Sunday, March 29, 2009

ဟစ် ၃ သိန်းပြည့် အမှတ်တရ

ဘလော်ဂါက အားထုတ်မှု မကောင်းလှပေမယ့် စာဖတ်ပရိတ်သတ်ရဲ့ သစ္စာ ရှိမှုကြောင့် ဟစ် ၂ သိန်း ပြည့်ပြီး ပို့စ် ၁၃ခု အပြီး ဒါမှမဟုတ် ၄လ အကြာမှာ နောက်ထပ် ဟစ်တစ်သိန်း ထပ်ပြည့်သွားပြန်တယ်။ ဟစ် ၁သိန်းနဲ့ ၁သိန်း အကြား ပို့စ်အရေ အတွက်ကို ကြည့်မည်ဆိုရင်

  • ပထမ ဟစ် ၁ သိန်း အတွက် - ပို့စ် ၁၅၀ ကျော်ကို ၁၅လ အတွင်း
  • ဒုတိယ ၁ သိန်းအတွက် - ၄၅ ပို့စ်ကို ၄ လ အတွင်း
  • တတိယ ၁ သိန်းအတွက် - ၁၃ ပို့စ်ကို ၄လ အတွင်း မှာ ရေးခဲ့ပါတယ်။
ဒီလို ကြည့်မည်ဆိုရင် ဘလော်ဂါရဲ့ အားထုတ်မှု နည်းလာတာကို အသေအချာ တွေ့နေရပါတယ်။ တစ်သိန်းပြီး တစ်သိန်းမှာ အားထုတ်မှု ၃ပုံ၁ပုံစီ ကျသွားတာ သတိထားမိပါတယ်။ မကေပြောတဲ့ ဘလော့ဂင်းမှာ curve လေး တစ်ခု ရှိတယ် ဆိုတာ ဒီ Pattern ကိုများ ပြောသလားပဲ။
ဒါတောင် စာဖတ်သူအပေါင်းက သစ္စာရှိရှိ လာလည်ကြသေးတယ်ဆိုတော့ ပထမ ဟစ် ၁ သိန်းမှာ လာလည်သူ အင်မတန် နည်းပါးပေမည့် သစ္စာရှိရှိ ရေးခဲ့တဲ့ အတွက် အကျိုး ပြန်ပေးတယ်လို့များ ယူဆရင် ရမလား မသိ။ ဒီလိုဆိုရင်တော့ လူမစည်ကားသေးပေမည့် အခုမှ အရှိန်ကောင်းကောင်းနဲ့ ဘလော့စရေးနေတဲ့ သူတွေအတွက် အားရစရပဲ။

အခုလို ရေးအား မကောင်းလှပေမည့် ပုံမှန် အလည်လာနေတဲ့ လျို့ဝှက်ချက်ကလည်း သိုသိပ်ထားစရာ မလိုပါဘူး။ အဓိကကတော့ တခြား ဘလော့တွေ့က ကျွန်တော့်ကို လင့်ပေးလို့ရယ် ကျွန်တော့်ဘလော့ ဘေးက Feed Roll ရယ်ကြောင့် ပါပဲ။ တခြား ဘလော့တွေက လင့်ပေးတဲ့ အတွက် စာဖတ် ပရိတ်သတ် အသစ်တွေ ရပြီး ပရိတ်သတ် အသစ်တွေက ပို့စ် အဟောင်းတွေ ပြန်လည် ဖတ်ရှုကြတဲ့ အတွက် ပို့စ် အသစ်မတပ်ပေမည့် ဟစ်တွေတက်လာတာပါ။ နောက်ပြီး ကျွန်တော်က စာရေးအား ကျသွားပေမည့် ဘလော့ဂ်တွေကတော့ ဖတ်နေဆဲဆိုတော့ ဘေးက Feed Roll မှာ ပုံမှန် Update လုပ်ဖြစ်တယ်။ ဒါမှလည်း လာလည်တဲ့ သူတွေက ကျွန်တော့် ပို့စ်အသစ် မတွေ့ပေမယ့် တခြားဖတ်စရာလေးတွေ ရသွားတော့ လာလည်ရကျိုး နပ်မည် ထင်လို့ပါ။

ဘလော့ဂ် လောကက ဆိုတာလည်း တစ်ယောက် ရေးအား ကျသွားရင် နောက်ထပ် ရေးအားကောင်းတဲ့ သူတွေ အလျှိုလျှိုပေါ်လာစမြဲပါ။ သိုင်းလောကမှာလိုပဲ အကုန်လုံးက လူစွမ်းကောင်းတွေချည်းပဲကိုး။ အသစ်အသစ်တွေရဲ့ လက်စွမ်းတွေကို ကြည့်နေရတာနဲ့ ကျသွားတဲ့သူတွေကို နှမြောတသနေဖို့တောင် အချိန် မပေးနိုင်ဘူး ဖြစ်နေရတယ်။ မင်းလက်ကျနေပြီးလား ဒါဆို ညောင်းတော့ ဆိုသလိုမျိုး ဆိုတော့ ကိုယ်က စုန်းစုန်း မမြုတ်ရုံ တမယ် ပေါလောပေါ်ရင် တော်သေးတယ် ဆိုပြီး ကူးခပ်နေရသလိုမျိုး ဖြစ်နေသလားပဲ။ ဘ၀မှာ ဘလော့ဂ်ထက် အရေးကြီးတာတွေ ရှိသေးတယ်ဆိုတဲ့ အချက်ကလည်း လက်အံ သေစေတယ်လေ။

ကြီးကြီးကျယ်ကျယ် ဆီးသီးသည် လေသံနဲ့ ပြောရရင်လည်း မြန်မာ ဘလော့ လောကကြီးကလည်း တိုးတက်လာပါတယ်။ တယ်လီဖုန်း သီအိုရီနဲ့ ကြည့်မည်ဆိုရင် တယ်လီဖုန်းကွန်ယက်တစ်ခုရဲ့ တန်ဖိုးက ချိတ်ဆက်ထားတဲ့ တယ်လီဖုန်း အရေအတွက်ရဲ့ ထပ်ကိန်းနဲ့  အချိုးကျတယ်တဲ့။ တယ်လီဖုန်း ၁ လုံးထဲနဲ့ ကွန်ယက်ဆောက်လို့ မရပါဘူး။ ၂ လုံးရှိရင် ၂ ယောက် ပြောလို့ရတယ်။ ၅ လုံးရှိလာရင် ၅ယောက် အပြန်အလှန်ပြောလို့ ရတဲ့ ချိန်ဆက်မှု ၅* (၅-၁)/၂ = ၁၀ ခု ရှိလာတဲ့ အတွက် တန်ဖိုးက အများကြီးတက်လာတယ်။ တယ်လီဖုန်းအလုံး ၁ သောင်းဆိုရင်တော့ ဒီကွန်ယက်ရဲ့ တန်ဖိုးက အတော်ကို့ ကြီးနေပြီ။ Facebook တို့လို Social Network တွေရဲ့ တန်ဖိုး (ငွေကြေး တန်ဖိုး အပါအ၀င်)ကိုလည်း (Active) User ဘယ်နှယောက် ရှိသလဲနဲ့ တိုင်းတာပါတယ်။

မြန်မာ ဘလော့တွေ များလာတာနဲ့ အမျှ မြန်မာ ဘလော့ ကွန်ယက်ရဲ့ တန်ဖိုးကလည်း အများကြီး တက်လာပါတယ်။ ဒီလို တက်လာတဲ့ တန်ဖိုးကို ဘယ်သူတွေ ခံစားရသလည်းဆိုတော့ ဘလော်ဂါတွေ တင်သာမက စာဖတ်သူတွေပါ အကျိုးရှိလာပါတယ်။ အချင်းချင်း ချိတ်ဆက် ဝေမျှမှုတွေကြောင့် ဘလော်ဂါတွေ အနေနဲ့လည်း ကျွန်တော့်လို ပို့စ် အနည်းငယ်ရေးရုံနဲ့ ပရိတ်သတ်တွေ အတော် ရလာနိုင်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်နဲ့တောင် မတူတော့ပါဘူး။ အရင်နှစ်တွေကဆိုရင် ပို့စ်တစ်ခုရေးရင် နာမည်ကြီး ဘလော်ဂါတွေလောက်ပဲ ပုံမှန် ပရိတ်သတ် ရနိုင်ပေမည့် ကြိုကြား ကြိုကြားရေးသူတွေ ဆိုရင် ဘယ်လောက် ကောင်းအောင် ရေးထား ရေးထား တစ်နေ့မှာ စာဖတ်သူ ၅၀ ရှိရင် ကံကောင်းဆိုသလိုမျိုး ဖြစ်ခဲ့ရတာ။ ဒီနေ့များမှာတော့ စာလုံး ၂၀ မပြည့်အောင် ရေးတာတောင် တစ်နေ့ထဲမှာ စာဖတ်သူ ၂၀၀ ကျော် ရတဲ့ ဘလော်ဂါများရဲ့ စန်းပွင့်ချက်ကတော သြချရတယ်။ သူများ မပြောနဲ့ ကိုယ်တင်ဆိုလည်း တစ်လုံးမှ မရေးတောင် လာလည်ကြသေးတာကိုး။ အားတောင်နာတယ်။

ဒီနေ့ခေတ်မှာတော့ ဘယ်ဘလော့ဂ်မှာ အပ်ကျသလဲဆိုတာ အားလုံးက သိနိုင်တယ်။ နာမည်ကြီးသော မကြီးသော မလိုဘူး။ အင်ဖော်မေးရှင်း ပေးနိုင်လား၊ အတွေး ရသ ပေးနိုင်လား ဒါမှမဟုတ် ဖျော်ဖြေနိုင်လားပဲ လိုတယ်။ စာဖတ် ပရိတ်သတ်တွေက ဒါမျိုးတွေကို စောင့်နေတာ။ အလုပ် ထဲမှာ ပင်ပန်းတယ်။ ဘ၀တွေမှာ ခက်ခဲတယ်။ သတင်းလိုတယ်။ အတင်းလိုတယ်။ အဖျင်းလည်း လိုတယ်။ ပွဲဆူလား ပွဲစည်လား လာထား။ အားပေးကြမည်။ ဒါဟာ ဘာကိုလည်း ပြသေးလဲဆိုတော့ ဘလော့ဂ် ပရိတ်သတ်တွေ တိုးလာတယ် ဆိုတာပါပဲ။ ပြီးခဲ့တဲ့ ၂ နှစ်က မြန်မာဘလော့ ဖတ်တဲ့သူ ရာဂဏန်းသာသာ ရှိမည်ဆို အခုနှစ်တွေမှာ ထောင်ဂဏန်း သောင်းဂဏန်းကို တက်လာတယ် ပြောလို့ရမည်။ အသေအချာ လိုက်မရေနိုင်ပေမည့် ကျွန်တော့် ဘလော့အပါအ၀င် တခြားဘလော့တွေမှာပါ လာလည်သူ ဦးရေ သိသိသာသာ တက်လာတဲ့ အချက်ကို သတိထားမိလို့ ပြောတာပါ။

တယ်လီဖုန်း သီအိုရီလိုပဲ နောက်ထပ် ထင်ဟပ်တဲ့ အချက်က သီးသန့်ဆန်လာတယ်။ တကမ္ဘာလုံးမှာ တယ်လီဖုန်း အလုံးပေါင်း သိန်းနဲ့ သန်းနဲ့ ချီပြီး ရှိပေမည့် လူတိုင်းက ဖုန်းတိုင်းကို ပြောတာမှ မဟုတ်တာ။ စီလုတ်ကြီး တက်ထားတဲ့ ဖုန်းကို အရာကြီးက မလိုဘဲ ခေါ်ပြောနေမှာ မဟုတ်ဘူး။ စီလုတ် စီလုတ်ချင်းတောင် သိမှ လိုမှပဲ ဆက်သွယ်ကြမယ်လေ။ ဘလော့အရေအတွက် အများကြီး တက်လာပေမည့် သူ့ Segment လေးတွေနဲ့ သူ ရှိနေပါသေးတယ်။ ဟိုဘလော့ကို လာလည် ကောမန့်ပေးတိုင်း ဒီဘလော့ကို လာလည်မည် မပြောနိုင်ပါဘူး။ ရသပေးတဲ့ ဘလော့ အသိုင်းအ၀ိုင်းမှ စာဖတ်သူတွေက ဟင်းချက်နည်း ဘလော့တွေ ကွန်ပြူတာ နည်းပညာ ဘလော့တွေကို ၂မျိုးလုံး စိတ်မ၀င်စားဘဲ တော်ရုံ တန်ရုံ လာလည်မှာ မဟုတ်ပါဘူး။

ဒီလို မြန်မာ ဘလော့တွေမှာ အုပ်စုဖွဲ့မှုကို သိချင်ရင် လွယ်ပါတယ်။ ဘလော့ဂ်နဲ့ ကောမန့်ပေးသူတွေ နာမည်ကို ဇယားချကြည့်လိုက်။ ဒါဆိုရင် သိသိသာသာကြီးကို ပေါ်ထွက်လာပါမည်။ ဘယ်သူတွေက ဘယ်ဘလော့တွေမှာပဲ လည်ပတ်တယ် (အတိအကျ ပြောရရင်) ကောမန့်ပေးတယ် ဆိုတာ ချက်ချင်း သိနိုင်ပါတယ်။ ဒီလို Segment လေးတွေလည်း ရှိနေပါသေးတယ်။

ဘိုတွေနဲ့ မတူတဲ့ မြန်မာ ဘလော့တွေမှာက ကောမန့် ပေးလွယ်တယ်။ ကောမန့် ပေးခဲတယ်။ ကိုယ်နဲ့ ရင်းနှီးနေတဲ့ ဘလော့မှာ နေ့တိုင်းလိုလို ပျော်ပျော်ကြီး ကောမန့်ပေးနေကြပေမည့် မှားတာကို ထောက်ပြဖို့တို့ ဝေဖန်ဖို့တို့ ဆွေးနွေးဖို့တော့ ကောမန့်ပေးခဲပါတယ်။ အထူးသဖြင့် ကိုယ်နဲ့ မရင်းနီးတဲ့ သူရဲ့ ဘလော့ဂ်ဆိုရင်ပါ။ Anonymous နဲ့ ပေးလို့ရရင်တောင် ပေးခဲပါတယ်။ ဒါကိုကပဲ ချစ်စရာ မြန်မာ ဘလော့ဂ် ဓလေ့လို့တောင် ပြောရမလို ဖြစ်နေပြီ။

အခုတလော သတိထားမိတဲ့ထဲမှာ ဟင်းချက်နည်း ဘလော့တွေ တိုးလာတာပါပဲ။ အရင်တုန်းကတော့ ဟင်းတစ်ခါ ချက်ဖို့ မြန်မာပြည်ကို ဖုန်းဆက် မေးရတယ်။ ဟင်းချက်ဖို့ မပြောနဲ့ ဟင်းစား (ဘာဟင်းချက်မလဲ) စဉ်းစားဖို့ တောင် မြန်မာပြည်ကို လှမ်းမေးရတယ်။ အခုတော့ ဘလော့တွေ တချက်လောက် ကြည့်လိုက်တာနဲ့ ဟင်းအမယ် ၁၀ မျိုးလောက် ရတယ်။ အထွေအထူး စဉ်းစားစရာမလိုတော့ဘူး။ အဲဒါကြောင့် ဘလော့စရေးချင်သလား ဟင်းချက်နည်းက `စ´ပါလို့ ပြောရမည်။ ကိုယ်တင်လည်း ဒီလိုပဲ လုပ်စားလာတာ။ အနည်းဆုံးတော့ ရေးစရာ ရှားပါးနေရင် ဖြစ်ဖြစ် တွေးဖို့ ရေးဖို့ အချိန် မရှိရင် ဖြစ်ဖြစ် ဟင်းချက်နည်း တစ်ခု ကောက်တင်လိုက်တယ်။ ဟင်းချက်နည်းကနေမှ ဖတ်တဲ့သူ ရှိလာရင် ကိုယ့်ဘလော့ဂ်ကို လူသတိထားမိလာရင် ကိုယ်ရေးချင်တာလည်း ကိုယ့်ခံစားချက် အတွေးလေး ကောက်ရေးလိုက် ရုံပဲ။ နာမည်ကြီး ၀ိတ်ကြီးတွေကတော့ ဒီလို မလိုပါဘူး။ ဘလော့ဂ် လုပ်ချင်ပေမည့် လက်တွန့်နေတဲ့ သူတွေ အတွက်ပါ။ ဟင်းချက်နည်း ဆိုတော့လည်း အငြင်းပွားစရာ သိပ်မရှိတော့ဘူး။ Controversial တော်ရုံတန်ရုံ မဖြစ်တော့ဘူး။ အဲဒီတော့ ရေးရတာ လက်မတွန့်တော့ဘူးပေါ့။

ဒီ ပုံကတော့ Google Analytic အရပါ ။ Google Analytics မှာ တော့ ကျွန်တော် ကိုယ်တိုင် လည်ထားတာတွေ ပါပါတယ်။ Statcounter မှာတော့ Cookie နဲ့ အလွယ် ဖယ်ထုတ်လို့ ရတဲ့ အတွက် မပါပါဘူး။
ဒီ ဟစ် တစ်သိန်းမှာ အမေရိကားက လာလည်သူ တစ်သောင်းကျော် ပါတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စတုန်းကတော့ ကျွန်တော့် ဘလော့ ဖတ်တဲသူ အတော်များများက စင်္ကာပူက ဖြစ်ပြီး အမေရိကားက အတော် နည်းပါတယ်။ အခုနောက်ပိုင်း အမေရိကားက ပရိတ်သတ်တွေပါ ထပ်ရလာတာ ၀မ်းသာစရာပဲ။

ဟစ် ၃ သောင်းကျော်က တခြား ဘလော့ဂ်တွေက Refer လုပ်ပေးလို ရောက်လာတာပါ။

မခင်ဦးမေ ဘလော့ပါလာတာ မဆန်းပါဘူး။ သူ့ဘလော့က ကြိတ်ကြိတ်သဲ စည်ကားနေတာဆိုတော့။ Refer လုပ်ပေးတဲ့ သူတွေ လင့်ပေးတဲ့ သူတွေအားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်။

စာဖတ်သူတွေ အားလုံးကိုလည်း သစ္စာရှိရှိ လာလည် အားပေးတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။ နောက်များမှာလည်း ၁၃ ပို့စ်ကနေ သုံးချိုးတစ်ချိုး မဖြစ်အောင် ကြိုစားပါ့မည်လို့ မရဲမတင်း ပြောပါရစေ။

တခြားဖတ်ရန်


29 comments:

June - 3/29/09, 2:26 AM

Congratulation !!!!! :)

ဇနိ - 3/29/09, 4:02 AM

ကွန်ဂရက်ကျူးလေးရှင်း ကိုအန်ဒီ...
မျက်စိရှေ့တင်ပဲ ဟစ်တသိန်း ဟစ်၂ သိန်း.. ဟော အခု ဟစ် ၃ သိန်း....
ဝမ်းသာကြောင်း ပြောပါရစေ..
ကျနော့်ဘလော့ဂ်ကနေ ရောက်လာတာ နည်းလို့ စိတ်မကောင်းပါဘူး.. ကျနော့်ဆီကိုလည်း အလာများတာ ကိုအန်ဒီဆီကပါပဲ... တပါတည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ..

Phyo Evergreen - 3/29/09, 4:08 AM

Hit ၃သိန်းဆိုတာနည်းတာမဟုတ်ဘူး..။ ဟုတ်တယ် ဘေးက Feed Roll လေးကတော်တော်အဆင်ပြေတယ်။ ပို့စ်မရှိရင်တောင် အဲဒါကိုတော့အမြဲလာကြည့်တယ်။ ထပ်တူဝမ်းသာပါတယ်။

Phyo Evergreen - 3/29/09, 4:09 AM

ခုတောင် Feed roll လာကြည့်ရင်း ပို့စ်သစ်နဲ့တိုးတာ။

Nu Thwe - 3/29/09, 9:35 AM

မနက်ကတည်းက ဟစ်သုံးသိန်း ပြည့်နေတာ တွေ့လိုက်တယ်။ ပို့စ်တောင် မတင်ရသေးဘူး။ မအားတာနဲ့ ခုမှ ပြန်လာတော့ ပို့စ်အသစ်ပါ ဖတ်ရတာပေါ့လေ။ ပထမဆုံး congratulate လုပ်သူတော့ မဖြစ်တော့ဘူး။ It is the thought that counts လို့တော့ ဆိုရိုး ရှိတာပဲ ဟဲဟဲ။

မီယာ - 3/29/09, 10:04 AM

ပို့စ်အသစ်မတက်လည်း လာဖြစ်ပါတယ်... ဓါတ်ပုံတွေပြန်ကြည့်လိုက်... လင့်ထားတဲ့ ပို့စ်တွေဖတ်လိုက် ကော်မန့်တွေ ဖတ်လိုက်နဲ့ပေါ့... congratulations!!!

Ko Paw - 3/29/09, 10:44 AM

အားပါးပါး….နည်းဘူးကြီးရယ်။

ဒီလူ မျက်နှာစူပုပ် ထားပေလို့သာပဲ။ နို့မဟုတ်ရင် ၀ိုင်းဝိုင်းလည်နေလို့ တုတ်နဲ့ ရမ်းရကိန်းရှိတယ်။ (ဘလော့ဂျာ သူမရေ….. စိတ်မပူဘူးလားဟင်)

ပွဲစားခ ပေးပါ…. ကိုအင်ဒီ။

ကျနော်လည်း ကိုအင်ဒီဘလော့ဂ်ကို တနေ့ နှစ်ခေါက်လောက်တော့ အနည်းဆုံး ရောက်ဖြစ်တယ်။ ပို့စ်အသစ်မတင်တောင် ဘေးက ဘလော့ဂ်အညွှန်းကတဆင့် ကိုအင်ဒီညွှန်းတဲ့ ဘလော့ဂ်တွေကို တဆင့်သွားဖတ်ဖြစ်တယ်။

MrDBA - 3/29/09, 12:39 PM

ဝမ်းသာရပါကြောင်း ကိုအန်ဒီရေ။ အသစ်မရေးလဲ အမြဲလာဖတ်ပါတယ်။ ကိုအန်ဒီဆီကနေ ကျွန်တော့်ဆီလာတဲ့လူလာတဲ့နေ့ဆို အားရစရာကြီး။ ကျေးဇူးတင်ပါတယ်။ ဖတ်ကောင်းအောင် အမြဲကြိုးစားပါ့မယ်။

TZA - 3/29/09, 12:53 PM

အိမ်ရှင်နဲ့ထပ်တူ ဝမ်းသာမိပါတယ်ဗျ၊ ဆက်လက်ရေးသွားပါဗျ၊ ဘလော်ဂျာက တွန်းအားများများပေးပါဗျ။ :p

sandra - 3/29/09, 1:25 PM

ဝမ်းသာဂုဏ်ယူပါတယ်။
ပို့စ်အသစ်မရှိလည်း ကလေးဓာတ်ပုံလေးတွေကြည့်၊ ဘေးက ပိုစ့်အသစ်တွေဆီသွားနဲ့ အမြဲရောက်ဖြစ်ပါတယ်။

Anonymous - 3/29/09, 2:09 PM

ကိုယ်နဲ့ ရင်းနှီးနေတဲ့ ဘလော့မှာ နေ့တိုင်းလိုလို ပျော်ပျော်ကြီး ကောမန့်ပေးနေကြပေမည့် မှားတာကို ထောက်ပြဖို့တို့ ဝေဖန်ဖို့တို့ ဆွေးနွေးဖို့တော့ ကောမန့်ပေးခဲပါတယ်။ အထူးသဖြင့် ကိုယ်နဲ့ မရင်းနီးတဲ့ သူရဲ့ ဘလော့ဂ်ဆိုရင်ပါ။ Anonymous နဲ့ ပေးလို့ရရင်တောင် ပေးခဲပါတယ်။ ဒါကိုကပဲ ချစ်စရာ မြန်မာ ဘလော့ဂ် ဓလေ့လို့တောင် ပြောရမလို ဖြစ်နေပြီ။

ကိုအန်ဒီ - အပေါ်ကအချက်က ချစ်စရာဆိုတာထက် ဘလောဂ့်လောကမှာ လောက၀တ်တွေများလာတာကို ပြတယ်လို့ ထင်တယ် ။ လူတွေက လူ့လောကမှာလည်း လောက၀တ်လုပ်ရ ၊ ဘလောဂ့်လောကမှာတောင် လောက၀တ်လုပ်နေရသေးတယ်ဆိုရင်တော့ သိပ်ပင်ပန်းစရာဖြစ်မနေဘူးလား ။

တချို့ဘလောဂါ့တွေကျတော့လည်း ထောက်ပြ ဝေဖန် ဆွေးနွေးပါလို့ အမြဲဖိတ်ခေါ်နေပေမယ့် စာဖတ်သူက တကယ်ထောက်ပြရင် မခံနိုင်ဖြစ် ၊ သူလိုချင်ရာကိုပဲ ပြန်ဆွဲပြော ၊ ဒါမှမဟုတ် ငါ့စာမကြိုက် ငါ့ဆီလာမဖတ်နဲ့လို့ ပြောလို့ပြော ။ ဖြစ်သွားတာတွေဥပမာပြရရင်တော့ ကိုပေါ နဲ့ မနော်ဟရီတို့ကို အရင်ဆုံးဥပမာပြရမယ် ထင်တယ် ။

မြန်မာဘလောဂ့်လောကဆိုတာ လူတွေ ကိုယ့်အမြင်ကို အရှိကိုအရှိအတိုင်း အပြန်အလှန်ဆွေးနွေးနိုင်တဲ့ ရန်လိုမှုတွေကင်းတဲ့ အတွေးအခေါ်တူသူတွေရနိုင်တဲ့ နေရာတခုဖြစ်မယ်ဆိုရင်တော့ ကျနော်တို့လို စာဖတ်သူတွေအတွက် အတိုင်းထက်အလွန် ၀မ်းသာစရာနေရာတခုဖြစ်သွားမှာပါ ။ ခုချိန်မှာတော့ ဘလောဂ့်ရေးသူများလာပေမယ့် ဘလောဂ့်ဖတ်သူတောင်နည်းသွားသလားလို့ ကျနော်တော့ထင်မိတယ် ။

ကိုအန်ဒီဘလောဂ့်ကတော့ ကျနော်ဖတ်တဲ့ဘလောဂ့်တွေထဲပါတုန်းပါပဲ ။

စာဖတ်သူတဦး

Kay - 3/29/09, 2:11 PM

ကိုအင်ဒီရေ- တသိန်းမှ ၂သိန်း- ၂သိန်းမှ ၃ သိန်း- ၃ သိန်းမှ- ဆက်လက်၍ သိန်းပေါင်းများစွာ-
ကျမ အမြင်ဆို ကိုအင်ဒီက.. curve က peak ရဲ့ဘေးကို ယောင်ယောင်လေး စောင်းသွားပြီ ဖြစ်ပေမဲ့ (ရေးသူဖက်ကပြောတာလေ)..ဖတ်သူတွေဖက်ကတော့..peak ပေါ်မှာ ပဲ ရှိနေကြသေးတယ်။ ဒါကလဲ.. စာဖတ်သူတွေရဲ့ brand loyalty ဖြစ်မယ်။ ဘလော့ဂါ ရဲ့ ထူးခြား စွဲဆောင်နိုင်မူလဲ ပါမယ်။ ကိုအန်ဒီပြောသလို..ဘေးက..ဖတ်စရာလေးတွေကလဲ..အဓိကပါတာပေါ့။
ဘာပဲပြောပြော..ကိုအန်ဒီ သုံးသပ်ပြသလိုဆို- မြန်မာဘလော့ဂိုစဖီယားကြီးက..တော်တော် တန်ဖိုးတက်နေပြီပဲ။ ဖတ်သမားတွေ..ဘလော့ဂါတွေအတွက်လဲ..မျက်မှန်ခတွေ တက်ကုန်ပါပြီ။း)

nu-san - 3/29/09, 3:00 PM

အားကျလိုက်တာ.. ဟစ် ၂ သိန်း ၃ သိန်းက ခဏလေးလိုပဲနော်... အမဆီကိုလည်း Andy Blog ကနေ လာကြတာ များတယ်.. နောက်ပြီး WeSheMe ကိုတော့ ရုံးကနေ ၁ ခါ အိမ်ကနေ ၁ ခါ အနည်းဆုံးတော့ တနေ့ ၁ ခါ ၂ ခါလောက် ၀င်ကြည့်ဖြစ်တယ်.. ကလေးပုံတွေ ထိုင်ကြည့်တယ်.. feed roll ကနေ ပို့စ်အသစ်တွေ သွားဖတ်ဖြစ်တယ်.. အားလုံးအတွက် ကျေးဇူးပါ.. :)

Republic - 3/29/09, 6:31 PM

ပို့စ်တွေအတွက် အားလည်းရပါတယ် အားလည်းကျပါတယ် ကိုအန်ဒီ ၊၊ မင်္ဂလာပါဗျာ

pandora - 3/29/09, 9:51 PM

Congrats!

tz - 3/29/09, 9:58 PM

ကွန်ဂရက်ဂျူလေးရှင်း ကိုအန်ဒီ&အစ်မ။
ဟစ် ၃သိန်းမှသည် နောက်ထက်ပေါင်းများစွာသို့ ဆက်လက်၍ ဘလော့ဂင်းနိုင်ပါစေ။

ခင်မင်စွာဖြင့်
တင်ဇာ

Nya Lay - 3/29/09, 11:35 PM

ဝမ်းသာပါတယ် ဦးဦးအန်ဒီရေ။ ဟစ် ၃ သိန်းက ခဏလေးလိုပဲနော်။

subuueain - 3/30/09, 12:54 AM

အာ အများကြီးပါလား။ congratulations ပါရှင်။
ကျွန်မ ဆီကို လည်း wesheme က link တဲ့ 
နေ့ ကျရင် အဝင်များတာ
မို့ ကျေးဇူးတင်ပါတယ်ရှင်။အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေနော် :D

JulyDream - 3/30/09, 1:57 AM

ကိုအန်ဒီဘလော့ ဘေးက Feed Roll ရှိနေတော့ မကြာခဏ လာချောင်းဖြစ်ခဲ့ပါတယ်။ အခုတော့ ဟစ်ကောင့် သုံးသိန်းတောင် ရပြီဆိုပဲ။ အားရစရာကြီးပဲဗျာ။

Thant - 3/30/09, 12:21 PM

ကိုအန်ဒီရဲ့ Feed Roll ( ဘလော့ဂ်ရွာရဲ့တံခါးပေါက် ) ကနေပဲ ဘလော့ဂ်ရွာတစ်ခုလုံးကို လည်ဖြစ်သွားတာ ။ အခုထိလည်း wesheme ကနေတဆင့်လည်နေတုန်းပဲ ။ Congratulations ပါရှင် ။

Anonymous - 3/30/09, 12:48 PM

nice job for collecting news..
so that u can get a lot of hit from yr side news..
any how..saving time..

Mg Naing - 3/30/09, 12:52 PM

yea, sure..
even if u didn't post..u can maintain same hit rate by yr side news..
good job..

sin dan lar - 3/30/09, 4:05 PM

Congratulations!!

P.Ti - 3/30/09, 4:21 PM

ဝမ်းသာပါသည်။ ဂုဏ်ယူပါသည်။ အားကျပါသည်။ မနာလိုပါ :P

ZT - 3/31/09, 3:15 AM

Congratulations ပါ။ ကျွန်တော့် ဘလော့ခ်ကို Refer အများဆုံး လုပ်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း တစ်ခါတည်း ပြောပါရစေ။ :)

Moe Cho Thinn - 3/31/09, 9:25 AM

Congratulations ပါ ကိုအန်ဒီ နဲ့ ညီမရေ။
ဟစ် ၃သိန်းဆိုတာလဲ ခဏလေးပါပဲလား။ တခါတခါ အနုပညာပါတဲ့ အသောလေးနဲ့၊ တခါတခါ ကိန်းဂဏန်းတွေနဲ့ စနစ်တကျ၊ တခါတခါ ကျိုးကြောင်းဆင်ခြင်ရမဲ့ ဗဟုသုတတွေနဲ့ဆိုတော့ ဒီလောက်ဟစ်တက်တာ မလွန်ပါဘူးလေ။

တို့လဲ အမြဲလာဖတ်နေရတာ။ ပို့စ် အသစ်မရှိရင် ဘေးက feed roll ကနေ ပို့စ် အသစ်တွေဆီသွား ရတယ်။ အခု ဘလော့တော်တော်များများမှာ ကိုယ်ပိုင် ကိုယ့်အကြိုက် feed roll လေးတွေနဲ့မို့ ဘလော့ပိုင်ရှင်ရဲ့ ပို့စ်ကို ဖတ်၊ ပြီးရင် သူလင့်ထားတာလေးတွေဆီ သွားရတယ်။ သူ့အကြိုက်လေးက ဘယ်လိုဆိုတာ သိနိုင်တယ်။ ကိုအန်ဒီကတော့ စုံအောင် လင့်ခ်ထားလေတော့ အဆင်ပြေတာပေါ့။

တခါတလေများ ဘလော့ဖတ်ရတာ လင့်ခ်တွေ တခုပြီး တခု ကူးရလို့ တာဇံက နွယ်ကြိုးတွေ ခုန်ကူးသွားသလို မြင်ယောင်မိတယ်။

strike - 3/31/09, 6:46 PM

ဂုဏ်ယူပါတယ် ကိုအန်ဒီရေ၊နောင်နှစ်ပေါင်းများစွာအထိဒီမိသားစု
ုသိုက်သိုက်ဝန်းဝန်းလေးနဲ့ရေးနေနိုင်ပါစေ

မောင်မျိုး - 4/3/09, 6:00 PM

အားကျလိုက်တာ ကျနော်ဆို ရေးတာ တစ်နှစ်ခွဲတောင် ရှိနေပြီး တစ်သိန်းတောင်မပြည့်သေးဘူး ။

BLACK DREAM - 4/17/09, 8:56 PM

ဂုဏ်ယူပါတယ်အစ်ကိုရေ..။ ကော်မန့်တွေမရေးဖြစ်ပေမယ့် အမြဲလာရောက် လေ့လာမှတ်သားဖြစ်တဲ့ ဘလော့လေးပါ...။ နောက်ထပ် Hit တွေ သန်းနဲ့ချီပြီး တော့လည်း ရရှိပါစေလို့ ဆုတောင်းပေးပါတယ်...။

လေးစားလျှက်
BLACK DREAM

Post a Comment

Many thanks for dropping a comment…

Film