Sunday, August 31, 2008

အမဲသား ကြော်နည်းများ

ဒီပို့စ်မှာ အမဲသားကို (၁) အစိုကြော်နည်း (၂) အမွကြော်နည်း (၃) ကိုရီးယားစတိုင် ကြော်နည်း (၄) အမဲသား ပဲငပိ အငန် ကြော်နည်း များကို တစ်နေရာတည်းမှာ ရေးသားထားပါတယ်။ အမဲသားကို ချက်စားရတာ ညှီတယ် ဆိုသူများ အတွက် အထူး သင့်တော်ပါတယ်။

(၁)အစိုကြော်နည်း
အမဲသားကို အတုံးလိုက် ရေဆေးပြီး လက်ချောင်း အရှည်နဲ့ အထူ အတုံးလေးတွေ လှီးထားပါတယ်။ အကောင်ဆုံးကတော့ Stir Fry အတွက် အသင့် လှီးထားတဲ့ အမဲသားလေးတွေပါပဲ။ ပြီးတော့ ဆား သင်ရုံ၊ နနွင်း နိုင်းချင်း၊ ဟင်းချက် ငရုတ်သီးမှုန့် အနည်းငယ်နဲ့ နယ်လိုက်ပါတယ်။ အသား မဆလာ နည်းနည်း ထည့်ပါတယ်။ မဆလာ မထည့်ရင်လည်း ဗမာ အရသာ ရပြီး စားကောင်းပါတယ်။မဆလာ နည်းနည်း ထည့်လည်း ပိုမွှေး ပို Spicy ဖြစ်ပြီး စားလို့ ကောင်းပါတယ်။ နှစ်မျိုးစလုံး လုပ်စားဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက်တော့ မဆလာ နည်းနည်း ပါတယ် ဆိုရုံ ကျက်ခါနီးမှာ ထည့်ပါတယ်။ တစ်ရေခန်းရင် ဆီပူပူနဲ့ အပြင်ဖက်ကို နည်းနည်း ကျွတ်တယ်ဆိုရုံ ကြော်ပြီး အတွင်းမှာလည်း ရေဓာတ်ကျန်အောင် ထားရင် စားလို့ အလွန် ကောင်းပါတယ်။ ကျက်ကျက်ချင်း စားမှ ကောင်းပြီး မနက်ကြော်ထားတာကို ညနေမှာ စားရင်တော့ ပျင်းတွဲတွဲနဲ့ စားလို့ မကောင်းပါဘူး။ ကန်စွန်းရွက် ချဉ်ရည်ဟင်းလိုမျိုးနဲ့ တွဲဖက်စားမယ်ဆိုရင်တော့ အလိုက်ဆုံးပါပဲ။

(၂)အမွကြော်နည်း
အဆောင် နေဖူးသူတွေ သာမက နိုင်ငံခြား ရောက်နေသူတွေ အတွက် အိမ်က ချက်ပေးတဲ့ အထဲမှာ အမဲသား အမွကြော်လည်း ပါနိုင်ပါတယ်။ အမည်းသားကို တစ်လက်မ ပတ်လည် အတုံးလေးတွေ တုံးပြီး ဆားနည်းနည်း များများနဲ့ ရေခန်းအောင် မီးနည်းနည်းနဲ့ ကြာကြာ ပြုတ်ပါတယ်။ ပြုတ်ရည်ထဲမှာ အချိုရည်တွေ ပါသွားတတ်လို့ ရေခန်းအောင် ပြုတ်မှ စားကောင်းပါတယ်။ အသားလည်း နူးပြီ ရေလည်း ခန်းပြီဆို အအေးခံထားပြီးနောက် အမျှင်လေးတွေ လုပ်ပါတယ်။ ပြီးတော့ ဆီပူထဲမှာ ကြော်ပါတယ်။ အသားတွေ ကြွတ်ပြီဆို ဆယ်ထားပါတယ်။ ကြက်သွန်နီကိုလည်း ဆီချက်ချက် ကြော်ပါတယ်။ ပြီးတော့ ကြက်သွန်ဖြူကို အ၀ိုင်းလေးတွေ လှီးပြီး ကြော်ပါတယ်။ ဂျင်းနည်းနည်းကိုလည်း အတုံးသေးသေးလေးတွေ လှီးင်္ပြီး တစ်ခါတည်း ထည့်ကြော်ပါတယ်။ အဲဒီနောက် ကြော်ထားတာတွေ အားလုံးကို ရောသမ မွှေလိုက်ပါတယ်။ အချိုမှုန့် နည်းနည်း ထည့်မည် ဆိုလည်း စားလို့ ပိုဆွဲပါတယ်။ နောက်ဆုံး ရောမွှေလိုက်တဲ့ ဟာမှာ ဆီမများအောင်တော့ သတိထားရပါမယ်။ ခြောက်နိုင်သမျှ ခြောက်လေ အကောင်းဆုံးပါပဲ။ မနက်ဖက် ထမင်းကြော်နဲ့ စားစား၊ ထမင်းနဲ့ စားစား၊ ညဖက် ဗိုက်ဆာလို့ ပေါင်မုန့်နဲ့ စားစား အင်မတန် သင့်တော်ပါတယ်။

(၃) အမဲသား ကင်းမ်ချီ ကြော်နည်း
Stir Fry အမဲသားကို ရှာလကာရည် အမည်း၊ ပဲငံပြာရည် နည်းနည်းနဲ့ ၁ နာရီလောက် နှပ်ထားပါတယ်။ ကင်းမ်ချီကို ကိုရီးယား ဆိုင်ကပဲ ဖြစ်ဖြစ်၊ တရုတ် ဆိုင်ကပဲ ဖြစ်ဖြစ် ၀ယ်ထားပါတယ်။ ကျွန်တော်တို့ကတော့ မလုလုရဲ့ နည်းအတိုင်း တည်ထားပါတယ်။ ကိုယ့်ဘာကို လုပ်ရင် ၁ ကျပ် ၂ ကျပ်လောက်ပဲ ကျပေမယ့် ဆိုင်မှာ ၀ယ်ရင် ၅ ကျပ်လောက် ပေးရပါတယ်။ အရသာက အတူတူပါပဲ။ မလုလုရဲ့ နည်းက လွယ်လည်း လွယ်ပါတယ်။ ကင်းမ်ချီ ဖက်တွေက ကြီးနေရင် တစ်လက်မ အရွယ် ဖြစ်အောင် ကတ်ကြေးနဲ့ ကြိုညှပ် ထားပါတယ်။ ဆီပူထဲကို နှပ်ထားတဲ့ အမဲသားတွေကို ထည့်ကြော်ပါတယ်။ ပဲငံပြာရည် အပြစ်ရည် နည်းနည်း ပါ ထပ်ထည့်လိုက် ပါသေးတယ်။ တစ်ရေ၊ နှစ်ရေ ခန်းအောင် ကြော်ပါတယ်။ အမဲသားလည်း နူးလောက်ပြီ ရေလည်း ခမ်းခါနီးဆိုမှ မီးပိတ်ပြီး ကင်းမ်ချီ ဖတ်တွေရော အရည်တွေပါ ထည့်လိုက်ပါတယ်။ နည်းနည်း ပါးပါး မွှေပြီး အဖုံး အုပ်ထားပါတယ်။ အရည် စပ်စပ်နဲ့ဆို စားလို့ကောင်းပါတယ်။ ကင်းမ်းချီထဲက ငရုတ်ရည်နဲ့ ပဲငံပြာရည် ရောနေတာက အချိုရည်က ထမင်းဖြူနဲ့ အလွန် လိုက်ဖက်ပါတယ်။ အမဲသား ရှောင်သူများ အတွက် ၀က်သားနဲ့ လုပ်စားလည်း ကောင်းပါတယ်။

(၄) အမဲသား ပဲငပိ ကြော်နည်း
အမဲသားကို လက်နှစ်ချောင်း အရွယ် ဗျက်၊ တစ်လက်မခွဲကျော် အရှည်နဲ့ ပါးနိုင်သမျှ ပါးပါး (ဓါးနှစ်ပြား အရွယ်) လှီးပါတယ်။ ရေမြုတ်ရုံ အိုးထဲ ထည့်ပြီး ရေခန်းအောင် ပြုတ်ပါတယ်။ မုန်လာဥနီကို အမဲသား ပြားအရွယ် လှီးထားပါတယ်။ နည်းနည်းတော့ ပိုထူပါတယ်။ ဘိုစားပဲကို တ၀က် ချိုးထားပါတယ်။ ငရုတ်ပွကို ကြီးကြီး လှီးထားပါတယ်။ Broccoli ဒါမှမဟုတ် ပန်းဂေါ်ဖီ ထည့်လည်း ရပါတယ်။ ဆီပူထဲမှာ အမဲသားပြားတွေကို ထည့်ကြော်ပါတယ်။ ပဲငံပြာရည် အပြစ်ရည် နည်းနည်း ထည့်ပါတယ်။ နှံ့အောင် မွှေပြီး အမဲသားဖတ်တွေ အရောင် လှလာပြီဆို မုန်လာဥနီ ထည့်ပါတယ်။ နောက် ခဏ နေမှ တခြား ဟင်းသီး ဟင်းရွက်တွေ ထည့်ပါတယ်။ ခဏလောက်နေရင် ပဲငပိ တစ်ဇွန်း နှစ်ဇွန်း ချိန်ထည့်ပါတယ်။ များသွားရင်လည်း ငန်တတ်လို့ သတိထားရပါတယ်။ နည်းနည်းပါးပါး မွှေပြီးရင် စားလို့ ရပါပြီ။ မီးများများနဲ့ ရှဲရှဲ ရှဲရှဲ ကြော်စားရတာမျိုးပါ။ ကြက်ရင်ပုံသားနဲ့လည်း ကြော်လို့ ရပါတယ်။

တခြားဖတ်ရန်- Beef Noodle

Friday, August 29, 2008

မတောက်လိုက်ရသော Old Flame များ (၁)

အဲဒီတုန်းက ကျွန်တော်က ကွန်ပြူတာ တက္ကသိုလ်မှာ ပထမနှစ် ပြီးခါစ။ သူငယ်ချင်း တစ်ယောက်နဲ့ ကွန်ပြူတာ ပရိုဂရမ်တွေ အတူတူ ကူရေးနေတာ။ ကျောင်းမှာ Academic အတွက် Programming ကို Pascal သင်ပေးတော့ Pascal ကို အရမ်း စိတ်ဝင်စားနေတဲ့ အချိန်ပေါ့။ အဲဒီတုန်းက Windows XP အသာထား Windows 95 တောင် ပေါ်ခါစ။ အဲဒါကြောင့် Computer User တွေက Windows က GUI (Graphical User Inerface) တွေကို အရမ်းကြိုက်နေကြတာ။ ကျွန်တော်ရောပေါ့။ အဲဒီတော့ ကျွန်တော်က Pascal လို Programming Language နဲ့ GUI တွေ ကြိုးစားရေးတယ်။ Pascal မှာ GUI ရေးတယ် ဆိုတာ လိုင်းတွေကို ရာနဲ့ ချီ ရေးရတာ။ အခုခေတ်လို တစ်ကြောင်း နှစ်ကြောင်းနဲ့ ပြီးတာ မဟုတ်ဘူး။ Mouse Pointer ပေါ်အောင်တောင် မနည်းလုပ်ယူရတယ်။ Delphi ကလည်း ပေါ်ခါစ မြန်မာပြည်တောင် မရောက်သေးဘူး။

အဲဒီတုန်းက ကျွန်တော်က ကောင်မလေး တစ်ယောက် ကို ပိုးနေတာ။ အဖိုဆိုတာကလည်း အမတွေ စိတ်ဝင်စားအောင် နည်းမျိုးစုံ လုပ်ပြတတ်တာ ဆိုတော့ ကျွန်တော်လည်း တစ်ခုခု လုပ်မယ်ဆိုပြီး အခုခေတ် Flash ဒါမှမဟုတ် Powerpoint စတိုင် ဘာညာကွိကွလေးတွေ ပေါ်အောင် Pascal မှာ Program ရေးပြီး သူကို့ ပိုးတာပေါ့။ ရေးပြီးတော့ Floppy Disk ထဲမှာ ထည့်ပြီးပေးဖူးတယ်။

နောက်တစ်ခါကျတော့ Web Page တွေ စ လုပ်တတ်ခါစ။ HTML ကို စသိတဲ့ အချိန် ၂၀၀၀ ခုနှစ် မတိုင်ခင်က Web Page မှာ ပုံလေးတွေ ပေါ်အောင် လုပ်တတ်ရင် ငါကွ ဆိုပြီး ပျော်နေတဲ့ အချိန်။ အဲဒီကျတော့လည်း နောက် ကောင်မလေးတစ်ယောက်ကို (ထုံးစံ အတိုင်း မအောင်မြင်သော်ငြား) ပိုးနေတဲ့ အချိန်ပါ။ အဲဒါနဲ့ သူ့ ကွန်ပြူတာမှာ စက်ဖွင့်ရင် Web Page လေး တစ်ခု ပေါ်ပြီး ဘာညာကွိကွ မြင်အောင် သွားလုပ်ထားတယ်။

ဘာဖြစ်သွားမယ် ထင်လည်း စာဖတ်သူ......

ဘာမှ မဖြစ်ပါဘူး။ စိတ်တောင် မ၀င်စားပါဘူး။ Heart ထိဖို့ နေနေသာသာ ဘာမှကို မထိတာဗျာ။

တကယ်တော့ မိန်းကလေးတွေက ယောက်ျားလေးတွေရဲ့ Career ကို အဓိက Criteria တစ်ခုအနေနဲ့ ကြည့်တတ်ပေမယ့် သူတို့ကို ပိုပန်းတဲ့ အခါ သာမန် ယောက်ျားတစ်ယောက် အနေနဲ့ ပုံမှန် လှေကြီးထိုး ရိုးရိုး ပိုးပန်းတာက ပိုထိရောက်တယ် ဆိုတာ ကျွန်တော် နောက်ကျမှ (Oops! “ဂေါက်” ခံရဦးမယ်) အချိန်မှန် အချိန်ကောင်း ရောက်မှ သိလိုက်လို့ တော်တော့တယ်။ မြင်သာအောင် ပြောရရင် အင်ဂျင်နီယာ တစ်ယောက်က မိန်းကလေး တစ်ယောက်ကို ပိုးပန်းရင် T-Square ကြီးနဲ့ ပိုးပန်း တာထက် နှင်းဆီပန်း တစ်ပွင့်က ပိုထိရောက်သလိုပေါ့။

သူမ အလှည့်ကျတော့ သူမက ကွန်ပြူတာလောကမှ ဖြစ်ပေမယ့် ကွန်ပြူတာ အကြောင်း ဘာမှ မပြောဘဲ ပုံမှန် အတိုင်း ချစ်ကြောင်း ကြိုက်ကြောင်း စာရေးပြီး ပိုးတယ် ပန်းတယ်။ သူမက သီချင်းကြိုက်တတ်တော့ သီချင်း လက်ဆောင်ပေးတယ်။ MP3 ပေါ့။ ဒါပေမယ့် ဒီနည်းပညာတွေကို အသာထား သီချင်းကို အဓိက ထားပြီး ပေးတာ။ Carrer နဲ့ Courting နဲ့ ရောလို့ မဖြစ်တော့ဘူး။ ဒီတစ်ခါ ထပ်မမှားနဲ့ ကောင်လေး ဆိုပြီး အဖန်တလဲလဲ ဖွင့်ပြီး အပ်ကြောင်းထပ်နေပေမယ့် ဒီလိုမှ ဖြစ်မှာ ချစ်မှာဆိုတော့ ဒီလို ရှေးနည်းနဲ့ ပိုးမှပဲ အောင်မြင်တော့တယ်။ အောင်မြင်ချက်ကတော့ ကလေးတောင် နှစ်ယောက်ရနေပြီ ဟီးဟီး။

ကျွန်တော့် အထင်တော့ ဘယ်တော့မှ မမှားမယ့် နည်းလမ်းက စာသာ ရေးပေး။ အနည်းဆုံးတော့ ပထမ တစ်စောင်တော့ တစ်ခေါက် ဖတ်မှာပဲ။ ကံကောင်းရင် စာကိုတောင် တစ်သက်လုံး သိမ်းထားချင် သိမ်းထားဦးမယ်။ စာတစ်စောင်မှ ပေးစရာ မလိုလောက်အောင် ကျွမ်းကျင် ကံကောင်းသူတွေကတော့ တစ်မျိုးပေါ့ဗျာ။ ချစ်ပြီးသွားတဲ့ အခါ ဇနိတို့ စုံတွဲလို ဘလော့မှာ ချွဲချင်ချွဲ၊ ချစ်ချင်ချစ်၊ လွမ်းချင်လွမ်း ပေါ့။ ပိုးပန်းတဲ့ အခါမှာတော့ လှေကြီးထိုး ရိုးရိုးကသာ အကောင်းဆုံးဆိုတာ ကျွန်တော့် အတွက်တော့ မှန်တယ်။

Tuesday, August 26, 2008

သြော်ဇီက ၀င်ငွေ ထွက်ငွေ

သူစိမ်းကို မပြောသင့်တဲ့ မမေးသင့်တဲ့ ကိစ္စတွေထဲမှာ လစာ ဘယ်လောက် ရသလဲ ပါသလား မသိ။ ပြည်ပရောက် (India က) ကုလားတွေကတော့ တစ်ယောက်ကို တစ်ယောက် ပြောကြတာ တွေ့ဖူးတယ်။ အဲဒါကြောင့် ကုလားတွေက လစာပိုကောင်းတဲ့ နေရာတွေကို ရထားကြတယ်။ ကျွန်တော် ဒီရောက်တုန်းက လစာက ပုံမှန်ပဲ။ ဒါနဲ့လည်း ကိုယ်က ပျော်နေတယ်။ သူငယ်ချင်းက သူ့လစာ ပြောလိုက်ပြီးတော့ ကျွန်တော့်ကို အလုပ်ပြောင်းဖို့ တိုက်တွန်းတယ်။ အဲဒါနဲ့ ကျွန်တော် လစာ ပိုကောင်းတဲ့ အလုပ်ကို ပြောင်းလိုက်တယ်။ နို့မို့ဆို နဂိုနေရာမှာ တွယ်ကပ် နေဦးမယ်။ ဒါနဲ့ စင်္ကာပူက ကျွန်တော့် အမျိုးတွေ သူငယ်ချင်းတွေကို သြော်ဇီက ၀င်ငွေ ထွက်ငွေကို ဖော်ပြလိုက်တယ်။ (အမေရိကားက လူတွေကတော့ ပျင်းတယ် ဆိုချင် ဆိုမယ်။ “ပေါင်” ကိုင်တဲ့ သူတွေကလည်း ၂ ကျပ် ၁ ကျပ်ပါလို့ ဆိုချင် ဆိုမယ်)



ဒီမှာ လစာကို Per Annum နဲ့ ပြောပါတယ်။ ဒီက IT လောကမှာ Average လစာဟာ ၁နှစ်ကို ၈,၂၅၀၀ ရှိတယ်လို့ ဒီနေ့ပဲ ZD Net ရဲ့သတင်းမှာ ပြောပါတယ်။ ၈နှစ် အတွေ့အကြုံ ရှိတဲ့ ကျွန်တော့် အနေနဲ့လည်း Above the average ရပါတယ်။

Per Annual လုပ်ခ ဘယ်လောက်ရရင် တစ်လ ဘယ်လောက် အခွန် နှုတ်ပြီး ကျန်သလည်းနဲ့ စင်္ကာပူက ရတဲ့ လစာ ဘယ်လောက်နဲ့ ညီသလဲကို အကြမ်းဖျဉ်း တွက်ကြည့်ပါတယ်။ IT သမား တစ်ယောက်အတွက် စင်္ကာပူမှာ အဲဒီလောက် ရရင် သြော်ဇီမှာ ဒီလောက် တောင်းနိုင်တယ် ဆိုချင်တာပါ။ အလွယ်ဆုံး နည်းကတော့ ၁.၅ နဲ့ မြှောက်ပြီး တစ်နှစ်စာ ပြန်ပြောင်းပါ။ ချိုချိုသာသာ တွက်ချင်ရင်တော့ အခွန်နှုတ်ပြီး လစဉ် အိမ်သယ်ငွေဟာ စင်္ကာပူ လစာရဲ့၁၃၅% ဖြစ်နိုင်ပါတယ်။

AU တစ်နှစ် (AUD) AU တစ်လ (အခွန်နှုတ်ပြီး) (AUD) SG တစ်လ (SGD)
၅၀ ၀၀၀ ၃၃၅၀  -
၆၀ ၀၀၀ ၃၉၀၀ ၂၅၀၀
၇၀ ၀၀၀ ၄၅၀၀ ၃၀၀၀
၈၀ ၀၀၀ ၅၀၀၀ ၃၅၀၀
၉၀ ၀၀၀ ၅၅၀၀ ၃၇၀၀
၁၀၀ ၀၀၀ ၆၀၀၀ ၄၀၀၀

ကျွန်တော်တို့ ၀င်ငွေထဲမှာ ထောက်ပံကြေး အနည်းငယ်လည်း ပါပါတယ်။ ဒီလောက် ၀င်ပေမယ့် တကယ်တော့ ဒီက ပုံမှန် မိသားစု ၀င်ငွေက (Mean Test က) တစ်နှစ်ကို တစ်သိန်းခွဲလို့ ဆိုတဲ့ အတွက် ကျွန်တော်တို့က Below Mean/Average ဖြစ်ပါတယ်။ အဲဒါကြောင့် ထောက်ပံ့ကြေး ရပါတယ်။ ဒီမှာလည်း လင်မယား နှစ်ယောက်စလုံး အလုပ် မလုပ်သရွေ့ကတော့ မပြောင်ရောင်ပါဘူး။


ဝင်ငွေက စင်္ကာပူရဲ့ တစ်ဆခွဲ ၀င်သလို အသုံး စားရိတ်ကလည်း စင်္ကာပူရဲ့ တစ်ဆခွဲ ရှိပါတယ်။ အိမ်ငှားခက လွဲရင်ပါ။ အိမ်ငှားခကတော့ စင်္ကာပူနဲ့ အတူတူပါပဲ။ အကြမ်းဖျဉ်း ပြောရမယ်ဆိုရင်တော့ လစာရဲ့ ၂၅%က အိမ်ငှားခ ဖြစ်ပြီး ၂၅%က ဈေးဝယ်တာပါ။ ကျန်တဲ့ တ၀က်မှာ ဘယ်ကဘယ်လို ပေါ်လာမှန်း မသိတဲ့ အသုံးစားရိတ်က တ၀က်လောက် ဖြစ်ပြီး ကျန်တာကို စုပါတယ်။ ဒါ အိမ်ပိုင် မရှိသေးလို့ပါ။ အိမ်ဝယ်လိုက်ရင် ၄၀% ကျော်ကနေ စပြီး အိမ်ဖိုး ပေးနေရမှာပါ။ အဲဒီအခါ ကျရင် တစ်လတစ်လ စုနိုင်မယ် မထင်ပါ။



ဈေးဝယ်တာကတော့ ဒီမှာ ပိုကြမ်းသလိုပဲ။ စင်္ကာပူမှာ နေတုန်းက ကြုံရင် ကြုံသလို လက်ကလေးနဲ့ ဆွဲပြီး ၀ယ်လာပေမယ့် ဒီမှာက တစ်ပတ်မှ တစ်ခါ ၀ယ်တာဆိုတော့ ၀ယ်ကွာဆိုပြီး ၀ယ်ဖြစ်တယ်။ ဒါတောင် အမေရိကားမှာ တုန်းကလောက် မ၀ယ်ဘူး။ အဲဒီတုန်းကတော့ မစားဖူးသမျှ အကုန် တန်အောင် ၀ယ်စားကွာ ဆိုပြီး ချတာ။ အခုတော့ ပေါက်ကရဆို ၀ယ်မစားတော့ဘူး။ မိသားစုနဲ့ ဆိုတော့ တခြား အရေးတကြီး ၀ယ်စရာတွေ ရှိသေးတယ်။



အာမခံကြေးတွေကလည်း ပေးရပါတယ်။ စင်္ကာပူမှာလည်း ပေးရမှာပါ။ ဒါပေမယ့် တချို့က မလုပ်ကြပါဘူး။ ခဏတဖြုတ်ပဲ ဆိုပြီးတော့။ အနေ ကြာတဲ့ သူတွေကတော့ ရှိပါတယ်။ ဒီမှာတော့ အတိမ်းအစောင်း မခံလို့ မဖြစ်မနေ ယူကြပါတယ်။



လစဉ် နှိပ်စက်တဲ့ အထဲမှာ Bill တွေလည်း ပါပါတယ်။ ဒါတောင် အခမဲ့ TV လိုင်းနဲ့ ပျော်နေပြီး မသုံးမဖြစ် အင်တာနက်နဲ့ ဖုန်းနဲ့ပဲ သုံးလို့။ လစဉ်ပေးရတဲ့ အထဲမှာ မတန်ဆုံးကတော့ မြန်မာ သံရုံးကို ပေးရတဲ့ အခွန်ပါ။ (လစဉ်တော့ သွားသွား မပေးရဘူးပေါ့) ဒါပေမယ့် ထည့်တွက်ထားမှလေ။

ဝင်ငွေ ထွက်ငွေအထဲမှာ CPF/ 401(k) / Super ဖော်မပြထားပါဘူး။ (ဒီက အခေါ်) Super က လစာရဲ့ ၁၀ ၉% စုရတာ ဖြစ်ပြီး ကုမ္ပဏီကလည်း (အပိုထပ်) ပေးတယ်။ ကိုယ့်ဘာကိုယ်လည်း အပိုဆောင်း မစုနိုင်သေးတော့ ထည့် မတွက်ပြထားပါဘူး။

ဒါ ကလေးနှစ်ယောက်နဲ့ Breadwinner တစ်ယောက်သာ ရှိတဲ့ မိသားစုရဲ့ ၀င်ငွေ ထွက်ငွေပါ။ တချို့ဟာတွေက ကြည့်ကောင်းအောင် လုပ်ထားပါတယ်။ အပျို၊ လူပျိုဆိုရင်တော့ ဒီမှာ စုနိုင်ငွေဟာ စင်္ကာပူက လစာ တ၀က်ကျော်မှာပါ။ ဘယ်မှာ လုပ်လုပ် အနည်းဆုံး ၂၀% တော့ စုမိမှာပါ။ မြန်မာပြည်က ၂၀% ရယ်၊ စင်္ကာပူက ၂၀%ရယ်၊ သြော်ဇီ/ အမေရိကား/ လန်ဒန်က ၂၀% ကတော့ ကွာနိုင်ပါတယ်။

ဒီပို့စ်ကို စင်္ကာပူမှ ညီ၊ ညီမ အရင်းတွေနဲ့ ၀မ်းကွဲတွေ အတွက် ရေးပါတယ်။

Friday, August 22, 2008

ကာမသုခ ချို့တဲ့သူများ

ဒီပို့စ်က နည်းနည်းများ Taboo ဖြစ်မလားလို့ ဆိုပြီး မရေးဖြစ်တာ။ ကျွန်တော်ရဲ့ ဘလော်ဂျာ (ဘလော်ဂါ၏ မန်နေဂျာ) ကတော့ မရေးပါနဲ့လားတဲ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ အရင်လို လဘက်ရည်ဆိုင် ထိုင်နိုင်ရင်တော့ လဘက်ရည်ဆိုင်မှာ ပြောဆိုကြမယ့် ကိစ္စပဲ။ ပြီးတော့ ဒီပို့စ်မှာ တိုင်းပြည်နဲ့ ကိုင်တွယ် ပြောပြီး တကယ် ကျွမ်းကျင်သူတွေလို စီးပွားရေး၊ နိုင်ငံရေး တိုင်းပြည် အကျိုးပြု ဆွေးနွေးနေတာလည်း မဟုတ်ဆိုတော့ မျက်နှာငယ်တယ်။ နောက်ဆုံး မနေနိုင်တော့လည်း ရေးလိုက်တာပါပဲ။ ခေါင်းစဉ်ကလည်း စဉ်းစားလိုက်ရသေးတယ်။ ပြေပြေပျော့ပျော့ “အိမ်ထောင်ရေး သုခ”လို့ သုံးမယ်ဆိုတော့လည်း အိမ်ထောင်ရေးမှာ ဒါချည်းပဲလဲ မဟုတ်သေးတော့ တည့်တိုး စကားလုံးပဲ သုံးလိုက်တော့တယ်။

ဒီဘလောက် ဖတ်တဲ့ သူတွေက နိုင်ငံခြားမှာ အဆင်ပြေနေကြတာ ဆိုတော့ ရည်းစားထားဖို့၊ အိမ်ထောင် ပြုဖို့ ဆိုတာ ဒီလောက်ကြီး စဉ်းစားစရာ မလိုတဲ့ ကိစ္စ တစ်ခု ဖြစ်ပေမယ့် မြန်မာပြည်မှာ ဒီအတွက်ကို ဘယ်လိုမှ မတတ်နိုင်တဲ့ သူတွေက အများသား။ မြန်မာပြည်က ကိုယ့်ညီအစ်ကို မောင်နှမတွေ အမျိုးတွေ သူငယ်ချင်းတွေ အပေါ် တွေ့မြင်နေရတာကို ရေးချင်တာပါ။ ထားပါတော့ ကျွန်တော်တို့ အစ်ကိုတွေ အစ်မတွေ အိမ်ထောင် မကျသေးဘူး။ အသက်က ၃၀ ကျော်နေပြီ။ ဘာကြောင့် အိမ်ထောင် မကျသေးလည်း ဆိုတော့ ရှင်းပါတယ်။ အိမ်ထောင် တစ်ခုကို မတည်ဆောင်နိုင်သေးလို့ပေါ့။ ပိုက်ပိုက် မရှိလို့ပေါ့။ အခုဆို ရန်ကုန်မှာ သူတို့လို လူတွေ အများကြီးပဲ။ အသက်က ကြီးလာပြီ တည်တည်ကျကျ အိမ်ထောင် တစ်ခု မတည်ဆောက်နိုင်သေးဘူး။ ယောက်ျားလေးတွေဆိုလည်း မိန်းကလေးတွေကို အကြောင်း အမျိုးမျိုး ပြပြီး ပတ်ပြေးနေတယ်။ တချို့ဆို ရည်းစားတောင် မထားရဲဘူး။ ရည်းစား ထားလိုက်ရင် အိမ်ထောင်ပြုရမှာ စိုးလို့။

လူတစ်ယောက်ရဲ့ ၀င်ငွေက အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ နေနေသာသာ တစ်ကိုယ်ရေ သုံးတောင် မလောက်ချင်ဘူး။ မိဘအိမ်မှာ ကပ်နေရတယ်။ မိဘကို လုပ်ကျွေးဖို့ နေနေသာသာ မိဘဆီမှ ကပ်စားနေရတယ်။ အဲဒီတော့ သူတို့အတွက်က အိမ်ထောင်ပြုဖို့ဆိုတာ မဟာ စွန့်စားခန်းကြီးပဲ။ ဒီလို လူမျိုးကိုလည်း ပါးနပ်တဲ့ မိန်းကလေးတွေကလည်း လက်မခံရဲကြပါဘူး။ အဲဒီတော့ သူတို့မှာ အသက်တွေသာ ကြီးပြီး အိမ်ထောင်ကျတယ်ဆိုတာ အာဝါဟ ၀ိဝါဟ ဘာညာကွိကွဆိုတာကို မခံစားရတော့ဘူး။

မနေနိုင်တဲ့ သူတွေကတော့ “၀ယ်စား” တယ်ပေါ့။ ဒါကလည်း တစ်ရာမှာ ၃-၄ ယောက်လောက်လို့ ပြောလို့ ရမယ်။ ကျွန်တော့်မှာ သူငယ်ချင်း ယောက်ျားလေး တစ်ရာကျော် ကြုံဖူးတာ ဒီလို လူမျိုး ၃-၄ ယောက်ပါလို့ ပြောတာပါ။ သူတို့အတွက်ကတော့ အချိန်တန် ၀ယ်စားလို့ ရတယ်ဆိုပြီး တည်တည်ကျကျ ဆိုတာကို ဘယ်တော့မှ မစဉ်းစားတော့ဘူး။ ၀ယ်စားတာတောင် စားရိတ် ငြိမ်းသေးတယ်လို့ ပြောလိုက်သေးတယ်။ ဒီလို ၀ယ်စားတော့ရော ကာမသုခကို အပြည့်အ၀ ရမယ်ထင်နေရင် မှားသွားမှာပေါ့။ တစ်ဘက်က ကြေးစားပါဆိုမှ ဘယ်လိုလုပ် အစစ်အမှန် ဖြစ်တော့မှာလည်း။ ရောဂါ ကူးဖို့ကလည်း အလွယ်လေး။

ဝယ်စားတာက ယောက်ျားလေးတွေ အတွက် လွယ်ပေမယ့် မိန်းကလေးတွေကတော့ ဒါမျိုး ဘယ်ရှိပါ့မလဲ။ အဲဒီတော့ တချို့ မိန်းကလေး ယောက်ျားလေးတွေက “ခိုးစား”ကြတယ်။ နှစ်ဦးသဘောတူပေါ့။ ဒါပေမယ့် ဒီလို ခိုးစားပြီးရင် သိပ်မကြာခင် အိမ်ထောင်ပြုရမှာ ဆိုတော့ အိမ်ထောင်ပြုရမှာ မတတ်နိုင်တဲ့ အရှည်ကိုလည်း မြင်တဲ့ ယောက်ျားလေးတွေက ရှောင်ကြတယ်။ ကြောင်ပဲ ငါးကြော်တော့ ကြိုက်တာပေါ့။ ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်တော့ ငါးကြော်လည်း ရှောင်ကြတယ်။ ဘာမဖြစ်ဘူး သေချာရင်တော့ တချို့က ဥပုသ် မစောင့်ကြပါဘူး။ သေချာရင်တော့ တော်သေးတာပေါ့။ မသေချာလို့ ကိုယ်ကျိုး နည်းရတာတွေလည်း ဒုနဲ့ဒေးပါပဲ။

အဲဒီလို ၀ယ်လည်း မစား ခိုးလည်း မစားတဲ့ သူတွေကတော့ မိန်းကလေးတွေကို လုံးဝ ရှောင်တော့တယ်။ မိန်းကလေးတွေကို ရှောင်လို့ ရဟန်း ၀တ်သွားမလားဆိုတော့လည်း မဟုတ်ပါဘူး။ တခြား ဟာတွေနဲ့ ရသေ့ စိတ်ဖြေလုပ်တယ်။ ကံကောင်းရင် ဘောလုံးလိုမျိုးနဲ့ အစားထိုးလို့ ရပေမယ့် တချို့တွေကတော့ အရက်တွေ ဆေးလိပ်တွေနဲ့ အစားထိုးကြတယ်။ ညနေဆိုရင် ဖြစ်ဖြစ် တစ်ပတ်တစ်ခါ ဖြစ်ဖြစ် အရက်ဆိုင်သွားမယ်။ (ကျွန်တော့် အသိထဲက)အရက်ကြိုက်တဲ့ သူများက မိန်းမ မကြိုက်တာ သတိထားမိပါတယ်။ နှစ်ခုလုံး ကြိုက်တဲ့ သူလည်း ရှိတော့ ရှိတာပေါ့။ အရက် ကြိုက်တဲ့သူကိုလည်း မိန်းမတွေက ဘယ်ကြိုက်ပါ့မလဲ။ ကျွန်တော့် သူငယ်ချင်း ရိုးရိုးကြီး တစ်ယောက်ကတော့ ဘယ်လို ငြီးတွားသလည်း ဆိုတော့ ငါတို့ကိုယ်မှာ အသုံးချလို့မရတဲ့ အစိတ်အပိုင်းတွေ ရှိတယ်ကွ။ အပိုပဲ။ ကားပစ္စည်းတွေလို စက်ပစ္စည်းတွေလို ခဏဖြုတ် (သံချေးမတက်အောင်) အမည်းဆီ သုတ်ပြီး သိမ်းထားလို့ ရရင်ကောင်းမယ်တဲ့။

တကယ်ဆို အသက် ၂၅ ကျော်ကနေ စပြီး အရွယ်ကောင်းပဲ။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ရှိတဲ့ အရွယ်။ ဒီလို သုခကို ကောင်းကောင်းကြီး ခံစားနိုင်တဲ့ အရွယ်ပဲ။ ဒါပေမယ့် ရန်ကုန်မှာ အသက် ၂၅ နှစ်မှာ ကိုယ်ဖာသာကိုယ် ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။ အိမ်ထောင် တစ်ခု တည်ထောင်ဖို့ မလွယ်သေးပါဘူး။ ကံကောင်းရင်တောင် အသက် ၃၀ လောက်ကျမှ အိမ်ထောင်ပြုနိုင်တယ်။ ကျွန်တော်တို့လည်း အသက် ၂၇ နှစ်ကျော်မှ အိမ်ထောင်ပြုနိုင်တယ်။ ပြောချင်တာကတော့ အိမ်ထောင် နောက်ကျမှ ပြုတဲ့ အတွက် သန်မာ ဖျက်လတ်တဲ့ တကယ် အချိန်ကောင်းတွေကို ဖြုန်းတီး ပစ်လိုက်ရတယ်။ အဲဒါကြောင့်လည်း အသက် ၂၅-၂၇ အရွယ် အမျိုးသမီးတွေနဲ့ အသက် ၃၅ နှစ်လောက် အရွယ် ယောက်ျားတွေ အိမ်ထောင်ပြုတာ များလားတာလား မသိ။ အမျိုသမီးတွေကလည်း နုပျို ကျန်းမာတဲ့ အရွယ်၊ ယောက်ျားတွေကလည်း အလုပ်ကလေး စီးပွားရေးလေးနဲ့ တင့်တယ်တဲ့ အရွယ်ဆိုတော့။ ဒါကြောင့်လည်း ရှေးလူကြီးတွေက “ဒွေးချိုး လေးတိုး” ဆိုပြီး ယောက်ျားလေး အသက်တ၀က်ကို လေးနှစ်ပေါင်းရင် မိန်းကလေး အသက်ရတယ်လို့ ပြောခဲ့တာ ဖြစ်မယ်။

အိမ်ထောင်တော့ ပြုလိုက်နိုင်ပါတယ်။ ပီပီပြင်ပြင် မခံစားရသူတွေလည်း ရှိနိုင်သေးတယ်။ ဒါလည်း ပိုက်ဆံ မတတ်နိုင်လိုပေါ့။ ကျွန်တော့် အသိ မိသားစု တစ်ခု ဆိုရင် ကန်ထရိုက် တိုက်ခန်း တစ်ခန်းမှာ အဖေအမေရယ် လင်မယား ၂ စုံတွဲရယ် ညီမတစ်ယောက်ရယ် နေတယ်။ အဲဒီတော့ ညီမနဲ့ အဖေအမေတွေက ညကျရင် ဘုရား ခန်းမှာ ထွက်အိပ်ရတယ်။ လင်မယားဆိုတော့လည်း အခန်းပေးရတာပေါ့။ အခန်းဆိုပေမယ့်လည်း ၁၀ ပတ်လည်လောက်နဲ့ အကုန်မြင် အကုန်ကြားနိုင်တဲ့ အခန်းလေးတွေပါ။

နောက်ပြီး မြန်မာပြည်မှာ Hygiene ကောင်းဖို့ နေနေသာသာ ဒီစကားလုံးမျိုးတောင် မရှိဘူး။ ဒီဘလောက် ဖတ်တဲ့သူတွေကတော့ ပညာတတ်တွေဆိုတော့ ဒါတွေက အလိုလို ရှိပြီသားလို ဖြစ်နေတော့ လူတိုင်းမှာ ရှိမယ် ထင်မှာပဲ။ ကိုယ်က Hygiene ကောင်းအောင် နေတောင် ဘက်စ်ကားပေါ် တက်စီးလိုက်ကြည့်ပါလား သန့်ရှင်းထား သမျှလေးတွေ အကုန် ပျောက်ကုန်မယ်။ ဘက်စ်ကားပေါ်မှာ မို့လို့ ဒီလောက် ညစ်ပတ်တာ မဟုတ်ဘူး။ အိမ်မှာနေရင်းတောင် သန့်သန့်ရှင်းရှင်း မွှေးမွှေးကြိုင်ကြိုင် မနေနိုင် မနေဖြစ်ကြပါဘူး။ Hygiene မကောင်းရင် ဒီလို သုခ ကောင်းကောင်း မရနိုင်ပါဘူး။ ဥပမာ ဆေးလိပ် သောက်တဲ့သူ ကွမ်း စားထားတဲ့သူကို ဘယ်မိန်းမက နမ်းချင်မလဲ။

ခေတ်သစ် ဒီသုခ ချို့တဲ့ သူတွေထဲမှာ နိုင်ငံခြားမှာ အလုပ်လာ လာလုပ်တဲ့ အမျိုးသားတွေ (လင်မယားတွေ)လည်း ပါတယ်။ (ဒီတစ်ပိုဒ်ကိုတော့ တကယ်မရေးချင်ဘူး။ သူငယ်ချင်းတွေ အတွက် ခံစားရလွန်းလို့) ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒီလိုမျိုးဆိုတာ သင်္ဘောသား မိန်းမတွေပဲ ရှိတယ်။ အခုတော့ အတော်များလာပြီ။ သင်္ဘောသားမှ မဟုတ်ဘူး နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ ယောက်ျားတွေက အရမ်းကို များနေပြီ။ အကြာကြီး မခွဲရတောင် အနည်းဆုံး လက်ထပ်ပြီးတောင် တစ်နှစ်တန်သည် ခြောက်လတန်သည် ခွဲနေရတယ်။ ဒီလောက်ပဲ ဒီထက် ထပ်မရေးချင်တော့ဘူး။ ဒီ ခေတ်သစ် အုပ်စုထဲ ထည့်ချင်တာ နိုင်ငံခြားမှာ အလုပ်လာလုပ်ပြီး လက်မထပ် အတူနေသူတွေကိုလည်း ထည့်ချင်တယ်။ သူတို့က အတူနေပေမယ့် လက်မထပ်ထားတဲ့ အတွက် စိုးရိမ်ရတာတွေ ရှိလို့ သူတို့ကလည်း ပြောရမယ်ဆိုရင် ချို့တဲ့သူတွေပါပဲ။

Wednesday, August 20, 2008

စာရင်း

ရုံးက ပြန်လာပြီးလား… ရုံးမှာ အဆင်ပြေလား
အေးကွာ ဒီလိုပါပဲ ပြေပါတယ်။.....

ဘလောက်ရော ရောင်းကောင်းရဲ့လား
အင်း.. မနက် ရုံးရောက်တော့ ၃၈ ယောက်၊ နေ့လည်က ၁၁၆ ယောက်နဲ့ ရုံးက မပြန်ခင် ၁၉၇ ယောက် လာလည်တယ်။....

ဟုတ်လား… ဒါနဲ့ ဒီလ အတွက် လစာ ၀င်လာပြီလား
ဟာ… ငါ ဘဏ်စာရင်း မကြည့်ရသေးဘူး…

ဂေါက်

Tuesday, August 19, 2008

မဏ္ဍပ်တိုင် တက်ခြင်း

(ဆားချက်ပြီး ကိုယ့်ဂုဏ်ကိုယ် ဖော်တဲ့ Post ပါ။)
ဒီနေ့ ဘလောက်တွေ ဖတ်ကြည့်တော့ ဘလောက် ၂ ခု ဖတ်ပြီး ပျော်သွားတယ်။ ပန်းခရမ်းပြာ ရဲ့ “ကြွားတယ်လို့ ဆိုချင်ဆို” ဆိုတဲ့ ပို့စ် တစ်ခုနဲ့ နောက်တစ်ခုပါ။ သူတို့ ဘလောက်မှာ ဒီရက်ပိုင်း ဟစ်တွေ အတော်လေး တက်နေတာ သတိထားမိလို့ ၀မ်းသာပြီး ရေးထားကြတာပါ။ Technically ပြောရမယ်ဆို Visitor Count က Surge ဖြစ်သွားတာကို သတိထားမိလို့ပေါ့။ ဒါကလည်း ဘလောက်ရေးတဲ့ သူတွေရဲ့ အကျင့် ဒါမှမဟုတ် တာဝန်ပဲ။ ကိုယ့်ဘလောက်မှာ တစ်နေ့ တစ်နေ့ ဘယ်နှယောက် လာကြည့်လဲ ဆိုတာကို ကြည့်ရတာကိုက ပီတိတစ်မျိုးပဲလေ။ သစ်ပင်စိုက်တာ ကြိုက်တဲ့ သူမကတော့ ကျွန်တော့် ဘလောက်လေး ဝေစည်လာတာ သူသစ်ပင်စိုက်ပြီး ကြီးထွားလာတာကို ကြည့်ရတဲ့ ပီတိနဲ့ တူတယ်တဲ့။ မကေရဲ့ အဖေကတော့

အော် ..သမီး တို့..ဘလော့ ရေး တယ် ဆို တာ.. ဖေဖေ တို့ ခေတ် က..နံရံကပ် စာ စောင် တွေ လိုပေါ့... အဲဒီတုန်း ကတော့..ကိုရေး တာ..သူများ ဖတ် မဖတ်..အခန်း နောက် က..ချောင်း ကြည့် ရ တာ..ခု ခေတ် သမီး တို့ကတော့.. ဘယ်သူ..ဘယ်နှယ် ယောက် ဖတ် တယ် ဆို တာ..သိ နေ တာ ပေါ့..
အဲဒီလို Stat တွေကို စောင့်ကြည့်တတ်တဲ့ သူကတော့ ကိုယ့်ဆီကို ဘယ်နှယောက်လာပြီး ဘယ်ကနေ လာတယ် ဆိုတာပါ သိကြပါတယ်။ ပြီးတော့ အဲဒီလို တစ်နေရာရာကနေ လင့်ပေးထားလို လာတယ်ဆိုတာ သိရင် ၉၉%က ၀မ်းသာကြပါတယ်။ ဖော်ပြသည် ဖြစ်စေ မဖြစ်စေ ကျေးဇူး တင်တတ်ကြပါတယ်။

ကျွန်တော်လည်း ခဏခဏ ဖြစ်ဖူးတာပေါ့။ အရင်တုန်းကဆို ဂျစ်တူးရဲ့ တစ်ပတ်တစ်ခါ တင်တဲ့ စာပေအိုးမှာ ရှားရှားပါးပါး ပါရင် ပျော်တယ်။ တစ်ခါလည်း ကိုသင်ကာရဲ့ တစ်လ တစ်လ ဖတ်ညွှန်းလိုမှာ ပါတယ်ဆိုရင် ၀မ်းသာတယ်။ အခုလည်း ကိုယ့် Feed လေးတွေကို Preview လုပ်ပေးထားတာတွေ့ရင် ကျေးဇူးတင်သည်ပေါ့။ Surge လိုမျိုး ဖြစ်ဖူးတာတော့ CNN သတင်းထောက် ပို့စ်မှာပါ။ နိုင်ငံရေး ဘလောက်တစ်ခုက လင့်လိုက်တာ တစ်နေ့တည်းမှာ လာဖတ်သူ ၁၀၀၀ ကျော်ပြီး ပို့စ်တစ်ခုလုံးကို ဖတ်သူပေါင်း ၁၅၀၀ ကျော်သွားတယ်။ ဒါပေမယ့် ကိုယ်က မာနကြီးတဲ့ သူဆိုတော့ (အဟက်..အဟက်) သူတို့လို ရိုးရိုးသားသား ဖွင့်မရေးနေတောဘဲ ကြိတ်ပျော်လိုက်ရပါတယ်။

ကျွန်တော့်အနေနဲ့လည်း ကိုယ့်ဘလောက်ကို ဘယ်ကနေ လာကြည့်ပြီး ကိုယ့်ဘလေက်ကနေ ဘယ်ကို သွားတယ် ဆိုတာ သိအောင် လုပ်ထားပါတယ်။ MyBlogLog ကို သုံးပြီး ကိုယ့်ဘလောက်မှာ ဒီနေ့ ပေါ်ပြူလာ အဖြစ်ဆုံး သူများရဲ့ ပို့စ်ဟာ ဘယ်သူဟာလည်း သိအောင် လုပ်ထားပါတယ်။ အောက်က ပုံဟာ ၁၇ ရက်နေ့က လူကြိုက် အများဆုံး ပို့စ်တွေကို MyBlogLog မှာ တွေ့ရတာပါ။ တခြား ပို့စ်တွေဆီလည်း တနေ့တနေ့ ဟစ် ၅၀ ကနေ ၂၀ လောက် သွားတတ်ပါတယ်။

ဒီ Feed Roll ဟာ ကျွန်တော့် အတွက်တော့ ကိုင်း ကျွန်းမှီ။ ကျွန်း ကိုင်းမှီ ပါပဲ။ မဆလ ခေတ်က လူကြီးတစ်ယောက် ပြောသလိုဆို ကိုင်းပင်ကြီးကလည်း ကျွန်းပင်ကြီးကို မှီ။ ကျွန်းပင်ကြီးကလည်း ကိုင်းပင်ကြီးကို မှီတဲ့။ ဒီစကားပုံးဟာ ရေလည် ကျွန်းတွေမှာ စိုက်တဲ့ ကိုင်းတွေကြောင့် ကျွန်းတွေ ရေတိုက်မစားခံရသလို၊ ကျွန်းတွေ ရှိလို့ ကိုင်းတွေလည်း စိုက်လို့ ရတယ်ဆိုတာ ကြားဖူးတာပဲ။ စကား ထပ်စပ်ရမယ်ဆို ကိုင်းတွေမှာ စိုက်တဲ့ ခရမ်းချဉ်သီးကိုတော့ အရမ်း ကြိုက်တယ်။ အနှစ်များပြီး အရောင်ရဲလို့။ ဘယ်တောင် ရောက်ကုန်ပြီလဲ မသိဘူး။ အဲ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ။ ကျွန်တော့် စာတွေ မတင်နိုင်တဲ့ အချိန် Feed Roll က စာတွေကို ဖတ်လို့ ရတော့ စာဖတ်သူတွေက နေ့တိုင်းလာလည်ရတာ မပျင်းတော့ဘူး။ ကျွန်တော့်ဆီလာလည်တဲ့ သူတွေကိုလည်း အဲဒီ ဘလောက်တွေဆီ လမ်းညွန်နိုင်တာပေါ့။ ကျွန်တော့်လို စီဗုံးတွေမှာ လိုက်မအော်တဲ့ လူမှုရေး ခေါင်းပါးတဲ့ သူအဖို့တော့ ဒီလိုနည်းနဲ့ မိတ်ဆွေ သစ်တွေ ရှာရတယ်လေ။

Feed Roll မှာ ခေါင်းစဉ်နဲ့ စာလုံးရေ ၂၀၀-၃၀၀ ပဲ Preview လုပ်နိုင်တော့ အဲဒီမှာ ခေါင်းစဉ် ရွေးချယ်ပုံနဲ့ အရေးအသားက စာဖတ်သူတွေကို ဘယ်လောက် ဆွဲဆောင်နိုင်သလဲဆိုတာ အတော်လေး အရေးပါလာပါပြီ။ ဒီမှာ ကိုယ်နဲ့ အရမ်း မခင်ပေမယ့် စိတ်မဆိုးလောက်မယ့် ညီမ သဉ္ဇာရဲ့ ပို့စ်တစ်ခုကို ဥပမာ ပေးပါရစေ။ သူရဲ့ ပို့စ်တစ်ခု ဖြစ်တဲ့ “နေ့ကလေးထိန်းကျောင်း ပြဿနာ” ပို့စ်က တကယ် ကြိုက်တာပါ။ Manager ဖြစ်ချင်တဲ့ သူတွေ အဖို့တောင် တွေးစရာလေးတွေ ပေးနိုင်တယ် ဆိုရင် ပိုမယ် ထင်တယ်။ သို့ပေမယ့် ခေါင်းစဉ်က နေ့ကလေးထိန်းကျောင်း ပါနေတော့ ကလေးမရှိသူတွေက ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မှာပါ။ အဲဒီနေ့က ဟစ် ၃၀-၄၀ လောက် သွားပေးမယ့် ထိပ်ဆုံး မရောက်လိုက်လို့ ကျွန်တော်တို့ လင်မယားမှာ မချင့်မဲရ ဖြစ်ခဲ့ရပါတယ်။ အခုတော့ ဘလောက်တော်တော်များများက Feed Preview တွေ လုပ်ထားတော့ ကိုယ်လည်း ကြည့်ရေးမှ ဖြစ်မယ်။ သူများ ဘလောက်မှာ ပေါ်သာပေါ် ကလစ်လုပ်လောက်အောင် မဆွဲဆောင်နိုင်ရင် အခွင့်အရေး ဆုံးရှုံးသွားနိုင်တယ်လေ။

နောက်တစ်ခု သတိထားမိတာကလည်း ကျွန်တော့် ဘလောက်ရဲ့ Feed Roll မှာ ပုံလေးတွေပါ ပြထားတော့ လူတွေက ဘာရယ်မဟုတ် ပုံပါတဲ့ ပို့စ်ဆို ပိုပြီး ကလစ် လုပ်ကြတာ သတိထားမိပါတယ်။ ပုံမပါတဲ့ ပို့စ် ဆိုရင်တောင် Feed Roll မှာ ကြည့်ရတာ နည်းနည်းပေါ့နေသလိုပဲ။ စီးပွားဖြစ် Web Site ထောင်တဲ့ သူတွေရဲ့ အဆိုအရဆို လူမျက်နှာပုံ ပါတဲ့ Web Page က ပိုပြီး ဆွဲဆောင်နိုင်တယ်တဲ့။ သူတို့မှာ Web Page တစ်ခုလုံးရဲ့ ကလစ်လုပ်တဲ့ နေရာတွေကို Track လုပ်နိုင်တာတွေ့ ရှိပြီး လူတွေရဲ့ Interesting Point ကို စောင့်ကြည့်ကြပါတယ်။

အဲဒီနေရာမှာ အကုန်လုံး အတွက်တော့ မမှန်ဘူးပေါ့။ တချို့ကတော့ နာမည်နဲ့ စားတာ ရှိတယ်။ ဥပမာ မမိုးချိုသင်းပို့စ်တွေဆိုရင်တော့ နှစ်ခါပြန် စဉ်းစားစရာ မလိုပါဘူး အကုန် ဖတ်လို့ ကြိုက်တယ်။

ဒီနေရာမှာ ကျွန်တော့် Feed Roll မှာ ပေါ်တဲ့ ပို့စ်တွေဟာ ကောင်း၏။ မကောင်း၏ ပြောလိုခြင်း အလျဉ်းမရှိပါ။ ကျွန်တော် ကြိုက်လို့ ရှဲချင်လို့ ရှဲလိုက်တာပဲ ရှိပါတယ်။ မခင်ဦးမေတို့က “ဝထုတို ပြိုင့်ပွဲ မှာ ဆုရသလိုဘဲ ခံစားပျော်သွားပါတယ်။” ဆိုလို့ ကျွန်တော် ဦးဝင်းငြိမ်း မဟုတ်ကြောင်း ရှင်းရသေးတယ် ဟဲဟဲ။

တခြားဖတ်ရန် - ရင်မှခံစားမှုများ ဘလောက်ရှင်ထံသို့

Saturday, August 16, 2008

သားရဲ့အီအီး

သားလေးက တစ်နေ့ကို သုံးလေးခေါက်လောက် အီအီးပါ ပါတယ်။ ပြီးတော့ အရည်တွေ သွားတာပါ။ သမီးတုန်းကတော့ တစ်နေ့ကို တစ်ခေါက်ပဲ ပါတယ်။ သားတစ်ယောက် သမီးတစ်ယောက်မွေးထားတာ တစ်ယောက်ကို တစ်မျိုး တွေ့ရတယ်။ သမီးတုန်းက အီအီးဟာ အစိမ်းပုတ်ရောင်ကနေ အမည်းရောင် လိုမျိုးပါ။ သားကတော့ အ၀ါနုရောင်ကနေ စိမ်းဝါရောင်ပါ။ ဒီလို မတူရတာ သမီးတုန်းက နို့ဗူး သောက်ပြီး သားအလှည့်ကျတော့ မိခင်နို့ တိုက်လို့ ဖြစ်ရတာပါ။ နှစ်ယောက်စလုံးကတော့ မွေးမွေးချင်းမှာ အစိမ်းရင့်ရောင် အီအီးတွေ ပါပါတယ်။ အဲဒါတွေဟာ ပျစ်ချွဲချွဲ Meconium လို့ခေါ်တဲ့ ဓါတ်တွေ အမေ့ ၀မ်းထဲမှာ နေနေတုန်းက စုထားတာတွေပါ။ နို့တိုက်လိုက်တော့မှ နို့ဦးရည်က (Colostrum က) ၀မ်းနှုတ်ဆေးလိုမျိုး ဒီ Meconium တွေ ဆင်းသွားအောင် လုပ်ပေးတာပါ။ Meconium တွေ များရင် မွေးကင်းစ အသားဝါ (Jaundice) ဖြစ်စေလို့ နို့ဦးရည်တိုက်ဖို့ မိခင်တွေကို မှာရတာပါ။ နှစ်ရက် သုံးရက်လောက် ကြာမှာ ၀မ်းဟာ ပုံမှန် ပြန်ဖြစ်ပါတယ်။

သားလေးက ၀မ်းသွားပြီဆို ဘရောကနဲ ဝေါကနဲ ပါပဲ။ သူက မွေးပြီး နှစ်ရက် သုံးရက်လောက်မှာ ကတည်းက သူ့ဝမ်းကို သူညှစ်တာကို တွေ့ရလို့ ကျွန်တော်တို့က ၀မ်းသာအားရ ဖြစ်ဖူးပါတယ်။ တစ်ပတ်လောက်မှာ ကတည်းက မျက်မှောင်လေး ကြုံ့ပြီး ညှစ်လိုက်ရင် လေလည်ပြီး လေနဲ့ ၀မ်းနဲ့ မကွဲတော့ အကုန် ထွက်ကုန်ရော။ ဒီလို ငယ့်ငယ့်လေးနဲ့ အာရုံစိုက်ပြီး ကြွက်သားတွေကို ညှစ်တတ်တာကို ကြည့်ပြီး ကျွန်တော်တို့မှာ အားရလို့ မဆုံးဘူး။ သမီးတုန်းကတော့ အီအီး တစ်ခါ ပါဖို့ အရေး ညှစ်ယူရတယ်။ သားအတွက်တော့ လွယ်တယ်။ သမီးက သုံးလကျော်ကတည်းက နို့ဗူးပဲ သောက်လို့ နို့ဗူးထဲက သံဓါတ်တွေကြောင့် ၀မ်းချုပ်ပြီး ၀မ်းက အနံရှိပါတယ်။ သားကတော့ အနံ့ မပြင်းပါဘူး။ အမေနို့က အစာကြေလွယ်၊ အဟာရ ဖြစ်လွယ်၊ ၀မ်းဖြစ်လွယ်လို့ ကလေးတွေ အတွက် အင်မတန် သင့်တော်တာပါ။ သမီးကတော့ အမေနို့ စို့ရင် ချွေးတွေထွက်၊ အများကြီး ထွက်လည်း စိတ်တို၊ နည်းနည်းလေး ထွက်လည်း စိတ်တိုနဲ့ နောက်ဆုံး အလွယ် စို့လို့ရတဲ့ နို့ဗူးကိုပဲ စွဲသွားတယ်။ တကယ်ဆို ကျွန်တော်တို့က နို့ဗူးကို လုံးဝ အကျင့် မလုပ်သင့်ခဲ့ဘူး။ ပြီးတော့ အူမကြီးထဲမှ ဘက်တီးရီးယားတွေ ပရိုတင်းတွေ ဖြိုခွဲရာမှာ မိခင်နို့က အကူအညီပေးလို့ ၀မ်းက ပျော့ပျော့သွားတာပါ။ အခုအချိန်ထိ သားမှာ ၀မ်းချုပ်တယ် ဆိုတာ မရှိပါဘူး။

သားရဲ့ အီးဟာ သမီးနဲ့ မတူသလို သူ့ဘာသူလည်း တစ်နေ့နဲ့ တစ်နေ့ မတူပါဘူး။ ဖော်မြူလာတွေ (နို့မှုန့်တွေ) ကတော့ ဒီအတိုင်းပဲ ပုံမှန်ဆိုတော့ သမီးကတော့ တစ်နေ့ကို တစ်ခေါက် အီအီးပါတယ်။ ၀မ်းချုပ်တယ်။ အစိမ်းနက်ရောင် ရှိတယ်။ သားကျတော့ ဒီနေ့ ကျဲတယ်။ နောက်နေ့ကျရင် ပြစ်ချွဲချွဲ ဖြစ်ချင် ဖြစ်နေရော။ ဒီနေ့ အ၀ါရောင်ဆို နောက်နေ့ဆိုရင် စိမ်းဝါရောင် ဖြစ်နေတတ်တယ်။ မိခင်နို့ တိုက်တဲ့ ကလေးတွေရဲ့ အီအီးဟာ ပုံမှန် မရှိတတ်လို့ အလွန်အမင်း စိုးရိမ်းစရာ မရှိပါဘူး။ ဒါပေမယ့် သူမကတော့ မရဘူး။ ကျွန်တော့်ကို ဖြစ်ဖြစ်၊ သူ့အမေကို ဖြစ်ဖြစ် ခေါ်ပြီး `ဟယ်... သားလေးရဲ့ အီးကလည်း အရောင် တစ်မျိုးကြီးပါလား...´ တို့ ..`အရည် အရမ်းကျဲလား မသိဘူး´တို့ လုပ်တတ်ပါတယ်။ ကျွန်တော်တို့က သူစိတ်ချမ်းသာအောင် သွားကြည့်ပြီး ..`ဘာမှာ မဖြစ်ဘူး.. မပူနဲ့´လို့ ပြန်ဖြေလိုက်မယ်။ ဒီလိုပဲ။

မိခင် စားသောက်လိုက်တာတွေဟာ တချို့တွေက နို့ထဲ ရောက်သွားတတ်လို့ ကလေးရဲ့ တနေ့တနေ့ ရတဲ့ အဟာရ ဓါတ်တွေဟာ ပုံမှန် မရှိလို့ ၀မ်းဟာလည်း ပုံမှန် မရှိတာပါ။ ဒါကတော့ ကလေး မိခင်တိုင်း သိလို့ ရှောင်သင့်တာတွေ ရှောင်ကြပါတယ်။ ဥပမာ သွေးထဲရောက်နိုင်တဲ့ အယ်လ်ကိုဟောကြောင့် အမေ အရက်သောက်ရင် ကလေးကိုလည်း ရောက်နိုင်တာပါ။ မိခင်ရဲ့ နို့တိုက်ပုံကြောင့်လည်း ကလေးရဲ့ ၀မ်းကို သက်ရောက်မှု ရှိစေပါတယ်။ နို့တိုက်တဲ့ အခါ စစချင်း ထွက်လာတဲ့ နို့ရည် (Foremilk) နဲ့ နောက်မှ လိုက်လာတဲ့ နို့ရည် (Hindmilk) ဆိုတာ ရှိပါတယ်။ ဦးစွာထွက်တဲ့ နို့ရည်က ကျဲပြီး လက်တိုဂျင် (Lactogen) ပါပါတယ်။ နှောင်းမှ ထွက်တဲ့ နို့က ပြစ်ပြီး အဆီအနှစ်တွေ ပါပါတယ်။ နို့ဦးရည် စို့ပြီး အိပ်ပျော်သွားတဲ့ ကလေးတွေ၊ အမေက နို့ကို ဟိုဖက် ဒီဖက် အမြန် ပြောင်းတိုက်တဲ့ ကလေးတွေရဲ့ ၀မ်းဟာ အရောင် ဖျော့ပြီး အရည်ကျဲပါတယ်။ အဟာရလည်း သမမျှတအောင် သားလေးကို နို့တိုက်တဲ့ အခါ တစ်ဖက်ဆို တစ်ဖက် ကုန်အောင် တိုက်ပါတယ်။ ဒါတောင် ကိုယ်တော်ချောက တစ်ခါတစ်လေ နို့ငုံပြီး အိပ်ပျော်သွားသေးတယ်။


သားက ၀မ်းအရည်တွေ သွားပြီး အော့အော့တွေက နေရာအနှံ ရောက်ကုန်တတ်ပါတယ်။ များသောအားဖြင့် အနှီးထုပ် (Nappy/ Diaper) ထဲက ထွက်သွားတတ်ပြီး ကျောတွေ ဘာတွေ ပေနေတတ်ပါတယ်။ တော်သေးတယ် သားရဲ့ အီအီးက သုတ်ရ ပြုရ လွယ်လို့။ သမီးကတော့ ၀မ်းကျစ်တော့ အရည် မသွားပေမယ့် သူ့အီအီးက သုတ်ရ ခက်ပါတယ်။ သုတ်ပေးပေမယ့် မစင်နိုင်ဘူး ဖြစ်နေတတ်တယ်။ သမီးရော သားရောအတွက် Johnson က Baby Wipe လေးတွေ သုံးပါတယ်။ Scented ဆိုပြီး ရေမွှေးနံ့ ပါတာနဲ့ ရိုးရိုးဟာမှာ ရိုးးရိုးဟာကို သုံးရတာ ပိုကြိုက်ပါတယ်။

သမီးက ၀မ်းချုပ်တတ်ပေမယ့် သွားပေါက်တုန်းကတော့ နည်းနည်း အချွဲလိုမျိုးတွေ အစိမ်းရောင်တွေ သွားပါတယ်။ အဲဒီတုန်းကလည်း ဖျားပါတယ်။ ဆရာဝန်ကတော့ ဗိုင်းရပ်စ်ဝင်တာ ပြောတယ်။ ကျွန်တော်တို့ကတော့ သွားပေါက်လို့ ဆိုပြီးတော့ပဲ သံသယ ရှိတယ်။ သွားပေါက်ခါနီးဆို ဖျားပြီ။ အမြဲတမ်းပဲ။ ပါးစပ်ကိုလည်း ကိုင်ပြီးတော့ ငိုနေတော့တာပဲ။ ကျွန်တော်တို့ အထင်တော့ အဲဒီလို သွားဖုံး ပေါက်နေတာကများ ဗိုင်းရပ်စ် ၀င်သလားပဲ။ ဒီလိုဆိုရင် နှစ်ယောက်စလုံးမှန်တယ်။ အဲဒီလိုမျိုးကြောင့် သမီးတုန်းက အစိမ်းရောင် ၀မ်းချွဲတွေ သွားပါတယ်။ သွားပေါက်ခါနီး သွားရည်တွေ အရမ်း ထွက်တော့လည်း အဲဒါကြောင့် ၀မ်းက အချဉ်ပေါက်ပြီး နံပါတယ်။

သားလေးက ငယ်ငယ်ကတည်းက ဗိုက်ကလေးကို ညှစ်ပြီး အီးပေါက်တတ်တယ်။ ၀မ်းသွားတတ်။ ဒါပေမယ့် အီအီးပါပြီး သူ့ကို အနှီးမလဲပေးရင် မကြိုက်ပါဘူး။ အော်နေရော။ ငိုတာမျိုးလည်း မဟုတ်ဘဲ ချွဲချွဲလေးနဲ့ လူကြီးကို ခေါ်နေသလိုပါ။ အသန့် အရမ်းကြိုက်တာ။ အနှီး လဲပေးလိုက်ရင်တော့ ငြိမ်ပြီး ပျော်သွားတယ်။ အနှီး လဲပေးနေချိန်မှာလည်း ငြိမ်ခံနေတယ်။ သမီးကတော့ မရဘူး။ အနှီးလဲပေးတဲ့ အချိန်ဆို မနည်း ငြိမ်အောင် ထားရတယ်။ အခု အရွယ်အထိလည်း အနှီးလဲဖို့ ခေါ်ရင် ပတ်ပြေးနေတယ်။ ပြီးတော့ အနှီးလဲပေးချိန်မှာ ရုန်းကန်နေတာပဲ။ သားကို အနှီး လဲပေးချိန်မှာတော့ တစ်ခု သတိထားရတယ်။ သူ့ဂျိုးဂျိုးကို အနှီးလေးနဲ့ ဖုံးထားဖို့။ ငယ်ငယ်တုန်းက မသိတော့ အနှီးလဲပေးဖို့ ဘောင်းဘီတွေ ချွတ်လိုက်ပြီး အနှီး ဖြုတ်ထားချိန်မှာ သူက သေးထပ်ပေါက်ရင် ရေပန်းလိုပဲ သူ့ကိုလည်း စို၊ အိပ်ယာတွေလည်း စို ဖြစ်တတ်တယ်။ နောက်တော့ အထာနပ်သွားပြီး ရွှေပန်းလေးကို အ၀တ်နဲ့ အုပ်ထားရတယ်။ ။

တခြားဖတ်ရန် - နို့ထောက်ကူ ပစ္စည်း

Thursday, August 14, 2008

Software Development ဝေါဟာရများ - Daemon


ဒီးမန် လို့ အသံထွက်ပါတယ်။ ဒီးမန်တွေဟာ Background Process တွေပါ။ ဂရိ ဒဏ္ဍာရီတွေမှာတော့ ဒီးမန်တွေဟာ နတ်ဘုရားတွေ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပေးသူတွေပါ။ လူတွေနဲ့ နတ်ဘုရားတွေကြားက ဆက်သွယ်ပေးသူတွေဟာ ဒီးမန်တွေပါ။ ကွန်ပြူတာမှာတော့ User က Control လုပ်တာ မဟုတ်ဘဲ သူ့ဘာသူ (အချိန်ပြည့်) Run နေတဲ့ Process တွေပါ။ Unix သမားတွေကတော့ Daemon လို့ ပြောလိုက်ရင် ချက်ချင်း သိပေမယ့် Windows သမားတွေကတော့ Service လို့ ပြောမှ သဘောပေါက်လွယ်မှာပါ။ Unix မှာ Disk And Execution MONitor တွေကို DAEMON တွေလို့ ပြောပါတယ်။

Server Side Application တွေမှာတော့ ဒီးမန်တွေကို Session တွေကို စောင့်ကြည့်ဖို့ သုံးပါတယ်။ ဥပမာ Idle ဖြစ်နေတဲ့ Login တွေကို Time out လုပ်ဖို့တို့ မသုံးတော့တဲ့ Resource တွေကို ရှင်းဖို့တို့မှာ သုံးပါတယ်။ နောက်ပြီး Logging တွေကလည်း Daemon Process တွေပါပဲ။ Mailer Daemon လိုမျိုး တစ်ခုခု ဖြစ်ရင် အလိုအလျောက် အီးမေးပို့ဖို့ Process တွေလည်း ရှိပါသေးတယ်။ Web Server တွေမှာ ဒီးမန်တွေက HTTP Request တွေကို စောင့်ကြည့်ပေးပြီး လိုအပ်တဲ့ဆီကို (Dispatch လုပ်ပေး) လွှဲပေးပါတယ်။

Daemon ဆိုတဲ့ စကားလုံးကို Demon ဆိုတဲ့ စကားလုံးနဲ့ ပြောင်းသုံးကြပါတယ်။ စကားလုံး နှစ်ခုစလုံးက အဓိပ္ပါယ် (သိပ်)မကွာပါဘူး။ အမေရိကန်တွေကတော့ Daemon ကို ကောင်းတဲ့ နတ်တွေ အတွက် သုံးချင်ပါတယ်။ ကွန်ပြူတာမှာလည်း Demon ကို ပိုကြီးတဲ့ Program တွေProcess တွေကို သုံးတာလို့လည်း ပြောကြပါတယ်။ ဥပမာ AI (Artificial Intelligent) System တွေမှာ Knowledge တစ်ခု ရလာတာနဲ့ သူနဲ့ သက်ဆိုင်တဲ့ Demon တွေက နိုးထလာပြီး Inference Rules တွေအရ နောက်ထပ် Knowledge တစ်ခု ထပ်ထုတ်ပေးမယ်၊ ဒါမှမဟုတ် Action အဖြစ် ပြောင်းပေးလိုက်တာမျိုးတွေပါ။

(လိုအပ်ရင် ပြင်/ဖြည့် သွားပါမည်။)

တခြားဖတ်ရန် - Natural Key

Tuesday, August 12, 2008

ကော်လံ အပို ထပ်ထည့်ခြင်း

(Computer Programming Post ဖြစ်ပါတယ်။)

Database သုံးတဲ့ Application တွေမှာ Database Schema ပြောင်းတိုင်း Application ရဲ့ Code တွေကို လိုက်ပြောင်းရနိုင်ပါတယ်။ ဒီလို ပြောင်းတဲ့ အခါ နှစ်နေရာမှာ ပြောင်းရနိုင်ပါတယ်။ ကိုယ့် ပြင်ချင်တဲ့ နေရာမှာတော့ ပြောင်းရပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ်ပြောင်းလိုက်တာကြောင့် တခြားနေရာတွေမှာပါ သက်ရောက်မှု ရှိပြီး လိုက်ပြောင်းရပါတယ်။ ကိုယ်ပြင်ချင်ရာ ပြင်ပြီး တခြားနေရာတွေကို လိုက်မစစ်ရင် Production ကျမှ ဒုက္ခ လှလှတွေ့ရပါမည်။

Table တစ်ခုမှာ Column တစ်ခု ဖြုတ်လိုက်ရင် ဘာဖြစ်သွားမလဲ မေးရင် မေးတဲ့ လူကိုတောင် ကြောင်နေလား ဒီကော်လံကို သုံးထားတဲ့ နေရာတွေမှာ Error တွေ တက်လာမှာပေါ့လို့ ချက်ချင်း ပြန်ဖြေမှာပဲ။ ကော်လံ တစ်ခု ထပ်ထည့်လိုက်ရင်ရော ဘာဖြစ်မလဲ မေးရင် အတွေ့အကြုံ နည်းသေးတဲ့ သူတွေကတော့ ဘာမှ မဖြစ်လောက်ပါဘူးလို့ ဖြေမှာပါ။

တကယ်တော့ အသေအချာ မရေးထားတဲ့ Application တစ်ခုမှာ ကော်လံ တစ်ခု ထပ်ထည့်ရင်လည်း Error တက်နိုင်ပါတယ်။ ဘယ်လို နေရာမှာ တက်လေ့ ရှိသလဲ ဆိုတော့ အရင် ရှိထားတဲ့ Insert Statement မှာ တက်တတ်ပါတယ်။ ဥပမာ Emp Table ပဲ ဆိုပါတော့ အရင်တုန်းက ကော်လံ ၂ ခု ရှိတယ်။ EmpId နဲ့ Name နဲ့။ အဲဒါကို Database မှာ DOB ဆိုတဲ့ ကော်လံ ထပ်ထည့်လိုက်တယ်။ Application Code ကို ဘာမှ မပြောင်းဘူးဆိုပေမည့် အရင်တုန်းက ရေးတဲ့သူက Insert Statement ကို ဒီလိုမျိုး ရေးခဲ့မည်ဆိုရင် Error တက်မှာပါ။

INSERT INTO Emp VALUES (1,'John');

ဆိုပြီး Column ကို မကြေညာတဲ့ Insert Statement တွေဟာ Table ထဲမှာ နောက်ထပ် ကော်လံ တစ်ခု အပို ပါသွားရင် Parameter အရေအတွက်နဲ့ ကော်လံ အရေအတွက် မတူတဲ့ အတွက် Execute လုပ်လို့ မရတော့ပါဘူး။ အဲဒီတော့ Database မှာ ကော်လံ တစ်ခု ထပ်ထည့်မည်ဆိုရင် Application Code ထဲမှာ ဒီလို Insert Statement တွေ ရှိမရှိ အရင် "Find" နဲ့ Table Name သုံးပြီး အလွယ်တကူ ရှာကြည့်ရပါတယ်။ တွေ့ရင် ဒီလိုမျိုး ပြင်လိုက်ရပါမည်။

INSERT INTO Emp (EMPID,NAME) VALUES (1,'John');

အခုနောက်ပိုင်းတော့ ဘယ်သူမှ Application Code ထဲမှာ SQL Statement တွေကို ဒီအတိုင်း မရေးတော့ပါဘူး။ Hibernate တို့ Oracle က Toplink တို့လိုမျိုးတွေ သုံးတဲ့ အတွက် ဒီလိုမျိုးတွေ မရှိသလောက်ပါပဲ။

ဒါပေမယ့် Database အထဲကမှ ဒီ Table ကို သုံးထားတဲ့ View တွေ Stored Procedure မှာ ဒီလို Insert Statement တွေ ရှိနိုင်ပါသေးတယ်။ အဲဒါတွေကိုတော့ ကိုယ်ပြင့်မည့် Table (Emp) မှာပဲ Dependency တွေကို ရှာကြည့်ပြီး Depend လုပ်ထားသမျှ View လိုမျိုး Stored Procedure လိုမျိုး Function လိုမျိုး Database Object တွေမှာ လိုက်စစ်ပေးရပါတယ်။ ရှိရင် ပြင်ပေးရပါတယ်။

အဲဒီလို ပြင်ပေးတဲ့ အခါမှာ Insert Statement တွေ သာမက Union သုံးထားတဲ့ Select Statement တွေမှာပါ စစ်ပေးရပါတယ်။ ထားပါတော့ Emp Table နဲ့ Emp_Arcihve ဆိုတဲ့ Table နှစ်ခုဟာ ကော်လံတွေ တူနေခဲ့လို့ ဒီလို Union လုပ်ထားတယ် ဆိုရင်

SELECT * FROM EMP
UNION
SELECT * FROM EMP_ARCHIVE

Emp Table မှာပဲ ကော်လံ ထပ်ထည့်ပြီး Emp_Archive Table မှာ မထည့်ရင် ဒီ SQL ဟာ အလုပ် လုပ်တော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီလို Statement တွေကို ရှာပြီး ပြင်သင့်ရင် ပြင်ပေးရပါတယ်။

ဒီလိုမျိုး မမြင်သာဘဲ ဒုက္ခ ပေးနိုင်တဲ့ SQL တွေလည်း ရှိပါသေးတယ်။ ဆိုပါတော့ Customer ဆိုတဲ့ Table ရှိပြီး အဲဒီမှာ DOB ဆိုတဲ့ ကော်လံက ပါပြီးသား၊ EmpId = 1 ရဲ့ Customer Demographic level အတွက် နောက်ထပ် ServedBy ဆိုတဲ့ EmpId နဲ့ CustomerID ကော်လံတွေ ပါတဲ့ ကြားခံ Table တစ်ခု သုံးထားတဲ့ Query နဲ့ ရှာတယ် ဆိုပါတော့

SELECT e.EmpId, c.CustomerID, DOB
FROM Emp e,
Customer c,
ServedBy m
where m.EmpId = e.EmpId
and m.CustomerId = c.CustomerId
where e.EmpID = 1

ဒီ SQL ရေးတုန်းက DOB ဆိုတဲ့ ကော်လံက Customer ထဲမှာပဲ ပါလို့ ဘယ် Table က ယူမည်ဆိုတာကို မပြောလည်း ရတဲ့ အတွက် ဘာမှ Specify မလုပ်ထားပေမယ့် Emp Table ထဲမှာ DOB ထပ်ထည့်လိုက်ပြီး နောက်မှာ ဒီ SQL ဟာ Run လို့ မရတော့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ Ambiguous column ဖြစ်သွားလို့ပါ။ အဲဒါကြောင့် ဒီလို SQL မျိုးတွေကိုလည်း ဒီလို လိုက်ပြင်ရပါမည်။

SELECT e.EmpId, c.CustomerID, c.DOB
FROM Emp e,
Customer c,
ServedBy m
where m.EmpId = e.EmpId
and m.CustomerId = c.CustomerId
where e.EmpID = 1

ဒီလောက် လိုက်ပြင်တာတောင် ကိုယ်မမြင်လိုက်တာတွေ ရှိနိုင်ပါသေးတယ်။ အဲဒါကြောင့် Unit Testing က အရေးပါလာပါတယ်။ (Unit Testing အကြောင်း နောက်ရေးပါမည်။) Program Unit တိုင်းအတွက် Test လုပ်ဖို့ Unit Test Case တွေကို ရေးထားမည်ဆို System မှာ (Databaseမှာ ဖြစ်ဖြစ် ၊ Application ဖြစ်ဖြစ်၊ Configuration ဖြစ်ဖြစ်) တစ်ခု ပြောင်းလိုက်တိုင်း Unit Test Cases တွေကို Run ကြည့်ပြီး Effect ရှိမရှိ သိနိုင်ပါတယ်။

Unit Test တွေ မရှိလိုပဲ ဖြစ်ဖြစ် Legacy Application ဖြစ်နေလို့ ကိုယ့်စီမှာ ပြင်ပေးမည့် သူ မရှိလို့ပဲ ဖြစ်ဖြစ်၊ Application ရဲ့ Source Code တွေ မရှိလိုပဲ ဖြစ်ဖြစ် Side Effect မရှိစေချင်လိုပဲ ဖြစ်ဖြစ် Database ကို ပြင်ချင်တယ် ကော်လံ ထပ်ထည့်ချင်တယ်ဆိုရင်တော့ လုံးဝ ထပ်ထည့်လို့ မရဘဲ ဒီကော်လံ အတွက် နောက်ထပ် Table တစ်ခု ထပ်တိုးမှ ရပါမည်။ ဥပမာ Emp Table ထဲမှာ DOB ကော်လံ ထပ်ထည့်ဖို့ EMP_DOB ဆိုတဲ့ EmpId ကော်လံနဲ့ DOB ကော်လံပဲ ပါတဲ့ Table တစ်ခု ထပ်ထည့်ပေးခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ ဒီနေရာမှာတော့ EmpId နဲ့ DOB ဟာ One-To-Many ဖြစ်သွားတတ်တာကို သတိထားရပါမည်။ နောက်ပြီး ဒီလို မလိုအပ်ဘဲ Higly Normalise လုပ်ထားတာဟာ မကောင်းဘူးဆိုတာကိုလည်း သတိထားရပါမည်။ မတတ်သာတဲ့ အဆုံးမှပဲ ဒီလို လုပ်သင့်ပါတယ်။

Good Practice တွေကတော့
  • Insert Statement တွေမှာ Column တွေကို ကြေညာပါ။
  • Union မှာ Select * မလုပ်ပါနဲ့
  • Table တစ်ခုထက် ပိုတာကို Join ထားမည်ဆို ကော်လံတိုင်းဟာ ဘယ် Table ကလည်း ဆိုတာကို ကြေညာပါ။
  • Program Unit တိုင်းအတွက် Unit Test Case တွေ ရှိပါစေ။
တခြားဖတ်ရန်-SQL Injection

Monday, August 11, 2008

သူစိမ်းလိုပဲ ဆက်ဆံပါတယ်

ကျွန်တော်တို့ အိမ်ထောင်ရေးဟာ အဆင်ပြေတဲ့ အိမ်ထောင် စာရင်းထဲကို ထည့်ချင်ရင် ထည့်လို့ ရပါတယ်။ ကျွန်တော်နဲ့ သူမ ဆက်ဆံရေးဟာလည်း အဖုအထစ် မရှိသလောက် နည်းပါးပါတယ်။ နောက်ဆုံး ရန်ဖြစ်ဖူးတဲ့ အချိန်ကို ပြောပါဆိုရင် တကယ့်ကို ပြန်စဉ်းစားရမှာပါ။ အဲဒီလို အဆင်ပြေရခြင်းရဲ့ လျို့ဝှက်ချက် တစ်ချက်ကိုလည်း ဝေမျှချင်ပါတယ်။

ကျွန်တော်တို့ဟာ တစ်ယောက်ကို တစ်ယောက် သူစိမ်းတွေလိုပဲ ဆက်ဆံပါတယ်။
သူစိမ်းတွေလို ဆက်ဆံတယ် ဆိုတာ ခပ်စိမ်းစိမ်းပဲ နေပါ့မယ် မဟုတ်ပါဘူး။ သင့်အနေနဲ့ သူစိမ်း တစ်ယောက်ကို ဘယ်လို ဆက်ဆံသလဲ ဆိုတာကို ပြန်သုံးသပ်ကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ သူစိမ်း တစ်ယောက်ကို တွေ့တဲ့အခါ သူနဲ့ စကားပြောတဲ့ အခါ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ရိုသေစွာ ဆက်ဆံပါတယ်။ ကျနော်တွေ ကျနက်တွေလုပ်ပြီး ခင်သွားမှ မင်းနဲ့ ငါနဲ့ တုတ်သလိုမျိုးပေါ့။ အဲဒီလိုမျိုး မခင်မီက ရိုသေမှုမျိုးကို ခင်မင်သွားတောင် ထိန်းထားနိုင်ရင် ကောင်းပါတယ်။ ဒီနေရာမှာ အခေါ်အဝေါ်ကို ပြောချင်တာ မဟုတ်ပါဘူး။ ရိုသေမှုကို ပြောလိုတာပါ။

ဒီလို ရိုသေမှုတွေမှာ အချိန်ကို လေးစားတဲ့ ရိုသေမှုတွေလိုမျိုးလည်း ပါပါတယ်။ ဥပမာ သူနဲ့ ကိုယ်နဲ့ ၄ နာရီမှာ တွေ့မယ်ဆို သူစိမ်းတစ်ယောက် ဒါမှမဟုတ် အလုပ်ခန့်မယ့် သူဌေးတစ်ယောက်နဲ့ ချိန်းထားသလိုမျိုး တိကျတာဟာ နှစ်ယောက်စလုံးအတွက် ကောင်းပါတယ်။ ခင်နေပြီပဲ ကိုယ့်မိန်းမပဲ စိတ်မဆိုးလောက်ပါဘူး ဆိုပြီး နေမယ်ဆို လျော့တိလျော့ရဲ့ ဖြစ်ပြီး ရေရှည် ဆက်ဆံရေးကိုပါ ထိခိုက်နိုင်ပါတယ်။

နောက်ပြီး သူစိမ်း တစ်ယောက်ကို ကျွန်တော်တို့ အပြစ် ပြောခဲပါတယ်။ ပြောမယ်ဆိုရင်တောင် ဖော့ပြီး ပြောပါတယ်။ ကိုယ်နဲ့ ပြောမနာ ဆိုမနာ ခင်သွားမှ “မင်းဟာကြီးကလည်းကွာ အောက်လိုက်တာ..” လိုမျိုး တုတ်ထိုး အိုးပေါက် ပြောပါတယ်။ ဘယ်လောက်ခင်ခင် သွေးသားပင် တော်စပ်သော်ငြား ဒီလို အပြောခံရရင် စိတ်ထဲမှာတော့ အနည်းငယ် ခံစားသွားရနိုင်ပါတယ်။ ထောက်ပြ ပြုပြင်ပေးလိုတဲ့ စေတနာကို နားလည်သည် ဖြစ်စေ အပြောခံရတဲ့ အချိန် စက္ကန့်ပိုင်းလေးမှာတော့ တစ်မျိုး တစ်မည် သူသူငါငါ ခံစားရနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သူစိမ်းတွေကို ဝေဖန် ထောက်ပြမယ်ဆိုရင် အသက်အသာဆုံး နည်းလမ်း သုံးပြီးတော့ ပြောဆိုပါတယ်။ ဒီလိုသာ တစ်ဦးနဲ့ တစ်ဦး အမြဲ ဆက်ဆံသွားမယ်ဆိုရင် ဝေဖန်တယ်ဆိုတဲ့ စကားလုံးဟာ အရောင်တစ်မျိုး ပြောင်းသွားမှာပါ။ ကျွန်တော်တို့လည်း အချင်းချင်း ဝေဖန်ရင် သူစိမ်းတစ်ယောက်ကို ဝေဖန်သလို ဝေဖန်ဖို့ ကြိုးစားပါတယ်။ ကိုယ့်မိန်းမ ကိုယ့်ယောက်ျားမို့ ဆိုပြီး `နင့်ဟာကလည်း ချာတူးလံနေတာပဲ´ဆိုပြီး လက်လွှတ်စပယ် မပြောဖြစ်အောင် ထိန်းရပါတယ်။ အဲဒီလိုမျိုး ပြောဖြစ်ရင်လည်း နောက်ပြီး တမင်တကာ ပြောသလိုမျိုးမှပဲ ပြောဖြစ်မှာပါ။

ကျွန်တော်တို့တတွေဟာ သူစိမ်းတွေ အပေါ်မှာ စိတ်တိုခဲပါတယ်။ စိတ်တိုတယ်၊ စိတ်ကောက်တယ် ဆိုတာ အချင်းချင်းတွေပဲ ဖြစ်ကြတာပါ။ သူစိမ်း တစ်ယောက်က ကိုယ့်ကို တစ်ခုခု မှားလုပ်မိရင်တောင် အလွန်အမင်း စိတ်မတိုကြပါဘူး။ သူမသိလို့ မှားတာပဲ ဆိုပြီး ခွင့်လွှတ်တတ်ကြပါတယ်။ စိတ်တိုသွားရင်တောင် ကိုယ့်အမျက်ကို သူမသိရအောင် မျိုသိပ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း အချင်းချင်း စိတ်တိုစရာ ရှိရင် သူစိမ်းတစ်ယောက်လို သဘော ထားကြည့်ပါတယ်။

သူစိမ်းတစ်ယောက်ကို ခင်လိုတဲ့ အခါ ကျွန်တော်တို့ သူ့အကြောင်းကို သိအောင်၊ သူ့အကြိုက်ကို သိအောင် သူမကြိုက်တာကို သိအောင် ကြိုးစားကြတယ်။ တကယ်တော့ သူဟာ ကိုယ်မဟုတ်ရင် နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ လင်မယားပင် ဖြစ်သော်လည်း သူ့အကြောင်း အကုန် ကိုယ်က မသိနိုင်ပါဘူး။ ပေါင်းလာတာ ကြာပါပြီကွာ၊ လင်မယားပဲ ဆိုပြီး မနေဘဲ သူ့အကြိုက် သူ့အလိုက်ကို အမြဲကြည့်ပြီး ရှာဖွေနေမှသာ သူ့အကြောင်း အသစ် အသစ်တွေ တွေ့လာ သိလာမှာပါ။

လူအချင်းချင်း အကျွမ်းဝင်သွားရင် သူတို့ ကြားက ဘောင်တွေ၊ ကလနားတွေ ဖြည်းဖြည်းချင်း ပြေလျော့ကုန်ပါတယ်။ စနောက်တဲ့ အခါလည်း သူစိမ်းမဟုတ်တော့ရင် ပိုပြီး နာနာထိုးထိုးလေး စနောက်တတ်ပါတယ်။ တလောကတောင် ကျွန်တော် ခင်နေတဲ့ ဘလောက်တစ်ခုမှ သွားနောက် မိသေးတယ်။ နောက်မှ တွေးပြီး စိတ်မကောင်းဘူး။ ခင်နေတယ် ဆိုပေမယ့်လည်း သူ့အတွက် စိတ်အနှောက် အယှက် ဖြစ်သွားနိုင်တယ်ဆိုတာ နောက်မှ တွေးမိတယ်။ အဲဒီလိုမျိုး ခင်တယ် ဆိုပြီး စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားတတ်တယ်။ လင်နဲ့ မယားဆိုလို့ ကိုယ်က ရေနဲ့ ပက်ပြီး ကျီစားပေမယ့် ကိုယ့်ကို အဆိပ်ခတ် သတ်ချင်လောက်အောင် နာကျည်းသွားတာမျိုးတွေလည်း ရှိခဲ့ဖူးတယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံးက သူများတွေ သူငယ်ချင်းတွေကိုလည်း သူစိမ်းလိုပဲ ဆက်ဆံပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ အရမ်း မခင်တတ်သလိုတောင် ခံစားရမယ်။ သူငယ်ချင်းတွေကို ထမင်းတွေ ဘာတွေ ဖိတ်ကျွေးလည်း ဘယ်လောက် ခင်တဲ့ သူငယ်ချင်းပဲ ဖြစ်ပါစေ သူစိမ်းတွေကို ထမင်းကျွေးသလို သေသေချာချာ ကျွေးတယ်။ အရမ်း ခင်နေပြီဆိုပြီး ကိုယ်စားသလို ဖြစ်သလို စားဆိုပြီး မဆက်ဆံကြပါဘူး။

ကျွန်တော်တို့ အဖေ၊အမေတွေ မိသားစုဟာလည်း တခြား မိသားစုတွေလိုပဲ တခါတလေ ရန်ဖြစ်ကြတယ်။ အဖေနဲ့ အမေနဲ့ ဖြစ်တယ်။ အဖေနဲ့ သားတွေနဲ့ ဖြစ်တယ်။ သားတွေနဲ့ အမေနဲ့ နောင်ချိန်ပလေးတယ်။ ညီအစ်ကိုချင်းဆိုတာတော့ ငယ်ငယ်တုန်းကဆို လက်သီးတွေ ဘာတွေနဲ့တောင် ချကြတာ။ ကြီးလာတော့ ကျွန်တော်က မိသားစုဝင်တွေကို သူစိမ်းလိုပဲ ဆက်ဆံတော့တယ်။ ပြောင်ကြီး မပြောတော့ဘူး။ နင်ပဲငဆ မပြောတော့ဘူး။ စိတ်တိုစရာရှိလည်း စိတ်မတိုအောင် ထိန်းတယ်။ ပြောစရာရှိလည်း သူစိမ်းကို ရှင်းပြသလိုပဲ ရှင်းပြတော့တယ်။ အဲဒီအခါ မိသားစု အတွင်းမှာ ရန်ဖြစ်တာ နည်းလာတာကို တွေ့ရတယ်။

ရင်းနှီး ကျွမ်းဝင်တာ ကလူ ကျီစယ်တာတွေ မရှိတော့ရင်တော့လည်း တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးကြီးဟာ ရေခဲတုံးလို အေးစက်ပြီး တွယ်တာစရာ မရှိဖြစ်လာလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး မပြုပြင် မထောက်ပြရင်လည်း မိသားတစ်စုလုံး ဆုံးရှုံးခြင်းတွေနဲ့ ကြုံတွေ့ရပြီး ပျက်စီးခြင်းကို ရောက်လိမ့်မယ်။ အဲဒီလိုလည်း မဖြစ်ရအောင်လည်း တစ်ဦးနဲ့ တစ်ဦးလည်း ဘောင်မကျော်အောင် အထက်က ပြောထားသကဲ့သို့ ကျွန်တော်တို့ဟာ သူစိမ်းတွေလိုပဲ ဆက်ဆံကြပါတယ်။

တခြားဖတ်ရန် - အသွင်မတူတဲ့ ကျွန်တော်တို့ နှစ်ယောက် 

Sunday, August 10, 2008

သမီးလေးရဲ့ တိုးတက်မှု (၁၂လ - ၁၆လ)

သမီးလေး မြတ်နိုး အကြောင်းတောင် မရေးတာ ကြာသွားတယ်။ ဒီလို မရေးဖြစ်တဲ့ ကာလ မှာပဲ သမီးရဲ့ တိုးတက်မှုတွေက အရမ်းကို များနေတာနဲ့ တိုက်ဆိုင်သွားတယ်။ မှတ်မိသလောက်တော့ ပြန်ရေးရမယ်။

တစ်နှစ်ကျော်လာတာနဲ့ သမီးက အတော်ကို တတ်နေပါပြီ။ ဒီအတောအတွင်းမှာ အဓိက တိုးတက်မှုကတော့ လမ်းကောင်းကောင်း လျှောက်တတ်လာတာပါပဲ။ သမီးလေး ခြေလှမ်း စလှမ်းတုန်းကကို မှတ်မိသေးတယ်။ မိဘတွေဆီ အမြန်ပြေးလှမ်းလာတာ။ နောက်တော့ ဒီဘက်ခုံကို ကိုင်ထားရာကနေ ဟိုဘက်ခုံကို လှမ်းပြီး လျှောက်ကြည့်တယ်။ နောက်တော့ ဆက်တီခုံကနေ တီဗွီစင်ဘက်ကို လျှောက်ကြည့်တယ်။ သူဘယ်လောက် လျှောက်နိုင်တယ် ဆိုတာကို သူသိပြီး ဒီထက်ပို လျှောက်နိုင်အောင် ကြိုးစားလျှောက်ကြည့်ပါတယ်။ အဲဒီလိုနဲ့ ဝေးသထက် ဝေးအောင် လျှောက်နိုင်ပြီး ဧည့်ခန်းထဲမှာ အတော် လျှောက်တတ်လာတော့ တခြား အခန်းတွေကိုပါ လျှောက်သွားကြည့်တယ်။ ၁၂ လလောက်မှာ လမ်းကို မလဲအောင် လျှောက်တတ်ပေမယ့် လမ်းမှာ ခုံတွေ ဘာတွေ ရှိနေရင် ကွေ့ပတ် မသွားတတ်ပါဘူး။ ခုံကို ကိုင်ပြီး နည်းနည်းချင်း လှည့်ရတယ်။ နောက် တစ်ပတ် နှစ်ပတ်လောက် နေမှ ကွေ့တတ်သွားတာ။ ပြီးတော့မှ ပြေးတတ်သွားတယ်။



ပြေးတတ်သွားတုန်းက လမ်းတောင် မလျှောက်တော့ဘဲ အမြဲ ပြေးနေတော့တယ်။ ၁၃လလောက်မှာ ခြေထောက်ကို ဆောင့်တတ်ပြီ။ သမီးရေ `Stomp Stomp´ ဆို ခြေထောက်ကို ဆောင့်ပြတယ်။ ၁၄လ - ၁၅လမှ အတော်ကို လျှောက်တတ် ပြေးတတ်နေပြီ။ သူ့အဘိုး အဘွားတွေ သွားကြိုတော့ ၁၄လ။ လေဆိပ်မှာ လျှောက်သွားနေလို့ မနည်း လိုက်ဖမ်းရတယ်။ အဲဒီမှာ တွေ့တဲ့ သူထက်ကြီးတဲ့ ကလေးလေး နှစ်ယောက်နဲ့လည်း ဆော့လိုက်သေးတယ်။ အခုဆို ပြေးသွားရုံတင်မက၊ သူကြိုက်တဲ့ ကာတွန်း ဇတ်ဆောင်လို ခြေထောက်နှစ်ဘက်ကို ပွတ်သွားတယ်။ လိမ်ဖယ် လိမ်ဖယ် လုပ်ပြီး သွားတယ်။ ဖိနပ်ကို ရှပ်ရှပ် ရှပ်ရှပ်လုပ်ပြီး လျှောက်တယ်။ နောက်ပြန် လျှောက်တတ်တယ်။ ပြီးတော့ ကြမ်းပြင်ရဲ့ အပျော့ အမာ အကြမ်းကိုလည်း ခံစားတတ်တယ်။ သံပန်တလင်း ဆိုရင် တစ်မျိုး၊ ကော်ဇော်ပေါ်မှာ တစ်မျိုး၊ သစ်သားပေါ်မှာ ဆိုရင် တစ်မျိုးမှန် သိတယ်။ စမ်းကြည့်တယ်။



ဒီလတွေ အတွင်းမှာလည်း သမီးရဲ့ ကိုယ်ခန္ဓာ အချိုးအစားက အတော်ကို ပြောင်းသွားပါပြီ။ အရင်က ခေါင်းကြီးကြီးလေးနဲ့ဆိုတော့ ခေါင်းက တစ်ကိုယ်လုံးရဲ့ ၄ချိုး ၁ချိုးလောက် ရှိတယ်။ အခုတော့ ၅ပုံ ၁ပုံလောက် ဖြစ်သွားပြီ။ အရပ် ထွက်လာတယ်ပေါ့။ အရပ်ထွက်လာတော့လည်း အရင်လို လုံးလုံးလေး မဟုတ်တော့ပြန်ဘူး။ လက်တံ ခြေတံတွေ ရှည်လာတယ်။ ဖောင်းဖောင်း တုတ်တုတ်လေးတွေက နည်းနည်း လျှော့သွားတယ်။ ခါးလျားကြီးကလည်း ရှည်ထွက်လာတယ်။ ကြည့်လိုက်ရင် ပိန်သွားသလိုပဲ။ အလေးချိန်ကတော့ ၁၀ကီလိုခွဲ ကျော်ကျော် ရှိပါတယ်။ ဒါတွေကလည်း လမ်းလျှောက်ဖို့ အတွက် ပြုပြင်ပေးလိုက်သလိုပါပဲ။ အခြေလည်း ခိုင်လာတယ်။ အရင်တုန်းက သူနဲ့ ကစားဖော် အသက်တစ်နှစ် ပိုကြီးတဲ့ ကလေးလေးက ချစ်လို့ ဖတ်လိုက်ရင် ယိုင်တိုင် ယိုင်တိုင် ဖြစ်နေတာ အခုတော့ နှစ်ယောက်သား တွေ့ရင် ဖတ်ပြီး နှုတ်ဆက်ကြ ဆော့ကြနဲ့။

ဈေးတွေ ဘာတွေ သွားရင်လည်း အောက်ဆင်းလျှောက်ခွင့် ပေးလိုက်ရင် အရမ်း ကြိုက်ပေါ့။ ဟိုဆိုင်ဝင် ဒီဆိုင်ဝင် လုပ်တယ်။ အနားက Mall မှာရှိတဲ့ KMart က သူ့ကစားကွင်းလိုပဲ။ တစ်ပတ် တစ်ခါလောက် သူ့ကို ခေါ်သွားပြီး ကလေး ကစားစရာ ရောင်းတဲ့ အတန်းမှာ လွှတ်ပေးထားလို့ကတော့ ပျော်သည်ပဲ။ ဟိုအရုပ်ဆွဲ ဒီအရုပ်ဆွဲနဲ့။ အဘိုးတွေ အဘွားတွေကလည်း အလို လိုက်တယ်လေ။ အပြင်သွားချင်ပြီဆို သူတို့က သွားကပ်လိုက်ရင် အနည်းဆုံးတော့ အခန်း အပြင်ထွက်ပြီး တိုက်ထဲမှာ လျှောက်သွားလို့ ရတယ်။ အပြင်သွားရပြီဆို အရမ်းပျော်တာ။ ဘာကြောင့်ပဲ သွားရ သွားရ။ ညည အဘွားနဲ့ အမှိုက် သွားပစ်ဖို့ ထွက်ကြတယ်။ ညဖက်ရောက်ပြီဆို အဘွားကို ကြွတ်ကြွတ်အိတ် အလွတ်တွေ ယူလာပြီး အမှိုက် သွားပစ်ဖို့ ခေါ်တယ်။ အပြင်ထွက်ရင် အေးတော့ အမြဲတမ်း အနွေးထည်း ၀တ်ပေးတော့ အပြင်သွားချင်ရင် အနွေးထည် ယူလာပြီး လက်ထိုးပေးတယ်။ အပြင်သွားခါနီး ဖိနပ်စီးဖို့ သမီးရေ ရှူးသွားယူ ဆိုရင် သူ့ရှူးဖိနပ်လေး သွားယူတယ်။

၁၅လ ကျော်ကတည်းက ပစ္စည်းတွေနဲ့ အခေါ်အဝေါ်တွေကို တွဲပြီး မှတ်မိနေပါပြီ။ ရှူးလို့ ပြောလိုက်ရင်လည်း သိတယ်။ အနွေးထည် သွားယူဆိုလည်း ရတယ်။ အသားပတ်လို့ လိမ်းပေးနေကျ body lotion ကိုလည်း သွားယူခိုင်းရင် သိတယ်။ ရီမုတ် သွားယူဆိုရင်လည်း ရတယ်။ ပစ္စည်းတွေရဲ့အသုံးချပုံကိုလည်း သိနေပါပြီ။ ဦးထုပ်ဆိုရင်လည်း သူ့မောင်လေး ခေါင်းမှာ သွားဆောင်းပေးတယ်။ ခြေအိတ်ဆိုရင်လည်း သွားစွပ်ပေးတယ်။ နားကလော်တဲ့ Q Tip လေးနဲ့ ကလေး နားခေါင်းကို ရှင်းပေးတာ ကြည့်ထားပြီး ကလေးကို သွားသွား ထိုးနေလို့ အမြဲ ကြည့်နေရတယ်။ ဓါတ်မီးနဲ့ နှာခေါင်းထဲကို အရင် ထိုးကြည့်လိုက်သေးတယ်။ နောက်ပြီး သူ့ကို ခိုင်းလို ရနေပါပြီ။ ပစ္စည်း တစ်ခုကို ပေးလိုက်ပြီး သွား အဘွားကို သွားပေးဆိုရင် ယူသွားပြီး အဘွားကို သွားပေးတယ်။ အိမ်ခန်းထဲမှာ စောင်သွားယူဆိုရင်လည်း သွားယူတယ်။ သူ့ကို ခိုင်းလို့ ရသလို သူကလည်း ပြန်ခိုင်းတတ်ပါတယ်။ နို့ဆာတဲ့ အချိန် နို့ဗူးကို ထိုးပြတယ်။ ထမင်းဆာရင် သူထမင်းဗူး (့ပုလင်း)တွေ သိမ်းထားတဲ့ ဗီဒိုကို သွားဖွင့်တယ်။ အပြင်သွားမယ် ဆိုပြီး လက်ညှိုး ထိုးပြတယ်။ လက်ညှိုး တစ်ချောင်းနဲ့ လူကြီးတွေကို ခိုင်းစားတတ်နေပါပြီ။ ပြီးတော့ သူမျှော်လင့်ထားတာက တစ်မျိုး လူကြီးတွေက လုပ်ပေးတာက တစ်မျိုးဆိုရင် သူက စိတ်တိုသေးတယ်။ သူက နို့ဆာနေတာကို လူကြီးတွေက မသိဘဲ ထမင်းကျွေးရင်လည်း မကြိုက်ဘူး။

သမီးက တူတူ ပုန်းတမ်း ဆော့ရတာကို ကြိုက်ပုံရတယ်။ ဟိုးငယ်ငယ်တုန်းက အဘွားနဲ့ စောင်ခြုံတမ်း ကစားတယ် ဆိုပြီး စောင်နဲ့ ကွယ်လိုက် ဟလိုက်လုပ်ရင် ခိခိ ခိခိနဲ့။ မတ်တပ် ရပ်တတ်တော့လည်း ခုံကို ကိုင်ပြီး ရပ်နေရင် ခေါင်းလေးကို စောင်း၊ ခုံနဲ့ ကွယ်ပြီး တူပုန်းတယ်။ အခုလည်း ပြေးတတ် လွှားတတ်လာတော့ အဘွားနဲ့ တူပုန်းတမ်း ကစားတယ်။ အစကတော့ အဘွားက ပုန်းတာကို လိုက်ရှာပြီး တွေ့ရင် အရမ်းပျော်တယ်။ ရှာလို့ မတွေ့တာ ကြာသွားရင် ပျောက်သွားပြီ ဆိုပြီး ငိုပါရော။ နောက်တော့ သူကိုယ်တိုင် ပုန်းတတ်လာတယ်။ သူက အရင် ပြေးသွားပြီး တံခါးကြားမှာ ပုန်းတယ်။ နံရံ အကွယ်မှာ ပုန်းတယ်။ လူကြီးတွေက သူကို ရှာလို့ မတွေချင်ယောင် ဆောင်နေရင် သူက နောက်မှာ အသည်းတွေ ယားနေတယ်။

အစားအသောက်တွေကလည်း လူကြီးစာထဲက နှိုက်ကျွေးလို့ ရနေပြီ။ သူကိုယ်တိုင်ကလည်း လူကြီးစာတွေပဲ စားချင်လာတာပါ။ လူကြီးတွေ စားရင် သူလည်း လိုက်စားရမှ။ သူဘာသူလည်း စားချင်တယ်။ အစကတော့ ခေါက်ဆွဲလိုမျိုးကို ပေးထားတယ်။ အီတလီ ခေါက်ဆွဲဆို ဆီလည်း မပါ ဆော်ဒါလည်း မများတော့ ပြုတ်ကျွေးထားရင် ကိုင်လို့လည်း လွယ်တော့ အဆင်ပြေတယ်။ နောက်တော့ လက်နဲ့ မစားဘဲ ဇွန်းတို့ ခက်ရင်းတို့နဲ့ စားချင်လာတယ်။ ပထမတော့ မခပ်တတ်ဘူး။ ခပ်တတ်ပြီးတော့ ပါးစပ်ထဲကို ၀င်အောင် မထည့်တတ်ဘူး။ အဲဒါကြောင့် ခေါက်ဆွဲလိုမျိုးဆိုရင် သူ့အတွက် အလွယ်ဆုံးပဲ။ နောက်တော့ ထမင်းဖြူလိုမျိုးပါ ပါးစပ်ထဲ ၀င်အောင် ထည့်တတ်လာတယ်။ နောက်တော့ ပြောင်းဖူးစေ့ လိုမျိုးလေးတွေပါ ဇွန်းနဲ့ စားတတ်လာတယ်။ အခု ၁၆လမှာ ဇွန်းနဲ့ မိုင်လိုလိုမျိုး အရည်ကို ခပ်သောက်တတ်နေပါတယ်။ အခုဆို သူ့ထမင်းကို သူကိုယ်တိုင် စားရမှ။ ကြမ်းပြင်တွေ ဘာတွေ ညစ်ပတ်ချင် ညစ်ပတ်ပါစေ လုပ်တတ်အောင် ဆိုပြီး လွှတ်ထားပေးလိုက်တော့ အတော် စားတတ်လာတယ်။ ရှောက်ချိုသီးလိုမျိုးကိုလည်း သူ့အတွက် သေးသေးလေးတွေ အခွံခွာ လှီးပေးထားရင် မစားဘူး။ လူကြီးတွေလို အစိပ်လိုက် ကိုင်စားရမှ သဘောကျတယ်။ သမီးက မသင်ပေးမိတော့ နို့ဗူးစို့တာ ကိုယ့်ဘာကိုယ် ကိုင်ပြီး မစို့တတ်လာတာ ၁၃လ ကျော်မှပဲ ကိုယ့်ဘာကိုယ် ကိုင်စို့တတ်တော့တယ်။ အဘွားက သူ့ Rocking Chair မှာ တင်ပေးထားပြီး နို့ဗူးပေးထားလိုက်တာ နောက်တော့ သူ့ဘာသာသူ ကိုင်ပြီး စို့တတ်လာတာပဲ။ အခုဆို အောက်မှာ သွား ၃ ချောင်း၊ အပေါ်မှာ ၄ ချောင်းပဲ ထွက်ပါသေးတယ်။ ဘေးက အံသွားတွေကတော့ မာနေပါပြီ။ တော်ရုံ တန်ရုံ အစာကိုတော့ စားလို့ ၀ါးလို့ ရနေပါတယ်။

သမီး ငယ်ငယ်တုန်းက ပစ္စည်းတွေကို လွှတ်ချရုံပဲ လွှတ်ချ တတ်တာပါ။ ၁၄ လောက်ရောက်မှ ကိုင်ပေါက်တတ်တာပါ။ ဘောလုံးလေး ၀ယ်ပေးလိုက်တော့မှပဲ ဘောလုံးကို ပုတ်ချတတ်သလို ပစ္စည်းတွေကို လက်ကနေ ကိုင်ပေါက်တတ်တာပါ။ အဲဒီလို တတ်လာတာရယ် စိတ်ခံစားချက်တွေပါ တိုးတက်လာတာပေါင်းလိုက်တော့ စိတ်ဆိုးရင်လည်း ပစ္စည်းကို ကိုင်ပေါက်တတ်လာတယ်။ လက်ထဲမှာ ဖုန်းကိုင်ထားရင် ဖုန်းကို ကိုင်ပေါက်တယ်။ ဒီအကျင့်ကို ပျောက်အောင် လူကြီးတွေက ဒီလို လုပ်တာ မကြိုက်ကြောင်းကိုတော့ သင်ပေးနေရတယ်။

ဒီအရွယ်က စပြီး ဒါကိုတော့ လူကြီးတွေက မကြိုက်ကြောင်း မျက်နှာထား တင်းတင်းနဲ့ ပြောရင် သိတတ် မှတ်တတ်နေပါပြီ။ ပူပူဆိုပြီး အန္တရာယ် ရှိကြောင်း ပြောထားရင်လည်း မှတ်ထားတယ်။ ဒါ စားစရာ မဟုတ်ဘူးနော် ပါးစပ်ထဲ မထည့်ရဘူးဆိုရင်လည်း သိတတ်လာပါပြီ။ အမေနဲ့ အဖေမှာ အဖေက အကုန် အလိုလိုက်တော့ အဖေကို ဆိုရင်လည်း မကြောက်တတ်ဘူး။ အဖေ ကွန်ပြူတာ သုံးရင် အောက်ကလာအော်ပြီ။ အဖေက သူ့ကိုဆိုရင် ပေးကိုင်တာကိုး။ အမေကိုဆိုရင်တော့ သွားတောင် မတောင်းဘူး။ သူ့အမေက အရမ်း ပစားမပေးတော့ အမေ မျက်နှာကို ကြည့်ပြီးမှ သူလုပ်ချင်တာကို လုပ်တတ်တယ်။ သူ့မောင်လေးကို နမ်းချင်ရင်တောင် အမေမျက်နှာကို အရင် ကြည့်တယ်။ အမေက ဘာမျှ မပြောဘူးဆိုတာကို သိမှ အနားတိုးတယ်။

၁၅လကျော်မှာ အဖြစ်အပျက်တွေကို မှတ်မိပြီး စိတ်ထဲမှာ ပုံဖော်တတ်လာပါတယ်။ သမီးရေ ဖေတို့ ဟိုးအဝေကြီးကို သွားကြတာလေ.. ဆိုရင် ပြန်စဉ်းစားပြီး `ဟိုး´ လို့ ပြောပြီး လက်ကလေးကလည်း ဟိုးအဝေကြီးဆိုတာကို ပြတတ်တယ်။ သူ့ကို အတိတ်က တစ်ခုခု ဥပမာ သမီးရေ ဒီနေ့ ဈေးသွားတုန်းက ၀ုတ်ဝုတ်တွေ့တယ်လေ ဆိုရင်လည်း စဉ်းစားပြီး ပြန်မှတ်မိတဲ့ ပုံပါပဲ။ အပြင်သွားရင်လည်း သူ့မောင်လေးမပါရင် သတိရ လွမ်းတတ်တယ်။ သူ့မောင်လေး မပါဘဲ သွားတော့ အပြင်မှာ ကလေးလေးတွေ တွေ့ရင် လက်ညှိုးထိုး တောင်းပြီး ငိုပါရော။ အိမ်ပြန်ရောက်ရင် သူ့မောင်လေးကို နမ်းလို့ မပြီးတော့ဘူး။ နမ်းရုံတင် မဟုတ်ဘဲ ခေါင်းလေးနဲ့တိုးခွေ့၊ ပါးချင်းကပ်တွေ ဘာတွေ လုပ်ရော။ အဖေက မနက်ဆိုရင် အလုပ် သွားရမယ် ဆိုတာကိုလည်း လက်ခံ နားလည်လာပါတယ်။ မနက် အလုပ်သွားရင် ကြည်ကြည် ဖြူဖြူပဲ နှုတ်ဆက်တယ်။ ညနေ ရုံးက ပြန်လာရင်တော့ လက်ကလေးနဲ့ ခြေထောက်ကို ဖြစ်ဖြစ် လာပုတ်လိုက်ရမှ ကျေနပ်တယ်။ စနေ၊ တနင်္ဂနွေ အဖေ ရုံးမသွားဘဲ မိသားတစ်စုလုံး အပြင်ထွက် လည်ရမယ် ဆိုတာကိုလည်း သိနေသလိုပဲ။ အဲဒီနေ့ကျရင် အဖေကို မနက် အိပ်ရာထကတည်းက ကပ်တယ်။ အဘွားကို ပုန်ကန်တယ်။

အကောင်လေးတွေ အထူးသဖြင့် ခွေးတွေ ရှိတယ်ဆိုတာ နားလည်လာပြီး ချစ်တတ်လာပါတယ်။ ခွေးတို့ ဘာတို့ တွေ့ရင် လက်ကလေးကို ဖျစ်တီးတတ်တယ်။ Mall မှာ Pet ရောင်းတဲ့ ဆိုင်က ခွေးပေါက်ကလေးတွေကို ဆိုရင် အရမ်း အသည်းယားပြီး အရမ်း ချစ်ချင်တယ်။ တီဗွီမှာ အကောင်တွေ အကြောင်းဆိုရင်လည်း ကြိုက်ပြီး ကြည့်တတ်တယ်။ အကောင်တင် မဟုတ်ပါဘူး။ တီဗွီက တခြားဟာတွေလည်း ကြည့်တတ်လာတယ်။ ကာတွန်းကားလေးတွေ ကြည့်တတ်တယ်။ အထဲမှ ကစားနေရင် သူက အပြင်မှာ နားလည်တယ်။ မနက်ဆိုရင် အိပ်ရာက နိုးတာနဲ့ အဘွားနဲ့ တီဗွီရှေ့ ရောက်နေပြီလေ။ သမီး ကြိုက်တဲ အစီအစဉ်တွေ့ အထဲမှာ အခုလာနေတဲ့ So You Think You Can Dance လည်း ပါတယ်။ လူကြီးတွေနဲ့ အပြိုင် သူကလည်း လိုက်ကြည့်ပြီး စိတ်ပါရင် ထကပါရော။

တစ်ခါ တစ်လေ အနားက ပန်းခြံကို ခေါ်သွားပြီး ဆော့ရင် အရမ်း ပျော်တာ။ ရာသီဥတု မကောင်းတော့ သိပ်မသွားဖြစ်ပါဘူး။ အိမ်မှာ ရှိတဲ့ ကစားစရာတွေကိုလည်း ကောင်းကောင်း ဆော့တတ်နေပြီ။ သူဘာသူ တစ်ခုခု စဉ်းစားပြီး လုပ်ဆော့တယ်။ သူအကြိုက်ဆုံးကတော့ မီးဖိုချောင်ထဲဝင် ဗူးတွေ ခွက်တွေ ဆွဲထုတ်လာပြီး ဆော့တာပါပဲ။ မိန်းကလေး မို့လား မသိ မီးဖိုချောင်ဆို အင်မတန် ကြိုက်တယ်။ အဘွားကလည်း ဟင်းချက်ရင် သူ့မြေးကို ချီပြီး ချက်တယ်လေ။ မြတ်နိုးတို့က အဲဒါမျိုးဆို သိပ်ကြိုက်တာပေါ့။ ရောင်စုံ ခဲတံတွေနဲ့လည်း လျှောက်ခြစ်တတ်နေတယ်။ စိတ်ပါရင် လျှောက်ခြစ်မယ်။ တစ်ခါလည်း ရောင်စုံခဲတံ ၁၀ ချောင်းလောက်ကို ၀ထ္တုစာအုပ်အရွယ် စာအုပ်ပေါ်ကို ရအောင် စီပြီး တင်တယ်။ မရရင် စိတ်တိုပြီး ထအော်တယ်။ အဲဒီလို ကစားတဲ့အခါ အာရုံ နည်းနည်း ကြာကြာ စိုက်တတ်လာပါပြီ။ သူ့ ဖီလင်နဲ့သူ ကစားနေတာပဲ။ ဟိုထဲကဟာ ဒီထဲထည့်၊ ဒီဟာကို ဟိုပေါ်တင်နဲ့။ နောက်ပြီး သမီးက ကွန်ပြူတာတို့ ဖုန်းတို့နဲ့ ဆော့ရမယ်ဆို သိပ်ကြိုက်တာ။ ဖုန်းမှာ အချစ် မျက်ဝန်း ဖွင့်ပေးထားရင် ဖုန်းလေး ကိုင်ပြီး ကနေရော။ ပြီးတော့ သမီးက ကစားစရာ အကြီးတွေနဲ့ပဲ ဆော့ပြီး သေးသေးလေးတွေနဲ့တော့ မဆော့တတ်ဘူး။ ကစားစရာ အသေးလေးတွေ အစား မီးဖိုထဲက ခွက်တွေ ပုံးတွေနဲ့ ဆော့တာ။

ဒီ အရွယ် အထိတော့ သမီးက စကားတော့ ကောင်းကောင်း မပြောတတ်သေးပါဘူး။ ဟိုအော် ဒီအော်တော့ လုပ်တယ်။ သူ့ပါးစပ်ထဲ ရှိတာကို လျှောက်အော်တယ်။ လူကြီးတွေ ပြောတာကို သံယောင်လိုက်တယ်။ တီဗွီမှာ အစီအစဉ်တစ်ခုမှာ Count Down လုပ်ရင် `ဒါ့... ဒါ့ .... ဒါ့´ ဆိုပြီး လိုက်အော်တယ်။ `သား...´ ကိုတော့ ကောင်းကောင်းကြီး ပြောတတ်တယ်။ ရန်ကုန်က သူ့`ကြီးကြီး´နဲ့ Chat ရင်လည်း ခေါ်တတ်တယ်။ စင်္ကာပူက `တီတီ´ လည်း ခွဲခေါ်တတ်တယ်။ Web Cam ရဲ့ သဘောကိုလည်း သိတယ်။ ကွန်ပြူတာရှေ့မှာ သူ့အဒေါ်တွေ ကြီးကြီးတွေကို Skype လိုမျိုးနဲ့ Chat ရင် သူက အကုန် လုပ်ပြတယ်။ နောက်တစ်မျိုး တတ်နေတာတော့ `ပန်း´ ဆိုပြီး ပန်းပင်တွေ မြင်ရင် ပြောတတ်တယ်။ အဘွား မြေး ဆိုတော့ အပြင်သွားရင် ပန်းပင်တွေ မြင်ရင် မနေနိုင်ဘူး `ပန်း..´ ဆိုပြီး လက်ညှိုး ထိုးပြီး အော်တော့တာပဲ။ အမှိုက်တွေ တွေ့ရင် `ချိ..ချိ´ ဆိုပြီး အော်အော့ ချိချိတွေကို ကြုံးခိုင်းတယ်။ အဘွားကိုလည်း `နိုင်နိုင်း´တဲ့။ ဘယ်သူမှလဲ မသင်ပေးရပဲနဲ့၊ စင်္ကာပူသူ တရုတ်မကြီးက။ အိပ်နေရင်းနဲ့တောင် `နိုင်နိုင်း.. နိုင်နိုင်း´ဆိုပြီး ယောင်နေတယ်။

အလှလည်း ကြိုက်တယ်။ အသားပက်မှာ စိုးလို့ Lotion လိမ်းပေးရင် ငြိမ်ခံနေတာပဲ။ အုန်းဆီ လိမ်းပေးပြီးရင်လည်း မှန်မှာ သွားကြည့်ရတာ သဘောကျတယ်။ ပြီးရင် တခြား လူတွေကို လိုက်ပြတယ်။ တစ်ခါတစ်လေ သူဘာသူ လိမ်းတယ်။ လက်မှာ တို့ပေးလိုက်ရင် ပါးတွေ ခေါင်းတွေကို လိမ်းတယ်။ လိမ်းပြီးလို့ `ဟယ်.. မွှေးလိုက်တာ´ ဆိုရင် အရမ်း သဘောကျတယ်။ အကုန် သူ့ဘာသူ လုပ်ရမှ။ ရေချိုးရင် သူ့အတွက် ရေတစ်ပုံးကို ခွက်တစ်ခွက်နဲ့ ထားပေးရတယ်။ သူ့ဘာသူ ခပ်ချိုးချင်တယ်။ လူကြီး သွားတိုက်တာ တွေ့ရင် သူလည်း သွားတိုက်တယ်။ ဒီအရွယ်မှာတော့ အကုန် စမ်းကြည့်ပြီး ကိုယ့်ဟာကိုယ် လုပ်နေချင်နေတော့တာပဲ။ မလုပ်ရရင် စိတ်ဆိုးမယ်။ အော်မယ်။ အခုလည်း အမြင့် တက်ပြီး ခုန်ချတာကို ကြိုက်နေတယ်။ ခုန်တွေပေါ်မှာ မတ်တပ်ရပ်ပြီး အဘွားပေါ် ခုန်ချရတာကို ကြိုက်နေတယ်။ မနည်း ကြည့်နေရတယ်။

Soe Peiသားသမီးများ လူလေးက နည်းနည်း မည်လာတာနဲ့ မိဘကို အနိုင်ကျင့်ချင်ပြီ။ အခုဆို ဆိုးတတ်လာတယ်။ သူလိုတာ မရရင် အာပြဲပြီး ငိုတယ်။ ပါးစပ်ကလည်း `အာပါ..အာပါ´ ဆိုပြီး ရေရွတ်နေသေးတယ်။ သူ့ကို ညာလို့ ပတ်လို့လည်း မရတော့ဘူး။ အရင်တုန်းကဆို တစ်ခုခုကို တွေ့သွားပြီး လိုချင်ပြီဆိုရင် ဖွက်လိုက်လို့ ရတယ်။ စိတ်ပြောင်းလိုက်ရင် မေ့သွားရော။ အခုတော့ မမေ့တော့ဘူး။ သူလိုချင်တာကို သူမှတ်မိနေတယ်။ စိတ်ပြောင်းပေးလည်း မရဘူး။ ဒါဆို ဒါပဲ။ အဲဒါကြောင့် ပြောနေတာ.. နင် ငယ်ငယ်တုန်းက ငါးဦးနှောက် ဟိုဖက် လှည့်လိုက်တာနဲ့ ဒီဖက်က ဟာကို မေ့သွားတယ်။ အခုတော့ ခွေးဦးနှောက် ဖြစ်နေပြီ။ ညာလို့မရတော့ဘူး။ လူဦးနှောက်လည်း ဖြစ်ရော ငါတို့ မိဘတွေကို ရောင်းစားရော... ဆိုပြီး။

နေ့ခင်းဆိုလည်း သိပ်မအိပ်တော့ဘူး။ အိပ်ချင်စိတ်ကို ပျောက်အောင် လုပ်တတ်ပြီ။ သူအိပ်နေရင် လူကြီးတွေက တစ်ခုခု လုပ်နေတယ်ဆိုတာ သိပြီး သူလည်း မကျန်ခဲ့အောင် မအိပ်ဘူး။ အဆော့ကလည်း မက်တယ်။ အဘွားနဲ့ဆို တနေကုန် ဆော့တယ်။ အိပ်လိုက်ရင် မဆော့ရမှာ စိုးလို့ မအိပ်ဘူး။ ညကျရင်လည်း တစ်အိမ်လုံး အိပ်မှ အိပ်ချင်တယ်။ မိဘတွေ အခန်းနဲ့ အဘိုးအဘွားခန်းကို ကူးသန်းပြီး ဆော့နေတာပဲ။ အဘွားက အိပ်ချင်နေပြီ သူက မအိပ်သေးဘူး ဖြစ်နေတယ်။

ညကျရင်လည်း အဘွားနဲ့ အိပ်ချင်တယ်။ အဘွားဘေးမှာ အိပ်ပျော်သွားပြီးမှာ အခန်းထဲကို ချီသွင်းရတယ်။ အိပ်ယာနိုးတဲ့ အချိန် မိဘတွေ ချီရင် မရဘူး။ အငို မတိတ်ဘူး။ အဘွားလာခေါ်မှ။ ခက်တော့တာပဲ။ အဘွားကို အရမ်းကို သံယောဇဉ် တွယ်နေပြီ။ အဘွားကလည်း တချိန်လုံး သူနဲ့ ဆော့ပေးတယ်။ သူ့ကို အကုန် အလို လိုက်တယ်လေ။ အခုတော့ ကျွန်တော်တို့ အတွက် ကောင်းတာပေါ့။ ညကျရင် တီဗွီကောင်းကောင်း ကြည့်လို့ရတယ်။ သမီးက အခန်းထဲမှာ အဘွားနဲ့ သွားဆော့နေတယ်လေ။ မေ့လောက်ရှိမှ တစ်ခါ အပြင်ထွက်လာပြီး မိဘတွေဆီ လာဆော့တယ်။ ဒါပေမယ့် အဘွား ပြန်သွားရင် လွမ်းဖျား လွမ်းနာ ဖြစ်မှာကို စိုးရိမ်ရတယ်။ အခုတော့ အိပ်ယာနိုး မျက်စိ ပွင့်တာနဲ့ အဘွားကို မြင်ရမှ ဖြစ်နေတယ်။ ရန်ကုန်က လူတွေကလည်း ဒါကိုပဲ စိတ်ပူနေတာ။ သံယောဇဉ် တွယ်တတ်တဲ့ အချိန်ကျမှ အဖွားနဲ့ လာတွေ့နေတော့ အဘွားကို မခွာနိုင် ဖြစ်နေတယ်။ နောက် တစ်လ နှစ်လလောက် နေရင်တော့ သူ့ကို ကလေးထိန်းကျောင်း ပို့မှ ဖြစ်တော့မယ်။ အရင်ကတော့ နှစ်နှစ်ကျော်မှ မူကြို ပို့မလို့ပဲ။ အခုတော့ တစ်နှစ်ခွဲလောက်ဆို ပို့တော့မယ်။ ဒါမှ သူငယ်ချင်း အသစ်တွေ ရပြီး အဘွားတစ်ယောက်တည်းကို အရမ်း မတွယ်တာနေအောင်လို့။

သွားငုတ်တို လူငုတ်တုတ် (၁၀လ - ၁၁လ)
Pet ကလေး အရွယ် (၈လမှ ၉လ)
သမီးရဲ့ အစားအစာနဲ့ တိုးတက်မှု ( ၅လမှ ၈လ အထိ)
လေးလကျော်ရွယ် ချစ်စဖွယ်
၃လပြည့်
အမြင်အာရုံ တိုးတက်မှု (၂ လခွဲ အရွယ် အထိ)
တစ်လပြည့်အလှူ
သမီးလေးရဲ့ တိုးတက်မှု

Tuesday, August 05, 2008

Irregardless of

တကယ်တော့ စင်္ကာပူက (ဘွဲ့ရ) လူငယ်တွေရဲ့ English Skill က ကျွန်တော့်ထက် (တော်ရုံတန်ရုံ မြန်မာ တစ်ယောက်ထက်) ကောင်းပါတယ်။ ကျွန်တော့်လို့ အင်္ဂလိပ် စကားပြော ကျောင်းမှာ တစ်ခါမှ မတက်ဘူးတဲ့ (အင်္ဂလိပ် စကားပြောလည်း ကောင်းကောင်း မလေ့ကျင့်တဲ့) သူတစ်ယောက်က အင်္ဂလိပ်လို အလာပ သလာပ ပြောဖို့ နှုတ်မသွက်ပါဘူး။ အလုပ်လုပ်လာတာ ကြာပြီဆိုတော့ နည်းပညာ ဆိုင်ရာတွေ ဆိုရင်တော့ အဆင်ပြေပါတယ်။ အစည်းအဝေးတွေမှာ ဖိုက်တာ ငြင်းတာ Presentation လုပ်တာ ကတော့ ရပါတယ်။ Email မှာ လည်း ရေးရတာ အဆင်ပြေပါတယ်။ ဘိုမ (မဟုတ်တောင် အင်္ဂလိပ် စကားပြောတဲ့ ကောင်မလေး) တစ်ယောက်ယောက်နဲ့များ ရည်းစား ထားဖြစ်ခဲ့ရင် နေ့စဉ်သုံး အင်္ဂလိပ် စကားပြော အတော် တိုးတက်ခဲ့မှာပဲ... တိန်။

ထားပါတော့။ အင်္ဂလိပ်စာနဲ့ ပက်သတ်ပြီး စင်္ကာပူမှာ ရေကြော မြေကြော လိုက်သွားတာကတော့ “Irregardless of” ကို တွင်တွင် သုံးတာပါ။ သူတို့ Singlish အကြောင်း ဆွေးနွေးကြတဲ့ NUS က လိုမျိုး Web Site တွေမှာပါ “Irregardless of” ဆိုတဲ့ အင်္ဂလိပ် စကားလုံး မရှိဘူး ဆိုပြီး ပြောကြပေမယ့် မရပါဘူး။ လူတော်တော် များများက “Ir” လိုက်တာပဲ ။ လူညီတော့လည်း “ဤ” ထွက်လို့ ရတာပေါ့။ တကယ်တော့ စင်္ကာပူမှာတင် မဟုတ်ပါဘူး။ တခြား နေရာတွေမှာလည်း ဒီလို မှားသုံးကြတာပါပဲ။

Regardless” မှာ “Ir” ထည့်တာကလည်း စိတ်ထဲမှာ Negate လုပ်ချင်နေလေတော့ ရှေ့က Prefix လေး တစ်ခုလောက် ကပ်လိုက်ရမှ အဓိပ္ပါယ် ပိုရှိသွားမယ် ထင်တာကိုး။ “Regard” နောက်က Suffix ဖြစ်တဲ့ “less” က Negate လုပ်ပြီးပြီဆိုတာကို အမှုမဲ့ အမှတ်မဲ့နဲ့ “Ir” ထပ်ထည့်လိုက်တော့ double negative ဖြစ်သွားရော။ ဒီစကားလုံးက သုံးလို့ ရရင်တောင် အသေအချာ ပြန်တွက်ကြည့်ရင် အဓိပ္ပါယ်ကြီးက ပြောင်းပြန် ဖြစ်နေတယ်။ ဘယ်ပဲ ဖြစ်ဖြစ် လူညီတော့လည်း “Irregardless” နဲ့ “Regardless” အဓိပ္ပါယ်က အတူတူလိုပဲ ဖြစ်နေတယ်။ Aint no (man, mountain, sunshine, etc) သုံးသလိုမျိုးပေါ့။ တချို့တွေများ “အီ” ဆိုတဲ့ အသံလေးကိုများ ဖိပြီး ပြောလိုက်ပါသေးတယ်။ ပိုပြီးလေးနက်သွားအောင်လို့။

အကျင့်ပါသွားပြီး ဖျောက်ဖို့ ကြိုးစားတော့ လူက “အီ”က စထွက်နေပြီ ဆိုတော့ “အီ”နေတဲ့ အတူတူ အဓိပ္ပါယ် သိပ်မကွာတဲ့ “Irrespective” ကို ပြောင်းသုံးပါတယ်။ “Irrespective” သုံးပြန်တော့လည်း “အီ” ချင်တိုင်း “အီ”လို ရပေမယ့် အဓိပ္ပါယ်က နည်းနည်း ကွာနေတော့ သုံးရတာ သတိထားရပြန်တယ်။ မြန်မာလို ဆိုရင် မှတ်လို့ အလွယ်ဆုံးပဲ။

Irrespective of” ကတော့ မြန်မာလိုဆိုရင် “... မရွေး” “.... မဆို” လို့ ပြန်လို့ရပြီး ဥပမာ လူမျိုးမရွေး... (irrespective of race) ... ဘယ်အသက်အရွယ်မဆို (irrespective of age) လိုမျိုးမှာ ပိုသုံးသင့်ပြီး “Regardless of” ကျတော့ ဂရုမစိုက်ဘဲတို့ ထည့်သွင်း စဉ်းစားခြင်း မပြုတာတို့မှာ သုံးရင် ပိုကောင်းမှန်း သိလာရတယ်။ ဥပမာ - Its a rule regardless of the situation.
ဒီစကားလုံးတွေရဲ့ မူရင်း တွေဖြစ်တဲ့ “Regard” နဲ့ “Respect” ကို ပြန်ကြည့်တော့လည်း “Regard” က Characteristic ကို ကြည့်ပြီး “Respect” က ကြတော့ Quality ကို ကြည့်တာများသလိုပဲ။ Quality ကတော့ Characteristic လည်း ဖြစ်တတ်ပါတယ်။

We give regard to pedestrians at a crosswalk, and we give respect to the police car stopped on the side of the road.

We regard beauty as an asset, and at some point we hope that others will respect the person for more than pretty looks.

ဒီထက်လည်း ပိုမသိတော့ဘူး ဆက်ရေးရင်လည်း ရှုပ်ကုန်တော့မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ နောက်ပိုင်း “Regardless” ကိုပဲ သုံးဖြစ်ပါတယ်။ သိပ်မ“အီ”တော့ ပါဘူး။

ဖြည့်စွက် ပြင်ဆင်ပေးရင် ကျေးဇူးတင်မှာပါ။

တခြားဖတ်ရန် - မောင်းပြန် တံခါး ယဉ်ကျေးမှု

Monday, August 04, 2008

ငါက တိုးရစ်ကွ

မြန်မာတွေ ပီပီ ကလေး မွေးရင် လူကြီး မိဘတွေ ရှိမှ ဖြစ်မှာမို့ သားလေး မွေးတော့ နှစ်ဘက် မိဘတွေထဲက တစ်ဘက်ကို ခေါ်ရပါတယ်။ သမီးဦးလေး မွေးတုန်းက ကျွန်တော့် မိဘတွေကို အရင် ခေါ်ထားတာဆိုတော့ သားလေး အလှည့်မှာ သူမ မိဘတွေကို ခေါ်လိုက်ပါတယ်။ မိဘတွေကို ခေါ်ပြီး ကလေး ထိန်းဖို့ပဲ ဆိုရင်တော့ ဘယ်တရားမလဲ။ သူတို့ကိုလည်း ဟိုဟို ဒီဒီ လည်ပတ်စရာတွေ လိုက်ပို့ပါတယ်။ ကျွန်တော်တို့လို ကလေးကြောင့် မဟုတ်လည်း နိုင်ငံခြားရောက် မြန်မာ လူငယ်တိုင်းရဲ့ ဆန္ဒက မိဘတွေကို အလည် ခဏခေါ်ဖို့ပါ။

သြော်ဇီက မိဘတွေ ခေါ်ရတာလည်း ထင်သလောက် မခက်ပါဘူး။ အစတုန်းကတော့ ကျွန်တော်တို့ သြော်ဇီ ပြောင်းလာတာ့ သူ့မိဘတွေက ဝေးလို့ တွေ့ဖို့ ခဲယဉ်းသွားပြီဆိုပြီး ၀မ်းနည်း ပက်လက် ဖြစ်ကြသေးတယ်။ စင်္ကာပူလိုတော့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ၃လတန်သည် ၆လတန်သည်တော့ ခေါ်လို့ရပါတယ်။ လူကြီးတွေကလည်း တစ်နေရာထဲမှာ ကြာကြာ မနေနိုင်ပါဘူး။ သူတို့မှာ နေစရာ ကြည့်စရာ တခြား သားသမီးတွေက ရှိသေးတယ်။ အမေတွေက တခြား သားသမီးကြောင့် ကြာကြာ မနေနိုင်၊ အဖေတွေကလည်း သူဟိုမှာ လုပ်နေကျတွေ မလုပ်ရလို့ ကြာရင် ပျင်းလာတော့ ၆လလောက် လာလည်ရရင်ပဲ မဆိုးလှပါဘူး။

ဒီလိုနဲ့ ဟိုဟို ဒီဒီ သွားကြတော့ ကျွန်တော့်ရဲ့ ယောက္ခဖကြီး (မဟေသီ မဂ္ဂဇင်း ထဲမှာတော့ “ယောက္ခဖ” “ယောက္ခထီး”ဆိုတဲ့ မြန်မာ စကားလုံး မရှိဘူးဆိုတာ ရေရေလည်လည် ရှင်းထားတာ တွေ့ဖူးပါတယ်။) ထားပါတော့ သူမရဲ့ အပါးက စားသောက်ဆိုင် တစ်ခုမှာ သွားစားပြီး အထွက်မှာ ဘာပြောလဲ ဆိုတော့

ငါက တိုးရစ်ကွ။ ဘိုတွေကို ခိုင်းစားဖို့ လာတာ..
တဲ့။ တကယ်တော့ သူပြောတာ မှန်ပါတယ်။ မြန်မာပြည်သားတွေရဲ့ ခံစားချက်ကို တစ်နည်း အားဖြင့် ယောင်ပြန် ဟပ်နေပါတယ်။ မြန်မာပြည်သားတွေက တိုးရစ် အဖြူတွေဆို ဘာရယ် ညာရယ် မဟုတ် ကူညီချင်တယ်။ ဖော်ရွေတယ်လေ။ အရင်တုန်းကဆို သူတို့ကို တွေ့ရင် ၀ိုင်းကြည့်ကြမယ်။ အထူးသဖြင့် ဘိုမလေးတွေ ကလေးလေးတွေ ပါရင်။ သူတို့ကလည်း ကိုယ့်နဲ့ လုံးဝ မတူ တမူ ကွဲပြားနေတာကိုး။ ပြောရမယ်ဆိုရင်တော့ ဘို တိုးရစ်တွေကို ဆိုရင် မြန်မာပြည်မှာ ပစား ပေးတယ်လေ။

အခုလည်း စားသောက်ဆိုင်က အဖြူ စားပွဲထိုးတွေက သူ့ကို ကောင်းကောင်း ဆက်ဆံလိုက်တော့ ဒီလို ပြောတာပါ။ နောက်ပြီး သူ စင်္ကာပူမှာတုန်းကတော့ ဒီလို မခံစားရပါဘူး။ ဒါကလည်း အကြောင်းမျိုးစုံ ရှိပါတယ်။ စင်္ကာပူမှာတော့ တရုတ် အချင်းချင်းဆိုတော့ Foreigner ဆိုတဲ့ ဖီလင်ကို မခံစားရပါဘူး။ ကုလားပြည် ကုလား ပြန်သလိုပါပဲ။ ဘိုတွေကြားမှာတော့ ကိုယ်က Foreigner ပေါ့။

ပြီးတော့ ဒီက Customer Service ပေးတာ စင်္ကာပူကထက် သာပါတယ်။ စိတ်ထဲမှာ ဘာရှိလည်းကို အသာထား ဒီက လူတွေက ဆက်ဆံရေး ချိုသာ သိမ်မွေ့ပါတယ်။ စင်္ကာပူမှာတော့ Customer ကို ပျော်ရွှင်သွားအောင် မပြောနဲ့ ကျေနပ်လောက်အောင် Service ပေးနိုင်တာပဲ တော်လှပြီ။ ဘိုတွေကလည်း မရဘူးလေ သူတို့ မကျေနပ်လို့ကတော့ မိုး မီးနဲ့ ရှို့မယ်ဆိုတာမျိုးတွေ။ အရှေ့တိုင်းသားတွေလို သည်းမခံနိုင်ဘူးလေ။ ဒီလို ဘိုတွေက Service ပေးလိုက်တော့လည်း သူလည်း ဂွမ်းဆီထိ ဖြစ်သွားတာပေါ့။

သူ့သူငယ်ချင်းတွေကလည်း မြန်မာပြည်မှာကတည်းက မြှောက်ပေးလိုက်ကြတယ်။ ခင်ဗျား သြော်ဇီသွားရင်တော့ ဘိုတွေကြားမှာ တိုးရစ်ကြီး နိုင်ငံခြားသားကြီး ဖြစ်နေမှာဆိုပြီး။ သူတို့ တွေးတာလည်း မမှားပါဘူး။ ဘိုနိုင်ငံမှာတော့ အရှေ့တိုင်းသားတွေက တိုးရစ်ပေါ့။ လည်စရာ ကြည့်စရာ နေရာတွေက တိုးရစ်တွေကို ကြည့်လိုက်ရင်လည်း တရုတ်တွေ၊ ကုလားတွေ၊ ကိုရီးယားတွေ၊ ဂျပန်တွေက ခပ်များများ ဖြစ်နေတဲ့ ခေတ်ပဲ။ Technically အရလည်း သူက တိုးရစ်ပါပဲ။ တိုးရစ်ဗီဇာနဲ့ လာတယ်။ တိုးရစ် အခွင့်အရေး ရှိတယ်။ ဒီထက်လည်း မပိုဘူး။ ဒီထက်လည်း မလျော့သင့်ပါဘူး။

လူကြီးတွေက အိုဇာတာ ကောင်းလို့ တော်သေးတယ်။ အသက်ကြီးမှ ဟိုဟို ဒီဒီ လျှောက်သွားရတယ်။ စင်္ကာပူ၊ အိန္ဒိယ (ဗုဒ္ဓဂါယာ)နဲ့ သြော်ဇီ လည်ဖူးတယ်ဆိုတော့ သူတို့ အသိုင်းအ၀ိုင်း ကြားမှာတော့ စတားပေါ့။ ဒါတောင် ဒီက ပြန်ရင် တရုတ် နယ်စပ် သွားလည်ဦးမယ် ဆိုပဲ။ တရုတ်ပြည် ရောက်ဖူးတယ် ရှိအောင်လို့တဲ့။ ဖြစ်နိုင်ရင်တော့ ပီကင်း အိုလံပစ်ကိုသာ ပို့ပေးလိုက်ချင်ပါတယ်။ ဒါကလည် ပိုက်ဆံ ရှိတောင် လုပ်နိုင်မှာ မဟုတ်ဘူး။

အရှေ့တိုင်းမှာလည်း အဖြူ တိုးရစ်တွေကို ကြည့်လိုက်ရင် အဘိုးကြီး အဘွားကြီး စုံတွဲတွေကို တွေ့နိုင်ပါတယ်။ ဒီက လူတွေက အသက်ကြီးလာရင် သားသမီး ထောက်ပံ့စာ မယူဘဲ ကိုယ့်ဘာကိုယ် ရပ်တည်နိုင်အောင် ငယ်ငယ် ကတည်းက ငွေတွေ စုထားရတယ်။ အဖြူ အဘိုးကြီး အဘွားကြီး တိုးရစ်တွေက ငယ်ငယ်ကတည်းက အမျှော်အမြင် ကြီးကြီးနဲ့ စုနိုင်တဲ့ သူတွေ၊ ရာထူးကြီးကြီးမှာ လုပ်ပြီးမှ ပင်စင်ယူသွားတာမျိုးတွေပဲ ဖြစ်နိုင်မယ်။

သားသမီးတွေကလည်း မြန်မာပြည်မှာ ကြီးပြင်းတာဆို ကိုယ့်ကို ပြန်ကြည့်ဖို့ မျှော်လင့်လို့ ရသေးတယ်။ ဒီမှာ ကြီးပြင်းမယ့် သူတွေကိုတော့ တရားချလို့ ရနိုင်မယ် မထင်။ ကျွန်တော်တို့ကတော့ အိုစာမင်းစာ စုဖို့ မပြောနဲ့ ကြွေးဟောင်းကလည်း မကြေသေး၊ ကြွေးသစ်ကတော့ ချပြီးရင်း ချနဲ့ အခုနေမှ ကိုယ့်အတွက် စ မစုရင် အသက်ကြီးတဲ့ အခါ တိုးရစ် လုပ်နိုင်ပါ့မလား မသိဘူး။

"အဲဒီတော့လည်း တရားစခန်းပဲ ၀င်ကြတာပေါ့ ရှင်မရယ်..."


တခြားဖတ်ရန် - လက်ဆောင်သည် အမေ

Sunday, August 03, 2008

Hit တစ်သိန်း အမှတ်တရ

အခုဆို ကျွန်တော် ဘလော့ဂ်ရေးတာ အရင်းကြေနေပြီ (Break-even point ရောက်နေပြီ) ပြောလို့ ရပါတယ်။ အရင်းကြေလား မကြေလား ဘယ်လို တွက်လဲဆိုတော့ ကျွန်တော် ပို့စ်တစ်ခု ရေးဖို့ အနည်းဆုံး ၂ နာရီကနေ ၆ နာရီလောက် အချိန်ယူရပါတယ်။ ပျမ်းမျှဆို ၄ နာရီပဲထား။ တောက်လျောက် ၄ နာရီလုံး ထိုင်ရေးဖို့တော့ အခွင့်အရေး မရပါဘူး။ တစ်နေ့ တစ်နေ့ အချိန် ရသလောက်ပါပဲ။ စာဖတ်တာ အချက်အလက် ရှာတာက ၂ နာရီ စာစီတာက နာရီဝက်လောက် ချရေးတာက ၁ နာရီခွဲ လောက်ပါ။ အဲဒီတော့ ပို့စ် တစ်ခုအတွက် မိနစ် ၂၅၀ ပဲ ထား။


Post တစ်ခုကို ဖတ်ကြတဲ့ Unique Reader ကလည်း ၂၀၀-၃၀၀ လောက် ရှိနေပါပြီ။ ဒါ Google Analytics က ဇယား အရပါ။ Feed ကို Subscribe လုပ်တာကလည်း တစ်ရာနီးနီး ရှိပြီဆိုတော့ အမှန်အကန် ဖတ်တာ ၅၀ လောက်လို့ ပြောလို့ရမယ်။ အဲဒီတော့ စာဖတ်သူ ၂၀၀ - ၂၅၀လောက် ရှိပြီလို့ ကိုယ့်ဘာသာကိုယ် ယူလိုက်ပါတယ်။ စာဖတ်သူ တစ်ယောက်က ပို့စ် တစ်ခုအတွက် တစ်မိနစ် အချိန်ပေးမယ်ဆို မိနစ် ၂၅၀ ကုန်ပါတယ်။ အဲဒီတော့ ကျွန်တော် ကုန်သွားတဲ့ မိနစ် ၂၅၀ က အကျိုးရှိတဲ့ မိနစ် ၂၅၀ ဖြစ်သွားတဲ့ အတွက် ဘလော့ဂ်ရေးတာ အရင်းကြေမှတ်ကို ရောက်နေပြီလို့ ယူဆလိုက်တာပါ။

ဘလော့ဂ်ရေးတာ တစ်နှစ်ပြည့်တုန်းကလည်း နှစ်ပတ်လည် မလုပ်မိ။ ပို့စ်တစ်ရာ ပြည့်တုန်းကလည်း ရာပြည့် မလုပ်မိပေမယ့် ဘလော့ဂ်ကို လာလည်ကြတဲ့ hit တစ်သိန်း ကျော်ရင်တော့ ပို့စ်တစ်ခု ရေးမှ ဖြစ်မယ်ဆိုပြီး တေးထားပါတယ်။ ကျွန်တော် ဘလော့ဂ် စရေးပြီး အရှိန် နည်းနည်း ရလာတုန်းက ဘာရယ်တော့ မဟုတ် Objective တွေနဲ့ Mile Stone တွေချထားပါတယ်။ ဘာပဲ ရေးမယ် ဘာကိုတော့ မရေးဘူး ဆိုတဲ့ Objective တွေ။ ဘလော့ဂ်မှာ တစ်နေ့တစ်နေ့ စာဖတ်သူ ဘယ်နှယောက် ရှိရမယ် ဆိုတဲ့ Mile Stone တွေ လိုမျိုးပါ။ အခုထိတော့ မပြည့်သေးပါဘူး။ ဘယ်လောက်လိုချင်သလဲ ဆိုတာ ဟာသတစ်ခု အနေနဲ့ ရေးဖူးပါတယ်။ သိချင် ရှာဖတ် တစ်မတ်ပါ။

အခုလို ဟစ်တစ်သိန်းကျော်သွားတာတော့ ပျော်တာ အမှန်ပဲ။ ဟစ်တစ်ခုကို တစ်ပြားရရင်တောင် တစ်ထောင်လောက် ရနေပြီ အဟီး။ မြန်မာ ဘလောက်မှာ ဟစ်တစ်သိန်း ကျော်နေတဲ့ သူတွေကို ကြည့်ပြီး အားကျခဲ့ရတာလည်း ကြာရောပေါ့။ ညီလင်းဆက်တို့ မနိုင်းနိုင်းစနေတို့နဲ တခြားသူတွေကို ကြည့်ပြီး အားကျခဲ့ရတာပါ။ Hit သန်းချီရနေတဲ့ ဘလော့ဂ်တွေကတော့ ထားလိုက်ပါတော့။ သူတို့က သတင်းလိုမျိုး လူမျိုးမရွေး ဖတ်တာဆိုတော့။ ဘယ်လိုမှ မယှဉ်သာဘူး။

ဘလော့ဂ်မှာ Hit များတိုင်း အောင်မြင်တယ် ပြောလို့ရသလားဆိုတာကတော့ တစ်ဦးနဲ့ တစ်ဦး အမြင် မတူနိုင်ပါဘူး။ ကျွန်တော်တို့ အလုပ်က Web Site ထောင်တော့ အထက်က လူတွေက Web Site ရဲ့ အခြေအနေကို ကြည့်တယ့် အထဲမှာတော့ Hit လည်း အဓိက ပါပါတယ်။ သီချင်းတစ်ခွေရဲ့ အောင်မြင်မှုကိုလည်း (များသောအားဖြင့်) ဘယ်နှခွေ ဘယ်နှချပ် ရောင်းရသလဲနဲ့ ကြည့်သလိုပါပဲ။ Quantitative အရ ဆိုရင်တော့ Hit က ဘလော့ဂ် တစ်ခု Web Site တစ်ခုရဲ့လူကြိုက်များမှုကို ပြတဲ့ Indicator ပါပဲ။ ဒါပေမယ့် (ပေးတဲ့ ဥပမာကတော့ နည်းနည်း တုံးနေပြီ။ ကျွန်တော်နဲ့ ရွယ်တူ အိုနေတဲ့ လူတွေကတော့ သဘောပေါက်မှာပါ .. တိန် ) အေးချမ်းမေ အခွေက တစ်သိန်းကျော် ရောင်းရပေမယ့် စိုင်းဆိုဝ်မောရဲ့ မူဆယ်-နမ်ခမ်းလမ်းလောက်တော့ ကြာရှည် ခံချင်မှ ခံမယ်။ ကြိုက်တဲ့ Demographic level ကလည်း စိုင်းဆိုဝ်မော ဆိုရင် အသာကြီး ပိုများမယ်။ လူတန်းစား မရွေး ကြိုက်တယ်ပေါ့။ ဒီလို မျိုးတွေတော့ ရှိပါတယ်။

ဘလော့ဂ်ရေးတာ Hit များတာ မများတာ အရေးမကြီးပါဘူး ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပြန်ဘူး။ ဒီနေရာမှာ ကျွန်တော့်ကို စိတ်မဆိုးလောက်မဲ့ မောင်တိန်ကိုပဲ ဥပမာ ပေးရမယ်။ ကျွန်တော်သိတယ် သူကတော့ သူ့ဘလောက်မှာ Hit များတာ မများတာ သိပ်ကြည့်တဲ့ လူ မဟုတ်ပါဘူး။ အဓိကက သူစာဖတ်ပြီး မှတ်ထားချင်တာလေးတွေ မပျောက်မပျက်အောင် သိမ်းဖို့၊ သူ့ ပုံလေးတွေ ခဏ သိမ်းထားဖို့ထားတဲ့ လူပါ။ နောက်တစ်ယောက်ကတော့ လုံးဝကို လူသိမခံချင်တဲ့ တစ်ယောက်ပါ။ သူကလည်း မိသားစု အကြောင်းရေးပြီး သူ့ မိသားစု ဖတ်ဖို့ပါပဲ။ ကျွန်တော့် အတွက်တော့ (၀န်ခံရမယ်ဆို) Hit များဖို့ လိုပါတယ်။ ဘာကြောင့် Hit များဖို့ လိုသလည်းဆိုတော့ အထက်မှာ ပြောထားသလိုပဲ ကိုယ်က အချိန်တွေ အကုန်ခံပြီး ဘယ်သူမှ မဖတ်ရင် ဘာလုပ်မှာလဲ။ ကိုယ့်ဘာကိုယ် စာအုပ် တစ်အုပ်ထဲမှာပဲ ချရေးပြီး မွေ့ယာအောက်မှာ သိမ်းထားတော့မယ်။

ကျွန်တော့်လို ဘလောက် အလည် မထွက်နိုင်တဲ့ လူ၊ (ကိုစိုးထက်ကြီးလောက်) လူချစ်လူခင် မများတဲ့လူက ဟစ်များအောင် ဘယ်လိုလုပ်လဲ ဆိုတော့ ကိုယ့်ကိုယ်ကို ပြန်လင့်တာပါပဲ။ ကိုယ့် Post တစ်ခုထဲမှာ နောက် Post တစ်ခုကို ပြန်လင့်တာပါပဲ။ အနည်းဆုံးတော့ `တခြားဖတ်ရန်´ ဆိုပြီး အောက်မှာ ပြန်လင့်ထားတယ်။ ဖတ်ပြီးသား သူက မဖတ်ပေမယ့် မဖတ်ရသေးတဲ့ သူကတော့ ဖတ်မိပါတယ်။ ဒီလိုနဲ့ အရင် ပို့စ် အဟောင်းတွေကိုလည်း လူတွေ ဖတ်မိ။ ဘလော့ဂ်မှာလည်း ဟစ်တက်ပေါ့။ ဘလောက်ရေးတဲ့ သူတွေအတွက် Tip တစ်ခုပါ။ ကိုယ် ဘလောက်ကို ရေးပြီး တစ်နှစ်လောက် နေမှလည်း စာဖတ်သူ အသစ်တွေ ရနိုင်ပါတယ်။ ဒါပေမယ့် စာဖတ်သူ အသစ်တွေကို ပို့စ် အဟောင်းတွေ ရှာဖတ်ဖို့ မမျှော်လင့်ပါနဲ့။ သူတို့ ခမျာ ထွက်သမျှ ပို့စ်တွေကိုတော် မနည်း နိုင်အောင် ဖတ်နေရတာ။ တခြား ဘလော့ဂ်တွေကလည်း ကိုယ့်ပို့စ် အဟောင်းတွေကို ကြုံမှ လင့်နိုင်တာပါ။ ဒါကတော့ အင်မတန် ကြုံတောင့် ကြုံခဲပါ။ ဥပမာ ကို TZA က ကျွန်တော့်ရဲ့ ချေ/ချီ ပို့စ်အဟောင်းကို ပြန်လင့်သလိုမျိုးပေါ့။ အဲဒီတော့ ကိုယ့်ကပဲ ကိုယ့် Post အဟောင်းလေးတွေကို ပြန်လင့်ပေးရပါတယ်။ ဒီနည်းကြောင့် Feed ကို Full ထုတ်ပေးထားပေမယ့် Feed Reader တချို့ကို ဘလော့ဂ်ကို အိမ်တိုင် ယာရောက် လာလည်အောင် လုပ်နိုင်ခဲ့ပါတယ်။

ကံကောင်းချင်တော့ ကျွန်တော့် စာဖတ်ပရိသတ်ကလည်း အသစ် ဖြစ်နေတာတောင် ပို့စ် အဟောင်းတွေကို ပြန်ပြီး ရှာဖတ်တတ်ပါတယ်။ ဥပမာ မစစ်ကိုင်းသူလိုမျိုး ။ (သိနေတယ်နော်။)ဒါဟာ ကျွန်တော် ဘလော့ဂ် စရေးကတည်းက ချထားတဲ့ Specification တစ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာလည်း ဆိုတော့ သတင်း မရေးဘူး ဆိုတာပါပဲ။ (ကျွန်တော် ရေးမိရင်လည်း ကပ်သပ်ပြီး လာရန်မရှာပါနဲ့)။ သတင်းက ဘာနဲ့ တူလည်း ဆိုတော့ ပြက္ခဒိန်ရောင်းသလိုပါပဲ။ မနှစ်က ပြက္ခဒိန် ဒီနှစ်မှာ ဘယ်လိုမှ ရောင်းလို့ မရသလိုမျိုးပေါ့။ သတင်းကတော့ သမိုင်းအနေနဲ့ Archive (မော်ကွန်း) အနေနဲ့ ပြန်ရှာပါသေးတယ်။ အဲဒါကြောင့် ပို့စ်အဟောင်းလေးတွေက စာဖတ်သူ အသစ်ပြန်ဖတ်လည်း သစ်နေသေးတာပါ။ ဒီနေရာမှာ သတင်းရေးတာ မှားတယ် မဆိုပါဘူး။ စင်္ကာပူက သတင်းရေးတဲ့ ဘလော့ဂ် တစ်ခုကတော့ ကျွန်တော် နေတိုင်း စောင့်ကြည့်ရတဲ့ ဘလော့ဂ် တစ်ခုပါပဲ။ နောက်ပြီး သတင်းရေးပြီး ဟစ်သန်းချီ ရနေတာတွေလည်း လူတိုင်းသိပါတယ်။

နောက်ပြီး မာတိကာလိုမျိုး ထည့်ပေးထားပါတယ်။ ကလစ်လုပ်လို့ ရသမျှကို One click away မှာ ထားပေးထားပါတယ်။ ဆိုလိုတာက Drop Down list တွေ၊ Mouse တင်လိုက်မှ မြင်ရတာမျိုးတွေ မထားပဲ လင့်တွေ အားလုံး (ကိုယ့်ပို့စ်ေ ရာ၊ သူများပို့စ်ရော) အတွက် မြင်သာတဲ့ နေရာမှာ ထားပေးထားပါတယ်။ မအားမလပ်တဲ့ စာဖတ်သူတွေအတွက် ကလစ် တစ်ချက် လုပ်လိုက်ရုံပါပဲ။ ဒီနေရာမှာ ဒီလို လုပ်တာဟာ အကောင်းဆုံးလို့ မဆိုလိုပါ။ မှန်တယ် မှန်တယ်နဲ့ ခင်ဗျားက ဘယ်ဘက်ကလည်း ဆိုသလို လူတိုင်းကတော့ သူဟာနဲ့ သူ မှန်နေတာပါပဲ။ ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ တချို့က ဘာလို့ တခြားနည်းနဲ့ လုပ်သလဲဆိုတာ။ ဥပမာ သူ့ ဘလော့ဂ်မှာ အမြင်ရှင်းချင်လို့လည်း ဖြစ်နိုင်တာပဲ။ အရမ်းကြီး Scroll မလုပ်ရအောင်လည်း ဖြစ်နိုင်တာပဲ။ ကိုယ့် အကြောင်းပြချက်နဲ့ ကိုယ်ပါ။ (ဟုတ်လား တီတီဂျစ် ? )။ ဘယ်လိုပဲ ဖြစ်ဖြစ် Tip တစ်ခုကတော့ သူများကို လင့်မယ်ဆိုရင် <a> Tag မှာ target="_blank" ဆိုတာလည်း ထည့်ပါတယ်။ အဲဒီတော့ သူများ ဘလော့ဂ်တွေကို လင့်ပေးထားလို့ ကိုယ့်ဘလော့ဂ်ကနေ သွားလည်တောင် Windows အသစ် တစ်ခုအနေနဲ့ Tab အသစ် တစ်ခု အနေနဲ့ပဲ ပွင့်သွားပြီး ကိုယ့် ဘလော့ဂ်လေးက ပွင့်ရက်လေး ကျန်နေခဲ့လို့ စာဖတ်သူများ စိတ်လည်သေးမယ် ဆိုရင် ပြန်ဖတ်နိုင်ပါတယ်။

ဝန်ခံရမယ်ဆိုရင် ကျွန်တော့် ဘလော့ဂ်မှာ ဟစ်တစ်သိန်း ဘာကြောင့် ဒီလောက် အမြန် ပြည့်သွားတာလဲ ဆိုရင် ကျွန်တော့် ဘလော့ဂ်က Home Page ကနေ ပို့စ်တွေကို ဖတ်ခွင့် မပေးထားပါဘူး။ စာဖတ်သူခမျာ Home Page ရောက်ပြီး နောက်တစ်ခေါက် ကလစ်လုပ်မှ ဖတ်ချင်တဲ့ ပို့စ်ကို ဖတ်နိုင်ပါတယ်။ ဘာကြောင့် ဒီလို လုပ်သလဲကို ဒီဘလော့ဂ်ကို စိတ်ဝင်စားရဲ့လား ပို့စ်မှာ ရေးဖူးပါတယ်။ Wordpress သမားတွေ စတိုင်ပေါ့လေ။ သူတို့ဆီက ကူးချထားတာ။ ဒီလို Post တွေကို ကလစ်လုပ်မှ ဖတ်လို့ ရတဲ့ အတွက် ဘယ် Post ကို လူဖတ်များလည်း ဆိုတာ အလွယ် သိနိုင်လာပါတယ်။ နောက်ပြီး ဒီ တစ်သိန်းက Unique Visitor မဟုတ်ပါဘူး။ ဒီဘလော့ဂ်ကို Web Browser က ဖွင့်တဲ့ အကြိမ်တိုင်းပါ။ ဒီအကြောင်းတွေ ဟို Post မှာ ရှင်းပြပြီးပါပြီ။ တခြား အောက်လမ်း နည်းတွေတော့ မသုံးထားပါဘူး။ ဥပမာ ကိုယ့် ကလစ်ကို ထည့်မရေထားပါဘူး။ ဒါကလည်း Statcounter မှာ အလွယ် လုပ်လို့ ရပါတယ်။ သူက Cookie နဲ့ ဆိုတော့ စိတ်ချရပါတယ်။ Google Analyitics ကတော့ IP နဲ့ ဆိုတော့ အိမ်သုံး အင်တာနက်တွေက Dynamic IP ဆိုတော့ မလွယ်ပါဘူး။ အမြဲတမ်း IP Address ပြောင်းမပြောင်း လိုက်ကြည့်နေရပါတယ်။ အခုနောက်ပိုင်းတော့ Share ထားတာတွေကနေ လာမည်ဆိုရင် Landing Page က Home Page မဟုတ်ဘဲ ဖတ်မယ့် ပို့စ်ကို တိုက်ရိုက် ရောက်နိုင်ပါတယ်။ နောက်ပြီး ကျွန်တော့်လို့ စီဗုံးတွေမှာ လိုက်မအော်နိုင်တဲ့ သူအတွက်တော့ မိတ်သစ် ဆွေသစ်ရဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ပို့စ်တွေကို အလွယ် Share လုပ်လို့ရတော့ အဲဒီကနေ စာဖတ်သူအသစ် အတော် ရနိုင်ပါတယ်။

အသစ်လာလည်တဲ့ သူတွေကလည်း သူ့အကြိုက်နဲ့ ကိုယ်ရေးတာ တည့်သွားရင် နောက်ရက်တွေ လာလည်တတ်ပါတယ်။ အဲဒါကြောင့် ကလေးအကြောင်း၊ ဟင်းချက်တဲ့ အကြောင်းရေးလို့ လူပျိုလေးတွေက မကြိုက်လောက်ဘူး ထင်ရင် သူတို့ ကြိုက်လောက်မယ့် စာတွေ ရေးပါတယ်။ ဥပမာ သြော်ဇီအကြောင်းတို့ ဘာတို့ပေါ့။ သူ့အကြိုက် ရေးမှာလား ကိုယ့် ရေးချင်တာကို သူများ ကြိုက်အောင် လုပ်မှာလားဆိုရင်တော့ On the fence ပါပဲ။ ကိုယ်ရေးချင်တာလေးလည်း ရေး၊ စာဖတ်သူ စိတ်ဝင်စားတာတွေလည်း ရေးပါတယ်။ အရေးကြီးတာကတော့ စာဖတ်သူကို ဆွဲထားနိုင်ဖို့ရယ် ကိုယ် စိတ်ချမ်းသာဖို့ပါပဲ။

ဘလော့ဂါတွေ အတွက် Tip တစ်ခုကတော့ စာဖတ်သူဟာ လာလည်တဲ့ လမ်းကြောင်း ရှိပါတယ်။ အဲဒီ လမ်းကြောင်းကို သိနိုင်ပြီး အလေးထားမယ်ဆိုရင် နောက်ထပ် အဲဒီလို စာဖတ်သူတွေ ထပ်ရနိုင်ပါတယ်။ အလွယ်ဆုံး ပြောရမယ်ဆို တချို့က ကိုယ်ပိုင် ဘလောက်ကနေ ကျွန်တော့် ဘလော့ဂ်ဆီ လာလည်တယ်။ တချို့ကတော့ Burma Today လို Web Site ကနေ လာလည်တယ်။ အခုနောက်ပိုင်း ကျွန်တော့်ဆီ အလာဆုံးကတော့ ဒေါက်တာလွဏ်းဆွေဆီကနေပါ။ တချို့က ဒီဘလော့ဂ်ရဲ့ ပို့စ်တစ်ခုကနေ အမြဲ လာလည်တယ်။ တချို့က Google မှာ wesheme နဲ့ ရှာပြီးလာတယ်။ Google နဲ့ တခြား keyword ရှာပြီးလာတာကတော့ သိပ်အားထားလို့ မရပါဘူး။ ကျွန်တော့်ရဲ့ အင်္ဂလိပ်လိုရေးတဲ့ Technical Blog ကတော့ လုံးဝ ပြောင်းပြန်။ အဲဒီကိုတော့ Search Keyword နဲ့ လာတဲ့ သူပဲ ရှိပါတယ်။ တချို့ကတော့ တခြား ဘလော့ဂ်ကနေ လာပါတယ်။ ဥပမာ မနုစံ ဘလော့ဂ်ကနေ လာသလို။

ကျွန်တော့်လို IT နဲ့ ထမင်း စားနေတဲ့သူ၊ အလုပ်က Web Site အတွက် Visitor Behaviour Analysis လုပ်ဖူးတဲ့ သူ တစ်ယောက်အတွက်ကတော့ ဘယ်သူတွေ ဘယ်ကနေ ဘယ်လို လာလည်ပြီး ဘာတွေ ကြည့်တတ် ဘာတွေ စိတ်ဝင်စားသလဲ ဆိုတာ သိဖို့ မခဲယဉ်းပါဘူး။ ဘလော်ဂါတိုင်းလိုလိုလည်း ဒါတွေ လုပ်တတ်ပါတယ်။ ကိုယ့်ထက် ကျွမ်းတဲ့ သူတွေကတော့ ခြေရာဖျောက်နိုင်လို့ မသိတာတော့ ထားလိုက်ပါတော့။ နောက်ပြီး ဘယ်သူဆိုတာထက် ဘယ်ပို့စ်ကို ဘယ်နှယောက် ဘယ်ကနေ ဘယ်လို ဘယ်လောက် ကြာကြာ ဖတ်တယ် ဆိုတာပဲ စိတ်ဝင်စားပါတယ်။ ဘာပဲ ဖြစ်ဖြစ် Cbox မှာပဲ ဖြစ်ဖြစ် လာလည်ပါတယ် မအော်သွားရင်တောင် လာလည်မှန်း ကျွန်တော် သိနိုင်ပါတယ်လို့ ဆိုချင်တာပါ။ ဒီလို နေ့တိုင်း လာဖတ်နေပါလား ဆိုတဲ့ အသိကလည်း ပို့စ်အသစ်တွေ ထပ်ရေးဖို့ တွန်းအားတစ်ခုပါပဲ။

ဘလော့ဂါတွေ အတွက် နောက်ထပ် Tip တစ်ခုကတော့ ကျွန်တော့်ဘလောက် တစ်နေ့တစ်နေ့ Hit ၃-၄၀၀ ကျော်တာ ဒီနှစ်မှပါ။ အရင်နှစ်တုန်းက လိန်ဖယ်လိန်ဖယ်ပါပဲ။ မနှစ်က တစ်နှစ်လုံး ရတဲ့ ဟစ်က အခုဆို နှစ်လအတွင်း ရလာပါတယ်။ ဒီလိုနဲ့ အားလည်း မလျှော့ဘဲ ပုံမှန်ပဲ ဆက်ရေးလာခဲ့ပါတယ်။ အရေးကြီးတာ အားထုတ်ဖို့နဲ့ စေတနာ ထားဖို့ပါပဲ။ စာဖတ်သူတွေက ပညာတတ်တွေ အရွယ်ရောက်သူတွေ ချည်းပါပဲ။ စာတစ်ပုဒ် ဖတ်လိုက်တာနဲ့ စာရေးသူရဲ့ စေတနာကို ကောင်းကောင်း သိပါတယ်။ နောက်ထပ် လာဖတ် မဖတ်ကလည်း စာရေးသူရဲ့ စေတနာနဲ့ပဲ ဆိုင်ပါတယ်။ စေတနာ မကောင်းရင်လည်း ပို့စ် တစ်ခုထဲနဲ့တင် လန်သွားပါမယ်။


Web Stat - 2008
ဘလော့ဂ်တွေက မျိုးစုံရှိပြီး ကိုယ့်ဘလော့ဂ်ကိုတော့ ဘယ်လို ပုံစံ ရှိရမယ်လို့ မူချမှတ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော် ဘလော့ဂ် စရေးတုန်းက မပန်ဘလော့ဂ်တို့ ဘာတို့ကို ကြိုက်ပေမယ် သူ့လို ကဗျာ တစ်ပုဒ်တောက် ဖြစ်ဖြစ် မြောက်မြောက် မစပ်တတ်တော့ သူလို့ လိုက်လုပ်ချင်ပေမယ့် လုပ်လို့ မရပါဘူး။ အဲဒီတုန်းက ဘယ်သူ့ ဘလော့ဂ်တွေကို အားကျသေးသလဲ ဆိုတော့ ကိုTZAတို့ ဂျစ်တူးတို့လည်း ပါပါတယ်။ ဂျစ်တူးကတော့ ကဗျာစပ်တတ်တယ်။ ဆိုလိုတာက ဂျစ်တူးတို့ TZA (Degolar) တို့လို့ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းကို များများ ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပြီး ကျွန်တော်က မကေတို့လို အရေးမရဲ အတွေးမရဲတော့ ချိုရေးဖို့လည်း စိတ်ကူးလိုက်တယ်။ ကိုပေါတို့လိုလည်း ဗဟုသုတ အခြေခံကလည်း မကောင်းတော့ Research ဆန်ဆန် မှန်အောင် ရေးမှ ဖြစ်မယ့် Post တွေကိုလည်း တတ်နိုင်သမျှ ရှောင်ပါတယ်။ မနိုင်းနိုင်းစနေလို တစ်နေ့ကို တစ်ပို့စ် (တစ်ရက်တစ်လေ နှစ်ပို့စ်) တင်ဖို့ကလည်း ရေးအားမကောင်းတော့ အပျော်လုပ်သလိုလို သတင်း လွှင့်ထားတယ်။ ကျွန်တော် စရေးတဲ့ အချိန်မှာ မြန်မာပြည်က ယောက်ျား ဘလော်ဂါတွေကလည်း သတင်းထောက်တွေ စာရေးဆရာတွေ ဘလော့ ဆရာကြီးတွေ ဆိုတော့ သူတို့လိုင်း ၀င်တိုးလို့ကတော့ ကိုယ်ပဲ ပြားသွားမယ်။ နောက်ဆုံး ကျွန်တော့် မိန်းမလည်း ကြည်ဖြူ (တိန်!) အချက်အလက်လည်း အဝေးကို သွားရှာစရာမလိုတဲ့ ကျွန်တော့် မိသားစု အကြောင်း ကျွန်တော့် အကြောင်းပဲ ရေးဖို့ စိတ်ကူးတော့တယ်။

အော်စကာပွဲတွေ၊ အကယ်ဒမီပွဲတွေမှာလို ကျေးဇူးတင် စကားလေးလည်း နည်းနည်း ပြောပါရစေဦး။ ကျွန်တော် စရေးတုန်းကနေ တောက်လျှောက် မပြတ် အားပေးခဲတဲ့သူတွေ၊ ဒီဘလော့ဂ်လေး အကြောင်း သိပြီး ကတည်းက အဟောင်းတွေပါ ပြန်ရှာ ဖတ်ပြီး နေ့စဉ် အားပေးတဲ့ သူတွေ၊ စီဗုံးကနေ ကော့်မန့်ကနေ အားပေးသွားတဲ့ သူတွေကို ကျေးဇူးတင်စကား မပြောလို့ကတော့ နောက်တစ်ရက်တောင် ဆက်နေနိုင်မှာ မဟုတ်ဘူး။ ကျွန်တော့်ကို အမြဲ (အထူးသဖြင့် မူးနေရင်) အားပေးတဲ့ ၊ ဘလော့ဂ် အတူတူ စရေးတဲ့ ကိုစောနဲ့ မောင်တိန် တို့ကိုတော့ ကြုံရင် ဘီယာတိုက်ပါ့မယ်။ နောက်ပြီး အချိန် အတူတူ ဘလော့ဂ် စရေးလာတဲ့ သည်းခံ သဘောကောင်းတဲ့ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံးနဲ့ အလုပ်လည်း အတူတူ လုပ်ဖူးတဲ့ မနုစံကိုလည်း အလုပ်ထဲမှာထက် ပိုခင်နေတဲ့ အကြောင်း။ ကျွန်တော် လှိုင်းစီးလာတဲ့ (စီးပွားရေး လောကမှာ လှိုင်းစီတယ် ဆိုတာ နာမည်ကြီးတွေနဲ့ ကပ်ပြီး ကြီးပွားအောင် လုပ်တာကို ပြောတာလေ) လှိုင်းစီးပြီး သူတို့စီက Visitor တွေ ကပ်ယူလာတဲ့ မပန်ဒိုရာနဲ့ မဂျစ်တူးတို့ကိုလည်း ကျေးဇူး အထူး တင်ပါတယ်။ နောက်တာပါ တကယ်လည်း ခင်ပြီး တကယ်လည်း သူတို့ ဘလော့ဂ်တွေကို အားကျလာတာပါ။ သူတို့က ကိုယ့်ကို Share ပေးတယ်။ အကြိုက်ဆုံး စာရင်းတွေထဲမှာ ထည့်ပေးတယ်။ ၀ီရှီမီကို ၀ါဆာဘီ စာရှီမီ ဆိုပြီး ပို့စ်ထဲမှာ ထည့်ရေးပေးဖူးတယ်လေ။ Last but most importantly ကျွန်တော် ဘလော့ဂ်ရေးတာကို အားပေး အချိန်ပေးတဲ့ သူမကိုလည်း ကျေးဇူးတင်ပါတယ်။ (မတင်လို့ မရဘူးလေ နို့မို့ဆိုရင် တုတ်ကောက်လာရမယ်.. တိန်!)

ဒီလို Hit တစ်သိန်းကျော်သွားလို့ ပျော်တယ်ဆိုပေမယ့် ဒါတွေဟာ ရေပွက်ပမာ ဆိုတာကိုလည်း မိမိကိုယ်ကို နှလုံးသွင်းဖို့ ကြိုးစားရပါဦးမယ်။ ကျွန်တော် မရေးနိုင်တဲ့ လတွေမှာ ပို့စ် ၂ ခု ၃ ခုပဲ ရှိပါတယ်။ ဒီလိုမျိုးတွေ ကြုံတွေရဦးမှာပါ။ ပြီးတော့ လူတွေအကြိုက် မရေးနိုင်တော့ရင်၊ ကိုယ်ရေးတာကို လူမကြိုက်တော့ရင် ဆိုတာ ဖြစ်လာဖို့ အလွန်လွယ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရေးနိုင်တဲ့ အချိန်လေး အားပေးနေတဲ့ အချိန်လေးမှာတော့ ပျော်သလိုသာ နေလိုက်ဦးမှာပါ။

ရေတက်တုန်း ခဏပေါ့ ငါးစင်ရိုင်းရယ်....



တခြားဖတ်ရန်
ဒီ Blog ကို စိတ်ဝင်စားရဲ့လား
ဧည့်သည်တော် မှတ်တမ်း


Friday, August 01, 2008

ရင်မှခံစားမှုများ ဘလောက်ရှင်ထံသို့

တကယ်တော့ ကျွန်တော်ဘလောက်လေး Hit တစ်သိန်း ပြည့်မယ် အချိန်ကို ပျော်ရွှင်ရင်ခုန်စွာ စောင့်နေပြီး အဲဒီအတွက် အမှတ်တရ ပို့စ်ရေးနေတုန်း ကျွန်တော့်ကို နားလည်မှု လွဲနေတယ့် ညီအစ်မ တစ်ယောက် စာကို ဖတ်လိုက်ရတော့ နည်းနည် စိတ်မကောင်း ဖြစ်သွားလို့ အိတ်ဖွင့်စာလိုမျိုး ရေးလိုက်ပါတယ်။ တကယ်တော့ အိတ်ဖွင့်စာ သိပ်မဆန်ဘဲ ကျွန်တော် စာရေးတဲ့ ပုံစံအတိုင်း အများကို ရှင်းပြသလို မဖွဲ့မနွဲ့ဘဲ တိုတို ပြတ်ပြတ်ပဲ ရေးသွားပါမယ်။ ကျွန်တော်က အပြင်မှာလည်း စိတ်ဆိုးတတ်ခြင်း၊ ခွင့်လွတ်တတ်ခြင်းမရှိ ခံစားချက်ကင်းတယ် ဆိုတာ ပေါင်းဖူးတဲ့ သူတွေ သိပါတယ်။

ဒီစာကို မဖတ်ခင် ဒီ Post ကို အရင် သွားဖတ်ကြည့်ပါ။ ဒါမှ ရေရေလည်လည် နားလည်သွားမှာပါ။ သူကတော့ Invited reader တွေ အတွက်ပဲ ဖွင့်ထားပေမယ့် Feed Reader မှာတော့ ဖတ်လို့ ရလိုက်ပါတယ်။ အကျဉ်းချုပ် ပြောရရင်တော့ သူ့ Post တစ်ခုကို ကျွန်တော် ဘလောက်ရဲ့ Feed Roll မှာ လင့်လုပ်လိုက်မိပါတယ်။ နောက်ပို့စ်တွေကို မလုပ်မိပါဘူး။ အဲဒါကို ဘယ်လို နားလည်မှုလွဲသွားလည်း မသိ ကျွန်တော်က ကျွန်တော် ကြိုက်တဲ့ Post တွေကိုပဲ လင့်လုပ်တယ်တဲ့။ အဲဒီတော့ သူ့စာတွေကို (လင့်ဖို့) ကောင်းတယ် မကောင်းဘူး ဆုံးဖြတ်ရအောင် ဘယ်သူက ကျွန်တော့်ကို အယ်ဒီတာ ရာထူးပေးထားလို့လားတဲ့။ သူ့ စီဗုံးမှာတောင် လာမအော်တဲ့သူက သူ့စာတွေကို ကောင်းတယ် မကောင်းဘူး ဆုံးဖြတ်ခွင့် မရှိပါဘူးတဲ့။ သူ့ စာတွေကို တင်ချင်သလိုတင်၊ လင့်ချင်သလို လင့်ဖို့ အခွင့်အရေး ကျွန်တော်ကို မပေးထားပါဘူးတဲ့။

သူက ကျွန်တော်ကိုတော့ နာမည်နဲ့ တကွ မပြောထားပါဘူး။ ဒါပေမယ့် နာမည်ကြီး ဘလော်ဂါဆိုတော့ ကျွန်တော်ကို ပြောမှန်း ရိပ်မိလိုက်ပါတယ်။ အဟွတ်.. အဟွတ်။ (ပေါက်ကရ ပြောလို သီးတာ။) တကယ်တော့ သူပြောတာက သူစာတွေကို ဓါတ်ပုံလေးနဲ့ လင့်ပေးထားတယ်လို့ ပြောလာလို့ သိတာပါ။ မြန်မာဘလောက်တွေမှာ Image နဲ့တကွ Feed preview လုပ်ပေးထားတာ ကျွန်တော့် ဘလောက်ပဲ ရှိပါတယ်။ ပြီးတော့ သူပြောတဲ့ ပိုစ်က ကျွန်တော်လင့်ဖူးတဲ့ ပို့စ်ပါ။ ဒါကြောင့် ကျွန်တော့်ကို ဆိုတယ် ယူလိုက်ပါတယ်။

ကျွန်တော် ဒီ Feed Roll ဘယ်လို လုပ်သလဲဆိုတာ ပို့စ်တစ်ခု ရေးဖူးပါတယ်။ Technical Post တစ်ခုအနေနဲ့ပဲ ရေးပြီး ဘာကြောင့် ဘယ်သူတွေကို လင့်သလဲ မပြောထားပါဘူး။ ဒီ Feed Roll က Queue လိုပါပဲ။ အခု ၂၀ - အခု ၃၀ ပဲ ဆန့်ပါတယ်။ နောက်က ပို့စ်တွေ တက်လာရင် အရင် လင့်ထားတဲ့ ပို့စ်တွေက ထွက်ပေးရပါတယ်။ ပြီးတော့ Published Date နဲ့ ကြီးစဉ်ငယ်လိုက် စီထားတဲ့ အတွက် နောက်မှ Published လုပ်တဲ့ Post တွေက အပေါ်ဆုံးမှာ ရှိနေပါတယ်။ ကျွန်တော့် မိန်းမရဲ့ ပို့စ်က ဟိုးအောက်ဆုံး ရောက်နေတာလည်း သတိထားမိတဲ့ သူတွေ ထားမိမှာပါ။ အဲဒါကြောင့် ပို့စ်တွေက ပေါ်လာပြီး အချိန် အနည်းငယ် အကြာမှာ ပျောက်သွားတာပါ။

ဒါပေမယ့် Queue နှစ်ခု ထားပါတယ်။ တစ်ခုက Google Reader ကနေ Share လုပ်လိုက်တာပါ။ ဒီ Queue က အခု ၃၀ ဆန့်ပါတယ်။ အရင် လင့်ထားတဲ့ သူတွေက နောက်အခု ၃၀ လာရင် ထွက်ပေးရပါတယ်။ နောက်တစ်ခုကတော့ ပင်တိုင် ဘလောက်တွေပါ။ ထားပါတော့ စာပေလောက စကားနဲဆို Columnist တွေပေါ့။ သူတို့ကတော့ Share လုပ်စရာ မလိုဘဲ အလိုလို တက်လာပါတယ်။ ပုံမှန်ဆို ဒီ Queue က ဘလောက် တစ်ခုစီအတွက် ၂ ခု ဆန့်ပါတယ်။ ရေးအားကောင်းတဲ့ ဘလောက် ဆရာမကြီး မနိုင်းနိုင်းစနေတို့ ၊ ဟင်းချက် ဆရာမကြီး မလုလုတို့၊ အဖွဲ့လိုက် ရေးတဲ့ အိုးဝေ လိုမျိုးဆို ၃ ခုပေးထားပါတယ်။ ဘယ်လိုလူတွေကို ပင်တိုင် အနေနဲ့ ရွေးလဲ ဆိုတော့ ရှင်းပါတယ်။ Feed Roll က သူများ ဖတ်ဖို့ လုပ်ထားတာ ဆိုတော့ လူကြိုက်များတဲ့ ဘလောက်တွေကို ပင်တိုင် ထည့်ထားပါတယ်။ ကိုယ်နဲ့ ခင်တဲ့ မနုစံတို၊ ကိုစောတို့ See N Be Seen တို့ကို ထည့်ထားပါတယ်။ (မောင်တိန်ကတော့ ကျွန်တော့်ကို ဖြုတ်ခိုင်းလို့ ဖြုတ်လိုက်ပေမယ့် ကျွန်တော် လင့်ချင်တာဆို မပြောမဆို လင့်လိုက်တာပါပဲ။) ကျွန်တော့်ကို ဘလောက်လောကထဲ ဆွဲခေါ်လာပေးတဲ့ မပန်တို့ မဂျစ်တူးတို့လည်း ပါပါတယ်။ သူတို့ စာတွေကို ကြိုက်လို့ မကေတို့ ကိုTZAတို့ ညီမနေနေတို့လည်း ပါပါတယ်။ ဘာကြောင့် ကြိုက်လည်းကတော့ ကိုယ့် အကြောင်းနဲ့ ကိုယ်ပေါ့။

အခုလောက်ဆို Feed Roll ဘယ်လို အလုပ်လုပ်ပြီး ဘာကြောင့် ပို့စ်တွေက ပေါ်လိုက် ပျောက်လိုက် ဖြစ်လည်းဆိုတာ သိလောက်ပါပြီ။ Google Reader နဲ့ကတော့ သူပြောသလို ကြိုက်တာကို Share တယ်ဆိုတာ ဒီလို Share လုပ်တာတွေ တင်ထားတဲ့ ဘလောက်တိုင်းအတွက် အနည်းနဲ့ အများ မှန်ပါတယ်။ ကျွန်တော့်အတွက်လည်း ၆၀% လောက် မှန်ပါတယ်။ ဒါပေမယ့် တချို့ ပို့စ်တွေက ကိုယ့် ဘလောက်လေး လူစည်အောင် ထားထားတာပါ။ ဥပမာ ဟိုမင်းသားနဲ့ မင်းသမီး ခိုးပြေးတဲ့ အကြောင်းတို့ ဘာတို့ပေါ့။ နောက်ပြီး လူတွေ ဖတ်စေချင်တဲ့ ပို့စ် - ဥပမာ အခု သူ့ရဲ့ ပို့စ်လိုမျိုး (သူက မလင့်ရဘူးဆိုလို မလင့်တော့ပါဘူး) ။ နောက် အာဇာနည်နေ့လိုမျိုးဆိုရင် ဗိုလ်ချုပ်ပုံ ပါတဲ့ ပို့စ် (ဒါမှ ဘလောက်လာတဲ့ သူတွေက အာဇာနည်နေ့ အငွေ့အသက်လေး ခံစားရမှာပါ။ အဲဂလို အကြောင်း မျိုးစုံ ရှိပါတယ်။ ကျွန်တော် မနက် ရုံးရောက်တဲ အချိန်လေးမှာ မြန်မာ ဘလောက် တွေထဲက အသစ်တက်လာတဲ့ ပို့စ် အခု ၁၀၀ လောက်ကို အမြန် ဖတ်ပြီး Share လိုက်တာဆိုတော့ တစ်ခါတစ်လေ ကောင်းရက်နဲ့ မမြင်လိုက်တာတွေ ရှိပါတယ်။ တစ်ခါတစ်လေ Share လိုက်ပေမယ့် ဘယ်သူရေးမှန်းတောင် မသိပါဘူး။ အခုလို Share တဲ့ နေရာမှာ အဂတိလိုက်လားဆိုတော့ လိုက်ပါတယ်ဗျာ။ ကျွန်တော် မတင်ချင်တဲ့ဟာဆို ကြိုက်ပေမယ့် မတင်ပါဘူး။ ဘာဖြစ်လဲ ကိုယ့်ဘလောက်နဲ့ ကိုယ်ပဲ။ အထူးသဖြင့် ကိုယ့်ကို ထိခိုက်နိုင်တဲ့ ပို့စ်မျိုးပေါ့။

သူ ဘယ်လို ခံစားရလဲတော့ မသိဘူး။ ကျွန်တော်လည်း ကျွန်တော့် ပို့စ်ကို တခြားတစ်ယောက်က Share ပေးထားရင် အရမ်းပျော်ပါတယ်။ အထူးသဖြင့် မကေတို့လို စာဖတ်နာတဲ့ လူတွေ၊ ဂျစ်တူးလို ရွေ့းပြီးမှ Share တဲ့ သူတွေ၊ မပန်တို့လို Visitor များတဲ့ သူတွေဆီမှာ မြင်ရရင် ပိုပျော်ပါတယ်။ ကို TZA တို့လို Post ထဲမှာပါ ထည့်ရေးပေးလို့ကတော့ ကြည်နူးမဆုံးပေါ့။ သူတို့မှ မဟုတ်ပါဘူး။ တခြားသူတွေ Share ထားရင်လည်း ကျွန်တော် ပျော်ပြီး ဘာရယ်မဟုတ် ခင်သွားတာပါပဲ။ ဒါပေမယ့် သူတို့တွေ မ Share တဲ့ အခါမှာတော့ သူလို့မဖြစ်ပါဘူး။ ကိုယ့်ဘလောက်မှာ လာလည်တဲ့ သူနည်းတဲ့ အခါ ပို့စ်တွေကို နိုင်အောင် တင်ပါတယ်။ စာကို စိတ်ဝင်စားဖွယ် ကောင်းအောင် ရေးပါတယ်။ အဲနောက်ဆုံး ဘာဖြစ်လည်းကွာ ဘလောက်က အပျော်လုပ်တာပဲ ဆိုပြီး Serious မဖြစ်ပါဘူး။

ဘလောက်တွေကို Share ခွင့် ရှိမရှိကတော့ Debatable ပါ။ ကမ္ဘာနဲ့ ချီပြီး ကြည့်မယ်ဆိုရင် Google News က သတင်းတွေက Preview အနေနဲ့ Share ပေးထားတာကို တွေ့ဖူးပါတယ်။ Google က သတင်းဆိုက်တွေဆီကနေ ခွင့်ပြုချက် မယူထားပါဘူး။ ခွင့်ပြုချက် ယူမယ်ဆိုလည်း Email ပို့ဦး စောင့်ဦးနဲ့ အလုပ် ဖြစ်တော့ မှာ မဟုတ်ပါဘူး။ ကျွန်တော် Feed Roll စလုပ်တုန်းက ခွင့်တောင်းပါတယ်။ နောက်တော့ လူတိုင်းက ကြည်ဖြူနေလို့ ခွင့်မတောင်းတော့ပါဘူး။ ကျွန်တော် စဉ်းစားတာလည်း ကျွန်တော်က Preview ပဲ ပြတယ်။ ဘယ်သူရေးလဲ ဆိုတာကို သိရင် ပြတယ်။ သွားလည်လို့ ရအောင် လင့်ကို ပေးထားပါတယ်။ မြန်မာ အချင်းချင်းဆိုတော့လည်း ဘိုတွေလို ကော်ပီရိုက်တွေ ဘာတွေ တရားမစွဲလောက်ဘူးဆိုပြီး ရဲရဲကြီး Share နေတာပါ။ မောင်တိန်လို ခင်တဲ့သူကတော့ သူ့ဘလောက်ကို မလင့်ပါနဲ့ ပြောထားတာတောင် ကြိုက်လွန်းရင် လင့်လိုက်တာပဲ။

သူ့စီဗုံးမှာ လာမအော်ပဲနဲ့ သူ့စာတွေကို Share ခွင့် မရှိတာတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး။ တချို့ သိတဲ့ အတိုင်း ကျွန်တော်က Reader ကနေပဲ ဖတ်ပါတယ်။ အဲဒီလိုပဲ တခြားသူတွေ အတွက်လည်း ကျွန်တော့် Feed ကိုလည်း Full ထုတ်ပေးထားတယ်။ ခလေးနှစ်ယောက်နဲ့ မြန်မာ ဘလောက် အခု ၃၅၀၀ ကျော်ကို လိုက်လည်ပြီး မင်္ဂလာပါ လိုက်အော်ရရင်လည်း တနေ့တနေ့ ထမင်းစားဖို့ ပိုက်ဆံတောင် ရှာနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် စီဗုံးတွေမှာ လိုက်အော်ခဲပါတယ်။ မှတ်မှတ်ရရ မပန်နဲ့ မောင်တိန် စီမှာပဲ စိတ်ကူးပေါက်ရင် သွားအော်တယ်။ ကျွန်တော် ကော့်မန့်လည်း ရေးခဲပါတယ်။ ဒါတွေ မလုပ်ပေမယ့် စာကိုတော့ ဖတ်ပါတယ်။ အားပေးပါတယ်။ ကိုယ့်စီမှာ လာအော်ရင် လာကော်မန့်ရေးရင်တော့လည်း ကြိုက်တာ အမှန်ပဲ။ ဒါပေမယ့် အချိန်မရှိတော့ သူများ ဘလောက်တွေကို ကျကျနန မလည်ဖြစ်ဘူး။ တကယ်ဆို စာရေး စာဖတ်ဖို့ထားတဲ့ ဘလောက်တွေမှာ နှုတ်ဆက်ဖို့ မပြောနဲ့ ဒီလို နှုတ်ဆတ်ဖို့ အလာပ သလာပ ပြောဖို့ Social Networking Site တစ်ခု ဖြစ်တဲ့ Facebook က သူငယ်ချင်း အရင်းခေါက်ခေါက်တွေကိုတောင် မတွေ့ဖြစ်ပါဘူး။

အခုလိုဆိုရင်တော့ သူလည်း နားလည်မှုလွဲနေတာလေး ရှင်းသွားမယ် ထင်ပါတယ်။ စာဖတ်သူတွေလည်း ပဲကြီးလှော်ကြား ဆားညပ်မှာ စိုးလို့ ဒီ ပို့စ်မှာ ကော့မန့် ပိတ်ထားပါတယ်။

Film


Files