Friday, February 27, 2009

မိုးချိုသင်း ဟော်မုန်း

ခေါင်းစဉ်ကြည့်ပြီး ဘာတွေလည်း တွေးနေကောင်းမည်။ တကယ်တော့ နာမည်ကြီးကို ခုတုံးလုပ်တာပါ။ ဒီအကြောင်းကို ရေးဖို့ စဉ်းစားမိနေတာတော့ ကြာပါပြီ။ မရေးဖြစ်ပဲ နေလာပေမည့် တစ်ခါက မချိုသင်း ဘလော့မှာ ကွန်မန့်သွားရေးတော့ ဒီလိုမျိုး ရေးဖြစ်ပါတယ်။

..... .... .... ... ... အစ်မရဲ့ စတိုင်က Unique ဖြစ်လွန်းလို့ စာ အများကြီး မဖတ်ဖူးထားတာတောင် တစ်ပုဒ် တစ်ပုဒ် ဖတ်လိုက်တာနဲ့ ကျွန်တော့် ကိုယ်ထဲမှာ “မိုးချိုသင်း ဟော်မုန်း” တွေ ထွက်လာတယ်။ မရှင်းတတ်ဘူး သိတယ် မဟုတ်လား။ ချောကလက် စားလိုက်ရင် သွေးထဲမှာ ချောကလက် ဟော်မုန်းတွေ ထွက်လာ သလိုမျိုး။ သရဲအကြောင်း ပြောလိုက်ရင် ကြောက်တဲ့ ဟော်မုန်းတွေ ထွက်လာသလိုမျိုး။ ... ... ... ... ...
ကျွန်တော်က ခန္ဓာဗေဒတို့၊ ဓါတုဖြစ်စဉ်တို့ ၊ ဇီဝဖြစ်စဉ်တို့ နားလည်တဲ့ ဆရာဝန် တစ်ယောက် မဟုတ်သလို၊ ရုပ်တွေ ခန္ဓာတွေမှာ ဖြစ်နေ ပျက်နေတာတွေကို ရှုမှတ်နိုင်လောက်အောင် တရားပြည့်တဲ့ သူလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဆီမှာ ဖြစ်နေတာ တစ်ခုတော့ နည်းနည်း သတိထားမိတယ်။ တစ်ခုခု ထူးထူးခြားခြား ဖြစ်ပြီး နောက်တစ်ခါ အဲဒီလို မျိုးဖြစ်ရင် အဲဒီလို အခြေအနေ ပြန်ခံစားရရင် အဲဒီတုန်းက ထွက်တဲ့ ဟော်မုန်းတွေ ထွက်လာတာ သတိထားမိတယ်။ ဥပမာ ကျွန်တော် နိုင်ငံခြား စထွက်တုန်းက အဲဒီမှာ ဘရစ်တနီတို့၊  ခရစ်စ်တီးနားတို့၊ ရှနိုင်းရားတို့ သီချင်းတွေ နာမည်ကြီးနေပြီး ရောက်ရောက်ချင်းမှာ နားထောင်ဖြစ်တယ်။ နောက်အဲဒီမှာ မဟုတ်တောင် အဲဒီ သီချင်းတွေ ပြန်ကြားရရင် အဲဒီတုန်းက ခံစားချက်လိုမျိုး ပြန်ပြီး ခံစားနေရတယ်။ ကိုယ်ထဲမှာ အဲဒီတုန်းက ထွက်သွားတဲ့ ဟော်မုန်းတွေ ပြန်ထွက်လာတာ သိနေသလိုပဲ။

ခံစားချက် တစ်မျိုးစီ၊ အဖြစ်အပျက် တစ်ခုစီအတွက် ထွက်တဲ့ ဟော်မုန်းကလည်း မတူသလို ထွက်တဲ့ နေရာကလည်း မတူတာ သတိထားမိပြန်ရော။ ကြောက်စရာ တစ်ခုခုတွေ့လိုက်ရင် လက်ဖျားကနေ ဖြန်းကနဲ တစ်ကိုယ်လုံးကို ပြန့်သွားသလိုလို။ ရှောက်သီးဖတ်တွေ၊ ငါးပိဖုတ်နဲ့ သုပ်ထားတဲ့ ပန်းကန်ကြီး စိတ်ကူးကြည့်မိတာနဲ့ ပါးတွေ လျှာတွေကနေ ထွက်လာတဲ့ ဟော်မုန်းတွေဆိုတာ။ တစ်ခါတစ်လေကျရင် နောက်စေ့က ထွက်သလိုလို၊ ရင်ညွန့်က စထွက်သလိုလို၊ တစ်ခါတစ်လေကျရင် ဆီးခုံနားက ထွက်သလိုလို သတိထားမိပြန်ရော။ ရုပ်ရှင်ထဲက ဂရပ်ဖစ်တွေလိုဆိုရင် သွေးကြောထဲမှာ အပြာရောင် ဟော်မုန်းတွေ ဝေါကနဲ စီးသွားလိုက်၊ အစိမ်းရောင် ဟော်မုန်းတွေ ဝေါကနဲ စီးသွားလိုက် လိုမျိုးပဲ။ ဟော်မုန်းတွေမှာသာ အရောင်ရှိရင် ကျွန်တော့် ကိုယ်လည်း ပုတ်သင်ညိုလို အစိမ်းရောင် ဗြန်းကနဲ ဖြစ်သွားလိုက်၊ အ၀ါရောင် သန်းသွားလိုက် ဖြစ်နေမှာပဲ။ အပျိုစင်လေး ရှက်သွေးဖြန်းတာရော ဟော်မုန်းကြောင့်ပဲလား စဉ်းစားမိသေးတယ်။

ဘလော့တစ်ခုကို ဖတ်နေချိန်မှာ ဟော်မုန်း တစ်မျိုး ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ စီးနေတယ် ခံစားရရင် အဲဒီ ဘလော့က Unique ဖြစ်တယ်လို့ ကျွန်တော့်ဘာသာ ကျွန်တော် သတ်မှတ်ပါတယ်။ မချိုသင်းတို့၊ ကိုနဗနတို့လိုတွေရဲ့ ဘလော့တွေကို ဖတ်နေချိန်မှာ မိုးချိုသင်း ဟော်မုန်းတို့၊ နဗန ဟော်မုန်းတွေက တစ်ကြောင်းလောက် ဖတ်လိုက်တာနဲ့ စီးထွက်လာတယ်။ ဒီလို ခံစားရတဲ့ တခြား ဘလော့တွေလည်း အများကြီး ရှိပါသေးတယ်။ ဘလော့မှ မဟုတ်ပါဘူး။ တခြား စာတွေ အထူးသဖြင့် ၀တ္ထုတွေ ဖတ်လိုက်ရင်လည်း သူဆိုင်ရာ ဆိုင်ရာ စာရေးဆရာတွေရဲ့ ဟော်မုန်းတွေ ထွက်လာတယ်။ ခင်ခင်ထူး ဟော်မုန်းတို့ ဂျူးဟော်မုန်း တို့လိုမျိုးပေါ့။ တစ်ခုနဲ့ တစ်ခုကလည်း သေချာပေါက် မတူပါဘူး။

လေးဖြူသီးချင်း နားထောင်ရင် လေးဖြူ ဟော်မုန်းတွေ ထွက်လာပေမယ့် စိုင်ထီးဆိုင် သီချင်း နားထောင်ရင်တော့ စိုင်းခမ်းလိတ် ဟော်မုန်းတွေ ထွက်လာပါတယ်။ ဆိုလိုတာက စိုင်းခမ်းလိတ် ရေးထားတဲ့ သီးချင်ကို စိုင်ထီးဆိုင် ဆိုဆို၊ ဘိုဖြူ ဆိုဆို စာသားကိုပဲ ခံစားတော့ ထွက်တဲ့ ဟော်မုန်းက အတူတူပဲပေါ့။

ဒါကလည်း စာရေးဆရာတွေ၊ သီချင်းရေးဆရာတွေက ဘာရေးရေး မူတူနေလို့လည်း ဖြစ်နိုင်တယ်။ ခင်မောင်တိုး သီချင်းဆိုလည်း ဘာဆိုဆို ဒီအသံ ဒီတုန်းပဲ နားထောင်နေရပြီး ဒီဟော်မုန်းပဲ ထွက်နေသလိုမျိုးပေါ့။ ဒါပေမယ့် မြသန်းတင့် ၀တ္ထု ဖတ်နေချိန်မှာတော့ ကျွန်တော့် ကိုယ်ထဲမှာ မြသန်းတင့် ဟော်မုန်းတွေ ထွက်မနေပါဘူး။ ရေပွက်ပမာ ဟော်မုန်းနဲ့ လေလွင့်သူ ဟော်မုန်းက မတူပါဘူး။ ရုပ်ရှင် သရုပ်ဆောင်တွေ ကြည့်မည်ဆိုလည်း ကျော်ဟိန်းကား ကြည့်နေချိန်ဆို ကျော်ဟိန်း ဟော်မုန်းတွေ ထွက်မည်။ န၀ရတ်ဆို န၀ရတ် ဟော်မုန်း ထွက်နေမည်။ ရှောင်ပန်းကို ကြည့်တဲ့ အချိန်မှာတော့ ရှောင်ပန်း ဟော်မုန်းတွေ ထွက်မနေပါဘူး။ မိန်းမလျှာ တစ်ယောက်ကို ကြည့်ရတဲ့ ဟော်မုန်းဖြစ်ဖြစ်၊ ကျပ်မပြည့်တဲ့ ဖခင် တစ်ယောက်ကို ကြည့်ရတဲ့ ဟော်မုန်း ဖြစ်ဖြစ်၊ နှလုံးရောဂါသည် တစ်ယောက်အတွက် ဟော်မုန်းဖြစ်ဖြစ် ထွက်လာတာပါ။ ဇာတ်ရုပ်ကို မမြင်ဘဲ ဇာတ်လိုက်ကိုပဲ မြင်နေရင်တော့ ဒါဟာ သရုပ်ဆောင်တာ ထပ်တလဲလဲ ဖြစ်နေလို့ ဒီထွက်နေကျ ဟော်မုန်းကပဲ ထွက်လာတာ။ ဒါ ညာလို့ မရပါဘူး။

ကျွန်တော့်အတွက် ဘလော့ဆိုတာ စာရေးခြင်း (အနုပညာ)ဆိုပေမည့် ပုဂ္ဂိုလ်ရေး ပိုဆန်တဲ့ အတွက် ဒီဘလော့ဖတ်လို့ ဒီဟော်မုန်းပဲ ထွက်မည်ဆိုရင်တော့ ပိုကြိုက်ပါတယ်။ စာကြီး ပေကြီး ရေးမှ၊ ဗဟုသုတ ပေးမှ ဒီလို ဟော်မုန်း ထွက်လာတာ မဟုတ်ပါဘူး။ ပြောရမည်ဆို စတိုင်ပေါ့။ တချို့ ဘလော့တွေလည်း အပျော်ဖတ်ဆိုပေမည့် ထူးခြားတဲ့ ဟော်မုန်း တစ်မျိုး ထွက်စေပါတယ်။ ဘလော့တစ်ခုကို ကြိုက်မှ ဒီဘလော့အတွက် ဟော်မုန်း ထွက်တာ မဟုတ်ပြန်ဘူး။ အမြင်ကပ်တဲ့ ဘလော့၊ တလွဲတွေ ရေးထားတဲ့ ဘလော့တွေကလည်း အမြင်ကပ်တဲ့ ဟော်မုန်းတွေ၊ သောက်တလွဲ ဟော်မုန်းတွေ ထွက်စေပါရော။


တလောက ရုပ်ရှင်တစ်ကား ကြည့်လိုက်ရတယ်။ လူတစ်ယောက်က စိတ်တိုလာမည်၊ စိတ်မြန်လာမည် ဆိုရင် နှလုံးခုန်တာ အရမ်းမြန်လာလို့ ဆေးသောက်ပြီး ထိန်းနေရတယ်။ နောက်မှ အဖွဲ့ တစ်ဖွဲ့က သူကို ဆက်သွယ်လာပြီး ဒီလို ဖြစ်ရတာ မင်းကိုယ်ထဲမှာ Adrenaline ဟော်မုန်းတွေ စီးလာလို့ ဖြစ်ရတာ။ Adrenaline ဟော်မုန်းတွေက လူကို သာမန် အချိန်မှာ မစွမ်းဆောင်နိုင်တာတွေ လုပ်ဆောင်နိုင်စေတယ်။ ဥပမာ နောက်က လူတွေ လိုက်လာချိန်မှာ သူခိုးက ပေ ၂၀ လောက် အုတ်တံတိုင်းကို လွှားကနဲ ကျော်သွားနိုင်သလိုမျိုး။ သိပ္ပံနည်းကျဆိုလည်း Adrenaline ဟော်မုန်းတွေက နှလုံး ခုန်နှုန်းတွေကို မြန်စေတယ်၊ သွေးညှစ်နှုန်းတွေကို တက်စေတယ်။ အသည်းမှာ သိုလှောင်ထားတဲ့ သကြားတွေကို အမြန် ဓါတ်ပြောင်းလဲပေးပြီး ခန္ဓာကိုယ်ထဲကို အမြန် ရောက်စေတယ်။ လောလောဆယ် မလိုတဲ့ အလုပ်တွေ (ဥပမာ အစာခြေတာမျိုး) ကို ခဏ ရပ်နားပြီး အရေးပေါ်လိုအပ်တဲ့ နေရာတွေ ဦးနှောက်တို့၊ ခြေတွေ၊ လက်တွေကို အား (သကြားတို့ အောက်ဆီဂျင်တို့) တွေ အမြန် ပို့ပေးတယ်။

အဲဒီ Adrenaline က လုံးဝ အရေးပေါ် အခြေအနေမှာမှ ထွက်လာတာမို့ ကိုယ့်ဘာကိုယ် ထွက်အောင် မထွက်အောင် ထိန်းချုပ်ပေးနိုင်ရင် ကိုယ့်ကိုယ်ကို သာမန် မဟုတ်တဲ့ စွမ်းဆောင်အားတွေ ရရှိလာနိုင်စေတယ် ဆိုပြီး ကျင့်လိုက်တာ သေနတ် ကျည်ဆံကိုတော့ လမ်းကြောင်း ကွေးပြီး သွားအောင် ပစ်နိုင်တဲ့ အစွမ်း အစတွေ ရသွားတယ်။ ဟုတ်သလိုလိုတော့ ရှိသား။ တကယ်တော့ လူတိုင်း အနည်းနဲ့ အများတော့ လုပ်နိုင်ပါတယ်။ ဥပမာ စာမေးပွဲ အခန်းထဲမှာ ဆိုရင် Adrenaline တွေ ထွက်နေတယ် ဆိုတာ သတိလည်း ထားမိတဲ့ အပြင် လိုသလို ထိန်းနိုင်တယ်။ ထိန်းနိုင်တယ် ဆိုတာ ဒီလိုလေ။ Adrenaline တွေ ကြောင့် နှလုံးခုန်တာ မြန်လာပြီး ဦးနှောက်ကို အောက်ဆီဂျင် များများ ပို့ပေးတယ်။ စဉ်းစား တွေးခေါ်ရတာတွေ၊ မှတ်ဉာဏ်ထဲက သိုလှောင်ထားတာတွေကို သည် ၏ မရွေး ပြန်ထုတ်နေသလို လက်ကလည်း မော်တာ တပ်ထားသလို စာတွေကို ၂ နာရီ ၃ နာရီ အတွင်းမှာ စာမျက်နှာ နှစ်ဆယ် အစိတ်လောက်ကို အသာလေး ချရေးနိုင်တယ်။ ဒီအချိန်မှာ Adrenaline တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်လို့ ဒီလို စွမ်းဆောင်ချက်ကို စွမ်းဆောင်နိုင်တာပါ။ သာမန်အချိန် မပြောနဲ့ စာမေးပွဲမှာတောင် အစဉ်ကြီးနဲ့ အစမ်းနဲ့ဆိုရင် Adrenaline ထွက်တာ အများကြီး ကွာပါသေးတယ်။

တလောက ညီငယ်တစ်ယောက် ပထမဆုံး အလုပ် အင်တာဗျူးသွားဖို့ အကြံဉာဏ် တောင်းတော့ ကျွန်တော်က ဒါမင်း ပထမဆုံး အင်တာဗျူးပဲ အလုပ်ရမှာ မဟုတ်ဘူး။ သူတို့ မေးချင်တာ မေးပါစေ။ မင်းကြိုက်တာ ဖြေခဲ့။ ပြီးတော့ သူတို့ကို များများပြန်မေးခဲ့ဆိုပြီး မြှောက်ပေးလိုက်တယ်။ အဲဒီ အင်တာဗျူးမှာတင် သူအလုပ်ရသွားတယ်။ တကယ်တော့ သူ့ကို အင်တာဗျူးမှာ အကြောက် ဟော်မုန်းတွေ၊ မျှော်လင့်ချက် ဟော်မုန်းတွေ မထွက်အောင် သွယ်ဝိုက်ပြီး ပြောလိုက်တာပါ။ အင်တာဗျူးမှာ Seller ဟော်မုန်း မထွက်ဘဲ Buyer ဟော်မုန်း ထွက်အောင် ကျင့်နိုင်မည်ဆို အင်တာဗျူးမှာ ကိုယ်က စင်ပေါ်ကပါ။ ကိုယ်က ဒီမှာ အလုပ် ရပါ့မလား စဉ်းစား ပြောဆိုနေတာနဲ့ ကိုယ်ဒီမှာ အလုပ်လုပ်ရင် အဆင်ပြေပါ့မလား ကိုယ့်အတွက် ကောင်းပါမလားလို့ စဉ်းစာနေတဲ့ ဟော်မုန်း နှစ်မျိုးက ပြောင်းပြန်ပါ။ အဲဒီ ဟော်မုန်းတွေကို လိုသလို ထိန်းချုပ်နိုင်ရင်တော့ အင်တာဗျူးက အဆင်ပြေမှာပါ။

ဟော်မုန်းနဲ့ ပက်သတ်ပြီးYou Tube မှာလား မသိ တစ်ခု ကြည့်လိုက်ရသေးတယ်။ နွားတွေကို သတ်တာ တခါတည်း သေအောင် မသတ်ဘဲ နာကျင် ကြောက်လန့်စေပြီးမှာ သတ်တာ။ အဲဒီလိုဆိုရင် နွားက ကြောက်လန့်ပြီး Adrenaline တွေ ထွက်နေပြီး အသားထဲကို စိမ့်ဝင်သွားရော။ အဲဒီလို ဆိုရင် ပိုပြီး စားကောင်းတယ် ဆိုပြီး လုပ်တာ။ တချို့ကလည်း အဲဒါကြောင့် အသားတွေ စားရင် ကင်ဆာ ပိုဖြစ်စေတယ် ပြောကြတယ်။ ရှေးခေတ်တုန်းကတော့ စစ်တိုက်ခါနီးဆို အဲဒီလို သတ်ထားတဲ့ တိရစ္ဆာန်တွေရဲ့ သွေးစိမ်းတွေကို သောက်ကြတယ်။ ဒါမှ တိရစ္ဆာန်သွေးထဲက Adrenaline တွေ ကိုယ့်ကိုယ်ထဲ ရောက်ပြီး Booster လိုမျိုး ဖြစ်အောင်ဆိုပြီး။

ဘာကြောင့်ပဲ ဖြစ်ဖြစ် ဘာအမျိုးအစား ဟော်မုန်းပဲ ဖြစ်ဖြစ် ထွက်တဲ့ အချိန်မှာ သတိထားမိပြီး နောက်ပိုင်းတွေ ကိုယ့်ဘာကိုယ် ထိန်းချုပ်နိုင်မည်ဆို အရာရာမှာ စွမ်းဆောင်လာနိုင်မှာပါ။
သတိပေးချက်။ ။ ဤ Post သည် သိပ္ပံနည်းကျ မှန်ကန်မည်ဟု အာမမခံပါ။ ကျွန်ုပ်၏ ခံစားချက်များကို အပျော်ဖတ် ရေးထားခြင်းသာ ဖြစ်သည်။

တောင်းပန်ချက်။ ။ ဖတ်ရ ရေးရ လွယ်စေရန် သက်ကြီး ၀ါကြီး အနုပညာရှင်များကို ဆရာ၊ ဆရာမ များ တပ် မခေါ်ထားပါ။

18 comments:

Anonymous - 2/27/09, 9:07 PM

I think I also have such kind of feeling, releasing hormones as you mentioned, like reflecting feeling of being in a particular place. This is really interesting topic. Thanks for sharing.

Anonymous - 2/27/09, 10:31 PM

ဟုတ်မယ်အကို

စလုံးရောက်ပြီး နောက်နေ့ တိုပါးရိုးဈေးတန်းထဲ ရောက်သွားတော့ မြေပြင်ပေါ်မှာ အီးယား အီးယား ယို ဆိုပြီး ဓာတ်ခဲအရုပ်တွေ ကနေတာကို ရပ်ကြည့်မိတာ နောက်ခါအဲဒီနား ရောက်တိုင်း ရောက်ခါစရက်က ခံစားချက်တွေ ပြန်ရတယ်။ (ယောင်တောင်တောင် ခံစားချက်တွေပါ။ )နိုင်ငံခြားရောက်စဆိုတော့ နားထဲစွဲမိစွဲရာ စွဲသွားတာနေမှာ။

Anonymous - 2/27/09, 10:54 PM

Hi..

Btw, Your Blog & 99 Sanay blog also Have Uniqye Hormone for me...

Sincere feeling & Sharing to PPL...in Good way...!!

Keep Up...Guys...

Nice Day..!!

ကိုရင်နော်ခင်လေးငယ် - 2/28/09, 12:40 AM

အစ်ကိုရေ...
ခေါင်းစဉ်ကြည့်ပြီး စိတ်ဝင်စားသွားတယ်..း)
အစ်ကို တွေးတာလေးတွေက စိတ်ဝင်စာစရာ.. ကြိုက်တယ်..
ဟိုအရင်ထဲက ဒီဘလော့လေးကို လာလာဖတ်ဖြစ်ပါတယ်.. အခုတော့ အမြဲလာတော့မယ်.. အသစ်တက် ပိုစ့်မှာလည်း လင့် ချိတ်ထားပါတယ်..

မိသားစုနဲ့အတူ ပျော်ရွှင် အဆင်ပြေပါစေ ရှင်ဗျာ...

Phyo Evergreen - 2/28/09, 12:45 AM

ဟုတ်တယ်ကိုအန်ဒီ.. ငယ်ငယ်တုန်းကသောက်ရတဲ့ဆေးနံ့လိုမျိုးကြီး ရရင် အဲဒီအချိန်ကိုပြန်သတိရသွားရော..။ တစ်ခါတစ်လေ အနံ့နဲ့ အသံတွေကြောင့်ဖြစ်ပါတယ်.. .။ ရေမွှေးနံ့လေးတွေလည်း ရရင် လူတွေကိုသတိရတယ်..။

Rita - 2/28/09, 12:56 AM

WeSheMe ဟော်မုန်းတွေ ထွက်နေပါတယ် အခု
:)

မိုးချိုသင်း - 2/28/09, 5:00 AM

ကို Andy ရေ
ခေါင်းစဉ်ဖတ်ပြီး လန့်သွားတာ။ ငါဘာများ မှားလုပ်မိပြန်ပါလိမ့် ဆိုပြီးတော့။ အဲဒီလို ခံစားမှုမျိုး တို့လဲ ခံစားဖူးတယ်။ အဲဒီအချိန်တုန်းက သီချင်းတွေ နားထောင်မိရင် အဲဒီအချိန်တွေကို သတိရနေတတ်တာမျိုးပေါ့။ ဒါတွေက ဟိုမုန်းတွေလားဆိုတာတော့ မသိခဲ့ဘူး။
ဘလော့ဂ်တွေဖတ်ရင်လဲ စတိုင်တွေ ကွဲပြားတာ အစုံစုံဖတ်ရတော့ ကိုယ်နှစ်သက်တဲ့ စတိုင်ဆိုရင် အမြဲသွားနေမိတာပဲ။ ပြုံးပြီး ဖတ်နေမိတာပဲ။ ဒါလဲ စွဲလန်းတဲ့ သဘောပါပဲ။ အူထဲ အသည်းထဲက ဆိုပါတော့..
ကို Andy အဲဒီလိုလာ ကွန်မန့်ရေးသွားတုန်းက ၀န်ခံရရင် စိတ်နည်းနည်းကျနေချိန်ပါ။ ဘလော့ဂ်စ ရေးစပြုတဲ့အချိန်။ ဟိုလို မရေးဘူးလား၊ ဒီလိုမျိုးပဲ ရေးသင့်ပါတယ်၊ ဒါကတော့ ပေါ့လွန်းပြီ စ သဖြင့်ပေါ့။ စာရေးရတာ လန့်လာတဲ့အချိန်မှာ ကို Andy အဲဒီလို အားပေးသွားတာ တကယ်ပဲ ခံစားခဲ့ရပါတယ်။ အားပေးတဲ့ စာတကြောင်းတိုင်း အမြဲ မှတ်မှတ်ရရ ရှိနေပါတယ်။ ဒါနဲ့ပဲ ရေးချင်တာတွေချည်း လျှောက်ရေးလိုက်တာ စာလာဖတ်သူတွေကို ဒုက္ခပေးနေမိတာ ခုထိ။ :))
ကျေးဇူးတင်ပါတယ် ကို Andy!

ပုံရိပ် / Pon Yate - 2/28/09, 1:39 PM

ကိုအန်ဒီပြောချင်တာ association လို့ ခေါ်မလား။ တခုခုနဲ့ ဆက်စပ်ပြီး အဖြစ်အပျက်၊ ခံစားချက်တခုကို သတိရ ခံစားနေရတာမျိုး ထင်တယ်။ ဘလောက်တွေကတော့ သူ့ပုံစံလေးတွေနဲ့ သူပေါ့။ အစ်မချိုသင်းကတော့ အကြောင်းအရာ သေးသေးလေးတွေပဲ ဖြစ်ဖြစ် ပြုံးစရာ၊ အမှတ်ရစရာ၊ ချစ်စရာလေးတွေ ဖြစ်အောင် ရေးတတ်တယ်။

Phyo Maw - 2/28/09, 9:39 PM

အပေါ်တစ်ပိုဒ်ကနေ စလိုက်တာ အဆုံးသတ်ထိ အတွေးတွေ ဝေသွား၏။
တစ်ဆက်တည်း link သွား၏။

သက်ပိုင်သူ - 3/1/09, 1:32 AM

အင်းစဉ်းစားစရာပဲ.....
အကို ပြောတဲ့ ဟိုမုန်းကို brand တစ်ခုလို့ ပြောရင်ရမလား။ ဒါမှ မဟုတ် စွဲလမ်းမှုလို့ပြောရင်ရမလား။
တစ်ခုခုတော့ တစ်ခုခုပေါ့

khin oo may - 3/1/09, 2:47 AM

တို့ဖြစ်တဲ့ဟော်မုန်းကတော့

၁။ ပြုံးမိတယ။်

၂။ သူ့စာဖတ်ပြီးရင် ကိုယ့်အကြောင်းတွေ လဲ တလှည့်ပြောချင်စိတ်တွေ အရမ်းဖြစ်လာတယ်။ သူ့မောင်နှစ်မတွေ အကြောင်းနားထောင်ပြိးရင်ကိုယ်လဲ ကိုယ့်မောင်နှစ်မတွေ အကြောင်းပြောချင်လာတယ်။ သူ့အဖေအကြောင်းပြောရင်ကိုယ်လဲ ကိုယ့် အဖေအကြောင်းအရမ်းပြောချင်လာတယ်။ stimulation ကောင်းတယ် လို့ပြောရမယ်ထင်တယ။် အဲဒီမှာ အရှည်ကြီးရေးပြီး အဲဒီကွန်မက်က အဲလေ. သူဘလော့ နဲ ဘာဆိုင်လို့လဲ ဆိုပြီး ကိုယ့်ဘလော့ကိုပြန်သယ်ခဲ့ရတယ။်

PAUK - 3/1/09, 4:56 AM

ကျနော်လည်း မမဖြစ်သလိုပဲ..
ပြုံးမိတယ်..
ကိုယ့်အကြောင်းတွေလည်း ပြန်စဉ်းစားမိတယ်။။

strike - 3/1/09, 10:31 AM

အန်တီမြင့်သဘောနော်...ဘာပဲရေးရေး

P.Ti - 3/1/09, 2:00 PM

ပုံရိပ်ပြောသလို ဆက်စပ်ခံစားလို့ရတာဖြစ်မယ်... တချို့သီချင်းတွေ ကြားရင် ကျောင်းသားဘ၀ပြန်ရောက်သွားသလိုပေါ့...
ဥပမာ - ရင်ဂိုဆိုတဲ့ တောင်ပံပါရင် မင်းဆီကို သီချင်းကြားရင်... တောင်ပံပါရင် တစ်ပွဲနှစ်ဆယ် ဆိုပြီး နောက်ဆိုတာတောင် ပြန်သတိရသေးတယ်... အဆောင်မှာနေတုန်းက အဲဒီသီချင်းတွေခေတ်စားတာကိုး...

ဘလော့မှာစာဖတ်တော့လည်း တစ်ယောက်တစ်မျိုး မတူကြပဲ ကိုအန်ဒီ့စာကိုဖတ်ရင် အန်ဒီဟော်မုန်းရသလို အမချိုသင်းစာကိုဖတ်ရရင်လည်း မိုးချိုးသင်းဟော်မုန်းရတယ်...း)

လင်း - 3/9/09, 8:54 PM

ဟုတ်တယ် ပီတိပြောသလိုဘဲ။ သီချင်းနားထောင်ရင် အဲဒိ့ သီချင်းစနားထောင်တဲ့အချိန်ကို ပြန်ပြန်ရောက်သွားတယ်။
အလွမ်းဓါတ်ခံတွေများနေတယ်လို့ ထင်တာ လက်စပ်သပ်တော့ ဟိုမုန်းကိုး။ အဲဒါမှ ဒွတ်ခ ဟိုမုန်းတွေများနေပြီ ဘယ်လိုလုပ်ရပါ့

ကိုဇေယျာ - 3/11/09, 10:04 PM

မှန်တယ် ကိုအင်ဒီ
သီချင်းတွေနားထောင်တိုင်း အဲဒိခံစားချက်မျိုး ရပါတယ်။ ဥပမာ။ ဇော်ဝင်းထွဋ် ရဲ့ ဆေးဆိုးပန်းရိုက် သီချင်းနားထောင်ရတဲ့အခါ ကျနော် ၄ တန်းတုံးက ကက်ဆက်လေးကို ဖက်ပီး သီချင်းနားထောင်ခဲ့တာ အမြဲလိုလို ပြန်မှတ်မိနေတတ်တယ်။အဲဒိတုံးက atmosphere ကိုပြန်ရသလိုပေါ့။

ကျနော့ သူငယ်ချင်းကတော့ အနံပါပြန်ရတယ်ဆိုပဲ။

စလုံးနဲ့ပါတ်သတ်လို့ကတော့ Lavanda MRT နားရောက်တိုင်း တုန်တုန် သွားတတ်တယ် .. ICA ရောဂါပေါ့။

Melody - 3/19/09, 8:08 PM

ကဗျာဖတ်ပြီးတော့ ဘယ်သူ့ ကဗျာမှန်း တန်းသိတယ်ဆိုရင် လွန်မလားပဲ ... :P

Anonymous - 6/13/09, 5:52 PM

Hi KO Andy,

thanks so much for the interview tips in this post. Your tips can help me a lot in both exams and interviews. :) I like this post too much.

Post a Comment

Many thanks for dropping a comment…

Film