Sunday, September 28, 2008

မုန်လာချဉ်ဖတ်သုပ်

White Raddishသူမရဲ့ မုန်လာဥ ချဉ်ဖတ် သုပ်နည်းကို ချဉ်ဖတ် တည်နည်းကနေ စပြီး ဝေမျှ လိုက်ပါတယ်။ မုန်လာဥ အဖြူကို အခွံခွာပြီး ရေစင်အောင် ဆေးထားပါတယ်။ မုန်လာဥက ကြီးပြီး ရှည်နေရင် တည်မည့် ပုလင်းနဲ့ ဆန့်သလောက် ဖြတ်ယူလိုက်ပါတယ်။ မုန်လာဥက ကြီးရင် ပိုးတီ လှီးလို့ လွယ်ပါတယ်။ ပိုးတီ လှီးတာကလည်း လွယ်ပါတယ်။ မုန်လာဥကို စွေစွေလေး မပြတ်အောင် လှီးတာပါ။ အလုံး အ၀န်းရဲ့ ၃ပုံ ၂ပုံလောက်အထိ မပြတ်အောင် လှီးရင် အတော်ပါပဲ။ ပြီးရင် တစ်ဘက်လှည့်ပြီး အဲဒီလိုပဲ ဆက်လှီးပါတယ်။ အဲဒီလို ဆိုရင် ပိုးတီလေးရပါတယ်။ ပိုးတီ မလှီးတတ်လည်း မုန်လာဥကို အချောင်း ထူထူ ရှည်ရှည်လေးတွေ လှီးပြီး တည်လို့ ရပါတယ်။

သန့်အောင်ဆေးထားတဲ့ ဖန်ပုလင်း ကြီးကြီး တစ်လုံး ရှာလိုက်ပါတယ်။ ဖန်ပုလင်းထဲကို မုန်လာဥ ထည့်လိုက်ပါတယ်။ ၂ လက်မ လုံးပတ်၊ ၁ ထွာကျော်ကျော် အရှည် မုန်လာဥအတွက် ခပ်မာမာ ချက်ထားတဲ့ ထမင်း လဘက်ရည်ဇွန်း ၃ ဇွန်းစာ ထည့်လိုက်ပါတယ်။ ရေကျက်အေးကို ခပ်နွေးနွေးကို မုန်လာဥ မြုတ်အောင် ထည့်လိုက်ပါတယ်။ နနွင်း နည်းနည်း၊ ဆား သင့်ရုံထည့်ပြီး ပုလင်းကို လုံအောင် ပိတ်လိုက်ပါတယ်။ တစ်ရက် နေပြပါတယ်။ အခန်း အပူချိန်မှာ ထားလည်း ချဉ်ပါတယ်။ နည်းနည်းတော့ ကြာအောင် စောင့်ရပါတယ်။ ၃ ရက်ဆို အနည်းငယ် ချဉ်တာကို စားလို့ ရပါပြီ။ ကြာကြာ တည်ထားရင် အချဉ် ပိုကဲပါတယ်။ ချဉ်လာရင် ရေခဲ သေတ္တာထဲ သိမ်းလိုက်ရင် အချဉ် ပိုမစူးလာတော့ပါဘူ။

ချဉ်ဖတ်သုပ်ဖို့ အတွက် တည်ထားတဲ့ အထဲက လိုသလောက် ယူလိုက်ပါတယ်။ ဘယ်လို စားစား မစားခင် ရေပြန်ဆေး သင့်ပါတယ်။ အချောင်းလေးတွေ ဖြစ်အောင် လှီးလိုက်ပါတယ်။ နံနံပင်ကိုလည်း ရေစင်အောင် ဆေးပြီး သေးသေး နုပ်နုပ် လှီးထားပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ပြီး ဆီချက် ချက်ထားပါတယ်။ မြေပဲကို အလွန်အမင်း မကြေအောင် ထောင်းထားပါတယ်။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါတယ်။ ပြီးရင် အားလုံး သင့်ရုံကို ဆားနည်းနည်း နှမ်းများများနဲ့ ရောသုပ်ပြီး စားလို့ ရပါပြီ။ ကြက်အရိုး အသားရောကို ဆီကျန် ရေကျန်ချက်ထားတာမျိုးနဲ့ဆို အင်မတန် လိုက်ဖက်ပါတယ်။ မြန်မာပြည်မှာလို မုန်လာဥ အရွက်တွေပါ ရရင် ထည့်တည်ပြီး စားလို့ ကောင်းပါတယ်။



တခြား သွားရည်ကျရန် - ပုစွန်ခွက်ကြော်သုပ်

သွားငုတ်တုတ် လူငုတ်တုတ်

(ဒေါက်တာနေဦးက သွားငုတ်တို လူငုတ်တုတ် (၁၀လ - ၁၁လ) ပို့စ်မှာ ကျွန်တော်တို့ရော စာဖတ်သူတွေပါ ဖတ်ဖို့ ကောမန့် အရှည်ကြီး ရေးသွားပေးတာကို ပို့စ်တစ်ခု အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်။ စာကျမှန်စေရန် (Flow ကောင်းစေရန်) မူရင်းမှ စာလုံးတချို့ကို ခွဲလိုက်ပါတယ်။ ဖတ်ရ ပိုရှင်းစေရန် စာပိုဒ်ခွဲလိုက်ပါတယ်။ ဆရာ့ကိုလည်း ဒီလို ဖြည့်စွက် ပြင်ဆင် ရေးသားပေးတဲ့ အတွက် အထူးကို ကျေးဇူးတင်ပါတယ်။)

ကျွန်တော်က သွားဆရာဝန်ဆိုတော့ သွားအကြောင်း တွေ့တော့ မနေနိုင်ဘူးဗျ။ ဗမာတွေ ပြောလေ့ရှိတာကတော့ သွားငုတ်တုတ် လူငုတ်တုတ် လို့ဆိုတယ်။ ငုတ်တုတ်ဆိုတာ ထိုင်တာဆိုတော့ ရပ်သလို အပြည့်အ၀ မြင့်မားမှု မရှိသေးဘူးပေါ့ဗျာ။ ဆိုလိုတာက တ၀က်တပျက်ပဲ ရှိသေးတာကို ပြောတာပဲ။ အဲ သွားကလည်း အပြည့်မပေါက်သေးပဲ အခုမှ ထွက်ခါစလေး ပေါ့ဗျာ။ လူငုတ်တုတ် ကတော့ အထူးပြောဖို့မလိုဘူးပေါ့ဗျာ စ ပြီးထိုင်ခါစ အရွယ်ပေါ့။ ပုံမှန် ဖွံဖြိုးတဲ့ ကလေးငယ်တွေ အတွက် ဗမာတွေ ပြောတာကတော့ ၆လလောက်က စ တယ်ဗျ၊ သွားဖက်ဆိုင်ရာ ဆေးပညာနဲ့လည်း ကိုက်ညီတာတွေ့ရတယ်။ ဆိုလိုတာက ပထမဆုံး စပြီးသွားပေါက်တာ နဲ့ စ ပြီးထိုင်တတ်တာ က အများအားဖြင့် ၆ လ သား အရွယ်မှာပါ။

အခု ကိုအင်ဒီ့ သမီးလေးက ၁၀လ ၁၁လမှာ သွား၅ချောင်းလောက် ပေါက်နေပြီ ဆိုတော့ ပုံမှန် ဖွံဖြိုးမှု ရှိတယ် ဆိုရမှာပေါ့ဗျာ။ ဟုတ်တယ်ဗျ တကယ်တော့ အဲဒီ သွားပေါက်ခါစ အချိန်မှာ ကလေးတွေ ချူချာတတ်တာ အမှန်ပဲ။ ဗမာတွေလဲ ပြောလေ့ရှိတယ်။ သွားပေါက်ချင်လို့ ကလေးက အီတီတီ ဖြစ်တာလို့ ပြောလေ့ရှိတယ်။ အဲဒါက ခင်ဗျား ရေးသလို ဆရာဝန်က မဆိုင်ဘူးလို့ပြောတာလဲ အမှန်ပါပဲ။ သွားပေါက်တာကြောင့် ဖျားတာ မဟုတ်ဘူးဗျ။ ဆက်ရေးထားသလို ကလေးမှာ မအေဆီက ရထားတဲ့ ကိုယ်ခံအား လျော့နည်းလာလို့ ဖြစ်တာပါ။

ကလေးငယ်ရဲ့ အသည်းက ကိုယ်ပိုင် ခုခံအား မထုတ်လုပ်နိုင်သေးတဲ့ အရွယ်မှာ မိခင်ဆီကရထားတဲ့ ကိုယ်ခံအားက ပတ်ဝန်းကျင်မှာ ရှိတဲ့ ရောဂါ ပိုးမွှားတွေကို ကာကွယ်ပေးထားပါတယ်။ ၆လကျော် အရွယ်မှာတော့ ရထားတဲ့ ကိုယ်ခံအားက လျော့နည်းလာသလို ကလေးရဲ့အသည်းကလဲ ဖွံဖြိုးစ ပြုလာပြီး ကိုယ်ခံအားကို စတင် ထုတ်လုပ်ဖို့ အချိန် ရောက်လာပြီပေါ့။ အဲဒီ အချိန်မှာရောဂါပိုးကို ကိုယ့်အား ကိုယ်ကိုးပြီး စတင် တိုက်ခိုက်ဖို့ သင်ယူရတဲ့ အချိန်။ ရန်သူကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ပြီး အနိုင်ယူနိင်မဲ့ တိုက်ကွက်၊ သိုင်းကွက်တွေကို သင်ယူရတဲ့ အချိန်ပေါ့။ ရောပါပိုးကို တခါ ရင်ဆိုင် တခါတိုက်ရင် တခါဖျား တိုက်ကွက် တကွက် သင်ယူလိုက် နဲ့ ခဏခဏ ဖျားလိုက် ကျောပူ ခေါင်းပူ ဖြစ်လိုက် မအီမသာ ဖြစ်လိုက်နဲ့ပဲ တိုက်ကွက်တွေ (ကိုယ်ခံအားတွေ) တဖြည်းဖြည်း ပြည့်စုံလာတာပါပဲ။

ဒီလို သင်ယူချိန်မှာ ကလေး အရမ်း မခံစားရအောင် လိုအပ်တဲ့ ပံ့ပိုးထေါက်ပံ့မှု လိုအပ်သလို ပေးရတာပေါ့။ ကိုယ်အရမ်းပူရင် ကိုယ်ပူကျဆေးပေး၊ နာကျင် ကိုက်ခဲ သက်သာတဲ့ ဆေးပေး၊ အာဟာရ ပြည့်ဝတဲ့အစာ၊ ကျေညက်လွယ်တဲ့ အစာ၊ နေသာထိုင်သာ ရှိမဲ့ နွေးထွေး စေါင့်ရှောက်မှုတွေ ပေးယုံမက ရောဂါပိုးက ပြင်းထန်ရင် ပိုးကို တိုက်ရိုက် တိုက်ခိုက်တဲ့ ပဋိဇီဝဆေးတွေပါ ပေးပြီး စစ်ကူ ပေးရတယ်။ ဒီလိုနဲ့ပဲ ကလေးတွေမှာ ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ Immunity ကိုယ်ခံအားတွေ ပြည့်စုံလာတာပါ။

ကလေးတွေမှာ အပေါ်အောက်သွားစုစုပေါင်း အချေုာင်း၂၀ပေါက်လာမှာ ဖြစ်ပြီး အောက် ရှေ့သွားလေး ၂ချောင်းက အရင် ပေါက်လာတတ်တယ်။ မကြာခင်ပဲ အပေါ် ရှေ့သွား ၂ချောင်း ထွက်လာမယ်။ ပြီးတော့ အောက် ရှေ့သွား၂ချောင်းရဲ့ တဖက်တချက်စီမှာ နောက်ထပ်ရှေ့သွား ၁ ချောင်းစီ ထွက်မယ်။ တခါ အပေါ် ရှေ့သွား၂ချောင်း ဘေးတဖက်စီမှာ ရှေ့သွား ၁ချေုာင်းစီ ထွက်တယ်။ နောက်တော့ ရှေ့သွားတွေရဲ့ ဘေးတွေမှာ အံသွား အငယ် first molar ၁ချောင်းစီနဲ့ အဲဒီဘေးက second Molar အံသွား အကြီး ၁ချောင်းစီ ထွက်လာပြီးရင် ကလေးသွား အချောင်း၂၀ စုံသွားတာပေါ့။ ပုံမှန်အားဖြင့် ကလေးအသက် ၂နှစ်ခွဲကျော်မှာ သွား အကုန်စုံအောင် ပေါက်ပြီးလေ့ ရှိပါတယ်။ တချို့ နဲနဲစောတာ နဲနဲ နောက်ကျတာတော့ ရှိတတ်ပါတယ်။

ကိုအင်ဒီက ကလေး အကြောင်း အသေးစိတ် မှတ်မှတ်သားသားလေး ရေးတော့ ကလေး ချစ်သူတွေ၊ ကလေး အကြောင်းသိချင်သူတွေ အဖတ်များလို့ ကြုံတုံးဝင်ပြီး ပညာပေး ဝေငှလိုက်တာပါ။ သွားဖက်ဆိုင်ရာ ဗဟုသုတ ပျံ့ ပွားနိုင်ပါစေ။

Saturday, September 27, 2008

ကျွန်တော်တို့ရဲ့ ပထမဆုံးများ

မောင်တိန်က ပထမဆုံးတွေ ရေးပေးပါဆိုပြီး Tag Game ဆော့လာလို့ ရေးရဦးမယ်။ တကယ်တော့ ကျွန်တော်က Tag တာကို ကြိုက်တော့ ကြိုက်တယ် လိုက်တော့ မလိုက်နိုင်ဘူး ဆိုသလို ဖြစ်နေတယ်။ ကြိုက်တယ်ဆိုတာက ကိုယ့်ကို Tag လာတယ်ဆိုတာ ကိုယ့်ကို အလေးထား ခင်မင်လို့ တခုတ်တရ ရှိတာကြောင့်ပါ။ မလိုက်နိုင်ဘူးဆိုတာ ကိုယ်က စာရေးတယ် ဆိုပေမယ့် ကိုယ့်ဖီလင်လေးနဲ့ကိုယ်မို့ ရေးထွက်တာ။ ကိုယ် တွေ့ကြုံနေရတာလေးကို အသာလေး ချရေးလိုက်ရုံပဲ။ `တက်´တဲ့ အခါကျတော့ ခေါင်းစဉ်တပ်ပြီး `တက်´တာဆိုတော့ အတော့်ကိုရေးဖို့ ခက်သွားပြီ။ ဘလော့ကိုက `ကျွန်တော် ကျွန်မတို့သည်´ ဆိုတော့ ကျွန်တော့် အကြောင်းပဲ ရေးရင် စိတ်ဝင်စားဖို့ ကောင်းမှာမဟုတ်တော့ သူမအကြောင်းရော ကျွန်တော့် အကြောင်းပါ ရေးလိုက်မယ်။ ဘာရေးရမှန်း မသိတော့ သူများတွေ ရေးထားတဲ့ ပထမဆုံးတွေပဲ လိုက်ရေးလိုက်မယ်။

ကျွန်တော့်ရဲ့ ပထမဆုံးကျောင်းကတော့ ရပ်ကွက်ထဲက မူလတန်းကျောင်းပါ။ အ.မ.က (၇) ကမာရွတ်ပါ။ ကျောင်းလေးက အတော့်ကို စုတ်ပြတ်ပါတယ်။ နှစ်ထပ်ကျောင်းဆောင် ဆိုပေမယ့် အောက်ထပ်မှာက လူတရပ် သာသာပဲ အုတ်ညှပ်ပြီး သစ်ကာထားတာပါ။ အများကြီး မှတ်မှတ်ရရ မရှိပေမယ့် ကျောင်းစောင့်ကြီးရဲ့ မိန်းမက ကျောင်း မုန့်စားတန်းအတွက် အကြော်တို့ ဂွေးသီး၊ သရက်သီးတို့ ရောင်းတာတော့ မှတ်မိပါတယ်။ အဲဒီကတည်းက စာပြိုင်ဖက် သူငယ်ချင်းရှိခဲ့ပြီး သူနာမည်က ရေးတေးတေးပါပဲ။ ထက်ထက်ထွန်းလား ထိုက်ထိုက်ထွန်းလားမသိ `ထ´ဆင်ထူး ၃လုံးဆိုတာတော့ မှတ်မိပါတယ်။ အဲဒီမှာပဲ ဆုရပါတယ်။ ဒုတိယပါ။ အဲဒီ `ထ´ ၃လုံးက ပထမပါ။ သူငယ်တန်း တစ်နှစ်ပဲ နေပြီး စိန့်ဖလိုးကို ပြောင်းလိုက်ပါတယ်။

သူမရဲ့ ပထမဆုံးကျောင်းကတော့ ပင်ငို အ.မ.က ပါ။ ပင်ငိုဆိုတာ တောင်ကြီးမြို့ အရှေ့ဖက် ၆မိုင်လောက်ဝေးတဲ့ ရွာက ကျောင်းပါ။ ကျောင်းအုပ်ကြီးက သူမရဲ့ အဖေဖြစ်ပြီး ဒုကျောင်းအုပ်ကတော့ အမေပါ။ သူမရဲ့ အတန်းပိုင်က သူ့အမေရဲ့ တပည့်ဖြစ်ပြီး ငယ်ငယ်ကတည်းက သူမကို ထိန်းလာတာ ဆိုတော့ သူမ နိုင်တဲ့သူပါ။ အဲဒီ ပထမဆုံး ဆရာမကတော့ ဒေါ်ခင်အုန်းတဲ့။ တစ်နေ့ ဆရာမက စကား နားမထောင်လို့ ရိုက်မယ်ဆိုပြီး ရွယ်လိုက်တာကို ဆရာမ လက်ထဲက တုတ်ကို ဆွဲပြီး ဆရာမကို ပြန်ရိုက်ပါလေရော။ အဲဒါနဲ့ပဲ တစ်နှစ်တည်းမှာပဲ အဲဒီကျောင်းကနေ ထုတ်ပြီး အဘွားရှိရာ ညောင်ရွှေက တခြားကျောင်းကို ပို့လိုက်ပါလေရော။

ပင်ငိုကျောင်းတုန်းက ပအိုဝ်တွေ ဆိုတော့ သူမက ပအိုဝ်လိုလည်း မပြောတတ်တော့ သူငယ်ချင်း မရလိုက်ဘဲ ညောင်ရွှေကျောင်းရောက်မှ သူငယ်ချင်းတွေ ရလာပါတယ်။ ညောင်ရွှေ အလက (၁) ရောက်မှ `နောင်းနောင်းစိုး´ဆိုတဲ့ ပထမဆုံး သူငယ်ချင်း တစ်ယောက်ရခဲ့ပါတယ်။ အဘွား သူငယ်ချင်းရဲ့ မြေးမို့ မိတ်ဆက်ပေးရာက ခင်သွားတာပါ။ ညောင်ရွှေကျောင်းမှာပဲ သူငယ်တန်းမှာ ပထမဆုရခဲ့ပါတယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံး အတွက် ပထမဆုံး ဖတ်ဖြစ်တာကတော့ ရွှေသွေး၊ တေဇနဲ့ တို့ကျောင်းသားပါ။ ကျွန်တော်တို့ အိမ်မှာ ငယ်ငယ်ကတည်းက ၀ယ်ထားတဲ့ ရွှေသွေးတွေကို ကျွန်တော်က စုထားပြီး တစ်နှစ် တစ်နှစ်စာ စုချုပ်ထားပါတယ်။ မမှီလိုက်တဲ့ ရွှေသွေးတွေကိုလည်း စာပေဗိမ္မာန်ကနေ ရောင်းတော့ သွားတန်းစီပြီး (အလယ်တန်း) ကျောင်းသားကတ် ပြပြီး ပြန်ဝယ်ထားပါတယ်။ အဲဒီတုန်းက မှောင်ခိုတွေ ရှိလို့ အဲဒီလို ၀ယ်ရတာပါ။ ကျွန်တော် နိုင်ငံခြားမှာ အခြေချ နေတော့မယ်ဆိုမှ အိမ်က အဲဒီ ရွှေသွေးပေါင်းချုပ်တွေကို စာကြည့်တိုက်သွားလှူလိုက်တာပါ။ စာကြည့်တိုက်ကလူတွေကတော့ ရွှေသွေးတွေကို တနေရာတည်းမှာ အဲဒီလို တပေါင်းတစည်းတည်း တခါမှ မတွေ့ဖူးဘူးတဲ့။ ရွှေသွေး အပြင် စွဲစွဲမြဲမြဲ ဖတ်ဖြစ်တာ နိုင်ငံတကာရေးရာ ဂျာနယ်ပါ။ မဆလ ခေတ်မှာ အကြိုက်ဆုံး ဂျာနယ်ပါ။ သူမ ဖတ်ဖြစ်တဲ့ ဂျာနယ်ကတော့ American Mosiac ပါ။ တောင်ကြီးမှာ ကြီးပြင်းလာပေမယ့် အဲဒီစာစောင်တွေက ဖတ်ဖြစ်လိုက်ပါတယ်။

ကျွန်တော် စဖတ်တဲ့ ကာတွန်းကတော့ `ဒီလုံး´ပါ။ သူမ ပထမဆုံး ဖတ်တဲ့ ရုပ်ပြကတော့ ရာမပါ။ သူမရော ကျွန်တော်ရော စဖတ်တဲ့ ၀တ္ထုကတော့ သိုင်းဝတ္ထုပါ။ သူမရဲ့ အစ်ကိုက ပေးမဖတ်တဲ့ ကြားကနေ ခိုးဖတ်လာတာပါ။ ကျွန်တော် ပထမဆုံး ဖတ်တဲ့ စာကြီး ပေကြီးကတော့ `သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ´ပါ။ ၇တန်းလောက်က အဘိုးဆီမှာ ဖတ်ရတာပါ။ စာအုပ်အနီကြီး ၂ အုပ်လား ၃ အုပ်လားရယ်ပဲ မှတ်မိပါတယ်။ ပြီးအောင် မဖတ်ဖြစ်ပါဘူး။ သူမ ဖတ်ဖြစ်တာကတော့ ရန်ကုန် တက္ကသိုလ် ရွှေရတု အမှတ်တရ ထုတ်ထားတဲ့ စာပေါင်းချုပ်ပါ။ ပထမဆုံး သူမ ဖတ်ဖူးတဲ့ ဘာသာပြန်ကတော့ လင်းဘတ်အကြောင်းပါ။ အစ်ကို ငှားလာတာကို ဖတ်ဖြစ်တာတဲ့။ ကျွန်တော် ပထမဆုံး ဖတ်ဖြစ်တဲ့ ဘာသာပြန်ကတော့ ၀တ္ထုပါ။ အမေရိကန် သမ္မတကို (လားမသိ) လုပ်ကြံဖို့ မိုးပျံပူပေါင်းတွေထဲမှာ အဆိပ်ငွေ့တွေ ထည့်ထားတဲ့ အကြောင်းပါ။ အမေငှားထာတဲ့ဆီက ယူဖတ်တာပါ။

သူမရဲ့ပထမဆုံး သီချင်းခွေကတော့ ယင်းမာက Love Song Volume (2) ပါ။ ၈တန်းမှာ ၅ ဘာသာဂုဏ်ထူးထွက်လို့ ဘာဆုယူမလဲဆိုတော့ ကက်ဆက်ကိုတောင်းလိုက်ပါတယ်။ အိမ်မှာလည်း ပထမဆုံး ကက်ဆက်ပါပဲ။ အဲဒီ ကက်ဆက်ဝယ်ပြီးတော့ အဲဒီ သီချင်းခွေကို ၀ယ်လိုက်တာတဲ့။ ပထမဆုံး (နဲ့ နောက်ဆုံး) စင်ပေါ်တက်ဆိုတဲ့ သီချင်းကတော့ I'm in love for the very first time. တဲ့။ ကွန်ပြူတာ တက္ကသိုလ် ပထမနှစ်မှာ ပြည်ဆောင် ညစာစားပွဲ မှာ ဆိုတာတဲ့။ (အဲဒီ ဓါတ်ပုံကို ကျွန်တော်က ထည့်မယ်ဆိုတာကို မထည့်ပါနဲ့ အတင်းဆွဲနေလို့ မထည့်တော့ဘူး ဟီးဟီး) ကျွန်တော့် အတွက်တော့ မမှတ်မိပါဘူး။ အမေက စိုင်းထီးဆိုင် ကြိုက်လို့ ငယ်ငယ်ကတည်းက သူ့သီချင်းတွေနဲ့ ကြီးပြင်းလာရတာတော့ မှတ်မိပါတယ်။

ကျွန်တော် ပထမဆုံးရောက်တဲ့ အခြားမြို့ကတော့ ဘယ်ဟာက အရင်လည်း မမှတ်မိပါဘူး။ ဟင်္သာတလား တိုက်ကြီးလားမသိဘူး။ အဘိုးအဘွားတွေက ဟင်္သာတဇာတိဆိုတော့ လိုက်သွားတာ။ လယ်ကွင်းတွေနဲ့ တကယ့်ရွာ အတွေ့အကြုံတွေကို ရခဲ့တာပါ။ တိုက်ကြီးကတော့ နွေကျောင်းပိတ်ရက် ၁လ ၂လလောက်သွားတာပါ။ သူမ ပထမဆုံးရောက်တာက တောင်ကြီးမြို့ပါ။ ညောင်ရွှေနဲ့ ပင်ငိုရွာ သွားရင် တောင်ကြီးကို ဖြတ်သွားရပြီး တောင်ကြီးမြို့မှာ ဈေးတွေ ဘာတွေ ၀ယ်တာပါ။ အဲဒီတုန်းက `မီလာရှီကာ စိုင်းဗေဒါ´ ရုံတင်နေတဲ့ အချိန်တဲ့။

ကျွန်တော်ရော သူမရော ပထမဆုံးသွားတဲ့ နိုင်ငံကတော့ အမေရိကားပါ။ အလုပ်ကနေ လွှတ်လို့ သွားဖြစ်သွားတာပါ။ လေယဉ်ပျံကို နာရီ ၂၀ လောက် စီးသွားရပြီး ကျွန်တော့် အတွက်တော့ ပထမဆုံး လေကြောင်း ခရီးပါ။ လေယဉ်ကလည်း မူး အင်္ဂလိပ်စကားကိုလည်း ကောင်းကောင်း နားမလည်ပါ။ မှတ်မှတ်ရရ လေယဉ်ပေါ်မှာ Apple Juice ပေးတာကို (ကျွန်တော် တောင်းထားတဲ့) Whisky ထင်ပြီး သောက်ကာ မူးနေလိုက်တယ်ဆိုတာ။ Apple Juice က အချိုလည်း ပြင်းပြီး အရောင်ကလည်း တူတယ်လေ။ သူမရဲ့ ပထမဆုံး လေယဉ်ခရီးကတော့ ဟဲဟိုး-ရန်ကုန် ခရီးပါ။ ကျွန်တော် အမေရိကားကို ရောက်တော့ မှတ်မှတ်ရရ Limousine စီးရတာပါ။ လင်ကွန်း ဇိမ်ခံကားကို ပထမဆုံး စီးဖူးတာပါ။ နေရတဲ့ မြို့က စည်စည်ကားကားမဟုတ်ဘဲ ကောင်းဘွိုင်ကားတွေထဲကလို မြို့အဟောင်း အသေးလေးတွေဆိုတော့ အတော့်ကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ဖီလင် ခံစားလိုက်ရပါတယ်။ သူမအတွက်တော့ ရောက်ရောက်ချင်းမှာ အိမ်က တစ်အိမ်လုံး ကော်ဇော ခင်းထားတာ တွေ့လိုက်ရတာ မှတ်မှတ်ရရပါပဲ။ အဝေးပြေးလမ်းတွေ၊ ကုန်အောင် မစားနိုင်တဲ့ ဘာဂါတွေ၊ ကိုယ့်ထက် အဆများစွာ ကြီးနေတဲ့ လူသားတွေ ပထမဆုံးအကြိမ် တွေ့လိုက်ရပါတယ်တဲ့။

ကျွန်တော်ရော သူမရော ပထမဆုံး လုပ်တဲ့ (လခစား) အလုပ်က အတူတူပါပဲ။ အဲဒီ ကုမ္ပဏီကို ကျွန်တော်က နည်းနည်းလေး (၂ လ) စောပြီး ရောက်ပါတယ်။ ပထမဆုံး အလုပ်မှာပဲ တော်တော်ကို အမောင်း ခံလိုက်ရပါတယ်။ ဒါပေမယ့် အမေရိကားမှာ ၂ နှစ်ကျော်ကျော် လုပ်လိုက်ရပြီး တာထွက်ကောင်းခဲ့တဲ့ အတွက် ဘ၀မှာ အတော့်ကို အဆင်ပြေပါတယ်။ အဲဒီ အလုပ်က သူမရဲ့ ပထမဆုံး အလုပ် အင်တာဗျူးပါ။ ကျွန်တော်ကတော့ အဲဒီ အရင် တစ်ခု ရှိခဲ့ဖူးပါတယ်။

သူမ ပထမဆုံး ၀င်ဖူးတဲ့ တရားစခန်းကတော့ ၇မိုင် (လား ၈မိုင်လား) က `သဓမ္မ ရံသီ´ (စာလုံးပေါင်း မသေချာ) ၈မိုင်က သဒ္ဓမ္မရံသီ ပါ။ သင်္ကြန်တွင်း ၁၀ ရက် တရားစခန်းပါ။ သူ့ဦးလေးက `ဘာ... သတ္တမ ရန်သူ လား´ ဆိုပြီးတော့ မေးဖူးတယ်တဲ့။ မနက်အစောကြီး ထရပြီး အရမ်း ပင်ပန်းတယ်တဲ့။ ဒါပေမယ့် ထိုင်ပြီး ခဏနေတော့ စိတ်က ကြည်လင်လာပြီး တရား ရှုမှတ်လို့ ကောင်းလာပါတယ်တဲ့။ ဆရာတော် ဟောပြတဲ့ တရားတွေကနေ သံသရာ အကြောင်း၊ ၀ိပဿနာ တရား အဆင့်ဆင့် ရှုမှတ်ပုံတွေကို ပထမဆုံး သိလာပါတယ်။ ကျွန်တော် ပထမဆုံး ၀င်ဖူးတာကတော့ ရွှေတောင်ကုန်းက ပဏ္ဍိတာရာမ မှာပါ။ ရဟန်းခံတုန်းကပါ။ မနက်အစောကြီး ထရပြီး ဆန်ပြုတ်သောက်ရတာရယ် တရားမှတ်တဲ့ အချိန် ဘုရားခန်းထဲမှာ အိပ်ငိုက်တာရယ်ပဲ မှတ်မိတော့တယ်။

သူမရဲ့ ပထမဆုံးရည်းစားနဲ့ ချစ်သူကတော့ Who else? ကျွန်တော်ပါပဲ။ ညှင်းညှင်း ညှင်းညှင်း။ ကျွန်တော်အတွက်လည်း သူမက ပထမဆုံး ပြန်ချစ်သူနဲ့ ပထမဆုံး နှုတ်ကနေ ချစ်တယ် ပြောဖူးသူပါ။ တကယ်တော့လည်း ပထမဆုံး ရည်းစားနဲ့ ချစ်သူပါပဲ။

ကျွန်တော် ပထမဆုံး အရက်သောက်ဖူးတာ ဘယ်တုန်းကလည်း မမှတ်မိသလောက် ဖြစ်ပေမယ့် သေချာတာကတော့ သောက်တဲ့ အရက်ကတော့ Army Rum ပါပဲ။ အတော်ငယ်ပါသေးတယ်။ တရုတ် နှစ်ကူးမှာ ဦးလေးတွေဆီက ကပ်သောက်တာပါ။ သူမ ပထမဆုံး သောက်ဖူးတာလည်း တရုတ် နှစ်ကူးမှာပါပဲ။ အရက်တော့ မဟုတ်ပါဘူး ဘီယာပါ။ သူမကတော့ ဆေးလိပ် တစ်ခါမှ မသောက်ဖူးပါဘူး။ ကျွန်တော် စသောက်တာ ၁၀ တန်းအောင်ပြီးတော့ပါ။ စသောက်တုန်းက ဆေးလိပ်ဆိုတာ ရှူသွင်းရမှန်းမသိဘဲ ဆပ်ပြာပူပေါင်း မှုတ်သလို မှုတ်ထုတ်လို့ သူငယ်ချင်းတွေက ၀ိုင်းရယ်ကြသေးတယ်။ No1 လား Lucky Strike လား မမှတ်မိတော့ဘူး။

(သူများတွေ ရေးကြလို့ လိုက်ရေးလိုက်ဦးမယ်) ကျွန်တော် ပထမဆုံး ပစ်ဖူးတဲ့ သေနတ်ကတော့ M16 ပါ ။ ဗီယက်နမ်က စက်ပစ်ကွင်းမှာ အပျော် ပစ်တာပါ။ ပထမဆုံးကိုင်ဖူးတဲ့ သေနတ်ကတော့ ပစ္စတိုပါ။ ငယ်ငယ်တုန်းက အဘိုးဆီမှာ ကိုင်ဖူးတာပါ။ ဖြုတ်ကြည့် တပ်ကြည့်ဖူးပါတယ်။

ပထမဆုံး ရေးဖူးတဲ့ Blog Post ကတော့ Google Document အကြောင်းပါ။ ၂၀၀၆ ဇွန်တုန်းကပါ။ ပထမဆုံး လည်တဲ့ ဘလော့က Engadget။ သူမ ပထမဆုံး ရေးတဲ့ Blog Post ကတော့ TGI - Taunggyi ပါ။ သူမ ပထမဆုံး လည်တဲ့ ဘလော့ကတော့ ညီလင်းဆက်ရဲ့ ဘလော့ပါ။

ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပထမဆုံးတွေ အများကြီး ကျန်ပါသေးတယ်။ အဲ့ဒါတွေကတော့ ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ...... ......

စရေးတုန်းကတော့ မရေးချင်ဘူး။ အခုတော့ မနည်းကို ဖြတ်ယူရတယ်။ ပြောလို့ ပြောတာ မဟုတ်ဘူး။ အခုမှပဲ ကျွန်တော်တို့ လင်မယားလည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုသိသွားတယ်။ ကိုယ်ရေးရတာနဲ့ တန်အောင် သူများတွေကိုပါ ဒွတ်ခ ပေးလိုက်ဦးမယ် ... အဲ.. ယောင်လို့.... `တက်´လိုက်ဦးမယ်။ သူတို့ကို `တက်´ လိုက်ပါတယ်။
ကိုစော - ပထမ ဆုံး များ
TZA - ♠ The Butterfly Effect
အလင်းညီ - The first images
မခင်ဦးမေ - First thing in my life
မနုသွဲ့ - Tag Game



Wednesday, September 24, 2008

သြော်ဇီ PR အတွက် Agent လိုသလား

တကယ်တော့ ကျွန်တော် How To ပို့စ်တွေကို ရှောင်ပါတယ်။ How To နဲ့ ပတ်သက်ရင် ဟင်းချက်နည်း တစ်ခုပဲ ရေးရတာ လက်တွေ့ပါတယ်။ ဒါကြောင့်မို့လို့ Blog ပြင်နည်းတို့ ဘာတို့ ဖြစ်ဖြစ်၊ IT (Programming) နဲ့ ပတ်သက်တဲ့ ဘယ်လို လုပ်ရမယ်တို့ ဘာတို့ကို တော်ရုံ တန်ရုံ မရေးပါဘူး။ သြော်ဇီကို ကူးပြောင်းလာဖို့ကိုလည်း စာဖတ်သူ တချို့က ဘယ်လို လုပ်ရသလဲ ရေးပေးဖို့ တောင်းဆို ထားတာတွေကိုတောင် ကျွန်တော် ရူးချင်ယောင် ဆောင်နေခဲ့ပါတယ်။ မကေကလည်း သူ့ရဲ့ ပို့စ်တစ်ခုမှာ (သြစတြေလျ နေထိုင်ခွင့်)သြော်ဇီ PR အကြောင်း ရေးပေးပြီး ကျွန်တော့်ကို ဆက်ရေးပေးဖို့ တိုက်တွန်း ထားပါသေးတယ်။ (အစက မရေးတော့ဘူး တွေးထားတာ) ဆွေမျိုးတွေ အပါအ၀င် တော်တော်များများကလည်း မေးလာလို့ တစ်ယောက်စီ ပြန်ဖြေနေတာထက် စာရင် ရေးထားပြီး ဒီမှာ ဖတ်လို့ ညွှန်းလိုက်တာက ပိုကောင်းမယ် ထင်လို့ အခြေအနေ ပေးသလောက် တတ်နိုင်သလောက်တော့ ကြိုးစားရေးကြည့်ပါမည်။ (အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော့်တုန်းက ဘယ်လို လုပ်လာတယ်ဆိုတာ ခပ်ရေးရေးပဲ။ ကျွန်တော်က မေ့တတ်တယ်။)

သြော်ဇီ ကူးပြောင်းဖို့နဲ့ ပတ်သက်ရင် မေးကြတာ Agent နဲ့ လုပ်သင့် မလုပ်သင့်ပါ။ ဒီ ပို့စ်မှာတော့ ဒီအကြောင်းကို အရင် ရေးသွားပါမည်။ ကျွန်တော်တို့လာတုန်းက ကိုယ့်ဘာကိုယ် လုပ်လာတာပါ။ Agent နဲ့ လုပ်တာ မဟုတ်တဲ့ အတွက် Agent တွေ အကြောင်း မသိပါဘူး။ အဲဒီ အတွက် အမှားပါရင် တာဝန်မယူပါဘူး။ (ပြင်ပေးရင်တော့ ကျေးဇူး တင်ပါတယ်)။ နောက်ပြီး ကျွန်တော်က ကိုယ့်ဘာကိုယ် လုပ်ဖို့ အားပေးချင်တဲ့ အတွက် အဲဒီဘက်ကို စောင်းပေးပြီး ရေးပါမယ်။ Agent တွေ ကောင်းကြောင်းကတော့ ရေးပြီးသားတွေ ရှိတာ “အောတိုက်”ပါပဲ။ သူတို့ Web Site တွေမှာ သာ ရှာဖတ်ပါတော့။

Myth : Agent နဲ့ လုပ်ရင် PR ရမှာ သေချာတယ်။
Fact : PR ရမရက ကိုယ့်ရဲ့ အရည်အချင်းနဲ့ပဲ သက်ဆိုင်ပါတယ်။ Agent ကြောင့် ရတာ မဟုတ်ပါဘူး။ အရည်အချင်းမရှိတဲ့ သူကိုလည်း Agent က ညာပေးလို့ မရပါဘူး။ ညာလိုက်မှ Agent က လိုင်စင် အသိမ်းခံရပြီး စီးပွားပျက်မှာပါ။ ဟိုလူက ဟို Agent နဲ့ လုပ်လို့ PR ရသွားတိုင်း ကိုယ်ရမယ် မဟုတ်ပါဘူး။ဒါပေမယ့် ကိုယ့်မှာ အရည်အချင်း ရှိသော်ငြားလည်း အသုံးမချတတ်တဲ့ အတွက် PR မရနိုင်တာမျိုးတော့ ရှိနိုင်ပါတယ်။ Agent နဲ့ လုပ်ရင်တော့ Agent က စစ်စစ်ပေါက်ပေါက် ရှာကြံပြီး အမှတ်တိုးအောင် လုပ်ပေးနိုင်ပါတယ်။(ဥပမာ 5 Points လိုနေရင် မိန်းမ - Spouse - ရဲ့ Professional Skill ကိုပါ ထည့်တွက်တာမျိုး။) ကိုယ့်ဘာကိုယ် လုပ်တဲ့ သူတွေ အနေနဲ့ကတော့ ဒီလို ဖြစ်ချင်ရင် Web Site မှာ ရှာဖတ်နိုင်ပါတယ်။ ဘယ်ဟာက အမှတ် ဘယ်လောက် ရမယ်။ အမှတ် ဘယ်လောက် ရမှ PR ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။

Myth : Agent နဲ့ လုပ်ရင် ကိုယ် ဘာမှ မလုပ်ရဘူး။
Fact : ကျွန်တော်တို့ PR လျှောက်ခဲ့တုန်းက ဘာတွေ လုပ်ရသလဲ ဆိုတော့ ဖောင်တွေ ဖြည့်ရတယ်။ ပြစ်မှု ကင်းရှင်းကြောင်း အတွက် ရဲစခန်း သွားရတယ်။ ဆေးစစ်ဖို့ ဆေးခန်း သွားရတယ်။ ဓါတ်ပုံဆိုင် သွားပြီး ဓါတ်ပုံ ရိုက်ရတယ်။ စာတိုက် (၃ခေါက်လား) သွားပြီး ဖောင်တွေ ပို့ရတယ်။ နောက်ပိုင်း Scan လုပ်ပြီး ပို့တော့ ရတယ်။ Agent နဲ့ လုပ်ရင် Agent က ဘာတွေ လုပ်ပေးနိုင်မလဲ ကိုယ်ကိုတိုင်လည်း ဘာတွေ လုပ်ရဦးမယ် ဆိုတာတော့ ကိုယ့်ဘာကိုယ် စဉ်းစားကြည့်နိုင်ပါတယ်။ အလွန်ဆုံး သက်သာ စာတိုက် သွားစရာ မလိုတာပဲ ရှိမယ်။ စာတိုက်တွေက ကိုယ့်အိမ်နားမှာ ကိုယ့်ရုံးနားမှာ ရှိပြီး Agent ကတော့ သူ့ရုံး ရှိရာကို သွားရမှာပါ။

Myth : Agent ကို ၂၀၀၀-၂၅၀၀ ပဲပေးရတာ သက်သာပါတယ်။
Fact : (လစာ မဟုတ်) ပိုလျှံငွေ ၂၀၀၀-၂၅၀၀ အတွက် တစ်လ လုံးလုံး အလုပ်လုပ်ရတာပါ။ ကိုယ့်ဘာကိုယ် PR လျှောက်တဲ့သူက Agent သုံးတဲ့ လူနဲ့ စာရင် Internet မှာ Research လုပ်ရတဲ့ အတွက် အချိန်ပိုယူရတာ ၂ ရက် လွန်ရော ကျွန်ရော တစ်ပတ်ပါပဲ။ ဒီအတွက် ပိုက်ဆံ ၂၀၀၀ ကို ပေါပေါများများ ရှိတဲ့သူကလွဲလို့ မဖြုန်းသင့်ပါဘူး။

Myth : Web Site တွေက ဖတ်ရတာ ခက်တယ်။
Fact : Immigration အတွက် ရေးထားတဲ့ web site နဲ့ လမ်းညွှန် Booklet ဟာ မရှုပ် ရှုပ်အောင် ရေးထားတဲ့ ဥပဒေ စာအုပ်တွေလို မဟုတ်ပါဘူး။ ဖတ်လို့ နားလည် လွယ်ပြီး ရှင်းရှင်းလင်းလင်း ရှိပါတယ်။ Agent နဲ့ (ဖုန်းထဲမှာ ဖြစ်ဖြစ်) စကားပြောရတာထက် စာရင် စာအုပ်ကို နားမလည်မချင်း ဖတ်တာက ကျွန်တော့်အတွက်တော့ ပိုလွယ်ပါတယ်။

Myth: SG PR လျှောက်တာထက် ပိုခက်တယ်။
Fact: စင်္ကာပူ PR လျှောက်တာထက်တော့ နည်းနည်း ပိုခက်ပါတယ်။ စင်္ကာပူ PR က ရောက်ပြီး ၂ နှစ် ၃ နှစ်မှာ ဖောင်တင်ပြီး လျှောက်လိုက် ရဖို့များတယ်။ ဘာမှ စဉ်းစားစရာ မလိုဘူး။ ဘယ်လောက်မှ များများစားစာ မကုန်ဘူး။ မရရင် နောက်တစ်ခေါက် ပြန်လျှောက် ရနိုင်တယ်။ သြော်ဇီ PR ကတော့ မလျှောက်ခင် ရနိုင် မရနိုင် တွက်ကြည့်ရပါတယ်။ နောက်ပြီး SG PR ထက် ပိုတဲ့ အချက်က English Skill ပြရပါတယ်။ ရဲစခန်း သွားရပါတယ်။ Professional Skill ကို အကဲဖြတ်ရပါတယ်။ ဒါတွေဟာ မဖြစ်နိုင်လောက်အောင် ခက်ခဲတာ မဟုတ်သလို Agent နဲ့လုပ်လည်း ရှောင်လွှဲလို့ မရတဲ့ ဟာတွေပါ။

Myth: Agent နဲ့ဆို နားမလည်တာ ရှိရင် မေးလို့ရတယ်။
Fact: ကိုယ့်ဘာကိုယ်လုပ်လို့ နားမလည်တာ ရှိရင်လည်း Forum တွေမှာ မေးလို့ ရပါတယ်။ အဲဒီမှာ ကျွန်တော့်လို ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော် နွားကျောင်းနေသူတွေ အများကြီးက နာရီပိုင်း အတွင်း ရက်ပိုင်း အတွင်း ပြန်ဖြေပါလိမ့်မယ်။ ဒါမှမဟုတ် ခင်ရာ သူငယ်ချင်းတွေကို မေးမြန်းနိုင်ပါတယ်။

နောက် အရေးကြီးတာ တစ်ချက်ကတော့ Agent နဲ့ လုပ်ပြီး PR ရသွားပါပြီတဲ့။ ဒီရောက်ရင်လည်း ဒါမျိုး အစိုးရ ကိစ္စ၊ ရုံးကိစ္စတွေကို Internet မှာ ရှာဖတ်ပြီး လုပ်ရဦးမှာပါပဲ။ အဲဒီကျရင် Agent လည်း မကယ်နိုင်တော့ပါဘူး။ ကိုယ့်ဘာကိုယ်ပဲ လုပ်ရမှာပါ။ အဲဒီ အကျင့်ကို သြော်ဇီ မရောက်ခင်ကတည်းက ရထားရင်တော့ ဒီရောက်ရင် အရမ်း မခက်ခဲတော့ပါဘူ။

ကျွန်တော်တို့ကလည်း အစစ အရာရာ ပွဲစားနဲ့ အလုပ်ဖြစ်လာတာဆိုတော့ ပွဲစားလေး ပါရင် ပိုပြီး Confidence ရှိတယ်လေ။ နိုင်ငံကူး လက်မှတ်၊ ထွက်ခွာခွင့် လက်မှတ်၊ ပြည်ဝင်ခွင့် ဗီဇာကနေ လေဆိပ်မှာ ဖောင်လိုက်ဖြည့်ပေးဖို့က အဆုံး ပွဲစားကို အားကိုး ခဲ့ရတာကိုး။ ဒါတောင် စင်္ကာပူက ICA အောက်မှာ မြန်မာ ပွဲစားတွေ၊ PR ပွဲစားတို့၊ Short Visit ပွဲစားတို့ မရှိလို့။ ရှိများ ရှိရင် ပွဲစားနဲ့ပဲ အလုပ်ဖြစ်ကြဦးမှာ။ ပိုက်ဆံ ၂၅၀၀ ပိုကုန်မှာလည်း မကြည့်ဘူး။ ကိုယ့်ဘာကိုယ်လည်း စာဖတ်ဖို့ အချိန် မရှိဘူး နားလည်း မလည်းဘူး ဆိုတဲ့သူများကလွဲလို့ ကျန်တဲ့ သူတွေအတွက် ကျွန်တော်ကတော့ Agent ကို အားမပေးပါဘူး။

ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ ပို့စ်တွေကိုလည်း ဖတ်ကြည့်သင့်ပါတယ်။
Singapore မှ Australia သို့ (၁) "လူ့အလို နတ်မလို...
Singapore မှ Australia သို့ (၂)
Singapore မှ Australia သို့ (၃)
Singapore မှ Australia သို့ (၄)

သြစတြေလျ နေထိုင်ခွင့် (မကေသွယ်)

Sunday, September 21, 2008

ကလေး တစ်ယောက်ရဲ့ ကောင်းကင်

သားလေး မွေးစမှ လေးလအထိ မှတ်တမ်း တင်ထားတဲ့ ဗွီဒီယို တချို့ကို တဆက်တည်း ကြည့်ရအောင် လုပ်ထားလိုက်တယ်။ နည်းနည်းလေးတော့ ရှည်တယ်။ ပထမ လုပ်ထားတာ ၁၂ မိနစ်လောက်ပါ။ နောက်တော့ YouTube က လက်မခံလို့ ၁၀ မိနစ်အောက်ရအောင် ပြန် တည်းဖြတ်ရတယ်။ နောက်ခံ သီချင်းအတွက် ဇော်ဝင်းထွဋ်ရဲ့ “ကောင်းကင် မေမေ” သီချင်းကို မနည်း ရှာယူလိုက်ရတယ်။ တွေ့တော့ Flash ဖြစ်နေလို့ SWF ကနေ MP3 Extract လုပ်တာ မအောင်မြင်လို့ Playback လုပ်ပြီး Record ပြန် လုပ်ရတယ်။ သူများပါ ကြည့်လို့ ရအောင် တည်းဖြတ်ရတာ ဆိုတော့ နည်းနည်း စိတ်ရှည်ရတယ်။ ဒီ ၁၀ မိနစ်စာလေးကို လုပ်တာ အားလုံပေါင်း ၆ နာရီ ၇ နာရီ ကြာတယ်ဆိုရင် ယုံမှာ မဟုတ်ဘူး။ အားလုံး ပြီးလို့ ပြန်ကြည့်တော့ ကျေနပ်ပါတယ်။ သားလေးရဲ့ တိုးတက်လာပုံကို တဆက်တည်း ကြည့်ရတော့ သိသာတယ်။ မှတ်တမ်း အခွေတွေမှာ သစ်ပင်လေး ပေါက်လာပုံကို အမြန် ရိုက်ထားသလိုပဲ။ မျက်စိရှေ့မှာတင် ကြီးလာတာ ဗွီဒီယို ပြန်ကြည့်မှပဲ အသေအချာ မြင်ရတော့တယ်။ သားက ဂူးဂူး ဂဲဂဲ ပြောတတ်လာတယ်။ သားက အပြုံးချိုတယ်။ သမီးတုန်းက အတော်ကြီးမှ ပြုံးတတ်တာ။


Wednesday, September 17, 2008

သားရဲ့ အရေပြား

သမီးလေး ငယ်ငယ်လေးတုန်းက သူရဲ့ အရေပြားလေးတွေက အင်မတန် နူးညံ့ပြီး ထိရက်စရာတောင် မရှိဘူး။ ပါးလေးတွေဆို နူးညံ့ပြီး အိစက်နေတာပဲ။ ဂုတ်သားလေးတွေက အင်မတိ အင်မတန်ကို နူးညံ့တာပါ။ ကျွန်တော်တို့ သိထားတဲ့ အရေပြားရဲ့ နူးညံ့ အိစက်ခြင်းတွေထက်ကို ပိုပါတယ်။ ကျွန်တော်က ကိုင်ကြည့်တော့ ယောက်ျား လက်နဲ့မို့ သမီး အရေပြားလေးတွေက နူးညံ့တယ် ထင်တာ ကလေးအမေကပါ အင်မတန် နူးညံ့ကြောင်း ဆိုလာတယ်။ အဖွားတွေကလည်း သမီးလေး အရေပြားလေးတွေက အရမ်းကို အိစက်နေတာပဲတဲ့။ တကယ့်ကို နူးညံ့တာပါ။ အဲလောက်ထိ နူးညံ့မယ် မထင်လောက်အောင်ကို ပါပဲ။

သားလေး ထူးမြတ်လင်း မွေးပြီးတော့ ကျွန်တော်တို့ သတိထားမိတာကတော့ သားရဲ့ အရေပြားက ယောက်ျား အရေပြားပါပဲ။ သမီးလို အိအိစက်စက် မဟုတ်ပါဘူး။ အနည်းငယ် ပိုထူပါတယ်။ နည်းနည်း ခြောက်ပါတယ်။ အရေပြားအောက်က အဆီနည်းပါတယ်။ သမီးလို နူညံ့ပေမယ့် တင်းတင်းရင်းရင်း ရှိသလိုမျိုး မဟုတ်ပါဘူး။ အမျိုးသမီးတွေက Estrogen ဆိုတဲ့ ဟော်မုန်း ပိုများလို့ ယောက်ျားတွေထက် အရေပြား ပိုနူးညံ့တယ် ဆိုတာတော့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေမှာတော့ မကွာလောက်ဖူး ထင်ထားတာ။ သားနဲ့ သမီးက အတော် ကွာပါတယ်။

သားလေး မွေးလာတော့ အပူဖုလိုမျိုးလေးတွေ ပါလာပါတယ်။ အရေပြားပေါ်မှာ အဖြူဖုလေးတွေ အနီဖုပါ။ Heat Rush ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ သူတို့ရဲ့ ချွေးဂလင်းလေးတွေက ကောင်းကောင်း မဖွံ့ဖြိုးသေးတော့ မပွင့်ဘဲ ပိတ်နေလို့ပါ။ ကျွန်တော်တို့ကလည်း ဆောင်းတွင်း ဆိုတော့ ကလေး အေးမှာ စိုးလို့ လုံခြုံနေအောင် ထုပ်ထားတော့ ပိုဆိုးပါတယ်။ လေ၀င်လေထွက်ကောင်းပြီး အေးအေး သာသာ ရှိအောင် ထားရမှာပါ။ တော်သေးတယ် ရက်ပိုင်းအတွင်း ပျောက်သွားလို့။

သားကလည်း သာမန်ထက် အရေပြား ပိုခြောက်ပါတယ်။ ရက်သားကတည်းက သူ့ကို ကြည့်ပေး စစ်ပေးတဲ့ သူနာပြု ဆရာမတွေက အရေပြား ခြောက်တယ်တဲ့။ ဘာလိမ်းပေးရမလဲဆိုတော့ ဘာ Skin Care မှ မသုံးနဲ့ ဘယ် Moisturiser မှ မလိမ်းရပါဘူးတဲ့။ ကလေးငယ်လေးနဲ့ မတည့်မှာ စိုးလို့တဲ့။ Baby Oil တောင် ပေးမလိမ်းဘဲ Olive Oil လေး လိမ်းပြီး ပွတ်သပ်ပေးပါတဲ့။ သမီး မြတ်နိုးကို မွေးခဲ့တဲ့ စင်္ကာပူနဲ့ သား မြတ်လင်း ကို မွေးတဲ့ ဆစ်ဒနီကလည်း ရာသီဥတုက ပြောင်းပြန်လေ။ စင်္ကာပူမှာကတော့ Humidity ကများတယ်။ အပူချိန်က မြင့်တယ်။ သားလေးကို မွေးတုန်းက ဒီမှာ ဆောင်းတွင်းကြီးဆိုတော့ လေက ခြောက်သွေ့ပါတယ်။ အိမ်ထဲမှာလည်း Heater က ဖွင့်ထားတော့ ပိုဆိုးပါတယ်။

ထူးမြတ်လင်းတို့က ငယ်ငယ်ကတည်းက လူပျိုပေါက် ဖြစ်နေပြီ။ ငယ်ငယ်လေးနဲ့ ၀က်ခြံ ထွက်တယ်လေ။ သားက ခြေတွေ လက်တွေက အရေပြားက ခြောက်ပေမယ့် မျက်နှာက အရေပြားကတော့ အဆီများတယ် ထင်ပါတယ်။ ပါးနှစ်ဘက်မှာဆို နီရဲနေတာပဲ။ ဆရာဝန်နဲ့ သွားပြမှ ၀က်ခြံတဲ့။ Newborn Acne တဲ့။ အမေဆီက ဟော်မုန်းတွေက သားဆီ ရောက်နေလို့ ဖြစ်တတ်တာတဲ့။ သားက ငယ်ငယ်လေးနဲ့ သူ့လက်တွေကို ထိန်းချုပ်တတ်တော့ သူ့လက်နဲ့ သွားသွား ပွတ်တော့ ပိုဆိုးတယ်။ ကျွန်တော်တို့က Infection လိုမျိုး ထင်လို့ ဆေးတစ်ခုခုများ လိမ်းရမယ် ထင်တာ ဆရာဝန်က ဘာမှ မလိမ်းနဲ့ဆိုပြီး ဒီအတိုင်း ပြန်လွှတ်လိုက်ပါတယ်။ ၂ ပတ်လောက် ကြာတဲ့ အထိ မပျောက်တော့ နောက်တစ်ခေါက် သွားပြတော့ ကလေး အရေပြားလိမ်းတာ ပေးလိုက်တယ်။ အခုထိတော့ အကုန် မပျောက်သေးဘူး။

သားက အရေပြားနဲ့ ပက်သတ်ရင် စုံတယ်။ သမီးတုန်းက မဖြစ်တာတွေ အကုန်ဖြစ်တယ်။ ခေါင်းမှာလည်း ဂျီးဖတ်လိုတွေ အဖတ်လိုက် အဖတ်လိုက် စုပြီး ဖြစ်နေတယ်။ အရေပြားတွေက ကွာပြီး ခြောက်နေ ကပ်နေတာပါ။ Cradle Cap လို့လည်း ခေါ်တယ်။ သားက ဆံပင်လည်း သန်တော့ ပိုဆိုးတယ်။ ရေချိုးတဲ့ အခါ ရေနွေးနွေးလေးနဲ့ ပွတ်ပေးပြီး ဆေးပေးရတယ်။ နောက်သူ့အဖွား ပြောသလို သံလွင်ဆီလိမ်းပြီး နှူးထားပြီး ခဏနေမှာ ဘီးလေးနဲ့ ဖွဖွလေး ခြစ်ယူရတယ်။ သူ့အမေက နာမှာ စိုးလို့ ဖြည်းဖြည်း လုပ်ပေးတယ်။ အခုတော့ အတော် ရှင်းသွားပါပြီ။

သမီးတုန်းကလို မဖြစ်တာတော့ Diaper Rush/ Nappy Rush ပါ။ သမီးကတော့ အရေပြားလေးတွေက နူးညံ့လွန်းတော့ Nappy နဲ့ ပွတ်မိပြီး ပွန်းပြီး နီရဲနေတာပဲ။ သမီးတုန်းကတော့ Johnson က Diaper Rush Cream လေးပေးတော့ နည်းနည်း သက်သာပါတယ်။ Zinc Oxide ပါတဲ့ Cream ဒါမှမဟုတ် Petroleum ပါတဲ့ Vaseline လိမ်းပေးလို့ ရပါတယ်။ သားကတော့ ဘာမှ လိမ်းပေးစရာမလိုပါဘူး။ ဖြစ်လည်း မဖြစ်ပါဘူး။

သမီးတုန်းက နောက်တစ်ခု ဖြစ်တာ အရေပြား လှောင်တာပါ။ သမီး တစ်တစ်ရစ်ရစ်လေးလည်း ၀တယ်။ လည်ပင်းလေးကလည်း တိုပြီး ကပ်နေတော့ လည်ပင်းက အရေးပြားကြားလေးတွေကို သန့်ရှင်းရင် မရောက်ချင်ဘူး။ နို့စို့ရင် နို့တွေက ဖိတ်ရင်လည်း အဲဒီ ကြားထဲ ရောက်ရောက်သွားတတ်တယ်။ ပေါင်ဒါမှုန့်တွေနဲ့ မသန့်ချင် ဖြစ်တတ်တယ်။ တစ်ခါတစ်လေကျရင် အနံ့ မကောင်းချင်ဘူး။ ကလေးဆိုတော့ ကလေးနံ့ ထင်နေတာ။ နောက်တော့မှ အဲဒီလို ကပ်ကျန်နေတာကနေ ဖြစ်မှန်းသိတယ်။ သားကတော့ လက်ချောင်းလေးတွေ ကြားမှာ ဖြစ်တတ်တယ်။ သေသေချာချာ ဆေးပေး အခြောက်ခံပေးထားရတယ်။ သားက လက်ကိုလည်း စုပ်ပြီး လက်အိပ် ၀တ်ပေးထားတော့ လှောင်ပြီး ဖြစ်တတ်တာ။ သမီးငယ်ငယ်တုန်းက အဲဒီ အနံ့ရယ် သားလက်က အနံ့ရယ်ကို မိဘဆိုတော့လည်း စွဲလန်းပြီး မှတ်မိနေတယ်။ တကယ်ပါ။
(ဒီပို့စ်တွေကို ဖေဖေနဲ့ မေမေပေါင်းရေးတာပါ။)

တခြားဖတ်ရန် - 
ဘို တေဇောဘမ်း
သားရဲ့အီအီး

Tuesday, September 16, 2008

Software Development ဝေါဟာရများ - Tail

Tail” လုပ်တယ်ဆိုတာ အချိန်နဲ့ အမျှ Update ဖြစ်နေတဲ့ File (Log File လိုမျိုး) ရဲ့ နောက်ဆုံး စာကြောင်း (အမြီး) ကို လိုက်ကြည့်နေတာပါ။ Unix Command ကနေ လာတာပါ။ “Tail the log file” ဆိုတာ Log File ကို စောင့်ကြည့်နေတာပါပဲ။ Server Side Developer တွေ အနေနဲ့ Log File တွေကို ကြည့်ရတာ အင်မတန်မှ အရေးပါပါတယ်။ Log file တွေက Archive (အဟောင်း) လည်း ဖြစ်နိုင်တယ် Real-time(အခု ချက်ချင်း Update လုပ်နေတာ) လည်း ဖြစ်နိုင်ပါတယ်။ Real-time ကြည့်မယ်ဆိုရင်တော့ Tail လုပ်ကြည့်မှ အဆင်ပြေပါတယ်။ Software Developer တွေမှ Log File ကြည့်တာ မဟုတ်ပါဘူး။ System Administrator တွေကလည်း Web/ Network/ Database/ Exchange Server တွေရဲ့ Log ကို ကြည့်ရပါတယ်။

စစ်စစ်ပေါက်ပေါက် ပြောကြေးဆိုရင် “Tail” လုပ်ရင် နောက်ဆုံး စာကြောင်း တစ်ကြောင်းပဲ မြင်ရပါတယ်။ အဲဒီတော့ ကြည့်ရတာ အဆက်အစပ်မရှိ ဖြစ်လို့ နောက်ဆုံး စာကြောင်း ၁၀ ကြောင်း ဖြစ်ဖြစ် အကြောင်း ၂၀ ဖြစ်ဖြစ် ကြည့်မှ အဆင်ပြေပါတယ်။ အဲဒီလို ကြည့်တာကို “Follow” လုပ်တယ် ဆိုပါတယ်။ ဒါလည်း Unix Command က Option တစ်ခုရဲ့ နာမည်ပါပဲ။

tail -f /var/log/apache/web.log
ဆိုရင် နာက်ဆုံး Log စာကြောင်းတွေကို Screen တစ်ခုစာ မြင်ရမှာ ဖြစ်ပါတယ်။

Log File တွေက System တစ်ခုရဲ့ Behaviour တွေကို လေ့လာဖို့ ပဲ ဖြစ်ဖြစ် အချိန်နဲ့ အမျှ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ဆန်းစစ်ဖို့ပဲ ဖြစ်ဖြစ် အရေးပါလှပါတယ်။ Sever Side Programming မှာ Log File တွေကို Debug လုပ်ဖို့ပါ သုံးကြပါတယ်။ Production မှာတော့ Debug လုပ်ထားတာတွေ ထုတ်မထားရဘူးပေါ့။
Log File တွေကို Tail လုပ်ဖို့ အတွက် “Bare Tail” ကို သုံးပါတယ်။ Bare Tail ကို ကြိုက်တဲ့ အချက်တွေကတော့ -
  • သူက Log File အကြီးကြီးတွေကို အမြန်ဖွင့်နိုင်တယ်။ (သိသိသာသာ ဖွင့်နိုင် Load လုပ်နိုင်တာ တွေ့ရပါတယ်။ တခြား Text Editor တော်တော်များများက File Size ကြီးတာတွေကို ကောင်းကောင်း Handle မလုပ်နိုင်ပါဘူး။)
  • Log File တွေကို Network ကနေတောင် ကြည့်လို့ရတယ်
  • Log File အများကြီးကို Tab Expansion နဲ့ ဖွင့်ထားလို့ ရတယ်။
  • “Follow Tail” ဆိုတာပါပြီး သူဘာသူ Follow လုပ်နေတယ်။
  • Highlighting Feature ကိုလည်း ကြိုက်တယ်။ ဥပမာ Log File ထဲမှာ Exception ပါတဲ့ စာကြောင်းတွေကို အနီရောင်နဲ့ ပြချင်တာတို့ဆိုရင် အရမ်း အသုံးဝင်ပါတယ်။ များပြားလှတဲ့ Log တွေကို တစ်ကြောင်းချင်း လိုက်ကြည့်နေစရာ မလိုဘဲ Scroll Down လုပ်သွားပြီး အနီရောင် စာကြောင်း မြင်မှ သေချာဖတ်စရာ လိုတာမျိုးပါ။

Bare Tail ကို ဒီမှာ Download လုပ်နိုင်ပါတယ်။

တခြားဖတ်ရန် - Virtualization

Sunday, September 14, 2008

ငါး သရက်သီး ငပိရည်ချက်

မလုလုရဲ့ ငါး ခရမ်းကစော့သီး အစပ်ချက်ကို ဖတ်ပြီး သူမက စားချင်တယ် ဆိုတာနဲ့ အမေ ချက်တဲ့ ငါး ငပိရည် ချက်ကို လုပ်ကျွေးလိုက်တယ်။ ငါးကလည်း ဈေးကြီးတော့ ၁ပတ်၊ ၁၀ ရက်လောက်နေမှ တစ်ခါ စားနိုင်တာမျိုးပါ။ (သိပ်တော့ ပြောလို့ မဖြစ်ဘူး ဖားလေး ငါးလေး စားဖို့ သတင်းစာမှာ ရေးတဲ့ ပုဂ္ဂိုလ် ကြားသွား ဦးမယ်။)

ငါး သေးသေး တစ်ကောင်၊ အကောင်ကြီးရင် အမြီးပိုင်း တစ်ခု၊
သရက်သီး တစ်လုံး၊
ကြက်သွန်ဖြူ ၇ ဥ ၈ဥ (ခပ်များများ)၊
ကြက်သွန်နီ ဥကြီး တစ်လုံး
ငရုတ်သီး စိမ်း ၅ တောင့် ၆ တောင့် (စပ်စပ် စားချင်ရင် များများထည့်)၊
နံနံပင်
ငါးပိရည်ကျို (မရှိလို့ မထည့်ချင်လို့ မထည့်လည်း ရတယ်) တို့ လိုအပ်ပါတယ်။

သရက်သီးတွေကို အမျှင်လေးတွေ လှီးထားပါတယ်။ သုတ်စားသလောက်ထပ် နည်းနည်း ကြီးပါတယ်။ လက်နှစ်ဆစ်လောက် အချောင်းလေးတွေပါ။ သရက်သီးကိုတော့ ကုလားဆိုင်မှာ ၀ယ်နိုင်ပါတယ်။ စင်္ကာပူက သူတွေကတော့ (ကျွန်တော်တို့လို) အပင်ကနေ ခိုးခူးချင်ရင် ကြည့်ကျက်လုပ်ပေါ့။

ကြက်သွန် အဖြူ အနီ၊ ငရုတ်သီး စိမ်းကို ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါတယ်။ ဆီ နည်းနည်းနဲ့ ကြိတ်ထားတာတွေကို ဆီသတ်လိုက်ပါတယ်။ လုံးချက်လည်း ရပါတယ်။ ကျွန်တော်ကတော့ ဟင်းဆိုရင် ဆီသတ်ရမှ ကျေနပ်တာမျိုးပါ။

အစိမ်းနံ့ ပျောက်ရင် သရက်သီးတွေ ထည့်ပြီး ငံပြာရည် နည်းနည်း ရေနည်းနည်း ထည့်ပြီး အဖုံး အုပ်ထားပါတယ်။ သရက်သီး ဖက်တွေ အတော်အတန် ပျော်သွားအောင် စောင့်လိုက်ပါတယ်။

အတုံးကြီးကြီး တုံးထားတဲ့ ငါးတွေကို ထည့်လိုက်ပါတယ်။ ငါးတွေကို မခြေလိုက်ပါဘူး။ စားမှသာ ပန်းကန်ထဲက နည်းနည်း နည်းနည်း ဖဲ့ စားတာပါ။ အဖုံး ပြန်အုပ်ထားပြီး ခဏနေရင် နောက် တစ်ဘက် လှန်ပေးပါတယ်။ ရေနည်းနေရင် ရေထည့်ပါတယ်။ အရေစပ်စပ် စားရတာမျိုးပါ။ ငါးတုံးကို ရေ မဖုံးတဖုံးဆို အတော်ပါပဲ။

ကျက်ခါနီးကျရင် ငပိရည် တစ်ခါဖျော်စာ ထည့်လိုက်ပါတယ်။ နှံ့အောင် မွှေပြီး ငပိရည် အနံ့ ပျောက်အောင် ခဏစောင့်လိုက်ပါတယ်။ ပြီးရင် မီးဖို မီးသတ်ပြီး နံနံပင်ကို အပင်လိုက် ဖြစ်ဖြစ် ကတ်ကြေနဲ့ ညှပ်ပြီး ဖြစ်ဖြစ် ထည့်ပြီး အဖုံး အုပ်ထားလိုက်ပါတယ်။ အငွေ့သေရင် စားဖို့ အသင့်ပါပဲ။

ကြက်သွန်ဖြူနဲ့ ငရုတ်သီးနံ့ မွှေးမွှေး ဖြစ်ပြီး ချဉ်စပ်အရသာကို ငါးက ထွက်တဲ့ အချိုရည်က ထိန်းထားတဲ့ ဟင်းမကျ ငပိရည် ငပိချက်သာသာ ဖြစ်တဲ့ ဒီဟင်းဟာ မြန်မာတွေ အတွက်တော့ အင်မတန် ထမင်းမြိန်မှာ သေချာပါတယ်။

(အနံ့၊ အရသာ ပြင်းလို့) ငပိရည် မကြိုက်တဲ့ ကျွန်တော့်ကိုတောင် လျှာလည်စေတဲ့ အမေ့ရဲ့ Recipe ပါ။
IMG_5857
တခြားဖတ်ရန် 

Friday, September 12, 2008

ဘလော့ဂ်သားလေး (Micro-blogging)

Micro-blogging ဆိုတော့ အသေးစား Blogging ပေါ့။ စာနည်းနည်းလောက်ကိုပဲ Publish လုပ်တာမျိုးပါ။ လူတွေက ကိုယ့်အတွေးတွေကို Express လုပ်ချင် ကိုယ်ကြိုက်တာလေးတွေကို ဝေမျှချင်ကြပါတယ်။ သတင်းတွေကို ပြန်ဖြန့်ချင်ပါတယ်။နောက်ကွယ်မှာလည်း မတူညီတဲ့ ရည်ရွယ်ချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ Professional ဆန်ဆန် ရေးသားပြီး Publish လုပ်တာမျိုး မဟုတ်ဘဲ ရရာ နည်းလမ်း တစ်ခုခုနဲ့ အများ (ဒါမှ မဟုတ်) ကိုယ့် အသိုင်းအ၀ိုင်း သိအောင် လုပ်တာပါ။

ကျွန်တော် ဒီဘလော့ဂ် မလုပ်ခင်က Micro-Blogging ဆန်ဆန် တစ်ခု လုပ်ပါသေးတယ်။ အဲဒီတုန်းက Mirco-blogging ပါလားလို့ သတိတောင် မထားမိပါဘူး။ Google Talk ရဲ့ Status မှာ သတင်း (ဒါမှမဟုတ်) ကိုယ်ကြိုက်မိတဲ့ Web Site တို့ ဘလော့ဂ် တစ်ခုခုရဲ့ Link ကို ပြောင်းထားတာပါ။ တစ်ခါတစ်လေ တစ်ယောက်ယောက်ရဲ့ Quote တစ်ခုခုလည်း ဖြစ်ချင် ဖြစ်မယ်။ အာဇာနည်နေ့ လိုမျိုးဆိုရင် GTalk ပုံမှာ အလံလေး ပြောင်းထားမယ်။ ဒါမျိုးလေးတွေပါ။ ဒါဟာ တကယ်တော့ Micro-Blogging ပါပဲ။

Micro-Blogging အတွက် တရားဝင် လူသိအများဆုံးကတော့ Twitter ပါပဲ။ Twitter က ကိုယ်အခု ဘာလုပ်နေတယ်၊ ဘာဖြစ်နေတယ်၊ ဘယ်ရောက်နေတယ် ဆိုတဲ့ Status တွေ Update လုပ်နေလို့ ရပြီး ကိုယ့်ကို လိုက်ကြည့်နေတဲ့လူ (Follower) တွေက ကိုယ့် အခြေအနေကို သိနိုင်တယ်။ ဒီလိုမျိုးပါ။ မထင်မှတ်ထားဘဲ Twitter က အတော့်ကို နာမည်ကြီးသွားပါတယ်။ စီးပွားရေး၊ လူမှုရေးတွေမှာပါ သုံးလာပါတယ်။ အခုရက်ပိုင်း အတွင်းမှာ TechCrunch 50 (TC50) မှာ ဆုရသွားတဲ့ Yammer ကလည်း Twitter လိုမျိုးပါပဲ။ သူကတော့ အလုပ်ထဲမှာ သုံးဖို့ပါ။ Enterprise Version ပေါ့။ Twitter က What are you doing? ကို ဖော်ပြတယ် ဆိုရင် Yammer က What are you working on? ကို ပြတာပါ။ ကျွန်တော်တို့ Department မှာ အစမ်း သုံးဖို့ လုပ်နေပါပြီ။

Apple ရဲ့ MacWorld တို့၊ CES (Consumer Electronics Show) တို့လို Conference တွေ Expo တက်တဲ့ ဘလော်ဂါတွေက အဲဒီပွဲတွေ အကြောင်းကို Live Blogging ရေးကြပါတယ်။ အခုတော့ ဘာတွေ ဖြစ်နေပြီ၊ ဘာတွေ ပြနေပြီဆိုပြီး Laptop တွေနဲ့ ချက်ချင်း ဘလော့ဂ်ကြတာပါ။ မနှစ်က မြန်မာ ဘလော်ဂါတွေ ရန်ကုန်မှာ ပွဲလုပ်တုန်းကလည်း Live Blogging လုပ်ကြပါတယ်။ Apple လိုမျိုး လျှို့ဝှက်တတ်တဲ့ ကုမ္ပဏီက ပစ္စည်းအသစ် ကြော်ငြာတဲ့ ပွဲမှာ Live Blogging လုပ်ချင်တဲ့ ဘလော်ဂါတွေ၊ Steve Jobs ကြီး ပြောသမျှကို ချက်ချင်း Internet ပေါ် တင်ချင်တဲ့ CNet တို့လိုက သတင်းထောက်တွေအနေနဲ့ Micro-Blogging ကို အသုံးချကြပါတယ်။

မြန်မာ ဘလော့ဂ် လောကမှာ နာမည်ကြီး နိုင်ငံရေး ဘလော်ဂါ နှစ်ယောက် သုံးယောက်ကလည်း Mirco-Blogging လုပ်ကြပါတယ်။ သူတို့က CBox တွေကို သုံးပြီး အဲဒီမှာ အချိန်နဲ့ အမျှ Update လုပ်နေတာပါ။ `ချီတက်နေတဲ့ သူတွေ မြေနီကုန်း ရောက်နေပြီ´တို့၊ ဘယ်မှာတို့ ပစ်လို့ လူဘယ်နှယောက် ထိသွားတယ်တို့ကို CBox မှာ ရေးထားကြတာပါ။ မြန်မာပြည်မှာ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်တုန်းက သူတို့ CBox တွေကိုပဲ တစ်ကမ္ဘာလုံးက မြန်မာတွေက သောင်းနဲ့ ချီပြီး စောင့်ကြည့်နေရတာပါ။

လူတော်တော်များများက စာရေးချင်ပါတယ်။ သီအိုရီ ဆန်ဆန် ပြောရမယ်ဆိုရင် Express လုပ်ချင်ပါတယ်။ ဒါပေမယ့် Quality Content တွေကို တစိုက်မတ်မတ် ရေးဖို့ အချိန် မပေးနိုင်ကြပါဘူး။ ကိုယ့်ရဲ့ အဖိုးတန် အချိန်လေးကို ဖဲ့ မပေးချင်ကြပါဘူး။ နည်းပညာနဲ့ အလှမ်းဝေးလို့ Blog တစ်ခု ထောင်ဖို့ ထိန်းသိမ်းဖို့ မလွယ်ကြပါဘူး။ အဲဒီလို လူတွေ အတွက် Mirco-Blogging က အထူး သင့်တော်ပါတယ်။

Micro-Blogging အတွက် Tubmlr ကို ညွှန်းလိုပါတယ်။ သူက Tumblelog (Tlog) အတွက် အထူး ကောင်းပါတယ်။ Tumblelog ဆိုတာလည်း Blog အမျိုးအစား တစ်ခုပါပဲ။ Blog နဲ့ ဘာကွာလည်း ဆိုတော့ သူက ကိုယ့်ရဲ့ ဖန်တီးမှု အနုပညာ (ပန်းချီ၊ ဓါတ်ပုံ၊ ကဗျာ) တွေ၊ ကိုယ့်ရဲ့ ခံစားချက်တွေ၊ ရှာဖွေ တွေ့ရှိထားချက်တွေကို Commentary (ရှင်းလင်းချက် မှတ်စု) တွေ ဘာတွေ မပါဘဲ တင်ပြတာမျိုးပါ။ မောင်တိန်ရဲ့ Imaginary Clouds No2 ဆိုရင် Tumblr လိုမျိုးနဲ့ မြင်ကြည့်ချင်ပါတယ်။ Tumblr က ဒီဇိုင်းတွေ Layout တွေကို ကိုယ့် စိတ်ကြိုက် ပြင်လို့ မရပေမယ့် Web 2.0 ဆန်ဆန် အင်မတန် ကြည့်လို့ကောင်း သုံးလို့ ကောင်းပါတယ်။ နာမည်ကြီး Tumblr တွေလည်း အများကြီး ရှိပါတယ်။ မြန်မာ Tumblr တွေကိုလည်း မျှော်လင့်မိပါတယ်။

ကျွန်တော့် ဘလော့ဂ်မှာ Micro-Blogging section တစ်ခုကို ထပ်ထည့်ထားတာကိုတော့ Side Blogging လို့ ဆိုပါတယ်။ ကျွန်တော်က ပင်မ ဘလော့ဂ်မှာ စာရေးတဲ့ အခါ အချက်အလက်တွေကို စုပြီး Post တစ်ခုထဲမှာ စုံစုံလင်လင် ရေးလိုက်ချင်တော့ Post တစ်ခုခု ထွက်ဖို့က မလွယ်ပါဘူး။ တစ်ခါတစ်လေ အချက်အလက် မခိုင်လုံလို့၊ မပြည့်စုံလို့၊ ထပ်ပြီး မလေ့လာချင်တော့လို့ မရေးဖြစ်လိုက်တာတွေလည်း အများကြီးပါ။ တစ်ချို့ကတော့ Blog မှာပဲ ဒီအတိုင်းပဲ တိုချင် တိုပါစေ ရေးလိုက်တာပဲ။ ကျွန်တော်လည်း အဲဒီလိုမျိုး ရေးချင်လာတဲ့ အတွက် နောက်ထပ် Blog တစ်ခု ထပ်မဖွင့်တော့ဘဲ Side Blogging အနေနဲ့ ကဏ္ဍ တစ်ခု ဖွင့်လိုက်တာပါ။ ပေါ့ပေါ့ ပါးပါး၊ တိုတိုတုတ်တုတ် ရေးချင်တာတွေကို Side Blogging မှာ ရေးလို့ ရသွားပါပြီ။ ဘလော့ဂ်သားလေး တစ်ခု မွေးဖွားလိုက်တာပေါ့။ မော်လမြိုင်က သူတွေလိုပဲ `သားလေး´ ဆိုတာကို `သေးသေးလေး´ ယူယူ၊ ပင်မ ဘလော့ဂ်က `မိန်းမ´ Side Blogging က `သားသမီး´တွေလိုပဲ အဓိပ္ပါယ် ယူယူ နှစ်ခုစလုံးကတော့ မှန်နေတာပါပဲ။

Side Blogging အတွက် အစကတော့ Twitter နဲ့ လုပ်မလို့ပါပဲ။ Twitter ကို အစမ်း သုံးကြည့်ပြီး RSS ကို Yahoo Pipes မှာ သုံးတာ အဆင်မပြေတာနဲ့ မသုံးဘဲ ပစ်ထားလိုက်တာပါ။ အခုတော့ Pownce ဆိုတာကို သုံးထားပါတယ်။ သူက Twitter လောက် နာမည် မကြီးပေမယ့် Digg ကို ထောင်တဲ့ သူ လုပ်ထားတာပါ။ RSS က အဆင်ပြေတာနဲ့ လောလောဆယ် Pownce ကို အစမ်း သုံးထားကြည့်ပါတယ်။ တကယ် ကြိုက်တာကတော့ Tumblr ပါ။ သူက RSS မှာ Format ပါ တစ်ခါတည်း ပါနေလို့ ကိုယ့် စိတ်တိုင်းကျ ပြင်လို့ မရမှာစိုးလို့ Pownce ကို ရွေးလိုက်ပါတယ်။

Tuesday, September 09, 2008

မတောက်လိုက်ရသော Old Flame များ (၂)

ရန်ကုန်မှာ ကြီးပြင်းလာတဲ့ လူတစ်ယောက်အဖို့ ဘက်စ်ကားတွေ လိုင်းကားတွေ စောင့်ရတာဟာ ရိုးနေတဲ့ အဖြစ်ပေမယ့် ဒီနေ့ အတွက်တော့ စောင့်နေရတာ ပိုကြာသလိုပါပဲ။ အထူးသဖြင့် အင်းစိန်-ဆူးလေ လိုမျိုး ပုံမှန် ပြေးနေတာ မဟုတ်ဘဲ ဂျီတီအိုင်ကနေ လာတဲ့ ၄၅ ဟိုင်းလတ်ကို စောင့်ရတာ ပိုကြာပါတယ်။ ပိုဆိုးတာက အဲဒီ လိုင်းကားပေါ်မှာ သူ ပါလာမှာ မို့လို့ပဲ။ တစ်စီးလာလို့ သူ မပါလာရင် နောက်တစ်စီးကို နောက်ထပ် နာရီဝက် ထပ်စောင့်ရပြန်တယ်။ သူက ပြောစရာ ရှိလို့ တွေ့မယ် ဆိုထားလို့ သေချာတာကတော့ သူ ဒီကို ဆိုက်ဆိုက် မြိုက်မြိုက် လာမယ်ဆိုတာပဲ။

သူနဲ့ တွေ့ရင် သူ ဘာပြောမယ်ဆိုတာ ကျွန်တော် ကြိုသိနေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ် ဆယ်ရက်လောက်က ကျွန်တော် သူ့ကို ချစ်နေကြောင်း စာအုပ်ထဲမှာ ရေးပြီး ပေးထားပါတယ်။ ချစ်နေကြောင်းကိုလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားတာ မဟုတ်ဘဲ ရွှေဉာဏ်တော် စူးရောက်ပြီး လုပ်ရေးထားတဲ့ စာဟာ အကြီးအကျယ် လွဲချော်နေတယ် ဆိုတာကို သူမဆီ တခြားတစ်ယောက်ကနေ ပေးပြီးကတည်းက ကျွန်တော် သိလိုက်တယ်။ ဒါပေမယ့် မတတ်နိုင်တော့ဘူး။ ကျွန်တော် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားရင်လည်း သူ့ဆီက အဖြေကို ပြောင်းလိုက်နိုင်မှာ မဟုတ်ပါဘူး။ ထားလိုက်တော့။

သူ ကျွန်တော့်ကို ဘယ်လို တုံ့ပြန်မယ် ဆိုတာကို ကျွန်တော် သိချင်နေတာ မဟုတ်ပါဘူး။ တကယ်ဆို ဒီနေရာကို ကျွန်တော် မလာချင်ခဲ့ပါဘူး။ ရှောင်ပြေးလို့ ရရင် ခဏလောက် (သူ စိတ်အေးသွားတဲ့ အထိ၊ ဒါမှမဟုတ် သူစိတ်လည် လာတဲ့ အထိ ) စောင့်ချင်တာပါ။ ကျွန်တော် သူ့ဆီက အဖြေကို ကြားချင် သေးတာ မဟုတ်ပါဘူး။ ဘယ်လို အဖြေ ဖြစ်မယ် ဆိုတာကို ရိပ်မိနေလို့လည်း ပါနိုင်ပါတယ်။ “နင် ငါ့ကို မချစ် မချင်း အဖြေ မပေးနဲ့ဦး” လို့ ပြောခဲ့ရမှာ။ ကျွန်တော် ဒီလို မပြောခဲ့သလို ငါ့ကို အဖြေ ပြန်ပေးလို့လည်း မတောင်းခဲ့ပါဘူး။ ဒါပေမယ့် စိတ်မြန် စိတ်ပြတ်တဲ့ သူ ဒီလို အဖြေ မြန်မြန် ပေးမယ် ဆိုတာ ကျွန်တော် ကြိုသိခဲ့ဖို့ ကောင်းပါတယ်။ တကယ်ဆိုရင်တော့ ကျွန်တော် သူ့ကို ချစ်နေကြောင်း အစကတည်းက အသိပေးခဲ့ဖို့ မကောင်းပါဘူး။ အုံ့ပုန်းလည်း လုပ်ခဲ့ဖို့ မသင့်ပါဘူး။ ချစ်တယ် ဆိုတဲ့ စိတ်ကို မလည်သင့်တာပဲ။ အထူးသဖြင့် ငယ်ငယ် မူလတန်း ကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ကိုပါ။

ဖြစ်နိုင်ရင် ညမိုးချုပ် အထိ ဘယ် လိုင်းကားမှာမှ သူ မပါလာဘဲ ဒီတစ်နေ့ကို ကုန်ဆုံးသွားစေချင်တာပါ။ ဒါပေမယ့် ဟိုင်းလက်ကား တစ်စင်း ဆိုက်ပြီးသကာလ ကားပေါ်ကနေ သူ ဆင်းလာတာ တွေ့လိုက်ပါတော့တယ်။ သူက လိမ္မော်ရောင် သန်းသန်း အ၀ါရောင် ပါတိတ် ၀မ်းဆက်နဲ့ အရမ်းကို ရင့်ကျက်နေတော့တာပဲ။ သူက ကားပေါ်က ဆင်းပြီး ဟိုဟို ဒီဒီ ကြည့်လိုက်တော့ ကျွန်တော့်ကို တွေ့သွားပါတယ်။ သူ ကျွန်တော့်ကို ခါတိုင်းလို မပြုံးပြပေမယ့် သူ့မျက်လုံးကတော့ တစ်ခုခု ဆိုလို လိုက်သလိုပါပဲ။ တစ်နေကုန် Work Shop လုပ်ပြီး သူ ပင်ပန်းရင်လည်း ပင်ပန်းနေမယ်။ ၁ နာရီလောက် ကားစီးလာရတဲ့ အတွက် သူ နွမ်းနယ်နေရင်လည်း ဖြစ်မယ်။ ဒါပေမယ့် သူ့မျက်နှာက အရင်ကလိုပဲ ထက်ထက် မြက်မြက် ရှိနေပါသေးတယ်။ သူ့မျက်နှာထား တင်းတင်းကို မြင်လိုက်တော့ ကျွန်တော်အဖို့တော့ ငယ်ငယ်တုန်းက ကျောင်းမှာ အိမ်စာမလုပ်ဘဲ စာအုပ်ထပ်ထားပြီးမှ ဆရာမက တစ်ယောက်ချင်း စာအုပ်တွေ ပြန်ပေးနေသလို ကျွန်တော့် အလှည့် ဘယ်တော့ ရောက်မလဲ ဆရာမ မျက်နှာ ကြည့်နေရသလိုပါပဲ။

ကားမှတ်တိုင်မှာ ကားစောင့်နေသူတွေ၊ ကားပေါ်က ခုန်ချ ဆင်းလာသူတွေ၊ ကားပေါ်ကို သုတ်သုတ် သုတ်သုတ် တက်သွားတဲ့ သူတွေကတော့ ကျွန်တော့်တို့ကို သတိမူမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကားမှတ်တိုင်တွေမှာ ဇာတ်လမ်းတွေ ရှိတတ်တယ်ဆိုရင် ဟံသာဝတီ ကားမှတ်တိုင် အတွက် ကျွန်တော့် ဇာတ်လမ်း တစ်ပုဒ်ကိုလည်း ထည့်ရပါမယ်။ ဟံသာဝတီ ကားမှတ်တိုင်ဟာ ကျွန်တော့် အတွက်တော့ မစိမ်းလှပါဘူး။ ဒီနားက ကျောင်းတွေမှာပဲ ကျွန်တော် ၁၀ တန်းအောင်တဲ့ အထိ တက်ခဲ့တာပါ။ အဲဒီ ကျောင်းတွေမှာပဲ သူနဲ့ ဆုံတွေ့ခဲ့တာပဲ။ ရုံးဝန်ထမ်းတွေ အတက်အဆင်း ရှိ့လို ဒီမှတ်တိုင်မှာ လက်ဘက်ရည် ဆိုင်လည်း တစ်ဆိုင်ရှိပါတယ်။ လက်ဘက်ရည် ဆိုင်ဆိုပေမယ့် ကျွန်တော် ထိုင်နေကျ ဆိုင်တွေထက် ပိုကောင်းပြီး လက်ဘက်ရည်ဆိုင် ပုံတောင် မပေါက်တော့ပါဘူး။ အမှီ ပါတဲ့ ထိုင်ခုံ အရှည်တွေ၊ ထမင်းစားပွဲ အရွယ် စားပွဲကြီးတွေနဲ့ ပန်းအိုးတွေပါ ပြင်ဆင်ထားပြီး လက်ဘက်ရည် အပြင် တခြား တရုတ် အကြော်အလှော်တွေပါတွေ ရောင်းပါတယ်။ တကယ်တော့ ဒီဆိုင်ဟာ ချစ်သူတွေချင်းဆို တွေ့လို့ အင်မတန် ကောင်းမည့်နေရာပါ။

တစ်ယောက်ကို တစ်ယောက် တွေ့ပြီးတော့ ကျွန်တော်က ဘာမှ စကား စ မပြောနိုင်ပါဘူး။ သူကလည်း ဘာမှ မပြောသေးဘဲ ကားမှတ်တိုင်ကနေ လက်ဘက်ရည်ဆိုင်နဲ့ စာပေဗိမ္မာန်ကြားက လမ်းကလေးထဲကို ၀င်လိုက်ပါတယ်။ ကျွန်တော်လည်း သူ့ဘေးကနေ အသာ လိုက်သွားပါတယ်။ တစ်ခုခုကို ဆုံးဖြတ်ပြီးသား သူကပဲ အဲဒီ လက်ဘက်ရည်ဆိုင်မှာ ထိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တော့ ကျွန်တော်က ဒီမှာ အေးအေးဆေးဆေး ထိုင်ရအောင် ဆိုပြီး စခေါ်လိုက်ရမှာပဲ။ စကားအပြောအဆို မကောင်းတဲ့ ကျွန်တော်ဟာ အခုလို အချိန်မှာ ဆွံအနေတာ မထူးဆန်းပါဘူး။ လက်ဘက်ရည် ဆိုင်ထဲ ၀င်လိုက်တော့ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ စားပွဲထိုးလေးတွေက လာနေကျ စုံတွဲတွေလို သဘောထားပြီး ကြိုဆိုပါတယ်။ မင်းတို့ ထင်သလို မဟုတ်ဘူး ပြန်ပြောဖို့ ကျွန်တော့်မှာ အားမရှိပါဘူး။ ပြောလည်း ပြောစရာ မလိုဘူး ထင်တယ်။

တခြားလူတွေ ထိုင်နေတဲ့ စားပွဲတွေနဲ့ ဝေးတဲ့ နေရာကိုတော့ ရွေးချယ်ဖို့ ကျွန်တော် အားထုတ်လိုက် နိုင်ပါသေးတယ်။ ဒါကလည်း သူဘာပြောမယ် ဆိုတာကို သိနေလို့လည်း ပါမှာပေါ့။ ဖြစ်နိုင်ရင်တော့ ဘယ်သူမှ မရှိတဲ့ နေရာကို ဘယ်သူမှ မမြင်နိုင် မကြားနိုင်တဲ့ နေရာကို လိုချင်တာပဲ။ စားပွဲထိုးလေးတွေက နောက်ကနေ ကောက်ကောက် ပါအောင် လိုက်လာပြီး ဘာသောက်မလဲ ဘာစားမလဲပဲ မေးနေပါတော့တယ်။ ထုံးစံအတိုင်း သူက လက်ဘက်ရည်သောက်ပြီး ကျွန်တော်ကတော့ စိတ်လွှဲစရာ တစ်ခုခု အဖြစ် အအေး စုပ်သောက်နေဖို့ ဒါမှာမဟုတ် ရေပေါက်တွေ သီးနေတဲ့ ပုလင်းကို ဦးတည်ရာ မရှိ ကိုင်လှည့်နေဖို့ ကိုလာ တစ်ပုလင်း မှာလိုက်ပါတယ်။

ဒီကိစ္စအတွက် ဒီကိုလာတာ သိနေပေမယ့် စကား မစရဲတဲ့ ကျွန်တော်က တခြား ကိစ္စတွေကို ပြောနေပါတယ်။ သူကလည်း အလိုက်အထိုက် လိုက်ပြောနေပေမယ့် ကျွန်တော် ပြောနေတာတွေက တောင်ရောက်လိုက် မြောက်ရောက်လိုက် ဆိုတော့ သူလည်း သည်းမခံနိုင်တော့ပါဘူး။ တကယ်တော့ ကျွန်တော်က သူ့ကို ချစ်တယ် ဆိုတာများ ပြောမလား အခွင့်အရေး ပေးထားတာပါ။ မိန်းကလေး တစ်ယောက်ကို တစ်ခါမှ ချစ်တယ် မပြောဘဲနဲ့ သူ့ဆီက တစ်ခုခု ပြန်သိချင်နေတာ အင်မတန် ကပေါက်တိ ကပေါက်ချာ နိုင်တဲ့ ကိစ္စပါ။ အထူးသဖြင့် မိန်းကလေးဘက်ကနေ အဖြေ တစ်ခုခု ပြန်ပေးဖို့ မလွယ်တာမျိုးပါ။ ဒါပေမယ့် ပြတ်သားပြီး အခု ရှုပ်မှ နောင်ရှင်းဆိုတဲ့ သူကတော့ ကြိုးရှည်ရှည်နဲ့ မဆွဲထားချင်လို့ ချက်ချင်းပဲ အဖြေပြန်ပေးပါတယ်။

“အောင်အောင်......”

သူက ကျွန်တော့်ကို ဒီလိုပဲ ခေါ်ပါတယ်။

“နင့် စာအုပ် ငါ အံကြီး ဆီက ရထားတယ်”

လို့ သူကပြောတော့ ကျွန်တော် စာအုပ်ထဲက အကြောင်းတွေ လျှောက်ပြောပြီး ဟိုရောက် ဒီရောက် ဖြစ်ကုန်ပြန်ရော။ အခုနေ ပြန်စဉ်းစားလို့ မရတာ မပြောနဲ့ အဲဒီတုန်းက ကျွန်တော် ဘာပြောလဲ ဆိုတာတောင် ကိုယ့်ကိုယ်ကို သတိမထားမိအောင်ပဲ။

ကျွန်တော် ပြောချင်တာ ပြောပြီးတော့ သူက အလေးအနက် စဉ်းစားပြီး ပြန်ပြောတယ်။

“ငါ.. အသေအချာ စဉ်းစားပါတယ်လေ”

သူ စကားကို ခဏ ရပ်လိုက်ပါတယ်။ သူ ဆက်မပြောချင် ဘူးဆိုတာကို နောက်ကြာတော့ ကျွန်တော်တို့ ပြန်တွေ့တော့ သူ ကျွန်တော့်ကို ပြောပြပါတယ်။ အဲဒီနေ့ကတော့ ဆုံးဖြတ်ပြီး သူပီပီ ဆက်ပြောပါတယ်။

“ငါ နင့်ကို့ မရွေးစရာ အကြောင်းကလည်း မရှိပါဘူး..”

သူပြောတာလည်း မမှားပါဘူး။ ကျွန်တော်တို့ သူငယ်ချင်း အုပ်စုထဲမှာ ကျောင်းစာ အနည်းငယ် ပိုတော်တယ် ယူဆကြတဲ့ ကျွန်တော့်ကိုဆိုရင် အားလုံးက ခင်ခင်မင်မင်ထက် ပိုပြီး ဆက်ဆံပါတယ်။ နောက်တော့ သူ့က စကား ပြင်ပြောပြီး အဆိုကို ခိုင်အောင် ထပ်လုပ်ပါတယ်။

“တကယ်တော့ ငါ နင့်ကို ကြိုက်ပါတယ်။”

ဆက်ပြောလေ.. “ငါ နင့်ကို ချစ်လည်း ချစ်တယ်” ဆိုပြီး။ ဒီလို စကားပလ္လင် ခံနေတာ တစ်ခုခု ကြီးကြီးမားမား ပြောတော့မယ်ဆိုတာ ကျွန်တော် သိထားပေမယ့် ဒီလိုပဲ ဆုတောင်းမိတာပဲ။

“ဒါပေမယ့် .. ငါ .... ”

ဆိုပြီး သူစကား ရပ်သွားပါတယ်။ ကျွန်တော့်လို ဆွံ့အပြီး စကား ရပ်သွားတာ မျိုး မဟုတ်ဘဲ အပြေအပြစ်ဆုံး စကားလုံးကို ရှာနေတဲ့ ပုံပါ။ သူ ပြောချင်တဲ့ စကားလုံးကို တွေ့သွားတော့ သူ မရပ်တမ်း ဆက်တိုက် ပြောချ လိုက်ပါတယ်။

“ဒါပေမယ့်လေ .. ငါ နင့်ကို ဘယ်လိုမှ ခံစားလို့ မရဘူး။”

သူက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး ပြောချလိုက်ပေမည့် ကျွန်တော်က သူကို ကြည့်မနေပါဘူး။ သူ့ကို မကြည့်ရဲတာလည်း ပါပါတယ်။ စားပွဲခုံကို ငုံ့ကြည့်နေတာမျိုး မဟုတ်ဘဲ ဘေးဘက်က စားပွဲ အခြေကို ကြည့်လိုက်၊ အနောက်ဘက်က လမ်းမပေါ်ကို ကြည့်လိုက်၊ တခြား စားပွဲက လူတွေ ကြားသွားမလား ကြည့်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေသလိုပါပဲ။

သူပြောချင်တာ ပြောလို့ ထွက်သွားတဲ့ အတွက် သူလည်း အရှိန်ရသွားပြီး ဆက်ပြောပါတယ်။

“ငါ နင့်ကို ဘယ်လိုမှ မချစ်နိုင်ပါဘူး”

ဒီ စကားက ရက်စက်သလို ရှိပေမယ့် “ချစ်တယ်” ဆိုတာ ပါးစပ်က တစ်ခါမှ မပြောထားတဲ့ ကျွန်တော့်အတွက် ဒီလောက် ပြန်ပြောဖို့တောင် မတန်ပါဘူး။ ဒီလို ပြောပြီးမှ သူလည်း စိတ်မကောင်း ဖြစ်သွားပါတယ်။

“ငါ စိတ်မကောင်းပါဘူးဟာ။ ငါလည်း နင့်ကို ဒီလို မပြောချင်ပါဘူး။ ဒီလိုမှ ဖွင့်မပြောလိုက်ရင် နင့်အတွက်လည်း မကောင်းဘူးလေ။ ငါ့အတွက်လည်း မကောင်းဘူး။ အဲဒါကြောင့်ပါ..”

တကယ်ဆိုရင် ကျွန်တော် တစ်ခုခု ပြန်ပြောလိုက်ရမှာပါ။ ဒါပေမယ့် ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့ပါဘူး။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ပြန်ပြောလား မပြောလား ကျွန်တော် မမှတ်မိတော့ပါဘူး။ သူ ဘာထပ်ပြောသေးလဲ ဆိုတာကိုလည်း ကျွန်တော် မမှတ်မိတော့ပါဘူး။ (သူနဲ့ နောက်အတော်ကြာမှ ထပ်တွေ့ပြီး နှစ်ယောက်စလုံး သွေးအေး သွားတဲ့ အချိန်မှာ သူ့ကို ပြန်မေးတော့ သူလည်း ခပ်ရေးရေးပါပဲတဲ့။) ဒီလို ပြောမယ် မျှော်လင့်ထားတာတောင် ကျွန်တော် ကြက်သေသေသွားပါတယ်။ အဲဒီ အချိန်မှာ ကျွန်တော့်ရဲ့ စိတ်က ကိုယ်မှာ ရှိမနေတော့ပါဘူး။ ပြီးတော့ လက်ဘက်ရည်ဖိုး ဘယ်သူ ရှင်းလိုက်သလဲ မမှတ်မိတော့သလို သူ့ကို အိမ်နားထိ လိုက်ပို့လား ဆိုတာလည်း ခပ်ရေးရေးပါပဲ။

ငယ်သူငယ်ချင်းလည်းဖြစ်၊ ကျွန်တော့်ကို အညှာအတာဆုံးနဲ့ ပွင့်ပွင့်လင်းလင်း “လေးလေးစားစား” ငြင်းပယ်လိုက်တဲ့ အတွက် သူအကြောင်း တချို့ကိုတော့ ကျွန်တော့် အမျိုးသမီးကို စကားကြုံရင် ပြောဖြစ်ပါတယ်။ ကျွန်တော့် အမျိုးသမီးကလည်း သူ့အကြောင်းဆိုရင် တော်တော်များများ သိနေပါတယ်။ တစ်ခါတစ်လေ ကျရင်တောင် ကျွန်တော့်ကို နောက်နေပါသေးတယ်။ အခုထိလည်း သူနဲ့ တခြား သူငယ်ချင်းတွေလို အဆက်အသွယ် ရှိနေပြီး ကြုံရင် စကားပြောဖြစ်ပါတယ်။

ကျွန်တော့် အိမ်သူသက်ထားကို ဒီလို ငယ်ငယ်က ဇာတ်လမ်းတွေ မမေ့သေးဘူး မပြောရက် မပြောသင့်ပေမယ့် ဒီလို ကောင်းကောင်းမွန်မွန် ငြင်းပယ်လိုက်တာကို ကျွန်တော် အမှတ်ရသေးကြောင်းတော့ ပြောပြချင်ပါတယ်။

Saturday, September 06, 2008

Software Development ဝေါဟာရများ - Epoch Time

အပ်ပေါ့ခ် လို့ အသံထွက်ပါတယ်။ ကွန်ပြူတာတွေမှာ အချိန် ရက်စွဲတွေ သိမ်းတဲ့ အခါ `၆ စက်တင်ဘာ ၂၀၀၈ ည ၁၀ နာရီ ၄၃ မိနစ် ၁၇ စက္ကန့်´ လို့ သိမ်းမည့်အစား ကိန်းဂဏန်း တစ်ခုအနေနဲ့ (ဥပမာ) `၁၂၂၀၇၀၄၉၉၇´ လို့ သိမ်းပါတယ်။ အဲဒီ ကိန်းဂဏန်းဟာ စက္ကန့် (သို့မဟုတ် မီလီ စက္ကန့်) အရေအတွက်ပါ။ အဲဒီလို သိမ်းဖို့ အတွက် အချိန် တစ်ခုကို သတ်မှတ်ပြီး အဲဒီ အချိန်ကနေ စပြီး စက္ကန့်ပေါင်း ဘယ်လောက် ရှိပြီ ဆိုတာကို ရေတွက်ပါတယ်။ ဥပမာ Unix ကွန်ပြူတာတွေမှာ ၁၉၇၀ ဇန်န၀ါရီလ ၁ ရက်နေ ညသန်းခေါင် လွဲပြီး အချိန်ကနေ စပြီး စက္ကန့် ဘယ်လောက် ရှိပြီ ဆိုတာကို ရေတွက်ပြီး ကိန်းဂဏန်း တစ်ခု အနေနဲ့ သိမ်းပါတယ်။ ကွန်ပြူတာတွေမှာ အဲဒီ တန်ဖိုးကို 32 bits ဂဏန်းနဲ့ သိမ်းပါတယ်။ ဘယ်လောက်ကြီးကြီး သိမ်းလို့ ရလဲ ဆိုတော့ ၂ - ၃၁ ထပ်ကိန်း (2 power 31) အထိ ထိ သိမ်းလို့ ရပါတယ်။ ရှေ့ဆုံး bit က (+/-) Sign အတွက်ပါ။

ကွန်ပြူတာ လောက အပြင် Epoch ကို တခြား နေရာတွေမှာ သုံးပါသေးတယ်။ Epoch ရဲ့ အဓိပ္ပါယ်တွေကတော့ (၁) သမိုင်း - ခေတ် တစ်ခေတ်၏ အစ။ (၂) နက္ခဗေဒ - Big Bang ပြီးတော့ စကြ၀ဠာ၏ ဖွံ့ဖြိုးမှု။ (၃) ဘူမိဗေဒ - ပညာမှာ သုံးသော Time Scale တစ်ခု (Eon > Era > Period > Epoch > Stage) Era တစ်ခုမှ Period တွေ တစ်ခုမက ရှိပြီး Period တစ်ခုမှာ Epoch တွေ တစ်ခုမက ရှိတယ် စသည် စသည် ဆိုချင်တာပါ။

Programmer တစ်ယောက်အနေနဲ့ ကိုယ်သုံးတဲ့ Programming Language မှာ Date Time တွေအတွက် Epoch Time ကို သိထားသင့်ပါတယ်။ Java၊ PHP နဲ့ JavaScript တို့က Unix ရဲ့ Epoch Time အတိုင်းပါ။ Java မှာ မီလီစက္ကန့် အရေအတွက်နဲ့ သိမ်းပါတယ်။ အဲဒါကြောင့် 64 bits ကိန်း ဖြစ်တဲ့ long - data type နဲ့ သိမ်းပါတယ်။ Microsoft က .Net Programming language တွေမှာလည်း အချိန်ကို 64 bits ကိန်းနဲ့ သိမ်းပေမယ့် သူ့ရဲ့ Epoch Time က ၁၂း၀၀ AM (၀၀:၀၀) ဇန်န၀ါရီလ ၁ ရက် ၀၀၀၁ ဖြစ်ပါတယ်။ သူက Ticks လို့ခေါ်တဲ့ 100 nano second အရေအတွက်နဲ့ သိမ်းပါတယ်။ ၁ စက္ကန့်မှာ ၁၀၀၀ မီလီ စက္ကန် ရှိပါတယ်။ ၁ မီလီ စက္ကန့်မှာ ၁၀၀၀ (Ticks/100 nsec) ရှိပါတယ်။ Windows မှာ File တွေ အတွက် Date Time က Epoch Time က ဇန်န၀ါရီ ၁ ၁၆၀၁ ကနေ စပြီး Ticks နဲ့ ရေတွက်ပြီး System Date Time ကတော့ .Net မှာလိုပါပဲ။ Apple က Mac အသစ်တွေ ကတော့ ဇန်န၀ါရီ ၁ ရက် ၂၀၀၁ ကနေစပြီး Mac အဟောင်းတွေကတော့ ဇန်န၀ါရီ ၁ ၂၀၀၁ ကနေစပြီး စက္ကန့်တွေကို ရေတွက်ပါတယ်။

UNIX ကွန်ပြူတာတွေမှာ 32 bits ကိန်းနဲ့ ၁၉၇၀ ကနေ စပြီး စက္ကန့် အရေအတွက်တွေ သိမ်းထားတဲ့ အတွက် ၂၀၃၈ ဇန်န၀ါရီလ ၁၈ ရက်နေ့အထိပဲ အကြီးဆုံး သိမ်းလို့ ရပါတယ်။ အဲဒီကျရင် Y2K လိုမျိုး နောက်ထပ် ပြဿနာ ကြုံနိုင်ပါသေးတယ်။

စကားချပ်။ ။ Programming မှာ အချိန် ရက်စွဲတွေ အကြောင်း ပြောမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးတောင် ပါပဲ။ Time Zone တွေ Format တွေ၊ စံတွေ စနစ်တွေ ဒေသတွေ စတာတွေကို ထည့်သွင်း စဉ်းစားရပါမည်။ Program တစ်ပုဒ်မှာ အချိန်တွက်တာ သိမ်းရတာ ပါရင် အလွန် ဂရုထားရင်တောင် ထည့်သွင်း မစဉ်းစားမိတာတွေ ပါလို့ နောက်ကြာမှာ မှားနေကြောင်း သိရနိုင်ပါတယ်။ ဥပမာ ရာသီပြောင်းပြီးမှ Day light saving ကြောင့်တို့၊ ဒီ Program ကို တခြား ဒေသ မှာ သုံးလို့ မရတာတို့၊ ခုနှစ်ကို နောက်ဆုံး နှစ်လုံးပဲ သိမ်းလို့ (၂၀၀၀ အတွက်) 00 က (၁၉၉၈ အတွက်) 98 ထက် ငယ်နေတာမျိုးတွေ၊ System (Server) က Time Zone တစ်နေရာမှာ User က Time Zone တစ်နေရာမှာ ဖြစ်နေတာတို့ စသည် စသည် ပြဿနာမျိုးစုံ ကြုံရနိုင်ပါတယ်။ အဲဒါကြောင့် စနစ်တစ်ခုအတွက် Program ရေးတဲ့ အခါ အချိန် ရက်စွဲတွေ ပါလာပြီဆို ပေါ့ပေါ့တန်တန် မလုပ်မိလိုက်ဖို့ အရေးကြီးပါတယ်။

Wednesday, September 03, 2008

IKEA

ကျွန်တော့်ကို ဖမ်းစားတဲ့ (Fascinating ဖြစ်တဲ့) အထဲမှာ ကုန်စုံဆိုင်တွေလည်း ပါပါတယ်။ ငယ်ငယ်တုန်းက လှည်းတန်းမှ ရတနာထွန်း စတိုးဟာ ကျွန်တော့်အတွက် အကြီးအကျယ်ဆုံးပါ။ နောက်တော့ ယုဇနတို့ ဘာတို့က နေရာယူလာပါတယ်။ နောက်တော့ Wal-Mart က ကျွန်တော့် အတွက် စိတ်ဝင်စားစရာ ဖြစ်စေခဲ့ပါတယ်။ Shopping မြို့တော် စင်္ကာပူမှာကျတော့ Orchard က ကုန်တိုက်တွေထက် စာရင် စိတ်ဝင်စားတဲ့ ကုန်စုံဆိုင် တစ်ခု ရှိခဲ့တယ်။ အဲဒါကတော့ IKEA ပါပဲ။

ဒီလို စိတ်ဝင်စားခဲ့ ရတာကလည်း IKEA ရဲ့ ကိုယ်ပိုင် တမူထူးတဲ့ ဟန်တွေ ကြောင့်ပါပဲ။ စီးပွားရေး အမြင် အရဆိုရင်တော့ သူရဲ့ Strategy ထဲ ကျွန်တော်တို့လို Customer တွေ လုံးလုံး ကျရောက် သွားရတာပါ။ နာမည်ကို စမြင်တော့ ဘယ်လို ခေါ်ရမယ် မှန်း မသိတာက စတာပါပဲ။ Iran တို့ Ian တို့လိုပဲ အီကီးယား ထွက်ရမလား Idea လိုပဲ အိုင်ကီးယား ထွက်ရမလား ဒါမှမဟုတ် အိုက်ကီးယား ထွက်ရမလား။ အီမထွက်ဘူး အိုင်(အိုင်း) ထွက်တယ် ဆိုပြန်တော့လည်း အိုင်ကီးယားရမလား အိုင်ကေးယားရမလား မသိခဲ့ပြန်ဘူး။ (စာဖတ်သူရော ဘယ်လို ထွက်ပါသလဲ)။ IKEA ဆိုတာကို စာလုံး အကြီးတွေနဲ့ ပေါင်းထားပြန်တော့ အတိုကောက်လို့ ထင်ခဲ့တယ်။ ဆွီဒင်က ဆိုတော့ E ကတော့ Europe ပေါ့။ တကယ်တော့ IKEA ဆိုတာ တည်ထောင်ခဲ့တဲ့ လူရဲ့ နာမည် Ingvar Kamprad ဆိုတာရယ်၊ သူကြီးပြင်းခဲ့တဲ့ Elmtaryd ဆိုတဲ့ ယာတောရယ်၊ သူနေထိုင်ရာ (လူဦးရေ ၂၀၀ သာသာ ရှိတဲ့) ဆွီဒင် တောင်ပိုင်းက Agunnaryd ဆိုတဲ့ ခရိုင်လေးကို ပေါင်းစပ်ပြီး IKEA လို့ ခေါ်ခဲ့ပါတယ်။

ပထမဆုံး ဆိုင်ကို ၁၉၅၈ မှာ စဖွင့်ပြီး ၁၉၇၅ မှာ သြစတြေးလျနဲ့ ၁၉၇၈ မှာ စင်္ကာပူမှာ စဖွင့်ခဲ့ပါတယ်။ အတော် သက်တမ်း ရှည်ကြာပြီ ပြောလို့ ရမယ်။ နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၂၇၈ ဆိုင် ဖွင့်ထားတာ နယ်နယ်ရရတော့ မဟုတ်ပါဘူး။ အိမ်သုံး ပစ္စည်း တိုလီမိုလီ ကနေ အသင့်ဆောက်ပြီးသား အိမ်တွေအထိ အမျိုးအမည်ပေါင်း ၁၂၀၀၀ ကျော်ကို တစ်နေရာတည်းမှာ Brand တစ်ခုတည်းနဲ့ ရောင်းနေတာပါ။ တကမ္ဘာလုံးမှာ အလုပ်သမား တစ်သိန်း တစ်သောင်းကျော် ခန့်ထားတယ် ဆိုတော့ ၀န်ထမ်းပေါင်း ၉ သောင်းလောက် ရှိတဲ့ Microsoft ထက်တောင် ပိုများပါသေးတယ်။

နယူးဂျာဆီမှာ စမြင်ဖူးတုန်းက IKEA ကို ဂိုဒေါင်လိုမျိုး ထင်ပြီး အထင်မကြီးခဲ့ပါဘူး။ Target တို့ Home Depot တို့ကိုပဲ ပိုသိတာကိုး။ စင်္ကာပူ ရောက်မှ IKEA ကို စိတ်လည်ပြီး စိတ်ဝင်စားလာတာပါ။။ အဝေးကနေ အဆောက်အဦးကို မြင်လိုက်တာနဲ့ ဒါ Wal-Mart လား Target လား Bunnings Warehouse လား မခွဲတတ်ပေမယ့် IKEA ဆိုရင်တော့ ချက်ချင်း သိသာပါတယ်။ ဘာစိတ်ကူးလည်းတော့ မသိဘူး သူ့အဆောက်အဦး ရှေ့မှာ အလံတွေ ဘာတွေလည်း ထူထားသေးတယ်။ ဘာပဲဖြစ်ဖြစ် ကြည့်လို့တော့ ကောင်းပါတယ်။ သူ့အဆောက်အအုံကလည်း ပြတင်းပေါက် နည်းနည်းပဲ ပါပြီး ဆွီဒင်နိုင်ငံ အလံလို နက်ပြာရောင် ဂိုဒေါင်ကြီးပါ။ နဖူးစီးမှာ IKEA ဆိုတာကို အ၀ါရောင် တောက်တောက်နဲ့ အကြီးကြီး ရေးထားပါမယ်။ နောက်ကျမှ ဖွင့်တဲ့ (ဥပမာ) စင်္ကာပူက တမ်းပနိစ်နားက IKEA မှာတော့ Warehouse ကို အလင်းဖောက် အမိုးတွေ တပ်ထားပါတယ်။ Energy Saving ပေါ့။ ဒီ Saving က Customer တွေ အတွက်ပါလို့ ဆိုတာလည်း သူ့ရဲ့ မူ (ဒါမှမဟုတ်) ၀ါဒဖြန့်တာပါပဲ။

အဆောက်အဦးထဲ ၀င်လိုက်တာနဲ့ ၀င်္ကဘာထဲ ရောက်သွားသလို ပြန်ထွက်ဖို့ မလွယ်တော့ပါဘူး။ တခြား ကုန်စုံဆိုင်တွေလို အတန်းလိုက် အတန်းလိုက်နဲ့ ကိုယ်ကြိုက်တဲ့ အတန်းကို တိုက်ရိုက် သွားဖို့ မလွယ်ပါဘူး။ သူဆင်ထားတဲ့ လမ်းကြောင်းအတိုင်း ဟိုငေး ဒီငေးနဲ့ သူရောင်းသမျှ ပစ္စည်းတွေကို အကုန်ကြည့်ပေတော့ပဲ။ လမ်းတလျှောက်မှာလည်း ပရိဘောဂ တွေ မ၀ယ်ဖြစ်ရင်တောင် တိုလီ မိုလီလေးတွေကို သူ့စတိုင် ဈေးဝယ်တဲ့ အိတ်အ၀ါကြီးထဲ အလကားရသလို ကောက်ထည့်ပေတော့။ ဟိုကွေ့ ဒီပတ်သွားပြီး လမ်းကြောင်း အရှည်ကြီး တလျှောက် သွားရပေမယ့် ကြားထဲမှာတော့ ဖြတ်လမ်းလေးတွေ မြေပုံတွေ ရှိပါတယ်။ ဖြတ်လမ်းတွေကို တမင်တကာ မမြင်လွယ်အောင် ထားထားတော့ မသုံးဖြစ်ပါဘူး။ တစ်ခေါက်တော့ လျှောက်ကြည့်နေတုန်း အိမ်သာ တက်ချင်တာ ဒုက္ခ လှလှ ရောက်တာပဲ။ ဘယ်မှာလဲ အပေါက်ဆိုပြီး လိုက်ရှာတာ မျက်စိလည် လမ်းမှား ဖြစ်နေရော။ မနည်းကို အပြင် ပြန်ထွက်ရတယ်။

လမ်းတလျှောက်မှာလည်း ပရိဘောဂတွေ အိမ်အသုံး အဆောင် ပစ္စည်းတွေကို တကယ့် သဘာဝအတိုင်း ခင်းကျင်း ပြသထားတော့ ကိုယ့်အိမ်မှာ ဆိုရင် ဘယ်လို နေမယ် ဆိုတာ စိတ်ကူးလို့ ရတယ်။ အနည်းဆုံးတော့ စိတ်ကူးယဉ်လို့ ရတယ်။ ဒါမှမဟုတ် တက်ထိုင်ကြည့်လို့ရတယ်။ မွေ့ယာတွေ ခင်းထားတဲ့ ကုတင်တွေပေါ် လှဲကြည့်လိုရတယ်။ မီးဖိုချောင်တွေကိုလည်း ဆင်ပြထားတော့ ၀ယ်ပြီးရင် ဘယ်လိုနေမယ်ဆိုတာကို ချက်ချင်း သိနိုင်တယ်။ တကယ့် အိပ်ခန်းလို၊ စာကြည့်ခန်းလို၊ မီးဖိုချောင်လို ဆင်ပြထားပြီး ရောင်းသမျှ တိုလီမိုလီ အကုန် ခင်းကျင်းပြထားတာတွေ ကြည့်ပြီး လူအုပ်ကြီးထဲမှာ ကိုယ်က မျောပါသွားနိုင်ပါတယ်။ လာကြတဲ့ သူတွေကလည်း လက်ထပ်ခါနီး ပြင်ဆင်နေတဲ့ စုံတွဲတွေ၊ လက်ထပ်ပြီးခါစ လင်မယားတွေ၊ အိမ်အသစ်တက်မယ့် မိသားစုတွေကနေ ဆွီဒင်စာ သက်သက် လာဝယ်ချင်တဲ့ သူတွေ အထိ ရှိပါတယ်။

လမ်းမှာ သစ်သားခုံ တစ်ခုံကို ကလေးတက်ခုံနေပုံ ဒါမှမဟုတ် လူကြီး တက်နင်းနေပုံကို စက်နဲ့ အကြိမ်ကြိမ် စမ်းပြထားပြီး စမ်းသပ်နေတာ အကြိမ်ပေါင်း တစ်သိန်း နှစ်သောင်း ကျော် ရှိပြီ ဆိုတာကိုလည်း ကောင်တာမှ ပြူးနေအောင် တွေ့ရပါဦးမယ်။ ဒါပေမယ့် ၀န်ထမ်းတွေကိုတော့ တွေ့ချင်မှ တွေ့ရမှာပါ။ လိုအပ်လို မေးချင်ရင်တော့ လိုက်ရှာရနိုင်ပါတယ်။ ဒီလို ၀န်ထမ်းတွေ လျှော့ချထားလို့ သက်သာတာ နောက်ဆုံး စားသုံးသူပါပဲလို့ ပြောလိုက်ပြန်တော့လည်း သြော်ဒီလိုလား ငါတို့ သက်သာတာပေါ့လို့ ၀ယ်သူကပဲ ၀မ်းသာရဦးမယ်။

IKEA ရောက်ရင် ကျွန်တော့် မိန်းမ (ကျွန်တော်ရောပါပဲ) မနေနိုင်တာကတော့ ခဲတံ တစ်ချောင်းနဲ့၊ စက္ကူ ပေကြိုးလေးကို ပရိဘောဂတွေလည်း ၀ယ်တာ မဟုတ်ဘဲနဲ့ အလကား ရလို့ ယူလိုက်ရမှ ကျေနပ်တယ်။ တကယ် ၀ယ်ဖြစ်ရင်လည်း လိုမှာပေါ့ ဟုတ်တယ် မဟုတ်လား။ နောက်တစ်ခု ကြိုက်တာက Catalogue ပါ။ IKEA Catalogue က တခြားဟာတွေနဲ့ မတူဘူး။ တစ်အိမ်လုံးမှာ လိုအပ်တာတွေကို တစ်ထိုင်တည်း တစ်အုပ်တည်းမှာ အကုန်ကြည့်လို ရတယ်။ ပြီးတော့ တချို့ပစ္စည်းတွေက သုံးရကောင်းမှန် ရှိမှန်းတောင် သိတာ မဟုတ်ဘူး။ သူ့ဆီမှာတွေ့မှာပဲ သြော်ဒါမျိုးလေးတွေ ရှိပါလား ဆိုပြီး သိရတာ။ ပြီးတော့ ပစ္စည်းတွေ အထူးသဖြင့် Furniture လိုမျိုးတွေကို Dimension ကို အပြည့်အစုံ ရေးထားတော့ ကိုယ့်အိမ်မှာ တော်၏ မတော်၏ အသေအချာ သိနိုင်တယ်။ အနည်းဆုံးတော့ ၀ယ်ဝယ် မ၀ယ်ဝယ် Catalogue လေးကြည့်ပြီး ကိုယ့်အိမ်မှာ ဘယ်လို ဆင်လိုက်မယ် ဆိုတာ စိတ်ကူးကြည့်လို့ ရသေးတယ်။ နောက်တစ်ခုက Pricing ပါ။ Catalogue မှာ ဈေးနှုန်း တစ်ခါတည်း ပါပြီး အဲဒီ ဈေးနှုန်းတွေကို ၆လ တန်သည် ၁နှစ် တန်သည် အထိ ထိန်းထားနိုင်ပါတယ်။

IKEA မှာ ဈေးဝယ်ပြီး တ၀က်လောက်ဆို အစာစားတယ်။ တ၀က်လောက် ဆိုတာ IKEA မှာ အိမ်ထောင် ပရိဘောဂတွေကို တကယ့်အိမ်လို ခင်းကျင်းပြထားတဲ့ နေရာနဲ့ ပစ္စည်းတွေ စုပုံထားတဲ့ နေရာ နှစ်မျိုးရှိတာ အဲဒီ ၂ ခု ကြားမှာ စားသောက်ဆိုင် ရှိတတ်ပါတယ်။ ခင်းကျင်းပြထားတာတွေ ညောင်းအောင် ကြည့်ပြီးချိန်မှာ ဗိုက်ကလည်း ဆာတာနဲ့ အတော်ပဲ။ နိုင်ငံတကာမှာ ဆိုင်ခွဲတွေ ရှိပေမယ့် သူ့ဆိုင်က Menu က တစ်ကမ္ဘာလုံး အနှံ့ ဆင်ပါတယ်။ တစ်မျိုး နှစ်မျိုးတော့ ကွာမှာပေါ့။ ရောက်ရင်တော့ များသောအားဖြင့် အမဲသားနဲ့ ၀က်သားရောထားတဲ့ Swedish Meat Ball ကို စားဖြစ်ပါတယ်။ ဟင်းအနှစ်နဲ့ Lingonberry Jam ကိုရောသမပြီး အသားလုံးနဲ့ တို့စားလိုက်ရင် မညှီတော့ပါဘူး။ စင်္ကာပူက ဆိုင်မှာ ရနိုင်တဲ့ ကြက်ကြော်ကလည်း ကောင်းပါတယ်။ သူရောင်းပုံကလည်း Queue တစ်လျှောက် စီပြီး လိုချင်တာတွေ ယူထည့်၊ မှာထည့်ပြီးတော့ နောက်ဆုံးမှ အားလုံးကို တွက်ပြီး ကျသလောက် ရှင်းရတာပါ။ စစားတုန်းကတော့ သဘောကျပေမယ့် နောက်ပိုင်းတွေ စားတော့ ကျောင်း ကင်တင်း အလုပ် ကင်တင်းမှာ စားရသလိုလို ထောင်ထဲမှာ စစ်တန်းလျားမှာ စားရသလိုလို ခံစားရပြီး ဖီလင် သိပ်မလာချင်ဘူး ဖြစ်ပြန်တယ်။

ခင်းကျင်းပြထားတဲ့ ပရိဘောဂတွေကို ၀ယ်ချင်ရင် ၀င်စက ယူလာတဲ့ ခဲတံနဲ့ စာရွက်မှာ Code ရယ် အရောင်ရယ်၊ Warehouse က ဘယ်နေရာမှာ ယူရမယ်ဆိုတာကို မှတ်လာပါတယ်။ ပြီးတော့မှ Warehouse မှာ ကိုယ့်ဘာကိုယ် သွားယူရတာပါ။ လိုအပ်ရင်တော့ အကူအညီ တောင်းလို့ ရပေမယ့် ကိုယ့်ဘာကိုယ်ပဲ လုပ်ရနိုင်ပါတယ်။ Warehouse က ငွေရှင်း ကောင်တာနားမှာပါ။ IKEA ပရိဘောဂတွေက ကိုယ့်ဘာကိုယ် ပြန်ဆင်ရတာပါ။ သူ့ ဒီဇိုင်းက ပရိဘောဂတွေကို Flat Pack ပုံစံ ထုတ်ပိုးထားပါတယ်။ အဲဒါကြောင့် ကုတင်ဝယ်ဝယ်၊ ဗီဒိုဝယ်ဝယ်၊ စားပွဲဝယ်ဝယ်၊ ကုလားထိုင်ဝယ်ဝယ် Package က ပြားပြားပါပဲ။ ကြီးတာနဲ့ သေးတာပဲ ကွာသွားမယ်။ ၀ယ်ပြီးရင်လည်း ကိုယ့်ဘာကိုယ်ပဲ အိမ်သယ်သွားရပါမယ်။ Free Delivery ဆိုပြီး ပစ္စည်းထဲမှာ ဈေးကို ခိုးမတင်ထားတဲ့ အတွက် ၀ယ်သူအနေနဲ့ ဈေးမှန်ရတယ်ဆိုပြီး လှိမ့်ပြန်တယ်။ ဒီလိုနဲ့ပဲ ၀ယ်သူတွေမှာ ဈေးသက်သာတယ် ဆိုပြီး အလုအယက် ၀ယ်ကြတယ်။

စင်္ကာပူ စရောက်တုန်းက အဒေါ်အိမ်မှာ နေတုန်းက သူ့အိမ်က အိမ်အသုံးအဆောင် ပစ္စည်းတွေဆို အရမ်း သဘောကျတယ်။ ကြွတ်ကြွတ်အိပ် ထည့်ဖို့က အစ တူ၊ ဇွန်း၊ ပန်းကန်စင်ကနေ သေတ္တာ အဆုံး အကုန်လုံးက ဆန်းဆန်းလေးတွေ ချည်းပဲ။ ဆန်းဆန်းလေးတွေ ဆိုတာထက် အိုင်ဒီယာ ကောင်းကောင်းနဲ့ လုပ်ထားတာလေးတွေမို့ သဘောကျတာ။ ကြည့်လိုက်တော့လည်း ဈေးကြီးပေးရတဲ ပုံမပေါ်ဘဲ သပ်သပ် ရပ်ရပ်လေးတွေ ဖြစ်နေတယ်။ နောက်တော့မှ သိရတယ် သူ့အိမ်က ပစ္စည်းတွေက IKEA ကနဲ့ Daiso က ၀ယ်ထားမှန်း။ အဲဒီ နှစ်ဆိုင်လုံးက စင်္ကာပူကို ခဏ လာလည်တဲ့သူတွေကို ခေါ်သွားသင့်တဲ့ နေရာတွေပဲ။ Daiso က တစ်ဆိုင်လုံး ၂ ကျပ်တန်တွေ ချည်းပဲ။ လူကြီးတွေဆို အဲဒီဆိုင် ရောက်ရင် တွေ့သမျှ အကုန် ကောက်ထည့်ချင်တာ။ ၂ ကျပ် ဆိုတော့လည်း လွှတ်ပေးထားလိုက်တယ်။ IKEA က ဘိုဆန်တယ် Daiso က Oriental ဆန်တယ်။

ဒါပေမယ့် IKEA က ပစ္စည်းတွေက နည်းနည်း တုံးတယ် ခံစားရတယ်။ အိပ်ယာခင်းတွေ ဆိုဖာတွေဆို ဘယ်လိုတွေ မှန်းကို မသိဘူး။ IKEA က ပစ္စည်းဝယ်တာ ကားဝယ်ရင် (အ၀ါရောင် သုတ်ထားတဲ့) တက္ကစီတွေ ၀ယ်ရမယ်လို ခံစားရတယ်။ ပေါ့ပေါ့ပါးပါး ၀တ်ဖို့ အင်္ကျီဝယ်တာ စက်ရုံ ယူနီဖောင်း မှိုင်းမှိုင်း ၀ယ်ရသလို ခံစားရတယ်။ အဲဒါကြောင့် များသောအားဖြင့် မ၀ယ်ဖြစ်ဘဲ အိုင်ဒီယာ ကောင်းကောင်းနဲ့ ထွင်ထားတာလေးတွေပဲ ၀ယ်ဖြစ်တယ်။ အဲဒီအတွက်လည်း တချို့ ပစ္စည်းတွေက တခြား ကုန်စုံဆိုင်က ၀ယ်ရင် တ၀က်ကျော်ကျော် သက်သာနေတတ်တယ်။ ပရိဘောကကလည်း တခြားဆိုင်တွေမှာ ဈေးပို သက်သာတာနဲ့ သူဆီမှာ မ၀ယ်ဖြစ်ပါဘူး။ သူ့ဆီက ဟာတွေက ခိုင်မယ့်ပုံ မပေါ်ဘူး။ များသောအားဖြင့်တော့ အပျော်ပဲ သွားတယ်။ အပြန်မှာတော့ တိုလီမိုလီ ၃ ၄ ခုတော့ ပါလာတတ်တယ်။ လူလတ်တန်းစားတွေသာ ၀ယ်ကြတာမဟုတ်ပါဘူး။ ဖက်ရှင် ဒီဇိုင်နာ Giorgio Armani ကလည်း သူ့ ဇိမ်ခံ ရွက်လှေမှာ IKEA က ပစ္စည်းတွေနဲ့ ဆင်ထားတယ်တဲ့။ ပါလီမန် ဒီမိုကရေစီနဲ့ စည်းမျဉ်းခံ ဘုရင် စနစ် ကျင့်သုံးတဲ့ ဆွီဒင် ဘုရင်နဲ့ ဘုရင်မကလည်း IKEA က ပရိဘောဂတွေ သုံးသတဲ့။

IKEA မှာ ငွေရှင်းကောင်တာက ထွက်ပြီးတောင် ၀ယ်ချင်အောင် လုပ်ထားပါသေးတယ်။ ဆွီဒင်ထွက် ဆွီဒင်ရိုးရာ အစားအစာတွေကို ရောင်းတဲ့က ဆိုင်က ငွေရှင်း ကောင်တာအထွက်မှာ ထပ်ရှိပါသေးတယ်။ တစ်ခါတစ်လေ အထဲက စားသောက်ဆိုင်မှာ ချွေတာတဲ့ အနေနဲ့ မစားဖြစ်ခဲ့ရင်တော့ အပြင်က တစ်ကျပ်တန် ဟော့ဒေါ့ဆိုင်ကျရင်တော့ မနေနိုင်တော့ဘဲ စားလိုက်တော့တယ်။

ဝယ်ဝယ် မ၀ယ်ဝယ် IKEA ကတော့ တစ်ခေါက်သွား လည်ပတ် ကြည့်ရှုလို့ ကောင်းတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ။

Reference:
http://en.wikipedia.org/wiki/IKEA
IKEA, A Survivir's Tale by Simon Webster (R.D Feb '08)

Tuesday, September 02, 2008

ကျေးဇူးတင်ပါတယ် ကိုထူးတေဇာ

ထူးတေဇာ ဆိုတဲ့ ညီလေး တစ်ယောက်က Blog Day အမှတ်တရ အတွက် ရေးတာ သူ့အကြိုက်ဆုံး ဘလော့ဂ် ၅ ခုထဲမှာ ကျွန်တော့် ဘလော့ဂ်လေးကို တခုတ်တရ ရွေးချယ်လိုက်တဲ့ အတွက် အထူးကျေးဇူး တင်ကြောင်းနဲ့ အမှန်တကယ် ဆုရသလို ပျော်ရွှင်ပါကြောင်း ပြောချင်လို့ ရေးလိုက်တာပါ။ စာဖတ်သူ တချို့ကတော့ ထင်နိုင်ပါတယ်။ ထူးတေဇာဆိုတာ ဘာကောင်မို့လို့ မင်းက ဂုဏ်ယူရမှာလဲလို့။ တကယ်တော့ သူက (ဥပမာ ပြောတာပါ) ဆရာမ မေငြိမ်းတို့လို ၀ါရှိသူတွေ၊ နာမည်ကြီး ဘလော်ဂါ (အများကြီးထဲက အမြန် ရွေးလိုက်မယ်) မပန်ဒိုရာတို့ ဂျစ်တူးတို့ Degolar တို့လိုတော့ မဟုတ်ဘူးပေါ့။ ပို့စ်တွေကို ပုံမှန်တင်ပြီး စေတနာ ထားရေးတဲ့ အတွက် သူဟာနဲ့ သူတော့ ပရိတ်သတ် အခိုင်အမာ ရှိပါတယ်။

ထုံးစံ အတိုင်း ကျွန်တော်က ဘလော့ဂ်တွေကို Google Reader နဲ့ ဖတ်လာတော့ သူ့ဘလော့ဂ်ကိုလည်း ဟိုး အစကတည်းက ဖတ်ပါတယ်။ တစ်ခါတစ်လေလည်း သွားလည်ပါတယ်။ အစတုန်းက သူ့ဘလော့က မျက်စိရှုပ်စရာ ကောင်းပါတယ်။ ဒါပေမယ့် အားထုတ်ပြီး ပြင်ထားမှန်း သိသာပါတယ်။ ဒါကြောင့်ပဲ သူဘယ်လို ပြင်ထားသလဲ ဆိုတာ သတိရရင် သွားချောင်းပါတယ်။ နောက်ပြီး သူက စိတ်ဝင်စားတာကိုပဲ အမှန်တကယ်ရေးတယ်။ များသောအားဖြင့် IT အကြောင်း နည်းပညာ အကြောင်းရေးတော့ English Site တွေမှာ မဖတ်ရသေးရင် သူ့ဆီမှာ တချို့ဟာတွေ သိရပါတယ်။

သူနဲ့ ကျွန်တော်နဲ့ အခင်ကြီးလည်း မဟုတ်ပါဘူး။ သူကော်မန့်လာရေးရင် ကျွန်တော်က ပုံမှန်ပဲ ပြန်လိုက်တာပါ။ ဒီလောက်ပါပဲ။ ဒါပေမယ့် လူတစ်ယောက် အထူးသဖြင့် Blogging နဲ့ IT ကို Serious ဖြစ်တဲ့ သူတစ်ယောက်ရဲ့ တစ်နှစ်လုံးမှာမှ ၅ ခုပဲ ရွေးတဲ့ အထဲ ပါသွားလို့ ၀မ်းသာ ဂုဏ်ယူပါတယ်။ အင်္ဂလိပ် ဘလော့က ၃ ခု ဖြစ်ပြီး မြန်မာ ဘလော့ ၂ ခုပါပါတယ်။ ပိုပြီး ၀မ်းသာတာက နောက်တစ်ယောက်က ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံး ကြိုက်တဲ့ Degolar ဖြစ်နေလို့ပါ။

ကျေးဇူးတင်ပါတယ် ကိုထူးတေဇာ။

သူ့ပို့စ်ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ် - Happy Blog Day 2008

Film


Files