Sunday, February 08, 2009

Generation 2.2

နိုင်ငံခြားမှာ အထူးသဖြင့် အမေရိကားတို့ သြော်ဇီတို့လိုမှာ Asian လူငယ်တွေ ဘိုလို မွှတ်နေအောင်ပြော၊ ကျောင်းတွေတက် အလုပ်တွေလုပ်နေတာတွေ တွေ့ရရင် အရမ်း အားရတယ်။ သူတို့တွေက 2nd Generation Immigrant တွေ။ သူတို့ မိဘတွေက ဒီနိုင်ငံတွေကို ပြောင်းရွှေ့လာပြီး ဒီကလေးတွေက ခြံပေါက်တွေ ဆိုတော့ ဒီမှာ (အသားရောင်က လွဲရင်) တသားတည်း ဖြစ်နေပြီ။ ဒီက အစားအစာတွေကို ကြိုက်ကြိုက်မက်မက် စားတယ်။ ကိုယ့်မိဘတွေ ချက်တဲ့ ပင်ကို အစားအစာတွေလည်း စားတတ်တယ်။ ၀တ်တာ စားတာကလည်း ခေတ်ရေစီးကြောင်းအတိုင်းပဲ။ စနေ တနင်္ဂနွေနေ့တွေ Shopping Mall ထဲမှာ စတိုင် ဘောင်းဘီနဲ့၊ ရှပ်အင်္ကျီ လက်ရှည်နဲ့ ရုံးတတ် ၀တ်စုံ ၀တ်ပြီး လျှောက်သွားတတ်တာမျိုး မဟုတ်ဘူး။ အလုပ်ဆိုတာကလည်း ကျောင်းတတ်ရင်း ကုန်စုံဆိုင် ငွေရှင်း ကောင်တာမှာ လုပ်မလား၊ စားသောက်ဆိုင်မှာ လုပ်မလား ဒီလိုပဲ လုပ်လိုက်တာပဲ။ ကျောင်းပြီးရင်လည်း သင့်တော်ရာ အလုပ်တစ်ခုကို အချိန်တို အတွင်းမှာ ရသွားကြတယ်။ အလုပ်ထဲမှာလည်း အဆင်မပြေဘူးဆိုတာ ခပ်ရှားရှား။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ရပြီး တိုးတက်သွားကြတာပဲ။ အချိန်တန်တော့ အိမ်တွေ ကားတွေဆိုတာ အသက် ခပ်လတ်လတ်မှာ ပိုင်ဆိုင်နေကြပြီ။ အသက် အစိတ်လောက်မှာ အလုပ်အကိုင် တည်ငြိမ်နေပြီဆိုတော့ အသက် ၃၅ မှာ ဘ၀က အတော်အသင့် ခိုင်မာနေပြီ။ အသက်နှစ်ဆယ် ကနေ အစိတ်ကလည်း သူတို့ ဘ၀မှာ ပျော်စရာ အကောင်းဆုံး အချိန်တွေ။ ဒီလို အဆင်ပြေတာ သူတို့က 2nd Generation တွေမို့လို့။

သူတို့ မိဘ 1st Generation တွေက Generation တစ်ခုလုံး ရင်းနှီးမြုတ်နှံထားလိုက်လို့ သားသမီးတွေ အလှည့်ကျတော့ ကောင်းစားနေရတာ။ ဒီမိဘတွေ ရောက်လာတုန်းကဆိုတာ အ၀တ်အစားဆိုလည်း ကိုယ်မှာ ကပ်တာပဲ ပါတာမျိုး။ တရုတ်ပြည်ကနေ၊ ဗီယက်နမ်ကနေ လှေအကြီးစားမျိုးနဲ့ ပင်လယ်ထဲမှာ ရက်ပေါင်းများစာ ကူးခပ်ပြီး မှာ ဒုက္ခသည်အဖြစ် ရောက်လာတဲ့ မိဘတွေလည်း အတော်ပါတာ။ ဒီလောက်အထိ ဇာတ်မနာရင်တောင်မှ ဒုတိယနိုင်ငံကို ရောက်လာရင် ရရာ အလုပ်လုပ် ခြစ်ကုပ်ပြီး စုဆောင်းနေရတဲ့ မိဘတွေက ရာခိုင်နှုန်း အတော်များများ။ သူတို့အတွက် ကိုယ်မကျင်လည်ရာ နေရာမှာ ကိုယ်မကျွမ်းကျင်ရာ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ပြီး အဆင်မပြေမှုဆိုတာ နေ့တိုင်း တွေ့ကြုံနေရတာမျိုး။ သူတို့မှာ ဘာကိုမှ စဉ်းစားနိုင်တာ စိတ်ကူးယဉ်နိုင်တာမျိုး မဟုတ်ဘဲ ရောက်ပြီး ၁၀ နှစ်လောက်ကြာမှ အဆင်ပြေ သွားတတ်တာ။ ဘ၀မှာ အဆင်ပြေစပြုတော့ အသက်က ၄၀ - ၅၀ လောက်ဖြစ်နေပြီ။ ဒီအချိန်မှာ အလုပ်ထဲမှာ နေရာ အပိုင် တစ်ခုလောက် ရနေပြီ။ နေရာဆိုပေမယ့် စစ်တပ်ထဲမှာလိုမျိုးဆိုရင် တပ်ကြပ်ကြီးလိုမျိုးနေရာပေါ့။ ကိုယ့်ထက် ငယ်တဲ့ ဗိုလ်လောင်းသင်တန်းဆင်း ဘာအတွေ့အကြုံမှ မရှိတဲ့ သူတွေရဲ့ သီအိုရီတွေ စကားလုံးတွေနဲ့ ကိုင်ပေါက် ခိုင်းတာတွေကို ၁၀ နှစ် ၁၅ နှစ်လောက် အလုပ်လုပ်ခဲ့တဲ့ ကိုယ့်က ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ လိုက်လုပ်ရတာမျိုး။ ဒါမှမဟုတ် ကုန်စုံဆိုင် တစ်ဆိုင်၊ စားသောက်ဆိုင် တစ်ဆိုင်လောက် ပိုင်နေလောက်ပြီ။ ဒါမျိုးကတော့ ရှားတယ်။ ဒါပေမယ့် အတော်များများကတော့ သားသမီးတွေ အတွက် အိမ်တစ်လုံး၊ အိမ်တစ်ခန်းတော့ ရှိနေပြီ။

1st Generation တိုင်းကတော့ 2nd Generation တွေကို မွေးထုတ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ မအောင်မြင်ခဲ့လို့ စားရင်းတောင် မသွင်းနိုင်လိုက်တဲ့ 1st Generation တွေဆိုတာ အပုံလိုက်။ လူမသိ သူမသိ ကြေကွဲဖွယ် ဇာတ်လမ်းတွေဆိုတာ ရုပ်ရှင် ရိုက်မယ်ဆို ကုန်မှာတောင် မဟုတ်ဘူး။ `မိုးကောင်းကင် အိပ်မက်´လိုမျိုး စီးရီးစွဲလိုက်ရင် ဒီတစ်သက် ပြီးမှာတောင် မဟုတ်ဘူး။ 2nd Generation လောက်အထိ မမွေးထုတ်ပေးနိုင်ရင်တော့ သားသမီးတွေ ရပြီး သားသမီးတွေက ဒီနိုင်ငံသားတွေလိုတော့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံသားတွေလောက် မအောင်မြင်တာတွေလည်း ရှိတယ်။ သူတို့ကို Generation 1.7 လို့ ခေါ်မည်။ ဒီလို Generation 1.7 အတွက် ဥပမာ ကောင်းကောင်းက ကျွန်တော်တို့ မိဘတွေ ဖြစ်နေရတာတော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ ၂ ယောက်လုံးရဲ့ အဖေတွေက တရုတ်တွေ။ သူတို့ အဖေတွေ (ကျွန်တော်တို့ အဘိုးတွေ) မြန်မာပြည်ကို Migrate လုပ်လာပြီး အခြေချကာ အလုပ်ကို ကုန်းရုန်းလုပ်ကြတယ်။ ဆိုင်တွေ ကုန်ထုတ်လုပ်ငန်းတွေတော့ ပိုင်ပါတယ်။ သားသမီးတွေ မွေးထုတ်ပြီး သားသမီးတွေကို ပြုစု ပျိုးထောင်ပေးပေမည့် သားသမီးတွေမှာ ပေါက်မြောက်သွားတာ ရှားတယ်။ တစ်ယောက် နှစ်ယောက်ကတော့ တင့်တောင်း တင့်တယ် ဖြစ်သွားမည်။ သားသမီးတွေ အကုန်လုံးကတော့ ထွန်းထွန်းပေါက်ပေါက် မအောင်မြင်လိုက်ဘူး။ အဖေတို့ဆိုလည်း သူ့မိသားစုကို အောင်မြင်အောင် ပြုစုပျိုးထောင်းပေးနိုင်ပေမည့် သူတို့ ဘ၀မှာ ကြီးကြီကျယ်ကျယ် အောင်မြင်ခဲ့ရတာမျိုး မဟုတ်ဘူး။ အဘိုး၊ အဖေကနေ သားသမီး ရောက်မှ 2nd Generation လိုမျိုး ဖြစ်တာ။ အခုခေတ် ဆေးကျောင်းက တရုတ်လေးတွေလိုမျိုးပေါ့။ သူများတွေ မျိုးဆက် ၁ခု ပဲ ရင်းရတဲ့ အချိန်မှာ အဘိုးတို့ အဖေတို့က မြန်မာပြည်မှာ မျိုးဆက် ၂ခု ရင်းနှီးခဲ့ရတာမျိုး။ အဘိုးက အဖေ့ကို ကျောင်းစာတော်အောင် ထားလည်း အဖေက ဆေးကျောင်းတက်ခွင့် မရလို့ ရူပဗေဒလိုမျိုး သွားတတ်ရတဲ့ ကျွန်တော့် ကျူရှင်ဆရာ တရုတ် တစ်ယောက်လိုမျိုး ဖြစ်မှာပဲ။ အဘိုးက သူ့သားသမီးတွေ အတွက် ကုန်းရုန်းရှာထားတာတွေလည်း ပြည်သူပိုင် သိမ်းတော့ ပါသွားတာမျိုး ဖြစ်တာပဲ။ ဒါက မြန်မာပြည်လို နိုင်ငံကို Migrate လုပ်လာလို့။ စင်္ကာပူကို Migrate လုပ်သွားတဲ့ အဘိုးရဲ့ သူငယ်ချင်းတွေ အမျိုးတွေဆိုရင် အဆင်ပြေနေလောက်ပြီ။ ဒီလို့ မျိုးဆက် တစ်ခုအကြာမှာ ပြည့်ပြည့်၀၀ မအောင်မြင်ရတာ နိုင်ငံကြောင့်လည်း ပါသလို သားသမီးတွေ မကြိုးစားလို့လည်း ပါတယ်။ ဒီနိုင်ငံတွေမှာလည်း 2nd Generation တိုင်း အဆင်ပြေတာတော့ မဟုတ်ဘူး။ အဆင်မပြေတဲ့ သူတွေလည်း တွေ့နေရတာပဲ။

အောင်မြင်တဲ့ ဒုတိယ မျိုးဆက်တွေကို မွေးထုတ်ပေးနိုင်ဖို့ 1st Generation တွေ မှာ အခွင့်အလမ်း အတော်အသင့် ရှိပေမည့် အခွင့်အလမ်း လုံးဝ နီးပါး မရှိတဲ့ သူတွေလည်း ရှိတာပဲ။ သူတို့ကို Generation 0.8 လို့ ခေါ်မည်။ သူတို့က ဘယ်လိုမျိုးလည်း ဆိုတော့ ထိုင်းနိုင်ငံ လိုမျိုးမှာ ငါးဖမ်း သင်္ဘောမှာ လုပ်တဲ့ သူတွေမျိုး၊ မလေးရှားလို နိုင်ငံက ဆီအုန်းခြံတွေ မှာ လုပ်ရတဲ့ သူမျိုးတွေ။ သူတို့ကို နှိမ်ပြောတာ မဟုတ်ဘူး။ သူတို့ ဘ၀က အတော့်ကို ခက်ခဲ ပင်ပန်း ကြမ်းတမ်းတာ။ သူတို့ဆီကနေ အထက်က ပြောထာတဲ့ စံနဲ့ 2nd Generation ထွက်ဖို့ဆိုတာ ၁၀၀ မှာ ၁ ယောက်ပဲ။ မြန်မာပြည်မှာ အဆင်မပြေလို့ အဆင်ပြေရာ သွားလုပ်ပေမည့် အနှိမ်ခံရတော့ အောင်မြင်တဲ့ မျိုးဆက် တစ်ခု မွေးထုတ်ပေးဖို့ ဆိုတာ အတော် မလွယ်တာ။ ဒါသူတို့ တော်တာ လျှော်တာနဲ့ မဆိုင်ဘူး။ မစန်းမြင့်တို့ဆို ဒုတိယ မျိုးဆက် တစ်ခု မွေးထုတ်ပေးနိုင်တယ်။ မစန်းမြင့်ဆိုတာ တလောက တီဗွီမှာ ကြည့်လိုက်ရတာ။ သူတို့ မိသားစုက ကရင် ဒုက္ခသည် စခန်းက။ သြစတြေးလျ အစိုးရက ကရင်ဒုက္ခသည် စခန်းက လူတချို့ကို သူနိုင်ငံမှာ ခိုလှုံခွင့် ပေးမည်ဆိုတော့ မစန်းမြင့်တို့ မဲပေါက်သွားတယ်။ သူတို့ လင်မယားမှာ ကလေးက ၃-၄ ယောက် ရှိတယ်။ အင်္ဂလိပ်စကားဆိုတာ ABC တောင် သိတာမျိုး မဟုတ်ဘူး။ သြစတြေးလျရောက်မှ ဘ၀ဆိုတာ စလုံးရေ စရတယ်။ သူတို့က ရောက်ပြီး ခဏနေတော့ အိမ်ရတယ်။ အိမ်မှာမှ ခြံနဲ့ လုံးချင်းအိမ်။ ကျွန်တော်တို့တောင် တီဗွီမှာ ကြည့်ပြီး သူတို့ အိမ်လေးကို အားကျရတယ်။ သူတို့ သားသမီးတွေက ကျောင်းတက်ရတယ်။ ရောက်ပြီး ခဏ ဘ၀ကိုပဲ ကြည့်လိုက်ရပေမည့် ကျွန်တော် ပြောနိုင်တယ်။ သူ့သားသမီးတွေက 2nd Generation တွေ ဖြစ်မယ်ဆိုတာ။

ကျွန်တော်တို့ ဒုတိယ နိုင်ငံတွေကို သွားတော့ အထက်က 1st Generation လောက် ဘ၀တွေက မခက်ခဲတော့ဘူး။ အလုပ်ဆိုတာ ရှာရင် ရတယ်။ လုပ်ခဆိုတာလည်း မျိုးမျိုးမြတ်မြတ် ရတယ်။ ကျွန်တော်တို့က Generation 1.2 တွေ။ ဒုတိယ နိုင်ငံရောက်ပြီး ခဏနေတော့ ဘ၀က အခြေတည်နိုင်ပြီ။ ၁၀နှစ် ၁၀မိုး စောင့်စရာ မလိုဘူး။ ၃ ၄ နှစ်လောက်ပဲ။ နောက်ထပ် မျိုးဆက်တစ်ခု မွေးဖို့ဆိုတာလည်း အများကြီး ခက်ခဲတာမျိုး မဟုတ်တော့ဘူး။ ဒုတိယနိုင်ငံမှာ တစ်သားတည်း မဖြစ်နိုင်ပေမည့် အလုပ်ထဲမှာတော့ သူ့နိုင်ငံသားတွေနဲ့ ကောင်းကောင်း ယှဉ်နိုင်တယ်။ ဘ၀မှာ ခက်ခဲတာတွေ ရှိပေမည့် Generation 1 နဲ့ စာရင် မပြောပလောက်ဘူး။ Generation 1.2 ထက် ကံကောင်းတာ Generation 1.3။ သူတို့က ကျွန်တော်တို့ ညီတွေ၊ ညီအစ်မတွေ။ သူတို့လည်း ကျွန်တော်တို့လိုပဲ ဒုတိယ နိုင်ငံမှာ အလုပ်လာလုပ်သူတွေ။ သူတို့က ကျွန်တော်တို့ထက် စာရင် ပိုလွယ်သွားတယ်။ လမ်းကြောင်းဆိုတာ ဖောက်ပြီးသား မြင်နေရပြီ။ လိုက်လျှောက်ရုံပဲ။ ကျွန်တော်တို့တွေ ဒုတိယနိုင်ငံရောက်တော့ အူကြောင်ကြောင်နဲ့ ဘယ်မှာ နေရမှန်း။ ဘယ်လိုသွား ဘယ်လိုစားရမှန်း မသိပေမယ့် သူတို့ အတွက်တော့ အရာရာ Guide လုပ်ပေးမည့်သူက ရှိနေပြီ။ ဒါပေမယ့် သူတို့ရော ကျွန်တော်တို့ရော တူတာကတော့ ရောက်စမှာ နေထိုင်ခွင့်ဆိုတာ ယာယီပဲ။ ဒီနေရာမှာတော့ Generation 1.5 တွေက သာသွားတယ်။ သူတို့တွေက ဒုတိယနိုင်ငံ ရောက်ပြီးသား မိဘတွေက အမြဲနေထိုင်နိုင်အောင် ခေါ်တဲ့သူတွေ၊ ဒါမှမဟုတ် ဒုတိယနိုင်ငံမှာ အမြဲတမ်း နေထိုင်နေသူနဲ့ အိမ်ထောက်ကျလို့ အမြဲတမ်းနေထိုင်ခွင့် ချက်ချင်း ရသွားတဲ့ သူတွေမျိုး။ သူတို့လည်း အလုပ်ရှာရတာချင်း၊ ဒုတိယ နိုင်ငံသားတွေနဲ့ တသားတည်း မကျတာချင်း တူပေမည့် သူတို့မှာတော့ နေထိုင်ခွင့် ဆိုတာ ပူစရာ မဟုတ်တော့ဘူး။ Generation 1.x တွေက 2nd Generation တစ်ခု မွေးထုတ်ပေးဖို့ ဆိုတာ သိပ်ခက်ခဲတာမျိုး မဟုတ်တော့ဘူး။ Generation 1.6 ဆိုတာလည်း ရှိသေးတယ်။ သူတို့က Generation 1.2 တို့ 1.3 တို့ 1.5 တို့လိုမျိုးပဲ။ ဒုတိယနိုင်ငံ ရောက်ပြီး ၂-၃ နှစ်လောက်နေတော့ လူရေလည်သွားပြီ။ နေထိုင်ခွင့် ဆိုတာလည်း အတည်နီးပါး ဖြစ်နေပြီ။ ဒုတိယ နိုင်ငံသားတွေနဲ့ ဒါမှ မဟုတ် ဒုတိယ နိုင်ငံမှာ ရောက်တာ ကြာပြီးသား လူတွေနဲ့ ပေါင်းဖော်တယ်။ သူတို့လို သုံးဖြုန်းတယ်။ ပါတီဘယ်မှာ Night Club ဘယ်မှာ ရှိလဲ သိတယ်။ ဒီနိုင်ငံသားတွေနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်ဖို့ ကြိုးစားတယ်။ စားတာ သောက်တာ ၀တ်တာ စားတာက အစ။ သုံးဖြုန်း ပျော်ပါးတဲ့ နေရာမှာ ပြောတာ။ တချို့ဆို နောက်ထပ် Generation တစ်ခု မွေးထုတ်ပေးဖို့ဆိုတာ မစဉ်းစားဘူး။ ဒါကိုက သူတို့အတွက် အခက်အခဲ (တကယ်တော့ အဟန့်အတား) တစ်ခု ဖြစ်နေတယ် ယူဆတယ်။ သူတို့က 2nd Generation တစ်ခု မမွေးထုတ်ပေးပေမယ့် သူတို့ကိုယ်တိုင်က 2nd Generation လိုမျိုးလည်း ဖြစ်သွားနိုင်တာပဲ။

Generation 2.5 ဆိုတာကတော့ အပျံစားပဲ။ 1st Generation တိုင်းရဲ့အိပ်မက်။ 1st Generation က မွေးထုတ်လိုက်တဲ့ သားသမီးတွေ MITလို Harvard လို ကျောင်းတွေ အထိ တက်နိုင်ပြီး သူတို့ အလှည့်ကျတော့ ဒုတိယ နိုင်ငံသားတွေကိုတောင် ကျော်တက်သွားတာမျိုး။ ဒီလို Generation တွေ အများဆုံး ဖြစ်ထွန်းနိုင်တာကတော့ အမေရိကားမှာပဲ။ အမေရိကားမှာ အခု အောင်မြင်နေတဲ့ သူတချို့ရဲ့ မိဘတွေက 1st Generation ကလိုမျိုး ဒုက္ခ ခံလာရတာတွေ ရှိတယ်။ ဒီနေရာမှာ တရုတ်တွေ ကုလားတွေကို ပဲ ပြေးမမြင်ဘဲ ဂျူးတွေ၊ စပိန်တွေ၊ မက္ကစီကန်တွေ၊ အာဖရိကန်တွေကိုလည်း တွေးကြည့်နိုင်ပါတယ်။ သူတို့လောက် မအောင်မြင်တောင် သာမန် 2nd Generation မကဘဲ ဒီထက် အောင်မြင်နေတာတွေလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ ရုံးက Regional Manager ဆို အသက် ၃၅ နှစ်လောက်ပဲ ရှိသေးတယ်။ သူမိဘတွေကလည်း သြော်ဇီကို ပြောင်းလာတာ။ သူက တော်တယ်။ အသက် ၃၀ ကျော်ကတည်းက မန်နေဂျာ ဖြစ်နေပြီ။ ရုံးကို ပြောင်းလာတော့ သူ့အောက်က တခြား မန်နေဂျာတွေက အနည်းဆုံး အသက် ၄၀ လောက် ရှိတာမျိုး။ သူက Obama လောက်တော်တဲ့ Generation 2.5 တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော့် စံနဲဆိုရင်တော့ Generation 2.2 လို ပေးလိုက်မည်။

ကျွန်တော် ဆုတောင်းတယ်။ ကျွန်တော် သားသမီးတွေ အနည်းဆုံးတော့ Generation 2.0 ဖြစ်ပါစေ ဆိုပြီး။ စိတ်ကူးတာတော့ Generation 2.2 လောက် မှန်းတယ်ပေါ့။ ဖြစ်လာ မလာကလည်း တခြား Factor တွေ အများကြီးနဲ့ ဆိုင်နေသေးတာပဲ။ Generation 1.2 ကနေ Generation 2.2 ဖြစ်ဖို့ ဘယ်လောက် ခက်ခဲသလဲ ဆိုတာတွေကတော့ ကျွန်တော်တို့ လင်မယားကို စိန်ခေါ်နေပါတယ်။

တခြားဖတ်ရန် - Me Generation (by K)

37 comments:

ZT - 2/9/09, 12:15 AM

မိဘက မြန်မာနိုင်ငံမှာနေပြီး Oxford လို တက္ကသိုလ်မှာ ထူးချွန်အောင် ကြိုးစားနိုင်တဲ့ သားသမီးမျိုး၊ ဒါမှမဟုတ် အမေရိကန်လို နိုင်ငံမျိုးမှာ ကိုယ့်ထူးကိုယ်ချွန် ပါရဂူဘွဲ့ ရတဲ့အထိ ကြိုးစားခဲ့တဲ့ သားသမီးမျိုးကို ဘယ် Generation မှာ ပါမလဲ ဆိုတာတော့ စဉ်းစားမိသွားပါတယ်။

Generation 1.x

May Burma - 2/9/09, 12:15 AM

generation theory !

harry - 2/9/09, 12:36 AM

ဟိုင်းကိုအန်ဒီ! ;လေးစားပါတယ်မိမိ၊အားလည်းအားကြပါတယ်၊ သမီးလေးကgeneration 3.0 တောင်ဖြစ်သွားနိုင်တယ်တော်တော်သွက်တယ်နော်

MrDBA - 2/9/09, 12:51 AM

သေသေချာချာဖတ်သွားတယ် ကိုအန်ဒီရေ။ စဉ်းစားစရာတွေရသွားတယ်ဗျာ။

Kay - 2/9/09, 12:59 AM

ကိုအန်ဒီရယ်..လည်သွားတာပဲ..( နားလည်တာပြောတာ) ဟိ
သခ်ာၤ မေတာ္ပါဘူးဆိုမွ..
ဖြစ်စဉ်တွေကတော့..အမျိုးမျိုးပဲနော်..ပြောသလို factor တွေကလဲ စုံတာကိုး.. ကျမလဲ ကြည့်လိုက်ရတယ်.. တူလားတော့မသိ..အာဖရိက ဒုက္ခသည် မိုင်ဂရန့်နဲ့ ကရင် ဒုက္ခသည် မိုက်ဂရန့် ၂ ခု ယဉ်ရိုက်ပြတာ.. သူတို့သားအမိတွေလေ..ရောက်ကာစ..အစိုးရကပေးတဲ့ အိမ်ကကျယ်လွန်းလို့..မနေတတ်တာ..ထမင်းစားခန်းထဲမှာ ငုတ်တုတ်ထိုင် စားကြတာ..တခန်းထဲ မိသားစုတွေစု အိပ်တာ..ပြုံးစရာတော်ကောင်းတယ်။

တချို့ ဘာ G နံပတ်ဖြစ်မလဲတော့မသိဘူး..တွေ့ဘူးတာ..ကလေးတွေက..အသက် ၁၀ နှစ်ကျော် လူကြီးမဟုတ် ကလေးမဟုတ်နဲ့ ပါလာ..ဒီမှာက.. 1 G ထဲလဲ မ၀င်.. 2 G ထဲလဲ သေချာ မရောက်.. တေပေလေလွင့်ကုန်ကြတာမျိုး..

နောက်တချက်က..ကိုယ့်ဖက်က.. အကြောင်းတရား နဲ့တင် မကပဲ..နေထိုင်လက်ခံရာ အသိုင်းအ၀ိုင်းပေါ်မူတည်ပြီး.. ပြောင်းလဲ နေကြသေးတယ်..

စိတ်ဝင်စားစရာ ပို့စ်လေးပါပဲ.. ကျမတော့..ဘာ ဂျီလဲ မသိဘူး.. returnee ပဲ ပြန်လုပ်မလား..အဲဆို..ဗမာပြည်မှာ 1 G ပြန်ဖြစ်နေအုံးမယ်။း)

Aye Myat Myat Ko - 2/9/09, 1:05 AM

အလွန် မှတ်သားစရာ ကောင်းပါသည်

ဇနိ - 2/9/09, 1:28 AM

အင်း ကိုအန်ဒီရေ - ဖတ်ရင်းဖတ်ရင်းနဲ့ လည်လည်သွားလို့ ပြန်ပြန်ဖတ်ရတယ်။
ကိုယ့်မျိုးဆက်က ကိုယ့်ထက် အဆင့်မြင့်တာကို မြင်ချင်တာ မိဘရဲ့ သဘောပေါ့လေ၊ လူ့သဘောပေါ့ ... လူတွေ လူတွေ ကလည်း အလွှာစုံ၊ ဒေသစုံဆိုတော့.. ကိုယ့်မျိုးဆက်တွေကလည်း အဆင့်အတန်းအစုံကို ရောက်နေကြတာပေါ့.. ကြိုးစားမှုပေါင်းစုံပေါ့.. ကိုယ်လည်း ကိုယ့်အထွာနဲ့ကိုယ် - ရလာမယ့် သားသမီးကို ကိုယ့်ထက်သာအောင် ပြုစု ပျိုးထောင်ရဦးမှာပေါ့လေ..

pandora - 2/9/09, 1:29 AM

ဖတ်သွားပါသည်။

MANORHARY - 2/9/09, 2:04 AM

ဖတ်သွားပါသည်။

ကိုချော - 2/9/09, 2:22 AM

Generation Version တွေက အသက်နဲ့ ဆိုင်သလားဗျ?

ပုံရိပ် - 2/9/09, 4:25 AM

ကိုအန်ဒီရေ ကိုယ်က နံပတ် ဘယ်လောက်လဲ ဆိုတာ စဉ်းစား သွားသည်။

ဒူကဘာ - 2/9/09, 4:42 AM

ကိုအန်ဒီရေ focus တွေ သိခွင့်ရလို့ ကျေးဂျူးကဘာပါ။

weik.zar - 2/9/09, 6:57 AM

First home owner grant ကိုလက်လွတ်မခံသင့်ပါ။ Kelvin ၏ ရက်ရောမှု့အတွက်လည်း ကျေး ဇူးတင်ကြမည်။

Zatlite - 2/9/09, 1:37 PM

Quite thought provoking. Thank you.

Republic - 2/9/09, 1:38 PM

ပို့စ်လေး ကို သဘောကျပါတယ် ကိုအန်ဒီ ၊၊ သားသမီးတွေ အတွက် ဖြစ်စေချင်တဲ့ဆဒ္ဒတွေကိုလည်း တွေ့ရတယ်၊၊ သူတို့ Gen:steps တွေထဲမှာ ပါသွား ဆုံးရှုံးသွားနိုင်တဲ့ အရာတွေကို အနဲဆုံးဖြစ်အောင် ထိန်းသိမ်းပေးဖို့ နဲ့ ကျနော်တို့ ကိုယ်တိုင် ခံနိုင်ရည်ရှိဖို့ ကြိုစားရမှာပေါ့လေ၊၊

Soe Mya Nandar Thet Lwin - 2/10/09, 8:30 AM

ဒို့ကလဲဂျီပါပဲနော်

Anonymous - 2/10/09, 4:01 PM

Great Post! This remind me of 1920s in RGN

Anonymous - 2/11/09, 12:09 PM

Hi...
Appreciate Your Post..!!!
But The Important Thing is ...
To Maintain Myanmar/ Burma ' National Identity @ Wherever They are...
It's The Best Gift for New Childs......
Koko

Anonymous - 2/11/09, 12:12 PM

Hi...

Appreciate Your Post...!!!

But The Important Thing is ...

To Maintain Myanmar / Burma National Identity @ Wherever They are...!!

It's THE BEST Gift for Loved Childs...for Better Future Generations...

They Wouldn't Regret You @ Later at Life...!!

KOKO

Moe Cho Thinn - 2/11/09, 4:24 PM

1 ပွိုင့်တွေ၊ 2 ပွိုင့်တွေ ဖတ်ပြီးသကာလ အော်.. မိဘမေတ္တာ မိဘမေတ္တာလို့ပဲ ရေရွတ်ရတော့မယ် ကိုအန်ဒီရေ။
ကိုအန်ဒီ မှန်းတာထက် ထူးချွန်မဲ့ ကလေးတွေ ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။
တို့အဖို့တော့ 1. ထက် နည်းတာလေးများ မရှိဘူးလား လို့..။

Phyo Wai Kyaw - 2/11/09, 6:35 PM

အင်း... ကောင်းပါ့ဗျာ။ ဘုရားဟောကတော့ .... လောကမှာ သားသမီး (၃)မျိုးရှိပါတယ် တဲ့။ အတိဇာတ = မိဘထက်မြတ်သောသားသမီး၊ အနုဇာတ = မိဘနဲ့ တန်းတူ မြတ်သော သားသမီး၊ နဲ့ အ၀ဇာတ= မိဘအောက်ယုတ်သော သားသမီးတို့ ဖြစ်ပါတယ် တဲ့....

Ko myat - 2/11/09, 9:11 PM

ပိယတော ဇာယတေ သောကော၊ ပိယတော ဇာယတေ ဘယံ၊
ဆိုတာကျွတော်တို့လိုဗုဒ္ဓဘာသာတွေသိပြီးသားဖြစ်ပါလိမ့်မယ်
အချစ်ကြောင့် သောကတွေ ဘေးဒုက္ခတွေ ဆိုတာဖြစ်ပေါ်ခံစားကြရတာ
ဒါပေမယ့် အချစ်နဲ့မကင်းနိုင်သူတွေ ပုထုဇဉ်တွေအဖို့တော့ ချစ်တော့လဲချစ်
မနစ်စေနဲ့လို့ပဲ အကြံပြုချင်ပါရဲ့ဗျာ

Anonymous - 2/11/09, 10:36 PM

ါ့တိုင်းပြည်လေးမှာ..

သစ်မြစ်တွေကိုတောင်

ငါချစ်တယ်...

တကယ်လို့

အကြိမ်ပေါင်းတစ်ထောင်

သေရင်....

အဲဒီမှာပဲငါသေချင်တယ်

တကယ်လို့

အကြိမ်ပေါင်းတထောင်

ပြန်မွေးရင်လည်း

အဲဒီမှာပဲ ငါမွေးချင်တယ်။

“နီရူဒါ”

MgShwe - 2/12/09, 6:57 PM

Nice analytical post!

Maybe, i guess, either whatever they become or will fall into any generation( be it .7,1.0, 1.2, 1.4,2.2,2.5) is pretty much also influenced by 3 factors:
1. What sort of Nature the current generation are (survivalist, pragmatist, idealist, progressive or happy-go-lucky): maybe got to do with some genetic personality trade.
2. how previous generation brought up the current one.
3. The situation of the resident country.(maybe it will have least or most effect)

MgShwe

Witmone - 2/12/09, 7:55 PM

I wished you become generation 2.2 or 3.0 တော်တော်လေး ရှင်းအောင်ရေးထားပါတယ်။ ကောင်းပါတယ်။

Witmone - 2/12/09, 7:56 PM

Supporting document links: http://mingalaronline.net/education/library/7habits.htm

Mr. BPP - 2/13/09, 1:37 PM

သူတို့ဖြစ်ချင်တာလေးတွေ(ကိုယ်ဖြစ်စေချင်တာရော...) ကို ဖြည့်ဆည်းပေးနိုင်ရင် တော်ပါပြီ.. တတ်ချင်တဲ့ version သာ တတ်တော့ဗျာ...

နုသွဲ့ - 2/16/09, 9:02 PM

ထောင့်စေ့အောင် ရေးထားတာ ကောင်းလွန်းလို့ ပြန်ပြန်ဖတ်နေရတယ်။ ကိုAndyတို့ရဲ့ ကလေးတွေ ကံကောင်းပါတယ်။ တွေးခေါ်မြော်မြင်တတ်တဲ့ မိဘဆီမှာ လူဖြစ်ရလို့။ Generation 2.x ဖြစ်မှာ သေချာတာပေါ့။ ကြိုးတော့ ကြိုးစားရမှာပဲ။ စစ်မှန်တဲ့ ကြိုးစားမှု အရာထင်မယ့် နေရာမှာ ရှင်သန်ခွင့် ရတာကလည်း အရေးကြီးသေးတာ။
ဒါနဲ့ Generation 1.x က ပြည်တော်ပြန်ပြီး သူ တတ်ထားသမျှ ပညာ၊ အတွေ့အကြုံတွေနဲ့ ၀မ်းမနာသားတွေကို အစွမ်းကုန် သွန်သင် ပျိုးထောင်လိုက်ရင်.....Generation ?? ဖြစ်လာမယ် ထင်လဲ ? Just a thought!

Anonymous - 2/18/09, 9:01 PM

I also want to know Generation?? on above comments.

ဒါနဲ့ Generation 1.x က ပြည်တော်ပြန်ပြီး သူ တတ်ထားသမျှ ပညာ၊ အတွေ့အကြုံတွေနဲ့ ၀မ်းမနာသားတွေကို အစွမ်းကုန် သွန်သင် ပျိုးထောင်လိုက်ရင်.....Generation ?? ဖြစ်လာမယ် ထင်လဲ ?

Anonymous - 2/19/09, 12:42 AM

Haa...

I think...For Above Question.....

They'll Not Call It Generation - Whateverr....

They'll Call U..." STUPID "....

It's ( EXCLUDED ) For Them...

How...!

Nu Thwe - 2/20/09, 9:39 AM

အင်း ရေးတော့ ရေးပါရဲ့။ အပြုသဘော ဆွေးနွေးတာ မဟုတ်တော့ ခက်တယ်။ ဒါတွေပဲ ခက်နေတာ။ ကိုယ်ကလည်း ဒီမေးခွန်းကို တင်မိတာ နောက်ကျသွားတာကိုး။ လူမစုံတော့ဘူး။

war war khaing min - 2/20/09, 7:15 PM

ပို့စ်လေးကိုသေခြာဖတ်သွားပါတယ် ကိုအန်ဒီရေ။
ကျေးဇူးတင်ပါတယ်။

Andy Myint - 2/22/09, 12:23 AM
စိတ်မပျက်ပါနဲ့ မနုသွဲ့။ ကျွန်တော်လည်း Comment မပြန်ဖြစ် တခြားသူတွေလည်း Actively မဆွေးနွေးပေမယ့် အစ်မ ကောမန့် ဖတ်မိတဲ့ သူတိုင်းကိုတော့ အတွေးတစ်စ ပေးနိုင်ပါတယ်။ ကျွန်တော်လည်း ဒီလိုတော့ စဉ်းစားမိပါတယ်။ ကွန်ပြူတာ ဖက်မှာဆိုတော့ ကွန်ပြူတာပညာ သင်ပေးဖို့ အတွေ့အကြုံတွေ ဟောပြောဖို့လိုမျိုးပေါ့။ ပြန်ဖို့ဆိုတာ မလွယ်တော့ အတွေးသက်သက်ပါပဲ။ ဘလော့ကို မြန်မာ အစိုးရက မပိတ်ထားဘူး၊ လူတိုင်း ဖတ်နိုင်မည် ဆိုရင်တော့ ဘလော့ပေါ်ကနေ မြန်မာပြည်က ကလေးတွေအတွက် ပညာဖြန့်ဖြူးပေးဖို့ အချိန် ပေးနိုင်ပါတယ်လေ။ ဒီလောက်ပဲ တတ်နိုင်ပါတယ်။

တခြားကောမန့် တွေအတွက်ကတော့ ကျွန်တော်ကတော့ မြန်မာနိုင်ငံသားဆိုတဲ့ Identity ကို ထိန်းသိမ်းနိုင်သလို ဒီနိုင်ငံမှာ မွေး ဒီနိုင်ငံမှာ ကြီးတဲ့ သားသမီးတွေကိုလည်း သင့်တော်ရာ Identity ထိန်းသိမ်းစေမှာပါ။ ကလေးတွေကို မြန်မာပြည်အကြောင်း သိစေသလို Identity Crisis လည်း ပေးမဖြစ်ပါဘူး။ ဒီလောက်ဆို ကျွန်တော့် သဘောထားကို မြင်သာပါတယ်။

မကေသွယ်ရေ.. တကယ်တော့ အသက်တွေ ကြီးလာရင် ပြန်ဖြစ်ပါ့မလား မသိဘူး။ တစ်သက်လုံး ပေးလာတဲ့ အခွန်တွေက အသက်ကြီးမှ ပြန်စားရမှာနော့်။ အမေရိကားက မြန်မာ လူကြီးတွေ လက်တွေ့ပဲ။
Anonymous - 2/22/09, 1:56 AM

Hi Andy..!!!

Appreciate Your Gift For Your Loved-Babies " Burmese Identity "...!!

It's VALUABLE....

For Life Time...& GENERATION of Being Burmese National..!

Nice Day..!!!

Nu Thwe - 2/22/09, 8:29 AM

ပြန်ဖြေပေးထားတာ ကျေးဇူးပဲ ကိုအင်ဒီ။ ကျွန်မလည်း စိတ်ထဲ ရှိနေတာလေးကို တိုက်ဆိုင်လို့ ချရေးလိုက်တာပါ။ တကယ် ဆွေးနွေးမယ်ဆို တုတ်ထမ်းကောင်း ထမ်းကြလိမ့်မယ်။ ခုတလော ဖြစ်နေတာတွေ လေ့လာမိသမျှကြောင့် ပြောပါတယ်။ ဒီလိုတော့ မဖြစ်စေချင်ဘူး။ Food for thought ဖြစ်တယ်ဆိုတာနဲ့ ကျေနပ်လိုက်ပါတယ်။

MyanMar JukeBox - 2/24/09, 6:26 PM

ဒုတိယ အကြိမ် ပြန်ဖတ်ပြီး ဝေဖန်ရေးနဲ့ လေကန်ရေး နည်းနည်းလေး လုပ်ပါရစေ။ ကျွန်တော်က သူများတွေ ပိုစ့်ရှည်ရှည် ရေးထားတာတွေ့ရင် အရမ်းအားကျတယ်။ ကျွန်တော်ဆိုရင် ဒီလိုပိုစ့်ကို အချိန်အများကြီးပေးပြီး ရေးရင်တောင် ပြီးမှာမဟုတ်ဘူး။ အဲဒီလို တွေးစရာ ရေးစရာလေးတွေ ရေးလို့ အများကြီး ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။
ကျွန်တော် အဓိက ပြောပြချင်တာက 1st generation လို့ ပြောရမလား 2nd generation ပဲ ဆိုရမလား မသိတဲ့ generation လေးတွေ အကြောင်းပါ။ နားရှုပ်သွားသလား မသိဘူးနော်။ ကျွန်တော် ပြောမယ့်အကြောင်းက အခုတစ်လော ခေတ်စားနေတဲ့ စင်္ကာပူမှာ ကလေးလေးတွေ ကျောင်းလာထားတဲ့ အကြောင်းပါ။
သူတို့လေးတွေမှာ လည်းကိုအန်ဒီ ပြောသလို အတန်းအစား ၃ ခု ခွဲလို့ရမယ်ထင်ပါတယ်။
ပထမ အစုက မိဘတွေက စင်္ကာပူမှာ စတေးလိုချင်လို့ လာထားကြတာပါ။ ကလေးကို ကျောင်းအပ်ပြီး မိဘက guardian status ရ၊ ပြီးတော့ ရတဲ့အလုပ်ရှာလုပ်၊ ကလေးကလည်း ကျောင်းမှာ ကြိုးစားပြီးရုန်းကန်ရ။ ဒါပေမယ့် သူတို့က Singapore dream ကို အကောင်အထည် ဖေါ်ခွင့်ရလို့ တစ်စိတ်တစ်ပိုင်း ကျေနပ်နေ။
ဒုတိယ အစုကတော့ မိဘတွေက အတော်အတင့် ချမ်းသာကြတယ်။ သူတို့ရဲ့ ကလေးတွေကို ဒီမှာ ကျောင်းလာထားပြီး သူတို့ကိုယ်တိုင်လည်း ကုပ္မဏီ လာဖွင့်ကြတယ်။
နောက်ဆုံးအစုကတော့ မိဘတွေက ချမ်းသားကြပြီး သာသမီးတွေကို နိုင်ငံခြားမှာ ကျောင်းတက်စေချင်ကြတယ်။ သူတို့ကတော့ ချမ်းသားတော့ သားသမီးတွေကို ကွန်ဒိုတွေ ၀ယ်ပြီး ဒါမှမဟုတ် ငှားပြီးထားကြတယ်။ တစ်ချို့ကတော့ စလုံးတွေက ဘော်ဒါဆောင်လို လုပ်ထားတယ်နေရာမှာ တစ်လကို ထောင်ကျော်ပေးပြီး ထားကြတယ်။
သူတို့လေးတွေ ကြီးလာကြရင် ဘယ်လို generation ဖြစ်လာကြမလဲ။ ကိုအန်ဒီ ရေးလို့ ကျန်နေတဲ့ ရှုဒေါင့်လေးကို ရေးကြည့် ပြောကြည့်တာပါ။ ရေးခွင့်ရလို့လည်း ကျေးဇူးတင်ပါတယ်။ အခုတော့ နားပါဦးမယ်။

thein than htike - 3/28/09, 6:53 PM

It is wonderful article and i think myself. Now i realize i am in the 2nd generation.
Thank u.

Post a Comment

Many thanks for dropping a comment…

Film