Wednesday, October 29, 2008

ကျွန်တော်တို့ရဲ့ Distribution Patterns

Distribution pattern တွေ သုံးပြီး ဒီကမိသားစုရဲ့ အခြေအနေကို လေ့လာကြည့်တယ်။ လောလောဆယ် ဒီမိသားစုရဲ့ ၀င်ငွေက ဘယ်လို ဖြစ်နေသလဲဆိုတော့ Pareto Distribution ပုံစံ ဖြစ်နေတယ်။


Wikipedia က ရတဲ့ ပုံတွေပဲ သုံးလိုက်တယ်။ ဂရပ်နဲ့ ဘာကို ရည်ညွှန်းချင်သလည်း ဆိုတော့ ဒီမိသားစုမှာ ၀င်ငွေများများ ၀င်တဲ့သူက နည်းပြီး ၀င်ငွေ နည်းနည်းပဲ ၀င်တဲ့သူက များနေတယ်။ ၀င်ငွေ ၀င်တဲ့သူက တစ်ဆရှာရင် အပြာရောင်၊ နှစ်ဆရှာရင် အစိမ်းရောင်... စသည် စသည်ပါ။ ဘယ်နှဆ ရှာရှာ ကျန်တဲ့ သူတွေမှာတော့ မရှိတာ/မ၀င်တာပါပဲ။ ဒါဟာ ပုံမှန် မိသားစု တစ်စုရဲ့ အခြေအနေပါပဲ။ ဒီနေရာမှာ “ပုံမှန်”ဆိုတာ Typical ကို ပြောချင်တာပါ။ Normal မဟုတ်ပါဘူး။ အခြေအနေတော့ မကောင်းဘူး ဒါပေမယ့် အများကတော့ ဒီလိုပဲလို့ ဆိုချင်တာပါ။

ကျွန်တော် လူပျိုဘ၀တုန်းက မိသားစုကလည်း ဒီလိုပါပဲ။ အိမ်မှာ အဖေတစ်ယောက်တည်း ငွေရှာတယ်။ Breadwinner က တစ်ယောက်တည်းပါ။  မိသားစုတစ်စုမှာ ၀င်ငွေက ဒီလို Distribution ဖြစ်နေရင် မကောင်းလှပါဘူး။ တိုင်းပြည် တစ်ပြည်မှာ  ချမ်းသာတဲ့ သူဘယ်လောက် ရှိသလည်းကို စာရင်း ကောက်ကြည့်လိုက်ရင် ဒီလို Distribution မျိုး ထွက်လာတတ်ပါတယ်။ အရမ်း ချမ်းသာတဲ့ သူက လက်တစ်ဆုပ်ပဲ ရှိပြီး ဆင်းရဲတဲ့ သူတွေက တစ်နိုင်ငံလုံး လိုလို ဖြစ်နေတယ်။ အထူးသဖြင့် မြန်မာပြည်လိုမျိုးမှာပါ။ ၈၀% သော ကြွယ်ဝမှုတွေကို ၂၀% သော လူတွေက ပိုင်ဆိုင်ကြတယ် လိုမျိုး ဖြစ်နေပါတယ်။ ဒါကို “၈၀-၂၀ စည်းမျဉ်း” လို့လည်း ပြောပါတယ်။

မိဘတွေနဲ့ မိသားစု (ကျွန်တော်တို့မှာက မိသားစုလို့ ပြောရင် ၃ ခုဖြစ်နေတယ်။ ကျွန်တော်တို့ ၂ ယောက်ရဲ့ ကိုယ်ပိုင် မိသားစုရယ် တစ်ယောက်ဆီဘက်က မိသားစုတွေရယ်ပေါ့) ကျွန်တော့် မိဘတွေရဲ့ မိသားစုမှာတော့ သားသမီးတွေက ကြီးလာပြီး အလုပ်တွေ လုပ်နိုင်လာကြတော့ အဲဒီ မိသားစုရဲ့ ဦးရေ-၀င်ငွေ ဂရပ်က ပုံမှန် ပြန်ဖြစ်သွားတယ်။ Normal Distribution ဖြစ်သွားတယ်။
မိသားစုဝင်တွေရဲ့ ၀င်ငွေတွေ ပြည်သူတွေရဲ့ ကြွယ်ဝမှုတွေကို ဖော်ပြတဲ့ အခါမှာ ဒီလို ခေါင်းလောင်းပုံ ဂရပ် (Bell Curve) ဖြစ်သင့်ပေမယ့် ဖြစ်နိုင်ဖို့ မလွယ်လှပါဘူး။ ဒီဂရပ်က ဘာကိုပြသလဲ ဆိုတော့ အရမ်းကြွယ်ဝသူတွေ (အပြာရင့်ရောင်) ၂ ယောက်(၂ ယူနစ်)၊ အတော်အတန် ကြွယ်ဝသူ ၂ ယောက် နဲ့ မရှိဆင်းရဲသူ ၂ ယောက် ဆိုတာကို ပြပါတယ်။ ၆ ယောက် ရှိတဲ့ မိသားစုမှာ ၂ ယောက် (ထားပါတော့ အဖေနဲ့ သား/သမီးကြီး) က ၀င်ငွေ အတော် ကောင်းပြီး ကျန်တဲ့ ၂ ယောက် (ထားပါတော့ ကျန်တဲ့ သား/သမီး ၂ ယောက်)က အတော်အတန် ၀င်ပြီး အမေနဲ့ သား/သမီးငယ်ကတော့ မ၀င်သလောက် နီးပါပဲ။ ဒီလို Distribution မျိုး ဖြစ်နေရင်တော့ ဒီမိသားစု၊ ဒီတိုင်းပြည်ဟာ အခြေအနေကောင်းပါတယ်။ ဂရပ်ရဲ့ ထိပ်က ချွန်တက်မနေဘဲ (ခပ်၀၀) ခေါင်းလောင်းပုံ ပိုကျလေ အခြေအနေ ပိုကောင်းလေပါပဲ။

နောက်ပြီး သားနဲ့ သမီးအတွက် ပုံမှန်စုနေတဲ့ ငွေကို ကြည့်လိုက်တော့ လှေကားထစ်ပုံ ဖြစ်နေပါတယ်။ ထားပါတော့ တစ်လကို ၁၀၀ စုတယ် ဆိုရင် နည်းနည်း အဆင်ပြေတဲ့ လမှာ ၁၅၀- ၂၀၀ စုတယ်။ ဘယ်လိုပဲ စုစု လှေကားထစ်ပုံ ဖြစ်နေပါတယ်။ Uniform Distribution ဖြစ်နေတယ်။

 

ဘာဖြစ်လို့ ဒီလို လှေကားထစ်ပုံ ဖြစ်နေသလဲ ဆိုတော့ လစာရတဲ့ နေ့မှာ အခြေအနေကြည့်ပြီး တစ်ခါစုလိုက်တယ်။ ပြီးတော့ ထပ်မစုနိုင်တော့ဘဲ နောက်လ လစာရတဲ့ အထိကို စောင့်နေရတယ်။ နောက်လ တစ်ခါ လစာရမှ တစ်ခါ ထပ်စုနိုင်တယ်။ ဒါတွေဟာ လခစား ကျွန်တော်လိုမျိုးအတွက် မရုန်းကန်နိုင်တဲ့ အနေအထားပါ။ ကျွန်တော်သာ ကိုယ်ပိုင်စီးပွားရေး ဥပမာ ဆိုင်တစ်ဆိုင် ဖွင့်ပြီး နေ့တိုင်း မဟုတ်တောင် တစ်လနေမှ တစ်ခါစုတာမျိုး မဟုတ်ရင် ဂရပ်ဟာ အခြေအနေ တစ်မျိုး ပြောင်းသွားနိုင်ပါတယ်။

ကျွန်တော်တို့ ၀င်ငွေကသာ အကန့်အသတ်နဲ့ ဖြစ်နေပေမယ့် တခြား ကြံဖန် ကြည်နူးစရာ ရှာကြည့်လိုက်တော့ ကျွန်တော်တို့ ဘလော့ရဲ့ Visitor တွေက အားပါးပါး ၀င်လာမစဲ တသဲသဲပဲ။ ပထမ Hit တစ်သိန်း ပြည့်ဖို့ ၁၆ လလောက် စောင့်ရေးလိုက်ရတယ်။ နောက်ထပ် တစ်သိန်း ပြည့်ဖို့တော့ ၄-၅ လလောက်နဲ့ ပြည့်မည့်ပုံ ဖြစ်နေတယ်။ Exponential Distribution လိုမျိုး ဖြစ်နေတယ်။


ဒါမျိုးကို စင်္ကာပူက မြန်မာ ဘုန်းကြီးကျောင်းတွေ သွားတုန်းက သတိထားမိတယ်။ တိုပါရိုးက ဘုန်းကြီးကျောင်းလိုမျိုးဆိုရင် လှူတဲ့သူတွေက မပြတ်ဘဲ လှူမည့်သူတွေ တနေ့တခြား များသထက် များလာတယ်။ ဆွမ်းလှူချင်ရင်လည်း ရက်ချိန်းကို အတော်ခွာယူရတယ်။ တခြား ကျောင်းလေးတွေများဆိုရင် ငွေမပြောနဲ့ ဆွမ်းလှူမည့်သူ မရှိတဲ့ နေ့တွေတောင် အများကြီးပဲ။ ဒါဟာ ရေများရာ မိုးရွာတဲ့ သဘောပါပဲ။ ဘာကြောင့် ဒီလို ဖြစ်သလည်း ဆိုတော့ တခြားသူတွေတော့ မသိဘူး ကျွန်တော့်က လှူတဲ့နေရာမှာ လှူတန်းရခြင်း ရည်ရွယ်ချက်ထက် ပကာသနတွေ ပါလာလို့ပါ။ တိုပါရိုးလို ဘုန်းကြီးကျောင်းက သပ်သပ်ရပ်ရပ်လည်း ရှိတယ်။ ဓါတ်ပုံထဲမှာ ကောင်းကောင်းမွန်မွန် မှတ်တမ်းတင်နိုင်တယ်။ သူများကို ပြလို့ ကြွားလို့ကောင်းတယ်လေ။ ပြီးတော့ အလှူတွေဘာတွေ လုပ်လို့လည်း အဆင်ပြေတယ်လေ။ ဟင်းချက်ချင်လည်း မီးဖိုဆောင်က အကြီးကြီး ပစ္စည်း ကိရိယာတွေကလည်း စုံတယ်။ ဒီလိုနဲ့ပဲ အဲဒီကျောင်းမှာပဲ အလှူတွေ ပေးနေမိတယ်။ ကိုယ့်ကို ဖိတ်တဲ့ အလှူ အားလုံးနီပါးကလည်း အဲဒီကျောင်းကပဲ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းမှ မဟုတ်ပါဘူး။ ချမ်းသာတဲ့ သူတွေကလည်း ဥစ္စာတွေ တိုးတဲ့ အခါ Exponential Distribution နဲ့ပဲ တိုးကြတာပဲ။ Fat cats are getting fatter လို့ ပြောသလိုပါပဲ။    ။

Sunday, October 26, 2008

မိသားစုသုံး Eee PC

ဒီလတော့ ဘလော့ဂ် Productivity ကျနေတယ်။ တစ်လလုံး နေလို့မှ ၅ ပုဒ် ၆ ပုဒ်နဲ့ ပြီးတော့ မလို ဖြစ်နေတယ်။ ဘလော်ဂျာကလည်း စာမူတွေ တောင်းနေတယ်။ အဟက်။ ဘလော်ဂျာက ဒီနေ့တော့ လာလည်တာ ဘယ်နှယောက်ပဲ ရှိတော့တယ် ဆိုပြီး အသိပေးသလို သတိပေးသလို လုပ်လုပ်နေတယ်။ Hit ကလည်း ထက်ဝက်နီးပါး ကျသွားတယ်။ ဒီလ အလုပ်ရှုပ်တာရော အပြင် သွားတာ များတာရော ကြောင့် ဘလော့ မရေးဖြစ်ဘူး။ အတွေးတွေကလည်း ဘလော့ဆီ မရောက်ဘူး။ တခြား ရောက်နေတယ်။ တခြားဆိုတာ အထွေအထူး မဟုတ်ပါဘူး။ ငွေရေး ကြေးရေးပေါ့။

နောက်ပြီး အဓိက အကြောင်းကတော့ ကွန်ပြူတာ ပျက်နေတာ။ TZA က သူ့ Laptop ကို ပန်ကာဖွင့်ပြီး ရေးတော့ ဒီလူတော့ Laptop ပျက်တော့မှာပဲ ပြောနေကြတာ။ ကိုပေါကလည်း သူရဲ့ ကွန်ပြူတာကြီးကို လွှတ်ပစ်လိုက်တဲ့ အကြောင်းကို ရေးပြီး သိပ်မကြာပါဘူး ဒီပုဂ္ဂိုလ်တွေဆီက ဓါတ်တွေကူးပြီး ကျွန်တော့်ရဲ့ ၃ နှစ်ခွဲကျော် အိုနေတဲ့ ကွန်ပြူတာကြီး ပျက်သွားပါရော။ အပူများပြီး CPU တွေ Power Supply Unit တွေ လောင်ကုန်တာ။


ဒီလဆန်းလောက်ကတည်းက ပျက်နေတာ။ ပြင်ရင် ကောင်းမလား အသစ်ဝယ်မလား စဉ်းစားနေတာနဲ့ မပြင်ဖြစ်ဘူး။ အဲဒါနဲ့ ဘက်ကပ် ရှိနေတဲ့ Eee Pc လေးနဲ့ ဘလော့ရတယ်။ ဒီဟာလေးက ဘာရယ် မဟုတ် အိမ်မှာ သူမနဲ့ ကျွန်တော်နဲ့ နှစ်ယောက် ရှိတာ ကွန်ပြူတာ တစ်လုံးကို လုနေရတာနဲ့ အပို ၀ယ်ထားတာ။ လုတယ် ဆိုပေမယ့်လည်း များသော အားဖြင့် ကျွန်တော်က ဘလော့ကို အကြောင်းပြပြီး မောင်ပိုင် စီးထားတာပါ။ တီဗွီမှာ ရုပ်ရှင်လာတဲ့ အချိန်လောက်ပဲ သူမက သုံးရတယ်။ အဲဒါနဲ့ အပိုတစ်လုံး ရှိအောင်ရယ် Internet မှာ အလွယ် Check စရာ ရှိ Check လို့ ရအောင်ရယ် ၀ယ်လိုက်တာ။ နို့မဟုတ်ရင် စက်ကြီးကို တချိန်လုံး ဖွင့်ထားရတယ်။

ကျွန်တော်တို့ကလည်း အင်တာနက်ကို အားကိုးတာ လွန်နေပြီ။ အင်တာနက် မရှိရင် မနေနိုင်သလို ဖြစ်နေပြီး ထစ်ကနဲဆို အင်တာနက်မှာ ကြည့်လိုက်ရမှ။ ပြီးတော့ စက်ဖွင့်တဲ့ ၄-၅ မိနစ်ကို မစောင့်နိုင်ဘူး။ ရုံးမှာ ကွန်ပြူတာ ရှေ့မှာ နေပြီး သိချင်တာတွေ မိနစ်ပိုင်းအတွင်းမှာ ရှာလို့ရတာ အကျင့်ပါနေပြီ။ ရုံးပိတ်ရက်ဆို စက်ကြီးကို တနေကုန် ဖွင့်ထားပြီး သုံးချင်ရင် ထိုင်သုံးလိုက် လိုမျိုး ဖြစ်နေတယ်။ စက်ကြီးကလည်း ကြာပြီ အိုပြီ ဆိုတော့ ပန်ကာတွေကလည်း တ၀ူးဝူးနဲ့ တစ်အိမ်လုံးကို ဆူညံနေတာပဲ။ အပိုပြောတာ မဟုတ်ဘူး။ စက်ပိတ်လိုက်ပြီးဆိုမှ သိသာတာ။ တစ်အိမ်လုံးကို တိတ်ဆိတ်သွားတာပဲ။

ပြီးတော့ လူက တီဗွီကြည့်နေရင်း အင်တာနက်ကလည်း သုံးချင်သေးတယ်။ အထူးသဖြင့် ကြော်ငြာတွေ လာတဲ့ အချိန်ဆို တီဗွီရှေ့က ထပြီး ကွန်ပြူတာ စားပွဲကို ရောက်သွားတယ်။ ကြော်ငြာပြီးပြီဆို ပြန်လာ။ ရှုပ်နေတာပဲ။ အဲဒါနဲ့ Laptop တစ်လုံးလောက် လိုချင်နေတယ်။ Laptop ကလည်း ကိုယ့်အကြိုက်ဆို ဈေးက မြောက်နေတော့ မတတ်နိုင်။ တစ်ထောင်အောက် Laptop ဆိုလည်း အကြီးကြီး အလေးကြီးနဲ့ ဘာမှလည်း သုံးလောက်အောင် Powerful မဖြစ်။ ၀ယ်နိုင်ဦးတော့ ကလေးတွေနဲ့ Laptop ကတော့ ကြာကြာ ခံမှာ မဟုတ်ပါဘူး။ အခုတောင် သမီးက ဒီ Eee PC လေး အပေါ်ကို နို့တွေ လောင်းချချင် လောင်းချနေတာ။ သူတို့ငယ်သေးရင်တော့ Laptop မှ မဟုတ်ပါဘူး ကင်မရာလိုမျိုးဆိုလည်း အကြမ်းပတမ်းခံပြီး ဈေးပေါတဲ့ ဟာမျိုးပဲ ကိုင်မှ။ ကင်မရာဆို သမီးက ယူဆော့ လွတ်ကျနဲ့ ဈေးကြီးတာမျိုး အထိမခံတာမျိုးဆိုရင် စောင့်ကြည့်နေရ ယူကိုင်ရင် ဆူနေရ စိတ်တိုရနဲ့ မဖြစ်သေးပါဘူး။


အဲဒါနဲ့ Eee PC လေးတွေကို ၄၀၀ ကျော်လောက်ဈေးချတာနဲ့ တစ်လုံး ဆွဲလိုက်တယ်။ စ၀ယ်ကတည်းက အင်တာနက် သုံးဖို့ ရည်ရွယ်ချက်နဲ့ ၀ယ်တာဆိုတော့ သိပ်ပြီး Powerful ဖြစ်စရာ မလိုဘူး။ စက်ကြီးမှာလည်း အင်တာနက်ပဲ သုံးဖြစ်တာပါ။ အဲဒါနဲ့ Nettop အနေနဲ့ ၀ယ်လိုက်တယ်။ Laptop လို စွယ်စုံသုံးလို့တော့ မဖြစ်ဘူးပေါ့။ Wifi ပါပြီး အိမ်မှာ Wireless Router သုံးတော့ အင်တာနက် သုံးရတာ အဆင်ပြေတယ်။ တီဗွီ ရှေ့ထိုင်ပြီးတော့လည်း အင်တာနက် သုံးလိုက် တီဗွီကြည့်လိုက်နဲ့ ကောင်းတယ်။

အထူးသဖြင့် အဆင်ပြေတာတော့ ကလေးအမေပဲ။ ဆိုဖာပေါ်မှာ ထိုင် ကလေးကို ရင်ထဲထည့်ထားပြီး ဘလော့ဂ်တွေ လိုက်လည်ရုံပဲ။ ကလေးနဲ့ဆို စက်ကြီးမှာ လာသုံးလို့ အဆင်မပြေဘူး။ အခုတော့ ကွန်ပြူတာ အသေးလေးနဲ့ ငြိမ်နေတာပဲ။ ဘယ်တော့ မျက်စိပျက်မလဲတော့ မသိဘူး။ ၉လက်မ Screen ပေါ်မှာ တစ်နေ့တစ်နေ့ ၃-၄ နာရီလောက် စာဖတ်တာ။ သူဘာသူ ဖတ်လိုက် ရယ်လိုက် ပြန်ပြောပြလိုက်နဲ့ ဟုတ်နေတာပဲ။ ကလေးနို့တိုက်ရင်းနဲ့လည်း ဖတ် ဆိုတော့ ကလေးက ဒစ်ဂျစ်တယ် နို့တွေတောင် စို့နေရလား မသိ။

နောက်တစ်ခု ကောင်းတာက WebCam ပါတယ်။ WebCam ဆိုတော့ Resolution ကလည်း သိပ်ကောင်းစရာ မလိုဘူး။ 1.3 Mega Pixel ဆိုရပြီ။ WebCam ပါတော့ သမီးက စင်္ကာပူမှ သူ့ကြီးကြီးတွေ တီတီတွေနဲ့ Chat တယ်။ သူတို့ကလည်း ကလေးတွေကို မြင်ရပြီး ဒီက မိသာစုပုံကို Live မြင်နေတယ်။ သမီးကလည်း သူ့တီတီတွေ ကြီးကြီးတွေ မြင်ရရင် အရမ်းပျော်တာ။ အကုန်လုပ်ပြတယ်။ ကပြတယ်။ စကားပြောတယ်။ သူ့ကစားစရာ အရုပ်တွေ ယူပြီး ပြတယ်။ ပြီးတော့ မဂ္ဂဇင်း စာအုပ်တစ်အုပ်လောက် မလေးတဲ့ Laptop လေးနဲ့ ပေါ့ပေါ့ပါးပါးရယ် Wireless Internet လည်း ပါတယ်ဆိုတော့ ကလေးတွေ ဆော့နေတာကို ကင်မရာ ရိုက်သလို လိုက်ပြီး လိုက်ရိုက်ပြလို့ ရတယ်။ တစ်အိမ်လုံးကိုတောင် Virtual Tour လုပ်ပြီး ဒါက မီးဖိုဆောင်၊ ဒါက သမီးအိပ်တဲ့နေရာ လိုက်ပြတယ်။ ကလေးတွေ ရေချိုးရင်လည်း ကြည့်ချင်လို့ ဆိုပြီး ရေချိုးတာကို စင်္ကာပူကနေ Live ကြည့်ကြတယ်။

File Storage  ကတော့ စက်ကြီးမှာ ပဲဆိုတော့ အသေးလေးမှာ ဘာမှ မသိမ်းဘူး။ သူ့မှာ ပါတာကမှ 8GB လားရယ်။ OS ထည့်လိုက်တော့ 2GB လောက်ကုန်သွားပြီ။ OS ကတော့ Windows XP ပါ။ Linux နဲ့ ဟာတွေဆို မသုံးတတ်ပြီးတော့ အဆင်လည်း မပြေလို့ XP နဲ့ဟာ ထွက်တဲ့ အထိစောင့်နေတာ။ စောင့်ရကျိုး နပ်သွားတယ်။ ပြောလို ပြောတာ မဟုတ်ဘူး။ XP က ကျွန်တော့်အတွက်တော့ အတော့်ကို ကောင်းတဲ့ OS ပါပဲ။ ကောင်းတယ်ဆိုတာ ပေါ့တယ်။ Stable ဖြစ်တယ်။ Feature တွေ Facility တွေက လိုအပ်တာ လုံလုံလောက်ပါတယ်။ စက်ကြီးမှာတော့ Vista တင်ထားပြီး အလကားပဲ။ လေးပြီး ဘာမှလည်း မသုံးဖြစ်ဘူး။ အဲဒါကြောင့်လည်း Windows XP ကို သက်တမ်းကုန်ပြီ ဆိုပြီး ကြေညာပြီးမှ ဒီလို ပေါ့ပေါ့ပါးပါး Laptop တွေမှာ သုံးဖို့ OEM Version တွေ ဆက်ရောင်းနေသေးတယ်။

Storage အတွက် 8GB က SSD (Solid State Disk) ထည့်ထားတယ်။ သမီးနဲ့တော့ အတော်ပဲ။ သမီးက စက်ကို ဖွင့်ထားတုန်း ယူသွား လျှောက်သွားနေတာ။ လွတ်ကျချင်လည်း လွတ်ကျတာ။ ရိုးရိုး Hard Disk ဆိုရင်တော့ Crush ဖြစ်မှာပဲ။ Storage အတွက် Extension အနေနဲ့ SD Card တော့ထည့်လို ရပါတယ်။ ဒါပေမယ့် တခြား Application တွေ သုံးလောက်အောင် အဆင်မပြေတာနဲ့ သိပ်မသုံးဖြစ်ပါဘူး။ Picasa 3 ဆိုတဲ့ Photo Editing Application လိုမျိုးတော့ Run လို့ရတယ်။ စက်ကြီး ပျက်နေတုန်းက တင်ထားပြီး သုံးကြည့်တာ အဆင်ပြေတယ်။ အရမ်း အလေးကြီး မဟုတ်ဘူး။

Hmmm... I'm tired of bloggingစာရိုက်ရတာတော့ Pain in the ...... neck ပါပဲ။ ကီးဘုတ်က သေးသေးလေး ခလုတ်တွေကလည်း သေးလွန်းတော့ စာရိုက်လို့ မကောင်းပါဘူး။ အင်တာနက်သုံးရင် URL တွေက ဒီလောက် ရိုက်စရာ မလိုတော့ အဆင်ပြေတယ်။ ပြီးတော့ ဟိုကလစ်လုပ် ဒီကလစ်လုပ်ဆိုတော့ ကီးဘုတ်ကို ဒီလောက် သုံးစရာ မလိုဘူး။ ကလစ်လုပ်တာတောင် သူ့မှာ ပါတဲ့ Touch Pad က အရမ်း Sensitive ဖြစ်လို့ တစ်ချက်နှိပ်ရင် နှစ်ချက်နှိပ်သလို ဖြစ်နေတယ်။ Left Key, Right Key ပါပေမယ့် မာလွန်းလို့ ကလစ်လုပ်လို့ မလွယ်ဘူး။ အဲဒါနဲ့ စက်ကြီး ပျက်နေလို့ ဒီအသေးလေးနဲ့ ဘလော့မယ် လုပ်တော့ ကီးဘုတ်ကို စိတ်မရှည်နိုင်လို့ စက်အကြီးက ကီးဘုတ်နဲ့ Mouse ကို ယူသုံးရတယ်။ ဒီတစ်လလုံး လိုလို ဒီလိုပဲ ဘလော့ဂ်ခဲ့ရတာ။ ဖြစ်ချင်တော့ ရုံးမှာလည်း အင်မတန် အလုပ်ရှုပ်နေတော့ ဘလော့ရေးဖို့ နေနေသာသာ ကောမန့်တွေဘာတွေလည်း မပြန်နိုင် ဖြစ်နေတယ်။

နောက်တစ်ခု သိပ်မသုံးပေးမယ် တစ်ခါတစ်လေ သုံးဖြစ်တာ `အောက်စက်´  အနေနဲ့ သုံးတာ။ အိမ်က တီဗွီက LCD ဆိုတော့ ကွန်ပြူတာနဲ့ ချိတ်လို့ ရတယ်။ များသောအားဖြင့်တော့ ဓါတ်ပုံတွေ Slide Show လုပ်ကြည့်တာ၊ လူကြီးတွေကို ပြတာပါ။ သမီးပုံတွေ၊ ခရီးသွားတဲ့ ပုံတွေကို Screen အကြီးမှာ ပြန်ကြည့်ရတာ ကောင်းတယ်။

Eee PC လေး တစ်လုံး ၀ယ်ထားတာ အတော်ကို အဆင်ပြေပါတယ်။ ကျွန်တော်လည်း စက်ကြီးကို အပိုင်ရလိုက်တယ်။ သူမလည်း ကလေးတစ်ဖက် ကွန်ပြူတာ တစ်ဖက်နဲ့ ငြိမ်နေတာပဲ။ သမီးကလည်း ဆော့ချင် ဆော့သေးတယ်။

တခြားဖတ်ရန် -
ဆားပုလင်း Wives 
Asus Eee PC S101 (ထူးတေဇာ)
WindowsXP OS ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီ  (ထားဝယ်သား)

Sunday, October 19, 2008

ကင်ဘာရာ ခရီးစဉ် - Parliamentary Triangle

ပါလီမန် အဆောက်အဦးကနေ ထွက်ပြီးတော့ Questacon ကို သွားတယ်။ Questacon ဆိုတာ Science Centre ပါ။ စင်္ကာပူက Science Center လိုပါပဲ။ အထဲမှာ ထူးထူးဆန်းဆန်းလေးတွေ ရှိတယ်။ ကင်ဘာရာ မှာ လျှောက်လည်သမျှမှ ဒီတစ်နေရာမှာတော့ ၀င်ကြေးပေးရတယ်။ ကလေးတွေ အတွက် လုပ်ထားတယ် ဆိုပေမည့် လူကြီးတွေ အတွက်လည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ သွားလည်ကြတဲ့ ကလေးတွေက အကုန် ငယ်သေးတော့ သူတို့ အတွက်တော့ စိတ်ဝင်စားစရာ ကောင်းပေမယ့် နားလည်တယ်တော့ မဟုတ်ဘူးပေါ့။ တခြားကလေးတွေ ဆော့နေတာတွေ့ရတော့ သူတို့ အတွက် ပျော်စရာ ကောင်းပါတယ်။

ပြီးတော့ Australian War Memorial ကို သွားကြတယ်။ ရန်ကုန်က စစ်သမိုင်း ပြတိုက်လိုပေါ့။ အထဲမှာ အတော့်ကို စုံလင်ပြီး ကြည့်မဆုံးနိုင်အောင် ရှိလှပါတယ်။ ပြကွက်တွေကလည်း စိတ်ဝင်စားစရာ ကောင်းပြီး တကယ် လေ့လာသူတွေ အတွက်ဆိုရင် အင်မတန်ကောင်းပါတယ်။ တကယ်တော့ ဒီအဆောက်အဦးဟာ သြစတြေလျ စစ်သမိုင်း အောက်မေ့ဖွယ် အတွက်ပါ။ ပြတိုက်က စုံလင်ပြီး ကြည့်လို့ ကောင်းပေမယ် ပြတိုက်ဟာ အဓိက ရည်ရွယ်ချက် မဟုတ်ပါဘူး။ အဆောက်အဦး ပုံစံကြီးကိုက ကြည့်လိုက်ရင် ဂူဗိမ္မာန် အကြီးစားလိုပါပဲ။ အရောင်ကလည်း မှိုင်းပြပြနဲ့ အောက်မေ့ဖွယ် ကောင်းလှပါတယ်။ ဒီအဆောက်အဦးရယ်၊ ပါလီမန်ရယ်က တတန်းတည်း ရှိနေပါတယ်။ ပါလီမန်ကနေ လှမ်းကြည့်လိုက်ရင် တောင်ခြေမှာ မှိုင်းပြပြနဲ့ မြင်နေရသလို၊ ဒီဘက်ကနေ လှမ်းကြည့်လိုက်ရင်လည်း ပါလီမန်ကို ၀င့်ဝင့်ကြွားကြွား မြင်နေရပါတယ်။ အဆောက်အဦးတွေ ပုံစံကို ကြည့်ရုံနဲ့ အတိတ်နဲ့ မျက်မှောက်ကာလကို ပီပီပြင်ပြင် ခံစားရနိုင်ပါတယ်။

 
ဒီအဆောက်အဦးတွေက တတန်းတည်း ပေမယ့် တကယ် နာမည်ကြီးတာကတော့ `ပါလီမန် တြိဂံ´ (Parliamentary Triangle) ပါ။ ပါလီမန် တြိဂံ ဆိုတာ ပါလီမန် အပါအ၀င် အဆောက်အဦး ၃ ခုက (ဖိုခုံလောက်) ဖိုခုံနောက်ဆိုင်သလို တည်ရှိ တည်ဆောက်ထားတာပါ။ ပါလီမန် အဆောက်အဦးက ကြိဂံ ထိပ်မှာ ရှိပြီး အခြေမှာ မြို့တော်ခန်းမနဲ့ စစ်ဦးစီချုပ်ရုံးက တည်ရှိနေတာပါ။
 
အဓိပ္ပါယ်ကတော့ အထွေအထူး ရှင်းပြစရာ မလိုပါဘူး။ `တပ်မတော်သာ အမိ တပ်မတော်သာ အဖ´ ဆိုပြီး စစ်တပ်ကို ဦးထိပ်တင်စေတာ စစ်အစိုးရ ဖြစ်နေတာ မဆန်းသလို၊ စစ်တပ်၊ ပြည်သူနဲ့ အစိုးရဟာ ဖိုခုံနောက်တွေလို နိုင်ငံ တစ်နိုင်ငံလုံးကို ပင့်ထောက် မတင်စေတယ် ဆိုပြီး သြစတြေလျ အစိုးရ ရုံးစိုက်ရာ ကင်ဘာရာမှာ ပါလီမန် တြိဂံကို အကွက်ချထားတာပါ။  ဒီပုံမှာ အညိုရောင်လိုင်းဟာ Land Axis (ကုန်းမြေ ၀င်ရိုးတန်း)ပါ။ ကုန်းမြေ ၀င်ရိုးတန်း တလျှောက်မှာ စစ်သမိုင်း အောက်မေ့ဖွယ်ရာ ပြတိုက် ရှိရာ Mount Ainslie ၊ ပါလီမန် အဆောက်အဦး ရှိရာ Capital Hill နဲ့ သူ့နောက်က Red Hill နဲ့ Mount Bimberi တို့ တတန်းတည်း တည်ရှိနေပါတယ်။ အပြာရောင် လိုင်းကတော့ Water Axis ပါ။ ရေပြင် ၀င်ရိုးတန်း တလျှောက်မှာတော့ Lake Burley Griffin ရှိပါတယ်။ ဒီရေကန်ရဲ့ နာမည်က ကင်ဘာရာ မြို့ကို အကွက်ချ တည်ပေးခဲ့တဲ့ အမေရိကန် ဗိသုကာရဲ့ နာမည်ကို ဂုဏ်ပြုပြီး ပေးထားတာပါ။ ကင်ဘာရာက ပါလီမန် တြိဂံဟာ ၀ါရှင်တန် ဒီစီကို အမှတ်ရစေပါတယ်။

အမေရိကန် အစိုးရ ရုံးစိုက်ရာ ၀ါရှင်တန် ဒီစီကို ကျွန်တော် ၂ ခေါက် သွားလည် ဖြစ်ပါတယ်။ အင်မတန်ကြိုက်ပြီး တစ်သက် မမေ့စရာ ခရီးတစ်ခုပါပဲ။ Smithsonian Station ကနေ တက်လိုက်တာနဲ့ Capitol အဆောက်အအုံကြီးကို ဘွားကနဲ့ တွေ့လိုက်ရတာကို မှတ်မိပါသေးတယ်။ မရောက်ဖူးခဲ့ပေမယ့် ဟောလီးဝုဒ် ရုပ်ရှင်တွေမှာ ကြည့်ပြီး ရင်းနှီးနေတဲ့ Capitol အဆောက်အဦးကြီးကို ပထမဆုံး အကြိမ်ဆိုတော့ အတော့်ကို ကြီးကျယ်ခမ်းနားတာပါ။ ကြည့်နေလို့ မပြီးသေးဘူး အနောက်ကို လှည့်ကြည့်လိုက်ပါဦး ဆိုလို သမင်လည်ပြန် လှည့်ကြည့်လိုက်တော့ ၀ါရှင်တန် အထိမ်းအမှတ် ကျောက်တိုင်ကြီးကို တွေ့လိုက်ရ ပြန်ရော။ နောက်တော့ မြေပုံ ကြည့်လိုက်မှ အဆောက်အဦးတွေ တည်ရှိနေပုံကို အသေအချာ တွေ့လိုက်ရတာပါ။


ဒီပုံမှာ နာရီ လက်တံလို ကြည့်မယ်ဆိုရင် ဗဟိုမှာ Washington Monument ကျောက်တိုင် ရှိပါတယ်။ ၁၂ နာရီမှာ အိမ်ဖြူတော် ရှိပြီး ၃ နာရီမှာ Capitol အဆော်အအုံကြီး တည်ရှိပါတယ်။ အောက်ခြေမှာတော့ Jefferson Memorial တည်ရှိပါတယ်။ မြစ်ဝှမ်းတစ်ခုက ရေအိုင်လိုမျိုး ဖြစ်နေပြီး အဲဒီနား တ၀ိုက်က သာသာယာယာ ရှိလှပါတယ်။ တဖက်မှာတော့ ပိုတိုမက် မြစ်ကမ်းမှာ Lincoln National Memorial က ခန့်ခန့်ညားညား တည်ရှိပါတယ်။
...AND THAT GOVERNMENT OF THE PEOPLE, BY THE PEOPLE, FOR THE PEOPLE SHALL NOT PERISH FROM THE EARTH.
ဆိုပြီး အဆုံးသပ်တဲ့ လင်ကွန်းရဲ့ မိန့်ခွန်းကို ကျောက်ပြားမှာ ရေးထိုးထားပါတယ်။ Lincoln Memorial နဲ့ ဗဟိုက Washington Memorial ကြားမှာ Reflecting Pool ရှိပြီး ကန်ထဲမှာ ကျောက်တိုင် အရိပ်ကို လှမ်းမြင်နေရပါတယ်။ Forrest Gump ထဲမှာ ဗီယက်နမ် စစ် ဆန့်ကျင်ရေး တရားဟောနေတုန်း သူ့ကောင်မလေး Jenny ရေထဲကနေ တက်လာတဲ့ နေရာပေါ့။ Google Maps မှာ "Washington D.C" ဆိုပြီး ရှာကြည့်ပြီး Virtual Tour လုပ်ကြည့်မယ်ဆိုရင် အသေအချာ မြင်ရပါတယ်။ တစ်ခါတည်း အနားမှာ ရှိတဲ့ Pentagon အဆောက်အဦးကို ရှာကြည့်လိုက်ပါဦး။ အဆောက်အဦးက ဘာပုံစံ ရှိတယ်၊ ဘယ်နားမှာလည်း ဆိုတာကိုတော့ စိတ်ဝင်စားဖို့ကောင်းအောင် ထိန်ချန်ထားလိုက်ပါမယ်။

PutraJaya Square
ကင်ဘာရာလို Planned City တစ်ခုကတော့ မလေးရှားနိုင်ငံက Putra Jaya ဆိုတဲ့ အစိုးရ ရုံးစိုက်ရာ မြို့ပါ။ ငွေကို သောက်သောက်လဲ အကုန်ခံပြီး ဆောက်ထားတာပါ။ လူလုပ် ရေကန်တွေနဲ့ ကြည့်ကောင်းပါတယ်။ ကွာလာလမ်ပူနဲ့ နီးနီးနားနားမှာ တည်ရှိတာ ကောင်းတဲ့ အချက်ပါ။ သူကလည်း Australia Capital Territory တို့လို၊ Washington DC တို့လို ပြည်နယ်တစ်ခု သပ်သပ်ပါပဲ။ မလေးထုံးစံ အငွေ့အသက်တွေနဲ့ အဆောက်အဦးတွေကို အသေအချာ ဒီဇိုင်းထုတ် ဆောက်လုပ်ထားတာ တွေ့မိပါတယ်။ ကျွန်တော်တို့ (ကလေးတွေ မရှိတုန်းက လွတ်လွတ်လပ်လပ် အဟဲ) သွားလည်တုန်းက ရောက်ဖူးတယ် ဆိုရုံပဲ ရောက်ခဲ့ပါတယ်။ အသေအချာ လည်ပတ်လိုက်ဖို့ အခွင့်အရေး မရလို့ စုံနှံ့အောင်တော့ မရောက်လိုက်ပါဘူး။ ကြည့်လိုက်ရုံနဲ့တော့ ကြိုက်ပါတယ်။ တလောကတော့ အဲဒီက အဆောက်အဦးတွေမှာ မျက်နှာကျက် ပြိုကျတာတို့ ရေယိုတာတို့ ဖြစ်လို့ မျက်နှာပျက်ရတဲ့ သတင်းတွေတော့ ကြားမိပါတယ်။ ဘာလိုပဲဖြစ်ဖြစ် အဲဒီမြို့ကိုလည်း ကြိုက်ပါတယ်။

မြို့ကွက်တွေ အကြောင်း ပြောရာမှာကိုယ့်နိုင်ငံ အကြောင်းလည်း ချန်ထားလို့ မဖြစ်ချေဘူး။ မြန်မာပြည်မှာလည်း မကောင်းသည် ဖြစ်စေ အသုံးမကျသည် ဖြစ်စေ တကယ့် အစိုးရဆိုတာ ရှိတုန်းက အမတ်တွေ လွှတ်တော်တက်တဲ့ ပြည်သူ့လွှတ်တော်ကို တီဗွီမှာ ကြည့်ဖူးတာ ရေးရေး မှတ်မိပါတယ်။ နောက်ပိုင်းမှာတော့ အနည်းဆုံးတော့ ပြည်ထောင်စုနေ့ ညစာစားပွဲတို့၊ ကျောင်းသားတွေကို စာစီစာကုံး ဆုပေးပွဲ လုပ်တဲ့ အခါမှာတော့ လွှတ်တော် ခန်းမကို မမြင်ရပေမယ့် ပြည်သူ့ လွှတ်တော်ကိုတော့ အနည်းအကျဉ်း မြင်ရပါသေးတယ်။ ဗိသုကာ ကျောင်းသူတစ်ယောက်ရဲ့ ဆုရ လက်ရာ ပြည်သူ့လွှတ်တော်ဟာ ဂန္ဓ၀င်အဆောက်အအုံ ဒီဇိုင်း မမည်လောက်ပေမည့် သူ့ဟာနဲ့ သူတော့ မဆိုးလှပါဘူး။ အမိနိုင်ငံကို ကိုယ်စားပြု နတ်သမီးပုံ ရုပ်ထုနဲ့ အတွင်းဘက် ဒီဇိုင်းတွေဟာ ထိပ်ဆုံး မရောက်ပေမည့် စံတော့ မီပါတယ်။


မြန်မာပြည်က (ယခင်) ပြည်သူ့ လွှတ်တော် အဆောက်အဦးကလည်း ဗုဒ္ဓဘာသာ တိုင်းပြည်ပီပီ ရွှေတိဂုံ ဘုရားနဲ့ တတန်းတည်းမှာ ရှိနေပါတယ်။ ဒါကတော့ ဗိသုကာဆိုင်ရာ လက်ရာပါ။ဘုရား ရှေ့ထားပြီး လွှတ်တော် ခေါ်တိုင်း ထောက်ခံမဲတွေ အုံးအုံးကျွက်ကျွက် လိမ်ညာ ပေးခဲ့ကြတာကတော့ နိုင်ငံရေးပါ။ အခုလည်း စစ်အစိုးရက မြို့တော်ကို ပျဉ်းမနားအနီး ပြောင်းရွှေ့ပြီး မြို့သစ်တည်တာ ဘာကြောင့်မှန်း နားမလည်လောက်ပေမည့် ကုန်ကျသမျှ ပိုက်ဆံတွေဟာ အကျိုးရှိရှိ အဓိပ္ပါယ်ရှိရှိ အဆင့်အတန်း ရှိရှိတော့ ဖြစ်သင့်ပါတယ်။

ဒါတွေဟာ ကျွန်တော်ကြုံဖူးတဲ့ စိတ်ဝင်စားပြီး နှစ်သက်ခဲ့တဲ့ အဆောက်အဦးတွေ တည်ရှိပုံပါ။ ကင်ဘာရာ ခရီးမှာ ပန်းတွေဟာ သူမတို့ အဘွား၊ အမေ၊ သမီးတွေအတွက် ပျော်ရွှင်ကြည်နူးဖွယ် ဖြစ်ခဲ့သလို မြို့တည်ထားပုံ၊ အဆောက်အဦးတွေဟာလည်း ကျွန်တော်အတွက် စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ပါတယ်။ ကင်ဘာရာမှာ တခြားလည်စရာတွေ အများကြီး ကျန်သေးပေမယ့် ကလေးတွေနဲ့ သွားတာဆိုတော့ အချိန်မပေးနိုင်လို့ နောက်အခေါက်တွေ သွားလည်ရပါဦမယ်။

Tuesday, October 14, 2008

ရွှေမျိုး ကန်တော့ပွဲ

အမေတို့မှာ မောင်နှမ ၉ ယောက် ရှိတယ်။ အစ်ကို အကြီးဆုံးက ၂ ယောက်နဲ့ ကျန်တာတွေက ညီအစ်မတွေ။ မှတ်ရတာ များလွန်းလို့ “ဌေး” ၂ “ဌေး”၊ “မြင့်” ၃ “မြင့်”၊ “ခိုင်” ၄ “ခိုင်” ဆိုပြီး အဘိုးက မှတ်ထားတယ်။ အဖိုးကတော့ ဆုံးသွားပါပြီ။ အဖွားက အသက် ၈၂ ရှိပြီ။ အမေတို့ မောင်နှမတွေ အဘွားအိမ်မှာ ဆုံဖြစ်တယ်။ အဘွားအိမ်မှာက စနေ၊ တနင်္ဂနွေဆို သားသမီး တစ်ယောက် မဟုတ် တစ်ယောက်လာလည်တယ်။ မြေးတွေလည်း ပါလာတယ်။ အဘွားမှာ မြေး ၂၂ ယောက်၊ မြစ် ၉ ယောက် ရှိတယ်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်ဝမ်းကွဲတွေကလည်း အရင်းတွေလိုပဲ ချစ်ခင်ကြတယ်။ အဘွားအိမ်မှာ ဆိုရင် ရုံးရုံး ရုံးရုံးနဲ့ တွေ့ကြ နေကြတာ။ ညီအစ်ကို တ၀မ်းကွဲတွေက LAN Game ဆော့ရင်ဆော့၊ (အဘွား မသိအောင် အပေါ်ထပ်မှာ) အရက်ခိုးသောက်ရင် သောက်၊ ရိုးရိုးတန်းတန်း ဆုံရင်ဆုံ။ အလုပ် ကိစ္စ ဆုံရင်ဆုံ။ အဒေါ်တွေက ဟင်းတွေ တစ်မျိုး မဟုတ် တစ်မျိုး ချက်စားကြတယ်။ အဒေါ်တွေကလည်း တစ်ယောက် တစ်မျိုး ဟင်းချက် တော်ကြတယ်။ ၂ လုံး ၃လုံး ခေတ်စားတုန်းက တွက်ကြတယ်။ ထိုးကြတယ်။။ သင်္ကြန်တို့၊ Happy New Year တို့ဆို စုံတတ်တယ်။ ဒါပေမယ့် အမေတို့ မောင်နှမ ၉ ယောက်စလုံး တချိန်တည်း စုံဖြစ်တာ ရှားတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ မင်္ဂလာဆောင်တုန်းကတော့ ဆုံကြတယ်။

DSC04710သီတင်းကျွတ်ပြီ ဆိုရင်တော့ အဘွားအိမ်မှာ အမေတို့ မောင်နှမတွေ အားလုံး ဆုံဖြစ်ကြတယ်။ အဘွားကို ကန်တော့ကြဖို့။ အဲဒီနေ့ဆိုရင် တစ်ခုခု ချက်ထားကြတယ်။ အမေတို့ ညီအစ်ကို မောင်နှမတွေရော၊ မြေးတွေ၊ မြစ်တွေရော ဆုံကြတယ်။ တစ်အိမ်လုံးကို ပြည့်ပြီး ဆူညံနေတာပဲ။ သူ့အုပ်စုနဲ့ သူ စုပြီး တူရာ စိတ်ဝင်စားရာ ပြောကြတယ်။ အားလုံး စုံပြီဆိုရင် အဘွားကို အရင်ဆုံး ကန်တော့ကြတယ်။ တစ်ယောက် တစ်မျိုးစီ ယူလာတဲ့ ပစ္စည်းတို့၊ ပိုက်ဆံထည့်ထားတဲ့ စာအိပ်တို့ကို ရှေ့မှာ စုပုံလိုက်ပြီး ကန်တော့ကြတယ်။ အဘွားက ဆုတွေ၊ ဘာတွေ ပေးပြီး အားလုံးကို မုန့်ဖိုး ပြန်ပေးတယ်။ အဘွား မုန့်ဖိုး ပေးရင်တော့ ဆွေမျိုးတွေ အကုန်လုံး အများကြီးကို ပေးရတာ ဆိုတော့ အတန်သေးပေါ့။ တစ်ခါတစ်လေ ပိုက်ဆံကျဲတယ်။ သီတင်းကျွတ်မှာ ကျဲဖို့ဆိုပြီး ပိုက်ဆံကို အထုပ်လိုက် လဲထားရတယ်။ အကုန်လုံး လုကြ ကောက်ကြနဲ့ ပျော်စရာပဲ။ အသက် ၅၀ ကျော် ကျွန်တော်တို့ ဘကြီးတွေ၊ ကြီးတော်တွေလည်း အဘွားနဲ့ တွေ့ရင် ကလေးတွေပဲ။ ပြီးရင် ငါက ဘယ်လောက်ရတယ်။ သူက ဘယ်လောက် ရတယ် တွက်ကြရော။

သီတင်းကျွတ် ကန်တော့တဲ့ နေ့မှာတော့ အပြင်လူ မပါတတ်ဘူး။ အဘိုး ရက်လည် လိုမျိုး ဆိုရင် ဘုန်းကြီးတွေ ဆွမ်းကပ်တာမျိုး လုပ်ရင်တော့ အပြင်လူ ပါတယ်။ အမေတို့ မောင်နှမတွေ၊ မြေးတွေ၊ မြစ်တွေ အပြင် ဆိုင်ရာဆိုင်ရာရဲ့ အသိတွေ၊ သူငယ်ချင်းတွေပါ ပါတတ်တယ်။ သားသမီးတွေ မြေးတွေရဲ့ ရုံးက သူငယ်ချင်းတွေကလည်း အဘွားနဲ့ သိနေပြီ။ အဘွား သူငယ်ချင်းတွေလည်း ပါတတ်တယ်။ မြေးတွေကလည်း သူတို့ရဲ့ အတွဲတွေကို ဒီလိုနေ့မှာဆိုရင် အမျိုးတွေနဲ့ မိတ်ဆက်ပေးဖို့ အတော်ပဲ။ ကျွန်တော်လည်း သူမကို ဒီလိုပွဲမျိုးမှာ အမျိုးတွေကို မိတ်ဆက်ပေး အပ်ပေးလိုက်တယ်။ တစ်ယောက်ချင်း လိုက်ပြပြီး ဒါက ဘယ်သူ။ ဟိုဟာက ဘယ်သူ မိတ်ဆက်ပေးတယ်။

သီတင်းကျွတ် လပြည့်နေမှာ အဘွားကို ကန်တော့ပြီးရင် အဘွားက ကန်တော့ခံ (စင်မြင့်တော့ မဟုတ်ဘူး) ထိုင်ခုံကနေ ဆင်း။ ပြီးတော့ အမေရဲ့ အစ်ကို အကြီးဆုံး ဘကြီးကနေ စပြီး တစ်ယောက်ပြီး တစ်ယောက် ခုံပေါ်ထိုင်။ အောက်က ညီအစ်မတွေ (အန်တီတွေ)၊ တူ၊ တူမတွေ၊ မြေးတွေ မြစ်တွေက ဆက် ကန်တော့ လုပ်ကြတယ်။ အရင်တုန်းကတော့ ဦးကြီး ဒေါ်ကြီးတွေပဲ။ အခုတော့ မြေးတွေထဲမှာလည်း အရွယ်ရောက်ပြီး အိမ်ထောင်တွေ ဘာတွေကျ၊ သားသမီးတွေ ရလာပြီ ဆိုတော့ မြေးအကြီးတွေပါ ပါလာပြီ။ ကြီးသူကို ငယ်သူက တစ်ယောက်ပြီး တစ်ယောက် ကန်တော့ကြတာမျိုး။

ကန်တော့ဖို့ ပစ္စည်းတွေကိုလည်း တခါတည်း ပြင်လာရတယ်။ အဘွားကိုတော့ ပိုက်ဆံတွေ ဘာတွေ ကန်တော့ကြပြီး အမေတို့ မောင်နှမတွေကတော့ အချင်းချင်း ကော်ဖီမစ်တို့ ဘာတို့လိုမျိုးနဲ့ ကန်တော့ကြတာ။ မောင်နှမတွေ ကန်တော့ကြတာဆိုတော့ တန်ဖိုးက အဓိက မဟုတ်ဘူး။ ကန်တော့ရန် အဓိကပဲ။ မြေးတွေ အလှည့်မှာတော့ ဒီအတိုင်းပဲ ဖြစ်သွားရော။ ကန်တော့ခံရပြီ ဆိုရင်တော့ မုန့်ဖိုး ပေးဖို့သာ ပြင်ထားတော့။ အဘွားကနေ စပြီး မုန့်ဖိုး ပေးလိုက်တာ ဦးကြီး ဒေါ်လေးတွေပြီးရင် ကျွန်တော်တို့ မောင်နှမ တ၀မ်းကွဲတွေ အထိ မုန့်ဖိုးပေးကြတာဆိုတော့ အငယ်ဆုံးတွေကတော့ ထောကြောပဲ။ ကလေးတွေက တစ်ယောက်ကို ကန်တော့လိုက် မုန့်ဖိုးရလိုက် နောက်တစ်ယောက် ကန်တော့လိုက် မုန့်ဖိုးရလိုက်နဲ့ တစ်ထိုင်တည်းမှာ အများကြီး ရသွားတယ်။ စိတ်ထဲမှာလည်း ဘယ်လောက်ရ သွားပြီး ပေါင်းလိုက် ရေကြည့်လိုက်နဲ့ ငါတော့ ဘယ်လောက် ရပြီဆိုပြီး ပြောတဲ့ ကလေးကလည်း ပြောကြနဲ့ ပျော်ရွှင် ဆူညံနေတာပဲ။

အားလုံး စုံနေတော့ အဘွား အပြင် တခြား ဦးကြီး ဒေါ်လေးတွေ ကန်တော့ဖို့ သပ်သပ် သွားစရာ မလိုတော့ဘူး။ တထိုင်တည်းမှာ အားလုံး ကန်တော့ပြီးသား ဖြစ်သွားတယ်။ ဆွေတွေ မျိုးတွေလည်း ဆုံတွေ့ရတယ်။ ပြီးရင် အစားအသောက် အစုံ စားကြရော။ အရင်တုန်းကတော့ မြေးအလတ်တွေ များတယ်။ အခုတော့ မြေးအလတ်တွေ တော်တော်များများက နိုင်ငံခြား ရောက်ကုန်ကြတယ်။ နိုင်ငံခြားဆိုတာလည်း အဓိကတော့ စင်္ကာပူပေါ့။ မြန်မာပြည်မှာ လုပ်စား ကိုင်စားဖို့ မတတ်ကြတော့လည်း ဒီလို ပျော်စရာ ဆွေတွေ မျိုးတွေနဲ့ ခွဲပြီး အဝေးရောက်နေကြရတယ်။ မြန်မာပြည်ကို လွမ်းတဲ့ အထဲမှာ အဲဒီ ရွှေမျိုးတွေကလည်း ထပ်ဆုံးက ပါတယ်။

ဒီနှစ် ကန်တော့ကြတဲ့ ပုံတွေ ပို့ပေးလိုက်လို့ ကြည့်ပြီး အဝေးကနေ ကုသိုလ် ပွားရသေးတယ်။



တခြားဖတ်ရန် - အမေ့အကြောင်းတွေ

Sunday, October 12, 2008

ကင်ဘာရာ ခရီးစဉ် - ပါလီမန် အဆောက်အဦး

နောက်တစ်နေကျတော့ ဟိုတယ်မှာ မနက်စာ စားပါတယ်။ မနက်စာက မဆိုးပါဘူး။ မနက်စာ စားပြီးတော့ ၈ နာရီ ထိုးနေပြီ။ ဒါပေမယ့် ဖြစ်ချင်တော့ Day Light Saving က အဲဒီနေ့မှာ စတော့ တစ်နာရီ ရှေ့တိုးလိုက်ရတဲ့အတွက် ၉ နာရီ ဖြစ်သွားတယ်။ ဒါနဲ့ ကင်ဘာရာ ရောက်ပြီး ပါလီမန် အဆောက်အအုံကို မရောက်လို့ မဖြစ်ဘူးဆိုတော့ အဲဒီကို အရင် သွားကြတယ်။ ကမ္ဘာ့တောင်ဘက်မှာ အကြီးအကျယ်ဆုံး အဆောင်အဦးတွေထဲက တစ်ခု ဖြစ်ပြီး ၁.၁ ဘီလီယံကျော် အကုန်အကျခံ ဆောက်ထားတာ ဆိုတော့ သွားကြည့်မှ ဖြစ်မယ်။ မနေ့ညကတော့ ညဖက် ဓါတ်ပုံ ရိုက်ဖို့ ဆိုပြီး တစ်ခေါက် သွားကြသေးတယ်။ ဟိုတယ်နဲ့ နီးနီးလေး ဆိုတော့ ခဏအတွင်း ရောက်သွားပါတယ်။

ပါလီမန် အဆောက်အဦးတွေမှာ သူ့ဝိသေသနဲ့ သူ ရှိပါတယ်။ ဗဟို တရားရုံးတို့လို ရုံးအဆောက်အဦးတွေ (ဥပမာ ပင်တဂွန်) ကဲ့သို့ တခြား အဆောက်အဦးတွေလို မဟုတ်ဘဲ ပါလီမန်အတွင်းမှာ လုပ်ဆောင်ရမည့်တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်း ရှိရပါမည်။ ပါလီမန်ဟာ ပြည်သူလူထုကို ကိုယ်စားပြုရပါမည်။ ပါလီမန်မှာ တရားဥပဒေ ရေးဆွဲ ပြဌာန်းနိုင်ရပါမည်။ ရွေးကောက်ပေးထားတဲ့ အစိုးရကို အတည်ပြု ဖွဲ့စည်းနိုင်ပါသည်။ အဲဒီ အစိုးရကို ကြီးကြပ် ကွပ်ကဲနိုင်ရပါမည်။

ပါလီမန် အဆောက်အအုံကြီးက အင်မတန်ကြီးပေမယ့် ထုကြီး ထည်ကြီးနဲ့ ပုံတုံးတုံးကြီး ချဆောက်ထားသလို မဟုတ်ပါဘူး။ ကား အစင်း ၂၀၀၀ ရပ်နိုင်တဲ့ နေရာတွေကိုလည်း အောက်မှ မြှုပ်ထားပါတယ်။ ပြောရမယ်ဆို ပင်တဂွန် အဆောက်အအုံနဲ့ လုံးဝပြောင်းပြန်ပေါ့။ အထူးခြားဆုံး အမြင်သာဆုံး အချက်ကတော့ အဆောက်အအုံ အလယ်ထိပ်မှာ အလံတိုင် အကြီးကြီး ရှိတာပါပဲ။ အဝေးကနေ ကြည့်လိုက်ရင် အဆောက်အဦးရယ်လို့ မမြင်ရဘဲ Capital Hill တောင်ကုန်းပေါ်မှာ ဧရာမ အလံတိုင်ကြီးကိုပဲ မြင်ရပါတယ်။ အလံတိုင်ကြီးက ၈၁ မီတာမြင့်ပြီး အလံရွက်က တင်းနစ်ကွင်း တ၀က်ကျော်ရှိပါတယ်။ မျက်နှာစာကို လက်နဲ့ ဖြတ်ထားတဲ့ ဂရက်နိုင် ကျောက်ပြားတွေနဲ့ (Aborigin) ပြည်ရင်းသား အနုပညာရှင်ကိုယ်တိုင် ဦးဆောင်ပြီး အလှဆင်ထားတာပါ။ (Indigenous) ဒေသခံတွေကို အလေးထားတယ် ဆိုတာပြထားတာပါ။

ပါလီမန် အဆောက်အအုံ အသစ်ကြီးကို ၁၉၈၈ မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး သူ့အရင်က ယာယီဆိုပြီး ဆောက်ထားတဲ့ ပါလီမန် အဆောက်အအုံ ရှိခဲ့ပါသေးတယ်။ အသစ်ရယ်၊ (Provisional Paliament House) အဟောင်းရယ်၊ (Australia War Memorial) သြစတြေလျ စစ် အထိမ်းအမှတ် အဆောက်အဦးက တတန်းတည်းပါ။ ရွှေတိဂုံရယ်၊ ပြည်သူ့ ရင်ပြင်ရယ်၊ လွှတ်တော်ရယ် တတန်းတည်းလိုပေါ့။ အသစ်ကြီး ဆောက်ပြီးတော့ ယာယီ ဆောက်ထားတဲ့ ပါလီမန် အဆောက်အအုံက နှစ်ခုကြား တည့်တည့်မှာ ကန့်လန့် ကန့်လန့် ဖြစ်နေလို့ ဖြိုချမလို့ လုပ်ပြီးမှ သမိုင်းဝင် အဆောင်အဦး ဆိုတော့ မဖြိုချရက်လို ထားထားပြီး ပြတိုက်နဲ့ ပန်းချီပြခန်း အဖြစ် ဆက်လက် ထိန်းသိမ်းထားပါတယ်။ ဒီပုံမှာ ကျွန်တော်တို့က ပါလီမန် အဆောက်အဦး အသစ်ကို မျက်နှာမူနေတာ ဖြစ်ပြီး နောက်က ဖြူဖြူ အဆောက်အဦးဟာ ပါလီမန် အဟောင်းပါ။ ဟိုးအဝေးက တောင်ခြေမှ မှိုင်းပြပြ အဆောင်အဦးဟာ စစ်သမိုင်းပြတိုက်ပါ။ ယာယီ ပါလီမန် အဆောက်အဦးတုန်းက နှစ် ၅၀ သုံးနိုင်မည် ဆိုပြီး တွက်ချက် ဆောက်ခဲ့ပေမည့် ၆၁ နှစ် သုံးလိုက်ရပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ အမတ်တွေများ လုပ်ဆောင်ချက်တွေ များလာတော့ ကျပ်ကျပ်တည်းတည်းပါပဲ။ ပါလီမန် အသစ်ကြီးကတော့ နှစ် ၂၀၀ အသုံးချနိုင်မည် ဆိုပြီး တွက်ချက် ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာဆိုရင် နှစ် ၂၀ ရှိနေပါပြီ။

အပြင်ဘက်မှာ ဓါတ်ပုံတွေ ရိုက်ကြပြီး အတွင်းကို ၀င်ကြပါတယ်။ အဆောက်အဦးကြီးက ကြီးလွန်းတော့ အတွင်းမှာ အတော်ကို သွားရတယ်။ ၀င်ဝင်ချင်းမှာ ရှိတဲ့ (Foyer) ခန်းမကြီးက တိုင်လုံးတွေက ကျောက်ပြားတွေ ကပ်ပြီး အလှဆင်ထားပါတယ်။ ကျောက်ပြားတွေ အရောင်က စိမ်းညိုရောင်တွေ ဖြစ်ပြီး သြစတြေးလျ အနှံအပြားမှာတွေ့ရတဲ့ ယူကလစ်ပင်တွေ အရောင်ဟာ  သြစတြေလျကို ကိုယ်စားပြုတာပါပဲ။ အမည်းရောင် ကျောက်ပြားတွေမှာတော့ အခွံမာ ရေနေသတ္တ၀ါတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေ ရှိနေပါတယ်။ ဒါဟာ Captain Cook တို့ သြစတြေးလျကို စတင်တွေ့ရှိတုန်းက မှတ်တမ်း တင်ထားတဲ့ အကောင်တွေပါ။

အဲဒါနဲ့ ကပ်ရက်မှာ The Great Hall ဆိုတဲ့ ခန်းမကျယ်ကြီး ရှိပါတယ်။ ဒီခန်းမကျယ်ကြီးကိုတော့ အထွေထွေ သုံးအပြင် ပြည်သူလူထုကိုပါ သုံးဖို့ ဖွင့်ပေးထားပါတယ်။ မင်္ဂလာဆောင်ဖို့တို့ အနီးက ကင်ဘာရာ တက္ကသိုလ်က ဘွဲ့နှင်းသဘင်တို့ ဘာတို့အတွက် ခမ်းမကြီးကို ပေးသုံးပါတယ်။ ခန်းမကြီး တစ်ခုလုံးကို သစ်သား ခင်းထာပြီး ဘက်စကတ်ဘော ဆော့လို့ ရလောက်အောင်ထက်ကို အများကြီး ပိုကျယ်ပါတယ်။ ခန်းမထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ၂၀ x ၉ မီတာ အကျယ် ရှိတဲ့ Tapestry (ရောင်စုံ ချည်ဖြင့် ပုံဖော် ထိုးထားသော) ပန်းချီကားကြီးပါပဲ။ နယူးဆောက်ဝေး ပြည်နယ်က ယူကလစ်တောပုံကို ရေးဆွဲထားတဲ့ပုံကို ချည်ပြန်ထိုးထားတာပါ။ မူရင် ပန်းချီကားကိုလည်း အပေါ်ထပ်က ပြခန်းမှာ ပြသထားပါတယ်။ ချည်ထိုးပုံမှာတော့ ဟေလီကြယ်တံခွန်ကို မူရင်း ပန်းချီဆရာ (Arthur Boyd) ရဲ့ ခွင့်ပြုချက်နဲ့ ထည့်ထားပါတယ်။ ဒီပန်းချီကားကြီးက ကမ္ဘာအကြီးဆုံး ချည်ထိုးပန်ချီးတွေထဲမှာ ပါဝင်ပြီး ချည်ထိုးသမား ၁၃ ယောက်က ၂ နှစ်ခွဲကျော် အချိန်ယူပြီး ယက်ယူထားတာပါ။

ပါလီမန် အဆောင်အအုံကြီးဟာ အလျား မီတာ ၃၀၀၊ အနံ မီတာ ၃၀၀ ရှိပါတယ်။ အဆောက်အအုံ တစ်ခုလုံးရဲ့ မျက်နှာပြင် အကျယ်အ၀န်း ဧရိယာ စတုရန်း မီတာ ၂ သိန်းခွဲ ရှိပါတယ်။ (ပင်တဂွန်က ၆ သိန်း ကျော်ပါတယ်။) ဒီအဆောက်အဦးကြီး ဆောက်ရန် သုံးခဲ့တဲ့ ဘိလပ်မြေနဲ့ဆိုရင် Opera House ၂၅ လုံးစာ ဆောက်လို့ ရပါတယ်။ အခန်းပေါင်း ၄၇၀၀ ကျော် ရှိပြီး တစ်နေ့တစ်နေ့ လူ ၂၀၀၀-၃၀၀၀ လောက် အလုပ်ဆင်းနေပါတယ်။ အလယ်မှာ Aborigin တွေ သုံးတဲ့ ဘွန်မာရင် (Boomerang) နှစ်ခုကို ကပ်ထားသလို နံရံအကွေးကြီး နှစ်ခုရှိပြီး တစ်ဖက်တစ်ချက်မှာ လွှတ်တော်တွေ ရှိပါတယ်။ ဥပဒေပြု အထက်လွှတ်တော် (Senate) က အနောက်အရပ်မှာ ရှိပြီး အောက်လွှတ်တော် (House of Representative) က အရှေ့ အရပ်မှာ ရှိပါတယ်။

အဲဒီ အဆောင်တွေမှာ အမတ်တွေ ငြင်းကြ ခုံကြတာတွေကို TV ကနေ တိုက်ရိုက် ထုတ်လွှင့်ပေးပါတယ်။ Channel တစ်ခုကနေ စောင့်ကြည့်မယ်ဆို စောင့်ကြည့်လို့ ရပါတယ်။ တစ်ပါတီ နီးနီး ဖြစ်နေတဲ့ စင်္ကာပူက အမတ်တွေလိုတော့ သိမ်သိမ်မွေ့မွေ့ စာတမ်း ဖတ်ကြတာ မဟုတ်ဘဲ အပြန်အလှန် ငြင်းခုန် ရန်ဖြစ်နေကြတာကို တီဗွီမှာ ကြည့်ရတာ စိတ်ဝင်စားဖို့လည်း ကောင်းသလို့ ရယ်လည်း ရယ်ရပါတယ်။ ထိုင်ဝမ်တို့ ကိုရီးယားတို့လိုတော့ ထပြီး ထီးနဲ့ ရိုက်တာ ဖိနပ်နဲ့ ပစ်ပေါက်တာမျိုးတော့ မရှိဘူးပေါ့။ ဒါတွေကို လက်ညှိုးထိုးပြီး ပါလီမန်မှာ ပါတီစုံက အမတ်တွေ ရန်ဖြစ်နေရတာနဲ့ တိုင်းပြု ပြည်ပြု မလုပ်နိုင်တော့ဘူးလို့ ပြောတဲ့ စင်္ကာပူ ၀န်ကြီးချုပ်ဟာ သြစတြေးလျ ပါလီမန်ကိုတော့ ရည်ညွှန်းဟန် မတူပါဘူး။

(House of Representative) အောက်လွှတ်တော်မှာ Question Time ရောက်ပြီဆိုရင် အတိုက်အခံ ပါတီက လက်ရှိ အာဏာရ ပါတီရဲ့ လုပ်ရပ်တွေကို မေးမြန်း စစ်ဆေး ငြင်းခုန်ကြပါတယ်။ ထုံးစံ အတိုင်း အာဏာရ ပါတီတွေက ထိုင်ခုံ များများ ဦးထားပါတယ်။ အထက်ရော အောက်လွှတ်တော်မှာပါ အာဏာရ ပါတီက (Speaker) လွှတ်တော် ဥက္ကဌရဲ့ လက်ယာဘက်မှာ ထိုင်ကြပြီး အတိုက်အခံတွေကတော့ လက်ဝဲ သမားတွေပါ။ ပါတီ အသေးလေးတွေက အမတ်တွေကတော့ ထိုင်ခုံ အကွေးတွေမှာ ထိုင်ကြပြီး သူတို့ကို ကြားနေတွေလို့ ပြောလေ့ ရှိပါတယ်။ ပြည်သူတွေ ကိုယ်တိုင်လည်း လာရောက် ကြားနာနိုင်ပြီး ပြည်သူတွေ အတွက် သတ်မှတ်ထားတဲ့ နေရာတွေက (အပေါ်မှာ) ရှိပါတယ်။

အဆောက်အဦးကြီးက ကြီးမာပေမည့် ထုကြီး ထည်ကြီး အတုံးလိုက် မဟုတ်ဘဲ စနစ်တကျ ဆောက်ထားတဲ့ အတွက် အထဲမှာ ပိန်းပိတ်ကြီး ဖြစ်မနေပါဘူး။ မှန်ပြတင်း အကြီးကြီးတွေနဲ့ သဘာဝ အလင်းရောင် ကောင်းကောင်း ရအောင် ဆောက်ထားပါတယ်။ အပေါ်ထပ်မှာ ပန်းချီ၊ ပန်းပု အနုပညာ ပြခန်းတွေ ရှိပြီး သြစတြေးလျကို ကိုယ်စားပြုတဲ့ လက်ရာတွေ ပြသထားပါတယ်။ ပါလီမန် အဆောင်အဦးဟာ အနုအညာနဲ့ ဗိသုကာ ပေါင်းစပ်ရာမှာ အောင်မြင်တယ်လို့ နိုင်ငံတကာမှာ သတင်းမွှေးပါတယ်။ နေရာတိုင်း နေရာတိုင်းမှာ ရည်ရွယ်ချက် ရှိရှိနဲ့ ဆောက်လုပ်ထားတာပါ။

Grass at PArliament House Roofဘွန်မာရင်းလို အကွေးကြီး နှစ်ခုရဲ့ အမိုးတွေပေါ် မြက်ခင်းကြီး ဖြန့်ခင်းထားပြီး အများ ပြည်သူတွေ တက်ရောက် ကြည့်ရှုလို့ ရပါတယ်။ ပါလီမန် အဆောက်အဦး ခေါင်မိုးပေါ်ကနေ ကြည့်မည်ဆိုရင် စနစ်တကျ အကွက်ချ ဆောက်ထားတဲ့ ကင်ဘာရာမြို့ကို အတော် ကြည့်လို့ ကောင်းပါတယ်။ ဟိုးအဝေးက စစ်မှတ်တမ်း ပြတိုက်၊ ရေကန်နဲ့ ပြတိုက်တွေ ဖြောင့်ဖြူးနေတဲ့ လမ်းတွေကို အတိုင်းသား မြင်နေရပါတယ်။ တိုင်းပြည် တစ်ပြည်ရဲ့ အဓိက နေရာဖြစ်တဲ့ ပါလီမန် အဆောက်အဦးရဲ့ ခေါင်မိုးပေါ် ရောက်နေတယ် မထင်ရဘဲ တောင်ကုန်း တစ်ခုပေါ်က မျက်ခင်ပြင်ပေါ် ရောက်နေသလိုပါပဲ။

ကင်ဘာရာ သွားလည်တာမှာ ပါလီမန် အဆောက်အဦးကို အကြိုက်ဆုံးပါပဲ။ တကယ်တော့ ပါလီမန်ဟာ ကင်ဘာရာရဲ့အထင်ကရ သတ်သတ်မဟုတ်ဘဲ သြစတြေလျရဲ့ အထွတ်အခေါင်ပါပဲ။

ကင်ဘာရာ ခရီးစဉ် ဆက်ရေးပါဦးမည်.....

ကင်ဘာရာ ခရီးစဉ် - Floriade


Monday, October 06, 2008

ကင်ဘာရာ ခရီးစဉ် - Floriade

ကလေးငယ် နှစ်ယောက်နဲ့ ညအိပ်ခရီး မထွက်ဖြစ်တော့ဘူး ထင်ထားပေမယ့် ကင်ဘာရာကို တစ်ညအိပ် ခရီး ထွက်ဖြစ်လိုက်သေးတယ်။ ကင်ဘာရာ ဆိုတာ သြစတြေးလျရဲ့ အစိုးရ ရုံးစိုက်ရာ မြို့တော်ပါ။ Canberra ဆိုတာ ဌာနေ တွေခေါ်တဲ့ Kanbarra ကနေ ဆင်းသက်လာတာ ဖြစ်ပြီး “တွေ့ဆုံရာ နေရာ” လို့ အဓိပ္ပါယ် ရတယ်တဲ့။ ကင်ဘာရာနဲ့ ဆစ်ဒနီက သိပ်အဝေးကြီးလည်း မဟုတ် လက်တစ်ကမ်းမှာလည်း မဟုတ်ပါဘူး။ ၂၈၀ ကီလိုမီတာ (၁၇၀ မိုင်) ဝေးပါတယ်။ ကားကို ပုံမှန် မောင်းသွားရင် ၄ နာရီ ခွဲလောက်ပဲ ကြာပါတယ်။ စင်္ကာပူမှ KL သို့ ကားမောင်း သွားသလောက်ပဲပေါ့။ အဲဒီ ခရီးကတော့ ကီလိုမီတာ ၃၀၀ ကျော်ကျော် ရှိပါတယ်။

မနက် ၈ နာရီလောက်မှာ ဆစ်ဒနီကနေ ထွက်ပါတယ်။ လမ်းတ၀က်လောက်မှာ ကျူးလစ်ပန်းခြံတွေ ရှိတဲ့ Bowral မြို့ကို ၀င်မလို့ မိုးရွာနေတာနဲ့ မ၀င်ဖြစ်ဘူး။ မနှစ်က သွားတုန်းကတော့ အဲဒီ မြို့ အထိပဲ ရောက်ခဲ့တယ်။ ဒီနှစ်တော့ အဓိက သွားတာ ကင်ဘာရာ ဆိုတော့ မိုးလည်း ရွာနေတာနဲ့ မ၀င်တော့ဘူး။ လမ်းမှာ သားကို နို့တိုက်ဖို့တော့ ခဏ ရပ်ရတယ်။ အမေနို့တိုက်တာ အဖက်ဖက်က ကောင်းတယ်။ ခရီးသွားလည်း ပူစရာ မလိုဘူး။ နို့ဗူးဆိုရင် မလွယ်ဘူး။ နီးနီးနားနား ဆိုရင်တော့ ဖျော်ပြီး ထည့်သွား။ နွေးအောင် ထုပ်သွားလို့ ရသေးတယ်။ ခရီးရှည် ဆိုရင်တော့ မလွယ်ဘူး။ ဒါတောင် ကလေးနှစ်ယောက်နဲ့ ခရီးသွားရတာ ဆိုတော့ အထုပ်အပိုးတွေက မနည်းပါဘူး။ သမီးအတွက် နို့ဗူးဆေးတာတွေကနေအစ အနှီးထုပ်တွေ၊ ဆေးတွေအထိ အကုန် ယူသွားရပါတယ်။

ကင်ဘာရာက မြို့သေးလေးပါ။ တစ်မြို့လုံး အကျယ်အ၀န်းကတော့ စတုရန်း ကီလိုမီတာ ၈၀၀ စွန်းစွန်း ရှိပြီး စင်္ကာပူ (၇၀၀ စတုရန်းကီလို နီးပါး) ထက်တော့ ကျယ်ပါတယ်။ ၀ါရှင်တန် ဒီစီ (၆၀ စတုရန်း ကီလို ကျော်ကျော်) ထက်လည်း အများကြီး ကျယ်ပါတယ်။ (တကယ်တော့ Washington Metropolitan Area ဆိုပြီး ပြည်နယ်တွေ စပ်နေတဲ့ နေရာက မြို့ပြင်ကျယ်ကြီးက အင်မတန် ကြီးပါတယ်။ လူဦးရေ ၅ သန်းကျော် နေတယ်ဆိုပဲ။)

ကင်ဘာရာရောက်တော့ မွန်းလွဲနေပြီ။ ရောက်ရောက်ချင်း ဟိုတယ်ကို တန်းမသွားကြဘဲ ပန်းပြပွဲ (Floriade) ကျင်းပရာ Commonwealth Park ကို တန်းသွားပါတယ်။ ကင်ဘာရာက ဥယျာဉ် မြို့တော် ပုံစံ ဆောက်ထားတာ ဆိုတော့ လမ်းဘေး တလျှောက်ရော လမ်းအလယ် ကျွန်းတွေမှာပါ သစ်ပင်တွေကို စနစ်တကျ စီရရီ စိုက်ထားတာ ဆိုတော့ စိမ်းစိမ်းစိုစို ရှိပြီး ကြည့်လို့ အင်မတန် ကောင်းပါတယ်။ ဥရောပက မြိုသစ်လေး တစ်မြို့ရောက်သွားသလို ခံစားရပါတယ်။ အဆောက်အဦးတွေကလည်း အရမ်း မမြင့်ပေမယ့် ခမ်းနား ကြီးကျယ်ပြီး တစ်ခုနဲ့ တစ်ခု ခပ်လှမ်းလှမ်းမှာ ရှိတဲ့ အတွက် မြို့ပြတွေမှာ ခံစားရတဲ့ မွန်းကျပ်မှုမျိုးဆိုတာ လုံးဝ မရှိပါဘူး။

Commonwealth Park မှာ ကျင်းပတဲ့ Floriade ဆိုတာ သြော်ဇီမှာ အကြီးဆုံး ပန်းပြပွဲပါ။ နှစ်စဉ် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ကင်ဘာရာမှာ ကျင်းပပါတယ်။ များသော အားဖြင့် ကျူးလစ် (Tulips) ပန်းတွေ ဖြစ်ပေမယ့် တခြား အ၀ါရောင် ဒက်ဖဒိလ် (Daffodils) ၊ ဖြူနီပြာ ခေါင်းလောင်းပုံ ဟိုင်ယာဆင့် (Hyacinths) တို့၊ ဂန္ဓမာ (chrysanthemums) ပန်းရောင်စုံ ၊ ဒေစီ (Daisies) ပန်းတွေ၊ အိုင်းရစ် (Irises) ပန်းစသည် ပန်းပင်ပေါင်း တစ်သန်းကျော်ကို တစ်နေရာတည်းမှာ တွေ့ရပါတယ်။ အဖွားကနေ အမေ၊ မြေးမအထိ ပန်းကြိုက်တဲ့ မိသားစုအတွက်တော့ လက်ညှိုး တထိုးထိုးနေ ပြုံးပျော်နေတော့ပါပဲ။ သမီးကလည်း “ပန်း...” ဆိုပြီး ပြောပြောပြီး ပျော်နေတယ်။ ပန်းတွေကိုလည်း ခူးချင်နေလို့ မနည်း လိုက်ဆွဲနေရတယ်။ အဖွားကလည်း ကိုင်ကြည့်ချင်လို့ပါ ဆိုပြီး ကိုင်ကိုင်ကြည့်တယ်။

ဒီပြပွဲက ၀င်ကြေးကလည်း အခမဲ့ပါ။ မနှစ်တုန်းက သွားတဲ့ ပန်းခြံထက်လည်း အများကြီး ပိုကျယ်ပါတယ်။ ပန်းတွေကလည်း ရောင်စုံ မျိုးစုံ ပုံစံစုံပါပဲ။ ပန်းတွေကိုလည်း ဒီအတိုင်း စိုက်ထားတာ မဟုတ်ဘဲ သူ့ Theme နဲ့သူ စိုက်ထားတာပါ။ ဒါပေမယ့် ဒီအတိုင်းကြည့်ရုံနဲ့ အလွယ် မမြင်ရဘဲ အမြင့်ကနေ အပေါ်စီးကနေ ကြည့်မှ ကောင်းကောင်း မြင်ရတာပါ။ ဒါတောင် အတော်ကြီးကို လှနေပါပြီ။ လက်မလည်အောင် ဓါတ်ပုံ ရိုက်ယူရတယ်။

ပန်းတွေကို တမုန်းကြည့်ပြီးတော့ (ကျွန်တော်ကသာ တမုန်း ပြောတာပေါ့။ အဖွားက ကြည့်လို့ မ၀သေးဘူးတဲ့) ဟိုတယ်သွားပြီး Check in လုပ်ပါတယ်။ Canberra က လမ်းတွေက ကျယ်ပြီး စနစ်တကျ ရှိလို့ ကားမောင်းလို့ ကောင်းပါတယ်။ ဟိုတယ်ကလည်း မဆိုးပါဘူး။ မိသားစုတွေ လာလည်တတ်လို့လား မသိ အိပ်ခန်းတိုင်းမှာ ၂ ယောက်အိပ် ကုတင်အပြင် တစ်ယောက်အိပ် ၂ ထပ် ကုတင် တစ်လုံး အပို ထပ်ထည့်ပေးထားပါသေးတယ်။ အဘိုးအဘွားနဲ့ သမီးက တစ်ခန်း အိပ်၊ သားနဲ့ ကျွန်တော်တို့ နှစ်ယောက်က တစ်ခန်း အိပ်ကြတယ်။ အိမ်မှာလည်း သမီးက အခုဆို အဘွားနဲ့ပဲ အိပ်တော့တယ်။ ခက်တော့နေပြီ။ နို့မဟုတ်ရင် ညဖက် နိုးတာနဲ့ အဘွားဆီ သွားမယ်ပဲ ငိုပြီး ပြောနေတယ်။ ဟိုတယ်မှာလည်း ရောက်ရောက်ချင်းတုန်းကတော့ နေရာစိမ်း ဖြစ်နေလို့ ကြောက်နေတယ်။ ပြီးတော့ သူ့ကို ထားခဲ့မှာ စိုးလို့ လူကြီးတွေနားပဲ ကပ်ပြီး ငိုနေတယ်။ နောက်တော့ အိမ်မှာလိုပဲ အခန်း ၂ ခန်းကို ဟိုကူး ဒီကူး လုပ်ချင်နေတယ်။ ညဖက်ကျတော့လည်း သောင်းကျန်းနေတယ်။ ကျွန်တော်ကတော့ ကားမောင်းရတာ ပင်ပန်းလို့ စောစော အိပ်ပျော်သွားပေမယ့် သူတို့ သားအမိတွေ မြေးအဖွားတွေကတော့ အိပ်ယာ အသစ်မို့ အိပ်မပျော်ကြဘူးတဲ့။

ပန်းပုံတွေကို Slide Show လုပ်ထားပါတယ်။ ဒီနှစ်တော့ အရင်နှစ်က Bowral သွားတုန်းကလို ပန်းတွေကို အနီးကပ် မရိုက်တော့ဘူး။ အရင်နှစ်က အကြောင်းကို ကျူးလစ်ပွဲတော်မှာ ဖတ်နိုင်ပါတယ်။

ဆက်ရေးပါဦးမည်....



Wednesday, October 01, 2008

Immunisation Schedule

စာဖတ် ပရိသတ် တစ်ယောက်က ကလေးအတွက် ကာကွယ်ဆေးတွေ ဘယ်အချိန်မှာ ထိုးထားလည်း  မေးထားလို့ Schedule တွေ ရှာကြည့်ရင်း ဒါလေး ရေးဖြစ်သွားတယ်။

သမီးတုန်းကတော့ စင်္ကာပူမှာ ၆လ အထိ ကာကွယ်ဆေး ထိုးပြီး ဒီရောက်မှ ဒီက Schedule နဲ့ ညှိပြီး ပြန်ထိုးရတာ။ သြစတြေလျမှာ ကလေး ကာကွယ်ဆေးထိုးတာ အခမဲ့ပါ။ ကာကွယ်ဆေး ထိုးဖို့ ဆရာဝန်ဆီသွား။ ဆရာဝန်က ကာကွယ်ဆေး ထိုးပြီးရင် Australian Childhood Immunisation Register ဆိုတဲ့ Central Database မှာ တခါတည်း ထည့်လိုက်တယ်။ ထည့်မှလည်း သူဆေးဖိုး ရမှာလေ။ အချိန်တန်ရင် ဖြစ်ဖြစ် နောက်ကျနေရင် ဖြစ်ဖြစ် အကြောင်းကြားတယ်။ ပုံမှန် ထိုးနေရင် ဘောနပ်စ်တောင် ရနိုင်သေးတယ်။ သမီး စင်္ကာပူမှာ ထိုးခဲ့တာကို စာအုပ်ပြပြီး ဆရာဝန်ကို ခုနက ပြောတဲ့ Database မှာ Update လုပ်ခိုင်းရတယ်။ ဒါမှာ သမီးရဲ့ History က မှန်မှာ။ အခု စင်္ကာပူမှာလည်း ဒီလိုမျိုး ရှိပါတယ်။ သူတို့က Immunistaion Registry လို့ ခေါ်တယ်။ ဒါပေမယ့် ကျွန်တော်တို့တုန်းက မရှိသေးတာလား ဆရာဝန်ကပဲ မပြောတာ လားတော့ မသိဘူး။ မလုပ် ဖြစ်ဘူး။ စင်္ကာပူက ကလေး မိဘများလည်း ဆရာဝန်ကို မေးကြည့်နိုင်ပါတယ်။

အောက်က ဇယားက ကာကွယ်ဆေးတွေ အကြောင်းပါ။(ဒေါက်တာများ ဖတ်မိခဲ့လို့) မှားနေတာကို ပြင်ပေးကြမယ်ဆို ကျေးဇူး အထူးတင်ပါတယ်။


အတိုကောက် အရှည် ကာကွယ်သော ရောဂါ ရောဂါ မြန်မာပြန်
BCG Bacillus Calmette-Guerin Tuberculosis တီဘီ အဆုပ်ရောင်
Hep B Hepatitis B Hepatitis B
အသည်းရောင် ဘီ
DTaP Diphtheria Tetanus Pertussis Diphtheria,
Tetanus,
Pertussis
ဆုံဆို့၊
မေးခိုင်၊
ကြက်ညှာ ချောင်းဆိုး
DT,Td Diphtheria Tetanus Diphtheria,
Tetanus
ဆုံဆို့၊
ကြက်ညှာ ချောင်းဆိုး
Polio Polio Poliomyelitis ပိုလီယို
Hib Haemophilus influenzae type b Meningitis,
Epiglottitis,
Septic arthritis,
Cellulitis,
Pneumonia,
Pericarditis
(Haemophilus influenza ဘက်တီးရီးယား ကြောင့် ဖြစ်သော) 
ဦးနှောက် အမြှေးရောင်၊
လျှာရင်းရောင်၊
လေးဘက်နာ၊
Cellulitis ?၊
အဆုတ်ရောင်၊
နှလုံး အမြှေးပါးရောင်
PCV Pneumococcal conjugate vaccine Pneumococcal Infection Pneumococcal ကြောင့် ဖြစ်သော ရောဂါများ
IPV Inactivate Polio Vaccine  Poliomyelitis ပိုလီယို
MenC Meningococcal Conjugatemeningitis,
septicaemia (Sepsis)
ဦးနှောက် အမြှေးရောင်၊
သွေးအဆိပ်သင့်
Var Varicella chicken poxရေကျောက်
IPV Inactivate Polio Vaccine  Poliomyelitis ပိုလီယို
Rota Rota Virusdiarrhoea ၀မ်းပျက် ၀မ်းလျှော
MMR Measles, mumps and rubella Measles,
mumps,
rubella
ဝက်သက်၊
ပါးချိတ်ရောင်နာ၊
ဂျိုက်သိုး (ဂျာမန် ၀က်သက်)

စိတ်ဝင်စားရာ နိုင်ငံတွေ၊ စာဖတ်သူတွေ များများရှိတဲ့ နိုင်ငံတွေကို စာရင်း ပြုစုကြည့်တယ်။ တစ်နိုင်ငံချင်းစီ အတွက် Link တွေပါ ပေးထားပါတယ်။ ဒီဇယားက လုံးဝ မှန်တယ်လို့ အာမခံနိုင်ပါဘူး။ သက်ဆိုင်ရာ နိုင်ငံတွေက Official Web Page တွေမှာ ကြည့်တာကို ပိုမှန်နိုင်တယ်။ အခု ဇယားက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘာကွာလည်း ဆိုတာပဲ။

သတိထားမိတာ ဒီမှာရယ်၊ အမေရိကားမှာရယ် BCG မထိုးပေးဘူး။ မထိုးရဘူး။ ဒီမှာ မွေးတဲ့ သားကို မြန်မာပြည် ဖြစ်ဖြစ် အလည် ခေါ်သွားရင် တီဘီ မကူးအောင် သတိထားရမယ်။ ဒီနှစ်နိုင်ငံလုံးမှာတော့ ရေကျောက် (Varicella) အတွက် ထိုးရပါတယ်။အမေရိကားမှာပဲ အသည်းရောင် A အတွက်ပါ ထိုးရတယ်။ ဒီမှာတော့ (Aborigin) ပြည်ရင်းသားတွေပဲ ထိုးရပါတယ်။

Menc (Meningococcal Conjugate) ကိုတော့ သြော်ဇီနဲ့ ဗြိတိန်မှာပဲ Schedule ထဲမှာပါတယ်။

သြော်ဇီမှာ Pneumococcal ကို ၂၀၀၅ ကစပြီး မဖြစ်မနေ ထိုးရပြီး၊ Rota ကိုတော့၂၀၀၇ က စပြီး တိုက်ကျွေးရပါတယ်။ Rota က သြော်ဇီ တစ်နိုင်ငံမှာပဲ Schedule ထဲမှာ ပါပါတယ်။ Schedule ထဲရောက်သွားတော့ အခမဲ့ ဖြစ်သွားတာပေါ့။ စင်္ကာပူမှာ အဲဒီ ၂ ခုစလုံး မပါပေမယ့် သမီးတုန်းက ဆရာဝန်က ထိုးမလား မေးလို့ ထိုးဖြစ်လိုက်ပါတယ်။ Schedule ထဲမှာ မပါပေမယ့် ဆရာဝန်ကို မေးပြီး ထိုးချင်ရင် ထိုးနိုင်ပါတယ်။ သေချာချင်ရင် ဆေးနာမည် စာရွက်ပေါ် ရေးသွားပြီး ဒါရော မထိုးရဘူးလား မေးလည်း အဆင်ပြေပါတယ်။


  AU SG UK USA
At Birth Hep B BCG
Hep B
BCG
HepB
HepB
1 month Hep B    
2 months DTap, Polio, Hib,
Hep B, PCV,
Rota
  DTaP, IPV, Hib, PCV Hep B, DTaP, Hib, IPV, PCV
3 months   DTaP, Oral Sabin DTaP, IPV, Hib, MenC  
4 months DTaP, Polio, Hib,
Hep B, PCV, Rota
DTaP, Oral Sabin DTaP, IPV, Hib, MenC, PCV DTaP, Hib, IPV, PCV
5 months   DTaP
Oral Sabin
   
6 months DTaP, Polio, Hib,
HepB (or at 12 months), PCV, Rota
Hep B   Hep B(6-18 months),
DTaP, Hib,
IPV(6-18 months), PCV
12 months MMR, Hib, Hep B,
Men C
MMR Hib, MenC Hib, MMR, PCV, Var(12-18 months)
Hep A (12-18 months)
13 months     MMR, PCV  
18 months Var DTaP
Oral Sabin
  DTaP (15-18 months)
4 years DTaP, Polio, MMR   DTaP, IPV, MMR DTaP, IPV,
MMR (4-6 years)
6-7 years   Oral Sabin, MMR    
10-11 years   DT, Oral Sabin   Td (11-12 years)
12 years        
13-18 years     DT, PV   HepA (2-18 years)
ဇယား ပြုစုချိန် - ၁ရက် အောက်တိုဘာ ၂၀၀၈။ အချိန်နှင့် အမျှ ပြောင်းလဲနိုင်သည်။

စင်္ကာပူမှာ ပိုလီယို အတွက် သောက်ဆေး Oral Sabin ပါ။ ဒီမှာလည်း သောက်ဆေးပဲလား မသိဘူး။ မသေချာပါဘူး။ သောက်ဆေးက သိပ်စိတ်မချရဘူး ကြားဖူးတယ်။ ဘာကြောင့်လည်း ဆိုတာကို ကာကွယ်ဆေး ဆိုပြီး ရေးထားဖူးတာကိုလည်း ဖတ်ကြည့်နိုင်ပါတယ်။ 

အချိန်လုပြီး ရေးလိုက်တဲ့ အတွက် အမှားပါနိုင်ပါတယ်။ ဖတ်ကြည့်ရုံ အတွက်သာပါ။ အမှား အတွက် တာဝန် မယူပါ။ ကိုယ့်ဆရာဝန်နဲ့  ကိုယ်တိုင်ပင်တာ အကောင်းဆုံးပါ။ သေချာ ပြန်စစ်ပြီး မှားရင် ပြင်သွားပါမယ်။ ပြင်ပေးရင်လည်း ကျေးဇူးတင်ပါတယ်။

Film