Monday, January 12, 2009

အစားအသောက်တွေ ဓါတ်ပုံ ရိုက်တဲ့အခါ

ကျွန်တော်က  Pro ဓါတ်ပုံသမား မဟုတ်ပါဘူး။ အပေါစား Point and Shoot ကင်မရာ နဲ့ပဲ ရိုက်ပြီး ကြည့်ကောင်းရင် ပြီးရောတောင်မဟုတ်။ မှတ်တမ်း တင်နိုင်ရင် ပြီးရော ရိုက်တဲ့သူပါ။ မောင်တိန်တို့နဲ့ တွေ့မှပဲ Contrast တွေ Composition တွေ ဓါတ်ပုံမှာ ကြည့်ရကောင်းမှန်း သိတဲ့သူပါ။ ကျွန်တော့်ရဲ့ ဓါတ်ပုံ ရိုက်နည်းကတော့ ၃-၄ပုံရိုက် ကြည့်အကောင်းဆုံးပုံ တစ်ပုံရွေး ဆိုတာမျိုးပါ။ များသောအားဖြင့်တော့ Auto ပဲရိုက်လိုက်ပြီး ညဖက် ရိုက်တာရယ် ပန်းတွေကို အနီးကပ် ရိုက်တဲ့ အခါရယ် Recipe Post တွေအတွက် ဟင်းတွေ ရိုက်တဲ့ အခါမှာရယ်သာ ကင်မရာကို နည်းနည်း ဟိုပြောင်း ဒီပြောင်းလုပ်ပြီး ရိုက်တာပါ။ ဆြာပေါက “၂၀၀၉ ဘလော့ဂ် ဟောစာတမ်း” မှာ

အချို့သော ဘလော့ဂါများအနေဖြင့် အစားအသောက်များကို ကြိုးစားပမ်းစား ပြင်ဆင်ချက်ပြုတ်ခဲ့ပါသော်လည်း ဓါတ်ပုံများကိုမူ ပြီးစလွယ် ရိုက်ကူးတင်ပြသဖြင့် ဖတ်ရှုရသူအပေါင်း ခံတွင်းပျက်လတ္တံ့။ 
ဆိုပြီး ဟောထားလို့ စာဖတ်သူများ ခံတွင်း မပျက်ရလေအောင် ကျွန်တော် ဟင်းတွေ ဓါတ်ပုံ ရိုက်တဲ့ နည်းတွေကို ချရေးလိုက်တာပါ။ ဒါတွေက Pro နည်းတွေတော့ မဟုတ်ပါဘူး။ ရှိတဲ့ ကင်မရာနဲ့ ကြည့်ကောင်းအောင် ရိုက်တာပါ။
  • Lighting က သဘာဝ အရောင် ကောင်းတယ် ဆိုပေမည့် ရိုးရိုး ကင်မရာလေးတွေက Flash ပိတ်ရိုက်ရင် အိမ်ထဲမှာ (မီးဖိုချောင်ထဲမှာ)ဆိုရင် အလင်းနည်းလို့ အလင်းပေးပြီး ရိုက်ပါတယ်။ မီးဖိုအပေါ်တည့်တည့်က အနံ့စုပ်တဲ့ ပန်ကာမှာ မီးလုံး ရှိတဲ့ အတွက် ကျွန်တော်ကတော့ အဲဒီ မီးဖိုပေါ်မှာပဲ ရိုက်ပါတယ်။ တကယ်လို့ အဲဒီလိုမျိုး မရှိရင် ထမင်းစား စားပွဲပေါ်မှာ စာကြည့်မီးနဲ့ ရိုက်လည်း ရပါတယ်။ မီးက အဖြူဆို ပိုကောင်းပေမယ့် ကျွန်တော်ကတော့ အ၀ါရောင်ပဲ ရှိတော့ အ၀ါရောင်နဲ့ပဲ ရိုက်တာပါ။ ဒါပေမယ့် မြန်မာ အစားအစာတွေက မီးအ၀ါနဲ့ ရိုက်ရင်တော့ အရောင် ပိုကောင်းသလိုပဲ။
 
ဒီပုံက နမူနာ ပြထားတာပါ။ 
(ဘလော့ရေးနေတဲ့ အချိန်မှာ ရှိရာ အသီးအနှံတွေ ပန်းကန်ထဲ ထည့်ပြီး ဆက်တင် လုပ်ထားတော့ ပန်းချီဆွဲတဲ့ ပုံလိုလို ဘာလိုလိုနဲ့)

  • Flash ကို ပိတ်ပြီး ရိုက်ပါတယ်။
  • အနီးကပ် Macro သုံးပြီး ရိုက်ပါတယ်။ ဒါကတော့ လုံးဝ Amateur နည်းပဲ။ ကျွန်တော်က Point and Shoot နဲ့ ရိုက်တာ ဆိုတော့ အနီးကပ်အတွက် ဘယ်လိုမှ ချိန်လို့ မရဘူး။ အဲဒီတော့ Macro Mode နဲ့ ရိုက်တယ်။
  • လက်ကို ငြိမ်အောင် ထားပြီး ရိုက်ပါတယ်။ ဘယ်သူမှတော့ မီးဖိုထဲမှာ Tripod နဲ့ ဘာနဲ့ ရိုက်ချင်မှာ မဟုတ်ပါဘူး။ လက်မငြိမ်တတ်ရင် Timer မှာ ၃ စက္ကန့်လောက်ပေးပြီး ရိုက်နိုင်ပါတယ်။
  • အနီးကပ် (ဘေးဖက် ခပ်စောင်းစောင်း ကနေ) ရိုက်တဲ့ အခါ Angle မျိုးစုံကနေ ရိုက်ပြီး ကြည့်အကောင်းဆုံး ပုံကို ရွေးပါတယ်။
  • တစ်ပန်းကန်လုံး ပါစရာ မလိုပါဘူး။ ချက်ထားသမျှ ပါစရာ မလိုပါဘူး။ Ingredients တွေကိုလည်း အမျိုးစုံအောင် ပြနိုင်ရင် ရပါပြီ။ တကယ့် ပမာဏ ပါစရာ မလိုပါဘူး။
  • အစားအစာ အမျိုးအစား ၃ ၄ မျိုး (၃-၄ ပန်းကန်) ပါမှသာ အပေါ်စီးကနေ ရိုက်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် အနီးကပ် တစောင်း ရိုက်ပါတယ်။


  • ဒီပုံ ၂ ပုံမှာ အနီးကပ် ဘေးစောင်း ရိုက်တာနဲ့ အပေါ်စီးကနေ ရိုက်တာ ဘယ်ပုံက အစားအစာတွေကို ပိုမြင်ရတယ်ဆိုတာ ယှဉ်ကြည့်နိုင်ပါတယ်။
  • Contrast ကို နည်းနည်း တင်လိုက်ပါတယ်။ Photo Editing Application တွေ သုံးပြီး Contrast တင်ပါတယ်။ ဟင်းတွေက အရောင်စုံပြီး သေးသေး သေးသေး အဖတ်လေးတွေ ပါတော့ Contrast တင်လိုက်ရင် အဲဒီ သေးသေး သေးသေးလေးတွေက မြင်သာလာပါတယ်။ ငရုတ်သီးဖတ်က ငရုတ်သီးဖတ်၊ ကြက်သွန်နီဖတ်က ကြက်သွန်နီ မြင်သာလာပြီး ပိုစားချင်စရာ ကောင်းလာပါတယ်။ ဒါမှမဟုတ် ကင်မရာမှာ အရောင်ကို Vivid ဖြစ်အောင် Setting ပြောင်းလိုက်ပါတယ်။

  • ဟင်းချက်ပြီး ကျက်တာနဲ့ ပန်းကန်ထဲ ထည့်လိုက်ပါတယ်။ အငွေ့သေအောင် စောင့်ပြီး ရိုက်ပါတယ်။ ဟင်းတွေက ကျက်ပြီး ခဏနေရင် အရောင် ပြောင်းသွားတတ်တယ်။ ဟင်းရွက်ကြော်လိုမျိုးဆို အရမ်း သိသာသလို ဆီပြန်ဟင်းတွေလည်း သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။ ကျက်ကျက်ချင်း အချိန်မှာ ရိုက်လျင် အငွေ့တွေကြောင့်ေ၀၀ါးတတ်လို့ အငွေ့သေအောင်တော့ စောင့်ပါတယ်။
  • မလိုအပ်ဘဲ ဟင်းအိုး၊ ဒယ်အိုးတွေထဲက ဟင်းတွေကို မရိုက်ပါဘူး။ ဟင်းအိုး ဒယ်အိုးထဲမှာ ရိုက်ထားရင် ချက်ပြုတ်ထားတဲ့ အတွက် ပေပွနေပြီး စားချင်စိတ် ကုန်သွားနိုင်တယ်။ ပန်းကန်ထဲ ခပ်ထည့်ပြီး ရိုက်ပါတယ်။ ပန်းကန်ထဲ ထည့်တဲ့ အခါလည်း ဟင်းထဲမှာ ပါတဲ့ အမျိုးအမည် အကုန်လုံး မြင်သာအောင် ထည့်ပြီး ပန်းကန်အနားတွေ ပေနေရင် တစ်လျှူးပေပါနဲ့ သုတ်လိုက်ပါတယ်။
  • ပန်းကန်ထဲမှာလည်း သူ့အစားအစာနဲ့သူ ကြည့်ကောင်းအောင် စီပါတယ်။ စမူဆာတုန်းက သူမဘာသာ ကြော်လှော်ပြီး ဓါတ်ပုံ ရိုက်ထားတာ စမူဆာကို ပန်းကန်ထဲမှာ ကြည့်ကောင်းအောင် ဘယ်လို စီရမှန်း မသိလို့ ပုံစံမျိုးစုံ စီပြီး ရိုက်ထားတာ နောက်ဆုံးတော့ အားလုံး ပုံထည့်ထားတဲ့ ဓါတ်ပုံက ကြည့်ကောင်းနေတာနဲ့ အဲဒါပဲ ရွေးလိုက်တယ်။ နံနံပင်လေး ကြက်သွန်မြိတ်လေး အုပ်ပြီးမှ ရိုက်သင့်ရင် ရိုက်ပါတယ်။
  • ချက်ပြီးသား ပုံတွေကို Blogger မှာ Host လုပ်ပြီး မတင်ပါဘူး။ Flickr သုံးပါတယ်။ Google က Resize လုပ်လိုက်ရင် အစားအသောက်တွေက ကိုယ်ရိုက်ထားတာလောက် ကြည့်မကောင်းတော့သလိုပဲ။ Flickr က Resize လုပ်ပေးတာ အဆင်ပြေပါတယ်။ Blogger မှာ Host လုပ်မည်ဆိုလည်း Photo Editing Tool တစ်ခုခုနဲ့ Resize လုပ်ပြီး Original Size တင်တာ ကောင်းပါတယ်။
  • ဓါတ်ပုံ ကြည့်လိုက်တာနဲ့ စားချင်စိတ် ပေါက်လာအောင် ရိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

တကယ်တော့ ဓါတ်ပုံရိုက်ရတာ မခက်ပါဘူး။ ဒါပေမယ့် ဟင်းချက်နည်း Post တင်ဖူးတဲ့ သူတိုင်း သိပါတယ်။ ကိုယ့်က အဆင့်ဆင့် ပြချင်ရင် မချက်ခင် အစိမ်းတွေကို စီရရီပြီး ရိုက်၊ ချက်ပြီးတော့ ကြည့်ကောင်းအောင် ပြင်ပြီး ရိုက်နဲ့ နည်းနည်းတော့ လက်ဝင်ပါတယ်။ ဒါကိုက ပျော်စရာလို့ သဘောထားမှသာ မပင်မပန်း လုပ်ဖြစ်တာပါ။ နောက်ပြီး ကိုယ်က Post တင်ဖို့ ချက်စားတာ မဟုတ်ပေမယ့် တန်အောင် Post တင်လိုက်မည် ဆိုပြီး ရိုက်ထားတာတွေလည်း အများကြီးပါပဲ။ တချို့ ဟင်းတွေကျတော့လည်း ဓါတ်ပုံ ကောင်းကောင်း မရလိုက်လို့၊ ဓါတ်ပုံ မရိုက်ဖြစ်လိုက်လို့ မတင်ဖြစ်တာတွေလည်း ရှိပြန်ရော။


ဒါကျွန်တော်တို့ လောလောဆယ် ရိုက်နေတဲ့ နည်းပါ။ Professional ဆန်ဆန် ဘယ်လို ရိုက်မလဲဆိုတာကို "How to take photo food" ဆိုပြီ Google မှာ ရှာကြည့်ရင် ပထမ တစ်မျက်နှာလောက် ဖတ်လိုက်ရင် မီးအလင်းရောင်နဲ့ အလိုက် White Balance ဘယ်လို ချိန်ရမည်၊ ဘယ်အခါမှာ ISO ကို ဘယ်လောက် တင်ရမည် စတာတွေ ဖတ်လို့ရပါတယ်။ Point and Shoot နဲ့ အစားအသောက်တွေကို ဘယ်လို ရိုက်ရမည်ဆိုတာ ထပ်မံ ဖြည့်စွက်ပေးမည်ဆိုရင်လည်း ကျေးဇူးတင်ပါတယ်။ Recipe တွေအတွက် ဓါတ်ပုံရိုက်ဖို့ကင်မရာ ကောင်းကောင်း (Lens ကောင်းကောင်း) ၀ယ်ချင်ရင်ဖြင့် TZA ကိုသာ မေးကြည့်ပေတော့။

13 comments:

MrDBA - 1/13/09, 1:45 AM

ကောင်းပ။ တီဇက်အေ ကိုလည်း သူ့ပုံတွေ ဘယ်လိုရိုက်ကြောင်းရေးပြရင်ကောင်းမယ်။ :)

နုသွဲ့ - 1/13/09, 10:45 AM

ဒါကို ဖတ်ပြီး ကိုယ့်ပဲပြုတ်ပုံလေးတွေကို ကိုယ် သနားသွားတယ်။ စာရှုသူများကိုလည်း အားနာပါရဲ့။ နောက်ဆို ကိုအင်ဒီ ပြောတဲ့နည်းတွေ သုံးပြီး ရိုက်မယ်နော်။ ကျေးဇူးး)

Ko Paw - 1/13/09, 10:57 AM

ဟဲ..ဟဲ....ကျနော် ကလိထားတာကို ဘယ်သူအရင်ပွင့်ထွက်လာမလဲလို့ စောင့်နေတာ ကိုအင်ဒီ ဗိုလ်စွဲသွားသကိုး...... ကြည့်ရတာ ကျနော့်မိတ်ဆွေ တန်ခူးက ခရီးထွက်နေလို့ ပွင့်ချိန်မရလိုက်ဘူးထင်ပါရဲ့...ဟိ။

Moe Cho Thinn - 1/13/09, 11:46 AM

ဓာတ်ပုံလေး တပုံတင်ဖို့ အတော် စေတနာထားတာပဲနော်။ ချီးကျူးပါတယ်။ စာဆက်ရေးပါနော်..

TZA - 1/13/09, 2:45 PM

ဟိုက်.. ကိုအန်ဒီ အချွန်နဲ့ မ လိုက်ပြီ။

ကျနော် စားစရာပုံရိုက်ရင် aperture ကျယ်တဲ့ prime lens သုံးရိုက်ပါတယ်၊ ကျနော့်ဟာက nikon 50mm f/1.8 ပါ၊ ဒီထက် ပိုကျယ်တာ၊ bokeh ဆိုတဲ့ နောက်ခံဝတ္ထု ဝါးတဲ့ပုံစံကို ပိုလှအောင် ပေါ်စေတာတွေလည်း ရှိပါတယ်၊ ပိုကောင်းသလို ဈေးလည်း ပိုကြီးပါတယ်၊ ကျနော့်ဟာက တရုတ်ဖြစ် ခပ်ပေါပေါ ထဲကပါ။ aperture ကျယ်တော့ မှောင်တဲ့အနေအထားမှာလည်း ရိုက်လို့ ကောင်းတာပေါ့၊ အရောင်တွေ မှိုင်းမနေဘူးပေါ့။ ကျနော့်အနေနဲ့ အစားအသောက်ရိုက်ရင် အရေးကြီးဆုံးက white balance ပါပဲ၊ ထွက်လာတဲ့ပုံက ကိုယ်မြင်နေကျ အရောင်တွေမဟုတ်ရင် စားချင်စဖွယ် မဖြစ်တော့ဘူး၊ ဂျူံဆို အဖြူ၊ ဟင်းရွက်ဆို အစိမ်း၊ မုန်လာဥအနီဆို အနီ စသဖြင့် သူ့အရောင်နဲ့သူ မှန်နေမှ ကြည့်ကောင်းမှာလေ။ ဒါကြောင့် စားစရာရိုက်ရင် အရင်ဆုံး lens ပြောင်းတပ်တယ်၊ white balance ချိန်တယ် (ဒါ ကျနော့်အတွက် အရေးကြီးဆုံး)၊ frame ထဲမှာ ပေါ်နေရမယ့် နေရာ၊ အရွယ်အစား စတာတွေကို ချိန်ဆတယ်၊ ပြီးရင် လက်ငြိမ်ငြိမ်ထားပြီး ရိုက်လိုက်တာပါပဲ။ ကျနော် နောက်ပိုင်းရိုက်ဖြစ်တဲ့ အစားအသောက်ပုံတွေက post edit သိပ်လုပ်စရာ မလိုတော့ဘူး၊ ရိုက်ထွက်လာတာနဲ့ စိတ်တိုင်းကျပါတယ်။

MrDBA ကော်မန့်ကိုလည်း ဖြေပြီးသားဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျား။

nyimuyar - 1/13/09, 4:25 PM

thanks for ur tips and tricks

မဇနိ - 1/13/09, 10:03 PM

အဲဒီငါးဟင်းပုံက ပြန်မြင်ရရင် တခါသွားရည်ကျမိပြန်ပြီ။
ဓါတ်ပုံတွေက ကင်မရာအကြောင်းလည်း နားမလည်တော့ ကြုံသလိုရိုက်ဖြစ်ပါတယ်။

nu-san - 1/14/09, 2:00 AM

Andy ရေ.. အမတို့က ရိုးရိုးပုံ ရိုက်ပြရင်ကိုပဲ သွားရည်ကျနေရတာပါ.. ဒါကြောင့် စားချင်စဖွယ်ဖြစ်အောင် ရိုက်ပြရင်တော့ မကြည့်ရဲပဲ မျက်နှာလွှဲနေရလိမ့်မယ်ထင်တယ်.. :D

strike - 1/14/09, 6:31 PM

KOM ဟင်းပုံလေးတွေဆိုလည်းကြည်နေတာပဲဆံပင်ချည်တောင်တွေ့ရတယ်။

khin oo may - 1/16/09, 2:13 AM

strike ကို သတ်ချင်တယ်။

နုသွဲ့ - 1/17/09, 8:20 PM

ငပိထောင်းပို့စ်က ပုံ မကောင်းတာ ကိုအင်ဒီ ပြောတဲ့ နည်းတွေ မသုံးဖြစ်လိုက်လို့ပါ။ ဆရာက တော်ပါတယ်၊ တပည့်က ရှော်(ပျင်း)လို့ပါ...ခွင့်လွှတ်ပါနော့း)

khin oo may - 1/18/09, 7:19 PM

လာဖတ်သွားသည်။

subuueain - 1/23/09, 1:33 AM

ကျွန်မ blog ကပုံတွေ ကတော့ မလှရှာဘူးရှင်။ ကြုံသလိုရိုက်နေလို့  :)
နည်းပေးတာ ကျေးဇူးပါနော်

Post a Comment

Many thanks for dropping a comment…

Film