Thursday, July 31, 2008

ထောပတ်-ပန်းသီး အချိုပွဲ

ကျွန်တော်ကို ကျွန်တော် အစားအစာတွေကို အမျိုးအစားခွဲ အရသာခွဲလှပြီ ထင်နေတာ ပန်းသီး စားတဲ့ နေရာမှာတော့ သူမကို မမီတော့ ပါဘူး။ ကျွန်တော့်အတွက်တော့ ပန်းသီးတိုင်းက ပန်းသီးပါပဲ။ သူမကတော့ ပန်းသီးတွေရဲ့ အရသာနဲ့ အမျိုးအစားကို မှတ်ထားပါတယ်။ သူမ ပြောမှ ကျွန်တော်လည်း ပန်းသီးတွေကို အမျိုးအစားခွဲပြီး အရသာခံ စားကြည့်တတ်တော့တယ်။ သြော်ဇီ ရောက်ပြီး ဓါတ်ကျနေတာကတော့ မထူးဆန်းပါဘူး သြော်ဇီမှာ မျိုးစပ်ပြီး စိုက်တဲ့ Cripps Pink လို့လည်း ခေါ်တဲ့ Pink Lady ပန်းသီးပါ။ သူက သြော်ဇီမျိုး Lady Williams နဲ့ အမေရိကန်မျိုး Golden Delicious ကို စပ်ထားတာပါ။ အဲဒါကြောင့် Golden Delicious ရဲ့ စိမ်းဝါရောင်ပေါ်မှာ Lady Williams ရဲ့ အနီရောင် စပ်နေတာပါ။

Golden Delicious က စိမ်းဝါရောင် ရှိပြီး အရမ်း မချိုပါဘူး။ သူကတော့ Salad ထဲ ထည့်ဖို့ Apple Pie လုပ်ဖို့ ကောင်းပါတယ်။ စူပါမားကတ်တွေမှာ တွေ့ရနိုင်ပါတယ်။ အမေရိကန်မျိုး ဖြစ်ပေမယ့် ယူကေက နွေးတဲ့ ဒေသတွေ မှာလည်း စိုက်လို့ ရပါတယ်။ တောင်အာဖရိကက ဟာတွေက ပိုချိုတယ် ဆိုပါတယ်။ Golden Delicious နဲ့ Red Delicious ကတော့ နာမည် ဆင်ပေမယ့် အမျိုးကွဲပါတယ်။ Red Delicious က အမေရိကားမှာ အပေါဆုံး ပန်းသီးပါပဲ။ Golden Delicious က ကျွပ်ပြီး Red Delicious အသားကတော့ အတော် နူးညံ့ပါတယ်။ လူမမာကို ကျွေးလို့ ကောင်းတာ မျိုးပေါ့။ Red Delicious က အမေရိကားမှာ ပေါလွန်းလို့ နာမည်တောင် မကြီးတော့ပါဘူး။

Red Delicious ကနေ မျိုးစပ်ထားတဲ့ Fuji နဲ့ Gala က လူတွေ ပိုစားလာပါတယ်။ နာမည်က Fuji ပါဆိုမှတော့ ဘယ်သူတွေ မျိုးစပ်ထားလဲ သိပ်မှတ်ထားစရာ မလိုပါဘူး။ ဂျပန်တွေက အမေရိကန် ပန်းသီး နှစ်မျိုးကို စပ်ထားတာပါ။ Fuji ပန်းသီးက အလုံး ကြီးတယ်။ အသား ထူတယ်။ ချိုတယ်။ အကြာကြီး အထားခံတယ်။ အဲဒါကြောင့် ဂျပန်ပြည်မှာရော တခြားနေရာတွေမှာပါ လူကြိုက်များပါတယ်။ သူက နံပါတ်လေး လိုက်ပါတယ်။ Red Delicious၊ Golden Delicious နဲ့ Gala ပန်းသီးတွေ ပြီးရင်ပါ။ တရုတ်ပြည်က အရမ်းထွက်ပါတယ်။

Red Delicious နဲ့ Kidd's Orange Red စပ်ထားတာကတော့ Gala ပါ။ သူကိုလည်း ဆိုင်တိုင်းမှာ တွေ့ရနိုင်ပါတယ်။ သူမိဘတွေဆီကနေ ရတဲ့ လိမ္မော်ရောင်နဲ့ အနီရောင် စပ်ထားတာပါ။ ရာသီဦးမှာ ခူးထားရင် အရောင်က ဖျော့ပြီး အပင်ပေါ်မှာ ကြာမှ ခူးထားရင် အနီရောင် ရင့်ပါတယ်။ အရသာက မချို မပြင်းဆိုတော့ ကြေးများတဲ့ သူတွေဆို ဘာမှ မပြောဘဲ စားမှာပါ။ အခွံလည်း ပါးတဲ့ အတွက် ကလေးတွေဖို့ သင့်တော်ပါတယ်။ အရည်ရွှမ်းပြီး နို့နှစ်ရောင် အသားရှိပါတယ်။ သူက နယူးဇီလန်က မျိုးစပ်တာပါ။ ပြင်သစ်မျိုးတွေလည်း စင်္ကာပူက ဆိုင်တွေမှာ ရနိုင်ပါတယ်။ Royal Gala ကလည်း Gala ရဲ့ မျိုးကွဲ တစ်မျိုး ဖြစ်ပါတယ်။

နောက်ထပ် စားဖူးတဲ့ အထဲက မှတ်မိတာ Granny Smith ပါ။ သူကတော့ အစိမ်းရောင်မို့ မှတ်မိတာပါ။ စိမ်းပြီး ကျွပ်တဲ့ အတွက် ဆား၊ ငရုတ်သီးမှုန့်လေးနဲ့ ဗမာလို စားလို့ ကောင်းတဲ့ အသီးပါ။ သူက ခွာထားလည်း အချိန် အတော်ကြာတဲ့ အထိ အရောင် မညိုသွားတတ်တော့ အတော်ပါပဲ။ Granny Smith က သြော်ဇီမှ အထွက်ဆုံးပါ။ Mary Smith ဆိုတဲ အမျိုးသမီးကြီးက ရှာဖွေတွေ့ ရှိထားလို့ Granny Smith ဖြစ်သွားရတာပါ။ Beatles အဖွဲ့ပိုင် Apple Recording ရဲ့ Logo ပုံမှ ပန်းသီးက Granny Smith ပါ။ အခွံမာပြီး ထူတဲ့ အတွက် ဟင်းချက်ဖို့တို့ မုန့်ဖုတ်ဖို့ တို့မှာ သုံးပါတယ်။ ဒီပန်းသီးကတော့ အချဉ်ဓါတ် ကဲပါတယ်။

ဒါတွေဟာ စားဖူးတဲ့ အထဲမှာ မှတ်မိသလောက်ပါပဲ။ ပန်းသီး မျိုးစိတ်တွေ အများကြီး ရှိပေမယ့် မတွေ့ဘူး မစားဘူးတာတွေ၊ မမှတ်မိတာတွေက များပါတယ်။ ပန်းသီး အမျိုးတွေကိုတော့ ၀ီကီမှာ ကြည့်နိုင်ပါတယ်။ ကျွန်တော်က အစတုန်းက ကိုယ်စားတဲ့ ပန်းသီး ဘာမျိုးမှန်းတောင် မသိတဲ့ သူဆိုတော့ အခုတော့ ဈေးမှာ အမျိုးကွဲတွေကို ၀ယ်ပြီး တစ်မျိုးစီ စားကြည့်နေပါတယ်။ စကားမစပ် အမေရိကားမှာဆို ပန်းသီးခြံတွေထဲကို ပန်းသီးကောက် ထွက်လို့ရပါတယ်။ ၀င်ကြေးပေးဝင်ပြီး ကိုယ်စားချင်တဲ့ အပင်က ပန်းသီးကို ကြိုက်သလောက် ခူးစားပြီး နိုင်သလောက် ကောက်လာပါတယ်။ အထွက်မှာတော့ ကောက်လာတဲ့ ပန်းသီးတွေကို အချိန်နဲ့ ဈေးဖြတ်ပါတယ်။ ဒီမှာလည်း ပန်းသီးခြံတွေ အများကြီး ရှိပါတယ်။ ရောက်တော့ မရောက်ဘူးသေးပါဘူး။

အိမ်မှာ အသီးအနှံတွေကတော့ တစ်မျိုးမဟုတ် တစ်မျိုး ၀ယ်ထားပြီး အစာစားပြီးရင် စားတတ်ကြပါတယ်။ ပန်းသီးကို ဒီအတိုင်းစားရတာ ငြီးငွေ့လာတဲ့ သူတွေအတွက်လည်း အချိုပွဲလုပ်နည်းလေး တစ်ခု ဝေမျှလိုက်ပါတယ်။ ပန်းသီးတွေကို အစိပ်စိပ်ပြီး ပါးပါးပြန်လှီး၊ ထောပတ်သီးကိုလည်း အတုံးကြီးကြီး တုံးပြီးထည့်၊ နို့ဆီ နို့ဆိမ်းဆမ်းပြီး စားရင် ပန်းသီးကို အရသာ အသစ်တမျိုးအနဲ့ စားရပါမယ်။ ပန်းသီးရဲ့ အချိုအချဉ်ကို ထောပတ်သီးက ထိန်းပြီး ထောပတ်သီး စားရတာ မအီအောင် ပန်းသီးက ထိန်းပေးပါတယ်။ အခုခေတ်မှာ ဧည့်သည်ကို ပန်းသီး ဧည့်ခံရင် အင်မတန် ရိုးတုန်းနေပေမယ့် ဒီ အချိုပွဲကတော့ ဧည့်သည် အကြိုက်တွေ့ဖို့ အာမခံပါတယ်။ Pink Lady နဲ့ လုပ်စားရတာကို အကြိုက်ဆုံးပါပဲ။ ပန်းသီး တစ်မျိုးမဟုတ် တစ်မျိုးကတော့ ၀ယ်လို့ ရပေမယ့် ထောပတ်သီးကတော့ ရာသီချိန်မှာ ၀ယ်မှ ဈေးချိုပါတယ်။ ထောပတ်သီး ဈေးချိုတဲ့ အချိန် လုပ်စားသင့်တဲ့ အချိုပွဲ တစ်ခုပါပဲ။



တခြားဖတ်ရန် - Apple Pie

Sunday, July 27, 2008

ကြက်ဥနဲ့ ကြက်

နတ်ကိုးကွယ်လို့ တရုတ်အမဲလို့ ခေါ်တဲ့ ၀က်သား ရှောင်တယ်။ စပါးစိုက်ပေးလို့ နွားကို မစားဘူး။ သားကြီး ငါးကြီး မစားဘူး။ အဲဒီတော့ ကြက်ကိုပဲ စားကြတယ်။ တချို့ သတ်သတ်လွတ် စားတဲ့ သူတွေက ကြက်ဥတော့ စားလို့ ရလို့ စားတယ်။ ကြက်သားနဲ့ ကြက်ဥကို စားလို့ ဘယ်တုန်းကမှ အပြစ်ကြီးကြီးမားမား ရှိမယ် မထင်ခဲ့ဘူး။ တနေ့က TV အစီအစဉ် တစ်ခုကြည့်လိုက်တော့မှ တစ်သက်လုံး မြင်ခဲတဲ့ အမြင်တွေ တစ်မျိုး ဖြစ်သွားတယ်။ အဲဒါကို သင့်တော်သလို ပြန်ရေးလိုက်တယ်။

ကြက်နဲ့ ကြက်ဥ ဘယ်က စရင် ကောင်းမလဲ။ ကြက်ဥက စရအောင်။ ကြက်ဥထုတ်ဖို့ ဥစားကြက်တွေကို သပ်သပ်မွေးပြီး ကြက်ဥ ထုတ်ပါတယ်။ ဥစား ကြက်ပေါက်ကလေးတွေ ဥကနေ ထွက်လာတာနဲ့ အထီးနဲ့ အမ ခွဲလိုက်ပါတယ်။ အထီးဆိုရင် ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ မွေးထားရင် ကျွေးရတာပဲ ရှိမှာမို့ပါ။ သတ်တယ်ဆိုတာလည်း ဓါတ်ငွေ့ပေးပြီး သတ်တာပါ။ သက်သက်ညှာညှာ ဆိုပြီးတော့။ အင်မတန် ချစ်စရာ ကောင်းတဲ့ ကြက်ပေါက်လေးတွေကို မျက်စိထဲ မြင်ကြည့်မယ် ဆိုရင်တော့ ဒီလို အကောင် ပေါက်လေးတွေကို သတ်ဖို့ မပြောနဲ့ သေသွားရင်တောင် စိတ်ကောင်းမှာ မဟုတ်ဘူး။ မြန်မာပြည်မှာတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြက်ပေါက်လေးတွေ လိုက်ရောင်းပါတယ်။ ဒီလို ဥစားကြက် အထီးလေးတွေ ဖြစ်မှာပဲ။ အိမ်မှာ မွေးထားသေးတယ်။ အတော် ကြီးလာပြီးမှ သေသွားတယ်။ မြန်မာပြည်မှာပဲ ဒီလို ကြက်ထီးပေါက်လေးတွေကို ငုံးကြော်ဆိုပြီး ညာရောင်းတာလည်း ရှိပါတယ်။ ကြွတ်ကြွတ် ကြွတ်ကြွတ်နဲ့ စားကောင်းတယ် ထင်ရမယ်။

မသေဘဲ ကျန်ခဲ့တဲ ကြက်မဟာ ၁၈ ပတ်သားကနေ စပြီး မသေမချင်း လှောင်အိမ်ထဲမှာပဲ တစ်နှစ်ကျော်ကျော်ကြာ နေရတော့တယ်။ နှစ်ပေ ပတ်လည် လှောင်အိမ် ထဲမှာ ကြက်မ ၆ ကောင်လောက် နေရတယ်။ တစ်ကောင်အတွက် ရတဲ့ နေရာက ရှူးဖိနပ်ဘူး တစ်ဘူးစာလောက်။ ငှက်တစ်ကောင်အတွက် အတောင် ဖြန့်ရတယ်ဆိုတာ ဥစားကြက်မတွေမှာ မရှိပါဘူး။ အတောင်ဖြန့်ဖို့ နေနေသာသာ ပေးတောင် မလှုပ်ပါဘူး။ လှုပ်လှုပ်ရှားရှား နေမယ်ဆို အစာပိုကျွေးရမယ်လေ။ ကြက်မတွေ အတွက်တော့ လှောင်အိမ်ရှေ့ ကွန်ဗေရာပေါ်က အစာတွေကိုစား လှောင်အိမ်အောက်က ကွန်ဗေရာပေါ်ကို ဥတွေဥချ။ ဒါပဲ သူတို့ အတွက် တစ်သက်စာ လုပ်စရာက။ ပြင်ပက ရောဂါပိုးတွေ မ၀င်အောင် ကြက်လှောင်အိမ်တွေကို ဂိုဒေါင်လိုမျိုးထဲမှာ ဆောက်ထားပြီး ဒီအထဲ ရောက်လာတဲ့ ကြက်မတစ်ကောင်ဟာ နေရောင်ကို မမြင်ရတော့ပါဘူး။ သဘာဝတရားအတိုင်း နေထိုင်ခွင့် မရှိတော့ပါဘူး။ ဥမဥနိုင်တဲ့ အချိန်ရောက်မှ ဒီအထဲက ခေါ်ထုတ်သွားပြီး သတ်ပစ်လိုက်မှာပါ။ ဥဥရုံ မွေးထား ကျွေးထားတဲ့ ကြက်တွေဟာ အသားအတွက်တော့ စားလို့ မကောင်းတော့ ပုံစံပြောင်းပြီး ရောင်းကြပါတယ်။ ကြက်အူချောင်းလိုမျိုးတွေ ကြက်သားမှုန့်လိုမျိုးတွေပါ။ ယူကေမှာတော့ တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့တစ်ဖွဲ့က ဒီလို ကြက်မတွေကို မွေးစားတာမျိုး လုပ်ပေးပါတယ်။

ဒီလို လှောင်အိမ်တွေကို Battery Cage လို့ခေါ်ပြီး ဒါဟာ နည်းပညာ တိုးတက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ကြက်ဥတွေကို ဘယ်လို ဈေးပေါပေါနဲ့ ထုတ်ရမလဲဆိုတာကို သိပ္ပံနည်းကျ အကောင်အထည် ဖော်ထားတာပါ။ ဒီနေ့ခေတ်မှာ ကုန်စုံဆိုင် တစ်ခုကို ၀င်ကြည့်လိုက်မယ်ဆိုရင် ကြက်ဥ ၁၀ လုံး/တစ်ဒါဇင် ဈေးဟာ ခေါင်းထဲ ထည့်စရာ မလိုလောက်အောင်ကို ချိုသာနေပါတယ်။ ဟင်းသီးဟင်းရွက် တစ်စည်းစာထက်ကို နည်းနေပါသေးတယ်။ အသားမစားနိုင် မစားချင်လို့ ကြက်ဥစားမယ်ဆိုရင်လည်း တွက်ချေကိုက်တဲ့ အာသာပြေစေတဲ့ အာဟာရလည်း ပြည့်ဝတဲ့ အစားထိုးစရာ တစ်ခုပါ။

လူတွေအတွက် နည်းပညာဟာ ကြက်မတစ်ကောင်အတွက်တော့ ပိုရက်စက်တဲ့ အကျဉ်းစံ ဘ၀ပါပဲ။ လှောင်အိမ်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ် နေရလို့ တစ်ကောင်နဲ့ တစ်ကောင် နှုတ်သီးနဲ့ မထိုးမိအောင် ကြက်မတွေကို နှုတ်သီးတုန်းပစ်ပါတယ်။ ကြက်နှုတ်သီးမှာ အင်မတန် ခံစားနိုင်တဲ့ အာရုံကြောတွေ ရှိလို့ နှုတ်သီးတုန်းချိန်မှာ ကြက်ဟာ မခံစားနိုင်အောင် နာကျင်ရပါတယ်။ ခေါင်းမှာ ရှိတဲ့ အင်္ဂါတွေ အားလုံးဟာ အာရုံကြောတွေ ပိုများပြီး ဦးနှောက်နဲ့လည်း နီးလို့ အင်မတန် ခံစားလွယ်တာကို စဉ်းစားကြည့်နိုင်ပါတယ်။

သဘာဝအတိုင်းဆို တစ်နှစ်လုံးနေမှ ဥ ၂၀ အစိတ်လောက် ဥရာကနေ ဥ ၂၀၀ ကျော် ဥအောင် အစားတွေထဲမှာ ဆေးတွေ ထည့်ထားပါတယ်။ ဥဥရလွန်းတဲ့ အတွက် ကြက်မတွေဟာ ကယ်လစီယမ်ဓါတ်တွေ ချို့တဲ့လာပါတယ်။ မလှုပ်မရှား လှောင်အိမ်ထဲမှာပဲ နေရတဲ့ အတွက် အရိုးတွေကလည်း မသန်တော့ပါဘူး။ နေ့တိုင်း နေ့တိုင်း ဥတွေ တပြွတ်ပြွတ် ဥပေးရတဲ့ ကြက်မတစ်ကောင်ရဲ့ ဘ၀ကို စာနာကြည့်မယ် ကိုယ်ချင်းစာကြည့်မယ်ဆို ကလေးမွေးဖူးတဲ့ သူတွေက ပိုပြီး ခံစား တတ်မယ် ထင်တယ်။ ဒါတင် အားမရလို့ ကြက်ဥတွေကို ပိုကြီးအောင် အစာထဲမှာ ဆေးတွေထည့်ပြီး ဥတွေကို အကြီးကြီးတွေ ဖြစ်အောင် လုပ်မယ်။ ကြက်ဥအခွံတွေ အနှစ်တွေ အရောင်လှအောင် ဆေးတွေ ထည့်ကျွေးမယ်။

ဒီလို နည်းပညာနဲ့ ကြက်တွေကို မွေးထားတဲ့ အတွက် မွေးမြူသူများဘက်က စားရိတ်အများကြီး သက်သာသွားပါတယ်။ ကြက်ဥ အလေအလွင့် မရှိတော့ပါဘူ။ ကြက်ဥ ကွဲတာ ပျောက်တာ မရှိတော့ပါဘူ။ အစာကိုလည်း တစ်ကောင်ကို ဘယ်လောက်နှုန်းနဲ့ တွက်ပြီး ကျွေးလို့ရတဲ့ အတွက် အတိအကျ ကျွေးချင်တာ ကျွေးလို့ ရလာပါတယ်။ ထိန်းသိမ်းစားရိတ်ကလည်း အများကြီး လျော့နည်းသွားပြီး ကြက်မအကောင် သိန်းချီ မွေးပြီး ဥအလုံးရေ သိန်းချီထုတ်ဖို့ အလုပ်သမားအနည်းငယ်ပဲ လိုတော့တယ်။ အဲဒါကြောင့် ကြက်ဥဈေးဟာ အင်မတန်ကို သက်သာလာပါတယ်။ ဆူပါမားကတ်တွေက ဈေးအချိုဆုံး သွင်းလာတဲ့ မွေးမြူရေးသမားတွေဆီက ကြက်ဥတွေကို ပျော်ပျော်ကြီးလက်ခံတယ်။ မွေးမြူရေးသမားတွေကလည်း ကိုယ့်ကြက်ဥ ဈေးကြီးနေမယ်ဆို တခြားသူကို လက်ကားရောင်းတဲ့သူတွေက လက်ခံသွားမှာ ဆိုတော့ စားရိတ်ကို ကျဉ်းနိုင်သမျှ ကျဉ်းအောင် လုပ်ရတယ်။ မွေးမြူ၊ ရောင်းဝယ်ဖောက်ကား၊ ၀ယ်ယူစားသုံးနေသူတွေအတွက် ကြက်မတစ်ကောင်ရဲ့ ဘ၀ဟာ ဘာမျှ ထည့်စဉ်းစားစရာ မလိုတဲ့ အချက်တစ်ချက်လို ဖြစ်နေတော့တယ်။

ဒါကြောင့်မို့လို တိရစ္ဆာန်များ စောင့်ရှောက်ရေး အကျိုးဆောင်တွေက ကြက်တွေကို ဒီလို လှောင်ချိုင့်ထဲမှာ ရက်ရက်စက်စက် မွေးထားပြီး ဥဥစားနေတာကို အပြင်းအထန် ကန့်ကွက်လာတယ်။ တိုးတက်တဲ့ စနစ်ရှိတဲ့ နိုင်ငံတွေမှာတော့ ကြက်မ ဘယ်နှကောင်အတွက် လှောင်အိမ်ဟာ ဘယ်လောက် ကျယ်ရမယ်ဆိုတာကို ပြဌာန်းထားပေမယ့် လှောင်ချိုင့်စံ ဘ၀ကတော့ မတိုးတက်ပါဘူး။ အီးယူနိုင်ငံတွေမှာတော့ နောက်ငါးနှစ်လောက်ကြာရင် ကြက်တွေကို ဒီလိုလှောင်ပြီး ဥထုတ်တဲ့ စနစ်ကို လုံးဝ ခွင့်မပြုတော့ဘူးလို့ အဆို တင်သွင်း ထားပါတယ်။ ဂျာမနီ၊ ဆွီဒင်နဲ့ ဆွစ်စလန်မှာတော့ ဒီလို လှောင်မွေးတာကို တားမြစ်ထားပါပြီ။

တိရစ္ဆာန် တစ်ကောင်ဟာ မူမှန်တဲ့ ပြုမူလှုပ်ရှားခွင့် ရှိရမယ်ဆိုတဲ့ အချက်ကိုတော့ တစ်ကမ္ဘာလုံး နီးနီးက လျစ်လျူရှုထားစဲပါ။
ဒီထက် နည်းနည်း လူသားဆန်တဲ့ မွေးမြူနည်းစနစ်ကတော့ ကြက်တင်းကုပ်နဲ့ မွေးတာပါ။ ဂိုဒေါင်အရွယ် တင်းကုပ်ထဲမှာ အောက်က ဖွဲလိုမျိုး ခင်းထားပြီး လှောင်အိမ်မပါဘဲ ကြက်တွေအားလုံးကို ဒီအတိုင်း ထည့်ထားပြီး မွေးတာပါ။ ကြက်မတွေဟာ အထဲမှာ လှုပ်ရှား သွားလာလို့ ရတယ်။ ကြက်တန်းရှိတယ်၊ ဥခင်း ရှိတယ်။ အနည်းငယ် ပျံလို့ရတယ်။ တစ်ကောင်နဲ့ တစ်ကောင် ကြိုက်သလို တွေ့လိုရတယ်။ အပြင်တော့ ထွက်ခွင့် မရှိဘူး။ ကြက်တွေ ငှက်တွေဆိုတာမျိုးကို သိုးတွေ၊ နွားတွေလို သိမ်းရတာ လွယ်တာမှ မဟုတ်တာ။ အပြင် ထွက်ခွင့်ပေးရင် အလုပ်သမားစားရိတ် ပိုကုန်မယ်။ ကြက်ဥတွေ အလေအလွင့် များမယ်။ အခုလို တင်းကုပ်နဲ့ မွေးတာတောင် ကြက်ဥတွေ ကွဲတတ်တော့ အလေအလွင့်က ရှိသေးတယ်။ ပြီးတော့ Battery Cage မှာလိုမျိုး ကြက်ဥတွေကို ဥချလိုက်တာနဲ့ ကွန်ဗေရာပေါ်ကနေ တောက်လျောက် စီပြီး ထုတ်ပိုးတဲ့ နေရာကို တန်းရောက်တာမျိုး မဟုတ်ဘူး။ ကြက်ဥ လိုက်ကောက်ရမယ်။ ဒီလိုနည်းကိုတော့ အလွန် ရက်စက်တယ် မခေါ်ကြတော့ပါဘူး။ ဥပဒေစကားနဲ့ဆို အကျယ်ချုပ်ပေါ့။ ဒီလို မွေးထားတဲ့ ကြက်တွေကဥတွေကို Free Range Egg လို့ခေါ်ပါတယ်။

ဒီထက် ပိုလူသားဆန်မယ့် နည်းလမ်းကတော့ ကြက်တွေကို တင်းကုပ်လည်း ဆောက်ပေးထား။ နေ့လည် နေ့ခင်းဆို စားကျက်မှာလည်း လွှတ်ပေးထားတဲ့ မွေးမြူနည်းပါ။ ကြက်တွေက အိပ်စရာရှိတယ်။ ဥဥစရာ နေရာရှိတယ်။ နေ့ခင်းဆို အပြင်မှာ သဘာဝအတိုင်း သွားလာ လှုပ်ရှားလို့ ရတယ်။ မြေကြီးထဲက တီကောင်၊ ပိုးကောင်းကို ယက်ရှာပြီး စားသောက်လို့ ရတယ်။ နေရောင်ရတယ်။ သဘာဝလေ ရှူလို့ရတယ်။ သွားလာ လှုပ်ရှားပြီး ပိုကျန်းမာ သန်စွမ်းတယ်။ ကြက်မတွေအတွက် ပိုပြီး ကံကောင်းတာကတော့ ကြက်ဖတွေနဲ့ တွေ့ခွင် ရှိတာပါပဲ။ ကြက်အုပ် တစ်အုပ်ထဲကို ကြက်ဖ တစ်ကောင်လောက် ထည့်ထားပေးတတ်ပါတယ်။ ဒီလို ကြက်မတွေက ထွက်လာတဲ့ ဥတွေကိုတော့ Farm Fresh Egg လို့ခေါ်ပါတယ်။ တစ်ချို့ ကြက်ခြံတွေမှာ ကြက်တွေကို သဘာဝ အစားအစာ ပြောင်းနှံတွေပဲ ကျွေးပါတယ်။ ဒီလို ကျွေးထားတဲ့ Organic ကြက်ဥတွေက အရွယ်အစား သေးတတ်ပါတယ်။ ကုန်စုံဆိုင်ဘက်က ကြည့်မယ်ဆို ဒီလို ကြက်ဥတွေဟာ ဈေးအကြီးဆုံးနဲ့ အရွယ်အစား အသေးဆုံးပါပဲ။

ကုန်စုံဆိုင်တွေမှာ ကြက်ဥတွေကို အမျိုးအစား ခွဲထားပြီး Cage Egg၊ Free Range နဲ့ Farm Fresh ဆိုတာကို သိသာစွာ စာတမ်းထိုးထားပါတယ်။ ဈေးနှုန်းကလည်း နည်းနည်း ကွာနေပါတယ်။ Cage Egg က ၃ကျပ်ဆိုရင် Free Range က ၄ ကျပ်၊ Farm Fresh က ၅ ကျပ်လောက်နဲ့ Oragic က ၆ ကျပ်လောက် ပေးရနိုင်ပါတယ်။ လူ့သဘာဝ (ဈေး)ပေါ- (အရွယ်) ကြီး- (အရသာ)ချို လိုချင်တာဆိုတော့ Cage Egg တွေက အရောင်းရဆုံးပါ။ ဒီလို ၀ယ်နေတဲ့ အချိန်မှာ တစ်သက်လုံး လှောင်ချိုင့် ကျဉ်းကျဉ်းလေးထဲမှာ နေရပြီး ဥဥဖို့သာသာ ကြက်မဖြစ်လာရတဲ့ ဘ၀ကို တစ်ချက်လောက်တော့ ငဲ့ညှာသင့်ပါတယ်။ ဗမာတွေက တစ်ကိုယ်ရေ သမားဆို နှစ်ပတ်မှ ကြက်ဥ တစ်ဒါဇင်၊ မိသားစုဆိုရင် တစ်ပတ်မှ တစ်ဒါဇင်စားတတ်တာပါ။ ဘိုတွေလို များများစားစား ၀ယ်တတ်တာ မဟုတ်ပါဘူး။ စားအုန်းဆီ စားရင် နှလုံးရောဂါ ဖြစ်မှာ စိုးလို့ ဈေးပိုပေးရတဲ့ ကိုလက်စထရောနည်းတဲ့ ကင်းတဲ့ ဆီတွေ ၀ယ်စားသလို၊ နည်းနည်း အရသာပိုကောင်းတဲ့ အစားအစာတွေကို ဈေးနည်းနည်း ပိုပေးလိုက်ရင် တန်တယ် ထင်သလို ကြက်ဥ၀ယ်တဲ့ အချိန်မှာလည်း ကြက်တွေရဲ့ ဘ၀ကို စဉ်းစားပေးပြီး ၁ ကျပ် ၂ ကျပ် ပိုပေးလိုက်ပြီး Cage Egg ကို မ၀ယ်ဘူး ဆိုရင် ကိုယ့် စည်းစိမ် မပြုတ်သွားပေမယ့် သန်းနဲ့ ချီနေတဲ့ ကြက်တွေရဲ့ ဘ၀ဟာလည်း သိသိသာသာကြီး တိုးတက် ကောင်းမွန်သွားမှာပါ။ ကိုယ်မ၀ယ်လည်း သူများက ၀ယ်မှာပဲလို့ တွေးမိရင်တော့ တစ်ယောက် တစ်ဇွန်း ထည့်ရမည့် ဆီအိုးထဲမှာ ရေတွေပဲ ရှိသလို ဖြစ်နေမှာပါ။

အသားစားကြက်တွေရဲ့ ဘ၀ဟာလည်း မလွယ်လှပါဘူး။ သူတို့ကတော့ အသားတိုးအောင် ရင်အုပ်ဖောင်းအောင် မျိုးစပ် ပြုပြင်ထားတဲ့ ကြက်တွေပါ။ ဥစားကြက်ပေါက်တွေလိုပဲ ဥကပေါက်တာနဲ့ စစ်ဆေးပြီး အနာအဆာရှိတဲ့ ကြက်ကလေးဆိုရင် ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ ပြီးတော့ အထူးစပ်ထားတဲ့ အသားတိုး အစာတွေပဲ စားရပါတယ်။ အရွယ်မရောက်သေးပဲ အသားတွေ အများကြီး ချက်ချင်းတိုးလာလို့ သူတို့ကို သူတို့ မသယ်နိုင်ပါဘူး။ အရိုးတွေက ကောင်းကောင်း မထောက်ပံ့ထားနိုင်တော့ အရိုးပျော့ ရောဂါဖြစ်ပြီး ခွေလဲ ယိုင်လဲ ဖြစ်ရပါတယ်။ အသည်းတို့ နှလုံးတို့မှာ အဆီဖုံးတယ်။ ဒီထက် ပိုဆိုးတာကတော့ သူတို့ဟာ သက်တမ်း အနည်းငယ်ပဲ နေရပါတယ်။ ကြက်တစ်ကောင်ဟာ သဘာဝအတိုင်း နေမယ်ဆိုရင် အနည်းဆုံး ၅ နှစ်ကနေ ၁၂ နှစ်လောက်အထိ နေနိုင်တာကို အသားစားကြက်တွေဟာ ရက်ပေါင်း ၅၀ တောင် စေ့အောင် မနေရပါဘူး။ တင်းကုပ်နဲ့ မွေးရင် ရက် ၈၀လောက်၊ ခြံထဲမှာ လွှတ်ပေးထားတာဆို ရက် ၁၀၀ ကျော်လောက်ပဲ နေရပါတယ်။ ရောင်းစားဖို့ အလေးချိန်ပြည့်တာနဲ့ သတ်ပြီး ရောင်းစားပစ်လိုက်တာပါပဲ။ ကြက်တွေရဲ့ ဘ၀ဟာ လူတွေစားဖို့ သက်သက်ဖြစ်လာရသလို ဖြစ်နေချိန်မှာ ကိုယ်က နည်းနည်း ညှာတာပေးမယ်ဆိုရင်တော့ သတ္တလောကကြီးက အနည်းငယ် တရားမျှတ လှပလာမှာပါ။

Farm Fresh ကြက်တွေဟာ ပိုချိုပြီး ကြက်ဥတွေဟာလည်း ပိုစားကောင်းတယ် ဆိုကြပါတယ်။ မြန်မာပြည်မှာတော့ မွေးမြူရေးကြက် (CP ကြက်)နဲ့ တိုင်းရင်းကြက် (ခြံကြက်) ဟာ ဈေးလည်း ကွာ အရသာလည်း ကွာပါတယ်။ မွေးမြူရေးကြက်တွေက အသားပိုနူးညံ့ပေမယ့် ခြံကြက်တွေက ပိုပြီး ချိုတယ် ဆိုကြပါတယ်။ ကောလဟာလလို့ ဆိုပေမယ့် ဖြစ်နိုင်တာ တစ်ချက်ကလည်း လူတွေက အသားတိုး ကြက်တွေ စားပြီး ကြက်သားထဲက ဆေးတွေ ဟော်မုန်းတွေကြောင့် လူတွေဟာလည်း အစားတွေ ပိုစားချင် ကိုယ်အလေးချိန်တွေ မထိန်းနိုင် ဖြစ်ရတယ် ဆိုပါတယ်။ ဒါဟာ ချက်ချင်း ၀ဋ်လည်တာလည်း ဖြစ်နိုင်ပါတယ်။

(ဒီဘလောက်က မြန်မာပြည်က မဖတ်နိုင်ပါဘူး။ မဖတ်ပါဘူး။ ဖတ်လည်း လက်ချိုးရေလို့ ရပါတယ်။ နိုင်ငံရပ်ခြားမှာ နေနေတဲ့ မိသားစုတွေ အတွက်ပဲ ရေးပါတယ်။ မြန်မာပြည်ကလူတွေက အတွက် လစာ တစ်လစာကို ကြက်ဘယ်နှကောင် ကြက်ဥဘယ်နှလုံး ၀ယ်နိုင်သလဲ။ မိသားစုဟာ အသားကို (ပရိုတင်း) လုံလောက်အောင် စားရသလားဆိုတဲ့ အချက်တွေကို လုံးဝ ထည့်သွင်း စဉ်းစားထားခြင်းမရှိပါ။ ဒီ Post ကို ဖတ်ပြီး အနည်းငယ် စဉ်းစားပေးမယ်၊ ဝေမျှပေးမယ်ဆိုရင် ရေးရကျိုး ပိုနပ်မယ် ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။)

Thursday, July 24, 2008

Eee PC ကြော်ငြာ

(အခုတလော ရေပန်းစားနေတဲ့ Eee PC ကြော်ငြာ ဇာတ်လမ်းတိုလေးပါ။ E သုံးလုံးက ဘာအဓိပ္ပါယ်လည်း ဆိုတာတော့ ဆက်လက် ရှုစားပါ။) သမီးက လူကြီးတွေ ကီးဘုတ်နှိပ်တာကို ကြည့်ထားပြီး သူလည်း လိုက်ကိုင်တယ်။ လက်ငါးချောင်းလုံးကို ကီးဘုတ်ပေါ် တင်ထားပြီး လက်ချောင်းလေးတွေ နှိပ်သလိုကို သူက ကုတ်နေတယ်။ ရယ်ရတယ်။ သမီးက ဖုန်းဆိုလည်း စင်္ကာပူက လူတွေ SMS နှိပ်သလို ကိုင်တယ်။ TV Remote ဆိုလည်း လက်တစ်ဘက်တည်းနဲ့ TV ကို ချိန်ပြီး ကိုင်တယ်။ ခဲတံ၊ ဘောပင်ဆိုလည်း စာရေးတော့မလို လက်ချောင်းလေးတွေနဲ့ ကိုင်တတ်တယ်။ အဲဒီ အကြောင်းတွေကို ဒီမှာ တစ်ခေါက် ရေးဖူးတယ်။ ငယ်ငယ်ကတည်းက လူကြီးတွေ လုပ်တာကို လိုက်ကြည့်ပြီး သူ့ဘာသူ တတ်နေတာပဲ။ ကိုစောရေ ခင်ဗျား သမီးနဲ့ အပြိုင် Post လိုက်တင်တယ်ဗျာ။




တခြားဖတ်ရန် - သွားငုတ်တို လူငုတ်တုတ် (၁၀လ - ၁၁လ)

Tuesday, July 22, 2008

ယောက်ျားကြိုက်

ဦးစွာ စကားချပ် အနေနှင့် ပြောချင်သည်မှာ `ယောက်ျား´`မိန်းမ´ဟု ဆိုလျင် ယောက်ျား မိန်းမ အားလုံးကို ဆိုသည် မဟုတ်ဘဲ တချို့ကိုသာ ရည်ညွန်းပါတယ်။ အကုန်လုံးကို ၀ါးလုံးရှည်နဲ့ သိမ်းကျုံးတယ် မဟုတ်ပါ။ အရေအတွက်ကို ပြောလိုသည့် နေရာမှ အပ ရေးရ ဖတ်ရလွယ်အောင် `မိန်းမတွေ´`ယောက်ျားတွေ´ လို့သာ သုံးသွားမှာပါ။ ယောက်ျားတွေ ဘာကြိုက်လည်း ယောက်ျား စာဖတ် ပရိတ်သတ်တွေကပါ စိတ်ဝင်စားတာ တွေ့တော့ အတော် အံ့သြသွားပါတယ်။ အမျိုးသမီး စာဖတ် ပရိတ်သတ်တွေကတော့ ကိုယ့်ဆိုင်ရာ ဆိုင်ရာ အကြောင်းတော့ သိပြီးဖြစ်လောက်ပါတယ်။

တကယ်တမ်း ပြောရမည်ဆို ယောက်ျားတွေ ကြိုက်တတ်တာက မိန်းမတွေ ကြိုက်တတ်တာထက် ပိုများနေပါတယ်။ မိန်းမတွေ ကြိုက်တတ်တာက တစ်ယောက်နဲ့ တစ်ယောက်တူပြီး ချရေးလို့ ရပါတယ်။ ဥပမာ စာဖတ်တာ၊ အလှပြင်တာ၊ Shopping ထွက်တာ၊ ဂရုစိုက်ခံချင်တာ မျိုးတွေပါ။ ပြီးတော့ မိန်းမတွေက တစ်ယောက်က ဒါကြိုက်ပြီဆို နောက်တစ်ယောက်ကလည်း လိုက်ကြိုက်လွယ်ပါတယ်။ ယောက်ျားတွေကတော့ တစ်ယောက်က ဒါကြိုက်တယ်ဆို နောက်တစ်ယောက်က ကြိုက်နေတာတောင် လိုက်မလုပ်ချင်ဘူး။ ဦးထားတာ မရှိဘူးဆိုရင် ကိုယ်ကြိုက်တာကိုလည်း တစိုက်မတ်မတ် ကြိုက်တတ်ပါတယ်။ ယောက်ျားတွေရဲ့ အကြိုက်ဟာ သူ့ဝါသနာ သူ့ဗီဇ သူ့မာန ဖြစ်တတ်ပါတယ်။ မိန်းမတွေရဲ့ အကြိုက်ကတော့ သူ့ပတ်ဝန်းကျင် ဖြစ်တတ်ပါတယ်။ ယောက်ျားတွေက အယုအယ ကြိုက်လားဆိုရင်လည်း တချို့ ယောက်ျားတွေက ဒါမျိုးဆို အသည်းလည်းယား အသားလည်း ယားတတ်ပါတယ်။

ယောက်ျားတွေ ကြိုက်တာ လိုချင်တာကလည်း အချိန်နဲ့ အမျှလည်း ပြောင်းတတ်ပါတယ်။ ဥပမာ ဒီနှစ် ဒါလိုချင်တယ် ဒါလုပ်ချင်တယ် ဆိုရင် နောက်နှစ်ကျရင် အဲဒီလို ဖြစ်ချင်မှ ဖြစ်တတ်တာပါ။ ငြီးငွေ့သွားတတ်ပါတယ်။ ဒါပေမယ့် ယောက်ျားတွေ လိုချင်တာ လုပ်ချင်တာ အရာ ကိစ္စ သေးသေးလေးတွေပါ။ မိန်းမတွေကတော့ ကြီးကြီးမားမား One sentence wish လိုမျိုး ရှိတတ်ပြီး ကြာရှည်ခံပါတယ်။ `မင်းသားလေးနဲ့ ပေါင်းထုပ်ပြီး ပျော်ရွှင်စွာ ရာသက်ပန် နေထိုင်သွားသည်´ ဆိုသလိုမျိုးပါ။ လက်တွေ့ကျကျ ပြောရမယ်ဆို ဥပမာ အိမ်ထောင်ကျပြီး ဈေးထဲမှာ ဆိုင်လေးနဲ့ တည်တည် ငြိမ်ငြိမ် ဖြစ်စေချင်တာမျိုးတို့ အမေရိကားမှာ ကိုယ်ပိုင်အိမ်နဲ့ သားနဲ့ ကားနဲ့ နေချင်တာမျိုးတွေပါ။ ဒီတစ်ခု ပြည့်စုံသွားရင်တော့လည်း မိန်းမတွေက သူတို့ ဘ၀ ပြည့်စုံသွားပြီ ဆိုပြီး ရောင့်ရဲတတ်ပါတယ်။

ပြီးတော့ တချို့ မိန်းမတွေက သူတို့ ဘာလိုချင်လည်း သူတို့ အသေအချာ မသိပါဘူး။ သူများ ရပြီဆိုမှ လိုချင်တာပါ။ တချို့ကျတော့လည်း သူတို့ လိုချင်တာကို တစ်သက်လုံး ထုတ်ဖော်မပြတော့ပါဘူး။ သူတို့ရဲ့ ကြိုက်တတ်တာနဲ့ လိုချင်တာက အမှန် ဟုတ်မဟုတ် သိရခက်ပါတယ်။ နောက်ပြီး မိန်းမတွေက သူတို့ လိုချင်တာကို ရှေ့တန်းတင်လေ့ မရှိပါဘူး။ တန်၏ မတန်၏၊ သင့်၏ မသင့်၏ အရင် စဉ်းစားလေ့ ရှိပါတယ်။ ယောက်ျားတွေကတော့ လိုချင်ပြီဆို ဘာမှ မစဉ်းစား တတ်ပါဘူး။ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်တတ်ပါတယ်။

ယောက်ျားတွေ ဘာကြိုက်တတ်လဲ ကြည့်လိုက်ရင် Gadget ပစ္စည်း ဆန်းဆန်းတွေ ကြိုက်မယ်၊ ဈေးကြီးပေး ၀ယ်မယ်။ ဒီထက် ပိုဆိုးရင် ကားကောင်းကောင်း ကြိုက်တတ်မယ်။ မ၀ယ်နိုင်ရင်တောင် တချိန်လုံး ကားရူးနေမယ်။ ဒါမှ မဟုတ်ရင်လည်း တစ်အိမ်လုံး စာအုပ်တွေနဲ့ ဖွထားပြီး ချောင်ကောင်းကောင်းမှာ စာအုပ် တစ်အုပ်နဲ့ နှပ်နေမယ်။ တစ်အိမ်လုံး ပန်းချီကားတွေ၊ ပန်းချီဆေးတွေနဲ့ ဖွထားမယ်။ ညကြီးသန်းခေါင် ပန်းချီ ထဆွဲမယ်။ (ဆောရီး မောင်တိန် တိုက်ဆိုင်သွားရင်)။ ဒါမှမဟုတ်ရင် Home Theatre နဲ့ တစ်အိမ်လုံး ၀ုန်းဒိုင်းကြဲနေအောင် ရုပ်ရှင်ကားတွေ ကြည့်မယ်။ ဒါမှ မဟုတ်ရင် သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်ကို နေ့တိုင်း သွားထိုင်မယ်။ ဒီထက် ပိုဆိုးရင် ဘီယာဆိုင် သွားထိုင်မယ်။ ဒါမှမဟုတ် အလုပ်ထဲမှာ အစွမ်းကုန် ကြိုးစားမယ်။ ဒီထက်ပိုဆိုးရင် အလုပ်လုပ်ချင်စိတ် တိုးတက်အောင် လုပ်ချင်စိတ်မရှိ ပုံမှန်သမား အေးဆေးသမား ဖြစ်နေမယ်။ ဒါမှ မဟုတ် အရာရာ သူပဲ ဦးဆောင်ရတာကို ကြိုက်မယ်။ ဒါမှမဟုတ် ဟင်းကောင်းကောင်း ချက်တတ်တဲ့ မိန်းမကို ကြိုက်မယ်။ ဒါမှမဟုတ် ဈေးရောင်းကောင်းတဲ့ မိန်းမကို ကြိုက်မယ်။အဲဒီလို ယောက်ျားတွေ လိုချင်တာ ဖြစ်ချင်တွေက အမျိုးမျိုးရှိလို့ ယောက်ျားတွေ ဘာကြိုက်လဲကို ပုံသေနည်း ထုတ်လို့ မရဘူး ထင်ရမယ်။

မိန်းမတွေက သူတို့ ကြိုက်တာ လိုချင်တာကို ထိန်းချုပ်ထားပြီး ရှိတဲ့ ဘ၀နဲ့ ပျော်အောင် နေနိုင်သလောက် ယောက်ျားတွေကတော့ သူတို့ လိုချင်တာ၊ သူတို့ ကြိုက်တာ မရရင် မနေတတ်ပါဘူး။ ယောက်ျား ဆိုတာမျိုးကလည်း ငယ်ငယ်ကတည်းက ထိန်းချုပ်လို့ ရတာမျိုး မဟုတ်ပါဘူး။ သူတို့ လိုချင်တာ မရရင် သောင်းကျန်းမယ်၊ ခိုးလုပ်မယ် ဆိုတာမျိုးတွေပါ။ အသက်ကြီးလာပြီင်္း ပါးနပ်လာရင်တော့ သူတို့ လိုချင်တာကို မရရအောင် လမ်းကြောင်းပြီး ရအောင် ယူမယ်၊ လုပ်မယ်။ သူတို့ လိုချင်တာအတွက် ဈေးဘယ်လောက် ပေးရပေးရ မတွန့်တိုပါဘူး။ သူတို့ လိုချင်တာအတွက် နစ်နာကြေးပေးတာမျိုး လာဘ်ထိုးတာမျိုးလည်း လုပ်တတ်ပါတယ်။ ဥပမာ ကိုယ်လိုချင်တာ တစ်ခုရဖို့ မိန်းမကို တစ်ခု ၀ယ်ပေးတာမျိုးတို့။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး ပြန်လာရင် မိန်းမအတွက် ကြိုက်တတ်တဲ့ အစားအစာ ၀ယ်လာတာမျိုးတို့ပါ။

မိန်းမတွေက သူတို့ လိုချင်တာ မရပေမယ့် သူတို့ရထားတာ တန်တယ် ကောင်းတယ်ဆို ကျေနပ်ပါတယ်။ စိတ်ဓါတ်မကျတတ်တဲ့ အပြင် ပျော်အောင် နေတတ်ပါတယ်။ ယောက်ျားတွေကတော့ သူတို့ လိုချင်တာမရရင် သူတို့ လုပ်ချင်တာ မလုပ်ရရင် စိတ်တိုမယ်၊ စိတ်ဓါတ်ကျမယ် ဖြစ်တတ်ပါတယ်။ အနည်းဆုံးတော့ စိတ်ညစ်မယ်။ ဘ၀မှာ ကိုယ်လိုချင်တာ မဖြစ်လို့ စိတ်ဓါတ်ကျနေတဲ့ ယောက်ျားဦးရေက မိန်းမဦးရေထက် ပိုများမယ်။ ကိုယ်လုပ်ချင်တာကို တားတဲ့သူကို ရန်သူလို့ ထင်မယ်။ မိန်းမက တားရင် မိန်းမကို စိတ်တိုမယ်၊ ရန်ဖြစ်မယ်။ `နင်ဘာသိလိုလဲ´ဆိုပြီး ကိုယ်လိုချင်တာကို ရအောင်လုပ်မယ်။ ကိုယ်လုပ်ချင်ရာ လုပ်နေရရင်တော့လည်း အိမ်ဦးနတ်မို့ အခွင့်အရေး ရှိတယ်ဆိုပြီး Granted လို့ သဘောထားမယ်။ မိန်းမက စိတ်ချမ်းသာအောင် လွှတ်ပေးထားတာကို သတိမူမိမှာ မဟုတ်ဘူး။

အခုလောက်ဆိုရင်တော့ ယောက်ျားတွေ ဘာကြိုက်လဲဆိုတာကို သိသာလာပါပြီ။

ယောက်ျားတွေက ကိုယ်လုပ်ချင်ရာ လုပ်နေရတာကို ကြိုက်ပြီး အဲဒီလို ပေးလုပ်ထားတဲ့ မိန်းမတွေကို ကြိုက်ပါတယ်။
ဒါဆိုရင် မိန်းမလည်း လူပဲ ကိုယ်လုပ်ချင်ရာ လုပ်ရတာ ကြိုက်မှာပေါ့လို ဆိုချင်မယ်။ မိန်းမတွေကတော့ လုပ်သင့် မလုပ်သင့် စဉ်းစားပါတယ်။ ဆန္ဒကို ချိုးနှိမ်တတ်ပါတယ်။ ပြီးတော့ မိန်းမတွေက လုပ်ချင်တာထက် (စာရေးချင်၊ ရုပ်ရှင်ကြည့်ချင်တာ၊ သူငယ်ချင်းတွေနဲ့ နေချင်တာထက်) လိုချင်တာ (အိမ်၊ ကား၊ အ၀တ်အစား၊ လက်ဝတ်ရတနာ) က ပိုများပါတယ်။ ဒါတွေကို ဘာမှ မလုပ်ဘဲ ရလာတာမျိုးကိုလည်း မိန်းမတွေက ဖြစ်စေချင်တာပါ။(ဒီစာသားကို ကန့်ကွက်ကြလို့ ဖြုတ်လိုက်ပါတယ်)

ယောက်ျားတွေကို သူတို့ လုပ်ချင်ရာ ပေးလုပ်ထားရတော့မှာလား ဆိုတာကတော့ ယောက်ျားတွေ ဘာလုပ်ချင်လည်း ဆိုတာနဲ့ မိန်းမတွေရဲ့ ပါးနပ်စွာ ထိန်းချုပ်နိုင်မှု ပေါ်ပဲ မူတည်ပါတယ်။ ဥပမာ အပြင် ထွက်တာ ကြိုက်တဲ့ ယောက်ျားကို အပြင်ပေးမထွက်ရင်တော့ ပြဿနာ ဖြစ်နိုင်တယ်ဆိုပေမယ့် အပြင်ထွက်တာ နည်းအောင် အိမ်ထဲမှာ ပျော်အောင်ထားဖို့ စဉ်းစားရပါမယ်။ အပြင်ထွက်ရင် မိန်းမပါ တစ်ခါတစ်လေ လိုက်ပေးမယ် ဆိုရင် စိတ်မချစရာ မရှိတော့ပါဘူး။ ပစ္စည်း အသစ်အဆန်းလေးတွေ ဈေးကြီးပေး ၀ယ်တဲ့ ယောက်ျားကိုတော့ မိန်းမက Budget နဲ့ တွက်ပြီး ၀ယ်ခွင့်ပေးမယ်၊ ယောက်ျားကို ပိုက်ဆံ ပိုရှာအောင် တွန်းအားပေးမယ်၊ ပိုက်ဆံပိုရှာနိုင်အောင် ကူညီပေးမယ်ဆိုရင် ပြဿနာ မဖြစ်နိုင်တော့ပါဘူး။ ယောက်ျားက အနုပညာလောက ထဲမှာ ပျော်မွေ့တတ်ရင် မိန်းမကလည်း နည်းနည်းပါးပါး နားလည်အောင် လိုက်လုပ်မယ်။ ဥပမာ စာရေးတဲ့ စာဖတ်တဲ့ ယောက်ျားနဲ့ ဆိုရင် သူဆီက ကိုယ်ဖတ်ချင်တဲ့ စာအုပ် တချို့ ယူဖတ်မယ်။ ယောက်ျားကို ကမ္ဘာပေါ်မှာ တခြား လောကတွေ (ဥပမာ စီးပွားရေ၊ လူမှုရေးလောကတွေ) လည်း ရှိသေးတယ် ဆိုတာ ပြနိုင်မယ် မျှတအောင် ဆွဲခေါ်နိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိမှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ယောက်ျားတွေက ကိုယ်လုပ်ချင်ရာကို ပေးလုပ်တဲ့ မိန်းမကို ကြိုက်ပြီး မိန်းမတွေကလည်း ကိုယ့်ကို ကြိုက်တဲ့ ယောက်ျားကို ပြန်ကြိုက်တယ်ဆိုရင်တော့ အိမ်ထောင် အေးချမ်းသာယာဖို့ကတော့ ယောက်ျားတွေ ဘာလုပ်ချင်လည်းပေါ် အဓိက မူတည်နေပါတော့တယ်။

(လွတ်လပ်စွာ သဘောထား ကွဲလွဲ ဆွေးနွေးနိုင်ပါတယ်။ ဖြည့်စွက် ပြင်ဆင်ပေးမယ်ဆိုလည်း ကျေးဇူးတင်ပါတယ်။)

တခြားဖတ်ရန်
မိန်းမကြိုက်
ယောက်ျားလေးတွေ ဘာကြိုက်


Sunday, July 20, 2008

မိန်းမကြိုက်

မိန်းမနဲ့ ယောက်ျား ဘယ်နေရာမှ မတူ။ အကုန် ကွဲပြားလေသည်။ ဤသို့ ကွဲပြား ခြားနားပုံတွေ ရေးလျင် ကုန်မည် မထင်ပါ။ ရေးထားတာတွေကလည်း မနည်းပါ။ ကျွန်တော် ကိုယ်တိုင်က မိန်းမတွေ ဘာကြိုက်လည်း ဘယ်တုန်းကမှ မသိခဲ့ နောင်လည်း သိနိုင်မည် မဟုတ်သော်လည်း ကျွန်တော် တွေ့မြင်နေရတာကို မပြည့်စုံနိုင်သော ထိုစာရင်းထဲသို့ ထည့်သွင်းလိုက်ပါတယ်။

`ကိုယ့်လူ ဘလောက်က ဣတ္ထိရ ပရိသတ်တွေ များလှချည်လား´လို့ တစ်ယောက်က မှတ်ချက် ပေးဘူးတယ်။ အမှန်တိုင်း ပြောရရင် ကျွန်တော် ရှက်သွားတယ်။ ငါရေးတာတွေက အမျိုးသမီး အကြိုက် ဖြစ်နေပါလား။ ငါများ မိန်းမဆန်နေပြီလားလို့။ သိပ်ပြီး စဉ်းစားစရာ မလိုပါဘူး။ Comment ရေးသွားတာလည်း အမျိုးသမီးထုက များတယ်။ ရေးထားတာတွေ ကြည့်လိုက်တော့ ဟင်းချက်နည်းနဲ့ ကလေးအကြောင်းတွေ ခပ်များများ ဖြစ်နေတယ်။ ဒါတွေဟာ မိန်းမတွေရဲ့ အလုပ်ဆိုရင် ကျွန်တော့်ရဲ့ အတွင်းစိတ် တစ်ပိုင်းတစ်စကတော့ မိန်းမဆန်နေပြီလား။ အဲဒါနဲ့ သူမကို ငါတော့ ဘလောက်ရေးတာ မိန်းမလျာ ဖြစ်တော့မှာပဲ လို့ဆိုတော့ သူမက နည်းနည်းပါးပါး မိန်းမဆန်တာ ကိစ္စမရှိပါဘူးတဲ့။

၁%နှုန်းလောက် မိန်းမဆန်တဲ့ ယောက်ျားတွေကို ကြိုက်တဲ့ မိန်းမအုပ်စုထဲမှာ သူမ ပါပါတယ်တဲ့။
ရှူးရှူးဒိုင်းဒိုင်း ယောက်ျားကိုလည်း မလိုက်နိုင်။ မူးမူးရိုင်းရိုင်း ယောက်ျားကိုလည်း မကြိုက်နိုင်ပါတဲ့။ မိန်းမတွေက ယောက်ျား ပီသတာကိုတော့ ကြိုက်တယ် မဟုတ်လား။ အခုခေတ်မှာ ယောက်ျား ပီသတာကို ဘာနဲ့ တိုင်းတာသလည်း။ ထားပါတော့ အိမ်ထောင် တစ်ခုကို တည့်မတ်အောင် ဦးဆောင်နိုင်သလား။ မိန်းမရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်သလား။

တလောက ရုပ်ရှင် တစ်ခု ကြည့်လိုက်ရမှ အဲဒီလိုမျိုး ပြောတာကို ပြန်သတိရတယ်။ ရုပ်ရှင်ကတော့ စာတစ်ပုဒ် လုပ်ရေးချင်လောက်မည့် ကားမျိုး မဟုတ်ပေမယ့် ကြည့်လို့ကောင်းပါတယ်။ Kinky Boots ဆိုတဲ့ ရုပ်ရှင်ပါ။ မိန်းမစီး ဖိနပ်တွေ ထုတ်လုပ်တဲ့ ယောက်ျားတစ်ယောက် အကြောင်းပါ။ အဲဒီထဲမှာ ပြောတာ တစ်ခုကို ကြားမှ သူမ ပြောဖူးတာကို အမှတ်ပြန်ရတယ်။ အဲဒီ ရုပ်ရှင်ထဲက မိန်းမလျာကြီး ပြောတာက
Perhaps what women secretly desire is a man who is fundamentally a woman.
ကျောင်းတက်တုန်း အလုပ်လုပ်တုန်းက သူငယ်ချင်း တစ်ယောက် ရှိဘူးတယ်။ သူက ကျွန်တော်တို့ အရက် သောက်ရင် အစာအိမ် အကြောင်းပြပြီး ရှောင်နေမယ်။ ဖဲရိုက်ရင် မပါဘူး။ မိန်းကလေးတွေနဲ့ ဆိုရင်တော့ တရုန်းရုန်း။ ကျွန်တော်တို့ကိုဆိုလျင် ဝေါင်ဝေါင်းရှေးတဲ့ မိန်းကလေးတွေကလည်း သူ့ကိုဆိုလျင် ယုံကြည်စွာ ပေါင်းတယ်။ သူက အမူအရာတွေ အပြောအဆိုတွေကတော့ မိန်းမလျာလို မဟုတ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေနဲ့ ပေါင်းတတ်တယ်။

မိန်းမတွေ (တချို့ဆိုလည်း တချို့ပေါ့) က ဘာလို့ သူမပြောဖူးသလို ၁% မိန်းမဆန်တဲ့ ယောက်ျားကို ကြိုက်ရတာလည်း။ လက်ခံနိုင်ရတာလဲ။ မိန်းမတွေရဲ့ သဘာဝက မလုံခြုံ ကြောက်တတ်တော့ အသစ်ကို အသွင်မတူတာကို ချက်ချင်း လက်မခံနိုင်ဘူး။ ယောက်ျားတွေနဲ့ ပြောင်းပြန်။ ယောက်ျားတွေကတော့ အသစ်ဆို ဘာအသစ်ဖြစ်ဖြစ် လာထား ဆိုတာမျိုးကိုး။ အဲဒီတော့ မိန်းမတွေက သူတို့နဲ့ အသွင် နည်းနည်း တူပြီး မိန်းမနည်းနည်း ဆန်တဲ့ ယောက်ျားဆိုရင် ယုံကြည်မှု အနည်းငယ် ပိုရှိတယ်။ အဲဒါကြောင့် မိန်းမနည်းနည်း ဆန်တဲ့ ယောက်ျားဆိုရင် အလွယ် လက်ခံနိုင်တယ်။ အလှပြင်တဲ့ ယောက်ျားကြီးတွေက မိန်းမလျာလို ဖြစ်နေတာ အဲဒါကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါတယ်။

နောက်ပြီး မိန်းမတွေရဲ့ အတွင်းစိတ်က နားလည်ရ ခက်တယ်။ အထူးသဖြင့် ကျွန်တော့်လို ညီအစ်ကိုတွေနဲ့ ကြီးပြင်းခဲ့တဲ့ သူက မိန်းကလေးတွေ အကြောင်း ပိုမသိနိုင်ဘူး။ အဲဒီလို နားလည်ရခက်တဲ့ စိတ်ကို မိန်းမဆန်တဲ့ ယောက်ျားတွေက (အချင်းချင်းမို့) ပိုနားလည်နိုင်တယ် ထင်လို့ မိန်းမတွေက ဒီလို ယောက်ျားတွေကို ပိုပြီး လက်ခံနိုင်ရတာလို့ ယူဆတယ်။

ကျွန်တော် ၁% မိန်းမဆန်နေတယ် ဆိုရင် သူမကရော ဘာကြောင့် လက်ခံနိုင်ရသလဲ။ ရှင်းပါတယ်တဲ့။ ကျွန်တော် မီးဖိုချောင်ထဲ ၀င်လုပ်တာ သူမ သက်သာလို့ပါတဲ့။ တိန်...


မျှော် - ယောက်ျားကြိုက်

Wednesday, July 16, 2008

ရပါတယ် (၂)

ကျွန်တော်က အားနာတတ်လို့ ရပါတယ် ပြောတတ်တာကို ဖတ်ဖူးမယ်။ အားနာလို့ အပြင် နောက်တမျိုး “ရပါတယ်” ပြောတတ်ပါသေးတယ်။ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ပြောတာပါ။ တစ်ခုခု လုပ်မယ်ဆိုရင် “ရပါတယ်.... နောက်မှ” ဆိုပြီး ကိုယ်ကိုယ်ကို ပြောပြီး နေ့ရွှေ့ ညရွှေ့ လုပ်တတ်ပါတယ်။ ဘာကိစ္စ ပေါ်လာ ပေါ်လာ “ရပါတယ်” ဆိုပြီး အရေးတယူ မလုပ် ပစ်ထားတတ်တယ်။

လူတိုင်းမှာ ဆောင်ပုဒ်လေး တစ်ခုစီ ရှိတတ်ပြီး အဲဒီ အတိုင်း ကျင့်သုံးတတ်ကြတယ်။ ဥပမာ တချို့ “Do no evil” ဆိုပြီး မကောင်းတာဆို မလုပ်ဘူး။ မျိုးစုံပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ ဘယ်တူမလဲ။ ကျွန်တော်ရဲ့ ဆောင်ပုဒ်ကတော့ “Better late than never” တဲ့။ ဘယ်တော့မှ မရတာထက် စာရင် နောက်ကျမှ ရတာက တော်သေးတယ် ဆိုပြီး အေးအေး ဆေးဆေးပဲ ဖြစ်နေတယ်။ တကယ်ဆို ဒီဆောင်ပုဒ်က (ဥပမာ) ခရီး တစ်ခု သွားဖို့ ကားကို အလျင်စလို မောင်းတဲ့ သူတွေကို ဆိုရင် ဆုံးမလို့ ကောင်းမယ့်ဟာပဲ။ ဒါပေမယ့် ကျွန်တော်က ဒီဆောင်ပုဒ်ကို တခြား အဓိပ္ပါယ်နဲ့ ယူသုံးနေတယ်။ ကိုယ်လိုချင်တာ ချက်ချင်း မရခဲ့တော့ အခု မရသေးလည်း နောက်တော့ ရလာမှာပဲ ဆိုပြီး “Better late than never” ဖြေသိမ့်ခဲတာ အကျင့်ပါသွားတာပဲ။ အခုလည်း မထူးပါဘူး ကိုယ်လိုချင်တာတွေ ချက်ချင်းရနေတာ မဟုတ်သေးပါဘူး။ အဲဒီလိုနဲ့ပဲ “Better late than never” (ရပါတယ် နောက်မှ) က အရိုးစွဲနေတယ်။ ဒီလိုပဲ လိုချင်တာလည်း နောက်မှရ။ လုပ်ရမှာလည်း နောက်မှလုပ်နဲ့ အရာရာ “ရပါတယ် နောက်တော့ ဖြစ်လာမှာပေါ့” ဖြစ်နေတော့တယ်။

မြန်မာလိုလည်း ဆောင်ပုဒ် တစ်ခု ရှိတယ်။ “အခုရှုပ်မှ နောင်ရှင်း” ဆိုတာ။ ဒါကိုလည်း ကျွန်တော်က အဓိပ္ပါယ် ပြောင်းပြန်ယူပြီး ကျင့်သုံးနေပြန်ရော။ (ဥပမာ) ပြဿနာတစ်ခုနဲ့ ရှုပ်ထွေးနေရင် အို..ရှုပ်ပစေ နောက်ကျရင် ရှင်းသွားမယ်ဆိုပြီး ထားတတ်တယ်။ တကယ်ဆိုရင် အခု အ(လုပ်)ရှုပ်ခံလိုက်ရင် နောက်နောင်ကျရင် ရှင်းရှင်းလင်းလင်း နေလို့ရတယ် ဖြစ်ရမှာ။ သူမကျတော့ ပစ္စည်းတစ်ခု ပျောက်နေရင် မတွေ့ တွေ့အောင် ရှာတယ်။ ကျွန်တော်ကတော့ ပျောက်ပျောက်ချင်းဆို မရှာဘူး။ ခဏနေမှ ရှာကွာ။ ထွက်လာလိမ့်မယ်ဆိုပြီး ပေ နေတယ်။ ချက်ချင်း ရှာရင် ခေါင်းပူနေလို့ မတွေ့ဘဲ နောက်တော့ တွေ့သွားရော။

အမေကတော့ အမြဲတမ်း အားမလို အားမရ ဖြစ်လို့ ဆုံးမတတ်တယ်။ နင်တို့တွေ ချီးပါခါနီးကျမှ ချီးတွင်းတူးတယ် ဆိုပြီး။ လုပ်စရာ ရှိတာကို စောစောစီးစီး မလုပ်ထားဘူး။ ဖင်နားကပ်မှ တွန်းထိုးလုပ်တယ်တဲ့။ အမေ ပြောတာ အဟုတ်ပဲ စာမေးပွဲ နီးမှ စာကျက်မယ်။ နောက်ထပ် မရွှေ့နိုင်တော့မှ ထလုပ်မယ်။

ငယ်ငယ်တုန်းက မင်းသိင်္ခ ၀တ္ထုတွေ ဖတ်ပြီး သူ့ ဇာတ်လိုက်မ တစ်ယောက် ပြောတာကို သဘောကျဘူးတယ်။ “ဖြတ်ကနဲပေါ် ဆတ်ကနဲ လုပ်”ဆိုပြီးတော့လေ။ ဟုတ်တော့လည်း ဟုတ်သားပဲ။ တော်တော်များများက ခေါင်းထဲမှာ ပေါ်လာရင် ချက်ချင်းလုပ်လိုက်မှ အဆင်ပြေတာ။ နို့မဟုတ်ရင် မေ့သွားတာနဲ့။ နောက်ကျသွားတာနဲ့ ဖြစ်တတ်ရော။ ဒီလိုနဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးပေါင်းလည်း မနည်းဘူး။

အလုပ်ထဲမှာတော့ ချက်ချင်းလုပ်မှ။ သူတို့ကတော့ “Do it now” ကို အလုပ်သဘောဆန်ဆန် “Take action immediately” ဆိုပြီး အလုပ်တွေက ပြုံကျလာတယ်။ အလုပ်ထဲမှာတော့ ရွှေ့လို့ မရလို့ မရွှေ့ပေမယ့် ကိုယ်ပိုင် ကိစ္စတွေဆို ရွှေ့နေမိတယ်။

တစ်ခါတစ်လေကျတော့လည်း လွှဆွဲသမားလို ဖြစ်နေတတ်တယ်။ လွှတုံးတုံးကြီးနဲ့ သစ်ပင်ကို ဖြတ်နေတာ မနေနိုင်တဲ့ သူက မင်းအရင် လွှကို သွေးမှပေါ့လို ဆိုလာရင် ငါ ဒီသစ်တုံးကြီးကို ပြီးအောင် ဖြတ်ရဦးမယ် ဆိုပြီး လွှသွေးဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေတယ်။

ဒီလို “ရပါတယ်” ဆိုပြီး နေ့ရွှေ့ ညရွှေ့ လုပ်တတ်တာကိုတော့ ဖျောက်ရဦးမယ်။

ရပါတယ်... ဒီလိုပဲ ဖြည်းဖြည်း ပြင်ယူသွားရင်တော့ ပျောက်သွားမှာပါ။


တခြားဖတ်ရန် - ရပါတယ်(၁)

Monday, July 14, 2008

World Trade Towers အမှတ်တရ

ပန်းချီဆရာ ပေါ်ဦးသက်ရဲ့ လက်ရာတွေ အများကြီး တစ်နေရာတည်းမှာ ကျွန်တော် စတွေ့ဖူးတာ ကျွန်တော် အိမ်က ဗီဒိုထဲမှာပါ။ မူရင်း ပန်းချီကားတွေတော့ မဟုတ်ပါဘူး။ အဖေက အမေကို့ ပေးထားတဲ့ ပို့စကဒ်တွေပါ။ ကလေးလေးယောက် ရတဲ့ အထိ အဲဒီ ပို့စကဒ်တွေက ရှိပါသေးတယ်။ အဲဒီတုန်းကတော့ အဖေနဲ့ အမေကို ၀ိုင်းစဖူးကြပါတယ်။ အခုတော့လည်း သူမက ကျွန်တော်တို့နဲ့ သက်ဆိုင်တာလေးတွေ တချို့ကို သိမ်းထားတတ်ပါတယ်။ ဟိုနိုင်ငံကူး ဒီနိုင်ငံကူး လုပ်ရင် ရည်းစားစာတွေ ပို့စကဒ်တွေပုံးက တစ်ပုံး အမြဲတမ်း နေရာယူတတ်ပါတယ်။ ပျောက်သွားမှာ စိုးလို့ စာတိုက်ကနေလည်း မပို့၊ လေယာဉ်ပေါ်မှာတောင် Hand Carry အနေနဲ့ပဲ ယူလာတာ။ (ကျွန်တော်လည်း အခုနေ ပြန်ရေးခိုင်းရင် ပြန်မရေးတတ်တော့ဘူးလေ)။ အဲဒီထဲက တစ်ခုက ကျွန်တော်တို့ နယူးယောက် World Trade Center ကို တက်တုန်းက ၀ယ်ထားတဲ့ လက်မှတ်ကလေးပါ။

လွန်ခဲ့တဲ့ ၇ နှစ် (၁၄၊ ဇူလိုင်လ၊ ၂၀၀၁) တုန်းက ကျွန်တော်တို့ သွားကြတာပါ။ မတွေးဝံ့လောက်အောင်ပဲ World Trade Towers ကြီး နှစ်ခုလုံး မြေပေါ် ပြားပြားဝပ်သွားတာ ကျွန်တော်တို့ သွားပြီး ၂ လနီးပါးလောက်မှာဆိုတော့ ကျွန်တော်တို့ သွားဖြစ်လိုက်တာ ကံကောင်းပါတယ်။ အမှတ်ရ ဆုံးကတော့ ကျွန်တော် သူမကို ချစ်တယ် စပြောတဲ့ နေရာပါပဲ။ မြေပြင်ညီပေါ်ကနေ ပေ ၁၀၀၀ ကျော်ကို ချက်ချင်းတက်သွားလို့ နားတွေ အူ စိတ်တွေ လှုပ်ရှားနေရတဲ့ ကြားကနေ ဟိုးအပေါ်ဆုံးထပ်ကို ရောက်မှ သူမနားကို ကပ်ပြီး မရဲတရဲနဲ့ ပြောတာလေ။ ဒီလို ကိစ္စမှာ ရှော်တဲ့ ကျွန်တော် ပြောပုံကလည်း ကြည့်ဦး။`မလေးကို ချစ်တယ်လို့´ တဲ့။ ဘယ်ကနေ ဘယ်လို `လို့´က ပါသွားလည်း မသိဘူး။ သူမကတော့ ဘာမှ ပြန်မပြောပါဘူး။ ခပ်တည်တည်လိုလို ရယ်ကျဲကျဲ လိုလိုနဲ့။ ကျွန်တော် သိပါတယ်။ သူမလည်း ရင်ခုန်နေမယ် ဆိုတာ။

ပြီးတော့ ကျွန်တော်တို့ ၁ပြားစေ့ ကြိတ်ကြတယ်။ US မှာ Tourist Attraction နေရာတွေ အတော်များများမှာ တပြားစေ့ ထည့်ကြိတ်လို့ ရတာတွေ ရှိတတ်တယ်။ ကြိတ်ခတော့ ၁ ကျပ် ၂ ကျပ် ပေးရတာပေါ့။ Tower ပေါ်က စားသောက်ဆိုင်မှာ အီတလီ ခေါက်ဆွဲကို အသားလုံးနဲ့ စားကြပြီး ဓါတ်ပုံတွေ ရိုက်ကြတယ်။ အမှတ်တရပါပဲ။ WTC သွားပြီး နောက်တစ်ပါတ်ထဲမှာ အဲဒီက ၀ယ်လာတဲ့ ပို့စကဒ်လေး နောက်မှာ စာရေးပြီး သူမဆီ ပို့လိုက်ပါတယ်။


Ma Lay,
When I was atop this building, 
I felt highest. 
Soon I realized that 
It was because.... 
You're there with me. 
Forever & a Day 
A


တခြားဖတ်ရန် - မင်္ဂလာရက်မြတ်

Sunday, July 13, 2008

ကြက်ဆီထမင်း

စင်္ကာပူမှာ အကြိုက်ဆုံးနဲ့ အစားဖြစ်ဆုံး အစားအစာကို ပြောပါဆို ကြက်ဆီ ထမင်းကို ပြောရမှာပဲ။ နေ့လည် ရုံးကနေ သွားစားရင် ဘာမှ အထွေအထူး မစဉ်းစားချင်ရင် ကြက်ဆီ ထမင်းသာ စားလိုက်တယ်။ နောင်တ မရစေဘူး။ ဈေးချိုတယ်၊ ဘယ်မှာ စားစား အရသာ မှန်တယ်၊ ဗိုက်ဆာနေချိန်မှာဆို အင်မတန် သင့်တော်တယ်။ Soup တွေဘာတွေဆို ဗိုက်ဆာနေချိန်မှာ ပူလွန်းလို့ စားလို့မရနဲ့ မမှာသင့်တဲ့ အစာတွေပဲ။ ကြက်ဆီထမင်းက ရန်ကုန်မှာလည်း နောက်ပိုင်းမှာ ဒန်ပေါက်လို နာမည်ကြီး လာတဲ့ အစာ တစ်ခုပဲ။ ကြက်ဆီထမင်းနဲ့ ယိုးဒယား သင်္ဘောသီးထောင်းကတော့ သူမရဲ့ အကြိုက်ပဲ။

ကြက်ဆီထမင်းကို အလွယ်ဆုံး ချက်နည်း ရှိပါတယ်။ တရုတ်ဆိုင်မှာ ကြက်ဆီထမင်း အနှစ်ပုလင်း ၀ယ်လိုက်ပါ။ Rice Cooker ထဲကို ဆန် ၁ဆ ရေဆေးပြီးနောက် ရေ ၁ဆခွဲ မရှိတရှိ ထည့်ပါတယ်။ ဥပမာ ဆန် ၄ လုံးဆို ရေ ၆လုံးမဟုတ်ဘဲ ၅လုံးခွဲလောက် ကိုပြောတာပါ။ ပြီးတော့ ကြက်ဆီထမင်း အနှစ်တွေကို သင့်တော်သလောက် ထည့်ပါတယ်။ (ပုလင်းမှာ ဘယ်လောက် ထည့်ရမည် ဆိုတာကို ပြောထားမှာပါ။) ထမင်း ချက်တဲ့ အချိန်မှာ အပေါ်က ဇကာနဲ့ ကြက်သားတုံးလေးတွေ စီထားပါတယ်။ ထမင်း မနပ်ခင်တော့ တစ်ခါမွှေပေးပါတယ်။ ထမင်းနပ်ပြီဆို ကြက်သားတွေလည်း ကျက်ပြီးတော့ စားလို့ ရပါပြီ။

ဒါပေမယ့် ဆိုင်တွေမှာ သွားစားသလို ကြက်သားက ပိုချို၊ ပိုနူးညံ့ပြီး အရေခွံ ကြည်ကြည်လေး လိုချင်ရင်တော့ ဒီလို လုပ်လို့ မရပါဘူး။ သူတို့လိုမျိုး ဖြစ်ချင်ရင်တော့ ကြက်သားကို ရေထဲမှာ ထည့်ပြုတ်တာလည်း မဟုတ် အပေါ်မှာ ပြောထားသလို ပေါင်းတာလည်း မဟုတ်ပါဘူး။

ကြက်သားချက်နည်း လျှို့ဝှက်ချက်ကတော့ ကြက်သားကို ရေနွေး စိမ်တာပါ။
ကြက်တစ်ကောင်လုံး ထည့်ချက်နိုင်တဲ့ အိုးထဲမှာ ရေကို ပြည့်လုနီးပါး ကြက်တစ်ကောင်စာ ချန်ပြီး ကျိုပါတယ်။ ရေတွေ ပွက်ပွက် ဆူလာတဲ့ အခါ မီးပိတ်ပြီး ကြက်ကို ထည့်ပြီး အဖုံးပိတ်ထားပါတယ်။ ဆားတို့ ဘာတို့ ဘာမှ မထည့်ရပါဘူး။ နာရီဝက် ကြာတဲ့ အခါ ကြက်ကို ပြန်ဆယ်ပြီး ရေကို ပွက်အောင် ပြန်တည်ပါတယ်။ ဒီတစ်ခေါက် တည်ရင်တော့ မဝေကျအောင် အဖုံးဖွင့်ထားပါ။ ရေပွက်တဲ့ အခါ မီးပိတ်ပြီး ကြက်သားကို နာရီဝက် ပြန်ထည့်ပါတယ်။ နာရီဝက်ကြာမှ ကြက်ကို ပြန်ဆယ်ပြီး ထမင်းတည်ဖို့ ဆန် ၁ဆခွဲစာ ကြက်ပြုတ်ရည် ယူလိုက်ပါတယ်။ ထမင်းကို အပေါ်မှာ ပြောထားတဲ့ အတိုင်း ချက်ပါတယ်။ ကြက်ကို ဟင်းရည်အိုးထဲ ပြန်ထည့်လည်း ရပါတယ်။ ဆယ်ထားလည်း ရပါပြီ။

ကြက်ဆီ ထမင်း အနှစ် ၀ယ်လို့ မရရင်တော့ ဆန် ၄ လုံးကို ကြက်သွန်ဖြူနှစ်ဥနဲ့ ဂျင်း လက်နှစ်ဆစ်ကို ကြိတ်ပြီး နှမ်းဆီ နည်းနည်း ဆားနည်းနည်းထည့်ပြီး ကြက်ပြုတ်ရည်နဲ့ ထမင်းချက်လို့ ရပါတယ်။ စင်္ကာပူမှာဆိုရင်တော့ pandan ရွက်လေး ထည့်ချက်နိုင်ပါတယ်။ ထမင်းနပ်ရင် ကြက်ကို တုံးပြီး နှမ်းဆီနည်းနည်း၊ ပဲငံပြာရည် နည်းနည်း ဆမ်းလိုက်ပါတယ်။ ပဲငံပြာရည်က Light ဖြစ်ရင် ပိုကောင်းပါတယ်။ သခွားသီး၊ ခရမ်းချဉ်သီးနဲ့ နံနံပင်နည်းနည်းကို ပြင်ထားပါတယ်။ Garlic Chili Sauce ကို ခပ်ထားပါတယ်။ ဂျင်းကို ကြေအောင် ကြိတ်ပြီး ဆီနည်းနည်းနဲ့ စိမ်ထားတာနဲ့ တို့စားရင်လည်း ကောင်းပါတယ်။ ကြက်ပြုတ်ရည်ကို ဆား၊ ငရုပ်ကောင်းမှုန့် ခပ်ပြီး စားသောက်နိုင်ပါပြီ။



တခြားဖတ်ရန် - Hokkien Mee

Thursday, July 10, 2008

Australia Vs Singapore

သြစတြေးလျနဲ့ စင်္ကာပူ ဘာကွာလဲ သိချင်သူများအတွက်ပါ။ Web Site တစ်ခုကနေ အခြေခံယူပြီး ကိုယ့်အမြင်နည်းနည်းနဲ့ ထည့်ရေးထားပါတယ်။


ၾသစေၾတးလ် စကၤာပူ
Work လစာ ပိုရပါတယ်။ အလုပ်သမားတွေက အခွင့်အရေးတွေ ပိုရှိပါတယ်။ အလုပ်ချိန် ပိုနည်းပါတယ်။ Fresh Grad တွေ အလုပ် ရှာရခက်ပါတယ်။ အဲဒါကြောင့် အင်ဒိုတွေ မလေး တရုတ်တွေက ဒီမှာ ကျောင်းပြီးရင် စင်္ကာပူမှာ ၂ နှစ်လောက် အတွေ့အကြုံ ပြန်ယူပြီးမှ ပြန်လာတတ်ကြပါတယ်။ မြန်မာတွေဆို Professional တွေမှ ပိုအဆင်ပြေနိုင်ပါတယ်။ အလုပ်ရှာရ ပိုလွယ်ပါတယ်။ မြန်မာပြည်ကနေ အလုပ် လာရှာသူတွေ အားလုံး အဆင့်အတန်း မျိုးစုံ အတွက် အင်မတန်မှ သင့်တော်ပါတယ်။
ညနက်အောင် လုပ်ရနိုင်ပါတယ်။ စနေ၊ တနင်္ဂနွေမှာပါ လုပ်ရနိုင်ပါတယ်။ မန်နေဂျာ (ပေါက်စ) ဖြစ်လွယ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေ၊ ကုမ္ပဏီ ထောင်လွယ်ပါတယ်။
Housing အိမ်ဈေး ပိုချိုပါတယ်။ အိမ်ထောင်စု တစ်နှစ် ၀င်ငွေ တစ်သိန်း ကျော်နေချိန်မှာ အိမ်ဈေးက ၃သိန်းခွဲကနေ စရှိပါတယ်။ အိမ်ငှားခက အခွန်ဖြတ်ပြီး လစာရဲ့ ၂၀% ကျော် ရှိပါတယ်။ အိမ်ငှားရ ခက်ပါတယ်။ အိမ်ဝယ်တဲ့ အတိုးနှုန်း သက်သာပါတယ်။ ပင်စင်စုငွေထဲကနေ တစိတ်တပိုင်း သုံးလို့ ရပါတယ်။ အိမ်ငှားခက လစာရဲ့ ၂၅%ကျော် ရှိပါတယ်။ အိမ်ငှားရ လွယ်ပါတယ်။ တက်နေစရာ ကပ်နေစရာ အမျိုးတွေ၊ သူငယ်ချင်း အိမ်တွေ အများကြီး ရှိပါတယ်။
Food အသားနဲ့ နို့နဲ့က ပိုလတ်ဆပ်ပြီး ဈေးပိုချိုပါတယ်။ လမ်းဘေးစာတွေက ဈေးပိုကြီးပေမယ့် ပမာဏကလည်း နှစ်ဆလောက် ရပါတယ်။ တရုတ်၊ ကုလားစာ အပြင် အာရပ်၊ ဥရောပနဲ့  အမေရိကန်စာ စစ်စစ်တွေ ရနိုင်ပါတယ်။ ဗမာတွေ အကြိုက် အစားအစာ အကုန်လုံးလိုလို ရနိုင်ပါတယ်။ ဈေးပေါတဲ့ လမ်းဘေးစာတွေ ရနိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်က အစားအစာတွေ ရနိုင်ပါတယ်။
House Chores လေဘာခ ဈေးကြီးတဲ့ အတွက် အစစ အရာရာ ကိုယ်ဘာကိုယ် လုပ်ရပါမယ်။ ဒါပေမယ့် ပန်းကန်ဈေးစက်လိုမျိုးတွေ အိမ်တွေမှာ ရှိပါတယ်။ အိမ်ပြင်၊ ကိရိယာတွေ ပြင်ဖို့အတွက် စားရိတ် ကြီးပါတယ်။ Maid ခေါ်မလား၊ အမျိုးတွေ ခေါ်ထားမလား အဆင်ပြေပါတယ်။ ပြုပြင် ထိန်းသိမ်းခ အများကြီး မပေးရပါဘူး။
Health care အခြေခံ ကျန်းမာရေးအတွက် အစိုးရက အခမဲ့ အကာအကွယ် ပေးထားပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် ကျန်းမာရေး အာမခံတော့ ရှိထားရပါမယ်။ အဲဒီအတွက် တစ်လကို ၁၀၀ ကနေ ၃၀၀ လောက် အထိ ကုန်နိုင်ပါတယ်။ အခမဲ့ ကျန်းမာရေး စနစ် မရှိပါဘူး။ ကုမ္ပဏီတွေမှာ လုပ်ရင်တော့ ကျန်းမာရေး အာမခံ ၀ယ်ပေးတတ်ပါတယ်။ သွားနဲ့ မျက်စိအတွက်က ဈေးအကြီးကြီး မဟုတ်ပါဘူး။ ပင်စင်စုငွေထဲက တစိတ်တပိုင်းကို ဆေးကုဖို့ အတွက် သုံးနိုင်ပါတယ်။
Transport ကိုယ်ပိုင်ကား ၀ယ်နိုင်ပါတယ်။ ကိုယ်ပိုင်ကား ရှိမှလည်း အဆင်ပြေမှာပါ။ Public Transport က အင်မတန် ကောင်းပါတယ်။ တက္ကစီ ဈေးချိုပါတယ်။
Government အစိုးရ စနစ်က အင်မတန် ကောင်းပါတယ်။ အစိုးရရဲ့ Policy တွေက Transparent ဖြစ်တဲ့ အတွက် ရှင်းရှင်းလင်းလင်း သိရပါတယ်။ (သတင်းစာကနေ ဖြစ်ဖြစ်) အစိုးရက ဝေဖန်နိုင်ပါတယ်။ လာဘ်ပေး လာဘ်ယူ ကင်းရှင်းပါတယ်။ Policy တွေ ခဏခဏ ပြောင်းပါတယ်။ များသောအားဖြင့်ကတော့ (စင်္ကာပူနဲ့ သူ့နိုင်ငံသားတွေ) ပိုကောင်းအောင်ပါ။ အစိုးရရုံးတွေ အလုပ်လုပ်တာ စနစ်ကျပြီး မြန်ပါတယ်။
Crime Rate သေနတ်ကိုင်ခွင့် မရှိပါဘူး။ တချို့နေရာတွေက စိတ်မချရပါဘူး။ လုံခြုံ အစိတ်ချရဆုံး တစ်နေရာ ဖြစ်ပါတယ်။ ည ၁၁ နာရီ ကျော်တဲ့ အထိ မိန်းကလေး တစ်ယောက်တည်း အိမ်ကို ပြန်လို့ ရပါတယ်။
Racist အဖြူ လူငယ်တွေက ကားပေါ်ကနေ အော်သွားမယ် ၊ ကံဆိုးရင် ဘီယာပုလင်းနဲ့ ပစ်သွားမယ်။ ရုံးမှာ အလုပ်မှာတော့ ခွဲခြားမှု မရှိပါဘူး။ လူမျိုးနဲ့တောင် တပ်ပြီး မပြောကြပါဘူး။ ဥပမာ  “ဟို Indian ကောင်လေ” တရုတ်ရုပ် မပေါက်ရင်တော့ အနည်းငယ် ခွဲခြားခံရပါမယ်။ Singaporean တွေက သတင်းစာကနေ ဖြစ်ဖြစ် လူမျိုးကြီး ၀ါဒတွေ အော်နေပေမယ့် အပြင်မှာတော့ မသိသာပါဘူး။
Migrant Treatment PR တွေက နိုင်ငံသားနဲ့ မခြား အခွင့်အလမ်း တော်တော်များများ ရနိုင်ပါတယ်။ အစိုးရ ထောက်ပံ့ကြေးတွေ ရနိုင်ပါတယ်။ PR တွေက အိမ်ဝယ်ဖို့ အခွင့်အလမ်းတော့ ရပါတယ်။ အသစ်တော့ ၀ယ်လို့ မရဘဲ တဆင့်ခံ ဈေးကွက်မှာပဲ ၀ယ်နိုင်ပါတယ်။
Taxes အခွန်ကို နင့်နေအောင် ပေးရပါတယ်။ GST က ၁၀% ပါ။ စားသောက်ကုန်တွေ အတွက်တော့ မပေးရပါဘူး။ Income Tax က နည်းပေမယ့် Property Tax နဲ့ Vehicle Tax ကတော့ များပါတယ်။ GST က ၇% ဖြစ်ပါတယ်။
Travel ဘယ်နေရာနဲ့ မဆို အလှမ်းဝေးပါတယ်။ ပြည်ပ လေယာဉ်ခက ၁၀၀၀ အနည်းဆုံးပါ။ ပြည်တွင်းမှာတော့ သွားစရာတွေ အများကြီး ရှိပါတယ်။ အနီအပါးက နိုင်ငံတွေကို စားရိတ် နည်းနည်းနဲ့ လည်ပတ်နိုင်ပါတယ်။
Weather ရာသီဥတု အပြောင်းအလဲ ရှိပါတယ်။ ၄ ရာသီ ရှိပါတယ်။ အအေး မလွန်ပါဘူး။ ရာသီဥတု ကြည်လင်ပြီး တခါတလေ မိုးများပါတယ်။
တစ်နှစ်ပါတ်လုံး ဒီရာသီပါပဲ။
National Service သားမွေးထားရင်တော့ ၂ နှစ်လောက် စစ်တပ် ပို့ထားရပါမယ်။
Childcare ကလေး မူကြိုတွေ ဈေးကြီးပါတယ်။ ၁၀၀၀ ကျော် ၁၅၀၀ ပေးရပါတယ်။ တ၀က် Rebate အစိုးရဆီက ပြန်ရနိုင်ပါတယ်။ မွေးပြီး ၂ လ လောက် နေတာနဲ့ ကလေးထိန်းကျောင်း ပို့လို ရပါပြီ။ ကလေးကြီးတွေ အတွက်ပဲ မူကြိုတွေ ပေါပါတယ်။ ဈေးမများပါဘူး။ ၅၀၀ အောက်နဲ့ ရနိုင်ပါတယ်။
Leisure အခမဲ့ TV လိုင်းက အစီအစဉ်တွေ ပိုကောင်းပါတယ်။ ညနေ ၅ နာရီ ကျော်ရင် ဆိုင်တွေ ပိတ်ပါပြီ။ ကြာသပတေးနေ့ တစ်နေ့တည်း ည ၉ နာရီ အထိ ဆိုင်တွေ ဖွင့်ပါတယ်။ စာဖတ်သူ တစ်ယောက်က ဒီလို မှတ်ချက်ပေးသွားပါတယ် - Restaurants and clubs open till 9:30pm or 10pm. And in the cities, many shops open till 9 or 10pm. People here normally work till 5:30 or 6pm and do not work as late as in Asian countries. That is one of the main reasons why many businesses close. တရုတ် အစီအစဉ်တွေ မကြည့်ရင်တော့ အခမဲ့ TV လိုင်းက ကြည့်စရာ ရှားပါတယ်။ ည ၉ နာရီလောက်အထိ Shopping ထွက်နိုင်ပါတယ်။ Mustafa လို ဆိုင်ဆို ၂၄ နာရီ ပတ်လုံး ဖွင့်ပါတယ်။
Tax to Myanmar Embassy
၆၀ AUD (၇၅ စင်းဒေါ်လာ ) ပုံသေ ဖြစ်ပါတယ်။ သြစတြေးလျ အစိုးရ အတွက် အခွန်နှုတ်ပြီးသားမှ ပျမ်းမျှ (Average) လစာ ၄၀၀၀ ရတဲ့ သူအတွက် ၁.၅% ဖြစ်ပါတယ်)
ဗီဇာ အဆင့်အတန်းလိုက် ပေးရပါတယ်။ Work Permit ဆို ၄၀ စင်းဒေါ်လာ- (လခ ၈၀၀ ရတဲ့သူဆို ၅% ဖြစ်ပါတယ်) S-Pass ဆို ၈၀ (လခ ၁၈၀၀ ရတဲ့သူဆို
၎.၅%) - Employment Permit နဲ့ PR ဆို ၁၂၀ (လခ ၃၀၀၀ ရတဲ့ သူဆို ၄%) ဖြစ်ပါတယ်။
PR Application PR လျှောက်ဖို့ တိုင်းပြည်အတွင်းမှာ ဘယ်လောက် နေထားသလဲနဲ့ (အများကြီး) မဆိုင်ပါဘူး။ (ဒီမှာ ကျောင်းတက်ထားရင်တော့ ပိုကောင်းတာပေါ့) လုပ်သက်များလား အသက်ငယ်လား ဒီမှာ လိုအပ်တဲ့ ပညာတတ်လားနဲ့ပဲ ဆိုင်ပါတယ်။ PR လျှောက်ဖို့ ရနိုင် မရနိုင်ကို လျှောက်မယ် စိတ်ကူးတာနဲ့ ကိုယ့်ဘာကိုယ် တွက်ကြည့်လို့ အဖြေ ထွက်ပါတယ်။ အစိုးရရဲ့ Policy က Transparent ဖြစ်ပြီး Web Site တွေမှာ အလွယ် ကြည့်နိုင်ပါတယ်။ PR လျှောက်ဖို့ ဗီဇာ အဆင့်အတန်း ပေါ်မူတည်ပြီး ဘယ်လောက် ကြာကြာ စင်္ကာပူမှာ နေထားသလဲ ပေါ် မူတည်ပါတယ်။ (အစိုးရ Web Site မှာတော့ စင်္ကာပူမှာ မနေလည်း ရတယ် ဆိုပေမယ့် ဒါက ဟောင်ကောင် `ပျက်´ မလို ဖြစ်တုန်းက ဘော်ချက်တာပါ) PR ရနိုင် မရနိုင်က ကံပေါ်  မူတည်သလိုလို၊ ဟိုဟာ ကြောင့် သူက Reject ဖြစ်တာ၊ သူကတော့ ဒီဟာ ကြောင့် ရတာလို့ ပြောရလောက်အောင် ဘာကြောင့် ရနိုင် မရနိုင်ကို ရှင်းရှင်းလင်းလင်း ပေးမသိထားပါဘူး။ အစိုးရမှာ ဖော်မြူလာတွေ ထုတ်နိုင်တဲ့ PE (Political Economy) သမားတွေ ရှိပြီး သူတို့တွေက ကိန်းရှင်တွေကို အမြဲတမ်း Update လုပ်နေလို့လည်း ပါပါတယ်။

Wednesday, July 09, 2008

သြော်ဇီအကြောင်း GTalk မှာ

ကောင်လေး တစ်ယောက်က ကျွန်တော့် Gmail ဘယ်လို ရသွားလဲ မသိပါဘူး။ GTalk မှာ Invite လုပ်ထားလို့ ဘယ်သူမှန်းမသိပေမယ့် သိတဲ့သူများ ဖြစ်မလားလို့ ပြန်ပြီး Accept လုပ်လိုက်တယ်။ သူက တစ်ခါတစ်လေ ကျွန်တော့်ကို လှမ်း Chat ပြီး Australia က အခြေအနေတို့ ဘယ်လို လာသလဲတို့ မေးပါတယ်။ တစ်ခါတစ်လေလည်း ကျွန်တော့် အကြောင်းကို တည့်ကြီး မေးတယ်။ ကျွန်တော် နားလည်ပါတယ်။ သူက ဒီကို လာချင်လို့ ကျွန်တော့်ကို လှမ်းလှမ်း မေးနေတာကို။ တစ်ခါတစ်လေတော့ ပြန်ဖြေလိုက်ပါတယ်။ တစ်ခါတစ်လေတော့လည်း တစ်မျိုးပဲပေါ့။ ကျွန်တော် GTalk Account က အမြဲ Online ဖြစ်နေတော့ သူ ညက မေးသွားတာတွေကို ပြန်ဖြေထားတာပါ။

hi bro why do you wanna stay in New Zealand ?
ကျွန်တော် သြော်ဇီမှာ နေတာပါ။ နယူးဇီလန် မဟုတ်ပါ။

what is different with Au and NZ ?
မသိပါဘူး။ နယူးဇီလန်ကတော့ ကျွန်တော် နေချင်တဲ့ နိုင်ငံပါ။

Currently au is my dream from sg I will do visit before i migrate and how about job nature in au ?
တကယ် တတ်ကျွမ်းတဲ့ သူတွေအတွက် အဆင်ပြေပါတယ်။ အလုပ်က ဒီမှာ စနစ်ပိုကျပြီး သက်သာပါတယ်။  ရုံးတွင်း Politics ကတော့ ဒီမှာ များပါတယ်။ကျွန်တော် တွေကြုံရတာကို ပြောတာပါ။

what is different from sg ?
ပြောရရင် အများကြီးပါ။ စင်္ကာပူ (အရှေ့တိုင်း) နဲ့ မပြောနဲ့ အမေရိကားနဲ့တောင်  (ဘိုနိုင်ငံခြင်းတောင်) အတော်ကွာပါတယ်။ Post တစ်ခု ရေးလိုက်ပါမယ်။

and I also heard Sun is still shining in au at 9 PM ? is it really ?
နယူးဆောက်ဝေးပြည်နယ်မှာ နွေရာသီ တချို့ရက်တွေမှာတော့ ည ၈ နာရီ ကျော်မှ မှောင်ပါတယ်။ ဆောင်းရာသီမှာတော့ ညနေ ၅ နာရီဆို မှောင်အတိကျနေပါပြီ။

plz also mention my question in yr blog so that everybody can read

I think job nature is totally different between au & sg and how about pay scale ?
လစာတွေကို Internet မှာ ကြည့်နိုင်ပါတယ်။ အလုပ်ရှာတဲ့ Web Site တွေမှာလည်း ကြည့်နိုင်ပါတယ်။ ဥပမာ Seek.com.au မှာ ကြည့်ပါ။

how about expenses bet sg & au especially plz compare everything between sg & au
အစစ အရာရာ အနည်းဆုံး တစ်ဆခွဲကနေ နှစ်ဆ ဈေးကြီးပါတယ်။ စင်္ကာပူ အမေရိကားထက် ဈေးပိုကြီးပါတယ်။

how to feel between these 2 ?
နှစ်ခုလုံး ကြိုက်ပါတယ်။ စင်္ကာပူမှာ အမျိုးတွေနဲ့ နေရတာ ပျော်ပါတယ်။ ဒီမှာ အဆင့်တန်း မြင့်မြင့်နေရတာ ကြိုက်ပါတယ်။

which one is better . for all these
ဘယ်နေရာ ဖြစ်ဖြစ် လက်ရှိ နေတာနေရာက လက်ရှိအချိန်မှာ အကောင်းဆုံးပါ။ (ဒါဟာ တက်ကျမ်း စာအုပ်တွေထဲကလို ကြားကောင်းအောင် ပြောတာမဟုတ်ပါ။ ကျွန်တော်တို့ နေခဲ့တဲ နေရာတွေမှာ ကျွန်တော်တို့ ပျော်ပျော်ကြီး နေခဲ့တာပါ။)

thanks for your Australia posts

ကျွန်တော် သြော်ဇီ အကြောင်းတွေ ရေးချင်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မရေးဖြစ်ပါဘူး။ ကြုံရင်တော့ ကြုံသလို ရေးပါတယ်။ ဒါပေမယ့် ကျွန်တော့် ဘလော့ဂ်က သြော်ဇီလမ်းညွှန် မဟုတ်ပါဘူး။ ကဏ္ဍတစ်ခု အနေနဲ့တော့ ပါမှာပါ။ ကျွန်တော် ဘာရေးရေး အမြဲ အားပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

Sunday, July 06, 2008

So You Think You Can Dance

သမီး မြတ်နိုးက ငယ်ငယ်ကတည်းက ကတာ ၀ါသနာပါတယ်။ အစကတော့ ဘယ်ကဘယ်လို ကတတ်မှန်းမသိပါဘူး။ နောက်တော့မှ သူက TV မှာ ကြည့်ပြီး တတ်မှန်း သိတော့တယ်။ သူကြိုက်တဲ့ ကာတွန်း ရုပ်လေး နာမည် ပြောလိုက်ရင် သူက အဲဒီ အထဲကလို လိုက်ကတယ်။ အခုလည် ကစားစရာလေး ၀ယ်ပေးထားတာ သူကြိုက်တဲ့ တီးလုံးအတွက် နံပါတ်ကို ရွေးနှိပ်ပြီး ကပါလေရော။


သူက ကရင် ကကြိုးကို တစ်မျိုးပြီး တစ်မျိုး ပြောင်းပြီး ကတတ်ပါတယ်။ တီးလုံး ပြောင်းသွားတာနဲ့ ကကြိုး တစ်မျိုး ပြောင်းပြီး ကတယ်။ တီးလုံး မပြောင်းရင်တောင် ဒါမျိုးကနေတာ လေးငါးခါ ရှိသွားပြီ ဆိုပြောင်းပြီး ကပါရော။ သူကနေတဲ့ အချိန်မှာ Mood ၀င်နေတာ သူ့ မျက်နှာလေးမှာ တွေ့နေရတယ်။ ကရင်လည်း သီချင်းဆုံးတဲ့ အထိ စိတ်ရှည်ရှည် ကတယ်။ မိန်းကလေးဆိုတော့လည်း နည်းနည်း ပါးပါးတော့ ကတတ်မှာပေါ့။ ဘယ်အချိန် အထိတော့ စိတ်ဝင်စားမယ် မသိ။ တကယ်တမ်း ပြောရမယ်ဆို ဒါမျိုးတွေ တကယ်သာ စိတ်ဝင်စားရင် သဘောတူပြီး လိုက်လုပ်ပေးနိုင်ဖို့ အတော် စဉ်းစားရဦးမယ်။
ကဲ က ကရင်မ ကရင်က မကရင် မက ကရင် ကရင်က က....

Thursday, July 03, 2008

Baby Bonus

စင်္ကာပူမှာ သမီးလေး မွေးလိုက်တာ မမွေးခင်စားရိတ်၊ ဆေးရုံစားရိတ်၊ မွေးပြီး ကလေး ကာကွယ်ဆေးထိုးတာတို့ ကလေးဆရာဝန် ပြတဲ့ စားရိတ်တွေ အားလုံးပေါင်းလိုက်ရင် ၁ သောင်းလောက် ကုန်သွားပါတယ်။ ဒါတောင် နှစ်ဘက်မိသားစုတွေကို ခေါ်တာ မပါသေးဘူး။ ဒီမှာတော့ မွေးတာရော မွေးပြီးရော အားလုံးလိုလို ဟာ အခမဲ့ နီးပါး ဖြစ်တဲ့ အပြင် မွေးပြီးတော့ Birth Register လုပ်ပြီးတော့ လျှောက်လိုက်တာနဲ့ Baby Bonus ၄၀၀၀ ကျော်က Bank Account ထဲကို တန်းဝင်လာပါတယ်။

တကယ်ဆို သြစတြေးလျရဲ့ သားဖွားနှုန်း (Fertility Rate) က မနည်းပါဘူး။ အောက်မှာ ပြထားတဲ့ ဇယားအတိုင်းပါပဲ။

World (Average) 2.58
Myanmar 2.07
USA 2.05
UK 1.85
Australia 1.81
Singapore 1.08
ဒါပေမယ့် နိုင်ငံအကျယ်အ၀န်းနဲ့စာရင် လူဦးရေ နည်းသေးတဲ့ အတွက် ကလေးများများ မွေးအောင် အားပေးတဲ့ အနေနဲ့ (ယခင်) အစိုးရ ဘဏ္ဍာစိုး (Treasurer) က ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်က စလို့ (ဇူလိုင်လ ၁ရက် - ၂၀၀၄) ကစလို့ ကလေးမွေးတဲ့သူတိုင်းကို ကလေးတစ်ယောက်ကို ဒေါ်လာ ၃၀၀၀ စပေးလာပါတယ်။ အဲဒီ နှစ်မှာ ကလေး ၁ သောင်းခွဲ ပိုမွေးတယ်လို့ ဆိုပါတယ်။ Baby Bonus က တဖြည်းဖြည်းတိုးလာတာ ၃၀၀၀၊ ၄၀၀၀ ကနေ နောက်ဘဏ္ဍာရေးနှစ်မှာ (ဇူလိုင်လ ၁ ရက်နေ့ နောက်ပိုင်းမှာ) ၅၀၀၀ ပေးပါတော့မယ်။ သားလေးက မေလထဲမှာ ဖွားလို့ ၅၀၀၀ ကို မမီလိုက်ပေမယ့် ၄၂၀၀ ကျော်ကျော် ရလိုက်ပါတယ်။ သိုက်ဖွားလေးကတော့ မွေးလာတာ သူ့အထုပ်နဲ့ သူလာတယ်လို့ ပြောနေကြတယ်လေ။ စင်္ကာပူမှာလို နိုင်ငံသားမှ ပေးတာမဟုတ်ဘဲ PR တွေကိုပါ ပေးပါတယ်။ ခွဲပေးတာ မဟုတ်ဘဲ တစ်ခါတည်း ပေးပါတယ်။ နောက်နှစ်ကျရင်တော့ ခွဲပေးတော့မယ်၊ အိမ်ထောင်စု ၀င်ငွေ ၁ သိန်းခွဲ ကျော်ရင် မပေးတော့ဘူး ကြားပါတယ်။

`နိုင်ငံရေး သမားတွေ´ကတော့ ဘေးထိုင် ဘုပြောပေါ့။ ဒီ Baby Bonus အစီအစဉ်ဟာ Stupid Policy ဘာညာပေါ့။ ဒီအစီအစဉ်မရှိလည်း တခြား အစီအစဉ်တွေ ရှိရင် မွေးမှာပဲပေါ့။ ၈၈% ဟာ Baby Bonus ပေးပေး မပေးပေး မွေးမှာပဲတဲ့။ ကျွန်တော်တို့လိုပေါ့။ ကလေးတွေ မွေးရင် ပိုတောင် အခွန်ကောက်သင့်တယ် ပြောတဲ့လူ ရှိသလို မွေးချင်း ၁၆ ယောက် ရှိတဲ့ လွှတ်တော် အမတ်ကလည်း Baby Bonus ၁ သောင်းပေးသင့်တယ် ပြောတာလည်း ရှိပါတယ်။ Baby Bonus ဟာ နိုင်ငံရေးမှာလည်း အတော် အကျိုးသက်ရောက်မှု ရှိပါတယ်။ ပြည်သူတွေကတော့ ကိုယ့်ကို ပိုက်ဆံပေးတဲ့ သူကို ထောက်ခံတာပဲပေါ့။ အဲဒီတုန်းက Baby Bonus ကို စခဲ့တဲ့ Treasurer ကလည်း နိုင်ငံရေးသမားတွေက မထောက်ခံချင်နေ ပြည်သူတွေကတော့ အားပေးတယ်။ အခုတက်လာတဲ့ ၀န်ကြီးချူပ် ကယ်လ်ဗင်ရက်ဒ်ကလည်း ရွေးကောက်ပွဲမှာကတည်းက ၅၀၀၀ ပေးမယ် ပြောပြီး မဲဆွဲလာတာ။

တကယ်တော့ ၄၀၀၀ ကျော်ဟာ မနည်း မများပါ။ Baby Bonus ကြောင့် ကလေးတွေ ပိုမွေးလာတယ်လို့လည်း စာရင်းအင်းတွေအရ ပြောကြပါတယ်။ ဒါတောင် Baby Bonus ဟာ အငြင်းပွားဖွယ် ဖြစ်နေပါသေးတယ်။ ပိုက်ဆံ ၄၀၀၀ ဟာ ၀င်ငွေကောင်းတဲ့ လင်မယားကိုတော့ ကလေးတစ်ယောက် မွေးလောက်အောင် မဆွဲဆောင်နိုင်ပေမယ့် တော်ရုံတန်ရုံ မိသားစုကိုတော့ အထောက်အကူ ပြုပါတယ်။ ကျွန်တော်တို့ အတွက်တော့ အဘိုးအဘွားကို ခေါ်တာနဲ့တင် လောက်တောင် မလောက်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရတော့ ရလိုက်တာပေါ့။

အခုလက်ရှိ နှုန်းအရ ကလေးတစ်ယောက်ကို ဘွဲ့ရတဲ့အထိ ကြီးပြင်းအောင် ပြုစု ပျိုးထောင်ဖို့ ၅ သိန်းလောက် လိုတယ်တဲ့။ ကျွန်တော်တို့က နှစ်ယောက်ဆိုတော့ ၁ သန်းကျော် ကုန်မှာပေါ့။ တွေးကြည့်တာတောင် မလွယ်ဘူး။ ကလေးတစ်ယောက်ကို မွေးလို့ Expense အသုံးစားရိတ် သာမက Opportunity Cost က ပိုကုန်ပါတယ်။ ကလေးတွေကို ပြုစုဖို့ အမေသာ အလုပ် မလုပ်ရင် ရမယ့် လုပ်ခ ဆုံးရှုံးနိုင်တာကို အခွင့်အလမ်း စားရိတ်လို့ ပြောတာပါ။

နောက် (ဘဏ္ဍာရေး) နှစ်မှာ ၅၀၀၀ ပေးတော့မှာမို့ ကလေးတွေကို နောက်ကျမှ မွေးတာတွေလည်း ရှိလာပါတယ်။ မိသားစုဘက်ကတော့ Family Planning ပေါ့။ အစိုးရတွေ ၀န်ကြီးဌာနတွေဘက်ကတော့ ကလေးတွေ ပြုံမွေးရင် ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်မှာကို ပူနေရပါတယ်။

သြော်ဇီမှာတော့ Baby Bonus အပြင် တခြားထောက်ပံ့ကြေးတွေကို အစိုးရက ပေးပါသေးတယ်။ အိမ်ထောင်စု ၀င်ငွေနည်းရင် ထောက်ပံ့ကြေး၊ မိခင်အလုပ်မလုပ်နိုင်ရင် ထောက်ပံ့ကြေး၊ ကလေးမူကြို ထောက်ပံ့ကြေး၊ အိမ်ငှားစားရိတ် ထောက်ပံ့ကြေး စသည် စသည်ပေးပါတယ်။ များသော အားဖြင့်ကတော့ ၀င်ငွေပေါ် မူတည်ပြီး ပေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရတာလေးတွေကတော့ တန်တာပါပဲ။ ဒီလိုကြောင့်လည်း သြော်ဇီမှာ နေရတာ ပျော်ပါတယ်။

တခြားဖတ်ရန်

Wednesday, July 02, 2008

Software Development ဝေါဟာရများ - Virtualization

ကွန်ပြူတာလောကမှာ စကားလုံးတွေက အဓိပ္ပါယ်ကြွယ်ဝပြီး နားလည်သယောင် ရှိပါတယ်။ ဆေးပညာ စာအုပ်တွေမှာလို ခက်ခက်ခဲခဲ လက်တင်စကားလုံးတွေ၊ ဂရိစကားလုံးတွေ မဟုတ်ဘဲ ရိုးရှင်းတဲ့ အင်္ဂလိပ်စာ ဖြစ်တဲ့ အတွက် စကားလုံးတွေရဲ့ ဘာသာပြန်ကို သိနိုင်ပေမယ့် အဓိပ္ပါယ်နဲ့ အသုံးချပုံကို သိမလွယ်ပါဘူး။

ဥပမာ Virtualization ဆိုတာကို `အစစ်ယောင်ပြုလုပ်ခြင်း´ ဆိုရင် တချိ့နေရာတွေမှာ ဘာသာပြန်နိုင်ပေမယ့် အတော်များများမှာတော့ တခြား အဓိပ္ပါယ် သက်ရောက်ပါတယ်။ Virtualization ဆိုတာကို ပြောရမယ်ဆိုရင် ကွန်ပြူတာ အရင်းအမြစ်တွေ (Resource) ကို ခြားနာစွာ စိတ်ကူး သိမြင်ခံယူခြင်း (Abstraction) ဖြစ်ပါတယ်။ Wikipedia က Virtualization ကို ဒီလို ဆိုပါတယ်။

Virtualization hides the physical characteristics of computing resources from their users, be they applications, or end users.
ယေဘုယျအားဖြင့် Virtualization အုပ်စု နှစ်မျိုး ရှိပါတယ်။
  • Physical Resource တစ်ခုထဲကို Virtual Resource အများကြီး လုပ်ခြင်းနဲ့
  • Physical Resource အများကြီးကို Virtual Resource တစ်ခုတည်း လုပ်ခြင်းတို့ ဖြစ်ပါတယ်။
Resource လို့ ဆိုရာမှာ ကိုင်တွယ်လို့ ရတဲ့ Server တွေ၊ Storage Device တွေဖြစ်နိုင်သလို ကိုင်တွယ်လို့ မရတဲ့ Operating System တွေ၊ Application တွေလည်း ဖြစ်နိုင်ပါတယ်။ Network တွေနဲ့ အင်တာနက်ကြီး တစ်ခုလုံးဟာလည်း Resource တွေပါပဲ။

Virtualization ကို အသုံးချနေတာတွေကတော့
  1. Server Virtualization
  2. Client / Desktop / Application Virtualization
  3. Network Virtualization
  4. Storage Virtualization
  5. Service / Application Infrastructure Virtualization တို့ ဖြစ်ပါတယ်။
1. Server Virtualization
Server Virtualization ဆိုတာ တကယ်ရှိတဲ့ Server တစ်လုံးတည်းကို Virtual Server တွေ ခွဲသုံးခြင်းပါ။ ဒီလို သုံးလို့ ရအောင် Hypervisor က လုပ်ပေးပါတယ်။ Hypervisor ဆိုတာ Virtual Server (Guest) နဲ့ Hardware (Host) ကြားက Software layer တစ်ဆင့်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Hypervisor က Hardware လည်း ဖြစ်နိုင်ပါတယ်။ Hypervisor နှစ်မျိုးရှိပါတယ်။
  • တစ်မျိုးက Guest တွေက ပင်ရင်း Hardware ပေါ်မှာ တိုက်ရိုက် Run တာဖြစ်ပြီး (ဥပမာ Citrix Xenserver)
  • နောက်တစ်မျိုးက Guest တွေက Third Level ကနေ Run တာပါ။ (ဥပမာ Apple ကွန်ပြူတာမှာ Windows သုံးချင်ရင် Parallel Desktop နဲ့ သုံးသလိုမျိုးပါ။ Hardware နဲ့ တကယ် ထိတွေ့နေတာက Mac OS ပါ။)
Server Virtualization ကြောင့် ကောင်းတဲ့ အချက်တွေကတော့
  • ကိုယ့်မှာ ရှိတဲ့ Hardware တွေကို အပြည့်အ၀ အသုံးချလို့ရတယ်။ ဝေမျှသုံးစွဲလို့ ရတယ်။ အဲဒီအတွက် စားရိတ်တွေ၊ စွမ်းအင် (မီတာခ)တွေ သက်သာမယ်။
  • Isolation (ထီးတည်းခြားထားခြင်း) ကြောင့် Security ပိုကောင်းပါတယ်။
  • Software Developer တွေက မတူညီတဲ့ Environment တွေ သူ့စက် တစ်လုံးတည်းမှာ Install လုပ်လို့ ရလာတယ်။
မကောင်းတာတွေကတော့
  • ဆာဗာ အလုံးအရေအတွက် နည်းသွားလို့ Administration က ပိုမလွယ်သွားနိုင်ပါဘူး။ ဒီလို Virtualize လုပ်ဖို့အတွက် ပိုကျွမ်းကျင်တဲ့ သူတွေ လိုလာပါမယ်။
  • Software လိုင်စင်တွေကလည်း Virtualization သော ဘာသော မသိပါဘူး။ နှစ်ခါ Install လုပ်ရင် နှစ်ခါစာ ပေးရပါမယ်။
  • CPU တို့ RAM တို့ကို မျှဝေသုံးစွဲရတဲ့ အတွက် Performance ကျသွားမှာပါ။
2. Application / Desktop Virtualization
ဆာဗာတွေမှာတင် မဟုတ် Desktop နဲ့ Application တွေမှာပါ Virtualize လုပ်လို့ ရပါတယ်။ Application နဲ့ Desktop ကို Virtualize လုပ်တဲ့ အခါ Local နဲ့ Hosted ဆိုပြီး နှစ်မျိုး ထပ်ခွဲပြန်တယ်။
  • Hosted Application Virtualization ကတော့ Google Documents လိုမျိုးဖြစ်ပြီး
  • Local Application Virtualization ကတော့ သုံးချင်တဲ့ အခါကျမှ Streaming လုပ်ပြီး သုံးတာမျိုးပါ။ ဒီလို Streaming လုပ်ဖို့ ကိုယ့်စီမှာတော့ Starter Application သေးသေးတစ်ခု ရှိထားရပါတယ်။ ဥပမာ VMware Player လိုမျိုးပါ။
Application တွေ Virtualize လုပ်တဲ့ အတွက် ကောင်းတာတွေကတော့
  • ပြင်တာတို့ ထပ်တိုးတာတို့ကို ဗဟိုကနေ ထိန်းချုပ်လို့ ရပါတယ်။
  • ကြိုက်တဲ့ နေရာကနေ Access လုပ်လို့ (သုံးလို့) ရလာပါတယ်။ ဥပမာ Google Documents ကို အိမ်မှ၊ ရုံးမှ သုံးသလိုပါ။
မကောင်းတဲ့ အချက်တွေကတော့
  • (Local) Virtual Application တွေ သုံးရင် CPU တို့ RAM တို့ အစရှိတဲ့ Resource တွေ ပိုစားပါတယ်။
  • Application တိုင်းကို Virtualize လုပ်လို့ မရနိုင်ပါဘူး။
Desktop Virtualization ကတော့ Server-centric Computing Model ကနေ ဆင်းသက်လာတဲ့ Thin-client Model မျိုးဖြစ်ပါတယ်။
  • Hosted Desktop Virtualization ကတော့ Microsoft Terminal Service လိုမျိုးပါ။ အခုနောက်ပိုင်းမှာ Web OS တွေ စမ်းသပ်လာပါပြီ။
  • Local Desktop Virtualization ကတော့ အထက်မှာ ပြောဖူးတဲ့ Parallel Desktop လိုမျိုးပါ။
3. Network Virtualization
Application တွေ Server တွေကိုသာမက Network ကြီးတစ်ခုလုံးကိုလည်း Virtualize လုပ်ပါတယ်။ Wikipedia က ဒီလိုဆိုပါတယ်။
In computing, network virtualization is the process of combining hardware and software network resources and network functionality into a single, software-based administrative entity, a virtual network.
Network Virtualization မှာPlatform Virtualization နဲ့ Resource Virtualization ဆိုပြီး ရှိပါသေးတယ်။ VPN (Virtual Private Network) ကတော့ System Administrator တွေကြား ခေတ်အစားဆုံးဖြစ်ပြီး မသိမဖြစ်လို ဖြစ်လာပါတယ်။ အင်တာနက် ကွန်ယက်ထဲက ကိုယ့်ရဲ့ Resource လေးတွေကိုပဲ Virtualize လုပ်ထားတဲ့ အတွက် Isolate ဖြစ်ပြီး Security ပိုကောင်းလာပါတယ်။ Network တွေကို ပေါင်းပြီး (Consolidate) လုပ်ပြီး Network ကြီးတစ်ခုအဖြစ် ဖန်တီးထားနိုင်တဲ့ အတွက် Manage လုပ်ရတာ ပိုလွယ်လာပါတယ်။

4. Storage Virtualization
Storage Virtualization ကတော့ တစ်မျိုးပါ။
Storage virtualization refers to the process of abstracting logical storage from physical storage.
Hard Disk Array တွေနဲ့ RAID တွေ လုပ်ခြင်းဟာ Virtualize လုပ်ခြင်း အခြေခံပါပဲ။ Data Migration တို့ Caching တို့ကလည်း Storage Virtualization ထဲမှာ  ပါပါတယ်။ Storage Virtualization ကြောင့် Data တွေကို သုံးနေချိန်မှာ System ကို Interrupt မဖြစ်စေဘဲ Migrate လုပ်နိုင်တယ်။ Storage ကို ထပ်ချဲ့နိုင်တယ်။ Storage Device တွေကို Over Utilize မဖြစ်အောင် Under Utilize မဖြစ်အောင် ကောင်းစွာ အသုံးချနိုင်တယ်။ Storage Virtualization မှာ အရေးကြီးဆုံးကတော့ Metadata (Mapping) တွေပါပဲ။ Mapping တွေက Physical Storage နဲ့ Logical Storage ကို တွဲပေးပါတယ်။  ဥပမာ Windows က FAT (File Allocation Table) လိုမျိုးပါ။

5. Service / Application Infrastructure Virtualization
ဒီနေရာမှာတော့ Service တွေ Application တွေကို Infrastructure ကနေ Virtualize လုပ်ထားတာပါ။ အဲဒီအတွက် Service Appplication တွေ Develop လုပ်တဲ့ သူတွေက Infrastructure အကြောင်း သိစရာမလိုဘဲ Develop လုပ်နိုင်လာပါတယ်။ ဒီလို Infrastructure တွေဖြစ်တဲ့ O/S တွေ Hardware တွေနဲ့ Application တွေကို ခြားနားပေးတဲ့ Layer တွေကို Application Fabrics တွေလို့လည်း ပြောပါတယ်။ Application Developer က အဲဒီ Layer အတွက်ပဲ စဉ်းစားပြီး Develop လုပ်ရုံပဲ။ အဲဒီ Layer က Infrastructure နဲ့ ဆက်သွယ် အလုပ်လုပ်သွားမယ်။ အဲဒီ Layer တွေကလည်း မတူညီတဲ့ Infrastructure တွေမှာ အလုပ်လုပ်နိုင်အောင် စွမ်းဆောင်ရည် ရှိရမယ်။

အထက်ပါ အချက်တွေ လေ့လာပြီးရင်တော့ Virtualization ဆိုတာကို အဓိပ္ပါယ် သိနိုင်ပါပြီင်္။ အတိုဆုံး ပြောရမယ်ဆိုရင်
Virtualization is abstracting resource.
မြန်မာလို ဆိုရင်တော့
ကွန်ပြူတာ အရင်းအမြစ်များကို ခြားနာစွာ ခံယူ အသုံးချနိုင်အောင် ပြုလုပ်ခြင်းဖြစ်သည်။

Film