Thursday, December 31, 2009

၂၀၁၀ အတွက် ဒိန်ချဉ် နောက်တစ်အိုး

အိမ်မှာ ကိုယ့်ဘာကိုယ် ဒိန်ချဉ်လုပ်ချင်ရင် လွယ်ပါတယ်တဲ့။ နို့ကို ကျိုပြီး အအေးခံ၊ ပြီးရင် ဒိန်ချဉ် ၂ ဇွန်းလောက် ထည့်လိုက်ပါ။ တစ်ညလောက် သိပ်ထားလိုက်ရင် နောက်နေ့ မနက်ကျရင် ဒိန်ချဉ် တစ်အိုးရပါလေရော။ နောက်တစ်အိုး ထပ်တည်ချင်ရင်လည်း ဒိန်ချဉ် နည်းနည်းလောက် ချန်ထားပြီး နို့အသစ်ထဲ့ ထပ်ထည့်လိုက်ရင် ဒိန်ချဉ် ထပ်လုပ်လို့ ရပါသေးတယ်။ ဒီလိုနဲ့ ဒိန်ချဉ်တွေ တစ်အိုးပြီး တစ်အိုး လုပ်လို့ ရသွားပါလိမ့်မည်။ ဒါပေမယ့် တကယ်လုပ်ကြည့်ရင် ပြောသလောက် မလွယ်တာကို တွေရပါလိမ့်မည်။ နို့တစ်အိုးလုံး မပျက်သွားအောင် အစစအရာရာ သတိထား သန့်သန့်ရှင်းရှင်း လုပ်ဖို့ အညွှန်းကို အတိအကျ လိုက်နာဖို့တော့ လိုပါလိမ့်မည်။

၂၀၀၉ ကုန်ပြီး ၂၀၁၀ ကိုကူးတော့မည်။ ၂၀၁၀ ဆိုတာ လူတိုင်းအတွက် ရထားတဲ့ နို့အိုး အသစ်တစ်လုံးစီ ဆိုပါတော့။ ဒီနို့အိုးတစ်အိုးနဲ့ ဘာဖြစ်အောင် လုပ်မည် ကြံထား စီမံထားတယ် ဆိုပါဦးတော့ ၂၀၀၉က လက်ကျန် ဒိန်ချဉ်လေး တစ်ဇွန်း နှစ်ဇွန်းဖြင့် ထည့်လိုက်ရင်တော့ ၂၀၁၀ မှာလည်း နောက်ထပ် ဒိန်ချဉ် တစ်အိုးပဲ ဖြစ်လာဦးမှာပါ။ တခြား အထွေးအထူးတော့ ဖြစ်လာဦးမည် မထင်။ ကိုယ်ရထားတဲ့ နို့အိုးလေး မချဉ်မသိုးသွားရင်ပဲ ပုံမှန်ဖြစ်လာပြီ။ သာမန်ဆန်လှပြီ။

နှစ်သစ်မှာ စိတ်သစ်၊ လူသစ် အကျင့်သစ်နဲ့ စချင်ကြတယ် ဆိုပေမည့် ကိုယ်တစ်ကိုယ်လုံး စိတ်တစ်စိတ်လုံးကို ပြောင်းလိုက်ဖို့ဆိုတာလည်း နတ်ရေကန်ထဲ ခုန်ချသလိုမျိုး မဟုတ်ပြန်။ မြန်မာနှစ်ကူးလို အတာရေနဲ့ ဆေးကြောတာတောင် မသန့်စင်နိုင်တာ စက္ကန့်တံ တစ်ချက် ပြောင်းသွားရုံနဲ့တော့ အစစ အရာရာပြောင်းလဲသွားဖို့ ဆိုတာ စိတ်ကူးယဉ်သက်သက်လည်း ဖြစ်မည်။ စိတ်ဝေဒနာဆန်ဆန်လည်း ဖြစ်ကောင်းဖြစ်မည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့ပဲ သတ်မှတ်ထားတဲ့ ဒီအချိန် အပိုင်းအခြား သတ်မှတ်ချက်လေးကို အခြေခံပြီး နှိုင်းယှဉ် တိုင်းတာမှုတွေတော့ဖြစ်လည်း လုပ်နိုင်သေးတာပဲ။ ၂၀၀၉ မှာတော့ ဒီလောက် ၂၀၁၀ မှာတော့ ဒီလောက်ပေါ့။ ဒီလိုနဲ့ နောက်ကို ပြန်ကြည့်မည်။ ရှေ့ကိုမျှော်ကြည့်မည်။ နောင်တတွေရမည်။ အိပ်မက်တွေ မက်မည်။ ကုန်လွန်သွားတာတွေကို နှမြောမည်။ ဘာတွေလာဦးမလည်းလို့ မတွေးရဲရှိမည်။ေ၀၀ါး ကွယ်ပျောက်သွားတာတွေရှိမည်။ေ၀၀ါး မပီပြင် မမြင်နိုင်တာတွေ ရှိမည်။

ဘယ်လိုပဲ အသစ်ဖြစ်အောင် လုပ်လုပ် လက်ကျန် ဒိန်ချဉ် တစ်ဇွန်းကတော့ ရှိနေဦးမှာပဲ။ အဲဒီ ဒိန်ချဉ်တစ်ဇွန်းနဲ့ ၂၀၁၀ဆိုတဲံ နို့တစ်အိုးကလည်း နောက်ထပ် ဒိန်ချဉ်တစ်အိုး ထပ်ဖြစ်ဦးမှာပါပဲ။ အဲဒီ ဒိန်ချဉ် တစ်ဇွန်းက စိတ်ပုတ် စိတ်ယုတ်လည်း ဖြစ်နိုင်တယ်။ စိတ်ဖျင်း စိတ်ညံ့လည်း ဖြစ်နိုင်သလို စိတ်ကောင်း စိတ်ကြည်လည်း ဖြစ်နိုင်တယ်။ စိတ်တည် စိတ်သန့်လည်း ဖြစ်နိုင်ပါတယ်။ အဆိုးတစ်ခုတည်းကို မဆိုလိုပါဘူး။ ၂၀၀၉ မှာ သင်ယူခဲ့တဲ့ သင်ခန်းစာတွေကလည်း ၂၀၁၀ အတွက် ဒိန်ချဉ် တစ်ဇွန်း ဖြစ်နိုင်ပါတယ်။ ၂၀၀၉ မှာ ကျူးလွန်ခဲ့တဲ့ အမှား တစ်ခုဟာလည်း ၂၀၁၀ အတွက် အရိပ်တစ်ခု ဖြစ်နိုင်ပါတယ်။ အဲဒီ ဒိန်ချဉ်တစ်ဇွန်းဟာ ၂၀၁၀ ဆိုတဲ့ နို့အိုးကို တစ်ခုခု ပြောင်းလဲပစ်မှာကတော့ အသေအချာပါပဲ။

၂၀၀၉က သယ်ဆောင်လာတဲ့ ကန့်သန့်ချက်တွေ၊ အချုပ်အနှောင်တွေကလည်း ၂၀၁၀ အတွက် လက်ကျန် ဒိန်ချဉ် တစ်ဇွန်းဖြစ်သွားမှာပါ။ ၂၀၀၉က လက်ဆင့်ကမ်းလိုက်တဲ့ အခွင့်အလမ်းတွေ အတွေ့အကြုံတွေကလည်း ၂၀၁၀ အတွက် ဒိန်ချဉ် တစ်ဇွန်း ဖြစ်သွားမှာပါပဲ။ အဲဒီ တစ်ဇွန်းကပဲ ၂၀၁၀ဆိုတဲ့ နို့အိုးကို ပုံစံပြောင်းလိုက်မှာပါ။

ဟင်းချက်နည်းမှာတော့ ကိုယ့်မှာ လက်ကျန် ဒိန်ချဉ် မရှိရင် ဘယ်လို လုပ်ရမည်ဆိုတာတော့ ပြောထားပါတယ်။ ဆိုင်မှာ ဒိန်ချဉ် သွားဝယ်ပါတဲ့။ တစ်နေရာရာမှာတော့ ဒိန်ချဉ် တစ်ဇွန်း နှစ်ဇွန်း ရနိုင်ပါတယ်။ နည်းနည်းတော့ ရှာကြံရမည်။ အဖိုးအခလည်း ပိုပေးရနိုင်ပါတယ်။ ၂၀၀၉မှာ ရထားတဲ့ နို့အိုးကို ကောင်းကောင်း ဒိန်ချဉ် မတည်လိုက်နိုင်လို့ ၂၀၁၀ အတွက် အခက်တွေ့နေသူတွေလည်း နီးစပ်ရာ နေရာမှာ ဒိန်ချဉ် နည်းနည်း ရှာဖွေလိုက်ပါ။ အဲဒီ Starter လေး ရပြီဆိုရင်တော့ ဒိန်ချဉ်တွေ နောက်တစ်အိုးပြီး တစ်အိုးတည်ဖို့ဆိုတာ ပထမအိုးလောက် မခက်ခဲတော့ပါဘူး။ ဒိန်ချဉ်တည်ထားနိုင်တဲ့ သူတွေအနေနဲ့လည်း ဒိန်ချဉ် တစ်ဇွန်း နှစ်ဇွန်း ဝေမျှဖိုဆိုတာ ဖြစ်နိုင်ပါတယ်။ ဖြစ်သင့်ပါတယ်။

နွားနို့အိုးထဲ ဒိန်ချဉ်ထည့်လိုက်ရုံနဲ့ ဒိန်ချဉ် တစ်အိုးရမည် ဆိုရင်တော့ သိပ်ကိုလွယ်လွန်းပါတယ်။ လက်တွေ့မှာတော့ အဲဒီလောက် အပေါစား မဆန်ပါဘူး။ ဒိန်ချဉ်လုပ်တဲ့ အခါ အစစ အရာရာ သန့်ရှင်းအောင် သတိထားရပါတယ်။ နို့မဟုတ်ရင်ဖြင့် နို့တစ်အိုးလုံး ပစ်ရသွားပါမည်။ ဒီလိုနဲ့ ပစ်လိုက်ရတဲ့ နို့အိုးပေါင်း ဘယ်လောက် ရှိပြီဆိုတာကတော့ ကိုယ်ပိုင် သင်ခန်းစာပါပဲ။ ဒိန်ချဉ် တစ်အိုး နှစ်အိုးတည်တတ်သွားရင်တော့ အရှိန်ရသွားပြီး နောက်ထပ် ဒိန်ချဉ်အိုးတွေ တည်ဖို့ဆိုတာ အရမ်းကြီး မခက်ခဲတော့ပါဘူး အရေးကြီးတာ ခက်ခဲတာကတော့ ပထမ တစ်အိုး နှစ်အိုးပါပဲ။

ပိုင်နိုင် ကျွမ်းကျင်သွားရင်တော့ ရလာတဲ့ နို့တစ်အိုးကို ဒိန်ချဉ်တင်မက ထောပတ်၊ ဒိန်ခဲ၊ မလိုင် မျိုးစုံ လုပ်နိုင်ပါသေးတယ်။ ကျွမ်းကျင်မှုနဲ့ တခြား Ingredients လေးတွေတော့ လိုပါသေးတယ်။ တစ်ခါလာလည်း ဒိန်ချဉ် နောက်တစ်ခါလာလည်း ဒိန်ချဉ် မလုပ်ချင်ရင်တော့ Recipes နဲ့ Ingredients လေးတွေ ရှာဖွေ စုဆောင်း လေ့လာ သင်ယူနိုင်ပါသေးတယ်။ မြန်မာတစ်ယောက်က နို့တစ်အိုးကနေ Parmesan Cheese လိုမျိုး အီတာလျံဒိန် လုပ်ဖို့တော့ အတော်လေး ခက်ခဲပေလိမ့်မည်။ မဖြစ်နိုင်ဟုတော့ မဆိုလိုချင်ပါ။

နွားနို့တစ်အိုးကနေ ဒိန်ချဉ်အပြင် တခြားအမျိုးအမည် စားစရာ အထောင်အသောင်းမက လုပ်နိုင်ပါတယ်။ ဒိန်ချဉ်မှာတင် အမျိုးရာချီ လုပ်နိုင်သလို၊ ဒိန်ချဉ်တစ်မျိုးတည်း သုံးပြီးတော့လည်း စားစရာ အထွေအထူး မျိုးစုံ လုပ်နိုင်ပါတယ်။ မပျက်မစီး မပုတ်မသိုးဘဲ ဒိန်ချဉ်တစ်အိုး၊ ဒီထက်ပိုပြီး အရသာရှိတဲ့ စားဖွယ် တစ်ခု ဖန်တီးနိုင်ဖို့အတွက် လူတိုင်းရဲ့ ၂၀၁၀ နွားနို့အိုးလေးတွေ အတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ။

Thursday, September 10, 2009

ရေသည် လင်မယား

အတူနေ လင်မယားတွေ အတွက် ပြောစရာ စကား ကုန်မယ် မထင်ပါဘူး။ ကျွန်တော်တို့ အတွက်လည်း ပြောစရာ မရှိ နောက်ကြောင်းပြန်ပြီး ငယ်ငယ်တုန်းက အကြောင်းတွေ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ပြောဖြစ်ကြတယ်။ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော်တို့ နှစ်ယောက် ပြောဖြစ်ကြတာ ငယ်ငယ်က ဘယ်လောက် ဆင်းရဲကြောင်း ပြောကြတယ်။ (ပြောသာပြောတာ အခုလည်း ချမ်းသာနေတာတော့ မဟုတ်ပြန်ဘူး။) ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ ငယ်ဘ၀တွေက ရုပ်ရှင်တွေထဲကလို တဲပုတ်ကလေးနဲ့ မွဲတေ ဆင်းရဲ နေတာ မဟုတ်ပေမယ့် ရပ်ကွက်နေ လူတန်းစား လောက်ပဲ ရှိခဲ့တာပါ။ “ဟာ .. ဟုတ်လား.. ငါတို့ ငယ်ငယ်တုန်းကလည်း အဲဒီလိုပဲ” ဆိုပြီး ဘ၀တူ မပြည့်စုံပုံ တူကြပါတယ်။

ကျွန်တော်က သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်တဲ့ အကြောင်း ပြောပြတယ်။ လက်ဘက်ရည် တစ်ခွက် နှစ်ခွက်တည်း မှာပြီး သူငယ်ချင်း ၄-၅ ယောက်လောက် စုထိုင်ပြီး စကားပြောကြ လမ်းပေါ်က ကောင်မလေးတွေ ငေးတဲ့ အကြောင်း၊ ပြီးတော့ အဲဒီ တစ်ခွက်ကို သူရှင်း ငါရှင်း အလှည့်ကျ ရှင်းတဲ့ အကြောင်း၊ ဒါမှမဟုတ် အားလုံး ၅ကျပ် ၁၀ ထည့်ပြီး ၀ိုင်းရှင်းကြတဲ့ အကြောင်း၊ ပြီးတော့ နောက်မှ ရောက်လာတဲ့ကောင်က သူမမှီလိုက်မှာ စိုးလို့ ရောက်ရောက်ချင်း လက်ဘက်ရည်ခွက်ကို ခွက်ကနဲ့ မော့သောက်တော့ အဲဒီခွက်ကလေးကို အလှကြည့်နေကြတဲ့ အားလုံးက ၀ိုင်းဆဲကြတဲ့ အကြောင်းတွေ ပြောပြတယ်။ အဲဒီလို ပြောပြလွန်းတော့ ကျွန်တော်က သူမကို သူငယ်ချင်း တစ်ယောက် မိတ်ဆက်ပေးရင် “အဲဒါ ညည်းနဲ့ လက်ဘက်ရည် တစ်ခွက်တည်း သောက်တဲ့ သူငယ်ချင်းလား”လို့ တိုးတိုး မေးတာ အကျင့် ဖြစ်နေတယ်။ ဘယ်လောက် အတိုင်းအတာအထိ ခင်ခဲ့သလည်း မေးချင်တာပါ။

နောက်ပြီး ကျွန်တော်က ၀င်ငွေ မကောင်းခင်အထိ ဆိုင်မှာ ကြေးအိုးဆီချက် စားဖူးတာ စုစုပေါင်း ၅ပွဲပင် မရှိတဲ့ အကြောင်းပြောပြတော့ သူမကလည်း မစားဖူး စားရကောင်းမှန်းပင် မသိကြောင်း ပြောပြတယ်။ ငယ်ငယ်က ရိုးရိုး ဆီချက်ခေါက်ဆွဲတော့ လူကြီးတွေနဲ့ လိုက်စားဖြစ်ပေမယ့် စတိုင်လည်းဖြစ် ဈေးလည်း ၂ဆပိုကြီးတဲ့ ကြေးအိုးဆီချက်ကိုတော့ စားဖြစ်တဲ့ အကြိမ်ပေါင်းက လက်ချိုးရေလို့ ရတယ်ဆိုတာ နှစ်ယောက်စလုံး ဖြစ်ခဲ့တာပါ။ အခု ၀ယ်စားနိုင်တဲ့ အချိန်ရောက်တော့ အဲဒီလို ဆိုင်တွေ မရှိတော့ကြောင်း ပြောဖြစ်ကြတယ်။ ဒီမှာလည်း မြန်မာဆိုင်မှာတော့ ၀ယ်စားလို့ ရပေမယ့် ရန်ကုန်က ဆိုင်တွေမှာ ကိုယ်စားချင်တဲ့ အချိန် ပိုက်ဆံ ပေါပေါပဲပဲနဲ့ စားနိုင်တဲ့ ဘ၀လေးကို လိုချင်တာပါ။ အဲဒီလို ဖီလင်လေးကို လိုချင်တာပေါ့။

ငယ်ငယ်က အိမ်မှာ တီဗွီမရှိတော့ သူများအိမ်မှာ ကုတ်ကပ်ပြီး သွားကြည့်ရကြောင်း၊ ဘေးအိမ်က တီဗွီကို ပြတင်းပေါက် ၂ ပေါက်ကျော်ပြီး ကြည့်ရကြောင်းတွေ နောက်ကြောင်းပြန်ကြတယ်။ ကံကောင်းချင်တော့ ရှက်တတ်တဲ့ အရွယ်မှာ အိမ်မှာ ၁၄လက်မ Toshiba တီဗွီလေး တစ်လုံး ၀ယ်နိုင်လာတဲ့ အကြောင်းတို့ တီဗွီဝယ်တဲ့ နေ့တို့ဟာ နှစ်ယောက်စလုံး အတွက် မှတ်မှတ်ရရ ဖြစ်နေတာ တိုက်ဆိုင်နေပါတယ်။ ဒီလို ငယ်ငယ်တုန်းက အဖြစ်အပျက်တွေ ပြန်ပြောင်းသတိရ တစ်ယောက်ကို တစ်ယောက် ပြောဖြစ်တာ ကြည်နူးစရာတော့ ကောင်းပါတယ်။

ငယ်ငယ်က ဂျင်းဂျာကင် (Jean Jacket) တစ်ထည်ရဖို့ ဘယ်လောက် ခက်ခဲကြောင်း ရလိုက်တဲ့ Joy တံဆိတ် ဂျင်းဂျာကင်လေးကို မမေ့တဲ့ အကြောင်းလည်း အခု Levi's ဘောင်းဘီ ၀တ်တိုင်း ပြောဖြစ်ကြတယ်။ အခု အသုတ်စုံ သုတ်စာရင်းလည်း ငယ်ငယ်က ဟင်းမလောက်ရင်ဖြစ်ဖြစ် ဟင်းမချက်ရင်ဖြစ်ဖြစ် ကြာဆံသုတ် တိုဟူးသုတ် ၀ယ်ပြီး ထမင်းနဲ့ စားတဲ့ အကြောင်းကလည်း ခဏခဏ ပြောဖြစ်ပါတယ်။ ငရုတ်ဆီနဲ့ ပဲမှုန့်နဲ့ နယ်ထားတဲ့ လက်သီးဆုပ်စာ အသုတ်နဲ့ ထမင်းတစ်ပန်းကန် လောက်အောင် ဘယ်လို စားကြောင်း ပြောတော့ သူမရဲ့ အဘွားက ကြည့်စားနော်ဆိုလို့ ကြည့်ပြီး စားတာ ထမင်းကုန်မှ အသုတ်ချည်းပဲ စားတဲ့ အကြောင်း ပြန်ပြောတယ်။

တကယ်တော့ ကျွန်တော်တို့ ဘယ်လောက် ဆင်းရဲခဲ့ကြောင်း မပြည့်စုံခဲ့ကြောင်း ကို အခုလို တစ်ယောက်ကို တစ်ယောက် ရင်းနီးသွားမှာ ပြောဖြစ်တာပါ။ သမီးရည်းစား မဖြစ်ခင်နဲ့ ဖြစ်ပြီးတော့လည်း သိပ်မပြောဖြစ်ခဲ့ဘူး။ ဦးပုညရဲ့ ရေသည် လင်မယားလို တစ်ယောက်ကို တစ်ယောက် ဘယ်လောက် ဆင်းရဲကြောင်း (သူတို့အတွက်ကတော့ ဘယ်လောက် ကြွယ်ဝကြောင်းပေါ့) မယူခင် တုန်းက သေသေချာချာ မပြောဖြစ်ခဲ့ကြဘူး။ တစ်ယောက်ကို တစ်ယောက် ဘယ်လောက် ကြွယ်ဝကြောင်း/ဆင်းရဲကြောင်းကို မမေးခဲ့ မစုံစမ်းဖြစ်ခဲ့ပါဘူး။ ကျွန်တော် ၁၀တန်း အောင်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး လက်ဘက်ရည်ဆိုင် တစ်ဆိုင် ဖွင့်ဖူးကြောင်း အရင်းပြုတ်ဖူးကြောင်းကိုလည်း သိနေပေမယ့် အဲဒီအချက်တွေက နှစ်ယောက် ပေါင်းဖက်ဖို့အတွက် သူမ ဘာမှ အရေးမထားကြောင်း သိရပါတယ်။

ကျွန်တော်တို့ ၂ ယောက် တွဲနေပြီး နည်းနည်း ကြာတော့ သူငယ်ချင်းတွေက မေးကြတယ်။ “မင်းတို့ ဘယ်အခြေအနေ ရောက်နေကြပြီလည်းကွ”လို့ ရယ်ကျဲကျဲ မေးတော့ “အခုမှ Confidence Building Stage ကို ရောက်နေတာပါ” ပြန်ဖြေလိုက်တယ်။ တကယ်လည်း တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု (Trust) တွေ တည်ဆောက်နေတုန်းကပါ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် အတန်းအစား ရှိသလည်း ဘယ်လောက်ချမ်းသာ ဆင်းရဲသလဲ ဘယ်လို အသိုင်းအ၀ိုင်းကလည်း ဆိုတာ အပေါ်ယံ နည်းနည်းပါးပါး သိရရင် ကိုယ်နဲ့ အပ်စပ်တယ် ဆိုတာ သိနိုင်တော့ အတွင်းကျကျ မမေးဖြစ် မပြောဖြစ်ကြပါဘူး။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်တာ စိတ်ချင်း ပေါင်းဖြစ် မဖြစ်နဲ့ အနာဂတ်မှာ ဘယ်လို ဆက်လှမ်းကြမလဲက အဓိကပါ။ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ လူနှစ်ယောက် ရေရှည်ပေါင်းဖို့ မဆိုထားနဲ့ ခဏလောက် ပေါင်းသင်းကြည့်လိုက်ရင်တောင် အတူတူ တသားတည်း မဖြစ်နိုင်တာ သိသာတဲ့ အခါတွေ ရှိပါတယ်။

အဲဒီတုန်းက ဒီလို ငယ်ငယ်တုန်းက မပြည့်စုံတဲ့ အကြောင်းကိုလည်း တမင်တကာ ထိန်ချန်ထားကြတာ မဟုတ်ပေမယ့် မမေးဖြစ် မပြောဖြစ်ကြဘူး။ ယောက်ျားလေး တစ်ယောက်အနေနဲ့တော့ တစ်ဖက်က မိသားစု ချမ်းသာလား ဆင်းရဲလား သိစရာ တော်ရုံတန်ရုံ မလိုပေမယ့် မိန်းကလေး တစ်ယောက်အနေနဲ့တော့ ကိုယ်နဲ့ ပေါင်းသင်းမယ့်လူရဲ့ မိသားစု အကြောင်း သိချင်တာ သဘာဝ ကျပါတယ်။ ဒါပေမယ့် သူမက အဲဒီလို စပ်စပ်စုစု မေးမနေပါဘူး။ နောင်မှာ ဘာ Plan တွေ ရှိသလဲလောက်တော့ မေးပေမယ့် အဲဒီတုန်းက ပြောခဲတဲ့ Plan တွေမှာ အကောင်အထည် ပေါ်တာတွေ ရှိသလို မဖြစ်ထွန်းတာတွေလည်း ရှိခဲ့ပါတယ်။ (တချို့ဟာတွေကလည်း ကြားကောင်းအောင် ကြည့်ရွှေခဲ့တာတွေလေ..)

အခုတော့ ကလေးကလည်း ၂ ယောက်ရှိပြီဆိုတော့ ငယ်ငယ်က ဘယ်လို ဆိုးပေတဲ့ အကြောင်းပြောပြော ငယ်ငယ်က ဘယ်လို မပြည့်စုံတဲ့ အကြောင်း ပြောပြော ပစ်သွား ထားသွားမှာလည်း မဟုတ်တော့ တစ်ယောက်ကို တစ်ယောက် ပြောဖြစ်ကြတယ် ဆိုပါတော့။ ကံကောင်းချင်တော့ နှစ်ယောက်စလုံးက ဘ၀တူတွေ ဆိုတော့ အထူးအဆန်း မဟုတ်တော့ပေမယ့် ကြားရတာ သိရတာ ငယ်ငယ်ဘ၀ကို ဆွတ်ပျံ့ဖွယ်ပဲ ကောင်းပါတယ်။

တခြားဖတ်ရန်


Friday, September 04, 2009

ပေါ်လီကျောင်းသားများရဲ့ရင်ဖွင့်ချက်

ဘွဲ့လွန် တက်သင့် မသင့် ပို့စ်တွေမှာ မှတ်မှတ်ရရ ပေါ်လီ ကျောင်းသား/ ကျောင်းပြီးထားသူ တချို့က သူတို့ရဲ့ အခြေအနေတချို့ကို Comment မှာ ပြောပြသွားပါတယ်။ အထူးသဖြင့်တော့ ပေါ်လီကျောင်းတွေမှာ တရုတ်လို ပြောတဲ့ ကျောင်းသား အများစုကြောင့် အင်္ဂလိပ် စကားပြော တိုးတက်သင့်သလောက် မတိုးတက်တဲ့ အကြောင်း ကိုယ့်ဘာကိုယ် လေ့လာရတဲ့ အကြောင်း ပါ။ စာဖတ်သူ အများစုက ပေါ်လီက မဟုတ်သော်လည်း ညီအစ်ကို မောင်နှများ အတွက် သိထားရင် ကောင်းမလားလို့ စုပြီး တင်ပေးလိုက်ပါတယ်။ ဒီပို့စ်မှာပဲ ထပ်ပြီး ပြောသွားလည်း ရပါတယ်။

မေ၁၅

Hi, I was graduated from Poly in 2003. I reached here in 2000 and I have been here for >9 years. Frankly, not all poly students' english is good. And it's not the fact that young people can learn faster than older one. I was only 18 when I reached here. Even after I came out from poly, my english was still bad. How did I improve my english? Well, in order to go for further study, I gotta learn Toefl and SAT (I was thinking to go out from S'pore for my further study at that time). So,that is the reason.Don't be suprised that some of my classmates are still using Singlish till now. I have another point of view for studying Master (It's my thinking. It can be wrong and I am gonna talk about engineering only because I am in engineering field)If you wanna study master, I think you'd better study Research(M.E). You can really learn it and you can dream of your promotion, higher position,better salary and your life journey. If you wanna go for Coursework, I think you are wasting time. Because in s'pore, some companies(not all) don't really appreciate Coursework Master (M.Sc) in some of the engineering fields. They may pay you same salary as graduate from Local Uni. But unfortunately, many myanmar studtens have to take coursework in order to get to study in Local Uni and I do agree that it's the better way to get PR securely. Honestly, it's not easy to go for Research also. Even local graduates must obtain at least 2nd lower to apply for Research in NUS. I am not sure about NTU.


toffee_apple
(^_^) I'm also a POly student .....as da comment in Polystudent 8/5/09 1:29 am.....
I agree with him/her totally.....I'm also in the same situation....I got to singapore with my 10th standard results...
With respect to the improvement in English, I think it has nothing to do with my poly student life.....My class has a lot of chinese classmates and now Chinese become the major communication tool between us...On top of that, i am also an engineering student, so, i don't have much chance to get exposed to speak in english...I can speak Chinese pretty well like native chinese already..this is the only thing that i think I've improved much.--my chinese pronunciation I mean...
For English, i think my language is still far behind others..still the same level as it was in 2 years ago...No improvement at all...In opposite, now i become more and more get used to broken grammar..... :)
Really need to leave an hour or 2 everday for IELTS .... :) (for self-study)
All in all, in my view, no matter whether we are a undergrat student from NUS(let's say come from Poly) or a post graduate student.... , we all are the same.....we all grew up under the same non-English speaking environment.....
Whether our English is smart or not maybe based on a lot of factors, like individuals' hardwork, one's childhood learning environment, and so on.... Just try our best to keep up with native English speakers.. =) .... All in all, life is a never-ending learning journey... Enjoying every single day is the best :P
TOMORROW WILL BE A BETTER DAY

PolyStudent
Hello
I came to SG after my 10th standard . Now I m in Poly . Don't think that time ( staying in abroad , esp SG ) can make us to improve our english . I have been in Poly 12.35 months , yet i cannot communicate well in both english and mandarain . Coz my classmates only use Mandarain in class . I have no chance to talk in English . Only time i speak in English is "Presentation" & asking problems to teachers . As time pass thru , i improve only in listening skill of madarain language + some stupid singlish ( i try not to use as much as i can ) . As i m fm engineering , it is a very rare chance to enchance my writing skill . So, i take it as it is only me who have to reponsible "to improve all my English .... skills " as I have no choice ......


Wednesday, September 02, 2009

MCSE Certification

ကျွန်တော့် ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ ကိုနီလင်းရဲ့ MCSE နဲ့ ပတ်သက်တဲ့ အကြောင်းကို အောက်မှာ ပြန်လည် ဝေမျှလိုက်ပါတယ်။ ကိုနီလင်းဟာ လက်ရှိ စင်္ကာပူမှာ လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာပြည်မှာလည်း British Council မှာ Networking နဲ့ ပတ်သက်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ Information Beam ဆိုတဲ့ သင်တန်းကျောင်း တစ်ခုလည်း ဖွင့်ထားပြီး အဲဒီမှာလည်း သင်ကြားပေးခဲ့ပါတယ်။ ဒီဘလော့ကနေ တဆင့် ဒီလို ပြန်လည် ဝေမျှလိုသူများကိုလည်း ကြိုဆိုပါတယ်။

ကျွန်တော်က Microsoft System Engineer တစ်ယောက်ပါ။ MCSE အနေနဲ့ အလုပ် လုပ်နေတာကလည်း ၅ နှစ်လောက် ရှိပါပြီ။ ဒါမတိုင်ခင်ကလည်း ICT နယ်ထဲမှာ အလုပ်တွေလုပ်ခဲ့တာ တွေရှိပါတယ်။ System Engineer တစ်ယောက်အနေနဲ့ အပြင် MCSE နဲ့ ပတ်သက်တဲ့ သင်တန်းလေးတွေ ပို့ချခဲ့ဖူးသလို၊ MCSE စားမေးပွဲ ဖြေမယ့်သူတွေကိုလည်း Guide လုပ်ပေးခဲ့ တာတွေ လည်း လုပ်ခဲ့ဖူးပါတယ်။ တနည်းအားဖြင့် MCSE စာမေးပွဲတွေ၊ MCSE Certificate တွေနဲ့ ပတ်သက်လို့ ကျွန်တော် အတော်လေး အကျွမ်းတ၀င်ရှိနေပါပြီ။

ကိုယ်လုပ်နေတဲ့ အလုပ်အရရော၊ စာသင်ခဲ့ဖူးတဲ့ အတွေ့အကြုံအရပါ MCSE ပက်သက်ပြီး မေးကြ မြန်းကြတာတွေ ရှိပါတယ်။ မေးတဲ့သူ အများစုက လူငယ်တွေပါ။ သူတိုက MCSE အပါအ၀င် CCNA ၊ CCNP အစရှိတဲ့ Professional Certificate နဲ့ပက်သက်တဲ့ စာမေးပွဲတွေ ဖြေသင့်သလား၊ မဖြေသင့်ဘူးလား။ အဲ့ဒီ Certificate တွေကရော တန်ဖိုး ရှိရဲ့လား၊ အချိန် ငွေကြေး ဘယ်အတိုင်းအတာလောက် အထိ စိုက်ထုတ်ဖို့လိုသလဲ စသည်ဖြင့် မေးတတ်ကြပါတယ်။ သူတို့အနေနဲ့ Professional Certificate အနေနဲ့ ရအောင် ကြိုးစားရာမှာ လိုအပ်တဲ့ ရင်းနှီး ပေးဆပ်မှုလေးတွေကို သိချင်ပုံရကြသလို ဒီလို Certificate တွေကနေတဆင့် ရလာနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းပေါ်ကို အားကိုးတကြီးနဲ့ မျှော်လင့်ကြပုံရပါတယ်။ မေးခွန်းတွေကလည်း အတော်လေး စုံပါတယ်။ တချို့ဆိုရင် တက်လက်စ တက္ကသိုလ် ဆက်မတက်တော့ဘဲနဲ့ ဒီလို Certificate သင်တန်းတွေကိုပဲ အားစိုက်ပြီးတက်ဖို့ စဉ်းစားထားတယ် လို့တောင် ပြောကြတာတွေ ရှိပါတယ်။

ဒါကြောင့်ဘဲ ဒီဆောင်းပါးလေး ရေးမိတာပါ။ ဒီလို Certificate တွေနဲ့ပတ်သက်လို့ သိလိုတဲ့ မေးခွန်းတွေကို အခုဆောင်းပါးလေးက အတော်လေး အထောက်အကူဖြစ် မယ်လို့ ရိုးသားစွာ ယုံကြည်ပါတယ်။ ကျွန်တော် တင်ပြတဲ့ အချက်အလက်တွေလည်း သဘော မတူနိုင်တဲ့သူတွေ လည်းရှိနိုင်ပါတယ်။

(၁) MCSE Certificate တွေရဲ့ Accreditation ကအရင်ကလောက် မရှိတော့ပေမယ့် ICT နယ်ပယ်မှာတော့ အလေးထား လက်ခံနေသေးတဲ့ Certificate တစ်ခုပါ။

MCSE Certificate တွေ ဟိုတချိန်က (လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကအထိ) အဆင့်မြင့် Certificate လို့ ICT လောကမှာသတ်မှတ်ခဲ့ကြပါတယ်။ MCSE Certificate ကိုရတဲ့သူအရေ အတွက်ကလည်း အတော်လေး နည်းနေပါသေးတယ်။ သို့ပေမယ့်အခုနောက်ပိုင်းမှာတော့ MCSE Certificate ရတဲ့သူတွေအတော်လေး များလာလိုက်တာအခုဆိုရင်ကမ္ဘာပေါ်မှာ Certificate Holder ပေါင်း လေးသိန်းကျော်တောင်ရှိနေပါပြီ။ သို့သော်လည်း MCSE Certificate Holder အားလုံးကတော့ MCSE အနေနဲ့ အလုပ် လုပ်နေကြတာ မဟုတ်ပါဘူး။ ICT Field မှာ အရင့်အရင် လုပ်နေတဲ့ အချို့က MCSE အဆင့် မဟုတ်ကြတော့ပါဘူး။ System Engineer တွေထက် ပိုပြီးအဆင့်မြင့်တဲ့ Technical Director တွေ Vice President အဆင့်တွေမှာ လုပ်နေကြပါပြီ။ တချို့ကလည်း ICT Field ထဲမှာမလုပ်ကြတော့ပါဘူး။ နိုင်ငံခြားမှာ ICT နဲ့ပက်သက်တဲ့ Professional တွေက အမြဲတမ်း လိုအပ်နေတော့ MCSE Certificate Holder အနေနဲ့ အလုပ်လျှောက်ရာမှာ MCSE Certificate ရဲ့ အရေးပါမှုကတော့ အတိုင်းအတာ တစ်ခုအထိ ရှိနေသေးတယ်လို့ဘဲ ဆိုရမှာပါ။

(၂) တက္ကသိုလ်ပညာရေးနဲ့ Professional Certificate ဘယ်ဟာက ပိုကောင်းသလဲ။ (ဘယ် ဟာ အလုပ်ရဖို့ ပိုလွယ်သလဲ)

တကယ်တော့ ဒီ နှစ်ခုက ယှဉ်ရမယ့် အရာကို မဟုတ်တာပါ။ ဆိုခဲ့သလိုဘဲ ဒါနဲ့ ပတ်သက်ပြီး တက်လက်စ တက္ကသိုလ်တွေကို ရပ်ပြီး MCSE Certificate Course ပဲ လုပ်တော့မယ်လို့ ဆိုတဲ့ သူတွေလည်း ရှိပါတယ်။ Professional Certificate တွေသည် လုပ်ငန်းခွင် ၀င်နိုင်ဖို့အတွက် ကျွမ်းကျင်လက်မှတ် များသာ ဖြစ်ပြီး ဘွဲ့၊ ဒီကရီများ မဟုတ်ပါ။ ဒါ့ကြောင့်လည်း Certificate လို့ခေါ်တာပါ။ ဒါနဲ့ပတ်သက်တဲ့ Master တွေ Ph.D တွေကျတော့ နက်နဲတဲ့ သုတေသနလုပ်ငန်း တွေ Network Protocol တွေ ပြင်ဆင်တာ၊ OS အသစ်တွေထုတ်တာ၊ Search Engine တွေ တီထွင် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ) မှာ အလွန် အသုံးဝင်ပါတယ်။ ဒီနေ့ရာမှာ မေးစရာ မေးခွန်း တစ်ခုရှိပါတယ်။ System Administrator တစ်ယောက် အနေနဲ့ အလုပ်ရဖို့ ဘွဲ့လိုသလား၊ ဆို တဲ့မေးခွန်းပါ။ အခြေအနေပေါ် မူတည်တယ်လို့ ပြန်ဖြေရမှာပါ။

Network Architect ဖြစ်ဖို့၊ Project Implementation Architect ဖြစ်ဖို့အတွက် ကျတော့ CCIE CISCO Certified Internetwork Expert၊ MCA (Microsoft Certified Architect) တွေက ပိုပြီး အသုံးဝင်ပါတယ်။ သူတို့မှာ လိုအပ်တဲ့ အတွေ့အကြုံနဲ့ Certificate Course ကပေးတဲ့ Knowledge တွေရှိပါတယ်။

ကျွန်တော့ အတွေ့အကြုံအရ တက္ကသိုလ်က ပေးလိုက်တဲ့ ဘွဲ့၊ ဒီပလိုမာတွေက အနည်းဆုံး တော့ Work Permit တွေ Employment Permit တွေလျှောက်ရာမှာ လုံးဝ (လုံးဝ) လိုပါတယ်။ (အထူးသဖြင့် စင်္ကာပူမှာအလုပ်မယ့်သူများ)။ သို့ပေမယ့် အလုပ်လျှောက်ရာမှာတော့ Certificate တွေမရှိရင် အင်တာဗျူးခေါ်ဖို့က မလွယ်ပြန်ပါဘူး။ ဒါဆိုရင် ဘွဲလည်းရှိပြီ၊ Professional Certificate ရှိပြီဆိုရင်ရော အလုပ်ရမှာလားဆိုရင် မသေချာဘူးလို့ဘဲ ပြောရမှာပါ။ ဘာလို့လဲ ဆိုတော့ Certificate ရှိပြီး လုံလောက်တဲ့ အလုပ်အတွေ့အကြုံ (Work Experiences) မရှိတာ၊ လိုအပ်တဲ့ လုပ်ငန်းခွင်ဗဟုသုတ (Knowledge) မရှိရင် ရထားတဲ့ Certificate က အလုပ်ရဖို့ ဘာမှ အာမခံချက် မရှိပါဘူး။ ဒီနေရာမှာ အရေးကြီးတာက Certificate ရှိရုံနဲ့ အလုပ်ရဖို့ မလုံ လောက်ဖူးဆိုတာကို ထပ်လောင်းအသိပေးပါရစေ။

ကိုယ်ဘက်က အလုပ်အတွေ့အကြုံ မရှိသေးရင် ကိုယ့် (Knowledge) ကို ခိုင်သထက်ခိုင်မာ အောင်တည်ဆောက်နိုင်ဖို့ အတတ်နိုင်ဆုံး လက်တွေ့ လေ့ကျင့်ခန်းတွေ များများ လုပ်ဖို့ အကြံပြုလိုပါတယ်။ ကျွန်တော်ကိုယ်တိုင် MCSE Certificate Holders အတော်များများနဲ့ ဆုံဖူးပါ တယ်။ဆုံလို့ ၁၀ မိနစ်လောက်ထိုင်ပြီး MCSE အကြောင်းစကားပြောကြည့်လိုက်ရင် သူတို့ရဲ့ ကျွမ်းကျင်မှု အခြေအနေကို အကဲခတ်လို့ ရနိုင်ပါတယ်။ နိုင်ငံခြားမှာရှိတဲ့ Employers တွေ၊ Hr Professional တွေက အတော်လေး ပါနပ်တဲ့သူတွေဖြစ်လို့ သူတို့တွေလည်း အလွယ်တကူပဲ သိကြမှာပါ။ ဒါကြောင့်လည်း Professional Certificate Course တွေပဲ တက်မှာမို့တက္ကသိုလ် ဆက်မတက်တော့ဘူးဆိုတဲ့ အတွေးအခေါ်ကို လုပ်သင့်တဲ့ အလုပ်လို့ ကျွန်တော် လုံးဝ မယုံကြည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုခဲ့သလိုဘဲ MCSE Certificate က လုပ်ငန်းခွင် ကျွမ်းကျင်မှု အောင်လက်မှတ် အဆင့်ပဲ ဖြစ်ပြီးတော့ ဘွဲ့၊ ဒီကရီတွေကတော့ ပညာရပ်ဆိုင်ရာ လေ့လာမှု အတွက် သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုကို အောင်မြင်ကြောင်း သက်သေခံတဲ့ အထောက် အထားပါ။ လုပ်လို့မရလို့ မဆိုလိုသော်လည်း အတော်လေး ခက်ခက်ခဲခဲနဲ့ လုပ်မှရနိုင်မယ့် အခြေ အနေမှာရှိပါတယ်။ နာမည်ကျော်တက္ကသိုလ်ကြီး တစ်ခုခုမှ Ph.D ရဖို့ နှစ် အတန်ကြာအောင် လေ့လာဆည်းပူး၊ သုတေသနတွေ လုပ်ဖို့လိုအပ်သလိုပါဘဲ၊ Doctorate Of Networking လို့ သမုတ်ကြတဲ့ CCIE တစ်ယောက်ဖြစ်လာဖို့ အနည်းဆုံး လေးငါးနှစ်လောက် မြှုတ်နှံပြီး ကြိုးစား အားထုတ် အလုပ်တွေ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေရှိဖို့လိုအပ်ပါတယ်။

အဲ့ဒီလို အခြေအနေတွေ မရှိသေးဘူး၊ မရှိနိုင်သေးဘူး ဆိုရင် တော့ ဒီ Field မှာ ဘယ်လိုဆက် လုပ်သင့်လဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။

(၃) MCSE Certificate Holder ဖြစ်ရန် မခက်ပါဘူး။ မေးခွန်းဟောင်းတွေ Internet မှာရနိုင် ပါတယ်။

မှန်ပါတယ်။ MCSE Certificate Holder ဖြစ်ရန် မခက်ပါဘူး။ မေးခွန်းဟောင်းတွေလည်း Internet မှာ ရနိုင်ပါတယ်။ ဒါပေမယ့် MCSE Certificate Holder တစ်ယောက်ဟာ Certificate ကိုင်ထားရုံ၊ တနည်းအားဖြင့် စာမေးပွဲ အောင်ထားရုံနဲ့ System Engineer (လုံးဝ) မဖြစ်သေးပါဘူး။ ထပ်ပြီး ပြောရရင် MCSE Certificate ဟာ System Engineer တစ်ယောက် ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Certificate တစ်ခုဖြစ်ပေမယ့် ဒါဟာ လိုအပ်ချက်တွေ အများ အပြားထဲ့က လိုအပ်ချက်တစ်ခုသာ ဖြစ်ပါတယ်။

ကျွန်တော် MCSE တစ်ယောက်အနေနဲ့ရော၊ MCSE Course Trainer တစ်ယောက်အနေနဲ့ပါ အလုပ် လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ MCSE On Paper တွေ အတော်လေး တွေ့ခဲ့ဖူးပါတယ်။ MCSE Certificate တော့ ရပါရဲ့ ဒါပေမယ့် System Engineering နဲ့ပတ်သက်လို့ Professional အဆင့် မရှိသေးတဲ့ သူတွေ တွေ့နေရပါတယ်။ ဒါနဲ့ ပက်သက်လို့ ကျွန်တော် စဉ်းစားမိတဲ့အချက်လေး တွေကို ပြန်ဖောက်သည်ချပါရစေ။

ပထမအချက် ကတော့ Professional Vendor သင်ရိုးတွေဟာ လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံကို အပြည့်အ၀ မပေးနိုင်ပါဘူး။ ဒါကလည်း ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ သတ်မှတ်ထား တဲ့ သင်ရိုးညွှန်းတမ်းတွေ ကိုယ်၌ကိုက Skill Based ဆိုတာထက် Exam Based ပိုဖြစ်နေလို့ ပါ။ ဒီနေရာမှာ ထပ်ပြီး တွေ့တဲ့အချက်က ဘယ်လို Training Center တွေ တက်သလဲဆိုတာလည်း အရေးကြီးတဲ့ အချက်တစ်ခုပါ။ ကျွန်တော် သင်တန်းပေးတဲ့ အချိန်တုန်းက ကိုယ်တိုင်ကလည်း MCSE တစ်ယောက်ဖြစ်နေတော့ ဒီလိုအပ်ချက်လေးကို ကောင်းကောင်း သတိပြုမိပါတယ်။ သင်ရိုးညွှန်းတမ်းကို အကောင်းဆုံး၊ အကြေညက်ဆုံး ဖြစ်အောင်သင်ပေးပေမယ့် တချိန်တည်းမှာဘဲ လက်တွေ့ လုပ်နိုင်တဲ့ အခြေလေးတွေကိုလည်း သင်တန်းမှာ အတက်နိုင်ဆုံး ဖန်တီးပေးခဲ့ပါတယ်။ ဒါတောင်မှ သင်တန်းက ပေးလိုက်တဲ့ ``သင်တန်း လက်တွေ့ အတွေ့အကြုံ´´ပဲ ရှိပါသေးတယ်၊ ``လုပ်ငန်းခွင် လက်တွေ့ အတွေ့အကြုံ´´ မဟုတ်သေးပါဘူး။ သို့ပေမယ့်လည်း သင်တန်း အတော်များများကတော့ စာမေးပွဲ့ကို ဦးစားပေးပြီး သင်ကြတာ တွေ့ရပါတယ်။

တကယ့် လက်တွေ့ အတွေ့ကြုံဆိုတာကတော့ Customer တွေနဲ့ ပြဿနာပေါင်း တစ်သောင်း ခြောက်ထောင်လောက် ရှင်းရင်းနဲ့၊ ဒါမှမဟုတ်ရင် အမှန်ကန် Project တစ်ခုကို ကိုယ်တိုင် အစ အဆုံးဝင်လုပ်ယင်းနဲ့သာ ရနိုင်ပါလိမ့်တယ်။ ဒီလို ပြောလို့ Certificate မလိုအပ်လို့ဆိုလိုတာ မဟုတ်ပါဘူး၊ (အလုပ် လျှောက်ဖို့အတွက်၊ လက်တွေ့ လုပ်ငန်းခွင်မှာ အဆင်ပြေဖို့အတွက်) မလုံလောက်သေးဘူးလို့ ဆိုချင်တာပါ။ ဒါ့ကြောင့်လည်း MCSE Course သင်တန်းတွေ တက်နေချိန် မှာ လက်တွေ့ အတွေ့အကြုံတွေ များနိုင်သမျှ များအောင် ကြိုးစား အားထုတ်စေချင်ပါတယ်။ ဒီနေမှာ အသိပေးချင်တဲ့ အချက်တစ်ခုက Network အခြေခံဗဟုသုတ ကောင်းကောင်းရှိတဲ့ လူတစ်ယောက်အနေနဲ့ မေးခွန်းဟောင်းတွေ လေ့လာပြီး ဖြစ်နိုင်တဲ့ အဖြေတွေ ကောင်းကောင်း အလွတ်ကျက်နိုင်ရင် MCSE Certificate ကို ၃ လအတွင်းရနိုင်ပါတယ်။

ဒါကြောင့်မို့ MCSE Certificate Exam ဖြေမယ်ဆိုရင် Paper MCSE တွေမဖြစ်စေဖို့ ကျိုးနွံ့ စွာပဲ တိုက်တွန်းပါရစေ။ အဲ့သလိုမဟုတ်ရင်တော့ လုပ်ငန်းခွင် ၀င်ပြီးတဲ့ နောက်ပိုင်းကြုံလာမယ့် အကျိုးဆက်တွေ ရင်ဆိုင်ကြရပါလိမ့်မယ်။


(၄) MCSE တစ်ယောက်အနေနဲ့ဘ၀ ရပ်တည်နိုင်ပါသလား။ ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုလား ။

ဖြစ်နိုင်ပါတယ်။ MCSE နေနဲ့ ရပ်တည်နေတဲ့ မြန်မာတွေ (ကျွန်တော် အပါအ၀င်) ရှိပါတယ်။ သို့ပေမယ့် MCSE Certificate တစ်ခုတည်းနဲ့တော့ လုံးဝ မရပါဘူး။ လုပ်ငန်းခွင်မှာ ရေရှည် ရပ်တည်ဖို့ အတွက်ကတော့ ကြိုးစား အားထုတ်မှု၊ စဉ်ဆက်မပျက် သင်ယူနေမှု၊ အလေ့အကျင့်နဲ့ အတွေ့အကြုံတွေက အမှန်တကယ် လိုအပ်ပါတယ်။ ဆိုခဲ့သလိုဘဲ MCSE Certificate ကိုင်ထားရုံတော့ System Engineer မဖြစ်သေးပါဘူး။ ဘယ်သင်တန်းကျောင်းမှလဲ အကုန်တတ်အောင် ပြည့်စုံအောင် သင်မပေးနိုင်ပါဘူး။ ကာယကံရှင်ရဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှု ပေါ်မှာသာ မူတည်ပါတယ်။

ကျွန်တော့် ကိုယ်ပိုင် အနေနဲ့ကကော MCSE တစ်ယောက်အနေနဲ့ ထိုက်တန်တဲ့ နေရာတစ်ခုမှာ ရှိနေတယ်လို့ ကိုယ့်ကိုယ်ကို ယူဆတဲ့အတွက် MCSE Certificate Course တွေ လုပ်ခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှုလို့ ခံစားမိပါကြောင်း ...

ni.lynn@informationbeam.net

Sunday, August 30, 2009

ဘွဲ့လွန် တက်သင့် မသင့် (၅)

ကျွန်တော် သြစတြေးလျကို ရောက်ရင် ကျောင်းတစ်ခုခု တက်မည်လို့ မရောက်ခင် ကတည်းကတော့ တွေးမိပါသေးတယ်။ ဒါပေမယ့် တစ်နှစ်လောက် ကြာတဲ့ အထိ မတက်မိဘဲ နေသွားပါတယ်။ ရောက်ခါစ ရုန်းကန်တာနဲ့ သားလေးမွေးတာနဲ့ တစ်နှစ်ဆိုတာ အလွယ်လေး ကုန်သွားပါတယ်။ အရင်အလုပ်ကနေ ထွက်မည်ဆိုတုန်းက ကျွန်တော် သြော်ဇီမှာ ကျောင်းတက်ချင်တယ်လို့ Director ကို ပြောထားလို့ သူတို့က မထွက်ရင် ကျောင်းစားရိတ် ခံပေးမည် ညနေဖက်လည်း ကျောင်းသွားခွင့် ပေးမည် ပြောပါသေးတယ်။ အဲဒီ ပညာကလည်း ကျွန်တော် အနည်းငယ် တီးခေါက်မိပြီး ကြိုက်နေတဲ့ ဘာသာရပ်ပါ။ Healthcare Informatics ပါ။ Sydney မှာလည်း အဲဒါနဲ့ ပက်သတ်ပြီး ကျောင်းကောင်းတွေ ရှိပါတယ်။

အဲဒီ အချိန်က ကျွန်တော် အတော် စဉ်းစားလိုက်ရပါတယ်။ ပစ်ရမှာလည်း အဆီ တ၀င်းဝင်းနဲ့ ဖြစ်နေပါတယ်။ အဲဒီ ဘာသာရပ်က စိတ်ဝင်စားဖို့ ကောင်းသလို တကယ်တတ်ရင် အထက်တန်းကို ရောက်နိုင်ပါတယ်။ ခက်နေတာက အဲဒီ ပညာနဲ့ ပက်သတ်ရင် အလုပ်က သီးသန့်ဆန်သွားပါတယ်။ Specialise ဖြစ်သွားတဲ့ သဘောမျိုးပေါ့။ ကိုယ့်ရဲ့ Career Path က ခိုင်မာသွားနိုင်သလို ကျဉ်းမြောင်းပြီး ရွေးချယ်စရာ မရှိလည်း ဖြစ်သွားနိုင်ပါတယ်။ အလုပ်တော့ မရ မဖြစ်ပေမည့် အလုပ် လိုချင်ရင် အလုပ်ရှိရာ သွားရမည့် အခြေအနေ ရောက်နိုင်လို့ပါ။ ဥပမာ တခြားမြို့ သွားလုပ်ရမှာမျိုးတွေပေါ့။ အဲဒီလိုနဲ့ အဲဒီ ကျောင်းမတက်ဖြစ်ပါဘူး။ အဲဒီ အကြောင်းကိုတော့ IT လောကထဲက ကျောင်းဆက်တက်ဖို့ စိတ်ကူးနေသူတွေ အတွက် စဉ်းစားစရာ တစ်ခု ရွေးချယ်စရာ တစ်ခု ရမယ်ထင်လို့ ပြောပြပါတယ်။

အဲဒါနဲ့ အလုပ်သစ်ရောက်တော့ အလုပ်သစ်ထဲမှာ ပထမလတွေက ရုန်းကန်ရပြန်တော့ ကျောင်းကို မစဉ်းစားနိုင်ပြန်ဘူး။ ကိုယ်ကသာ ကျောင်းကို မစဉ်းစားနိုင်ပေမယ့် ဟောတစ်ယောက် ဟောတစ်ယောက် ကျောင်းပြီး သွားတာတွေ ကြားနေ မြင်နေရတော့ ငါတော့ ဒီကိစ္စကို အမြန် စလုံးရေ စ မှ ဖြစ်တော့မည်လို့ စဉ်းစားမိပါတယ်။ သူများလုပ်လို့ လိုက်လုပ်တယ် ပြောလို့ ရပါတယ်။ ကိုယ်က နောက်သူတို့နဲ့ ယှဉ်ရင် ကိုယ့်ဆီမှာ တစ်ခုခု လိုနေတာမျိုး ဖြစ်ပြီး နောင်တရရမှာထက် စာရင်တော့ ကျောင်းတက်လိုက်တာ မမှားဘူး တွေးလိုက်ပါတယ်။

စကားစပ်လို့ ပြောရရင် ဘလော့ ဖတ်သူတွေထဲကနေ စစ်တမ်း ကောက်ကြည့်လိုက်တော့ ရတဲ့ အဖြေက မာစတာကို နိုင်ငံခြားမှာ တက်ထားတဲ့သူတွေက လူများစု ဖြစ်နေတာ တွေ့ရပါတယ်။ အဆင့်ဆင့် တက်လှမ်းရတဲ့ ကိစ္စတွေဟာ အဖျားကျဉ်းသွားတဲ့ လှေကား တက်ရသလိုပါပဲ။ ထိပ်ဆုံးကို ရောက်လေ တက်နိုင်တဲ့သူက နည်းလာလေပါပဲ။ ဒီလို ကိစ္စမျိုးတွေ အတွက် ဂရပ်ဆွဲရင် ၀ိုင်ခွက်ပုံ ဖြစ်မဖြစ်ကြည့်ပြီး အဆင့်ဆင့် တက်လှမ်းလာကြတာ အချိုးကျ မကျ သိနိုင်ပါတယ်။ စစ်တမ်းကောက်ထားတာကနေ ရတဲ့ အရေအတွက်ကို ဂရပ်ဆွဲလိုက်တော့ အ၀ကျယ် ဗိုက်ကျယ် ပုံမှန် ၀ိုင်ခွက်ပုံ ရပါတယ်။ ဒါဟာ အခြေအနေ ကောင်းတဲ့ ဖြစ်စဉ် တစ်ခုကို ကိုယ်စားပြုပါတယ်။


အဲဒီလိုနဲ့ ကျောင်းတက်ဖို့ ရှာတော့ ကျောင်း အထွေအထူး မတွေ့ပါဘူး။ Computer Science အတွက် Course က အချိန်ပိုင်း တက်ဖို့တောင် မနည်းရှာရပါတယ်။ အဲဒီ အချိန်မှာ Open University Australia ဆိုတာက ကြော်ငြာနေတာနဲ့ သူတို့ Website www.open.edu.au ကို ကြည့်ကြည်ပါတယ်။ သူက အဝေးသင်ပါပဲ။ Distance Education ဆိုတာနဲ့ စာရင် ပိုပြီး ကြားကောင်းတဲ့ Open ဆိုတဲ့ စကားလုံးမှာ ကျွန်တော်လည်း အငိုက်မိသွားပါတယ်။

တက်ဖို့ Course တွေကလည်း Project Management တွေလိုမျိုးက များပါတယ်။ ကျွန်တော်က အဲဒီဖက်မှာ စိတ်မပါပြန်ဘူး။ ရှားရှားပါးပါး IT နဲ့ ပတ်သက်ပြီး Post Grad အတွက်က တစ်ခုပဲ ရှိပါတယ်။ ဒါလည်း Computer Science စစ်စစ်တော့ မဟုတ်ပါဘူး။ သူကတော့ Technology Management လို့ ပြောပါတယ်။ Business System Design and Management ဖြစ်ပါတယ်။ ၃ လတာ ကာလအတွက် တစ်ဘာသာကို ၁၅၀၀ + GST ၁၅၀ = ၁၆၅၀ ကျသင့်ပါတယ်။ အထက်က ပြောတဲ့ Part Time Class နဲ့သင်တဲ့ Healthcare Informatics ကတော့ ၁၀၀၀ ကျော်ကျော်ပဲ ကျပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သားနဲ့ သမီးရဲ့ Daycare စားရိတ် ၂ ယောက်ပေါင်း တစ်ရက်ကို ၁၄၀-၁၅၀နဲ့ စာရင်တော့ တက္ကသိုလ် စားရိတ်က အများကြီး သက်သာပါသေးတယ်။

Open University ဆိုတာ တက္ကသိုလ်တွေက စုပေါင်းထားပြီး ကျောင်းအပ် လက်ခံပေးတဲ့ သဘောပါ။ သူ့ဆီမှာ တက္ကသိုလ် ၇ ခု ပါပါတယ်။ Monash University တို့ RMIT တို့လိုမျိုးတွေပါ။ နာမည်ကြီး တက္ကသိုလ်တွေ ဖြစ်တဲ့ Australian National University တို့ University of Sydney တို့ လိုမျိုးတွေတော့ မပါသေးပါဘူး။ ကျွန်တော် ရွေးလိုက်တဲ့ Course ကိုတော့ Swinburne University of Technology က သင်ကြားပေးတာပါ။ အဲဒီ တက္ကသိုလ်ကလည်း နာမည်ကြီး တက္ကသိုလ် တစ်ခုတော့ မဟုတ်ပါဘူး။ အဲဒါကြောင့် GRE တို့ ဘာတို့လည်း မတောင်းပါဘူး။ အဲဒီတော့လည်း အမြန် အလွယ် တက်ဖြစ်သွားတာပါ။ ကြောင်ခံတွင်းပျက်နဲ့ ဇက်ယက် တောင်ပံကျိုး ဆိုတာ ဒီလို ကျောင်းသားနဲ့ ဒီလို ကျောင်းနဲ့ကို ပြောတာ ဖြစ်ရမည်။

အဲဒါနဲ့ တစ်ဘာသာ အစမ်း တက်ကြည့်လိုက်ပါတယ်။ သူ့ Course နဲ့ Curriculum မဆိုးပါဘူး။ ကျွန်တော် တခြားကျောင်းတွေက ဘယ်လို သင်သလဲတော့ အသေအချာ မသိပါဘူး။ တခြားကျောင်းတွေမှာ ဘာတွေ သင်တယ်ဆိုတာလောက်ပဲ Website မှာ အကြမ်းဖျဉ်း သိရပါတယ်။ ဒါပေမယ့် ဒီကျောင်းက Course တွေက IT/IS Manager တစ်ယောက် ဖြစ်ဖို့ အထောက်အကူ ဖြစ်နိုင်တယ် ဆိုတာကိုတော့ အလုပ် အတွေ့အကြုံအရ သိလိုက်ပါတယ်။

တကယ်တော့ အလုပ်ခွင်ထဲမှာ ကျောင်းသင်ခန်းစာတွေက ရမည့် Hard Skill တွေ အပြင် တခြား Soft Skill တွေလည်း လိုပါသေးတယ်။ Hard Skill တွေထဲမှာ ကျောင်းကရမည့် ပညာတွေ အလုပ်အတွေ့အကြုံတွေ အလုပ်နဲ့ ဆိုင်တဲ့ Certificate တွေ အပြင် အင်္ဂလိပ် စကားပြောတွေ ပါပါတယ်။ Soft Skill တွေကတော့ ပြောတတ် ဆိုတတ် ငြင်းခုံတတ်တာမျိုး ခိုင်းတတ်တာမျိုး လျှပ်တစ်ပြက် တုံ့ပြန်တတ်တာမျိုး ဖောက်ထွက် စဉ်းစားတတ်တာမျိုးကနေ လူမှုရေးကောင်းပြီး ပေါင်းတတ် သင်းတတ်တာမျိုးတွေပါ။ အဲဒါကြောင့် Soft Skill ကို လူတွေနဲ့ အလွမ်းသင့်အောင် ဆက်ဆံနည်း People Skill လို့လည်း ပြောကြတာ။ Hard Skill တွေကတော့ ကျောင်းတွေ သင်တန်းတွေက အလွယ် ရနိုင်ပေမည့် Soft Skill တွေကျတော့ မွေးရာပါလိုမျိုး ဖြစ်နေပြီး ရယူဖို့ (ကျွန်တော့်အတွက်တော့) အလွန် ခက်ပါတယ်။ အဲဒီလို Soft Skill ကောင်းတဲ့ သူတွေက တစ်ပန်းသာသွားတာတွေ ခဏခဏ ကြုံရပါတယ်။

အဝေးသင် ပညာရေးတွေကတော့ စာသင်ခန်းထဲမှာ ဆရာနဲ့ သင်တာလောက် ဘယ်တော့မှ ကောင်းမယ် မထင်ပါဘူး။ ကျွန်တော့် အနေနဲ့လည်း ကိုယ်ကို ဘာသာပြန်ပေးမည့် စာဖတ်ပြပေးမည့် ဆရာတစ်ယောက် ထက်စာရင် နည်းနည်းပါးပါး ဆွေးနွေးဖို့ နားမလည်တာလေး နားလည်မှုလွဲနေတာလေးတွေ တိုင်ပင်ဖို့ ဆရာ တစ်ယောက်တော့ လိုချင်ပါတယ်။ ဒီသင်တန်းမှာလည်း Email နဲ့ Skype နဲ့ပဲဖြစ်ဖြစ် ယုတ်စွအဆုံး ဖုန်းဆက် မေးရင်ဖြစ်ဖြစ်တော့ ရပါတယ်တဲ့။ ကျွန်တော်တက်လာတဲ့ ကာလမှာတော့ Email ၂ခါ ၃ခါပဲ ပို့ပြီး မေးဖြစ် ဆွေးနွေးဖြစ်ပါတယ်။ ကိုယ် ပျင်းတာလည်း ပါပါတယ်။

တချို့ဘာသာတွေမှာတော့ သင်ရိုးညွှန်းတမ်း အတွက် ပြဌာန်းထားတဲ့ စာအုပ် သတ်သတ်မှတ်မှတ် ရှိတော့ စာအုပ်ဝယ်ရပြီး သင်တန်း တလျှောက်လုံး အဲဒီ စာအုပ်နဲ့ ဆိုင်တဲ့ Assignment တွေ လုပ်ရပါတယ်။ အဲဒီလို ဘာသာအတွက်တော့ သင်တန်းကာလ ၃ လမှာ စာအုပ် တစ်အုပ်တော့ ကောင်းကောင်း ဖတ်ဖြစ်သွားပါတယ်။ နို့မဟုတ်ရင် စာအုပ်တစ်အုပ်ကို ပြီးအောင် ဆုံးအောင် ကိုယ့်ဘာကိုယ် ဘယ်တော့မှ မဖတ်ဖြစ်ဘူး။ အထူးသဖြင့် ဒီလို သီအိုရီ ဆန်ဆန် စာအုပ်မျိုးတွေကို ကောက်တောင် မကိုင်မိဘူး။ တစ်ခါတစ်လေကျတော့လည်း ဘယ်စာအုပ် ဖတ်ရကောင်းမှန်း မသိတာလည်း ပါပါတယ်။ တချို့ဘာသာတွေ အတွက်တော့ ဟိုစာအုပ်က Chapter တစ်ခု ဒီက တစ်ခု စုပေးထားတာ မျိုးပါ။ အဲဒါလည်း မဆိုးပါဘူး။ စိတ်ဝင်စားဖို့ ကောင်းတဲ့ စာလေးတွေ ဖတ်ဖြစ်သွားပါတယ်။

တချို့စာတွေက အလုပ်ထဲကနေ သိပြီးသား ဖြစ်ပေမည့် ကိုယ်က Academic ဆန်ဆန် မသိထားတော့ ပြောတဲ့ ဆိုတဲ့ အခါမှာ စကားလုံး တစ်လုံးထဲနဲ့ ကျစ်ကျစ်လစ်လစ် ပြီးရမည့် ကိစ္စတွေမှာ ရှည်ရှည်ဝေးဝေး ပြောနေရတာတွေ သတိထားမိလာပါတယ်။ တချိုစာတွေကျတော့ ဖတ်လိုက်တာ keyword တစ်လုံး buzz word တစ်လုံး ရသွားပြီး အဲဒီကနေ အကျယ်အကျယ်လိုက်ဖတ်ဖြစ်သွားတာတွေလည်း ရှိပါတယ်။

တစ်ဘာသာနဲ့ တစ်ဘာသာလည်း ပုံစံမတူပါဘူး။ တချို့ဘာသာတွေက Assignment ၃ ခုနဲ့ပဲ ပျင်းရိငြီးငွေ့ဖွယ် ပြီးသွားပေမည့် တချို့ ဘာသာတွေကတော့ Assignment ၂ ခု၊ Online Test ၂ ခုနဲ့ Lesson Exercise လိုမျိုး ၄ ခုလောက် ပါပါတယ်။ Online Test ကတော့ Open Book လည်း ရှိသလို စာဖြေဌာနတွေမှာ သွားဖြေရတာတွေလည်း ရှိပါတယ်။ Online Test ဆိုပေမည့် MCQ တွေအပြင် Paragraph တွေပါ ရေးပြီး ဖြေရပါတယ်။ စာရွက်ပေါ်မှာ ချရေးသလိုပါပဲ။ အရင်တုန်းကတော့ Open Book တွေ သိပ်ဖြေချင်ခဲ့တယ်။ အခုတကယ် Open Book ဖြေရတော့မှ မလွယ်မှန်း သိလာပါတယ်။ သူရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူတို့ ချမှတ်ပေးထားတဲ့ စာတွေ တကယ် ဖတ်မဖတ် သိအောင်ပါ။ စာကို အလွတ်ရအောင် ဖတ်ထားစရာ မလိုဘဲ ဘယ်နားမှာ ဘာရှိလဲ သိအောင် ဖတ်ထားရုံဆိုတော့ ကျွန်တော်နဲ့ ကိုက်ပါတယ်။

Lesson Exercise ဆိုတာ အနီးကပ်ဆုံး Blog နဲ့ တူပါတယ်။ Topic တစ်ခုကို ၀င်ရောက် ဆွေးနွေးဖြစ်အောင် လုပ်ထားတာပါ။ တကယ်လည်း Blog ရေးရပါတယ်။ တက္ကသိုလ်ရဲ့ Blog မှာ သတ်မှတ်ထားတဲ့ ခေါင်းစဉ် အောက်မှာ Post တစ်ခု ရေးလိုက်ရုံပါပဲ။ အားထုတ်မှုနဲ့ အချိန်ကလည်း Blog Post တစ်ခုစာလောက်ပဲ လိုအပ်ပါတယ်။ Assignment တစ်ခုကတော့ Blog Post ၁၀ ခုလောက်နဲ့ ညီမယ် ထင်တယ်။ အချိန်ရဲ့ အားထုတ်မှုရယ်ကို ပြောပါတယ်။ Blog ရေးသလိုတော့ ပေါ့ပေါ့ပါးပါး မဟုတ်ဘူးပေါ့။ အဲဒါကြောင့်လည်း နောက်ပိုင်းမှာ ကျွန်တော် ဘလော့အား ကျသွားတာပါ။ ဒီ Post ကိုလည်း အားတဲ့ အချိန်မှပဲ ရေးဖြစ်တော့တယ်။ အခုလည်း Assignment တစ်ခု ရှိနေတာနဲ့ ဒီ Post ကို အဆုံး မသတ်နိုင်ဖြစ်နေတာ။

ကျွန်တော့် အတွက်တော့ Assignment တင်တာနဲ့ Blog ရေးတာ သိပ်ကွာလှတယ် မဟုတ်ပါဘူး။ Topic တစ်ခုကို လေ့လာပြီး ချရေးလိုက်တာပါပဲ။ အဲဒါကြောင့် ကျောင်းတက်ရတာ သိပ်မပင်ပန်းလှပါဘူး။ Assignment မှာတော့ ဆရာက အမှားတွေကို ပယ်ပယ်နယ်နယ် ထောက်ပြပေးပါတယ်။ Blog မှာလည်း Assignment တင်သလို Professional Response တွေ ရရင် အားရပါတယ်။ အရာရာ သဘောတူစရာ မလိုပါဘူး အပြုသဘောဆောင်ရင် ရပါတယ်။ Assignment တွေကို ဘလော့ရေးသလိုပဲ သဘောထားတော့ ပျော်ပေမည့် အချိန်ကတော့ အတော်လေး ယူရပါတယ်။ ဒါပေမယ့် အကျိုးရှိနိုင်ကောင်းရဲ့ဆိုပြီး ကိုယ့်ဘာကိုယ် အားပေးရ အားတင်းထားရ ပါတယ်။

ကျောင်းက ဒီအတိုင်း သွားမည်ဆိုရင် နောက် ၂ နှစ်လောက်တော့ အနည်းဆုံး အချိန်ယူသွားနိုင်ပေမည့် နောက်ကို ပြန်လှည့်ကြည့်တော့လည်း ၁ နှစ်ဆိုတာ အလွယ် ဖြတ်ကျော်ခဲ့တာပါပဲ။ သူများတွေ ရပြီးသား ဖြစ်ပေမည့်လည်း Better late than never ပါပဲ။ နောင်လိုအပ်လာမယ့် အချိန်မှာ အဆင်သင့် ဖြစ်နေရင် တော်ပါပြီ။ ဒီ Post တွေကလည်း ကျောင်းတက်ရင် ကောင်းမလား စဉ်းစားနေသူတွေ အတွက် ရည်ရွယ်ပါတယ်။


Wednesday, August 12, 2009

ဘွဲ့လွန် တက်သင့် မသင့် (၄)

အထူးသဖြင့် ကျွန်တော်တို့လို IT လုပ်နေသူတွေဟာ ကျောင်းစာတွေ တက္ကသိုလ်တက်ဖို့တွေကို ယုံကြည်မှု နည်းကြပါတယ်။ ဆရာဝန်တွေလိုမျိုး ကျောင်းက သင်တွေ စာတွေကို အသေအချာ လေ့လာမှ လုပ်စားလို့ ရတာမျိုးမဟုတ်ဘဲ ကွန်ပြူတာ နည်းပညာနဲ့ ပက်သတ်ရင် အပြင်မှာ ဖတ်လည်း ရတော့ IT သမားတချို့ဟာ တက္ကသိုလ်က စာတွေကို လိုအပ်တယ် မထင်ကြပါဘူး။ ကွန်ပြူတာလိုင်းမှာ Software ရေးတာပဲဖြစ်ဖြစ် Network ဆင်ဖို့ပဲ ဖြစ်ဖြစ်က တကယ်တန်း စာ ၁ နှစ် ၂ နှစ်လောက် ဖတ်လိုက်ရင် လုပ်စားလို့ ရတော့ တက္ကသိုလ် သင်ရိုးညွှန်းတမ်းတွေကို မလိုအပ်ဖူး ထင်တတ်ကြပါတယ်။

တက္ကသိုလ်တွေမှာ သင်တဲ့ စာတွေက အခြေခံတွေ အနှစ်တွေပါ။ ပြင်ပမှာ ဖတ်လို့ ရတာတွေက နည်းပညာ တစ်ခုကို ဘယ်လို အသုံးချမလဲ သာသာပါ။ Program တစ်ပုဒ် အတော်အတန် ရေးတတ်ပေမည့် B-Tree တို့ Semaphore အကြောင်းတို့ ကောင်းကောင်း မသိတဲ့ Programmer တွေ ရှိသလို Network တစ်ခု ဆင်တတ်ပေမည့် ကွန်ယက်ပေါ်မှာ Data Packet တွေ ဘယ်လို သွားသလဲ အမှားဘယ်လို ရှောင်သလဲ Parity Check ဘယ်လို လုပ်သလဲ မသိတာတွေလည်း ရှိပါတယ်။ သိဖို့ မလိုအပ်ဘူးလို့လည်း ထင်ကြပါတယ်။

တက္ကသိုလ်တွေမှာ သင်တဲ့ စာတွေက အမှန်တကယ်တော့ ပျင်းဖို့ ကောင်းတာ အမှန်ပေမည့် အခြေခံကျတော့ တော်ရုံတန်ရုံ Update လုပ်စရာ မလိုပါဘူး။ အပြင်က စာတွေကတော့ နည်းပညာ တစ်ခု ပြောင်းရင် ပြောင်းသလို အမြဲတမ်း လိုက်မီနေဖို့ လိုပါတယ်။ ကွန်ပြူတာမှာ မဟုတ်ပါဘူး။ တခြား ဘာသာရပ်တွေမှာလည်း Fundamental Knowledge နဲ့ Career Knowledge ရှိပါတယ်။ အခြေခံ ပိုင်ထားတဲ့သူက Career Skill ရဖို လွယ်ပါတယ်။ သက်လုံကောင်းပြီး ရေရှည် အလုပ်လုပ်နိုင်ပါတယ်။ ဘွဲ့လွန်တော့ တက်ထားပါတယ် အလုပ် မကောင်းသေးဘူး ဆိုတဲ့သူတွေကလည်း Career Knowledge တွေ လိုအပ်နေလို့ပါ။ သူတို့အတွက်က ဒီလို လိုအပ်တာက သိသာတော့ အလုပ်အတွက် လိုအပ်တာတွေကို လေ့လာဖြစ်ပါတယ်။

မသိသာဘဲ အပျော်လွန်နေတာက Career Knowledge တွေ ရထားပြီး အလုပ်ကောင်းနေတဲ့ သူတွေပါ။ ကျွန်တော်လည်း ပါပါတယ်။ ခဏလောက် သင်ထားတဲ့ ပညာကို တစ်သက်လုံး အသုံးချနိုင်မည် ထင်နေပါတယ်။ ၃-၄ နှစ် သင်ထားတဲ့ ပညာကို ဘယ်နှနှစ် အသုံးချနိုင်မယ် ထင်သလဲ။ ၁၀ နှစ်- ၁၅ နှစ် ပေါ့။ လွန်ရော ကျွန်ရော အနှစ် ၂၀ လောက်ပေါ့။ အဲဒီ အနှစ် ၂၀ ပြီးရင် ဘ၀မှာ နောက်ထပ် အနှစ် ၂၀ ထပ်လုပ်ရဦးမှပဲ။ အဲဒီ အခါအတွက် ဒီပညာလောက်နဲ့ လောက်ငမယ် မထင်တော့ ပါဘူး။ ကျွန်တော့် ဘာသာ ဖြစ်ချင်တာ တစ်ခုရှိပါတယ်။ ဆေးပညာလို ခက်ခဲ နက်နဲတဲ့ ပညာမျိုးတွေက လွဲရင်ပေါ့။ ပထမ ၄ နှစ်လောက် စာသင်ပြီး ၁၀ နှစ်လောက် အလုပ်လုပ်။ နောက်ထပ် ၃ နှစ်လောက် ထပ်လေ့လာ နောက် ၁၀ နှစ်အတွက်။ နောက် ၁၀ နှစ်အတွက် ၂ နှစ်လောက်ထပ်သင် အဲဒီလိုဆိုရင် ပညာကို တမျှော်တခေါ်ကြီး သင်စရာ မလိုတော့သလို ဘယ်လို ဘယ်မှာ အသုံးချရမလဲ သိတဲ့ အတွက် အလုပ်ထဲမှာလည်း အဆင်ပြေတယ်။ ကျောင်းနဲ့ အလုပ် ငြီးငွေ့ဖွယ် စာအုပ်နဲ့ မက်မောဖွယ် ၀င်ငွေမျှနေတော့ ဘ၀မှာလည်း Balance ဖြစ်ပြီး နေပျော်မယ် ထင်တယ်။ နည်းနည်း နည်းနည်း စီပေါ့။

ကျွန်တော် ဒီနှစ်ဆန်းကတည်းက ကျောင်းတစ်ခု ဆက်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကြီးကျယ် မြင့်မားတဲ့ ရည်ရွယ်ချက်တွေတော့ မရှိတာ အမှန်ပါပဲ။ သူငယ်ချင်း တစ်ယောက်နဲ့ တွေ့လည်း ဘွဲ့လွန်တက်နေတယ်။ တခြား တစ်ယောက် အကြောင်းကြားလည်း မာစတာ ရသွားပြီ။ လူတိုင်းလိုလိုက ကျောင်းဆက်တက်နေတာ ကြားတော့ ကျွန်တော်လည်း အများတန်းတူ ဖြစ်အောင် နေဖို့ လိုပြီ ထင်လို့ ကျောင်းတက်တာပါ။ ကျောင်းတက်ဖို့ လိုမှန်းတော့ သိထားပေမယ့် အများကပါ တက်နေပြီဆိုတော့ မရှိမဖြစ်အနေနဲ့ ယူဆပြီး ဆက်တက်ဖို့ ဆုံးဖြတ်လိုက်တာပါ။

နောက်တစ်ချက်ကတော့ ကျွန်တော်က Self-Discipline မကောင်းဘူး။ စာဖတ်ရမယ်မှန်း သိပေမယ့် စာအုပ်ကို မကိုင်မိဘဲ တခြားဟာတွေ (ဘလော့လိုမျိုး) မှာ စိတ်ရောက်နေတယ်။ အဲဒီပေါ်မှာ ကုန်တဲ့ အချိန်တွေကို တစ်ယောက်က ကောမန့်တစ်ခုမှာ တွက်ပြထားတော့ ဒီ`အား´တွေကို တခြား နေရာ တစ်ခုမှာ သုံးလိုက်ရင် ကောင်းမယ်။ Occupied ဖြစ်စရာ တစ်ခု ရှိထားရင် ကောင်းမယ်။ သတ်သတ်မှတ်မှတ်လေး အချိန်နဲ့ ဘာဖတ်ရမယ်ဆိုတာလေး ရှိရင် ကောင်းမယ်ဆိုပြီး ကျောင်းအပ်လိုက်တာပါ။

နောက်တစ်ချက်ကလည်း ကလေးတွေ ရလာတာလည်း ပါတယ်။ ကလေးတွေက ငယ်သေးတာ ကျောင်းတက်ဖို့ အချက်ကောင်း တစ်ချက်ပါပဲ။ ဟုတ်ပါ့မလား ကိုအန်ဒီဆိုရင် ကလေးအဖေတွေကို တိုးတိုးလေး Tip ပေးလိုက်ပါမယ်။ ကျောင်းတက်နေ စာဖတ်နေရတာ အကြောင်းပြလို့ ရတော့ ကလေးထိန်းရတာ သက်သာတာပေါ့။ ကလေးအမေကို လွှဲချလို့ ရတာပေါ့။ "တိန်" (သူမ၏ အသံ)။ "ဂေါက်" (နောက်ဆက်တွဲ)။

နောက်တာပါ။ ဒီလိုပါ။ ကလေးတွေက ငယ်သေးတော့ အပြင်တွေ ဘာတွေ တော်ရုံမသွားဖြစ်ပါဘူး။ အပျော်အပါးက နည်းလာတယ်။ လူမှုရေးက နည်းလာတယ်။ အိမ်မှာပဲ ကလေးတွေ နားမှာ နေနေဖြစ်တယ်။ ကလေးတွေကို ထိန်းရင်း ဘာပိုလုပ်ဖြစ်သလဲ ဆိုတော့ တီဗွီပဲ ကြည့်ဖြစ်တယ်။ အင်တာနက်ပဲ သုံးဖြစ်တယ်။ အဲဒါကြောင့် သူတို့ ဆော့နေချိန်မှာ စာတစ်ခုခု ဖတ်နေရင် အဆင်ပြေတယ်။ ဒီကလေးတွေ ကြီးလာပြီး Outdoor Activity တွေ များလာမယ့် အချိန် မရောက်ခင် ကိုယ်က စာဖတ်ထား နိုင်မှာ အဆင်ပြေမယ်။ တကယ်ပြောတာပါ။ ကလေးနှစ်ယောက်နဲ့လည်း ကျောင်းစာဖတ်ရတာ စာလုပ်ရတာ ဒီလောက်ကြီး မခက်ခဲပါဘူး။ သူတို့ကတော့ စာဖတ်ခန်းထဲမှာ ကွန်ပြူတာဘေးမှာ လိုက်ဆော့ လိုက်ရှုပ်ပေမယ့် ကလေးတွေကြောင့် ကိုယ့်အချိန်တွေ ကုန်သွားတယ် ဆိုတာမျိုး မရှိတော့ဘူးပေါ့။

ကျောင်းစာတွေ သိပ်ဖတ်ချင်သပ ဆိုရင်တော့ MIT က Open Courseware တွေမှာ ရှာဖတ်လို့လည်း ရမှာပါ။ ဒါပေမယ့် စာဖတ်ရမယ့် အတူတူတော့ ဘွဲ့လက်မှတ် တစ်ခုရထားတာ ကောင်းတယ်။ ပြီးတော့ ကျွန်တော် ရထားတဲ့ ဘွဲ့က မြန်မာပြည်က ဆိုတော့ နိုင်ငံခြားဘွဲ့ တစ်ခုတော့ လိုချင်ပါသေးတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ အလုပ်ရှာရင် အဆင်ပြေအောင်ပါ။ အထူးသဖြင့် ဒေသစွဲကြီးတယ်ဆိုတဲ့ သြစတြေးလျမှာ နေချင်ရင် အလုပ် လုပ်ချင်ရင်တော့ ဒီက ဘွဲ့တစ်ခုတော့ ရှိထားရင် ကောင်းမယ်ဆိုပြီး ဒီက ပေးတဲ့ အဝေးသင် ဘွဲ့လွန် သင်တန်း တစ်ခု ဆက်တက်ဖို့စဉ်းစားတာပါ။

အဲဒီ ဘွဲ့လွန် သင်တန်း တစ်ခု တက်ဖို့ ပိုက်ဆံ ၂ သောင်းလောက် အချိန် ၂ နှစ် ၃ နှစ် အတွင်းမှာ ကုန်နိုင်ပါတယ်။ ဒီမှာကတော့ ကိုယ့်ရဲ့ Education အသုံးစားရိတ်က ကိုယ်လက်ရှိ လုပ်နေတဲ့ အလုပ်ကို အထောက်အကူ ဖြစ်စေတယ်။ ကိုယ့်ကိုယ် လစာ တိုးစေမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် ရပါတယ်။ ၂ သောင်းအတွက် အခွန် လွတ်သွားရင် ၅-၆ ထောင်လောက် အခွန် သက်သာသွားပါတယ်။ အဲဒီတော့ တကယ် ၂ သောင်းမကျတော့ဘဲ ၁ သောင်းခွဲလောက်ပဲ ကျပြီး Tax Effective ဖြစ်ပါတယ်။ တခါတည်းတော့ မကုန်ပါဘူး။ ၃ လကြာတဲ့ Study Period တစ်ခုမှာ တစ်ဘာသာပဲ ယူရင် တစ်ဘာသာကို ၁၅၀၀ ကျော်နဲ့ တစ်လကို ၅၀၀ လောက်ပဲ ကျတော့မှာပါ။ ဒါကတော့ ဘွဲ့လွန် ယူရခြင်း အဓိက အကြောင်းတော့ မဟုတ်ပါဘူး။

ဆက်ရေးပါဦးမည်...

Saturday, August 08, 2009

ဘွဲ့လွန် တက်သင့် မသင့် (၃)

Comment ထဲက တချို့ကို ဒီမှာ Post တစ်ခုအနေနဲ့ ရေးသွားပါမည်။

“သေချာဖတ်ရင် ပ၇ိပတ်တိကို denounceလုပ်မထားဘဲ ပတိပတ်တိကသာ ပန်းတိုင်ေ၇ာက်မယ်လို့ေ၇းထားတာ သိမှာပါ။”

ဒီနေရာမှာ ပန်းတိုင် ဆိုတာကို သတ်မှတ်ပုံခြင်း ကွဲပါတယ်။ ချမ်းသာအောင် လုပ်မှာလား အသက်မွေးဝမ်ကျောင်း ပညာတစ်ခုနဲ့ ဘ၀ကို တိုးတက်အောင် လုပ်မှာလား ကွာပါတယ်။ ချမ်းသာအောင် လုပ်တဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အဲဒီနည်းတွေကို သုံးပြီးမှ မွဲသွားတာတွေလည်း ရှိပါတယ်။

ချမ်းသာအောင် လုပ်တဲ့သူတွေလည်း ကျောင်းမတက်တောင် သင်တန်း မတက်တောင် သင်ယူရပါတယ်။ Stock Trading လုပ်မလား သင်တန်း မတက်ဘဲ စာအုပ် မဖတ်ဘဲ လုပ်လိုက်ရင် လောက်တောင် မလောက်ပါဘူး။ ဆိုင်တစ်ဆိုင် ဖွင့်မလား သူများ ဆိုင်မှာ တစ်နှစ်လောက် မလုပ်ဘူးဘဲ ကိုယ့်ဘာကိုယ် ထလုပ်ရင် ပထမနှစ်တွေမှာ အရှုံးပေါ်မှာပဲ။

အသက်မွေးဝမ်းကျောင်းမှု တစ်ခုခုနဲ့ ဘ၀ကို တိုးတက်အောင်လုပ်မယ် (မြှောက်သလိုလိုနဲ့ နှိမ်ပြောရမယ်ဆိုရင် ရာထူးတိုးအောင်ပဲ လုပ်မယ်) ဆိုရင်လည်း စာဖတ်ရမည် ကျောင်းတက်ရပါမည်။

ဒီမှာ ဘွဲ့ယူသင့် မယူသင့် ပြောနေတယ် ဆိုတာ စာရွက်တစ်ရွက် ယူသင့် မယူသင့် မဟုတ်ပါဘူး။ ကျောင်းဆက်တက်ပြီး ပညာသင်သင့် မသင့်ပါ။ “ဘွဲ့” ဆိုတာနောက်မှာ အချိန်တွေ ငွေတွေ လုံလတွေ အများကြီး ရှိပါတယ်။ အဓိကက ပညာကို ဆက်လက် သင်ယူဖို့ပါ။ ချမ်းသာအောင် လုပ်လုပ် ရာထူးတိုးအောင် လုပ်လုပ် သင်ယူရပါမည်။ သင်ယူပုံခြင်းသာ ကွာသွားတာပါ။

အသက်မွေးဝမ်းကျောင်း ပညာကို တခြားနေရာကလည်း သင်ယူလို့ ပေမယ့် ကျောင်းတွေက စနစ်တကျ ပြဌာန်းထားတဲ့ သင်ရိုညွှန်းတမ်းတွေကနေ သင်ယူတာ အလွယ်ဆုံး နည်းလမ်းနဲ့ စနစ် အကျဆုံးပါ။ ဒီဘလော့ကို လာတဲ့ လူတိုင်း နီးပါးမှာ အလုပ်ရှိပါတယ်။ အလုပ်ထဲမှာ နေ့စဉ် တွေ့ကြုံနေရတာတွေကနေ မှတ်သားပြီး တိုးတက်အောင် လုပ်နေကြတဲ့ သူတွေချည်းပါပဲ။ ဘွဲ့ပဲ ယူပြီး ပြင်ပလောကကို အဆက်ဖြတ် မျက်စိပိတ် နားပိတ်လုပ်ထားတယ် ထင်မယ်ဆိုရင် လူတွေကို အထင်သေးရာ ကြသလို ကိုယ်အမြင်ကျဉ်းတာကို ဖော်ပြနေသလိုပါပဲ။

ဒီနေရာမှာ ဘွဲ့လွန်တက်သင့် မသင့်ပဲ ပြောနေပေမယ့် ပြင်ပလောကမှာ တွေ့ကြုံ မြင်တွေ့ နေရတာတွေကနေ ကိုယ့်ဘာကိုယ် သင်ယူဖို့က နားလည်ပြီးသားပါ။ အားလုံးနားလည်ပြီးသား လုပ်ဆောင်နေတဲ့ ကိစ္စတစ်ခုကို ရေးစရာ မလိုဘူး ထင်ပါတယ်။ ဘွဲ့လွန်တက်ပြီး စာဖတ် ပညာဆက်လေ့လာရင် “ပို” အကျိုးရှိတယ်ပဲ ဆိုသွားမှာပါ။ ဘွဲ့လက်မှတ်ကသာ ပန်းတိုင် ရောက်စေတယ်လို့လည်း အများက မခံယူထားပါဘူး။ အခြေအနေပေးရင် ပေးသလောက် ပညာသင်ယူတာ ကောင်းတယ်လို့ပဲ မှတ်ယူပါတယ်။ စာလည်းဖတ် ပညာလည်းသင်ယူပြီး အများ (အထူးသဖြင့် အလုပ်ရှင်နဲ့ အစိုးရက) သတ်မှတ်လက်ခံထားတဲ့ ဘွဲ့လက်မှတ် တစ်ခု ရှိထားတာ ပညာနဲ့ အသက်မွေးဝမ်းကျောင်းမည့်သူတွေ အကျိုးများဖို့ ပဲ ဖြစ်စေပါတယ်။

“Corporateကြီးကြီးတစ်ခုမှာ လခကောင်းကောင်းနဲ့ title ကြီးကြီးဟာ Ultimate Goal ဆိုရင် Post Grad Qualification ဟာ တကယ်အရေးကြီးပါတယ်။ ပြည်ပရောက် ဗမာအများစုဟာလည်း ဒီလောက်Scopeပဲ တွေးတတ်တယ်။”

ကျွန်တော့်ရဲ့ နောက် ၁၀ နှစ်အတွက် Ultimate Goal ဟာ ဒါပဲလို့ ပြောရမည်ဆိုရင်လည်း ရှက်စရာ ကြောက်စရာ မလိုပါဘူး။ နောက် ၁၀ နှစ်မှာ Millionaire ဖြစ်ဖို့လည်း ကျွန်တော့် ရည်မှန်းချင် ရည်မှန်းလို့ ရပါတယ်။ ရည်မှန်းချက် မတူ ရန်သူလို့လည်း မသတ်မှတ်ပါဘူး။ ကြီးကြီးမားမား မမှန်းတဲ့ အတွက် ငတုံးတစ်ကောင်လို့ ရှက်စရာ မလိုသလို အကြီးအကျယ် မှန်းထားတဲ့ အတွက်လည်း ဘ၀င် မြင့်စရာ မလိုပါဘူး။ သူ့အထွာနဲ့ သူရှိပါတယ်။ အခုတော့ ဒီ Post တွေမှာ ရာထူးကြီးကြီး ရရေးကို ရေးသွားမှာပါပဲ။ ကျွန်တော်ချမ်းသာဖို့ နည်းလမ်းတွေ့ရင်လည်း ရေးသင့်ရင် ရေးသွားမှာပါပဲ။

ကျွန်တော် Warren Buffet တို့ Bill Gates တို့နဲ့ ချည်ပြီး ဥပမာ ပေးသွားမှာမဟုတ်ဘဲ ကျွန်တော်ကျင်လည် ကျက်စားနေတဲ့ တွေ့ကြုံနေရတဲ့ လူတန်းစား တစ်ရပ် အနေနဲ့ပဲ အဲဒီမှာ တွေ့ကြုံ နေရတာတွေကို အဲဒီလူတွေ အတွက် ရေးသွားမှာပါ။ နောက်ပို့စ်တွေမှာ ကျွန်တော် ကျောင်းဆက်တက်ဖို့ ဘယ်အချိန်က စပြီး ဆုံးဖြတ်ခဲ့သလဲ၊ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲနဲ့ ဘယ်လို တက်နေတာတွေကို ရေးသွားမှာပါ။

Friday, August 07, 2009

ဘွဲ့လွန် တက်သင့် မသင့် (၂)

NTU မှာ Master တက်ခွင့်နဲ့ NUS မှာ Graduate တက်ခွင့် ဘယ်ဟာက ပိုခက်ခဲတယ် ဆိုလိုက်တာကို ဘယ်သူကတော့ ပိုသာတယ် နှိုင်းယှဉ်တယ်လို့ ထင်နိုင်ကြပါတယ်။ တကယ်တော့ ဒီလို ရေးလိုက်တာဟာ အဲဒီကျောင်းတွေကို ရောက်ပြီးသား အဲဒီကျောင်းတွေက ဘွဲ့ရပြီးသား လူတွေ အတွက် မဟုတ်ဘဲ ဘာလုပ်ရမှန်း မသိ ဘယ်ကျောင်း တက်ရမှန်း မသိသေးသူတွေ အတွက် ရေးလိုက်တာပါ။ စင်္ကာပူနဲ့ သြော်ဇီ နှိုင်းယှဉ်ရင် အဲဒီနိုင်ငံတွေမှာ အခြေချမည် စိတ်ကူးထားပြီးသူတွေက နည်းနည်းတော့ မကြိုက်ချင်ပါဘူး။ တကယ်တော့ ဘယ်မှာ အခြေချရမည် စဉ်းစားနေသူတွေ အတွက် fact တစ်ခု ရပါစေ ရည်ရွယ်ပါတယ်။ တစ်ခုတော့ ကြိုပြောပါရစေ။ အချက်အလက်ကို မှန်နိုင်သမျှ မှန်အောင် ရေးပေမည့် ကျွန်တော်က များသောအားဖြင့်တော့ Subjectively ပဲ ရေးပါမည်။ ဓမ္မဓိဠာန် ကျကျ ဖြစ်ချင်မှ ဖြစ်ပါမည်။ Balanced View ဖြစ်ချင်မှ ဖြစ်ပါမည်။ ဒါမှလည်း ကျွန်တော့်ရဲ့ ခံစားချက်နဲ့ အမြင်ကို ဖော်ပြရာ ကျမှာပါ။ Universal Truth ကို ရေးဖို့ ကျွန်တော် မစွမ်းသာသေးပါဘူး။ အခုလည်း တက်သင့် မသင့် လို့ ဆိုထားပေမည့် ကျွန်တော့်ရဲ့ အတွေး အမြင်တွေ ကြုံခဲ့တာတွေကို အသားပေးသွားမှာပါ။ စာဖတ်သူရဲ့ ဆင်ခြင်တုံတရားနဲ့ အတ္တ္တကို လက်ခံသလို အတွေးအမြင်ကိုလည်း ကြိုဆိုပါတယ်။ ကျွန်တော့် မှားနေတာကို တည့်မတ်ပေးရင်လည်း ကျေးဇူးတင်ပါတယ်။

လူနဲ့ပဲ ဆိုင်သလား ကျောင်းနဲ့ ဘွဲ့နဲ့ပဲ ဆိုင်သလားကို ကျွန်တော့် အမြင်လေးကို ပြောပြချင်ပါတယ်။ NUS Graduate ဖြစ်ခါစ တစ်ယောက်ဟာ NTU မှာ Master ပြီးပြီး အလုပ်လုပ်တာ ကြာလာတဲ့ လူတစ်ယောက်လောက် မရင့်ကျက်တာ မျိုးလည်း ရှိနေတာ တွေ့ရပါတယ်။ ဒါကလည်း တကယ်တော့ အသက်အရွယ်နဲ့ ဘ၀ အတွေ့အကြုံ ကြောင့်ပါ။ ကျွန်တော့် အနေနဲ့လည်း အခု အချိန်မှာ မြန်မာပြည်က ဘွဲ့ရတစ်ယောက်ဟာ စင်္ကာပူ ဒါမှမဟုတ် သြစတြေးလျ အမေရိကားက ဘွဲ့ရတွေရဲ့ Average လစာထက် (အချိုးကျ တွက်ကြည့်ရင်) ပိုမများတောင် တူတယ်လို့ ပြောနိုင်ပါတယ်။ လူနဲ့ပဲ ဆိုင်တယ် ကျောင်းနဲ့ မဆိုင်ဘူးလို့ ပြောချင် ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီလို ပြောလိုက်ရင် ကျွန်တော် မှန်တယ်လို့ ကိုယ့်ကိုယ်ကို မယူဆရဲပါဘူး။ ကျွန်တော့်မှာ အဲဒီကဘွဲ့ တစ်ခုခု ရှိနေမယ်ဆိုရင် ကျွန်တော်ဟာ အခု အနေအထားထက် ပိုကောင်းတဲ့ တစ်နေရာကို ရောက်နေနိုင်တယ်လို့ ခံစားရလို့ပါ။ (စင်္ကာပူက ဘွဲ့ရတွေရဲ့ လစာတွေကို MOE web site မှာ ရှာကြည့်နိုင်ပါတယ်)

Position တစ်ခုအတွက် လစာ Range တစ်ခုဆိုတာ ရှိပါတယ်။ လုပ်သက် ၅နှစ် / ၁၀နှစ်ရှိ အင်ဂျင်နီယာတစ်ယောက်၊ ကွန်ပြူတာ ပရိုဂရမ်မာ တစ်ယောက် ဆရာဝန် တစ်ယောက် အတွက် အမြင့်ဆုံး လစာဟာ သတ်သတ်မှတ်မှတ် ရှိပါတယ်။ ဒီလို Range ကို ပြောတဲ့ နေရာမှာတော့ Average လစာကို ပြောတာ မဟုတ်ဘဲ Exceptionally ပါကောင်းနေတဲ့ ကုမ္ပဏီတွေက ပေးတဲ့ လစာတွေပါ ပါပါမယ်။ ဥပမာ ရေနံကုမ္ပဏီတွေနဲ့ တခြား နာမည်ကြီး ကုမ္ပဏီတွေက လစာပေးတာ ရက်ရောပါတယ်။ ကိုယ်က အဲဒီ Range ထဲမှာ ဘယ်နေရာ ရောက်နေသလဲ Ceiling ကို မထိသေးဘူးလား ဘာကြောင့် အဲဒီလောက် မရသေးတာလဲ ကိုယ့်အနေအထား ဘယ်မှာ ရှိသလဲကို သိထားမယ်။ ဘွဲ့လွန် ဆက်တက်လိုက်ရင် ဘယ်လောက်ထိ တိုးတက်သွားနိုင်သလဲကို မျှော်မှန်းကြည့်နိုင်မယ် ဆိုရင် ဆက်တက်သင့် မတက်သင့်ကို သိနိုင်ပါတယ်။ ဒီလို တွက်တာတောင် ကာလတို အတွက်ပဲ မှန်းနိုင်ပါတယ်။ ကိုယ်က လစာ Range ထဲမှာ အမြင့်ဆုံးကို ရောက်နေပြီဆိုလို့ ဘွဲ့လွန် မတက်တော့ဘူးဆိုရင်တော့ ရေရှည်မှာ မသေချာပါဘူး။ ဒါပေမယ့် ဒီလို လူတွေကတော့ ကျောင်းဆက်တက်မည့် ကိစ္စကိုတော့ အေးအေးဆေးဆေး စဉ်းစားပြီး တကယ် လိုအပ်မယ် ထင်မှပဲ ဖြည်းဖြည်း လုပ်နိုင်ပါတယ်။

အလျဉ်းသင့်လို့ ကျောင်းသားနဲ့ အလုပ်သမား အမြင်ကွဲပုံကိုလည်း ပြောချင်ပါတယ်။ စင်္ကာပူမှာတုန်းက ကျွန်တော်တို့ အလုပ်သမားတွေက အလုပ်လုပ်နေတုန်းမှာ NTU ကို စကော်လာ ရလို့ မာစတာတန်း လာတက်တဲ့ တစ်ယောက် ရှိပါတယ်။ သူနဲ့ မြန်မာပြည်မှာတုန်းကတော့ တက္ကသိုလ် မတူပါဘူး။ သူက တခြား အသက်မွေးဝမ်းကျောင်း တစ်ခုက။ သူက သူစာတော်လို့ စကော်လာ ရတယ်ပေါ့။ သူက စကော်လာကြေးတွေ ရပြီး ကျောင်းတက်နေချိန်မှာ ကျွန်တော်တို့က အလုပ်တွေ လုပ်နေရတယ်လို့ ထင်တယ်။ ကျွန်တော်တို့ကလည်း ဒီကောင် ဒီအချိန်ထိ ဒီအသက် အရွယ် အထိ အလုပ်မလုပ်ရသေးဘဲ ကျောင်းပဲ တက်နေရတယ်။ သနားပါတယ်လို့ ထင်ကြတယ်။

ကျောင်းသားတွေကလည်း သူတို့ ကျောင်းတက်တာ ဘယ်လို ပျော်ကြောင်း။ မြန်မာပြည်က ကျောင်းသား ဘ၀နဲ့ စင်္ကာပူ အမေရိကား ကျောင်းသားဘ၀က လားလားမှ မတူတော့ အဲဒီလို ကျောင်းတွေမှာ တက်ရတာ လူတိုင်းက ဂုဏ်ယူကြပါတယ်။ အမြဲတက်နေတဲ့ လူမပြောနဲ့ ကျွန်တော်တောင် ခဏလောက် Campus တွေထဲ လိုက်သွားရင် အဆန်းတကြယ်တွေ ခန်းခန်းနားနားတွေ မြင်နေရတယ်။ ကျောင်းတက်ချင်စိတ်တွေ တဖွားဖွား ဖြစ်လာတယ်။ အဲဒီတော့ ကျောင်းသားတွေက သူတို့ ကျောင်းတက်ထားရတာကို ဂုဏ်ယူကြတာ မဆန်းပါဘူး။ ဒါပေမယ့် တချို့ကျောင်းသားတွေက သူတို့က တော်လို့ ကျောင်းတက်ရတာ။ ကျောင်းတက်ပြီးရင်လည်း ပိုတော်မှာပဲလို့ ၀င့်ကြွားကြပါတယ်။

တကယ်တော့ ဒီလို ကျောင်းသားဘ၀ကို မြန်မာပြည်မှာ မ၀ရေစာ ကျောင်းတက်လိုက်ရတဲ့ လူတိုင်းက လိုချင်ပေမည့် အလုပ်လုပ်ပြီး လစာ(ကောင်းကောင်း) ရနေတဲ့ သူတွေက အလုပ်ကို ပစ်ပြီး ကျောင်းမတက်နိုင်ကြပါဘူး။ သူတို့ တွက်တာက တစ်နှစ် နှစ်နှစ် အလုပ်မလုပ်ဘဲ ကျောင်းတက်လိုက်ရင် ၀င်ငွေ ဘယ်လောက် နစ်နာသွားနိုင်သလဲ။ အမှန်အကန် လုပ်သက် နှစ်နှစ် သုံးနှစ် ရထားရင် အလုပ်လျှောက်တဲ့ နေရာမှာ ဘယ်လောက် အထိ တာသွားကြောင်း ကိုယ့်တွေ ခံစားခဲ့ရတော့ ကျောင်းတက်နေတဲ့ သူတွေကို အချိန်ဖြုန်းတယ် ကြီးကောင် ကြီးမားနဲ့ ကျောင်းတက်နေတုန်းလို့ မြင်ကြတယ်။ မလိုလားအပ်ဘဲ အပိုတွေ လုပ်တယ် မြင်ကြတယ်။ ကျောင်းတက်တဲ့ သူတွေကလည်း ကျောင်းပြီးရင် သမင်ဆယ်လှမ်း ကျားတစ်လှမ်းဆိုပြီး မြင်ကြပါတယ်။ ပညာကို ဆက်လက် မလေ့လာသူတွေထဲမှာ လွှတုံးတုံးကို မသွေးဘဲ ပေပြီးတော့ သစ်ပင် သစ်တုံးကို ဖြတ်တဲ့ သူတွေလည်း ရှိနိုင်ပါတယ်။

အလုပ်ခန့်တဲ့ နေရာမှာလည်း လုပ်သက်တင်မက ဘယ်မှာ ကျောင်းပြီးသလဲပါ ကြည့်တတ်တဲ့ နေရာမှာ အလုပ် ရချင်ရင်တော့ ကိုယ့်ဆီမှာ သူတို့ လိုချင်တဲ့ ဘွဲ့တစ်ခု တော့ ရှိထားမှ ဖြစ်မယ့် အနေအထားတွေ ကြုံလာရပါတယ်။ ဒီနေရာမှာ လှည့်ကွက် တစ်ခုကို ပြောချင်ပါတယ်။ တခြားသူနဲ့ မပြောဘဲ ကျွန်တော့် ညီနဲ့ ကျွန်တော်နဲ့ နှိုင်းယှဉ်ပြပါမည်။ ကျွန်တော်က အစိုးရဖွင့်ထားတဲ့ ရန်ကုန် ကွန်ပြူတာ တက္ကသိုလ်မှာ တက်ပြီး ဘွဲ့ရပါတယ်။ ကျွန်တော့်ထက် ဥာဏ်ပိုကောင်းပေမယ့်လည်း စာမကြိုးစားတဲ့ ကျွန်တော့် ညီက အဲဒီ ကျောင်းတွေ မမီတော့ ကွန်ပြူတာကိုပဲ ပုဂ္ဂလိကကျောင်းမှာ NCC ဆိုတဲ့ Course ကို အချိန်ပိုင်း တက်ပြီး ဘွဲ့ရပါတယ်။ သူက အင်္ဂလန်တောင် မရောက်ဘူးပေမယ့် သူ့ Resume မှာ အင်္ဂလန်က တက္ကသိုလ် တစ်ခု နာမည် ပါပြီး ကျွန်တော်ကတော့ (အထူးသဖြင့် သြော်ဇီက အလုပ်ရှင်တွေ အတွက်) ကမ္ဘာမြေပုံရဲ့ ဘယ်နားမှာ မှန်းမသိတဲ့ Yangon ဆိုတဲ့ နေရာမှာ ကျောင်းပြီးပါတယ်။ ကျွန်တော်သာ လုပ်သက် ကောင်းကောင်း မရထားရင် အလုပ်ရှာဖို့ မလွယ်ပါဘူး။ အင်္ဂလန် တက္ကသိုလ် တစ်ခု နာမည်နဲ့ ဘွဲ့ရထားတာဟာ စစ်စစ်ပေါက်ပေါက်မေးတဲ့ သူနဲ့ တွေရင် ရှင်းပြရတာက လွဲရင် တပန်းသာသွားပါတယ်။

မြန်မာပြည်မှာ အစိုးရကျောင်း မတက်ဖြစ်ပေမယ့်လည်း အပြင်ကျောင်း တက်တဲ့သူတွေအတွက် ပိုကောင်းနိုင်တဲ့ အနေအထား ရှိပေမယ့် စင်္ကာပူမှာတော့ အစိုးရ ကျောင်းတွေဟာ အပြင် ကျောင်းက ဘွဲ့တွေ ထက် ပိုကောင်းပါတယ်။ အပြင် ကျောင်းဆိုတာ နာမည်ကြီး ကျောင်းတွေကို မဆိုလိုပါဘူး။ စင်္ကာပူမှာတုန်းက လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ခြံပေါက် နိုင်ငံသားပါ။ သူက ပေါ်လီတက်ပြီးတော့ အဲဒီက ကျောင်းတွေ တက်ခွင့် မရတော့ ဘွဲ့အတွက် ကျောင်းဆက်တက်ဖို့ မဲလ်ဘုန်းက ကျောင်းတစ်ခုကို အဝေးသင် ဆက်တက်ပါတယ်။ သြစတြေးလျကို ၃ လလောက် လာပြီး နောက်ဆုံးစာမေးပွဲ ဖြေရတာက လွဲရင် ကျောင်းကို မည်မည်ရရ မတက်လိုက်ရပါဘူးတဲ့။ ဒါပေမယ့်လည်း ဘွဲ့လက်မှတ် တစ်ခု လိုချင်တော့ ဒီလိုပဲ ပိုက်ဆံပေးပြီး တက်ခဲ့ရတယ် ဆိုပါတယ်။

ဘွဲ့လက်မှတ် တစ်ခုဟာ စာရွက်တစ်ရွက်ထက်တော့ ကျွန်တော် ပိုပြီး တန်ဖိုးထားပါတယ်။ ဘွဲ့လက်မှတ် မရှိဘဲ အလုပ်ရှာလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အစိုးရ ကိစ္စတွေနဲ့ ပက်သက်လာရင်တော့ အဲဒီ စာရွက်ဟာ အင်မတန် အရေးပါလာပါတယ်။ စင်္ကာပူမှာ သြော်ဇီမှာ အလုပ်လုပ်ခွင့် ဗီဇာရဖို့ PR ရဖို့ ဘွဲ့လက်မှတ်ဟာ အလွန် အရေးပါပါတယ်။ အစိုးရနဲ့ ပက်သတ်ရင်တော့ မြန်မာပြည်က ဘွဲ့ပဲဖြစ်ဖြစ် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဘွဲ့နဲ့ အလုပ်နဲ့ မကိုက်ရင်တော့ ပြသနာ ရှိနိုင်ပါတယ်။ ဥပမာ မြန်မာစာဘွဲ့ရထားသူဟာ ကွန်ပြူတာ သင်တန်းတွေ တက်ပြီး ကွန်ပြူတာ လောကထဲ ၀င်နိုင်ပေမယ့် အစိုးရ ကိစ္စတွေဖြစ်ဖြစ် အသက်မွေးဝမ်းကြောင်း အာမခံတွေမှာပဲ ဖြစ်ဖြစ် ဘဏ်က (အိမ်ဝယ်ဖို့ လိုမျိုးအတွက်) ငွေချေးချင်တယ် ဆိုရင် ဖြစ်ဖြစ် စကားပြောရနိုင်ပါတယ်။

ကျွန်တော် အထက်မှာ ဆိုခဲ့တဲ့ အတိုင်း ကျွန်တော် အလုပ်(သင်ဘ၀)နဲ့ အမေရိကား သွားတဲ့ အချိန်မှာ ကျွန်တော်ဟာ ဘွဲ့ မရသေးပါဘူး။ ကျွန်တော်ကို အဲဒီကို ပို့ပေးတဲ့ ကုမ္ပဏီကလည်း အလုပ်ဝင်ခါစက Bill Gates တို့ Michael Dell တို့ ပြပြီး မြှောက်ပေးတယ်။ ဒီလူတွေဟာ ဘွဲ့မရသေးပေမည့်လည်း ဘယ်လောက် အထိ အောင်မြင်နေကြောင်း။ အဲဒါနဲ့ ကျွန်တော်လည်း ကျောင်းကို ခဏနားပြီး အလုပ် လုပ်လိုက်ပါတယ်။ ကျွန်တော်ဟာ အသက် ၂၀ ကျော် အရွယ်မှာ ကျောင်းနား သင့်မသင့် ကျောင်းတက်သင့် မသင့် ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ နောက်တော့မှ ကျောင်းကို ပြီးအောင် ပြန်တက်ခဲ့ပါတယ်။ တကယ်တော့ အဲဒီပုဂ္ဂိုလ်တွေဟာ ကျောင်းတက်နေရင်းမှာ အောင်မြင်စရာ လမ်းကြောင်းတွေ့လို့ အချိန် မပေးနိုင်လို့ ကျောင်းထွက်လိုက်ကြတာပါ။ သူတို့ တက်နေတဲ့ ကျောင်းတွေက ထိပ်ထိပ်ကြဲတွေပါ။ ကိုယ်က အဲဒီလို အောင်မြင်နိုင်မည့် လမ်းကြောင်းပေါ်မှာ မရောက်သေးဘဲ ကျောင်းမတက်လည်း အောင်မြင်နိုင်ပါတယ် ဆိုရင် သူတို့ဘ၀ကို ကွက်ကွက်ကလေးပဲ ကြည့်ရာ ကျနိုင်ပါတယ်။

စင်္ကာပူမှာတော့ သိပ် မသိသာလှပေမည့် သြစတြေးလျလို အမေရိကားလိုမှာတော့ သူ့နိုင်ငံသားတွေက အိနြေ္ဒရသလောက် အဲဒီကို ရောက်နေတဲ့ နိုင်ငံခြားသားတွေ တရုတ်တွေ ကုလားတွေက ကျောင်းတွေကို အလုအယက် တက်ကြပါတယ်။ (စင်္ကာပူမှာတော့ အားလုံး တက်ကြပြီး နည်းနည်းမျှတယ် ထင်ပါတယ်။) ဒီနိုင်ငံတွေမှာ သာမန်လူတွေက ဘွဲ့ရပြီးတော့ အလုပ်ကလေး လုပ်တာက လွဲရင် ဘ၀ကို ပျော်သလိုနေကြတာ သတိထားမိပါတယ်။ တစ်နှစ် တစ်ခါ ခရီးထွက်ဖို့ ကိုယ် စိတ်ပါတဲ့ တခြားဟာလေးတွေ လုပ်ဖို့ စဉ်းစားပြီး ဘ၀ကို ပျော်အောင် နေကြတယ်။ တခြားဘက်မှာလည်း နိုင်ငံသားတွေထဲမှာ ချမ်းသာပြီး ပညာတတ် မိသားစုက လူများကတော့ ဘွဲ့ရော ဘွဲ့လွန်ရောကို (ကျောင်းကောင်းတွေမှာ) ဆက်တိုက် တက်ပြီး ငယ်ငယ် ရွယ်ရွယ်နဲ့ ရာထူးကြီးတွေ ယူထားတာလည်း တွေ့မိပါတယ်။

ဦးဆောင် လမ်းညွှန်မှု မရှိတဲ့ လူအုပ်ကြီးကို ကြောက်တတ်တဲ့ သူတွေက ဦးဆောင်တတ်ပါတယ်။ နိုင်ငံခြားသားတွေက အလုပ်တစ်ဘက်နဲ့ ကျောင်းတွေ ဆက်တက် ပိုက်ဆံဆိုလည်း ခြစ်ခြစ်ပါအောင် စုနဲ့ သူ့နိုင်ငံသားတွေလိုတော့ ပျော်ပျော်ပါးပါး မနေနိုင်ကြပါဘူး။ တကယ်တော့ နိုင်ငံခြားသားတွေ အနေနဲ့ သူ့နိုင်ငံသားတွေနဲ့ ယှဉ်တဲ့နေရာမှာ ကွာသွားတာတွေ ရှိတော့ ကိုယ့်ကိုယ်ကို လုံအောင် ဆိုပြီး ကျောင်းတက်ကြတာပါ။ နောက်ပြီး ဒီနိုင်ငံမှာ နေပြီး ဒီနိုင်ငံက ပညာရေးရထားမှ ဒီနိုင်ငံသားတွေနဲ့ ယှဉ်နိုင်မှာဆိုပြီး တွေးကြပါတယ်။ ပြောရမည်ဆိုရင်တော့ ကြောက်လို့ ကျောင်းတက်တယ်ပဲ ဆိုပါတော့။ အဲဒီလူ ကြောက်တတ်တဲ့သူတွေ များလာတော့ ကျောင်းဆက်တက်ဖို့ဟာ နိုင်ငံခြားသားတွေထဲမှာ Trend တစ်ခု အနေနဲ့ ဖြစ်လာပါတယ်။

ကျွန်တော်က ဒီအချိန်မှ တရေးနိုးပြီး ဘွဲ့လွန် ဆက်တက်သင့် မသင့် ပြောနေတာ (စစ်တမ်းအရ ဆိုရင်) တ၀က်ကျော်ကျော် ရှိတဲ့ ဘွဲ့လွန် ရထားပြီးသားသူတွေ အတွက် ရယ်စရာ ဖြစ်နေမလားပဲ။ ဒါပေမယ့် များသောအားဖြင့်ကတော့ ဆက်တက်ဖို့ အားပေးကြမှာပါ။ ကျန်တဲ့ တ၀က်မှာလည်း ရိုးရိုးဘွဲ့ဆိုပေမည့် အောင်မြင်တဲ့ လမ်းကြောင်းပေါ် ရောက်နေသူတွေ အတွက်လည်း ကျောင်းဆက်တက်ဖို့ သိပ်စဉ်းစားစရာ မလိုပါဘူး။ ကျွန်တော့်အနေနဲ့ ဘွဲ့လွန်ရပြီးသူတွေဆီက အကြံတွေရပြီး ကျောင်းဆက်တက်ဖို့ ချဉ်တုံချတုံ ဖြစ်နေသူတွေ ကိုယ်လို လူတွေအတွက် ထိရောက်မည်ဆိုရင် ကျေနပ်ပါတယ်။

ဆက်ရေးပါဦးမည်။

Monday, August 03, 2009

ဘွဲ့လွန် တက်သင့် မသင့် (၁)

ဒီဘလော့ကို လာဖတ်တဲ့ သူတွေဆီကနေ သူတို့ရဲ့ အမြင့်ဆုံး ပညာရေး အနေအထားကို စစ်တမ်းလေး တစ်ခုအနေနဲ့ ကောက်ထားခဲ့ပါတယ်။ စစ်တမ်းရဲ့ ရည်ရွယ်ချက်ကို ကြိုတင် အသိမပေးခဲ့တာကိုတော့ တောင်းပန်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ဘွဲ့လွန်သင်တန်းတစ်ခု ဆက်တက်သင့်မသင့်ကို သုံးသပ်ချင်လို့ပါ။ Vote လုပ်သွားသူတွေကိုလည်း ကျေးဇူး တင်ပါတယ်။


ပုံမှန် Master ဘွဲ့ တစ်ခုဟာ အလုပ်ကောင်းကောင်း တစ်ခု ရအောင် အထောက်အကူပြုတယ်လို့ ကိုယ့်ကိုယ်ကို လက်ခံယုံကြည်အောင် အခုအချိန်အထိ ကျွန်တော် မလုပ်နိုင်သေးပါဘူး။ IT လောကမှာ အလုပ်တွေက ဆရာဝန်တွေလိုမျိုး ဘွဲ့လွန် ပညာ အရည်အချင်းတွေ ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။ ကုမ္ပဏီအကြီးကြီးတွေမှာ အလုပ်လုပ်ချင်ရင်တော့ မာစတာဘွဲ့ ရှိထားမှ ဖြစ်ပေမယ့် Graduate လောက်နဲ့လည်း လစာကောင်းကောင်း ရနိုင်တယ်ဆိုတာ ကိုယ်တွေ့ပါပဲ။ အဲဒီအတွက် ကျွန်တော်ဟာ မာစတာဘွဲ့တစ်ခုကို လိုအပ်တယ်လို့ တော်ရုံတန်ရုံ မထင်ခဲ့ပါဘူး။

တကယ်တော့ ကျွန်တော် ပျင်းခဲ့တာလည်း ပါပါတယ်။ အလုပ် စလုပ်နေတဲ့ အချိန်မှာ ကျွန်တော်ဟာ ဘွဲ့တောင် မရသေးပါဘူး။ နောက်မှ ဘွဲ့ရအောင် ကျောင်းဆက်တက်ဖြစ်တာပါ။ စင်္ကာပူ ရောက်စကလည်း ရောက်စမို့လို့ဆိုပြီး မာစတာဆက်တက်ဖို့ ခေါင်းထဲမှာ မရှိပါဘူး။ အဲဒီမှာ အခြေခိုင်သွားတော့လည်း တခြားနိုင်ငံကို ကူးမည် ဆိုပြီး ကျောင်းတက်နေရင် သံယောဇဉ် တွယ်နေမှာစိုးလို့ အကြောင်းပြပြီး ကျောင်းဆက်တက်ဖို့ကို ဆင်ခြေပေးခဲ့ပါတယ်။ တကယ်တော့ ကျွန်တော် စင်္ကာပူမှာ နေခဲ့တဲ့ အချိန်ဟာ ဘွဲ့လွန်သင်တန်း တစ်ခု တက်ဖို့လိုအပ်တာထက်တောင် ပိုနေပါသေးတယ်။ အဲဒါကြောင့် စင်္ကာပူ ဒါမှမဟုတ် နိုင်ငံရပ်ခြား တစ်ခုကို ရောက်နေတဲ့သူတွေဟာ ရောက်တာနဲ့ ပညာရေးတစ်ခုကို လိုက်စားမယ်ဆိုရင် အချိန်တစ်ခု အတွင်းမှာ ပညာရေးတစ်ခု အဖတ်တင်နိုင်ကြောင်းနဲ့ ကျွန်တော့်လို နောင်တရတာမျိုးကနေ ရှောင်နိုင်တယ်လို့ ဆိုပါရစေ။ အခြေအနေ ပေးရင်ပေါ့လေ။ ကိုယ့်ကိုယ်ကျတော့ အခြေအနေ မပေးလိုလို့ ဖြေသိမ့်ပါတယ်။

ဒီဇယားကို ကြည့်မည်ဆိုရင်လည်း များသောအားဖြင့် (၈၀% ကျော်ကျော်) က နိုင်ငံခြား ရောက်မှ ဘွဲ့လွန် ဆက်တက်ကြတာကို တွေ့ရပါတယ်။ ဒါကလည်း တခြား အကြောင်းတွေ ရှိနိုင်ပါတယ်။ ဥပမာ တချို့က နိုင်ငံရပ်ခြား ထွက်ဖို့ကို ပညာရေးကို Entry  တစ်ခုအနေနဲ့ Starting Point တစ်ခု အနေနဲ့ အသုံးချကြတာပါ။ ဥပမာ စင်္ကာပူသွားဖို့ အတွက် ကျောင်းအရင် လျှောက်ပြီး ကျောင်းရမှ ကျောင်းကို တစ်နှစ်ခွဲ နှစ်နှစ် တက်ပြီးတော့မှ အလုပ်ရှာပြီး အလုပ်လုပ်ကြပါတယ်။ ဒီလမ်းကြောင်းက Risk နည်းတယ်လို့ ယူဆကြတာတွေ ရှိသလို ရေခြားမြေခြားတစ်ခုမှာ ချက်ချင်းလက်ငင်းကြီး အလုပ်သစ်တစ်ခု လုပ်ဖို့ မ၀ံ့သူတွေအတွက်လည်း သင့်တော်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ လုပ်ငန်းအတွေ့အကြုံ ကောင်းကောင်း မရှိထားသူတွေ အသက်ငယ်သေးသူတွေ အတွက်ပါ။ ဒီနည်းဟာ များသောအားဖြင့်အတွက် နိုင်ငံတစ်ခုကို ခြေလှမ်းစတင်ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ပါပဲ။ ကျောင်းတက်ပြီး တစ်နှစ်လောက် နေရင် အဲဒီ နိုင်ငံအကြောင်း အတော်အတန် သိသွားတာမို့ အစိမ်းလိုက်ကြီး အလုပ်လာရှာတဲ့ သူထက်တော့ အများကြီး လွယ်ကူသွားပါတယ်။ အလုပ်ရဖို့ အခွင့်အလမ်းလည်း ပိုများပါတယ်။ စင်္ကာပူမှ မဟုတ်ဘူ။ ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်တော့ အင်္ဂလန်ကို သွားချင်လည်း ဒီနည်းက အလုပ်ဖြစ်တယ်။ အမေရိကား သွားချင်လည်း ဖြစ်နိုင်တယ်။ နိုင်ငံပေါ် မူတည်ပြီး ဘယ်လို ပညာရေးမျိုးလည်းနဲ့ ဘယ်လောက် ကုန်ကျသလည်း ပဲကွာသွားမယ်။ 

စင်္ကာပူမှာတော့ အဲဒီမှာ ကျောင်းပြီးမှ PR ရမယ်ဆိုလို့ ကျောင်းဆက်တက်သူတွေလည်း ရှိပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်တွေက အတော့်ကို မှန်ခဲ့ပေမယ့် အခုအချိန်မှာတော့ မရှိမဖြစ်ကြီး မဟုတ်တော့ပါဘူး။ ရှိထားရင်တော့ ကောင်းတယ် ဆိုကြသေးတဲ့ အတွက် PR ရဖို့ဆိုပြီး ကျောင်း ဆက်တက်ကြတာ တွေ့ရပါတယ်။ နောက်ဆုံးတော့လည်း ဒီလို ယုံကြည်ပြီး ကျောင်းဆက်တက်တဲ့သူတွေပဲ ဘွဲ့တစ်ခု ထပ်ရသွားပြီး နောက်နောင် တခြားနေရာတွေမှာ ကောင်းဖို့ ဖြစ်လာနိုင်ပါတယ်။

Career နဲ့ ပက်သက်ပြီး တိုးတက်ရာ တိုးတက်ကြောင်း ဘွဲ့လွန်တက်ကြတာကလည်း အဓိက အကြောင်းတစ်ခုပါ။ လိုအပ်တဲ့ အချိန်မှာ အသင့် ရှိနေအောင်လည်း ပါတယ်။ တချို့ကလည်း ဂျပန်လို နိုင်ငံမှာ ပညာသင်ဆု လှမ်းလျှောက်ထားတာ ရသွားလို့ လက်မလွှတ်နိုင်လို့ သွားတတ်ရင်း ဂျပန်မှာ အခြေကျ အလုပ်ရသွားတာမျိုးတွေလည်း တွေ့ရပြန်တယ်။ ကျောင်းတက်ဖို့ ကြံရွယ်နေသူလည်း ဂျပန် စကော်လာတွေကို စူးစမ်းကြည့်သင့်ပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် အလုပ်လုပ်နေရင်းနဲ့ ဘွဲ့လွန်ဆက်တက်သူတွေကိုတော့ ချီးကျူးစရာပါ။ ညနေ အလုပ်ကဆင်းတာနဲ့ NTU ကို ပြေးရပြီ။ (ကျွန်တော့် အသိတွေမှာ များသောအားဖြင့်က အဲဒီမှာ တက်ကြတာပါ)။ စာသင်ခန်းထဲရောက်တော့ လူကအတော် ပင်ပန်းနေပြီး အိပ်တောင် ငိုက်ကျတယ်လို့ ပြောကြတာနဲ့ ကျွန်တော်လည်း ကျောင်းဆက်တက်ရမှာ တွန့်သွားပါတယ်။ ပြီးတော့ စင်္ကာပူ ရောက်စက အခုမှ လက်ထပ်ကာစ ဆိုတော့ သူမနဲ့လည်း မခွဲနိုင်တာလည်း ပါမှာပေါ့။ ဒီလိုပဲ ကြည်ဖြူလောက်အောင် ဆင်ခြေပေးရတယ်။


 တကယ်လို့ ဘွဲ့ အရည်အချင်းတွေကို မကြည့်ဘဲ ဘယ်မှာ နောက်ဆုံး ကျောင်းပြီး ခဲ့လည်း ဆိုတာကိုပဲ ကြည့်မယ်ဆိုရင်တော့ မြန်မာပြည်မှာရယ်၊ စင်္ကာပူမှာရယ်၊ တခြားနိုင်ငံတွေမှာ ရယ် အတူတူ နီးပါး ပါပဲ။ ဒီဘလော့ကို လာလည်ထဲသူတွေထဲမှာ စင်္ကာပူက ၅၀% ကျော်ကျော်ရှိပြီး မြန်မာပြည်က လာလည်တဲ့သူဟာ ၁၀ ယောက်တောင် မရှိချင်ပါဘူး။ အဲဒီ နှစ်ချက် ပေါင်းကြည့်ပြီး မှက်ချက်ချရရင်တော့ မြန်မာပြည်မှာ ကျောင်းပြီးတဲ့သူတွေကလည်း တခြားမှာ ကျောင်းပြီးတဲ့ သူတွေနဲ့ နည်းတူ နိုင်ငံခြားမှာ အလုပ်ရနိုင်ကြောင်းတွေ့ရပါတယ်။ လစာကတော့ ကွာသွားနိုင်ပါတယ်။ မြန်မာပြည်မှာပဲ ဘွဲ့ရခဲ့တဲ့ သူတွေမှာလည်း တခြားနိုင်ငံမှာ ဘွဲ့ရထားတဲ့သူတွေနဲ့ တော်ရုံတန်ရုံတော့ လစာရတာချင်း ယှဉ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။ အတွေ့အကြုံနဲ့ အလုပ်ပေါ်လည်း မူတည်သွားတာပေါ့။ ကံဆိုတာကိုလည်း ထည့်ပြောချင်ပါတယ်။

စာဖတ်သူတွေထဲမှာ ဒီပလိုမာ ရထားသူတွေကလည်း အုပ်စုတစ်စု အနေနဲ့ တွေ့ရပါတယ်။ မြန်မာပြည်ကဆိုရင် GTI (အင်ဂျင်နီယာ)တို့ LCCI (စာရင်းကိုင်) တို့လို NCC (ကွန်ပြူတာ) တို့လို ဒီပလိုမာ ရထားသူတွေအနေနဲ့ စင်္ကာပူမှာ အလုပ်တစ်ခု ရနိုင်တာ ကြားနေရပါတယ်။ လွယ်တော့ မလွယ်လှပါဘူး။ စင်္ကာပူမှာ ပေါ်လီပြီးရင်တော့ ဒီပလိုမာ ဆိုပေမယ့် အလုပ်အကိုင်ဆိုတာ မြန်မာပြည်က ဘွဲ့ရ တစ်ယောက်ထက် အများကြီး အဆင်ပြေပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ စကားပြောနိုင်ပါတယ်။ အဲဒါကြောင့်လည်း ပေါ်လီပြီးရင် တခြားကျောင်းတွေ ဆက်တက်ကြတာ တွေ့နေရပါတယ်။ ဒီပို့စ်မှာ ဘွဲ့လွန်အကြောင်း ပြောချင်တာ ဆိုတော့ ဒီအကြောင်းကို ပေါ်လီဆင်းတွေ ရေးထားရင် ဖတ်ရတာ ပိုကောင်းမှာပါ။ ဘာပဲဖြစ်ဖြစ် အသက်ကို ရမ်းမှန်းလိုက်မယ်ဆိုရင် ဒီဘလော့မှာ လူငယ်တွေလည်း ဖတ်တယ် ဆိုတာသိရတဲ့အတွက် ၀မ်းသာပါတယ်။

Graduate ပဲ ဆိုပေမည့်လည်း နိုင်ငံခြားမှာ Graduate တက်ခွင့်ဖို့ ရဖို့ရယ် အချိန်ရယ် စားရိတ်ရယ်က အဲဒီမှာ မာစတာ တက်ဖို့ ထက် ပိုခက်ခဲ ပိုကြာ ပိုကုန်ကျပါတယ်။ NTU က မာစတာရထားတဲ့သူ တစ်ယောက်ထက် NUS မှာ Graduate ဖြစ်ထားတဲ့သူက အလုပ်အကိုင် ပိုကောင်းတယ်ဆိုရင်လည်း အံ့သြစရာ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ Graduate ရထားသူတွေ ဘ၀ကိုတော့ ကျွန်တော့်အနေနဲ့ Personally အထင်ကြီး အားကျပါတယ်။    


ကျွန်တော့် အသိအတော် များများက စင်္ကာပူမှာ Master တက်ပြီး ရသွားကြတာတွေ့တော့ ကျွန်တော်လည်း နည်းနည်း စိတ်ယိုင်လာပါတယ်။ မာစတာ မပြောနဲ့ Ph.D တက်နေသူတွေ ပြီးသွားသူတောင် တွေ့နေ ကြားနေရပြန်ရော။ အခုအချိန်မှာ သူတို့ကို ယှဉ်နိုင်သေးပေမယ့် နောင် ၅ နှစ် ၁၀ နှစ်မှာတော့ မယှဉ်နိုင်လောက်တော့ပါဘူး။ ဘွဲ့လွန်ပညာရေးတွေကလည်း အဲဒီ အချိန်မှာ အဓိက လိုအပ်လာမှာ။ ကိုယ်က မာစတာဘွဲ့ကို အသုံးချပြီး တစ်ဆင့် တက်လှမ်းမယ် ဆိုရင်ပေါ့။ Master တက်နေကြောင်း ပြီးသွားကြောင်း ကြားနေ မြင်နေရပေမယ့် သေချာအောင် စစ်တမ်း တစ်ခု ကောက်ကြည့်ပါတယ်။ အဲဒီမှာပဲ တွေ့တော့တယ်။ အားပါးပါး မာစတာပြီးတဲ့သူ အရေအတွက်ဟာ ဘွဲ့ သို့မဟုတ် ဒီပလိုမာ ရတဲ့သူနဲ့ တူနေပါတယ်။ ၄၇% ဆီ ရှိကြပါတယ်။ Ph.D ပါ ပေါင်းလိုက်ရင် ဘွဲ့လွန်သမားတွေကတော့ ပိုများနေပါလား။

စင်္ကာပူနဲ့ တခြားနိုင်ငံတွေမှာ မာစတာ ရတဲ့သူက တ၀က်နီးပါးစီ ရှိကြပြီး ၅ ပုံ ၁ပုံကပဲ မြန်မာပြည်မှာ ရထားသူတွေပါ။ စပျစ်သီး ချဉ်နိုင်ပါတယ်။ စင်္ကာပူမှာ မာစတာဘွဲ့တွေကို ရှောက်သီးဆေးပြား ရောင်းသလို ပေါပေါပဲပဲ ပေးနေတယ်လို့။ အစိုးရက ကျောင်းတွေ ဆက်တက်အောင် ဖိအားပေးတယ်။ လမ်းကြောင်း ပေးတယ်လို့။ ဒါပေမယ့် အဲဒီက ကျောင်းတွေ ဖြစ်တဲ့ NTU တို့ NUS တို့ဟာ ကမ္ဘာ့အဆင့်အတန်းမီပြီး အသိအမှတ်ပြုတဲ့ အတွက် အဲဒီမှာ ဘွဲ့ရထားတွေ သူတွေ အနေနဲ့ ဘယ်မှာပဲ ဖြစ်ဖြစ် ဘွဲ့ကို အသုံးချနိုင်ပါတယ်။

ဆက်ရေးပါဦးမည်...


Friday, July 17, 2009

ဟစ် ၄ သိန်းပြည့် အမှတ်တရ

ထုံးစံအတိုင်း ဟစ် ၁ သိန်းရတိုင်း အမှတ်တရ အနေနဲ့ ပို့စ်တစ်ခု ရေးဖြစ်ခဲ့တော့ အခု ၄ သိန်း ပြည့်တော့လည်း တစ်ပုဒ် ရေးလိုက်တယ်။ အရင်တုန်းကတော့ အတော့်ကို ပျော်လို့ ရေးဖြစ်တာပါ။ အခုတော့ ဟစ်တွေက ဘာလုပ်မှာလည်း အရေးကြီးတာ ကိုယ်ရေးတဲ့စာ သူများအတွက် အပျင်းပြေ အသုံးဝင်ဖို့ရယ် ကိုယ်စိတ်ပျော်ဖို့ရယ်ပဲဆိုတော့ ဟစ်တွေရတဲ့ အကြောင်းရေးရမှာ လက်တွန့်တယ်။

အတ္တစိတ်နဲ့ ပြန်စဉ်းစားကြည့်တော့ ဒီလို ဟစ်တစ်သိန်းရဖို့ ကိုယ့်ဘာတွေ ပေးဆပ်ခဲ့ရသလဲ။ သိသာတာ အများနဲ့ တူတာကတော့ စာရေးတဲ့ အချိန်ပေါ့။ ဟစ် ၃ သိန်းနဲ့ ၄ သိန်းကြားမှာ ပို့စ် ၁၄ ပုဒ်ရေးဖြစ်ခဲ့တယ်။ တစ်ပုဒ်ကို ၂ နာရီခွဲနဲ့ တွက်ရင် စုစုပေါင်း ၃၅ နာရီကို ၄ လအတွင်းမှာ သုံးခဲ့တယ်ဆိုတော့ တစ်လကို ၉ နာရီ တစ်ပတ်ကို ၂ နာရီ ကျော်ကျော်ပေါ့။ ဒီလို ဆိုရင်တော့လည်း မဆိုးပါဘူး။ တစ်ပတ် ၂ နာရီဆိုတာ ရေချိုးရင်း တီဗွီကြည့်ရင်းတောင် ကုန်နိုင်သေးတာပဲ။ ရေလျှော့ချိုးပေါ့ ဒီမှာလည်း ရာသီဥတုက အေးနေတာနဲ့ အတော်ပဲ။

အချိန်အပြင် တခြားဘာတွေ ကုန်သွားသေးလည်း စဉ်းစားကြည့်လိုက်တော့ ကျွန်တော့်ပို့စ်တွေက အရမ်းကို ကိုယ်ရေးကိုယ်တာ ဆန်နေပါလား။ ကျွန်တော့်ရဲ့ Privacy တွေ အနည်းနဲ့ အများ ပွန်းပဲ့သွားတာပါလား မြင်လာတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော် ဟစ်တွေရဖို့ အတွက် Privacy တွေနဲ့ Trade လုပ်လိုက်ရပါလားလို့ သုံးသပ်မိတယ်။

လူတွေက Trade လုပ်လို့ ရတာ မှန်သမျှ အကုန်လုပ်တယ်။ ကိုယ်ကာယ ဉာဏ်ရည် ကို Trade လုပ်ပြီး လုပ်အားခ ရယူတယ်။ ဒါဟာ မှန်ကန်တယ်လို့ ယူဆ သတ်မှတ်ထားတဲ့ Trading တစ်ခုပါပဲ။ အရှက်နဲ့ ခန္ဓာကို Trade လုပ်ပြီး ပိုက်ဆံရှာတယ်။ ဒါဟာ မမွန်မြတ်ပေမယ့် ဟိုးရှေးကတည်းက လုပ်စားလာကြတာပဲ။ အခုခေတ်မှာတော့ လူတွေက Privacy တွေကို Trade လုပ်ပြီး အကျိုးအမြတ်တွေ ယူလာကြတယ်။ ကျွန်တော် ဘလော့ရေးပုံကလည်း ဒီအထဲမှာ ပါသွားတယ်။

အထူးသဖြင့် အင်တာနက်မှာ လူတွေ Privacy ကို Trading လုပ်လာကြတယ်။ FaceBook မှာ Friends တွေရဖို့ လူအများ စိတ်ဝင်စားဖို့ ကိုယ့်အကြောင်းတွေ ကိုယ့်ဓါတ်ပုံတွေ တင်ကြတယ်။ လူတွေက ပျော်ပျော်ကြီးကို ကိုယ့်ရဲ့ Information တွေကို Share နေကြတော့တယ်။ ကိုယ်ဘာလုပ်နေလည်း ဘာစားနေလဲကို ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တာပဲ။ ဒါတွေဟာ Privacy မဟုတ်တော့သယောင်ကို သဘောထားနေကြတယ်။ ကိုယ့်သူငယ်ချင်းတွေပဲ မြင်တာပဲဆိုတဲ့ အသိကလည်း ဒီလို Private Information တွေကို Share ဖို့ တွန်းအားပေးနေတယ်။

သြော်ဇီမှာ Coles နဲ့ Woolworths လို့ခေါ်တဲ့ ကုန်စုံဆိုင် Grocery/Retail Store Chain ကြီးနှစ်ခု ရှိတယ်။ (စင်္ကာပူမှာလိုဆို NTUC လိုမျိုးပေါ့။ အမေရိကားမှာဆို Wal-Mart လိုမျိုး ဆိုပါတော့) ကားပေါ်တဲ့ ဒီလိုနိုင်ငံမှာ သူတို့တွေက ဓါတ်ဆီဆိုင်တွေနဲ့ ချိတ်ထားတယ်။ (သူတို့ပဲ ပိုင်တာလားတော့ အသေအချာ မသိပါဘူး)။ အဲဒီဆိုင်တွေမှာ သတ်မှတ်ထားတာထက် (ထားပါတော့ ၃၀ ဖိုးထက်) ပိုဝယ်ရင် ဓါတ်ဆီဝယ်တဲ့ အခါ ဈေးလျှော့ပေးတယ်။ များများစားစား မဟုတ်ပါဘူး။ တစ်လီတာကို ၄ ပြားရယ်ပါ။ တစ်ခါထည့် လီတာ ၃-၄၀ ဆိုတော့ ၁ဒေါ်လာသာသာ သက်သာတာပါ။ Coles နဲ့ ချိတ်ထားတဲ့ ဓါတ်ဆီဆိုင်မှာတော့ Receipt ဖြတ်ပိုင်းလေး ပြလိုက်ရင် လျှော့ပေးတယ်။ Woolworths ကတော ပိုပြီး အဆင်ပြေအောင် Member Card လိုမျိုးလေး ပေးထားတယ်။ ဈေးဝယ်တဲ့ အချိန်မှာ အဲဒီကတ်လေး Scan လုပ်လိုက်တယ်။ ပြီးတော့ ဓါတ်ဆီဆိုင်မှာ အဲဒီ ကတ်လေး Scan လုပ်လိုက်ပြီး ကိုယ့်မှာ Limit ကျန်သေးရင် လျှော့ဈေးရတယ်။

အဲဒီတော့ ဖြတ်ပိုင်းလေးတွေ Receipt တွေမသိမ်းထားချင်တဲ့ အတွက် လွယ်လွယ်ကူကူ Card လေးပြလို့ရတဲ့ Woolworths ကိုပိုကြိုက်နေတယ်။ နောက်မှ ကျွန်တော် စဉ်းစားကြည့်မိတယ်။ ကျွန်တော်က ပိုက်ဆံ ၁ဒေါ်လာလောက် သက်သာဖို့ရယ်၊ Convenient ဖြစ်ဖို့ရယ် အတွက် ကျွန်တော့် Privacy တွေကို Trade လုပ်နေပါလားလို့။ ကျွန်တော်တို့ ဈေးဝယ်ပြီးတိုင်း ကတ်ပြားလေး Scan လုပ်လိုက်တာနဲ့ ကျွန်တော် ဘာတွေ ၀ယ်ထားသလဲဆိုတာကို သူတို့တွေ Track လုပ်လို့ရတယ်။ Analyse လုပ်လို့ရတယ်။ ကျွန်တော် ဘယ်ဓါတ်ဆီဆိုင်မှာ ဆီထည့်တတ်သလဲ သူတို့ အလွယ်သိနိုင်တယ်။ Coles ကလိုမျိုး Receipt လေးပြပြီး ဓါတ်ဆီလျှော့ဈေးရတာ ဆိုရင်တော့ Privacy ကိုထိန်းထားနိုင်သေးတယ်။ Member Card လိုမျိုးကတော့ Privacy တွေကို အလွယ်ခိုးကြည့်နေသလိုပါပဲ။ စီးပွားရေးမှာ ဒါမျိုးတွေ လုပ်လာတာကို သတိထားမိတဲ့သူတွေ ရှိတောင် Discount တွေရဖို့ Privacy တွေကို အလွယ် Trade လုပ်ကြတာပဲ။

တချို့ကတော့ ပေါ်တင်ကိုတောင်းတာ။ ဥပမာ Reader's Digest ကို လစဉ်ယူတော့ အဲဒီကနေ Sweepstakes တွေလာသလားမမေးနဲ့။ Sweepstakes ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ BMW ကားတွေ၊ အိမ်ကောင်းကောင်း ပုံကြီးတွေပြထားပြီး ဒါမျိုးတွေကို မဲနှိုက်ပေးနေတယ်ပေါ့။ သင့်ရဲ့ Information အပြည့်အစုံထည့်ပေးပါ။ Survey လေး တစ်ခုနှစ်ခု ဖြေပေးပါ။ ဒါဆို သင်ဟာလည်း ကံထူးသူ တစ်ယောက် ဖြစ်နိုင်တယ် ဘာညာပေါ့။ ထီတောင် ပိုက်ဆံပေးပြီး ထိုးကြသေးတာ။ ဒါမျိုးအလကား ရနိုင်တယ် ဆိုတော့ ဖောင်တွေ ဖြည့်ပြီး စာပြန်ကြပေါ့။ သူတို့ကတော့ တကယ် မဲဖေါက်ပြီး ကားတွေ ဘာတွေ ပေးပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ Information တွေကို သူတို့က နည်းမျိုးစုံ အသုံးချကြတော့တာပဲ။ တခြား စီးပွားရေးတွေကို ရောင်းတယ်။ ကားတစ်စီးစာမက ပြန်ရနိုင်တာပေါ့။ လူတွေကလည်း ကားတစ်စီး၊ အိမ်တစ်လုံး မဲပေါက်နိုင်ဖို့ အရေး ကိုယ့် Privacy တွေကို Trade လုပ်ဖို့ ၀န်မလေးကြပါဘူး။

ကျွန်တော်ဆို ဘလော့ရေးဖို့တင် Privacy တွေ ပေးဆပ်လိုက်ရတာ မဟုတ်ဘူး။ စင်္ကာပူမှာ အလုပ်လုပ်ဖို့ သွားတော့ အလုပ်အတွက် Visa မရခင် ဆေးစစ်ရတယ်။ ဆေးစစ်ဆိုတော့လည်း ဆေးခန်းသွား ဓါတ်မှန်တွေ ဘာတွေ ရိုက်ပေါ့။ ပြီးတော့ ဆရာဝန်နဲ့ စစ်ရသေးတယ်။ ဆရာဝန်က နားကြပ်နဲ့ ဟိုစမ်း ဒီစမ်းပေါ့။ ပြီးတော့ ဘောင်းဘီပါ ချွတ်ခိုင်းတယ်။ ဘောင်းဘီရှည် ချွတ်ပြီးတော့ အောက်ခံဘောင်းဘီလေးနဲ့ ပေပြီး နေကြည့်သေးတယ်။ အကုန်ချွတ်တဲ့။ ပြဿနာပဲ။ ဒီဆရာဝန်မ နဲ့တော့။ ကဲ ၀က်ဖြစ်မှတော့ မစင် မကြောက်တော့ဘူး။ ဒီလိုနဲ့ပဲ စင်္ကာပူမှာ အလုပ်တစ်ခု ရဖို့ ကျွန်တော့်မှာ Privacy တွေ ပေးဆပ်လိုက်ရတယ် ဆိုရင် ဇာတ်က နာတော့မယ်။

ကျန်းမာရေးနဲ့ ပက်သတ်ရင် လူတွေအတွက် Privacy ဆိုတာ နောက်တန်းကပါ။ မိန်းမတွေများ ကလေးမွေးရင် အရှက်ဆိုတာ ကုန်ရော။ ကလေးမွေးချိန်ပဲလား မဟုတ်ဘူး။ ဟိုး ကိုယ်ဝန်ရပြီး ပထမဦးလတွေ ကတည်းက။ ပထမဆုံး ကလေး များဆိုရင်တော့ အတော့်ကို ကသိကအောက်နိုင်တဲ့ အဖြစ်။ အမျိုးသား ဆရာဝန်ဆိုရင်တော့ ကာယကံရှင် မပြောနဲ့ ဘေးက လင်ယောက်ျားတောင် မျက်နှာပူရတဲ့ အဖြစ်မျိုး။ ဒါက မြင်သာအောင် ပြောတာပါ။ စိတ်ရောဂါ ဆရာဝန်လိုမျိုး သွားပြရင်လည်း သူက ကိုယ့်ကို အကုန် အင်တာဗျုးမှာ။ ကျွန်တော် မပြဘူးပါဘူး။ ကြားဖူးတာကို ပြောတာာ။ ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားရတယ်။ ဘယ်လိုတွေးတယ်ဆိုတာကိုပါ မကျန် အကုန်ပြောရတာမျိုး ဆိုတော့ ကျန်းမာရေးနဲ့ ပက်သတ်ရင် လူတွေက ကိုယ်ရော စိတ်အတွက်ပါ Privacy တွေကို ထည့်မစဉ်းစားနိုင်တော့ပါဘူး။

ကိုယ်က အကူအညီလိုတဲ့ အချိန်မှာဆို Privacy ကို အပေါင်ထားရတာ မျိုးတွေလည်း ကြုံရနိုင်ပါတယ်။ ဥပမာ ငွေချေးဖို့ဆိုရင် ကိုယ်ရဲ့ Privacy တွေကို ဖေါ်ပြပြီး ဇာတ်စုံခင်းပြမှ တဖက်က သနားပြီး ငွေချေးတာမျိုးကို။ ကျွန်တော်ကို့ ငွေတစ်သိန်းလောက် ချေးပါဆိုရင်တော့ ဘယ်သူမှ ချေးမှာ မဟုတ်ဘူး။ ကျွန်တော်က ဘာဖြစ်လို့ ဘာကြောင့် ငွေလိုနေတာ။ ဘယ်အချိန်မှာတော့ ပြန်ဆပ်ပါ့မယ်ဆိုပြီး ကိုယ့်အကြောင်းအကုန်ပြောပြမှ တစ်ဖက်သားက ယုံနိုင် သနားနိုင်တာဆိုတော့ အကူအညီလိုတဲ့ အချိန်မှာ ကိုယ့်ရဲ့ Privacy ကို ပေါင်နှံဖို့လည်း ဖြစ်နိုင်ပါတယ်။ စာဖတ်သူအများရဲ့ Demographic level အတိုင်း ပြောရမယ်ဆိုရင်တော့ ကိုယ်က နိုင်ငံခြားမှာ အလုပ်လုပ်ချင်လို့ ကိုယ့်အကြောင်း ပြောပြပြီး အကူအညီတောင်းရတာတွေ၊ ကိုယ့် Resume ကို တဆင့်တင်ပေးဖို့ ပေးလိုက်ရတာမျိုးတွေ ကြုံခဲ့ရကောင်းမှာပဲ။ ဒါတွေဟာ Privacy ကို Trade လုပ်ခဲ့ရတဲ့ အချိန်တွေပေါ့။

ကိုယ့်က အကူအညီတောင်းမှ မဟုတ်ပါဘူး ကိုယ့်က အကူအညီပေးတဲ့ အခါလည်း Privacy တွေ ပေးလိုက်ရတာ ရှိပါတယ်။ ကိုယ့်ပိုင်အချိန်တွေ ပေးလိုက်ရတယ်။ ကိုယ်ပိုင် အတွေးအခေါ်တွေ ပေးလိုက်ရတယ်။ ဒါတွေဟာ Privacy တွေပါ။ ကျွန်တော်ဆို နိုင်ငံရပ်ခြား တစ်ခုကို အခြေချဖို့ ရောက်တဲ့ အခါတိုင်း ရောက်ရောက်ချင်း ပထမလတွေမှာ အသိတွေ သူငယ်ချင်းတွေ အမျိုးတွေ အိမ်မှာ တက်နေရတယ်။ သူတို့က လှိုက်လှိုက်လှဲလှဲ ကူညီတာပါ။ လူတစ်ယောက် စိမ်းသည် ဖြစ်စေ၊ ကျက်သည် ဖြစ်စေကို အိမ်ပေါ်မှာ တစ်ပတ်တန်သည် တစ်လတန်သည် ခေါ်တင်ထားဖို့ဆိုတာ အတော် မလွယ်တဲ့ ကိစ္စပါ။ ကိုယ့်ရဲ့ Privacy ကို အတော်များများ ဖဲ့ပေးလိုက်ရတာမျိုးပါ။ ယောက်ျားတွေ မိန်းမတွေချည်းပဲ သူငယ်ချင်းတွေ စုနေတာ မျိုးထက် ကိုယ်က မိသားစုနဲ့ နေပြီး အိမ်မှာ တပါးသူကိုပါ ပေးနေတာ မျိုးဆိုရင် ပိုသိသာပါတယ်။ ဒီလို ကျေးဇူးတွေကို အောက်မေ့ပြီး ကျွန်တော်လည်း စင်္ကာပူမှာ ကိုယ့်အလှည့် အိမ်တစ်ခန်းလုံး ငှားနေနိုင်တုန်းက ခဏလာနေတဲ့ သူတွေ အလုပ်လာရှာတဲ့ သူတွေကို အိမ်မှာ ဒီလိုပဲ တင်ထားတယ်။ အိမ်မှာလည်း စည်ကားတယ်လေ။ များသောအားဖြင့်ကတော့ အမျိုးတွေပါ။

ဘလော့ရေးတာ Information ပေးဖို့ဆိုတာ အသာထား Popularity ရဖို့အတွက် Privacy တွေ Trade လုပ်တယ်။ Discount တွေ Sweepstakes တွေ မျှော်ကိုးပြီး Privacy တွေ ရောင်းစားတယ်။ ကျန်းမာရေး လူမှုရေးအတွက် ကိုယ့် Privacy တွေ အလျှော့ပေးရတယ်။ အကူအညီတောင်းဖို့ အကူအညီပေးဖို့ Privacy တွေ ဖဲ့ပေးရတယ်။ အခင်အမင် မပျက်အောင် သူငယ်ချင်းတိုးပွားအောင် Privacy တွေ ဖော်ပြပေးတယ်။ ကျွန်တော်တို့တွေ ကိုယ့်Privacyကို ကိုယ်အလေးထားတယ် တန်ဖိုးထားတယ် ဆိုပေမယ့် မသိလို့ပဲ ဖြစ်ဖြစ် သိလျက်နဲ့ပဲ ဖြစ်ဖြစ် အကျိုးတစုံတရာ အတွက် Trade လုပ်လိုက်ကြတယ်။ အခုလို Information ခေတ်ကြီးမှာ Privacy တွေ Trade လုပ်ဖို့ဆိုတာ အလွယ်လေး။

မလွဲမရှောင်သာလို့ပဲ ဖြစ်ဖြစ် သိလျက်နဲ့ပဲ ဖြစ်ဖြစ် Privacy တွေကို ထုတ်ဖော်ပြသလိုက်ရတိုင်း နစ်နာသွားသလားဆိုတာတော့ တဖက်လူပေါ်မှာ အတော်ကို မူတည်နေတယ်။ ကိုယ်က ကူညီချင်လို့ ကိုယ့်ကို ခင်မင်လို့ အိမ်ပေါ်ခေါ်တင်ထားတာကို အိမ်မှာ ဖြစ်ပျက်နေတာတွေ တွေ့သမျှ အိမ်တွင်းရေးတွေကို တခြားသူတွေကို လျှောက်ပြောရင်တော့ ဒါဟာ Privacy ကို Abuse လုပ်တာပဲ။ ဆေးစစ်တုန်းကများ ဆရာဝန်မ ငယ်ငယ် ချောချောလေးက ကျွန်တော့်ကို Abuse လုပ်လိုက်ရင်တော့ ကျွန်တော်တော့ ရေတိမ်နစ်ပါပြီ။ ကျန်းမာရေးနဲ့ ပက်သတ်ပြီး Privacy တွေကို Abuse လုပ်ခံရတာတွေ အများကြီး ရှိတယ်။ အမျိုးသမီးတွေကို ကိုယ်ကျင့်တရား မကောင်းတဲ့ ဆရာဝန်တွေက အခွင့်အရေး ယူတယ် ဆိုတာ ကျွန်တော်တို့ သိနေ ကြားနေရပေမယ့် ကျွန်တော်တို့ ဆေးမှတ်တမ်းတွေ ကျန်းမာရေး ရာဇ၀င်တွေကို ဆေးခန်းတွေ ဆေးရုံတွေက တခြားသူတွေကို ရောင်းစားနေသလား ကျွန်တော်တို့ မသိနိုင်ဘူး။ ဆေးကုမ္ပဏီတွေ ကျန်းမာရေး အာမခံ ကုမ္ပဏီတွေက ဒါမျိုးတွေနောက် လိုက်နေတာ။ ကိုယ့်ရှေ့နေက ကိုယ့်အတွင်းရေး တခြားသူကို ပြောပြလာဆိုတာ အာမမခံနိုင်ဘူး။

ကျွန်တော်က တွေကြံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ကိုယ်ရေးကိုယ်တာနှောပြီး ဘလော့မှာ ပြောလိုက်တာကို စာဖတ်သူတွေက သုတနဲ့ ရသပဲ ရှပ်ယူသွားသလား အတွင်းရေးတွေကို မှန်းဆပြီး လိုရာ ကောက်ချက်ချနေကြသလား ကျွန်တော် အသေအချာ မသိနိုင်ဘူး။ ကိုယ်တိုင်ကလည်း စာဖတ်မနာ စာရေးမပိုင်တော့ ဒီလိုပဲ ကိုယ့်အကြောင်းလောက်ပဲ ရေးတတ်တယ်။ စာဖတ်သူတွေကိုလည်း ယုံတာ ပါမှာပေါ့။ ငါ့ပရိတ်သတ်က ဒီလို Abuse မလုပ်လောက်ပါဘူးလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကံကံ၏ အကျိုးပါပဲ။ စဉ်ဆက်မပြတ်အားပေးနေကြပြီး Privacy ကို Abuse မလုပ်တဲ့ ပရိတ်သတ်တွေကို ကျေးဇူး အထူးတင်ပါတယ်။ ။

တခြားဖတ်ရန်
ဟစ် ၃ သိန်းပြည့် အမှတ်တရ

တယ်လီဖုန်း သီအိုရီနဲ့ ကြည့်မည်ဆိုရင် တယ်လီဖုန်းကွန်ယက်တစ်ခုရဲ့ တန်ဖိုးက ချိတ်ဆက်ထားတဲ့ တယ်လီဖုန်း အရေအတွက်ရဲ့ ထပ်ကိန်းနဲ့  အချိုးကျတယ်တဲ့။ တယ်လီဖုန်း ၁ လုံးထဲနဲ့ ကွန်ယက်ဆောက်လို့ မရပါဘူး။

ဟစ် ၂ သိန်းပြည့် အမှတ်တရ
`ကွန်ပြူတာ သုံး တာ ၁၀ မိနစ် ပြည့် တိုင်း.. မျက်စိကို အနားပေးဖို့..အဝေး ကို လှမ်းလှမ်း ကြည့် ပေးပါ´ ဆို သလိုပဲ.. ပုံရိပ်ယောင် ကမ္ဘာထဲ မှာ..ပျော်မွေ့ပြီးတိုင်း.. ဘလော့ တွေ ဖတ်ပြီးတိုင်း.. ဟိုး-------အဝေးကို လှမ်း လှမ်း ကြည့်ပေး ကြ ရမယ် ..ထင်ပါရဲ့။
Hit တစ်သိန်း အမှတ်တရ

အရင်းကြေလား မကြေလား ဘယ်လို တွက်လဲဆိုတော့ ကျွန်တော် ပို့စ်တစ်ခု ရေးဖို့ အနည်းဆုံး ၂ နာရီကနေ ၆ နာရီလောက် အချိန်ယူရပါတယ်။ ပျမ်းမျှဆို ၄ နာရီပဲထား။

Monday, July 13, 2009

သြော်ဇီမှာ အလုပ်ရှာမယ်ဆိုရင်

“Local Experience ရှိတဲ့သူတွေကိုပဲ အလုပ်ခန့်မည် ဆိုရင်တော့ အကောင်းဆုံးသူတွေကို ရနိုင်တော့မှာ မဟုတ်ပါဘူး” လို့ Karalyn Brown က ရေးထားပါတယ်။ Skilled Migrants တွေအတွက် အလုပ်ရှာပေးတဲ့Tribus Logna တည်ထောင်သူ Allis Logan က“သြော်ဇီမှာ ဘီလ်ဂိတ်စ်လာပြီး အလုပ်လျှောက်ရင်တောင် ရမှာ မဟုတ်ဘူး။ Local Experience မရှိလို့.....”လို့ အတည်တ၀က် အပြောင်တ၀က် ဆိုပါတယ်။ သြစတြေးလျက အလုပ်ရှင်တွေက အမေရိကားနဲ့ ဥရောပက ဟာတွေထက် Local Experience ရှိတဲ့သူတွေကို ပိုပြီး တန်ဖိုးထားတယ် ဆိုတာကိုတော့ သူမလည်း ယုံကြည်ထားပါတယ်။

Local Experience မရှိတာ ဘယ်လောက်အထိ သက်ရောက်နိုင်သလည်း။ ငါတို့ (သြော်ဇီ)တွေ ဒေသစွဲ သိပ်ကြီးလွန်းလို့ ဘီလ်ဂိတ်စ် အလုပ်လာလျှောက်ရင်တောင် ငြင်းလွှတ်လိုက်မှာလား။ ငါတို့တွေ Uniquely Australian Way နဲ့ပဲ စီးပွားရေးလုပ်နေကြသလား။ သြော်ဇီတွေ ရေခြား မြေခြားမှာ သွားလုပ်ပြီး ရလာတဲ့ ဘ၀အတွေ့အကြုံတွေနဲ့ လုပ်သက်တွေကို ဒီမှာ တန်ဖိုးနေပေမည့် တခြားသူတွေ တခြားနေရာမှာ ရလာတဲ့ အတွေ့အကြုံတွေကိုတော့ ဘာကြောင့်များ သံသယထားနေရမှာလဲ။

“Project Australia: Land that Engineering Job in Australia” ရေးတဲ့ Ian Little ကတော့ သြစတြေးလျရဲ့ ပထ၀ီဝင် အနေအထားက သြော်ဇီတွေရဲ့ ရှေးရိုးစွဲဝါဒကို ပိုမိုကြီးမားစေတယ် ဆိုပါတယ်။ Worely Parson လို စက်မှုကုမ္ပဏီကြီးမှာ အကြီးတန်း အင်ဂျင်နီယာ မန်နေဂျာအဖြစ် လုပ်နေတဲ့ သူက နိုင်ငံခြားသား ကျွမ်းကျင်သူတွေ များစွာကို အလုပ်ခန့်ခဲ့ပါတယ်။ သြစတြေးလျမှာ အတွေ့အကြုံ မရှိတာဟာ အသစ်လာတဲ့ သူတွေ အတွက်တော့ အခက်အခဲကြီး တစ်ခုပါပဲလို့ သူက ယုံကြည်ပါတယ်။ အလုပ်ရှင်တွေ ကြည့်ရတာ Skilled Migrant တွေရဲ့ Communication Skill ကို စိုးရိမ်ပုံ ရပါတယ်။

နိုင်ငံခြားသား ကျွမ်းကျင်သူတွေဆီက စုတ်စုတ်ပြတ်ပြတ် ရေးထားတဲ့ Resume တွေကလည်း အလုပ်ရှင်တွေရဲ့ သံသယကို မီးထိုးပေးသလို ဖြစ်စေပါတယ်။ အသစ်ရောက်တဲ့ သူတွေဆီက Resume အညံ့စားတွေ များစွာ တွေ့နေရပါတယ်လို့ Litte ရော Logan ရောက ပြောပါတယ်။ ဒါကြောင့် သူတို့ရဲ့ တကယ့် အရည်အချင်းကို အကဲဖြတ်ဖို့မှာ အလွန်ခက်ခဲစေပါတယ်။ Logan က အကြံပေးတာက အသစ်ရောက်သူတွေဟာ သူတို့ လုပ်ခဲ့တဲ့ အလုပ်တွေအကြောင်းကို သေသေချာချာ ဆက်စပ်ပြောရပါမည်။ ရှင်းပြရပါမည်။ အလုပ်လျှောက်တဲ့သူဟာ ဘာနိုင်ငံသား ဖြစ်ခဲ့ဖူးတယ် ဘယ်လို အကျင့်စရိုက် ရှိတယ်ဆိုတာကို ထည့်သွင်းစဉ်းစားပြီး Resume ကို ဖတ်ဖို့ ဆိုတာ အလုပ်ရှင်တွေ အတွက် ခက်လှပါတယ်။ (စကားချပ်-ဥပမာ ဗမာတွေဆိုရင် အလုပ်ထဲမှာ ရိုကျိုးတယ် ကြိုးစားတာပဲ ခန့်လိုက်မည် ဆိုပြီး အလုပ်ရှင်တွေ အနေနဲ့ တွေးဖို့ သြစတြေးလျမှာတော့ မဖြစ်နိုင်ပါဘူး။)

လူတွေဟာ ဘယ်တော့မှ ခွဲခွဲခြားခြား မဆက်ဆံတတ်ပါဘူး ပြောရင်တော့ ပြောတဲ့သူပဲ ငတုံးဖြစ်မယ်။ ဒါပေမယ့် သြော်ဇီတွေဟာ ၀မ်းတွင်းစွဲ လူမျိုးရေး ခွဲခြားတတ်တယ်ဆိုတာကိုတော့ Little က မယုံကြည်ပါဘူး။ အလုပ်ခန့်တဲ့ နေရာမှာတော့ သြော်ဇီ အလုပ်ရှင်တွေဟာ အရဲမစွန့်ချင်ပါဘူး။ လူတွေက အလုပ်တစ်မျိုးကနေ တစ်မျိုး ပြောင်းရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အလုပ်ရှင်တွေက ခေတ်ကြီးဘယ်လောက် မကောင်းဘူးဆိုတာကို မသိကြပါဘူး။ နည်းနည်းပါးပါးတော့ အလျှော့အတင်း ရှိသင့်ပါတယ်။

လူတိုင်း အင်္ဂလိပ်လို ပြောနေရင်တောင် အဓိပ္ပါယ်ကောက် လွဲမှုတွေ ရှိနိုင်သေးတယ်။ Logan ထောက်ပြတာက သြော်ဇီတွေက ပျော်ပျော်နေတတ်တာကို အသစ်ရောက်တဲ့သူတွေက အထင်လွဲမှားနိုင်တယ်တဲ့။ သြော်ဇီတွေက လျော့တိလျော့ရဲ ဖြစ်တယ် ထင်နေကြတာ လုံးဝ မဟုတ်ပါဘူး။ “စကားစမြည်ပြောဖို့ လာခဲ့ကွာ” ပြောတာ အမှန်အကန် အင်တာဗျူးဖို့ ဖြစ်နိုင်တာမို့ အသေအချာ ပြင်ဆင်သွားသင့်ပါတယ်။

နှုတ်ကပြောတာထက် အများကြီးတာသွားတာတွေလည်း ရှိပါသေးတယ်။ ကိုယ်အမူအယာတွေက အဓိပ္ပါယ်တွေ အများကြီးဆောင်နိုင်ပြီး လူမျိုး တစ်မျိုးနဲ့ တစ်မျိုး ကွဲပြားနိုင်ပါတယ်။ ယဉ်ကျေးမှု မတူတဲ့ လူမျိုးကွဲတွေနဲ့ အင်တာဗျူးမှာ ဆက်ဆံရေးတွေကို လေ့လာ သုတေသန လုပ်နေတဲ့ ကွင်းစလန် တက္ကသိုလ်က Aparna Hebbani က ပြောတာက လက်ဆွဲ နှုတ်ဆက်တာတွေ မျက်လုံးချင်း ဆိုင်ကြည့်တာတွေဟာ လူမှုဆက်ဆံရေးမှာ ၆၆%လောက် အရေးပါပါတယ်တဲ့။

ယဉ်ကျေးမှု မတူလို့ အင်တာဗျူးတွေမှာ အဓိပ္ပါယ်ကောက် လွဲမှားတာတွေ သူမ အများကြီး တွေ့ဖူးပါတယ်။ ဥပမာ India က လူတစ်ယောက်ကို အင်တာဗျူးရင် သူက မျက်လုံးချင်း စေ့စေ့ကြည့်ဖို့ သင့်တော် လိုအပ်သလောက် လုပ်မိမှာ မဟုတ်ပါဘူး။ အင်တာဗျူးတဲ့သူက ဒီလူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလို ယုံကြည့်စိတ်ချရမှုလည်း မရှိနိုင်ဘူးလို့ မှတ်ချက်ချသွားနိုင်ပါတယ်။ တကယ်တော့ အဲဒီ Indian ဟာ အင်တာဗျူးတဲ့သူကို စေ့စေ့ကြည့်ရင် အရိုအသေ မပေးရာ ရောက်မှာ စိုးလို့ပါ။

ယဉ်ကျေးမှု စရိုက်မတူတဲ့သူတွေ အင်တာဗျူးကို ရှုမြင်ပုံတွေက အောင်မြင်ဖို့ အခွင့်အလမ်းကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။ တချို့တွေက ကိုယ့်အရည်အချင်းကို ရောင်းပန်းတင်တဲ့ အချိန်မှာ အရမ်း နှိမ့်ချ ကျိုးနွံလွန်းပါတယ်လို့ Little က ပြောပါတယ်။ အလုပ်ခန့်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် အကျိုးပါ။ ဒါမျိုးမြင်တတ်တဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူတွေကို မတွေ့သလောက်ပါပဲ။ သူတို့တွေက သူတို့ဆီမှာ ကမ်းလှမ်းစရာ (အရည်အချင်း) တွေ ရှိတယ်ဆိုတာကို နားမလည်ကြဘူး။

အသစ်ရောက်လာသူတွေကို အလုပ်ခန့်ဖို့ရာ နားလည်ရခက်တဲ့ ဆက်ဆံရေးတွေ အပြင် တခြားဘာတွေ အရဲစွန့်ရဦးမလဲ။ Logan နဲ့ Little က အသစ်ရောက်လာသူတွေဟာ သြစတြေးလျက ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေအပြင် ဒီက အလုပ်လုပ်ပုံကို ယေဘုယျ သိထားသင့်တယ် ဆိုပါတယ်။ Engineering မှာ အသစ်ရောက်တဲ့သူတွေ Adapt လုပ်နိုင်ပါမလားလို့ အလုပ်ရှင်တွေက တကယ်ဖြစ်သင့်တာထက် တွေးပူလွန်းပါတယ်။ တကယ်တော့ Engineering ဆိုတာ ဘယ်မှာမှ မပြောင်းလဲတဲ့ Law of Science ပါပဲလို့ Little က ထောက်ပြပါတယ်။

တချို့ အသက်မွေးဝမ်းကျောင်းတွေမှာတော့ နယ်ခံဒေသ ဗဟုသုတကို လေ့လာဖို့ ပိုခက်ခဲပြီး အချိန်ယူနိုင်ပါတယ်။ စာရင်းကိုင် အလုပ်ကတော့ ဥပမာ တစ်ခုပါပဲ။ အရင်တုန်းက PKF စာရင်းကိုင် ကုမ္ပဏီမှာ အစုဝင်လည်း ဖြစ်ခဲဖူး Institute of Chartered Accountants မှာလည်း ဥက္ကဌ ဖြစ်ခဲ့ဖူးတဲ့ David Smith က Smithink ဆိုတဲ့ Accountants တွေအတွက် အုပ်ချုပ်ရေး အကြံပေး ကုမ္ပဏီ တစ်ခု ထောင်ထားပါတယ်။ Communication Skill အပြင် အင်မတန်မှ ရှုပ်ထွေးခက်ခဲတဲ့ သြစတြေးလျ အခွန်စနစ်တွေနဲ့ Super Annnuation (ပင်စင်စုငွေ) စနစ်တွေကို Immigrant တွေ နားလည်ပါ့မလားလို့ အလုပ်ရှင်တွေ စိုးရိမ်တာဟာ ဒီကို အလုပ်လာရှာတဲ့ စာရင်းကိုင်တွေအတွက် အဓိက အဟန့်အတားပါပဲလို့ သူက ပြောပါတယ်။

အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေဟာ ၇၀% လောက်ထိ ရှိပြီး သြစတြေးလျရဲ့ စီးပွားရေး ဖွဲ့စည်းတည်ဆောက်ပုံဟာ ခေတ်ဟောင်းပုံစံ ဖြစ်နေတယ်ဆိုတာကို အလုပ်လာရှာတဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူတွေဟာ နားလည်ဖို့ လိုတယ်လို့ Logan က ပြောပါတယ်။

စာရင်းကိုင် လုပ်ငန်းမှာတော့ ဒီလိုမျိုးကို ဖြစ်နေတာပါ။ အလုပ်ခန့်လိုက်ပြီးတာနဲ့ ချက်ချင်း စမလုပ်နိုင်တဲ့ သူတွေကို အလုပ်ခန့်ဖို့ဆိုတာ အသေးစား စာရင်းကိုင် ကုမ္ပဏီတစ်ခု အတွက် မဖြစ်နိုင်ပါဘူး လို့ Smith က ပြောပါတယ်။ လုပ်ငန်းအသေးလေးတွေဟာ အသစ်ရောက်လာတဲ့သူတွေရဲ့ အရည်အချင်းကို အတည်ပြု စစ်ဆေးဖို့တို့ သင်တန်းပေးဖို့တို့ မတတ်နိုင်ပါဘူး။ အသစ်ရောက်လာတဲ့သူတွေ အခက်အခဲကြားမှာ ရုန်းကန်နေရတာကိုတောင်မှ စိတ်ရှည် သည်းခံနေမှာ မဟုတ်လောက်ပါဘူး။

အခုမှရောက်တဲ့သူတွေအတွက် အလုပ်ရဖို့ တခြား အဟန့်အတားတွေလည်း ရှိပါသေးတယ်။ အလုပ်ရှင်တွေဟာ နိုင်ငံခြားသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်ဖို့ရာမှာ ဒီလူတွေ ဘယ်လောက်လွယ်လွယ် အလိုက်သင့် ပြောင်းလဲနိုင်မလဲဆိုတာကို သိဖို့ စရိုက် အကျင့်တွေကို အကဲဖြတ်ပါသေးတယ်လို့ Smith နဲ့ Little က အဆိုပြုပါတယ်။

အလုပ်ရှင် တော်တော်များများက ၁၉၈၀ လောက်က နည်းတွေနဲ့ တွေးခေါ်နေကြတုန်းပဲ။ အဲဒီတုန်းက ရွေးချယ်ဖို့ လူတွေအများကြီး ရှိပြီး တော်တော်သွေးဆူတဲ့ အလုပ်သမား သမဂ္ဂတွေ ရှိပါတယ်။ အလုပ်ရှင်တွေက မှန်မှန်ကန်ကန် ရွေးချယ် အလုပ် မခန့်မိရင် သမဂ္ဂတွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဘယ်လိုမှ ထောက်ကွက် မရှိတဲ့ စနစ်မျိုး လိုခဲ့ပါတယ်။ အလုပ်ရှင်တွေက လစ်လပ်သွားတဲ့နေရာမှာ အစားထိုးဖို့ထက် Team တစ်ခု ဖွဲ့ရပါမည်။ အားနည်းချက်တွေကို ချီးမွမ်းစရာ စွမ်းဆောင်ရည်တွေနဲ့ ဖာထေးရပါမည်လို့ Little က ယုံကြည်ပါတယ်။

HR ကလူတွေကတော့ အလုပ်ခန့်တဲ့ နည်းစနစ်တွေက ပြောင်းလဲ တိုးတက်နေပါပြီ ဆိုပါတယ်။ ကုမ္ပဏီကြီးတွေက အလုပ်ခန့်တဲ့ နေရာမှာ သူတို့ အထာ ဘယ်လို ရှိတယ်ဆိုတာကို ထည့်သွင်း ဖြည့်စွက်ထားပါတယ်။ ဒါမှ သူတို့လိုချင်တဲ့ ကိုယ်ကျင့်သဘောထား (right attitude) ရှိတဲ့သူတွေကို ရနိုင်မှာ မို့လို့ပါ။ ဒါပေမယ့် ရှေးရိုးစွဲ အင်တာဗျူးတွေနဲ့ Resume ဖတ်ပြီး အကဲဖြတ်ရင်တော Right Attitude ဆိုတာဟာလည်း မသိမသာကွဲပြားနေဦးမှာပါပဲ။

Online ကနေ Resume တွေ တင်နိုင် ဖတ်နိုင်တာဟာလည်း အလုပ်လျှောက်သူတွေအတွက် အလှမ်းဝေးစေပါတယ်။ အလုပ်ကြော်ငြာအတော်များများမှာ အလုပ်ရှင်တွေရဲ့ အမည်တွေ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ မပါပါဘူး။ ဒါဟာ လုပ်ငန်းအကြောင်းကို ဂဃနဏ သိတဲ့သူနဲ့ တိုက်ရိုက် ပြောဆိုပြီး ဒီအလုပ်ဟာ ကိုယ်နဲ့ တကယ် ကိုက်မကိုက် သိဖို့ အလုပ်လျှောက်သူတွေအတွက် ခက်ခဲစေပါတယ်။

လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ တံခါးတွေကို ကျယ်ကျယ်ဖွင့်ထားလို့ သူတို့အတွက်ပဲ အကျိုးများစေတယ်လို့ Little က မြင်ပါတယ်။ နိုင်ငံခြားသား အင်ဂျင်နီယာကို ခန့်လိုက်ရင် သြော်ဇီတစ်ယောက်နဲ့စာရင် လောလောဆယ် အလုပ် သိပ်မတွင်ကျယ်လှပေမယ့် ရေရှည်မှာတော့ အကျိုးရနိုင်တယ်လို့ သုံးသပ်ပါတယ်။ နိုင်ငံခြားသားတွေက သြော်ဇီတွေလောက် အလုပ် အပြောင်းအရွှေ့မလုပ်ဘဲ အလုပ်ထဲမှာ ပိုမိုခင်တွယ်တယ် အကျင့်သိက္ခာ ပိုရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားသား ကျွမ်းကျင်သူတွေဟာ သြစတြေးလျမှာ မရှိတဲ့ အတွေ့အကြုံတွေကို သယ်ဆောင်လာပြီး အဲဒီ ဗဟုသုတတွေနဲ့ အရည်အချင်းတွေနဲ့ နိုင်ငံတကာမှာ လုပ်ငန်းလည်ပတ်ဖို့ စွမ်းဆောင်စေနိုင်ပါတယ်။

Other side of 'Think Local' September 20, 2008 from The Australian ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။

Sunday, June 21, 2009

သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ

ဒီခေါင်းစဉ်ကတော့ အိမ်ထောင်သည်တွေရယ် ရှာရှာဖွေဖွေ ဖတ်တတ်တဲ့သူတွေနဲ့ ရင်းနီးမယ်ထင်တယ်။ အိမ်ထောင်သည်တွေအတွက် မြန်မာပြည်မှာ ရှားရှားပါးပါး ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ စာအုပ်တစ်အုပ်လေ။ အခုရေးမှာ အဲဒါမျိုးနဲ့ သိပ်မဆိုင်လှပါဘူး။ ထုံးစံအတိုင်း ကျွန်တော်တို့ လင်မယား အကြောင်းပါ။

ငယ်ငယ်တုန်းက လင်မယားတွေ အမြဲတမ်း ဖက်ပြီးအိပ်တယ် ထင်ခဲ့တာ။ ရုပ်ရှင်တွေထဲကလို အမျိုးသမီးက အမျိုးသား လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး ရင်ခွင်ထဲမှာ ခေါင်းတိုးဝင်ပြီး တစ်ညလုံး ဒီလိုပဲ အိပ်နေကြမယ်လို့ပဲ ထင်ထားတယ်။ လူပျိုဖြစ်တဲ့ အထိတောင် အသိ အိမ်ထောင်သည် အစ်ကိုကြီးတွေ အချင်းချင်း သူတို့ မိန်းမတွေအကြောင်း ပြောတော့ သူ့မိန်းမက သူအရမ်းဟောက်လို့ ကုတင် ဟိုဘက်စွန်း ဒီဘက်စွန်း အိပ်တဲ့ အကြောင်းတို့ တစ်ယောက်က ဟာ.. ဒီလောက် ရာသီဥတု ပူတာ လင်မယားနှစ်ယောက် ဘယ်လိုလုပ် ပူးပူး ကပ်ကပ် အိပ်မှာလဲတို့ ပြောတော့ ဒီလူတွေ ရိုမန်း မတစ်လိုက်တာ ကိုယ့် မိန်းမကို အဲဒီလောက် မချစ်ဘူးဆိုပြီး စိတ်ထဲမှာ ကြိတ်ပြောနေလိုက်သေးတယ်။

တကယ်တော့လည်း အိပ်ပျော်သွားရင် လင်မယားတွေ တစ်ယောက်ကို တစ်ယောက် ဖက်ပြီးတော့ တစ်ညလုံး ဘယ်အိပ်နိုင်ပါ့မလဲ။ ကိုယ့်ဘာသာကိုယ် သက်တောင့်သက်သာ ရှိဖို့ လိုအပ်တာပေါ့။ အိပ်နေတဲ့ အချိန်မှာ လူတစ်ယောက်က ဟိုဘက်ဒီဘက် ဘယ်နှခေါက်လှည့်တဲ့ အကြောင်းတို့ ခြေတွေလက်တွေ ဘယ်လို ဆန့်တဲ့ အကြောင်း ဘယ်လို ကွေးတဲ့ အကြောင်းတွေက Documentary တစ်ခုမှာ လူတစ်ယောက် အိပ်နေတာကို ဗွီဒီယို ရိုက်ထားပြီး အမြန် ပြန်ပြတော့ ကြည့်လိုက်ရသေးတယ်။

အိပ်ခါနီး တစ်ယောက်ကို တစ်ယောက်ကို ဖက်ထားရင် နွေးထွေးတယ်။ အမြန် အိပ်ပျော်တယ်ဆိုတာလည်း အမှန်ပါပဲ။ တစ်ယောက်ကို တစ်ယောက် ဖက်ထားရင် Cuddle Hormone လို့ ခေါ်တယ် Oxytocin တွေ ထွက်လာပြီး တခြားဟာတွေကို စိတ်မရောက်တော့ပဲ အမြန် အိပ်ပျော်စေတယ်။ ဒီလို နွေးထွေးမှုက အထူးသဖြင့် စိတ်ဓါတ်ကျနေချိန်တွေ အတွေးတွေနဲ့ ယောက်ယက်ခက်နေချိန်မှာ အလိုအပ်ဆုံးနဲ့ အထိရောက်ဆုံးပါပဲ။

ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာ ဇာတ်လမ်းမှာလား ရှင်မွှေးလွန်းက မင်းနန္ဒာရဲ့ ညာဘက်လက်ပေါ်မှာ ခေါင်းအုံး အိပ်လို့ မင်းနန္ဒာ ဘုန်းတွေ ကံတွေ နိမ့်ပြီး ကံဆိုးမိုးမှောင်ကျသွားရတယ် ဆိုတယ်။ ယောက်ျားတို ဘုန်း ညာလက်ရုံးမှာ ရှိလို့ အမျိုးသမီးတွေက ညာဖက်ကို ခေါင်းအုံး မအိပ်ဘူး။ ယောက်ျားရဲ့ ညာဖက်မှာ မအိပ်ဘူးလို့ ပြောကြတယ်။

လင်မယားတွေ ဖက်အိပ်ကြလား မေးရင် များသောအားဖြင့်တော့ ရာသီဥတုကို အကြောင်းပြကြမယ်။ ဒီလောက် ပူစပ်ပူလောင်နဲ့ ချွေးတလုံးလုံးနဲ့ ကိုယ့်ဘာကိုယ်တောင် ယပ်ခတ် အိပ်နေရတာ နှစ်ယောက် ဘယ်လိုလုပ် ဖက်ပြီး အိပ်မလဲ ဆိုရင်လည်း ဟုတ်နိုင်တာပဲ။ ရှင့်ကိုယ်က ဂျိုင်ချွေးစော်နံတယ်။ ဒီလိုကြီးနဲ့ ဖက်မအိပ်နိုင်ပါဘူးတော် ဆိုရင်လည်း အကြောင်းပြလို့ ရတာပဲ။ မင်းဆံပင်တွေ ငါ့မျက်လုံးထဲ နားထဲ ၀င်လို့ ဖက်မအိပ်ဘူးကွာဆိုလည်း ဖြစ်နိုင်တာပဲ။

ကျွန်တော်ကလည်း သူမကို ပြောပြတယ်။ အိပ်နေတုန်း သေသွားတဲ့ သူတွေ ရှိတယ်လို့။ သူတို့က အိပ်နေတုန်း အသက်မရှူတော့လို့ သေနိုင်တာ။ ခေါင်းမြီးခြုံ အိပ်ရင်လည်း အဲဒီလို မျိုး သေနိုင်ကြောင်း ဘာဖြစ်လို့လဲ ဆိုတော့ လူက အသက်ရှူထုတ်လိုက်ရင် ကာဘွန်ဒိုင် အောက်ဆိုက်တွေ ထွက်ပြီး အဲဒီ ဓါတ်ငွေ့တွေပဲ ရှူနေရပြီး သေသွားတာလို့။ အဲဒီတော့ သူမက အဲဒါဆို သူတို့က ရေမွန်းသလို ရုန်းရင်း ကန်ရင်း စောင်ကို မလှန်မိဘူးလား ဆိုတော့ အိပ်နေတုန်း အိမ်မှာ မီးလောင်လို့ မီးခိုးတွေ ရှူမိရင်တောင် အိပ်နေတဲ့လူက မသိနိုင်ကြောင်း ဦးနှောက်က ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့ သွေးတွေပဲ ရလို့ ပြန်မနိုးနိုင်လောက်အောင်ကို အန္တရာယ်များကြောင်း ပြောပြတယ်။

ပြီးတော့ ပြောပြတယ်။ တကယ်လို့ သူမကို ဖက်ထားပြီး နှစ်ယောက်သား အိပ်ပျော်သွားရင် နှစ်ယောက်စလုံးက မျက်နှာချင်း ဆိုင်ထားလို့ ရှိရင် တစ်ယောက် ရှူထုတ်လိုက်တဲ့ ကာဘွန်ဒိုင် အောက်ဆိုက်ကို တစ်ယောက်က ရှူပြီး နှစ်ယောက်စလုံး အသက်ရှူကျပ်ပြီး အန္တရာယ်များကြောင်း ပြောပြတယ်။ သူမကလည်း မျက်လုံးလေး အ၀ိုင်းသားလေးနဲ့ နားထောင်ပြီး ဒီလိုဆိုတော့လည်း ကြောက်စရာကြီးနော်တဲ့။

သူမကလည်း ကျွန်တော့်ကို အလွန်စိုးရိမ်ရိမ် ပူပန်ရှာပါတယ်။ ရေခဲတောင်တက်တဲ့သူတွေက သူတို့ ခြေထောက်တွေ လက်တွေ သွေးမသွားတော့လို့ မျက်စိရှေ့မှာတင် ခြေချောင်းလက်ချောင်လေးတွေ ပုတ်သွားပြီး ကြွေကြသွားတဲ့ အကြောင်း ပြောပြပြီး သူမသာ ကျွန်တော့် လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး နှစ်ယောက်သား အိပ်မောကျသွားရင် လက်ကို သွေးမသွားဘဲ လေဖြတ်သလို ဖြစ်သွားနိုင်ကြောင်းကို အဲဒီလို အိပ်နေတုန်း တစ်ခေါက်မှာ ကျွန်တော် လက်မောင်းကျဉ်သွားပြီး လက်ဖျံတစ်ခုလုံး ဘာမှ မခံစားနိုင် မလှုပ်နိုင်တော့တဲ့ အချိန်မှာ ပြောပြထားလို့ နောက်ပိုင်းမှာ ကျွန်တော်လည်း ဘာမှ ပြန်မငြင်းနိုင်တော့ပါဘူး။ ။

Sunday, May 24, 2009

အော်တိုမက်တစ် သားသားရဲ့ တစ်နှစ်ပြည့် မွေးနေ့

သား ထူးမြတ်လင်း တစ်ယောက် မွေးပြီးတော့ တစ်နှစ်ပြည့်သွားတာ အရမ်း မြန်တယ်။ အော်တိုမက်တစ် ပြည့်သွားသလိုပဲ။ အစကတည်းက သားက အော်တိုမက်တစ် ရလာတာကိုး။ အော်တိုမက်တစ် ရလာတယ် ဆိုတာ တခြားဟာတွေကို ပြောပါတယ်။ သမီးလေး မြတ်နိုးတုန်းကဆို ယူမယ် မယူဘူး စဉ်းစားလိုက်ရတာ။ တွက်ချက်လိုက်ရတာ။ သားငယ် ကိုထူးကတော့ မထင်မှတ်ဘဲ ရလာတယ် ဆိုတော့ တွေးစရာ တွက်စရာ မလိုတော့ဘူး။ အရင်ကတည်းကလည်း ကလေး ၂ ယောက်လောက် ယူမယ် စိတ်ကူးထားတဲ့ အတွက် ကိစ္စတော့ မရှိပါဘူး။ သမီးကိုယ်ဝန်နဲ့ တုန်းကလည်း ယောက်ျားလေး ဖြစ်အောင် သားဆုပန်ဖို့တို့ ဘာတို့ လုပ်လိုက်သေးတယ်။ သားလေး အလှည့်ကျတော့ အလိုက်တသိနဲ့ ယောက်ျားလေး ဖြစ်သွားတာ ကံကောင်းတယ်။

သားလေးက မွေးတုန်းကလည်း အော်တိုမက်တစ်ပဲ။ သမီးတုန်းကဆို ဆေးတွေ ဘာတွေနဲ့ တစ်နေကုန် ချူထားပြီး မွေးတော့လည်း Vacumm တွေဘာတွေ လုပ်ရသေးတယ်။ သားကတော့ ဆေးရုံရောက်ပြီး တစ်နာရီတောင် မပြည့်ဘူး။ ၄၅ မိနစ်နေတော့ ထွက်လာပြီ။ အမေလည်း အရမ်း မနာကျင် မပင်ပန်းလိုက်ရဘူး။

သမီးတုန်းကတော့ ကလေး တစ်ယောက်မွေးဖို့ ပိုက်ဆံတွေ စုလိုက်ရတာ။ မွေးတော့လည်း အတော်လေး ကုန်တယ်။ ဆိတ်အထွာနဲ့ ဆိုရင် ပြောပါတယ်။ သားကတော့ မွေးပြီးတော့လည်း အစိုးရဆီက ထောက်ပံ့ကြေးရ ကာကွယ်ဆေးထိုးတာ ဆေးခန်းပြတာလည်း ဖရီးဆိုတော့ ငွေရေး ကြေးရေးဆိုတာ သိပ်မပူရဘူး။ သားက သူ့အထုတ်နဲ့ သူလာတယ်ဆိုပြီး ပြောနေကြတယ်။ သားအလှည့်ကျတော့ အခုထိ အမေနို့ပဲ သောက်တယ်။ အမေနို့က အော်တိုမက်တစ် ထွက်တာ ဆိုတော့ အင်မတန် စားရိတ်ငြိမ်းတယ်။ နို့ဗူးတွေ အဲဒီ နို့ဗူးတွေ ဆေးဖို့ ပေါင်းဖို့ ဘာညာကွိကွတွေ ရှာစရာ ၀ယ်စရာ မလိုတော့ဘူ။ နို့မှုန့်ဗူးဖိုးလည်း မကုန်တော့ဘူး။ အထူးသဖြင့်တော့ ညည နို့ထဖျော်ရတာမျိုး ကရိကထ မများတော့ဘူး။ သားဆာပြီဆိုတာနဲ့ နို့က အဆင့်သင့်ပဲ။ ကစားစရာတွေလည်း အထွေအထူး ၀ယ်နေစရာ မလိုဘူး။ သမီးတုန်းက ကစားစရာတွေနဲ့ပဲ ဟုတ်နေတယ်။ အ၀တ်အစားတွေတောင် ငယ်သေးတော့ တချို့ဟာတွေ ၀တ်လို့ ရနေသေးတယ်။ ဒါတောင် သူ့အမေက သမီးဘောင်းဘီ ပန်းရောင်တွေ ၀တ်ပေးလို့ ပြောတော့လည်း အိမ်နေရင်းပဲ ဘာဖြစ်လဲတဲ့။

တခုခု တတ်တာဆိုရင်လည်း သားက အချိန်ရောက်ရင် သူ့ဘာသူ တတ်သွားရော။ ဥပမာ မှောက်တတ်ခါစတုန်းကတို့၊ မွေ့ယာပေါ်က လျှောချတာတို့ ဆိုဖာကို လက်နဲ့ ဆွဲပြီး ရပ်တာတို့။ သမီးတုန်းကဆို မရမချင်း အနာခံပြီး ကြိုးစားတယ်။ သားကတော့ သူမလုပ်နိုင်သေးရင် မလုပ်ဘူး။ အနာခံပြီးတော့လည်း မလုပ်ဘူး။ သူတတ်စရာရှိ သူ့ဘာသူ တတ်သွားတာပါပဲ။
ကျွန်တော်တို့ကလည်း နောက်ကလေးဆိုတော့ အထာကျသွားတာလည်း ပါတယ်။ ဘာဆိုဘာ သိနေတော့ စိတ်အရမ်းပူရတာတွေ ဘာတွေ မရှိတော့ဘူး။ သမီးတုန်းကလည်း ဗိုက်နာ လေနာ၊ ရာသီဥတု ပူတာ အေးတာ သိပ်ပြဿနာ များတယ်။ ကျွန်တော်တို့က ကဲတာ သဲတာလည်း ပါတယ်။ သားကတော့ တော်ရုံတန်ရုံ ဘာမှ ကြည့်စရာ ပူစရာမလိုဘူး။ သူ့ဘာသူ ဟုတ်နေတာပဲ။

အထူးသဖြင့်တော့ သူ့ထက် အကြီး တစ်ယောက် ရှိတာ အင်မတန် အဆင်ပြေတယ်။ သိပ်ပြီးတော့ ထိန်းစရာ ဆော့ပေးစရာ မလိုတော့ဘူး။ ကိုထူးက သူ့အစ်မနဲ့ ဆော့ရတာ အရမ်း ပျော်တယ်။ သူ့အစ်မကလည်း သူ့မောင်လေးကို ချစ်တော့ ချစ်ပါတယ်။ ဒါပေမယ့် နားမလည်သေးလို့ အရုပ်တွေဆိုရင် လုတယ်။ သူ့မောင်လေးကိုဆိုရင် တွယ်သလား မမေးနဲ့။ အဲဒီလို လုပ်လွန်းလို့ သားသားက ကစားစရာ တစ်ခုခုနဲ့ ဆော့နေတာ သူ့အစ်မ လာပြီဆိုရင် လက်ထဲကဟာကို လှမ်းပေးပြီးသား ဖြစ်နေရော။ သူ့အစ်မ စိတ်ဆိုးနေပြီ ဆိုရင်လည်း မျက်စိလေးမှိတ်ပြီး ခေါင်းလေး ရှေ့တိုးပြီး ခံပေးတယ်ဗျာ။ တကယ်ပြောတာ။ အခုတော့ သားကလည်း သူစိတ်ဆိုးပြီဆိုရင် ပြန်တွယ်တယ်။ ဒါပေမယ့် သူပဲ ခံရတာပါပဲ။ သူ့အစ်မက သူ့အတွက် အစစ အရာရာ အားကျစရာ သင်ယူစရာပဲ။ သူ့အစ်မကို ဆိုရင် ကြည့်နေတာ အထင်ကြီး ချစ်ခင်တဲ့ပုံနဲ့။ သူ့အစ်မက သူ့အတွက်ဆို ဆရာကြီးပေါ့။ သူ့အစ်မ ဘာလုပ်ပြ လုပ်ပြ သဘောကျပြီး တခွိခွိ ရယ်တာဆိုရင် မဆုံးတော့ဘူး။ မောင်နှမနှစ်ယောက်ဆိုတော့ အဖော်ရတော့ အတော်ဆော့တယ်။ ကိုထူးကလည်း လမ်းသာ မလျှောက်တတ်သေးတာ မျောက်ကလေးလိုပဲ ကျော်ခွတက်ဆော့တယ်။
သမီးက ၁ နှစ် မွေးနေ့လုပ်တော့ မျက်နှာလေးက ဘာမှ နားမလည်သေးသလိုပဲ။ သားသားကတော့ အေးဆေးပဲ။ သူ့ဘာသူ နားလည်နေသလိုပဲ။ မျက်လုံးတွေက နားလည်တာ ပြနေတယ်။ သားက ပိုနားလည်လွယ် ပိုတတ်လွယ်တယ်။ လူကြီးတွေနဲ့လည်း ဆက်ဆံ တတ်ပုံပဲ။ လူစိမ်းတွေဆိုလည်း သမီးလောက် မကြောက်တတ်ဘူး။

ယောက်ျားကလေးဆိုတော့လည်း သူ့အထာနဲ့သူ။ သားနဲ့ သမီးက အတော်ကွာတယ်။ မျက်စိရှေ့မှာ နှစ်ယောက်စလုံးကို ကပ်လျက် မြင်နေရတော့ သားယောက်ျားလေးနဲ့ သမီး မိန်းကလေး ကွာတာတွေ တွေ့နေရတယ်။ ကြီးလာရင် ပိုကွာမည်။ မိဘတွေလည်း နှစ်ကောင်စလုံးကို နိုင်အောင် ထိန်းကျောင်းရမှာဆိုတော့ အထာနှစ်မျိုးစလုံး နပ်မှ ဖြစ်မယ်။
အဘိုးတွေ အဘွားတွေတုန်းက ကလေးတွေ ၇ယောက် ၈ယောက် ဘယ်လိုများ မွေးပြီး ဘယ်လိုများ ကြီးပြင်းအောင် ပျိုးထောင်ပေးသလည်းဆိုတော့ ဒီလိုပဲ မွေးပြီး သူ့ဘာသူ ဖြစ်သွားတာပဲတဲ့။ အခုခေတ်လည်း ကလေးတွေကို Special Care မလိုဘဲ သူတို့ဘသာ သူတို့ ကြီးပြင်း ဖြစ်ထွန်း သွားရင် ကောင်းမည်။ ဒါပေမယ့် သားသမီးတွေဆိုတာ မိဘက အလိုက်အထိုက် ကြည့်ပေး ပျိုးထောင်ပေးရုံနဲ့ သူ့ဘာသူ ဖြစ်ထွန်းသွားတဲ့ အော်တိုမက်တစ် သားသမီးတွေ ရှိသလို မိဘက ဟဲ့စာကြည့် ဟဲ့ကျောင်းသွား ဟဲ့အလုပ်လုပ် နောက်ကနေ လိုက်ပြောနေတာတောင် သူများနောက် အောက်ကျနောက်ကျ ဖြစ်နေတဲ့ သားသမီးမျိုးလည်း ရှိနိုင်တာပဲ။ အခုခေတ်ကလေးတွေအတွက် မိဘတွေက ပိုပြီး လုပ်ပေးရသလိုပဲ။ ခေတ်ကြီးကပဲ ပိုပြီး Competitive ဖြစ်လာတာပဲလားတော့ မပြောတတ်ဘူး။

သားသားကတော့ ကိုယ်ဝန်ဆောင်ကတည်းကနေ ပထမ တစ်နှစ်အထိကတော့ အော်တို နီးနီးပဲ။ နောက်ကြီးလာရင်တော့ ဘယ်လို နေမလဲ မသိဘူး။ ဒီနေ့က သားသားအတွက် ပထမဆုံး မွေးနေ့ဆိုတော့လည်း မှတ်မှတ်ရရ လုပ်ပေးလိုက်တယ်။ မနေ့က ဘုန်းကြီးကျောင်း သွားပြီး ဘုန်းကြီးကို သွားပြီး အလှူသွားလုပ်တယ်။ သမီး မွေးနေ့တုန်းက သွားတဲ့ ကျောင်းပဲ။ အဲဒီကျောင်းနဲ့ ဓါတ်ကျနေတယ်။ ဘုန်းဘုန်းကလည်း ကလေးတွေကို ချစ်တယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး ဘုန်းကြီးနဲ့ ကျောင်းအတွက် အလှူငွေလှူပြီး ကလေးတွေကို ဘုန်းကြီးကျောင်း ခေါ်သွားချင်တာရောပါ။ ဒီနေ့တော့ သူငယ်ချင်း မိသားစုတွေ ဖိတ်ပြီး မွေးနေ့လေး လုပ်တယ်။ သားသားကတော့ ဘာမှ မသိသေးဘူး။ သူ့အစ်မကတော့ ကလေးထိန်းကျောင်းမှာ Happy Birthday လုပ်နေကျဆိုတော့ နည်းနည်းတော့ သိနေပြီ။

မွေးလာပြီးတော့လည်း ကလေးတွေကို အော်တိုမက်တစ် ကြီးသွားပါစေတော့ပဲ ဆုတောင်းနေတော့တယ်။ ။

Monday, April 20, 2009

“အထွေထွေ” ဘလော့ဂ်များ

ဘလော့တွေကို အစု အစု Category ခွဲခြားတဲ့ အခါ နိုင်ငံရေး၊ နည်းပညာ၊ သုတ၊ ရသနဲ့ “အထွေထွေ”ဆိုပြီး ခွဲခြားလေ့ ရှိပါတယ်။ အခုနောက်ပိုင်း ဘလော်ဂါတွေကလည်း ကိုယ့်ဘလော့မှာ သတ်သတ်မှတ်မှတ် ရေးလာကြပါတယ်။ ဒါပေမယ့် တော်ရုံတန်ရုံတော့ ကဗျာနဲ့ ဆောင်းပါး မရောချင်လို့ ကဗျာ အတွက် ဘလော့ တစ်ခု၊ ဆောင်းပါး အတွက် ဘလော့ တစ်ခု သတ်သတ်မှတ်မှတ် ဖွင့်မနေတော့ပါဘူး။ နည်းနည်းပါးပါးတော့ ရောရေးကြပါတယ်။

နိုင်ငံရေး ဘလော့တွေကတော့ လည်ပတ်သူ အများဆုံးပါ။ သတင်းအနေနဲ့ ဖြစ်ဖြစ် ကြည့်ကြလို့ပါ။ တကမ္ဘာလုံးက မြန်မာတွေက ကိုယ့်အမိနိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာ စိတ်ဝင်စားတော့ လူတိုင်းလိုလို ကြည့်ကြတဲ့ အတွက် အဲဒီဘလော့တွေဟာ လည်ပတ်သူ သန်းချီရှိသလို နေ့စဉ်လည်း Update လုပ်နေကြပါတယ်။ မှန်တာ မမှန်တာ။ ကူးချတာ မကူးချတာ အပထား အဲဒီဘလော့တွေက မြန်မာ ဘလော့လောကမှာ ကျန်တဲ့ ဘလော်ဂါတွေ ဘလော်ဂါ မထင်လောက်အောင် အောင်မြင်ကြပါတယ်။ အနည်းငယ်သော နိုင်ငံရေး ဘလော်ဂါများကလွဲရင် ဘလော်ဂါ တော်တော်များများက ကျန်တဲ့ မြန်မာ ဘလော်ဂါတွေလို အုတ်ရောရော ကျောက်ရောရော မလုပ်ကြပါဘူး။ ဒီလို လုပ်တာ တကယ်တော့ ကောင်းပါတယ်။ တကယ်တမ်း ပြောရမည်ဆို ဘလော်ဂါ အတော်များများက အဲဒီလို နိုင်ငံရေး ဘလော်ဂါတွေ နာမည်ကိုပဲဖြစ်ဖြစ် ဆက်နွယ်မှုပဲဖြစ်ဖြစ် ကိုယ့်ဘလော့မှာ ပါလာရင် အန္တရယ်ရှိနိုင်တယ် ယူဆနိုင်ကြတဲ့အတွက် ဒီလို နိုင်ငံရေး ဘလော်ဂါတွေနဲ့ ခပ်စိမ်းစိမ်းပဲ နေချင်ကြမှာပါ။

နည်းပညာ ရေးတဲ့ ဘလော့တွေမှာ ဘလော့ နည်းပညာရေးတဲ့ ဘလော်ဂါတွေကလွဲရင် ကျန်တဲ့ သူတွေ ခမျာ အားထုတ်မှုအတွက် တူညီတဲ့ အားပေးမှု မရကြပါဘူး။ ဥပမာ ရထားလမ်းတွေ ဥမင်တွေ အကြောင်းရေးတဲ့ ဘလော့တစ်ခုဆို အောင်မြင်သင့်သလောက် အောင်မြင်ပေမည့် အနုမြူအကြောင်းရေးတဲ့ မြန်မာ ဘလော့ ရှိတယ်ဆိုရင် ယုံမှာတောင် မဟုတ်ဘူး။ ဒါကလည်း မြန်မာဘလော့ ဖတ်သူတွေက နည်းပညာရှာဖို့ ဖတ်တာ မဟုတ်တဲ့ အတွက်ရယ် နည်းပညာအကြောင်းက အင်္ဂလိပ်လို ရေးထားတာ ရာနဲ့ချီပြီး ရှိလိုပါပဲ။ ကျန်းမာရေး ဘလော့တွေကတော့ အောင်မြင်ပါတယ်။ လူတိုင်းက ကျန်းမာရေးကို စိတ်ဝင်စားပြီး တခြား နိုင်ငံရောက်နေတုန်း ကျန်းမာရေးနဲ့ ပတ်သက်တာတွေကို အလွယ် မြန်မာလို ဖတ်ချင်လို့၊ ဆောင်သင့် ရှောင်သင့်တာတွေ သိချင်လို့ပါ။ ဒါကလည်း မြန်မာပြည်က စာနယ်ဇင်း လောကကို ရောင်ပြန်ဟပ်တာပါပဲ။ မြန်မာပြည်မှာ ကွန်ပြူတာ ဂျာနယ်၊ ဆေးပညာ မဂ္ဂဇင်းတွေ ရောင်းရပေမယ့် အနုမြူဂျာနယ်တို့ Rocket Science ဂျာနယ်တို့ သင်္ချာဂျာနယ် ဆိုတာ ရှိမှ မရှိတာ။ (ရန်ကုန်တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ အသင်းတွေမှတော့ နှစ်စဉ် ထွက်ပေမယ့် အပြင်မှာ တွေ့ရခဲပါတယ်။ အခုတော့ ထွက်သေးလား မသေချာပါဘူး။)

နည်းပညာနဲ့ သုတကို ဘယ်လို ခွဲရမလဲတောင် မသိဘူး။ ဘာသာရပ် သီးသန့် ရေးပြီး အတွင်းကျကျ ရေးတဲ့ ဘလော့တွေကို နည်းပညာ ဘလော့ ခေါ်ပြီး အထွေထွေ ဗဟုသုတ ရေးတဲ့ ဘလော့ကိုတော့ သုတ ဘလော့လို့ ခေါ်မလားပဲ။ ဘလော့နည်းပညာ ဒါမှမဟုတ်IT နည်းပညာရေးမှ သုတလို့ သတ်မှတ်ရင်တော့ အမြင်ကျဉ်းရာ ကျသွားပါမယ်။ နိုင်ငံတကာ အကြောင်း ရေးတဲ့ ဘလော့တွေက သုတထဲမှာ ပါနိုင်ပါတယ်။ တကယ်ဆိုရင် နိုင်ငံရေးထဲမှာလည်း ပါနိုင်ပါတယ်။ (ကျွန်တော်ဖတ်တဲ့ အထဲမှာ) မကေသွယ် ဘလော့နဲ့ TZAရဲ့ ဒီဂိုလာ ဘလော့နှစ်ခုကတော့ နိုင်ငံတကာ အကြောင်း အတော် ရေးနိုင်တာ တွေ့ရပါတယ်။ မကေသွယ်ဘလော့က (မဆလ ခေတ်တုန်းက ဖတ်ကောင်းတဲ့) နိုင်ငံတကာရေးရာ ဂျာနယ် ဖတ်ရသလိုမျိုးပါပဲ။ Analysis ပိုဆန်ပါတယ်။ ဒီဂိုလာ ဘလော့ကတော့ သတင်း ကြည့်ရသလိုပေါ့။ Pop ပိုဆန်ပါတယ်။ သူတို့ ဘလော့တွေဟာ ဒီလို Category ထဲမှာ ရှိတယ် မဆိုလိုပါ။ သူတို့ ရေးတဲ့ အထဲက နိုင်ငံတကာနဲ့ ဆိုင်တာတွေ ကြိုက်တယ် ပြောပါတယ်။

ဘလော့တွေ ပေါ်မှာ မဟုတ်ဘဲ အပြင်မှာ စားရေးဖို့ မြေစမ်း ခရမ်းပျိုးကြတာ ကဗျာတိုလေး ၀တ္ထုတိုလေး ဆောင်းပါးတိုလေးတွေနဲ့ စကြပါတယ်။ မြန်မာဘလော့မှာတော့ မြန်မာပြည်တွင်း ဘလော့များနဲ့ ပြည်ပဘလော့များ ဆိုပြီး ခွဲကြည့်လိုက်ရင် မြန်မာ ပြည်တွင်း ဘလော့များကတော့ စာစရေးသူတွေလို ကဗျာတို့ ဘာတို့ကနေ စကြပါတယ်။ ပြည်ပ ဘလော့များကတော့ တခြား ကိုယ်ရေးကိုယ်တာကနေ စပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ ကိုယ့်တွေ့ကြုံခဲ့တဲ့ ဓါတ်ပုံတွေ တင်ပြီး စာတိုလေးတွေ ရေးပြီး စကြပါတယ်။ ညီလင်းဆက်လို မြန်မာဘလော့ ဘိုးအေကြီးတောင် ဓါတ်ပုံလေးတွေ တင်ပြီး စခဲ့တာပါ။

မြန်မာဘလော့ အကယ်ဒမီဆိုပြီး လုပ်ကြတုန်းက ပန်ဒိုရာ ဘလော့ကို “အထွေထွေ” ဆိုတာထဲ ထည့်ထားတာ အင်မတန် နှမြောဖို့ ကောင်းပါတယ်။ မပန် ဘလော့က ရသ ဘလော့ဂ်တွေမှာ ထိပ်ဆုံးတန်းကနေ ရှိတယ်လို့ အချင်းချင်းတွေ မြှောက်မပြောချင်ပေမယ့် ပန်ဒိုရာ ဘလော့က တစ်ပုဒ်ဆို တစ်ပုဒ် ရသပေးနိုင်တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ့အနေနဲ့လည်း (ဥပမာ) ရသပေးတဲ့ ပို့စ် ၅ ပုဒ်လောက် ရေးပြီး တစ်ပုဒ်လောက်တော့ လွတ်လွတ်လပ်လပ် ရေးချင်ရှာမှာပါ။ ဘလော့ရေးတယ်ဆိုတာ စိတ် အပန်းပြေအောင် ရေးကြတာပဲ။ Seriously ရသ ရေးတဲ့ တောကျောင်းဆရာလို ၉၉.၉၉% ရသ ဘလော့တွေ ဆိုတာ အင်မတန် ရှားပါတယ်။ မနော်ဟရီတောင် သူ့သားမွေးနေ့ ဘလော့မှာ ရေးသေးတာပဲ။ ဒါကိုရော ရသ မဟုတ်ဘူးဆိုပြီး သူ့ဘလော့ကို အထွေထွေထဲ ထည့်ဦးမလား။

ကဗျာတွေ အတွေးအခေါ်တွေပဲ ရေးတဲ့ ဘလော့တွေကို ရသအုပ်စုထဲ ထည့်တာ လွယ်လွယ်ကူကူ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျန်တာတွေကို “အထွေထွေ” ဆိုတဲ့ အထဲ ထည့်လိုက်တာတော့ နားလည်ရခက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး၊ နည်းပညာ၊ သုတနဲ့ ရသပြီးရင် ကျန်တာတွေက မြောင်းထဲ မဟုတ်တောင် အထွေထွေ ဆိုတာထဲ ရောက်သွားတာကတော့ Classification ထပ်မံပြီး မလုပ်ကြတာ အတော် စိတ်ဝင်စားဖို့ ကောင်းတယ်။(အခုမှ ဇာတ်လမ်းက စမှာပါ.. ဒန်.. တန့်တန်)

(နိုင်ငံတကာမှာ) ဘလော့ရဲ သဘောက Commentary ဒါမှမဟုတ် News ဒါမှမဟုတ် Diary ဆန်ပါတယ်။ ဘလော့ကို မြန်မာပြည်က စာနယ်ဇင်းတွေလို စာရေးဆရာတွေ ရသမြောက်အောင် ရေးသလို စည်းနဲ့ ဘောင်နဲ့ ရသဆန်ဖို့ မမျှော်လင့်သင့်ပါဘူး။ (ကျွန်တော်ကလည်း ရသ မရေးတတ်တော့ ကျွန်တော့် ဘလော့လို ဘလော့တွေဘက်ကနေ ရှေ့နေ လိုက်ပါမည်)။ ဒီလို ဘလော့တွေကိုမှ ကိုယ်ရေးကိုယ်တာတွေ ရေးလို့ စာရေးတာ မဟုတ်ဘူး ဆိုလည်း ရှိပါစေတော့။ သူတို့ Blog ရဲ့ သဘောကို နားမလည်လို့လို့ မှတ်လိုက်တယ်။

ကျွန်တော် ယုံကြည်တယ်။ (တစ်ဦးတည်း ရေးတဲ့) ဘလော့ဆိုတာ ကိုယ်ရေးကိုယ်တာ ဆန်ပါတယ်။ မဟုတ်ဘူးဆိုရင် ဘယ်ဘလော့ဆိုတာ အားလုံးသိအောင် ပြောနိုင်ပါတယ်။ ရှိလှ ၅ ခု မရှိပါဘူး။ အဲဒါကိုမှ ဘလော့တွေက ကိုယ်ရေးကိုယ်တာ ဆန်တယ် ဆိုရင် ထပ်ရှင်းပြစရာ မလိုပါဘူး။ တကယ့်တကယ် ကိုယ်ရေးကိုယ်တာ သိပ် ဆန်လွန်းအား ကြီးသွားမှသာ အများက စိတ်ဝင်စားတော့ မှာမဟုတ်ပါဘူး။ ဘလော့တစ်ခုဟာ ကိုယ်ရေးကိုယ်တာတွေပဲ ရေးပေးမယ့် စိတ်ဝင်စားတဲ့လူ ရှိနေသေးတာကလည်း သူ့စာထဲမှာ “Common Ground” တစ်ခု “Interestingness” တစ်ခု ရှိနေသေးလို့ပါပဲ။ (ကျွန်တော့်ဘလော့ဂ်ကို ကိုယ်ရည်သွေးရန် မဆိုလိုပါ။ တခြား ကိုယ်ရေးကိုယ်တာ ဆန်ပေမယ့် လူအများ စိတ်ဝင်စားနေတဲ့ ဘလော့တွေကိုလည်း ပြောပါတယ်။)

အရင်တုန်းက ကိုယ့်ဘလော့မှာ နိုင်ငံရေး မရေးရင် Spy လိုလို စစ်တပ်ကလိုလို အထင်ခံရမယ့် ကာလလေးတွေ ရှိခဲ့ပါတယ်။ ဒီပို့စ်ရေးနေတဲ့ ယနေထက်တိုင်တော့ ဘလော့မှာ ရသမရေးရင် စာရေးရာ မမြည်ဘူးဆိုတဲ့ အတွေးအခေါ်လေးတွေ ရှိနေဆဲပါ။ ဟုတ်တော့လည်း ဟုတ်တာပဲ။ ဘလော့ရေးတာပဲ စာ(ရသစာပေ) ရေးတာမှ မဟုတ်တာ။ ကျွန်တော် ဘလော့ စရေးတုန်းကလည်း အတွေးအခေါ်လည်း မဟုတ်၊ ရသလည်း မပေးနိုင်လို့ ကျွန်တော့် ဘလော့က ပုံမှန် အားပေးနေကြသူတွေ ကလွဲရင် တော်ရုံတန်ရုံ အတန်းထဲ မထည့်ချင်ပါဘူး။ အဲဒီတော့ We She Me က “အထွေထွေ” ဘလော့ဂ် ဖြစ်နေတာပေါ့။

သုတေသနဆန်ဆန် စစ်တမ်းတော့ မကောက်ထားပေမယ့် တွေ့နေရတာတော့ (ပြည်ပမှ) မြန်မာဘလော့တွေမှာ ၁၀% ကပဲ နာမည် တပ်ထားတဲ့ နိုင်ငံရေး၊ နည်းပညာနဲ့ ရသ အုပ်စုထဲမှာ ရှိနိုင်ပါတယ်။ ကျန်တဲ့ ဘလော့ဂ်တွေကတော့ “အထွေထွေ” ဆိုတဲ့ အုပ်စုကြီး အောက် ရောက်နေပါတယ်။ အဲဒီ အထွေထွေ အုပ်စကနေမှ တသီးတသန့် အောင်အောင်မြင်မြင် ခွဲထွက်လာနိုင်တာ ဟင်းချက်နည်း ဘလော့တွေပဲ ရှိပါသေးတယ်။ ကျွန်တော်တို့လို ဘလော့က “ဗြောက်သောက်”လို့ အဓိပ္ပါယ် ယူချင် ယူနိုင်တဲ့ “အထွေထွေ” အုပ်စုထဲမှာ ရှိနေပါသေးတယ်။

စာဖတ်သူ တော်တော်များများကတော့ ဘလော့တွေကို အုပ်စုခွဲပြီး ဖတ်နေတာ မဟုတ်ဘဲ ဒီဘလော့ရောက်ရင် ဒီလို ခံစားရမည် ဒီလို သုတရမည် (ကျွန်တော့် စကားနဲ့ဆို ဒီဟော်မုန်း ထွက်မည်) ဆိုတဲ့ အသိနဲ့ပဲ ဖတ်ကြပါတယ်။ ဒါပေမယ့် ဘလော်ဂါရဲ့ အားသန်မှုပေါ် မူတည်ပြီး အပျော်ဟော်မုန်းလား သရော်ဟော်မုန်းလား ရသဟော်မုန်းလား စတာပဲ ကွဲသွားပါတယ်။

ဒီလို ဘလော့တွေမှာ သီးသန့် မဆန်နိုင်တဲ့ အတွက် ဒီနှစ် မြန်မာဘလော့ အကယ်ဒမီကျရင်တော့ ဘယ်လို အုပ်စုခွဲမလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ မနှစ်က Vote ကြတုန်းက We She Me လေးကို အားပေးကြပါတယ်။ ဒါပေမယ့် အဲဒီလို အုပ်စုခွဲထားတာကို သဘောမကျလို့ ကိုယ့်အတွက် Vote ပေးကြသူတွေကိုတောင် ကျေးဇူးတင်ကြောင်း မပြောလိုက်ရဘူး။ သူတိုရဲ့ စေတနာနဲ့ အားထုတ်မှုကို Appreciate လုပ်ပါတယ်။ ဒီလို Categorize လုပ်တာရယ် ဘလော့ဆိုတာ အနည်းနဲ့ အများတော့ ဟိုကဏ္ဍ ဒီကဏ္ဍပါတယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။ အဲဒီအချက်ကြောင့် ဘလော့ အကယ်ဒမီဆိုတာ ရုပ်ရှင် အကယ်ဒမီလို မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်ဆိုတာ တစ်ကားတည်းပါ။ ဇာတ်လမ်း ကျောရိုး တစ်ခုတည်းပါ။ ဘလော့ဆိုတာ ပို့စ်တွေ အများကြီးပါပါတယ်။ ပို့စ်တိုင်းလိုလိုဟာ Category တစ်ခု အောက်မှာ ရှိမနေနိုင်ပါဘူး။

အုပ်စု ခွဲချင်သပဆိုလည်း ခွဲကြ။ သူများ ပေးတဲ့ အုပ်စုကို မကြိုက်ဘူးဆိုလည်း ကိုယ့်ဘာကြိုက်လည်း ပြောကြေးဆိုရင်တော့ ကျွန်တော် ကိုယ့်ဘလော့ဂ်ကို ကိုယ် Lifestyle အုပ်စုထဲ ထည့်ချင်တယ်။ ကျွန်တော့် ဘလော့မှာ ကျွန်တော် ဘယ်လိုနေတယ်၊ စားတယ်။ ဘယ်သွားတယ် ဆိုတာတွေပဲ ရေးတယ်။ ကိုယ့်မိသားစု အကြောင်း ကိုယ်ရေးတယ်။ ဒါကြောင့် Lifestyle အုပ်စုထဲ ထည့်ချင်တယ်။ ဒီလို Lifestyle မဂ္ဂဇင်းတွေတောင် မြန်မာပြည်မှာ ဆိုရင် စာရေးဆရာတွေက ဇယားထဲ ထည့်တာ မဟုတ်ဘူး။ ရသ စာပေသမားတွေကလည်း ဒီမဂ္ဂဇင်းတွေက ကြွေစက္ကူတွေ သုံးပေမယ့် အနှစ်မရှိဘူး ဆိုပြီး သတ်မှတ်ကြတာ။ ရှိပါစေတော့ ဒါ မြန်မာပြည် စာနယ်ဇင်းလောက။ ကိုယ်နဲ့ အလှမ်းဝေးတယ်။ ဘလော့မှာတော့ အဆင့်အတန်း သတ်သတ်မှတ်မှတ် မရှိလှတဲ့ “အထွေထွေ” ဆိုတာထက် စာရင် ကိုယ်ပေးချင်တာ ပေးထားတဲ့ “Lifestyle” ဆိုတာက တော်သေးတယ်။


ဒီအကြောင်းက ရေးဖို့ ခေါင်းထဲ ရှိနေတာ ကြာပါပြီ။ ကိုရင်ညိန်းရဲ့ တစ်နှစ်ပြည့်ပို့စ် အနှီဗာစရီ (Anniversary) အထူပို့စ်ဖတ်ပြီးတော့ ချရေးဖြစ်သွားတာပါ။ သူနဲ့ အမြင်ကွဲတာတွေ ထောက်ခံတာတွေ မဟုတ်ပါဘူး။ ရင်ထဲမှာ ရှိနေတာလေးတွေ သူ့ပို့စ်ဖတ်ပြီးနောက် ချရေးလိုက်တာပါ။ ဒါကျွန်တော့် ခံစားချက် သက်သက်ပါ။ ကျန်တဲ့ သူတွေလည်း ကြိုက်သလို ခံစားနိုင်ပါတယ်။

ဘလောဂါတွေရော အုပ်စုခွဲမှ ရမည်ဆို ကိုယ့်ဘလော့ကို ဘယ်လို နာမည် ပေးထားတဲ့ Category ထဲ ထည့်ချင်သလဲ သိချင်ပါတယ်။ တကယ်လို့များ အကယ်ဒမီ ဘုတ်အဖွဲ့က ကိုယ်မလိုချင်တဲ့ အထဲ ထည့်လိုက်တာ မကြိုက်ဘူးဆိုရင်ပေါ့။ ဒီစာဖတ်ပြီး ကျွန်တော့်ဘလော့ဟာ ဘယ်လို ဖတ်လို့ ကောင်းကြောင်း ဘာကြောင်း အလာပ သလာပ Comment ပေးသွားရင် ကျေးဇူတင်ပါတယ်။ ပိုပြီး ကျေးဇူးတင်မှာကတော့ ဒီအကြောင်းအရာပေါ် ဖြည့်စွက် ပြောသွားရင်ပါ။ ဒါမှမဟုတ် စာဖတ်သူတွေက ဘယ်လိုမျိုး ကြိုက်သလဲဆိုလည်း သိရတာပေါ့။ ဒါပေမယ့် ခက်တာက ဒီဘလော့ ဖတ်တဲ့ သူတွေက “အထွေထွေ” ဘလော့ ဖတ်တဲ့သူတွေ များမှာ ဆိုတော့ ဒီဘလော့မှာ လာမေးရင် ဒီလေသံပဲ ထွက်နေမှာပေါ့။

Film


Files