေးသွားတဲ့ သူတွေ၊ အိမ်သာထဲမှာ မွေးသွားတဲ့ သူတွေ အကြောင်း သတင်းတွေ တီဗွီမှာ အခုတလောမှ လာထားတော့ သူတို့ မလာခိုင်းဘဲနဲ့လည်း ကိုယ်က မသွားရဲဘူး။ တော်ကြာ ပြန်လွှတ်နေမှဖြစ်။ သူမ ဖုန်းဆက်ခေါ်လို့ ကျွန်တော်ကလည်း ဈေးဝယ်ပြီး အိမ်ပြန်ရောက်နေပါပြီ။ ဆေးရုံက နာတာ သက်သာအောင် လမ်းလျှောက်နေ ဆိုလို့ သူမက နာနာနဲ့ပဲ လမ်းလျှောက်နေရပါတယ်။

ကိုယ်ကလည်း သားဦးမဟုတ်လို့သာ အရမ်း စိုးရိမ်ပြီး ဆေးရုံကို တန်းမပြေးတာပါ။ သားဦး ဆိုလို့ကတော့ ဒီအချိန်မှာ ဆေးရုံက ဘာပြောပြော သွားနေလောက်ပါပြီ။ တချို့ မိခင်တွေကလည်း တကယ် ဗိုက်နာတာလား မခွဲခြားနိုင်လို့ ဆေးရုံကို သွားပြီးမှ ဆေးရုံက ပြန်လွှတ်လိုက်တာ နေမှပေါ့။ True Labour Pain ဟုတ်မဟုတ်ကို ကိုယ်ဘာသာ ကိုယ်သိတာတော့ အကောင်းဆုံးပါပဲ။ သားလေးမွေးပြီးမှ ဆေးရုံမှာ လာစောင့်နေတဲ့ အင်ဒီယန်း မိသားစု တစ်စုကိုတောင် တွေ့တော့မှ သူတို့ကျတော့ လာစောင့်နေလို့ ရသလား တွေးမိသေးတယ်။ အဲဒီ မိခင်ကလည်း (ဖွဟဲ့) Complication ရှိလို့လည်း ဖြစ်နိုင်တာပဲ။

ဖွားရန် ၁ နာရီ အလို (၄း၄၅)

ဒီအချိန်မှာတော့ နာတာက အရမ်းစိတ်လာပြီး ဆေးရုံကို လာခဲ့တော့မယ်ဆိုပြီး ဖုန်းဆက်ကွာ ဆိုပြီး ဖုန်းဆက်ပါတယ်။ ၂မိနစ် ၃ မိနစ်ခြား တစ်ခါလောက် နာတယ်လို့ ပြောမှ ဆေးရုံက ဒီအချိန်တော့ လာချင်ရင် လာခဲ့ပါတဲ့။ အဲဒီတော့မှ တက္ကစီကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ တက္ကစီကလည်း အနည်းဆုံး ၁၀ မိနစ် ၁၅ မိနစ်တော့ စောင့်ရဦးမယ်။ ပြင်ထားတဲ့ အထုပ်ကိုယူ၊ ဆေးရုံပြဖို့ ကဒ်ကို စစ်ပါတယ်။ တက္ကစီကလည်း မလာနိုင်သေးဘူး။ ကားပေါတဲ့ ဒီနိုင်ငံမှာတော့ တက္ကစီဆိုတာ အလွယ်မလာပါဘူး။

အဲဒီအချိန်မှာပဲ ဟာ.. ရေမြွှာအိတ် ပေါက်သွားပြီးဆိုပြီး ဖြစ်လာပါတယ်။ ၀တ်ထားတာကလည်း ဘောင်းဘီရှည်အဖြူ။ ဘောင်းဘီမှာလည်း ရေတွေ စိုသွားပါတယ်။ ရေမြွှာရည်ကတော့ အခြေအနေ ကောင်းပါတယ်။ အစိမ်းရောင်တို့ အနီရောင်တို့ မဟုတ်ဘဲ ကောက်ရိုးရောင် ဆိုတော့။ ကလေးတွေ မမွေးခင်တုန်းကတော့ ရေမြွှာအိတ် ပေါက်သွားတာနဲ့ ကလေးက ရှောကနဲ ထွက်လာပြီ ထင်ထားတာ။ သမီးလေး မွေးတုန်းက မနက်အစောကြီးကတည်းက ရေမြွှာအိတ် ဖေါက်ထားတာ ည ၈ နာရီ ကျော်မှပဲ မွေးတော့တယ်။ အခုတော့ ရေမြွှာ အိတ်ပေါက်သွားပြီ ဆိုတော့ မွေးဖို့ကတော့ သေချာသွားပြီ။ ခက်တာက တက္ကစီ မလာသေးဘူး။

သားလေး ဖွားစဉ်က (၂)

ဖွားရန် ၁၂ နာရီခန့် အလို (၂၄၊ ၅၊ ၂၀၀၈။ နံနက် ၆း၀၀)

မနက် ၆ နာရီလောက်ကြီး သူမက လှုပ်လှုပ် လှုပ်လှုပ်နဲ့ ကျွန်တော် နိုးလာပြီး ညက အိပ်မပျော်ဘူးလားလို့ မေးလိုက်တော့ သွေးနည်းနည်း ထွက်လို့ဆိုပြီး စိုးရိမ်စွာနဲ့ ပြောလာပါတယ်။ မွေ့ယာပေါ်မှာလည်း သွေးနည်းနည်း စို့သွားတယ်။ သွေးချည်းပဲ ဆင်းတာ မဟုတ်ဘဲ အဖြူရောင် ချွဲလည်း အနည်းငယ် ပါပါတယ်။ သွေးက ပန်းရောင် သန်းချင်နေတယ်။ သားအိမ်လည်တံ (အတွင်းဝ) (Cervix) ပွင့်ရာကနေ ထွက်လာတာပါ။ အဲဒီ သွေးစတွေ (Show - ခေါင်းချွဲ) အကြောင်းကို သိထားတဲ့ သူမက သားအိမ်တော့ ပွင့်နေပြီ ဆိုပြီး ဆေးရုံကို ဖုန်း လှမ်းဆက်လိုက်ပါတယ်။ အဲဒီ Show တွေက သားအိမ် ညှစ်တာ (Contraction) မတိုင်ခင်လည်း ဖြစ်နိုင်သလို သားအိမ် ညှစ်ပြီး ဗိုက်တွေ ခါးတွေ နာပြီးမှလည်း ထွက်နိုင်ပါတယ်။ သူမကတော့ သားအိမ် မညှစ်ခင် ထွက်လာတာပါ။ ဆေးရုံကို ဖုန်းဆက်လိုက်တော့ ဆေးရုံက ဘယ်လောက် နာသလဲ၊ ရေမြွှာအိတ် ပေါက်ပြီလား မေးပြီး ရေမြွှာအိတ် ပေါက်မှ ဆေးရုံလာခဲ့တဲ၊ နာရင် Panadol (ပါရာစင်တီမော) သောက်ထားပါ ဆိုလာပါတယ်။

တကယ်ဆို ဒီနေ့က Due Date ရောက်ဖို့ တစ်ပတ် လိုပါသေးတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီမှာ ရန်ကုန်ကနေလာမယ့် သူမ မိဘတွေ လေယာဉ်ဆိုက်မှာပါ။ ဆစ်ဒနီ လေဆိပ်မှာ သွားကြိုရမယ်လေ။ မနေ့ညကတည်းက သူတို့ သားအမိပါ လိုက်ချင်လို့ ကျွန်တော့်ကို ပြောနေတယ်။ အဲဒီတုန်းကတော့ ခေါ်မယ် မခေါ်ဘူး တခြား စဉ်းစားစရာ မရှိပါဘူး။ ခရီးစားရိတ်ပဲ ရှိတယ်။ လေဆိပ်ကို ရထား စီးသွားလို့ ရပေမယ့် စင်္ကာပူမှာလို မဟုတ်ဘူးလေ။ စင်္ကာပူမှာကတော့ လေဆိပ်ထိ သွားလည်း များများစားစား ပိုမပေးရပါဘူး။ တခြားဘူတာတွေလိုပဲ ခရီးအကွားအဝေးနဲ့ပဲ တွက်လိုက်တယ်။ ဒီမှာကတော့ လေဆိပ်နဲ့ လေဆိပ်နား တ၀ိုက်က ဘူတာ ၂ ခုလောက်ကို အဓိက Operator ဖြစ်တဲ့ City Rail က ပိုင်တာမဟုတ်ဘဲ တခြား Operator (Airport Link) က ပိုင်ပြီး ဈေးကလည်း ၂ ဆ ကျော်ကျော်ကြီးတယ်။ စင်္ကာပူမှာ အစိမ်းလိုင်းနဲ့ အနီလိုင်းကို SMRT က ပြေးဆွဲပြီး ခရမ်းရောင် လိုင်းသစ်ကို SBS က ပိုင်သလိုမျိုးပေါ့။ အဲဒီမှာလည်း ခရမ်းရောင် NE Line က နည်းနည်း ပိုပေးရတာပါပဲ။ ဒီမှာတော့ ပုံမှန်ဆိုရင် ပျမ်းမျှ တစ်ယောက်ကို ၆ ဒေါ်လာလောက်ကျမှာကို လေဆိပ်သွားမယ်ဆိုရင် ၁၅ ကျပ်လောက်ပေးရတယ်။ အပြင်မှာ စားမယ်ဆိုရင် ထမင်း ၂ နှပ်စာပေါ့။

အဲဒါက တော်သေးတယ်။ သူတို့ သားအမိ ပါလာရင် ကျွန်တော်တို့က ၃ ယောက်၊ လာမှက လူကြီး ၂ ယောက်ဆိုတော့ တက္ကစီငှားရင် ကားသေးနဲ့ မဆန့်တော့ဘဲ ကားကြီးငှားရရင် ၄၀-၅၀ လောက် ပိုပေးရမယ်။ ကားကြီးဆိုရင် တစ်ဆခွဲ ပေးရတော့မယ်။ စင်္ကာပူမှာဆို ကျွန်းဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ် တက္ကစီစီးရင် ၃၀။ လွန်ရော ကျွန်ရော ၄၀ ပေါ့။ ဒီမှာတော့ လေဆိပ်ကနေ အိမ်ကို ၃၅ ကီလိုလောက် ဝေးတာကို ကားသေးဆိုရင် ၇၀လောက် ပေးရပြီး ကားကြီးဆိုရင် ၁၂၀ လောက် ပေးရတယ်။ ဒင်းတို့ သားအမိလိုက်လာရင်တော့ ငါတော့ ၆၀ ကျော် ၇၀ ပိုကုန်တော့မယ် တွက်နေပေမယ့် ကဲ လိုက်လာချင်လည်း လိုက်လာပါစေဆိုပြီး ဗိုက်ကလည်း ဘာမှန်း မသိတော့ ခေါ်မယ် မခေါ်ဘူး ဘာမှ မပြောဘဲ ထားလိုက်တယ်။

မနက်ကျတော့ ဗိုက်က စ နာနေပြီး သွေးနည်းနည်း ထွက်နေတာတောင် လေဆိပ်ကို လိုက်ချင်တယ်ပဲ လုပ်နေတယ်။ ၁၀ နာရီလောက်မှာ အခြေအနေ ကောင်းတော့ ကဲဗျာ လိုက်ချင်လည်း လိုက်ခဲ့ဆိုပြီး ထုံးစံအတိုင်းပဲ အလို လိုက်ရတော့တယ်။ သမီးတုန်းက ဗိုက်စနာတာကနေ မွေးဖို့ တနေကုန်တယ် ဆိုတော့ အခုလည်း လမ်းမှာတော့ မမွေးလောက်ပါဘူး ဆိုပြီး လေဆိပ်ကို အတူ သွားကြတယ်။ အိမ်မှာ ထားခဲ့လို တစ်ခုခု ဖြစ်နေမှဖြစ် ကျွန်တော့် မျက်စိ ရှေ့မှာလည်း မဟုတ်။ ကလေးတစ်ယောက်နဲ့ အရေးရယ် အကြောင်းရယ်ဆို ဘယ်လို လုပ်ရပါ့။ ကျွန်တော်ကပဲ ကလေးကို ခေါ်သွားပြီး သူတစ်ယောက်တည်း ထားခဲ့မလား။ ကလေးနဲ့သူ အသိအိမ်မှာ သွားနေမလား စဉ်းစားသေးတယ်။ နောက်တော့ ဒီအတိုင်း ဆိုရင်တော့ ညနေ ဒါမှမဟုတ် ညကျမှ မွေးမှာပါလေ ဆိုပြီး လေဆိပ် သွားကြတယ်။

ရထားပေါ် ရောက်တော့ ဗိုက်က နာနေပြီ။ သားဦးတုန်းကလို အရမ်း နာတာတော့ မဟုတ်ဘဲ အိနြေ္ဒရရပဲ။ ဗိုက်နာတာနဲ့ နာတဲ့ အချိန်ကို မှတ်ထားတယ်။ ရထားပေါ်မှာ နာရီဝက်ခြား တစ်ခါလောက် ဗိုက်ကနာနေတယ်။ ရုပ်ပျက်ဆင်းပျက် နာနေတာ မဟုတ်တော့ အထဲမှာ သားအိမ်က ပွင့်နေတာကို မသိကြဘူး ဖြစ်နေတယ်။ ၁နာရီ ခွဲလောက် မရှိတရှိလောက် ကြာတော့ လေဆိပ်ကို ရောက်သွားပါတယ်။ အိမ်မှာ တစ်ယောက်တည်း ကြောက်ကြောက်နဲ့ နေနေတာနဲ့ စာရင် လှုပ်လှုပ်ရှားရှား လုပ်နေတာ မွေးရင် ပိုလွယ်တယ်ဆိုပြီး ဆင်ခြေ ပေးနေပါသေးတယ်။ ကျွန်တော်ကလည်း အငယ်ဆုံး ညီလေး မွေးတုန်းက အမေက မနက်မှာ လှည်းတန်းဈေး သွားသေးတယ်၊ အပြန် လမ်းမှာ ဗိုက်နာတဲ့ အကြောင်း၊ ညကျမှာ မွေးတာပါ ပြောပြီး စိတ်မပူအောင် ပြန်ပြောတယ်။ လေဆိပ်ရောက်တော့ ပထမတော့ ထိုင်နေသေးတယ်။ နောက်တော့ သူများတွေ ထွက်လာတော့ မထိုင်နိုင်တော့ဘူး။ ဟိုသွား ဒီသွား လုပ်နေတယ်။ အထဲမှာဖြင့် သားအိမ်ဝက အတော် ပွင့်နေလောက်ပြီ။

ဆက်ရန်...

Film