Sunday, December 07, 2008

ခေါက်ဆင့် (ကျိုင်းတုံ ရှမ်းခေါက်ဆွဲ) + ပဲပုတ်ချက်

ခေါက်ဆင့်ဆိုတာ တောင်ကြီးဘက်မှာ ရောင်းတဲ့ အရည်နဲ့ စားရတဲ့ ရှမ်းခေါက်ဆွဲ တစ်မျိုးပါ။ ကျိုင်းတုံ ရှမ်းခေါက်ဆွဲလို့လည်း သိကြပါတယ်။ ချက်ဖို့ အဓိက လိုအပ်တာတွေကတော့ ၀က်သား၊ ပဲပုတ်၊ ခရမ်းချဉ်သီးတို့ပါပဲ။ ပဲပုတ်ဆိုလို့ ပဲပုတ်ဝယ်လို့ မရနိုင်တဲ့ နိုင်ငံကလူတွေ လက်မလန် သွားပါနဲ့။ သြော်ဇီမှာလည်း ပဲပုတ်ဝယ်လို့မရပါဘူး။ အဲဒါကြောင့် ဒီမှာ ၀ယ်လို့ရတဲ့ Tempeh လို့ ခေါ်တဲ့ ပဲပိစပ်ပြားနဲ့ လုပ်ပါတယ်။

TempehTempeh က ပဲပုတ်နဲ့ အတော်ဆင်ပါတယ်။ အရသာ ဆင်တယ်။ အနံ့ကတော့ ပဲပုတ်နံ့ လုံးဝ မရှိပါဘူး။ ပဲပုတ် အနံ့ မကြိုက်တဲ့ သူတွေ အတွက် ကောင်းပါတယ်။ ဥပမာ ကလေးတွေ လိုမျိုး။ ပဲပုတ်က ပရိုတင်းဓါတ် အပြည့်အ၀ ပါတဲ့ အတွက် သက်သက်လွတ်စားတဲ့သူတွေ အတွက် အင်မတန် ကောင်းတဲ့ ဖြည့်စွက်စာပါ။ Tempeh ကို အင်ဒိုနီးရှားတွေ အရမ်း စားပါတယ်။ စင်္ကာပူက အင်ဒိုနီးရှားဆိုင်တွေ၊ မလေးဆိုင်တွေ မှာ တွေ့နိုင်ပါတယ်။ ပဲပိစပ်ကို ဖောက်ပြီး ရေစစ် ဖိထားတာပါ။ အခြောက်တော့ မဟုတ်ပါဘူး။ ဟင်းချက်နည်း Post တွေ ဖတ်ပြီးတော့ Ingredient ၀ယ်ရလွယ်အောင် အိတ်ပုံနဲ့ တင်ပေးပါလို့ တောင်ဆိုဖူးတဲ့ သူတွေ ရှိလို့ ဓါတ်ပုံနဲ့ တင်လိုက်ပါတယ်။

ခေါက်ဆင့် အကြောင်း မပြောခင် Tempeh ချက် (ပဲပုတ် ခရမ်းချဉ်သီးချက်) အကြောင်း အစစ်ပေးလိုက်ပါဦးမယ်။ ပဲပုတ်ချက်နဲ့ သူမက ကြီးပြင်းလာပြီး သူမအကြိုက်ကို ရှဲလိုက်တာပါ။ တောင်ကြီးမှာတော့ ပဲပုတ်စေ့ကို ပေါပေါပဲပဲ ၀ယ်လို့ ရပါတယ်။ လတ်ဆတ်ပြီး မကောင်းတဲ့ အနံ့အသက်မရှိပါဘူး။ အဲဒီ ပဲပုတ်စေ့ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အခြောက်ကြော်တယ်။ ခရမ်းချဉ်သီးနဲ့ ငပိချက်လိုမျိုး ချက်စားတယ်။ အရည် စပ်စပ်ချက်စားတယ်။ အခုဒီမှာ Tempeh ၀ယ်လို့ရတော့ ပဲပုတ်လိုမျိုး ချက်စားပါတယ်။ ချက်နည်းကတော့ ခရမ်းချဉ်သီး ငပိချက် ချက်နည်းအတိုင်းပါပဲ။ ကြက်သွန် အဖြူအနီ များများကို ဆီသတ်၊ နည်းနည်း နွမ်းရင် ငရုတ်သီး အရောင်တင်မှုန့်ထည့် ခရမ်းချဉ်သီးတွေ၊ ပဲပုတ် (Tempeh) ကိုသေးသေးလေးတွေ လှီးပြီး ချေထားတာထည့် ဆားသင့်ရုံ ထည့်ပြီး ခရမ်းချဉ်သီးတွေ ကြေသွား ပုံပျက်သွားတဲ့ အထိ ချက်ပါတယ်။ ဆီနည်းနည်း ပြန်သလို ဖြစ်လာရင် နံနံပင်ကို လက်တစ်ဆစ်လောက် လှီးထားတာရယ်၊ ငရုတ်သီးစိမ်း ခပ်ကြီးကြီး လှီးထားတာရယ် ထည့်လိုက်ပြီး ခဏနေရင် ကျက်ပါပြီ။ သက်သက်လွတ်စားတဲ့ သူတွေအတွက် ဟင်းကောင်းတစ်ခွက်ပါ။ သြော်ဇီမှာ၊ စင်္ကာပူမှာ Tempeh ကို ၀ယ်လို့ ရပါတယ်။ Cholesterol Free ဖြစ်ပြီး Protein ဓါတ်လည်း ပြည့်ဝလို့ ရေပန်းစားလာတဲ့ အစားအစာ တစ်ခု ဖြစ်လို့ US၊ UK မှာလည်း ၀ယ်လို့ ရမယ် ထင်ပါတယ်။ Tempeh ချက်ဟာ ပဲပုတ် အရသာ စိမ့်စိမ့်လေးနဲ့ ငပိချက်လို လုပ်စားလို့ အတော်ကောင်းပါတယ်။ အရည်စပ်စပ်နဲ့ စားလည်း ကောင်းပါတယ်။


ခေါက်ဆင့် ချက်ဖို့တော့ ၀က်နံရိုးနဲ့ ချက်တာ ကောင်းတယ်။ ၀က်သားနဲ့ပဲလည်း ချက်လို့ ရပါတယ်။ ၀က်နံ့ရိုးကို တစ်ချောင်းစီ ဖြစ်အောင် လှီးပြီး တ၀က်ပြန် ခုတ်လိုက်ပါတယ်။ အရွယ်တော်လေးတွေ ရအောင်ပါ။ ၀က်သား အရိုးရောတာလည်း ထည့်ပါတယ်။ Tempeh ကိုတော့ ငပိချက် ချက်တာထက် သေးအောင် လှီးပါတယ်။ ပဲပုတ်ရနိုင်ရင်တော့ အမှုန့်ဖြစ်အောင် လုပ်ထားပါတယ်။ ပဲပုတ်မှုန့် များများ လိုအပ်ပါတယ်။ ငပိချက် ချက်သလိုပဲ ကြက်သွန် အဖြူအနီများများနဲ့ ဆီသတ်ပါတယ်။ အိုးကြီး တစ်အိုးစာ အတွက် ကြက်သွန်ဥနီ ဥကြီး ၃ လုံး သေးရင် ၄ လုံးထည့်ပါတယ်။ ကြက်သွန်နီက ဟင်းရည်ကို ချိုစေပါတယ်။ ဆီသတ်ပြီး ခရမ်းချဉ်သီး ၃-၄ လုံး သေးသေးလှီးထားတာ ထည့်ပါတယ်။ ၀က်သားတွေ ပဲပုတ်တွေ ထည့်ပါတယ်။ ရေနည်းနည်း ထည့်ြ့ပီး လုံးလိုက်ပါတယ်။ ၀က်သား မနူခင် အထိ ရေနည်းနည်းနဲ့ပဲ တည်ပါတယ်။ ၀က်သားနူးမှ ရေကို အိုးပြည့်အောင်ထည့် ပဲငံပြာရည် ယောက်ချို တစ်ဇွန်းခွဲလောက် ထည့်ပါတယ်။ ဟင်းရည်က မပြစ်မကျဲ ဖြစ်အောင် ချိန်ပြီး ချက်ရပါတယ်။ သူမတို့ ချက်စားတုန်းကတော့ လက်ပံပွင့်ခြောက် ထည့်ပါတယ်။ အခုတော့ မရနိုင်လို့ မထည့်ပါဘူး။

ပွဲပြင်ဖို့ အတွက် နန်းကြီးခေါက်ဆွဲ (နန်းလတ်က သင့်တော်ပါတယ်) ရယ်၊ ဟင်းရည်ရယ်၊ နံနံပင်၊ ကြက်သွန်မိတ်၊ ပဲပင်ပေါက် ရေနွေးဖျောနဲ့ ပြင်ပြီး စားနိုင်ပါတယ်။


Monday, December 01, 2008

The Weakest Link

ရလာဒ်တစ်ခုအတွက် အများနဲ့ အလုပ် လုပ်ကြတဲ့ အခါ အဲဒီ အုပ်စုထဲမှာ Weakest Link တစ်ယောက်တော့ ရှိစမြဲ။ အဲဒီ Weakest Link ကြောင့် အဆိုးဆုံး အလုပ် မပြီးမြောက် မအောင်မြင်သလို အနည်းဆုံးတော့ လိုအပ်တာထက် အချိန် ပိုယူရခြင်း ဒါမှမဟုတ် ပိုပြီး ကုန်ကျခြင်းတွေ ဖြစ်နိုင်တယ်။ ဒီထက် ပိုဆိုးတာကတော့ ကိုယ်ကိုယ်တိုင် Weakest Link ဖြစ်နေရခြင်းပါ။

ကျွန်တော့် ဘ၀မှာ Weakest Link အဖြစ် အခါများစွာ ဖြစ်ဖူးပါတယ်။ မိသားစုထဲမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော်က ၁၀ တန်း အောင်ပြီးခါစ။ ၁၀၉/၁၁၀ ဖြစ်နေတဲ့ အချိန်။ အစ်ကို အကြီးဆုံးက အဖေ့ အလုပ်မှာ ၀ိုင်းကူတယ်။ ညီအငယ်တွေကတော့ ကျောင်းသားဆိုတော့ Pass ရထားတယ်။ ကျွန်တော်က ကျောင်းသားလည်း မဟုတ်တော့ဘူး။ အလုပ်သမားလည်း မဟုတ်သေးဘူး။ အဲဒီတော့ အိမ်မှာ အပိုကောင် ဖြစ်နေတဲ့ အချိန်ပေါ့။ ညနေဆိုရင် သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် သွားထိုင်တယ်။ တခါတလေ မိုးချုပ်အောင် နေပြီးမှ ပြန်လာတယ်။ ကြီးပွားတိုးတက်ဖွယ် အခွင့်အလမ်းတွေကလည်း မရှိဘူး။ တကယ်တော့ မရှာတတ်တာပဲ ထားပါတော့။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ ယောင်တောင်တောင်နဲ့။ မိသားစုထဲမှာတော့ ကျွန်တော်က Weakest Link ပဲ။

ကိုယ်က Weakest Link ဖြစ်နေတယ်လို့ သိလိုက်ရတဲ့ အချိန်တွေလောက် စိတ်ပျက်ဖို့ ကောင်းတာ မရှိဘူး။ ကိုယ်ကြောင့် အများမှာ အနှောက်အယှက် ဖြစ်ရတယ်လို့ စိတ်မကောင်းသလို ကိုယ့်ရဲ့ အတ္တတွေ မာနတွေကို လျှောချပစ်ရတဲ့ အခါတွေလည်း ရှိရဲ့။ ဒီလို ခံစားရပေမည့် ကိုယ့်ကိုယ်ကို Weakest Link ဘ၀ကနေ ရုန်းထွက်ဖို့လည်း Limitation တွေက ရှိလို့ ကြိတ်မှိတ် မျိုသိပ်နေရတာတွေ ရှိသလို Weakest Link မို့လို့ ရူးချင်ယောင် ပေါချင်ယောင် ဆောင်နေရတာတွေလည်း ရှိရဲ့။ Weakest Link မှန်း မသိအောင် ဖုံးဖိရတာတွေ ဟန်ဆောင်ရတာတွေကလည်း ခဏခဏ။ တစ်ခါတစ်လေ ကိုယ်ကိုယ်ကို Weakest Link မှန်းမသိဘဲ ထော်လော် ကန့်လန့် ဖြစ်နေရတာ တွေကတော့ ရှိကောင်း ရှိခဲ့မှာပဲ။

Weakest Link တိုင်း ညံ့တယ်။ နှေးတယ်တော့ မဟုတ်ပါဘူး။ အုပ်စုထဲမှာ တော်တော့ တော်ပါတယ်။ ဒါပေမယ့် ပန်းတိုင် ရောက်ဖို့ရာမှာ သူ့ကြောင့် တစ် နေမည်။ ဖျက်မြင်း ဖြစ်နေမယ် ဆိုရင်လည်း Weakest Link ပဲ။ အဲဒီတော့ Weakest Link ကို အဓိပ္ပါယ် ဖွင့်ကြည့်ရင် ညံ့သူ နှေးသူ ဆိုတာထက် “အုပ်စုဖြင့် ပန်းတိုင်ရောက်ရန် ကြိုးစားရာတွင် နှောင့်နှေးစေသူ”လို့ ပြောလို့ ရမည်။

Weakest Link ဆိုတဲ့ Reality Show တစ်ခုကို ကျွန်တော် ကြည့်ဖူးတယ်။ ကြိက်ဖူးတယ်။ ကစားနည်းထက် Host လုပ်တဲ့ မိန်းမကြီး (Anne Robinson)ကို ကြိုက်တာ။ (မိန်းမဆိုတော့ Hostess ပေါ့လေ)။ တစ်ခုခု မှားဖြေလိုက်တာနဲ့ “နင် ဒါလေးတောင် မသိဘူးလား”။ “ဖျင်းလှချည်လား ညံ့လှချည်လား” ကျောင်းအုပ် ဆရာမကြီး လေသံနဲ့ ပယ်ပယ်နယ်နယ် တွယ်တာ။ ကြည့်လို့ကောင်းတယ်။ အဲဒီ Show မှာ Round တစ် Round ပြီးရင် တစ်ခါ Weakest Link ကို အများက Vote လုပ်ပြီး ဖြုတ်ရတာ။ Donald Trump ရဲ့ “You are fired!” လောက် နာမည် မကြီးခဲ့ပေမယ့် အဲဒီ အဘွားကြီးက “You are the weakest link - Get out” လို့ British လေသံနဲ့ ပြောလိုက်ရင် အပြောခံရတဲ့ သူမှာ အောင့်သက်သက်အတော် ဖြစ်မှာ။ ကြားရတဲ့ သူတောင် မသက်သာဘူး။ အဲဒီမှာ ပြိုင်ပွဲဆိုတော့ အရမ်းတော်တဲ့ တတ်တဲ့သူကို အများက ၀ိုင်းပြီး ဖြုတ်လိုက်တာ ရှိတယ်။ ဒါပေမယ့် အုပ်စုထဲမှာလည်း အမှန်ကို ဖြေနိုင်တဲ့ သူတစ်ယောက်တော့ ရှိမှ ဆိုတော့ မတော့်တတော်သူတွေကို Final round အထိ ခေါ်သွားတာတွေလည်း ရှိတယ်။

ရန်ကုန်မှာ ကုမ္ပဏီတွေ ခေတ်ကောင်းတုန်း တနေ့တော့ အင်းယားကန်မှာ Inter-Company ဆိုပြီး ကုမ္ပဏီကြီးတွေ နဂါးလှေ ပြိုင်ပွဲတွေ လုပ်တယ်။ ကျွန်တော် သူငယ်ချင်း တစ်ယောက် ဖိတ်လို့ DHL ကုမ္ပဏီရဲ့ လှေအသင်းမှာ ကျွန်တော် ၀င်ပြိုင်ဖြစ်တယ်။ ဘယ်သူမှတော့ နဂါးလှေကို ကောင်းကောင်း မလှော်ဖူးဘူးပေါ့။ ရေကူးတတ်လို့ ဖြစ်ဖြစ် ရေနစ်မှာ မကြောက်တတ်ရင် ဖြစ်ဖြစ် ၀င်ပြိုင်လို့ ရတယ်။ ပြိုင်ပွဲ မစခင် ၂ပတ် ၃ပတ်လောက် အလိုကတည်းက လှေလှော် သင်ကြတယ်။ ကျင့်ကြတယ်။ အဲဒီမှာ ကျွန်တော်က Weakest Link ပဲ။ ကျွန်တော်က ဖလံ။ လှေလှော်ပုံ လှော်နည်းကလည်း နည်းမကျ ဆိုတော့ ကျွန်တော့်ကြောင့် လှေက သွားသင့်သလောက် မသွားဘူး။ အားလုံးကလည်း ရိပ်မိတယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို သိတယ်။ အဲဒါနဲ့ ပြိုင်ပွဲနေ့ကျတော့ ကျွန်တော့်ကို ထုတ်လည်း မထုတ်ချင်တော့ ဘာလုပ်သလဲဆိုတော့ ကျွန်တော့်ကို ရာထူး တိုးပေးလိုက်တယ်။ လှေလှော်တဲ့ နေရာကနေ လှေဦးမှာ ဗုံတီးတဲ့သူ အဖြစ် လုပ်စေတယ်။ အဲဒီမှာမှ အတော်ပဲ ဖြစ်သွားတယ်။

အဲဒါလေးက ကျွန်တော့်အတွက်တော့ သင်ခန်းစာပဲ။ Weakest Link ကိုတွေ့ပြီဆိုရင် သူနဲ့ သင့်တော်တဲ့ နေရာ ပေးထားလိုက်ရင် အဖွဲ့အစည်းက သူဘာသူ အဆင်ပြေသွားလိုက်မည်။ ပြီးတော့ လှေဦးမှာ ဗုံကို အားနဲ့ ပါးနဲ့ တီးပြီး လှေထိုးသားတွေကို ညာသံပေး ဦးဆောင်နေတဲ့ သူကလည်း ကျွန်တော့်လို လှေကောင်းကောင်း မလှော်နိုင်တဲ့ Weakest Link ဖြစ်နေနိုင်တာပဲ။

တခြားဖတ်ရန်- ကျွဲအုပ်လို မိသားစု

Film